September 22, 2007

သံဃာအာဇာနည်

သံဃာအာဇာနည် - သပိတ်မှောက်ကံဆောင် သံဃာတော်များသို့ ဂုဏ်ပြုသီချင်း။ ပြည်တွင်းက အနုပညာရှင်များကိုယ်စား မိုးမခက တင်ဆက်သည်။

အထက်ပါ သီချင်းကို ညီညီ(သံလွင်) မှ Mp3 file သို့ ပြောင်းပေးထားပါသည်။ ဒီမှာ ယူပါ။ လက်ဆင့်ကမ်း ဝေမျှပေးခြင်းဖြင့် ကူညီအားပေးကြပါစို့။

စက်တင်ဘာ ၂၂၊ ၂၀၀၇။

မေတ္တာစောင်ခြုံထားသူများ


ဓာတ်ပုံ - ဒီနေရာ မှ ယူပါသည်။ (၂၁-၀၉-၂၀၀၇)


ဓာတ်ပုံ- ဒီနေရာ မှ ယူပါသည်။ (၂၁-၀၉-၂၀၀၇)

သတင်း စာမျက်နှာတွေပေါ်မှာ မြင်နေရတဲ့ ဘုန်းဘုန်းတွေ လမ်းလျှောက်တဲ့ဓာတ်ပုံတွေ ကြည့်ပြီး တကယ် စိတ်မကောင်းဖြစ်မိတယ်။ ဘုန်းဘုန်းတွေရဲ့ ပြည်သူလူထုအတွက် ရှေ့က မားမားမတ်မတ်ရပ်ပြီး လုပ်ဆောင်ချက်အပေါ် ကြည်ညိုလေးစားမိတယ်။ ဒီရက်အတွင်း ရန်ကုန်မှာ မိုးဆက်တိုက်ရွာတာဆိုတော့ ဓာတ်ပုံထဲ ကြည့်ရင် သင်္ယန်းရေစိုလို့ ဘုန်းဘုန်းတွေခမျာ ချမ်းလို့တုန်နေတယ်။ ဖိနပ်မပါ ခြေမှာဗလာနဲ့ လမ်းလျှောက်နေကြတာ။ ဘုန်းဘုန်းတွေနဲ့အတူ ဘေးက လက်ချင်းယှက်ပြီး လိုက်ပါတဲ့သူတွေကိုလည်း လေးစားမိတယ်။ ဓာတ်ပုံတွေကြည့်ရင်း ရင်ထဲမှာ ဆို့လာတယ်။ မမြင်ရက်တော့ဘူး။

ဒီလိုပြောနေလို့ “နင်က နိုင်ငံရေး ဘယ်လောက်နားလည်လို့လဲ” မေးလို့ကတော့ “တစ်လုံးမှ နားမလည်ပါဘူး” လို့ပဲ မရှက်တမ်းဖြေပါရစေ။ ကျမရဲ့ ဘ၀စာမျက်နှာမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး စွမ်းစွမ်းတမံ လုပ်ခဲ့ဖူးတာ ဘာမှမရှိခဲ့ပါဘူး။ ၈၈ ကျောင်းသားခေါင်းဆောင်တွေလိုမျိုး၊ ယခု လက်ရှိ နိုင်ငံရေးကို ထဲထဲဝင်ဝင် လုပ်နေတဲ့သူမျိုးလည်း မဟုတ်ပါဘူး။ သာမန်ပြည်သူတယောက်အနေနဲ့ပဲ ဒီစကားတွေကို ပြောပါတယ်။ စိတ်ထဲမှာ ဖြစ်တဲ့အတိုင်းကိုပဲ ရေးပါတယ်။ ကိုယ့်နိုင်ငံအခြေအနေ၊ အကျိုးအကြောင်း၊ အဆိုးအကောင်းကိုတော့ မြင်နိုင်တဲ့ မျက်စိတွေ ရှိပါသည်။ ဝေဖန်ပိုင်းခြားနိုင်တဲ့ ဦးနှောက်တခုလည်းပါသည်။ မြန်မာလူမျိုး ၊ မြန်မာပြည်သူများ အားလုံးကို သင့်တင့်မျှတသော လူအခွင့်အရေး ရစေချင်သည့်စိတ်ရှိသည်။ “ဒါမြန်မာဟေ့” လို့ ဘယ်နေရာမှာမဆို ဂုဏ်ယူဝင့်ကြွားချင်သည်။ “နင်က နိုင်ငံခြားရောက်နေပြီး ဒါတွေ ပြောနေလို့ အပိုပါပဲ”လို့ ထင်လိုကလည်း ထင်နိုင်ပါတယ်။ ”ကိုယ်ကိုယ်တိုင်ကတော့ ဘာမှ လုပ်မပေးနိုင်ပဲ ဒီလိုရေးမယ်ဆို လူတိုင်း ရေးလို့ရတာပဲ” လို့ ပြောလိုကလည်း ပြောကြပါတော့။ အဓိကက ဘုန်းဘုန်းတွေအပေါ်ဖြစ်နေတဲ့ကြည်ညိုတဲ့စိတ်၊ ဘုန်းဘုန်းတွေနဲ့အတူ လိုက်ပါနေတဲ့သူတွေအတွက်ပါ။

