July 21, 2008

My Totoro


*ဓာတ်ပုံကို အင်တာနက်မှ ကူးယူဖော်ပြပါသည်။

ဂျပန်မှာ ဒီနေ့က အစိုးရ ရုံးပိတ်ရက်ပါ။ ဘာဖြစ်လို့ ပိတ်လဲတော့ မသိပေမယ့် ရုံး ၃ ရက်ပိတ်ရင်တော့ ပျော်တာ အမှန်ပဲ။ ဖြစ်နိုင်ရင် တပတ်မှာ ၄ ရက်လောက် ရုံးတက်လိုက် ၃ ရက်လောက်နားလိုက် အဲဒီလိုလေးဖြစ်ချင်တာပေါ့။ ဒါမှလည်း နားရတယ်လို့ ထင်တယ်။ နို့မို့ဆို ပိတ်ရက်က တပတ်စာ ဈေးဝယ်ထွက်ရတာနဲ့ ချက်ပြုတ်၊ လျှော်ဖွတ်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေး လုပ်ရတာနဲ့ နားရတယ်လို့ကို မထင်ဘူး။


ဒီနေ့ အပြင်သွားလည်မယ်လို့ စီစဉ်ထားတော့ မနေ့ကတည်းက အိမ်အလုပ်တွေ ပြီးအောင်လုပ်ထားလိုက်တာပေါ့။ အပြင်သွားတယ်ဆိုလို့ တခြား ထူးထူးခြားခြား နေရာ သွားတာတော့ မဟုတ်ပါဘူး။ ပင်လယ်ရှိတဲ့ဘက်မှာ အေးအေးဆေးဆေး လမ်းလျှောက်ရင်း နေ၀င်တာ သွားကြည့်မယ်လို့ နှစ်ယောက်သား စိတ်ကူးထားကြတာပါ။ ပထမတော့ Kobe ကို သွားမလို့ လုပ်လိုက်သေးတယ်။ Kobe ဆိုရင် အပြန်နောက်ကျနေမှာစိုးလို့ နီးနီးနားနား Osaka Ko ကိုပဲ သွားလိုက်တာ။ အိမ်ကစထွက်တော့ပဲ ၄ နာရီခွဲကျော်နေပါပြီ။ ဟိုကိုရောက်တော့ ညနေ ၅ နာရီကျော်နေပေမယ့် နေအပူရှိန်ရှိနေပါသေးတယ်။ Osaka Ko ပတ်ဝန်းကျင်ကိုတော့ ဒီပို့စ် မှာလည်း ရေးဖူးပါတယ်။


*****


ဂျပန်မှာ animation ရုပ်ရှင် ကားတွေ ထုတ်လုပ်တဲ့
Studio Ghibli ကုမ္ပဏီက အတော်လေးကို နာမည်ကြီးပါတယ်။ အရင် ထုတ်လုပ်ခဲ့ပြီးသမျှ Animation ကားတွေထဲက တချို့ဆို မြန်မာရုပ်မြင်သံကြားမှာလည်း ပြဖူးတယ်။ ကျမမှတ်မိသလောက်က My Neighbour Totoro (となりのトトロ, Tonari no Totoro) နဲ့ Kiki Delivery Service (魔女の宅急便, Majo no Takkyūbin) ပါ။ အမှန်တော့ အဲဒီကားတွေက ဂျပန်မှာ ၁၉၈၈/၈၉ လောက်က ထုတ်လုပ်ခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ကားတွေပါ။ အခုချိန်ထိလည်း DVD ခွေတွေကို ၀ယ်လို့ ငှားလို့ ရနေပါသေးတယ်။ နောက်ထပ် ရုပ်ရှင်တွေထဲကဆိုရင် ဒုတိယကမ္ဘာစစ်အတွင်း Kobe မှာ မီးလောင်ဗုံးကျဲလို့ လူတွေသေကြေပျက်စီးတဲ့ အဖြစ်ကို အခြေခံပြီး စစ်ရဲ့ အနိဌာရုံတွေကို ရိုက်ပြထားတဲ့ Grave of the Fireflies (火垂るの墓, Hotaru no Haka) ကားဆိုရင် ကြည့်ပြီးတော့ ငိုခဲ့ရဖူးပါတယ်။ Spirited Away (千と千尋の神隠し, Sen to Chihiro no Kamikakushi) ကားဆိုရင်လည်း ၂၀၀၂ ခုနှစ်မှာ Oscar ဆု ကို ပထမဆုံး Animation ကားအနေနဲ့ ရခဲ့တာလို့ wiki မှာ ဖတ်ရပါတယ်။ တခြား နာမည်ကြီးတဲ့ ကားတွေလည်း ရှိနေပါသေးတယ်။ ၂၀၀၈ မှာ ထုတ်လိုက်တဲ့ ရုပ်ရှင်ကတော့ Ponyo on the Cliff by the Sea (崖の上のポニョ, Gake no Ue no Ponyo) ပါ။ ကျမစိတ်ထင် နောက်ပိုင်း ကားတွေက အရင်ကာတွန်းလက်ရာတွေကို သိပ်မမှီတော့ဘူးလို့ ခံစားလာရတယ်။ နောက်ဆုံး ရုပ်ရှင်ကတော့ မကြည့်ရသေးလို့ ကောင်း မကောင်း မသိသေးပါဘူး။


