July 9, 2010

အသွင်တူ၏ မတူ၏



Photo: Link

မမသက်ဝေရဲ့ အသွင်တူ၏ မတူ၏ ပို့စ်ကို ဖတ်ပြီး ကျမတို့ နှစ်ယောက်ရော တစ်ယောက်နဲ့ တစ်ယောက် အသွင်တူလို့ အိမ်သူဖြစ်ကြတာလား၊ ဘယ်အချက်တွေကတော့ တူပြီး ဘယ်အချက်တွေ မတူဘူးလဲဆိုတာ တွေးဖို့ သတိရသွားတယ်။ ကျမတို့ နှစ်ယောက်အကြောင်းကို "ဘ၀လက်တွဲဖော်" ပို့စ်မှာလည်း ရေးခဲ့ဘူးပါတယ်။

လက်မထပ်ခင် ချစ်သူ ရည်းစား ဘ၀မှာတုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက် အသွင် တူတာ မတူတာ သိပ်ပြီး အဓိက မကျလှဘူးလို့ ထင်မိတယ်။ အချစ်ဝင်နေတဲ့အချိန်ဆိုတော့လည်း အပြစ်မမြင်ဘဲ ဒါတွေက ဘာမှ မဟုတ်သလိုလိုပေါ့လေ။ အဲဒီတော့ အသွင်တူလား မတူလားဆိုတာ မစဉ်းစားခဲ့မိဘူး။ ပြောကြမယ်ဆိုရင် ကိုယ့်ရဲ့ မိသားစု မောင်နှမသားချင်းထဲမှာတောင် တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက်၊ စိတ်နေစိတ်ထား ထပ်တူကျတယ်ဆိုတာ ရှားပါတယ်။ ဒါကြောင့် မိသားစု နှစ်စုကနေ ပေါက်ဖွားလာပြီး အိမ်ထောင်ဖက်အဖြစ် ရောက်လာကြတဲ့ စုံတွဲတွေမှာ တူတာတွေလည်း ရှိနိုင်သလို မတူတာတွေလည်း ရှိနိုင်တာပဲ။ နောက်ပြီး အတူနေတာ ကြာလာတာနဲ့ အမျှ တစ်ယောက် သဘော တစ်ယောက် လိုက်ရင်း တူသွားတတ်တာလေးတွေလည်း ရှိကြမှာပဲ။

ကျမတို့ နှစ်ယောက်စလုံး လူလတ်တန်းစား ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတာချင်းတူပါတယ်။ မိသားစုထဲမှာ အလတ်ဖြစ်ရတာချင်းလည်း တူကြတယ်။ အလတ်ဆိုတော့ မိဘတွေက မျက်နှာသာ မပေးတာ၊ အကြီးတွေ အငယ်တွေလို သည်းသည်းလှုပ် အချစ်မခံရတာချင်းလည်း တူတယ်။ သားသမီးတွေကို အလိုမလိုက်တတ်တဲ့ အမေနဲ့ နားဝင်အောင် ပြောပြီး ဆုံးမတတ်တဲ့အဖေတွေရှိတာချင်းလည်း တူကြတယ်။ နောက်ပြီး ကျမတို့ အဖေတွေက ဥာဏ်ကောင်းကြပေမယ့် ဘ၀ပေး အခြေအနေအရ အတန်းပညာ မတတ်ခဲ့ကြဘူး။ ဒါကြောင့် သူတို့ရဲ့ သားသမီးတွေ အားလုံးကို ပညာတတ်ဖြစ်စေချင်ကြတယ်။ ပညာတတ်တစ်ယောက်ရဲ့ တန်ဘိုးကို နားလည်အောင် ရှင်းပြတတ်သလို ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ၊ ကိုယ့်အား ကိုယ်ကိုးဖို့ နည်းပေးလမ်းညွှန်တွေ လုပ်ပေးခဲ့ကြတယ်။ နှစ်ဘက်မိဘတွေက အသက်ကြီးလာလို့ အလုပ် မလုပ်နိုင်ကြတော့တဲ့အခါ မိသားစုရဲ့ ကိစ္စ အ၀၀ကို အလတ်တွေဖြစ်တဲ့ ကျမတို့ နှစ်ယောက်ကပဲ တာဝန်ပိုယူကြရပါတယ်။ အဲဒီအတွက်လည်း နှစ်ယောက်စလုံး ဘယ်တော့မှ မငြိုငြင်ခဲ့ကြပါဘူး။

အလုပ်ထဲမှာတွေ့ပြီး လက်ထပ်ခဲ့ကြတာဆိုတော့ ကုမ္ပဏီတစ်ခုထဲမှာပဲ သူက ၇ နှစ်ကျော် ၈ နှစ်နီးပါးနဲ့ကျမက ၆ နှစ်ကျော် အလုပ်အတူ လုပ်ခဲ့ကြတယ်။ လုပ်ရတဲ့ အလုပ်ချင်းတော့ မတူပါဘူး။ အခု ဂျပန်ရောက်လာပြန်တော့လည်း အလုပ်တူ၊ နေရာတူ၊ department တစ်ခုထဲမှာပဲ လုပ်ရပြန်တယ်။ အလုပ်နဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးတတ်တဲ့ စိတ်ထားချင်းလည်း တူပါတယ်။ အလုပ်အတူတူပဲ ဆိုတော့ ရုံးအကြောင်း၊ အရင်အလုပ်က အကြောင်း၊ အလုပ်ခွင်က သူငယ်ချင်းတွေအကြောင်း၊ အခုလက်ရှိအလုပ်ထဲက လူတွေအကြောင်း ပြောမိပြီဆို တော်တော်နဲ့ စကားစ ဖြတ်မရဘူး။

သီချင်းကြိုက်ကြတာချင်း တူသလို အသံမကောင်းပေမယ့် သီချင်းဆိုချင်တဲ့ စိတ်ရှိတာချင်းလည်း တူကြတယ်။ သူများကို ကိုယ်တတ်နိုင်သလောက် ကူညီပေးချင်တာ၊ သူတစ်ပါးဆီက အကူအညီကို မလိုအပ်ပဲ ယူရမှာ အားနာတတ်တာ၊ ကိုယ့်ကြောင့် သူတစ်ပါးကို မထိခိုက်စေချင်တာ စတဲ့ စိတ်အခြေခံချင်းလည်း တူကြတယ်။