အရှင်ဘုရားတို့.. တပည့်တော်မသည် ဘုန်းဘုန်းတို့ကို ဘာမှ အကူအညီမပေးနိုင်ပါ။ တပည့်တော်မ လုပ်ပေးနိုင်တာ ကတော့ ဘုန်းဘုန်းတို့စိတ်အတိုင်း တပည့်တော်မ၏ စိတ်သည်လည်း တသားတည်း တထပ်တည်းကျပါတယ်ဘုရား.. ဘုန်းဘုန်းတို့ လုပ်ဆောင်ချက်အပေါ်လည်း ကြည်ညိုမိပါတယ် အရှင်ဘုရား။ သို့ဖြစ်ပါသောကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်အရပ်ရပ်တွင် လမ်းလျှောက် ဆန္ဒပြနေသော ရဟန်းသံဃာများအားလုံး ဘေးရန် ကင်းရှင်းကြပါစေ။ ရဟန်းသံဃာတော်တို့၏ လုံခြုံရေးအတွက် ဘေးမှ လိုက်ပါကုန်ကြသော ကျောင်းသားလူငယ် ပြည်သူများအားလုံး ဘေးရန်ကင်းရှင်းကြပါစေ။ မကောင်းသောဘေး၊ မကောင်းသောရန်၊ မကောင်းသော မလိုမုန်းထား၊ အနှောင့်အယှက် အတိုက်အခိုက်များမှလည်း ကင်းဝေးကြပါစေ။ ပြည်သူလူထု အတွက် ရှေ့မှ ထွက်ကာ မတရားမှုများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပေးသော ရဟန်းသံဃာများအား သံဃာ့ဂုဏ်ကျေးဇူးကို သိတတ်သောအားဖြင့် လက်စုံမိုး၍ ရှိခိုးကန်တော့ပါတယ် အရှင်ဘုရားများ..

တပည့်တော်၊ တပည့်တော်မတို့၏ ပို့သသော မေတ္တာဓာတ်သည်လည်း အရှင်ဘုရားတို့နှင့်အတူ လိုက်ပါသူ ပြည်သူ့ဘက်တော်သား အားလုံးအတွက် တံတိုင်းသဖွယ်ဖြစ်ပြီး အနှောင့်အယှက်များနှင့်မကောင်းသော ဘေးရန်များမှ ကာကွယ်တားဆီးနိုင်ပါစေ ဘုရား...

စက်တင်ဘာ ၂၂၊ ၂၀၀၇။

September 21, 2007

ဒီနေ့ညစာ

ဒီည နောက်ကျမှ အိမ်ပြန်ရောက်တယ်။ ဒီတလော မနောက်ကျတဲ့ရက်က မရှိသလောက်ပဲ။ တနင်္လာနေ့က ပိတ်ရက်ဆိုတော့ ဒီတစ်ပတ်ထဲ ၄ ရက်ပဲ အလုပ် လုပ်လိုက်ရတယ်။ ၄ ရက်ထဲသာဆိုတယ် လူမပင်ပန်းပေမယ့် စိတ်တော့ ပင်ပန်းသား။ ပြီးတော့လည်း အားလုံးက ပြီးသွားတာပါပဲလေ။ ဒါကြောင့် ဒီညနေ အိမ်ပြန်ရောက်တော့ ဘာမှလည်း မချက်ချင်တော့ဘူး။ (မရှက်တမ်း ၀န်ခံရရင် ချက်ထားတာလည်း ဘာမှ မရှိဘူး။) အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ကြေးအိုးဆီချက် လုပ်စားလိုက်တာ။ ကြေးအိုးဆိုရင်လည်း သူက မစားပြန်ဘူးလေ။ နောက်ပြီး ၀က်သားက ဒီမှာ အသားချည်းပဲ ရတယ်။ ၀က်အသည်းတို့ ကလီစာတို့ ဘာမှမရဘူး။ အဲဒီတော့ ကြေးအိုး ချက်လည်း စားမကောင်းမဲ့အတူတူ ကြေးအိုးဆီချက် လုပ်စားပစ်လိုက်တယ်.. အေးရော..။


