November 6, 2007

ဂျပန် စာပို့ စနစ်



ကျမ ရုံးက ပြန်လာတိုင်း အမြဲတမ်း မပျက်မကွက် လုပ်ရတဲ့ အလုပ်က အိမ်အ၀င် စာတိုက်ပုံးကို ချောင်းကြည့်တတ်တာပါ။ ဘယ်သူများ စာပို့မလဲ။ ဘာအကြောင်းကြားစာများ လာမလဲ ဆိုပြီး အိမ်ထဲမ၀င်ခင် စာတိုက်ပုံးကို အရင်ဖွင့်ပြီး စစ်တတ်တာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ကိုယ်လိုချင်တာ ရှိရင်တော့ အိမ်ထဲ ယူလာခဲ့လိုက်တာပေါ့။ မလိုချင်ရင်တော့ အနီးအနားမှာ ရှိတဲ့ အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်တာပါပဲ။ များသောအားဖြင့် က ကြော်ငြာ စာရွက်တွေ များပါတယ်။ စိတ်ကူးထဲ မျှော်တတ်တာက ကိုယ့်ကို မြန်မာပြည်က ဘယ်သူများ စာပို့မလဲဆိုပြီး သူငယ်ချင်းနဲ့ မိသားစုဝင်တွေဆီက စာကို မျှော်တာပါပဲ။ မျှေုာ်သာ မျှော်ပေမယ့် ဘယ်တော့မှ အဲလိုစာမျိုး ကျမဆီကို ရောက်လာလေ့မရှိပါဘူး။ သူတို့ဆီက စာမလာဘူးဆိုတာလည်း သေချာပေါက်ကို သိနေတယ်လေ။ ကိုယ်ကမှ သူငယ်ချင်းတွေဆီ စာမှ မထည့်တာ။ သူတို့ကရော ကိုယ့်ဆီ စာမရေးတာ အဆန်းတော့ မဟုတ်ပါဘူး။ မိသားစုဝင်တွေဆီက စာလာရအောင်ကလည်း ရန်ကုန် ကို ဖုန်းအမြဲဆက်နေတာ အလွန်ဆုံးခြား ၂ ရက်ပါပဲ။

ပြီးခဲ့တဲ့ တနင်္လာနေ့ ကတော့ စာတိုက်ပုံး ဖွင့်လိုက်တာ ပို့စ်ကဒ်လေး တစ်ခုကို တွေ့လိုက်ပါတယ်။ စိတ်ထဲကလည်း “ဟာ သွားပြီ” ဆိုပြီး ဖြစ်လိုက်မိတယ်။ အဲဒီ ပို့စ်ကဒ်က အိမ်ကို စာပို့သမားဖြစ်ဖြစ်၊ ပါဆယ်ထုပ်ပဲဖြစ်ဖြစ်၊ Register လုပ်ထားတဲ့ စာပဲဖြစ်ဖြစ်၊ ၀ယ်ထားတဲ့ ပစ္စည်းတွေ လာပို့လို့ ပဲဖြစ်ဖြစ် အိမ်မှာ လူမရှိရင် ပစ္စည်း လာပို့တဲ့သူက ထားသွားတဲ့ Undeliverable Item Notice ဆိုတဲ့ ပို့စ်ကဒ်လေးပါ။

ဂျပန်ရဲ့ စာပို့စနစ်ကို ကျမ သေချာ မသိပါဘူး။ သတိထားမိ သလောက်ကတော့ စာ ရယ် ပစ္စည်းတွေ ရယ် ကို Public Holidays နဲ့ တနင်္ဂနွေ နေ့က လွဲရင် ကျန်နေ့တွေမှာပို့ပေးပါတယ်။ ဒီကို စရောက်ကတည်းက အမြဲတမ်း လာလေ့ရှိတာက အဲဒီ ပို့စ်ကဒ် ပါပဲ။ စာပို့သမား ပစ္စည်းလာပို့ရင် ကျမတို့ အိမ်မှာ မရှိကြပါဘူး။ ရုံးဖွင့်ရက်ဆိုရင်လည်း ရုံးမှာမို့လို့။ ပိတ်ရက်ဆိုရင်လည်း အိမ်မှာ မရှိတာမို့လို့ ဘယ်တော့မဆို စာပို့သမား လာရင် ၁ ခေါက်တည်းနဲ့ လက်ခံ ယူထားလိုက်ရတာမျိုး တစ်ခါမှကို မရှိသေးပါဘူး။ အဲဒီတော့ စာတိုက်ပုံးမှာ စာပို့သမား ထားခဲ့တဲ့ ပို့စ်ကဒ်လေးယူပြီး ရုံးက သူငယ်ချင်းဆီမှာ အကူအညီ တောင်းရပါတယ်။ သူငယ်ချင်းက နောက်တစ်ခါ ပြန်လာပို့ပေးဖို့ စာတိုက် ကို ဖုန်းဆက်ပြီး ပြောပေးပါတယ်။ ကိုယ်က အိမ်မှာရှိမယ့် အချိန်ကို ပြောလိုက်ပြီး ချိန်းထားတဲ့ အချိန်မှာ အိမ်ကနေ စောင့်နေယုံပါပဲ။ ကျမတို့ကတော့ ရုံးဆင်းပြီး ချိန်ဖြစ်တဲ့ ည ၇ နာရီ ကနေ ၉ နာရီ အချိန်ကို ပဲ အမြဲတမ်း ယူဖြစ်ပါတယ်။


