Showing posts with label tag. Show all posts
Showing posts with label tag. Show all posts

July 9, 2010

အသွင်တူ၏ မတူ၏



Photo: Link

မမသက်ဝေရဲ့ အသွင်တူ၏ မတူ၏ ပို့စ်ကို ဖတ်ပြီး ကျမတို့ နှစ်ယောက်ရော တစ်ယောက်နဲ့ တစ်ယောက် အသွင်တူလို့ အိမ်သူဖြစ်ကြတာလား၊ ဘယ်အချက်တွေကတော့ တူပြီး ဘယ်အချက်တွေ မတူဘူးလဲဆိုတာ တွေးဖို့ သတိရသွားတယ်။ ကျမတို့ နှစ်ယောက်အကြောင်းကို "ဘ၀လက်တွဲဖော်" ပို့စ်မှာလည်း ရေးခဲ့ဘူးပါတယ်။

လက်မထပ်ခင် ချစ်သူ ရည်းစား ဘ၀မှာတုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက် အသွင် တူတာ မတူတာ သိပ်ပြီး အဓိက မကျလှဘူးလို့ ထင်မိတယ်။ အချစ်ဝင်နေတဲ့အချိန်ဆိုတော့လည်း အပြစ်မမြင်ဘဲ ဒါတွေက ဘာမှ မဟုတ်သလိုလိုပေါ့လေ။ အဲဒီတော့ အသွင်တူလား မတူလားဆိုတာ မစဉ်းစားခဲ့မိဘူး။ ပြောကြမယ်ဆိုရင် ကိုယ့်ရဲ့ မိသားစု မောင်နှမသားချင်းထဲမှာတောင် တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက်၊ စိတ်နေစိတ်ထား ထပ်တူကျတယ်ဆိုတာ ရှားပါတယ်။ ဒါကြောင့် မိသားစု နှစ်စုကနေ ပေါက်ဖွားလာပြီး အိမ်ထောင်ဖက်အဖြစ် ရောက်လာကြတဲ့ စုံတွဲတွေမှာ တူတာတွေလည်း ရှိနိုင်သလို မတူတာတွေလည်း ရှိနိုင်တာပဲ။ နောက်ပြီး အတူနေတာ ကြာလာတာနဲ့ အမျှ တစ်ယောက် သဘော တစ်ယောက် လိုက်ရင်း တူသွားတတ်တာလေးတွေလည်း ရှိကြမှာပဲ။

ကျမတို့ နှစ်ယောက်စလုံး လူလတ်တန်းစား ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတာချင်းတူပါတယ်။ မိသားစုထဲမှာ အလတ်ဖြစ်ရတာချင်းလည်း တူကြတယ်။ အလတ်ဆိုတော့ မိဘတွေက မျက်နှာသာ မပေးတာ၊ အကြီးတွေ အငယ်တွေလို သည်းသည်းလှုပ် အချစ်မခံရတာချင်းလည်း တူတယ်။ သားသမီးတွေကို အလိုမလိုက်တတ်တဲ့ အမေနဲ့ နားဝင်အောင် ပြောပြီး ဆုံးမတတ်တဲ့အဖေတွေရှိတာချင်းလည်း တူကြတယ်။ နောက်ပြီး ကျမတို့ အဖေတွေက ဥာဏ်ကောင်းကြပေမယ့် ဘ၀ပေး အခြေအနေအရ အတန်းပညာ မတတ်ခဲ့ကြဘူး။ ဒါကြောင့် သူတို့ရဲ့ သားသမီးတွေ အားလုံးကို ပညာတတ်ဖြစ်စေချင်ကြတယ်။ ပညာတတ်တစ်ယောက်ရဲ့ တန်ဘိုးကို နားလည်အောင် ရှင်းပြတတ်သလို ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ၊ ကိုယ့်အား ကိုယ်ကိုးဖို့ နည်းပေးလမ်းညွှန်တွေ လုပ်ပေးခဲ့ကြတယ်။ နှစ်ဘက်မိဘတွေက အသက်ကြီးလာလို့ အလုပ် မလုပ်နိုင်ကြတော့တဲ့အခါ မိသားစုရဲ့ ကိစ္စ အ၀၀ကို အလတ်တွေဖြစ်တဲ့ ကျမတို့ နှစ်ယောက်ကပဲ တာဝန်ပိုယူကြရပါတယ်။ အဲဒီအတွက်လည်း နှစ်ယောက်စလုံး ဘယ်တော့မှ မငြိုငြင်ခဲ့ကြပါဘူး။

အလုပ်ထဲမှာတွေ့ပြီး လက်ထပ်ခဲ့ကြတာဆိုတော့ ကုမ္ပဏီတစ်ခုထဲမှာပဲ သူက ၇ နှစ်ကျော် ၈ နှစ်နီးပါးနဲ့ကျမက ၆ နှစ်ကျော် အလုပ်အတူ လုပ်ခဲ့ကြတယ်။ လုပ်ရတဲ့ အလုပ်ချင်းတော့ မတူပါဘူး။ အခု ဂျပန်ရောက်လာပြန်တော့လည်း အလုပ်တူ၊ နေရာတူ၊ department တစ်ခုထဲမှာပဲ လုပ်ရပြန်တယ်။ အလုပ်နဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးတတ်တဲ့ စိတ်ထားချင်းလည်း တူပါတယ်။ အလုပ်အတူတူပဲ ဆိုတော့ ရုံးအကြောင်း၊ အရင်အလုပ်က အကြောင်း၊ အလုပ်ခွင်က သူငယ်ချင်းတွေအကြောင်း၊ အခုလက်ရှိအလုပ်ထဲက လူတွေအကြောင်း ပြောမိပြီဆို တော်တော်နဲ့ စကားစ ဖြတ်မရဘူး။

သီချင်းကြိုက်ကြတာချင်း တူသလို အသံမကောင်းပေမယ့် သီချင်းဆိုချင်တဲ့ စိတ်ရှိတာချင်းလည်း တူကြတယ်။ သူများကို ကိုယ်တတ်နိုင်သလောက် ကူညီပေးချင်တာ၊ သူတစ်ပါးဆီက အကူအညီကို မလိုအပ်ပဲ ယူရမှာ အားနာတတ်တာ၊ ကိုယ့်ကြောင့် သူတစ်ပါးကို မထိခိုက်စေချင်တာ စတဲ့ စိတ်အခြေခံချင်းလည်း တူကြတယ်။

ဘယ်အရာမဆို စိတ်ရှင်းရှင်း ထားတတ်အောင်၊ သူများလုပ်လို့ လိုက်လုပ်ရတာမျိုးမဟုတ်ဘဲ ဘ၀ကို ကိုယ့်သဘောအတိုင်း ရပ်တည်တာမျိုးကျတော့ သူနဲ့ လက်ထပ်ပြီးမှ အဲဒီလို စိတ်ဓာတ်မျိုးတွေ ကျမ ထားတတ်သွားတာပါ။ စိတ်မရှည်တတ်တာ၊ အနားနီးမှ ကပ်လုပ်တတ်တဲ့ အကျင့်ကြတော့ ကျမဆီကနေ သူ့ဆီ ကူးသွားတယ် ထင်တာပါပဲ။

တူတာတွေချည်းပဲ ပြောနေလို့ မတူတာ မရှိဘူး ထင်နေဦးမယ်။ ယောင်္ကျားနဲ့ မိန်းမဆိုတဲ့ အခြေခံသဘာဝကြီးကမှ မတူတာဆိုတော့ ကျမတို့ နှစ်ယောက်မှာလည်း အများနည်းတူ မတူတဲ့ ကွဲလွဲချက်တွေကတော့ ရှိတာပဲ။ မတူတာတွေ ပြောရင်တော့ ပြောလို့ကုန်မယ် မထင်ဘူး။ အဲဒီတော့ တခါတလေ လျှာနဲ့သွား ကိုက်မိကြလေသတည်းပေါ့။ ကြာကြာလည်း စိတ်မကောက်တတ်ကြတော့ ခဏနေ ပြန်ပြီး စကားပြောဖြစ်သွားတာပါပဲ။ အားလုံးအဆင်ပြေနေတယ်ဆိုရင် နေရတာ ပျင်းစရာကြီးဖြစ်နေမှာ။

တစ်ယောက်နဲ့ တစ်ယောက် နှစ်သက်မြတ်နိုးလို့ လက်ထပ်ယူခဲ့တာဆိုတော့ အသွင်တူခြင်း မတူခြင်းထက် စိတ်သဘောထားခြင်း တိုက်ဆိုင်ဖို့၊ အချစ်ခြင်း ညီဖို့ နဲ့ မတူတာတွေ ရှိရင်တောင် နားလည်မှုရှိဖို့ ကျမတို့ ကြိုးစားနေရတုန်းပါပဲ။ ဒါကြောင့် မမသက်ဝေက ချစ်လို့ tag တဲ့ ပို့စ်ကို ကျမတို့ကလည်း အချစ်တွေနဲ့ ရေးပါတယ်လို့ ပြောရင် လွန်မယ် မထင်ပါဘူးနော်။

ဇူလိုင် ၉၊ ၂၀၁၀။

November 1, 2009

၂၀၁၀ ခုနှစ် + ၂၀

မမတန်ခူး က “နောင်လာမယ့် အနှစ်နှစ်ဆယ်” ဆိုပြီး ရေးခိုင်းထားတာ ကြာလှနေပါပြီ။ အကြောင်းကြောင်းတွေကြောင့် စာမရေးဖြစ်တာရော၊ ဘာအကြောင်းရေးရမှန်း မသိဖြစ်နေတာနဲ့ ချက်ချင်း မရေးဖြစ်ခဲ့ဘူး။ အခုတော့ အားလုံးအတွက် သတင်းကောင်းလည်း ပါးရင်း၊ နောင်အနှစ် ၂၀ မှာ တကယ်ဖြစ်ချင်တဲ့ ဆန္ဒုလည်း ရှိလို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက် ကတည်းက တင်နေတဲ့အကြွေးလည်း ဆပ်ပြီးသားဖြစ်သွားတာပေါ့နော် မမတန်ခူးရေ.. :)

*****

ငယ်ငယ်တုန်းကတည်းက ရည်မှန်းချက် ကြီးကြီးမထားတတ်တဲ့အကြောင်းကို ဒီပို့စ်လေး မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီလို ရည်မှန်းချက် ကြီးကြီးမထားတတ်တာကြောင့် ၅ နှစ်ကြာရင် ဘာဖြစ်ရမယ်၊ နောက် ၁၀ နှစ်ကြာရင် မိသားစု ဘ၀က ဘယ်လိုရှိနေရမယ် အစရှိသဖြင့် ကိုယ့်ဘ၀ကို နှစ်အလိုက် plan လုပ်တတ်တဲ့အကျင့်မျိုးလည်း ကျမမှာ ရှိမနေခဲ့ဘူး။ အရာအားလုံးဟာ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန် ပျက် လို့ သဘောထားပြီး ဖြစ်လာရင်လည်း အကောင်းဆုံးဖြစ်အောင်၊ ပျက်သွားရင်လည်း စိတ်ထားတတ်အောင်ဆိုပြီး အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုပဲ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် မဖြစ်လာသေးတဲ့ အနှစ်နှစ်ဆယ်အကြောင်းရေးဖို့ဆိုတာ ကျမအတွက်တော့ အင်မတန် ခက်ခဲခဲ့တယ်။ ဘဲဥ အစရှာမရသလို ဘယ်က စရေးရမှန်းကို မသိတော့ဘူး။ ရေးဖို့အကြောင်းအရာ ရှာမရလို့ အမျိုးသားကို မေးကြည့်တော့လည်း သူဖြေတာ အားရှိစရာပါ။ “နောင် အနှစ် နှစ်ဆယ်ဆို တို့တွေအသက် ၅၀ ကျော်ပေါ့၊ ၅၀ ကျော်ဆိုတော့ သေချာတာက မသေသေးရင် အလုပ် ဆက်လုပ်ပြီး ပိုက်ဆံရှာနေရဦးမှာပဲ၊ မြန်မာပြည်ပြန်ပြီး အေးအေးဆေးဆေး နားဖို့မဖြစ်နိုင်သေးဘူးတဲ့” လေ။ သူပြောတာလည်း မှန်ပါတယ်။ နောင် အနှစ် နှစ်ဆယ်မှာ ကျမတို့ ၂ ယောက်စလုံး မသေသေးရင်တော့ ဂျပန်မှာ မဟုတ်တောင် တခြားနေရာတခုခုမှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ အလုပ်လုပ်နေရဦးမှာပဲလို့ တွေးထားမိခဲ့တယ်။

*****

တလက်စတည်း ဒီပို့စ်ကနေ သူငယ်ချင်းတွေကိုလည်း သတင်းကောင်းတစ်ခု ပြောစရာရှိပါတယ်။ Osaka ကနေ ရန်ကုန်ကို ပြန်တုန်းက ကျမတို့ ၂ ယောက်ထဲပါ။ ဒါပေမယ့် Osaka ကို ပြန်လာတော့ ကျုမတို့ရဲ့ ရင်သွေးလေးနဲ့အတူ မိသားစု ၃ ယောက်ပြန်လာခဲ့ကြတယ်။ ဒီပြန်ရောက်ပြီး သိပ်မကြာခင် ဆေးရုံပြဖို့ စုံစမ်း၊ အင်္ဂလိပ်စကားပြောတတ်မယ့် ဆရာဝန်ရှာနေတာနဲ့ တကယ်တမ်း ဆရာဝန်နဲ့ ပြချိန်မှာ ကိုယ်ဝန် ၂ လလောက်ရှိနေပါပြီ။ အဲဒီအချိန်မှာ ကိုယ်ဝန် လနုသေးတာကြောင့် အသွားအလာ အနေအထိုင် ဂရုစိုက်ခဲ့ရတယ်။ နောက်ပြီး ကျမရဲ့ အသက်က ဂျပန်အမျိုးသမီးကိုယ်ဝန်ဆောင်တွေနဲ့ ယှဉ်လိုက်ရင် ငယ်ပေမယ့် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ဆို နောက်ကျနေတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကလေးတခုခုဖြစ်မှာ အရမ်းစိုးရိမ်ခဲ့ရတယ်။ မှတ်မှတ်ရရပဲ အဲဒီတုန်းကလည်း မမခင်ဦးမေရဲ့ Yangon 20 ပို့စ်ကို ဖတ်ပြီး မမအတွက် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အဲဒီလို စိုးရိမ်စိတ်တွေနဲ့ အလုပ်ဖွင့်ရက်ဆို အလုပ်သွားလိုက်၊ ပိတ်ရက်မှာ ကောင်းကောင်း အနားယူလိုက်လုပ်ရင်းက အခုဆို ကလေးက ၇ လကျော်လို့ ၈ လ ထဲရောက်နေပါပြီ။

ကလေးရှိလာပြီဆိုတော့ ကျမတို့ ၂ ယောက်စလုံးအတွက် စိတ်ကူးအိပ်မက်သစ်တွေ ပြောင်းလဲ လာခဲ့ရတယ်။ ဆေးခန်းပြရတဲ့ ရက်တိုင်း တဖြည်းဖြည်း ကြီးထွားပြီး လူလုံးပီပြင် လာတဲ့ ကလေးပုံလေးကို ultra sound screen ကနေ ကြည့်ရင်း နှစ်ယောက်သား ကြည်နူးရတယ်။ ဆေးခန်း သွားတိုင်းလည်း ဆရာဝန်က ကလေးရဲ့ ဖွံ့ဖြိုးလာတဲ့ ကိုယ်ခန္ဓာအလေးချိန်နဲ့ ultra sound ဓာတ်ပုံလေးတွေကို သူလည်း သိမ်းထားပြီး ကျမတို့ကိုလည်း တစ်ပုံ အမြဲပေးပါတယ်။ ဓာတ်ပုံကြည့်ပြီး ဒါလေးက လက်၊ ဒါလေးက ဦးခေါင်း၊ ဒီနေရာက နှလုံး အစရှိသဖြင့် ရှင်းပြပေးရင် အဖေရော အမေရော စာရွက်ကို ပြူးပြဲပြီး လိုက်ကြည့်ရတာ အမောပါပဲ။ အားလုံးစစ်ဆေးပြီးလို့ ဆရာဝန်က “ကလေးရော အမေရော အားလုံးအခြေအနေကောင်းတယ်၊ စိုးရိမ်စရာမရှိဘူး” ပြောတော့မှ ကျမတို့မှာ စိတ်အေးရတယ်။

၅ လကျော်လာတဲ့အချိန်မှာ ဆရာဝန်ကို “ယောင်္ကျားလေး ၊မိန်းကလေး သိရပြီလား” လို့ မေးတော့ ဆရာဝန်က “မသိရသေးဘူး၊ မသေချာသေးဘူး” လို့ပဲ ဖြေတယ်။ ယောင်္ကျားလေး မိန်းကလေး မသိရသေးပေမယ့် “ယောင်္ကျားလေးဆို အဖေနဲ့ game ကစားဖို့ အဖော်ရတာပေါ့” လို့ ကျမက အမျိုးသားကို ပြောလိုက်၊ “မိန်းကလေးဆို အမေနဲ့ တိုးတိုးဖော်ရတာပေါ့”ဆိုပြီး အမျိုးသားကလည်း ကျမကို ပြောလိုက်နဲ့ နောက်ဆုံး ၆ လကျော်လာတဲ့ အချိန်မှ “မိန်းကလေး” ဆိုပြီး ဆရာဝန်က ပြောပါတယ်။

*****

ကိုယ်တိုင် မိဘနေရာရောက်လာမှ မိဘတွေရဲ့ခံစားချက်ကို သဘောပေါက်လာခဲ့ရတယ်။ ကိုယ့်သားသမီး အတွက် အစစ အရာရာ ကောင်းမွန် ပြည်စုံ စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ အခုလည်း ကျမတို့ ၂ ယောက်မှာ မကြာခင် လူ့လောကထဲ ရောက်လာတော့မယ့် သမီးလေးအတွက် အားလုံး ကို အကောင်းဆုံးဖြစ်စေချင်တယ်။ ကလေး ကိုယ်လက်အင်္ဂါပြည့်စုံအောင်၊ စိတ်ကျန်းမာ ကိုယ်ကျန်းမာတဲ့ ကလေးဖြစ်အောင်၊ ဘုရားရှိခိုးတိုင်း ဆုတောင်းရတယ်။ ကလေး ငြိမ်နေရင် စိတ်ပူရသလို အရမ်းလှုပ်ပြန်တော့လည်း စိတ်ပူရတာပါပဲ။ ဗိုက်ထဲမှာ ကလေးအနေအထားမှ မှန်ရဲ့လား၊ ကိုယ်စားသမျှကရော ကလေးလိုအပ်တဲ့ အာဟာရမျိုး ဖြစ်ပါ့မလား၊ စားချင်လို့ အပူအစပ်နည်းနည်းစားမိရင်ကိုပဲ ကလေးများ ပူနေမလား အစရှိသဖြင့် ကိုယ်လုပ်သမျှ ကိစ္စတိုင်း ကလေးအတွက်ပဲ အရင်ဆုံး စဉ်းစားရတာနဲ့..စုံနေတာပါပဲ။

