September 26, 2008

မှတ်မိတဲ့ ပထမဆုံးများ

ကျမ အသက် ၃ နှစ်လောက်ကတည်းက ပထမဆုံး မူကြိုကျောင်း စတက်နေရပါပြီ။ ၅ နှစ်ရောက်တော့ အိမ်နားက မူလတန်းကျောင်းမှာပဲ သူငယ်တန်း စတက်ရတာ။ သူငယ်တန်းတုန်းက ဆရာမကိုလည်း မမှတ်မိတော့ဘူး။ ဆရာမနာမည်၊ သူငယ်ချင်းနာမည်တွေကိုလည်း မေ့ကုန်ပြီဆိုတော့ ကိုယ့်မှတ်ဥာဏ်က ဒီလောက်တောင် အားနည်းနေတာပါလားဆိုပြီး ပထမဆုံး သတိပြုမိတော့တယ်။ ပထမဆုံး ရတဲ့ဆုက ၅ တန်း အောင်တုန်းက အဆင့် ၆ ရတဲ့ ဆုပါ။ ကျောင်းကလည်း ထူးထူးခြားခြား အဆင့် ၁ ကနေ ၆ အထိ ဆုပေးတာ။ ကျမက ပထမဆုံး ဆုယူတာတောင် ဘိတ်အဆင့်နဲ့ ယူရတယ်။ ၁၀ တန်းအောင်ပြီးတဲ့အထိလည်း အဆင့် ၁ ဆိုတာ မရခဲ့ပါဘူး။ ရမယ့် ရတော့ တက္ကသိုလ် နောက်ဆုံးနှစ် အောင်မှ ရခဲ့တာ။ ပထမဆုံး ပထမရ တာကို ထူးခြားပြီး မပျော်မိပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ့်လိုပဲ နောက်ထပ် လူ ၃၀ လောက်က ပထမရတာကိုး။


ကျောင်းတက်တုန်းက ပထမဆုံး စပြီး စာရေးဖြစ်တာက ဝေဖန်ရေးစာပါ။ အဲဒီတုန်းက လွင်မိုးကို အရမ်းကြိုက်တော့ သူ့ဇာတ်ကားတွေဆို တော်တော်များများ ကြည့်ဖြစ်ပါတယ်။ ဖြစ်ချင်တော့ အပျိုမ မဂ္ဂဇင်းက လွင်မိုးအကြောင်း ဝေဖန်ပေးပါ။ လွင်မိုးကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံ ပို့ပေးပါမယ်ဆိုပြီး ကြော်ငြာပါတယ်။ အဲဒီတော့ ကျမလည်း ကြိုးစားပမ်းစား ဝေဖန်တာပေါ့။ ပထမဆုံး ကိုယ်ရေးလိုက်တာက မဂ္ဂဇင်းထဲပါလာတော့ ၀မ်းသာမိတာ အမှန်ပဲ။ ဒါပေမယ့်လည်း လွင်မိုး ဓာတ်ပုံ တကယ် မရခဲ့ပါဘူး။ ကျူရှင်တက်တဲ့ လမ်းမှာ မဂ္ဂဇင်းတိုက်ရှိလို့ သွားမေးတော့လည်း ၀ါးတားတားနဲ့။ ပထမဆုံးအကြိမ် လှလှပပလေး အလိမ် ခံလိုက်ရတာပေါ့။ ကိုယ့်ကိုကိုယ်လည်း အခုနေတွေးရင် ပြန်ရှက်မိပါတယ်။ အတော်ပေါခဲ့လို့။ စာရေးတာတောင်မှ ရေးစရာ ရှားလို့ မင်းသားကို ဝေဖန်တဲ့စာမျိုး ရေးရတယ်လို့။ ဓာတ်ပုံမရလိုက်တာပဲ ခပ်ကောင်းကောင်းလို့ ပြောရမယ်။