ကြေးအိုးဆီချက်က ချက်ရတာလွယ်ပါတယ်။ ၀က်သားစဉ်းထားပြီးသားထဲ ငရုတ်ကောင်း၊ သကြား၊ ဆား၊ ကြက်သွန်ဖြူ၊ ဂျင်း။ ကော်မှုန့်ထည့်ပြီး နယ်ထားလိုက်တာ။ ရေနွေးဆူရင် ၀က်သားနယ်ထားတာကို လုံးပြီး ထည့်တယ်၊ Ready Made ငါးဖယ်လုံး၊ ပဲပြား၊ ကြက်အမြစ်ပြုတ်ပြီးသားထည်၊့ အပေါ့အငန် မြည်း ပြီးရင် ဆန်ကြာဇံထည့်ပြီး မီးအေးအေးလေးနဲ့ ခဏထားလိုက်။ ကြာဇံနူးခါနီးရင် မုန်ညင်းရွက်ထည့်၊ ခဏနေရင် ဇကာထဲ သွန်ချပြီး ရေစစ်ထားလိုက်တယ်။ ပြီးမှ ဆီချက် ချက်ထားတာရယ် ပဲငံပြာရည်အကြည်ရယ် ငရုတ်ကောင်းမှုန့်နည်းနည်းထည့်ပြီး ကြာဇံရေစစ်ထားတာကိုပါ ရောမွှေလိုက်တော့ အခုလို ကြေးအိုးဆီချက် ရလာတာပေါ့။ စားခါနီးတော့ ငုံးဥလေး ထည့်လိုက်တယ်။ မယုံရင် စားကြည့်ပါလား... စားလို့ကောင်းတယ် (သူကတော့ အဲဒီလို ပြောတာပဲ...) အချဉ်ရည်က ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထောင်း၊ သကြား၊ဆား၊ ရှာလကာရည်၊ ငရုတ်ဆီ၊ ပဲငံပြာရည် အပြစ်ရည် နည်းနည်းထည့်ပြီး မွှေလိုက်တာပဲ။

(ဒီမှာရှိတဲ့ပစ္စည်းတွေကို စိတ်ကူးပေါက်သလို ထည့်ပြီးလုပ်စားခြင်းဖြစ်ပါသည်။)




စက်တင်ဘာ ၂၂၊ ၂၀၀၇။

September 19, 2007

ပြိုင်ပွဲ

ဒီကို မလာခင် ထိုင်းမှာ နေခဲ့တုန်းက ကျမတို့ company ပိုင်ရှင်က သူ့ခြံကို အလည်ခေါ်ခဲ့ပါတယ်။ ဘန်ကောက်ကနေ ကားနဲ့ ဆိုရင် ၄ ၊ ၅ နာရီလောက် သွားရတာပါ။ ဘယ်နေရာလည်းဆိုတာ ထိုင်းနာမည်မို့လို့ မမှတ်မိတော့ပါဘူး။ အဲဒီ အချိန်တုန်းက ဘန်ကောက်မှာ အရမ်းပူနေပေမယ့် သူဌေးခြံရှိတဲ့ နေရာမှာတော့ တော်တော်အေးပါတယ်။ တောင်ကြီးလို ရာသီဥတုမျိုးနဲ့ ဆင်တယ်။ ၀န်ထမ်းတွေ အားလုံးစုပြီး သွားတာဆိုတော့ ထိုင်းတွေရော မြန်မာတွေရောပေါ့။ သူဌေးခြံကို ပျော်ပွဲစား ထွက်ကြတယ်ပဲ ဆိုပါတော့။

အစကတော့ သိပ် မသွားချင်ဘူး။ ထိုင်းတွေနဲ့လည်း မခင်တော့ ဆက်ဆံရေး အဆင်မပြေမှာလည်း စိုးတယ်။ နောက်ပြီး ရန်ကုန်ကို ပြန်ခါနီးနေပြီဆိုတော့ ပြန်ဖို့လောက်ပဲ စိတ်ထက်သန် နေတာ။ ဘယ်ကိုမှ မလည်ချင်တော့ဘူး။ ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် လက်ဆောင်ဝယ်ချင်တဲ့ စိတ်က များနေတာကြောင့်လည်း ပါတယ်။ အခုတော့ ဓာတ်ပုံတွေ ပြန်ကြည့်မိရင်း အဲဒီတုန်းက အဖြစ်တွေကို သတိရလာတာနဲ့ ဒီပို့စ်ကို ရေးဖြစ်တာပါ။