သမီးလေးကို နောက်နှစ် ဇန်န၀ါရီမှာ မွေးမယ်လို့ ဆရာဝန်က ရက်ချိန်းပေးထားပါတယ်။ နောက် အနှစ် နှစ်ဆယ် ၂၀၃၀ခုနှစ် ဆို သမီးလေးက အသက် ၂၀ ပေါ့။ အဲဒီ အနှစ် ၂၀ အတွင်းမှာ သူ့အတွက် လိုအပ်တာတွေဖြည့်ဆည်းပေးရင်း လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ချင်ပါတယ်။ အသိဥာဏ် အလိမ္မာရှိပြီး သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်တဲ့ သမီးလေးအဖြစ် အတတ်နိုင်ဆုံး ထိန်းကြောင်းပြုပြင်ပေးချင်ပါတယ်။ နောက်ဆုံး အသက် ၂၀ မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အောင်မြင်မှုတွေနဲ့ပြည့်နေတဲ့ သမီးလေးကိုလည်း မြင်ချင်ပါသေးတယ်။ ဒါကြောင့် သမီးလေး အသက် ၂၀ ရောက်တဲ့အချိန်အထိ ကျမတို့ ၂ ယောက်စလုံး လူ့လောကထဲမှာ သက်ရှိထင်ရှား ကျန်းကျန်းမာမာ ရှိနေချင်တယ်။ ဒါဟာ နောင် နှစ်ပေါင်း ၂၀ အတွက် ကျမတို့ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတွေပါပဲ။


နိုဝင်ဘာ ၂၊ ၂၀၀၉။

April 21, 2009

ဝါသနာ

မတန်ခူး က “၀ါသနာ”ဆိုပြီး tag ထားတာ ကြာလှပေါ့။ ရေးလက်စကလည်း တစ်ကြောင်း နှစ်ကြောင်းနဲ့ တင် ရပ်နေတာ ဆက်မရေးဖြစ်ဘူး။ အခုတလော အလုပ်တအား များပြီး စိတ်ရှုတ် လူရှုတ် စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေလို့ပါ။ မတန်ခူးရေ တကူးတက ရေးခိုင်းတဲ့အတွက် ကျေးဇူး နဲ့ နောက်ကျသွားတဲ့အတွက် sorry ပါ အမ။


ကျမ ငယ်ငယ်က အရုပ်ပုံ ကာတွန်းပုံတွေ ဆွဲတယ်။ ကျောင်းတက်နေတုန်း ဆိုတော့ ကျောင်းစာအုပ်ရဲ့ နောက်ဘက်မှာ ပုံတွေ ဆွဲထားတာ အများကြီးပဲ။ အဲဒီလိုမှ မလုပ်ရရင် တေဇတို့ မိုးသောက်ပန်းတို့က ကာတွန်းပုံတွေ ကူးဆွဲတယ်။ ကြာတော့ စာအုပ်က စာရွက်တွေ သိသိသာသာကို ပါးလာတာ၊ အမေသိတော့ ကျောင်းစာရွက်တွေ ဆုတ်ရပါ့မလား ဆိုပြီး အရိုက်ခံရတာပေါ့။ အဲဒီနောက်ပိုင်း အရိုက်ခံရမှာ ကြောက်တာရော ကျောင်းစာတွေနဲ့ လုံးလည်လိုက်နေတာရော ပုံဆွဲချင်တဲ့ စိတ်လည်း ပျောက်သွားလိုက်တာ အခုထိပဲ။


နောက်ပြီး မိန်းကလေး ပီပီ စက်ချုပ်၊ သိုးမွေးထိုး၊ တက်တင်းထိုးတွေလည်း လုပ်ဖြစ်သေးတယ်။ ၁၀ တန်းအောင်ပြီးသွားတော့ ဓမ္မစေတီလမ်းက အိမ်တွင်းမှုကျောင်းမှာ ၃ လ သင်တန်း သွားတက်ဖြစ်ခဲ့တယ်။ ပန်းထိုး၊ အင်္ကျီချုပ်တာတွေကို သင်ပေးတာပါ။ အဲဒီကျောင်းက ပြီးသွားတော့လည်း စက်ချုပ်သင်တန်း ၂ ခုလောက် အပြင်မှာ တက်ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ မျက်လုံးအားနည်းတာကြောင့် ဘာမှ ဆက်မလုပ်ဖြစ်တော့တာ အခုထိပဲ။ သိုးမွေးထိုးတာကိုတော့ အခုထိလည်း လုပ်ချင်ပါသေးတယ်။ အချိန်တွေပိုနေမယ့် အခြေအနေမျိုးဆိုရင် ပြန်လုပ်ရင် လုပ်ဖြစ်မယ် ထင်ပါရဲ့။


စာရေးတာနဲ့ ပတ်သက်ပြီးတော့ ပထမဆုံးများ ဆိုတဲ့ ပို့စ်မှာလည်း ရေးဖူးတယ်လေ။ စာ စ ရေးဖူးတာ ရုပ်ရှင်မင်းသား လွင်မိုးကို ဝေဖန်တဲ့ စာ ပဲ ရေးဖူးတာ။ ကျန်တာ ဘာမှ မရေးဖူးဘူး။ အခု Blog တွေ ပေါ်လာတော့ ကိုယ်ရေးချင်တာလေးတွေ ရေးလို့ရ ဖော်ထုတ်ခွင့်ရတာမို့ Blogspot ကြီးကိုတောင် ကျေးဇူးတင်ရဦးမယ်။ စာကတော့ အားရင် အားသလို ဖတ်ဖြစ်တယ်။ စာရေးရတာက အချိန်ပေးရပြီး စာဖတ်တာကတော့ သိပ်အချိန်ပေးစရာ မလိုဘူး။ တခုခုကို စောင့်နေရမယ်ဆိုလည်း စာဖတ်နေလိုက်တာပဲ။ ရုံးမှာ ထမင်းစားရင်းလည်း ဖတ်တာပဲ။ ညဘက် အိပ်ယာ မ၀င်ခင်လည်း ဖတ်ဖြစ်တာပဲ။ ရုံးပိတ်ရက် ဘယ်မှ သွားစရာ မရှိလည်း ကွန်ပျူတာ ရှေ့ချပြီး စာထိုင်ဖတ်နေတာပဲ။ နည်းပညာ စာပေ တော့ သိပ်မဖတ်ဖြစ်ဘူး။ လောလောဆယ် အများဆုံး ဖတ်ဖြစ်တာက မြန်မာ Blog နဲ့ သတင်း website တွေပဲ အဖတ်များတယ်။ ပြီးတော့ ဂျပန် Blog ၂ ခု ၃ ခုလောက်ကို ဘာသာပြန်ပြီး ဖတ်ဖြစ်တယ်။ တခြား ဂျပန်လိုရေးထားတဲ့ အထဲက ကိုယ်ဖတ်ချင်တဲ့ အကြောင်းလေးဆိုလည်း Print ထုတ်ပြီး ဖတ်လိုက်တာပါပဲ။ ပုံသေတော့ မရှိပါဘူး။


အရင်တုန်းက မလုပ်ဖြစ်ခဲ့တာက ပန်းအလှပြင်တာပါ။ မြန်မာပြည်မှာတုန်းက ပန်းအလှပြင်တာကို အရမ်းသင်ချင်ခဲ့ပါတယ်။ သင်တန်းတက်မယ်လို့လည်း အကြိမ်ကြိမ် စိတ်ကူးဖူးတယ်။ သင်တန်းတွေလည်း စုံစမ်းခဲ့ဖူးတယ်။ အခြေအနေ မတိုက်ဆိုင်လို့ ဘာသင်တန်းမှ မတက်ဖြစ်ခဲ့ပါဘူး။ အခု ဒီရောက်တော့မှ ရုံးက ပန်းအလှပြင်တာ ၀ါသနာပါတဲ့ သူတွေ စုပြီး Flower Arrangement club ထောင်ထားလို့သာ ပန်းအလှပြင်တာကို လုပ်ခွင့်ရတာ။ ဒီမှာလည်း ပန်းအလှပြင်တာနဲ့ ပတ်သတ်ပြီး Professional သင်တန်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဈေးကြီးတာကြောင့်ရော ဘာသာစကား အခက်အခဲလည်း ရှိသေးတာဆိုတော့ သီးခြား သင်တန်းအနေနဲ့ တက်ဖြစ်မယ် မထင်ဘူး။


အချက်အပြုတ်နဲ့ ပတ်သက်ပြီး အသစ်အဆန်း ချက်ကြည့် စမ်းသပ်လုပ်ကြည့်ရတာကို ပျော်တယ်။ အများကြီးလည်း မစမ်းသပ်ဖြစ်ပါဘူး။ Blog တွေ လိုက်ဖတ်ကြည့်ပြီး ဟင်းချက်နည်း အသစ်တွေ့ရင် စမ်းချက်ကြည့်လိုက်တာပဲ။ ကောင်းတာလည်း ရှိ၊ ပျက်တာလည်း ရှိ၊ လွှင့်ပစ်ရတာလည်း ရှိပေါ့။ ဟိုတလောကတောင် တိုဖူး စမ်း ကျိုကြည့်လိုက်သေးတယ်။ မအောင်မြင်သေးဘူး။ အရင် မြန်မာပြည်မှာတုန်းက စားချင်တာ အလွယ်တကူ ၀ယ်စားလို့ရပေမယ့် မြန်မာပြည် ပြင်ပ ရောက်နေတော့လည်း ချက်ပြုတ်တာက အလိုလို ၀ါသနာ ပါလာရတော့တာပဲ။ မပါလည်း အငတ်မှ မနေနိုင်တာကိုး။ အခုဆို မြန်မာ ဟင်းချက် Blog တွေ များလာလို့ ဟင်းချက်ရတာ ပိုတောင် ပျော်ဖို့ကောင်းလာသေးတယ်။


“၀ါသနာ” ဆိုတာ အားလပ်ချိန်မှာ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ရင်း စိတ် နဲ့ ကိုယ် ကို အပန်းဖြေခြင်းပဲ လို့ လက်ခံထားတယ်။ အပေါ်မှာ ရေးထားခဲ့တာတွေက ကျမရဲ့ အားလပ်ချိန်မှာ လုပ်ချင်တာတွေ၊ လုပ်ဖြစ်ခဲ့တာတွေနဲ့ လုပ်နေဆဲအကြောင်းတွေပါ။ ဒါကြောင့် ကျမရဲ့ ၀ါသနာတွေလို့ ပြောလို့ရတာပေါ့။ ဘာမှ မလုပ်ချင်တဲ့ အချိန်ကြတော့လည်း အိပ်နေလိုက်တာပါပဲ။ အဓိကတော့ စိတ် နဲ့ ကိုယ် ကို အပန်းပြေဖို့ပဲ မဟုတ်လား။


စာကြွင်း။
Blog ကို လာလည်ကျတဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ပါတယ်။ မြန်မာပြည်ကို အလည်ပြန်ဦးမယ်။ ၃ ပတ်ကျော်လောက်တော့ နေဖြစ်လိမ့်မယ်။ မြန်မာပြည်ကနေ Blog ကို update လုပ်နိုင်မယ် မထင်ဘူး။ ဒါကြောင့် လေဆိပ် မဆင်းခင်လေး ကမန်းကတမ်း နှုတ်ဆက်ပြီး အသိပေးရတာ။ တော်ကြာနေ လေဆိပ်သွားတော့မှာ။ နောက်လမှ ပြန်တွေ့မယ်နော်။

အားလုံးပဲ တာ့တာ..



ဧပြီ ၂၁၊ ၂၀၀၉။

November 28, 2008

အရုပ်လေးတွေ...

ဒီနေ့ မ၀ါက “ကြွားချင်တယ်လို့ ဆိုချင်ဆို” ခေါင်းစဉ်နဲ့ Tag Game တခု ရေးခိုင်းပါတယ်။ မ၀ါ Tag ထားတဲ့ ခေါင်းစဉ်ကို သဘောကျတာနဲ့ လုပ်စရာရှိတဲ့ အလုပ်ကြွေးတွေ ၊ စာကြွေးတွေကို ခဏဘေးဖယ်ထားပြီး Blog ကြွေးကို အရင်ဆုံး ရှင်းလိုက်ပါတယ်။ ဒီလိုပို့စ်မျိုးကို အရင်က ရေးမယ်လို့ စိတ်ကူးထားခဲ့ဖူးတယ်။ Blog မှာတင်မယ်ဆိုပြီး မတင်ဖြစ်ဘူး။ ဓာတ်ပုံတွေကလည်း ရိုက်ပြီးသား အဆင်သင့်။ ရေကန်အသင့် ကြာအသင့်ဆိုသလိုပါပဲ။ အခု မ၀ါ Tag လိုက်တော့ အတော်ပဲ ဖြစ်သွားတာပေါ့။ ကြွားချင်ရက်နဲ့ လက်တို့.. ဟုတ်ပါဘူး.. ရေးချင်ရက်လက်တို့ဖြစ်သွားတယ်။ ( အဟိ.. သိပ်ပြီး မကြွားချင်ရှာဘူးနော်.. :P)။ ကျေးဇူးပါ မ၀ါရေ..


*****


ကျမမှာက ကြွားစရာဆိုလို့ များများစားစားလည်း မရှိလှပါဘူး။ မိန်းကလေးဖြစ်ပေမယ့် စုထားတာဆိုလို့ အ၀တ်အစားတွေပဲ ရှိလိမ့်မယ်ထင်တယ်။ အဲဒါတွေကလည်း သိပ်ပြီး ဆန်းဆန်းပြားပြား၊ style ကျကျ၊ ဈေးကြီးကြီး မဟုတ်ဘူး။ အလွန်ဆုံးတန် ယန်း ၅၀၀ နဲ့ ၁၀၀၀ ကြား အင်္ကျီတွေများတယ်။ ဘောင်းဘီဆိုလည်း ယန်း ၂၀၀၀ ထက်မပိုစေဘူး။ တခါတလေ ကျမက လူကောင်သေးတော့ ကံကောင်းတယ်ဆိုရမယ် ယန်း ၂၀၀၊ ၃၀၀ တန်လောက် ဘောင်းဘီတို့ စကပ်လိုမျိုးလေးတွေ ရလာတတ်သေးတယ်။ Brand တော့ မဟုတ်ဘူးပေါ့နော်။ အဲဒါဆိုတော့ ကြွားလို့ မသင့်တော်ဘူး။ ဂျပန်မလေးတွေလို အ၀တ်အစားကို ယန်း သောင်းကျော်တန်လည်း မ၀ယ်နိုင်ပါဘူး။ သာမန် ရိုးရိုး ရုံးသွား၊ အပြင်သွား အ၀တ်တွေဆိုတော့ Blog ပေါ်မပြောနဲ့ အချင်းချင်း ထုတ်ပြရင်တောင် စိတ်ဝင်စားဖို့ မကောင်းလှဘူး။


နောက်ပြီး ကိုယ်က မပြင်မဆင်တတ်၊ ဖက်ရှင်ဆိုတာလည်း နားမလည်တော့ တိုတိုထွာထွာတွေ သိပ်မ၀ယ်ဖြစ်ဘူးရယ်။ ဒီမှာက ၀ါသနာပါရင် ပါသလို၊ စိတ်ဝင်စားရင် စိတ်ဝင်စားသလို ပိုက်ဆံသာရှိ၊ သူ့ဈေးနဲ့သူ ၀ယ်စရာတွေကတော့ အပြည့်ပါပဲ။ မိတ်ကပ် စိတ်ဝင်စားတဲ့သူကလည်း မိတ်ကပ်အမျိုးမျိုး ၀ယ်စုဖြစ်မယ်ထင်တယ်။ အ၀တ်အစားဆိုလည်း အ၀တ်အစား ၊ လက်ကိုင်အိတ်၊ လက်ဝတ်ရတနာ၊ ဖိနပ်တို့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတို့ဆိုတာလည်း ၀ယ်ချင်ရင် ဈေးချတဲ့အချိန်သာ ခဏလောက်စောင့်လိုက် အလွယ်တကူ ၀ယ်လို့ရနေတာမျိုးပါ။ အဓိက ပိုက်ဆံနဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို လဲလှယ်တဲ့အခါမှာ ဘယ်ဟာက ကိုယ့်အကြိုက်ဆုံးလဲ ဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်တာ မဟုတ်လား။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ ပြောရခက်တာပေါ့။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းအတွက် ပေးလိုက်ရတဲ့ ပိုက်ဆံကို နှမြောတဲ့သူတော့ ရှားမယ်ထင်ပါတယ်။


ကျမမှာ ရှိတဲ့ ရောဂါက မွေးပွအရုပ်တွေကို အင်မတန် သဘောကျတာပါပဲ။ အရင်မြန်မာပြည်မှာတုန်းကတော့ မ၀ယ်နိုင်ပါဘူး။ ပထမတစ်ခါ ဂျပန်လာတော့လည်း ဈေးကြီးကြီးပေးပြီး မ၀ယ်ဖြစ်ဘူး။ ကိုယ်ရတဲ့ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် စုပြီး မိသားစုအတွက်ပဲ အဓိထားပြီး စဉ်းစားဖြစ်တယ်။ လိုချင်တာရှိရင်တောင် မလိုအပ်ဘူးဆိုရင် မ၀ယ်ဖြစ်ပဲ နေလိုက်တာများတယ်။ ၀ယ်ဖြစ်ရင်လည်း ဈေးပေါတဲ့ ယန်း ၁၀၀ ဆိုင်က ပစ္စည်းတွေလောက်ပဲ။ ဒါတောင် ရန်ကုန်ပြန်တော့ ယန်း ၁၀၀ တန် မွေးပွရုပ်လေးတွေ ၆ခုလောက် ပြန်ပါသွားလိုက်သေးတယ်။ အခုတော့ အရုပ်တွေလည်း မရှိတော့လောက်ဘူး ထင်တယ်။ ဘာလို့လည်းဆိုတော့ အိမ်မှာ ကလေးမွေးနေ့ပွဲ ဖိတ်စာရပြီဆိုတာနဲ့ အဖေက ကျမအရုပ်တွေကို မျက်စိကျနေတာ။ မွေးနေ့လက်ဆောင်ပေးဖို့။ အရင်တုန်းကဆို ပိတ်စလေးတွေ ၀ယ်ပေးနေရတာလေ။ အခုတော့ ဂျပန်က အရုပ်လေးတွေ ပေးတာ ပိုပြီး ကောင်းတာပေါ့ဆိုပြီး “သမီးရေ. နင့် အရုပ်လေး တစ်ရုပ်လောက် ပါကင် ထုပ်လိုက်ပါဦး”ဆိုပြီး ခိုင်းပါတယ်။ အဲဒီအခါကျရင် ကျမမှာ ရှိစု မဲ့စု အရုပ်တွေထဲက ဘယ်အကောင်ကို ပေးရင် ကောင်းမလဲဆိုပြီး စဉ်းစားရတာအမောပဲ။ လူမဟုတ်တော့ ဗိုလ်၊ ကျား၊ သေနတ်ဆွဲခိုင်းလို့ မရဘူးမို့လား။ အားလုံးကို လိုချင်လို့ ၀ယ်ထားတာဆိုတော့ ပေးရမှာ နှမြောတာပေါ့လေ။ နောက်ဆုံး မျက်စေ့မှိတ်ရင်း တစ်ကောင်လှမ်းဆွဲလိုက်ပြီး လက်ထဲပါလာတဲ့ အရုပ်ကို စက္ကူလက်ကိုင်အိတ်လေးထဲ ထည့်ပြီး အဖေ့ကို ပေးလိုက်ရတယ်။