*****


Donguri Kyowakoku
 (どんぐり 共和国) ဆိုင်လေးတွေက ဂျပန်ရဲ့ နေရာတော်တော်များများမှာ ရှိပါတယ်။ အဲဒီဆိုင်လေးတွေက Studio Ghibli ရဲ့ character နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်လေးတွေပါ။ ကျမတို့သွားခဲ့တဲ့ ဆိုင်က Osaka Ko ရဲ့ Shopping Mall ထဲက ဆိုင်ကို သွားခဲ့ကြတာပါ။ ဆိုင်ရှေ့ရောက်တာနဲ့ Totoro အရုပ်နဲ့အတူ တခြား အလှဆင်ထားတဲ့ အရုပ်လေးတွေမြင်ရတာမို့ ကလေးတွေ သဘောကျမယ် ဆိုလည်း ကျချင်စရာပါပဲ။ အထဲမှာ ဆိုင်ခန်းက ကျဉ်းပေမယ့် ၀ယ်လို့ရနိုင်တဲ့ ပစ္စည်းတွေက အစုံပါပဲ။ Totoro အရုပ် ဆိုဒ်မျိုးစုံ အရွယ်မျိုးစုံ အရောင်မျိုးစုံနဲ့ ပုံစံမျိုးစုံ ရှိပါတယ်။ အဓိက ရောင်းချတဲ့ ပစ္စည်းတွေက တခြား character တွေထက် ကာတွန်း ပိုဆန်တဲ့ တိုတိုရိုအရုပ် (Totoro) ၊ မဲ့ (mei めい) ၊ နဲကို ဘတ်စ် ( Neko Bus ネコバス) ၊ ကိကိ ရဲ့ ကြောင်နက်လေး ဂျိဂျိ စတဲ့ အရုပ်တွေကို ကပ်ပြီး ပုံဖော်ထားတဲ့ လက်ကိုင်ပုဝါ၊ စားပွဲအလှတင်ပစ္စည်း၊ ကီးချိန်း၊ ဖုန်းမှာ အလှချိတ်တဲ့ပစ္စည်း၊ အိမ်တွင်းအလှဆင်တဲ့ ပန်းအိုး၊ အိမ်သာ ရေချိုးခန်း အသုံးအဆောင်၊ လက်ပတ်နာရီ၊ စားပွဲတင်နာရီ၊ ကလေးကျောပိုးအိတ်၊ ကလေးသွားရည်ခံ၊ အိမ်တွင်းစီးဖိနပ်နဲ့ လက်ကိုင်အိတ်တွေပါပဲ။ အဲဒီပစ္စည်းတွေမှာ သက်ဆိုင်ရာ character တံဆိပ်လေး၊ အရုပ်လေး ကပ်လိုက်တာနဲ့ ဈေးက ထောင်သောင်းချီနေတော့တာပါပဲ။ ပြီးတော့ Studio Ghibli က ထုတ်တဲ့ DVD ခွေတွေလည်း ၀ယ်ချင်တယ်ဆို ၀ယ်လို့ရပါသေးတယ်။ အရင်တခေါက် လာတုန်းကတော့ ဆိုင်ထဲမှာ Neko Bus ကြီး ရပ်ထားတာ တွေ့မိသေးတယ်။ အခုတခေါက်တော့ မတွေ့မိတော့ဘူး။ အထဲမှာ ပစ္စည်းတွေက များပြီး သူ့နေရာနဲ့သူ နေရာချထားတော့ တချို့အရုပ်တွေဆို မကိုင်ပါနဲ့ လို့ စာကပ်ထားလို့ ဒီအတိုင်းပဲ ကြည့်ပြီး ပြန်လာခဲ့ရတယ်။ အမှန်က အဲဒီလောက်ကြီးတဲ့ Totoro အရုပ်ကြီး ဖက်ပြီး ဓာတ်ပုံရိုက်လိုက်ချင်တာ။