မှတ်မှတ်ရရ ဘန်ကောက်ကနေ ကားစထွက်တော့ မနက် ၇ နာရီကျော်ကျော်ပေါ့။ သူဌေးခြံရောက်တော့ ၁၂ နာရီ ၀န်းကျင်လောက်ရှိနေပါပြီ။ အဲဒီနေရာကို ရောက်တဲ့ လိုင်းကား မရှိတဲ့အတွက် Van ကား ၂ စီးငှားပြီး သွားကြတာပါ။ ခြံထဲရောက်တော့ သူဌေးက သူ့ခြံကို အရင်လိုက်ပြပါတယ်။ ပြီးတော့ နေ့လည်စာမစားခင် game ၂ ခုကစားပါတယ်။ ဒုတိယ game က စပြီး နိုင်တဲ့သူကို ဆုပေးပါတယ်။ တတိယ game ကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးပါပဲ။ အုပ်စုလိုက် ကစားကြတာဆိုတော့ team work က အရေးကြီးပါတယ်။

ဒုတိယ game ပြီးတော့ ခဏတဖြုတ်နားကြပြီး နေ့လည်စာ စားကြပါတယ်။ ထမင်းစားပြီးမှ တတိယ game ကို စတာပါ။ တတိယ game အတွက် လူစုခွဲတဲ့အခါ ထိုင်းရော မြန်မာရော အုပ်စုတစ်ခုချင်းဆီမှာ ရောပြီး နေရာချပေးထားပါတယ်။ တစ်အုပ်စုကို ၆ ယောက်ဆီပါပြီး စုစုပေါင်း ၃ အုပ်စု ရှိပါတယ်။ အုပ်စုတစ်စုအတွက် solo tape ၂ ခု၊ အိမ်သာသုံး စက္ကူလိပ် ၁ လိပ်၊ အင်္ကျီချိတ် တဲ့ သံချိတ် ၁ ခုဆီ ပေးပြီးတော့ သူဌေးလိုချင်တဲ့ ပုံစံက

(၁) ကြက်ဥ ၃ လုံး တင်လို့ရရမယ်။
(၂) အမြင့်ဆုံးဖြစ်ရမယ်။
(၃) ခိုင်ခံ့ရမယ်။
(၄)တနေရာက တနေရာကို ရွှေ့ပြောင်းလို့ ရရမယ်။ နေရာတခုတည်းမှာ အသေချည်ထားတာမျိုး မဖြစ်ရဘူး။
ကိုယ်ကြိုက်ရာ ပုံစံတခုကို အဲဒီပစ္စည်း သုံးမျိုး သုံးပြီး ဆောက်ပေးရမယ်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ့်ဘာသာ လုပ်ကြဆိုပြီး အချိန် နာရီဝက်ပေးပါတယ်။

တစ်အုပ်စုနဲ့ တစ်အုပ်စု ကြည့်လို့လည်း မရဘူး။ တခြားအုပ်စုက ဘယ်လို ပုံစံတွေ လုပ်ကြလဲ ဆိုတာလည်း မကြည့်အားဘူး။ တစ်အုပ်စုနဲ့တစ်အုပ်စု မြင်လည်း မမြင်ရတော့ အားလုံးက နိုင်ချင်ဇောနဲ့ အပြိုင်အဆိုင် အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပေါ့။ ပြိုင်ပြီဆိုမှတော့ နိုင်ချင်တာလည်း သဘာဝပဲ မဟုတ်လား။ အားလုံးခေါင်းချင်းဆိုင်ကြ၊ တိုင်ပင်ကြ၊ ကောင်းမယ်ထင်သလိုလုပ်ကြနဲ့ နောက်ဆုံးတော့ ဒီလိုပုံလေးတွေ ထွက်လာပါတယ်။




ကဲ.. အမှတ်ပေးတော့မယ်။ ဘယ်ဘက်အစွန်ဆုံးက အုပ်စု ၁ ၊ အလယ်က အုပ်စု ၂ နဲ့ ညာဘက်က အုပ်စု ၃ ပေါ့။