ဘယ်အရာမဆို စိတ်ရှင်းရှင်း ထားတတ်အောင်၊ သူများလုပ်လို့ လိုက်လုပ်ရတာမျိုးမဟုတ်ဘဲ ဘ၀ကို ကိုယ့်သဘောအတိုင်း ရပ်တည်တာမျိုးကျတော့ သူနဲ့ လက်ထပ်ပြီးမှ အဲဒီလို စိတ်ဓာတ်မျိုးတွေ ကျမ ထားတတ်သွားတာပါ။ စိတ်မရှည်တတ်တာ၊ အနားနီးမှ ကပ်လုပ်တတ်တဲ့ အကျင့်ကြတော့ ကျမဆီကနေ သူ့ဆီ ကူးသွားတယ် ထင်တာပါပဲ။

တူတာတွေချည်းပဲ ပြောနေလို့ မတူတာ မရှိဘူး ထင်နေဦးမယ်။ ယောင်္ကျားနဲ့ မိန်းမဆိုတဲ့ အခြေခံသဘာဝကြီးကမှ မတူတာဆိုတော့ ကျမတို့ နှစ်ယောက်မှာလည်း အများနည်းတူ မတူတဲ့ ကွဲလွဲချက်တွေကတော့ ရှိတာပဲ။ မတူတာတွေ ပြောရင်တော့ ပြောလို့ကုန်မယ် မထင်ဘူး။ အဲဒီတော့ တခါတလေ လျှာနဲ့သွား ကိုက်မိကြလေသတည်းပေါ့။ ကြာကြာလည်း စိတ်မကောက်တတ်ကြတော့ ခဏနေ ပြန်ပြီး စကားပြောဖြစ်သွားတာပါပဲ။ အားလုံးအဆင်ပြေနေတယ်ဆိုရင် နေရတာ ပျင်းစရာကြီးဖြစ်နေမှာ။

တစ်ယောက်နဲ့ တစ်ယောက် နှစ်သက်မြတ်နိုးလို့ လက်ထပ်ယူခဲ့တာဆိုတော့ အသွင်တူခြင်း မတူခြင်းထက် စိတ်သဘောထားခြင်း တိုက်ဆိုင်ဖို့၊ အချစ်ခြင်း ညီဖို့ နဲ့ မတူတာတွေ ရှိရင်တောင် နားလည်မှုရှိဖို့ ကျမတို့ ကြိုးစားနေရတုန်းပါပဲ။ ဒါကြောင့် မမသက်ဝေက ချစ်လို့ tag တဲ့ ပို့စ်ကို ကျမတို့ကလည်း အချစ်တွေနဲ့ ရေးပါတယ်လို့ ပြောရင် လွန်မယ် မထင်ပါဘူးနော်။

ဇူလိုင် ၉၊ ၂၀၁၀။

July 4, 2010

BCG Vaccine


Photo Link:

သမီးလေးမွေးပြီး ၃ လကျော်လာတဲ့အထိ ဆေးရုံမှာ Vitamin K2 syrup ကို ၃ ခါတိုက်တာက လွဲပြီး ကာကွယ်ဆေး မထိုးပေးပါဘူး။ Vitamin K2 ကို မွေးပြီး ၁ ရက်မှာ တစ်ခါ၊ ၅ ရက်မှာ တစ်ခါ နဲ့ ၁ လပြည့်လို့ ဆေးရုံမှာ ပြန်ပြရတုန်းက တစ်ခါ တိုက်ပေးပါတယ်။ ကလေး ၃ လကျော်လာတော့ အိမ်ကို ရပ်ကွက်ရုံးကနေ မေလ ၆ ရက်နေ့မှာ BCG ကာကွယ်ဆေး လာထိုးဖို့ အကြောင်းကြားစာ ရောက်လာခဲ့တယ်။

အဲဒီရက် ရောက်တော့ ရပ်ကွက်ရုံးကို ကာကွယ်ဆေးထိုးဖို့ သွားရတာပေါ့။ ရပ်ကွက်ရုံးရောက်တော့ ဖောင်အရင်ဖြည့်ပြီး မေးခွန်းတစ်ချို့ဖြေရပါတယ်။ အဓိကတော့ ၃ လအတွင်း ကလေး ဖျားနာခြင်း ရှိမရှိ၊ မိသားစုထဲမှာ တီဘီရောဂါ ရှိမရှိ၊ ကလေးက ရောဂါတစ်ခုခုကြောင့် ဆေးရုံ တက်ရခြင်း ရှိမရှိ၊ လက်ရှိဆေးသောက်နေတာမျိုး ရှိမရှိ၊ ကလေးနဲ့ မတည့်တဲ့ဆေးတွေ ရှိမရှိ စတဲ့ မေးခွန်းတွေ ဖြေရပါတယ်။ တခြား ကိုယ် မေးချင်တာ၊ သိချင်တာ ရှိရင်လည်း ဖောင်ထဲမှာ ထပ်ဖြည့်ရေးလို့ရပါတယ်။ ကျမကတော့ ဆေးထိုးပြီးရင် ဆေးရှိန်ကြောင့် ကလေး ဖျားနာမှာ စိုးရိမ်မိပါတယ်။ ဒါကြောင့် တကယ်လို့များ ဆေးထိုးပြီး ကလေးတခုခုဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ဖောင်ထဲမှာ ဖြည့်ရေးလိုက်ပါတယ်။ ကာကွယ်ဆေးအတွက် ပိုက်ဆံပေးစရာ မလိုပါဘူး။

နောက်ပြီး ရပ်ကွက်ရုံး ဆရာမလေးကလည်း ဆေးမထိုးခင် သိသင့်တာတွေကို ရှင်းပြပေးပါသေးတယ်။ ဆေးထိုးပြီးတာနဲ့ ထိုးထားတဲ့နေရာကို လက်၊ အ၀တ်၊ ဆံပင် စတာတွေနဲ့မထိမိဖို့၊ ဆေးထိုးပြီး ၁၅ မိနစ်ကနေ နာရီဝက်အတွင်း အိမ်မပြန်သေးပဲ ရပ်ကွက်ရုံးမှာပဲ ခဏစောင့်နေဖို့၊ ၃ ရက်နဲ့ ၁၀ ရက်အတွင်း ဆေးထိုးထားတဲ့နေရာမှာ အနာဖုတွေထွက်လာရင် ရပ်ကွက်ရုံးကို အကြောင်းကြားဖို့၊ ဆေးထိုးပြီး ကလေးအဖျားတက်ရင်လည်း ရပ်ကွက်ရုံးကို အကြောင်းကြားဖို့၊ ဆေးထိုးပြီး ၃ ပတ်ကနေ ၅ ပတ်အတွင်း အနီဖုတွေ ပေါ်လာရင်တော့ မစိုးရိမ်ဖို့ စတာတွေကို ရှင်းပြပေးပါတယ်။


