September 12, 2008

ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု

မတန်ခူး က လက်တလော ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု ကိုရေးပေးပါလို့ tag ထားတယ်။ တခြားသူတွေတော့ ရေးပြီးကုန်ကြပြီ။ ကျမကတော့ အခုမှ ဟိုဟိုဒီဒီ blog တကာ သွားပြီး သူများရေးထားတာလေးတွေ (ကူးချ .. ယောင်လို့..) အတုယူပြီး စု၊ တု၊ ပြု လုပ်လိုက်ပါပြီနော်။ စု၊ တု၊ ပြု တယ်သာ ပြောလိုက်ရတာပါ။ တကယ်တမ်းရေးတော့လည်း ဘာတွေ ရေးရမှန်းမသိဘူး။ အခုအကြောင်းအရာမျိုး အရင်တုန်းက တစ်ခါလား ရေးဖူးတာ။ အဖြေရခက်တဲ့နေရာ၊ မဖြေတတ်တာတွေဆိုရင် ??? တွေ ရေးပေးလိုက်တာ မှတ်မိသေးတယ်။ သြော်.. ကိုယ့်အကြောင်း ကိုယ်ရေးရတာ မလွယ်ပါလားနော်.. :D

*****

ကိုယ့်ရဲ့နာမည် ...

ပါပါး ပေးထားတဲ့နာမည်ပါ။ စနေသမီးမို့ “နု” ပါအောင် မှည့်ထားတာတဲ့။ ငယ်ငယ်ကတော့ ဒီနာမည်ကြီးမကြိုက်ပါဘူးဆိုပြီး နာမည်ပြောင်းချင်ခဲ့တာ မှတ်မိသေးတယ်။


ကိုယ့်ကို ဒီလိုခေါ်တယ်...

နာမည်ရင်းခေါ်ကြတာ များတယ်။ တချို့ကတော့ “နုနု”၊ "နု” တဲ့။ ကိုယ့်ထက်ငယ်တဲ့သူတွေက “မနု”၊ “မမနု”၊ “အမ”။ အဒေါ်ကတော့ စကားများလို့ “အာလူး” တဲ့။ အရမ်းခင်တဲ့ သူငယ်ချင်းက “ရွှေနု”၊ တချို့တင်စီးချင်တဲ့သူတွေကတော့ “မိနု” တဲ့။ တော်သေးတယ် “မယ်နု”လို့တော့ ဘယ်သူမှ မခေါ်ဘူး။ ဘလော့ခ်ရေးတော့ “နုစံ” (အားပါးပါး.. နာမည်တွေ အများကြီးပဲ.. )


ကိုယ်ဒီမှာနေတယ် ...

လောလောဆယ်တော့ Osaka မှာ။


ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် ...

ဖုန်းနံပါတ်ကိုတော့ အလွတ်မရဘူး။ ဘယ်တော့မှလည်း မမှတ်ထားဘူး။ ဖုန်းခေါ်တာထက် ပြောစရာရှိရင် ဘလော့ခ်က comment မှာ လာရေးထားတာက ပိုပြီး မြန်ဦးမယ်ထင်တယ်..:P


အရောင်ဆိုရင် ...

ပစ္စည်းပေါ်မူတည်ပြီး ကြိုက်တယ်။ များသောအားဖြင့် မိုးပြာရောင်လေးတွေကို သဘောကျတယ်။ ဒါပေမယ့် အ၀တ်အစားဆိုရင်တော့ အရောင်တောက်တောက်တွေ မကြိုက်ဘူး။


အ၀တ်အစားဆိုရင် ...

မိန်းကလေးအတွက် အမြင်တင့်တယ်တဲ့ အ၀တ်မျိုးကိုပဲ ၀တ်ပါတယ်။ ၀တ်ထားတဲ့ အ၀တ်က စိတ်ကို အနေခက်စေမယ့်၊ စိတ်ကျဉ်းကျပ်စေမယ့် အ၀တ်အစားကလွဲရင် ကျန်တာတွေ ၀တ်လို့ရပါတယ်။ Branded crazy မဟုတ်ပါ။ များသောအားဖြင့်တော့ လျှော်လို့လွယ်၊ မီးပူတိုက်လို့လွယ်တဲ့ အ၀တ်မျိုးပိုကြိုက်တယ်။ အကြိုက်ဆုံးက မြန်မာအင်္ကျီခါးတို၊ ခါးတင်လေးတွေ နဲ့ ယောထမီပါ။ လောလောဆယ် တီရှပ်တွေ အ၀တ်များတယ်။


အစားအစာဆိုရင် ...