တက္ကသိုလ် ကျောင်းတွေ ပိတ်ထားချိန်မှာ ကွန်ပျူတာ သင်တန်းကို လှည်းတန်းမှ ပထမဆုံး စတက်ဖြစ်တယ်။ အဲဒီတော့မှ ကွန်ပျူတာကို ပထမဆုံးမြင်ဖူးတာ။ အဲဒီတုန်းက ပထမဆုံး သုံးခဲ့တဲ့ OS က Window 3.11။ သင်တန်းပြီးတော့ အိမ်ကလည်း ဒီလောက် ဈေးကြီးတဲ့ ကွန်ပျူတာကို ဘယ်ဝယ်ပေးနိုင်ပါ့မလဲ။ အဲဒီတော့ သူငယ်ချင်းတွေနဲ့အတူ အဲဒီ ကွန်ပျူတာ သင်တန်းမှာပဲ Instructor ၀င်လုပ်ဖြစ်ခဲ့တယ်။ ကျောင်းမပြီးခင် ပထမဆုံး လခစားအလုပ်ပေါ့။ လခက ၁၅၀၀ စရတာ။ မြန်မာကျပ်ငွေပေါ့နော်။ နောက်တော့လည်း သင်တန်းကျောင်းမှာ ဆရာတွေ လိုလာတာနဲ့ Assistant Lecturer လိုမျိုး အတန်းတွေ ၀င်သင်ပေးခဲ့ရတယ်။ ပထမဆုံး စာသင်တော့ သင်တန်းသားတွေက ကိုယ့်ကို ၀ိုင်းပြုံကြည့်ကြလို့ မှတ်ထားတာတွေ မေ့၊ ပြောရမှာတာတွေက တလွဲတွေ ဖြစ်ကုန်တာပေါ့။ တော်သေးတယ် သင်တန်းသားတွေက ကလေးလေးတွေမို့။ နွေရာသီ အားလပ်ရက်မှာ မိဘတွေက ကွန်ပျူတာ သင်တန်းပို့ပေးထားတာလေ။ စာလေးနည်းနည်းသင်ပေးလိုက် ကလေးတွေကို ဂိမ်းဆော့နည်းသင်ပေးလိုက်နဲ့။ ပထမဆုံး တပည့်တွေပေါ့။ ဂိမ်းချည်းပဲ ဆော့ချင်လို့ မနည်းပဲ စာကို ပြီးအောင် သင်ပေးခဲ့ရတာ မှတ်မိသေးတယ်။ ကလေးနာမည်တွေတော့ မမှတ်မိတော့ဘူး။


*****


ကျောင်းပြီးတော့ အခြေတကျ အလုပ်လုပ်ဖို့အတွက် ကွန်ပျူတာ company တစ်ခုမှာ ရေးဖြေ စာမေးပွဲ ၀င်ဖြေဖြစ်တယ်။ အလုပ်နဲ့ပတ်သက်ပြီး စာမေးပွဲဖြေရတာ ပထမဆုံးပါ။ မအောင်ပါဘူး။ ဘာတွေမေးမှန်းမသိလို့ ထင်တာတွေပဲ လျှောက်ရေးခဲ့လိုက်တယ်။ နောက်တခါ ထပ်ဖြေဖို့အတွက် အဲဒီ company ကို ရောက်နှင့်ပြီးသား သူငယ်ချင်းကို ဘာတွေ မေးတတ်လဲ၊ ဘာကြည့်ထားရမလဲဆိုပြီး သူ့အိမ်သွားပြီး အတင်းနားပူ နားဆာနဲ့ စာသင်ခိုင်းခဲ့ရတာ။ မှတ်မှတ်ရရ သူသင်ပေးမှပဲ အဲဒီ Window Programming ဆိုတာကြီးကို ပထမဆုံး မြင်ဖူးတာ။ ကျောင်းတုန်းကတော့ C, C++, OOP လောက်နဲ့ ပြီးသွားခဲ့တာကိုး။ သူငယ်ချင်းကတော့ သူ့ကွန်ပျူတာကြီးဖွင့် VC program တွေ ရေးပြပေါ့လေ။ အလုပ်ထဲက ရေးဖြေစာမေးပွဲကို ပထမဆုံး အောင်ခဲ့ပါတယ်။ ရေးဖြေအောင်ပြီဆိုမှ နောက်တဆင့် လူတွေ့ အင်တာဗျူး လုပ်ရတာပါ။ ပထမဆုံး အလုပ်အင်တာဗျူးဆိုတော့ ကြောက်တာရော၊ အလုပ်မရမှာ စိုးရိမ်တာရော ခံစားချက်တွေ မျိုးစုံနဲ့ပေါ့။ အဲဒီ အင်တာဗျူးကနေ ရလိုက်တဲ့ သင်ခန်းစာက လူတစ်ယောက်ရဲ့ ပထမဆုံး အမြင်ဟာ အရမ်းအရေးကြီးတယ်ဆိုတာပါပဲ။ First impression ပေါ့။


