January 11, 2008

Around Kyoto - I

ဒီနေ့တော့ Kyoto ကို လျှောက်လည်ကြစို့နော်။ Kyoto မြို့တစ်ခုလုံးကို စုံအောင်လည်ဖို့ဆိုရင် တော်တော် အချိန်ပေးရမယ်ထင်ပါတယ်။ Sightseeing အတွက် ဘတ်စ်ကား လမ်းညွှန်မှာတော့ နာမည်ကြီး Area တွေကို ပြထားပါတယ်။ အဲဒါတွေကတော့ 1) Arashiyama Area 2)Kinkakuji Area 3)Ginkakuji Area 4) Okazaki Area နဲ့ 5) Hagashiyama Area တွေပါ။

Kyoto မြို့ ထဲမှာ တစ်နေရာနဲ့ တစ်နေရာ အလွယ်တကူ အဆင်ပြေပြေ သွားလာနိုင်အောင် Sightseeing bus တွေ စီစဉ်ပေးထားတာပါ။ တကယ်တမ်း Kyoto ကိုလျှောက်လည်ဖို့အတွက် “ဘယ်နေရာသွားရမလဲ၊ သွားလည်သင့်သလဲ” လို့ ကျမကို မေးလာရင်တော့ “အကုန်သွားလည်သင့်တယ်”လို့ ဖြေရမလိုပါပဲ။ နေရာတိုင်းဟာ သူ့နေရာနဲ့ သူ နာမည်ကြီးသလို လှလည်း လှပါတယ်။ ချယ်ရီပန်းပွင့်ချိန်နဲ့ မေပယ်လ်ရွက်အရောင်ပြောင်းချိန်က အလှဆုံး အချိန်ပါပဲ။ Kyoto မြို့ရဲ့ အလှက တည်ငြိမ်တယ်၊ အေးချမ်းတယ်လို့လည်း ဆိုချင်ပါတယ်။ ဂျပန် ခရီးသွား guide ထဲမှာတော့ Kyoto ဆိုရင် Central Kyoto (မြို့လယ်), Eastern Kyoto (အရှေ့ပိုင်း), Northern Kyoto (မြောက်ပိုင်း), Southern Kyoto (တောင်ပိုင်း) နဲ့ Western Kyoto (အနောက်ပိုင်း) ဆိုပြီး ထပ်ခွဲပြထားပါတယ်။ ဒီတစ်ခေါက် ကျမတို့ရောက်ဖြစ်တော့ သူငယ်ချင်းက Kyoto မှာ တစ်ရက်ပဲ လည်မယ်ဆိုပြီး ခရီးစဉ်ဆွဲထားတာပါ။ ဒါနဲ့ ကျမတို့လည်း သူ့ကို Kyoto ရဲ့ ဘယ်နေရာတွေကို လိုက်ပို့ပေးရင် ကောင်းမလဲဆိုတာ အားလုံးတိုင်ပင်ပြီး နောက်တစ်နေ့မှာ Kyoto မြို့ရဲ့ တစ်နေ့တာ ခရီးစဉ်ကို စခဲ့ပါတော့တယ်။

Around Kyoto - I (Kiyomizu-dera)

Kiyomizu-dera ကို အင်္ဂလိပ်လို ခေါ်ကြတာကတော့ The Pure Water Temple လို့လည်း ခေါ်ကြတယ်။ Kyoto ရဲ့ အရှေ့ပိုင်းမှာ ရှိပြီး Hagashiyama Area ထဲမှာ ပါဝင်ပါတယ်။ Kyoto မှာဆိုရင် သွားသင့်တဲ့ နေရာတစ်ခုလို့ပြောချင်ပါတယ်။ Osaka Umeda Station ကနေ Kyoto ကို JR Limited Express ရထားနဲ့ သွားမယ်ဆိုရင် မိနစ် ၂၀ ကျော်လောက်ကြာပါတယ်။ Kyoto Station ရောက်တော့ မြို့တွင်း ကားစီးဖို့အတွက် သူငယ်ချင်းက Tourist Information ဌာနမှာ အင်္ဂလိပ်လို မြေပုံ သွားတောင်းပါတယ်။ ကျမတို့လည်း မရောက်ဖူးသေးတော့ ဘယ်လို သွားရင် ကောင်းမလဲဆိုတာ တိုင်ပင်ပြီး ဘူတာရုံက ထွက်လာတယ်ဆိုရင်ပဲ ဘတ်စ်ကားစီးဖို့ တန်းစီနေတဲ့ လူတန်းကြီးကို စပြီးတွေ့ရတော့တာပါပဲ။ နှစ်သစ်ကူးချိန် ဖြစ်တဲ့အပြင် ပိတ်ရက်လည်းဖြစ်ပြန်ဆိုတော့ တန်းစီနေတဲ့ သူတွေက မနည်းပါဘူး။ ကျမတို့လည်း Kiyomizu-dera သို့ဆိုတဲ့ မှတ်တိုင်မှာ ၀င်တန်းစီလိုက်ပါတယ်။