အခု ကူညီနေကျ သူငယ်ချင်း အကိုကြီးက အလုပ်ကိစ္စနဲ့ တရုတ်ပြည်ကို ရောက်နေတော့ ကျမတို့လည်း အဲဒီ ကဒ်လေးကို ရုံးသာ ယူသွားရတယ် ဘယ်သူ့ကို ပြောပြီး အကူအညီ တောင်းရမလဲဆိုတာ မသိဘူးဖြစ်နေတာ။ နောက်ဆုံး သူငယ်ချင်း ဂျပန်မလေးက ပို့စ်ကဒ်ထဲမှာ ဂျပန်လို ရေးထားတာတွေကို ဖတ်ပြပေးရင်း အင်တာနက်ကနေ Redelivery အတွက် Register လုပ်ရင်လည်း ရတယ် ပြောပါတယ်။ အင်တာနက်ကနေ လုပ်တာဆိုတော့ တခုခု လွဲမှား ခဲ့ရင်ဖြစ်ဖြစ် ပစ္စည်း ရောက်မလာရင်ဖြစ်ဖြစ် Register လုပ်ထားတဲ့ Code Number ကို print out ထုတ်ပြီး သိမ်းထားဖို့နဲ့ တကယ်လို့ ကိုယ်ပြောထားတဲ့အချိန် ပစ္စည်းလာမပို့ရင် စာတိုက်ကို သူ ကိုယ်တိုင် ဖုန်းဆက်ပေးပါ့မယ်လို့ ဂျပန်မလေးက ပြောပါတယ်။


ပစ္စည်းကို လာပို့ပေးဖို့ ပြောထားတာက ထုံးစံအတိုင်း တနင်္လာနေ့ ည ၇ နာရီကနေ ၉ နာရီအချိန်ပါပဲ။ အဲဒါဆိုတော့ ည ၇ နာရီလောက်ကတည်းက အိမ်မှာ စောင့်နေကြတာပေါ့။ အရင်အခေါက်တွေက ပစ္စည်း လာပို့ရင် ၇ နာရီ ၀န်းကျင်လောက်ဆို လာပို့တတ်ပါတယ်။ မနေ့ကတော့ မိုးကလည်း ကောင်းနေတာနဲ့ စာပို့သမားက ၇ နာရီလည်း မလာ၊ ၈ နာရီလည်း ရောက်မလာပါဘူး။ ၈ နာရီ ခွဲလောက်ကျတော့ ကျမတို့လည်း စိတ်လျော့ပြီး အင်တာနက်က လုပ်တာမို့လို့ မရတာလား၊ မိုးရွာလို့လား၊ ဟိုတွေး ဒီတွေးနဲ့ ၂ ယောက်သား ထမင်းမစားနိုင်ဘဲ စောင့်နေရာက ၈ နာရီခွဲကျော်တော့ စာပို့သမား ရောက်လာပါတယ်။ သူ့တစ်ကိုယ်လုံးလည်း မိုးရေ ရွှဲနစ်နေပြီး ခိုက်ခိုက်တုန်နေတာမို့လို့ စိတ်ထဲမှာ သနားစိတ် ဖြစ်မိတယ်။ အလုပ်နဲ့ပတ်သက်ပြီး တိကျတာကိုလည်း ချီးကျူးမိတယ်။


