Showing posts with label အကြိုက်ဆုံးစာများ. Show all posts
Showing posts with label အကြိုက်ဆုံးစာများ. Show all posts

October 16, 2007

ဝန်ထမ်းနှင့် နတ်ပြည်

*”ရဝေနွယ်(အင်းမ) ရေးသားသော အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ်” မှ အကြောင်းအရာ များကို ကူးယူ ဖော်ပြပါသည်။

မြတ်စွာဘုရားလက်ထက်တော်က သူဌေးကြီးတစ်ယောက် ရှိပါတယ်။ သူက “နေ့တိုင်း ကုသိုလ်ဖြစ်စေရမယ်” လို့ အဓိဋ္ဌာန်ပြီး ရဟန်းသံဃာတော်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။

ဒီလိုနဲ့ ဆွမ်းလောင်းလှူလာလိုက်တာ ကာလတစ်ခုမှာတော့ သူတို့ ရပ်ကွက်ကို သူခိုးသူဝှက်တွေ မကြာခဏ လာလာကပ်လာပါတယ်။ ဒါကြောင့် ဇနီးလုပ်သူက အိမ်ခြံဝင်းတံခါးကို အမြဲပိတ်ခိုင်းထားလိုက်ပါတယ်။

ဒီတော့ ဆွမ်းခံကြွလာတဲ့ ရဟန်းသံဃာတော်တွေက ပိတ်ထားတဲ့ တံခါးကို ကြည့်ပြီး ပြန်လှည့်သွားကြပါတယ်။ ပထမတော့ အိမ်ရှင်သူဌေးကြီးက စီးပွားရေးအလုပ်တွေနဲ့ ရှုတ်နေတဲ့အတွက် သတိမထားမိပါဘူး။ တစ်နေ့ အလုပ်အားတဲ့ရက် သံဃာတော်တွေ ကြွမလာတာ တွေ့တာနဲ့ အိမ်ရှင်ဇနီးကို မေးကြည့်ပါတယ်။

“ရှင်မရေ အိမ်မှာ သံဃာတော်တွေကော နေ့စဉ် ဆွမ်းခံကြွရဲ့လား”
“အခုတလော မကြွဖြစ်ကြပါဘူး”
“ဟင်... ဘာဖြစ်လို့လဲ”
“အခုတလော ရပ်ကွက်မှာ သူခိုးတွေ ကပ်ကပ်နေတယ်။ ဒါကြောင့် အိမ်တံခါးကို အမြဲသော့ခတ်ထားရတယ်”
“အို... ဖြစ်မှဖြစ်ရလေ စောစောက ပြောရောပေါ့။ ဆွမ်းဒါနကုသိုလ်ကတော့ မရလို့ မဖြစ်ဘူး။ ဆွမ်းလောင်းနိုင်အောင်တော့ စီစဉ်ပေးပါဦးမယ်” အိမ်ရှင်သူဌေးကြီးက အိမ်ရှင်မကို အဲဒီလိုပြောပြီး သူနဲ့သိကျွမ်းတဲ့ လူငယ်ကောင်လေးတစ်ယောက်ဆီကို သွားပါတယ်။ လူငယ်လေးကိုတွေ့တော့ အကျိုးအကြောင်းပြောပြပြီး
“မောင်ရင်လေးရယ် ဦးတို့ တံခါးကို အထူးလုံခြုံအောင် စောင့်ပေးပါ။ ရဟန်းသံဃာတွေ ကြွလာတဲ့အခါ တံခါးဖွင့်ပေးပြီး၊ သံဃာတွေ အိမ်ထဲရောက်တဲ့အခါ တံခါးကို သေချာပြန်ပိတ်ပေးပါ။ မောင်ရင်လေး အတွက်လည်း လခ များများ ပေးပါ့မယ်” လို့ ပြောလိုက်ပါတယ်။

လူငယ်ကောင်လေးကလည်း “ကျွန်တော် ဦးတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးပါ့မယ်”လို့ ပြန်ပြောလိုက်ပါတယ်။

ဒီလိုနဲ့ လူငယ်လေးဟာ သူဌေးကြီးအိမ်မှာ တံခါးစောင့်ရာထူး ရသွားရောပဲ ဆိုပါတော့ အလုပ်ဝင်ကတည်းက လူငယ်လေးဟာ သူ့ရဲ့စိတ်ကို အထူးပဲ စောင့်ရှောက်ထားပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ကိုယ်အမူအရာတိုင်းကို သတိကပ်ထားပါတယ်။

ရဟန်းသံဃာတွေ ကြွလာလို့ တံခါးဖွင့်ရပြီ ဆိုရင် လူငယ်လေးက “ငါ့ရဲ့တံခါးဖွင့်ပေးမှုကြောင့် ရဟန်းသံဃာတော်တွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဆွမ်းခံကြွ ဘုဉ်းပေးနိုင်ပါစေ။ အိမ်ရှင် မိသားစုတွေလည်း ကုသိုလ်ဝတ်ကို စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြုနိုင်ကြပါစေ” လို့ မေတ္တာစိတ်ကလေး ညွတ်ညွတ်ပြီး ဖွင့်ပေးပါတယ်။ ဒီလိုပါပဲ တံခါးပြန်ပိတ်တဲ့ အခါမှာလည်း မေတ္တာစိတ်ကလေးကို သေချာညွတ်ပြီး ပြန်ပိတ်ပါတယ်။

သံဃာတော်တွေ အိမ်ထဲရောက်တဲ့အခါမှာလည်း ဆွမ်းစားဖို့ အတွက် ကူလုပ်ပေးပြန်ပါတယ်။ ကူလုပ်တဲ့အခါတိုင်း အလုပ်တစ်ခုလို သဘောမထားဘဲ၊ ကုသိုလ်တွေလို့ပဲ သဘောထားပြီး မေတ္တာစိတ်ကလေးကို အထူးညွတ်ညွတ်ပြီး ကူပါတယ်။ သံဃာတော်တွေ ဆွမ်းစားပြီးလို့ သရဏဂုံ သီလပေးတဲ့အခါ ၀င်ယူသလို၊ တရားဟောပြီးလို့ အလှူရှင်ဖြစ်တဲ့ အိမ်ရှင်တွေက ရေစက်ချ အမျှပေးဝေတဲ့အခါမှာလည်း စိတ်ကလေးကို အထူးပဲ သတိကပ်ပြီး ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်။

အလုပ်တိုင်းကို အလုပ်လို သဘောမထားဘဲ ကုသိုလ်တွေလိုပဲ နှလုံးသွင်းထားမိတဲ့အတွက် လုပ်နေရတဲ့အလုပ်ကို ပင်ပန်းတယ်လို့ အာရုံမပြုမိတော့သလို “ငါက ဒီအိမ်မှာ တံခါးစောင့်ရတဲ့ အနိမ့်ဆုံးရာထူးပဲ”ဆိုပြီးလည်း သိမ်ငယ်မနေတော့ပါဘူး။

ဒီလိုနဲ့ သေလွန်ကြတဲ့အခါမှာတော့ အိမ်ရှင်အမျိုးသားကြီးဟာ ယာမာနတ်ပြည်မှာ သွားဖြစ်ပါတယ်။ တံခါးစောင့် လူငယ်လေးကတော့ တာဝတိံသာနတ်ပြည်မှာ အလွန်လှတဲ့ ရွှေဗိမာန်ကြီးနဲ့ သွားဖြစ်ပါတယ်။ အလွန်လှတဲ့ နတ်သမီးတွေကလည်း တစ်ဖက်ငါးရာနဲ့ပါ။ နတ်သမီးလေးတွေက သူ့ကို ဘယ်လိုခေါ်ကြသလဲဆိုတော့ “ကိုကို တံခါးစောင့်နတ်သားလေး”တဲ့။ လူ့ပြည်က တံခါးစောင့်ဘ၀ကနေ ရောက်လာတဲ့အတွက် “ကိုကို တံခါးစောင့် နတ်သားလေး”လို့ ခေါ်ကြတာပါ။

ကျန်တဲ့ဝန်းကျင်က နတ်သားတွေကလည်း တံခါးစောင့် နတ်သားလေး လို့ပဲ ခေါ်ကြပါတယ်။ နတ်သားတစ်ဖြစ်လဲ လူငယ်ကလေးကလည်း သူ့ကို တံခါးစောင့် နတ်သားလေးလို့ ခေါ်ကြတာကို လုံးဝ စိတ်မဆိုးပါဘူး။ အဲဒီလိုခေါ်တဲ့အတွက် သူ့ကိုယ်သူ ပိုတောင် ဂုဏ်ယူပါသတဲ့။ သူ့ရဲ့သာမန် တံခါးစောင့် အလုပ်ကလေးက ဒီဘ၀ရောက်အောင် ပို့ပေးလိုက်လို့ပါတဲ့။

ဒီစာရေးနေဆဲ၊ ဒီစာဖတ်နေဆဲမှာ တံခါးစောင့် နတ်သားလေးကတော့ နတ်သမီး တစ်ဖက်ငါးရာနဲ့ တာဝတိံသာနတ်ပြည်မှာ ဒီနေ့ ဒီအချိန်ထိ ပျော်ရွှင်ဆဲ ရှိချင် ရှိနေဦးမှာပါပဲ။

***

ခန္ဓာရှိနေတဲ့အတွက် မိသားစုရှိနေတဲ့အတွက် အရွယ်ရောက်လာရင် ၀န်ထမ်းတော့ လုပ်ရမှာပါ။ ပုဂ္ဂလိက ၀န်ထမ်းပဲဖြစ်ဖြစ်၊ အစိုးရ ၀န်ထမ်းပဲဖြစ်ဖြစ် တစ်ခုခုပေါ့။

ဒီတော့ ကိုယ်က ဘယ်လို ၀န်ထမ်းပုံစံမျိုးနဲ့ ဖြတ်သန်းမလဲ။

ကိုးနာရီခွဲ ဆယ်နာရီလောက် ရုံးတက်၊ လေးနာရီခွဲလောက် ရုံးဆင်း၊ ရုံးချိန် အလုပ်အားတဲ့ အချိန်တွေမှာ စုစု, စုစုနဲ့ သူတစ်ပါးအတင်းပြော၊ ကိုယ့်ထက်သာသွားတဲ့လူကို မနာလို ဣဿာမစ္ဆရိယဖြစ်၊ ၀န်ထမ်းဘ၀ကို အဲဒီလို ပုံစံမျိုးနဲ့ ဖြတ်သန်းမလား... ?

. . . . . . . . . . . . . . . . . . . . . . . . . . . .

အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းရင်တော့ သေတဲ့အခါ အထက်မတက်ဘဲ အောက်စိုက်သွားနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သေချာပြန်ကြည့်ရင် အမြင့်မြတ်ဆုံးဖြစ်တဲ့ လူ့ဘ၀ကို ရထားတာပါ။ နိဗ္ဗာန် မရသေးရင်တောင် ဘ၀ကို အဓိပ္ပာယ်ရှိရှိလေးတော့ နေသွားဖို့ ကောင်းပါတယ်။

အဲဒီအတွက် အဓိက,ကတော့ စိတ်ကလေးပါပဲ။ ကောင်းတာပြုချင်တာလည်း ဒီစိတ်ပဲ၊ မကောင်းတာ ပြုချင်တာလည်း ဒီစိတ်ပဲ။ ဒီတော့ ကိုယ့်ရဲ့ စိတ်ကလေးကို မြင့်မြတ်တဲ့ လမ်းကြောင်းလေးပေါ်ကို တင်ပေးလိုက်ရုံပါပဲ။

အသိကောင်လေးတစ်ယောက် ရှိပါတယ်။ သူက ကုမ္ပဏီတစ်ခုမှာ လုပ်ပါတယ်။ သူက ဆောင်ပုဒ်တစ်ခုကို အသေ လက်ကိုင်ထားပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်က “ကောင်းတဲ့ စိတ်ထားရင် ကောင်းတဲ့ အကျိုးပေးမယ်၊ မကောင်းတဲ့ စိတ်ထားရင် မကောင်းတဲ့ အကျိုးပေးမယ်” ဆိုတဲ့ ဆောင်ပုဒ်ကလေးပါ။

ဒီဆောင်ပုဒ်ကလေးကို သူက တစ်နေ့ သုံးကြိမ်လောက် ရင်ထဲရောက်နေအောင် နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ အဲဒီ ဆောင်ပုဒ်ကလေးနဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ပါသတဲ့။

ဒီတော့ သူ့အနေနဲ့ ရာထူးလေးတွေ ဆင့်ကဲဆင့်ကဲ တိုးတိုးသွားခဲ့ပါတယ်။ ပြီးတော့ ကုမ္ပဏီရဲ့ စရိတ်နဲ့ပဲ အပြင်သင်တန်းတွေပါ တက်ခွင့်ရပါတယ်။

ဒါပေမယ့် သူနဲ့အတူတူ အလုပ်ဝင်ဖက်တစ်ယောက်ကတော့ သူ့အပေါ် အမြဲဝန်တိုနေပါသတဲ့။

အဲဒီဝန်တိုနေတဲ့ သူနဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဟာ ရာထူးက တိုးတိုးမလာဘဲ ဒုံရင်း ဒုံရင်းအတိုင်းပါပဲတဲ့။
ဒါကိုကြည့်ပြီး သူက ဘယ်လို ထပ်နှလုံးသွင်းပြန်သလဲဆိုတော့ “ကောင်းတဲ့ စိတ်ထားရင် ကောင်းတဲ့အကျိုးပေးတယ်၊ မကောင်းတဲ့ စိတ်ထားရင် မကောင်းတဲ့ အကျိုးပေးတယ်” လို့ နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ နှလုံးသွင်းတဲ့နေရာမှာ သူတစ်ပါး ရာထူးမတက်တာကို ၀မ်းသာစိတ်နဲ့ နှလုံးသွင်းတာမဟုတ်ဘဲ မကောင်းတဲ့ စိတ်ရဲ့ ဆိုးကျိုးကို သံဝေဂစိတ်နဲ့ နှလုံးသွင်းဆင်ခြင်တာပါတဲ့။

ကောင်လေးက သူ့ရဲ့ လက်တွေ့ ဘ၀နဲ့ အသုံးတည့်နေလို့ဆင်ခြင်နေပေမယ့် သူ ဆင်ခြင်နေတဲ့ ဆောင်ပုဒ်ကလေးက ဘယ်ပါဠိက လာတယ်ဆိုတာတော့ သူ မသိပါဘူးတဲ့။ တကယ်တော့ ပါဠိကို သိတာ မသိတာက သိပ်ပြီး အရေးမကြီးလှပါဘူး။ ကိုယ်နားလည်တဲ့ ဘာသာစကားနဲ့ ကိုယ့်ရဲ့ လက်တွေ့ဘ၀ထဲမှာ အသုံးတည့်နေရင် ပြီးတာပါပဲ။

ဒါပေမယ့် စာဖတ်သူတွေကတော့ ပါဠိလေးကို ဗဟုသုတအဖြစ် မှတ်ထားလိုက်ပါဦး။

ကုသလံ အန၀ဇ္ဇ သုခ ၀ိပါက လက္ခဏံ - ကုသိုလ်ဟာ အပြစ်ကင်းပြီး ကောင်းကျိုးကို ပေးခြင်း လက္ခဏာရှိတယ်။
အကုသလံ သာဝဇ္ဇ ဒုက္ခ ၀ိပါက လက္ခဏံ - အကုသိုလ်ဟာ အပြစ်နှင့်တကွ မကောင်းကျိုးကို ပေးခြင်း လက္ခဏာ ရှိတယ်။

ဒါက ပါဠိရှိတဲ့အတိုင်း တိုက်ရိုက် မြန်မာပြန်ပေးတာပါ။ တကယ်လို့ ကိုယ်က ပါဠိလေးပါတွဲပြီး ဆင်ခြင်ချင်တယ်ဆိုရင် ဆင်ခြင်လို့ ရအောင်ပါ။

ဘယ်လိုပဲ ဆင်ခြင် ဆင်ခြင် ကိုယ့်ရဲ့ လက်တွေ့ဘ၀ထဲမှာ အသုံးတည့်နေဖို့ပဲ အရေးကြီးပါတယ်။
ပုထုဇဉ်တစ်ယောက်မှာ သိဖို့ရယ်၊ ကျင့်ဖို့ရယ် ဆိုပြီး အဆင့် နှစ်ဆင့် ရှိပါတယ်။ ပထမ သိအောင် လေ့လာရပါမယ်၊ ဒုတိယ အသိကို အခြေခံပြီး လက်တွေ့ ကျင့်သုံးကြည့်ရပါမယ်။

ကဲ... ဥပမာပဲ ထားပါတော့။ မြန်မာ့အသံက ဆေးပညာရပ်ဆိုင်ရာ တစ်ခုကို ထုတ်လွှင့်တော့မယ် ဆိုပါစို့။ အသံလွှင့်ဖို့အတွက် တစ်ယောက်တည်း လွှင့်လို့ မရပါဘူး။ အနည်းဆုံး ၀န်ထမ်း နှစ်ဆယ်ကျော်လောက်နဲ့ လုပ်ကြရတော့မှာပါ။ အသံလွှင့်ဖို့ ဆေးပညာဆိုင်ရာ စာစုကို ကွန်ပျူတာ စာစီမယ်၊ စာစီတဲ့သူကလည်း “ငါ စီလိုက်တဲ့ စာလေးတွေ ဖတ်ပြီး ပြည်သူ ပြည်သားတွေ ဆေးပညာ ဗဟုသုတလေးတွေ ရပြီး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ” ဆိုပြီး မေတ္တာစိတ်ညွတ်ပြီး စာစီမယ်ဆိုရင် ကုသိုလ်တွေ ဖြစ်နေတာပါ။

ဒီလိုပါပဲ အသံလွှင့်ချက်ကို ဖတ်ကြားမဲ့သူ၊ အသံဖမ်းမယ့်သူ၊ စက်ကို ကြီးကြပ်မယ့်သူ၊ မီးကို ဂရုစိုက်ပြီး ကြည့်ပေးမယ့်သူ၊ အသံလွှင့်နေတုန်း ၀င်းတံခါးကို စောင့်ပေးနေမယ့်သူ စသည်ြဖင့် အများကြီးပါပဲ။

အသံလွှင့်ဖို့ စီစဉ်အားထုတ်သူ အားလုံးဟာ အလုပ်လုပ်နေကြဆဲမှာ “ငါတို့ ထုတ်လွှင့်တဲ့ ဆေးပညာ ဗဟုသုတလေးတွေကို နားထောင်ပြီး ပြည်သူ ပြည်သားတွေ ဆေးပညာ ဗဟုသုတတွေ ရကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ” လို့ မေတ္တာစိတ်ကလေး ညွတ်ပြီး လွှင့်နေရင် မေတ္တာကုသိုလ်တွေ တစ်လှေကြီး ရနေတာပါ။