Kyoto Station ကနေ Kiyomizu-dera ကို ရောက်တဲ့ ဘတ်စ်ကားနံပါတ်က ၁၀၀ နဲ့ ၂၀၆ ပါ။ တစ်စီးလူပြည့်သွားတာနဲ့ နောက်တစ်စီးက အဆင်သင့်စောင့်နေတာမျိုးဆိုတော့ ဒီလိုပဲ တစ်စီးပြီး တစ်စီးထွက်သွားလိုက်တာ ၁၅ မိနစ်လောက်ကြာတော့ ကျမတို့အလှည့်ရောက်လာပါတယ်။ အရင်ဆုံး တက်ရတဲ့အလှည့်ဖြစ်တာကြောင့် နေရာရပြီး ကောင်းကောင်း ထိုင်စီးလိုက်ရပါသေးတယ်။ ၁၅ မိနစ်လောက် ကားစီးပြီးတော့ Kiyomizu-machi မှတ်တိုင်ရောက်ရင် ဆင်းပြီး တောင်ပေါ်ကို ၁၀ မိနစ်လောက် လမ်းလျှောက်ရင် Kiyomizu-dera ဘုရားကျောင်းရှိတဲ့ နေရာကိုရောက်ပါပြီ။

တောင်ပေါ်ကို လမ်းလျှောက်ပြီး မတက်ချင်သူများကြတော့လည်း မြန်မာပြည်မှာခေါ်သလို လန်ချားစီးကြလေရဲ့။ ကျမတို့ကတော့ လမ်းဘေးတစ်လျှောက် ဈေးဆိုင်တန်းတွေကို ငေးမောရင်း လူအုပ်ကြီးသွားတဲ့နောက်ကနေ တဖြည်းဖြည်း လိုက်သွားလိုက်တာ နောက်ဆုံး ဘုရားကျောင်းရှိတဲ့နေရာကို ရောက်သွားပါတော့တယ်။ ဘုရားကျောင်းကို ၀င်မယ်ဆိုရင်တော့ ၀င်ကြေးပေးရပါတယ်။ ဘုရားကျောင်းထဲရောက်တာနဲ့ ဂျပန်တွေကတော့ ထုံးစံအတိုင်း တိုးဝှေ့တန်းစီနေတာပါပဲ။ ကျမတို့ကတော့ တိုးဝှေ့ဓာတ်ပုံရိုက်ရင်း ဘေးက ရှုခင်းကြည့်ရတာပေါ့။ နောက်ပြီး အားလုံးလိုလိုလည်း ဗေဒင်မေးတာ ၀ါသနာပါကြပုံရတယ်။ အဲဒီနေ့ကတော့ ဗေဒင်တွက်တဲ့နေရာမှာ ပိုပြီး လူစည်နေတာ မြင်ခဲ့ရတယ်။ ဂျပန်တွေအယူကတော့ စာရွက်ပေါ်မှာ တွက်ထားတဲ့အဖြေက ကောင်းတာဆိုရင်ကိုယ်နဲ့ မကွာဆောင်ထားပြီး မကောင်းတာဆိုရင်တော့ ဘုရားကျောင်းက သစ်ပင်မှာဖြစ်ဖြစ်၊ ဘုရားကျောင်းထဲ သတ်မှတ်ထားတဲ့နေရာမှာ စာရွက်ကို ချည်ပြီး ထားရစ်ခဲ့တတ်တယ်။ သူတို့အယူကတော့ မကောင်းတာဆိုရင် ချန်ထားရစ်ခဲ့တယ်၊ ကိုယ်နဲ့အတူမပါလာတော့ဘူးဆိုတဲ့ သဘောပါပဲ။

