Showing posts with label အတွေး. Show all posts
Showing posts with label အတွေး. Show all posts

March 9, 2011

ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)

အိုဆာကာကို ရောက်လာပြီး ၁ နှစ်ကျော်ကျော်လောက်အထိ ကျမတို့ အိမ်မှာ တီဗွီ မရှိပါဘူး။ သူရော ကျမပါ ကွန်ပျူတာ တစ်ယောက် တစ်လုံးနဲ့ပဲ နေဖြစ်ခဲ့တာ။ အဲဒီတုန်းက တွေးမိတာကတော့ တီဗွီမရှိလည်း နေလို့ဖြစ်တယ်ပေါ့။ နောက်ပိုင်း တီဗွီ ၀ယ်ပြီးတော့လည်း ပိတ်ထားဖြစ်တဲ့ အချိန်က ပို များပါတယ်။ ရုံးဖွင့်ရက်ဆိုရင် ရုံးက ပြန်လာပြီး ထမင်းစားရင်း ခဏတဖြုတ်လောက်ပဲ ကြည့်ဖြစ်တာ။ တီဗွီကနေ ဘာအစီအစဉ်တွေ လာတတ်လဲ ဆိုတာတောင် သေချာ မသိခဲ့ဘူး။ တစ်ခါတလေများ တခြားဂျပန်တွေနဲ့ စကားစမြည် ပြောဖြစ်လို့ ဘယ် တီဗွီ အစီအစဉ်တွေ ကြိုက်လဲ၊ ကြည့်ဖြစ်လဲလို့ မေးရင် မဖြေတတ်ဘူး။

တကယ်တမ်းပြောရရင် ဂျပန်ကလွှင့်တဲ့ အစီအစဉ်တွေထဲမှာ အလကား ကြည့်လို့ရတဲ့ channel တွေက စိတ်ဝင်စားဖို့ မကောင်းလှပါဘူး။ အင်္ဂလိပ်လို အစီအစဉ် တစ်ခုမှ မရဘူး။ နောက်တော့ ကျမတို့ နေတဲ့ တိုက် မှာ J-com company က 0 yen campaign ဆိုပြီး cable line လာတပ်ပေးတယ်။ အခန်းတိုင်း အလကား လာတပ်ပေးတာဆိုတော့ အပျင်းပြေ ကြည့်စရာ channel တွေ ပိုများလာတာပေါ့။ အဲဒီတော့မှ CNN Japan, Fox, Disney Cartoon, Discovery Japan စတဲ့ လိုင်းတွေနဲ့ movie နည်းနည်း ပါးပါး ကြည့်လို့ရလာတာ။

သမီးလေး မွေးပြီးတဲ့ နောက်ပိုင်းတော့ အိမ်မှာပဲ နေဖြစ်တာများတာနဲ့ တီဗွီ ကြည့်ဖြစ်သွားတယ်။ ဘယ်အချိန်မှာ ဘယ်လို အစီအစဉ်တွေ လာတတ်လဲဆိုတာပါ တဖြည်းဖြည်း သိလာတော့ ကိုယ်ကြိုက်နှစ်သက်မိတဲ့ အစီအစဉ်လေးတွေဆို တကူးတကကို စောင့်ကြည့်ဖြစ်တာမျိုး ဖြစ်လာတာပေါ့။ အများဆုံး ကြည့်ဖြစ်တာက ခရီးသွားတဲ့ အကြောင်း (ဂျပန်ပြည်တွင်းရော တခြားနိုင်ငံတွေ အကြောင်းပြတာမို့ မရောက်ဖူးသေးတဲ့ ကျမအတွက်တော့ စိတ်ဝင်တစားကို ကြည့်ဖြစ်တယ်။)၊ သမီးလေး ကြိုက်တဲ့ NHK က ပြတဲ့ ကလေးအစီအစဉ်၊ ဟင်းချက်တဲ့ အစီအစဉ် နဲ့ ဂျပန်က celebrities တွေရဲ့ အတင်းပဒေသာ တွေကို အများဆုံး ကြည့်ဖြစ်တာပေါ့။

အဓိက ပြောချင်တာက ဒီက သတင်းတွေအကြောင်းပါ။ ဒီမှာက Hot ဖြစ်တဲ့သတင်းတစ်ခုကို တီဗွီလိုင်းတိုင်း လိုလိုက ပြတာမို့ မသိချင်လည်း သိနေရတာပါပဲ။ ဘယ်လိုင်းပဲ ပြောင်းကြည့်ကြည့် သတင်းဆိုတာနဲ့ လက်တလော Hot ဖြစ်တဲ့ သတင်းနဲ့ စတာ။ ဒါကြောင့် နေ့လည်ဘက် မကြည့်မိလို့ မသိလိုက်ရင်လည်း ညဘက်သတင်းမှာ ပြန်ပြတတ်ပါတယ်။ အဲဒီလိုမှ မသိသေးရင်လည်း ပိတ်ရက်မှာ တပတ်အတွင်း သတင်း လိုမျိုး အားလုံးစုပြီး ပြန်ပြတတ်တယ်။ ကျမအတွက်တော့ သတင်းကြည့်တယ်သာ ပြောတာပါ၊ ကိုယ်က ဂျပန်စကား လည်လည်ဝယ်ဝယ် နားလည်တာ မဟုတ်တော့ သူတို့ပြောတာကို မှန်းသမ်းပြီး ကိုယ်နားလည် သလို ယူဆ လိုက်ရတာပါပဲ။

တစ်ခါတလေတော့လည်း သတင်းတွေ ကြည့်ရင်း "တချို့ အကြောင်းတွေက သိခြင်းထက် မသိခြင်းက ပိုကောင်းပါလား" ဆိုပြီး ခပ်ကြောင်ကြောင်အတွေးတွေ ၀င်လာမိပြန်တယ်။ အခု လက်ရှိ Hot ဖြစ်နေတဲ့ သတင်းက ၃ နှစ်သမီးလေးကို အသက် ၂၀ တက္ကသိုလ်ကျောင်းသားက သတ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ ပြီးခဲ့တဲ့ သောကြာနေ့ နေ့လည်လောက်က တခြား တီဗွီအစီအစဉ် ကြည့်နေရင်း Breaking News လိုမျိုး အပေါ်မှာ စာတန်းတော့ ထိုးလိုက်ပေမယ့် ကျမ သေချာ နားမလည်လိုက်ဘူး။ ညဘက် NHK အင်္ဂလိပ် သတင်း နားထောင်တော့မှ အကြောင်းစုံ သိရတော့တယ်။

အသတ်ခံရတဲ့ ကောင်မလေးက မိဘတွေနဲ့ အတူ super market မှာ ဈေးဝယ်နေရင်း အိမ်သာတက်ချင်လို့ တစ်ယောက်တည်း အိမ်သာထဲကို ၀င်သွားတယ်။ မိဘတွေက ပြန်မလာတာ ကြာတော့ အိမ်သာထဲဝင် ရှာတာ မတွေ့တော့ ကလေးပျောက်တယ်လို့ပဲ ထင်နေတာ။ နောက်တော့ security camera ကနေ ပြန် ကြည့်တော့ ကလေးက ၀င်သွားတာပဲ တွေ့လိုက်ပြီး ပြန်ထွက်လာတာ မတွေ့ရဘူး။ အဲဒီ ကောင်မလေး အိမ်သာ ၀င်သွားပြီး သိပ်မကြာခင်မှာပဲ လူတစ်ယောက် လိုက်ဝင်သွားတာ တွေ့ရတယ်။ တအောင့်ကြာတော့ အဲဒီလူ ကျောပိုးအိတ်လွယ်ပြီး အိမ်သာကနေ ထွက်သွားတယ်ဆိုတာပါ တွေ့လိုက်ရတယ်။ အဲဒီတော့ ရဲက အဲဒီလူကို ဖမ်းပြီး စစ်ဆေးကြည့်တော့မှ သူက ကလေးကို သတ်၊ အလောင်းကို ကျောပိုးအိတ်ထဲ ထည့်သယ်သွားပြီး အနီးအနားက မြစ်ထဲကို သွားလွှတ်ပစ်လိုက်ပြီး လက်စ ဖျောက်လိုက်တယ်လို့ ၀န်ခံတယ်။ နောက်ပြီး သတ်တဲ့ ကျောင်းသားကို တွေ့လိုက်တဲ့လူတစ်ယောက်က " သူ့ကိုကြည့်ရတာ အရမ်းကို ကျေနပ်ပီတိဖြစ်နေပုံရတယ်။ သူ့မျက်နှာ အဲဒီလောက် ပြုံးပျော်နေတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး" ဆိုပြီး ပြန်ပြောပြတယ်။ ကလေး အလောင်းကိုလည်း လွှင့်ပစ်ခဲ့တဲ့မြစ်ထဲမှာ ပြန်ရှာတွေ့တယ်။

အဲဒီ သတင်းကြည့်ပြီးတော့ ကျမ စိတ်ထဲ မတင်မကျနဲ့။ အခုလို သတင်းမျိုးတွေ ကြည့်ပြီးသွားရင် ဘယ်သူ့ကို ဒေါသထွက်ရမလဲ၊ အပြစ်တင်ရမလဲဆိုတာ စဉ်းစားမရဘူး။ ဒီကလေးနဲ့ ကျောင်းသားနဲ့ ဘာရန်ငြိုး ရန်စမှလည်း မရှိပဲ သတ်သွားတယ်ဆိုတာ တော်ရုံလူ မလုပ်တဲ့အဖြစ်ပဲ။ ဒီအတိုင်းသာဆိုရင် နေ့စဉ်သွားလာနေရတဲ့ လူနေမှုဘ၀မှာ ကိုယ် နဲ့ကိုယ့်မိသားစု အတွက် အန္တရာယ် ဆိုတာ လက်တကမ်းမှာ ရှိနေတာပေါ့။ တစ်ယောက်တစ်မျိုး သွားလာ နေရတဲ့ ပတ်ဝန်းကျင်မှာ ကံအကြောင်းမလှလို့ အဲဒီလို အရူးမျိုးနဲ့ သာတွေ့မိရင် ဘ၀က မတွေးရဲစရာပဲ။ ဟိုတွေး ဒီတွေး တွေးစရာတွေ အများကြီးနဲ့ နောက်တော့ စိတ်ရှုတ်ထွေးလာရော။ တချို့ကတော့ သတ်တဲ့သူရဲ့ အပြစ်ထက် ကိုယ့်ကလေးကို ပစ်ထားတဲ့ မိဘတွေ အပြစ်လို့ ပြောကြ ဝေဖန်ကြတယ်။ ဘယ်သူ အပြစ်ရှိလဲဆိုတာ ခဏထားပါဦး။

အကြောင်းစပ်မိလို့ ပြောရရင် ကျမတို့ အိမ်နားမှာ super market တစ်ခုရှိတယ်။ အဲဒီမှာ တချို့ကလေးတွေ ရေဘူးကြီး (၃.၅ လီတာ) ကို ဆွဲပြီး မနိုင်မနင်းနဲ့ ရေလာထည့်တာ၊ အိမ်နားဝန်းကျင်မှာကလေးတွေ စက်ဘီး ကိုယ်စီနဲ့ ဖုန်းကို လည်ပင်းဆွဲပြီး လျှောက်သွားနေတာ၊ ကျောင်းက အပြန် တစ်ယောက်တည်း ငိုက်စိုက် ငိုက်စိုက် ပြန်လာတတ်တာတွေ ကျမ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတယ်။ အလွန်ဆုံးရှိရင် အဲဒီကလေးတွေက မူလတန်းကျောင်းသား အရွယ်လေးတွေပါ။ အဲဒီထက်တောင် ငယ်နိုင်ပါသေးတယ်။ မိဘတွေ အလုပ်သွားတဲ့အချိန်မှာ ကလေးကို အိမ်သော့တစ်ချောင်းပေးထားပြီး ကလေးက အိမ်ကို ကိုယ့်ဘာသာကိုယ် ၀င်ထွက်နေရတာ။ ကလေးတွေ ကို မိဘတွေက ကိုယ့်ကိုကိုယ် confidence ရှိလာအောင် တစ်ယောက်တည်း ဈေးဝယ်ထွက်ခိုင်းတာမျိုး၊ တစ်ခုခု လုပ်ခိုင်းတာမျိုး၊ ဘယ်အရာမဆို မရ ရအောင် လုပ်ရမယ် သွားကို သွားရဲ ရမယ် ဆိုပြီး ကလေးကို စိတ်ဓာတ် မြင့်တင်ပြီး လေ့ကျင့်ပေးထားတာ။ ဒါတွေကို မကောင်းဘူးလို့ ပြောရမလား၊ ကောင်းတယ်လို့ ပြောရမလား ဆိုတာ အခုလို သတင်းမျိုးတွေ ကြားရတော့ ကျမစိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်မိတာ အမှန်ပဲ။ ကိုယ့်ကလေးကိုရော ဘယ်လို ပုံစံနဲ့ ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်ရမလဲ ဆိုတာ မတွေးတတ်တော့ဘူး။ အခုအဖြစ်ကလည်း အတူတူပဲပေါ့။ ကလေးက အိမ်သာ သွားတာကို မိဘတွေက တစ်ယောက်လည်း လွှတ်လိုက်တာ သူတို့အနေနဲ့တော့ ဒီနားလေးကို လိုက်ပေးစရာ မလိုဘူးလို့ ထင်မှာပဲ။ အဲဒီတော့ အဲဒါ မိဘတွေ အပြစ်လို့ ပြောမလား။

အခုလို ဘုမသိ ဘာမသိနဲ့ စိတ်ကူးပေါက်သလို လျှောက်သတ်တဲ့ အမှုတွေ ဒီရောက်ကတည်းက ကြိုကြား ကြိုကြား ကြားနေရတယ်။ စိတ်ဖိစိမှုများလို့ စိတ်ထွက်ပေါက်အနေနဲ့ သတ်ချင်တယ်ဆိုလည်း ကိုယ့်ဘာသာကိုယ် သတ်သေပေါ့။ အခုတော့ ဘာမှ အပြစ်မရှိတဲ့သူတွေက အလကားနေရင်း အသတ်ခံနေရတယ်။ ဆက်နွယ်နေတဲ့ မိသားစုဝင်တွေရဲ့ စိတ်ထဲမှာရော ဘယ်လောက် ခံစားရမလဲ၊ ကြေကွဲနေကြမလဲ၊ ဘာနဲ့မှ လဲယူလို့မရတဲ့ ဆုံးရှုံးမှုတစ်ခုပဲလေ။ လူတစ်ယောက်လုံး သေသွားမှတော့ ဘာနဲ့များ အလျော်အစား လုပ်လို့ရဦးမှာလဲ။ အခု ကလေးလေး ဆိုလည်း ကြည့်ပါဦး။ လူ့လောကထဲ ရောက်လာတာမှ ၃ နှစ်ပဲ ရှိသေးတယ်။ ဒီအရွယ်လေးက တကယ်ကို ချစ်ဖို့ကောင်းတဲ့ အရွယ်မို့ သူ့ မိဘ ညီအကို မောင်နှမတွေ ငိုကြွေးကြေကွဲနေမှာကို ကိုယ်ချင်းစာလို့ရတယ်။ အဲဒီ ကလေးနေရာမှာ "ကိုယ့်သားသမီးဆိုရင်" ဆိုတဲ့ အတွေးမျိုး တွေးတောင် မတွေးရဲဘူး။ သေတဲ့သူကလည်း သေသွားပြီ၊ တရားခံကလည်း ထိုက်သင့်တဲ့ အပြစ်ဒဏ်ကြခံ၊ ဒါနဲ့ပဲ ပြီးသွားတော့မှာလား။ နောင် ဒီလို အမှုမျိုးတွေ ထပ်မဖြစ်ဘူးလို့ရော ဘယ်သူက အာမခံနိုင်မှာတဲ့လဲ။

အကောင်းဆုံးက "ဒီနေ့ကစပြီး သွားလေရာ လာလေရာမှာ ကျမတို့ မိသားစု အဲဒီလို လူမျိုးတွေနဲ့ ဆန့်ကျင်ဘက်နေရာမှာ အမြဲရောက်နေရပါလို၏" လို့ ဘုရားမှာ ဆုတောင်းနေယုံမှ တပါး တခြား ဘာများ တတ်နိုင်ပါဦးမလဲ…

မှတ်ချက်။ အခု လူသတ်မှု သတင်းက ကျမ နားလည်သလို ရေးထားတာမို့ အသေးစိတ် အချက်အလက်တွေမှာ အနည်းငယ် လွဲမှားနိုင်ပါတယ်။

မတ်လ ၁၀၊ ၂၀၁၁

November 1, 2009

၂၀၁၀ ခုနှစ် + ၂၀

မမတန်ခူး က “နောင်လာမယ့် အနှစ်နှစ်ဆယ်” ဆိုပြီး ရေးခိုင်းထားတာ ကြာလှနေပါပြီ။ အကြောင်းကြောင်းတွေကြောင့် စာမရေးဖြစ်တာရော၊ ဘာအကြောင်းရေးရမှန်း မသိဖြစ်နေတာနဲ့ ချက်ချင်း မရေးဖြစ်ခဲ့ဘူး။ အခုတော့ အားလုံးအတွက် သတင်းကောင်းလည်း ပါးရင်း၊ နောင်အနှစ် ၂၀ မှာ တကယ်ဖြစ်ချင်တဲ့ ဆန္ဒုလည်း ရှိလို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက် ကတည်းက တင်နေတဲ့အကြွေးလည်း ဆပ်ပြီးသားဖြစ်သွားတာပေါ့နော် မမတန်ခူးရေ.. :)

*****

ငယ်ငယ်တုန်းကတည်းက ရည်မှန်းချက် ကြီးကြီးမထားတတ်တဲ့အကြောင်းကို ဒီပို့စ်လေး မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီလို ရည်မှန်းချက် ကြီးကြီးမထားတတ်တာကြောင့် ၅ နှစ်ကြာရင် ဘာဖြစ်ရမယ်၊ နောက် ၁၀ နှစ်ကြာရင် မိသားစု ဘ၀က ဘယ်လိုရှိနေရမယ် အစရှိသဖြင့် ကိုယ့်ဘ၀ကို နှစ်အလိုက် plan လုပ်တတ်တဲ့အကျင့်မျိုးလည်း ကျမမှာ ရှိမနေခဲ့ဘူး။ အရာအားလုံးဟာ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန် ပျက် လို့ သဘောထားပြီး ဖြစ်လာရင်လည်း အကောင်းဆုံးဖြစ်အောင်၊ ပျက်သွားရင်လည်း စိတ်ထားတတ်အောင်ဆိုပြီး အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုပဲ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် မဖြစ်လာသေးတဲ့ အနှစ်နှစ်ဆယ်အကြောင်းရေးဖို့ဆိုတာ ကျမအတွက်တော့ အင်မတန် ခက်ခဲခဲ့တယ်။ ဘဲဥ အစရှာမရသလို ဘယ်က စရေးရမှန်းကို မသိတော့ဘူး။ ရေးဖို့အကြောင်းအရာ ရှာမရလို့ အမျိုးသားကို မေးကြည့်တော့လည်း သူဖြေတာ အားရှိစရာပါ။ “နောင် အနှစ် နှစ်ဆယ်ဆို တို့တွေအသက် ၅၀ ကျော်ပေါ့၊ ၅၀ ကျော်ဆိုတော့ သေချာတာက မသေသေးရင် အလုပ် ဆက်လုပ်ပြီး ပိုက်ဆံရှာနေရဦးမှာပဲ၊ မြန်မာပြည်ပြန်ပြီး အေးအေးဆေးဆေး နားဖို့မဖြစ်နိုင်သေးဘူးတဲ့” လေ။ သူပြောတာလည်း မှန်ပါတယ်။ နောင် အနှစ် နှစ်ဆယ်မှာ ကျမတို့ ၂ ယောက်စလုံး မသေသေးရင်တော့ ဂျပန်မှာ မဟုတ်တောင် တခြားနေရာတခုခုမှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ အလုပ်လုပ်နေရဦးမှာပဲလို့ တွေးထားမိခဲ့တယ်။

*****

တလက်စတည်း ဒီပို့စ်ကနေ သူငယ်ချင်းတွေကိုလည်း သတင်းကောင်းတစ်ခု ပြောစရာရှိပါတယ်။ Osaka ကနေ ရန်ကုန်ကို ပြန်တုန်းက ကျမတို့ ၂ ယောက်ထဲပါ။ ဒါပေမယ့် Osaka ကို ပြန်လာတော့ ကျုမတို့ရဲ့ ရင်သွေးလေးနဲ့အတူ မိသားစု ၃ ယောက်ပြန်လာခဲ့ကြတယ်။ ဒီပြန်ရောက်ပြီး သိပ်မကြာခင် ဆေးရုံပြဖို့ စုံစမ်း၊ အင်္ဂလိပ်စကားပြောတတ်မယ့် ဆရာဝန်ရှာနေတာနဲ့ တကယ်တမ်း ဆရာဝန်နဲ့ ပြချိန်မှာ ကိုယ်ဝန် ၂ လလောက်ရှိနေပါပြီ။ အဲဒီအချိန်မှာ ကိုယ်ဝန် လနုသေးတာကြောင့် အသွားအလာ အနေအထိုင် ဂရုစိုက်ခဲ့ရတယ်။ နောက်ပြီး ကျမရဲ့ အသက်က ဂျပန်အမျိုးသမီးကိုယ်ဝန်ဆောင်တွေနဲ့ ယှဉ်လိုက်ရင် ငယ်ပေမယ့် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ဆို နောက်ကျနေတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကလေးတခုခုဖြစ်မှာ အရမ်းစိုးရိမ်ခဲ့ရတယ်။ မှတ်မှတ်ရရပဲ အဲဒီတုန်းကလည်း မမခင်ဦးမေရဲ့ Yangon 20 ပို့စ်ကို ဖတ်ပြီး မမအတွက် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အဲဒီလို စိုးရိမ်စိတ်တွေနဲ့ အလုပ်ဖွင့်ရက်ဆို အလုပ်သွားလိုက်၊ ပိတ်ရက်မှာ ကောင်းကောင်း အနားယူလိုက်လုပ်ရင်းက အခုဆို ကလေးက ၇ လကျော်လို့ ၈ လ ထဲရောက်နေပါပြီ။