ဒီလို ကောင်းတဲ့စိတ်ကလေး ဖြစ်နေတဲ့အတွက် ကောင်းကျိုးတွေကလည်း ဆင့်ကဲ ဆင့်ကဲ ဖြစ်နေမှာ ဖြစ်သလို သေလွန်တဲ့အခါမှာလည်း နတ်ပြည်မှာ နတ်သမီး တစ်ဖက် ငါးရာက အသင့် ကြိုနေဦးမှာပါ။ ကိုယ်က အမျိုးသမီးဆိုရင်လည်း နတ်သမီးလှလှလေး ဖြစ်ရဦးမှာပါ။

နောက်အကျိုးတစ်ခုကတော့ အဘိဓမ္မာသဘောတရားအရ စိတ်ဆိုတာ အာရုံနှစ်ခု ယူလို့ရတာ မဟုတ်တော့ မေတ္တာစိတ်ကလေး ဖြစ်နေတဲ့ အချိန်မှာ ၀န်ထမ်းအချင်းချင်း တစ်ဦးအပေါ် တစ်ဦး မနာလို ၀န်တိုတတ်တဲ့ ဣဿာမစ္ဆရိယစိတ်လည်း ဖြစ်မနေတော့ပါဘူး။ မကောင်းတဲ့စိတ်က ကိုယ့်သန္တာန်မှာ ရှိမနေတဲ့အတွက် နေရ ထိုင်ရ လုပ်ရ ကိုင်ရတာလည်း ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ပျော်ရွှင်နေတတ်ပါတယ်။ စိတ်ပျော်ရွှင်နေရင် အလုပ်လုပ်ရတာလည်း ပင်ပန်းတယ်လို့ မထင်တော့ပါဘူး။

အဲဒီအရသာဟာ ဘာနဲ့မှ လဲလို့ မရပါဘူး။

အလုပ်အားနေတဲ့ အချိန်လေးတွေမှာလည်း အပိုအဆစ်အနေနဲ့ ရုံးမှာ တံမြက်စည်းလှည်းနေလိုက်မယ်၊ ပြတင်းပေါက်တံခါးတွေကိုလည်း အ၀တ်စုတ်ကလေးတစ်ခုနဲ့ ဖုန်လိုက်သုတ်ပေးနေလိုက်မယ်၊ သောက်ရေအိုးတွေကို ရေဖြည့်မယ်၊ သောက်ရေခွက်ကလေးတွေကို တိုက်ချွတ် ဆေးကြောမယ်၊ အများသုံး အိမ်သာကိုလည်း သန့်ရှင်းရေး သွားလုပ်ပေးနေလိုက်မယ်ဆိုရင်လည်း ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်တွေ ရနေတာပါ။

နောက် အပိုအဆစ်တစ်ခုအနေနဲ့ ရုံးဆင်းခါနီးမှာလည်း “ဒီနေ့ ပြုသော ကုသိုလ်အဖို့ကို ဤရုံးကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်အပေါင်းအားလည်းကောင်း၊ ဤမဟာပထ၀ီမြေကြီးကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ် အပေါင်းအားလည်းကောင်း၊ အမျှ အမျှ အမျှ ပေးဝေငှပါ၏။ အမျှ အမျှ အမျှ ယူတော်မူကြပါ” လို့ နတ်ကောင်း နတ်မြတ်တွေကိုလည်း အမျှပေးဝေလိုက်ပါဦး။

တကယ်လို့ ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာနဲ့ ကြုံလာတဲ့အခါ ကိုယ်နေ့စဉ် အမျှပေးဝေခဲ့တဲ့ နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ပြီး အကူအညီတောင်းလို့လည်း ရပါတယ်။ အမျှပေးဝေထားတဲ့ နတ်ကောင်း နတ်မြတ်တွေကလည်း ကူညီ မစမှာပါ။

ရေသောက်တဲ့အခါတိုင်း “ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် ရုံးသူ ရုံးသားတွေလည်း စိတ်ကော ရုပ်ကော အေးမြကြပါစေ”လို့ မေတ္တာပို့ သောက်မယ်။ အားတဲ့အခါလေးတွေမှာလည်း မျက်လုံးလေးမှိတ်ပြီး “ဒီရုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရုံးသူ ရုံးသားအားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ အစစ အရာရာ အဆင်ပြေကြပါစေ”လို့ ကိုယ့်ရဲ့ ရုံးသူ ရုံးသားတွေကို သီးသန့် သီးခြားလေး ၀တ်တစ်ခုလိုထားပြီး မေတ္တာပို့ပေး နေလိုက်မယ်ဆိုရင်လည်း ကုသိုလ်တွေ ဖြစ်နေတာပါ။ ကိုယ်က သူတို့ရဲ့ မေတ္တာကို လိုချင်ရင် ကိုယ်က အရင်ပေးရမှာပါ။

တွေ့ကြ ဆုံကြတယ်ဆိုတာကလည်း တကယ့် ခဏလေးပါ။ တစ်သက်လုံး တွေ့မနေကြပါဘူး။ အချိန်စေ့တော့လည်း ခွဲကြရမှာပါ။ တွေ့ခိုက် ဆုံခိုက်လေးမှာ မေတ္တာနဲ့ နေကြတာတော့ အကောင်းဆုံး နေထိုင်မှုပါပဲ။

အဲဒီလိုမှ မဟုတ်ဘဲ မထားသင့်တဲ့ စိတ်တွေထားပြီး သေသွားရင် ရောက်ရမယ့် ဂတိက သိပ်ပြီး မကောင်းနိုင်ပါဘူး။

ကုသိုလ်ဆိုတာ ရှင်တစ်ထောင် ရှင်တစ်သောင်း ပြုပေးမှ၊ ကျောင်းဆောင်ကြီးတွေ ဆောက်လှူမှ ကုသိုလ် မဟုတ်ပါဘူး။ စားဝတ်နေရေး အတွက် လုပ်နေရတဲ့ အလုပ်တွေဟာလည်း စိတ်ထားတတ်ရင် ကုသိုလ်တွေပါပဲ။ ဘာမှ မခက်လှပါဘူး။ ကိုယ့်စိတ်ကလေးကို အမည်လေး ပြောင်းတပ်ပေးလိုက်ရုံပါပဲ။ စိတ်ကို စိတ်နဲ့ပဲ ပြန်ပြောင်းပေးရတာဆိုတော့ ဘာမှလည်း မပင်ပန်းပါဘူး။

အရာဝတ္ထုတော်တော်များများကို စိတ်ကပဲ နာမည်တွေ လိုက်တပ်ထားတာပါ။ စိတ်တပ်ထားတဲ့ နာမည်လေးတွေကို ကိုယ်က သတိနဲ့ပြန်ပြီး နာမည်လေး ပြန်ပြောင်းတပ်လိုက်ရုံပါပဲ။ ရုံးမှာ လုပ်နေရတဲ့ အလုပ်တွေကို ဒါတွေဟာ ကုသိုလ်တွေလို့ နာမည်ပြောင်းတပ်လိုက်ရုံပါပဲ။ မခက်ပါဘူး။

အဲဒီလိုသာ ကိုယ့်စိတ်ကလေးကို ကျင့်ကျင့်ပေးသွားရင် မကြာခင်မှာ စိတ်ထားမြင့်မြတ်တဲ့ လူသားတစ်ယောက် ဖြစ်လာမှာပါ။ စိတ်ထားမြင့်မြတ်တဲ့သူကို နေရာတိုင်းက လိုချင်ကြပါတယ်။

ဒီလိုပါပဲ။ အကျင့်ဆိုတာ ကျင့်ကျင့်ပြီး ယူသွားရတာပါပဲ။ အကျင့်ဆိုတာ ကျင့်ပါများသွားရင် အထုံ ဖြစ်သွားတတ်ပါတယ်။ အထုံဖြစ်သွားပြီဆိုရင် အထူးကြောင့်ကြစိုက်စရာ မလိုတော့ဘဲ ဘာပဲလုပ်လုပ် အလိုလို မေတ္တာစိတ်ကလေး ညွတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ မေတ္တာစိတ်ရှိနေတဲ့ သူရဲ့ မျက်နှာဟာ ကြည်ပြီး သိပ်သိသာနေတတ်ပါတယ်။ မျက်နှာကြည်နေတဲ့အတွက် မြင်ရတဲ့လူတိုင်းကလည်း အလိုလို ချစ်ပြီးသား ဖြစ်နေတတ်ပါတယ်။ သေတဲ့အခါကျရင်လည်း နတ်ပြည်ကို ရောက်ရဦးမှာပါ။

***

ကဲ... စာဖတ်သူ၊ မနက်ဖြန်ကစပြီး ရုံးတက်ရင် ဘာပဲလုပ်လုပ် မေတ္တာစိတ်ကလေး ညွတ်ပြီး လုပ်တော့နော်။ ရာထူးတွေ မြန်မြန်တိုးပြီး လူချစ် လူခင်များသွားအောင်လို့ပါ။ ပြီးတော့ သေတဲ့အခါမှာလည်း တာဝတိံသာနတ်ပြည်မှာ ............... လို့ပါ။

ကျမ်းကိုး
(၁) ၀ိမာန၀တ္ထု အဋ္ဌကထာ
ဒွါရပါလက ၀ိမာန၀တ္ထု။
(၂) ၀ိမာန၀တ္ထုတော်ကြီး၊
မြို့မိဆရာတော်။

မြန်မာ့အသံ နှစ်(၆၀) ပြည့် မဂ္ဂဇင်း
၂၀၀၆။


မှတ်ချက် - ဤစာအုပ်ကို ကြိုက်နှစ်သက်သောကြောင့် ကျမ၏ Blog
တွင် ကူးယူဖော်ပြပါသည်။

အောက်တိုဘာ ၁၆၊ ၂၀၀၇။

September 10, 2007

ရိက္ခာနှင့်သိက္ခာ

*”ရဝေနွယ်(အင်းမ) ရေးသားသော အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ်” မှ အကြောင်းအရာ များကို ကူးယူ ဖော်ပြပါသည်။

ရွှေကျင်ဆရာတော်ဆိုတာ ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီး လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော် ဘုရားပါ။ ရွှေကျင်ဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ဆရာတော်ဘုရားလည်း ဖြစ်ပါတယ်။ ရွှေဘိုမြို့နယ်အတွင်း ရွှေကျင်ရွာဇာတိဖြစ်လို့ ရွှေကျင်ဆရာတော်လို့ ခေါ်ကြတာပါ။ ပဲခူးတိုင်း ရွှေကျင်မြို့က ရွှေကျင်မဟုတ်ပါဘူး။

ဆရာတော်ဘုရားရဲ့ ဘ၀သမိုင်းကို ကြည့်ရင် အကြည်ညိုရဆုံး တွေ့ရတာက ၀ိနည်း ကိုယ်ကျင့်သိက္ခာကို အထူးလေးစားစောင့်ထိန်းတာပါပဲ။ ဆရာတော် ၀ိနည်း ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းပုံကတော့ သာသနာဝင်မှာ စာတင်ရတဲ့ အထိပါပဲ။

ဒီဆောင်းပါးမှာတော့ ဆရာတော်ရဲ့ ၀ိနည်း ကိုယ်ကျင့်သိက္ခာပိုင်းလေးတွေကိုပဲ အဓိကထား ရေးသွားချင်ပါတယ်။

ရဟန်းတော်တွေဟာ မိဘဆွေမျိုးအရင်း မဟုတ်ရင်ဘဲဖြစ်ဖြစ်၊ ဖိတ်မထားရင်ဘဲဖြစ်ဖြစ် ဒကာ၊ ဒကာမတွေဆီမှာ အလှူခံခွင့်၊ တောင်းခံခွင့် မရှိပါဘူး။ တကယ်လို့ အလှူခံဖြစ်မယ်၊ တောင်းခံဖြစ်မယ်ဆိုရင် အညာတက ၀ိညတ္တိသိက္ခာပုဒ်အရ နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါတယ်။

ရွှေကျင်ဆရာတော်ဘုရား ငယ်စဉ်က ဆရာတော်က ဒီသိက္ခာပုဒ်ကို အာရုံပြုပြီး ပစ္စည်းလိုအပ်ရင် အမေဆီကိုပဲ တောင်းပါတယ်၊ အဖေဆီကို လုံးဝမတောင်းပါဘူး။

အမေနဲ့ အဖေမှာ အမေကတော့ ကိုယ်တိုင်မွေးတာဆိုတော့ အမေစစ်တာ ကျိန်းသေပါတယ်။ အဖေစစ်ဖို့ကျတော့ မကျိန်းသေတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ အမေလုပ်တဲ့သူက လော်မာခဲ့ရင် အဖေ လုံးဝ မစစ်နိုင်တော့ပါဘူး။ အဖေမစစ်ရင် ဆွေမျိုးမတော်တဲ့အတွက် မတောင်းကောင်းတော့ပါဘူး။ တောင်းရင် အာပတ်သင့်တော့မှာပါ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆရာတော်ဘုရားက ဆွေမျိုးကျိန်းသေစစ်တဲ့ အမေဆီကိုပဲ တောင်းတာပါ။

အဖေစစ် မစစ် သံသယဖြစ်ပြီး အဖေကို မတောင်းတော့ အဖေလုပ်သူ ဒကာကြီးက ရယ်ရအခက်၊ ငိုရအခက် ဖြစ်ပုံရပါတယ်။ ဒီတော့ အဖေလုပ်သူ ဒကာကြီးက -

“မောင်ပဉ္စင်းရယ် ... အဖေစစ် မစစ် သံသယဖြစ်နေရင် မောင်ပဉ္စင်း ဒကာမကြီးကိုသာ မေးကြည့်ပါတော့။ ဒီလိုမျိုး သံသယဖြစ်ရတယ်လို့ တပည့်တော်တော့ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးဘူး” လို့ လျှောက်ထားလိုက်ပါတယ်။

တစ်ခါမှာလည်း မင်းတုန်းမင်းတရားကြီးက ရွှေကျင်ဆရာတော် အပါအ၀င် ဆရာတော်တချို့ကို မြောက်ဥယျာဉ်တော်ကို ပင့်ပါတယ်။ ဆရာတော်တွေ မြောက်ဥယျာဉ်ကို ရောက်လာပေမယ့် မင်းတုန်းမင်းကြီးကတော့ ရောက်မလာသေးပါဘူး။ ဒါကြောင့် ဆရာတော်တွေက ဥယျာဉ်တော်အတွင်း အညောင်းပြေ လှည့်လည်ကြည့်ရှု တော်မူကြပါတယ်။

ရွှေကျင်ဆရာတော်ဘုရားလည်း နေရာကထပြီး လျှောက်ရင်း သစ်ပင်တစ်ပင်အောက်အရောက်မှာ သစ်ကိုင်းတစ်ကိုင်းကို လှမ်းကိုင်ပြီး ရပ်နေလိုက်ပါတယ်။

ရွှေကျင်ဆရာတော် သစ်ကိုင်းကို ကိုင်ထားဆဲမှာပဲ မင်းတုန်းမင်းကြီးက ရောက်လာပါတယ်။ ဒါပေမယ့် ရွှေကျင်ဆရာတော်က ကိုင်ထားတဲ့သစ်ကိုင်းကို လုံးဝ မလွှတ်ပါဘူး။ ကိုင်မြဲတိုင်းပဲ ကိုင်ထားပါတယ်။ လက်တစ်ဖက် မြှောက်ထားတာဆိုတော့ ချိုင်း (ဂျိုင်း) မွှေးတွေက အထင်းသား ပေါ်နေပါတယ်။ ပေါ်နေပေမယ့် ဆရာတော်က လက်ကို လုံးဝ ပြန်မရုပ်ပါဘူး။

ဒီတော့ ဆရာတော်တစ်ပါးက ဘယ်လိုပြောသလဲဆိုတော့ “ရွှေကျင်ဆရာတော်က မင်းတုန်းမင်းကြီးကို ချိုင်း (ဂျိုင်း) မွှေးတွေ လှစ်ပြလိုက်တာလား” လို့ ပြောလိုက်ပါတယ်။

တကယ်တော့ ရွှေကျင်ဆရာတော်က မဟာနိဒ္ဒေသပါဠိတော်လာ ကြည်ညိုမှုကို ရှေးရှုပြီး ဣရိယာပုထ်ကိုပြုပြင်ခြင်း ကုဟနပုဂ္ဂိုလ် မဖြစ်အောင် နေမြဲအတိုင်း နေလိုက်တာပါ။ လာဘ်လာဘကို တောင့်တပြီး သူတစ်ပါး ကြည်ညိုအောင် ဣရိယာပုထ်ကို ပြုပြင်ရင် ကောက်ကျစ်စဉ်းလဲတဲ့ ကုဟနပုဂ္ဂိုလ်ဖြစ်ပါတယ်။

ကုဟန ကောက်ကျစ်စဉ်းလဲလို့ရတဲ့ ပစ္စည်းဟာလည်း သမ္မာအာဇီဝနဲ့ရတဲ့ ပစ္စည်းမဟုတ်တော့ပါဘူး။ ရတဲ့ ပစ္စည်းကို သုံးခဲ့ရင် အာဇီဝ ပါရိသုဒ္ဓိသီလ ပျက်ပါတယ်။ ဒါကိုတွေးပြီး ဆရာတော်က ဣရိယာပုထ်ကို မပြင်ဘဲ နေလိုက်တာပါ။

မင်းတုန်းမင်းကြီးဟာ ရွှေကျင်ဆရာတော်ဘုရားကြီးကို အတော်ကြည်ညိုတာပါ။ ဒါပေမယ့် ဆရာတော်က ရာဇ၀လ္လဘအဖြစ်ကို အထူးပဲ ရှောင်ရှားစောင့်စည်းပါတယ်။ ရာဇ၀လ္လဘဆိုတာ မင်းနှင့်ကျွမ်းဝင်သူလို့ အဓိပ္ပာယ် ရပါတယ်။ သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်ဘုရားကြီးတွေဟာ ရာဇ၀လ္လဘကို အပြစ်တစ်ခုလို သဘောထားပြီး ဝေးဝေးက ရှောင်ရှားလေ့ရှိကြပါတယ်။

တစ်ခါမှာလည်း မင်းတုန်းမင်းကြီးက အမတ်တစ်ယောက်ကို လွှတ်ပြီး ရွှေကျင်ဆရာတော်ဘုရားထံ ဆွမ်းစား ပင့်ခိုင်းလိုက်ပါတယ်။