ထိုင်းရောက်တော့လည်း ဘတ် ၂၀၀ တန် Pooh အရုပ်ကြီး တစ်ကောင် ဈေးသက်သာလို့ ၀ယ်ဖြစ်သေးတယ်။ ရန်ကုန်ပြန်ရောက်တော့ အမျိုးသားက တူမလေးကို မွေးနေ့လက်ဆောင်ပေးလိုက်ပါ ဆိုလို့ ကိုယ့်မှာ ကလေးကို ပေးတာတောင် တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေလိုက်သေးတယ်။ ဒီတစ်ခေါက်လည်း အမှတ်မရှိဘူး။ အရုပ်မြင်ရင် လိုချင်တာပဲ။ ဒီတစ်ခါတော့ ကိုယ်က လိုချင်ပြီဆို မျက်နှာငယ်လေးနဲ့ “လိုချင်လိုက်တာ..” လို့ ၂ ခါ ၃ ခါလောက် ရွတ်ပြလိုက်ရင် “လိုချင်ရင် ဒီလ လခထုတ်ရင် ၀ယ်လေ”ဆိုပြီး ပါမစ် ချပေးပါတယ်။ ပါမစ်ကျပေမယ့်လည်း ဈေးကြီးတော့ ကိုယ့်စိတ်ကို ကိုယ် ဘရိတ်ပြန်အုပ်ရတယ်။ အရမ်းလိုချင်ပြီဆိုမှ တစ်ရုပ်လောက် ၀ယ်လိုက်တာပေါ့။

*****


အခု ကျမမှာ ရှိတဲ့ အရုပ်လေးတွေကို စုပြီး Blog ပေါ် တင်ပေးလိုက်ပါတယ်။ သိပ်အများကြီးလည်း မရှိတော့ “ကြွားရမှာကို အားနာပါတယ်လေ” ဆိုသလိုဖြစ်နေပြီ။ My Totoro ပို့စ်မှာတုန်းက “(ကို) တားမြစ်ထားသော” ရယ်၊ “မမသက်ဝေ” ရယ်က အရုပ်စင်ဝယ်ပြီးရင် ဓာတ်ပုံရိုက်ပြပါဦးလို့ ဆိုထားသေးတယ်။ အရုပ်တွေကတော့ အခုထိ အဆင့်မြင့်မြင့် စင်နဲ့ မနေရသေးပါဘူး။ ဒါကြောင့် သူတို့ကို ကြမ်းပြင်ပေါ်မှာပဲ ချထားပြီး ဖုန်တက်ကုန်မှာစိုးလို့ ပလပ်စတစ်အိတ်တွေထဲ ထည့်ထားရတယ်။ အခုတော့ သူတို့ခမျာလေးတွေလည်း စင်ပေါ်မတက်ရပဲ Blog ပေါ် တက်လိုက်ရပါပြီ... :)

Totoro နှင့် သူငယ်ချင်းများ...


ပြီးခဲ့တဲ့ My Totoro ပို့စ်မှာတုန်းက သူဝယ်ပေးတဲ့ အရုပ်ပါ။ ဖုန်တက်မှာစိုးလို့ ပလပ်စတစ်မဖြုတ်ပဲ ဒီအတိုင်းပဲ ထားတယ်။ :)


Disney Store ကို သွားတုန်းက မွေးနေ့လက်ဆောင် ၀ယ်ပေးထားတာ။ Pooh နဲ့ Piglet ကိုပဲ ကြိုက်လို့ ၂ ကောင်ပဲ ၀ယ်ဖြစ်တယ်။ သူတို့ အသားလေးတွေက အရမ်းနူးညံ့တာပဲ။


ဒီအရုပ်က ညီမလေး မြရွက်ဝေ က မွေးနေ့လက်ဆောင်ပေးတာပါ။ ကလေးရရင်လည်း အမွှာမွေးအောင်တဲ့လေ။ :P


အခုတစ်ခေါက် ဂျပန် ပြန်ရောက်ခါစတုန်းက ယန်း ၁၀၀ ဆိုင်သွားပြီး ၃ ရုပ် ၀ယ်လာခဲ့သေးတယ်။ နောက်ပိုင်းတော့ တစ်ရုပ် ယန်း ၂၁၀ ဖြစ်သွားပြီ်။ ရှေ့က ဖျံအဖြူလေးက Hokkido က ၀ယ်လာခဲ့တာ။ ယန်း ၈၀၀ ပေးရတယ်။


ဒီခွေးရုပ်အကြီးလေးက စင်ကာပူက သူငယ်ချင်း လက်ဆောင်ပေးတာ။ အဲဒီအရုပ်လေးရတော့ အရမ်းပျော်တာပဲ။ သူနဲ့ အဖော်ရအောင် ယန်း ၁၀၀ ဆိုင်က ခွေးလေး ကပ်ပေးထားတာ။ :)


အိမ်ထဲမှာထားရင် ဒီလိုထားရတယ်။ အရုပ်စင်မ၀ယ်ဖြစ်သေးတော့ ကြမ်းပြင်မှာပဲ စုထားလိုက်တယ်။ တချို့ သေးတဲ့ အရုပ်တွေကတော့ စင်ပေါ်မှာပေါ့။ (ကြွားတဲ့အထဲမှာ TV မပါဘူးနော်.. :D)


နိုဝင်ဘာ ၂၈၊ ၂၀၀၈။

October 17, 2008

အချစ်ဆိုသည်မှာ...

စာမရေးနိုင်တာတောင် အတော်လေးကြာနေပြီ။ မသက်ဝေ Tag ထားတဲ့ “အချစ်ဆိုသည်မှာ” ဆိုတာလည်း ရေးနေတာ စိတ်ကူးပေါက်သလို လျှောက်ရေးထားတာဆိုတော့ စာပိုဒ်တွေက စပ်ဆက်မှုလည်း မရှိဘူး။ စာတစ်ပုဒ်လုံးချောအောင်ရေးဖို့ အတော်လေး အခက်တွေ့ပြီး ဘာရေးရမှန်းကို မသိဘူး။ Tag ထားတာလည်း ရှိတော့ အရင် ရေးထားတာတွေကို သင့်တော်သလို နေရာချပြီး ပို့စ်တစ်ခုအဖြစ် ရေးလိုက်ပါတယ်။

အချစ်ဆိုတာမျိုးက ဆယ်ကျော်သက် အရွယ်တုန်းကသာ ရင်ခုန်သံတွေ ချိုမြလတ်ဆတ်နေတာပါ။ အခုချိန်မှာ အချစ်သီချင်းတွေ နားထောင်မိရင် အရင်တုန်းကလောက် ရင်ကို လာမထိတော့သလိုပဲ။ အမျိုးသားကို “ဘယ်လိုရေးရင် ကောင်းမလဲ” ဆိုပြီး မေးတော့ သူက ရီနေပြီး “ထွန်းအိန္ဒြာဗို သီချင်းရေးပေးလိုက်ပေါ့” လို့ ပြောပါတယ်။

“အချစ်”အကြောင်းကို သီချင်းတွေထဲလည်း ထည့်ဆိုကြတယ်၊ ၀တ္ထုထဲလည်း ဖတ်ဖူးတယ်၊ ရုပ်ရှင်တွေကြည့်တော့လည်း များသောအားဖြင့် “အချစ်” ကိုအခြေခံထားပြီး ရိုက်ကူးတင်ပြထားကြတယ်။ အဲဒါဆိုတော့ “အချစ်”ဆိုတဲ့ စကားကို ရင်းနှီးနေပြီးသားပါ။ ဒါပေမယ့် ဘယ်သူမှ အချစ်ဆိုတာကို တိတိကျကျ အဓိပ္ပာယ်မဖွင့်ဆိုနိုင်ဘူး။ တိကျတဲ့အဖြေရဖို့ ညီမျှခြင်း ချပြီး ပုံသေနည်းထဲ အစားသွင်း တွက်ထုတ်လို့ရရင် ကောင်းမယ်။


*****

လူတစ်ယောက်ကို
ချစ်တယ်ဆိုတာ
ထိုသူ့အပေါ်
ယုံကြည်ခြင်း နှင့်
သူအနိုင်ယူတာ
အပြုံးမပျက်
နှစ်သက်စွာ
အရှုံးပေးလိုခြင်းရယ်ပါ။


*****

အရင်တုန်းက ဖတ်မိတဲ့ကဗျာလေးတပုဒ်ပါ။ ဘယ်မှာ ဖတ်မိမှန်းလည်း မမှတ်မိသလို ဘယ်သူရေးထားတာလည်း မသိတော့ပါဘူး။ အခု“အချစ်ဆိုသည်မှာ” ဆိုတော့ အဲဒီကဗျာလေးကို သတိရလာလို့ ကောက်ရေးလိုက်တာပါ။


တကယ်တမ်း ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အချစ်ဆိုတာက ကဗျာထဲကလိုမျိုး ကိုယ့်ကိုလည်း အနိုင်မယူပါဘူး။ ကိုယ်ကလည်း သူ့ဆီက အနိုင်ယူပြီး ပြုံးပျော်နေတဲ့သူ မဟုတ်ရပါဘူး။ သူကလည်း အရှုံးမပေးရသလို ကိုယ်ကလည်း အရှုံးပေးစရာ မလိုခဲ့ပါဘူး။ အဓိကက နှစ်ယောက်စလုံး စိတ်ချမ်းသာဖို့ပါ။ ကိုယ့်အချစ်ကြောင့် သူ့ကို ချုပ်နှောင်ထားတာမျိုး မဖြစ်စေရသလို စိတ်ဆင်းရဲတာမျိုးလည်း မဖြစ်စေချင်ဘူး။ ကိုယ့်ကြောင့် စိတ်မညစ်စေချင်တာပါ။ သူနဲ့အတူနေရလို့ စိတ်ချမ်းသာမယ်၊ ပျော်မယ်လို့ ယုံကြည်တဲ့အတွက် လက်ထပ်ခဲ့တာ။ တကယ်လည်း ကျမကို စိတ်ချမ်းသာမှု ပေးတဲ့အပြင် ဘ၀အတွက် လုံခြုံမှု ပေးခဲ့တဲ့ သူပါ။ အဲဒီအတွက်လည်း ကျမတို့ နှစ်ယောက်ကို တွေ့ဆုံခွင့်ပေးတဲ့ ဖူးစာကံကို အမြဲကျေးဇူးတင်နေမိပါတယ်။


ကဲ..ပြီးပါပြီ အချစ်အကြောင်း။ ရေးတော့ ရေးလိုက်တာပါပဲ။ ဒီပို့စ်လေးနဲ့အတူ ထွန်းအိန္ဒြာဗိုရဲ့ အချစ်ဆိုသည်မှာ သီချင်းကို အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။


အချစ်ဆိုသည်မှာ

တေးဆို - ထွန်းအိန္ဒြာဗို


အချစ်ဆိုသည်မှာ .. အံ့သြမှုများနဲ့ .. ဆန်းကြယ်သောအရာ..
အချစ်ဆိုသည်မှာ .. လူသားတိုင်းရဲ့ နှလုံးသားထဲက အရှင်သခင်..
အချစ်ဆိုသည်မှာ.. ကြေကွဲခြင်းများနဲ့ မျက်ရည်တို့ရဲ့ ကဗျာ..
အချစ်ဆိုသည်မှာ .. ခံစားချက်တို့ မွေးဖွားရာ နေရာ..

အချစ်ဆိုသည်မှာ .. ကြည်နူးကြတဲ့အခိုက် .. လမင်းတရာ..
အချစ်ဆိုသည်မှာ .. ၀မ်းနည်းတဲ့အခါ နေမင်း.. ကုဋေကုဋာ..
အချစ်ဆိုသည်မှာ .. တားဆီးတတ်ခဲ့ .. အိပ်စက်ခြင်းများစွာ..
အချစ်ဆိုသည်မှာ .. အိပ်မက်များနဲ့ အရုဏ်ဦး အလှတရား..

တကယ်ဆိုရင်.. အချစ်ဟာ .. ဖြေရှင်းမရတဲ့ပြဿနာ..
အချစ်ဟာ .. အဖြေရှာမရတဲ့ပုစ္ဆာ ..
ငါကိုယ်တိုင်.. အချစ်ဟာ .. ဘာလဲ မသိတော့ပါ..
တခါတရံ .. အချစ်ဆိုတဲ့ .. အရာနဲ့ ဆုံဆည်းလိုက်ချင်လည်း..
တခါတရံတော့ .. အချစ်နဲ့ ဝေးချင်တယ်..


အောက်တိုဘာ ၁၈၊ ၂၀၀၈။

September 26, 2008

မှတ်မိတဲ့ ပထမဆုံးများ

ကျမ အသက် ၃ နှစ်လောက်ကတည်းက ပထမဆုံး မူကြိုကျောင်း စတက်နေရပါပြီ။ ၅ နှစ်ရောက်တော့ အိမ်နားက မူလတန်းကျောင်းမှာပဲ သူငယ်တန်း စတက်ရတာ။ သူငယ်တန်းတုန်းက ဆရာမကိုလည်း မမှတ်မိတော့ဘူး။ ဆရာမနာမည်၊ သူငယ်ချင်းနာမည်တွေကိုလည်း မေ့ကုန်ပြီဆိုတော့ ကိုယ့်မှတ်ဥာဏ်က ဒီလောက်တောင် အားနည်းနေတာပါလားဆိုပြီး ပထမဆုံး သတိပြုမိတော့တယ်။ ပထမဆုံး ရတဲ့ဆုက ၅ တန်း အောင်တုန်းက အဆင့် ၆ ရတဲ့ ဆုပါ။ ကျောင်းကလည်း ထူးထူးခြားခြား အဆင့် ၁ ကနေ ၆ အထိ ဆုပေးတာ။ ကျမက ပထမဆုံး ဆုယူတာတောင် ဘိတ်အဆင့်နဲ့ ယူရတယ်။ ၁၀ တန်းအောင်ပြီးတဲ့အထိလည်း အဆင့် ၁ ဆိုတာ မရခဲ့ပါဘူး။ ရမယ့် ရတော့ တက္ကသိုလ် နောက်ဆုံးနှစ် အောင်မှ ရခဲ့တာ။ ပထမဆုံး ပထမရ တာကို ထူးခြားပြီး မပျော်မိပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ့်လိုပဲ နောက်ထပ် လူ ၃၀ လောက်က ပထမရတာကိုး။


ကျောင်းတက်တုန်းက ပထမဆုံး စပြီး စာရေးဖြစ်တာက ဝေဖန်ရေးစာပါ။ အဲဒီတုန်းက လွင်မိုးကို အရမ်းကြိုက်တော့ သူ့ဇာတ်ကားတွေဆို တော်တော်များများ ကြည့်ဖြစ်ပါတယ်။ ဖြစ်ချင်တော့ အပျိုမ မဂ္ဂဇင်းက လွင်မိုးအကြောင်း ဝေဖန်ပေးပါ။ လွင်မိုးကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံ ပို့ပေးပါမယ်ဆိုပြီး ကြော်ငြာပါတယ်။ အဲဒီတော့ ကျမလည်း ကြိုးစားပမ်းစား ဝေဖန်တာပေါ့။ ပထမဆုံး ကိုယ်ရေးလိုက်တာက မဂ္ဂဇင်းထဲပါလာတော့ ၀မ်းသာမိတာ အမှန်ပဲ။ ဒါပေမယ့်လည်း လွင်မိုး ဓာတ်ပုံ တကယ် မရခဲ့ပါဘူး။ ကျူရှင်တက်တဲ့ လမ်းမှာ မဂ္ဂဇင်းတိုက်ရှိလို့ သွားမေးတော့လည်း ၀ါးတားတားနဲ့။ ပထမဆုံးအကြိမ် လှလှပပလေး အလိမ် ခံလိုက်ရတာပေါ့။ ကိုယ့်ကိုကိုယ်လည်း အခုနေတွေးရင် ပြန်ရှက်မိပါတယ်။ အတော်ပေါခဲ့လို့။ စာရေးတာတောင်မှ ရေးစရာ ရှားလို့ မင်းသားကို ဝေဖန်တဲ့စာမျိုး ရေးရတယ်လို့။ ဓာတ်ပုံမရလိုက်တာပဲ ခပ်ကောင်းကောင်းလို့ ပြောရမယ်။


တက္ကသိုလ် ကျောင်းတွေ ပိတ်ထားချိန်မှာ ကွန်ပျူတာ သင်တန်းကို လှည်းတန်းမှ ပထမဆုံး စတက်ဖြစ်တယ်။ အဲဒီတော့မှ ကွန်ပျူတာကို ပထမဆုံးမြင်ဖူးတာ။ အဲဒီတုန်းက ပထမဆုံး သုံးခဲ့တဲ့ OS က Window 3.11။ သင်တန်းပြီးတော့ အိမ်ကလည်း ဒီလောက် ဈေးကြီးတဲ့ ကွန်ပျူတာကို ဘယ်ဝယ်ပေးနိုင်ပါ့မလဲ။ အဲဒီတော့ သူငယ်ချင်းတွေနဲ့အတူ အဲဒီ ကွန်ပျူတာ သင်တန်းမှာပဲ Instructor ၀င်လုပ်ဖြစ်ခဲ့တယ်။ ကျောင်းမပြီးခင် ပထမဆုံး လခစားအလုပ်ပေါ့။ လခက ၁၅၀၀ စရတာ။ မြန်မာကျပ်ငွေပေါ့နော်။ နောက်တော့လည်း သင်တန်းကျောင်းမှာ ဆရာတွေ လိုလာတာနဲ့ Assistant Lecturer လိုမျိုး အတန်းတွေ ၀င်သင်ပေးခဲ့ရတယ်။ ပထမဆုံး စာသင်တော့ သင်တန်းသားတွေက ကိုယ့်ကို ၀ိုင်းပြုံကြည့်ကြလို့ မှတ်ထားတာတွေ မေ့၊ ပြောရမှာတာတွေက တလွဲတွေ ဖြစ်ကုန်တာပေါ့။ တော်သေးတယ် သင်တန်းသားတွေက ကလေးလေးတွေမို့။ နွေရာသီ အားလပ်ရက်မှာ မိဘတွေက ကွန်ပျူတာ သင်တန်းပို့ပေးထားတာလေ။ စာလေးနည်းနည်းသင်ပေးလိုက် ကလေးတွေကို ဂိမ်းဆော့နည်းသင်ပေးလိုက်နဲ့။ ပထမဆုံး တပည့်တွေပေါ့။ ဂိမ်းချည်းပဲ ဆော့ချင်လို့ မနည်းပဲ စာကို ပြီးအောင် သင်ပေးခဲ့ရတာ မှတ်မိသေးတယ်။ ကလေးနာမည်တွေတော့ မမှတ်မိတော့ဘူး။