ကလေးရှိလာပြီဆိုတော့ ကျမတို့ ၂ ယောက်စလုံးအတွက် စိတ်ကူးအိပ်မက်သစ်တွေ ပြောင်းလဲ လာခဲ့ရတယ်။ ဆေးခန်းပြရတဲ့ ရက်တိုင်း တဖြည်းဖြည်း ကြီးထွားပြီး လူလုံးပီပြင် လာတဲ့ ကလေးပုံလေးကို ultra sound screen ကနေ ကြည့်ရင်း နှစ်ယောက်သား ကြည်နူးရတယ်။ ဆေးခန်း သွားတိုင်းလည်း ဆရာဝန်က ကလေးရဲ့ ဖွံ့ဖြိုးလာတဲ့ ကိုယ်ခန္ဓာအလေးချိန်နဲ့ ultra sound ဓာတ်ပုံလေးတွေကို သူလည်း သိမ်းထားပြီး ကျမတို့ကိုလည်း တစ်ပုံ အမြဲပေးပါတယ်။ ဓာတ်ပုံကြည့်ပြီး ဒါလေးက လက်၊ ဒါလေးက ဦးခေါင်း၊ ဒီနေရာက နှလုံး အစရှိသဖြင့် ရှင်းပြပေးရင် အဖေရော အမေရော စာရွက်ကို ပြူးပြဲပြီး လိုက်ကြည့်ရတာ အမောပါပဲ။ အားလုံးစစ်ဆေးပြီးလို့ ဆရာဝန်က “ကလေးရော အမေရော အားလုံးအခြေအနေကောင်းတယ်၊ စိုးရိမ်စရာမရှိဘူး” ပြောတော့မှ ကျမတို့မှာ စိတ်အေးရတယ်။

၅ လကျော်လာတဲ့အချိန်မှာ ဆရာဝန်ကို “ယောင်္ကျားလေး ၊မိန်းကလေး သိရပြီလား” လို့ မေးတော့ ဆရာဝန်က “မသိရသေးဘူး၊ မသေချာသေးဘူး” လို့ပဲ ဖြေတယ်။ ယောင်္ကျားလေး မိန်းကလေး မသိရသေးပေမယ့် “ယောင်္ကျားလေးဆို အဖေနဲ့ game ကစားဖို့ အဖော်ရတာပေါ့” လို့ ကျမက အမျိုးသားကို ပြောလိုက်၊ “မိန်းကလေးဆို အမေနဲ့ တိုးတိုးဖော်ရတာပေါ့”ဆိုပြီး အမျိုးသားကလည်း ကျမကို ပြောလိုက်နဲ့ နောက်ဆုံး ၆ လကျော်လာတဲ့ အချိန်မှ “မိန်းကလေး” ဆိုပြီး ဆရာဝန်က ပြောပါတယ်။

*****

ကိုယ်တိုင် မိဘနေရာရောက်လာမှ မိဘတွေရဲ့ခံစားချက်ကို သဘောပေါက်လာခဲ့ရတယ်။ ကိုယ့်သားသမီး အတွက် အစစ အရာရာ ကောင်းမွန် ပြည်စုံ စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ အခုလည်း ကျမတို့ ၂ ယောက်မှာ မကြာခင် လူ့လောကထဲ ရောက်လာတော့မယ့် သမီးလေးအတွက် အားလုံး ကို အကောင်းဆုံးဖြစ်စေချင်တယ်။ ကလေး ကိုယ်လက်အင်္ဂါပြည့်စုံအောင်၊ စိတ်ကျန်းမာ ကိုယ်ကျန်းမာတဲ့ ကလေးဖြစ်အောင်၊ ဘုရားရှိခိုးတိုင်း ဆုတောင်းရတယ်။ ကလေး ငြိမ်နေရင် စိတ်ပူရသလို အရမ်းလှုပ်ပြန်တော့လည်း စိတ်ပူရတာပါပဲ။ ဗိုက်ထဲမှာ ကလေးအနေအထားမှ မှန်ရဲ့လား၊ ကိုယ်စားသမျှကရော ကလေးလိုအပ်တဲ့ အာဟာရမျိုး ဖြစ်ပါ့မလား၊ စားချင်လို့ အပူအစပ်နည်းနည်းစားမိရင်ကိုပဲ ကလေးများ ပူနေမလား အစရှိသဖြင့် ကိုယ်လုပ်သမျှ ကိစ္စတိုင်း ကလေးအတွက်ပဲ အရင်ဆုံး စဉ်းစားရတာနဲ့..စုံနေတာပါပဲ။

သမီးလေးကို နောက်နှစ် ဇန်န၀ါရီမှာ မွေးမယ်လို့ ဆရာဝန်က ရက်ချိန်းပေးထားပါတယ်။ နောက် အနှစ် နှစ်ဆယ် ၂၀၃၀ခုနှစ် ဆို သမီးလေးက အသက် ၂၀ ပေါ့။ အဲဒီ အနှစ် ၂၀ အတွင်းမှာ သူ့အတွက် လိုအပ်တာတွေဖြည့်ဆည်းပေးရင်း လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ချင်ပါတယ်။ အသိဥာဏ် အလိမ္မာရှိပြီး သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်တဲ့ သမီးလေးအဖြစ် အတတ်နိုင်ဆုံး ထိန်းကြောင်းပြုပြင်ပေးချင်ပါတယ်။ နောက်ဆုံး အသက် ၂၀ မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အောင်မြင်မှုတွေနဲ့ပြည့်နေတဲ့ သမီးလေးကိုလည်း မြင်ချင်ပါသေးတယ်။ ဒါကြောင့် သမီးလေး အသက် ၂၀ ရောက်တဲ့အချိန်အထိ ကျမတို့ ၂ ယောက်စလုံး လူ့လောကထဲမှာ သက်ရှိထင်ရှား ကျန်းကျန်းမာမာ ရှိနေချင်တယ်။ ဒါဟာ နောင် နှစ်ပေါင်း ၂၀ အတွက် ကျမတို့ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတွေပါပဲ။


နိုဝင်ဘာ ၂၊ ၂၀၀၉။

March 13, 2009

ရောက်တတ်ရာရာ

အခုတလော Blog မှာ ပို့စ်အသစ်လည်း မတင်ဖြစ်ဘူး။ ဘာတွေ အလုပ်ရှုတ်နေသလဲလို့မေးရင် ဘာမှ အလုပ်မရှုတ်ပါဘူးလို့ ဖြေရမှာပဲ။ အလုပ်လည်း မရှုတ်ဘူး စိတ်ထဲလည်း မပျော်ဘူး။ ဘယ်က ဘယ်လို ၀င်လာမှန်းမသိတဲ့ stress တွေပေါ့။ စိတ်ညစ်စရာတွေ ရှိရင် စာရေးချင်တဲ့စိတ်လည်း အလိုလို ကုန်ခမ်းနေရော။ ဒီနေ့မှ Blog ကို လှည့်ကြည့်လိုက်တာ Comment ပြန်ဖြေဖို့ အကြွေးတွေ အများကြီးပဲ။ သိပ်မကြာသေးပါဘူးလေ၊ ဖေဖော်ဝါရီ ၁၄ ရက် ကတည်းကဆိုတော့ ၁ လလောက်ပါပဲနော်။ ပြီးခဲ့တဲ့ ပို့စ်တွေက Comment တွေကို ဒီပိတ်ရက်မှာ ပြန်ပေးပါ့မယ်။


*****


အမှန်တော့ ရေးလက်စနဲ့ ရေးထားပြီးသား အချောမသတ်ရသေးတဲ့ စာတွေ ကွန်ပျူတာထဲမှာ ရှိနေတယ်။ Blog ပေါ်ကို ပို့စ်အနေနဲ့သာ မရောက်လာတာ။ ရေးလက်စတွေ လက်စ မသပ်ပဲ နောက်မှ ဆက်ရေးမယ်ဆိုပြီး လက်ဖက်နှပ်သလို နှပ်ထားတာ။ လက်ဖက်ဆိုလို့ အခုတလော ဈေးကွက်မှာ ရောင်းနေတဲ့ လက်ဖက်တွေ ထဲမှာ ဆိုးဆေး တွေ့လို့ဆိုပြီး မစားဖို့ တားမြစ်ထားတဲ့စာတွေ သတင်းတွေ ဖတ်ရတယ်။ လောလောဆယ် ကျမဆီမှာ မစားရသေးပဲ ရှိနေတဲ့ လက်ဖက်ထုပ်တွေ ဘယ်လို လုပ်ပစ်ရမှန်းတောင် မသိတော့ဘူး။ ပစ်ရမှာလည်း အဆီတ၀င်းဝင်း စားရမှာလည်း သဲတလျှပ်လျှပ်ဆိုသလိုပဲ။ ဆိုးဆေးတွေ့တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်လက်ထဲ ရှိတဲ့ တံဆိပ်လေး မပါ ပါစေနဲ့ဆိုပြီး ဆုတောင်းရင်း ရင်တုန်တုန်နဲ့ စာရင်း ဖတ်ကြည့်မိတယ်။ မထူးပါဘူး။ တံဆိပ် အားလုံးလိုလို ပါတာပါပဲ။ ကိုယ်မသိတဲ့ တံဆိပ်တွေတောင် ပါနေသေးတယ်။ အဲဒါတွေကို အခုမှ သိပြီး သတင်းစာထဲ ထည့်ကြော်ငြာတာ အံ့သြလိုက်တာ။ ပြည်တွင်းထဲမှာရော နိုင်ငံခြားက မြန်မာ အများစုကပါ တံဆိပ်ပေါင်းစုံ လက်ဖက်ပေါင်းစုံ စားလာတာပဲ ကြာလှနေပြီ။ ကျန်းမာရေး ၀န်ကြီးဌာနကတော့ စဉ်ဆက်မပြတ် စမ်းသပ် စစ်ဆေးမှုတွေ လုပ်နေတယ်ပြောတာပဲ။ တတ်နိုင်ဘူးလေ။ ကိုယ်တွေက သူတို့ပြောမှ သိရတာကိုး။ အခုလောက်ဆို လက်ဖက်ထဲမှာ ပါတဲ့ “Auramine O” ဆိုတဲ့ ဆိုးဆေးတွေ ကိုယ့် ကိုယ်ခန္ဓာထဲမှာ ဘယ်လောက်များပြီး အသည်း၊ ကျောက်ကပ်၊ ကင်ဆာ နဲ့ တခြားရောဂါတွေ
ဘယ်အချိန် ထ ဖြစ်မလဲတော့ မသိဘူး။ ရှေ့လျှောက် မစားပဲနေရင်တော့ ရမယ်ထင်တာပဲ။ ရှိစေတော့.. ရှိစေတော့ ဗိုက်ထဲ ရောက်နှင့်ပြီးသား ဟာတွေကို ဘာမှ ပြန်လုပ်ယူလို့ မရတော့ဘူး။ Blog အကြောင်း ပြောနေရင်းက မဆီမဆိုင် လက်ဖက်အကြောင်းက ရောက်သွားလိုက်သေးတယ်။ ပြန်ဆက်ဦးမယ်..


ရေးထားတာတွေထဲကပဲ ဖြေးဖြေးချင်း တင်ပေါ့လို့ ပြောရင်လည်း ရတာပဲနော့။ ကျမမှာလည်း ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ။ Blog မှာ စာတင်ဖို့ဆို ကျမရဲ့ အယ်ဒီတာဆီ အရင် တင်ရတယ်။ သူ့ကို အရင် ဖတ်ခိုင်းရတယ်။ သူက မကြိုက်ဘူးဆိုရင် ပြန်ပြင်ခိုင်းတယ်။ ကိုယ်က ၃ မျက်နှာလောက် ရေးထားမှ Blog ပေါ်ကျရင် ၁ မျက်နှာလောက်ပဲ ပါလာတာ။ ကပ်ကြေးစာ မိရတဲ့ အကြောင်းတွေ ကတော့ အစုံပဲ။

“စာထဲမှာ ဒေါသသံတွေ များနေတယ်”
“ဒီစာပိုဒ်က ကိုယ်ရေး ကိုယ်တာ တွေပါနေတယ်”
“အကြောင်းအရာ တစ်ခုကို ရေးနေရင်းက ဘာလို့ နောက်အကြောင်းတစ်ခုကို ချက်ချင်းခုန်သွားရတာလဲ”
“စာက ဖတ်ရတာ မချောဘူး”
“ရေးနေတဲ့စာက အရှေ့နဲ့ အနောက် မညီဘူး၊ လက်ရှိရေးနေတဲ့ အကြောင်းအရာနဲ့ မဆိုင်တာတွေ ပါနေတယ်”
“ကိုယ်က သေသေချာချာ မသိရင် မရေးရဘူး”
“အတင်းပြောသလိုမျိုး သူများအကြောင်း မရေးရဘူး”

စသဖြင့် စသဖြင့်နဲ့ ကျမ ရေးထားတာတွေကို ကပ်ကြေးနဲ့ ကိုက်သလို တဖြည်းဖြည်းချင်း ဖြတ်ပစ်တတ်တယ်။ နောက်ပြီး ကျမ ရေးထားတာ စာမချောရင် အယ်ဒီတာက လုံးဝ မကြည့်ပေးဘူး။ ကိုယ့်ဘာသာကိုယ် ပြန်ဖတ်ပြီး စာချောအောင် ရေးပြီးမှ သူ့ကိုဖတ်ကြည့်ခိုင်းရတယ်။ သူစိတ်ရှည်လက်ရှည် ဖတ်ပြီး စိတ်တိုင်းကျ ကပ်ကြေးနဲ့ ကိုက်ပြီးမှ Blog ပေါ်တင်ရတာ။ ဒါကြောင့် သူလည်း စာဖတ်ပေးဖို့ အချိန်ရမှ၊ ကိုယ်လည်း စာရေးထားတာ အဆင်သင့်ဖြစ်ပြီဆိုမှ ပို့စ်တစ်ခု ဖြစ်လာတာပါ။


Blog မှာ ကိုယ်စိတ်ကြိုက် လုပ်လို့ရတာက Banner တစ်ခုပဲ ရှိတယ်။ ပုံကို ကိုယ့်စိတ်ကြိုက်ရွေးတယ်။ ပြီးရင် ကိုယ့်စိတ်ကြိုက် ဖြတ်ညှပ်ကပ်လုပ်ပြီး Banner အဖြစ်တင်တယ်။ အခုလည်း Banner ကို မက်မွန်ပန်းပုံကနေ ချယ်ရီပန်းပုံ ပြောင်းလိုက်တယ်။ ဒီလကုန်ခါနီးလောက်ဆို ချယ်ရီတွေ ပွင့်တော့မှာမို့ ပန်းပုံ ပြောင်းလိုက်တာ။ အခုတောင် အဖူးတွေ စပြီး မြင်နေရပြီ။ တချို့နေရာမှာလည်း နည်းနည်းချင်းစီ ပွင့်နေကြပြီ။ ပန်းတွေ ပွင့်တော့လည်း ချယ်ရီပန်းကြည့်ပွဲ လုပ်ရဦးတော့မှာပေါ့။


*****


ရေးချင်တာတွေ လျှောက်ရေးနေတာနဲ့ စာက အစီအစဉ်လည်း မကျသလို စာလာဖတ်သူလည်း မျက်လုံးညောင်းနေရောပေါ့။ စာမရေးဖြစ်တာ ကြာလို့ စိတ်ကူးထဲ ပေါ်လာတာတွေ ချရေးမိတာပါ။ ဒီပို့စ်ရေးပြီး ခေါင်းစဉ် ဘာပေးရမှန်းမသိတာနဲ့ မမွန် ရဲ့ Blog က Label စာသားကို ဖတ်မိပြီး သဘောကျလို့ ယူသုံးလိုက်ပါတယ်။


မတ်လ ၁၄၊ ၂၀၀၉။

May 5, 2008

မုန်တိုင်းရဲ့ ဒဏ်ကြောင့်...


ဓာတ်ပုံ ကို ခေတ်ပြိုင် မှ ယူပါသည်။

အရင်တုန်းကဆို သူများနိုင်ငံတွေမှာ ငလျင်လှုပ်ပြန်ပြီ။ တော်ကြာ ရေကြီးပြန်ပြီ။ ဆူနာမီ ထိပြန်ပြီနဲ့။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံဖြစ်လို့ အဲဒီလို ကပ်မျိုး ဘယ်တော့မှ မဆိုက်ဘူးလို့ တွေးထားခဲ့တာ။ အခုတော့ တစ်သက်နဲ့တစ်ကိုယ် အခုလို အဖြစ်ဆိုးမျိုး ရန်ကုန်မှာ တခါမှ မကြုံဖူးဘူး။ မြန်မာနိုင်ငံကို ဘယ်လို ကြမ္မာဆိုးတွေများ ၀င်နေသလဲမသိဘူး။ အိမ်နဲ့လည်း အခုထိ ဖုန်းခေါ်လို့ မရသေးဘူး။ ဘယ်လောက်ကြာမှ ပြန်ခေါ်လို့ရမလဲဆိုတာလည်း ဘယ်သူမှ မပြောနိုင်ကြဘူး။ အများဆုံး ၂ ပတ် ကနေ ၁ လအထိ ကြာမယ်လို့ သတင်းတွေထဲမှာ ဖတ်ရတယ်။ စိတ်ပူလိုက် သတင်းပြေးကြည့်လိုက်၊ သတင်းပြေးကြည့်ပြီး စိတ်ပူလာလိုက်နဲ့ နောက်ဆုံး အိပ်မရတာပဲ အဖတ်တင်တယ်။ အပျက်အစီး အဆုံးအရှုံး နည်းပါစေလို့ ဆုတောင်ပေးနေပေမယ့် အင်တာနက်ပေါ်တက်လာတဲ့ ဓာတ်ပုံတွေကြည့်ပြီး လူက သွေးပျက်ချင်လာပြီ။ အိမ်မှာရော ဘယ်လိုဖြစ်နေကြပြီလဲ။ အိမ်အခြေအနေ သိချင်လို့ တတ်နိုင်သလောက် လက်လှမ်းမှီရာ အမျိုးတွေဆီ ဖုန်းဆက်ကြည့်တော့ ဒီနေ့မှ မြို့ထဲက အဒေါ်အိမ်နဲ့ အဆက်အသွယ်ရတယ်။ ဒါတောင် အကိုက စင်ကာပူကနေ တဆင့် ဖုန်းဆက်မေးပေးလို့သာ သိရတာ။ ဒီဘက်ကတော့ ဘယ်ဖုန်းကိုမှ ဆက်လို့မရဘူး။ အင်းစိန်အိမ်က အပေါ်ထပ် နဲ့ အနောက်ဖက် တခြမ်းလုံး အိမ်ခေါင်မိုး သွပ်ပြားတွေလန်ပြီး ပျက်စီးသွားတယ်။ ဘယ်လောက်ထိ ပျက်စီးသွားလဲဆိုတာတော့ မသိခဲ့ရဘူး။ မုန်တိုင်းပြီး ချက်ချင်းပဲ အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ ပြန်ပြင်လိုက်ပြီဆိုတာရယ် လူကြီးတွေ နဲ့ မိသားစုဝင်တွေ ဘာမှ မဖြစ်ဘူးဆိုလို့ စိတ်အေးရပေမယ့် မီးမလာ၊ ရေ မရ၊ ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို ဘယ်လောက်ကြာကြာ ရင်ဆိုင်နေကြရမလဲ။ ဓာတ်ဆီတွေ ဈေးတက်၊ ဘဲဥ ကြက်ဥ တစ်လုံး ၃၀၀၊ ၄၀၀ တဲ့။ ဒီကြားထဲ အင်းစိန်ထောင်မှာ မီးလောင်တယ်ဆိုတဲ့ သတင်းလည်းဖတ်လိုက်ရသေးတယ်။ အင်းစိန်ထောင်က အိမ် နဲ့ဆို နီးနီးလေးပဲ။ ကိုယ်နဲ့ နီးနီးနားနား ခေါ်ထားလို့ လွယ်မယ်ဆိုရင် ခေါ်ထားလိုက်ချင်တော့တယ်။ ဒါတောင် ကိုယ့်မိသားစု တစ်စုထဲတင် ဒီလိုဖြစ်နေတာ တခြားမိသားစုတွေ၊ ကိုယ့်ထက်ပိုဆိုးတဲ့သူတွေ အများကြီးပဲ။ အားလုံးဟာ အပူမီးတွေဝိုင်းနေတာ။ လေဘေးဒုက္ခသည်စာရင်း၊ လူအသေပျောက် စာရင်း၊ ဆုံးရှုံးတဲ့ အိမ်ထောင်စုစာရင်းတွေ တစ်နေ့ထက် တစ်နေ့ တိုးနေတဲ့ ကိန်းဂဏန်းတွေကို မကြည့်ရဲတော့ဘူး။ ဒီနေ့လည်း ဂျပန်ဆရာမက message ပို့ပြီး သတင်းမေးတာတောင် ကိုယ့်မိသားစုအခြေအနေကို အတိအကျ မပြောပြနိုင်ခဲ့ဘူး။ နဂိုကလည်း စိတ်ပူတတ်သူမို့ အခုဆိုရင် ပိုဆိုးတယ်။