ဆွမ်းစားပင့်သူအမတ် ဆရာတော်ဘုရားဆီ ရောက်တဲ့အချိန်မှာ ဆရာတော်က သင်္ကန်းရုံနေပါပြီ။ ဒါကြောင့် ပင့်သူအမတ်ကလည်း “ဆရာတော်ဘုရား ရေမြေ့ရှင် မင်းတရားကြီးက နန်းတော်ကို ဆွမ်းစားကြွဖို့ ပင့်ခိုင်းလိုက်ပါတယ် ဘုရား”လို့ ကဗျာကယာ လျှောက်လိုက်ရပါတယ်။ ရွှေကျင် ဆရာတော်ဘုရားက ဘာမှပြန်မပြောပါဘူး။ သင်္ကန်းရုံပြီးတော့ သပိတ်လွယ်ပြီး ကျောင်းပေါ်က ဆင်းသွားပါတယ်။

လာပင့်သူအမတ်ကလည်း နောက်ကနေ အသာလိုက်ကြည့်တော့ မန္တလေးတောင်ခြေက အဖိုးအို အဖွားအို နှစ်ယောက်ရဲ့ တဲထဲကို ကြွသွားတာ တွေ့လိုက်ရပါတယ်။

အမတ်လုပ်သူလည်း ပြန်လာပြီး မင်းတုန်းမင်းကြီးကို အကျိုးအကြောင်း ပြန်ပြောရပါတော့တယ်။

ရွှေကျင်ဆရာတော်ဘုရားဟာ ရာဇ၀လ္လဘအဖြစ်ကို အထူးရှောင်ရှားတယ်ဆိုပေမယ့် တကယ် လိုအပ်လာတဲ့အခါမျိုးမှာတော့ မင်းတုန်းမင်းကြီးကို တကူးတက သွားတွေ့ပါတယ်။

တစ်ခါမှာတော့ ထန်းပင်ရင်းတိုက်နေ ကသာစား မင်းသားလေးရဲ့ အင်္ကျီကို တစ်ခြားတစ်ယောက်က ၀တ်သွားတဲ့အတွက် ဒါကို အခြေခံပြီး မလိုသူတွေက ပုန်ကန်ခြားနားလိမ့်မယ်ဆိုပြီး ကုန်းတိုက်စကား ပြောကြပါတယ်။ ဒီတော့ ထန်းပင်ရင်းတိုက်သား ဦးဓမ္မသာမိ အပါအ၀င် ဘုန်းကြီးသုံးပါးကို ကြံရာပါဆိုပြီး ဖမ်းလိုက်ကြပါတယ်။ ပြီးတော့ နံနက် (၁၀)နာရီမှာ ကွက်မျက်ဖို့လည်း တစ်ခါတည်း အမိန့်ချလိုက်ပါတယ်။

ဒီတော့ မတ္တရာဆရာတော်၊ မင်းတဲဆရာတော်၊ မန္တလာဆရာတော် တို့က “မောင်ရွှေကျင်ဆီသွားပါဟ”ဆိုပြီး ဘုန်းကြီး မဉ္ဇူကို လွှတ်လိုက်ပါတယ်။

ဘုန်းကြီးမဉ္ဇူက ရွှေကျင်ဆရာတော်ရဲ့တူ ကိုရင်ရာဓကို ခေါ်ပြီး ညတွင်းချင်းပဲ ရွှေကျင်ဆရာတော်ဆီ သွားပါတယ်၊ ရွှေကျင်ဆရာတော်ဆီ ရောက်ချိန်မှာ ည (၁၀)နာရီ ထိုးနေပါပြီ။

ရွှေကျင်ဆရာတော်ကို ဖြစ်စဉ်လျှောက်ပြတော့ “အင်း... အင်း ကိုယ်ကျိုးနဲလို့၊ ကိုယ်ကျိုးနဲလို့၊ ဖြစ်မှ ဖြစ်ရပလေ၊ ပြောတော့ သာသနာ့ ဒါယကာ၊ သာသနာ့ ဒါယကာနဲ့၊ သံဃာတွေသတ်ပစ်ရင် ရာဇ၀င်ရိုင်းတော့ မှာပဲ။ ကိုင်း ... ခုတော့ မိုးချုပ်ပြီ၊ ပြန်ကြဦး။ မနက်မှ ကြွခဲ့မယ်”လို့ မိန့်လိုက်ပါတယ်။

မနက်စောစောရောက်တော့ ရွှေကျင်ဆရာတော်ဘုရားက နန်းတော်ကို ကြွပြီး ဘုန်းကြီးသုံးပါးကို လွှတ်စေပါတယ်။ ပြီးတော့ မင်းတုန်းမင်းကြီးကိုလည်း မြည်တွန် ဆုံးမပြီး သြ၀ါဒ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရိက္ခာထက် ကိုယ်ကျင့်တရားကိုပဲ တစ်သက်လုံး ငဲ့ခဲ့တဲ့ ဆရာတော်ဘုရားရဲ့ ပုံရိပ်တွေကို ဖျက်လို့မရတဲ့ အက္ခရာတွေနဲ့ သမိုင်းမှာ ကမ္ပည်းထိုးထားကြပါတယ်။ သာသနာတည်နေသရွေ့ ဒီကမ္ပည်း အက္ခရာတွေဟာ ဘယ်တော့မှ ပျက်သွားမှာ မဟုတ်တော့ပါဘူး။

သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်တွေဟာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ပြီး၊ ရှောင်သင့် ရှောင်ထိုက်တာကို ရှောင်ရှားလေ့ရှိပါတယ်။

******

စဇေဓနံ အင်္ဂ၀ရဿ ဟေတု၊
အင်္ဂံ စဇေ ဇီဝိတံ ရက္ခမာနော။
အင်္ဂံဓနံ ဇီဝိတဉ္စာပိ သဗ္ဗံ၊
စဇေ နရော ဓမ္မမနုဿရန္တော။


ဒီဂါထာလေးက ငါးရာ့ငါးဆယ် မဟာသုတသောမ ဇာတ်ကလာတဲ့ ဂါထာလေးပါ။ စွန့်ရမယ့်အရာ အဆင့်ဆင့်ကို ပြထားတာပါ။

ပထမအဆင့်က လက်ခြေစတဲ့ အင်္ဂါနဲ့ ပစ္စည်းဝတ္ထု နှစ်ခုထဲက တစ်ခုခုကို စွန့်ဖို့ကြုံလာရင် ပစ္စည်းဝတ္ထု ကို စွန့်လိုက်ပါတဲ့။

ဥပမာ လမ်းမှာ လူဆိုး ဓားပြတွေနဲ့ တွေ့တဲ့အခါ ခန္ဓာကိုယ်ကို အနာမခံပါနဲ့။ ပစ္စည်းဝတ္ထုကို စွန့်လိုက်ဖို့ပါ။ ပစ္စည်းဝတ္ထုဆိုတာ အချိန်မရွေး ပြန်ရှာလို့ ရပါတယ်။

ဒုတိယအဆင့်က အသက်နဲ့ လက်ခြေစတဲ့ အင်္ဂါ တစ်ခုခု စွန့်ဖို့ ကြုံလာရင် လက်ခြေကို စွန့်လိုက်ပါတဲ့။

ဥပမာ ရောဂါ တစ်ခုခုဖြစ်လို့ ဆေးရုံတက်ရတဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဟာ ပျက်စီးနေတဲ့အတွက် စွန့်ဖို့ကြုံလာရင် အသက်ကိုငဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းကို စွန့်ရပါမယ်။

တတိယအဆင့်က ကိုယ်ကျင့်သိက္ခာပျက်စီးဖို့ အခွင့်ကြုံလာရင် ပစ္စည်းဥစ္စာ အင်္ဂါခြေလက် အားလုံး စွန့်လိုက်ပါ။ ကိုယ်ကျင့်သိက္ခာကိုတော့ လုံးဝ မစွန့်ပါနဲ့တဲ့။ လူတွေ ပြောပြောနေကြတဲ့ သိက္ခာကို ရိက္ခာနဲ့ မလဲဘူးဆိုတာ ဒီကလာတာပါ။

လောကကြီးမှာ မက်မောစရာ အာရုံတွေက အများကြီးဆိုတော့ ကိုယ်ကျင့်သိက္ခာကို မက်ပြီး အာရုံနောက်ကို လိုက်သွားမိတတ်ကြတာပါ။

ဆန်တစ်အိတ်၊ ဆီတစ်ပုံးနဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။ ပုဆိုးတစ်ထည် လုံချည်တစ်ထည်နဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။ နာမည်တစ်လုံးအတွက်နဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။ ငွေတစ်ထောင် တစ်သောင်း တစ်သိန်းနဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့် သိက္ခာကို လဲလိုက်ကြတာပါပဲ။

အဲဒီလိုလူမျိုးဟာ လူကမသေသေးပေမယ့် ကိုယ်ကျင့်တရားကတော့ သေသွားပါပြီ။ ကိုယ်ကျင့်တရားသေနေတဲ့ လူတစ်ယောက်ကို သူ့ရဲ့ ၀တ္ထု ပစ္စည်းအရှိန်တွေကြောင့် အပြင်ပန်းက ပြုံးပြဆက်ဆံနေရပေမယ့် “ရိက္ခာနဲ့ သိက္ခာလဲသူကြီး၊ ကိုယ်ကျင့်တရားသေနေသူကြီး၊ ဘုရားအလိုတိုင်း မနေတဲ့သူကြီးရယ်”လို့ ရင်ထဲကတော့ ပြောနေကြမှာပါ။

ကိုယ်ကျင့်သိက္ခာနဲ့ လဲပြီး ရတဲ့ ပစ္စည်းတွေဟာ အပူစာတွေပါ။ ကိုယ့်ကံ၊ ကိုယ့်ဉာဏ်၊ ကိုယ့်ချွေး၊ ကိုယ့်သွေးနဲ့ ရင်းပြီး ရတဲ့ပစ္စည်း မဟုတ်တဲ့အတွက် ငြိမ်းချမ်းတဲ့ဘ၀ကို ဘယ်တော့မှ မရနိုင်ပါဘူး။ တစ်မျိုးမဟုတ် တစ်မျိုး လိုအပ်ချက်တွေနဲ့ ပူလောင်နေရမှာပါ။

မြတ်စွာဘုရားက ကိုယ်ကျင့်သိက္ခာနဲ့ အသက်ယှဉ်လာရင်တောင် အသက်ကို စွန့်ရမယ်။ ကိုယ်ကျင့်သိက္ခာကို ဘယ်တော့မှ မစွန့်ရဘူးလို့ ဟောထားတာဆိုတော့ ပစ္စည်းဝတ္ထုဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး။

ဗုဒ္ဓဘာသာမဟုတ်ပေမယ့် ဗုဒ္ဓရဲ့ အဆုံးအမကို မခံယူဖူးပေမယ့် ကမ္ဘာ့ရာဇ၀င်မှာ ကိုယ်ကျင့်သိက္ခာနဲ့ အသက်နဲ့ ယှဉ်လာရင် အသက်ကိုပဲ စွန့်သွားကြတဲ့ သာဓကတွေ အများကြီးပါ။

ကိုယ်ကျင့်သိက္ခာနဲ့ အသက်ကို လဲသွားတဲ့သူတွေကို နောင်ကျန်ခဲ့တဲ့ မျိုးဆက်တွေက အဆင့်ဆင့်လေးစားနေရဆဲပါ။ သမိုင်းစာမျက်နှာတွေမှာလည်း လက်ဆင့်ကမ်း ကမ္ပည်းထိုးလာခဲ့ကြတာ ဒီနေ့အထိပါပဲ။

ဒီလိုပါပဲ။ ကိုယ်ကျင့်သိက္ခာကို စွန့်ပြီး ပစ္စည်းဝတ္ထုတွေနောက် လိုက်သွားတဲ့သူတွေကိုလည်း သမိုင်းစာမျက်နှာမှာ ကမ္ပည်းတင်ထားကြပါတယ်။

“သေသွားတော့လည်း သိတော့တာမှ မဟုတ်တာ၊ သမိုင်းတွေ၊ ရာဇ၀င်တွေ၊ ကမ္ပည်းတွေ လာပြောမနေစမ်းပါနဲ့။ လက်ရှိပစ္စုပ္ပန်မှာပဲ ကောင်းကောင်းခံစားဖို့ပဲ အရေးကြီးတယ်”လို့ ပြောလာမယ်ဆိုရင်လည်း ကိုယ့်လုပ်ပိုင်ခွင့်နဲ့ ကိုယ်ပါပဲ။ ဒါပေမယ့် လုပ်ပိုင်ခွင့်ရဲ့ နောက်မှာ ကိုယ်ဉာဏ်မမီတဲ့ နောက်ဆက်တွဲအရာတွေ အများကြီး ရှိတယ်ဆိုတာရယ်၊ မြတ်စွာဘုရားအလိုကျ မဟုတ်ဘူးဆိုတာရယ်လေးကိုတော့ သိထားသင့်ပါတယ်။

အမြင့်ဆုံးဖြစ်တဲ့ အသက်အထိ တင်ပြောနေရပေမယ့် အသက်နဲ့ ယှဉ်ပြီး ဖြစ်ရတဲ့ အဆင့်အထိတော့ ဖြစ်ခဲကြပါတယ်။ အဖြစ်များနေကြတာက ပစ္စည်းဝတ္ထုတွေနဲ့ ရင်ဆိုင် ရင်ဆိုင်နေကြရတာပါ။ ပစ္စည်းဝတ္ထုနဲ့တင် ကိုယ်ကျင့်သိက္ခာကို စွန့်စွန့်နေကြတော့ တကယ်တမ်း အသက်နဲ့ယှဉ်လာရင်တောင် ချစ်တဲ့အသက်ကလေးကို စောင့်ရှောက်လိုက်တော့မှာပါ။

ရခဲလှတဲ့ လူ့ဘ၀ရခိုက်လေးမှာ ရပ်တည်ချက် မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ပစ္စည်းဝတ္ထုတွေကြောင့် ရပ်တည်ချက် ယိမ်းယိုင်ပြီး တောင်တောင်အီအီတွေပြော၊ တောင်တောင်အီအီတွေရေး၊ တောင်တောင်အီအီတွေ လုပ်နေမယ်ဆိုရင် ဘ၀ရဲ့ ကာလတစ်ခုမှာ ဓမ္မရဲ့ ဒဏ်ခတ်ခြင်းကို ခံရပါလိမ့်မယ်။ ဘာပဲပြောပြော ကိုယ့်ရဲ့ ရပ်တည်ချက်ဟာ အများအကျိုးရှိမှုကိုတော့ ရှေ့ရှုဦးတည်နေရပါမယ်။

တကယ်သေချာစဉ်းစားကြည့်ရင် ရခဲလှတဲ့ လူ့ဘ၀ကို ရထားတာပါ။ ရခဲတဲ့ လူ့ဘ၀ကို ရခိုက်လေးမှာ တကယ်လုပ်ရမယ့် အလုပ်ကို လုပ်မိလိုက်ဖို့ အရေးကြီးပါတယ်။ လူတစ်ယောက်မှာ အရေးအကြီးဆုံး တကယ်လုပ်ရမယ့် အလုပ်က ၀ိပဿနာတရား အားထုတ်ခြင်းပါပဲ။

ဝိပဿနာတရားကို တကယ်အားထုတ်လိုက်ရင် ကိုယ်တစ်ချိန်က အထင်ကြီးခဲ့တဲ့ ပစ္စည်းဝတ္ထုတွေဟာ အလကားဖြစ်သွားပါပြီ။ ပုထုဇဉ်ပီပီ ရှေ့မှာ မသိလို့ မေ့လို့ မှားခဲ့တာတွေတော့ ထားလိုက်ပါတော့။ တရားဆိုတာ နောက်ကျတယ်မရှိပါဘူး။ သိလိုက်တဲ့အချိန်ဟာ အဖိုးတန်ဆုံး အချိန်ပါ။ သိတာနဲ့ ကျင့်ပစ်လိုက်ဖို့ပါ။

ဝိပဿနာတရားသာ အားထုတ်ပစ်လိုက်စမ်းပါ။ အားထုတ်ရင်းနဲ့ပဲ ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတာ အသိဉာဏ်ထဲမှာ အလိုလိုပေါ်လာပါလိမ့်မယ်။ တကယ်တော့ သံသရာနဲ့ ချီပြောရင် ကိုယ်မခံစားဖူးတဲ့ စည်းစိမ်ဆိုတာ မရှိပါဘူး။ စကြ၀တေးမင်းစည်းစိမ်လည်း ခံစားဖူးတာပဲ။ ဘုရင့်စည်းစိမ်လည်း ခံစားဖူးတာပဲ။ မိဖုရားကြီးစည်းစိမ်လည်း ခံစားဖူးတာပဲ။ သူဌေးကြီး စည်းစိမ်လည်း ခံစားဖူးတာပဲ။ ဖြစ်ခဲ့တဲ့ဘ၀တွေကို မမှတ်မိတော့လို့သာပါ။

ဘာပဲပြောပြော လူ့ဘ၀ကို တကယ် ရ ထားတာပါ။ တကယ် ရ ထားခိုက်မှာ တကယ်လုပ်ရမယ့် အလုပ်ကလေးကို လုပ်ဖြစ်လိုက်ဖို့ပါပဲလေ။

ကျမ်းကိုး -

၁။ ရွှေကျင်နိကာယ သာသနာဝင်
ရွှေဟင်္သာဆရာတော် အရှင်ပဏ္ဍိတထေရ်။

၂။ ရွှေကျင်ဆရာတော်
ဦးမာနီတသိရီဘိဝံသ

အလင်းတန်းဂျာနယ်
၁၅.၈.၂၀၀၅။


မှတ်ချက် - ဤစာအုပ်ကို ကြိုက်နှစ်သက်သောကြောင့် ကျမ၏ Blog
တွင် ကူးယူဖော်ပြပါသည်။


စက်တင်ဘာလ ၁၀၊ ၂၀၀၇။

August 30, 2007

လူတော်နှင့်လူကောင်း

*”ရဝေနွယ်(အင်းမ) ရေးသားသော အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ်” မှ အကြောင်းအရာ များကို ကူးယူ ဖော်ပြပါသည်။

မြတ်စွာဘုရားရှင်လက်ထက်တော်က ဧကူဒါနလို့ အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဧကူဒါနကို ပုဒ်ခွဲရင် ဧက-ဥဒါနပါ။ အဓိပ္ပါယ်ကတော့ ဥဒါန်းဂါထာ တစ်ပုဒ်ပဲရပြီး အဲဒီဂါထာတစ်ပုဒ်ကိုပဲ အမြဲရွတ်ဆိုလေ့ရှိသူလို့ အဓိပ္ပါယ်ရပါတယ်။