ရေးလိုက်ရရင်တော့ စာမျက်နှာ မဆန့်လောက်ဘူးထင်တယ်။ မြန်မာအစားအစာတွေ တော်တော်များများကြိုက်ပါတယ်။ တကယ် မမုန်းအောင် စားတာက မုန့်ဟင်းခါးနဲ့ ကြေးအိုးပါ။


ပစ္စည်းဆိုရင် ...

မိန်းကလေးတစ်ယောက်အတွက် လိုအပ်မယ့် ပစ္စည်းတွေဆိုရင် ၀ယ်ပါတယ်။ ပစ္စည်းတခုကို အများကြီးလည်း မ၀ယ်တတ်သလို ပစ္စည်းအစွဲလည်း မရှိပါဘူး။


သီချင်းဆိုရင် ...

ထူးအိမ်သင် သီချင်းတွေကို အကြိုက်ဆုံးပါ။ တခြားနားထောင်လို့ကောင်းတဲ့ သီချင်းတွေဆိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် ဆူဆူညံညံ သီချင်းတွေ မကြိုက်သလို အရမ်းပျင်းစရာကောင်းတဲ့သီချင်းတွေလည်း မကြိုက်ပါဘူး။


စာရေးဆရာ...

ဆရာမ ဂျာနယ်ကျော်မမလေး ကို အကြိုက်ဆုံးပါ။ ဒီဘက်ခေတ်မှာဆို ဆရာမင်းလူ၊နီကိုရဲ တို့လို ဟာသစာရေးဆရာတွေအပြင် ရသစာပေတွေရေးတဲ့ စာရေးဆရာတွေ အားလုံးကိုကြိုက်ပါတယ်။ ကာတွန်းဆရာတွေလည်း ကြိုက်တယ်။ မှတ်မိသလောက် ဦးငွေကြည်၊ ကိုရွှေထူး(ပြည်)၊ ဓနုဖြူဆွေမင်း၊ ပိုးဇာ..


စာအုပ်...

ဆရာမ ဂျာနယ်ကျော်မမလေး ရေးတဲ့စာအုပ်မှန်သမျှ အကုန်ကြိုက်ပါတယ်။ နိုင်ငံခြား ၀တ္ထုတွေ၊ ဘာသာပြန်စာအုပ်တွေ သိပ်မဖတ်တတ်ပါဘူး။ မြန်မာဝတ္တုစာအုပ်နဲ့ မဂ္ဂဇင်းတွေ ဖတ်ရတာ ပိုကြိုက်ပါတယ်။

Life Style...

လူ့ဘ၀က နေရတာ တိုတယ်။ အဖြစ်အပျက်တွေက တခါတလေ လိုက်လို့မမှီအောင် မြန်ဆန်တာမို့ နေရခိုက်လေးမှာ စိတ်ချမ်းချမ်းသာသာ နေချင်တယ်။ အားလုံးကို စိတ်ရှင်းရှင်းထားပြီး ပျော်ပျော်ပဲ နေပါတယ်။


ကိုယ့်ရဲ့ဝါသနာ ...

စာရေး ၊ စာဖတ် ပေါ့။ တကယ်တမ်း ၀ါသနာပါတာက ရေကူးတာ။ ရေကူးတတ်လားဆိုတော့ မကူးတတ်ဘူး (မရီကြနဲ့နော်..) ။ ပန်းအလှပြင်တာ ပန်းစိုက်တာလည်း ၀ါသနာပါတယ်။


အလိုချင်ဆုံး လက်ဆောင် ...

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကသာ ဒီလိုမေးခဲ့မယ်ဆိုရင် လိုချင်တာတွေ အများကြီးပေါ့။ အခုချိန်မှာတော့ ဘာမှ ထူးထူးခြားခြား မလိုချင်တော့ပါဘူး။


ကိုယ့်ရဲ့ အချစ်ဆုံးသူ ...