အခုဆိုရင် ဆောင်းဦးပေါက်ပြီဆိုတော့ ရာသီဥတုက ပြန်အေးလာပါပြီ။ ဂျပန်က မိုးရာသီ သတ်သတ် မရှိပေမယ့် မိုးရွာရင် လေ ပါ ပါလာပြီး စိမ့်နေအောင် အေးပါတယ်။ အဲဒါဆိုတော့ ကျမတို့ ထင်တာက မိုးရွာလို့ သူတို့ မလာတော့ဘူးလို့ ထင်ထားတာပါ။ တကယ်တမ်း လာပေးတဲ့ ပစ္စည်းကတော့ ယောင်းမ ထည့်ပေးလိုက်တဲ့ စာနဲ့ ဓာတ်ပုံတွေပါပဲ။ ဒီရက်ပိုင်း အတွင်း ရန်ကုန်ကိုလည်း ဖုန်းခေါ်မရတာနဲ့ ယောင်းမ စာထည့် ပေးလိုက်တယ် ဆိုတာ ကြိုမသိထားပါဘူး။ အခုတော့ ကျမ မျှော်နေတဲ့စာက ရောက်လာခဲ့ပါပြီ။ ရန်ကုန်ကနေ စာကို Register လုပ်ပြီး ထည့်လိုက်တာမို့လို့ ဒီစာအိတ်သေးသေးလေးကို စာတိုက်ပုံးထဲ ထည့်လို့ရရဲ့သားနဲ့ မထည့်ပဲ ကျမတို့လက်ထဲကို ရောက်အောင်ပို့ပေးခဲ့တာပါ။ လက်ခံရရှိကြောင်း ဖြတ်ပိုင်းမှာ အမျိုးသားက လက်မှတ်ထိုးပေးလိုက်ပြီး တာဝန်တခုပြီးသွားလို့ စာပို့သမား လှည့်ထွက်သွားတဲ့ အချိန်မှာတော့ မိုးက တဖြောက်ဖြောက်နဲ့ ရွာလို့ ကောင်းနေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဂျပန်နိုင်ငံရဲ့ စာပို့စနစ်ကိုတော့ တကယ်ကို ကျေးဇူးလည်းတင်မိပါတယ်။


အိမ်တံခါးပြန်ပိတ်ရင်း ကျမ သတိရမိလိုက်တာက စိုးမြတ်သူဇာနဲ့ စိုးသူ ရိုက်ထားတဲ့ အမြန်ချောပို့ ကြော်ငြာထဲက စိုးမြတ်သူဇာ ပြောသွားတဲ့ စကားလေးပါ။ “စိုးသဘောကျ ကျေနပ်တဲ့ မွေးနေ့လက်ဆောင်ကို ရန်ကုန်ကနေ မန္တလေးထိ အရောက်ပို့ပေးခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ အမြန်ချောပို့စနစ်ကို အထူးပဲ ကျေနပ် နှစ်သက် သဘောကျမိပါတယ်ရှင်.. ”ဆိုတာလေးပေါ့။ ဒီကြော်ငြာလေးက ကြာလည်း ကြာလှပါပြီ။ အဲဒါဆိုတော့ စိုးမြတ်သူဇာ ပြောစကားကို အတိအကျ မမှတ်မိတော့ပါဘူး။ မှားရင်လည်း ပြင်ပေးကြပါ။ ကျမ တဆက်တည်း တွေးမိတာက ကြော်ငြာဆိုတာက “ကျော်” အောင် “ညာ” တာများလား။


နိုဝင်ဘာ ၆၊ ၂၀၀၇။

15 comments:

မြရွက်ဝေ said...

ဟုတ်တယ်အမ။ ဒီမှာ အရမ်းတိကျတယ်။ နိုင်ငံခြားပစ္စည်းပို့ခက ဂျပန်ဈေးအကြီးဆုံးဘဲ။ အခွန်သေချာကောက်ပြီး အလုပ်လဲသေချာ လုပ်ကြတယ်။ ရန်ကုန်စာတိုက်ကြီးမှာသာ မပျောက်ရင် သေချာရောက်တယ်။ လိပ်စာနဲနဲလွဲတာတောင် ရှာပို့ပေးတယ် (ကိုယ်တွေ့)။ ဒါနဲ့အမ အကြောင်းကြားကဒ်က ဖုန်းနဲ့နှိပ်လို့ရတယ်။ စာရွက်မှာရေးထားတဲ့ နံပါတ်တွေ နှိပ်ရတာဘဲ။ ပြောသာပြောတာ ညီမမလုပ်ဖူးဘူး အမျိုးသားဘဲလုပ်တာ ဟီး။ စာပို့ပေးတဲ့သူရဲ့ ပေးထားတဲ့ နံပါတ်နဲ့ ပို့ပေးရမယ့်အချိန်ကို ရွေးနှိပ်တာထင်တယ်။ အမ ရေးမှဘဲ သတိရတော့တယ် ညီမ သင်ရဦးမယ်။

MgThaJan said...