ဒါပေမယ့် ဧကူဒါနမထေရ်ဟာ ဂါထာတစ်ပုဒ်ပဲ ရပေမယ့် အဲဒီ ဂါထာတစ်ပုဒ်က ပြောတဲ့အတိုင်း လိုက်နာကျင့်ကြံတဲ့သူပါ။ နည်းနည်းသိပေမယ့် သိသလောက်လေးကိုပဲ အတိအကျ လိုက်နာကျင့်သုံးသူပါ။ အဲဒီလို အသိနဲ့အကျင့် ထပ်တူကျသွားလို့လည်း မကြာခင်ကာလမှာဘဲ ရဟန္တာမထေရ်တစ်ပါး ဖြစ်သွားခဲ့ရပါတယ်။

ဧကူဒါနမထေရ်ဟာ တောထဲမှာ တစ်ပါးထဲပဲနေပြီး သူရတဲ့ ဂါထာလေးတစ်ပုဒ်ကိုပဲ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ရွတ်ဆိုဟောပြောလေ့ရှိပါတယ်။ ဧကူဒါနမထေရ်က ဂါထာလေးကို မရွတ်ခင် တောထဲမှာနေကြတဲ့ နတ်အားလုံးကိုလည်း တရားနာဖို့ အမြဲဖိတ်ခေါ်လေ့ရှိပါတယ်။ ဧကူဒါနမထေရ် ဂါထာလေးရွတ်ပြီးလို့ ဆုံးတာနဲ့ တောထဲမှာနေကြတဲ့ နတ်အားလုံးက ၀ိုင်းပြီး သာဓုခေါ်ကြပါတယ်။ နတ်တွေရဲ့ သာဓုခေါ်သံဟာ တစ်တောလုံး ဟိန်းထွက်သွားလေ့ ရှိပါတယ်။

ဒီအစီအစဉ်လေးဟာ ဥပုသ်နေ့တိုင်း ပြုမူနေကျ အစီအစဉ်လေးပါ။

ဧကူဒါနမထေရ် အမြဲရွတ်လေ့ရှိတဲ့ ဂါထာလေးကိုလည်း ဗဟုသုတအဖြစ် မှတ်ထားလိုက်ပါဦး။

အဓိစေတသော အပ္ပမဇ္ဇတော၊
မုနိနော မောနပထေသုသိက္ခတော။
သောကာ နဘ၀န္တိ တာဒိနော၊
ဥပသန္တဿ သဒါ သတီမတော။

ဒီလိုနဲ့ တစ်နေ့မှာတော့ ပိဋကသုံးပုံဆောင်တဲ့ ဆရာတော်နှစ်ပါးဟာ တပည့်အခြံအရံငါးရာစီနဲ့ ဧကူဒါနမထေရ်ရဲ့နေရာ တောထဲကို ရောက်လာကြပါတယ်။

တိပိဋက ဆရာတော်နှစ်ပါး ကြွလာတော့ ဧကူဒါနမထေရ်က တော်တော်လေး ၀မ်းမြောက်သွားပါတယ်။ နေရာထိုင်ခင်းပေးပြီး ဧကူဒါနမထေရ်က ဘာစလျှောက်သလဲဆိုတော့-

“အရှင်ဘုရားတို့ ... တပည့်တော်ကို တရားဟောပါဦးဘုရား၊ တပည့်တော် တရားနာချင်လို့ပါဘုရား” လို့ လျှောက်ထားလိုက်ပါတယ်။

တိပိဋက ဆရာတော်နှစ်ပါးက “တရားနာမယ့်သူက အရှင်ဘုရား တစ်ပါးပဲလား”လို့ ပြန်မေးလိုက်ပါတယ်။

ဧကူဒါနမထေရ်ကလည်း “တပည့်တော် တစ်ပါးတည်း မဟုတ်ပါဘူးဘုရား၊ တောထဲက နတ်တွေလည်း လာနာလေ့ရှိပါတယ်ဘုရား၊ တရားဆုံးရင် သူတို့က သာဓုခေါ်လေ့ရှိပါတယ် ဘုရား” လို့ ပြန်ဖြေလိုက်ရပါတယ်။

ဒီလိုနဲ့ တိပိဋကဆရာတော်နှစ်ပါး တစ်လှည့်စီ တရားဟောရော ဆိုပါတော့။

တိပိဋကဆရာတော်နှစ်ပါးက ပိဋကသုံးပုံထဲက တကယ့်အနှစ်တွေကို ရွေးပြီး ဟောပြောကြပါတယ်။ ဒါပေမယ့် တရားသာဆုံးသွားတယ်၊ ဘယ်နတ်ကမှ သာဓုမခေါ်ပါဘူး။

ဒီတော့ တိပိဋကဆရာတော်နှစ်ပါးက မေးခွန်းထုတ်ပါတော့တယ်။

“အရှင်ဘုရားပြောတော့ နတ်တွေက သာဓုခေါ်တယ်ဆို၊ အခုဘာသံမှ မကြားရပါလား၊ တပည့်တော်တို့မှာ ဟောလိုက်ရတာ ဖတ်ဖတ်ကို မောရော”

“တပည့်တော်ဟောရင်တော့ အမြဲသာဓုခေါ်လေ့ ရှိတယ်ဘုရား”

“ဒါဆို အရှင်ဘုရား ဟောပြစမ်းပါဦး”

“မှန်ပါ့ဘုရား”

အဓိစေတသော အပ္ပမဇ္ဇတော၊
မုနိနော မောနပထေသုသိက္ခတော။
သောကာ နဘ၀န္တိ တာဒိနော၊
ဥပသန္တဿ သဒါ သတီမတော။

ဧကူဒါနမထေရ်က သူရွတ်ဆိုနေကျ ဂါထာလေးကို ရွတ်လိုက်ပါတယ်။ ဂါထာဆုံးတာနဲ့ နတ်တွေက တစ်တောလုံး ညံသွားအောင် ၀ိုင်းပြီး သာဓုခေါ်ကြပါတယ်။

နတ်တွေရဲ့ သာဓုခေါ်သံကြားတော့ တိပိဋက ဆရာတော်နှစ်ပါးရဲ့ တပည့်တွေက ဘယ်လိုပြောသလဲဆိုတော့ “နတ်တွေက မျက်နှာလိုက်တာ”တဲ့။

ကိစ္စပြီးလို့သာ ပြန်လာကြရတယ်။ တိပိဋက ဆရာတော်နှစ်ပါးရဲ့ တပည့်တွေက သိပ်ပြီးမကျေနပ်ကြပါဘူး။ ဒါကြောင့် ကျောင်းပြန်ရောက်တဲ့အခါ နတ်တွေ မျက်နှာလိုက်တဲ့အကြောင်းကို မြတ်စွာဘုရားရှင်ကို လျှောက်ပြကြပါတယ်။

မကျေနပ်တဲ့စကားဆိုလာတဲ့ တိပိဋကဆရာတော်နှစ်ပါးရဲ့ တပည့်တွေကို မြတ်စွာဘုရားက ဘယ်လိုပြန်ရှင်းပြသလဲဆိုတော့-

“ချစ်သားတို့ သင်လည်းသင်ပါရဲ့၊ သိလည်း သိပါရဲ့၊ ဟောလည်း ဟောပါရဲ့၊ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ကို တရားဆောင်တဲ့ ပုဂ္ဂိုလ်လို့ မခေါ်သေးဘူး၊ သိရုံတင်မကဘူး၊ ကျင့်လည်း ကျင့်ပါမှ တရားဆောင်တဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်”လို့ ဟောပြလိုက်ရပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ အဓိက ဆိုလိုချက်ကတော့ သိရုံနဲ့တင် မလုံလောက်သေးဘဲ အသိနဲ့ အကျင့် တွဲပါနေမှ၊ အသိနဲ့အကျင့် ဟပ်မိနေမှ လူသာဓုခေါ်၊ နတ်သာဓုခေါ် ဖြစ်တယ်ဆိုတာပါပဲ။

*****

ဘာရယ်တော့မဟုတ်ပါဘူး၊ ဒီအတောအတွင်း အသိနဲ့အကျင့် အကြောင်းလေး စဉ်းစားနေမိလို့ ဒီဝတ္ထုလေး ထုတ်ပြလိုက်ရတာပါ။

ဧကူဒါနမထေရ်က နည်းနည်းပဲသိပေမယ့် သိသလောက်ကို ကျင့်သူပါ။ ကျင့်ပြီး မြတ်စွာဘုရားမျှော်လင့်တဲ့ ပန်းတိုင်ကိုလည်း ရောက်နေသူပါ။

တိပိဋက ဆရာတော်နှစ်ပါးကတော့ အသိနဲ့ပတ်သက်လို့ ပိဋကသုံးပုံတောင် ဆောင်ထားတာဆိုတော့ အထူးပြောစရာမလိုတော့ပါဘူး။ ဒါပေမယ့် အကျင့်ကျတော့ မရှိသေးပါဘူး။ အဲဒီတော့ နတ်တွေက သာဓုမခေါ်တော့ဘူးပေါ့လေ။

လောကမှာ ဘယ်လောက်ပဲသိသိ၊ မိုးပျံအောင်သိ၊ ဒါပေမယ့် အကျင့်ပါ တွဲမပါနိုင်သေးဘူးဆိုရင် ဘ၀က အဓိပ္ပါယ်မရှိသေးပါဘူး။ အကျင့်ဟာ လူတစ်ယောက်ရဲ့ ဘ၀ကို သိပ်ပြီး ပြဋ္ဌာန်းပါတယ်။

ဒီနေရာမှာ အသိနဲ့ အကျင့်ကို အခြေခံပြီး လူတော်နဲ့လူကောင်းဆိုပြီး ထပ်ခွဲလို့ရပါသေးတယ်။

လူတော်ဆိုတာ ဘာသာရပ်တစ်ခုအပေါ်မှာ ကျွမ်းကျင်တတ်မြောက်တာ၊ ဒါမှမဟုတ် ဘာသာရပ်မျိုးစုံအပေါ်မှာ ကျွမ်းကျင် တတ်မြောက်တာပါ။

လူကောင်းဆိုတာ ကိုယ့်ရဲ့ကံသုံးပါးအမူအရာတွေကို အထူးစောင့်စည်းပြီး ကိုယ်တိုင်လည်း အကုသိုလ်မဖြစ်အောင်နေတယ်၊ ကိုယ့်ကြောင့်လည်း သူတစ်ပါး အကုသိုလ်မဖြစ်အောင်နေတယ်။ နောက် ... ကိုယ်တိုင်လည်း ကုသိုလ်ဖြစ်အောင်နေတယ်။ ကိုယ့်ကြောင့်လည်း သူတစ်ပါး ကုသိုလ်ဖြစ်အောင်နေတယ်။ ဒါမျိုးကတော့ လူကောင်းပေါ့။

ဒီစာရေးဆဲမှာပဲ ဓမ္မဗျူဟာဆရာမ ဒေါ်ခင်လှတင်ရဲ့ ပါရမီကျင့်စဉ် ပို့ချချက်တိတ်ခွေတွေကိုလည်း နားထောင်နေဖြစ်ပါတယ်။ လူတော်နဲ့လူကောင်း ခွဲတဲ့နေရာမှာ ဆရာမ ပြောပြထားတာလေးက ပိုရှင်းပါတယ်။ ဆရာမက “လူတော်ဆိုတာ အသိပညာပိုင်း၊ အတတ်ပညာပိုင်း၊ လူကောင်းဆိုတာက အကျင့်ပညာပိုင်း၊ အသိနဲ့ပြည့်စုံရင် လူတော်၊ အကျင့်နဲ့ပြည့်စုံရင် လူကောင်း” ပါတဲ့။

တိုက်တိုက်ဆိုင်ဆိုင် ဒီစာရေးနေတုန်း တိတ်ခွေပါ တွဲနားထောင်ဖြစ်တော့ တော်တော်လေး အဆင်ပြေသွားပါတယ်။

လောကမှာ လူတော်နဲ့လူကောင်း၊ ဘယ်ဟာပိုလိုအပ်သလဲ မေးလာခဲ့ရင် အထူးဖြေစရာ မလိုတော့ပါဘူး။

ဒါပေမယ့် လောကအတွက် အလုပ်လုပ်တဲ့နေရာမှာတော့ လူတော်က သူ့ရဲ့ကျွမ်းကျင်မှုပညာကို အခြေခံပြီး လူကောင်းတစ်လှမ်းစာ လုပ်နိုင်ရင် သူက ငါးလှမ်းဆယ်လှမ်းစာ ပိုလုပ်နိုင်ပါတယ်။

ထပ်ပြီး “ဒါပေမယ့် ရရင်တော့” တော်ပြီး မကောင်းရင်တော့ တော်တော်ကြောက်ဖို့ကောင်းပါတယ်။ ဥပမာ- အထူးကုဆရာဝန်ကြီးတစ်ယောက်၊ သူ့ဘာသာရပ်မှာ သိပ်တော်တယ်၊ နိုင်ငံခြားကလည်း ဘွဲ့တွေ အများကြီး ရထားတယ်၊ ဒါပေမယ့် မကောင်းဘူး၊ ဆေးခန်းကို လူနာများများလာဖို့ပဲ မျှော်လင့်နေမယ်၊ ပိုက်ဆံကို ပုံမှန်ထက် ပိုပိုယူမယ်၊ ငါးမိနစ် ကြည့်ရမှာကို နှစ်မိနစ်ပဲကြည့်မယ်၊ ဆေးကုမ္ပဏီကြီးတွေနဲ့ပေါင်းပြီး “ဆရာရေ ... ဒါ ကျွန်မတို့ စမ်းဖော်ထားတဲ့ဆေး၊ ဆရာ့လူနာတွေကို စမ်းသပ်ကုကြည့်စမ်းပါ။ ဒါက ဆရာ့အတွက် မာစီဒီးကား” ဆိုပြီး ပေးလာတဲ့လာဘ်ကို ယူပြီး လူနာတွေကို ဆေးအစမ်းသပ်ခံပုံစံမျိုး ကျင့်သုံးနေမယ်ဆိုရင်တော့ လောကအတွက် သိပ်အန္တရာယ်ကြီးပါတယ်။

လူတော်ဖြစ်ဖို့ဆိုတာ ကံနဲ့လည်းဆိုင်ပါတယ်။ ပြည့်ပြည့်စုံစုံ ပြောရရင်တော့ ကံ, ဉာဏ်,ဆန္ဒ, လုံ့လ, ကျန်းမာ, ဆရာမိဘအားပေးမှုတွေနဲ့ ပြည့်စုံမှပါ။

ဒီအချိန်ကျမှ ဆရာဝန် အင်ဂျင်နီယာ ထဖြစ်ချင်လို့လည်း မရတော့ပါဘူး။

အတိတ်ကံအရ လူတော်ဖြစ်ခွင့်မရတော့ပေမယ့် လူကောင်းဖြစ်ခွင့်တော့ ရပါသေးတယ်။ အဲဒါကတော့ လူကောင်းဖြစ်ချင်တဲ့စိတ်ကလေး ရှိလိုက်ဖို့ပါပဲ။

အဲဒီ လူကောင်းဖြစ်ချင်တဲ့စိတ်ကလေးကိုပဲ အခြေခံပြီး ကိုယ့်ရဲ့ ကံသုံးပါးကို အထူးစောင့်စည်းလိုက်ရင် မကြာခင်အချိန်အတွင်းမှာ လူကောင်းဖြစ်လာပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ဘ၀ကို ကံသုံးပါးက အဓိက ပြဋ္ဌာန်းထားတာဆိုတော့ ကံသုံးပါးကို ဂရုစိုက်လိုက်ရင်ပဲ အားလုံးပြည့်စုံသွားပါတယ်။

ချဲ့ပြောရရင်တော့ ရှင်ရာဟုလာကို ဆုံးမတဲ့အတိုင်းပါပဲ။

အတွေးတစ်ခု တွေးတော့မယ်ဆိုရင် မတွေးခင် စဉ်းစားလိုက်ပါဦး။ ကိုယ်တွေးမယ့်အတွေးဟာ မိမိကော, သူတစ်ပါးကော နှစ်ဦးလုံး ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့တော့၊ ဒီလိုပါပဲ စကားတစ်ခွန်း ပြောတော့မယ်ဆိုရင်လည်း မပြောခင် သေချာစဉ်းစားလိုက်ပါဦး၊ ကိုယ်ပြောလိုက်မယ့်စကားဟာ မိမိကော, သူတစ်ပါးကော နှစ်ဦးလုံး ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့တော့၊ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင်လည်း မလုပ်ခင် စဉ်းစားလိုက်ပါဦး၊ ကိုယ်လုပ်မယ့် အလုပ်ဟာ မိမိကော, သူတစ်ပါးကော နှစ်ဦးစလုံး ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်တယ်ဆိုရင် မလုပ်နဲ့တော့။

တကယ်လို့ အမှတ်တမဲ့တွေးမိ, ပြောမိ, လုပ်မိခဲ့တယ်ဆိုရင်လည်း ကိုယ့်ရဲ့အတွေး, အပြော, အလုပ်တွေဟာ မိမိ, သူတစ်ပါး, ထိခိုက်သလား ဆိုတာကို နောင် စောင့်စည်းဖို့ ပြန်ပြန်စဉ်းစားရပါတယ်။

ဒီတွေး, ပြော, လုပ် ကံသုံးပါးလေးကို မတွေးခင်၊ မပြောခင်၊ မလုပ်ခင် ကြိုကြိုစဉ်းစားတတ်တဲ့ အကျင့်လေးကို စွဲသွားအောင် အကျင့်လေး လုပ်လုပ်သွားဖို့ပါပဲ။ စွဲသွားရင် နောက်ပိုင်း အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။

အဲဒီကတဆင့်တက်ပြီး သူတစ်ပါး အကျိုးရှိစေမယ့် အတွေးလေးတွေ တွေးသွားမယ်၊ သူတစ်ပါး အကျိုးရှိစေမယ့် အပြောလေးတွေ ပြောသွားမယ်၊ သူတစ်ပါး အကျိုးရှိစေမယ့် အလုပ်ကလေးတွေ လုပ်သွားမယ်ဆိုရင် မကြာခင်အချိန်အတွင်းမှာ လူကောင်းဖြစ်လာမှာပါ။

တကယ်လို့ ကိုယ်ကတော်ပြီး မကောင်းဖြစ်နေတယ်ဆိုရင်လည်း (ကိုယ့်စိတ်ကိုယ်ပဲ အသိဆုံးဆိုတော့) ကိုယ့်စိတ်ကလေးကို ကောင်းချင်တဲ့ စိတ်ကလေးဖြစ်အောင် ပြောင်းယူလိုက်ဖို့ပါပဲ။ နဂိုက တော်ပြီးသားဆိုတော့ ကောင်းဖို့ပြုပြင်တဲ့နေရာမှာ သိပ်ပြီး ခက်မယ် မထင်ပါဘူး။

လူ့ဘ၀ဆိုတာ ခဏလေးပါ။ သေတော့လည်း ထားခဲ့ရတာပါပဲ။ မသေခင်လေးမှာ ကောင်းအောင်နေလိုက်တာပဲ ကောင်းပါတယ်။ အဓိက,ကတော့ ကောင်းချင်တဲ့ စိတ်ကလေး ရှိဖို့ပါပဲလေ။

*****

ဒီစာရေးလို့ ဆုံးခါနီးမှာပဲ ကိုယ့်ကိုယ်ကိုလည်း သူများမကြားအောင် စိတ်ထဲကနေ အသာလေး ပြန်မေးကြည့်မိပါတယ်။

“ရဝေနွယ်ရယ် သူများသာ အသိတွေ အကျင့်တွေ၊ လူတော်တွေ လူကောင်းတွေ ပြောနေတာ ကိုယ်တိုင်ကော အသိနဲ့အကျင့် ထပ်တူကျပြီလား၊ လူကောင်း ဘယ်နှစ်ရာခိုင်နှုန်းဖြစ်ပြီလဲ”

“.................................”