မေ ၅၊ ၂၀၀၈။

April 24, 2008

ပုံပြောပြပါ



ကျမတို့ မောင်နှမတွေ ငယ်ငယ်တုန်းကဆို ဦးလေးငယ်ကို တွေ့တာနဲ့ “ပုံပြောပြပါ” ဒါမှ မဟုတ် “ပုံပြင်နားထောင်ချင်တယ်”ဆိုပြီး ပူဆာခဲ့တာပေါ့။ အဲဒီလိုပြောလိုက်လို့ ဦးလေး အချိန်ရပြီ ဆိုတာနဲ့ စိတ်ရှည်ရှည်ထားပြီး သိသလောက် မှတ်မိသလောက်ပုံပြင်လေးတွေကို ကျမတို့ နားလည်အောင် ပြောပြလေ့ရှိတယ်။ ပုံပြင်မဟုတ်လည်း တစ်ထောင့်တစ်ည ၀တ္တုဖတ်ပြပြီး ပြန်ရှင်းပြတတ်တယ်။ ညဘက်ဆိုရင်လည်း ထမင်းစားပြီးချိန်ပေါ့။ ရုံးနားရက် ကျောင်းပိတ်ရက်ဆိုရင်လည်း နေ့လည်နေ့ခင်း ထမင်းစားပြီးချိန်ပေါ့။ ရုံးပိတ်ရက် နေ့လည်ဆိုရင် မြန်မာ့အသံက ကလေးတွေအတွက် ပုံပြင်လာတတ်တာ မှတ်မိသေးတယ်။ အဲဒီအချိန် မတိုင်ခင် ကျမတို့ အဒေါ်က မောင်နှမ အားလုံးကို ရေချိုးပေးပြီး ထမင်းစားခိုင်းထားပြီးပြီ။ ထမင်းစားပြီးတာနဲ့ တအောင့်နားပြီးရင် နေ့လည် တရေးအိပ်ရတယ်။ မအိပ်ခင်မှာ ရေဒီယိုက ပုံပြင်လာတော့ အဲဒါ နားထောင်းရင်း ကလေးတွေ အိပ်ပျော်စေချင်တယ်တူပါရဲ့။ ကျမတို့ မောင်နှမတွေကတော့ ငယ်ငယ်က နေ့လည်ဘက် အိပ်ခိုင်းရင် ဘယ်တော့မှ မအိပ်တတ်ဘူး။ ဆော့ဖို့ပဲ အားသန်နေကြတာ။ အဲဒါကြောင့် ပုံပြင်လည်းပြီးရော အားလုံး ထပြီး ဆော့ဖို့ တာဆူနေကြပြီ။ အခုများတော့လည်း အဲဒီလို အခွင့်အရေးမျိုးရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိသေးတယ်။


ငယ်ငယ်က ပုံပြင်စာအုပ်တွေ ဘာတွေ မဖတ်ခဲ့ရတော့ လူကြီးတွေ ပြောပြတဲ့ ပုံပြင်တွေဆိုရင် စိတ်ဝင်တစား နားထောင်ခဲ့ရတယ်။ အခု ဒီအသက်အရွယ်ရောက်တဲ့ထိလည်း ကြိုက်နေတုန်းပဲ။ ပုံပြင်တွေကို ကြိုက်တဲ့အပြင် မြန်မာ့အသံက ပုံပြင်လာခါနီးမှာ လွှင့်တဲ့ တီးလုံးလေးကိုလည်း ကြိုက်တာပဲ။ နောက်ပြီး ပုံပြင်တွေ ဆုံးခါးနီးတိုင်းမှာ ပြောတဲ့ ဆုံးမစကားတွေကိုလည်း သဘောကျခဲ့တယ်။ ပုံပြင်ပြောပြနေသူက “မောင်ညီမလေးတို့ရေ.." လို့ ခေါ်လိုက်ရင် နားဝင်ချိုပြီး ကလေးသဘာဝ သဘောကျမိခဲ့တာပေါ့။ အခုတောင် ဒီစာရေးရင်း နားထဲ ပြန်ကြားယောင်နေမိတယ်။


အမှန်တော့ ကလေးနဲ့ ပုံပြင်ဆိုတာ ခွဲခြားလို့မရပါဘူး။ ပုံပြင်ဆိုတာလည်း ကလေးတွေအတွက် အဓိက ရည်ရွယ်ပြီး ရေးခဲ့ ပြောခဲ့ကြတာပဲ မဟုတ်လား။ “သူတဖက်သားကို ငဲ့ညှာသနားတတ်ဖို့၊ ကူညီပေးဖို့၊ နိုင်လိုမင်းထက် မဆက်ဆံဖို့၊ လိမ်မပြောဖို့၊ ကိုယ်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့်သူတပါး ဒုက္ခမရောက်ဖို့ ၊ လောဘမကြီးဖို့” စတဲ့ လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမတာပါ။ ပုံပြင်ထဲက ဇာတ်ကောင်လေးတွေနဲ့ ကိုယ်စားပြု ဆုံးမတော့ ပိုပြီး နားလည်လွယ်တာပေါ့။ သုံးထားတဲ့ ဇာတ်ကောင်လေးတွေကိုလည်း ကလေးတွေ မြင်လွယ်အောင် အမျိုးမျိုး အထူးပြုထားသေးတယ်။ ဥပမာ.. ကောက်ကျစ်တဲ့ မြေခွေး၊ ကျားစဉ်းလဲကြီး၊ တစ်တောလုံးရဲ့ အရှင်သခင် ကေသရာဇာခြသေ့င်္၊ ခွန်အားကြီးတဲ့ ဆင်ကြီး၊ အဆော့သန်တဲ့ မျောက်ကလေး၊ ယုန်ပညာရှိလေး အစရှိသဖြင့်ပေါ့။


ကျမ မှတ်မိသလောက် မြန်မာ့ရိုးရာ ပုံပြင်တွေထဲမှာဆိုရင် ယုန်နဲ့ လိပ်ပုံပြင်၊ ထင်းခုတ်သမားနဲ့ ပုဆိန်၊ မြွေမင်းသားလေးနဲ့ မယ်ထွေးလေး ပုံပြင် အဲဒီလောက်ပဲ မှတ်မိတော့တယ်။ နောက်ပြီး ကြက်ကလေးက ဟတ်ချိုးချီလိုက်လို့ စဥ့်အိုးကွဲသွားပြီး ကြောင်ကြီး ထွက်ပြေးသွားတာ ဆိုရင် ရီလည်း ရီရသလို ချစ်ဖို့ကောင်းတယ်။ အင်္ဂလိပ်ပုံပြင်တွေထဲမှာ အခုထိလည်း နာမည်ကြီးနေသေးတဲ့ လူပုလေး ၇ ယောက်နဲ့ မနှင်းဖြူလေး၊ စင်ဒရဲလားပုံပြင်တို့ပေါ့။ ဂျပန်ပုံပြင်တွေထဲကတော့ ကျေးဇူးဆပ်တတ်တဲ့ ကြိုးကြာငှက်လေး ရယ် ၀ါးထဲက ထွက်လာတဲ့ မင်းသမီးလေး ဆိုတာ လောက်ပဲ သိတော့တယ်။
သေချာ အသေးစိတ် မမှတ်မိတော့ဘူး။ အခုဒီရောက်တော့ အဲဒီ ပုံပြင်လေးတွေကို ဖတ်ချင်ပေမယ့် စာအုပ်ရှာရမှာ ပျင်းနေတာရော၊ ဂျပန်စာ အခက်အခဲရှိတာရော ပြန်မဖတ်ဖြစ်တော့ဘူး။ တချို့လည်း စကားပြောရင်တောင် ပုံပြင်လေး ကြားညှပ်သုံးတတ်ကြတာ ကြားဖူးမှာပေါ့။ “ဟို.. မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက်ပုံပြင်” ဆိုတာမျိုးလေ။


ငယ်ငယ်တုန်းကတော့ လူကြီးတွေက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သိထားတဲ့ ပါးစပ်ပုံပြင်လေးတွေ လက်ဆင့်ကမ်းပေးခဲ့လို့ သိခွင့်ရပေမယ့် အခုခေတ် ကလေးတွေဆီက “ပုံ ပြောပြပါ” လို့ ပူဆာတာမျိုး မကြားမိဘူး။ အိမ်က တူဝမ်းကွဲလေးရော တူမလေးတွေရော မပူဆာကြဘူး။ ဒီဘက်ခေတ် မိဘတွေ အနေနဲ့ ကလည်း ပိုက်ဆံ ရှာနေရတာနဲ့ ကလေးကို အချိန်မပေးနိုင်ကြတာ များပါတယ်။ ကလေးတွေအဖို့မှာလည်း တစ်နှစ်၊ တစ်နှစ်ခွဲလောက်ဆိုတာနဲ့ မူကြိုရောက်ပြီး က ကြီး ခ ခွေး ရွတ်နေကြရပြီ။ ချမ်းသာတဲ့ မိသားစုဝင် ကလေးတွေ အတွက်တော့ မိဘတွေက အလုပ်အားရင် Game Centre လိုက်ပို့တာမျိုး၊ Super Market ထဲမှာ ကလေးတွေ ကစားလို့ရတဲ့ နေရာမျိုးမှာ သွားဆော့ခိုင်းတာမျိုး လုပ်ပေးလာကြတယ်။ ဒါမှမဟုတ်လည်း ကလေးက အိမ်မှာပဲ ကွန်ပျူတာ ဂိမ်းဆော့ချင်ဆော့၊ မဆော့ချင်လည်း တီဗွီ၊ ဗွီဒီယို၊ DVD နဲ့ ကာတွန်းကားတွေ၊ တီဗွီကြော်ငြာတွေ ကြည့်ခိုင်းထားကြတယ်။ နောက်ပြီး ကလေးကို ငယ်ငယ်ကတည်းက တခြားဘာသာစကားပြောနိုင်အောင် ဆရာမ အိမ်ခေါ်ပြီး သင်ခိုင်းလာကြသလို တချို့လည်း ILBC ၊ YES တို့လို သင်တန်းကျောင်းတွေ ပို့ကြတာပေါ့။ ကျောင်းရောက်တဲ့အခါ ဆရာမတွေက ကလေးတွေ ပျော်အောင် ကွန်ပျူတာနဲ့ သီချင်းလေးတွေ ဖွင့်ပြတာတို့၊ ကဗျာရွတ်တာတို့၊ ဥာဏ်ရည်ထက်မြက်အောင်ဆိုပြီး ဂိမ်း အမျိုးမျိုး ကစားကြတာမျိုးတို့ လုပ်ပေးကြပြန်ရော။ ဒါကလည်း တီဗွီထဲမှာ ကြော်ငြာလို့ မြင်ဖူးတာပါ။ မူကြိုကျောင်းတွေကလည်း တစ်ကျောင်းနဲ့ တစ်ကျောင်း ကစားပြိုင်ကြတဲ့ “ချစ်စရာ့အရွယ် ကစားကြမယ်”ဆိုတဲ့ အစီအစဉ်ကိုလည်း တီဗွီမှာ မြင်နေရတယ်လေ။ အဲဒါဆိုတော့ ခုခေတ် ကလေးတွေ “ပုံပြင်နားထောင်ချင်တယ်၊ ပုံပြောပြပါ” လို့ ပူဆာတတ် ကြရဲ့လားလို့ တွေးမိလာတယ်။

လူကြီးတွေ ဖြစ်လာတဲ့ ကျမတို့ကျတော့ရော ဘာထူးသေးလဲ။ နားထောင်ခဲ့ဖူးတဲ့ ပုံပြင်တွေထဲက တချို့ဟာတွေဆိုရင် မမှတ်မိတော့ဘူး။ တစ်ပိုင်းတစ်စ လောက်ပဲ မှတ်မိတာမျိုးတွေ ဖြစ်လာတယ်။ နောင် ကိုယ့်ရဲ့ ကလေးတွေက “ပုံပြောပြပါ” လို့ ပူဆာလာရင်တောင် မပြောပြတတ်တော့ဘူး ဖြစ်မှာသေချာတယ်။ ကလေးတွေကရော ပုံပြောပြဖို့ ပူဆာမှာထက် “ Nintendo DS ၀ယ်ပေးပါ၊ Wii Game ၀ယ်ပေးပါ၊ Computer ၀ယ်ပေးပါ” ဆိုပြီး လက်ရှိ ခေတ်ရဲ့ လိုအပ်ချက်တွေကိုပဲ ပူဆာကြတော့မယ်လို့ ထင်တယ်။ ဒါမှမဟုတ်လည်း ပါးစပ်နဲ့ပြောတဲ့ ပုံပြင်ထက် “Cinderella ၊ Nemo၊ Shrek၊ Spider Man" တို့လို နိုင်ငံခြားကာတွန်းကားတွေကို ပိုပြီး ကြည့်ချင်လာကြမလားပဲ။ ဒီလိုနဲ့ပဲ ကျမတို့ နားထောင်ခဲ့ရဖူးတဲ့ အိပ်ယာဝင်ပုံပြင်၊ ပါးစပ်ပုံပြင်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွား လိမ့်မယ် ထင်ပါရဲ့...။


ဧပြီ ၂၄၊ ၂၀၀၈။

April 14, 2008

Blogger Status

ပြီးခဲ့တဲ့ ၂ ပတ် ကျော်လောက်က စပြီး ကျမ နေသိပ်မကောင်းတာနဲ့ ပို့စ်အသစ်လည်း မတင်နိုင်ခဲ့ပါဘူး။ ဖျားနာပြီး အိပ်ယာထဲ လဲတဲ့အထိလည်း မဖြစ်တော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ အဓိကက ချောင်းဆိုးတာပါ။ ချောင်းဆိုးတယ်လို့သာ ပြောလိုက်ရတာ အကြာကြီး မရပ်မနားဆိုးနေတာ မဟုတ်ပဲ သွားရင်း လာရင်း အနံ့ပြင်းပြင်း ရမိရင် အသက်ရှုကျပ်ပြီး ချောင်းဆိုးလာတာပါ။ အစတုန်းက အဲဒီလောက် အခြေအနေ ဆိုးမယ် မထင်လို့ ဆေးမသောက်ပဲ သူ့ဘာသာ သက်သာသွားလိမ့်မယ်ထင်တာ။ ကိုယ့်မှာပါလာတဲ့ဆေးကလည်း ချောင်းဆိုးပျောက်ဆေး ၂ ကဒ်လောက်ပဲ ယူလာခဲ့တော့ မလိုအပ်ပဲ ဆေးမသောက်ချင်ပြန်ဘူး။ နောက်ဆုံးတော့ ဆေးမသောက်ပဲ နေရာက မသက်သာလာတော့ ချောင်းဆိုးပျောက်ဆေး ကို စသောက်ရတော့တာပေါ့။ ဆေးကဒ် ၂ ကဒ်သာ ကုန်သွားတယ် မသက်သာဘူးလို့ပဲ ခံစားရတယ်။ ဖြစ်ချင်တော့ ရုံးက ကျမအလုပ်စားပွဲခုံရဲ့ ခပ်လှမ်းလှမ်းမှာ စက္ကူဖျက်စက်ရှိတယ်။ တစ်ရက်တော့ လူက ချောင်းဆိုးနေရတဲ့အထဲမှာ စက္ကူဖျက်စက်ကို တနေ့လုံးနီးနီးလိုလို လာသုံးကြတာ ကိုယ်သာ မမြင်ရတာ အမှုန်တွေ ထွက်တယ်တူပါရဲ့။ အဲဒီနောက်ပိုင်း အသက်ရှုမ၀သလိုဖြစ်ပြီး ပိုပိုဆိုးလာတယ်။ ဆေးလိပ်နံ့ရလည်း အသက်ရှုကျပ် လည်ချောင်းတွေယားပြီး ချောင်းဆိုးလာပြန်ရော။ ကိုယ့်ဘေးနားက လူတစ်ယောက်ယောက်ဆီက ရေမွှေးနံ့ပြင်းပြင်း ရမိရင်လည်း ကိုယ့်မှာ တဒုက္ခ။ ဈေးသွားဝယ်လို့ store ဆိုင်မှာ ကြော်လှော်ထားတဲ့ ဆီကြော်နံ့တွေများရလို့ကတော့ ပိုက်ဆံအမြန်ရှင်းပြီး အပြင်ကို ထွက်ပြေး ရတဲ့အဆင့်ထိဖြစ်လာရော။ ရန်ကုန်မှာတုန်းကလည်း ဒီလို မဖြစ်ဖူးဘူး။ နောက်ဆုံး ရုံးက ခွင့်ယူပြီး အိမ်မှာအနားယူရတော့တာပေါ့။ အိမ်ထဲနေတော့ သက်သာသလိုလိုရှိသား ဆိုပြီး နောက်နေ့ ရုံးပြန်တက်။ ပြန်ဖြစ်နဲ့ လုံးလည်လိုက်နေတာပဲ။


အဲဒီရက်အတွင်း အမျိုးသားလည်း ခရီးထွက်နေတာဆိုတော့ တစ်ယောက်ထဲလည်း ဆေးခန်းတွေ ဘာတွေ မသွားချင်ပြန်ဘူး။ ဆေးခန်းတော့ သွားပြမှ ရတော့မယ်ဆိုတာ သိနေပေမယ့် ဆေးရုံတက်ရတဲ့အထိဖြစ်လာရင် ကိုယ့်ကို ကူညီမယ့်သူ မရှိဘူး။ အဖေကတော့ ပြောသား။ အမျိုးသား ခရီးထွက်ရင် တခြားမိန်းကလေးဖော်ရှိတဲ့ သူငယ်ချင်းအိမ် သွားအိပ်ပါလားတဲ့။ ဂျပန်သူငယ်ချင်းအိမ်တွေကလည်း သွားအိပ်ဖို့မပြောနဲ့ သူတို့အိမ်တောင် အခုထိ အလည်ရောက်ဖူးတာမဟုတ်ဘူး။ အိမ်လည်ခေါ်လေ့လည်း မရှိကြဘူးထင်ပါရဲ့။ အဲဒါနဲ့ပဲ သူပြန်အလာကို ကိုယ့်မှာရှိတဲ့ဆေးလေးသောက်ပြီး စောင့်နေရတယ်။


သူပြန်ရောက်တော့မှ ရုံးက သူငယ်ချင်းကို ဆေးခန်းပြဖို့ လိပ်စာ မေးတော့ သူငယ်ချင်းက ကိုယ်တိုင်လိုက်ပို့ပေးတာနဲ့ ဆရာဝန်ဆီ ရောက်သွားတာပေါ့။ ဒီက ဆရာဝန်တွေကလည်း အမိုက်စား။ ဂျင်းဘောင်းဘီနဲ့ ကုတ်အဖြူနဲ့။ ကုတ် က ဆရာဝန်တွေ ၀တ်တဲ့ လောင်းကုတ် လိုမဟုတ်ဘူး။ ဆေးခန်းမှာ စောင့်နေတုန်း ဆရာဝန်က ဖြတ်သွားတာ ဆရာဝန်လို့ မထင်မိဘူး။ ကိုယ့်လို လူနာပဲထင်တာ။ ကိုယ့်အလှည့်ရောက်မှ အော်.. စောစောက လူက ဆရာဝန်ပါလားဆိုတာ သိရတာ။ အဖျားတိုင်းတော့လည်း အဖျားမရှိဘူး။ ဒါနဲ့ ပါးစပ်ဟခိုင်းပြီး အာခေါင်ထဲကို ဂွမ်းနဲ့ ဆေးပွတ်ပေးပြီး ဆေးစာရေးပေးလိုက်တာပဲ။ အာသီးယောင်နေတယ်လို့တော့ ပြောတယ်။ ဆရာဝန်စောင့်ရတာ ၁ နာရီနီးပါးကြာတယ်။ တကယ်တမ်း ပြရတာက ၁၀ မိနစ်တောင်မကြာပါဘူး။ သူပေးတဲ့ဆေးတွေကို ၄ ရက်သောက်ပြီး နောက်တစ်ပတ်ပြန်လာပါလို့ချိန်းလိုက်တယ်။ လိုက်ပို့ပေးတဲ့ သူငယ်ချင်းနဲ့ ဆရာဝန် ဂျပန်လိုပြောနေတာကတော့ အအေးပတ်ခြင်းတမျိုးလို့ပဲ ယူဆတယ်ပြောတာပဲ။ တကယ်လို့ မသက်သာရင် နောက်ထပ်ဆေးတစ်မျိုးပြောင်းပေးမယ်ပေါ့။ ပျောက်ဖို့တော့ နည်းနည်း ကြာချင် ကြာလိမ့်မယ်လို့ ဆရာဝန်က ကြိုပြောထားတယ်။ နောက်ပြီး အမြဲတမ်း မျက်နှာဖုံးတပ်ထားရမယ်လို့လည်း ပြောပါတယ်။ မျက်နှာဖုံးက နေ့ခင်းဘက်ဆိုရင် တမျိုးတပ်ရပြီး ညဘက်ဆိုရင်တော့ အစိုဓာတ်ပါတဲ့ မျက်နှာဖုံးမျိုးကို တပ်ပြီးမှ အိပ်ရပါတယ်။ နေ့ခင်းဘက်တပ်ရတဲ့မျက်နှာဖုံးကတော့ အလယ်မှာ menthol filter လို့ခေါ်တဲ့ ဂွမ်းစတမျိုးကို ခံထားတယ်။ ညဘက်တပ်အိပ်တဲ့ဟာကတော့ အရည်တစ်မျိုးနဲ့ စိုအောင် လုပ်ထားတဲ့ ဂွမ်းစကို မျက်နှာဖုံးအရှေ့က အိတ်ကပ်လေးထဲထည့်ထားရတာ။ ဒါကြောင့် အိပ်နေရင်း အသက်ရှုရင်ဂွမ်းစက အစိုဓာတ်ကို ရှုသွင်းမိပြီး လည်ချောင်းမခြောက်စေဘူး။ အဲဒါဆိုတော့ လည်ချောင်းယားပြီး ချောင်းဆိုးတာမျိုး မဖြစ်တော့ဘူးပေါ့။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေလည်း တော့ မသိတော့ပါဘူး။ အလကား ရတဲ့ လေကို သူများတကာတွေ ၀၀လင်လင် ရှုနေရချိန်မှာ ကိုယ်ကတော့ မျက်နှာဖုံးကြီးတပ်ပြီး အထဲမှာ filter အထပ်ထပ် ခံပြီး ရှုရတဲ့ဘ၀။