ကိုယ့်မိသားစု၊ ခင်ပွန်း။

ကိုယ့်ရဲ့ အလေးစားရဆုံးသူ ...

ပါပါး။ နောက် လေးစားသင့် လေးစားထိုက်သူတွေကို လေးစားပါတယ်။


ကိုယ်ရဲ့ အခင်ဆုံးသူငယ်ချင်း ...

သူငယ်ချင်းအားလုံးကို ခင်ပါတယ်။


ကိုယ့်ကို အများဆုံးနားလည်မှု ပေးနိုင်သူက ...

ပါပါး ပါ။ နောက်ပြီး မပါမဖြစ် သူ့ကိုတော့ စာရင်းထဲ ထည့်ထားဦးမှ။


ကိုယ်ရဲ့ အမုန်းဆုံးသူက ...

ကတိသစ္စာမတည်တဲ့သူ၊ လိမ်ညာကောက်ကျစ်တတ်တဲ့သူတွေဆို မုန်းပါတယ်။


ရင်အခုန်ဆုံးအချိန် ...

ရုံးမှာ ဘလော့ခ်ခိုးလည်လို့ မန်နေဂျာ မိသွားတဲ့အချိန်။


အကြောက်ဆုံး အချိန် ...

အာရှမှာ ငလျင်အကြီးအကျယ် လှုပ်မယ်လို့ ဘလော့ခ်မှာ ဖတ်လိုက်ရတဲ့အချိန်။


အမှတ်တရနေ့ ...

ထူးထူးခြားခြား မရှိပါ။


ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု...

တောင်းတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်။


အချစ်ဆိုတာ...

မျက်လှည့်လိုပဲ။ မထင်မှတ်တာတွေက ဖြစ်တတ်လွန်းလို့....


အမုန်းဆိုတာ ...

ပြင်းထန်တဲ့ စိတ်ဒဏ်ရာတစ်ခုလို့ပဲ မြင်မိပါတယ်။ အခုထိတော့ ဘယ်သူ့ကိုမှ တူးတူးခါးခါး မမုန်းဖူးပါဘူး။


အလွမ်းဆိုတာ ...

သတိရခြင်း တစ်မျိုးလို့ ထင်တာပဲ..


သံယောဇဉ်ဆိုတာ ...

အဖြူစင်ဆုံး တွယ်တာခြင်း။ (ဟိ..ဟိ.. စာအုပ်ထဲက ကူးချထားတာ.. )


ဘ၀ဆိုတာ ...

Life is a journey where the destination is unknown.


သူငယ်ချင်းဆိုတာ ...

ခင်ရတဲ့သူ။


ချစ်သူဆိုတာ ...

ကိုယ်ချစ်ရတဲ့သူပေါ့။


ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် ...

လှတယ်လို့.. အဲလေ.. ဟုတ်ပါဘူး.. ကိုယ့်ကိုယ်ကိုထင်တာ ပြောပြီးသွားပြီ... သူများတွေ ဘယ်လိုထင်လဲ ပြောခဲ့နော်.. :P


ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က ...

ကိုယ့်စေတနာ ကိုယ်အကျိုးပေးတယ်။


အပြောချင်ဆုံး စကားတစ်ခွန်း ...

အခုတလော အလုပ်မအားလို့ စာမရေးဖြစ်ပါဘူး။ ဘလော့ခ်လာလည်တဲ့သူတွေကို မကြာမီ Blog Vacation ၃ လလောက်ယူပါမယ်ဆိုတာလေး ပြောချင်ပါတယ်။

စက်တင်ဘာ ၁၃၊ ၂၀၀၈။

25 comments:

Anonymous said...