ဒီအရုပ်လေးက ကျမကို ဒီနေ့ဝယ်ပေးတဲ့ Totoro ပုံပါ။ အင်တာနက်ကနေ ရှာထားတာ။ ရှေ့ပုံနဲ့ ဘေးပုံ။ ၀ယ်လာတဲ့ အရုပ်က ဓာတ်ပုံမရိုက်ရသေးဘူး။ နောက်မှ ရိုက်ထားရမယ်။

ကျမက Osaka Ko ကို မသွားခင် အရုပ်တခုလောက် ၀ယ်ပေးပါလို့ အမျိုးသားကို ပူဆာထားပါတယ်။ ဂျပန်မှာက အရုပ်ဆိုင်တွေ များပေမယ့် ဈေးက မသက်သာလှပါဘူး။ ဒါကြောင့် ကျမ အ၀ယ်အများဆုံး အရုပ်တွေက ယန်း ၁၀၀ ဆိုင်က ခွေးရုပ်၊ ကြောင်ရုပ်လေးတွေပါပဲ။ အရင်ကတည်းက Totoro အရုပ်ကို အရမ်းလိုချင်ပေမယ့် အသေးလေးကိုပဲ ထောင်ချီပေးရမယ်ဆိုတော့ မ၀ယ်ဖြစ်ခဲ့ပါဘူး။ ဒီတခေါက် ရောက်လာတော့ အရုပ်တွေမြင်ရင် လိုချင်တဲ့စိတ်က တားမရပြန်ဘူး။ ဒီနေ့လည်း Totoro အရုပ်ကို လိုချင်လို့ ကိုင်လိုက်၊ နှမြောလို့ ပြန်ချထားလိုက်၊ ပြီးရင် မ လို့ ကိုင်လို့ရတဲ့ အရုပ်နဲ့ အာသာပြေ ဓာတ်ပုံလေး တွဲရိုက်လိုက် လုပ်နေရာက အမျိုးသားက “တစ်ရုပ်ဝယ်ပေးမယ် ကြိုက်တဲ့အရုပ်ယူ” လို့ပြောပါတယ်။ ကျမကတော့ လိုလည်း လိုချင်၊ ဈေးကလည်း များတော့ ၀ယ်ရမှာ တွန့်နေတာပေါ့။ အရုပ်ဈေးကလည်း ကြည့်ပါဦး။ Totoro အရုပ် Small Size (18 cm) ဆိုရင် ယန်း ၁၆၈၀၊ Medium Size (27 cm) က ယန်း ၂၉၄၀၊ Large Size (40 cm) က ယန်း ၅၀၄၀၊ LL size (55 cm) က ယန်း ၁၂၆၀၀ ပါ။ အကြီးကြီးကတော့ ယန်း ၃ သောင်းကျော်မလား မသိဘူး။ တခြား အရုပ်တွေရှိပေမယ့် ကျမက Totoro ကို ပိုသဘောကျလို့ ၀ယ်မယ်ဆို Totoro ပဲ ၀ယ်ချင်ပါတယ်။ နောက်ပြီး ဒီအရုပ်က ဂျပန်မှာပဲ နာမည်ကြီးတာမို့ပါ။ နောက်ဆုံး ဈေးနဲ့ အရုပ်အရွယ်နဲ့ ဘာကို ၀ယ်ရင်ကောင်းမလဲလို့ ချီတုံချတုံဖြစ်နေရာက အမျိုးသားက “ယန်း ၅၀၄၀ တန် အကြီးပဲ ယူလိုက်ပါ” လို့ recommend လုပ်တာနဲ့ သူ့ကို အားနာပြီး အဲဒီအရုပ်လေးပဲ ယူလိုက်တော့တယ်... (တော်သေးတယ်။ အလိုက်သိပေလို့.. :P)