ဆေးထိုးပေးတဲ့ အပ်ပါ။ Photo Link:

ဆေးထိုးပေးမယ့် အခန်းထဲရောက်တော့ အရင်ဆုံး ကလေးရဲ့ ကိုယ်အပူချိန် တိုင်းယူပါတယ်။ ပြီးတော့ ဖောင်မှာဖြေထားတဲ့ မေးခွန်းတွေကို တစ်ခါ ထပ်ပြီး confirm လုပ်ပါတယ်။ ပြီးရင် ကလေးရဲ့ ဘယ်လက်မောင်းမှာ ဆေးထိုးမှာမို့ အင်္ကျီတို့ သွားရည်ခံတို့ကို ဘယ်လက်လေး ပေါ်အောင် ချွတ်ထားရပါတယ်။ ကလေးဆရာဝန်က အရင် စမ်းသပ် စစ်ဆေးပြီးမှ ဆေးထိုးပေးမယ့် ဆရာမတွေဆီ သွားရတာပါ။ ဆေးထိုးမယ့် နေရာရောက်တော့ သမီးလေးကို ပေါင်ပေါ်တင်ပြီး နောက်ဘက်ကနေ ပိုက်ထားရပါတယ်။ ဆရာမတွေနဲ့ဆို ကလေးက မျက်နှာချင်းဆိုင် အနေအထားပေါ့။ ထင်ထားတာက ကာကွယ်ဆေးကို ဆေးထိုးအပ်နဲ့ လက်မောင်းမှာ ထိုးပေးမယ် ထင်တာပါ။ တကယ်တမ်းဆေးထိုးတော့ သမီးလေး လက်မောင်းပေါ်ကို ဆေးစက် ချလိုက်ပြီးမှ ပင်အပ် ၉ ချောင်းပါတဲ့ တံဆိပ်တုံးနဲ့ အရှည်လိုက် ၂ ခါ ဖိချလိုက်တာပါ။ ဒီတော့ ကလေးရဲ့ လက်မောင်းမှာ အပ်ရာလေးတွေ ၁၈ ပေါက်ဖြစ်သွားတာပေါ့။

ဆေးထိုးပြီးသွားတော့ မိနစ် ၂၀ လောက် ဆေးခြောက်အောင် ခဏစောင့်ရပါတယ်။ ဆေးမခြောက်မချင်း ဆေးထိုးထားတဲ့နေရာကို ဆံပင်၊ အ၀တ်တို့နဲ့ မထိအောင်လည်း သတိထားရပါသေးတယ်။ သမီးလေးကတော့ ဆေးထိုးတုန်း နာလို့ အသံစူးစူးလေးနဲ့ ၂ ချက်လောက် အော်လိုက်ပြီး နောက်တော့ သူ့ဘာသာသူ တိတ်သွားပါတယ်။ တခြားကလေးတွေလည်း နာလို့ ငိုတဲ့သူလည်း ငို၊ မငိုတဲ့ကလေးတွေလည်း မငိုကြဘူး။ ဆေးခြောက်သွားတော့မှ ဆရာဝန်မလေးက အင်္ကျီပြန်ဝတ်ပြီး အိမ်ပြန်လို့ရပြီလို့ ပြောပါတယ်။


ဆေးထိုးပြီး ၂ ရက်။

ဆေးထိုးပြီးတော့ ကလေးများ တခုခုဖြစ်မလား ဆိုပြီး စိုးရိမ်ပေမယ့် သမီးလေးက ပုံမှန်အတိုင်းပဲမို့ စိတ်အေးရပါတယ်။ ဆေးထိုးပြီး ၁ ရက် ၂ ရက်အတွင်းတော့ အနာကို နည်းနည်း သတိထားပြီး ကြည့်ပေးဖြစ်တယ်။ ဆေးထိုးထားတဲ့ အနာ ရှိပေမယ့်လည်း ပုံမှန်အတိုင်း ရေချိုးပေးလို့ရပါတယ်။ အညှော်မိပြီး အနာဖြစ်မှာစိုးလို့ အဲဒီတလောကတော့ ဆီသတ်ပြီး ချက်ရတဲ့ ဟင်းမျိုး မချက်ဖြစ်ပါဘူး။ ၁၀ ရက်လောက်အထိ စောင့်ကြည့်ပြီး ပြည်တည်သလိုမျိုး အနာဖုတွေ ထွက်မလာတော့မှ စိတ်အေးရပါတယ်။


ဆေးထိုးပြီး ၃ ပတ်ကျော်။

ဆေးထိုးထားတာ ၃ ပတ်ကျော်လာတော့ ပင်အပ်ရာလေးတွေက ခြင်ကိုက်ဖုလေးတွေလို အဖုလေးတွေ ပေါ်လာတယ်။ ၅ ပတ်ကျော်လာတော့ အဖုလေးတွေက ကြွတက်လာပြီး ပြည်တည်ဖုလေးတွေလို ဖြစ်လာတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်တုန်းကလည်း ကျမတို့က ရန်ကုန်ရောက်နေတာမို့ အညှော်တွေမိလို့ အနာက ပြည်တည်လာတယ်လို့ ထင်တာပါ။ အဲဒီလိုဖြစ်တာ ပုံမှန်ပဲဆိုတာ အင်တာနက်မှာ ရှာကြည့်တော့မှ သိရလို့ စိတ်အေးရပါတယ်။ အခုဆို ဆေးထိုးပြီးတာ ၂ လနီးပါးရှိလာပြီမို့ အနာတွေလည်း တဖြည်းဖြည်း ချပ်သလောက်တော့ ဖြစ်လာပါပြီ။ သိပ်မကြာခင်မှာပဲ အနာတွေ အရှင်းပျောက်သွားမယ်လို့ မျှော်လင့်ရတာပါပဲ။