မမနုစံ အသစ်မြင်လို့ ပြေးလာရတာ ဟောဟဲ ဟောဟဲ
မောလိုက်တာဗျာ။ တောင်ငူမုန့်ဟင်းခါးလေး တပွဲလောက်။
ဟီး ဟီး ဘာမှလဲ မဆိုင်ဘူးနော်။
ပင်နီအကျီင်္နဲ့ ယောထမီ၊ ယောထမီ။
ယောလုံချည်တွေက ကိုဇနိတို့အိမ်မှာ ဆိုင်ကြီးဖွင့်ထားတယ် လိုချင်ရင် မမလာလည်။
ရုံးမှာ ဘလော့ဂ်ခိုးလည်တုန်း ဂျာဂျာမိရင် လျှာလေး ထုတ်ပြလိုက်နော် မမ။
နောက်ဆုံးက blog vacation ...blog vacation ..
ခေါင်းကုပ်ပြန်သွားပြီ

Anonymous said...

မမရေ တို့ဟူးကျိုတာ လွယ်သဗျ။
အကြာကြီး မဟုတ်ဘူး။
မီးဖိုပေါ်မတင်ခင်သာ သေချာမွှေပေးထား။ လေခိုပြီး အလုံးလေးတွေဖြစ်နေတာပါ ချေထားရင် မီးဖိုပေါ်မှာ ၅ မိနစ်လောက်ပါပဲ။ ချက်ချင် ပဲရေက ပျစ်လာတာဗျ။
လုပ်စားကြည့်နော်

Anonymous said...

ရင်အခုန်ဆုံးအချိန် ...အရင်ကတော့ တူတယ် အစ်မရ နောက်ပိုင်းတော့ သူ ้ပါသာပြောချင်တာပြော လစ်တာနဲ့  ခိုးလည်နေတာမို့  အကျင့်ရသွားပြီး ရင်မခုန်တော့ဘူးးးး blog vacation တဲ့ ၃ လကြီးများတောင်.......................။

MoeYaNant said...

နုနုဆောင်ပုဒ်လေးက အရမ်းကြိုက်တယ်။ သုံးလကြီးတောင် နားမယ်ပြောထားပေးမယ့်လည်း လာကြည့်မှာပဲ။ အတိုလေးတွေ တင်ပါလားလို့ ...ဈေးဆစ်တာ :P

Anonymous said...

မနုစံ ..အတွက်

မနုစံ ဆိုတဲ့နာမည်...
ကြားဖူးနေတာကြာပြီကွယ်..

မီးမီးက အလုပ်များ...
အလည်လာမအား...

ဒါပေမယ့် မနုစံဟာ...
ပေါ်ပြူလာ ဆိုတာသိနေတာ..

မြရွက်ဝေ ဆိုတဲ့ ညီမလေး..
ခဏခဏ သတိပေး...

မနုစံက ကျမကို..
ခင်ချင်ပါတယ်ဆို...

သွားလည်ဦးမယ် စဉ်းစားမိလဲ...
မီးမီး ဘီးဇီးအမြဲ...

ဝါ၀ါဆိုတဲ့ ကျမဟာ...
သဘောကောင်းတာ အမှန်ပါ...

မယုံရင် လာလည်ကြည့်...
ဧည့်ဝတ်ကျေမယ် အဟိ... ။ :D

(ဟီးဟီး..မနုစံရေ.. လျှောက်ရေးလိုက်တာ)
ဘာမှလည်း ဆိုင်ဘူးနော်...
ပေါကြောင်း ကြွားလိုက်တာ...
ပျော်ရွှင်စွာနဲ့ ခင်မင်နိုင်ပါစေရှင်။

ခင်မင်လျှက်
ဝါ၀ါခိုင်မင်း

( ps.ဂျပန်ဘလောဂါတွေလည်း တွေ့ဆုံပျော်ရွှင်ပွဲ
လုပ်ကြရအောင်လေ..ကောင်းဘူးလား..အဆင်ပြေတဲ့
တချိန်ချိန်မှာပေါ့နော် :D )

မြရွက်ဝေ said...

"ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် ...
လှတယ်လို့.. အဲလေ.. ဟုတ်ပါဘူး.. ကိုယ့်ကိုယ်ကိုထင်တာ ပြောပြီးသွားပြီ... သူများတွေ ဘယ်လိုထင်လဲ ပြောခဲ့နော်.. :P"
ဟီး သဘောကျလို့။
ကိုယ့်အကြောင်းကိုယ်ရေးရတာ တကယ်မလွယ်ပါဘူး။ ညီမတော့ ဒီဂိမ်းကလွတ်သွားလို့ အတော်ခေါင်းအေး အဲ အတော်သက်သာရာ ရသွားတယ်။

PAUK said...