ဂျပန်မှာကလည်း အခုတလော Pollen Allergic ဖြစ်နေတဲ့ရာသီပါ။ ၂ လပိုင်းလောက်ကနေ ၄ လပိုင်းလောက်အထိက sugi လို့ခေါ်တဲ့ အပင်က ပန်းပွင့်ပါတယ်။ ၃ လပိုင်းကနေ ၅ လပိုင်းအထိက hinoki လို့ခေါ်တဲ့ အပင်ကနေ ပန်းပွင့်တယ်။ ၂ မျိုးစလုံးက ထင်းရှုးပင်မျိုးနွယ် အုပ်စုထဲမှာ ပါတယ်လို့ ထင်တယ်။ အဲဒီပန်းရဲ့ ၀တ်မှုန်ဟာ လူတွေကို မျက်စိနာစေတယ်၊ မျက်စိယားစေတယ်၊ နှာရည်ကျစေတယ်၊ အသားမှာ ယားယံစေတယ်။ အဲဒီအပင်တွေဟာ မြန်မာပြည်မှာရော နေရာတော်တော်များများမှာ ကျမ တွေ့ဖူးပါတယ်။ အရင်တုန်းကလည်း အိမ်မှာစိုက်ဖူးတယ်။ ဒါပေမယ့် အပင်က ပန်းပွင့်တာမျိုးကိုတော့ ဒီရောက်မှ တွေ့ဖူး၊ မြင်ဖူးတာပါ။ ဒါကြောင့် ၂ လပိုင်းကနေ ၅ လပိုင်းအထိ ဂျပန်လူမျိုး တော်တော်များများဟာ အဲဒီအပင်ရဲ့ ပန်းဝတ်မှုန်ကြောင့် kafunshou (花粉症) လို့ခေါ်တဲ့ pollen allergic ဝေဒနာကို ခံစားရလေ့ရှိကြတယ်။ တချို့ဆိုရင် အိမ်အပြင်မှာတောင် အ၀တ်မလှန်းရဲကြဘူး။ ဂျပန်နိုင်ငံတောင်ပိုင်းဘက်က okinawa လိုနေရာမျိုးမှာတော့ ရာသီဥတုက ပိုပူလို့ kafunshou ဖြစ်တဲ့သူ မရှိဘူးလို့ ရုံးက သူငယ်ချင်းကတော့ ပြောပြပါတယ်။ Yahoo weather website နဲ့ တီဗွီက မိုးလေ၀သ သတင်းမှာဆိုရင်လည်း နောက်တနေ့အတွက် ရာသီဥတုအပြင် ပန်းဝတ်မှုန်အနည်းအများကိုပါ ကြော်ငြာပေးပါတယ်။ ၀တ်မှုန်ကျတာ များမယ့်နေ့ဆိုရင်တော့ လူတော်တော်များများက မျက်နှာဖုံးစွပ်ထားကြတယ်။ တချို့ ဂျပန်တွေဆိုရင် တခြားအပင်တွေက ထွက်တဲ့ ၀တ်မှုန်ကြောင့်လည်း တစ်နှစ်ပတ်လုံး လိုလို အဲဒီဝေဒနာကို ခံစားရတဲ့သူတွေလည်းရှိတယ်။ ၉၀ ရာခိုင်နှုန်းလောက်ကတော့ ဒီရာသီမှာ အဖြစ်အများဆုံးပါပဲ။ ကျမနေမကောင်းဖြစ်လို့ ရုံးကသူငယ်ချင်းက ရှင်းပြပေးတာကို သိသလောက်ရေးလိုက်ရတာ။


အပေါ်ပုံကတော့ sugi (すぎ)လို့ခေါ်တဲ့အပင်ပါ။


ဒီအပင်ကတော့ hinoki (ひのき) လို့ခေါ်တယ်။ မြန်မာလို ဘယ်လိုခေါ်လည်းတော့ ကျမလည်း သေချာမသိပါဘူး။ ဒီလောက် အန္တရာယ်ပေးတဲ့အပင်ကို ဘာဖြစ်လို့ စိုက်ထားကြတာလည်းလို့မေးတော့ ဒီမှာက အဲဒီအပင်ရဲ့အသားနဲ့ အိမ်ဆောက်တယ်၊ ပရိဘောဂ အသုံးအဆောင်တွေ အတွက်သုံးဖို့စိုက်ကြတယ်။ တချို့လည်း အလှသက်သက် စိုက်ထားကြတာလို့ သူငယ်ချင်းက ပြောပြတယ်။


အမှန်တော့ ကျမချောင်းဆိုးတာလည်း အဲဒီလို allergic မျိုးဖြစ်နေမလားဆိုပြီး ကိုယ်တိုင်က သံသယ ရှိပေမယ့် ဆရာဝန်က အအေးပတ်တယ်လို့ပြောတော့လည်း သူပြောသလိုပဲပေါ့။ တော်သေးတယ် တခြားကြီးကြီးမားမား ရောဂါမျိုးမဟုတ်တာပဲ ကျေးဇူးတင်ရမယ်။ ရုံးက လူကြီးတွေ ကတော့ Asthma ဖြစ်မှာစိုးရိမ်နေကြတာပေါ့။ အအေးပတ်တယ်လို့ပြောမှပဲ သူတို့လည်းစိတ်အေးသွားတော့တယ်။ သောက်ရတဲ့ဆေးတွေကလည်း ဆေးလုံးရော ချောင်းဆိုးပျောက်ဆေးရည်ရော၊ ပြီးတော့ အပြင်ကပြန်လာတိုင်း gargle လုပ်ရတဲ့ဆေးရည်ရော။ စုံနေတာပါပဲ။ ဆေး ၅ မျိုး သောက်ရတာ မကြောက်ပေမယ့် ထမင်းစားပြီး ဆေးသောက်ပြီးလို့ကတော့ အိပ်ငိုက်ပြီသားပဲ။ နဂိုကလည်း အအိပ်မက်သူဆိုတော့ ဆေးသောက်ပြီးသွားရင် လူက ဘိန်းမှိန်း မှိန်းနေသလားထင်ရတယ် မျက်စိကို စင်းပြီး မျက်လုံးမဖွင့်ချင်တော့ဘူး။ အခုလည်းဆေးသောက်ပြီးသွားလို့ မျက်လုံးက စင်းလာတာနဲ့ ရိုက်လက်စလေး လက်စသတ်ရင်း blog ပေါ်အမြန်တင်လိုက်ပြီး အိပ်ပါတော့မယ်။



ဧပြီ ၁၄၊ ၂၀၀၈။

February 5, 2008

ရည်မှန်းချက် ကိုယ်စီ



မိဘတွေက “သားကြီးလာရင် ဘာလုပ်မလဲ၊ သမီးကြီးလာရင် ဘာလုပ်မလဲ” ဆိုပြီး ကလေးရဲ့ အတွင်းစိတ်လေးတွေကို မေးမြန်းလေ့ရှိတာ ကျမတို့ ပတ်ဝန်းကျင်မှာ ကြားနေ၊ မြင်နေ၊ တွေ့နေရလေ့ ရှိတတ်ပါတယ်။ အဲဒီလိုမေးလို့ ကလေးက “ဆရာဝန်ကြီး”၊ “အင်ဂျင်နီယာ”၊ “ကျောင်းဆရာ”၊ တချို့လည်း “စစ်ဗိုလ်” နဲ့ အမျိုးမျိုး စိတ်ကူးရှိသလို ဖြေတတ်ကြတယ်။ တချို့ကလေးငယ်တွေ ဖြေတာများ “လေယာဉ်ပျံကြီး မောင်းချင်တယ်”၊ “သမီးက ရုပ်ရှင်မင်းသမီး ဖြစ်ချင်တယ်” ဆိုပဲ။ အဖေ၊ အမေကတော့ ခုမှ ကလေးသာသာ ရှိနေသေးတဲ့ သားသမီးရဲ့ စိတ်ကူးလေးတွေ ကြားသိရရင်ကိုပဲ ၀မ်းသာ ကျေနပ်နေကြတာ အမှန်ပါပဲ။ လူတွေရဲ့စိတ်ဓာတ်နဲ့ ရည်မှန်းချက်တွေဟာ အသက်အရွယ်၊ အခြေအနေနဲ့ အချိန်အခါ ပေါ်မူတည်ပြီး ပြောင်းလဲ နေကြတာပဲ မဟုတ်လား။ လူတိုင်းရော ကလေးဘ၀တုန်းက ရှိခဲ့တဲ့ ရည်မှန်းချက်နဲ့ အခုလက်တွေ့ဘ၀နဲ့ရော ကိုက်ညီမှုရှိကြရဲ့လားလို့ ကျမ တွေးနေမိတယ်။ ကျမရော.. ငယ်ငယ်က ဘာဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက် ရှိခဲ့လားလို့ ကိုယ့်ကို ကိုယ် မေးခွန်း ထုတ်တဲ့အခါမှာတော့..

*****


ငယ်ငယ်တုန်းက လူကြီးတွေ ကျမကို “ဘာလုပ်မလဲ၊ ဘာဝါသနာပါလဲ” မေးရင် ရည်ရွယ်ချက် ကြီးကြီးမားမား မရှိတဲ့အတွက် ဘာဖြေရမှန်း မသိခဲ့ပါဘူး။ အဲဒီတုန်းက ကျမရဲ့ ဦးလေးငယ်က YIT ကျောင်းပြီးလို့ စက်မှု ၁ မှာ ၀င်ပြီး အလုပ်လုပ်နေချိန်ပေါ့။ မဆလ အစိုးရက ပညာတော်သင်လွှတ်လို့ ဦးလေး နိုင်ငံခြား သွားတော့ ကျမ ၅ နှစ်သမီးလောက်ပဲရှိသေးတာ။ လေယာဉ်ကွင်းလိုက်ပို့ပြီး ဦးလေးနဲ့အတူ လိုက်ချင်လို့ ငိုခဲ့ရတာ မှတ်မိနေသေးတယ်။ နိုင်ငံခြားက ပြန်လာတောလည့်း TV၊ ရေခဲသေတ္တာ တွေအပြင် ကျမအတွက် အင်္ကျီလှလှလေးတွေပါ ၀ယ်လာပေးခဲ့ပါတယ်။ အဲဒါဆိုတော့ ကလေး သာသာ ကျမအတွေးကလည်း နိုင်ငံခြားသွားရင် နောက်ဆုံးပေါ် ပစ္စည်းအကောင်းစားတွေ ၀ယ်လို့ရမယ်ဆိုတဲ့ အသိလောက်ပဲ ရှိခဲ့တယ်။ အဲဒါကြောင့် ဘယ်လိုနေမှန်း မသိတဲ့ နိုင်ငံခြားကို သွားချင်နေခဲ့တယ်။ ကျမ ၅ တန်းတုန်းက ခြေထောက်မှာ မှဲ့ ပေါ်လာတော့ “ခြေထောက်မှာ
မှဲ့ပါရင် နိုင်ငံခြားသွားရမယ်ပြောတယ်။ အခု သမီးခြေထောက်မှာ မှဲ့ပေါ်လာပြီ။ နိုင်ငံခြားသွားရတော့မယ်”လို့ အိမ်သားတွေရှေ့မှာပြောလိုက်မိတယ်။ အဲဒီမှာ ကျမ အဒေါ် ကျောင်းဆရာမက “ စာဖြင့်မကျက်ပဲ နိုင်ငံခြားသွားချင်လို့ ရမလား။ ဒီနေ့ပဲ သူ့ အတန်းပိုင်ဆရာမက ကျမကို စာမေးပွဲအကြောင်း ခေါ်ပြောတယ်”ဆိုပြီး ကျမအမေ့ကို တိုင်ပါလေရော။ အမေကလည်း ဘယ်ရမလဲ အဒေါ်ကတိုင်တော့ ဆော်ပလော်တီးတော့တာပေါ့။ “စာမကြိုးစားပဲ နိုင်ငံခြားသွားချင်ဦး..”ဆိုပြီး ပြောပြီးတော့ကို ရိုက်တာ။ အမှန်က စာမေးပွဲဖြေမလို့ စာရွက်ဖြုတ်လိုက်တာ အလယ်က ပြဲသွားလို့ ကျမ အဒေါ် ကို အတန်းပိုင်ဆရာမက ခေါ်ပြောတာပါ။ အဒေါ်က အမေကို သေချာမရှင်းပြတော့ အရိုက်ခံလိုက်ရတာပဲ အဖတ်တင်တာပေါ့။


ငယ်ငယ်ကတည်းက ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် တိတိကျကျ မရှိခဲ့တဲ့ ကျမရဲ့ စိတ်တွေဟာ တော်ကြာ ဆရာဝန်ဖြစ်ချင်လိုက်၊ တော်ကြာ အင်ဂျင်နီယာ ဖြစ်ချင်လိုက်၊ တခါတလေလည်း တက္ကသိုလ်က ဆရာမဖြစ်ချင်လိုက်နဲ့..။ ဒါတွေဟာ စိတ်ကူးထဲပဲရှိနေပြီး လက်တွေ့မှာ တကယ် ဖြစ်မလာသေးတော့ အတွေးတွေနဲ့ပဲ လုံးလည်လိုက်နေခဲ့တာပေါ့။ ၁၀ တန်းဆိုတဲ့ တံတားကို ဖြတ်ကျော်ပြီးချိန်မှာ ဟိုဘက်ကမ်းဟာ ရန်ကုန်လှိုင်ကောလိပ် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် “ဆရာဝန်၊ အင်ဂျင်နီယာ မဖြစ်လည်း တခြားဘက်မှာ ထူးချွန်အောင်လုပ်လို့ရပါသေးတယ်” ဆိုပြီး ဖြေသိမ့်ရင်း တက္ကသိုလ်ကျောင်းသူဘ၀ကိုပဲ ပျော်ပျော်ကြီး ဖြတ်သန်းခဲ့တယ်။ အကြောင်းကြောင်းတွေကြောင့် ကျောင်းတွေ အကြာကြီးပိတ်နေချိန်မှာ ကွန်ပျူတာ တက္ကသိုလ်က ဖွင့်တဲ့ ညနေပိုင်း ဒီပလိုမာ သင်တန်းတက်မိပြီး ကွန်ပျူတာ အလုပ်ကို လုပ်ဖြစ်သွားတာ အခုချိန်ထိပဲ ဆိုပါတော့။ ဒီပလိုမာ သင်တန်း စတက်တုန်းကလည်း ရည်ရွယ်ချက် ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ကျောင်းပိတ်ထားချိန်နဲ့ ကွန်ပျူတာပိုးဝင်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေလို့ တက်ဖြစ်သွားတာလည်းပါတာပေါ့။ ကံတရားက မျက်စိနောက်ပြီး လမ်းကြောင်းတစ်ခုပေါ် ကောက်တင်ပေးလိုက်တယ်လို့လည်း ပြောလို့ရပါတယ်။

ဒီပလိုမာ သင်တန်းပြီးလို့ “ဘာဆက်လုပ်ကြမလဲ” လို့ သူငယ်ချင်းတွေ စုပြီး တိုင်ပင်တဲ့အခါ ကျမကတော့ “အလုပ်လုပ်ဖို့ အချိန်တန်ပြီ။ ကျောင်းဆက်မတက်ချင်တော့ဘူး” ဆိုပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျမ ပိုက်ဆံရှာချင်တယ်၊ ရတဲ့ လုပ်အားခနဲ့ မိဘတွေကို လုပ်ကျွေးချင်တယ်။ အသက်အရွယ်ကြီးလာတာနဲ့ အမျှ အရွယ်ကျလာတဲ့ အဖေရဲ့ ရုပ်သွင်၊ လက်ထဲမှာ ရှိတဲ့ ငွေအရင်းအနှီးကလည်း မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် တန်ဖိုးကျ လာတာတွေ၊ အလုပ်လုပ်ဖို့ မသင့်တော့တဲ့ အဖေ့အသက်အရွယ်။ ဒါတွေ အားလုံးကို ပြေလည်စေချင်တာတစ်ခုတည်းနဲ့ ကျမ အလုပ်လုပ်ချင်ခဲ့တာပါ။ အဲဒီမှာ နိုင်ငံခြားသွားပြီး အလုပ်လုပ်ချင်တဲ့ ရောဂါပိုးက ပြန်ပြီး စလာတော့တာပါပဲ။ ကိုယ့်ဘ၀အတွက်၊ ကိုယ့်မိသားစုအတွက် ရည်မှန်းချက်လို့လည်း ပြောလို့ရတာပေါ့လေ။ မြန်မာပြည်မှာ အလုပ် စပြီး ၀င်လုပ်တော့ နိုင်ငံခြားကို လွှတ်တဲ့ company မှာ လုပ်ခွင့်ရခဲ့ပါတယ်။ အရာရာတိုင်းဟာ ကိုယ်တွေးထင်ထားသလို လွယ်လွယ်တော့ ဖြစ်မလာခဲ့ပါဘူး။ ပြဿနာပေါင်းစုံ၊ အဆင်မပြေမှုပေါင်းစုံနဲ့ နောက်ဆုံး မြန်မာပြည်မှာ ၄ နှစ် အလုပ်လုပ်ပြီးမှ ဂျပန်ကို လာခွင့်ရခဲ့တာမို့ သည်းခံပြီး စောင့်ရကျိုးနပ်တယ်လို့ပဲ အောက်မေ့မိပါတယ်။ နိုင်ငံခြား မသွားရခင်တော့ စိတ်ဓာတ်ကျတာ ပြောဖွယ်ရာ မရှိတော့ဘူးပေါ့။


တကယ်တော့ “နိုင်ငံခြား ရောက်ပြီ” လို့ပြောလို့ရတဲ့ အချိန်ဟာ လေယာဉ်ပေါ်တက်၊ နိုင်ငံခြား Immigration ကို ဖြတ်ပြီး ကိုယ်သွားချင်တဲ့ နိုင်ငံထဲကို ခြေချမိပြီဆိုမှ “တကယ် နိုင်ငံခြားရောက်ပြီ”လို့ ဆိုရတော့မှာပဲ။ တချို့ဆို နိုင်ငံခြားသွားဖို့ အခါအခွင့်တွေ ရလာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတာမျိုး ကြုံနေ၊ တွေ့နေ၊ မြင်နေ ခဲ့ရပါတယ်။ တဖက် company ကလည်း ခေါ်တယ်။ ဒီဘက် company ကလည်း လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးတယ်။ ဒါတောင် အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတတ်ပါသေးတယ်။ ကိုယ့်အလှည့်မှာတော့ visa ၀င်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်နေတာတောင် ခရီးသွားဖို့ ပြင်စရာရှိတာမပြင်ရဲသေးပဲ “သွားခါနီးမှ .... မသွားဖြစ်ရင်” ဆိုတဲ့စိတ်နဲ့ ရင်တမမ ဖြစ်နေခဲ့ရဖူးပါတယ်။ အပေါ်ယံတွေးရင်တော့ နိုင်ငံခြားသွားဖို့ စီစဉ်ထားတာတွေဟာ အဆင်ပြေနေတယ်လို့ထင်ရပေမယ့် တကယ်တမ်း ဖြစ်လာပြီဆိုရင် ကံနဲ့လည်း ဆိုင်တာမို့ သွားရဖို့ ကံမပါလာရင် ဘယ်လောက်ကြီးပဲ အဆင်ပြေ ပြေဖြစ်နေပါစေ။ မသွားရပါဘူး။ သွားဖို့ကံပါလာရင်လည်း သူ့ဘာသာသူ အကျိုးအကြောင်းတိုက်ဆိုင်ပြီး သွားရတာပါပဲ။