*****


ကျမ ဒီရောက်ကတည်းက စုနေတာ အရုပ်တွေပါပဲ။ အခုတော့ ၀ယ်ပေးမယ့် သူရှိပြီဆိုတော့ “တခြားဟာ ချွေတာပါ့မယ် အရုပ်လေးတော့ ၀ယ်ပေးပါ” လို့ ပူဆာပြီး ၀ယ်ခိုင်းထားတာ အရုပ်လေးတွေ များနေပါပြီ။ ထားဖို့နေရာက မရှိဘူးဆိုတော့ သူတို့အတွက် စင်လေးတစ်ခု ထပ်ဝယ်ခိုင်းဦးမှလို့ တွေးရင်း ဒီညတော့ Totoro အရုပ်အသစ် ရလာလို့ပျော်ပြီး Blog ပေါ်တင်လိုက်ပါပြီ။ (အမှန်ကတော့ ကြွားတာလည်း ပါတာပေါ့လေ.. :D)



ဆိုင်ထဲမှာ ရိုက်ယူလာခဲ့တဲ့ ပုံတွေလည်း ကြည့်လို့ရအောင် virtual tour လုပ်ပြီး တင်ပေးလိုက်ပါတယ်နော်။

ဇူလိုင် ၂၁၊ ၂၀၀၈။

24 comments:

တားမြစ် ထားသော... said...

အလည်ရောက်လို့ စာတွေဖတ်သွားတယ်။ အရင်ကလည်း ရောက်ဖူးတယ်။ ကြာတော့ ကြာပြီပေါ့။ စီဘောက်စ် ရှိသလားလို့။ အခုတော့ ရှာမတွေ့တာနဲ့ ကွန်မန့်မှာ ဝင်ရေးလိုက်တယ်။
.............................
အရုပ်တွေတင်ထားတဲ့ စင်လေးကိုလည်း ကြည့်ချင်သားဗျ။
.............................
စက်ဘီးစီးရင်း အလုပ်အပိုလုပ်သူတွေအကြောင်းလည်း ဖတ်သွားတယ်။
အားလုံးဖတ်လို့ကောင်းပါတယ်။

ဇနိ said...

အမရေ - တိုတိုရိုအကြောင်းကို ကျနော်တို့ ဘလော့ဂ်မှာ အကိုကြီး ပီဆာကျယ်ရေးထားတာရှိတယ်အမ။ ဒီမှာ ။ အဲဒီဇာတ်ကားလေးကို အတော်ကြိုက်တယ်။ ကျနော် မဲ့ အရုပ်ကလေးကို လိုချင်တာ။ ဓာတ်ပုံတွေ ကြည့်သွားတယ်။

ThuHninSee said...

ဝယ်ပေးမယ့်သူ မရှိလို့..တရုတ်လောက်ပေးပါဗျို့။

HLK said...

ဇာတ် လမ်းထဲ က တိုတိုရို က အကြီးကြီး ဆိုတော့ အရုပ်လည်းကြီးမှကောင်းမှာပေါ့။ :)

Anonymous said...

အမရေ တိုတိုရိုအရုပ်ကြီး ညီမလည်း လိုချင်တယ်။ ၀ယ်ပေးမည့်သူ မရှိဘူး။ ငိုချင်ပ။ ပူဆာစရာလူလည်း မရှိဘူး။ တိုတိုရိုရဲ့ ဗိုက်ကြီးကို ဖက်လိုက်ချင်တယ်။ အမတို့များ ကံကောင်းလိုက်တာ။ အားကျမိပါတယ်။

တန်ခူး said...

နုရေ… ပျော်စရာလေးနော်… အဲဒီလို အလိုလိုက်တတ်တဲ့ ခင်ပွန်းလေးကို အပြတ်ချက်ပြုတ်ကျွေူးလိုက်… ဒါမှအရုပ်တွေ အများကြီးရမှာ…

မြရွက်ဝေ said...

တိုတို့ရိုရုပ်က ချစ်စရာကြီး၊ ဖက်ချင်စရာကြီးနော်။ ပြီးခဲ့တဲ့သောကြာနေ့က "နိဟွန်းတဲလဲဘိ"မှာတောင် တိုတို့ရိုလွှင့်သွားတယ်။

weikhine said...

totoro!
kawayi!!! wee weee

wel..such is the joy of living in japan hoat? so many cuties sweety pies..