အမလေး..
အခုမှစပြီးဘလော့တွေဖတ်ပါတယ်ဆိုမှ..
မနုက ၃လနားမယ်ဆိုပဲ...
အမှန်က မနေ့ကစဖတ်တာ..
တောင်ငူမုန့်ဟင်းခါးက..စလို့ပေါ့
အလင်းညီပြောသလိုပဲ..
အတိုလေးတွေတော့ရေးပေးပါနော်..
အဟီးး
မခင်ပေမဲ့...ဈေးဆစ်ကြည့်တာ..
မဇနိကိုလည်းမနေ့ကစဖတ်ဖူးတာ..
မတန်ခူးဖက်မှာတွေ့လို့...အမတို့နာမည်တွေကို

Moe Cho Thinn said...

ပြောချင်တဲ့စကားတခွန်းကိုတော့ ကြိုက်သွားပြီ မနုစံရေ။ တို့လဲ အဲဒီလို ရေးလိုက်ရင် အကောင်းသား :)
ဟိုဟာပြောသလိုလို နဲ့ ဒီဟာကို message ပေးသွားတယ် အဟီး။

kay said...

အင်း- ဘလော့ကာ မမ တို့လည်း..ဇတ်ရုပ်တွေ ပေါ်သထက် ပေါ် လာပြီ။
အဟဲ- နူစံကတော့- နူစံရေးတဲ့စာလေး တွေ အတိုင်းပါပဲ။ ချစ်သူဘေးမှာ- စားစရာတွေ တခုပီးတခု ချက်လို့..ဂျာနယ်ကျော် မမလေး ကိုဖတ်ရင်း ( ဟင်းအိုးတူးသွားအုံးမယ်) .. ယောထမီလေး နဲ့။း)

Dr. Yi Yi Win said...

ပြီးခဲ့တဲ့နှစ်ထဲက နုစံဘလော့ကို တို့ အမှတ်အမဲ့ဝင်ကြည့်မိတော့လဲ ဒီလိုလေးပါပဲ။ ခပ်းအေးအေးစတိုင်လ်လေးနဲ့ ခင်ဖို့ ကောင်းတဲ့ညီမလေးပါပဲ။ ခုတော့ပိုသေချာသွားတာပေါ့..။ဒါနဲ့ ၃ လတောင်နားမလို့ လားကွယ်။ သုံးရက်လောက်ဆို
တော်သေးတယ်…။ ဒါနဲ့  နုစံသိချင်တဲ့ကျန်းမာရေးအကြောင်းလေးတွေ တို့ လည်းစိတ်ပါ
လက်ပါရှိတဲ့အချိန်ရေးဦးမယ်။ မရေးဖြစ်သေးလည်းကြုံရင်ဝင်ဝင်ကြည့်ပါဦး မမလေးရဲ့။

khin oo may said...

စပ်စုသွားတယ်။ သူများအကြောင်း။
သူံးလ မနားပါနဲ.ကွယ်။ ကိုယ်တို.မှာ ဆုံးရှူံးမှူတွေ ဖြစ်တယ်။
အဆင်ပြေ ချမ်းမြေ.ပါစေ။

တန်ခူး said...

နုရေ… ပူဆာတုန်းကတော့ အတင်းပူဆာပြီး ခုတော့ သူများတွေ ဖတ်ပြီးမှ လာဖတ်ဖြစ်တာ sorryနော်… ဒီတပတ် ပိတ်ရက်က အတော်ကို အလုပ်ရှုပ်တာကြောင့် ဘလော့ဂ်နားမကပ်နိုင်ဖြစ်ပြီး ခုမှ အလုပ်အား(အဲလေ… ဟုတ်ပါဘူး… ရုံးတက်နေတာ) လို့  လာဖြစ်တာ… နုစတိုင်အတိုင်း ချစ်စရာနုအကြောင်းလေးကို ဖတ်ရတာ ပိုချစ်သွားပြီ… မုန့် ဟင်းခါး၊ ဂျာနယ်ကျော်မမလေး၊ ယောထမီ ကြိုက်တာတွေတူတယ်… ဘလော့ကေးရှင်း ၃ လက မများလွန်းဘူးလားကွယ်… မရဘူး… approve မဖြစ်ဘူး… reject… ၃ ပတ်လောက်ဆို တော်ပြီလေ… ဒီမှာ လွမ်းလို့ သေလိမ့်မယ်…

ကလိုစေးထူး said...