ဆေးထိုးပြီး ၅ ပတ်ကျော်။


ဆေးထိုးပြီး ၂ လနီးပါး။

** ကျမရဲ့ သူငယ်ချင်းက Blog မရေးတာကြာလို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် စာပြန်ရေးပါလို့ ပြောတာမို့ သူငယ်ချင်းစကားနားထောင်တဲ့အနေနဲ့ မေလ ထဲက ရေးထားတဲ့ အကြောင်းလေးကိုပဲ နည်းနည်းပြန်ပြင်ပြီး တင်လိုက်ပါတယ်။ comment ရေးသွားတဲ့ သူငယ်ချင်းတွေရော၊ အားပေးစကားပြောတဲ့ သူငယ်ချင်းတွေရော ကျေးဇူးအထူးတင်ပါတယ်နော်။

ဇူလိုင် ၄၊ ၂၀၁၀။

May 12, 2010

သမီးဖတ်ဖို့ (၂၀၀၉ ခုနှစ် ဧပြီ - မေလ)

မနှစ်က ဒီလိုအချိန်မှာ သမီးလေး ကိုယ်ဝန်ကို မေမေ လွယ်ထားနေရပြီပေါ့။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကိုယ့်ကိုကိုယ် ကိုယ်ဝန်ရှိနေမှန်းတောင် သတိမထားမိခဲ့ပါဘူး။ ဧပြီလ ၂၂ ရက်နေ့မှာ Osaka ကနေ မြန်မာပြည်ပြန်လည်မှာဆိုတော့ ဒီကြားထဲ ခရီးထွက်ဖို့ ပြင်ဆင်၊ ရုံးအလုပ်တွေလည်း လက်စသတ်ပေးနဲ့ အလုပ်ရှုတ်နေခဲ့တာ။ မြန်မာပြည်ပြန်ရောက်တော့လည်း ပါပါးရဲ့ ညီအငယ်ဆုံး မင်္ဂလာဆောင်ရှိလို့ ရန်ကုန်မှာ ၁ ရက်နားပြီး နောက်တစ်နေ့မှာ တောင်ငူကို ခရီးဆက်ခဲ့ရတယ်။ တောင်ငူမှာလည်း အေးအေးဆေးဆေး မနေနိုင်ခဲ့ပါဘူး။ မင်္ဂလာဆောင် ကိစ္စတွေပြီးတာနဲ့ ချက်ချင်းပဲ ရန်ကုန်ကို မေလ ၁ ရက်နေ့ မတိုင်ခင် ပြန်လာရပြန်တယ်လေ။ ဘာလို့လည်း ဆိုတော့ မေလ ၁ ရက်နေ့မှာ မေမေရဲ့ မောင်အငယ်ဆုံး က မင်္ဂလာဆောင် ဦးမှာကိုး။ မင်္ဂလာဆောင်လည်း ပြီးရော အင်းစိန် အန်းကုန်း (မေမေ့ရဲ့ပါပါး) က မေလ ၅ ရက်နေ့မှာ ဆေးရုံတက်ရတာပါပဲ။ မေမေတို့လည်း မင်္ဂလာဆောင် ကိစ္စတွေ၊ အန်းကုန်း ဆေးရုံတက်ရတဲ့ ကိစ္စတွေနဲ့ လူရော စိတ်ပါ ပင်ပန်းခဲ့ကြတယ်။ ရန်ကုန်မှာ နေတဲ့ အချိန်အတွင်းဘယ်မှလည်း မသွားနိုင်ခဲ့သလို ဘာမှလည်း ထူးထူးခြားခြား မလုပ်ဖြစ်ပဲ အန်းကုန်း ဆေးရုံတက်တဲ့ ဗဟိုစည် အထူးကု ဆေးခန်းမှာပဲ ပါပါးနဲ့မေမေက နေ့ဘက် လူနာစောင့်ပေးခဲ့ရတာပေါ့။

ဒီလိုနဲ့ Osaka ကို ပြန်ရဖို့ ရက်က တဖြည်းဖြည်းနီးလာတယ်။ မပြန်ခင် ပါပါးနဲ့ မေမေလည်း ရွှေတိဂုံဘုရား သွားမယ်လို့ စိတ်ကူးထားကြတယ်။ ဘုရားသွားမယ့်နေ့ (မေလ ၁၂ ရက်) မှာ မနက်စောစောထပြီး ဆီးစစ်ကြည့်လိုက်တော့ သမီးလေး မေမေတို့ဆီရောက်နေပြီဆိုတာ သိလိုက်ရတယ်။ ပါပါးနဲ့မေမေလည်း အံ့သြပြီး ပျော်လည်းပျော်တယ်။ စိတ်ထဲလည်း ကြည်နူးမိတယ်။ ဘုရားမသွားခင်မှာ ကလေးရှိနေပြီဆိုတာ သိရတာမို့ ဘုရားရောက်တော့ ကျန်းမာပြီး ကိုယ်လက်အင်္ဂါစုံလင်တဲ့ သားသမီးရတနာလေး ဖြစ်ဖို့၊ ကလေးကို ချောချောမောမော မွေးဖွားနိုင်ဖို့ ဆုတောင်းခဲ့ကြတယ်။ အင်းစိန် အန်းကုန်း၊ အန်းမတို့အတွက်တော့ သမီးလေးက မြေးဦးလေးမို့ လူကြီးတွေလည်း ပျော်ကြတယ်။ ကြုံတုန်း မေမေတို့ အဖြစ်ကို ပြောရဦးမယ်။ ရီစရာလို့ပြောရမလား၊ အ တယ် နုံတယ်လို့ ပြောရမလား၊ အဖြစ်သည်းတယ်လို့ ပြောရမလားပဲ။ ဖြစ်ပုံက ဒီလို သမီးရေ..မေမေတို့လည်း ကိုယ့်ဘာသာ ဆီးစစ်ထားတာ မသေချာမှာစိုးလို့ ကိုယ်ဝန်ရှိမရှိ ပိုသေချာသွားအောင် ဆရာဝန်နဲ့ ထပ်စစ်ဆေးကြည့်ရင် ကောင်းမယ်ဆိုပြီး စိတ်ကူးမိတယ်။ ဒါနဲ့ပဲ တခြားဆေးခန်းသွားရင်လည်း အချိန်ကုန်မယ့်အတူတူ တလက်စတည်း အင်းစိန် အန်းကုန်းတက်နေတဲ့ ဗဟိုစည် အထူးကု ဆေးခန်းက OG တစ်ယောက်ယောက်ဆီမှာပဲ ပြလိုက်တော့မယ်ပေါ့။ ကိုယ်ဝန်တကယ်ရှိတယ်ဆိုရင်လည်း Osaka ပြန်ရောက်ရင် ဆေးရုံစုံစမ်းရဦးမှာ ဆိုတော့ ဒီကြားထဲ ကိုယ်ဝန်ဆောင်သည်တွေအတွက် သိသင့် သိထိုက်တာလေးတွေ၊ ဆောင်ရန်ရှောင်ရန်လေးတွေ သိထားရအောင် ဆရာဝန်နဲ့ ပြကြည့်လိုက်တာလည်း ပါတယ်။ ရိုးရိုးသာမန် စမ်းသပ်တာလောက်ပဲမို့ သိပ်မကုန်ကျလောက်ဘူးလို့ ထင်မိတာလည်း ပါတာပေါ့။ ရုပ်ရှင်ထဲမှာဆို ဆရာဝန်တွေက မင်းသမီးကို နားကြပ်ကလေးနဲ့ ဟိုထောက် ဒီထောက်လုပ်လိုက်ပြီးရင် ကိုယ်ဝန် ဘယ်နှစ်လ ရှိနေပြီ ဆိုပြီး ပြောတာ မြင်ဖူးတာဆိုတော့ ဒီအထူးကုဆရာဝန်မကြီးလည်း မေမေ့ကို စမ်းသပ်ပြီးရင် ကိုယ်ဝန်ဘယ်နှစ်လ ရှိပြီဆိုတာ လက်တန်းပြောမှာပဲလို့ မေမေတို့က ထင်ထားတာ။ ဒါပေမယ့် မေမေတို့ အထင်နဲ့ တကယ့်လက်တွေ့က တက်တက်စင်အောင် လွဲတယ် သမီးရေ။