အဖြေက ထွက်မလာပါဘူး၊ အဖြေအစား သက်ပြင်းရှည်ပဲ ထွက်လာပါတယ်။

ဘာပဲပြောပြော လူကောင်းမဖြစ်သေးပေမယ့် လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေးတော့ ရှိနေတာဆိုတော့ “လူကောင်း ဖြစ်ချင်တဲ့ စိတ်ကလေး ရှိနေတာလေးကကို လူကောင်းဖြစ်ဖို့ အခွင့်အလမ်းတစ်ခုပဲလေ” လို့ ကိုယ့်ကိုယ်ကိုယ် ဖြေဆည်ရင်း အတွေးမေးခွန်းကို ခပ်မြန်မြန် ရပ်လိုက်ရပါတော့တယ်။

ကျမ်းကိုး -
၁။ ဓမ္မပဒအဋ္ဌကထာ (ဒုတွဲ)။
ဧကူဒါနမထေရ်ဝတ္ထု။

၂။ ဓမ္မဗျူဟာဆရာမ
ဒေါ်ခင်လှတင်၏
ပါရမီကျင့်စဉ်ပို့ချချက်တိတ်ခွေများ။

Future Light မဂ္ဂဇင်း
ဇွန်၊ ၂၀၀၅။

မှတ်ချက် - ဤစာအုပ်ကို ကြိုက်နှစ်သက်သောကြောင့် ကျမ၏ Blog
တွင် ကူးယူဖော်ပြပါသည်။

သြဂုတ် ၃၀၊ ၂၀၀၇။

August 27, 2007

သူတောင်းစားနှင့် ဘုန်းကြီး

*”ရဝေနွယ်(အင်းမ) ရေးသားသော အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ်” မှ အကြောင်းအရာ များကို ကူးယူ ဖော်ပြပါသည်။

ဆရာတော်အစဉ်အဆက်ဆက် ပြောပြခဲ့တဲ့ ဓမ္မပုံဝတ္တုလေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။

တစ်ခါတုန်းက ဘုန်းကြီးကျောင်းတစ်ကျောင်းကို သူတောင်းစားတစ်ယောက် ရောက်လာပါတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဘုန်းကြီးကို အသင့်တွေ့တာနဲ့ “ဘုန်းကြီးဘုရား ... ဆွမ်းကျန်ကွမ်းကျန်လေးများရှိရင် စွန့်ပါဘုရား ” လို့ လျှောက်လိုက်ပါတယ်။

ဒီတော့ ကျောင်းထိုင်ဘုန်းကြီးက “မင်းမှာ ခြေကော လက်ကော အကောင်းကြီး၊ ကိုယ့်ဟာကိုယ် လုပ်စားပါလား၊ ဘာဖြစ်လို့တောင်းစားနေရတာလဲ၊ သွား မပေးနိုင်ဘူး၊ အခုဆင်းသွား” လို့ ခပ်ငေါက်ငေါက်လေး ပြောလိုက်ပါတယ်။

သူတောင်းစားက ချက်ချင်းမဆင်းသေးဘဲ လက်အုပ်ကလေးချီပြီး “ဘုန်းကြီးဘုရား တပည့်တော် အခုပဲဆင်းပါ့မယ် ဘုရား၊ မဆင်းခင် ဘုန်းကြီးကို လင်္ကာလေးနဲ့ကန်တော့ပြီး ဆင်းပါရစေဘုရား”လို့ လျှောက်လိုက်ပါတယ်။ ဘုန်းကြီးကလည်း ဆွမ်းစားခါနီးနေပြီဆိုတော့ “မင်း ကန်တော့မှာ ဖြင့်လည်း မြန်မြန်ကန်တော့၊ ကန်တော့ပြီးရင် ဆင်းတော့”လို့ ခပ်မာမာလေး ထပ်ပြောလိုက်ပါတယ်။

သူတောင်းစားကလည်း ဆောင့်ကြောင့်လေးထိုင်၊ လက်အုပ်ကလေးချီပြီး-

“ရှေးကကောင်းလို့ ခုကောင်းပါသည်၊
ခုကောင်းရင် နောင်ကောင်းပါလိမ့်မည်။
ရှေးကမကောင်းလို့ ခုမကောင်းပါသည်၊
ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်။”
လို့ ဆိုပြီး ကန်တော့လိုက်ပါတယ်။

သူတောင်းစားက ကန်တော့ပြီး ပြန်ဆင်းမယ်လည်းလုပ်ရော ဘုန်းကြီးက “ဟဲ့ ကိုရင်လာစမ်း၊ ဟိုပြင်ထားတဲ့ ဆွမ်းအုပ်ထဲက တစ်ယောက်စာ လုံလုံလောက်လောက် ထည့်ပေးလိုက်” လို့ ပြောလိုက်ပါတော့တယ်။

သူတောင်းစားကလည်း ဆွမ်းထုပ်ရသွားတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ကျောင်းပေါ်က ပြန်ဆင်းသွားပါသတဲ့။

သူတောင်းစားဆိုခဲ့တဲ့ လင်္ကာလေးက သိပ်ပြီးတာသွားတာပါ။ ဒီလင်္ကာလေးကို အခြေခံပြီး အတွေးလေးချက် တွေးလို့ရပါတယ်။

ရှေးက ကုသိုလ်ကောင်းမှုတွေ ပြုခဲ့လို့ အခုဘ၀ ကောင်းနေတယ်။ အခုဘ၀ကုသိုလ်ကောင်းမှုတွေ ဆက်ပြုနေရင် နောင်ဘ၀လည်း ဆက်ကောင်းနေဦးမှာပဲ။

ရှေးက ကုသိုလ်ကောင်းမှုတွေ မပြုခဲ့လို့ အခုဘ၀ မကောင်းဖြစ်နေတယ်။ အခုဘ၀ ကုသိုလ်ကောင်းမှုမပြုဘူးဆိုရင် နောင်ဘ၀လည်း ဆက်မကောင်းဦးမှာပဲ။

ရှေးက ကုသိုလ်ကောင်းမှုပြုခဲ့လို့ အခုဘ၀ ကောင်းနေတယ်။ အခုဘ၀ ကုသိုလ်ကောင်းမှု ဆက်မပြုဘူးဆိုရင် နောင်ဘ၀ မကောင်းဘဲဖြစ်နေလိမ့်မယ်။

ရှေးက ကုသိုလ်ကောင်းမှု မပြုခဲ့လို့ အခုဘ၀ မကောင်းဘူး။ ဘာဖြစ်လဲ၊ အခုဘ၀ ကုသိုလ်ကောင်းမှုတွေ ဆင့်ကာ ဆင့်ကာ ပြုနေရင် နောင်ဘ၀ ကောင်းမှာပဲ။

စိတ်နေစိတ်ထားဘက်က လှည့်တွေးမယ်ဆိုရင်လည်း ရှေးဘ၀က စိတ်ထားကောင်းခဲ့လို့ အခုဘ၀ ကောင်းနေတယ်။ အခုဘ၀ စိတ်ထား ကောင်းရင် နောင်ဘ၀လည်း ဆက်ကောင်းဦးမှာပဲ။

ရှေးဘ၀က စိတ်ထားမကောင်းခဲ့လို့ အခုဘ၀ မကောင်းဖြစ်နေတယ်။ အခုဘ၀ စိတ်ထားမကောင်းရင် နောင်ဘ၀လည်း မကောင်းဦးမှာဘဲ။

ရှေးဘ၀က စိတ်ထားကောင်းခဲ့လို့ အခုဘ၀ ကောင်းနေတယ်။ အခုဘ၀ စိတ်ထားမကောင်းရင် နောင်ဘ၀ မကောင်းဘဲဖြစ်နေလိမ့်မယ်။

ရှေးဘ၀က စိတ်ထားမကောင်းခဲ့လို့ အခုဘ၀ မကောင်းဖြစ်နေတယ်၊ ဘာဖြစ်လဲ ... အခုဘ၀ စိတ်ထားကောင်းအောင် နေလိုက်ရင် နောင်ဘ၀ ကောင်းမှာပဲ။

အတွေးလေးချက်က စက်လှည့်ပြီး ဆင့်ပွားထွက်လာပါတယ်။ လူဆိုတာ သူ့ကံနဲ့သူ၊ ကိုယ့်ကံနဲ့ ကိုယ်ပါ။ ကံချင်း သွားယှဉ်လို့ မရပါဘူး။

ဥပမာ - ဌာနတစ်ခု၊ ရုံးတစ်ခု၊ ကုမ္ပဏီတစ်ခုမှာ ကိုယ့်ထက်သာနေတဲ့လူဆိုတာ ရှိနေတတ်ပါတယ်။ ကိုယ့်ထက်သာ မနာလိုဆိုတဲ့အတိုင်း မနာလိုတတ်တဲ့ ဣဿာမစ္ဆရိယစိတ်တွေလည်း ၀င်လာပါတယ်။ ဒီလိုဝင်လာပြီဆိုရင်တော့ အဲဒီလူအတွက် အမှားကြီးမှားတော့တာပါပဲ။

ဝင်လာတဲ့ မနာလိုစိတ်ဟာ မကောင်းတဲ့စိတ်ပါ။ မကောင်းတဲ့စိတ်က မကောင်းကျိုးကိုပဲ ဧကန်ပေးတတ်ပါတယ်။ အလိုလိုကမှ ရှေးက မကောင်းခဲ့လို့ ဌာနမှာ သူများအောက် နိမ့်နေရတဲ့အထဲ မကောင်းတဲ့စိတ်ထပ်ဖြစ်ရင် မြင့်ဖို့နေနေသာသာ လက်ရှိအနေအထားထက် ထပ်နိမ့်ဖို့ပဲ ရှိပါတော့တယ်။ မကောင်းတဲ့စိတ်ဖြစ်လေ အောင်မြင်မှုနဲ့ တစ်ရက်ဝေးလေ၊ မကောင်းတဲ့စိတ်ဖြစ်လေ အောင်မြင်မှုနဲ့ တစ်ရက်ဝေးလေနဲ့ ဝေးသထက်ဝေး နစ်သထက် နစ်ပါလိမ့်မယ်။

တကယ်တော့ သူတစ်ပါးရဲ့ ကံကို ကိုယ်က အားကျရမှာပါ။ မနာလို ရမှာ မဟုတ်ပါဘူး။ မနာလိုတဲ့စိတ် ဖြစ်နေတာကကို ကိုယ့်ရဲ့အတွေးအခေါ်မှားနေတာပါပဲ။

ကိုယ့်ထက်သာတဲ့သူနဲ့ တွေ့တဲ့အခါ နှလုံးသွင်းမှန်ဖို့ သိပ်အရေးကြီးပါတယ်။ နှလုံးသွင်းမှားရင် နစ်သထက် နစ်သွားပါလိမ့်မယ်။

နှလုံးသွင်းမှန်ဖို့ကတော့ သိပ်ပြီးမခက်လှပါဘူး။ အထက် လင်္ကာလေးကို ပြန်အာရုံပြုလိုက်ရုံပါပဲ။

“သြော် ... သူက ရှေးက ကောင်းခဲ့လို့ အခုကောင်းနေတာ၊ ငါက ရှေးက မကောင်းခဲ့လို့ အခုမကောင်းနေရတာ၊ သူ့လိုကောင်းအောင် အခုဘ၀မှာတော့ ကောင်းအောင်ပဲနေမယ်”လို့ နှလုံးသွင်းပြီး ကုသိုလ်ကောင်းမှုတွေ ဆင့်ကာ၊ ဆင့်ကာ၊ ဆက်တိုက် ဆက်တိုက် ပြုနေဖို့ပါပဲ။

ကုသိုလ်ဆိုလို့ ကျောင်းကြီးတွေ ဆောက်လှူမှ၊ ရှင်တစ်ထောင် ရှင်တစ်ရာတွေ ပြုပေးမှ ကုသိုလ်ရတာ မဟုတ်ပါဘူး။ မနက်အိပ်ရာထတာနဲ့ ဂုဏ်တော်လေးပွား၊ မေတ္တာလေးပွား၊ ၀ိပဿနာလေး ပွားနေလိုက်ရင်လည်း ပိုက်ဆံမကုန်ဘဲ ကုသိုလ်ဖြစ်နေတာပါ။

နောက် ငါးပါးသီလကို နေ့စဉ် အထူးစောင့်ထိန်းပြီး ရှစ်ရက်၊ ဆယ့်ငါးရက် ဥပုသ်နေ့တွေမှာလည်း ရှစ်ပါးသီလ၊ ကိုးပါးသီလ တွေကို ၀တ်တစ်ခုလို စောင့်ထိန်းသွားမယ်။ ကိုယ့်ရဲ့စိတ်ထားလေးကိုလည်း မြင့်မြတ်သထက် မြင့်မြတ်အောင် တည်ဆောက်သွားမယ်ဆိုရင် မကြာခင် အချိန်အတွင်း ကိုယ်မျှော်လင့်တဲ့ ကောင်းကျိုးတွေ ရောက်လာမှာပါ။

စာမှာလည်း ဣဇ္ဈတိဘိက္ခဝေ သီလ၀တော စေတောပဏိဓိ ၀ိသုဒ္ဓတ္တာတဲ့။ အဓိပ္ပာယ်ကတော့ သီလကို အထူးစောင့်ထိန်းမယ်၊ စိတ်ထားလည်း မြင့်မြတ်အောင်နေမယ်ဆိုရင် စိတ်တောင့်တတိုင်း အကုန်ဖြစ်ပါတယ်တဲ့။

နောက်တစ်ခု သတိရတာပြောရရင် စာထဲမှာ အဆင့်လေးဆင့် ပြထားပါတယ်။

ပထမအဆင့်က ဗဟုသုတဖြစ်အောင် တရားနာပါ၊ စာဖတ်ပါတဲ့။

ဒုတိယအဆင့်က ဖတ်ထားတဲ့တရားထဲ စာထဲက ကျက်သင့် ကျက်ထိုက်တာ၊ ဆောင်သင့်ဆောင်ထိုက်တာကို ကျက်ထား၊ ဆောင်ထားပါတဲ့။

တတိယအဆင့်က ကျက်ထား ဆောင်ထားတာတွေကို ပြန်အာရုံပြုပြီး ကြံစည်စဉ်းစားပါတဲ့။

စတုတ္ထအဆင့်က ကြံစည်စဉ်းစားရုံနဲ့တင် ရပ်မထားဘဲ လက်တွေ့အသုံးချကြည့်ရမယ်တဲ့။

အဲဒီအဆင့်လေးဆင့်ကို စာသံပေသံလေးနဲ့ ပြောမယ်ဆိုရင်တော့ ဗဟုသုတဖြစ်အောင် တရားနာတာ၊ စာဖတ်တာဟာ သုတမယဉာဏ် ဖြစ်သွားတာပါ။

နာထား ဖတ်ထားတဲ့အထဲက ကိုယ့်အတွက် အသုံးတည့်ရာကို ကျက်ထား ဆောင်ထားလိုက်တာဟာ ဓာရဏာမယဉာဏ် ဖြစ်သွားတာပါ။

ကျက်ထား ဆောင်ထားတာကို ပြန်အာရုံပြုပြီး ကြံစည်စဉ်းစားတာဟာ စိန္တာမယဉာဏ် ဖြစ်သွားတာပါ။

ကြံစည်စဉ်းစားရုံနဲ့တင် ရပ်မထားဘဲ လက်တွေ့ အသုံးချကြည့်လိုက်တာဟာ ဘာဝနာမယဉာဏ် ဖြစ်သွားတာပါ။

တချို့ကျတော့ သုတမယဉာဏ်လောက်နဲ့ ရပ်ထားလိုက်ကြပါတယ်။

တချို့ကျတော့ ဓာရဏာမယဉာဏ်လောက်နဲ့ ရပ်ထားလိုက်ကြပါတယ်။

တချို့ကျတော့ စိန္တာမယဉာဏ်လောက်နဲ့ ရပ်ထားလိုက်ကြပါတယ်။

တချို့ကျတော့ နောက်ဆုံးအဆင့် ဘာဝနာမယဉာဏ်ဖြစ်အောင်ထိ လက်တွေ့အသုံးချလိုက်ကြပါတယ်။

စာတွေဖတ်ပါရဲ့၊ တရားတွေ နာပါရဲ့၊ ဆောင်ထား ကျက်ထားပါရဲ့၊ ကြံစည်စဉ်းစားပါရဲ့၊ ဒါပေမယ့် လက်တွေ့ ကျင့်သုံးမှု မရှိရင်တော့ ပန်းတိုင် မရောက်သေးပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ အလိုကျလည်း မဖြစ်သေးပါဘူး။ လက်တွေ့ကျင့်သုံးတဲ့ နေရာမှာ အစစအရာရာအားလုံးကို အကုန်လိုက်ပြီး ကျင့်သုံးနေဖို့ဆိုတာတော့ မလွယ်လှပါဘူး။ ကိုယ်နဲ့အသုံးအတည့်ဆုံးကို အဓိက ကျင့်သုံးသွားဖို့ပါ။

လူဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ ရပ်တည်လို့ မရတာဆိုတော့ ပတ်ဝန်းကျင်ဆိုတာတော့ သေတဲ့အထိ ရှိနေမှာပါပဲ။ ပတ်ဝန်းကျင်ရှိနေတဲ့အတွက် ပတ်ဝန်းကျင်ကို အမှီပြုပြီး ခံစားချက်မျိုးစုံတော့ ၀င်လာနေမှာပါပဲ။ ကောင်းတဲ့ခံစားချက်ဝင်လာရင် ဘာမှပြဿနာမရှိပေမယ့် မကောင်းတဲ့ခံစားချက် ၀င်လာရင်တော့ မကောင်းကျိုးကလည်း ငြိမ်နေမှာ မဟုတ်ပါဘူး။ အမြီးဆွဲပြီး လိုက်လာမှာပါ။