*****


ကျောင်းပြီးတော့ အခြေတကျ အလုပ်လုပ်ဖို့အတွက် ကွန်ပျူတာ company တစ်ခုမှာ ရေးဖြေ စာမေးပွဲ ၀င်ဖြေဖြစ်တယ်။ အလုပ်နဲ့ပတ်သက်ပြီး စာမေးပွဲဖြေရတာ ပထမဆုံးပါ။ မအောင်ပါဘူး။ ဘာတွေမေးမှန်းမသိလို့ ထင်တာတွေပဲ လျှောက်ရေးခဲ့လိုက်တယ်။ နောက်တခါ ထပ်ဖြေဖို့အတွက် အဲဒီ company ကို ရောက်နှင့်ပြီးသား သူငယ်ချင်းကို ဘာတွေ မေးတတ်လဲ၊ ဘာကြည့်ထားရမလဲဆိုပြီး သူ့အိမ်သွားပြီး အတင်းနားပူ နားဆာနဲ့ စာသင်ခိုင်းခဲ့ရတာ။ မှတ်မှတ်ရရ သူသင်ပေးမှပဲ အဲဒီ Window Programming ဆိုတာကြီးကို ပထမဆုံး မြင်ဖူးတာ။ ကျောင်းတုန်းကတော့ C, C++, OOP လောက်နဲ့ ပြီးသွားခဲ့တာကိုး။ သူငယ်ချင်းကတော့ သူ့ကွန်ပျူတာကြီးဖွင့် VC program တွေ ရေးပြပေါ့လေ။ အလုပ်ထဲက ရေးဖြေစာမေးပွဲကို ပထမဆုံး အောင်ခဲ့ပါတယ်။ ရေးဖြေအောင်ပြီဆိုမှ နောက်တဆင့် လူတွေ့ အင်တာဗျူး လုပ်ရတာပါ။ ပထမဆုံး အလုပ်အင်တာဗျူးဆိုတော့ ကြောက်တာရော၊ အလုပ်မရမှာ စိုးရိမ်တာရော ခံစားချက်တွေ မျိုးစုံနဲ့ပေါ့။ အဲဒီ အင်တာဗျူးကနေ ရလိုက်တဲ့ သင်ခန်းစာက လူတစ်ယောက်ရဲ့ ပထမဆုံး အမြင်ဟာ အရမ်းအရေးကြီးတယ်ဆိုတာပါပဲ။ First impression ပေါ့။


အလုပ်ထဲရောက်မှ ပထမဆုံး New Year Party ဆိုတာကို ကြုံဖူးတာ။ ပြီးတော့လည်း ချောင်းသာ၊ ငပလီ၊ ငွေဆောင် စတဲ့ ကမ်းခြေခရီးတွေကိုလည်း ရုံးကနေ သွားလို့ ပထမဆုံး ရောက်ဖူးတာ။ အလုပ်ထဲရောက်တော့ အဆင်ပြေတာရှိသလို အဆင်မပြေတာတွေလည်း ရှိတာပေါ့။ ပထမဆုံး စိတ်ဆင်းရဲ၊ စိတ်ဓာတ်တွေကျတာကတော့ အလုပ်ထဲ ရောက်မှပါ။ ဒါပေမယ့်လည်း အချိန်အတိုင်းအတာ တခု ပြီးသွားတော့ အရာအားလုံးဟာ အနယ်ထိုင်သွားတာပါပဲ။ ပထမဆုံး နိုင်ငံခြား ခရီးကတော့ ဂျပန် Osaka ကိုပါ။ နိုင်ငံခြား ခရီးဆိုတော့လည်း ထုံးစံအတိုင်း ပထမဆုံး Passport စလုပ်ရတယ်လေ။ ကျမနဲ့အတူ သွားမယ့်သူတွေအားလုံးက Passport ရှိထားနှင့်ပြီးသား၊ သက်တမ်းတိုးယုံပဲ။ ကျမမှာက Passport မရှိဘူး။ Passport က လည်း ပွဲစားနဲ့ လုပ်ရင် သိတဲ့အတိုင်းပဲ။ ဒီနေ့ ရမယ်ပြောပေမယ့် ရချင်မှလည်း ရတာ၊။ ဒါပေမယ့် ကျမတုန်းကတော့ ချိန်းထားတဲ့ရက်မှာ Passport မရတဲ့အပြင် ဗိုလ်ချုပ်ခင်ညွှန့်အဖမ်းခံရတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး စာအုပ်က တော်တော်နဲ့ ထွက်မလာခဲ့ပါဘူး။ ပထမဆုံး နိုင်ငံခြားခရီးတော့ ပျက်ပြီလို့ပဲ တွေးထားတာ။ ဟိုလူ့စုံစမ်း၊ ဒီလူ့စုံစမ်းနဲ့ အရပ်ကယ်ပါ လူဝိုင်းပါ လုပ်တော့မှ လက်ထဲ စာအုပ်လေး ရလာတာ။ တော်သေးတာပေါ့။ အဲဒီတုန်းကလည်း တော်တော်ကို အီစိမ့်နေအောင် ခံလိုက်ရတဲ့ ပထမဆုံး အဖြစ်အပျက်တစ်ခုပဲ။


ပထမဆုံး လေယာဉ်စီးတော့ နားထဲက လေတွေ ထွက်ပြီး အတော်လေး ခံရခက်တာပဲ။ ထိုင်းမှာ transit ခဏနားတော့ လေယာဉ်ကွင်းထဲမှာတင် လျှောက်ကြည့်ပြီး မြန်မာပြည်နဲ့ကွာသွားပြီဆိုတာ ပထမဆုံး ခံစားမိလာတယ်။ အဲဒီလိုနဲ့ မအူမလည် Osaka ကို ပထမဆုံး ရောက်လာတာပေါ့။ မြန်မာပြည်မှာ အလုပ်လုပ်ရတုန်းက ကိုယ့်အထက်မှာ Team Leader, Supervisor လိုမျိုးက တဆင့်ခံပြီးမှ ကိုယ်က သူတို့ ခိုင်းတာ လုပ်ပေးရယုံပါ။ အဲဒါဆိုတော့ တာဝန်ပေါ့တာပေါ့။ Osaka မှာ လုပ်ရတာကတော့ ကိုယ့်မန်နေဂျာ တရုတ်အမျိုးသမီးရဲ့ စကားပြော လေယူလေသိမ်းကို ပထမဆုံး နားလည်အောင် အရင်လုပ်ရပါတယ်။ ပြီးမှ အလုပ်နဲ့ ပတ်သက်ပြီး သူလိုချင်တာကို သဘောပေါက်အောင် လုပ်ရပါတယ်။ ကိုယ်ပါဝင်ရတဲ့ Project တခုရဲ့ Phase တခု ပြီးတိုင်း client က တကယ် သုံးမှာဖြစ်တဲ့အတွက် တာဝန်ကြီးသလို Stress လည်း အရမ်းများပါတယ်။ အဲဒါတွေကတော့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ပထမဆုံး ရလာတဲ့ အတွေ့အကြုံတွေပါ။ ဇာတ်လမ်းက ထပ်ဆက်ရရင် နိုင်ငံခြားရောက်တော့ ပထမဆုံးနဲ့ နောက်ဆုံး ရည်းစား ရပြီး အဲဒီ ရည်းစားနဲ့ပဲ အိမ်ထောင်ကျပေါ့လေ။


ပထမဆုံး အကြိမ် မိဘနဲ့ ခွဲပြီး နိုင်ငံခြားလာတော့ ကျမက ရှေ့ရေးအတွက်ပဲ စိတ်စောနေတာ။ ဒါကြောင့် မိဘနဲ့ခွဲနေရတော့မယ် ဆိုတဲ့ feeling ကို သတိမထားမိသေးဘူး။ မိဘနဲ့ တကယ်ခွဲနေရပါလားဆိုတာကို ပထမဆုံး ခံစားမိတာက မင်္ဂလာဆောင်ပြီးမှပါ။ မင်္ဂလာဆောင်ပြီး မိဘအိမ်ပြန်လည်တုန်းကပေါ့။ ကိုယ့်အိမ်ပြန်ခါနီးမှာ “ပါပါးရေသမီးပြန်တော့မယ်.. မာမားရေ သမီးပြန်တော့မယ်” လို့ ပါးစပ်ကသာ နှုတ်ဆက်နေတာ။ စိတ်ထဲက တမျိုးကြီးပဲ၊ တခါမှ ကိုယ့်မိဘကို ပြန်တော့မယ်လို့မှ မနှုတ်ဆက်ဘူးတာ။ “မိဘ အိမ်ကနေ ငါတကယ် ခွဲခွာခဲ့ရတာပါလား” ဆိုပြီး ရင်ထဲမှာလည်း ပထမဆုံးအကြိမ် နင့်နေအောင် ခံစားလိုက်ရတယ်။ မျက်စိမျက်နှာပျက်နဲ့ ကျန်ခဲ့တဲ့ မိဘတွေကို မြင်ယောင်ပြီး အဲဒီနေ့က အိမ်ပြန်တော့ တလမ်းလုံး ငိုခဲ့တာပေါ့။

*****


ဒုတိယအကြိမ် Osaka ရောက်တော့ အလုပ်မရှိပါဘူး။ အဲဒီတော့မှ အလုပ်မရှိပဲ နေရတဲ့ဘ၀ကို ပထမဆုံး နားလည်သွားတော့တယ်။ အလုပ်မရှိတော့ အားနေတယ်လေ။ ပျင်းတယ်ဆိုပြီး ပထမဆုံး စဖတ်မိတဲ့ Blog က WeSheMe ရဲ့ ရွှေညောင်ပင်ကြက်သားသုပ်ဆိုတဲ့ပို့စ်ပါ။ ဖတ်ပြီးပြီးချင်း နောက်ရက် ပထမဆုံး သုပ်စားကြည့်လိုက်သေးတယ်။ ဒါပေမယ့် ပထမဆုံး Blog စရေးတာကတော့ တခြား Blog မှာပါ။ ဒီနာမည်နဲ့လည်း မဟုတ်ပါဘူး။ ပထမဆုံး သုံးမိတဲ့ Nick Name က သူများနာမည်နဲ့ သွားတူနေလို့ အားနာပြီး ထပ်မသုံးဖြစ်တော့တာပါ။ နောက်တော့ အဲဒီ Blog မှာ ဆက်မရေးဖြစ်တော့ပါဘူး။ အဲဒါကြောင့် ကိုယ့်ဘာသာ Blog တခုဆောက်ပြီး ပို့စ်ရေးတော့ နာမည်ရင်းနဲ့ပဲ ရေးဖြစ်ခဲ့တာ။ ဒီ Blog ရဲ့ ပထမဆုံးပို့စ်က ဂျပန်အစားအစာ အကြောင်းရေးထားတာပါ။ ပထမဆုံး Blogger နဲ့ Gtalk မှာ စကားပြောဖြစ်တာက ညီမလေး s0wha1 နဲ့ပါ။ အပြင်မှာ ပထမဆုံး လူချင်းမြင်ဖူးတဲ့ Blogger အမ (သမုဒယ) က အခု Blog မရေးတော့ပါဘူး။ Blog ရေးမှပဲ မကေရဲ့ အင်တာဗျူးပုံစံ မေးခွန်းမျိုးကို ပထမဆုံး စဖြေဖူးတာ။ နောက် ကိုစေးထူး ရဲ့ နိုင်ငံခြားသွားမယ်ဆိုရင် ပို့စ်မှာ Comment ၀င်ရေးရင်း တခြား Blogger တွေနဲ့အတူ Weekly Eleven Journal ရဲ့ ဆောင်းပါးမှာ ကိုယ့်နာမည်လေး ဖော်ပြခွင့်ရတာ ပထမဆုံးပါ။


*****


အခုရေးထားတဲ့ ပထမဆုံးတွေက ကျမဘ၀ရဲ့ အစိတ်အပိုင်းတွေပါ။ ပြန်တွေးကြည့်လိုက်တော့လည်း ရှေးဟောင်းရုပ်ရှင်ကြည့်ရသလိုပဲ ဟိုတကွက်ဒီတကွက်နဲ့။ အဲဒီတော့ ပထမဆုံးများ ဆိုတဲ့အတွက် မှတ်မိသလောက် ပထမဆုံးတွေကိုပဲ ပထမဆုံးအကြိမ် စုစည်းပြီး ရေးလိုက်ပါတယ်။ မမသက်ဝေရေ.. ရေးပေးလိုက်ပါပြီနော်..။ :)


စက်တင်ဘာ ၂၇၊ ၂၀၀၈။

September 12, 2008

ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု

မတန်ခူး က လက်တလော ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု ကိုရေးပေးပါလို့ tag ထားတယ်။ တခြားသူတွေတော့ ရေးပြီးကုန်ကြပြီ။ ကျမကတော့ အခုမှ ဟိုဟိုဒီဒီ blog တကာ သွားပြီး သူများရေးထားတာလေးတွေ (ကူးချ .. ယောင်လို့..) အတုယူပြီး စု၊ တု၊ ပြု လုပ်လိုက်ပါပြီနော်။ စု၊ တု၊ ပြု တယ်သာ ပြောလိုက်ရတာပါ။ တကယ်တမ်းရေးတော့လည်း ဘာတွေ ရေးရမှန်းမသိဘူး။ အခုအကြောင်းအရာမျိုး အရင်တုန်းက တစ်ခါလား ရေးဖူးတာ။ အဖြေရခက်တဲ့နေရာ၊ မဖြေတတ်တာတွေဆိုရင် ??? တွေ ရေးပေးလိုက်တာ မှတ်မိသေးတယ်။ သြော်.. ကိုယ့်အကြောင်း ကိုယ်ရေးရတာ မလွယ်ပါလားနော်.. :D

*****

ကိုယ့်ရဲ့နာမည် ...

ပါပါး ပေးထားတဲ့နာမည်ပါ။ စနေသမီးမို့ “နု” ပါအောင် မှည့်ထားတာတဲ့။ ငယ်ငယ်ကတော့ ဒီနာမည်ကြီးမကြိုက်ပါဘူးဆိုပြီး နာမည်ပြောင်းချင်ခဲ့တာ မှတ်မိသေးတယ်။


ကိုယ့်ကို ဒီလိုခေါ်တယ်...

နာမည်ရင်းခေါ်ကြတာ များတယ်။ တချို့ကတော့ “နုနု”၊ "နု” တဲ့။ ကိုယ့်ထက်ငယ်တဲ့သူတွေက “မနု”၊ “မမနု”၊ “အမ”။ အဒေါ်ကတော့ စကားများလို့ “အာလူး” တဲ့။ အရမ်းခင်တဲ့ သူငယ်ချင်းက “ရွှေနု”၊ တချို့တင်စီးချင်တဲ့သူတွေကတော့ “မိနု” တဲ့။ တော်သေးတယ် “မယ်နု”လို့တော့ ဘယ်သူမှ မခေါ်ဘူး။ ဘလော့ခ်ရေးတော့ “နုစံ” (အားပါးပါး.. နာမည်တွေ အများကြီးပဲ.. )


ကိုယ်ဒီမှာနေတယ် ...

လောလောဆယ်တော့ Osaka မှာ။


ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် ...

ဖုန်းနံပါတ်ကိုတော့ အလွတ်မရဘူး။ ဘယ်တော့မှလည်း မမှတ်ထားဘူး။ ဖုန်းခေါ်တာထက် ပြောစရာရှိရင် ဘလော့ခ်က comment မှာ လာရေးထားတာက ပိုပြီး မြန်ဦးမယ်ထင်တယ်..:P


အရောင်ဆိုရင် ...

ပစ္စည်းပေါ်မူတည်ပြီး ကြိုက်တယ်။ များသောအားဖြင့် မိုးပြာရောင်လေးတွေကို သဘောကျတယ်။ ဒါပေမယ့် အ၀တ်အစားဆိုရင်တော့ အရောင်တောက်တောက်တွေ မကြိုက်ဘူး။


အ၀တ်အစားဆိုရင် ...

မိန်းကလေးအတွက် အမြင်တင့်တယ်တဲ့ အ၀တ်မျိုးကိုပဲ ၀တ်ပါတယ်။ ၀တ်ထားတဲ့ အ၀တ်က စိတ်ကို အနေခက်စေမယ့်၊ စိတ်ကျဉ်းကျပ်စေမယ့် အ၀တ်အစားကလွဲရင် ကျန်တာတွေ ၀တ်လို့ရပါတယ်။ Branded crazy မဟုတ်ပါ။ များသောအားဖြင့်တော့ လျှော်လို့လွယ်၊ မီးပူတိုက်လို့လွယ်တဲ့ အ၀တ်မျိုးပိုကြိုက်တယ်။ အကြိုက်ဆုံးက မြန်မာအင်္ကျီခါးတို၊ ခါးတင်လေးတွေ နဲ့ ယောထမီပါ။ လောလောဆယ် တီရှပ်တွေ အ၀တ်များတယ်။


အစားအစာဆိုရင် ...

ရေးလိုက်ရရင်တော့ စာမျက်နှာ မဆန့်လောက်ဘူးထင်တယ်။ မြန်မာအစားအစာတွေ တော်တော်များများကြိုက်ပါတယ်။ တကယ် မမုန်းအောင် စားတာက မုန့်ဟင်းခါးနဲ့ ကြေးအိုးပါ။


ပစ္စည်းဆိုရင် ...

မိန်းကလေးတစ်ယောက်အတွက် လိုအပ်မယ့် ပစ္စည်းတွေဆိုရင် ၀ယ်ပါတယ်။ ပစ္စည်းတခုကို အများကြီးလည်း မ၀ယ်တတ်သလို ပစ္စည်းအစွဲလည်း မရှိပါဘူး။


သီချင်းဆိုရင် ...

ထူးအိမ်သင် သီချင်းတွေကို အကြိုက်ဆုံးပါ။ တခြားနားထောင်လို့ကောင်းတဲ့ သီချင်းတွေဆိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် ဆူဆူညံညံ သီချင်းတွေ မကြိုက်သလို အရမ်းပျင်းစရာကောင်းတဲ့သီချင်းတွေလည်း မကြိုက်ပါဘူး။


စာရေးဆရာ...

ဆရာမ ဂျာနယ်ကျော်မမလေး ကို အကြိုက်ဆုံးပါ။ ဒီဘက်ခေတ်မှာဆို ဆရာမင်းလူ၊နီကိုရဲ တို့လို ဟာသစာရေးဆရာတွေအပြင် ရသစာပေတွေရေးတဲ့ စာရေးဆရာတွေ အားလုံးကိုကြိုက်ပါတယ်။ ကာတွန်းဆရာတွေလည်း ကြိုက်တယ်။ မှတ်မိသလောက် ဦးငွေကြည်၊ ကိုရွှေထူး(ပြည်)၊ ဓနုဖြူဆွေမင်း၊ ပိုးဇာ..