(၁) ကြက်ဥ ၃ လုံးက ပုံစံ အားလုံးတင်လို့ရတယ်။ အားလုံး အမှတ်တူတယ် (၁၀) မှတ်ဆီ ရကြတယ်။
(၂) အမြင့်ဆုံးပြိုင်တော့ အုပ်စု ၁ နဲ့ ၂ က ရှုံးပြီး အုပ်စု ၃ က ကပ်နိုင်သွားတယ်။ အုပ်စု ၃ (၁၀) မှတ်ရတယ်။
(၃) ခိုင်ခံ့ရမယ်။ ကြက်ဥ ၃ လုံးတင်ပြီးတဲ့အထိ ခိုင်တယ်ဆိုတော့ အားလုံးက အမှတ်တူပဲရတယ် (၁၀)မှတ်။
(၄)မ ရွှေ့လို့ ရရမယ် ဆိုတော့ အားလုံးက အတူတူပဲ ရွှေ့ပြောင်း နိုင်တယ်လေ။ ဒါကြောင့် အမှတ်တူတယ်။ ဇယားလေးကို တချက်ကြည့်ကြည့်ပါအုံး.. အမှတ်တွေ တွက်လို့ရအောင်လို့။



အုပ်စု ၁

အုပ်စု ၂

အုပ်စု ၃

နံပါတ် ၁

၁၀

၁၀

၁၀

နံပါတ် ၂

၁၀

နံပါတ်

၁၀

၁၀

၁၀

နံပါတ် ၎

၁၀

၁၀

၁၀


အခုအတိုင်းဆိုရင် အုပ်စု ၃ က နိုင်နေတာပေါ့။ ဒါပေမယ့် ပွဲက မပြီးသေးဘူးတဲ့။ နောက်ဆုံး bonus stage ကျန်သေးတယ်ဆိုပြီး သူဌေးက နောက်ဆုံးဖဲကို ထုတ်သုံးပါလေရော။ အဲဒါကတော့ “အစတုန်းက requirement က ကြက်ဥ ၃ လုံးစာ တင်ဖို့ပဲ။ ဒါပေမယ့် နောက်ထပ် ကြက်ဥ ဆန့်သလောက်ထပ်တင်ချင်တယ်ဆိုရင်ရော နင်တို့ လုပ်ထားတဲ့နေရာက တင်နိုင်ပါ့မလား၊ တင်နိုင်မယ်ဆိုရင် တင်ပြပါ”လို့ သူဌေးက ထပ်ပြောပါတော့တယ်။ အဲဒီမှာပဲ အုပ်စု ၁ က လုပ်တဲ့ ပုံစံငယ်က နောက်ထပ် ကြက်ဥ ၅ လုံးစာကိုပါ ထပ်တင်နိုင်ပါတယ်။ အုပ်စု ၂ နဲ့ ၃ ကတော့ ကြက်ဥ ၃ လုံးအပြင် အပိုထပ်တင်တော့ အလေးချိန် မနိုင်လို့ ကြက်ဥတွေ ပြုတ်ကြကုန်တာလည်း ရှိတယ်။ နေရာမရှိတော့လို့ တင်မရတာလည်းရှိတယ်။ နောက်ဆုံး bonus point မှာ အမှတ် ၂၀ ရပြီး အုပ်စု ၁ က နိုင်သွားပါတယ်။


သူဌေးပေးချင်တဲ့ Message ကတော့ ဘယ်အလုပ်ကိုမဆို requirement အတိုင်း အတိအကျဖြစ်ရမယ်။ ဒါပေမယ့် လက်ရှိ လုပ်နေတဲ့ အလုပ်မှာလည်း နောက်ထပ် လိုအပ်ချက်တွေ ပြင်ဆင်ချင်တာတွေ ရှိလာခဲ့ရင် လိုတိုး ပိုလျော့ လုပ်နိုင်ရမယ်။ ကိုယ့်အတွက်ပဲဖြစ်ဖြစ် အလုပ်နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် ကြိုပြီး မြင်နိုင်အောင်ကျိုးစားထားရမယ်လို့ဆိုပါတယ်။ ၀န်ထမ်းတွေကလည်း programmer တွေ ဆိုတော့ software တခုကိုရေးမယ်ဆိုရင် client လိုချင်တဲ့အတိုင်းဖြစ်ရမယ်။ နောက်ပြီး client က အသစ်ထပ်ထည့်ချင်တာ ပြင်ချင်တာ၊ ရှိနေတဲ့အပိုင်းကို မလိုအပ်လို့ ဖြုတ်ချင်တဲ့အခါမှာလည်း ကိုယ့် software က အလွယ်တကူ လုပ်ယူလို့ရနေ ရမယ်လို့ ဆိုလိုချင်တာပါ။ ကျမ ရေးထားတာက သူဌေးပြောတာနဲ့ ထပ်တူကျချင်မှ ကျပါလိမ့်မယ်။ ကျမ နားလည်သလို ရေးလိုက်တာပါ။ ဖတ်တဲ့သူများလည်း လိုသလို တွေးယူလို့ရပါတယ်။