ပတ်ဝန်းကျင်ကို အမှီပြုပြီး ခံစားချက်ဝင်လာရင် နှလုံးသွင်းမှန်ဖို့ သိပ်မရေးကြီးပါတယ်။ နှလုံးသွင်းမှားသွားရင် ဒီပစ္စုပ္ပန်ဘ၀တင်မကဘဲ နောင်သံသရာအထိ အကျိုးယုတ်မှုတွေ လိုက်သွားတတ်ပါတယ်။ လိုက်သွားတဲ့ သာဓကတွေကလည်း အများကြီးပါ။

လူဆိုတာ သူ့ကံနဲ့သူ၊ ကိုယ့်ကံနဲ့ကိုယ်ပါ။ ကိုယ်က ပညာအတွေ့အကြုံ သူ့ထက်သာချင်သာမယ်။ ကံကျတော့ သူ့ထက်သာချင်မှ သာမှာပါ။ ဒီကံရဲ့ သဘာဝကို ကိုယ်က ကောင်းကောင်းလက်ခံနိုင်ရပါ့မယ်။ လက်ခံပြီး သူ့ရဲ့ကံကို အပြစ်မတင်မိစေဘဲ ကိုယ့်ရဲ့ကံကိုပဲ အပြစ်တင်ပြီး “ငါ အတိတ်ဘ၀က ကောင်းမှုကံနည်းခဲ့လို့ အခုဘ၀ မကောင်းတာပဲ။ ဒီဘ၀မှာတော့ ကုသိုလ်ကောင်းမှုတွေ ဆင့်ကာ ဆင့်ကာ ပြုနေမှာပဲ”ဆိုပြီး ကုသိုလ်ကောင်းမှု တွေ ပြုပြုပေးဖို့ပါ။

ဘာပဲပြောပြော ဌာနတစ်ခုမှာ ကိုယ့်ထက်သာတဲ့ တစ်ယောက်ယောက်နဲ့ကြုံပြီး မနာလိုတဲ့စိတ် ၀င်ခဲ့ရင်တော့ အောက်ပါ လင်္ကာလေးကို တိုးတိုးလေးသာ ရွတ်ကြည့်လိုက်ပါတော့။

“ရှေးကကောင်းလို့ ခုကောင်းပါသည်၊
ခုကောင်းရင် နောင်ကောင်းပါလိမ့်မည်။
ရှေးကမကောင်းလို့ ခုမကောင်းပါသည်၊
ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်။”


ကျမ်းကိုး
သဗ္ဗမင်္ဂလဓမ္မဒေသနာ (အရှင်ဝါသ၀ါဘိဝံသ)

Future Light မဂ္ဂဇင်း
ဧပြီ၊ ၂၀၀၅။


မှတ်ချက် - ဤစာအုပ်ကို ကြိုက်နှစ်သက်သောကြောင့် ကျမ၏ Blog

တွင် ကူးယူဖော်ပြပါသည်။


သြဂုတ် ၂၇၊ ၂၀၀၇။

August 21, 2007

ဗင်ဂိုးရဲ့နားရွက်နှင့် သုဘာထေရီရဲ့မျက်လုံး

*”ရဝေနွယ်(အင်းမ) ရေးသားသော အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ်” မှ အကြောင်းအရာ များကို ကူးယူ ဖော်ပြပါသည်။


မောင်ထွန်းသူရဲ့ ”ရမ္မက်မီး”ဆိုတဲ့ စာအုပ်ကြီး ဖတ်ပြီးသွားတော့ ဖတ်ခဲ့တဲ့ ဇာတ်ကွက်ကလေးတစ်ခုကို ပြန်အာရုံပြုဖြစ်ရင်း ”ရူးတာ” လို့ သူများမကြားအောင် စိတ်ထဲက ပြောဖြစ်လိုက်ပါတယ်။ စာအုပ်က ဗင်ဂိုးရဲ့ အတ္ထုပ္ပတ္တိပါ၊ ပြန်သတိရဖြစ်တဲ့ ဇာတ်ကွက်ကလေးက ဒီလိုပါ။

တစ်နေ့တော့ ဗင်ဂိုးက ဇိမ်ဂေဟာတစ်ခုကို ရောက်သွားပါတယ်။ အဲဒီ့ ဇိမ်ဂေဟာမှာ ရာချယ်ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပါတယ်။ ကောင်မလေးက ဗင်ဂိုးနားရွက်ကလေးကို ကိုင်ပြီး ပြောင်သလိုလိုနဲ့ ချီးမွမ်းခန်းဖွင့်ပါတယ်။ အမြဲလာဖို့လည်း ပြောပါတယ်။

ဒီလိုနဲ့ တစ်ကြိမ်အသွားမှာတော့ ရာချယ်ဆိုတဲ့ ကောင်မလေးက ”ချစ်တုန်းပဲလား”လို့ မေးပါတယ်။ ဗင်ဂိုးကလည်း ”ချစ်တုန်းပါပဲကွယ်” လို့ ပြန်ဖြေပါတယ်။ ဒီတော့ ကောင်မလေးက ဗင်ဂိုးရဲ့ နားရွက်ကလေးကို အသာအယာ လိမ်ဆွဲပြီး ”တကယ်ချစ်ရင် သက်သေပြတဲ့အနေနဲ့ ရှင့်ရဲ့ နားရွက်ကလေးကို ပေးမလား” လို့ မေးလိုက်ပါသတဲ့။

နောက်ရက်တစ်ရက်မှာတော့ ဗင်ဂိုးက သူ့ရဲ့ညာဘက်နားရွက် တစ်ဖက်ကို သင်တုန်းဓားနဲ့ လှီးဖြတ်ပြီး ကောင်မလေးကို သွားပေးလိုက်ပါသတဲ့။

ဒီဇာတ်ကွက်ကလေးကို ပြန်သတိရပြီး ”ရူးတာ”လို့ စိတ်ထဲက ပြောလိုက်တာပါ။ တကယ်လို့ စိတ်ထဲက မပြောဘဲ အသံထွက်ပြောလိုက်ရင် စာအုပ်လက်ဆောင်လာပေးတဲ့သူနဲ့ တိုးသွားရင်တော့ နောက်ပေးတော့မှာ မဟုတ်ပါဘူး။ စာအုပ်လက်ဆောင်လာပေးတဲ့သူက UNITY စာပေက ကိုသန်းဆွေနဲ့ ကိုစိုးဝင်းပါ။ စာအုပ်က စာမျက်နှာ ၆၇၇ မျက်နှာ ပါရှိတယ်။ ဘုရားဟော ပါဠိတော်တစ်အုပ်စာလောက်ပါ။

ဗင်ဂိုးကို ရူးတာလို့ အပြစ်တင်လိုက်ပြီး စားပွဲဘေးက ပိဋိကတ်တော် စာအုပ်တွေကိုကြည့်ရင်း ”ငါလည်း ဘာထူးသေးလဲ၊ အခုတော့ ဗင်ဂိုးအတွက် အချိန်တွေ လေးငါးရက်လောက် အလကား ပေးလိုက်ရတာ။ ငါလည်း ရူးတာပဲ၊ ဘာထူးလဲ” လို့ ကိုယ့်ကိုယ်ကိုယ်ပြောရင်း သက်ပြင်းကို မသိမသာ ချလိုက်မိပါတယ်။ စာရေးသူမှာ စာသာရေးနေတယ်၊ မဖတ်ရသေးတဲ့ ပိဋိကတ်စာအုပ်အကြွေးတွေက အများကြီးပါ။

ဗင်ဂိုးနဲ့ရူးပြီးတော့ အကောင်းလုပ်ဖို့ ထေရီအဋ္ဌကထာကို ကိုင်ရပါတယ်။ FUTURE LIGHT မဂ္ဂဇင်းအတွက်ပါ။ ဖတ်ရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လမ်းလေးတစ်ပုဒ်ကို တွေ့လိုက်ရပါတယ်။

ဇာတ်ဆောင်က အမျိုးသားတော့ မဟုတ်ပါဘူး။ အမျိုးသမီးပါ။ အမျိုးသမီးတောင် လူဝတ်ကြောင် အမျိုးသမီး မဟုတ်ပါဘူး။ အနာဂါမ်တည်ပြီး ထေရီမတစ်ပါးပါ။

သူ့နာမည်က သုဘာတဲ့။ သုဘာရဲ့ အဓိပ္ပာယ်က ”ရုပ်ရည်အဆင်းလှပတင့်တယ်သူ” လို့ အဓိပ္ပာယ်ရပါတယ်။

နာမည်နဲ့ လူနဲ့လိုက်အောင်လည်း သုဘာဟာ လှပ တင့်တယ် ချောမောသူပါတဲ့။ သူမရဲ့ အလှတွေထဲမှာ အဓိက အလှက မျက်လုံးပါတဲ့။ သူမရဲ့မျက်လုံးက မြင်ရတဲ့သူကို သိပ်ကိုဆွဲဆောင်မှု ရှိတာပါတဲ့။

သုဘာက ရာဇဂြိုလ်မြို့က ပုဏ္ဏားကြီး တစ်ယောက်ရဲ့ သမီးပါ။ လူဝတ် အပျိုစင်ဘ၀ကတည်းက သဒ္ဓါတရားရှိတဲ့ အမျိုးသမီးလေးပါ။ သုဘာက သူ့မှာ အလှတွေရှိပေမယ့် မတည်မြဲတဲ့ အလှရဲ့ အပြစ်ကို မြင်ပြီး မဟာပဇာပတိ ဂေါတမီဆီမှာ ဘိက္ခုနီမ ပြုလိုက်ပါတယ်။ ဘိက္ခုနီမပြုပြီး တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ အနာဂါမိဖိုလ်ကို ရသွားပါတယ်။ အရဟတ္တဖိုလ်တော့ မရသေးပါဘူး။

တစ်နေ့တော့ သူ့ဇာတိ ရာဇဂြိုလ်မြို့က ဇီဝကရဲ့ သရက်ဥယျာဉ်ကို တစ်ပါးတည်း ထွက်ခဲ့ပါတယ်။ တရားအားထုတ်ဖို့ပါပဲ။ လမ်းကျဉ်းတစ်နေရာရောက်တော့ ရာဇဂြိုလ်မြို့သားလည်းဖြစ်၊ ရွှေပန်းတိမ်သည်ရဲ့ သားလည်းဖြစ်တဲ့ လူငယ်တစ်ယောက်နဲ့ ရင်ဆိုင်တိုးပါတော့တယ်။ ရာဇဂြိုလ်မြို့သားလူငယ်က သုဘာထေရီကို တွေ့လိုက်တာနဲ့ မျက်လုံးရဲ့အလှကလည်း အထင်းသားပေါ်နေတာဆိုတော့ ချက်ချင်း ချစ်တဲ့စိတ် ဖြစ်သွားပါသတဲ့။ ဒါကြောင့် လမ်းမဖယ်တော့ပါဘူး။ ရှေ့က ကာထားလိုက်ပါတယ်။ သုဘာထေရီက တောင်းတောင်းပန်ပန်နဲ့ ဖယ်ခိုင်းပေမယ့် မဖယ်ပါဘူး။ မဖယ်ရုံတင်မကဘဲ ”အို... နှမရယ်၊ သင်ဟာ ငယ်လည်းငယ်တယ်၊ ရုပ်ရည်အဆင်းလည်း လှတယ်၊ အခုလို ငယ်တုန်းမှာ ဘာဖြစ်လို့ ရဟန်းပြုရတာလဲ။ အဲဒီ သင်္ကန်းကြီးကို ဖယ်ပြီး ကျွန်တော်နဲ့ လိုက်ခဲ့စမ်းပါ” လို့ ချစ်ရေး စဆိုပါတော့တယ်။

ဒီတော့ သုဘာထေရီမက ”အို... အမျိုးသား စက်ဆုပ်ဖွယ် ရွံရှာဖွယ်တွေ ပြည့်နေတဲ့ သုသာန်မြေကို တိုးပွားစေတဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဒီခန္ဓာကိုယ်ကို သင်က ချစ်စရာလို့ ထင်မှတ်နေတယ်။ ငါရဲ့ခန္ဓာကိုယ်ပေါ်က ဘာကိုများ သင်နှစ်သက်နေတာလဲ”လို့ မေးလိုက်ပါတယ်။

လူငယ်ကလည်း ချက်ချင်းပါပဲ။ ”သင်ရဲ့မျက်လုံးလေးကို ချစ်တာ”လို့ ပြန်ဖြေလိုက်ပါတယ်။

လူငယ်ရဲ့အဖြေစကား ကြားရတော့ သုဘာထေရီမက သူ့ရဲ့မျက်လုံးတစ်ဖက်ကို လက်နဲ့ထုတ်ပြီး ပေးလိုက်ပါတယ်။ စာထဲမှာတော့ မျက်လုံးလို့ပဲ သာမန်ပြထားပါတယ်။ ဘယ်လား ညာလားဆိုတာတော့ ခွဲပြမထားပါဘူး။

မထင်မှတ်တဲ့ အပြုအမူနဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ လူငယ်လည်း ကြောက်လန့်ပြီး တောင်းပန် ထွက်ခွာသွားပါတော့တယ်။

ဒီနေရာမှာ သုဘာထေရီမရဲ့ အပြုအမူကိုကြည့်ပြီး ”ရူးတာ”လို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သုဘာထေရီမအနေနဲ့ ဒီတစ်ခုတည်းပဲ ရွေးချယ်စရာရှိလို့ပါ။ ပြီးတော့ ဒီလိုလုပ်မှလည်း လူငယ်အတွက် အဆင်ပြေမှာမို့ပါ။

တကယ်လို့ သုဘာထေရီက ဒီလိုမပြုဘဲ နှုတ်နဲ့ပဲ တရားဟောနေရင် လူငယ်က ကာယကံမြောက် ဗလက္ကာယ ပြုတော့မှာပါ။ နေရာကလည်း လူသူကင်းဆိတ်နေတာဆိုတော့ ပြုမူဖို့လည်း သိပ်လွယ်လှပါတယ်။ ကာယကံမြောက် ကျူးလွန်မိသွားရင်တော့ လူငယ်အတွက် အ၀ီစိငရဲ ကျတော့မှာပါ။ သုဘာထေရီက လူငယ်ရဲ့ အကျိုးကိုငဲ့ပြီး မပြုသင့်တဲ့ အပြုအမူတစ်ခုကို ပြုပေးလိုက်တာပါပဲ။

သုဘာထေရီဟာ မျက်စိတစ်ဖက်နဲ့ပဲ မြတ်စွာဘုရားရှိရာကို ထွက်ခဲ့ပါတယ်။ မြတ်စွာဘုရားကို ဖူးတွေ့လိုက်ရတာနဲ့ ပျက်စီးသွားတဲ့ မျက်လုံးဟာ ပကတိအတိုင်း အကောင်းပြန်ဖြစ်သွားပါတယ်။ မျက်လုံးက မြတ်စွာဘုရားရှင်ရဲ့ တန်ခိုးကြောင့် ပြန်ကောင်းရတာဆိုတော့ ပီတိတွေ ဖြစ်လာပါတယ်။ မြတ်စွာဘုရားရှင်ကလည်း သုဘာထေရီ ပီတိဖြစ်နေတာကို သိပါတယ်။ ဒါကြောင့် အရဟတ္တဖိုလ် ရဖို့အတွက် ကမ္မဋ္ဌာန်းနည်းကို ချက်ချင်းပေးလိုက်ပါတယ်။

သုဘာထေရီက မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းနည်းအတိုင်း ဖြစ်နေတဲ့ ပီတိကိုခွာပြီး ခန္ဓာကိုယ်ကို ဉာဏ်စိုက်ရှုလိုက်တာ အရဟတ္တဖိုလ်ရသွားပါတော့တယ်။

ဗင်ဂိုးလည်း နားရွက်တစ်ဖက်ကို အမျိုးသမီးလေးကို ပေးခဲ့တယ်။ သုဘာထေရီလည်း မျက်လုံးတစ်လုံးကို အမျိုးသားလေးကို ပေးခဲ့တယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ပေးခဲ့တာချင်းတူပေမယ့် ခံယူချက်ခြင်း ဦးတည်ချက်ခြင်းတော့ မတူပါဘူး။ ဗင်ဂိုးရဲ့ အပြုအမူက တရားသဘောနဲ့ ကြည့်ရင် ရူးတာပါ။ သုဘာထေရီရဲ့ အပြုအမူက တစ်စုံတစ်ယောက်ရဲ့ အကျိုးကို ငဲ့တာပါ။

တကယ့်အရှိဇာတ်ဝတ္ထုပဲဖြစ်ဖြစ်၊ ဖန်တီးထားတဲ့ ဇာတ်ဝတ္ထုပဲဖြစ်ဖြစ် ဇာတ်ဆောင်တွေရဲ့ ကံသုံးပါးအမူအရာတွေမှာ အဓိပ္ပာယ်မဲ့မှု၊ အဓိပ္ပာယ်ရှိမှု တွေကတော့ အားပြိုင်နေတတ်ပါတယ်။ တချို့ ဇာတ်ဝတ္ထုမှာ အဓိပ္ပာယ်မဲ့မှုတွေ ခပ်များများရယ်ပါ။

သက်ရှိလူတစ်ယောက်ရဲ့ ဘ၀နေထိုင်မှုကိုကြည့်ရင်လည်း ဒီအတိုင်းပါပဲ။ လူ့ဘ၀သက်တမ်းလေးက တိုတိုလေးရယ်ပါ။ အဲဒီ့သက်တမ်းတိုတိုလေးရဲ့ ဘ၀နေထိုင်မှုတွေထဲမှာ အဓိပ္ပာယ်မဲ့မဲ့ နေထိုင်မှုတွေက များနေရင် လူ့ဘ၀ရလာတာ ဘယ်လာ အဓိပ္ပာယ်ရှိပါတော့မလဲ။ တကယ်စဉ်းစားကြည့်ရင် မန်ယူနဲ့ အာစင်နယ်ပွဲ မကြည့်ရလို့လည်း ဘ၀က ဘာမှဖြစ်မသွားပါဘူး။ အဲဒီအချိန် စာအုပ်တစ်အုပ် ဖတ်နေမယ်။ တရားတိတ်ခွေ နားထောင်နေမယ်။ တရားမှတ်နေမယ်ဆိုရင် ဘ၀က တကယ် အဓိပ္ပာယ်ရှိနေတာပါ။ အဲဒီလိုပြောတော့ ဘောသမားတွေကတော့ လက်ခံချင်မှ လက်ခံမှာပါ။ ဓမ္မသဘောနွယ်အောင် ပြောရရင် ကိုယ့်ရဲ့ ကံသုံးပါးအမူအရာတွေဟာ ကုသိုလ်ဖြစ်နေရင် အဓိပ္ပာယ်ရှိနေတာပါ။ အကုသိုလ်ဖြစ်နေရင်တော့ အဓိပ္ပာယ်မဲ့နေတာပါပဲ။ တစ်နည်းအားဖြင့် ရူးနေတာပါပဲ။