အခုမြန်မာပြည်ကလူတော်တော်များများလည်း နိုင်ငံခြားသွားဖို့ ကံပါလာကြတယ်ထင်ပါရဲ့။ နည်းမျိုးစုံ နဲ့ နိုင်ငံခြားသွားဖို့အတွက် ရုန်းကန်လှုပ်ရှားနေတာတွေ စာတွေထဲလည်း မြင်နေ ဖတ်နေရလို့ အားလုံးကို အဆင်ပြေစေချင်ပါတယ်။ “ရောက်ရင် ပြီးရော” ဆိုပြီး မကောင်းတဲ့ ကြား ပွဲစားတွေကြောင့် ဒုက္ခရောက်ရတာတွေ ကြားရရင် တကယ်ကို စိတ်မချမ်းသာလှပါဘူး။ ဟိုတလောက ကျမမောင်လေးနဲ့ စကားပြောတော့ သူ့သူငယ်ချင်းက ဂျပန်ကို ၃ ပတ်အတွင်းလာမယ်ဆိုလို့ ကျမကတောင် “ဟဲ့..မဟုတ်ဘူးနဲ့တူတယ်နော်။ ဂျပန်ကို ၃ ပတ်အတွင်းလာလို့ ရတဲ့သူဟာ ဂျပန်ကနေ multi entry ရ ထားပြီးသား လူပဲ ဖြစ်လိမ့်မယ်။ မြန်မာပြည်က လူကတော့ အဲဒီလောက် မမြန်နိုင်ဘူး”လို့ပြောလို့မဆုံးသေးဘူး၊ နောက်တစ်ခေါက်မေးကြည့်တော့ “မသွားဖြစ်တော့ဘူး”လို့ ပြောသံကြားလိုက်ရတယ်။ တချို့ဆိုရင် နိုင်ငံခြားသွားဖို့ကို လွယ်လွယ်တွေးပြီး လွယ်လွယ်ပြောတဲ့သူတွေ တွေ့ရင် ကျမ စိတ်ထဲကနေ ပြောနေမိတယ်။ “သြော်.. ပြောတော့လွယ်လိုက်တာ”လို့။ နိုင်ငံခြားကို သွားတာလည်း ပုံစံမျိုးစုံနဲ့ သွားလို့ရတာပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ်က ဘယ်လိုပုံစံနဲ့သွားမယ်ဆိုတာလည်း ရှိသေးတာပေါ့။ ကျောင်းတက်မှာလား အလုပ်လုပ်ပြီးသွားမှာလား အစရှိသဖြင့်ပေါ့လေ။ အလုပ်လုပ်မယ်ဆိုရင်လည်း ကိုယ်ရောက်တဲ့နိုင်ငံရဲ့ လူတွေနဲ့ ရင်ပေါင်တန်းပြီး အလုပ်လုပ်နိုင်အောင် ကိုယ့်ဘက်က သူတို့ထက် မသာရင်တောင် သူတို့နဲ့ အပြိုင်လိုက်နိုင်ဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် ကျမသူငယ်ချင်း တစ်ယောက်ပြောတာ ကြားယောင်မိတယ်။ “အမရယ် .. နိုင်ငံခြားသွားတယ်ဆိုတာ ပြောသလောက်သာ လွယ်နေရင် မြန်မာပြည်က ရှိသမျှ လူတွေ အကုန်နိုင်ငံခြား ရောက်ကုန်ရောပေါ့”တဲ့။

*****


အခုအချိန်မှာတော့ နိုင်ငံခြားမှာ အလုပ်လုပ်ချင်တဲ့ ဆန္ဒလည်း ပြည့်ခဲ့ပါပြီ။ ကျမ မိသားစုကိုလည်း တတ်နိုင်သလောက် ကျေးဇူးဆပ်ခွင့်လည်းရနေပါပြီ။ လွန်ခဲ့တဲ့နှစ်တွေကို ပြန်လှည့်ကြည့်မိရင် အရာအားလုံးကို မိသားစုအတွက်ဆိုတဲ့ “ဇော” တစ်ခုတည်းနဲ့ ဖြတ်သန်းခဲ့ရတာမို့ မောပန်းနေပါပြီ။ လူ့စိတ်ဆိုတာလည်း ခက်သားလားပဲ။ ဆန္ဒတစ်ခုပြည့်ပြီးပြန်တော့ နောက်ထပ် အသစ်အသစ် ဖြစ်ချင်တာတွေဟာ အချိန်နဲ့အတူ လိုက်ပြီး ပြောင်းလဲတတ်တာ သဘာဝပဲ မဟုတ်လား။ လူသားတွေထဲက လူတစ်ယောက်ဖြစ်တဲ့ ကျမလည်း ရည်မှန်းချက်အသစ်က စိတ်ကူးထဲရောက်လာတော့တာပေါ့။ အဲဒါကတော့ ရှမ်းပြည်ဘက်မှာခြံလေးဝယ်ပြီး သစ်ပင် ပန်းပင်တွေစိုက်ပြီး အေးအေးချမ်းချမ်း နေချင်တာပါပဲ။ အမျိုးသားကတော့ အနီးအနားက ကလေးတွေကို ခေါ်ပြီး ကွန်ပျူတာသင်ပေးမယ်ဆိုပဲ။ ဘ၀ကို တကယ်အေးအေးချမ်းချမ်းနဲ့ ကုန်ဆုံးမယ့်နေရာလေးကို စိတ်ကူးယဉ်ထားကြတာပါ။ တကယ်ဖြစ်လာဖို့အတွက်တော့ အချိန်တစ်ခု စောင့်ရဦးမှာပေါ့လေ.......


ဖေဖော်ဝါရီ ၅၊ ၂၀၀၈။

February 2, 2008

Happy Chinese New Year 2008


ဓာတ်ပုံကို ဒီနေရာ မှ ယူပါသည်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ယောင်းမဆီက Email ၀င်လာပါတယ်။ တရုတ်နှစ်သစ်ကူးအတွက် New Year Wish လုပ်လိုက်တဲ့စာလေးပါပဲ။ စာရလိုက်တော့မှပဲ “နှစ်ကူးတော့မှာပါလား” ဆိုပြီး သတိရမိတယ်။ ဒီနှစ်အတွက် တရုတ်နှစ်ကူးက ဖေဖော်ဝါရီလ ၇ ရက်နေ့ပါ။ ဖေဖော်ဝါရီလ ထဲမှာ ကျင်းပလေ့ရှိပေမယ့် ရက်အတိအကျကတော့ တနှစ်နဲ့ တနှစ်မတူတာမို့ အနားနီးမှ နှစ်ကူးရက်ကို သိရတာမျိုးပါ။ အစောဆုံးက ဇန်န၀ါရီနောက်ဆုံးအပတ်ဖြစ်တတ်ပြီး နောက်အကျဆုံးကတော့ ဖေဖော်ဝါရီ တတိယပတ် လောက်ဖြစ်လေ့ရှိတတ်ပါတယ်။ နှစ်ကူးနား နီးလာပေမယ့် ဂျပန်မှာက တရုတ်နှစ်ကူးနဲ့ ပတ်သက်တာဆိုလို့ ဘာမှ ထူးထူးခြားခြား မရှိလှပါဘူး။ Osaka နဲ့ နီးနီးနားနား Kobe မှာ China Town ရှိပေမယ့် အဲဒီက တရုတ်တွေရော နှစ်ကူးရက်မှာ အနားယူနိုင်ကြပါ့မလားလို့ တွေးနေမိသေးတယ်။ စင်ကာပူမှာရှိတဲ့ အကိုနဲ့ ယောင်းမကတော့ ရုံးပိတ်ရက်တွေ ရဦးမှာမို့ ပျော်နေကြလေရဲ့...


*****


ကျမ အဖေရဲ့ မိဘတွေက တရုတ်ပြည်ကလာတဲ့ တရုတ်စစ်စစ်တွေပါပဲ။ မြန်မာပြည်မှာ FRC (Foreign Registration Card) နဲ့ နေခဲ့ကြတာ။ နောက်ပိုင်း မဆလ အစိုးရလက်ထက်မှာ FRC တွေကို နိုင်ငံသားပြောင်းလျှောက်ခွင့်ပေးလို့ ပါးပါးနဲ့ အဖွားက မြန်မာနိုင်ငံသားဖြစ်ခဲ့ကြတာ။ ပါးပါးရဲ့ မောင်တွေ ညီမတွေကြတော့ သူများရဲ့ မွေးစားသားသမီး အဖြစ် ခံယူပြီး နိုင်ငံသားပြောင်းခဲ့လို့ ၁၀ တန်းအောင်တဲ့အခါ Institute တက်ခွင့်ရခဲ့တာ။ နို့မို့ဆိုရင် အဲဒီအချိန်တုန်းက FRC နဲ့ နေထိုင်သူကို အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တက်ခွင့် မပေးပါဘူး။ အမေဘက်ကအဖွားကတော့ တရုတ်ဖြစ်ပြီး အဘိုးကတော့ ဗမာစစ်စစ်ပါ။ ဒါကြောင့် ကျမတို့ မောင်နှမတွေက တရုတ်သွေး သုံးမတ်ပါတယ်လို့ ဆိုလို့ရပါတယ်။ တရုတ်သွေး သုံးမတ်ပါတဲ့ ကျမက တရုတ်နဲ့တူတာဆိုလို့ အသားဖြူတာ တစ်ခုပဲ ရှိတယ်။ မသိတဲ့သူတွေက ကရင်လားလို့ လာမေးကြတယ်။ ကရင်ရုပ်များပေါက်နေလားတော့ မပြောတတ်ပါဘူး။ ပါးပါးက တရုတ်ကျောင်းတက်ခဲ့သူမို့ တရုတ်စကားကို ကောင်းကောင်း ရေးတတ် ၊ဖတ်တတ်၊ ပြောတတ် ပါတယ်။ ဒါပေမယ့် ကျမတို့ မောင်နှမတွေကိုတော့ တရုတ်စာသင်ဖို့ အားမပေးခဲ့ပါဘူး။ အဲဒါကြောင့် ကျမတို့ အားလုံး တရုတ်စာ မတတ်ကြဘူး။ (ဒီမှာ ဂျပန် Kanji စကားလုံးတွေ ကြည့်ပြီး အတော် စိတ်ရှုတ်ပါတယ်။)


ပါးပါးက မောင်နှမတွေထဲမှာ သားအကြီးဆုံးဆိုတော့ တရုတ်ရိုးရာနဲ့ ပတ်သက်တာ အကုန်လုပ်ပေးရပါတယ်။ ဖေဖော်ဝါရီလ မှာ တရုတ်နှစ်ကူးရတယ်။ ၈ လပိုင်းမှာ တစ္ဆေကြီးပွဲလုပ်ရတယ်။ အရင်သင်္ချိုင်းတွေ မပြောင်းခင်ကဆိုရင် ၄ လပိုင်းမှာ သင်္ချိုင်းကန်တော့ရတယ်။ ၁၂ လပိုင်း ဆိုရင် တရုတ်မုန့်လုံးရေပေါ် လုပ်ပြီး ဘုရားကပ်ရတယ်။ ပါးပါးက တရုတ်ရိုးရာနဲ့ ပတ်သက်တာ အကုန်လုပ်ပေးပေမယ့် ဗုဒ္ဓဘာသာကိုလည်း အင်မတန် ယုံကြည် ကိုးကွယ်တဲ့သူပါ။ ကျမတို့ ငယ်ငယ်ကတော့ နှစ်သစ်ကူးပြီဆိုရင် ပျော်တာပဲသိတယ်။ အန်ပေါင်း (မုန့်ဖိုး) ရတာကိုး။ ပြီးတော့ ရန်ကုန် တရုတ်တန်းမှာနေတဲ့ အဒေါ်အကြီးဆုံးက အင်္ကျီအသစ်တွေ နှစ်ဆန်း ၁ ရက်နေ့မှာဝတ်ဖို့ အမြဲ ချုပ်ပေးပါတယ်။ ဦးလေးတွေ အဒေါ်တွေဆီကလည်း မုန့်ဖိုးရတော့ ဖေဖော်ဝါရီလဆိုရင် ဘတ်ဂျက် ထောတဲ့လ လို့ပဲ မှတ်ထားလိုက်တော့တယ်။ ဒါကြောင့် ငယ်ငယ်က တရုတ်နှစ်ကူးကတော့ မုန့်ဖိုးရမယ်၊ ကောင်းကောင်းစားရမယ်၊ ပြီးရင် လျှောက်လည်ရမယ် ဒီလောက်ပဲ သိထားတယ်လေ။


တရုတ်တွေရဲ့ အယူအဆအရ နှစ်ကူးမတိုင်ခင် ၁ ပတ်လောက်အလိုကတည်းက အိမ်ကို ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး သန့်ရှင်းရေးလုပ်ရပါတယ်။ နှစ်ကူးရက်အတွက်လည်း လိုအပ်တာတွေ ၀ယ်ခြမ်းထားရပါသေးတယ်။ ရွှေစက္ကူ၊ ငွေစက္ကူ၊ အမွှေးတိုင်၊ ဖယောင်းတိုင်အပြင် တခြား မုန့်အချိုနဲ့ အခြောက်အခြမ်းတွေပါပဲ။ အီကွေ့မုန့် ကိုတော့ ကျမတို့ အဒေါ်က သူကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးပါတယ်။ တရုတ်နှစ်ကူးနားနီးလာလေ ကြက်သား၊ဘဲသားနဲ့ ၀က်သားတွေ ဈေးတက်တာ မတန်တဆပါပဲ။ ဒါတောင် လိုချင်တဲ့ရက်ကို ကြိုတင်ငွေပေးပြီး မှာထားမှ စိတ်ချရတာပါ။ နှစ်ကူးရက်ကတော့ မနက်ပိုင်းမှာ သေဆုံးသွားတဲ့ အဘိုးအဘွားတွေကို ကန်တော့ရတယ်။ ညနေပိုင်းကျတော့ အိမ်နီးနားချင်းတွေနဲ့ ဆွေမျိုးတွေကို ခေါက်ဆွဲ၊ ကြာဇံကြော်ပြီး လိုက်ဝေပေးပါတယ်။ ခင်တဲ့သူတွေကိုတော့ အိမ်မှာဖိတ်ကျွေးတယ်။ ပါးပါးကတော့ နှစ်ကူးတယ်ဆိုတာ “အလှူလုပ်ခြင်း တမျိုးပဲ”လို့ အမြဲပြောတတ်ပြီး လာသမျှ မိတ်ဆွေအပေါင်းအသင်းကို အိမ်မှာချက်ထားတဲ့ဟင်းတွေနဲ့ ဧည့်ခံကျွေးမွေးတော့တာပါပဲ။ ကလေးတုန်းကတော့ နှစ်ဆန်း ၁ ရက်နေ့ဆိုရင် ရန်ကုန်မြို့တွင်း ကို လျှောက်လည်ခဲ့ရတာမှတ်မိသေးတယ်။ နောက်ပိုင်းတော့လည်း ဘယ်မှ မလည်ဖြစ်တော့ပါဘူး။ ဒါပေမယ့် နှစ်ဆန်း ၁ ရက်နေ့က အန်ပေါင်းရတဲ့နေ့လေ။




ငယ်ငယ်က ပါးပါး အန်ပေါင်းပေးရင် ၁၀၊ ၁၂ ကျပ်လောက်ပဲ ရတာမှတ်မိသေးတယ်။ အလွန်ဆုံးရမှ ၂၄ ကျပ်ပေါ့။ ပါးပါးကတော့ အန်ပေါင်းပိုက်ဆံပေးရင် အမြဲတမ်း စုံဂဏန်းတန်ဖိုးပဲပေးလေ့ရှိတယ်။ အဲဒီ အန်ပေါင်းပိုက်ဆံကို လိပ်ပြီး စက္ကူအနီနဲ့ပတ်၊ ပြုတ်မထွက်သွားအောင် ကော်ကပ်ပြီး မနက်မိုးလင်းရင် တစ်ယောက် တစ်ထုပ် ပေးတော့တာပဲ။ ပိုက်ဆံလိပ်ထဲမှာ ဘယ်လောက်ပါလဲဆိုပြီး မျက်နှာမသစ်ခင် ဖြေကြည့်ရတာ အမောပါပဲ။ နောက်ပြီး ပါးပါးပေးတဲ့ အန်ပေါင်းပိုက်ဆံက အမြဲတမ်း အသစ်လေးတွေချည်းပဲဆိုတော့ အဲဒီပိုက်ဆံကို ဘယ်တော့မှ မသုံးရက်ဘူး။ ဒါကြောင့် ပါးပါး ညီမ အဒေါ်ဆရာမဆီမှာ မောင်နှမအားလုံးစုပြီး အပ်ထားကြတာပေါ့။ ကျောင်းပြန်ဖွင့်ခါနီးရင် အဒေါ်က ကျမတို့ ပေးထားတဲ့ မုန့်ဖိုးတွေနဲ့ ကျောင်းသား တစ်ယောက်အတွက် လိုအပ်တဲ့ ကျောင်းဝတ်စုံအသစ်၊ စာအုပ်၊လွယ်အိတ်၊ စာရေးကိရိယာ တွေ ပြန်ဝယ်ပေးပါတယ်။ အသက်တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ကုန်ဈေးနှုန်းပါ လိုက်တက်လာပြီး ကျမတို့ အန်ပေါင်းပိုက်ဆံဟာလည်း တဖြည်းဖြည်း ထောင်သောင်း ချီလာတော့တာပါပဲ။ အန်ပေါင်းထုတ်တဲ့ စက္ကူကလည်း အရင်တုန်းကတော့ ရိုးရိုး စက္ကူအနီနဲ့ပဲ ပတ်ထားတာ။ နောက်ပိုင်း ခေတ်မှီ လာတယ်ပြောရမယ်။ စက္ကူအနီနဲ့ ပတ်ရမဲ့ အစား စာအိတ်အနီလှလှလေးတွေနဲ့ ထည့်ပေးတော့တယ်။ ကျမ အိမ်ထောင်မကျခင်အထိ အန်ပေါင်းရနေတုန်းပါပဲ။ အလုပ်လုပ်တော့လည်း လစာငွေကို အိမ်ပြန်အပ်၊ ပြီးမှ ပါးပါး မုန့်ဖိုးပေးတာကို သုံးတာပါ။ ကျမတို့ မောင်နှမအားလုံးက အိမ်ထောင်ပြုတာ နောက်ကျတာမို့ ပါးပါးက သားသမီးတွေကို အသက် ၃၀ ကျော်နေတဲ့ အရွယ်အထိ အန်ပေါင်း ပေးနေရတုန်းပါပဲ။ ဒါတောင် ကျမမောင်လေးက အခုထိ လူလွတ်ပဲ ရှိနေသေးတာမို့ အားလုံးက သူ့ကို အန်ပေါင်းပေးနေကြပါသေးတယ်။


နှစ်ကူးပြီး နှစ်ဆန်း ၉ ရက်ဆိုရင်တော့ ကျမတို့ ရပ်ကွက်မှာရှိတဲ့ စူဠာမဏိ တရုတ်ဘုံကျောင်းမှာ ဘုရားသွားရှိခိုးရပါတယ်။ ဘုံကျောင်းက ၃ ထပ်ရှိပြီး ကျမတို့ မြို့က တရုတ်တွေ စုပြီး တည်ထောင်ထားကြတာပါ။ အဲဒီရက်ဆိုရင် ဘုံကျောင်းမှာလည်း လူအတော်စည်ပါတယ်။ ဘုံကျောင်းအောက်ထပ်မှာတော့ လာသမျှဧည့်သည်ကို ညစာကျွေးပါတယ်။ များသောအားဖြင့်က ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ဘဲသားဆန်ပြုတ် ပေါ့။ တနှစ်နဲ့တနှစ်တော့ မတူပါဘူး။ ဒုတိယ ထပ်မှာက ဖျော်ဖြေရေး အတွက် တီးဝိုင်း ဒါမှမဟုတ် ကံစမ်းမဲ ဖောက်ပေးတဲ့ပွဲမျိုး လုပ်လေ့ရှိပါတယ်။ ဗွီဒီယိုတွေ ခေတ်ကောင်းချိန်တုန်းကတော့ ဗွီဒီယို ပြတာပေါ့။ တတိယထပ်မှာက မိုးကောင်းကင်ဘုရားကို ပူဇော်ဖို့အတွက် စားပွဲအရှည်ကြီးတွေပေါ်မှာ လာသမျှ ဧည့်သည်တွေ လှူထားတဲ့ လှူဖွယ်ပစ္စည်းမျိုးစုံနဲ့ အမွှေးတိုင် ဖယောင်းတိုင် ထွန်းတဲ့ အိုးကြီးတွေ တင်ထားပါတယ်။ တတိယထပ်ကို တက်လိုက်ရင် အမွှေးတိုင် ဖယောင်းတိုင်က ထွက်တဲ့ မီးခိုးတွေအပြင် တရုတ်ရိုးရာအရ ရွှေစက္ကူ၊ ငွေစက္ကူ မီးရှို့လို့ ထွက်တဲ့ မီးခိုးတွေနဲ့ မွှန်နေတာပဲ။ ကျမ ဘုံကျောင်းသွားရရင်တော့ သူတို့ကျွေးတာလည်း မစားဖြစ်ပဲ ဘုရားရှိခိုး၊ အလှူငွေပေးပြီးတာနဲ့ အိမ်ကို ပြန်ပြေးတော့တာပဲ။ ပါးပါးနဲ့ လိုက်သွားဖြစ်ရင်တော့ တခြားသူနဲ့ စကားစမြည်ပြောတာကို စောင့်ပေးရပါတယ်။ ည ၁၂ နာရီကျော်ရင်တော့ ကျမတို့ အိမ်မှာလည်း ကောင်းကင်ဘုရားကို ရှိခိုးဖို့အတွက် ပြင်ဆင်ရပါတယ်။ ဘုရားရှိခိုးပြီးတာနဲ့ ညလယ်စာ မိသားစု အတူတူ ခေါက်ဆွဲပြုတ်စားပြီး အိပ်ယာဝင်ပါတော့တယ်။ ဒီလိုနဲ့ နှစ်သစ်ကူးကာလ ပြီးသွားပြန်တာပါပဲ။ ဘယ်လိုနည်းနဲ့ပဲ နှစ်ကူးကူး အဓိက ရည်ရွယ်ချက်ကတော့ နှစ်သစ်မှာ ပျော်ရွှင်စေဖို့၊ အားလုံး ကျန်းမာချမ်းသာကြစေဖို့၊ နှစ်ဟောင်းက မကောင်းတာတွေ ပယ်ပြီး နှစ်သစ်မှာ ကောင်းတာတွေ ဖြစ်စေဖို့ ၊ စီးပွားလာဘ်လာဘ ပေါများဖို့ စတဲ့ နမိတ်ကောင်းတွေကို ယူကြတာပဲ မဟုတ်လား။ ကောင်းတာတွေချည်းပဲ ဖြစ်ချင်ကြတာ လူ့သဘာဝပဲလေ။


*****


ဘာလိုလိုနဲ့ ကျမလည်း အိမ်က တရုတ်နှစ်ကူးနဲ့ ဝေးနေတာ ၄ နှစ်နီးပါးလောက် ရှိတော့မယ်။ အိမ်မှာ နှစ်ကူးတုန်းကဆို ချက်ထားတဲ့ဟင်းတွေက ၀က်သားတွေချည်းပဲ အီလို့ မစားနိုင်တာ အခုငတ်နေတဲ့ အချိန်တော့လည်း ရန်ကုန်က တရုတ်နှစ်ကူးချိန်တွေနဲ့အတူ မားမားရဲ့ တရုတ်ဟင်းလက်ရာတွေကို လွမ်းမိသား။ “ခုချိန်ဆို အိမ်သန့်ရှင်းရေး လုပ်ပြီးလောက်ပြီ။ ဒီနှစ်တော့ ဘယ်လိုဟင်းတွေချက်လဲ။ မားမား တစ်ယောက်တည်းရော အားလုံးလုပ်နိုင်ပါ့မလား” ဆိုပြီး တွေးနေမိတယ်။ ကျမလုပ်ပေးနိုင်တာ တစ်ခုကတော့ ပါးပါး၊ မားမားနဲ့အတူ မိသားစုဝင်တွေ အားလုံး တရုတ်နှစ်သစ်မှာ ကျန်းမာ ပျော်ရွှင်ကြပါစေလို့ အဝေးကနေပဲ ဆုတောင်းနေမိပါတော့တယ်...