စာအုပ်...

ဆရာမ ဂျာနယ်ကျော်မမလေး ရေးတဲ့စာအုပ်မှန်သမျှ အကုန်ကြိုက်ပါတယ်။ နိုင်ငံခြား ၀တ္ထုတွေ၊ ဘာသာပြန်စာအုပ်တွေ သိပ်မဖတ်တတ်ပါဘူး။ မြန်မာဝတ္တုစာအုပ်နဲ့ မဂ္ဂဇင်းတွေ ဖတ်ရတာ ပိုကြိုက်ပါတယ်။

Life Style...

လူ့ဘ၀က နေရတာ တိုတယ်။ အဖြစ်အပျက်တွေက တခါတလေ လိုက်လို့မမှီအောင် မြန်ဆန်တာမို့ နေရခိုက်လေးမှာ စိတ်ချမ်းချမ်းသာသာ နေချင်တယ်။ အားလုံးကို စိတ်ရှင်းရှင်းထားပြီး ပျော်ပျော်ပဲ နေပါတယ်။


ကိုယ့်ရဲ့ဝါသနာ ...

စာရေး ၊ စာဖတ် ပေါ့။ တကယ်တမ်း ၀ါသနာပါတာက ရေကူးတာ။ ရေကူးတတ်လားဆိုတော့ မကူးတတ်ဘူး (မရီကြနဲ့နော်..) ။ ပန်းအလှပြင်တာ ပန်းစိုက်တာလည်း ၀ါသနာပါတယ်။


အလိုချင်ဆုံး လက်ဆောင် ...

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကသာ ဒီလိုမေးခဲ့မယ်ဆိုရင် လိုချင်တာတွေ အများကြီးပေါ့။ အခုချိန်မှာတော့ ဘာမှ ထူးထူးခြားခြား မလိုချင်တော့ပါဘူး။


ကိုယ့်ရဲ့ အချစ်ဆုံးသူ ...

ကိုယ့်မိသားစု၊ ခင်ပွန်း။

ကိုယ့်ရဲ့ အလေးစားရဆုံးသူ ...

ပါပါး။ နောက် လေးစားသင့် လေးစားထိုက်သူတွေကို လေးစားပါတယ်။


ကိုယ်ရဲ့ အခင်ဆုံးသူငယ်ချင်း ...

သူငယ်ချင်းအားလုံးကို ခင်ပါတယ်။


ကိုယ့်ကို အများဆုံးနားလည်မှု ပေးနိုင်သူက ...

ပါပါး ပါ။ နောက်ပြီး မပါမဖြစ် သူ့ကိုတော့ စာရင်းထဲ ထည့်ထားဦးမှ။


ကိုယ်ရဲ့ အမုန်းဆုံးသူက ...

ကတိသစ္စာမတည်တဲ့သူ၊ လိမ်ညာကောက်ကျစ်တတ်တဲ့သူတွေဆို မုန်းပါတယ်။


ရင်အခုန်ဆုံးအချိန် ...

ရုံးမှာ ဘလော့ခ်ခိုးလည်လို့ မန်နေဂျာ မိသွားတဲ့အချိန်။


အကြောက်ဆုံး အချိန် ...

အာရှမှာ ငလျင်အကြီးအကျယ် လှုပ်မယ်လို့ ဘလော့ခ်မှာ ဖတ်လိုက်ရတဲ့အချိန်။


အမှတ်တရနေ့ ...

ထူးထူးခြားခြား မရှိပါ။


ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု...

တောင်းတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်။


အချစ်ဆိုတာ...

မျက်လှည့်လိုပဲ။ မထင်မှတ်တာတွေက ဖြစ်တတ်လွန်းလို့....


အမုန်းဆိုတာ ...

ပြင်းထန်တဲ့ စိတ်ဒဏ်ရာတစ်ခုလို့ပဲ မြင်မိပါတယ်။ အခုထိတော့ ဘယ်သူ့ကိုမှ တူးတူးခါးခါး မမုန်းဖူးပါဘူး။


အလွမ်းဆိုတာ ...

သတိရခြင်း တစ်မျိုးလို့ ထင်တာပဲ..


သံယောဇဉ်ဆိုတာ ...

အဖြူစင်ဆုံး တွယ်တာခြင်း။ (ဟိ..ဟိ.. စာအုပ်ထဲက ကူးချထားတာ.. )


ဘ၀ဆိုတာ ...

Life is a journey where the destination is unknown.


သူငယ်ချင်းဆိုတာ ...

ခင်ရတဲ့သူ။


ချစ်သူဆိုတာ ...

ကိုယ်ချစ်ရတဲ့သူပေါ့။


ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် ...

လှတယ်လို့.. အဲလေ.. ဟုတ်ပါဘူး.. ကိုယ့်ကိုယ်ကိုထင်တာ ပြောပြီးသွားပြီ... သူများတွေ ဘယ်လိုထင်လဲ ပြောခဲ့နော်.. :P


ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က ...

ကိုယ့်စေတနာ ကိုယ်အကျိုးပေးတယ်။


အပြောချင်ဆုံး စကားတစ်ခွန်း ...

အခုတလော အလုပ်မအားလို့ စာမရေးဖြစ်ပါဘူး။ ဘလော့ခ်လာလည်တဲ့သူတွေကို မကြာမီ Blog Vacation ၃ လလောက်ယူပါမယ်ဆိုတာလေး ပြောချင်ပါတယ်။

စက်တင်ဘာ ၁၃၊ ၂၀၀၈။

February 15, 2008

ဘ၀လက်တွဲဖော်



လေးမ က ဘ၀လက်တွဲဖော် အကြောင်း tag ထားတယ်။ ရေးဖို့အကြောင်းအရာကို စဉ်းစားတော့ ဘယ်က စပြီး ဘယ်လိုရေးရမှန်းလည်း မသိ၊ အရင်တုန်းက တွေးထားမိတဲ့ဘ၀အဖော်ဆိုတာကလည်း “ကြာပြီဆိုတော့ မေ့လောက်ပါပြီ”ဆိုသလို သီချင်းလုပ်ပြီး ဆိုရမလိုပါပဲ။ ကိုယ်ကလည်း လူလတ်တန်းစား ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတာဆိုတော့ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော်ကိုတော့ အချက်တွေ အများကြီးမမျှော်လင့်ထားဘူး။ (ပို့စ်ဆုံးအောင်ဖတ်ပြီးရင် “အများကြီး မမျှော်လင့်ထားပေလို့ပဲ” လို့ ပြောကြ မလားပဲ။ :P ) ဘ၀ကို ရိုးရိုးပဲတွေးချင်တယ်။ ရိုးရိုးပဲဖြတ်သန်းချင်တယ်။ အနည်းဆုံးတော့ ပိုက်ဆံမချမ်းသာရင်တောင် စိတ်မဆင်းရဲချင်တာ အမှန်ပါပဲ။ အိမ်ထောင်မကျခင်က စိတ်ကူးခဲ့ဖူးတဲ့ သူကို မှတ်မိသလောက် ပြန်တွေးကြည့်လိုက်တော့...


*****


အသက် ၂၀ ၀န်းကျင်ဆိုတာ စိတ်ကူးယဉ်တတ်တဲ့အရွယ်မဟုတ်လား။ ကိုယ့်ဖူးစာဖက်ကို ဘယ်လိုလူမျိုးဖြစ်ရင် ကောင်းမှာပဲလို့ တွေးဖူးတာပေါ့။ တက္ကသိုလ်တက်တုန်းအရွယ်မှာ ရုပ်ရှင်မင်းသား လွင်မိုးက နာမည်စကြီးတဲ့ အချိန်ဆိုတော့ ကိုလွင်မိုးကို သဘောကျပြီး သူ့လို အရပ်ရှည်ရှည်ဖြစ်ရမယ်လို့ စိတ်ကူးဖူးတယ်။ နောက်တော့ Korea ဇာတ်လမ်းတွဲတွေ ခေတ်စားလာပြန်တော့ ဒါရိုက်တာ“ရင်” လို အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ မျက်လုံးပြူးပြုး၊ စတိုင်ခပ်မိမိလေး ဖြစ်ရင်ကောင်းမှာပဲလို့ တွေးမိပြန်တယ်။ နိုင်ငံခြားရုပ်ရှင်တွေ ကြည့်တတ်တဲ့ အချိန်ကတည်းက Speed ဇာတ်ကားကို ကြိုက်ခဲ့တယ်။ အဲဒီထဲက မင်းသား Keanu Reeves လိုမျိုး အားကိုးလောက်ပြီး ကိုယ့်ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနိုင်မယ့်သူမျိုးကို သဘောကျခဲ့တယ်။ အဲဒါတွေက စိတ်ကူးယဉ် သက်သက် ဖြစ်တယ်ဆိုတာ ကျမ ကိုယ်တိုင်လည်း သိခဲ့တာပဲလေ။


တကယ်တမ်း လက်တွေ့ကျကျ စဉ်းစားရတဲ့ အခါမှာတော့ အသက်အရွယ်အားဖြင့် ကျမ မောင်လေး ထက် အသက် ငယ်လို့မဖြစ်သလို ကိုကြီးထက် ကြီးတဲ့သူယူဖို့ရာလည်း အင်မတန် ခက်လှပါတယ်။ တသက်လုံး လက်တွဲသွားနိုင်ဖို့အတွက် ကိုယ်နဲ့ အခြေခံစိတ်သဘောထားချင်း တိုက်ဆိုင်ချင်တယ်။ ပိုက်ဆံရှိတာ မရှိတာထက် ရိုးသားပြီး ကြိုးစားဖို့ လိုအပ်တယ်လို့လည်း ယူဆမိတယ်။ အချစ်ဟာ အရေးပါတယ်ဆိုပေမယ့် အချစ်တစ်ခုတည်းနဲ့တော့ ဘ၀ကို ပျော်ရွှင်အောင် တည်ဆောက်နိုင်မယ်မထင်ထားဘူး။ ဆိုးပေနေတဲ့သူကို ကိုယ်နဲ့ ယူပြီးမှ ပြုပြင်ယူမယ်ဆိုတဲ့ မိုက်ရူးရဲစိတ်ဓာတ်မျိုးလည်း ကျမမှာ မရှိခဲ့ပါဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဖြစ်မယ့်သူဟာ ကိုယ်အထင်ကြီးနိုင်တဲ့သူ၊ လေးစားရမယ့်သူ၊ မိဘအသိုက်အ၀ိုင်းက ကြည်ဖြူနိုင်တဲ့သူ ဖြစ်ရမယ်လို့စဉ်းစားခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်ရမယ်။ မာမားကတော့ အရင်တုန်းက တရုတ်ပဲ ယူရမယ်ဆိုပြီး ကန့်သတ်ပေမယ့် နောက်ပိုင်းတော့လည်း ဘာမှ မပြောတော့ပါဘူး။ ပါပါးကတော့ တရုတ်သွေးပါတဲ့သူကိုပဲ ယူစေချင်ခဲ့တယ်။ တရုတ်လူမျိုးတွေကလည်း များသောအားဖြင့် မိဘပေးစားတဲ့ သူကို ယူရတာမို့ အဲဒီလို အိမ်ထောင်ရေးမျိုးတော့ မဖြစ်ချင်ခဲ့ဘူး။ ကိုယ့်ကို အားကိုးနေမှာထက် ကိုယ်ကသာ အားကိုးချင်တာမို့ အရည်အချင်းအရရော အလုပ်အကိုင်ပါ အတည်တကျ ရှိတဲ့သူမျိုး ဖြစ်စေချင်ခဲ့ပါတယ်။


ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး စဉ်းစားဆင်ခြင်နိုင်တဲ့ အရွယ်မှာတော့ စဉ်းစားစရာ၊ ရွေးချယ်စရာ အချက်တွေဟာ ပိုများလာတယ် ဆိုရမလားပဲ။ ခပ်ရှင်းရှင်းပြောရရင်တော့ ဇီဇာကြောင်လာတယ်ဆိုပါတော့။ အလုပ်ထဲက ခင်နေတဲ့သူတွေက “အပျိုကြီး” ဆိုပြီး ကျမကို စ ကြတယ်။ “ရွေးမနေနဲ့နော်။ အမတို့က ဟင်းရွက်တွေလိုပဲ။ ညနေစောင်းလို့ နွမ်းသွားရင် ဘယ်သူမှ ၀ယ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ကမှ '၀ိုင်' လိုမျိုး၊ ကြာလေ တန်ဖိုးတက်လေ။ အမတို့က သနပ်ခါးသွေးရင်တောင် 'ရတာယူမယ်' ဆိုပြီး အသံထွက်နေပြီ” ဆိုပြီး စတတ်ကြသေးတယ်။ ကျမကတော့ အပြုံးမပျက်ပဲ “ကံပါလာရင်တော့ တစ်ယောက်ယောက်နဲ့ ဖူးစာဆုံမှာပဲ”လို့ ပြန်ပြောလိုက်တော့တယ်။ [ဗေဒင်တွက်တိုင်းလည်း အပျိုကြီးမဖြစ်ဘူးလို့ဟောကြတာကိုး... ;) ] အချိန်တန်ရင်တော့ သမီးအလိမ္မာပဲလုပ်ပြီး မိဘစကားနားထောင်သလိုလိုနဲ့ မိဘစီမံရာပဲ နာခံလိုက်တော့မယ်ပေါ့။



*****


ကျမရဲ့ အိမ်ထောင်ဘက်ကတော့ အသက်အားဖြင့် ၁ နှစ်ခွဲသာသာကြီးပါတယ်။ (ကျမတို့ မောင်နှမတွေကတော့ ၂ နှစ်ကြီး ၂ နှစ်ငယ်တွေဆိုတော့ သူက ကျမ ကိုကြီးထက် ငယ်ပါတယ်။) Company တစ်ခုတည်းမှာ အလုပ်အတူတူ လုပ်ခဲ့ကြပြီး ၅ နှစ်ကျော်မှ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိနေကြပါတယ်။ ကောင်းတာရော၊ မကောင်းတာတွေရောပေါ့။ သူဟာ လွင်မိုးလိုတော့ အရပ်မရှည်ပါဘူး။ ဒါရိုက်တာ“ရင်”လိုမျိုး စတိုင်ခပ်မိမိနဲ့ မျက်လုံးပြူးပြူးလည်း မဟုတ်တဲ့အပြင် တခါတလေ “ဦးဝတုတ်၊ ၀တုတ်ကြီး” လို့တောင် ခေါ်ရပါသေးတယ်။ သူ့ပါပါးက တရုတ်ကပြား၊ မေမေက မြန်မာဆိုတော့ သူက တရုတ်သွေး တစ်မတ်ဖိုးလောက်ပဲ ပါပြီး မျက်နှာက ကျမထက်ကို တရုတ်နဲ့ ပိုတူပါတယ်။ Kobe က China Town ဘက်သွားရင်လည်း သူ့ကို “တရုတ်လား” ဆိုပြီး လာမေးတတ်ကြတယ်။ ဒါကြောင့်လည်း ကျမအိမ်က သူနဲ့ သဘောတူခဲ့တာပေါ့။


အ၀တ်အစားဝယ်ရမှာ အရမ်းနှမြောတတ်ပြီး ကွန်ပျူတာပစ္စည်း၊ လျှပ်စစ်ပစ္စည်း ဆိုရင် ဈေးကြီးပါစေ ကောင်းပေ့ဆိုတာမှ ကိုင်ချင်၊ သုံးချင်တဲ့သူမျိုးပါ။ စိတ်ရှည်၊ သည်းခံတတ်ပြီး စိတ်ဆိုးရင်တောင် မျက်နှာတချက်မပျက်တတ်သူပါ။ စိတ်ရင်းကောင်းပြီး ခပ်ပျော်ပျော်နေတတ်တယ်။ အစအနောက်သန်တယ်။ ဂိမ်းအင်မတန်ဆော့ပြီး အပေါင်းအသင်းခင်တတ်တယ်။ အားနာတတ်တယ်။ နောက်ပြီး ယောင်္ကျားလေးတို့ တတ်အပ်တဲ့ ပညာရပ်အားလုံးလည်း တတ်ပါသေးတယ်။ ဒါကြောင့် သူ့ရဲ့ ကောင်းတာတွေအပြင် မကောင်းတဲ့အချက်တွေရော လက်ခံနိုင်လားဆိုတာ သေချာ စဉ်းစားပြီးမှ လက်ထပ်ဖို့ သဘောတူခဲ့တာပါ။ ကျန်တာတွေကတော့ အများ သူငါလိုပါပဲ။ ကျမတို့ရဲ့ အသက်အရွယ်ဟာ စိတ်ကို ဦးစားပေးရမယ့် အရွယ်မဟုတ်တဲ့အတွက် အော်ကြီးဟစ်ကျယ် ပြဿနာ တက်တာမျိုး မဖြစ်လိုလှပါဘူး။ ကျမ စိတ်တိုရင် သူငြိမ်ပြီးနေတတ်သလို သူမကြိုက်တဲ့ ပွစိ ပွစိနဲ့ နားပူနားဆာ တိုက်တာမျိုး မလုပ်ဖြစ် မပြောဖြစ်အောင် ဆင်ခြင်ပါတယ်။ မကြိုက်တာ စိတ်တိုင်းမကျတာ တွေ့ရင်လည်း ကျမက စိတ်ထဲ မထားတတ်ပါဘူး။ ချက်ချင်းဖွင့်ပြောပြီး ဖြေရှင်းတတ်သူပါ။ ကျမက စိတ်ဆိုးလွယ်တတ်သလို စိတ်ပြေ တာလည်း လွယ်ပါတယ်။ သူက သွေးအေးတတ်ပြီး ကျမက သွေးဆူတတ်ပါတယ်။ အဲဒါကြောင့် အိမ်ထောင်ကျပြီးကတည်းက အခုချိန်ထိ ကျမတို့ ၂ ယောက် ရန်ဖြစ်လို့ ပြဿနာ တက်တယ်ဆိုတာ မရှိသလောက်ပါပဲ။ ကျမအတွက် အစစ အရာရာ ဖြည့်ဆည်းပေးတတ်သူ၊ ကျမ စိတ်ဓာတ်ကျရင် အားပေးတတ်သူပါ။


အခုလည်း ရုံးက သူတွေအားလုံးက ကျမတို့အကြောင်းကို သိနေတာမို့ တခါတလေ ပါတီမှာ စကားလက်ဆုံကြမိရင် ကျမကို “Why did you fall in love with your husband?" လို့ မေးတတ်ကြတယ်။ ကျမကတော့ စကားကြီး စကားကျယ် မပြောတတ်သူမို့ “I have no reason” လို့ပဲ ခပ်တိုတို ဖြေလိုက်တော့တယ်။ အဲဒါလည်း သူတို့က သဘောကျပြီး ရီနေကြတော့တာပဲ။ အမှန်တော့လည်း ကျမမှာ ဘာကြောင့်ချစ်တယ် ဘာဖြစ်လို့ ချစ်တယ်ဆိုတာ မရှိဘူးလို့ ပြောရင်တော့ ရီစရာ ဖြစ်နေမလားပဲ။ သူ့ကို သူငယ်ချင်းတွေက ကျမကို ဘာလို့ ချစ်တာလဲလို့မေးရင် ပြောင်စပ်စပ်နဲ့ ထူးအိမ်သင် သီချင်းဆိုပြနေတတ်ပါတယ်။

"ဘာကြောင့်များ ~~ ချစ်လဲ..
ဒီလိုမေးရင် ~~ ခက်သားကွယ်..
အချစ်မှာ ~~ အကြောင်းပြချက်များ
မလိုဘူး... ”


ကျမ ဆယ်ကျော်သက်အရွယ်က စိတ်ကူးယဉ်ခဲ့ဖူးသူနဲ့ တကယ့်အိမ်ထောင်ဘက်က ထပ်တူထပ်မျှတော့ မဖြစ်ခဲ့ပါဘူး။ တကယ်တမ်း အိမ်ထောင်ရေးမှာ အရေးကြီးတာက “တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိဖို့ပဲ လိုတယ်” လို့ ထင်မိပါတယ်။ “နားလည်မှု”ဆိုတဲ့ ဒီစကားဟာ အပြောလွယ်သလောက် လိုက်နာဖို့တော့ မလွယ်ကူလှပါဘူး။ ဘယ်လောက်အထိ နားလည်ပေးရမယ်၊ ဘယ်အတိုင်းအတာထိ နားလည်နိုင်မယ် ဆိုတာ ၂ ယောက်သား ညှိယူရင်းနဲ့ပဲ ......