သူတစ်ပါးသာ အပြစ်ပြောနေတာပါ။ ကိုယ်ကျတော့လည်း ဘာထူးလို့လဲ။ လပြည့်ညမှာ တော်တော်နဲ့ မအိပ်ဖြစ်ဘဲ လကို ထိုင်ကြည့်နေခဲ့ဖူးတာ၊ မသွားဘဲနေရင် နေလို့ရတဲ့နေရာကို အပျော်သဘောမျိုး သွားဖြစ်အောင် သွားခဲ့တာ၊ မဖတ်ဘဲနေမယ်ဆိုရင် နေလို့ရတဲ့စာကို ဖတ်ပြီး အချိန်ဖြုန်းနေတာ စသည်ဖြင့်ပေါ့ အများကြီးပါပဲ။ ဒါက ဖြတ်သန်းခဲ့တဲ့နှစ်နဲ့ ချိန်ပြီး ပြောတာပါ။

လက်ရှိပစ္စုပ္ပန်ရဲ့ ကံသုံးပါးအမူအရာလေးတွေမှာလည်း အဓိပ္ပာယ်မဲ့တာလေးတွေက အစဉ်သဖြင့် တွဲတွဲပါနေတတ်ပါတယ်။ အဓိပ္ပာယ်မဲ့တဲ့အတွေးတွေ တွေးနေတာ၊ အဓိပ္ပာယ်မဲ့တဲ့ စကားတွေ ပြောနေတာ၊ အဓိပ္ပာယ်မဲ့တဲ့ အပြုအမူလေးတွေ ပြုမူနေတာ နေ့စဉ်လိုလိုပါပဲ။ ဘာတွေလဲလို့မေးရင် အမျိုးအမည်တွေက များလွန်းလို့ ပြောပြဖို့ ခပ်ခက်ခက်ရယ်ပါ။ ပန်းပွင့်လေးတွေပွင့် မပွင့် အောက်ဆင်းကြည့်တာ၊ ကိုယ်ကြိုက်တဲ့ ဘောလ်ပင်နဲ့ အရောင်မရလို့ စာမရေးဘဲနေတာ စသည်ဖြင့် အများကြီးပါပဲ။

တစ်ခါတလေတော့လည်း အဓိပ္ပာယ်မဲ့တဲ့ အလုပ်ကလေးတွေ လုပ်ဖြစ်ရင် သတိလေးလည်း ၀င်လာလိုက်မယ်ဆိုရင် ”ရူးတာ” လို့ ကိုယ့်ကိုယ်ကိုယ် ခပ်တိုးတိုးလေး ပြောမိလိုက်ပါတယ်။

စိတ်တော့မဆိုးနဲ့နော်... စာဖတ်သူဟာ တစ်နေ့ကို အချိန်ဘယ်လောက် ရူးဖြစ်သလဲ၊ ပုထုဇဉ်ပဲ ရူးပေါ့။ ဒါပေမယ့် ရူးချိန် သိပ်တော့ မများစေနဲ့ပေါ့။ တကယ်လို့အဓိပ္ပာယ်မဲ့တဲ့ အလုပ်ကလေးကို လုပ်မိတယ်၊ သတိလေးလည်း ၀င်ဖြစ်လိုက်မယ်ဆိုရင် ”ရူးတာ” လို့ ကိုယ့်ကိုယ်ကိုယ် ပြောကြည့်လိုက်ပါလား။ ဘယ်သူမှ မကြားအောင်တော့ ပြောနော်။ ကြားသွားရင် ကိုယ့်ကို တကယ့်အရူးလို့ ထင်နေလိမ့်မယ်။ သတိဝင်တိုင်း မကြာမကြာ ပြောပြောပေးရင် ရူးချိန်တော့ လျော့လျော့သွားမှာပါပဲလေ။

Future Light မဂ္ဂဇင်း
မတ်၊ ၂၀၀၅။

ကျမ်းကိုး-

၁။ ထေရီအဋ္ဌကထာ၊ သုဘာထေရီဝတ္ထု

၂။ ထေရီထေရာရဟန္တာပုဂ္ဂိုလ်ကြီးများ (၀ဏ္ဏသိရီ)


မှတ်ချက် - ဤစာအုပ်ကို ကြိုက်နှစ်သက်သောကြောင့် ကျမ၏ Blog
တွင် ကူးယူဖော်ပြပါသည်။

သြဂုတ် ၂၁၊ ၂၀၀၇။

August 18, 2007

မာတိကာ နှင့် စာရေးသူရဲ့ အမှာ

*”ရဝေနွယ်(အင်းမ) ရေးသားသော အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ်” မှ အကြောင်းအရာ များကို ကူးယူ ဖော်ပြပါသည်။

မာတိကာ

၁။ ပြည့်တန်ဆာမနှင့် ၀ိပဿနာ

၂။ ဗင်ဂိုးရဲ့နားရွက်နှင့် သုဘာထေရီရဲ့မျက်လုံး

၃။ သူတောင်းစားနှင့် ဘုန်းကြီး

၎။ လူတော်နှင့်လူကောင်း

၅။ ရိက္ခာနှင့် သိက္ခာ

၆။ ၀န်ထမ်းနှင့် နတ်ပြည်

၇။ ယောက္ခမ နှင့် ချွေးမ

၈။ လူငယ်နှင့် ၀ိပဿနာ

၉။ ရေ၀တီ

၁၀။ ကံကိုပြင်လိုက်ပါ

၁၁။ အကုသိုလ်ပယ်နည်း (၁)

၁၂။ အကုသိုလ်ပယ်နည်း (၂)

၁၃။ ခံတွင်းနံ့ကောင်းချင်ရင်

၁၄။ မနေရလို့ သေကြတဲ့အခါ

၁၅။ ပြိတ္တာဖြစ် ဈေးရောင်းနည်း

၁၆။ ကမ္မသတ္တိလေးတွေ

၁၇။ တို့တစ်တွေပြန်ဆုံကြတဲ့အခါ

၁၈။ တစ်ယောက်တည်း တည့်အောင်နေ

စာရေးသူရဲ့အမှာ

ဖတ်ဖြစ်တိုင်း ကြည်နူးမှုတစ်ခုခုရလို့ မကြာခဏ ပြန်ပြန်ဖတ်ဖြစ်တဲ့ စာရေးဆရာကြီး နှစ်ဦးရှိပါတယ်။ အဲဒီ့ နှစ်ဦးကတော့ ဆရာကြီး ဦးရွှေအောင်နဲ့ ဆရာနန္ဒာသိန်းဇံပါ။

ပြန်ပြန်ဖတ်ဖြစ်တိုင်း ရင်ထဲမှာ တစ်ခုခု ရလိုက်သလို ကျေနပ်လိုက်သလိုကို ခံစားရပါတယ်။ စာရေးဆရာရဲ့ စေတနာသတ္တိက စာဖတ်သူရဲ့ နှလုံးသားကို လာလာ ”ထိ“ တယ်လို့လည်း ခံစားရပါတယ်။

ဆရာကြီး ဦးရွှေအောင်က ဓမ္မ၀တ္တုလေးတစ်ပုဒ် ထုတ်ပြပြီး တခြားတခြား ပါဠိအဋ္ဌကထာဋီကာတွေထဲက ပိဋကဗဟုသုတတွေ ညှပ်ညှပ်ထည့်ရေးပါတယ်။ ပြီးတော့ ကိုယ်ပိုင်အတွေးအခေါ် သုံးသပ်ချက်တွေနဲ့ တွေးခေါ်သုံးသပ်ပြပါတယ်။

ဆရာနန္ဒာသိန်းဇံကလည်း ပုံဝတ္တုလေးတစ်ပုဒ် ထုတ်ပြပြီး ကမ္ဘာ့ဒဿန ဗဟုသုတတွေ ညှပ်ထည့်ပြီး ရေးပါတယ်။ ပြီးတော့ ဆရာက အတွေးအေးအေးလေးတွေနဲ့ တွေးခေါ်ဆင်ခြင်ပြပါတယ်။

ချုပ်ပြောရရင်တော့ ပုံဝတ္တုရယ်၊ ဗဟုသုတရယ်၊ အတွေးအခေါ်ရယ်၊ သုံးသပ်ချက်ရယ် ရောမွှေပြီး ရေးပြထားတာပါ။ စာရေးသူက အဲဒီရေးပုံ ရေးနည်းကို သိပ်သဘောကျတာပါ။

ဒီတော့ စာရေးသူက ”ငါလည်း ဓမ္မပုံဝတ္တုလေးတွေ ထုတ်ပြမယ်၊ ဗဟုသုတနေရာမှာတော့ ၀ိပဿနာ ဗဟုသုတလေးတွေကို အဓိကထားထည့်သွားမယ်။ ပြီးတော့ ကိုယ်နားလည်ထားသလို ဆင်ခြင်သုံးသပ်ပြမယ်။ အဲဒီလို ရေးမယ်” လို့ တွေးဖြစ်လိုက်ပါတယ်။

ဝိပဿနာ ဗဟုသုတလေးတွေ ထည့်ရေးတဲ့နေရာမှာတော့ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးနဲ့ ကျေးဇူးတော်ရှင် သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီးတို့ရဲ့ တရားတိပ်ခွေနဲ့ စာအုပ်တွေကို နေ့စဉ်ထိတွေ့နေတာဆိုတော့ ဆရာတော်ကြီး နှစ်ပါးရဲ့ တရားစာတွေကိုပဲ အားယူပြီး ရေးပါတယ်။

ဝိပဿနာဗဟုသုတလေးတွေကို ထည့်ရေးတဲ့ နေရာမှာလည်း အင်တိုက်အားတိုက် အပြည့်ရေးလို့မရပြန်ပါဘူး။ တအားအပြည့်ရေးပြလိုက်ရင် စာဖတ်ပရိသတ်က ဂျာနယ်ပရိသတ်၊ မဂ္ဂဇင်း ပရိသတ်ဆိုတော့ ပျင်းသွားတတ်ပါတယ်။ ဒါကြောင့် ၀ိပဿနာဗဟုသုတလေးတွေကိုတော့ ခပ်ပါးပါးပဲ ရေးပြထားပါတယ်။ ပြီးတော့ ဆောင်းပါးတိုင်းကိုလည်း ၀ိပဿနာဗဟုသုတတွေ ထည့်မရေးပါဘူး။ နှစ်ပုဒ်ကျော် သုံးပုဒ်ကျော်နဲ့ ကျော်ကျော်ရေးထားပါတယ်။

ဓမ္မပုံဝတ္တုလေးတွေကို ပထမတော့ ထေရီအဋ္ဌကထာကို ကိုင်ထားပြီး ထေရီအမျိုးသမီးတွေကိုပဲ အဓိက ထားရေးမလို့ပါ။ ဒါပေမယ့် စာဖတ်သူတွေ ကျမ်းအစုံစုံက ဓမ္မပုံဝတ္တုလေးတွေကို ဗဟုသုတ ရစေချင်တာနဲ့ ထေရီ၊ ထေရာ၊ ၀ိမာန၊ ပေတ၊ ဇာတ် စသည်ဖြင့် စုံအောင်ရှာပြီး ရေးပြပေးထားပါတယ်။

ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အတွေးအခေါ်၊ စာရိတ္တစသည်ဖြင့် အစစအရာရာ အဆင်ပြေစေချင်ပါတယ်။ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှုတွေ အစဉ်သဖြင့် ရှိနေစေချင်ပါတယ်။ တစ်ခါတလေများ အာရပ်နိုင်ငံက ရေနံကြောတွေ မြန်မာနိုင်ငံ ရွှေ့လာရင် ကောင်းမှာပဲလို့တောင် တွေးမိပါတယ်။

ဓမ္မကို ဟောပြောတာ၊ ဓမ္မစာပေတွေ ရေးသားတာ၊ ဖြန့်ဝေတာတွေဟာ နိဗ္ဗာန်ကို ပေးလှူတာပါတဲ့။ ဒီတော့ ကိုယ်က စိတ်ထားတတ်ရင် ထားတတ်သလောက်လည်း ကုသိုလ်ရတာပါ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အစစ အရာရာ တိုးတက်စေချင်တဲ့ စိတ်နဲ့ ရေးတဲ့အတွက် စာရေးရတာလည်း သိပ်ပြီး လိပ်ပြာသန့်ပါတယ်။

ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို ပြောပြချင်တဲ့ စကားတချို့ ရင်ထဲမှာ မကြာခဏ ရှိနေတတ်ပါတယ်။ အဲဒီလို ပြောပြနိုင်ဖို့အတွက် စာရေးခြင်းကတော့ အကောင်းဆုံး ဆက်သွယ်မှုတစ်ခုပါပဲ။ အခု ပြောပြစရာလေးတွေရှိလို့ ဒီစာတွေ ရေးဖြစ်လိုက်တာပါ။

ဒီဆောင်းပါး ဓမ္မစာစုလေးတွေဟာ စာဖတ်သူရဲ့ နှလုံးသားကို ”ထိ” “မထိ” သိရအောင် ဖတ်ကြည့်လိုက်ပါဦး။

ရဝေနွယ် (အင်းမ)


မှတ်ချက် - ဤစာအုပ်ကို ကြိုက်နှစ်သက်သောကြောင့် ကျမ၏ Blog

တွင် ကူးယူဖော်ပြပါသည်။

သြဂုတ် ၁၈၊ ၂၀၀၇။

ပြည့်တန်ဆာမနှင့် ၀ိပဿနာ

*”ရဝေနွယ်(အင်းမ) ရေးသားသော အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ်” မှ အကြောင်းအရာ များကို ကူးယူ ဖော်ပြပါသည်။


လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လေး တစ်ပုဒ်ကို အရင်ပြောရအောင်ပါ။

ကာလအနေနဲ့ ပြောရင် မြတ်စွာဘုရားပွင့်တော်မူနေတဲ့ ကာလပါ။ ပြည်က ဝေသာလီပြည်မှာပါ။

အဲဒီကာလ အဲဒီဝေသာလီပြည်မှာပဲ မ၀ိမလာလို့ အမည်ရတဲ့ အမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ၀ိမလာရဲ့ အဓိပ္ပာယ်က အညစ်အကြေးကင်းစင်သူ၊ သန့်ရှင်းစင်ကြယ်သူပါ။ ဒါက တင်စားထားတဲ့ ရုဠှီနာမည်ပါ။ တကယ့်အရှိ အနွတ္ထအမည် မဟုတ်ပါဘူး။

ဝိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်းဝင် တစ်ယောက်ပါ။ သူ့ရဲ့ ထူးခြားချက်ကတော့ အမေဖြစ်သူ ပြည့်တန်ဆာမတစ်ယောက်ဖြစ်တဲ့အတွက် သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့အလုပ်ကို ဆက်လုပ်ရပါတယ်။

ဝေသာလီပြည်သားတွေရဲ့ ပါးစပ်ဖျားမှာလည်း ”၀ိမလာ ၀ိမလာ” ဆိုပြီး ရေပန်းစားနေပါတယ်။ ၀ိမလာရဲ့ဆီကို သူဌေးသူကြွယ်တွေလောက်ပဲ သွားနိုင်ပါတယ်။ ကျန်တဲ့ သာမန်လူတွေတော့ မသွားနိုင်ပါဘူး။ ၀ိမလာကိုယ်တိုင်ကလည်း သူ့ရဲ့အလှ သူ့ရဲ့အောင်မြင်ကျော်ကြားမှုအပေါ် သိပ်ပြီး ဂုဏ်ယူပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန်ဟာ ဝေသာလီပြည်ထဲကို ဆွမ်းခံကြွလာပါတယ်။ ကြွလာရင်း ၀ိမလာရဲ့ အိမ်ရှေ့ရောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ၀ိမလာက အိမ်ထဲကနေ အပြင်ကို ထွက်အကြည့်နဲ့ ဆုံသွားပါတယ်။ ၀ိမလာက အရှင်မဟာမောဂ္ဂလာန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ရင်ခုန်သွားပါသတဲ့။ ပြီးတော့ ချစ်တဲ့စိတ်လည်း ဖြစ်သွားပါသတဲ့။

တစ်စုံတစ်ယောက်ကို ချစ်မိရင် အဲဒီသူဆီက အချစ်ကိုလည်း ပြန်လိုချင်တာဟာ ဓမ္မတာပါ။ ၀ိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီက အချစ်ကိုရဖို့အတွက် အပြင်းအထန် စဉ်းစားပါတယ်။ ကိုယ့်ကိုယ် ကိုယ် ပြန်ကြည့်လိုက်တော့ သူ့ရဲ့ ထူးခြားတဲ့အလှကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် အိမ်မှာရှိတဲ့ အ၀တ်တွေထဲက ကောင်းပေ့ဆိုတဲ့ အ၀တ်တစ်စုံကို ထုတ်ဝတ်လိုက်ပါတယ်။ တန်ဖိုးအကြီးဆုံး လက်ကောက်တို့၊ ဆွဲကြိုးတို့ကိုလည်း ၀တ်ဆင်လိုက်ပါတယ်။ အကောင်းဆုံး နံ့သာဆီတွေကိုလည်း လိမ်းလိုက်ပါတယ်။ အရင် ပြင်နေကျနေ့တွေထက် ပိုပြင်လိုက်ပါတယ်။ ပြီးတော့ ကိုယ်လုံးပေါ်မှန်ရှေ့ကို ရပ်လိုက်ပါတယ်။ မှန်ထဲကြည့်ပြီး သူ့ရဲ့ အလှနဲ့ သူ့ရဲ့ ပြင်ဆင်ခြယ်သထားမှုအပေါ်လည်း စိတ်ချသွားပါတယ်။

စိတ်တိုင်းကျပြင်ပြီးပြီဆိုမှ အဖော်သီးခြားမခေါ်တော့ဘဲ အရှင်မဟာမောဂ္ဂလာန်ရှိရာကျောင်းကို တစ်ယောက်တည်းပဲ ထွက်ခဲ့ပါတယ်။

အရှင်မဟာမောဂ္ဂလာန်ဆီရောက်တော့ ရှိခိုးဦးချလိုက်ပါတယ်။ အရှင်မဟာမောဂ္ဂလာန်ကို အနီးကပ် တွေ့လိုက်ရတော့ ရင်က ပိုပြီး ခုန်သွားပြန်ပါတယ်။