ဘုရားကျောင်းဆောင်ကြီးအပေါ်ကနေ အောက်ဘက်ကို ကြည့်ရင်ပဲ ရေသောက်တဲ့ နေရာမှာ လူတွေ တန်းစီနေကြတာတွေ့နေရပါပြီ။ ရေစီးကျနေတာက ၃ လိုင်းစီးကျနေတာပါ။ ညာဘက်အစွန်းဆုံးက ကျန်းမာပြီး ရုပ်ရည် နုပျိုစေဖို့အတွက်၊ အလယ်က ရေစီးကြောင်းကတော့ ဥာဏ်ကောင်းဖို့အတွက် ၊ဘယ်ဘက်အစွန်ဆုံး ရေစီးကြောင်းကတော့ အသက်ရှည်ဆေး ဆိုပြီး ခွဲထားတာပါ။ တကယ်တော့ ဘယ်ရေစီးကြောင်းက ဘာအတွက်ရည်ရွယ်တာလည်းဆိုတာ အတိအကျ ဘာသာပြန်ရခက်ပါတယ်။ website တစ်ခုနဲ့ တစ်ခု ပြောတာချင်းကလည်း မတူတာမို့ ကျမပြောတာ မှားရင်ပြင်ပေးကြပါနော်။ အဲဒီ ၃ မျိုးထဲက ဖြစ်ချင်တာကို ဆုတောင်းပြီး၊ ရေသောက်ရင်လည်း သူနဲ့သက်ဆိုင်တဲ့နေရာက ရေကို ခွက်နဲ့ခံ သောက်ကြတာမို့ ဆုတောင်းပြည့်တယ်လို့ ယူဆကြတယ်နဲ့ တူပါတယ်။ ကျမကတော့ တန်းစီဖို့ အချိန်မရတာနဲ့ အဲဒီရေလည်း မသောက်ဖြစ်ခဲ့ပါဘူး။

နောက်ထပ် လူစည်တဲ့ နေရာကတော့ မြန်မာလို ဘာသာပြန်ရရင် ဖူးစာရေးနတ်ကွန်း လို့ပြောရမယ်နဲ့တူတယ်။ အဲဒီမှာ တွေ့ရတာက ကျောက်တုံး ၂ တုံးကို ဟိုဘက်ထိပ်မှာ တစ်တုံး၊ ဒီဘက်ထိပ် မှာတစ်တုံး ချထားပါတယ်။ အဲဒီ ကျောက်တုံး ၂ တုံးကို Love Fortune Teller လို့ နာမည်ပေးထားသေးတယ်။ မျက်စိမှိတ်ထားပြီး ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်အထိ လျှောက်လာနိုင်ရင် အချစ်ရေးမှာ ကံကောင်းတယ်တဲ့ (တချို့စာတွေထဲမှာတော့ ပါးစပ်က ကိုယ့်ရည်းစားနာမည်ကို ရွတ်ပြီး လျှောက်ရမယ်တဲ့။ တည့်တည့်လျှောက်နိုင်ရင်တော့ အဲဒီလူနဲ့ တကယ်ဖူးစာဆုံမယ်ဆိုပဲ။) အစကတော့ ကျမလည်း နားမလည်ပါဘူး။ ပြီးမှ အနောက်မှာ ရေးထားတဲ့ ဆိုင်းဘုတ်က စာသားကို မြင်မှပဲ သဘောပေါက်တော့တယ်။ ကျမတို့သွားတုန်းကတော့ နိုင်ငံခြားသား ကောင်လေးကမျက်လုံးမှိတ်ပြီး လမ်းလျှောက်တာကို ဂျပန်ကောင်မလေးက အနောက်ကနေ တည့်ပေးနေတာတောင် မြင်ခဲ့ရသေးတယ်။ နောက်ပြီး ဒီနှစ်က ဂျပန်လို ကြွက်နှစ်မို့လို့ ကြွက်ရုပ်ပုံ ပါတဲ့သစ်သားပြားလေးတွေမှာ ဆုတောင်းစာရေးပြီး ဘုရားကျောင်းရဲ့ သတ်မှတ်ထားတဲ့ စင်မှာ တွဲလောင်းလေးတွေ ချိတ်ထားခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ တချို့ကြလည်း သူများဆုတောင်းစာတွေ တစ်ခုချင်းစီ စိတ်ရှည်ရှည်ဖတ်နေတဲ့ သူကလည်း ရှိသေးတယ်။ ကျမလည်း အချိန်ရပြီး နားလည်ရင်တော့ စပ်စုဖြစ်မလားမသိဘူး။ အခုတော့ နောက်တစ်နေရာကူးရဦးမှာမို့ ဘေးနားပတ်ဝန်းကျင်ကို ခပ်မြန်မြန်လျှောက်လည်ပြီး ဘုရားကျောင်းက ပြန်ဆင်းလာတော့ နေ့လည် ၁ နာရီ ထိုးခါနီးနေပါပြီ။ ဘုရားကျောင်းနဲ့ ပတ်သက်တာတွေကတော့ ရေးလို့မကုန်နိုင်ပါဘူး။ ကျမလည်း အခုမှ ရောက်ဖူးတာဆိုတော့ သိသလောက် မှတ်မိသလောက်နဲ့ အင်တာနက်ထဲ လျှောက်ကြည့်ပြီး blog အဖြစ် အသွင်ပြောင်းလိုက်တာပါ။ အမှားပါရင်လည်း ခွင့်လွှတ်ပေးဖို့နဲ့ နောက်ထပ် အသေးစိတ် သိချင်သေးတယ်ဆိုရင်တော့ wiki နဲ့ Japan guide တွေမှာ ဖတ်ကြည့်လို့ရပါတယ်။ ထုံးစံအတိုင်း ဓာတ်ပုံလေးတွေနဲ့အတူ တွဲကြည့်ကြပါနော်။ နောက်ထပ် ရောက်ဖြစ်တဲ့ နေရာ ၂ ခုကိုလည်း နောက်ရက်တွေမှာ ဆက်ပြီး ရေးပါဦးမယ်။ အခုတော့ ခဏနားကြစို့....