အလုပ်ထဲရောက်မှ ပထမဆုံး New Year Party ဆိုတာကို ကြုံဖူးတာ။ ပြီးတော့လည်း ချောင်းသာ၊ ငပလီ၊ ငွေဆောင် စတဲ့ ကမ်းခြေခရီးတွေကိုလည်း ရုံးကနေ သွားလို့ ပထမဆုံး ရောက်ဖူးတာ။ အလုပ်ထဲရောက်တော့ အဆင်ပြေတာရှိသလို အဆင်မပြေတာတွေလည်း ရှိတာပေါ့။ ပထမဆုံး စိတ်ဆင်းရဲ၊ စိတ်ဓာတ်တွေကျတာကတော့ အလုပ်ထဲ ရောက်မှပါ။ ဒါပေမယ့်လည်း အချိန်အတိုင်းအတာ တခု ပြီးသွားတော့ အရာအားလုံးဟာ အနယ်ထိုင်သွားတာပါပဲ။ ပထမဆုံး နိုင်ငံခြား ခရီးကတော့ ဂျပန် Osaka ကိုပါ။ နိုင်ငံခြား ခရီးဆိုတော့လည်း ထုံးစံအတိုင်း ပထမဆုံး Passport စလုပ်ရတယ်လေ။ ကျမနဲ့အတူ သွားမယ့်သူတွေအားလုံးက Passport ရှိထားနှင့်ပြီးသား၊ သက်တမ်းတိုးယုံပဲ။ ကျမမှာက Passport မရှိဘူး။ Passport က လည်း ပွဲစားနဲ့ လုပ်ရင် သိတဲ့အတိုင်းပဲ။ ဒီနေ့ ရမယ်ပြောပေမယ့် ရချင်မှလည်း ရတာ၊။ ဒါပေမယ့် ကျမတုန်းကတော့ ချိန်းထားတဲ့ရက်မှာ Passport မရတဲ့အပြင် ဗိုလ်ချုပ်ခင်ညွှန့်အဖမ်းခံရတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး စာအုပ်က တော်တော်နဲ့ ထွက်မလာခဲ့ပါဘူး။ ပထမဆုံး နိုင်ငံခြားခရီးတော့ ပျက်ပြီလို့ပဲ တွေးထားတာ။ ဟိုလူ့စုံစမ်း၊ ဒီလူ့စုံစမ်းနဲ့ အရပ်ကယ်ပါ လူဝိုင်းပါ လုပ်တော့မှ လက်ထဲ စာအုပ်လေး ရလာတာ။ တော်သေးတာပေါ့။ အဲဒီတုန်းကလည်း တော်တော်ကို အီစိမ့်နေအောင် ခံလိုက်ရတဲ့ ပထမဆုံး အဖြစ်အပျက်တစ်ခုပဲ။


ပထမဆုံး လေယာဉ်စီးတော့ နားထဲက လေတွေ ထွက်ပြီး အတော်လေး ခံရခက်တာပဲ။ ထိုင်းမှာ transit ခဏနားတော့ လေယာဉ်ကွင်းထဲမှာတင် လျှောက်ကြည့်ပြီး မြန်မာပြည်နဲ့ကွာသွားပြီဆိုတာ ပထမဆုံး ခံစားမိလာတယ်။ အဲဒီလိုနဲ့ မအူမလည် Osaka ကို ပထမဆုံး ရောက်လာတာပေါ့။ မြန်မာပြည်မှာ အလုပ်လုပ်ရတုန်းက ကိုယ့်အထက်မှာ Team Leader, Supervisor လိုမျိုးက တဆင့်ခံပြီးမှ ကိုယ်က သူတို့ ခိုင်းတာ လုပ်ပေးရယုံပါ။ အဲဒါဆိုတော့ တာဝန်ပေါ့တာပေါ့။ Osaka မှာ လုပ်ရတာကတော့ ကိုယ့်မန်နေဂျာ တရုတ်အမျိုးသမီးရဲ့ စကားပြော လေယူလေသိမ်းကို ပထမဆုံး နားလည်အောင် အရင်လုပ်ရပါတယ်။ ပြီးမှ အလုပ်နဲ့ ပတ်သက်ပြီး သူလိုချင်တာကို သဘောပေါက်အောင် လုပ်ရပါတယ်။ ကိုယ်ပါဝင်ရတဲ့ Project တခုရဲ့ Phase တခု ပြီးတိုင်း client က တကယ် သုံးမှာဖြစ်တဲ့အတွက် တာဝန်ကြီးသလို Stress လည်း အရမ်းများပါတယ်။ အဲဒါတွေကတော့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ပထမဆုံး ရလာတဲ့ အတွေ့အကြုံတွေပါ။ ဇာတ်လမ်းက ထပ်ဆက်ရရင် နိုင်ငံခြားရောက်တော့ ပထမဆုံးနဲ့ နောက်ဆုံး ရည်းစား ရပြီး အဲဒီ ရည်းစားနဲ့ပဲ အိမ်ထောင်ကျပေါ့လေ။


ပထမဆုံး အကြိမ် မိဘနဲ့ ခွဲပြီး နိုင်ငံခြားလာတော့ ကျမက ရှေ့ရေးအတွက်ပဲ စိတ်စောနေတာ။ ဒါကြောင့် မိဘနဲ့ခွဲနေရတော့မယ် ဆိုတဲ့ feeling ကို သတိမထားမိသေးဘူး။ မိဘနဲ့ တကယ်ခွဲနေရပါလားဆိုတာကို ပထမဆုံး ခံစားမိတာက မင်္ဂလာဆောင်ပြီးမှပါ။ မင်္ဂလာဆောင်ပြီး မိဘအိမ်ပြန်လည်တုန်းကပေါ့။ ကိုယ့်အိမ်ပြန်ခါနီးမှာ “ပါပါးရေသမီးပြန်တော့မယ်.. မာမားရေ သမီးပြန်တော့မယ်” လို့ ပါးစပ်ကသာ နှုတ်ဆက်နေတာ။ စိတ်ထဲက တမျိုးကြီးပဲ၊ တခါမှ ကိုယ့်မိဘကို ပြန်တော့မယ်လို့မှ မနှုတ်ဆက်ဘူးတာ။ “မိဘ အိမ်ကနေ ငါတကယ် ခွဲခွာခဲ့ရတာပါလား” ဆိုပြီး ရင်ထဲမှာလည်း ပထမဆုံးအကြိမ် နင့်နေအောင် ခံစားလိုက်ရတယ်။ မျက်စိမျက်နှာပျက်နဲ့ ကျန်ခဲ့တဲ့ မိဘတွေကို မြင်ယောင်ပြီး အဲဒီနေ့က အိမ်ပြန်တော့ တလမ်းလုံး ငိုခဲ့တာပေါ့။