ပြီးတော့ အရှင်မဟာမောဂ္ဂလာန်ကို သံယောဇဉ်ရှိတဲ့အကြောင်း နှုတ်ကဖွင့်ပြောလို့မရတဲ့အတွက် အမူအရာလေးတွေနဲ့ ပြပါတယ်။ အရှင်မဟာမောဂ္ဂလာန်ကတော့ ၀ိမလာရဲ့စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။

ဒီတော့ အရှင်မဟာမောဂ္ဂလာန်က အလှကို အမှီပြုပြီး အလှနဲ့ဆွယ်နေတဲ့ ၀ိမလာကို အလှရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အသုဘတရားကို ဟောပါတယ်။

”နှမ ၀ိမလာ ... သင်ရဲ့ခန္ဓာကိုယ်ဟာ စက်ဆုပ်ရွံရှာဖွယ်တွေနဲ့ ပြည့်နေတယ်။ ပြီးတော့ အပုပ်နံ့တွေနဲ့လည်း နံစော်နေတယ်။ သူတစ်ပါးရဲ့ခန္ဓာကိုယ်ဟာလည်း ဒီအတိုင်းပဲ။ သင့်နှမဟာ စက်ဆုပ်ဖွယ်ဖြစ်တဲ့ ခန္ဓာကိုယ် အချင်းချင်း တပ်မက်နေတယ်”

အရှင်မဟာမောဂ္ဂလာန်က ၀ိမလာရဲ့နှလုံးသားထဲအထိ ရောက်သွားအောင် ၀ိမလာ သဘောပေါက်သွားအောင် အသုဘတရားကို အကျယ်ဟောပြပါတယ်။

အရှင်မဟာမောဂ္ဂလာန်က ဂါထာတွေအများကြီးနဲ့ ဟောပြတာပါ။ ဒီမှာတော့ တစ်ပုဒ်ပဲ ရေးပြလိုက်ပါတယ်။

အတိတ်အတိတ်ဘ၀တွေက ပါရမီပါလာခဲ့သူလည်းဖြစ်၊ ဟောနေတဲ့သူကလည်း အရှင်မဟာမောဂ္ဂလာန်ဖြစ်ဆိုတော့ ချက်ချင်း အသိမှန်ကို ရသွားပါတယ်။ တရားထူးတော့ မရသေးပါဘူး။ ဒါကြောင့် ၀ိမလာက ”အရှင်ဘုရား... တပည့်တော်မကို ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်တဲ့ ဥပါသိကာမအဖြစ် အသိအမှတ်ပြုပါဘုရား” လို့ လျှောက်လိုက်ပါတယ်။

ဝိမလာဟာ အိမ်ရောက်တော့ အရှင်မဟာမောဂ္ဂလာန် ဟောခဲ့တဲ့ တရား၊ ဟောလိုက်တဲ့ တရားက ခေါင်းထဲက မထွက်တော့ပါဘူး။ ဒါကြောင့် နဖူးပေါ်လက်တင်ပြီး စဉ်းစားပါတယ်။

”လူ့ဘ၀ကို ရရှိဖို့ရာလည်း သိပ်ပြီးခဲယဉ်းတယ်။ အသက်ရှင်နေဖို့လည်း ခဲယဉ်းတယ်။ တရားတော်ကို နာကြားခွင့်ရဖို့လည်း ခဲယဉ်းတယ်။ မြတ်စွာဘုရား သာသနာနဲ့ တွေ့ကြုံဖို့လည်း ခဲယဉ်းတယ်။ ငါဟာ ရခဲ့တဲ့ ခဲယဉ်းတဲ့ တရားလေးပါးကို ရနေတယ်။ ရခဲခြင်းတရားလေးပါးကို ရနေခိုက်မှာ အရှင်မဟာမောဂ္ဂလာန် မျှော်လင့်တဲ့ ရစေချင်တဲ့ အရဟတ္တဖိုလ်ကို ရအောင်ရှာမှပဲ”

ဝိမလာဟာ အဲဒီလို စဉ်းစားပြီး သူ့ရဲ့လုပ်နေကျ ပြည့်တန်ဆာ အလုပ်ကို ရပ်ပစ်လိုက်ပါတယ်။ သူ့ဆီလာနေကျ ပုဂ္ဂိုလ်တွေကတော့ တောက်တခေါက်ခေါက်နဲ့ပေါ့။ ၀ိမလာကတော့ ဂရုမစိုက်ပါဘူး။ ပြီးတော့ “ငါ ဒီအတိုင်းထိုင်နေလို့တော့ အရဟတ္တဖိုလ်က သူ့အလိုလို ငါ့ဆီရောက်လာမှာ မဟုတ်ဘူး။ တရားအားထုတ်မှပဲ။ တရားအားထုတ်တဲ့ နေရာမှာလည်း ငါ့မှာ လောကီအတွက် ဘာမှ ငဲ့စရာမရှိတော့ ဘိက္ခုနီဝတ်ပြီး တရားအားထုတ်တာက အကောင်းဆုံးပဲ” ဆိုပြီး ဘိက္ခုနီမ ၀တ်လိုက်ပါတယ်။ ဆိတ်ငြိမ်တဲ့ နေရာတစ်ခုမှာ သွားပြီး တရားအားထုတ်လိုက်တာ အရဟတ္တဖိုလ် ရသွားပါတော့တယ်။ ဒီတော့ တကယ့် ကိလေသာ အညစ်အကြေး ကင်းစင်သူ ၀ိမလာဖြစ်သွားတာပေါ့။

ဝိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီကို သွားတုန်းက ရာဂစိတ်နဲ့ သွားခဲ့တာပါ။ သာမန်အားဖြင့်တွေးရင် ရာဂစိတ် တဏှာစိတ်ကလည်း ပြင်းထန်၊ လုပ်တဲ့အလုပ်ကလည်း ပြည့်တန်ဆာအလုပ်ဆိုတော့ ဘယ်လိုမှ တရားထူး တရားမြတ် ရနိုင်စရာ အကြောင်းမရှိပါဘူး။

ဒါပေမယ့် လူဟာ ပစ္စုပ္ပန်တည့်တည့်မှာ ကိုယ်ဖြစ်နေတဲ့ စိတ်နဲ့ ရုပ်ကို တည့်တည့် ဉာဏ်နဲ့ စိုက်ကြည့်လိုက်နိုင်ဖို့ပါပဲ။ ဉာဏ်နဲ့ တည့်တည့် စိုက်ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် လက်ရှိရပ်တည်နေတဲ့ ရပ်တည်ချက်ရဲ့ အမှန် အမှားကို သိခွင့်ရသွားတတ်ပါတယ်။ လူဟာကိုယ့်ဘ၀ကိုယ် အမှန်အတိုင်း သိသွားဖို့ပဲ အရေးကြီးပါတယ်။ ပုထုဇဉ်ပီပီ ဘယ်သူမှ အပြစ်မကင်း ကြပါဘူး။ အပြစ်ဆိုလို့ ဆရာနန္ဒာသိန်းဇံရဲ့ ”မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ” စာအုပ်ထဲက ပုံဝတ္ထုလေး တစ်ပုဒ်ကို သွားသတိရပါတယ်။ အဲဒီ ပုံဝတ္ထုလေးထဲကို ခပ်ကျဉ်းကျဉ်းလောက် ပြန်ပြောပြရအောင်ပါ။

တစ်ခါတုန်းက ဘာသာရေး ပုဂ္ဂိုလ်တွေ အပါအ၀င် လူတစ်စုဟာ ဂျီးဇက် (Jesus Christ) ဆီကို ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်။ အဲဒီအမျိုးသမီးဟာ မကောင်းတဲ့အကျင့်ကို ပြုတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေက ခေါ်လာကြတာပါ။ ဂျီးဇက်ဆီရောက်တဲ့အခါကျတော့ အဲဒီ ဘာသာရေးပုဂ္ဂိုလ်တွေက ”ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက်အပြစ်ပေးရမယ်လို့ မောရှေ (MOSES) က အမိန့်ချခဲ့တဲ့အကြောင်း၊ ဒီကိစ္စမှာ သင်ကော ဘယ်လို အမိန့်ချမလဲ”လို့ ဂျီးဇက်ကို ၀ိုင်းမေးကြပါတယ်။

ဂျီးဇက်ဟာ သူတို့ကို မော့မကြည့်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာ စာရေးနေပါတယ်တဲ့။ ဂျီးဇက်ဆီက အဖြေစကားမရမချင်း ဒီလူတွေက မေးနေကြပါတယ်။

ဒီတော့ ဂျီးဇက်က သူတို့ကို မော့ကြည့်ပြီးတော့ ”သင်တို့အထဲက ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းတယ်ဆိုတဲ့သူဟာ ရှေးဦးစွာပဲ ဒီအမျိုးသမီးကို ခဲနဲ့ပေါက်” လို့ပြောလိုက်ပါတယ်။

ဂျီးဇက်စကားကြားလိုက်တော့ ပြည့်တန်ဆာမကို ဘယ်သူမှ ခဲနဲ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက် တစ်ယောက်လိုက်ပြီး ထွက်သွားလိုက်ကြတာ တစ်ယောက်မှ မကျန်ရစ်တော့ပါဘူးတဲ့။

သူတို့အားလုံးပြန်သွားမှ ဂျီးဇက်က ပြည့်တန်ဆာမကို နောက်ထပ် အပြစ်တွေ၊ မကောင်းမှုတွေ မလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာသွားဖို့ ခွင့်ပြုလိုက်ပါတယ်။

သူတစ်ပါးအပြစ်အကြောင်း စဉ်းစားမိတိုင်း ဆရာနန္ဒာသိန်းဇံပြောပြတဲ့ ပုံဝတ္ထုလေးကို သတိရမြဲပါ။ ဒီပုံဝတ္ထုလေးက ဂျာနယ်မှာ ပါလာကတည်းက စွဲခဲ့တဲ့ ပုံဝတ္ထုလေးပါ။

ဟိုတလောလေးကပဲ သတင်းတစ်ခုရောက်လာပါတယ်။

”မ၀ိမလာတို့လို အမျိုးသမီးတွေကို အမှတ်-၁၈၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာနမှာ ပြုပြင်စောင့်ရှောက်ပေးထားတယ်တဲ့။ ဆွမ်းဒါန ပြုမယ်ဆိုရင်လည်း တစ်နေ့တာလုံးမှ လေးသောင်းပဲ ကျပါတယ်တဲ့။ ကိုယ်နိုင်ရာ အရုဏ်ပဲဖြစ်ဖြစ်၊ နေ့လယ်ဆွမ်းပဲ ဖြစ်ဖြစ် ခွဲကျွေးရင်လည်း ရပါတယ်တဲ့။

သူတို့လေးတွေဟာ တကယ့် ပထမအရွယ်လေးတွေပါ။ ဒီ ပထမအရွယ်လေးတွေမှာ ဘ၀လမ်းကြောင်းမှားနေတာဟာ သိတဲ့လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံသရာမှာ ဆွေမျိုးမတော်ခဲ့သူ ဆိုတာ ရှိကို မရှိပါဘူး။ အမေပဲဖြစ်ဖြစ်၊ အစ်မပဲဖြစ်ဖြစ်၊ ညီမပဲဖြစ်ဖြစ်၊ နောက်ဆုံး ဇနီးမယားပဲဖြစ်ဖြစ် တော်ခဲ့ကြမှာပါ။ ယောဆရာတော်ဘုရား မကြာခဏဟောသလို ဘ၀တွေဝေးသွားလို့ တစိမ်းတွေ ဖြစ်သွားကြတာပါ။ အားလုံးဟာ ဆွေမျိုးတွေချည်းပါပဲ။ သံသရာတစ်ကွေ့မှာ ဆွေမျိုးတော်ခဲ့ရင် သူတို့ရဲ့ ကျေးဇူးလေးတွေလည်း ရှိခဲ့မှာပါ။ အဲဒီ့ ကျေးဇူးလေးတွေကို အာရုံပြုပြီး ကိုယ်က သူတို့ကို ကူညီလို့ရတဲ့ အနေအထားနဲ့ ကူညီပေးဖို့ပါ။

တကယ်တော့ သူတို့ဟာ ဖြစ်ချင်လို့ ဖြစ်သွားရတာ မဟုတ်ပါဘူး။ နောက်ကွယ်မှာ အကြောင်းအမျိုးမျိုး ရှိနေကြမှာပါ။ ပြီးတော့ လူတွေရဲ့ အကြင်နာကို မရတော့ စိတ်ဓာတ်ရေးရာအရလည်း သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူဘဲ ဖြစ်နေတတ်ပါတယ်။ ဒီတော့ တဖက်သားကို ကြည့်တဲ့အခါ မယုံတဲ့စိတ်၊ သံသယဖြစ်တဲ့စိတ်၊ နာကြည်းတဲ့စိတ်၊ အလိုမကျတဲ့ စိတ်တွေကလည်း လွှမ်းမိုးနေမှာပါ။

စိတ်ကြောင့်ဖြစ်တဲ့ဒဏ်ရာကို စိတ်ကို အခြေခံပြီး ရှုရတဲ့ ၀ိပဿနာနဲ့ ကုလိုက်တာဟာ အထိရောက်ဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ဒါက တရားသဘော ဓမ္မရှုထောင့်က ပြောတာပါ။ ဌာနက ပြုစုစောင့်ရှောက်နည်းတွေနဲ့လည်း ပြုစုစောင့်ရှောက်ပေါ့လေ။ တစ်ဖက်က ၀ိပဿနာလေးပါ တွဲသွားနိုင်ရင် အကောင်းဆုံးပါပဲ။

သတင်းကြားကတည်းက စိတ်ထဲမှာ တေးထားလိုက်တာပေါ့လေ။ ဆွမ်းလည်းကျွေးရင်းပေါ့လေ။ ပြီးတော့ တရားလည်း ဟောချင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ၀ိပဿနာတရား အဓိက ထား ဟောခဲ့ချင်ပါတယ်။ ထိုင်မှတ် မှတ်တဲ့အခါ ဘယ်လိုမှတ်ရတယ်၊ စင်္ကြံကြွတဲ့အခါ ဘယ်လို ကြွရတယ်၊ အိပ်ရာထတဲ့အခါ၊ မျက်နှာသစ်တဲ့အခါ၊ ထမင်းစားတဲ့အခါ၊ အောက်ထစ်ဆုံး ကျင်ကြီး ကျင်ငယ် စွန့်တဲ့အခါ စသည်ဖြင့်ပေါ့လေ။ ဘယ်လိုမှတ်ရတယ်ဆိုတာ ဟောပြပေးခဲ့ချင်တာပါ။

ဒီလို အနေအထားရောက်နေတဲ့သူတင် မဟုတ်ပါဘူး။ ဘယ်လို အနေအထားပဲ ရောက်နေရောက်နေ စိတ်ဓာတ်ရေးရာအရ ပြုပြင်ယူရတဲ့အခါ ၀ိပဿနာနဲ့ ပြုပြင်ယူတာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါ။ ၀ိပဿနာ အားထုတ်ရင်း အားထုတ်ရင်းနဲ့ ဉာဏ်စဉ်လေးတွေ ၀င်ဝင်လာပါလိမ့်မယ်။ အားထုတ်ခါစမှာတော့ ချက်ချင်းဝင်လာဦးမှာ မဟုတ်ဘူး။ ရက်ကလေး ရလာတာနဲ့ ၀င်လာမှာပါ။ ရုပ်နဲ့နာမ် ခွဲခြားပြီး သိသွားတာ၊ အကြောင်းနဲ့ အကျိုးကို ခွဲခြားသိသွားတာ၊ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေကို မြင်လာတာ စသည်ဖြင့်ပေါ့။ ဉာဏ်စဉ်တွေဝင်လာတာနဲ့ ကိုယ်လုပ်နေတဲ့အလုပ် မှားသလား မှန်သလားဆိုတာပါ သိသွားမှာပါ။ ပါရမီ ပါခဲ့ရင် ၀ိမလာတို့လို တရားထူး တရားမြတ်တွေတောင် ရသွားနိုင်ပါတယ်။ ပြီးတော့ ငယ်တုန်း တရားအားထုတ်ရတာ အကောင်းဆုံးပါ။ အသက်ကြီးလာရင် ရုပ်ကလည်း အို၊ နာမ်ကလည်း အိုလာပြီး တရားအားထုတ်ရတာ မကောင်းတော့ပါဘူး။

ဘာပဲပြောပြော ကိုယ်က လူဘ၀ကို ပီပီပြင်ပြင် ရထားတယ်။ ပြီးတော့ ရခဲခြင်းလေးပါးကိုလည်း ရထားတယ်။ ဒီတော့ ၀ိပဿနာတရားကို အားထုတ်လိုက်ရင် ဘ၀ရဲ့ အမှန်တရားကို အလင်းတစ်ခုအနေနဲ့ သိခွင့်ရလိုက်ကြမှာပါ။

ဒီဆောင်းပါးကို မဟာစည်ဆရာတော်ဘုရားကြီးရဲ့လင်္ကာလေးတွေနဲ့ပဲ နိဂုံးချုပ်လိုက်ကြရအောင်ပါ။

၁။ လူတစ်ယောက်ဟာ၊ ဖြစ်ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

ဖြစ်ခဲလှစွာ၊ လူဆိုတာ၊ ဖြစ်ကာနေကြပြီ။


၂။ လူတစ်ယောက်ဟာ၊ ရှင်ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

ရှင်ခဲလှစွာ၊ သက်ဆိုတာ၊ ရှင်ကာနေကြပြီ။


၃။ တရားတော်ဟာ၊ နာဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

နာရခဲစွာ၊ တရားဟာ၊ နာကာနေကြပြီ။


၎။ သာသနာဟာ၊ တွေ့ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

တွေ့ခဲလှစွာ၊ သာသနာ၊ တွေ့ကာနေကြပြီ။

အကြောင်းလေးဖြာ၊ ဆုံဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

ဆုံခဲလှစွာ၊ ကြောင်းလေးဖြာ၊ ဆုံကာနေကြပြီ။

အကြောင်းလေးဖြာ၊ ဆုံခိုက်မှာ၊ အရိယာမဂ်ဟာ ရသင့်သည်။


ကျမ်းကိုး-

ထေရီအဋ္ဌကထာ၊

ဝိမလာထေရီဝတ္ထု။

Future Light မဂ္ဂဇင်း

ဖေဖော်ဝါရီ၊ ၂၀၀၅။

မှတ်ချက် - ဤစာအုပ်ကို ကြိုက်နှစ်သက်သောကြောင့် ကျမ၏ Blog

တွင် ကူးယူဖော်ပြပါသည်။

သြဂုတ် ၁၈၊ ၂၀၀၇။