ဇန်န၀ါရီ ၁၁ ၊ ၂၀၀၈။

5 comments:

Chit Lay Pyay said...

အမ နုစံရေ၊ အမနဲ့ လိုက်လည်ရတာ ပျော်ဖို့ ကောင်းတယ်နော်၊ တကယ် လိုက်လည်နေရသလိုပဲ၊ ဂျပန်ကို လာလည် ဖြစ်ရင်တော့ သွားကို လည်အုံးမယ်၊ ညီမရဲ့ ပီနန် ခရီးစဉ် (၂) လဲ တင်လိုက်ပြီ လာ အားပေးအုံးနော်

မြရွက်ဝေ said...

အလှပရှုခင်းတွေများတဲ့ ကျိုတိုကို လာလည်တယ် အမရေ့။ တန်းတော့ မစီတော့ဘူးနော်။ :D

Anonymous said...

မက..ရေလည်းသောက်ခဲ့ဘူး..။ လေးမဆို ရေသန့်ဗူးနဲ့ သယ်မှာပဲ..။

ကလိုစေးထူး said...

မနုစံ…
မရောက်ဖြစ်တာ နည်းနည်းကြာသွားတယ်။ ခွင့်လွှတ်ပါ။ ကျနော် ဘလော့ဂ် စရေးတော့ စိတ်ကူးယဉ်မိတာတခုကို အခုတခေါက် မနုစံရဲ့ ပို့စ်တွေကို ဖတ်ပြီးတော့ ပြောပြချင်တယ်။ ကမ္ဘာအရပ်ရပ်ကို ရောက်နေတဲ့ မြန်မာဘလော့ဂါတွေ ဘလော့ဂ်ရေးကြတဲ့အခါ ကိုယ်ရောက်နေတဲ့ နေရာအကြောင်းကို ခရီးသွားဆောင်းပါးပုံစံမျိုးလေး ပုံတွေ ဝေေ၀ဆာဆာနဲ့ တင်ဆက်ကြရင် အတော်ကောင်းမှာပဲ ဆိုတာပါ။ အခုတော့ မနုစံရဲ့ တင်ဆက်မှုကြောင့် ကျိုတိုကို ကျနော်လဲ ရောက်သွားသလိုလို ဖြစ်သွားပြီလေ။ ဒါပြီးရင် ချစ်လေပြေရဲ့ ပီနန်ခရီးစဉ်ဆီ ဆက်သွားအုံးမယ်ဗျာ။ :)

nu-san said...

လေပြေ>> အမနဲ့ လိုက်လည်ရတာ ပျော်ဖို့ကောင်းတယ်ဆိုတော့ အမလည်း ၀မ်းသာတာပေါ့။ ဂျပန်ကိုလာလည်မယ်ဆိုရင် အမကိုလည်း ပြောနော်.. :)

မြရွက်ဝေ>> တန်းမစီနဲ့ ညီမလေးရေ.. အမလည်း တန်းစီရတာကို မကြိုက်ဘူး.. စိတ်မရှည်တာပေါ့.. အဟီး.. :D

လေးမ>> ဟုတ်တယ်လေးမရေ.. ရေမသောက်ခဲ့ရဘူး. ဗူးနဲ့ သယ်မလို့ပဲ.. သူတို့က အဲဒီရေနဲ့ ကြိုပြီး လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းလည်း အနီးနားက ဆိုင်တွေမှာရောင်းတယ်.. ဈေးကြီးလို့ မ၀ယ်သောက်ခဲ့ဘူး.. :P

ကိုစေးထူး>> ကျမလည်း ရောက်ခဲ့ဖူးတဲ့နေရာလေးတွေကို မှတ်တမ်းသဘောမျိုးလည်း ရေးချင်တယ်နောက်ပြီး နောက်လာလည်မဲ့ မြန်မာတွေအချင်းချင်း သတင်းတစ်ခုရလည်း နည်းလားဆိုပြီး တင်ဖြစ်တာပါပဲ.. ကိုစေးထူး ကျိုတို တကယ်ရောက်သလိုဖြစ်သွားတယ်ဆိုရင်တော့ ရေးရကျိုးနပ်သွားတာပေါ့.. လာလည်တာ ကျေးဇူးပါ ကိုစေးထူးရေ.. :)