ဖေဖော်ဝါရီ ၁၅၊ ၂၀၀၈။


January 5, 2008

2008 New Year Resolution



နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လာတာ ၅ ရက်တောင် ရှိပြီ။ ကျမကတော့ စကားပြောရင် ယောင်ပြီး နောက်နှစ်လို့ ပြောမိနေတုန်းပဲ။ အမှန်တော့ ဒီနှစ်လို့ ပြင်ပြောရတော့မှာ။ ဒီနှစ်အတွက် New Year Resolution က ဘာတွေလည်းလို့ ညီမလေး s0wha1က tag လာတော့ ကျမလည်း ဘာပြောရမှန်း မသိဘူး။ အရင်နှစ်တုန်းကတော့ ဘာတွေလုပ်မယ် ဆိုပြီး စိတ် ပြင်းပြင်းထန်ထန် မရှိခဲ့ပါဘူး။ ဒီနှစ်တော့ ကိုယ့်အတွက် အရမ်းကြီး Heavy ဖြစ်မနေတဲ့ဟာမျိုး၊ နောက်ပြီး ကိုယ်ကလည်း တကယ် လိုက်နာနိုင်မယ့် အရာမျိုး ကို လုပ်ဖြစ်အောင် လုပ်မယ်လို့ သန္နိဋ္ဌာန် ချလိုက်ပါတယ်။

၁။ ရုံးတက်ရမယ့် နေ့ဆိုရင် အိပ်ယာက စောစောထပြီး ရုံးကို နောက်မကျအောင် သွားမယ်လို့ စိတ်ဆုံးဖြတ်ထားပါတယ်။ (အဲဒါက ကျမအတွက်တော့ တော်တော်ကို မလွယ်တဲ့ ကိစ္စပါ။ )

၂။ အပြောနဲ့ လက်တွေ့ ကိုက်ညီအောင် နေပါမယ်။ တဖက်သားကို ကတိတစ်ခု၊ စကားတစ်ခုကို လွယ်လွယ်မပြောဖြစ်အောင်၊ ပြောပြီးရင်လည်း ပြောတဲ့အတိုင်း လုပ်ပေးနိုင်အောင် ကြိုးစားပါမယ်။

၃။ အ၀တ်အစား အသုံးအဆောင် ပစ္စည်းတွေကို တကယ် မလိုအပ်ပဲ၊ မလိုချင်ပဲ မ၀ယ်မိအောင် ကြိုးစားပါမယ်။


ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ စောင့်ကြည့်ရမှာပါပဲ။ ကိုယ့်ကို ကိုယ် မညာမိအောင်၊ စိတ်ကို အလိုမလိုက်မိအောင် ကြိုးစားဖို့က အင်မတန် ခက်ပါတယ်။ နှုတ်တစ်ရာ စာတစ်လုံးလို့ ဆိုစကားရှိတော့ အခုလို စာနဲ့ ရေးပြီး blog ပေါ်တင်လိုက်တာဟာ ပိုပြီး ကိုယ့်စိတ်ကို လေးနက်စေမလားပဲ။

တခါတလေ တကယ့်လုပ်ရပ်နဲ့ ဆန့်ကျင်ဘက်ကို ပြောမိရင် ကျမ အမျိုးသားက “စိုင်းထီးဆိုင် ဆိုတဲ့ သီချင်းလေး တပုဒ် ကို သတိရတယ် ...~~မင်းပြောတဲ့စကားများ ~~ နားကြားများလွဲသလား~~” တဲ့။ သူက ကျမ စကားကြီး စကားကျယ်ပြောတိုင်း အဲဒီလို အမြဲနောက်ပြောင်တတ်ပါတယ်။ တကယ်လား အပြောလားဆိုတာကို ၂၀၀၈ ခုနှစ်ကုန်ချိန်မှာ ပြန်ပြောကြတာပေါ့နော်....



ဇန်န၀ါရီ ၅၊ ၂၀၀၈။

December 31, 2007

ပြောင်းလဲခြင်းများ နှင့် ဒီဇင်ဘာ ၃၁ များ

ငယ်ငယ်တုန်းကတော့ ဒီဇင်ဘာဆိုရင် ဒုတိယ အစမ်းစာမေးပွဲပြီးလို့ ကျောင်းပိတ်ထားပြီး ကျောင်းပြန်ဖွင့်တာနဲ့ အတန်းတင် စာမေးပွဲအတွက် ပြင်ဆင်နေရတဲ့အချိန်ပေါ့.. စာကျက်နေရပြီ။ ဒီလိုနဲ့ပဲ ဒီဇင်ဘာတွေ တနှစ်ပြီး တစ်နှစ် ကုန်ဆုံးလာခဲ့တယ်။ ဒီဇင်ဘာဟာ ၁၂ လထဲက လတစ်ခုအဖြစ်တည်ရှိနေတာကလွဲရင် ကျမကို ဘာမှ ထူးခြားမှု မဖြစ်စေခဲ့ပါဘူး။


၁၀ တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့လည်း ဒီဇင်ဘာဟာ ကျမအတွက်တော့ ဘာမှ ခံစားရလောက်တဲ့ ခံစားချက်မျိုး မဖြစ်လာခဲ့ပြန်ဘူး။ ထူးထူးခြားခြား သတိထားမိတာကတော့ ဒီဇင်ဘာလ ရဲ့ ၁ ရက်နေ့ဆိုတာနဲ့ ကျမတို့ဘက်က လမ်းမကြီးတွေပေါ်မှာ SWEET DECEMBER ဆိုတဲ့ စာလုံး ခပ်ကြီးကြီးကို ထုံးဖြူနဲ့ ရေးထားတာ တွေ့ရမယ်။ နောက်ပြီး ကြော်ငြာတွေ ခေတ်စားလာတော့ သတိထားမိတာ တစ်ခုက ဒီဇင်ဘာ အလှကုန်ပစ္စည်းကြော်ငြာပါပဲ။ တစ်နှစ်ပတ်လုံး မကြော်ငြာပဲ ဒီဇင်ဘာ ရောက်မှ ၁ ရက်နေ့ ကနေစပြီး ၃၁ ရက်နေ့ အထိကို မုန်းသွားအောင်ကို တီဗွီမှာ ကြော်ငြာတာပါ။ အဲဒီလိုမျိုးလေးတွေ မြင်ရပြီ၊ ကြားရပြီဆိုမှပဲ “ဘာလိုလိုနဲ့ ဒီဇင်ဘာလ ရောက်လာပြန်ပြီ။ နှစ်တစ်နှစ်ကုန်တော့မှာပါလား”ဆိုတဲ့ အတွေးက ခေါင်းထဲရောက်လာပြီး ခဏနေ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်တာပါပဲ။ NEW YEAR ကြိုတဲ့ ပွဲမျိုး၊ Christmas လိုပွဲမျိုးတော့ တခါမှ မသွားခဲ့ဖူးပါဘူး။ ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်ဟာ ကျမအတွက်တော့ ခပ်စိမ်းစိမ်းပါပဲ။ ဒါပေမယ့် မှတ်မိတဲ့ ဒီဇင်ဘာ ၃၁ တွေကို ပြန်စဉ်းစားမိရင်...

***

၁၉၉၈ ခုနှစ် ဒီဇင်ဘာ

အဲဒီနှစ်ရဲ့ ဒီဇင်ဘာမှ ကျမ အတော်လေး နေမကောင်းဖြစ်နေတဲ့အချိန်ပါပဲ။ သောက်ရတဲ့ဆေးတွေက ပြင်းလွန်းတဲ့အပြင် အစာ မစားခင်မှာ ဆေးကြိုသောက်ရတာမို့ အစာစားပြီးရင် စားပြီးသမျှ အကုန်ပြန်ထွက်တာပါပဲ။ သူများတွေကတော့ ဒီဇင်ဘာ ၃၁ မှာ နှစ်သစ်ကို အင်းလျားမှာ ကြိုမလား၊ ကမ်းခြေတခုခုမှာ ကြိုဆိုမလား၊ ကိုယ့်အိမ်မှာပဲ ပါတီလေးလုပ်ပြီး ကြိုမလား အမျိုးမျိုး ကြိုနေကြတဲ့အချိန်မှာ ကျမကတော့ ဥသြဆွဲပြီး ကြိုနေခဲ့ရတယ်။ ဝေဒနာက ပြင်းလွန်းလို့ ကိုယ့်ကိုကိုယ်လည်း အသက်ရှိမှ ရှိသေးရဲ့လားလို့် ထင်မိတဲ့အချိန်ပေါ့... အဲဒီတော့မှ “ကျန်းမာခြင်းသည်လည်း လာဘ်တပါး”ဆိုတာကို ကောင်းကောင်းကြီး လက်ခံလိုက်ရတော့တယ်။


၁၉၉၉ ခုနှစ် ဒီဇင်ဘာ

အဲဒီနှစ်က မှတ်မှတ်ရရ ကွန်ပျူတာက နောက်ဆုံး Semester စာမေးပွဲဖြေခါနီးနေတဲ့အချိန်ပေါ့။ နွေမှာ အယ်နီးညိုးဝင်ပြီး ဆက်တိုက်ဆိုသလို ဆောင်းတွင်းမှာ လာနီညာ ဖြစ်တဲ့နှစ်ပေါ့။ ဒီဇင်ဘာ ၃၁ ရက်နေ့ကို ဘယ်လိုပြီးခဲ့ရသလဲဆိုတော့ စာမေးပွဲအတွက် စာကျက်ရင်း ကြိုခဲ့ရတာပါ။ စာမေးပွဲမှာ စာတွေကလည်း များတော့ စာကျက်ရင်း စောင်ကို အထပ်ထပ် ခြုံပြီး လည်ပင်းအေးရင် အာသီးယောင်တတ်လွန်းလို့ လည်ပင်းကို မာဖလာပတ်ပြီး စာကျက်ခဲ့တာပေါ့။ အဲဒီလိုနဲ့ ခဏလှဲလိုက် စာပြန်ကျက်လိုက်နဲ့ တော်တော်ညဥ့်နက်တဲ့အထိပဲ။ အိပ်ပျော်သွားတော့လည်း အဲဒီအတိုင်းပဲ အိပ်ပျော်သွားခဲ့တယ်။ အိပ်ပျော်နေတုန်း အသက်ရှုတအားကျပ်လာပြီး လည်ပင်းကို တစ်ယောက်ယောက်က ညစ်ထားသလိုမျိုး ခံစားရလာလို့ လန့်နိုးလာတော့ မအိပ်ခင်က ပတ်ထားတဲ့ မာဖလာက လည်ပင်းညစ်ထားသလိုဖြစ်နေတာ။ လန့်နိုးတော့ ဆောင်းတွင်း အေးအေးမှာ လူတကိုယ်လုံး ဇော ချွေးတွေနဲ့...


၂၀၀၀ ခုနှစ် ဒီဇင်ဘာ

အဲဒီအချိန်ကျတော့ အလုပ်ထဲရောက်နေပြီလေ။ အလုပ်ထဲရောက်တော့မှ New Year Party ဆိုတာကို စပြီး ကြုံဖူးတာပါ။ ပထမဆုံး အလုပ်စ ၀င်တဲ့နှစ်လည်း ဖြစ်ပြန် New Year Party ဆိုတာ ကလည်း အခုမှ ကြုံဖူးတဲ့အပြင် Party ကို ရုံးက အကုန်အကျ ခံပြီး လုပ်ပေးခဲ့တာပါ။ ကျွေးတာက Buffet လိုမျိုးပါပဲ။ စားပြီတော့ ဂိမ်းတွေ ကစားကြ၊ ပြီးရင် အချင်းချင်း နောက်ပြောင်ပြီး သီချင်းဆိုခိုင်းကြ၊ King & Queen ရွေးကြနဲ့ ပျော်ပျော်ကြီး နှစ်သစ်ကို ကြိုခဲ့ကြတယ်။ မှတ်မှတ်ရရ ဂိမ်းဆော့တော့ အုပ်စုတွေခွဲပြီး အုပ်စုနာမည်ပေးတာက “ကလေက၀”၊ “အုတ်ကြားမြက်ပေါက်”၊ ”ရေမြောကမ်းတင်” ဆိုပြီး အုပ်စုနာမည်တွေ ပေးကြတာပါ။ အချင်းချင်း ပါးစပ်က အငြိမ်မနေပဲ “ဟဲ့..နင်က ဘယ်အဖွဲ့ထဲကလဲ” မေးရင် “ငါက ကလေက၀” လို့ ဖြေတာက ရှိသေးတယ်။ အခုချိန်ပြန်တွေးကြည့်တော့လည်း အရာအားလုံးဟာ ပျော်ရွှင်စွာနဲ့ ပြီးဆုံးခဲ့တဲ့ ကာလလေး တခုလို့ပဲ စိတ်မှာ တွေးမိတယ်။


၂၀၀၁ ခုနှစ် ဒီဇင်ဘာ

၂၀၀၁ ခုနှစ်ကျတော့ ရုံးက New Year Party အတွက် ဘာလုပ်ရင် ကောင်းမလဲဆိုပြီး ဒီဇင်ဘာလောက်ကတည်းက လှုပ်လှုပ်ရွရွ နဲ့ အားလုံး တွတ်ထိုးနေကြပြီ။ ရုံးက လူကြီးပိုင်းတွေ တိုင်ပင်ပြီး မြို့ထဲမှာ ပျော်မဲ့အတူတူ ကမ်းခြေမှာ ပျော်ရအောင်ဆိုပြီး ချောင်းသာခရီးသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဇင်ဘာ ၃၀ မှာ ရွှေကမ္ဘာ AirCon Bus ကြီး ငှားပြီး ချောင်းသာခရီးကို ပျော်ပျော်ကြီး စခဲ့ကြတယ်။ သူငယ်ချင်းတွေနဲ့ ၅ ယောက်တစ်ခန်းနေရတာ။ ရေချိုးခန်း၊ အိမ်သာ က တစ်ခုတည်းကို ၅ ယောက်စုနေကြတာဆိုတော့ ကသီပေမယ့် ညဘက်ဆိုရင် စကားတွေပြောလိုက် ရီလိုက် မောလိုက်နဲ့ အိပ်ရတယ်လို့ကို မရှိလှဘူး။ အဲဒီအချိန်တုန်းကတော့ အားလုံးဟာ နှစ်သစ်ကို မျှော်လင့်ချက် ကိုယ်စီနဲ့ ပျော်ရွှင်ပေါ့ပါးစွာ ဖြတ်ကျော်ခဲ့ကြတယ်။


၂၀၀၂ ခုနှစ် ဒီဇင်ဘာ

၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၃၁ မှာတော့ ဘယ်မှလည်း မသွားခဲ့ဘူး။ မျှော်လင့်ချက်အိပ်မက်တွေကနေ လန့်နိုးလာခဲ့တယ်။ ကိုယ့်ရဲ့ ရှေ့ရေးကိုမျှော်ကြည့်ရင်လည်း အရာရာဟာ မှုန်ဝါးဝါးပဲ။ လမ်းခုလတ်ကနေ လှည့်ပြန်မလား၊ ရှေ့ဆက်လျှောက်မလားလို့ စဉ်းစားတိုင်းမှာ “ဘာအတွက် ဒီအလုပ်ကို ၀င်လာတာလဲ၊ ကိုယ်က ဘာဖြစ်ချင်တာလဲ” ဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်မေးရင်း မျှော်လင့်ထားတဲ့ ပန်းတိုင်ကို မရောက်မချင်းတော့ ဆက်လျှောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လာမဲ့ နှစ်သစ်ကို ရင်ဆိုင်ဖို့ အားယူရင်း ၂၀၀၂ ခုနှစ် ရဲ့ ဒီဇင်ဘာ ၃၁ ကို တိုးတိုးတိတ်တိတ်ပဲ နှုတ်ဆက်ခဲ့လိုက်တော့တယ်။


၂၀၀၃ ခုနှစ် ဒီဇင်ဘာ

အဲဒီနှစ်က ထူးထူးခြားခြား ရုံးက ငပလီကို သွားတော့ မရောက်ဖူးတာနဲ့ လိုက်သွားဖြစ်ခဲ့တယ်။ ကားနဲ့သွားတာဆိုတော့ အရမ်းပင်ပန်းတာပဲ။ မနက် ၂ နာရီလောက်ကတည်းက ရုံးရှေ့မှာ လူစုကြပြီး ကား တကယ် စထွက်ဖြစ်တာ မနက် ၅ နာရီလောက်မှပါ။ ပြည်-တောင်ကုတ်လမ်းက သွားတာဆိုတော့ ရိုးမ ၂ခုကို တနေ့လုံး ဖြတ်ကျော်ပြီး ငပလီရောက်ချိန်မှာတော့ ည ၁၀ နာရီ လောက်ရှိနေပါပြီ။ ငပလီရောက်တဲ့ညက ထမင်းစား နောက်ကျတဲ့အပြင် စားရတဲ့ ထမင်းက ဆန်သစ်တွေဆိုတော့ အစာမကြေပဲ နေမကောင်းဖြစ်ခဲ့တယ်။ ၂၀၀၃ ခုနှစ်ရဲ့ ဒီဇင်ဘာ ၃၁ ကတော့ New Year Party မှာ ဘာမှလည်း မစားရပဲ သူများတွေ game ဆော့တာ ကြည့်ပြီး နှစ်သစ်မတိုင်ခင်မှာ အခန်းထဲပြန်ဝင်ပြီး အိပ်ခဲ့ရတဲ့ နှစ်ပေါ့။ အဲဒီနှစ်သွားရတဲ့ ကမ်းခြေခရီးကတော့ မတန်ဆုံးနဲ့ ပင်ပန်းဆုံးပါပဲ။ လူလည်း ခရီးက ပြန်လာတော့ နေမကောင်းဖြစ်ပြီး ဖျော့ဖျော့ပဲ ကျန်တော့တယ်။