*****


ဒုတိယအကြိမ် Osaka ရောက်တော့ အလုပ်မရှိပါဘူး။ အဲဒီတော့မှ အလုပ်မရှိပဲ နေရတဲ့ဘ၀ကို ပထမဆုံး နားလည်သွားတော့တယ်။ အလုပ်မရှိတော့ အားနေတယ်လေ။ ပျင်းတယ်ဆိုပြီး ပထမဆုံး စဖတ်မိတဲ့ Blog က WeSheMe ရဲ့ ရွှေညောင်ပင်ကြက်သားသုပ်ဆိုတဲ့ပို့စ်ပါ။ ဖတ်ပြီးပြီးချင်း နောက်ရက် ပထမဆုံး သုပ်စားကြည့်လိုက်သေးတယ်။ ဒါပေမယ့် ပထမဆုံး Blog စရေးတာကတော့ တခြား Blog မှာပါ။ ဒီနာမည်နဲ့လည်း မဟုတ်ပါဘူး။ ပထမဆုံး သုံးမိတဲ့ Nick Name က သူများနာမည်နဲ့ သွားတူနေလို့ အားနာပြီး ထပ်မသုံးဖြစ်တော့တာပါ။ နောက်တော့ အဲဒီ Blog မှာ ဆက်မရေးဖြစ်တော့ပါဘူး။ အဲဒါကြောင့် ကိုယ့်ဘာသာ Blog တခုဆောက်ပြီး ပို့စ်ရေးတော့ နာမည်ရင်းနဲ့ပဲ ရေးဖြစ်ခဲ့တာ။ ဒီ Blog ရဲ့ ပထမဆုံးပို့စ်က ဂျပန်အစားအစာ အကြောင်းရေးထားတာပါ။ ပထမဆုံး Blogger နဲ့ Gtalk မှာ စကားပြောဖြစ်တာက ညီမလေး s0wha1 နဲ့ပါ။ အပြင်မှာ ပထမဆုံး လူချင်းမြင်ဖူးတဲ့ Blogger အမ (သမုဒယ) က အခု Blog မရေးတော့ပါဘူး။ Blog ရေးမှပဲ မကေရဲ့ အင်တာဗျူးပုံစံ မေးခွန်းမျိုးကို ပထမဆုံး စဖြေဖူးတာ။ နောက် ကိုစေးထူး ရဲ့ နိုင်ငံခြားသွားမယ်ဆိုရင် ပို့စ်မှာ Comment ၀င်ရေးရင်း တခြား Blogger တွေနဲ့အတူ Weekly Eleven Journal ရဲ့ ဆောင်းပါးမှာ ကိုယ့်နာမည်လေး ဖော်ပြခွင့်ရတာ ပထမဆုံးပါ။


*****


အခုရေးထားတဲ့ ပထမဆုံးတွေက ကျမဘ၀ရဲ့ အစိတ်အပိုင်းတွေပါ။ ပြန်တွေးကြည့်လိုက်တော့လည်း ရှေးဟောင်းရုပ်ရှင်ကြည့်ရသလိုပဲ ဟိုတကွက်ဒီတကွက်နဲ့။ အဲဒီတော့ ပထမဆုံးများ ဆိုတဲ့အတွက် မှတ်မိသလောက် ပထမဆုံးတွေကိုပဲ ပထမဆုံးအကြိမ် စုစည်းပြီး ရေးလိုက်ပါတယ်။ မမသက်ဝေရေ.. ရေးပေးလိုက်ပါပြီနော်..။ :)


စက်တင်ဘာ ၂၇၊ ၂၀၀၈။

35 comments:

PAUK said...

နုရေ...
နုရဲ့ပို့စ်မှာပထမဆုံးကော်မန့်ပေးရတဲ့အတွက်
ပျော်တယ်..အဟီးး
နေ့တိုင်းလာလာချောင်းနေရတာ..
နုရဲ့ပို့စ်အသစ်တွေကို...
နုရဲ့ပထမဆုံးတွေက..ခံစားချက်အမျိုးမျိုးပါလား

Anonymous said...