ကျမလား.. ဘယ်အုပ်စုထဲပါလဲ..ဟုတ်လား??? အဲဒီတုန်းက ကျမတို့အုပ်စုရဲ့ idea က ကြိုပြီး အရမ်းကြီးစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ အဓိက ကြက်ဥတင်ဖို့ပဲ စဉ်းစားပြီး လုပ်မိခဲ့ကြတာပါ။ ကြက်ဥ မပြုတ်ကြဖို့ အရေးကြီးတယ်ပဲ ခေါင်းထဲထည့်လို့ ပုံ ၁ လေးထွက်လာခဲ့တာပါ။ ကျမအတွက် ဒီပြိုင်ပွဲလေးဟာ အမြဲအမှတ်တရ ဖြစ်နေတော့မှာပါ။ တစ်အုပ်စုတည်း အတူ ကစားခဲ့တဲ့ မောင်၊ ညီမလေးတွေလည်း ဒီပို့စ်နဲ့အတူ ဓာတ်ပုံကို မြင်ရင်တော့ သတိရကြမှာပါလေ...။

စက်တင်ဘာ ၁၉၊ ၂၀၀၇။

September 14, 2007

ဂျပန်နိုင်ငံရှိ ရွှေတိဂုံဘုရား ပုံတူစေတီ

ကျမတို့ ဂျပန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကျမဦးလေးကတဆင့် သူ့သူငယ်ချင်းလင်မယားနဲ့ သိကျွမ်းခဲ့ရပါတယ်။ အန်ကယ်က Kagoshima University မှာ Professor အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး YIT ကျောင်းသားဟောင်းတစ်ဦးပါ။ ဂျပန်ကို ရောက်နေတာ ၁၉ နှစ်တောင်ရှိနေပါပြီ။ အပြင်မှာ မတွေ့ဖူး မမြင်ဖူးကြပေမယ့် ဖုန်း၊ Email နဲ့ပဲ ဆက်သွယ်ရင်း ခင်မင်နေကြတာပါ။

ဟိုတရက်ကတော့ အန်ကယ်နဲ့ဖုန်းပြောဖြစ်ရာက အခု Kagoshima မှာရွှေတိဂုံဘုရားပုံတူ စေတီတစ်ဆူ တည်မှာဖြစ်တဲ့အတွက် လက်လှမ်းမ်ီသလောက် ဂျပန်မှာရောက်နေတဲ့ ခင်မင်ရင်းနှီးသူတွေကို ကုသိုလ်ဒါန ပါဝင်ဖို့ ပြောပါတယ်။ ကျမတို့လည်း ကြုံတောင့်ကြုံခဲ ဖြစ်တာမို့ အလှူဒါနပြုချင်ပါတယ်လို့ ပြောလိုက်ပါတယ်။ အန်ကယ်က ဘုရားသမိုင်းနဲ့တကွ အလှူငွေလွှဲဖို့ စာရွက်စာတမ်းတွေ ပြီးခဲ့တဲ့အပတ်က ပို့ပေးလိုက်တာ ဒီနေ့ ရောက်လာတာကြောင့် အားလုံးလည်း သိရအောင် Blog မှာ တင်ပေးလိုက်ပါတယ်။ Google Group မှာလည်း “Myanmar in Kagoshima” ဆိုပြီး ရှာရင် ဘုရားတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို သိနိုင်ပါတယ်။
ရက်စွဲ၊ ၂၀၀၇ ခုနှစ်၊ ဇန္န၀ါရီလ ၁ ရက်။