ဖေဖော်ဝါရီ ၃၊ ၂၀၀၈။

January 5, 2008

2008 New Year Resolution



နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လာတာ ၅ ရက်တောင် ရှိပြီ။ ကျမကတော့ စကားပြောရင် ယောင်ပြီး နောက်နှစ်လို့ ပြောမိနေတုန်းပဲ။ အမှန်တော့ ဒီနှစ်လို့ ပြင်ပြောရတော့မှာ။ ဒီနှစ်အတွက် New Year Resolution က ဘာတွေလည်းလို့ ညီမလေး s0wha1က tag လာတော့ ကျမလည်း ဘာပြောရမှန်း မသိဘူး။ အရင်နှစ်တုန်းကတော့ ဘာတွေလုပ်မယ် ဆိုပြီး စိတ် ပြင်းပြင်းထန်ထန် မရှိခဲ့ပါဘူး။ ဒီနှစ်တော့ ကိုယ့်အတွက် အရမ်းကြီး Heavy ဖြစ်မနေတဲ့ဟာမျိုး၊ နောက်ပြီး ကိုယ်ကလည်း တကယ် လိုက်နာနိုင်မယ့် အရာမျိုး ကို လုပ်ဖြစ်အောင် လုပ်မယ်လို့ သန္နိဋ္ဌာန် ချလိုက်ပါတယ်။

၁။ ရုံးတက်ရမယ့် နေ့ဆိုရင် အိပ်ယာက စောစောထပြီး ရုံးကို နောက်မကျအောင် သွားမယ်လို့ စိတ်ဆုံးဖြတ်ထားပါတယ်။ (အဲဒါက ကျမအတွက်တော့ တော်တော်ကို မလွယ်တဲ့ ကိစ္စပါ။ )

၂။ အပြောနဲ့ လက်တွေ့ ကိုက်ညီအောင် နေပါမယ်။ တဖက်သားကို ကတိတစ်ခု၊ စကားတစ်ခုကို လွယ်လွယ်မပြောဖြစ်အောင်၊ ပြောပြီးရင်လည်း ပြောတဲ့အတိုင်း လုပ်ပေးနိုင်အောင် ကြိုးစားပါမယ်။

၃။ အ၀တ်အစား အသုံးအဆောင် ပစ္စည်းတွေကို တကယ် မလိုအပ်ပဲ၊ မလိုချင်ပဲ မ၀ယ်မိအောင် ကြိုးစားပါမယ်။


ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ စောင့်ကြည့်ရမှာပါပဲ။ ကိုယ့်ကို ကိုယ် မညာမိအောင်၊ စိတ်ကို အလိုမလိုက်မိအောင် ကြိုးစားဖို့က အင်မတန် ခက်ပါတယ်။ နှုတ်တစ်ရာ စာတစ်လုံးလို့ ဆိုစကားရှိတော့ အခုလို စာနဲ့ ရေးပြီး blog ပေါ်တင်လိုက်တာဟာ ပိုပြီး ကိုယ့်စိတ်ကို လေးနက်စေမလားပဲ။

တခါတလေ တကယ့်လုပ်ရပ်နဲ့ ဆန့်ကျင်ဘက်ကို ပြောမိရင် ကျမ အမျိုးသားက “စိုင်းထီးဆိုင် ဆိုတဲ့ သီချင်းလေး တပုဒ် ကို သတိရတယ် ...~~မင်းပြောတဲ့စကားများ ~~ နားကြားများလွဲသလား~~” တဲ့။ သူက ကျမ စကားကြီး စကားကျယ်ပြောတိုင်း အဲဒီလို အမြဲနောက်ပြောင်တတ်ပါတယ်။ တကယ်လား အပြောလားဆိုတာကို ၂၀၀၈ ခုနှစ်ကုန်ချိန်မှာ ပြန်ပြောကြတာပေါ့နော်....



ဇန်န၀ါရီ ၅၊ ၂၀၀၈။

December 31, 2007

ပြောင်းလဲခြင်းများ နှင့် ဒီဇင်ဘာ ၃၁ များ

ငယ်ငယ်တုန်းကတော့ ဒီဇင်ဘာဆိုရင် ဒုတိယ အစမ်းစာမေးပွဲပြီးလို့ ကျောင်းပိတ်ထားပြီး ကျောင်းပြန်ဖွင့်တာနဲ့ အတန်းတင် စာမေးပွဲအတွက် ပြင်ဆင်နေရတဲ့အချိန်ပေါ့.. စာကျက်နေရပြီ။ ဒီလိုနဲ့ပဲ ဒီဇင်ဘာတွေ တနှစ်ပြီး တစ်နှစ် ကုန်ဆုံးလာခဲ့တယ်။ ဒီဇင်ဘာဟာ ၁၂ လထဲက လတစ်ခုအဖြစ်တည်ရှိနေတာကလွဲရင် ကျမကို ဘာမှ ထူးခြားမှု မဖြစ်စေခဲ့ပါဘူး။


၁၀ တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့လည်း ဒီဇင်ဘာဟာ ကျမအတွက်တော့ ဘာမှ ခံစားရလောက်တဲ့ ခံစားချက်မျိုး မဖြစ်လာခဲ့ပြန်ဘူး။ ထူးထူးခြားခြား သတိထားမိတာကတော့ ဒီဇင်ဘာလ ရဲ့ ၁ ရက်နေ့ဆိုတာနဲ့ ကျမတို့ဘက်က လမ်းမကြီးတွေပေါ်မှာ SWEET DECEMBER ဆိုတဲ့ စာလုံး ခပ်ကြီးကြီးကို ထုံးဖြူနဲ့ ရေးထားတာ တွေ့ရမယ်။ နောက်ပြီး ကြော်ငြာတွေ ခေတ်စားလာတော့ သတိထားမိတာ တစ်ခုက ဒီဇင်ဘာ အလှကုန်ပစ္စည်းကြော်ငြာပါပဲ။ တစ်နှစ်ပတ်လုံး မကြော်ငြာပဲ ဒီဇင်ဘာ ရောက်မှ ၁ ရက်နေ့ ကနေစပြီး ၃၁ ရက်နေ့ အထိကို မုန်းသွားအောင်ကို တီဗွီမှာ ကြော်ငြာတာပါ။ အဲဒီလိုမျိုးလေးတွေ မြင်ရပြီ၊ ကြားရပြီဆိုမှပဲ “ဘာလိုလိုနဲ့ ဒီဇင်ဘာလ ရောက်လာပြန်ပြီ။ နှစ်တစ်နှစ်ကုန်တော့မှာပါလား”ဆိုတဲ့ အတွေးက ခေါင်းထဲရောက်လာပြီး ခဏနေ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်တာပါပဲ။ NEW YEAR ကြိုတဲ့ ပွဲမျိုး၊ Christmas လိုပွဲမျိုးတော့ တခါမှ မသွားခဲ့ဖူးပါဘူး။ ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်ဟာ ကျမအတွက်တော့ ခပ်စိမ်းစိမ်းပါပဲ။ ဒါပေမယ့် မှတ်မိတဲ့ ဒီဇင်ဘာ ၃၁ တွေကို ပြန်စဉ်းစားမိရင်...

***

၁၉၉၈ ခုနှစ် ဒီဇင်ဘာ

အဲဒီနှစ်ရဲ့ ဒီဇင်ဘာမှ ကျမ အတော်လေး နေမကောင်းဖြစ်နေတဲ့အချိန်ပါပဲ။ သောက်ရတဲ့ဆေးတွေက ပြင်းလွန်းတဲ့အပြင် အစာ မစားခင်မှာ ဆေးကြိုသောက်ရတာမို့ အစာစားပြီးရင် စားပြီးသမျှ အကုန်ပြန်ထွက်တာပါပဲ။ သူများတွေကတော့ ဒီဇင်ဘာ ၃၁ မှာ နှစ်သစ်ကို အင်းလျားမှာ ကြိုမလား၊ ကမ်းခြေတခုခုမှာ ကြိုဆိုမလား၊ ကိုယ့်အိမ်မှာပဲ ပါတီလေးလုပ်ပြီး ကြိုမလား အမျိုးမျိုး ကြိုနေကြတဲ့အချိန်မှာ ကျမကတော့ ဥသြဆွဲပြီး ကြိုနေခဲ့ရတယ်။ ဝေဒနာက ပြင်းလွန်းလို့ ကိုယ့်ကိုကိုယ်လည်း အသက်ရှိမှ ရှိသေးရဲ့လားလို့် ထင်မိတဲ့အချိန်ပေါ့... အဲဒီတော့မှ “ကျန်းမာခြင်းသည်လည်း လာဘ်တပါး”ဆိုတာကို ကောင်းကောင်းကြီး လက်ခံလိုက်ရတော့တယ်။


၁၉၉၉ ခုနှစ် ဒီဇင်ဘာ

အဲဒီနှစ်က မှတ်မှတ်ရရ ကွန်ပျူတာက နောက်ဆုံး Semester စာမေးပွဲဖြေခါနီးနေတဲ့အချိန်ပေါ့။ နွေမှာ အယ်နီးညိုးဝင်ပြီး ဆက်တိုက်ဆိုသလို ဆောင်းတွင်းမှာ လာနီညာ ဖြစ်တဲ့နှစ်ပေါ့။ ဒီဇင်ဘာ ၃၁ ရက်နေ့ကို ဘယ်လိုပြီးခဲ့ရသလဲဆိုတော့ စာမေးပွဲအတွက် စာကျက်ရင်း ကြိုခဲ့ရတာပါ။ စာမေးပွဲမှာ စာတွေကလည်း များတော့ စာကျက်ရင်း စောင်ကို အထပ်ထပ် ခြုံပြီး လည်ပင်းအေးရင် အာသီးယောင်တတ်လွန်းလို့ လည်ပင်းကို မာဖလာပတ်ပြီး စာကျက်ခဲ့တာပေါ့။ အဲဒီလိုနဲ့ ခဏလှဲလိုက် စာပြန်ကျက်လိုက်နဲ့ တော်တော်ညဥ့်နက်တဲ့အထိပဲ။ အိပ်ပျော်သွားတော့လည်း အဲဒီအတိုင်းပဲ အိပ်ပျော်သွားခဲ့တယ်။ အိပ်ပျော်နေတုန်း အသက်ရှုတအားကျပ်လာပြီး လည်ပင်းကို တစ်ယောက်ယောက်က ညစ်ထားသလိုမျိုး ခံစားရလာလို့ လန့်နိုးလာတော့ မအိပ်ခင်က ပတ်ထားတဲ့ မာဖလာက လည်ပင်းညစ်ထားသလိုဖြစ်နေတာ။ လန့်နိုးတော့ ဆောင်းတွင်း အေးအေးမှာ လူတကိုယ်လုံး ဇော ချွေးတွေနဲ့...


၂၀၀၀ ခုနှစ် ဒီဇင်ဘာ

အဲဒီအချိန်ကျတော့ အလုပ်ထဲရောက်နေပြီလေ။ အလုပ်ထဲရောက်တော့မှ New Year Party ဆိုတာကို စပြီး ကြုံဖူးတာပါ။ ပထမဆုံး အလုပ်စ ၀င်တဲ့နှစ်လည်း ဖြစ်ပြန် New Year Party ဆိုတာ ကလည်း အခုမှ ကြုံဖူးတဲ့အပြင် Party ကို ရုံးက အကုန်အကျ ခံပြီး လုပ်ပေးခဲ့တာပါ။ ကျွေးတာက Buffet လိုမျိုးပါပဲ။ စားပြီတော့ ဂိမ်းတွေ ကစားကြ၊ ပြီးရင် အချင်းချင်း နောက်ပြောင်ပြီး သီချင်းဆိုခိုင်းကြ၊ King & Queen ရွေးကြနဲ့ ပျော်ပျော်ကြီး နှစ်သစ်ကို ကြိုခဲ့ကြတယ်။ မှတ်မှတ်ရရ ဂိမ်းဆော့တော့ အုပ်စုတွေခွဲပြီး အုပ်စုနာမည်ပေးတာက “ကလေက၀”၊ “အုတ်ကြားမြက်ပေါက်”၊ ”ရေမြောကမ်းတင်” ဆိုပြီး အုပ်စုနာမည်တွေ ပေးကြတာပါ။ အချင်းချင်း ပါးစပ်က အငြိမ်မနေပဲ “ဟဲ့..နင်က ဘယ်အဖွဲ့ထဲကလဲ” မေးရင် “ငါက ကလေက၀” လို့ ဖြေတာက ရှိသေးတယ်။ အခုချိန်ပြန်တွေးကြည့်တော့လည်း အရာအားလုံးဟာ ပျော်ရွှင်စွာနဲ့ ပြီးဆုံးခဲ့တဲ့ ကာလလေး တခုလို့ပဲ စိတ်မှာ တွေးမိတယ်။


၂၀၀၁ ခုနှစ် ဒီဇင်ဘာ

၂၀၀၁ ခုနှစ်ကျတော့ ရုံးက New Year Party အတွက် ဘာလုပ်ရင် ကောင်းမလဲဆိုပြီး ဒီဇင်ဘာလောက်ကတည်းက လှုပ်လှုပ်ရွရွ နဲ့ အားလုံး တွတ်ထိုးနေကြပြီ။ ရုံးက လူကြီးပိုင်းတွေ တိုင်ပင်ပြီး မြို့ထဲမှာ ပျော်မဲ့အတူတူ ကမ်းခြေမှာ ပျော်ရအောင်ဆိုပြီး ချောင်းသာခရီးသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဇင်ဘာ ၃၀ မှာ ရွှေကမ္ဘာ AirCon Bus ကြီး ငှားပြီး ချောင်းသာခရီးကို ပျော်ပျော်ကြီး စခဲ့ကြတယ်။ သူငယ်ချင်းတွေနဲ့ ၅ ယောက်တစ်ခန်းနေရတာ။ ရေချိုးခန်း၊ အိမ်သာ က တစ်ခုတည်းကို ၅ ယောက်စုနေကြတာဆိုတော့ ကသီပေမယ့် ညဘက်ဆိုရင် စကားတွေပြောလိုက် ရီလိုက် မောလိုက်နဲ့ အိပ်ရတယ်လို့ကို မရှိလှဘူး။ အဲဒီအချိန်တုန်းကတော့ အားလုံးဟာ နှစ်သစ်ကို မျှော်လင့်ချက် ကိုယ်စီနဲ့ ပျော်ရွှင်ပေါ့ပါးစွာ ဖြတ်ကျော်ခဲ့ကြတယ်။


၂၀၀၂ ခုနှစ် ဒီဇင်ဘာ

၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၃၁ မှာတော့ ဘယ်မှလည်း မသွားခဲ့ဘူး။ မျှော်လင့်ချက်အိပ်မက်တွေကနေ လန့်နိုးလာခဲ့တယ်။ ကိုယ့်ရဲ့ ရှေ့ရေးကိုမျှော်ကြည့်ရင်လည်း အရာရာဟာ မှုန်ဝါးဝါးပဲ။ လမ်းခုလတ်ကနေ လှည့်ပြန်မလား၊ ရှေ့ဆက်လျှောက်မလားလို့ စဉ်းစားတိုင်းမှာ “ဘာအတွက် ဒီအလုပ်ကို ၀င်လာတာလဲ၊ ကိုယ်က ဘာဖြစ်ချင်တာလဲ” ဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်မေးရင်း မျှော်လင့်ထားတဲ့ ပန်းတိုင်ကို မရောက်မချင်းတော့ ဆက်လျှောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လာမဲ့ နှစ်သစ်ကို ရင်ဆိုင်ဖို့ အားယူရင်း ၂၀၀၂ ခုနှစ် ရဲ့ ဒီဇင်ဘာ ၃၁ ကို တိုးတိုးတိတ်တိတ်ပဲ နှုတ်ဆက်ခဲ့လိုက်တော့တယ်။


၂၀၀၃ ခုနှစ် ဒီဇင်ဘာ

အဲဒီနှစ်က ထူးထူးခြားခြား ရုံးက ငပလီကို သွားတော့ မရောက်ဖူးတာနဲ့ လိုက်သွားဖြစ်ခဲ့တယ်။ ကားနဲ့သွားတာဆိုတော့ အရမ်းပင်ပန်းတာပဲ။ မနက် ၂ နာရီလောက်ကတည်းက ရုံးရှေ့မှာ လူစုကြပြီး ကား တကယ် စထွက်ဖြစ်တာ မနက် ၅ နာရီလောက်မှပါ။ ပြည်-တောင်ကုတ်လမ်းက သွားတာဆိုတော့ ရိုးမ ၂ခုကို တနေ့လုံး ဖြတ်ကျော်ပြီး ငပလီရောက်ချိန်မှာတော့ ည ၁၀ နာရီ လောက်ရှိနေပါပြီ။ ငပလီရောက်တဲ့ညက ထမင်းစား နောက်ကျတဲ့အပြင် စားရတဲ့ ထမင်းက ဆန်သစ်တွေဆိုတော့ အစာမကြေပဲ နေမကောင်းဖြစ်ခဲ့တယ်။ ၂၀၀၃ ခုနှစ်ရဲ့ ဒီဇင်ဘာ ၃၁ ကတော့ New Year Party မှာ ဘာမှလည်း မစားရပဲ သူများတွေ game ဆော့တာ ကြည့်ပြီး နှစ်သစ်မတိုင်ခင်မှာ အခန်းထဲပြန်ဝင်ပြီး အိပ်ခဲ့ရတဲ့ နှစ်ပေါ့။ အဲဒီနှစ်သွားရတဲ့ ကမ်းခြေခရီးကတော့ မတန်ဆုံးနဲ့ ပင်ပန်းဆုံးပါပဲ။ လူလည်း ခရီးက ပြန်လာတော့ နေမကောင်းဖြစ်ပြီး ဖျော့ဖျော့ပဲ ကျန်တော့တယ်။


၂၀၀၄ ခုနှစ် ဒီဇင်ဘာ

၂၀၀၄ ခုနှစ် New Year Party က တော့ ငွေဆောင်မှာပါ။ ကျမက ရုံးကလူတွေ ကမ်းခြေ တစ်ခုခု သွားတိုင်း အမြဲ လိုက်ဖြစ်အောင် လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုံးအုပ်စုနဲ့ ခရီးထွက်တာက လမ်းခရီးမှာ လုံခြုံမှုလည်း ရှိတဲ့အပြင် ခရီးစရိတ်လည်း သက်သာတာကြောင့်လည်း လိုက်သွားဖြစ်တာပါ်။ ၂၀၀၄ ပြီးရင် ၂၀၀၅ ခုနှစ် ဇန်န၀ါရီမှာ ဂျပန်ကို လာမှာဆိုတော့ ၂၀၀၄ ခုနှစ်ရဲ့ ဒီဇင်ဘာဟာ ကျမအတွက်တော့ ချိုမြနေတာ အမှန်ပါပဲ။ ကျမ ဖြစ်ချင်တဲ့ ဆန္ဒ တခု ပြည့်ဝတယ်လို့လည်း ဆိုနိုင်ပါတယ်။ မကြာခင် သွားရမဲ့ ခရီးအတွက်လည်း ပြင်ဆင်ရင်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၃၁ ကို ငွေဆောင်မှာ game တွေ ဆော့ရင်း ပေါ့ပေါ့လေးပဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။


၂၀၀၅ ခုနှစ် ဒီဇင်ဘာ

၂၀၀၅ ခုနှစ်ဟာ ကျမဘ၀ကို အများကြီးပြောင်းလဲပေးလိုက်တဲ့ နှစ်ပါပဲ။ ဘ၀ သင်ခန်းစာတွေ အပြင် အဓိက ကတော့ စိတ်နေစိတ်ထားပေါ့။ နောက်ပြီး အရင်တုန်းကတော့ တခုခု လုပ်ဖို့ စဉ်းစားတိုင်း ကိုယ့်အတွက်ပဲ စဉ်းစားရပေမယ့် အခုတော့ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်မယ်၊ စဉ်းစားမယ် ကြံတိုင်းမှာ ၂ ယောက်ပါလား ဆိုတဲ့ အသိကို ၂၀၀၅ ခုနှစ်က စရလာတာပါပဲ။ ဂျပန်မလာခင်တုန်းကတော့ ဒီရောက်ရင် Osaka ရုံးက Tokyo ရုံးထက်ပင်ပန်းမယ်ဆိုတာရယ်၊ပြီးတော့ ကျမ တွေ့ရမယ့် မန်နေဂျာ မမရဲ့ ကောင်းသတင်းတွေရယ်၊ အလုပ်သဘောသဘာဝကို နားမလည်ထားတာတွေ..စတဲ့ အကြောင်းအရာတော်တော်များများကို ရင်ဆိုင်နိုင်အောင် ကြိုတင်တွေးထားပေမယ့် တကယ့်လက်တွေ့မှာတော့ ကိုယ်တွေးထားတာထက် အဆပေါင်းများစွာ ပင်ပန်းပြီး၊ မန်နေဂျာ မမရဲ့ ဆိုးချက်ကလည်း ကိုယ်ကြားထားသမျှထက် ၁၀ ဆ လောက် ပိုဆိုးနေခဲ့ပါတယ်။ ဖြစ်သမျှတွေ ကြုံသမျှတွေကို အံကြိတ်တင်းခံရင်း တစ်ရက် တစ်ရက်ကို ရန်ကုန်ပြန်ဖို့ လက်ချိုးရေတွက်ခဲ့ရဖူးပါတယ်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာကတော့ အိမ်ပြန်ချင်လွန်းလို့ တက်ကြွနေတဲ့စိတ်နဲ့ ၂၀၀၆ ကို ရင်ခုန်စွာ စောင့်မျှော်ခဲ့ရတာပေါ့။ အဲဒီနှစ်ရဲ့ ဒီဇင်ဘာ ၃၁ ကတော့ သူငယ်ချင်းတွေနဲ့ အိမ်မှာ စုပြီး ချက်ပြုတ် စားကြရင်း New Year ကို ကြိုခဲ့ကြတယ်။