မနုစံရဲ့ ဘလော့ကေးရှင်းကတော့ ကြာလွန်းတယ်ဗျာ။ အပြင်မှာ အလုပ်သိပ်များနေတာလား။ အဲလောက် အဆက်ပြတ်သွားရင် ပြန်ရေးတဲ့အခါကျရင် တော်တော်နဲ့ မရေးဖြစ် ဖြစ်နေလိမ့်မယ်။ ပြီးတော့ သူငယ်ချင်းတွေလဲ မျှော်နေကြမှာပေါ့။

Anonymous said...

မနုစံ ရေ..စီဘုံးမရှိလို့ ဒီမှာပဲထပ်နှုတ်ဆက်သွားပါတယ်နော်။အလည်မကြာခဏရောက်ပါတယ်ရှင်။ လင့်ခ်ထားပါတယ်နော်.ခွင့်ပြုပါ။

သက်ဝေ said...

နုရေ...
လာဖတ်ပြီးတာ ကြာလှပေါ့...။
Comment မရေးဖြစ်တာသာရှိတာ..။
နုရဲ့  အကြိုက်လေးတွေဟာ ရိုးရိုးသားသားနဲ့  ချစ်စရာ..။
၃ လ နားဖို့ ကတော့ ခွင့်မပြုနိုင်ပါ..။
တတ်နိုင်သမျှ ကြိုးစားပြီး (တိုတိုလေးတွေဘဲ ဖြစ်ဖြစ်ပေါ့) တင်စေချင်ပါတယ်။
ဒီသူငယ်ချင်းတွေကို ၃ လ ကြီးများတောင်မှ အဆက်ဖြတ် ထားနိုင်တယ်ပေါ့လေ.. ဟုတ်စ..။
သေသေချာချာ စဉ်းစားပါအုံးကွယ်...။

khin oo may said...

ကဲ ပိရသတ်မျက်နျာလဲ ထောက်ဦး။ဒါလောက် အားပေးနေကြတာ...လာလည်တာကျေးဇူးပါ..

May Moe said...

မမနုစံ ၊ အချိန်ပြည့်သွားပြီ၊ မနားနဲ့တော့ :D လည်လည်လာတာ အထူးကျေးဇူးတင်ပါတယ်

တန်ခူး said...

နုရေ… ဘာဟင်းတွေ ချက်နေလဲ လာချောင်းတာ…. စင်္ကာပူက ပို့ လိုက်တာတွေ ကုန်ပြီလား…

khin oo may said...

ရှိပါ. မမ. သိမ်းထားတယ်။ စားတာလည်းစား ချက်တာလည်းချက် ပေါ. မမရယ်။ :D
(သတိထားဦးနော်.်တို.ဆိုရင် အလှကြည်.ရင်းနဲ. မစားလိုက် ရတာ ခဏခဏဘဲ..)

PAUK said...

နုရေ...
တကယ်ကြီးအနားယူနေတာလား..
လာကြည့်တိုင်း..ပို့စ်တက်တာမတွေ့လို့...

သက်ဝေ said...

နုရေ...
သတိရနေတယ်...။
အလုပ်တွေ သိပ်များနေတာလား...။
၃ လ တော့ မနားပါနဲ့ လေ...။ လွမ်းစရာ...။

ပထမဆုံးများ အကြောင်းလေး Tag ထားတယ်..။ ပေါ့ပေါ့ပါးပါးလေးပါဘဲ...။
ရေးပေးနော်...။

ချစ်ခင်စွာဖြင့်

သက်ဝေ

Anonymous said...

နုကတော့ ဟုတ်ပါပြီ စံက ဘာကို ကိုယ်စားပြုတာလဲ။ ဂျပန် naming convension လား။ ဥပမာ မြန်မာ မှာ ဦးတို့ ကို တို့ဒေါ်တို့ လိုပေါ့။

Anonymous said...