၂၀၀၄ ခုနှစ် ဒီဇင်ဘာ

၂၀၀၄ ခုနှစ် New Year Party က တော့ ငွေဆောင်မှာပါ။ ကျမက ရုံးကလူတွေ ကမ်းခြေ တစ်ခုခု သွားတိုင်း အမြဲ လိုက်ဖြစ်အောင် လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုံးအုပ်စုနဲ့ ခရီးထွက်တာက လမ်းခရီးမှာ လုံခြုံမှုလည်း ရှိတဲ့အပြင် ခရီးစရိတ်လည်း သက်သာတာကြောင့်လည်း လိုက်သွားဖြစ်တာပါ်။ ၂၀၀၄ ပြီးရင် ၂၀၀၅ ခုနှစ် ဇန်န၀ါရီမှာ ဂျပန်ကို လာမှာဆိုတော့ ၂၀၀၄ ခုနှစ်ရဲ့ ဒီဇင်ဘာဟာ ကျမအတွက်တော့ ချိုမြနေတာ အမှန်ပါပဲ။ ကျမ ဖြစ်ချင်တဲ့ ဆန္ဒ တခု ပြည့်ဝတယ်လို့လည်း ဆိုနိုင်ပါတယ်။ မကြာခင် သွားရမဲ့ ခရီးအတွက်လည်း ပြင်ဆင်ရင်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၃၁ ကို ငွေဆောင်မှာ game တွေ ဆော့ရင်း ပေါ့ပေါ့လေးပဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။


၂၀၀၅ ခုနှစ် ဒီဇင်ဘာ

၂၀၀၅ ခုနှစ်ဟာ ကျမဘ၀ကို အများကြီးပြောင်းလဲပေးလိုက်တဲ့ နှစ်ပါပဲ။ ဘ၀ သင်ခန်းစာတွေ အပြင် အဓိက ကတော့ စိတ်နေစိတ်ထားပေါ့။ နောက်ပြီး အရင်တုန်းကတော့ တခုခု လုပ်ဖို့ စဉ်းစားတိုင်း ကိုယ့်အတွက်ပဲ စဉ်းစားရပေမယ့် အခုတော့ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်မယ်၊ စဉ်းစားမယ် ကြံတိုင်းမှာ ၂ ယောက်ပါလား ဆိုတဲ့ အသိကို ၂၀၀၅ ခုနှစ်က စရလာတာပါပဲ။ ဂျပန်မလာခင်တုန်းကတော့ ဒီရောက်ရင် Osaka ရုံးက Tokyo ရုံးထက်ပင်ပန်းမယ်ဆိုတာရယ်၊ပြီးတော့ ကျမ တွေ့ရမယ့် မန်နေဂျာ မမရဲ့ ကောင်းသတင်းတွေရယ်၊ အလုပ်သဘောသဘာဝကို နားမလည်ထားတာတွေ..စတဲ့ အကြောင်းအရာတော်တော်များများကို ရင်ဆိုင်နိုင်အောင် ကြိုတင်တွေးထားပေမယ့် တကယ့်လက်တွေ့မှာတော့ ကိုယ်တွေးထားတာထက် အဆပေါင်းများစွာ ပင်ပန်းပြီး၊ မန်နေဂျာ မမရဲ့ ဆိုးချက်ကလည်း ကိုယ်ကြားထားသမျှထက် ၁၀ ဆ လောက် ပိုဆိုးနေခဲ့ပါတယ်။ ဖြစ်သမျှတွေ ကြုံသမျှတွေကို အံကြိတ်တင်းခံရင်း တစ်ရက် တစ်ရက်ကို ရန်ကုန်ပြန်ဖို့ လက်ချိုးရေတွက်ခဲ့ရဖူးပါတယ်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာကတော့ အိမ်ပြန်ချင်လွန်းလို့ တက်ကြွနေတဲ့စိတ်နဲ့ ၂၀၀၆ ကို ရင်ခုန်စွာ စောင့်မျှော်ခဲ့ရတာပေါ့။ အဲဒီနှစ်ရဲ့ ဒီဇင်ဘာ ၃၁ ကတော့ သူငယ်ချင်းတွေနဲ့ အိမ်မှာ စုပြီး ချက်ပြုတ် စားကြရင်း New Year ကို ကြိုခဲ့ကြတယ်။


၂၀၀၆ ခုနှစ် ဒီဇင်ဘာ

ရန်ကုန်ပြန်ရောက်ပြီးတော့ မေလမှာပဲ လူကြီးမိဘတွေ သဘောတူညီချက်နဲ့ ကျမတို့ ၂ ယောက် ဘ၀လမ်းခရီးကို စပြီးလျှောက်ခဲ့ကြတယ်။ မင်္ဂလာဆောင်ပြီး သိပ်မကြာဘူး ၂ ယောက်စလုံး အလုပ်ကိစ္စနဲ့ ထိုင်းကို ထပ်ထွက်ခဲ့ကြရတယ်။ ထိုင်းမှာ နေရတဲ့ ကာလကတော့ ရောက်ခါစကသာ ရာသီဥတု ဒဏ်ကြောင့် မကြာခဏဆိုသလို ဖျားနာပေမယ့် ထိုင်းမှာ စားရတဲ့ အစားအစာတွေက မြန်မာပါးစပ်နဲ့ကိုက်တာမို့ နေထိုင်ရတာ အတော်လေး အဆင်ပြေပါတယ်။ ၂၀၀၆ ဒီဇင်ဘာမှာတော့ ရန်ကုန်က ကျမမောင်လေးကို ထိုင်းကို အလည်ခေါ်ပြီး ၃ ယောက်သား လျှောက်လည်ဖြစ်ခဲ့ကြတယ်။ မောင်လေး ပြန်ပြီး သိပ်မကြာဘူး။ ကျမလည်း လိုက်ပြန်ရတာမို့ ၂၀၀၆ ဒီဇင်ဘာဟာလည်း အိမ်ပြန်ဖို့အတွက် ပြင်ဆင်ရင်း ပျော်ရွှင်စွာ ပြီးဆုံးခဲ့တယ်။ ၂၀၀၆ ရဲ့ New Year ကိုတော့ ကျမတို့ လင်မယားရယ် ကျမ ညီမလေး ၂ ယောက်ရယ်နဲ့ ငွေဆောင်မှာ Karaoke သီချင်းတွေ ဆိုရင်း ကုန်ဆုံးခဲ့ကြတယ်။


၂၀၀၇ ခုနှစ် ဒီဇင်ဘာ

ဒီနှစ်ဒီဇင်ဘာကတော့ ကျမအတွက် အိမ်ကို ပြန်ချင်ပေမယ့် ကွာဝေးလှတဲ့ ခရီးမိုင်တွေနဲ့ လေယာဉ်စရိတ်တွေကြောင့် အိမ် ပြန်ချင်တဲ့ ကျမ အတောင် ရိုက်ချိုးထားခံရသလိုပါပဲ။ သူငယ်ချင်းတွေ ရန်ကုန်ပြန်မယ်ဆိုတဲ့ အသံကြားရင် “ငါလည်း ပြန်ချင်လိုက်တာ”လို့ စိတ်မှာ တမ်းတမိတယ်။ ရန်ကုန်မှာရှိတဲ့ မိသားစုကို တွေ့ချင်လာတယ်။ ဒါပေမယ့် ဒီနှစ် ဒီဇင်ဘာလဟာ ကျမတို့အတွက်တော့ အိမ်ပြန်ဖို့အတွက် ပြင်ဆင်ရမယ့်လ မဟုတ်ပါဘူး။ ဒီဇင်ဘာမှာ ရုံးပိတ်ရက်တွေလည်း များတော့ ရုံးက သူငယ်ချင်းတွေက“ မြန်မာပြည်ပြန်ဖြစ်လား” လို့မေးရင် “မပြန်ဖြစ်ပါဘူး”လို့ ရင်နာနာနဲ့ ဖြေရပေါင်းလည်း များလှပါပြီ။ “အိမ်ကို လွမ်းမှာပေါ့နော်” တဲ့.. မေးတတ်လိုက်တာ.. “ကိုယ့် မိသားစု၊ ကိုယ့် မိဘကို မလွမ်းပဲ ဘယ်သူ ရှိပါ့မလဲ” လို့ တွေးမိလိုက်တယ်။ ဒါပေမယ့် ရင်ထဲက စကားတွေဟာ ပါးစပ်နားမှာတင် ထွက်လာတော့မလိုနဲ့ နောက်ဆုံး “အင်း..သတိရတယ်.. လွမ်းတယ်” ဆိုတာလောက်နဲ့တင် ပြောပြီး ကျန်တာတွေကိုတော့ မြိုချပစ်လိုက်ရတယ်။ “ဒါဆို ပိတ်ရက် ဘယ်သွားမလဲ ဘာလုပ်မလဲ” တဲ့.. ကျမ ဘာလုပ်ရမလဲဆိုတာ ကျမကိုယ်တိုင်တောင် မတွေးထားမိသေးပါလား.. ဒီပိတ်ရက်မှာ ကျမအတွက် အကောင်းဆုံးက အိမ်ထဲမှာပဲ နေပြီး ဘလော့ခ်တကာ ဘလော့ခ်လိုက်လည်ရင်း ကုန်ဆုံးရတော့မယ် နဲ့တူပါတယ်။ ခုလောလောဆယ်တော့ သူငယ်ချင်းတွေနဲ့ Barbecue Party လုပ်ရင်း ၂၀၀၈ ခုနှစ် နှစ်သစ်ကို စောင့်မျှော်နေပါတယ်...

***

ဒီပို့စ်ကို ရေးထားတာ ဒီဇင်ဘာလလယ်လောက်ကတည်းကပါပဲ။ Blog မှာ တင်မယ်ဆိုပြီး မတင်ဖြစ်သေးဘူး။ အခုတော့ ညီမလေး လေးမ က tag လာတော့ ကျမလည်း ရေးထားပြီးသားကို နည်းနည်းပါးပါး ပြင်ဆင်ပြီး Blog မှာတင်ပေးလိုက်ပါတယ်။ ကျမရဲ့ ဒီဇင်ဘာ ၃၁ တွေက ထူးထူးခြားခြား အမှတ်ရစရာလို့ ပြောလို့မရတဲ့ စာတိုစုတွေပါပဲ။ လေးမရေ.. ကျေနပ်ပြီဟုတ်။ :)


ဒီဇင်ဘာ ၃၁၊ ၂၀၀၇။

December 11, 2007

ဖြတ်သန်းနေတဲ့ တစ်နေ့တာ



“တစ်နေ့၊ တနေ့ ကလည်း ခဏလေးလိုပဲ..”
“အချိန်တွေက ကုန်မြန်လိုက်တာ...”

.....
.....

နှုတ်ကပဲဖြစ်ဖြစ်၊ စိတ်ထဲ ဖြစ်ဖြစ် လူတိုင်းနီးပါး ဒီစကားလေးတွေကို ပြောဖြစ်၊ တွေးဖြစ်မယ် ထင်ပါတယ်။ ကျမလည်း ရုံးမှာ အလုပ်တအားများတဲ့နေ့မျိုးဆိုရင် “အချိန်ကုန်မြန်လိုက်တာ၊ ခဏလေးလိုပဲ” လို့ ထင်ရပြီး အလုပ်မရှုတ်တဲ့နေ့မျိုးဆိုရင်တော့ ညနေ ရုံးဆင်းချိန် ၆ နာရီ ကို စောင့်မျှော်နေရတာ ပျင်းရိငြီးငွေ့စရာပါပဲ။ အမှန်တော့ အချိန်၊ နာရီ စက္ကန့်တံလေးက သူ့တာဝန် ကို သူ ကျေပွန်အောင် ပုံမှန်လုပ်ပေးနေတာပါ။ နာရီရဲ့ စက္ကန့်တံလေး လှုပ်ရှားနေရင်းကပဲ နေ့ကို လစား၊ လ ကို နှစ်စား ဖြစ်လာလိုက်တာ အခုဆိုရင် ၂၀၀၈ ခုနှစ်ကို ရောက်တော့မယ်။ တစ်နေ့ တစ်နေ့ ဘယ်လို ကုန်ဆုံးသွားသလဲဆိုတာကို ပြန်စမ်းစစ်ကြည့်လိုက်တော့....


*****


မနက် မိုးလင်း ၇း၃၀ မှာ ဖုန်းက နှိုးစက်သံမြည်တော့ နိုးနေပါပြီ။ လက်က Heater ကို ဖွင့်ရင်း ကွန်ပျူတာပါ တလက်စာတည်းဖွင့်ထားလိုက်တာပေါ့။ ပြီးရင် မျက်နှာသစ်၊ ရေချိုး။ ၈ နာရီလောက်ဆိုရင် ရေချိုးလို့ပြီးပြီ။ အ၀တ်လဲရင်း ပါးစပ်ကလည်း တလက်စတည်း နှိုးနေရတာပေါ့..။

“ထတော့ ဘုန်းဘုန်းတွေ ခေါင်းလောင်းထိုးနေပြီ။ ထတော့.. ထတော့..”
“အင်း... ဘယ်နှစ်နာရီ ရှိပြီလဲ..”
“၈ နာရီ ၁၀ မိနစ်”
“အာ.. စောသေးတယ်၊ မထချင်သေးဘူး။ ညက အိပ်မရလို့.. ခေါင်းကိုက်နေတယ်။ ၁၀ မိနစ် ဆက်အိပ်မယ်နော်.. ၈ နာရီခွဲခါနီး ပြန်နှိုး.. ”

....
....
....

“အင်း.. ထချင်သေးဘူးဟာ.. ချမ်းတယ်ဟ...”
“Heater ဖွင့်ပေးထားတယ်.. ထတော့ .. ထတော့.. ”

မနက်လင်းပြီဆိုတာနဲ့ ကျမ အမျိုးသားက အမြဲတမ်း ကျမကို နှိုးနေကြပုံစံပါပဲ။ မိဘအိမ်မှာကတည်းက ကျမ ကိုယ့်အသိနဲ့ ကိုယ်ဘယ်တော့မှ ထလေ့မရှိပါဘူး။ ပြောရမှာလည်း ရှက်တော့ ရှက်ပါတယ်။ အအိပ်မက်သူပီပီ မိဘ အိမ်မှာတော့ ညီမလေးတွေက ခဏခဏ စိတ်ရှည်ရှည် လာနှိုးကြပေမယ့် ကျမကတော့ အချိန်ကို ကပ်ပြီးမှ အိပ်ယာက ထတတ်သူပါ။ အခု အိမ်ထောင်ကျတော့ နှိုးတဲ့တာဝန်ကို ကျမ အမျိုးသားက ဆက်ယူပါတယ်။ ကျမတို့ အိမ်ဘေးမှာ ဂျပန် ဘုန်းကြီးကျောင်းရှိတော့ ရုံးဖွင့်ရက်ဆိုရင် ဘုန်းကြီးကျောင်းက မနက် ၈ နာရီမှာ ခေါင်းလောင်းထိုးပါတယ်။ ခေါင်းလောင်းထိုးပြီး သိပ်မကြာဘူး သူရေချိုးပြီးတာနဲ့ ကျမကို အိပ်ယာထ ရေချိုးဖို့ ၁ ခါထက်မနည်း နှိုးနေရတာပါ။ ကျမကလည်း ဘယ်တော့မှ စောစော မထတတ်သူပီပီ ၅ မိနစ်၊ ၅ မိနစ်နဲ့ ဈေးဆစ်ရင်း နောက်ဆုံး မထမဖြစ် အချိန်မှ ထပြီး ၀ရုန်းသုန်းကား လုပ်တတ်သူမျိုးပါ။ (မကောင်းတဲ့အကျင့်တွေပေါ့.. ကလေးတွေ အတုမယူကြနဲ့နော်.. )


အိပ်ယာက ထပြီး ကျမအတွက် ထမင်းဘူးထည့်ဖို့ ဟင်းနွေး၊ ဘုရားဆွမ်းတော် ခူး၊ သောက်တော်ရေချမ်းနဲ့ ဆွမ်းပွဲကို တလက်စတည်း ပြင်ပါတယ်။ ဟင်းနွှေးပြီးရင် ထမင်းဘူးထဲ ထမင်းနဲ့ဟင်း သင့်သလို ခပ်ထည့်ပြီး ခုံပေါ်မှာ တင်ထားလိုက်ပါတယ်။ ပြီးရင်တော့ ရေချိုးခန်းထဲ အသည်းအသန်ပြေးပြီး ရေကို ခပ်မြန်မြန်ချိုး ရတော့တာပေါ့။ ရေချိုးချိန်ကို ၁၅ မိနစ်ထက် ပိုမထားပါဘူး။ ခေါင်းလျှော်မဲ့ရက်ဆိုရင်တော့ နည်းနည်းပိုကြာတာပေါ့။ ရေချိုးပြီးရင် မျက်နှာ lotion နဲ့ body lotion ကို လူးတာက ၁၀ မိနစ်ပါပဲ။ မျက်နှာလူးရင်း ရတဲ့အချိန်ကို ကပ်ပြီး Yahoo က Osaka Weather ကြည့်ထားရသေးတယ်။ ပြီးရင် ကိုယ့်ဘလော့ခ်လေးကို တချက်ကြည့်ပြီး အ၀တ်လဲရပါတယ်။ ကျမ အ၀တ်လဲနေတုန်း ကျမ အမျိုးသားက ထမင်းဘူးကို ရုံးယူသွားမဲ့ အိတ်ထဲထည့်ပေးထားပြီး ဘုရားစင်မှာ ဆွမ်းတော်ကပ်ပေးပါတယ်။ ကျမ အ၀တ်လဲပြီးရင်တော့ ခေါင်းဖီး၊ မိတ်ကပ်ဖို့ ပြီးတာနဲ့ ဘုရားခန်းပြေးပြီး ဘုရားရှိခိုးရပါတယ်။ ကျမဘုရားရှိခိုးပြီးရင် အမျိုးသားက ရုံးသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျမကလည်း နောက်က ခပ်မြန်မြန် ခြေအိတ်စွပ်ပြီး ယူစရာရှိတာ ယူပြီးလို့ အိမ်က ထွက်ရင် ၉း ၂၀။