အင်း ဂွတ်တယ်နော် ကျွန်တော်တို့ အမိမြေနဲ့တော့ ကွာပါ့။

Anonymous said...

အစ်မရေ့ ..ဂျပန်က စာပို့ စနစ် ကလေးစားဖို့ ကောင်းတယ်နော်
ဒီမှာလဲ မဆိုးဘူးဗျ မြန်သားပဲ ပြည်တွင်းအမြန်ဆိုရင် ဒီနေ့ ပို့ မနက်ဖန်ရောက်တယ် ။ ကျနော်တို့ ရွှေနိုင်ငံ ကြီးကတော့ မပြောချင်တော့ပါဘူး...၁၀ တန်းအောင်ပြီ တက္က်သိုလ်တက်ဖို့ လျှော်လွှာတင်းထားတာ ကျော်းကဖွင့်လို့  ၁ လကျော်နေပြီ ကိုယ့်ဆီကိုလဲ လျှော်လွှာမရောက်လာလို့  မြို့ နယ်စာတိုက်မှာ ကိုယ့်ပါသာသွားရှာရတယ်..အဲ့ဒီလောက်တိကျတာ

thamudayanwe said...

စာပို့စနစ်က ကြောင်နက်လို့ခေါ်တဲ့ tachubin ဆိုရင် ရုံးပိတ်ရက်တွေလဲအဆင်ပြေပါတယ်..
internet ကနေလဲလုပ်လို့ရသလို..အမကစာမဖတ်နိုင်တော့
ဖုန်းနဲ့ပဲပြောတယ်..
ဂျပန်တွင်းအချင်းချင်းပို့ရင်တော့ အဲလိုပြန်ပြောရတာအလုပ်ရှုပ်လို့ ဘယ်အချိန်ရှိမလဲဆိုတာကိုမေးပြီးမှ အဲဒီအချိန်လှမ်းပို့ပေးလိုက်ရင်အဆင်ပြေတာ..
အမတို့အမိမြန်မာပြည်ကြီးလဲအဲလိုဖြစ်မှာပေါ့
သေသွားပြီးတဲ့နောက် :P
ဒန်ပေါက်အကြောင်းရေးပြီြး့ပီ

မျှားပြာ said...

အစ်မရေ ဒီလိုဗဟုသုတလေးတွေကို ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျို့  ... အားရင် ဟင်းချက်ပါဦးလားဗျ
ဗိုက်ဆာလို့း)

Anonymous said...

ဂွတ်...ဂွတ်...လက်ရည်ဖိုးမပေးလိုက်ဘူးလား...မ..ရ...။

david santos said...

Peace and democracy for the people of Myanmar.

David Santos

Portugal

ကလိုစေးထူး said...

လေးမပြောတာဟုတ်တယ်။ လက်ဖက်ရည်ဖိုးလောက်တော့ ပေးလိုက်သင့်တာပေါ့။ :D

kay said...

နုစံရေ..အသံမပေးဖြစ်တာကြာပီ။ လူတွေစည်နေပါလား။
ခုတလော..တို့အသံမကြားလဲ..စာတွေဖတ်တယ်လို့မှတ်နော်။

စိုးထက် - Soe Htet ! said...

ကောင်းတယ်ဗျ .. ဒီမှာလည်း တော်တော် လေးကောင်းပါတယ် ... :)

MCT said...

သူများနိုင်ငံများနော်။မိုက်ပ။
မပြောချင်တော့ပါဘူး။ဒီကတော့။
လာအားပေးတာကျေးဇူးအမ။
မိုး ပြန်ရေးတော့မှာပါ။
မနက်ဖန်ကျ ကဗျာလေးတပုဒ်တော့
တင်မလားလို့။

Chit Lay Pyay said...