ကျန်သေးတယ် ရွှေ ကကော ဘာကို ကိုယ်စား ပြုတာ လဲ။

nu-san said...

မဇနိ>> ညီမလေး အပြေးလာလိုက်ရလို့ မောသွားပြီ။ မုန့်ဟင်းခါး စားမလို့လား။ ရေအရင်သောက်လိုက်နော်.. အဟီး.. \~/? ကိုဇနိတို့အိမ်မှာ ဆိုင်ဖွင့်ထားတယ်လား.. အတော်ပဲ တကယ်လာလည်ရင် ကိုဇနိ လက်ဆောင်ပေးရမယ်နော်.. တို့ဖူးကျိုနည်းလေးအတွက်ပါ ကျေးဇူး ညီမလေးရေ.. မနက်ဖန် ကျိုကြည့်ရင်ကောင်းမလား စဉ်းစားနေတယ်.. :P

မောင်မျိုး>> ဟုတ်တယ် မောင်မျိုးရေ။ အမ စာမရေးဖြစ်လို့ ၃ လလောက်နားရင်ကောင်းမလားလို့ စဉ်းစားပြီး ရေးဖြစ်လိုက်တာ။ စာမရေးဖြစ်တဲ့အတူတူ လာလည်တဲ့သူတွေကို အားနာလို့ပါ။ :(

အလင်းညီ>> မရေ.. အတိုလေးတွေ တင်ချင်တာတောင် ဘာတင်ရမှန်း မသိဖြစ်နေလို့။ ၃ လကို ဈေးဆစ်ကြတယ်နော်.. စာမရေးဖြစ်တော့ အားနာလာလို့ပါ မရေ.. :)

မ၀ါဝါခိုင်မင်း>> မ၀ါရဲ့ ကဗျာလေးက ချစ်စရာလေးပဲ။ မ၀ါက ကဗျာကို ချက်ချင်းစပ်နိုင်တယ်နော်.. မရေ... ပေါ်ပြူလာ မဟုတ်ရပါဘူး။ ဟုတ်.. ဂျပန်က Blogger တွေ နဲ့ တွေ့ဆုံချင်ပါတယ် မ၀ါရေ။ လာလည်တာ ကျေးဇူးပါ အမ။ လင့်ထားတယ်ဆိုလို့ နှစ်ထပ်ကွမ်း ကျေးဇူးပေါ့ အမ။

မြရွက်ဝေ>> ကိုယ့်ညီမလေးကို သနားလို့ အလျော့ပေးလိုက်တာပါ။ အဟိ.. :P

PAUK >> ပေါက်ပြောမှ တကယ်ကို အားနာသွားတယ်။ မနေ့ကမှ စဖတ်မိတဲ့ဘလော့ခ်က ၃ လ နားမယ်ဆိုတော့လည်း ဟုတ်တာပေါ့။ တတ်နိုင်သလောက် ကြိုးစားပြီး ရေးမယ်နော်.. လာလည်တာ ကျေးဇူး ပေါက်ရေ.. အခုတော့ အသစ်တင်လိုက်ပြီနော်.. ကျေနပ်ပြီဟုတ်။ :)

မမိုးချိုသင်း>> အဟီး.. အမရေ. ပြောချင်တာကတော့ အများကြီးပဲ။ တကယ်တော့ ဘာပြောရမှန်းမသိတာနဲ့ လက်ရှိစိတ်ထဲရှိတာလေး ချရေးလိုက်တာ.. :P

မကေ>> မကေရေ.. ဇာတ်ရုပ်တွေ ပေါ်လာပြီလား.. သတိထားဦးမှ.. ဟိ..ဟိ.. မရေ.. ဂျာနယ်ကျော်မမလေး ဖတ်ရင်းနဲ့ ဟင်းမချက်တော့ မတူးဘူး အမ။ ဒါပေမယ့် ဟင်းအိုးတည်ထားရင် Blog လည်မိလို့ ၂ ခါလောက်ရှိပြီ။ ဟင်းအိုးတူးတာ.. အခုသတိထားနေရတယ်.. :D