၂၀၀၆ ခုနှစ် ဒီဇင်ဘာ

ရန်ကုန်ပြန်ရောက်ပြီးတော့ မေလမှာပဲ လူကြီးမိဘတွေ သဘောတူညီချက်နဲ့ ကျမတို့ ၂ ယောက် ဘ၀လမ်းခရီးကို စပြီးလျှောက်ခဲ့ကြတယ်။ မင်္ဂလာဆောင်ပြီး သိပ်မကြာဘူး ၂ ယောက်စလုံး အလုပ်ကိစ္စနဲ့ ထိုင်းကို ထပ်ထွက်ခဲ့ကြရတယ်။ ထိုင်းမှာ နေရတဲ့ ကာလကတော့ ရောက်ခါစကသာ ရာသီဥတု ဒဏ်ကြောင့် မကြာခဏဆိုသလို ဖျားနာပေမယ့် ထိုင်းမှာ စားရတဲ့ အစားအစာတွေက မြန်မာပါးစပ်နဲ့ကိုက်တာမို့ နေထိုင်ရတာ အတော်လေး အဆင်ပြေပါတယ်။ ၂၀၀၆ ဒီဇင်ဘာမှာတော့ ရန်ကုန်က ကျမမောင်လေးကို ထိုင်းကို အလည်ခေါ်ပြီး ၃ ယောက်သား လျှောက်လည်ဖြစ်ခဲ့ကြတယ်။ မောင်လေး ပြန်ပြီး သိပ်မကြာဘူး။ ကျမလည်း လိုက်ပြန်ရတာမို့ ၂၀၀၆ ဒီဇင်ဘာဟာလည်း အိမ်ပြန်ဖို့အတွက် ပြင်ဆင်ရင်း ပျော်ရွှင်စွာ ပြီးဆုံးခဲ့တယ်။ ၂၀၀၆ ရဲ့ New Year ကိုတော့ ကျမတို့ လင်မယားရယ် ကျမ ညီမလေး ၂ ယောက်ရယ်နဲ့ ငွေဆောင်မှာ Karaoke သီချင်းတွေ ဆိုရင်း ကုန်ဆုံးခဲ့ကြတယ်။


၂၀၀၇ ခုနှစ် ဒီဇင်ဘာ

ဒီနှစ်ဒီဇင်ဘာကတော့ ကျမအတွက် အိမ်ကို ပြန်ချင်ပေမယ့် ကွာဝေးလှတဲ့ ခရီးမိုင်တွေနဲ့ လေယာဉ်စရိတ်တွေကြောင့် အိမ် ပြန်ချင်တဲ့ ကျမ အတောင် ရိုက်ချိုးထားခံရသလိုပါပဲ။ သူငယ်ချင်းတွေ ရန်ကုန်ပြန်မယ်ဆိုတဲ့ အသံကြားရင် “ငါလည်း ပြန်ချင်လိုက်တာ”လို့ စိတ်မှာ တမ်းတမိတယ်။ ရန်ကုန်မှာရှိတဲ့ မိသားစုကို တွေ့ချင်လာတယ်။ ဒါပေမယ့် ဒီနှစ် ဒီဇင်ဘာလဟာ ကျမတို့အတွက်တော့ အိမ်ပြန်ဖို့အတွက် ပြင်ဆင်ရမယ့်လ မဟုတ်ပါဘူး။ ဒီဇင်ဘာမှာ ရုံးပိတ်ရက်တွေလည်း များတော့ ရုံးက သူငယ်ချင်းတွေက“ မြန်မာပြည်ပြန်ဖြစ်လား” လို့မေးရင် “မပြန်ဖြစ်ပါဘူး”လို့ ရင်နာနာနဲ့ ဖြေရပေါင်းလည်း များလှပါပြီ။ “အိမ်ကို လွမ်းမှာပေါ့နော်” တဲ့.. မေးတတ်လိုက်တာ.. “ကိုယ့် မိသားစု၊ ကိုယ့် မိဘကို မလွမ်းပဲ ဘယ်သူ ရှိပါ့မလဲ” လို့ တွေးမိလိုက်တယ်။ ဒါပေမယ့် ရင်ထဲက စကားတွေဟာ ပါးစပ်နားမှာတင် ထွက်လာတော့မလိုနဲ့ နောက်ဆုံး “အင်း..သတိရတယ်.. လွမ်းတယ်” ဆိုတာလောက်နဲ့တင် ပြောပြီး ကျန်တာတွေကိုတော့ မြိုချပစ်လိုက်ရတယ်။ “ဒါဆို ပိတ်ရက် ဘယ်သွားမလဲ ဘာလုပ်မလဲ” တဲ့.. ကျမ ဘာလုပ်ရမလဲဆိုတာ ကျမကိုယ်တိုင်တောင် မတွေးထားမိသေးပါလား.. ဒီပိတ်ရက်မှာ ကျမအတွက် အကောင်းဆုံးက အိမ်ထဲမှာပဲ နေပြီး ဘလော့ခ်တကာ ဘလော့ခ်လိုက်လည်ရင်း ကုန်ဆုံးရတော့မယ် နဲ့တူပါတယ်။ ခုလောလောဆယ်တော့ သူငယ်ချင်းတွေနဲ့ Barbecue Party လုပ်ရင်း ၂၀၀၈ ခုနှစ် နှစ်သစ်ကို စောင့်မျှော်နေပါတယ်...

***

ဒီပို့စ်ကို ရေးထားတာ ဒီဇင်ဘာလလယ်လောက်ကတည်းကပါပဲ။ Blog မှာ တင်မယ်ဆိုပြီး မတင်ဖြစ်သေးဘူး။ အခုတော့ ညီမလေး လေးမ က tag လာတော့ ကျမလည်း ရေးထားပြီးသားကို နည်းနည်းပါးပါး ပြင်ဆင်ပြီး Blog မှာတင်ပေးလိုက်ပါတယ်။ ကျမရဲ့ ဒီဇင်ဘာ ၃၁ တွေက ထူးထူးခြားခြား အမှတ်ရစရာလို့ ပြောလို့မရတဲ့ စာတိုစုတွေပါပဲ။ လေးမရေ.. ကျေနပ်ပြီဟုတ်။ :)


ဒီဇင်ဘာ ၃၁၊ ၂၀၀၇။

December 28, 2007

နှစ်သစ်ဆုတောင်း

Christmas မတိုင်ခင်ကတည်းက blog အတွက် ပို့စ် အသစ် ရေးဖို့ အချိန်မရခဲ့ပါဘူး။ Christmas မီးထွန်းပွဲတော် လျှောက်လည်တုန်းက ဓာတ်ပုံတွေလည်း blog မှာတင်မယ်ဆိုပြီး မတင်နိုင်ခဲ့ဘူး။ အလုပ်များလွန်းပြီး ပင်ပန်းတယ် လို့ ငြီးလည်း မငြီးချင်တော့ပါဘူး။ တကယ်တော့လည်း နိုင်ငံရပ်ခြားကို ရောက်နေတယ်ဆိုတာ အားလုံး ပြည့်စုံကောင်းမွန် နေတာမဟုတ်ဘူး။ ဖြစ်ချင်တာတွေ၊ လိုအပ်ချက်တွေကတော့ ဘယ်နေရာမဆို ရှိနေတာပဲ။ “လူ့အလို နတ်မလိုက်နိုင်” ဆိုတဲ့ စကားလည်း ရှိသေးတာပဲ မဟုတ်လား။ လောလောဆယ် ကျမ ဖြစ်ချင်တာကတော့ ပိတ်ရက်ရှည် ရတုန်း ရန်ကုန် ကို ပြန်ချင်တာပါပဲ။ ခွင့်ရက်နား နီးလာလေ အဲဒီ ဝေဒနာ ပိုဆိုးလာလေပဲ။ ဒီကြားထဲ ရန်ကုန်က မိဘတွေ နေမကောင်းဘူးဆိုတော့ ပိုပြီး စိတ်ပူမိတာပေါ့။ ကိုယ်တိုင် မပြန်နိုင်တဲ့အခါ အိမ်ကို နေ့တိုင်းဖုန်းဆက်ပြီး အကျိုးအကြောင်းမေးရတယ်။ လူကြီးတွေ သက်သာ လာတယ်ဆိုမှပဲ သက်ပြင်းချနိုင်ပါတော့တယ်။


တချို့ဆိုရင် Christmas မတိုင်ခင် ကတည်းက ခွင့်ရက်ရှည် ယူပြီး ခရီးထွက်ကြတယ်။ များသောအားဖြင့် ပြည်တွင်းခရီးထက် နိုင်ငံခြားခရီးကို အလည်ထွက်ကြတာပါ။ ကျမတို့ ရုံးကလည်း ဒီဇင်ဘာ ၂၉ ရက်နေ့ ကနေစပြီး နောက်လ ၆ ရက်နေ့အထိ ခွင့်ရက်ရှည် ရတာကိုး။ ဒီတော့ တချို့လည်း ဒီပိတ်ရက်မှာ သူတို့ မိဘတွေက ဂျပန်ကို လာလည်လို့ အနီးနားတ၀ိုက်ကို အလည် လိုက်ပို့ကြတယ်။ တချို့လည်း ကိုယ်ဇနီးလောင်းနဲ့အတူ မိဘဆီ ဆွေပြ မျိုးပြ သွားရင်း သူ့နေရပ် သူပြန်သွားကြတယ်။ ကျမတို့ကိုတော့ “ပိတ်ရက် ဘာလုပ်မှာလဲ၊ ဘယ်သွားမှာလဲ ၊ မြန်မာပြည် ပြန်မှာလား” အစရှိသဖြင့် မေးကြတာပေါ့။ ကျမရဲ့ ဂျပန် visa က သက်တမ်းတိုး ဖို့ရှိနေတာရယ်၊ မြန်မာပြည်ပြန်မယ် ဆိုရင်လည်း မြန်မာသံရုံးကို အခွန်ဆောင်ရအုံးမှာလေ၊ ပြီးတော့ ဒီအချိန်မှာ လေယာဉ်ခက အဆမတန်ဈေးတက်နေတာရယ် ၊ ရုံးက ပေးထားတဲ့ ခွင့်ရက်က နည်းနေတာရယ်၊ ၂ ယောက်စလုံး ပြန်မယ်ဆိုရင်လည်း ခရီးစရိတ်က ၂ ဆ ကုန်မှာဆိုတော့ အကြောင်းကြောင်းတွေ ကြောင့် ရန်ကုန်ပြန်မယ့်အစီအစဉ်ကို လွန်ခဲ့တဲ့ ၂ လလောက်ကတည်း စိတ်လျော့ထားပြီးသားပါ။ ဒါကြောင့် သူတို့မေးတိုင်း “ဘာအစီအစဉ်မှ မရှိသေးပါဘူး။ အိမ်မှာပဲ နေဖြစ်လိမ့်မယ်” လို့ ခပ်တိုတိုပဲ ဖြေလိုက်တော့တယ်။


နောက်ပြီး လက်ရှိ လုပ်နေတဲ့ Project ကလည်း ပိတ်ရက်မတိုင်ခင် လက်စသတ်ပေးရမယ် ဆိုတော့ ဒီရက်အတွင်းမှာ ပြီးအောင် လုပ်ပေးခဲ့ရသေးတယ်။ ပိတ်ရက် ၁၀ ရက်စာကို ကြိုပြီး လုပ်ပေးလိုက်ရသလိုပဲ။ တစ်နေ့ကုန် လုပ်ပေးရပြီး အိမ်ပြန်ရောက်ရင် ၁၀ နာရီ ကျော်နေပါပြီ။ လူပင်ပန်းသလို စိတ်လည်း တော်တော်ကို ပင်ပန်းလှပါတယ်။ တထွာ တမိုက်သာသာ စက်ပစ္စည်းလေးကို ကိုင်ပြီး အလုပ်လုပ်ရတာက တစ်မျိုး၊ ကွန်ပျူတာကို အချိန်တော်တော်များများကြည့်နေရတော့ အိမ်ရောက်တာနဲ့ ဘာမှကို ဆက်မလုပ်ချင်တော့ဘဲ မျက်လုံးမှိတ်ပြီး အနားယူချင်နေပါပြီ။ တချို့ရက်ဆိုရင် အိမ်အထိ စက်လေးကို သယ်ပြီး အိပ်ယာပေါ်မှာ လှဲရင်း လုပ်ပေးရတာက ရှိသေးတယ်။ ဒီနေ့တော့ အလုပ်တချို့ကို လွှဲပေးလိုက်ပြီဆိုတော့ ရင်ထဲက အပူလည်း တ၀က်လောက်တော့ သက်သာသွားပါပြီ။ ကျန်တဲ့ အပူတ၀က်ကို နှစ်သစ်အထိ သယ်လာပြီး အားလုံး အဆင်ပြေစေဖို့ ဘုရားမှာ ဆုတောင်းနေရတော့မှာပါပဲ။ ကိုယ့်အရှုတ်နဲ့ ကိုယ်မို့ ဒီရက်အတွင်း ဘယ်ဘလော့ခ်မှလည်း မလည်ဖြစ်ပါဘူး။ လည်ဖြစ်ရင်လည်း တစ်ခု နှစ်ခုလောက် လည်ပြီး အိပ်ယာဝင်ဖြစ်တာ များတယ် ဆိုတော့ ကျမ blog ကို လာကြတဲ့ သူငယ်ချင်းတွေကို အားနာဖို့ကောင်းလှပါတယ်။


သေချာတွေးကြည့်မိရင် ကျမတို့အတွက်တော့ နိုင်ငံခြားဆိုတာဟာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ပိုက်ဆံ လာရှာဖို့ သက်သက်လို ဖြစ်နေတာပါပဲ။ ဒီနိုင်ငံအတွက် ကိုယ်က အခွန်ငွေပေးပြီး သူတို့အတွက် အလုပ် လာလုပ်ပေးနေရတာမျိုးလို့ ခံစားရတယ်။
် တကယ်လို့များ ကိုယ့်နိုင်ငံမှာ ရတဲ့ လခဟာ သင့်တင့်မျှတတဲ့ ငွေကြေးပမာဏ ဖြစ်မယ်၊ ပြီးတော့ ၂ ဖက်လူကြီးမိဘတွေကိုလည်း ကြွေးဟောင်းဆပ်နိုင်မယ်၊ သူတို့တွေနဲ့လည်း တစ်နိုင်ငံထဲ အတူ နေရမယ် ဆိုရင်တော့ အားလုံးအတွက် အကောင်းဆုံးပဲ မဟုတ်လား။ အဲဒါဆိုရင် မိသားစုနဲ့ ခွဲခွာပြီး တခြားနိုင်ငံ မှာ အလုပ်လုပ်စရာ မလိုတော့ဘူးပေါ့။ ဒါကြောင့် နှစ်သစ် ဆုတောင်း အနေနဲ့ ဆုတစ်ခုပဲ တောင်းချင်ပါတယ်။ ကျမ တို့ရဲ့ “နိုင်ငံဟာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ အပြင် တရားမျှတပြီး ပြည်သူလူထု အတွက် ပျော်ရွှင်သော နိုင်ငံတစ်ခု အမြန်ဆုံး ဖြစ်လာပါစေ” လို့ အားလုံးအတွက် ဆုတောင်းပေး လိုက်ပါရစေ....။


ဒီဇင်ဘာ ၂၉၊ ၂၀၀၇။

December 11, 2007

ဖြတ်သန်းနေတဲ့ တစ်နေ့တာ



“တစ်နေ့၊ တနေ့ ကလည်း ခဏလေးလိုပဲ..”
“အချိန်တွေက ကုန်မြန်လိုက်တာ...”

.....
.....

နှုတ်ကပဲဖြစ်ဖြစ်၊ စိတ်ထဲ ဖြစ်ဖြစ် လူတိုင်းနီးပါး ဒီစကားလေးတွေကို ပြောဖြစ်၊ တွေးဖြစ်မယ် ထင်ပါတယ်။ ကျမလည်း ရုံးမှာ အလုပ်တအားများတဲ့နေ့မျိုးဆိုရင် “အချိန်ကုန်မြန်လိုက်တာ၊ ခဏလေးလိုပဲ” လို့ ထင်ရပြီး အလုပ်မရှုတ်တဲ့နေ့မျိုးဆိုရင်တော့ ညနေ ရုံးဆင်းချိန် ၆ နာရီ ကို စောင့်မျှော်နေရတာ ပျင်းရိငြီးငွေ့စရာပါပဲ။ အမှန်တော့ အချိန်၊ နာရီ စက္ကန့်တံလေးက သူ့တာဝန် ကို သူ ကျေပွန်အောင် ပုံမှန်လုပ်ပေးနေတာပါ။ နာရီရဲ့ စက္ကန့်တံလေး လှုပ်ရှားနေရင်းကပဲ နေ့ကို လစား၊ လ ကို နှစ်စား ဖြစ်လာလိုက်တာ အခုဆိုရင် ၂၀၀၈ ခုနှစ်ကို ရောက်တော့မယ်။ တစ်နေ့ တစ်နေ့ ဘယ်လို ကုန်ဆုံးသွားသလဲဆိုတာကို ပြန်စမ်းစစ်ကြည့်လိုက်တော့....


*****


မနက် မိုးလင်း ၇း၃၀ မှာ ဖုန်းက နှိုးစက်သံမြည်တော့ နိုးနေပါပြီ။ လက်က Heater ကို ဖွင့်ရင်း ကွန်ပျူတာပါ တလက်စာတည်းဖွင့်ထားလိုက်တာပေါ့။ ပြီးရင် မျက်နှာသစ်၊ ရေချိုး။ ၈ နာရီလောက်ဆိုရင် ရေချိုးလို့ပြီးပြီ။ အ၀တ်လဲရင်း ပါးစပ်ကလည်း တလက်စတည်း နှိုးနေရတာပေါ့..။

“ထတော့ ဘုန်းဘုန်းတွေ ခေါင်းလောင်းထိုးနေပြီ။ ထတော့.. ထတော့..”
“အင်း... ဘယ်နှစ်နာရီ ရှိပြီလဲ..”
“၈ နာရီ ၁၀ မိနစ်”
“အာ.. စောသေးတယ်၊ မထချင်သေးဘူး။ ညက အိပ်မရလို့.. ခေါင်းကိုက်နေတယ်။ ၁၀ မိနစ် ဆက်အိပ်မယ်နော်.. ၈ နာရီခွဲခါနီး ပြန်နှိုး.. ”

....
....
....