ပါပါးနဲ့မေမေ မေလ ၁၃ ရက်နေ့ ညနေမှာ OG ဆရာမကြီးနဲ့ ၀င်တွေ့ဖြစ်တယ်။ တွေ့တော့ ဆရာမကြီးက ထုံးစံအတိုင်း မေးခွန်းတွေ မေးပြီး မေမေ့ဗိုက်ကို စမ်းသပ်ပေးတာပေါ့။ ပြီးတော့ ပါပါးရော မေမေ့ရော သွေးစစ်ခိုင်းတယ်။ မေမေ့ကိုတော့ ultra sound ပါ ရိုက်ခိုင်းပြီး ကိုယ်ဝန်အတွက် သီးသန့် သွေးထပ်စစ်ခိုင်းတယ်။ အသည်း (C ပိုး) နဲ့ HIV ကိုတော့ ပါပါးရော မေမေပါ စစ်ရတယ်။ တခြား စစ်ခိုင်းတာတွေ ရှိသေးတယ် မေမေ မမှတ်မိတော့လို့။ မေမေတို့က ရန်ကုန်ကို အလည် ပြန်လာတာဖြစ်ပြီး မေလ ၁၅ ရက်နေ့မှာ Osaka ကို ပြန်ရမယ်လို့လည်း ဆရာမကြီး ကို ကြိုပြောထားရသေးတယ်။ ကိုယ်ဝန်ရှိတာ သေချာလားလို့ မေးတော့ စစ်ခိုင်းတာတွေ အရင်စစ်ပါဦးလို့ပဲ ပြောတယ်။ ဒါနဲ့ပဲ ဆရာမကြီး စစ်ခိုင်းတာတွေ စစ်ဖို့ အရင်ဆုံး ငွေသွင်းကောင်တာမှာ ငွေသွားသွင်းလိုက်တာ စုစုပေါင်း မြန်မာကျပ်ငွေ ၉ သောင်းကျော်ကျတယ်တဲ့လေ။ ၁ သိန်းပြည့်ဖို့ ၁ ထောင်လားပဲ လိုတော့တာ။ မေမေတို့လည်း ပိုက်ဆံရှင်းတော့ တော်တော်လေး စိတ်လေသွားတယ်။ အဲဒီလောက်ပေးရမယ်လို့လဲ မထင်ထားဘူး။ ပိုက်ဆံမတတ်နိုင်တဲ့သူဆို ဒုက္ခပဲ နော်။ အဲဒီနေ့က ပါသွားသမျှ ပိုက်ဆံ အကုန်ကုန်တာပါပဲ။

ပြီးတော့ ရန်ကုန်မှာ ultra sound ရိုက်တဲ့အတွေ့အကြုံလည်း ပြောရဦးမယ်။ ultra sound ရိုက်ဖို့ သွားတော့ ချက်ချင်း ရိုက်လို့မရပြန်ဘူး။ ultra sound ရိုက်မယ်ဆို ဆီးအိမ်တင်းပြီး ဆီးတအားသွားချင်လာပြီဆိုမှ ရိုက်လို့ရတာတဲ့။ မေမေက မသိဘူးလေ။ မသိတော့ ရေလည်း မသောက်သွားဘူး။ ဆေးခန်းမသွားခင် ဆီးတောင် သွားထားလိုက်သေးတယ်။ ဒါနဲ့ သမီးပါးပါးက အပြင်မှာ ရေသန့် ၂ ဗူး သွားပြေးဝယ်ရတယ်။ ရေသန့် ၂ ဘူးလောက် ကုန်အောင်သောက်ပြီး ဆီးသွားချင်ပြီဆိုမှ ultra sound ရိုက်တာ။ ultra sound ရိုက်ပေးတဲ့ ဆရာဝန်က ကိုယ်ဝန်ရှိမရှိကို သူကြည့်ပေးတာ။ ဟို OG အထူးကု ဆရာဝန်မကြီး ကြည့်ပေးတာ မဟုတ်ဘူး။ ultra sound ရိုက်ပေးတဲ့ ဆရာဝန်ကတော့ မေမေ့ကို ကိုယ်ဝန် ၁ လရှိပြီလို့ပြောလိုက်တယ်။ OG ဆရာမကြီး ဖတ်ဖို့ ဆေးစာလည်း ရေးပေးလိုက်တယ်။ နောက်တစ်နေ့ မေလ ၁၄ ရက်နေ့မှာ OG ဆရာမကြီးနဲ့ ထပ်တွေ့ရတယ်။ သွေးစစ်ထားတဲ့ အဖြေတွေကလည်း အားလုံးကောင်းတယ်တဲ့။ မေမေ့ကိုတော့ ကိုယ်ဝန်ဆောင် အားဆေးနဲ့ folic acid သောက်ခိုင်းလိုက်တယ်။ အသည်းနဲ့ပတ်သက်တဲ့ ကာကွယ်ဆေးတွေလည်း ထိုးဖို့ပြောသေးတယ်။ နောက်တနေ့မှာ Osaka ကို ပြန်လာမှာမို့ ဘာကာကွယ်ဆေးမှ မထိုးနိုင်တော့ဘူး။ မေမေတို့မှာ ကိုယ်ဝန်ရှိတာ သေချာလားဆိုပြီး သိချင်တာလေးကို ၁ သိန်းလောက် ဘုမသိ ဘမသိ အကုန်ခံလိုက်ရတာ သင်ခန်းစာပေါ့ သမီးရယ်။ ကောင်းတဲ့ဘက်ကတွေးမယ်ဆိုရင် ပါပါးရော မေမေပါ မထင်မှတ်ပဲ ဆေးစစ်ဖြစ်သွားတာပေါ့လေ။