ဗုဒ္ဓဘာသာနွယ်ဝင်သူတော်စင်အပေါင်းတို့ ခင်ဗျား-

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလမှစ၍ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်တန်းဒေသများတွင် တိုင်းရင်းသား ကလေးသူငယ်များအတွက် မူလတန်းကျောင်း (၃၀) ကို တည်ဆောက်ပေးခဲ့ပြီး၊ ကျောင်းသူ/သား တစ်ထောင်ကျော်ခန့်ကို ပညာသင်ထောက်ပံ့ကြေးများ ပေးလှူခဲ့ပါသည်။ ထို့အပြင် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော ဂျပန်စစ်သည်များအား ရည်စူး၍ ပအိုဝ့်ဒေသတွင် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် စေတီတော်တစ်ဆူကိုလည်း တည်ဆောက်လှူဒါန်းခဲ့ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်မှစ၍ Kitakyushu မြို့၊ Mekari ဥယျာဉ်တွင် ကမ္ဘာအေး အမည်ရှိ စေတီတော် တစ်ဆူတည်ရှိခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ Kagoshima မြို့၊ Hanao အရပ်တွင် ဉာဏ်တော် (၇)မီတာ ရှိသော မြန်မာနိုင်ငံမှ ရွှေတိဂုံဘုရားပုံတူ စေတီတော်တစ်ဆူကို တည်ထားကိုးကွယ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်များအနေဖြင့် နည်းများမဆို လှူဒါန်းပါဝင်ကြပါရန် နှိုးဆော်အပ်ပါသည်။

ဆရာတော် ဦးမီယာရှိတ
(ဥက္ကဌ- ဂျပန်နိုင်ငံ ရွှေတိဂုံဘုရားပုံတူ တည်ဆောက်ရေး အကျိုးဆောင်အဖွဲ့)
ဆက်သွယ်လှူဒါန်းရန် လိပ်စာ-
3841 HANAO CHO, KAGOSHIMA CITY,

JAPAN 891 - 1101
TEL: 099 - 298-8247
FAX: 099-298-8250
BANK ACCOUNT No. 81301
SHUUKYOUHOUJIN DAIYUUZAN NANSEN-INN DAIHYOU
MIYASHITA RYOZEN
KORIYAMA BRANCH KAGOSHIMA BANK

ဘုရားအလှူခံ နှိုးဆော်စာထဲမှာ ပါတဲ့“လွန်ခဲ့သော နှစ်ပေါင်း(၅၀)ကျော်မှစ၍ Kitakyushu မြို့၊ Mekari ဥယျာဉ်တွင် ကမ္ဘာအေး အမည်ရှိ စေတီတော် တစ်ဆူတည်ရှိခဲ့ပြီး ဖြစ်ပါသည်”ဆိုတာကိုတော့ စာရေးဆရာ သူရိန်ထက် ရေးထားတဲ့ နိပွန်း နဲ့ ဘိရုမာ ဆောင်းပါးမှာ ဖတ်ဖူးပါတယ်။ PDF file ကနေ တဆင့် ဖတ်ရတာပါ။ ဘယ်နေရာက Download လုပ်လိုက်မိမှန်းတောင် မမှတ်မိတော့ဘူး။

စာရေးဆရာ သူရိန်ထက် ရေးထားတဲ့ နိပွန်း နဲ့ ဘိရုမာ ဆောင်းပါးမှာ ပါတဲ့ ဘုရားနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တချို့ပါ။

ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာမြေဖက်ကို စစ်ထွက်ခဲ့တာ ၃ သိန်းလောက်ရှိပြီး အသက်ရှင်လျက် ဂျပန်မြေကို ပြန်ရောက်လာတာက ၁ သိန်း ၀န်းကျင်ပဲ ရှိပါသတဲ့။ မြန်မာ့မြေပေါ်က ပြန်ရောက်လာတဲ့ ဂျပန်စစ်သားတိုင်းဟာ မြန်မာပြည်ကို နှစ်သက်ကြသလို မြန်မာတွေရဲ့ သနားကြင်နာတတ်မှု၊ ကူညီရိုင်းပင်းမှုတွေကို ကျေးဇူးမမေ့နိုင်ပဲ ရှိကြပါတယ်။ ဒါကြောင့်လဲ စစ်ပြီးခေတ် ဆင်းရဲ ခက်ခဲတဲ့ကြားကပဲ မြန်မာပြည်အလွမ်းပြေလဲ ဖြစ်၊ မြန်မာတွေကို ကျေးဇူးဆပ်ရာလဲ ရောက် ဆိုပြီး ဂျပန်ကနေ မြန်မာပြည်ကို သင်္ဘောနဲ့စပြီး ထွက်ခွာခဲ့တဲ့ ခိတကျူးရှူးက မိုဂျိ ဆိုတဲ့ ဆိပ်ကမ်းက ကုန်းမြင့်ပေါ်မှာ ၁၉၅၇ ခုနှစ်မှာ ဘုရားစေတီ တည်ထား ကိုးကွယ်တယ်။ သိမ် ရှိရတယ်။ အခုအချိန်အထိ မြန်မာဘုန်းတော်ကြီးတွေ ကျောင်းထိုင်ပြီး စစ်ပြန်ကြီးတွေက ကပ္ပိယ၊ ဂေါပကအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ ဦးနု လက်ထက်မှာ တည်ထားကိုးကွယ်တာမို့ အဲဒီစေတီကိုလဲ ကမ္ဘာအေးစေတီလို့ ခေါ်ပါတယ်။ ဦးနုတို့ အစိုးရက လှမ်းကူညီခဲ့ပြီး မြန်မာဆရာတော်ကြီးတွေကိုယ်တိုင် သိမ်သမုတ်၊ အနေကဇာတင် ခဲ့တာဖြစ်ပါတယ်။ မြန်မာက ဂျပန်ကို ကူညီတယ်ဆိုတော့ ဒီနေ့ခေတ်မှာတော့ ရယ်စရာ ပြောနေသလားလို့ ယူဆစရာပါ။ အဲဒီခေတ်က မြန်မာငွေ ၁ ကျပ်ကို ယန်း ၈၀ နီးပါးရှိပါတယ်။ ဒီနေ့ခေတ် မြန်မာငွေ ၁၀၀၀ ကျပ်ကို ယန်း ၉၀ ၀န်းကျင်ဆိုတော့ မြန်မာငွေ တန်ဖိုးဟာ နှစ်ပေါင်း ၅၀ ၀န်းကျင်မှာ အဆပေါင်း ၁၀၀၀ နီးပါး နိမ့်ကျသွား တယ်လို့ ဆိုရမှာပါ။

ကျူးရှူးက အဲဒီ ကမ္ဘာအေးစေတီကို မြန်မာတွေ အုပ်စုဖွဲ့ပြီး ဘုရားဖူးကြ၊ လှူတန်းကြ၊ ထီးတော်တင်ကြ ဆိုသလိုမျိုး ပွဲလမ်း သဘင်များရှိရင် စစ်ပြန် အဖိုးအို ဂေါပကတွေ ရောက်လာတတ်ပါတယ်။ မြန်မာတွေကို ပြုံးပြုံးပြုံးပြုံး ပိတိဖုံးပြီး လိုက်နှုတ်ဆက် တတ်ပါတယ်။ လူတွေကသာ တုန်ချိ အိုမင်းနေပေမယ့် မြန်မာတွေအပေါ် လေးစားခင်မင်မှုကတော့ ပျိုမြစ်နေဆဲပါ။ `မင်္ဂလာပါ။ နေ ကောင်းလား၊ ဘယ်ကလာလဲ။ ထမင်းစားပြီးပြီလား။ ထမင်းစားပါ´ဆိုတာမျိုး မှတ်မိသမျှ မြန်မာစကားတွေနဲ့ ဧည့်ဝတ်ပြုတတ်ပါ တယ်။ ”

နိပွန်းနဲ့ ဘိရုမာ ဆောင်းပါးကို ဖတ်ချင်တယ်ဆိုရင် ဟစ်တိုင်မှာ ဖတ်လို့ရပါတယ်။ ဂျပန်မှာက ဘာသာမဲ့တွေများပါတယ်။ သူတို့ကို ဘယ်ဘာသာ ကိုးကွယ်လည်းလို့မေးရင် တိတိကျကျ မပြောနိုင်ကျပါဘူး။ Osaka မှာဆိုရင် မြန်မာဘုန်းကြီးကျောင်းလည်း မရှိပါဘူး။ ဒါကြောင့် ဂျပန်နိုင်ငံမှာ မြန်မာပြည်က ရွှေတိဂုံဘုရား ပုံတူစေတီတည်ထားကိုးကွယ်ဖို့ အလှူငွေ ထည့်ဝင် လှူဒါန်း ခွင့်ရတာဟာ မြန်မာတစ်ယောက် အနေနဲ့ အများကြီးကို ကျေနပ် ၀မ်းသာ ပီတိဖြစ်ရပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ်တိုင် သွားရောက် ဖူးမျှော်ခွင့် ရချင်ပါသေးတယ်။ အကြောင်း ကြောင်းတွေ တိုက်ဆိုင် လာခဲ့ရင်ပေါ့....။

စက်တင်ဘာ ၁၄၊ ၂၀၀၇။