ရုံးကို ၂ ယောက်သား စက်ဘီးစီးသွားကြပြီး မိနစ် ၂၀ လောက်စီးရင် ရုံးရောက်ပါတယ်။ မိုးရွာရင်ပဲဖြစ်ြဖစ် နေအရမ်းပူတဲ့အချိန်မျိုးဆိုရင်တော့ ရထားစီးသွားပါတယ်။ အဲဒီနေ့ဆိုရင် “စက်ဘီး တစ်စီးမှာ ၂ ယောက်မစီးရ” ဆိုတဲ့ ဥပဒေကို ချိုးဖောက်ပြီး ဘူတာရုံအထိ သူ့နောက်က ကျမ လိုက်စီးပါတယ်။ ပုံမှန်ကတော့ တစ်ယောက် တစ်စီးစီ မီးပွိုင့်မမိအောင် အသည်းအသန် နင်းပြီး ရုံးပြေးရတာပေါ့။ ရုံးရောက်ရင် ၉း၄၀ ရှိနေပါပြီ။ ရုံးက နောက်ကျပြီးလာရင် နောက်ကျ ပြန်ပေးလိုက်ယုံပါပဲ။ နောက်ပြီး အလုပ်ရှိရင် ရှိသလို၊ မရှိရင်လည်း မရှိသလို ရုံးမှာ နေကြတာမျိုးဆိုတော့ ဘယ်အချိန်လာတယ်၊ ဘယ်အချိန်ပြန်တယ်ဆိုပြီး ရုံးဆင်းရုံးတက်အချိန်ကို မတင်းကြပ်ထားပါဘူး။ အလုပ်ပြီးအောင် လုပ်ပေးဖို့ကသာ အဓိကပါ။


ရုံးရောက်ပြီဆိုရင် စက်ဖွင့်ပြီး ၂ ယောက်စလုံးရဲ့ ကော်ဖီခွက်တွေကို အရင်ဆုံးဆေးရပါတယ်။ ပြီးရင် သူက သူ့ဘာသာ ကော်ဖီဖျော်ပြီး ကျမကတော့ ရေပဲ သောက်တာများပါတယ်။ မနက်စာ ပေါင်မုန့်ပါလာတဲ့အခါမျိုးဆိုရင် ပေါင်မုန့်စားပါတယ်။ များသောအားဖြင့် ၂ ယောက်စလုံး မနက်စာ စားလေ့မရှိပါဘူး။ မေးလ်ချက်ပြီး မန်နေဂျာခိုင်းထားတာရှိရင် အရင်ဦးစားပေးလုပ်ရတာပေါ့။ ပြီးမှ အရင်နေ့က လုပ်လက်စ အလုပ်ကို ဆက်လုပ်ရတာပါ။ မေးလ်နဲ့ ဘာမှ မခိုင်းခဲ့တော့လည်း လုပ်လက်စကိုပဲ ဆက်လုပ်ယုံပါပဲ။ ကြားထဲမှာ ကျမ မသိတာ ရှိရင် ကျမ အမျိုးသားကို လက်ကုပ်ပြီး မေးရပါတယ်။ သူက သူလုပ်လက်စကို ခဏထားပြီး ကျမသိချင်တာရှိရင် ရှင်းပြရတာပေါ့။ ကျမတို့ ၂ ယောက်က ကျောချင်းကပ်ရပ်ထိုင်တာမို့လို့ အဆင်ပြေပါတယ်။


၁၁ နာရီခွဲ၊ ၁၁း ၄၅ ၀န်းကျင်ဆိုရင် ရုံးက နိုင်ငံခြားသား အုပ်စု ထမင်းထွက်စားကြပါပြီ။ နိုင်ငံခြားသား အုပ်စုဆိုတာ တခြားသူတွေ မဟုတ်ပါဘူး။ Department Director ၊ ကျမတို့ Manager ၊ Manger အထက်က senior consultant ၊ ကျမ အမျိုးသား နဲ့ နောက်ထပ် မြန်မာ ၂ ယောက်ပါပဲ။ အဲဒီအုပ်စုက အမြဲတမ်း ထမင်းထွက်စားရင် အတူတူ စားလေ့ရှိပါတယ်။ သူတို့က များသောအားဖြင့် ဘိုစာတွေ စားလို့ ကျမ မကြိုက်တာနဲ့ အတူ လိုက်မစားပဲ ကိုယ့်ဘာသာ ထမင်းဘူး ယူလာပြီး ရုံးမှာ စားပါတယ်။ ပြီးရင်လည်း ကော်ဖီဆိုင်မှာ ထိုင်ပြီး စကားပြောတတ်ကြပါသေးတယ်။ ကျမအတွက်တော့ သူတို့နဲ့ စကားပြောရတာထက်စာရင် ဘလော့ခ်တွေ လိုက်လည်တာကို ပိုပျော်ပါတယ်။ ဒါကြောင့် သူတို့ စောစော ထမင်းထွက်စားရင် ကျမလည်း စောစော ဘလော့ခ်လည်ထွက်ရတယ်။ ၁၂ နာရီမှာ ထမင်းစားရင်း ဘလော့ခ်လည်ထွက်ပြီး comment ရေး၊ Cbox မှာ အော်ဟစ်နှုတ်ဆက်ပြီး ၁ နာရီထိုးရင်တော့ အကုန် ပိတ်ပြီး လုပ်လက်စကို ဆက်လုပ်ပါတယ်။ အဲဒီအချိန်ဆိုရင် ထမင်းထွက်စားတဲ့ လူကြီးအုပ်စုလည်း ပြန်လာပြီမို့ ကိုယ်ရှိန်သတ်ပြီး ဘလော့ခ်လည်ခြင်းကို ရပ်ထားလိုက်ရတာပါ။


အလုပ်များတဲ့နေ့ဆိုရင်လည်း ထမင်းစားရင်း လုပ်လက်စကို ပြီးအောင် လုပ်ပေးရတာမျိုးလည်း ရှိပါတယ်။ ကျမ မန်နေဂျာက သူခိုင်းထားတာ ထမင်းစားပြီး ပြန်လာရင် လိုချင်တယ်လို့ ပြောရင်တော့ ထမင်းစားရတာ မြိုမကျတော့ပါဘူး။ ထမင်းကို အရသာခံ မစားနိုင်ဘူး။ ထမင်းဇွန်းနဲ့ ၂ လုတ်စာ ၃ လုတ်စာကို ပါးစပ်ထဲထိုးထည့်ပြီး အလုပ်ဆက်လုပ်နေရတဲ့နေ့မျိုးလည်း ရှိပါတယ်။


ထမင်းဘူး မယူတဲ့နေ့ဆိုရင်တော့ အမျိုးသားနဲ့ ရုံးနားဝန်းကျင်က ဆိုင်တွေမှာ လူကြီးအုပ်စုနဲ့ သတ်သတ် ခွဲထွက်ပြီး စားလေ့ရှိပါတယ်။ အဲလိုနေ့မျိုးဆိုရင်တော့ ကျမက ထမင်းစားပြီး ရုံးပြန်လာပါတယ်။ သူကတော့ သူ့ဘော်ဘော်တွေ ထိုင်လေ့ရှိတဲ့ ကော်ဖီဆိုင်ကို ဆက်သွားတာပေါ့။ တချို့ရက်တွေလည်း ရုံးက အလုပ်အတူလုပ်တဲ့ ဂျပန်မလေးတွေနဲ့အတူ နေ့လည်စာ လိုက်စားဖြစ်ပေမယ့် အဲဒီလိုရက်မျိုးကတော့ အင်မတန်မှ ရှားပါတယ်။ ရှိရင်လည်း သူတို့နဲ့ ၁ ပတ်လောက်ကတည်း က ကြိုတင် တိုင်ပင်ထားပြီးမှ သွားဖြစ်တာပါ။


ညနေ ၆ နာရီခွဲကျော်ကျော် ၇ နာရီ ထိုးခါနီးတာနဲ့ အိမ်ပြန်ဖို့ ပြင်ဆင်ရင်း အမျိုးသားကိုလည်း အိမ်ပြန်ဖို့ ဆော်သြနေရပါပြီ။ ကျမအမျိုးသားက ပြင်သစ်နဲ့ အီတလီဘက်က လူတွေနဲ့ အလုပ်အတူလုပ်ရတာမို့ ကျမတို့ ရုံးဆင်းမှ သူတို့ဘက်က ရုံးတက်တာမျိုးပါ။ အဲဒီဘက်က လူတွေနဲ့ အမျိုးသားနဲ့ အလုပ်ကိစ္စ ပြောဆိုပြီးရင် ပြန်လို့ရပါပြီ။ သူတို့ စကားပြောတဲ့ အချိန် ပေါ်မူတည်ပြီး ၇ နာရီ၊ ၇ နာရီခွဲ ပြန်ရလေ့ ရှိပါတယ်။ တခါတလေလည်း ၈ နာရီပေါ့။ အတူတူ ပြန်ကြတာဆိုတော့ တစ်ယောက်အလုပ်မပြီးလည်း တစ်ယောက်ကတော့ စောင့်နေရတာပေါ့။ ၂ ယောက်စလုံး အလုပ်အတူပြီးတော့လည်း အတူ စောပြန်ရတာပေါ့။ သူ့ကို စောင့်ရတာ ကြာမယ်ဆိုရင်လည်း ကျမက စောပြန်နှင့်လိုက်တာပါပဲ။ ပုံမှန် အိမ်ပြန်ရောက်ရင် ၈ နာရီထိုးပါပြီ။


အိမ်ပြန်ရောက်ရင်တော့ အမျိုးသားက ညစာ ထမင်းအိုးတည်ပေးပြီး တခြား သေးသေးမွှားမွှားလေးတွေ ကူပေးတတ်ပါသေးတယ်။ ကျမကတော့ မီးဖိုထဲဝင်ပြီး ညစာအတွက်ပြင်ဆင်ရတာပေါ့။ ရှိတဲ့ဟင်းပေါ်မူတည်ပြီး နောက်တစ်ခွက် လိုက်ဖက်အောင် ကြည့်ပြီး စီစဉ် လိုက်တာပါပဲ။ ညစာမှ ၂ ယောက် အတူစားရတာဆိုတော့ အတတ်နိုင်ဆုံးတော့ ဖွယ်ဖွယ်ရာရာ ဖြစ်အောင် လုပ်ပေးရတာပေါ့လေ။ ၉ နာရီလောက်ဆိုရင် ထမင်းကျက်တာနဲ့ ထမင်းပွဲအတူပြင်ပြီး ညစာ စားကြပါတယ်။ ဒီအချိန်ပဲ အေးအေး ဆေးဆေး ရှိတာမို့ပြောချင်တာ၊ တိုင်ပင်စရာရှိတာ ၊ ရုံးကိစ္စ၊ အိမ်ကိစ္စကို ထမင်းစားရင် ပြောဆိုကြရတာပေါ့။ စားသောက်ပြီးရင် နောက်တရက်အတွက် ဘာချက်ရင် ကောင်းမလဲဆိုတာ စဉ်းစားပြီး ကြိုလုပ်စရာရှိတာကို ပြင်ဆင်ထားရပါတယ်။ ဆေးကြော၊ သိမ်းဆည်းပြီးတာနဲ့ နောက်တရက်အတွက် မီးပူတိုက်စရာရှိတာတိုက်၊ အ၀တ်လျှော်စရာရှိတာကို စက်ထဲထည့်ပြီး မနက်လျှော်ရအောင် ဆပ်ပြာရေစိမ်၊ အမှိုက်တွေ သိမ်းဆည်းပြီး ပစ်ရမယ့်နေရာမှာသွားထားပြီးလို့ နာရီကြည့်လိုက်ရင် ၁၁ နာရီ ထိုးခါနီးနေပါပြီ။


အားလုံးပြီးရင်တော့ ကျမဘလော့ခ်လည်ထွက်ပြီး သူငယ်ချင်းတွေ နှုတ်ဆက်၊ စာရေးစရာရှိလည်းရေးပြီး ဘလော့ခ်ပေါ်တင်ရတာပေါ့။ ရန်ကုန်ကို ဖုန်းခေါ်စရာရှိတဲ့နေ့ဆိုရင်တော့ ၁၂ နာရီမှာ ရန်ကုန်ကို ဖုန်းခေါ်၊ အိမ်ရှိလူကုန်နဲ့ စကားပြောပြီးရင် ၁ နာရီထိုးခါနီးပါပြီ။ ဗုဒ္ဓဟူးနေ့ဆိုရင်တော့ အိမ်ပြန်ရောက်တာနဲ့ ဘာမှ မလုပ်နိုင်တော့ပါဘူး။ ဂျပန်ဆရာမတွေ လာမှာမို့လို့ အိမ်မှာ စောင့်နေရပါတယ်။ သူတို့ရောက်လာရင် စာသင်ပေးပြီး ၁၀ နာရီခွဲ၊ ၁၁ နာရီ လောက်မှ အတန်း ပြီးပါတယ်။ ဆရာမတွေပြန်သွားမှ ကမန်းကတမ်း ထမင်းစား၊ ဆေးကြော သိမ်းဆည်းပြီးတာနဲ့ ၁၂ နာရီထိုးပြီးနေပါပြီ။


တနေကုန် အလုပ်လုပ်ရတာ မပင်ပန်းပေမယ့် အငြိမ်တချက်မနေရတော့ လူက အနားယူဖို့ အချက်ပြနေပါပြီ။ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီးတာနဲ့ အိပ်ယာဝင်ရင် ၁ နာရီခွဲလောက်ရှိနေပြီ။ ကျမက အအိပ်ဆတ်သူမို့ အသံတခုခု ကြားရင်လည်း လန့်နိုးတတ်တဲ့အပြင် ချက်ချင်း အိပ်ပျော်လေ့မရှိပါဘူး။ အိပ်ယာထဲမှာ နံပါတ်စဉ်ရွတ်ချင်ရွတ်နေရတယ်။ ထွက်သက် ၀င်သက် မှတ်နေရတာမျိုးလည်းရှိပါတယ်။ အရမ်းအိပ်မရဘူးဆိုရင် counter ပုတီးလေး စိတ်နေရင်းမှ အိပ်ပျော်သွားတတ်တာမျိုးပါ။ တခါတလေ စိတ်ထဲ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ရန်ကုန်က မိဘတွေဆီ စိတ်ရောက်သွားရင်တော့ အဲဒီည မိုးသာ စင်စင်လင်းသွားတယ် တရေးမှ မအိပ်လိုက်ရပါဘူး။ ဒီလိုနဲ့ပဲ မထချင် ထချင် နောက်တနေ့ မနက် ထုံးစံအတိုင်း လေးကန်ပြီးမှ အိပ်ယာက ထလာတတ်သူမျိုးပါ။


သောကြာနေ့ညဆိုရင် တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ စာရေးစရာရှိရင် ရေးပြီး၊ ရေးစရာ မရှိရင်တော့ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်ပေါ့။ အိပ်ယာဝင်ရင်လည်း စနေနေ့ မနက် ၃ နာရီ ၄ နာရီလောက်မှ အိပ်ဖြစ်ပါတယ်။ မနက် ၁၁ နာရီလောက်မှ အိပ်ယာက ထပြီး နေ့လည်စာကိုအပြင်မှာပဲ စားဖြစ်တာများတယ်။ ဈေးဝယ်ထွက်၊ လိုအပ်တာတွေကို ထိုင်းဆိုင်နဲ့ တရုတ်ဆိုင်မှာ သွားဝယ်ရင်း ပြန်လာရင်ညနေ ၅ နာရီ ထိုးလုနီးနေပါပြီ။ ခဏလောက် နားပြီးမှ ညစာအတွက် ချက်ပြုတ်ပြင်ဆင်ပြီး ညစာစားကြပါတယ်။ ပြီးရင်တော့ အ၀တ်လျှော်စက် မနားရလေအောင် တပတ်စာအ၀တ်တွေကို တပုံပြီး တပုံလျှော်ရပါတယ်။ အဲလိုနဲ့ စနေတစ်ရက် ကုန်ပြန်တာပါပဲ။ တနင်္ဂနွေဆိုရင်တော့ လျှော်ပြီးသား အ၀တ်တွေ အမျိုးသားကလှမ်း၊ ကျမက ပိတ်ရက်စားဖို့အတွက်ရော ၊ ရုံးဖွင့်ရက် စားဖို့အတွက်ပါ ဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်ပြီး အချိန်ရရင်တော့ ခဏတဖြုတ်နားရတာပေါ့။ ညရောက်ရင်တော့ ရုပ်ရှင်ကြည့်ရင်း လက်က မီးပူတိုက်ရပါတယ်။ ပိတ်ရက်မှာ အလည်လွန်ရင်တော့ အိမ်အလုပ်တွေ အကြွေးတင်ပြီး နောက်ရုံးဖွင့်ရက်အထိပါ အကြွေးဆပ်မဆုံးပါဘူး။ ဒါကြောင့် ပိတ်ရက်လည်း ပိတ်ရက်မို့လို့ ၊ ရုံးဖွင့်ရက်လည်း ဖွင့်ရက်မို့လို့ နားရတယ်လို့ မထင်မိပါဘူး။


*****


ညီမလေး လေပြေ က တစ်နေ့တာ ဘာလုပ်လည်းဆိုတာ tag ထားလို့ ကျမလည်း ချရေးလိုက်ကြည့်မှပဲ တစ်ရက်နဲ့ တစ်ရက် ကို ဘယ်လို ကုန်ဆုံးသလဲဆိုတာ သိရတော့တယ်။ လူတစ်ယောက်ဟာ တစ်ရက်မှာ ကိုယ့်အတွက် အကျိုးအမြတ် တခုခုရှိအောင် လုပ်ရမယ်လို့ ကျမ ကြားဖူးတယ်။ အတွေ့အကြုံပဲဖြစ်ဖြစ်၊ အတတ်ပညာပဲဖြစ်ဖြစ်၊ အသိပညာပဲဖြစ်ဖြစ်ပေါ့။ တစ်ခုခု တိုးတက်နေရမယ်ဆိုရင်ဖြင့် ကျမဟာ တိုးတက်တဲ့ အလုပ်တစ်ခုမှ မလုပ်ပါလားဆိုတာ လက်တွေ့ကျကျ သိလိုက်ရပါတော့တယ်။ ဒါပေမယ့် ကျမ လက်ရှိဘ၀ကို ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ စိတ်ချမ်းသာလို့ပါပဲ။ တတ်နိုင်သမျှလည်း ကျမ ရဲ့ တစ်နေ့တာကို စိတ်ချမ်းချမ်းသာသာ နဲ့ ဖြတ်သန်းချင်ပါတယ်။ လူရယ်လို့ဖြစ်လာရင် သေတစ်နေ့ မွေးတစ်နေ့မို့ သေနေ့မရောက်ခင် ကြား အချိန်လေးမှာ အကျိုးအမြတ်မရှိရင်လည်းနေပါစေတော့။ စိတ်ညစ်စရာ၊ စိတ်ရှုတ်စရာ၊ လောဘ၊ ဒေါသ၊ အပူအပင် နည်းနိုင်သမျှ နည်းနည်းနဲ့ ဖြတ်သန်းနိုင်ဖို့ ကျမကြိုးစားနေတုန်းပါပဲ...


ဒီဇင်ဘာ ၁၁၊ ၂၀၀၇။