သက်ဝေ said...

တိုတိုရို... တိုတိုရို...
ချစ်စရာ.. ချစ်စရာ...
လိုချင်လိုက်တာ... လိုချင်လိုက်တာ...။
ဒီမှာ အဲဒီ အရုပ်မျိုး မတွေ့ ဖူးဘူး..။
အလိုက်တသိ ၀ယ်ပေးတဲ့ ချစ်ချစ်ကို အများကြီး ပိုချစ်လိုက်နော်...။ :-D

သက်ဝေလဲ အရုပ်တွေ အရမ်းကြိုက်တယ်။
ဝယ်လဲ ၀ယ်စု ဖြစ်တယ်။ ဒါပေမယ့် အရုပ် တော်တော် များများကတော့ ရန်ကုန်အိမ်မှာ...။ အကုန်မသယ်နိုင်လို့  ထား ထားခဲ့ရတာ..။
ဒီမှာကျတော့ ထားစရာ နေရာက ရှိတော့ ရှိတယ်.. ရှားတယ် ဆိုသလိုပါဘဲ..။ (၀မ်းနည်းပါသည်)

အချိန်ရရင် အရုပ်တွေ ဓါတ်ပုံရိုက်ပြီး ပြပါအုံးနော်...။

khaingzm said...

မနုရေ...တိုတိုရို သက်ရှိထင်ရှားရှိပြီးသားကို ဘာလို့ထပ်ဝယ်တာတုန်း..:P

လုလု said...

လိုချင်တယ့့်  လိုချင်တယ့့်  တစ်ရုပ်လောက်ပေ့း့ 

layma said...

အဟင့်... မ... ကြွားတယ်နော်... ။
အားကျလိုက်တာ...။ လေးမတော့ အရုပ်မရတော့တာ ... ကြာ.......ပေါ့...။

Anonymous said...

အရုပ်လေးတွေ ၀ယ်စုထားတော့ ကောင်းတာပေါ့ အစ်မရ ရတနာလေးတွေ ရရင် ၀ယ်ပေးစရာမလိုတော့ဘူး ဟိဟိ

Taungoo said...

အမနုရေ
ချစ်စရာ့အရွယ်ကစားကြမယ်နဲ့ မှားပြီးဝင်လားမိလားထင်သွားတယ်
အရုပ်ချစ်သူတွေအများကြီးပါလား
ကျွန်တော့်ညီမလေးသာ သိရင်တော့ လိုချင်နေဦးတော့မှာပဲ
သူကလဲ သိပ်ကြိုက်တတ်တာဗျ


မေတ္တာဖြင့်

ကလိုစေးထူး said...

ခရီးသွားဆောင်းပါး ရေးဟန်လေးနဲ့ ပို့စ်မို့ သဘောတကျနဲ့ ဖတ်သွားတယ်ဗျာ။ အရုပ်ရတဲ့ မနုစံ မျက်နှာတော့ ဘယ်လိုနေမယ်မသိ...။ ပြုံးစိစိ ဖြစ်နေမယ်ထင်တယ်။ :P

Dr. Yi Yi Win said...

ခုမှပဲ ကွန်နက်ကောင်းလို့ရောက်လာတော့တယ်နုစံရေ။
အရုပ်တွေနဲ့ ပျော်နေတယ်ပေါ့လေ။ လုဆော့မယ့်ကလေးမရှိတုန်း ၀ အောင်သာဆော့ထားသိလား။

diLo said...

sis!
i watched it online already..
so nice naw..reali reali reali..
thanks for intro!

pandora said...

အရုပ်ကြီးရတာကို အခုမှ လာကြည့်ဖြစ်တယ်
ပျော်စရာကြီး…။

တန်ခူး said...

မီးပန်းလေးတွေက ဘာအထိမ်းအမှတ်တုန်း နုရေ… ရှင်းပြပေးဦးလေ… ဒီမှာလဲ မကြာခင် မီးပန်းတွေ တွေ့ ရတော့မယ်… National Day လေ…

nu-san said...