မယုဝရီ>> မရေ.. ကျနော်မေးထားတဲ့ ကျန်းမာရေးအကြောင်းလေးကို စောင့်မျှော်နေတယ်။ အမအားမှသာ ရေးပါနော်.. အဟဲ... အမဆီလည်း လာလည်ဖြစ်ပါတယ်.. :)

မခင်ဦးမေ>> အမရဲ့ comment တွေ ဖတ်ပြီး ဒီမှာ ရီရလွန်းလို့.. မတန်ခူးကိုလည်း ၀င်ဖြေပေးထားတာ ကွက်တိပဲမို့ အမတော်တယ်လို့ ပြောနေတာ.. ပရိသတ်မျက်နှာထောက်ပါတယ် အမရယ်.. အဲဒါကြောင့် ခဏခဏ လာချောင်းနေရမှာစိုးလို့ ၃ လလောက်နားမယ်လို့ ကြိုပြောထားရတာပါ။ စာရေးကျဲလို့ အမရေ.. :D

မတန်ခူး>> သူများတွေ လာဖတ်ပြီးမှ လာဖတ်လည်း ရပါတယ် အမရေ.. ကိစ္စမရှိ။ :D မရေ.. approve ပေးပါနော်.. စာရေးကျဲလို့ ခဏ အနားယူတဲ့သဘောပါ။ အမ မလွမ်းအောင် လေနုအေးကို ခဏခဏ လာလည်မှာပေါ့နော်..။ စင်ကာပူက အစားအသောက်တွေက စားနေတုန်းပဲ... ချွေတာရေးနဲ့စားနေတယ်.. မခင်ဦးမေ ဖြေထားသလိုပဲ မရေ.. :)

ကိုကလိုစေးထူး>> Blog vacation ယူတာ ၃ လဆိုတော့ များလာဟင်.. အဟိ.. အကိုစေးထူးရေ.. အလုပ်ပြန်လာတာ နောက်ကျတော့ စာမရေးနိုင်တော့ဘူး။ အလုပ်နဲ့ ပတ်သက်တဲ့စာလည်း ကြည့်ရသေးတယ်။ ပြီးတော့ အိမ်အလုပ်လည်း လုပ်ရသေးတယ်။ သနားပါတယ်နော.်.

စာမရေးတာ ကြာရင် တော်တော်နဲ့ရေးမရဖြစ်တတ်တာ ဟုတ်တယ်နော်.. အခုတောင် ဘာရေးရမှန်း ခေါင်းက သိပ်မထွက်တော့ဘူး.. အသစ်တင်နိုင်အောင်တော့ ကြိုးစားပါ့မယ် အကိုစေးထူးရေ.. :)

မသက်ဝေ>> မရေ.. လာဖတ်ပြီး comment မရေးလည်း ရပါတယ် .. စိတ်ထဲမထားပါနဲ့။ သူငယ်ချင်းတွေကို အဆက်မဖြတ်ပါဘူး၊ စာရေးထားတာပဲ ခဏအဆက်ဖြတ်ထားမှာ။ သူငယ်ချင်းတွေအိမ်တော့ လျှောက်လည်ဖြစ်နေဦးမှာပဲ.. အခုတောင် အမ Tag ထားတာလေး ပိတ်ရက်မှာ အချိန်ယူပြီး ရေးပေးလိုက်ပါပြီနော်.. :)

မေမိုး>> မေမိုးရေ.. ကျေးဇူးတင်ဖို့မလိုပါဘူး ညီမလေးရေ.. ခဏတော့ ဆက်နားလိုက်ဦးမယ်နော်.. :D

Anonymous>> ကျမရဲ့ “နုစံ” ဆိုတဲ့ Nick Name နဲ့ ပတ်သက်ပြီး ဒီ Blog ရဲ့ ပို့စ်တခုခုမှာ ရေးဖူးပါတယ်။ လာလည်တာ ကျေးဇူးပါနော်..

Layma said...

မ.. မျက်လှည့် ကြည့်ခဲ့တာပေါ့နော်.. အချစ်ဟာ မျက်လှည့်ဆိုလို့ပါ...။ လေးမလည်း မျက်လှည့်နဲ့  တွေ့ ခဲ့တယ်..။