မေလ ၁၅ ရက်နေ့ ည လေယာဉ်နဲ့ ရန်ကုန်က ပြန်လာပြီး ၁၆ ရက်နေ့ မနက်မှာ Osaka ကို ပြန်ရောက်ပါတယ်။ အပြန်မှာ သမီးပါပါးက ရှိသမျှ အထုပ်အပိုးတွေ အားလုံး သူပဲ သယ်ပြီး မေမေကတော့ ကျောပိုးအိတ်သေးသေးလေး တစ်လုံးပဲ သယ်ခဲ့ရတယ်။ ဗိုက်ထဲမှာ ကလေးရှိနေပြီ ဆိုတော့ နေရ ထိုင်ရတာ အရင်လို စိတ် မလွတ်လပ်တော့ဘူး။ ကလေးတခုခု ဖြစ်သွားမှာကိုပဲ စိုးရိမ်နေခဲ့ရတယ်။ Osaka ပြန်ရောက်တော့ ခရီးပန်းတာနဲ့ လေယာဉ်အကြာကြီး စီးရတာကြောင့် ခါးနာတာကလွဲရင် ကျန်တာတွေ မဖြစ်ခဲ့ပါဘူး။ ဒါဟာ သမီးလေး နဲ့ မေမေတို့ရဲ့ ဘ၀အစ ပဲပေါ့။

မေ ၁၂၊ ၂၀၁၀။

April 16, 2010

သမီးလေး ၃ လပြည့်

ဒီနေ့ ဧပြီ ၁၇ ရက်နေ့ဆို သမီးလေးက ၃ လပြည့်တာပေါ့။ သမီးလေးကို မွေးပြီးတာတောင် ရက်ပေါင်း ၉၀ ရှိသွားပြီ။ မေမေ့စိတ်ထဲ သမီးလေး ၃ လသာ ပြည့်သွားတယ်။ သမီးကို မွေးခဲ့တာ မနေ့ တစ်နေ့ကလိုပါပဲ။ ဒါပေမယ့် ၃ လအရွယ်မှာ ရှိသင့် ရှိထိုက်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတော့ သမီးလေးဆီမှာ တွေ့ရလို့ တော်ပါသေးတယ်။ မိခင်နဲ့ ကလေးမှတ်တမ်းစာအုပ်မှာရေးထားတာ ကလေး ၃ လ~ ၄ လဆိုရင် ခေါင်း(ဇက်) ခိုင်ရမယ်၊ အမေနဲ့ ဆော့ရင် ရီရမယ်၊ မမြင်ကွယ်ရာကနေ အသံပေးရင် အသံလာရာဆီကို အကြည့်ရောက်သွားရမယ်တဲ့။ သမီးလေးက ၁၀ ပတ် လောက်ကတည်းက တဖြည်းဖြည်းချင်း ခေါင်း(ဇက်) ခိုင်နေပြီ။ လူကြီးတွေနဲ့ဆော့ရင်လည်း အသံထွက်ပြီး ရီတတ်နေပြီ။ ဒါပေမယ့် အသံလာရာဆီတော့ ကောင်းကောင်း လှည့်မကြည့်တတ်သေးဘူး။

ပါပါးရုံးသွားပြီဆို အိမ်မှာက မေမေနဲ့ သမီးလေးပဲ ကျန်ခဲ့ရတာ။ နေ့တိုင်းမြင်တွေ့နေလို့လား မသိဘူး မေမေ့မျက်စေ့ထဲ သမီးက သိပ်ပြီး မထွားသလိုပဲ ခံစားရတယ်။ ပါပါးကတော့ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထဲမှာ ရှိတာမို့ စိုးရိမ်စရာမရှိဘူးလို့တော့ ပြောပါတယ်။ သမီးလေး မွေးစတုန်းက ၃.၁ ကီလိုဂရမ်ရှိပြီး အရပ်က ၅၀ စင်တီမီတာရှိတယ်။ ၂ လနဲ့ ၁၄ ရက်မှာ ပေါင်ချိန်ကြည့်တော့ ၅.၁ ကီလိုဂရမ်ရှိပြီး အရပ်က ၅၈.၃ စင်တီမီတာ ရှိလာတယ်။ မေမေ့အတွက် သမီးရဲ့ ကိုယ်အလေးချိန်ထက် အရပ်ရှည်လာတာက ပိုပြီး သိသာစေတယ်။ ဘာလို့လည်းဆိုတော့ မွေးစတုန်းက သမီးဝတ်ခဲ့တဲ့ အင်္ကျီတွေက တိုကုန်ပြီလေ။ ဒါကြောင့် နည်းနည်း ကြီးတဲ့ အင်္ကျီတွေကို ပြောင်းဝတ်ပေးရတော့မယ်။ အရပ် ရှည်လာပြီဆိုတော့ ရေချိုးရင်းလည်း ရေဇလုံကို ခြေထောက်နဲ့ ကန်ပြီး ဆော့တတ်နေပြီ။ အရင်လို ရေချိုးပေးရင် ငြိမ်ငြိမ်မနေတော့ဘူး။ ရေချိုးပေးရင် သဘောကျသလောက် အင်္ကျီဝတ်ပေးရင်တော့ လှဲထားတာ မကြိုက်လို့ ငိုပါလေရော။