တားမြစ်ထားသော>> အလည်ရောက်ပြီး စာတွေ ဖတ်သွားတယ်ဆိုလို့ ကျေးဇူးပါ။ အမ blog မှာ cbox မထားဖြစ်ပါဘူး။ အဲဒါကြောင့် ရှာမတွေ့တာ.. အရုပ်တွေ တင်ထားတဲ့စင်ကတော့ လာမယ်ကြာမယ်ဆိုသလို ဖြစ်နေပြီ.. :D

ကိုဇနိ>> အယ်.. အမ အဲဒီပို့စ်ကို အရင်ကဖတ်ဖူးတယ် သိလား.. အခု ပို့စ်ရေးတော့ အဲဒီ့ပို့စ်ကို သတိရလိုက်သေးတယ်.. ဘယ်မှာလဲဆိုတာ ပြန်စဉ်းစားမရလို့... ကိုဇနိက မဲ့အရုပ်လေးလိုချင်လို့လား။ မဇနိကို ပူဆာနော်.. :D

သုနှင်းဆီ>> မွန့်ကို ၀ယ်ပေးမယ့်သူရှိပါတယ်.... တစ်ရုပ်ပေးဘူး.. ၂ ရုပ်ပေးမယ်ပြောမလို့... :D

HLK>> ဟုတ်တယ်နော်.. ရုပ်ရှင်ထဲက Totoro က အကြီးကြီးပဲ။ အပြင်မှာ အဲဒီ အရွယ်လောက်ဆိုရင် ဘယ်လောက်တောင် ပေးရမလဲဆိုတာ မမှန်းတတ်တော့ဘူး.. :D လာလည်တာ ကျေးဇူးပါနော်။

မဇနိ>> အဟဲ..ရှေ့မှာ ကိုဇနိကို ပြောထားသလိုပဲ ပြောလိုက်တော့မယ်နော်.. ကိုဇနိကို ၀ယ်ခိုင်းနော်.. ညီမလေး..တိတ်...တိတ်.. ငိုနဲ့.. :)

မတန်ခူး>> မရေ... အပြတ်ချက်ပြုတ်ကျွေးလိုက်မယ်.. အရုပ်များများဝယ်ပေးအောင်လို့.. :D နောက်ရက်တွေမှ ဂျပန်က မီးပန်းလွှတ်ပွဲ (Hanabi ဟနဘိ) အကြောင်း တင်ပေးမယ်နော်.. :)

မြရွက်ဝေ>> ဟုတ်တယ်ညီမလေးရေ.. သောကြာနေ့တိုင်း ကာတွန်းကားတွေ လွှင့်ပေးတယ် အမ ပြီးခဲ့တဲ့သောကြာက မကြည့်လိုက်ရဘူး... လွတ်သွားတယ်.. :)

Dilo>> dilo လေးရေ.. ၀ယ်ချင်စရာတွေက များလွန်းလို့ ကိုယ့်စိတ်ကို ဘရိတ် အုပ်ထားရတယ်.. ရုပ်ရှင်ကြည့်ပြီးသွားပြီလား ညီမလေး။ ကောင်းတယ်နော်.. အမလည်း အဲဒီကားကို အရမ်းကြိုက်တာ။ :)

သက်ဝေ>> ဟုတ်.. ပိုချစ်လိုက်ပါ့မယ်.. :P
အရုပ်တွေကြိုက်တာချင်းတူတယ်နော်.. မိန်းကလေး တော်တော်များများက အရုပ်ကြိုက်ကြမယ်ထင်တယ်။ သက်ဝေရေ.. အဆင်ပြေရင် အိမ်က အကောင်လေးတွေကို ဓာတ်ပုံရိုက်ပြပါ့မယ်.. ခဏစောင့်ပါနော်.. :)

ခိုင်ဇာ>> အဟဲ.. ညီမလေးရေ.. တစ်လုံးက မီးထွန်းဖို့ တစ်လုံးက ကက်ဆက်ဖွက်ဖို့.. အဲ ကြော်ငြာတွေနဲ့ရောပြီး ယောင်ကုန်ပြီ။ တစ်ရုပ်က အိမ်မှာထားဖို့ တစ်ရုပ်က အပြင်ထွက်ရင် ခေါ်သွားဖို့.. :P