အီး ဟီး ဟီး ပေါက်က ဦးသွားပြီ
မမနုစံ ရှေးဟောင်းရုပ်ရှင်ပြကွက်တွေကို ဆက်စပ်ကြည့်သွားပါတယ်
ဒါဆို မမတို့က ဂျပန်မှာဆုံတဲ့ဖူးစာပေါ့နော်
အိမ်ကိုခင်တွယ်တာ ကလေးလေးကျနေတာပါ့လားဗျာ

ဇနိ said...

ပေါက်က ဦးသွားပေါ့ ရပါတယ်လေ..
ပထမဆုံးမဟုတ်လည်း ပထမဆုံးလူရဲ့နောက် ကပ်လျက်က ပထမဆုံးဖြစ်ရတာ နည်းလာနော အမနုစံရယ်...
အမရေးထားတဲ့ စတိုင်လေးက ဖတ်ရတာ ကောင်းတယ်...
း)

ဇနိ said...

ကဲပြောနေတုန်း မဇနိက ဦးသွားပြန်ပြီ...
ရပါတယ်လေ ပထမနောက်က ပထမရဲ့နောက်က ပထမပေါ့

s0wha1 said...

ပထမဆုံး ဘလော့ဂါနဲ့ စကားပြောဖူးတာ s0wha1 ဆိုလို့ အားကြီး ပျော်သွားတယ်။ ဟိ...:P

Anonymous said...

ကိုယ်တိုင်သိပ်မရေးတက် ပေမယ် သူများရေထားတာကိုတော့
ဖတ်ရတာ အရသာရှိတယ် မနုရေ တကယ်ကောင်းတယ်

khin oo may said...

၁။ ကလေးတွေ က ဆရာ မကို ဘာ လို့ဝိုင်းကြည်.တာ သိပြီ. ဆရာမလေး ကချော တာကိုး။
၂။ သိတ်ဖတ်လို.ကောင်းတာဘဲ.
၃။ နောက်ဆုံး မှ ခင်ရ ပေမဲ. ပထမဆုံး တွေ ကို ခင် သလို ခင်ပါနော်.။

Anonymous said...

အစ်မရေးထားတာ အကြောင်းရာ ပြည့်၂စုံ၂ နဲ့ ဖတ်လို့ ကောင်းတယ် ။ကိုစေးထူး ပို့ စ်ကနေစခင်တဲ့သူတွေထဲကျနော်လည်းပါဘူး ဟိဟိ ဒါပေမယ့် ဘလော့ပေါ်မှာတော့ ခင်တာ တစ်နှစ်တောင်ကြာပြီးနော့် မဂျစ် ဆီပုံးမှာထဲက စခင်နေတာ သဘောကောင်းတဲ့ အစ်မကို.........။

kay said...

နုစံရေ- ထုံးစံ အတိုင်း ပထမဆုံးလေး တွေက..ရိုးရိုး ယဉ်ယဉ်လေး တွေ။

A Linn Nyi said...

ပို့စ်အသစ်တက်နေလို့ တော်တော်ပျော်သွားတယ် :) နုနုရေးထားတာလေးက..ဖတ်လို့ကောင်းလိုက်တာ.။ အကြာကြီးတော့ မရေးပဲ မနေပါနဲ့နော်..ဖတ်ချင်လို့.။

pandora said...

အမရဲ့ ပထမဆုံးလေးတွေကလည်း ချစ်စရာကောင်းပါ့။

ဒါနဲ့ ပျောက်နေတာကြာ...

Anonymous said...

အော် နုစံ ဆိုတာ သူကိုး။

သက်ဝေ said...

ချစ်စရာ ရိုးရှင်း ပွင့်လင်းသော ပထမဆုံးများ...
ထူးခြားသော ရေးဟန်က မျက်စေ့ထဲမှာ ရုပ်ပုံပေါ်လာစေတယ်..။
မအားလပ်တဲ့ကြားက ရေးပေးတာ ကျေးဇူးပါ ညီမလေး နုစံရေ...။
အကြာကြီးတော့ ပျောက်မသွားပါနဲ့ နော်...။
လွမ်းစရာ...။

တန်ခူး said...

နုရေ… များများတက်ဂ်ကြပါလို့ ဆုတောင်းနေတာ… ဒါမှ ဘလော့ဂ်နားနေသူလေးရဲ့ ပို့ စ်အသစ်တွေ တွေ့ ရမှာ… နုက ရေးတတ်လိုက်တာ… ဖတ်လို့ တော်တော်ကောင်းတယ်… လွင်မိုးကို ခုရော ကြိုက်သေးလား… တို့ က အရင်က ကြိုက်ပြီး ခုသိပ်မကြိုက်တော့ဘူး… ဒါနဲ့ ခုရော ပရိုဂရမ်းမင်းပဲ လုပ်နေတာလား… အဖော်စပ်မလို့ ပါ… နုလို ခံစားချက်မျိုးတို့ လဲ ဖြစ်ဖူးတယ်… မင်္ဂလာဦးညမှာ ဟော်တယ်ကိုသွားတော့ အိမ်နဲ့ ပထမဆုံးခွဲတာဆိုပြီး မျက်ရည်တွေ ၀ဲလို့ … ဘယ်ရမလဲ… နောက်နေ့ ကျ အိမ်ပြန်အိပ်တာပဲ… အများဆန္ဒအရ ပြန်ဘလော့ဂ်ပါတော့ ဗျို့ ….