မနုစံနဲ့ လေပြေက အကျင့်ချင်းတူနေပြီ လေပြေလဲ အလုပ်ကပြန်လာတိုင်း စာတိုက်ပုံးစစ်တဲ့ အကျင့်ရှိတယ်။ အဓိကတော့ bill တွေပဲများပါတယ်၊ ဖုန်းခ ၊ ရေဖိုးမီးဖိုး၊ အင်တာနက်ဖိုး၊ အကြွေးဝယ်ကဒ်နဲ့ သုံးထားသမျှ အကြွေးတောင်းစာ၊ ဒါတွေက မစစ်ချင်လဲ စစ်နေရတာပဲ မဟုတ်ရင် နောက်ကျကြေးတွေ က ထပ်တက် လာမှာ စိုးရလို့။ စာပို့ စနစ်က မြန်မာပြည်ကလွဲရင် ကျန်တဲ့ နိုင်ငံအားလုံးက ကောင်းကြပါတယ်၊

မျှားပြာ said...

အသစ်း)

Anonymous said...

မ..ရေ..မဖတ်ချင်တယ်ဆိုလို့  အဖြူ ကို အမြည်းလေး လင့်ခ်ပေးထားတယ်...။ ဂျီဟောသူက e-book မှာရှိပါတယ်...။ လေးမ မသိလို့...။ မဂျစ်တူး သိမယ်ထင်တယ်...။

nu-san said...

မြရွက်ဝေ>> ဟုတ်တယ် ညီမလေးရေ.. အမတို့လည်း အရင်ကတော့ အသိအကိုကြီးက ဖုန်းဆက်ပေးတယ်။ အခု သူ မရှိလို့ အင်တာနက်က Register လုပ်ရတာ။ အမ ဖုန်းနဲ့သာ ပြောဆိုရင် ပြောလို့ အဆင်ပြေမှာ မဟုတ်ဘူး.. စာပို့သမား စိတ်ညစ်သွားလိမ့်မယ်.. :D

ကိုသင်္ကြန်၊ မောင်မျိုး >> လာလည်တာ ကျေးဇူးပါ။ မြန်မာပြည်က စာပို့စနစ်ကို နောက်မှ ဖောက်သည်ချအုံးမယ်။ အခုတော့ အိမ်က ပို့ပေးလိုက်တဲ့ ပစ္စည်းတွေ ပျောက်လို့ ရင်ခံနေတယ်.. :(

မမသမုဒယ >> ဟုတ် ..မရေ.. ကြောင်ရုပ်တံဆိပ်ပါတဲ့ ကားနဲ့ ပစ္စည်းတွေ ပို့တာ တွေ့တယ်။ ရုံးကတော့ သုံးတယ်။ ကျွန်တော်တို့တော့ မသုံးဖူးဘူး။

မျှားပြာ>> မျှားပြာပြောလို့ အမ အခုပဲ ဟင်းချက်ပြီး တင်လိုက်ပါပြီ။ အ ၀ သာ စားသွားတော့.. :D

လေးမ၊ ကိုစေးထူး >> ဟုတ်သားပဲ.. လက်ဖက်ရည်ဖိုးပေးဖို့ မေ့သွားတယ်.. နောက်သတိထားမှ.. :D :D

မကေ>> လာလည်ရင်ပဲ ကျေနပ်ပါပြီ အမရယ်.. :)

ကိုစိုးထက် >> ဟုတ်တယ် အကို စိုးထက်.. အားလုံးက သူ့စနစ်နဲ့ သူတော့ ကောင်းကြပါတယ်.. အဓိက က ကိုယ်ပို့ချင်တာပဲဖြစ်ဖြစ် လက်ခံရတာပဲဖြစ်ဖြစ် အဆင်ပြေဖို့က အရေးကြီးတာပါပဲ... :)

မိုးချစ်သူလေး >> အမ ညီမလေးဆီ ရောက်ခဲ့ပြီးပါပြီ။ “ပရီမီယာလိဂ် နှလုံးသား” ကို ခိုက်သွားတယ်.... :)

ချစ်လေပြေ >> မလေပြေရော စာတိုက်ပုံးချောင်းတာ အကျင့်ဖြစ်နေပြီလား... ဒါဆို တူနေပြီပေါ့.. :)

လေးမ >> ကျေးဇူးပါ လေးမရေ.. အမ အမြည်းသွားစားလိုက်ပါ့မယ်.. မဂျစ်ဆီကိုလည်း ဂျီဟောသူ မေးလိုက်ပါအုံးမယ်.. တကူးတက လာပြောပေးလို့ ၂ ထပ်ကွမ်းကျေးဇူးပါ လေးမရေ... :)