၁ လ အရွယ်တုန်းကဆို သမီးမျက်လုံးလေးတွေက ဘေးတိုက်ပဲ ရွေ့တတ်သေးတာ။ အပေါ်အောက် မရွေ့တတ်သေးဘူး။ အခုဆို သမီးက မျက်လုံးအကြည့်လည်း ကစားတတ်နေပြီ။ သမီး အိပ်နေတဲ့နေရာက ခေါင်းရင်းဘက်ကို မေမေရောက်သွားရင် မျက်လုံးလှန်ကြည့်တတ်တယ်။ မေမေ ခြေရင်းဘက်ရောက်ရင်လည်း ခြေရင်းဘက်ကို လိုက်ကြည့်နေတတ်တယ်။ တွဲလောင်းကျတဲ့ အရုပ်လေးတွေကိုလည်း ကြည့်ပြီး ဆော့တတ်နေပြီ။

သမီးရဲ့ ခြေလက်လေးတွေကလည်း သေးပေမယ့် သန်မှ သန်။ အိပ်နေရင်းလည်း စောင်ကို ကန်ထုတ်တတ်တယ်။ ငိုရင်း ဂျစ်တိုက်တဲ့အခါ ခြေထောက်အချင်းချင်း ပွတ်ရင် ပွတ်၊ အဲဒီလိုမှ မလုပ်ရရင် ခြေဖနောင့်နဲ့ ဆောင့်ဆောင့်ပြီး ငိုတာက ရှိသေးတယ်။ နို့စို့ရင်းလည်း လက်သီးဆုပ်လုပ်ထားတာ တခါတလေဆို မနည်းဖြေယူရတယ်။ ဗိုက်အရမ်းဆာလို့ကတော့ မေမေ့အင်္ကျီစကို လက်နှစ်ဘက်နဲ့ တင်းတင်း ဆုပ်ကိုင်ပြီး အားရပါးရကို နို့စို့တာ။ နို့စို့ရင်း မေမေ့အင်္ကျီက အရုပ်လေးတွေ၊ အကောင်လေးတွေကို စိတ်ဝင်တစားကြည့်ပြီး လက်ကလေးကပါ အရုပ်တွေဆီ ရောက်သွားတတ်သေးတယ်။ နောက်ပြီး ၂ လ ကျော်လာတော့ သမီးက သွားရည်တွေ စ ကျလာပြီမို့ သွားရည်ခံ တပ်ပေးထားရတယ်။ လက်ကို စုပ်တယ်၊ လက်ကို ပါးစပ်ထဲ ထည့်တယ်။ ပါးစပ်ထဲ လက်ထည့်တာကို ဖယ်ပေးရင်လည်း ဂျီကျပြီး ငိုတယ်။ ပါပါးက သမီးလေး လက်စုပ်တာ အကျင့်ပါမှာစိုးလို့ သတိထား စောင့်ကြည့်ပြီးတော့ လက်ကို ဖယ် ဖယ်ပေးတာပဲ။

သမီးလူလည်ကျတာလေးတွေ ပြောပြရဦးမယ်။ ပါပါးနဲ့ မေမေက သမီးလေးနဲ့ ဆော့ပေးရင် သဘောတွေကျပြီး ရီလိုက်တာများ ခိုးခိုးခစ်ခစ်နဲ့။ မေမေတို့ လည်း သမီးပျော်အောင် ပါးစပ်က ပေါက်ကရတွေ လျှောက်ထွက်ရလွန်းလို့ ကိုယ့်ဟာကိုယ်ပြန်ရီ၊ သမီးကလည်း မေမေ့တို့ကို ကြည့်ပြီးရီတာပေါ့။ ၂ လလောက်အထိ သမီးက ပြုံးလည်း မပြုံး၊ သိပ်လည်း မရီဆိုတော့ ပါပါးက သမီးလေး မပျော်လို့ မရီမပြုံးတာများလားဆိုပြီး စိတ်ပူမိသေးတယ်။ ၂ လကျော်လာတော့မှ သမီးက ရီတတ် ပြုံးတတ်တာ။ ပါပါးက သမီးရဲ့ ပြုံးတာ ရီတာလေးတွေ ဓာတ်ပုံရိုက်ချင်လို့ဆိုပြီး သမီးလေး ရီ တာနဲ့ ကင်မရာသွားယူတော့တာပဲ။ ကင်မရာယူပြီး ပြန်လာရင် သမီးက ငိုမဲ့မဲ့ဖြစ်ရင် ဖြစ်၊ မဖြစ်ရင်လည်း ကင်မရာကို စိတ်ဝင်တစား လိုက်ကြည့်နေတာနဲ့ပဲ သမီးလေးရဲ့ ဟက်ဟက်ပက်ပက် ရီနေတဲ့ပုံကို အခုထိ ကောင်းကောင်း ရိုက်လို့ မရသေးဘူး။

တခါတလေလည်း သမီးက ခြေကားယား လက်ကားယားနဲ့ တစ်ယောက်တည်း အသံထွက်ပြီး ဆော့နေတတ်ပြန်တယ်။ စကားကလည်း ပြောချင်တာမှ အရမ်း။ အိပ်ယာက နိုးလည်း မငိုဘူး။ မေမေနဲ့ ပါပါးက ဘာလုပ်မလဲလို့ မသိမသာ စောင့်ကြည့်နေတာ။ တစ်ယောက်တည်း ပါးစပ်က အသံတွေ ထွက်ပြီး စကားတွေ ပြောနေတတ်တယ်။ မီးဖိုထဲမှာ မေမေ မအားလို့ သမီးကို တီဗွီဖွင့်ပေးထားလည်း သမီးက တီဗွီကြည့်ပြီး စကားတွေ လိုက်ပြောနေလိုက်တာ၊ စကားပြောရင်းက စိတ်မရှည်လို့ ၀ူးဝူးဝါးဝါးနဲ့ အော်ငိုပါလေရော။