ThuHninSee said...

အစ်မရေ..
လှည်းတန်းမှာ .RS,KMD,RSကဆရာတစ်ချို့ဖွင့်တဲ့ HDဆိုလား။ အဲဒီ၃ခုလုံးမြှ သူငယ်ချင်းတွေ အလုပ်ဝင်နေတယ်။

khin oo may said...

နုစံက တို.ကိုဇနိ ဘလော.မှာ ဘာလို. ဝင်တိုက်တာလဲ. ။ နောင်ဆိုရင် ဘေးဘီလေး ကြည်.ပါ။

တန်ခူး said...

နုရေ… ရုံးပိတ်လို့ လာလည်တာ… ဘာဟင်းတွေချက်…

Unknown said...

အစ်မရေ
ဒီ Post ကို comment ပေးတာတော့ မဟုတ်ပါဘူး
comment box လဲ ရှာမတွေ့တာနဲ့

ဂျီဟောသူ ကို မဖတ်ဖူးဘူးဆိုလို့ link တစ်ခု ပေးမလို့ပါ
http://ngengenus.blogspot.com/
download လုပ်ပြီး ဖတ်ကြည့်လိုက်ဦးနော်

khin oo may said...

သူ ကလေ. တပုဒ် ပြီးရင် အကြာကြီး နားတယ်။

PAUK said...

ပျောက်လှချည်လား နုရေ..
နေကောင်းတယ်နော်...

Anonymous said...

အစ်မရေ့....အားရင်လာလည်ပါအုံးးးး)

တန်ခူး said...

ညီမရေ… နားလို့ ဝရင် ပြန်လာခဲ့တော့… ဒီမှာ လွမ်းလွန်းလို့ …

သက်ဝေ said...

ပြန်လာခဲ့တော့လေ.. ကြာလှပြီ...
လွမ်းစရာ...

သက်ဝေ said...

နုရေ...
Tag ထားပါတယ်...
အချိန်ရရင် ရေးပေးလေ... နော်..။

PAUK said...

နုရေ...
ပြန်လာရေးရင်..ထမင်းကြော် မလုံးအောင်
ကြော်တဲ့နည်း ပြောပြမယ်..
အဟိ..
အပေးအယူလုပ်တာ...

Anonymous said...

အစ်မနူစံကို ကန်တော့ခံသူများထဲ ထည့်ထားပါတယ် ။း)

ဇနိ said...

အမနုစံ.. နိနိနဲ့ ကျနော် လာကန်တော့သွားတယ်ဗျို့..
မုန့်ဖိုးပေးပါဗျို့

တန်ခူး said...

ညီမလေးရေ… မုန့် ဖိုးလာပေးတာ… တခြားလူတွေလိုပဲ ချက်လက်မှတ်အလွတ်လေး… လက်မှတ်ထိုးထားတယ်.. အရုပ်တွေ ကြိုက်သလောက် ၀ယ်လိုက်နော်…

Taungoo said...

ဘလော့သက်ကြီးပူဇော်ပွဲ ကန်တော့ခံအဖြစ် ကန်တော့သွားပါတယ် အမနုရေ။

မေတ္တာဖြင့်

PAUK said...

နုရေ...
သီတင်းကျွတ်မှာ ပျော်ရွှင်ပါစေ...

Moe Cho Thinn said...

နုစံ ညီမရေ
ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ။
ရောက်တဲ့အရပ်က မုန့်ဘိုး အမြန်လာယူပါ။

PAUK said...

နုရေ...
အိပ်မပျော်လို့ အွန်လိုင်းပြန်ဝင်လာတာ...
ထမင်းကြော်ကိုလည်းပြောပြချင်လို့..
ပေါက်ကတော့..ထိုင်းဆန်ကို ရေလျှော့ထည့်ချက်တယ်
ထမင်းကြမ်းနဲ့ကြော်ရင်ပိုကောင်းမယ်
ထမင်းကို ခုချက်..ခုကြော်စားချင်ရင်တောင်.
အအေးခံပြီး ရေခဲသေတ္တာထဲခဏထည့်ပြီး
အေးလောက်မှ ကြော်တတ်တယ်..
ဘိုစားပဲသီး ခါချက်ဥတွေအရင်ကြော်ရင်လည်း
ရေတစ်စက်လောက်ပဲထည့်တတ်တယ်..
နုရေ...
ထမင်းကြော်တာအောင်မြင်ပါစေ....

Winkabar said...