“အင်း.. ထချင်သေးဘူးဟာ.. ချမ်းတယ်ဟ...”
“Heater ဖွင့်ပေးထားတယ်.. ထတော့ .. ထတော့.. ”

မနက်လင်းပြီဆိုတာနဲ့ ကျမ အမျိုးသားက အမြဲတမ်း ကျမကို နှိုးနေကြပုံစံပါပဲ။ မိဘအိမ်မှာကတည်းက ကျမ ကိုယ့်အသိနဲ့ ကိုယ်ဘယ်တော့မှ ထလေ့မရှိပါဘူး။ ပြောရမှာလည်း ရှက်တော့ ရှက်ပါတယ်။ အအိပ်မက်သူပီပီ မိဘ အိမ်မှာတော့ ညီမလေးတွေက ခဏခဏ စိတ်ရှည်ရှည် လာနှိုးကြပေမယ့် ကျမကတော့ အချိန်ကို ကပ်ပြီးမှ အိပ်ယာက ထတတ်သူပါ။ အခု အိမ်ထောင်ကျတော့ နှိုးတဲ့တာဝန်ကို ကျမ အမျိုးသားက ဆက်ယူပါတယ်။ ကျမတို့ အိမ်ဘေးမှာ ဂျပန် ဘုန်းကြီးကျောင်းရှိတော့ ရုံးဖွင့်ရက်ဆိုရင် ဘုန်းကြီးကျောင်းက မနက် ၈ နာရီမှာ ခေါင်းလောင်းထိုးပါတယ်။ ခေါင်းလောင်းထိုးပြီး သိပ်မကြာဘူး သူရေချိုးပြီးတာနဲ့ ကျမကို အိပ်ယာထ ရေချိုးဖို့ ၁ ခါထက်မနည်း နှိုးနေရတာပါ။ ကျမကလည်း ဘယ်တော့မှ စောစော မထတတ်သူပီပီ ၅ မိနစ်၊ ၅ မိနစ်နဲ့ ဈေးဆစ်ရင်း နောက်ဆုံး မထမဖြစ် အချိန်မှ ထပြီး ၀ရုန်းသုန်းကား လုပ်တတ်သူမျိုးပါ။ (မကောင်းတဲ့အကျင့်တွေပေါ့.. ကလေးတွေ အတုမယူကြနဲ့နော်.. )


အိပ်ယာက ထပြီး ကျမအတွက် ထမင်းဘူးထည့်ဖို့ ဟင်းနွေး၊ ဘုရားဆွမ်းတော် ခူး၊ သောက်တော်ရေချမ်းနဲ့ ဆွမ်းပွဲကို တလက်စတည်း ပြင်ပါတယ်။ ဟင်းနွှေးပြီးရင် ထမင်းဘူးထဲ ထမင်းနဲ့ဟင်း သင့်သလို ခပ်ထည့်ပြီး ခုံပေါ်မှာ တင်ထားလိုက်ပါတယ်။ ပြီးရင်တော့ ရေချိုးခန်းထဲ အသည်းအသန်ပြေးပြီး ရေကို ခပ်မြန်မြန်ချိုး ရတော့တာပေါ့။ ရေချိုးချိန်ကို ၁၅ မိနစ်ထက် ပိုမထားပါဘူး။ ခေါင်းလျှော်မဲ့ရက်ဆိုရင်တော့ နည်းနည်းပိုကြာတာပေါ့။ ရေချိုးပြီးရင် မျက်နှာ lotion နဲ့ body lotion ကို လူးတာက ၁၀ မိနစ်ပါပဲ။ မျက်နှာလူးရင်း ရတဲ့အချိန်ကို ကပ်ပြီး Yahoo က Osaka Weather ကြည့်ထားရသေးတယ်။ ပြီးရင် ကိုယ့်ဘလော့ခ်လေးကို တချက်ကြည့်ပြီး အ၀တ်လဲရပါတယ်။ ကျမ အ၀တ်လဲနေတုန်း ကျမ အမျိုးသားက ထမင်းဘူးကို ရုံးယူသွားမဲ့ အိတ်ထဲထည့်ပေးထားပြီး ဘုရားစင်မှာ ဆွမ်းတော်ကပ်ပေးပါတယ်။ ကျမ အ၀တ်လဲပြီးရင်တော့ ခေါင်းဖီး၊ မိတ်ကပ်ဖို့ ပြီးတာနဲ့ ဘုရားခန်းပြေးပြီး ဘုရားရှိခိုးရပါတယ်။ ကျမဘုရားရှိခိုးပြီးရင် အမျိုးသားက ရုံးသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျမကလည်း နောက်က ခပ်မြန်မြန် ခြေအိတ်စွပ်ပြီး ယူစရာရှိတာ ယူပြီးလို့ အိမ်က ထွက်ရင် ၉း ၂၀။


ရုံးကို ၂ ယောက်သား စက်ဘီးစီးသွားကြပြီး မိနစ် ၂၀ လောက်စီးရင် ရုံးရောက်ပါတယ်။ မိုးရွာရင်ပဲဖြစ်ြဖစ် နေအရမ်းပူတဲ့အချိန်မျိုးဆိုရင်တော့ ရထားစီးသွားပါတယ်။ အဲဒီနေ့ဆိုရင် “စက်ဘီး တစ်စီးမှာ ၂ ယောက်မစီးရ” ဆိုတဲ့ ဥပဒေကို ချိုးဖောက်ပြီး ဘူတာရုံအထိ သူ့နောက်က ကျမ လိုက်စီးပါတယ်။ ပုံမှန်ကတော့ တစ်ယောက် တစ်စီးစီ မီးပွိုင့်မမိအောင် အသည်းအသန် နင်းပြီး ရုံးပြေးရတာပေါ့။ ရုံးရောက်ရင် ၉း၄၀ ရှိနေပါပြီ။ ရုံးက နောက်ကျပြီးလာရင် နောက်ကျ ပြန်ပေးလိုက်ယုံပါပဲ။ နောက်ပြီး အလုပ်ရှိရင် ရှိသလို၊ မရှိရင်လည်း မရှိသလို ရုံးမှာ နေကြတာမျိုးဆိုတော့ ဘယ်အချိန်လာတယ်၊ ဘယ်အချိန်ပြန်တယ်ဆိုပြီး ရုံးဆင်းရုံးတက်အချိန်ကို မတင်းကြပ်ထားပါဘူး။ အလုပ်ပြီးအောင် လုပ်ပေးဖို့ကသာ အဓိကပါ။


ရုံးရောက်ပြီဆိုရင် စက်ဖွင့်ပြီး ၂ ယောက်စလုံးရဲ့ ကော်ဖီခွက်တွေကို အရင်ဆုံးဆေးရပါတယ်။ ပြီးရင် သူက သူ့ဘာသာ ကော်ဖီဖျော်ပြီး ကျမကတော့ ရေပဲ သောက်တာများပါတယ်။ မနက်စာ ပေါင်မုန့်ပါလာတဲ့အခါမျိုးဆိုရင် ပေါင်မုန့်စားပါတယ်။ များသောအားဖြင့် ၂ ယောက်စလုံး မနက်စာ စားလေ့မရှိပါဘူး။ မေးလ်ချက်ပြီး မန်နေဂျာခိုင်းထားတာရှိရင် အရင်ဦးစားပေးလုပ်ရတာပေါ့။ ပြီးမှ အရင်နေ့က လုပ်လက်စ အလုပ်ကို ဆက်လုပ်ရတာပါ။ မေးလ်နဲ့ ဘာမှ မခိုင်းခဲ့တော့လည်း လုပ်လက်စကိုပဲ ဆက်လုပ်ယုံပါပဲ။ ကြားထဲမှာ ကျမ မသိတာ ရှိရင် ကျမ အမျိုးသားကို လက်ကုပ်ပြီး မေးရပါတယ်။ သူက သူလုပ်လက်စကို ခဏထားပြီး ကျမသိချင်တာရှိရင် ရှင်းပြရတာပေါ့။ ကျမတို့ ၂ ယောက်က ကျောချင်းကပ်ရပ်ထိုင်တာမို့လို့ အဆင်ပြေပါတယ်။


၁၁ နာရီခွဲ၊ ၁၁း ၄၅ ၀န်းကျင်ဆိုရင် ရုံးက နိုင်ငံခြားသား အုပ်စု ထမင်းထွက်စားကြပါပြီ။ နိုင်ငံခြားသား အုပ်စုဆိုတာ တခြားသူတွေ မဟုတ်ပါဘူး။ Department Director ၊ ကျမတို့ Manager ၊ Manger အထက်က senior consultant ၊ ကျမ အမျိုးသား နဲ့ နောက်ထပ် မြန်မာ ၂ ယောက်ပါပဲ။ အဲဒီအုပ်စုက အမြဲတမ်း ထမင်းထွက်စားရင် အတူတူ စားလေ့ရှိပါတယ်။ သူတို့က များသောအားဖြင့် ဘိုစာတွေ စားလို့ ကျမ မကြိုက်တာနဲ့ အတူ လိုက်မစားပဲ ကိုယ့်ဘာသာ ထမင်းဘူး ယူလာပြီး ရုံးမှာ စားပါတယ်။ ပြီးရင်လည်း ကော်ဖီဆိုင်မှာ ထိုင်ပြီး စကားပြောတတ်ကြပါသေးတယ်။ ကျမအတွက်တော့ သူတို့နဲ့ စကားပြောရတာထက်စာရင် ဘလော့ခ်တွေ လိုက်လည်တာကို ပိုပျော်ပါတယ်။ ဒါကြောင့် သူတို့ စောစော ထမင်းထွက်စားရင် ကျမလည်း စောစော ဘလော့ခ်လည်ထွက်ရတယ်။ ၁၂ နာရီမှာ ထမင်းစားရင်း ဘလော့ခ်လည်ထွက်ပြီး comment ရေး၊ Cbox မှာ အော်ဟစ်နှုတ်ဆက်ပြီး ၁ နာရီထိုးရင်တော့ အကုန် ပိတ်ပြီး လုပ်လက်စကို ဆက်လုပ်ပါတယ်။ အဲဒီအချိန်ဆိုရင် ထမင်းထွက်စားတဲ့ လူကြီးအုပ်စုလည်း ပြန်လာပြီမို့ ကိုယ်ရှိန်သတ်ပြီး ဘလော့ခ်လည်ခြင်းကို ရပ်ထားလိုက်ရတာပါ။


အလုပ်များတဲ့နေ့ဆိုရင်လည်း ထမင်းစားရင်း လုပ်လက်စကို ပြီးအောင် လုပ်ပေးရတာမျိုးလည်း ရှိပါတယ်။ ကျမ မန်နေဂျာက သူခိုင်းထားတာ ထမင်းစားပြီး ပြန်လာရင် လိုချင်တယ်လို့ ပြောရင်တော့ ထမင်းစားရတာ မြိုမကျတော့ပါဘူး။ ထမင်းကို အရသာခံ မစားနိုင်ဘူး။ ထမင်းဇွန်းနဲ့ ၂ လုတ်စာ ၃ လုတ်စာကို ပါးစပ်ထဲထိုးထည့်ပြီး အလုပ်ဆက်လုပ်နေရတဲ့နေ့မျိုးလည်း ရှိပါတယ်။


ထမင်းဘူး မယူတဲ့နေ့ဆိုရင်တော့ အမျိုးသားနဲ့ ရုံးနားဝန်းကျင်က ဆိုင်တွေမှာ လူကြီးအုပ်စုနဲ့ သတ်သတ် ခွဲထွက်ပြီး စားလေ့ရှိပါတယ်။ အဲလိုနေ့မျိုးဆိုရင်တော့ ကျမက ထမင်းစားပြီး ရုံးပြန်လာပါတယ်။ သူကတော့ သူ့ဘော်ဘော်တွေ ထိုင်လေ့ရှိတဲ့ ကော်ဖီဆိုင်ကို ဆက်သွားတာပေါ့။ တချို့ရက်တွေလည်း ရုံးက အလုပ်အတူလုပ်တဲ့ ဂျပန်မလေးတွေနဲ့အတူ နေ့လည်စာ လိုက်စားဖြစ်ပေမယ့် အဲဒီလိုရက်မျိုးကတော့ အင်မတန်မှ ရှားပါတယ်။ ရှိရင်လည်း သူတို့နဲ့ ၁ ပတ်လောက်ကတည်း က ကြိုတင် တိုင်ပင်ထားပြီးမှ သွားဖြစ်တာပါ။


ညနေ ၆ နာရီခွဲကျော်ကျော် ၇ နာရီ ထိုးခါနီးတာနဲ့ အိမ်ပြန်ဖို့ ပြင်ဆင်ရင်း အမျိုးသားကိုလည်း အိမ်ပြန်ဖို့ ဆော်သြနေရပါပြီ။ ကျမအမျိုးသားက ပြင်သစ်နဲ့ အီတလီဘက်က လူတွေနဲ့ အလုပ်အတူလုပ်ရတာမို့ ကျမတို့ ရုံးဆင်းမှ သူတို့ဘက်က ရုံးတက်တာမျိုးပါ။ အဲဒီဘက်က လူတွေနဲ့ အမျိုးသားနဲ့ အလုပ်ကိစ္စ ပြောဆိုပြီးရင် ပြန်လို့ရပါပြီ။ သူတို့ စကားပြောတဲ့ အချိန် ပေါ်မူတည်ပြီး ၇ နာရီ၊ ၇ နာရီခွဲ ပြန်ရလေ့ ရှိပါတယ်။ တခါတလေလည်း ၈ နာရီပေါ့။ အတူတူ ပြန်ကြတာဆိုတော့ တစ်ယောက်အလုပ်မပြီးလည်း တစ်ယောက်ကတော့ စောင့်နေရတာပေါ့။ ၂ ယောက်စလုံး အလုပ်အတူပြီးတော့လည်း အတူ စောပြန်ရတာပေါ့။ သူ့ကို စောင့်ရတာ ကြာမယ်ဆိုရင်လည်း ကျမက စောပြန်နှင့်လိုက်တာပါပဲ။ ပုံမှန် အိမ်ပြန်ရောက်ရင် ၈ နာရီထိုးပါပြီ။


အိမ်ပြန်ရောက်ရင်တော့ အမျိုးသားက ညစာ ထမင်းအိုးတည်ပေးပြီး တခြား သေးသေးမွှားမွှားလေးတွေ ကူပေးတတ်ပါသေးတယ်။ ကျမကတော့ မီးဖိုထဲဝင်ပြီး ညစာအတွက်ပြင်ဆင်ရတာပေါ့။ ရှိတဲ့ဟင်းပေါ်မူတည်ပြီး နောက်တစ်ခွက် လိုက်ဖက်အောင် ကြည့်ပြီး စီစဉ် လိုက်တာပါပဲ။ ညစာမှ ၂ ယောက် အတူစားရတာဆိုတော့ အတတ်နိုင်ဆုံးတော့ ဖွယ်ဖွယ်ရာရာ ဖြစ်အောင် လုပ်ပေးရတာပေါ့လေ။ ၉ နာရီလောက်ဆိုရင် ထမင်းကျက်တာနဲ့ ထမင်းပွဲအတူပြင်ပြီး ညစာ စားကြပါတယ်။ ဒီအချိန်ပဲ အေးအေး ဆေးဆေး ရှိတာမို့ပြောချင်တာ၊ တိုင်ပင်စရာရှိတာ ၊ ရုံးကိစ္စ၊ အိမ်ကိစ္စကို ထမင်းစားရင် ပြောဆိုကြရတာပေါ့။ စားသောက်ပြီးရင် နောက်တရက်အတွက် ဘာချက်ရင် ကောင်းမလဲဆိုတာ စဉ်းစားပြီး ကြိုလုပ်စရာရှိတာကို ပြင်ဆင်ထားရပါတယ်။ ဆေးကြော၊ သိမ်းဆည်းပြီးတာနဲ့ နောက်တရက်အတွက် မီးပူတိုက်စရာရှိတာတိုက်၊ အ၀တ်လျှော်စရာရှိတာကို စက်ထဲထည့်ပြီး မနက်လျှော်ရအောင် ဆပ်ပြာရေစိမ်၊ အမှိုက်တွေ သိမ်းဆည်းပြီး ပစ်ရမယ့်နေရာမှာသွားထားပြီးလို့ နာရီကြည့်လိုက်ရင် ၁၁ နာရီ ထိုးခါနီးနေပါပြီ။


အားလုံးပြီးရင်တော့ ကျမဘလော့ခ်လည်ထွက်ပြီး သူငယ်ချင်းတွေ နှုတ်ဆက်၊ စာရေးစရာရှိလည်းရေးပြီး ဘလော့ခ်ပေါ်တင်ရတာပေါ့။ ရန်ကုန်ကို ဖုန်းခေါ်စရာရှိတဲ့နေ့ဆိုရင်တော့ ၁၂ နာရီမှာ ရန်ကုန်ကို ဖုန်းခေါ်၊ အိမ်ရှိလူကုန်နဲ့ စကားပြောပြီးရင် ၁ နာရီထိုးခါနီးပါပြီ။ ဗုဒ္ဓဟူးနေ့ဆိုရင်တော့ အိမ်ပြန်ရောက်တာနဲ့ ဘာမှ မလုပ်နိုင်တော့ပါဘူး။ ဂျပန်ဆရာမတွေ လာမှာမို့လို့ အိမ်မှာ စောင့်နေရပါတယ်။ သူတို့ရောက်လာရင် စာသင်ပေးပြီး ၁၀ နာရီခွဲ၊ ၁၁ နာရီ လောက်မှ အတန်း ပြီးပါတယ်။ ဆရာမတွေပြန်သွားမှ ကမန်းကတမ်း ထမင်းစား၊ ဆေးကြော သိမ်းဆည်းပြီးတာနဲ့ ၁၂ နာရီထိုးပြီးနေပါပြီ။


တနေကုန် အလုပ်လုပ်ရတာ မပင်ပန်းပေမယ့် အငြိမ်တချက်မနေရတော့ လူက အနားယူဖို့ အချက်ပြနေပါပြီ။ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီးတာနဲ့ အိပ်ယာဝင်ရင် ၁ နာရီခွဲလောက်ရှိနေပြီ။ ကျမက အအိပ်ဆတ်သူမို့ အသံတခုခု ကြားရင်လည်း လန့်နိုးတတ်တဲ့အပြင် ချက်ချင်း အိပ်ပျော်လေ့မရှိပါဘူး။ အိပ်ယာထဲမှာ နံပါတ်စဉ်ရွတ်ချင်ရွတ်နေရတယ်။ ထွက်သက် ၀င်သက် မှတ်နေရတာမျိုးလည်းရှိပါတယ်။ အရမ်းအိပ်မရဘူးဆိုရင် counter ပုတီးလေး စိတ်နေရင်းမှ အိပ်ပျော်သွားတတ်တာမျိုးပါ။ တခါတလေ စိတ်ထဲ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ရန်ကုန်က မိဘတွေဆီ စိတ်ရောက်သွားရင်တော့ အဲဒီည မိုးသာ စင်စင်လင်းသွားတယ် တရေးမှ မအိပ်လိုက်ရပါဘူး။ ဒီလိုနဲ့ပဲ မထချင် ထချင် နောက်တနေ့ မနက် ထုံးစံအတိုင်း လေးကန်ပြီးမှ အိပ်ယာက ထလာတတ်သူမျိုးပါ။


သောကြာနေ့ညဆိုရင် တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ စာရေးစရာရှိရင် ရေးပြီး၊ ရေးစရာ မရှိရင်တော့ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်ပေါ့။ အိပ်ယာဝင်ရင်လည်း စနေနေ့ မနက် ၃ နာရီ ၄ နာရီလောက်မှ အိပ်ဖြစ်ပါတယ်။ မနက် ၁၁ နာရီလောက်မှ အိပ်ယာက ထပြီး နေ့လည်စာကိုအပြင်မှာပဲ စားဖြစ်တာများတယ်။ ဈေးဝယ်ထွက်၊ လိုအပ်တာတွေကို ထိုင်းဆိုင်နဲ့ တရုတ်ဆိုင်မှာ သွားဝယ်ရင်း ပြန်လာရင်ညနေ ၅ နာရီ ထိုးလုနီးနေပါပြီ။ ခဏလောက် နားပြီးမှ ညစာအတွက် ချက်ပြုတ်ပြင်ဆင်ပြီး ညစာစားကြပါတယ်။ ပြီးရင်တော့ အ၀တ်လျှော်စက် မနားရလေအောင် တပတ်စာအ၀တ်တွေကို တပုံပြီး တပုံလျှော်ရပါတယ်။ အဲလိုနဲ့ စနေတစ်ရက် ကုန်ပြန်တာပါပဲ။ တနင်္ဂနွေဆိုရင်တော့ လျှော်ပြီးသား အ၀တ်တွေ အမျိုးသားကလှမ်း၊ ကျမက ပိတ်ရက်စားဖို့အတွက်ရော ၊ ရုံးဖွင့်ရက် စားဖို့အတွက်ပါ ဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်ပြီး အချိန်ရရင်တော့ ခဏတဖြုတ်နားရတာပေါ့။ ညရောက်ရင်တော့ ရုပ်ရှင်ကြည့်ရင်း လက်က မီးပူတိုက်ရပါတယ်။ ပိတ်ရက်မှာ အလည်လွန်ရင်တော့ အိမ်အလုပ်တွေ အကြွေးတင်ပြီး နောက်ရုံးဖွင့်ရက်အထိပါ အကြွေးဆပ်မဆုံးပါဘူး။ ဒါကြောင့် ပိတ်ရက်လည်း ပိတ်ရက်မို့လို့ ၊ ရုံးဖွင့်ရက်လည်း ဖွင့်ရက်မို့လို့ နားရတယ်လို့ မထင်မိပါဘူး။


*****


ညီမလေး လေပြေ က တစ်နေ့တာ ဘာလုပ်လည်းဆိုတာ tag ထားလို့ ကျမလည်း ချရေးလိုက်ကြည့်မှပဲ တစ်ရက်နဲ့ တစ်ရက် ကို ဘယ်လို ကုန်ဆုံးသလဲဆိုတာ သိရတော့တယ်။ လူတစ်ယောက်ဟာ တစ်ရက်မှာ ကိုယ့်အတွက် အကျိုးအမြတ် တခုခုရှိအောင် လုပ်ရမယ်လို့ ကျမ ကြားဖူးတယ်။ အတွေ့အကြုံပဲဖြစ်ဖြစ်၊ အတတ်ပညာပဲဖြစ်ဖြစ်၊ အသိပညာပဲဖြစ်ဖြစ်ပေါ့။ တစ်ခုခု တိုးတက်နေရမယ်ဆိုရင်ဖြင့် ကျမဟာ တိုးတက်တဲ့ အလုပ်တစ်ခုမှ မလုပ်ပါလားဆိုတာ လက်တွေ့ကျကျ သိလိုက်ရပါတော့တယ်။ ဒါပေမယ့် ကျမ လက်ရှိဘ၀ကို ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ စိတ်ချမ်းသာလို့ပါပဲ။ တတ်နိုင်သမျှလည်း ကျမ ရဲ့ တစ်နေ့တာကို စိတ်ချမ်းချမ်းသာသာ နဲ့ ဖြတ်သန်းချင်ပါတယ်။ လူရယ်လို့ဖြစ်လာရင် သေတစ်နေ့ မွေးတစ်နေ့မို့ သေနေ့မရောက်ခင် ကြား အချိန်လေးမှာ အကျိုးအမြတ်မရှိရင်လည်းနေပါစေတော့။ စိတ်ညစ်စရာ၊ စိတ်ရှုတ်စရာ၊ လောဘ၊ ဒေါသ၊ အပူအပင် နည်းနိုင်သမျှ နည်းနည်းနဲ့ ဖြတ်သန်းနိုင်ဖို့ ကျမကြိုးစားနေတုန်းပါပဲ...


ဒီဇင်ဘာ ၁၁၊ ၂၀၀၇။