အခုနောက်ပိုင်းဆို သမီးလေးရဲ့ ငိုသံကို ပါပါးနဲ့မေမေ ကောင်းကောင်းသဘောပေါက်နေပြီလေ။ ပါပါးကတော့ သမီးက ငိုရင် language ပါ ပါလာပြီလို့ ပြောတာပဲ။ ဗိုက်ဆာလို့ ငိုတာလား၊ အိပ်ချင်လို့ငိုတာလား၊ သမီးကို ချီစေချင်လို့ငိုတာလား၊ လှဲထားတာ မကြိုက်လို့ ငိုတာလား၊ အိုက်လို့ငိုတာလား၊ အမေကို မတွေ့လို့ငိုတာလား၊ nappy လဲစေချင်လို့ ငိုတာလား စသဖြင့်ပေါ့။ သမီးက ငယ်သေးလို့လားတော့ မသိဘူး၊ ငိုကြောတော့ မရှည်ဘူး။ ဗိုက်ဆာလို့ ငိုရင်လည်း နို့စို့လိုက်တာနဲ့ ချက်ချင်းတိတ်တာပဲ။ အမေမတွေ့လို့ ငိုတာဆိုရင်လည်း မေမေ့အသံကြားတာနဲ့ ချက်ချင်းကို တိတ်တာ။ ပန်းပွင့်တာ သွားကြည့်တဲ့နေ့ကဆို သမီးလေး မငိုလို့ ရုံးကလူတွေတောင် သမီးကို ချီးကျူးတယ်။ ငိုကြောမရှည်တာ ကောင်းပါတယ် သမီးရယ်။

သမီးရဲ့ အကြောင်းရေးရမယ်ဆို မေမေ့မှာ ရေးမကုန်နိုင်ဘူး။ သမီးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ကြည့်နေရတာ မေမေတို့ အတွက်တော့ ဆွဲလက်စ ပန်းချီကားတချပ်ကို ထိုင်ကြည့်နေရသလိုပဲ။ တနေ့ နဲ့ တနေ့ သမီးလေးကို ကြည့်နေရတာ စိတ်ဝင်စားဖို့ကောင်းသလို သမီးလေးရဲ့အပြုအမူနဲ့ လှုပ်ရှားမှုတွေက မေမေတို့ကို ပင်ပန်းတာပျောက်ပြီး ပျော်ရွှင် ကြည်နူးစေတယ်။ နောက်လတွေဆိုရင်လည်း သမီးလေးရဲ့ ပြောင်းလဲမှုတွေကို မေမေ ရေးမှတ်ထားဦးမယ်နော်။ အခု ဒီပို့စ်လေးဟာ ၃ လပြည့်သမီးလေးအတွက် ပါပါးနဲ့ မေမေရဲ့ အမှတ်တရ မွေးနေ့လက်ဆောင်ပေါ့ သမီးရယ်။


ဧပြီ ၁၇၊ ၂၀၁၀။

February 17, 2010

၁ လပြည့် မွေးနေ့ အလှူ


၂၀၁၀ ခုနှစ် အတွက် ပထမဆုံးပို့စ်ကို သမီး ၁ လပြည့်အလှူနဲ့ စ ပြီး ဖွင့်လိုက်ပါရစေ..

ဒီနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ သမီးလေးကို မွေးခဲ့တာဆိုတော့ အခု ဖေဖေါ်ဝါရီ ၁၇ ရက်နေ့မှာ သမီးလေး ၁ လ ပြည့်ပါတယ်။ ၁ လ ပြည့်တဲ့နေ့မှာ ထွေထွေ ထူးထူး မလုပ်ပေးဖြစ်ပါဘူး။ အမှန်တော့ ဖြစ်နိုင်မယ်ဆိုရင် အိမ်မှာ ဘုန်းကြီးဆွမ်းလေး ဘာလေး ကပ်ချင်တာပါ။ ဒါပေမယ့်လည်း ကျမတို့ သိရသလောက် Osaka မှာ မြန်မာဘုန်းကြီးကျောင်း မရှိတာကြောင့် ကိုယ်တိုင် ကိုယ်ကျ ဘုန်းကြီး ဆွမ်းကပ် ဖို့က မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှာ မွေးနေ့အတွက် နေ့ဆွမ်းကပ်လှူဖို့ မ၀ါဝါခိုင်မင်းဆီ အကူအညီတောင်းခဲ့ရပါတယ်။ မ၀ါဝါခိုင်မင်းဆီကို နေ့ဆွမ်းအတွက် ငွေလွှဲ ပြီးတော့မှ အမက တဆင့် စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းကို ငွေပြန်လွှဲပြီး လှူခဲ့ရတာပါ။ အားလုံးရဲ့ ကျေးဇူးကြောင့် သမီးလေးအတွက် မွေးနေ့အလှူ တစ်ခု လုပ်ခွင့်ရသွားလို့ အရမ်းကို ၀မ်းသာ ပီတိ ဖြစ်ရပါတယ်။ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းရဲ့ Blog မှာလည်း ဆွမ်းအလှူအတွက် ဓာတ်ပုံတွေ တင်ထားတာမို့ ပုံတွေ ကြည့်ရင်း ကြည်နူးရတယ်။

ဒီအလှူဖြစ်မြောက်ဖို့အတွက် အမ မ၀ါဝါခိုင်မင်း၊ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း နဲ့အတူ ဝေယျာဝစ္စကုသိုလ်ရှင်များ ကိုလည်း ကျေးဇူးတင်ပါတယ်။

“သမီးလေးမအိမြတ်မွန် မွေးနေ့မှစ၍ စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းအပေါင်းနှင့်ပြည့်စုံလျှက် မိဘကျေးဇူး ဆပ်နိုင်သော သမီးမြတ်ရတနာဖြစ်ပါစေလို့ဆွမ်းလောင်းအသင်းမှ
ဆုမွန်ကောင်းတောင်း လိုက်ပါ တယ်။”

သမီးလေးအတွက် ဆွမ်းလောင်းအသင်းက ဆုတောင်းပေးထားတာလေးပါ။ အမှတ်တရအနေနဲ့ ကူးယူထားလိုက်ပါတယ်။ “ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ” လို့လည်း ထပ်ဆင့် ဆုတောင်းပါတယ်။

*****

အခုလို လှူဒါန်းရတဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ကို ၃၁ ဘုံမှာ ကျင်လည်ကျကုန်သော ဝေနေယျ သတ္တ၀ါ အားလုံးကို အမျှပေးဝေပါတယ်။ အားလုံး ကြား ကြားသမျှ အမျှ.. အမျှ.. အမျှ ယူတော် မူကြပါကုန်လော့။

သာဓု.. သာဓု... သာဓု

မွေးနေ့အလှူအကြောင်းကို စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း Blog မှာ ကြည့်လို့ရပါတယ်။

ဖေဖေါ်ဝါရီ ၁၇၊ ၂၀၁၀။