မရောက်ဖြစ်တာကြာလို့ သတိရတာနဲ့လာရင်း အစ်မရဲ့ ပထမဆုံးတွေရဲ့ အကြောင်းဖတ်သွားတယ်။ ။ အစ်မနေကောင်းတယ်နော်။ မတွေ့ဖြစ်တာ အတော်ကြာပြီ။

nu-san said...

Pauk>> ပထမဆုံး comment လာပေးတဲ့ အတွက် ကျေးဇူးပါ ပေါက်ရေ။
နေ့တိုင်းလာချောင်းရတဲ့အတွက်ရော ထမင်းကြော် ကြော်နည်းအတွက်ရော သီတင်းကျွတ်ဆုတောင်းလေးအတွက်ရော ထပ်ဆင့်ကျေးဇူး။
တနေ့နေ့တော့ ကြော်စားကြည့်မည်... :)

ကိုဇနိ+ မဇနိ>> ဟုတ်ပါ့..ဟုတ်ပါ့.. ဂျပန်ဖူးစာ။ တခြားဖူးစာနဲ့တော့ မကွာလောက်ဘူး ထင်ရပါ့။ အိမ်ကိုတော့ ခင်တွယ်တယ် မဇနိရေ.. ဘာလို့လည်း မသိဘူး..
ပထမဆုံးမဟုတ်ပေမယ့် ပထမဆုံးလူရဲ့ နောက်ကပ်လျက်က ပထမဆုံး..ရဲ့ နောက်က ပထမဆုံး (ဟူး.. မောလိုက်တာ ရေ ပေးပါဦး.. :D ) comment လာရေးတဲ့ ကိုဇနိတို့ စုံတွဲကို အထူးကျေးဇူး.. :D

s0wha1>>ဟုတ်ပါ့.. ပထမဆုံး gtalk မှာ စကားပြောဖူးတဲ့ blogger လေးရေ.. မှတ်မိလား.. သရဲကြောက်တဲ့ အကြောင်းကို ပြောဖြစ်တာလေ... အမတော့ မှတ်မိနေသေးတယ်.. :D

မုဒိတာ>> ဖတ်လို့ကောင်းတယ်ဆိုလို့ ကျေးဇူးပါ ညီမလေးရေ.. နောက်လည်း လာလည်ပါနော် .. :)

မမခင်ဦးမေ>> ၁။ ဒီတခါတော့ မမပြောတာကို လုံးဝ ၀ဿုံ ထောက်ခံတယ်.. တို့မမ တွေးကြည့်တာ ပြေးကြည့်တာထက် မှန်၏။ (နောက်စေ့ :D)
၂။ ဟုတ် ကျေးဇူးတင်ပါတယ် အမ။ ဖတ်လို့ကောင်းတယ်ဆိုလို့..
၃။ ပထမဆုံးတွေခင်သလို ခင်ပါတယ် အမရေ.. ကျနော်ကိုလည်း အဲဒီလို ပြန်ခင်နော်.. :D
အမရေ.. နောက်ဆို အိုးဝေမှာတွေ့ရင် နှုတ်ဆက်မယ်နော်... ၀င်မတိုက်တော့ဘူး.. :P
အကြာကြီးနားတာ မဟုတ်ရပါ အမရ။ တကယ်ကို မအားလွန်းလို့ပါ။ sorry၊ တွေ့ပုချီ၊ gomenasai၊ တောင်းပန်ပါတယ် အမရေ.. (အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ မြန်မာ... ဘာ ကျန်သေးလဲ.. :P)

မောင်မျိုး>> ဟုတ်ပါ့ မောင်မျိုးရေ... အမတို့ မဂျစ် ဆီပုံးမှာ အော်ရင်းက ခင်သွားကြတာ။ ဘာလိုလိုနဲ့ တနှစ်ကျော်လာပြီ။ အမကလည်း မောင်မျိုးကို ခင်ပါတယ်ဟယ်.. ထိုင်းလာလည်ရင် မုန့်ဝယ်ကျွေး.. (ဘာမှလည်း မဆိုင်ဘူးနော်... ) :D

မကေသွယ်>> အဲ.. တို့အမကတော့ စိတ်ချမ်းသာအောင်ပြောပေးရှာတယ်.. ရိုးရိုးယဉ်ယဉ်လေးတွေတဲ့.. ကျေးဇူးပါ မကေရယ်.. :)

A Lin Nyi>> အမရေ.. ရေးချင်ပါတယ်.. ကြိုးစားပြီး ရေးပါ့မယ်နော်.. အမလည်း ရေးပါဦး။ ဒီကလည်း ဖတ်ချင်ပါတယ်လို့ဆိုနေ... ကိုယ်ကသာ မရေးနိုင်တာ အမ Blog ကိုလည်း ခဏခဏ လာချောင်းဖြစ်တယ်.. :D