လုလု>> မလုရေ.. ရော့ လိုချင်ယူ.. အရုပ်တွေပြောပါတယ်.. :D

လေးမ>> ညီမလေးရေ... ကြွားစရာက ဒါလေးပဲရှိတာမို့ အမြန်လေး ထုတ်ကြွားလိုက်ရတာ.. :P အရုပ်ဝယ်ပေးဖို့ ကောင်းကင်ကြီးကို ပူဆာနော.်. :D

မောင်မျိုး>> အလဲ့.. မောင်မျိုးအကြံမဆိုးဘူးတော့.. :D

ကိုတောင်ငူ>> နောက်ဆိုရင် အရုပ်ချစ်သူများ club လုပ်ရင် ကောင်းမယ်နော်.. ကိုတောင်ငူရဲ့ ညီမလေးဆိုရင်လည်း ကြိုက်မှာသေချာတယ်.. မိန်းကလေး အတော်များများက အရုပ်ကြိုက်တာ များတယ်..ဘာလို့လည်း မသိဘူး။ :)

ကိုကလိုစေးထူး>> ဟုတ် အကိုစေးထူးရေ.. ပြုံးစိစိမဟုတ်ဘူး အပျော်လွန်ပြီး စပ်ဖြဲဖြဲဖြစ်နေတာ.. အဲဒီအရုပ်ကို အရမ်းလိုချင်နေတာ ကြာပြီ အဲဒါကြောင့်.. :D

မယုဝရီ>> ဟုတ်..ပျော်တယ်မရေ.. သူတို့ မရှိသေးခင် ကိုယ်အရင် ဆော့ထားလိုက်ဦးမယ်..နောင်ဆိုရင် အရုပ် လု ချင် လုနေရလိမ့်မယ်.. :D

မပန်ဒိုရာ>> ရပါတယ် မပန်ရယ်.. အရုပ်ရတာ မှိုရသလိုပဲ ပျော်တယ်.. :D

မျှားပြာ said...

အရုပ်တစ်ရုပ်လောက် ...။

Unknown said...

အစ်မရေးထားတွေက တော်တော်ဖတ်လို ကောင်းတယ်။ အရမ်းတော်တယ်နော်
အစ်မဓာတ်ပုံကိုလည်း တင်ဥိးနော်
အစ်မအေူကာင်းလည်းရေးနော် အရမ်းသိချင်လို့

nu-san said...

မျှားပြာ>> မျှားပြာက ၁ ရုပ် လိုချင်တာလား တရုတ်(မ လေး) လိုချင်တာလား..:D

ထွေးအိ>> လာလည်တာ ကျေးဇူးပါနော်.. အမ စာရေးမကောင်းပါဘူး ညီမရယ်.. အမဓာတ်ပုံတော့ ဘလော့ခ်ပေါ်တင်ရင် ညီမလေးလန့်သွားလိမ့်မယ်.. :)
အမအကြောင်းကတော့
အမနာမည် “နုစံ”ပါ။ အခုလောလောဆယ် “Osaka” မှာနေပါတယ်။ အိမ်ထောင်ကျပြီး သားသမီးမရှိသေးပါ။ ကွန်ပျူတာနဲ့ပတ်သက်တဲ့ company တခုမှာ အလုပ်လုပ်နေပါတယ် ညီမလေးရေ.. (မျိုးကျော့မြိုင်သီချင်းလို လိုက်မဆိုနဲ့နော်.. :P)
အမကလည်း ကိုယ့် Blog ကိုလာလည်တဲ့သူတိုင်းကို ခင်ပါတယ်ရှင်.. နောက်လည်း လာလည်ပါနော်.. :)

ဝေလေး said...

ရုပ်ရုပ်လေးလိုချင်တယ် ချစ်စရာလေးး ဝယ်ပေးတဲ့လူရှိတာ အားကျတယ် အဟိ.. မမ ကံကောင်းလိုက်တာ.. ဓာတ်ပုံလေးတွေရိုက်ပြီးတင်ပေးအုံးနော် ဝေလေးလဲအရုပ်လေးတွေ သိပ်ချစ်တာ .. :P
သွားရည်ယိုရတာပေါ့ အဟိ :D

My Neighbour Totoro နဲ့ Kiki Delivery Service
အဲဒီကာတွန်းလေးနှစ်ခုအရမ်းကြိုက်တာ.. တော်တော်ကောင်းတယ်.. :P