ပန်ဒိုရာ>> ဟုတ်ပါ့ မပန်ရေ.. ပျောက်နေတာကတော့ မပြောပါနဲ့တော့.. (မပြောတော့ဘူးနော်.. :P) ဘလော့ခ်ဘက်ကို မလှည့်နိုင်ပဲ ကိုယ့်ဟာနဲ့ကိုယ် ချာလပတ်ရမ်းနေတာ.. :D

မသက်ဝေ>> အဟဲ.. ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။ အမက ထူးခြားသောရေးဟန်ဆိုလို့ နည်းနည်း မြှောက်ချင်လာသလိုပဲ.. အဟိ.. :D
အမရေ..အသစ်လည်းတင်ပေးလိုက်ပါပြီ။
ပြန်လာဖို့က မကြာမီ လာမည် မျှော်... :D အလကားစတာပါနော်.. :)

မတန်ခူး>> မရေ.. အဲဒီလိုနောက်နဲ့လေ.. များများ tag ပါစေလို့တော့ ဆုမတောင်းကောင်းဘူး အမရ။
အခုတော့ လွင်မိုးမကြိုက်တော့ပါ။ ကြည့်လို့တော့ ရသေးတဲ့ အဆင့်ပဲ ရှိတော့တယ်... ဟီး..ဟိ..
နောက်ပြီး Programming မလုပ်တော့ဘူး အမ။ သိုင်းစာအုပ်ထဲလိုဆို Programming လောကကို ကျောခိုင်းခဲ့တာ ကြာပါပြီ အမရယ်.. အဟိ...အခုက QA ။ စကားကြီးစကားကျယ်နဲ့ ပြောရမယ်ဆိုရင်တော့ အဟမ်း.. Quality Assurance ပေါ့ အမ။
အခုတလောချက်ဖြစ်တဲ့ဟင်းတွေကို အမကို နောက်မှ ပြောမယ်နော်.. စင်ကာပူက စားစရာတွေနဲ့ ဟန်ကျနေတာ အမရေ.. လေနုအေးကို ခဏခဏလာလည်မယ်နော်.. မလွမ်းနဲ့တော့.. :D
ဟုတ်အမ... ချက်လက်မှတ်လေးဆို အတော်ပဲ.. လိုချင်တဲ့ အရုပ်တွေ အများကြီးပဲ.. ကျေးဇူးပါ အမ။ နောက်လည်း နှစ်တိုင်းလာကန်တော့မယ်နော်.. :D

သုနှင်းဆီ>> မွန်ရေ.. အဲဒီထဲက တခု ပြေးမလွတ်ဘူး.. :)

Hsu Htet>> ဆရာမ မစန္ဒာ စာအုပ်လင့်အတွက် ကျေးဇူးပါ နော်.. အမလည်း အဲဒီနေ့ကပဲ ချက်ချင်း download လုပ်ယူထားလိုက်တယ်။ တချို့စာအုပ်တွေက အမအရမ်းလိုချင်နေတာတွေ။ တကူးတက လာပြောပေးတဲ့အတွက်ကျေးဇူး ကုဋေပါ.. :)

မမိုးချိုသင်း>> အမရေ.. မုန့်ဖိုးလာယူတယ်.. အမဆီက $ တွေရလာတယ်.. ကျေးဇူးပါ အမရေ... :D

မောင်မျိုး၊ ကိုဇနိ+မဇနိ၊ ကိုတောင်ငူ >> သီတင်းကျွတ်မှာ လာကန်တော့တဲ့အတွက် မုန့်ဖိုးတွေ ပြန်ပေးလိုက်မယ်နော်.. ကိုဇနိနဲ့ မဇနိကတော့ လည်ဖို့ စီစဉ်နေကြပြီ။ မောင်မျိုးနဲ့ ကိုတောင်ငူကိုတော့ နောက်ထပ် မုန့်ဖိုးအပြင်ဆု သတ်သတ် ထပ်ပေးမယ်.. ငါ့မောင်လေးတွေ ဥစ္စာပေါ၊ ရုပ်ချော၊ အလိမ္မာ၊ အိမ်ပါ၊ ပညာတတ်၊ ငယ်ငယ်ချောချော မိန်းကလေးတွေနဲ့ ဖူးစာဆုံပြီး နောက်နှစ်သီတင်းကျွတ်မှာ အမကို စုံတွဲ လာကန်တော့ နိုင်ပါစေ.. (ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ အော်လိုက်တာ အကျယ်ကြီး ကြားလိုက်ရသလိုပဲ.. :D)

ဝင်္ကဘာလေး>> ဟုတ်ပါ့.. မတွေ့ဖြစ်တာ ကြာပြီ။ နေကောင်းပါတယ်ရှင်၊ ၀င်္ကဘာလေးရော နေကောင်းတယ်ဟုတ်။ ကျောင်းစာမေးပွဲတွေရော ပြီးသွားပြီလား။ လာလည်တာ ကျေးဇူး ညီမလေးရေ..
:)

Layma said...

အစ်မ လွင်မိုးပုံ ရအောင်တောင်းရမှာ..။