March 5, 2008

Flower Arrangement - Feb 28, 2008

ဖေဖေါ်ဝါရီ လလယ်လောက်ကစပြီး အလုပ် မအားတာနဲ့ ပို့စ် အသစ်မတင်ဖြစ်တာတောင် တော်တော် ကြာနေပါပြီ။ နောက်ဆုံးပို့စ်ရဲ့ ရက်စွဲကို ပြန်ကြည့်တော့ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က တင်ခဲ့တာ။ အဲဒီနောက်ပိုင်း ဘာစာမှ မရေးနိုင်လောက်အောင် လူမှုရေးကိစ္စ၊ အလုပ်ကိစ္စတွေနဲ့ လုံးလည်လိုက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာတောင် အလုပ်ဆင်းပေးလိုက်ရသေးတယ်။ ဒီနေ့မှပဲ အချိန်နည်းနည်း ရတာနဲ့ ကိုယ့် Blog လေးကို ဖုန်ခါပြီး လာလည်သွားတဲ့ သူငယ်ချင်းတွေရဲ့comment တွေ အေးအေးဆေးဆေး ဖတ်ကြည့်မိတယ်။ ဒီရက်အတွင်း အသစ်တင်မလားဆိုပြီး လာလည်တဲ့သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မအားတဲ့ရက်မှာ ကိုယ့် blog လည်း မကြည့်နိုင်သလို သူငယ်ချင်းတွေရဲ့ blog တွေကိုလည်း အလည်မရောက်ဖြစ်ခဲ့ပါဘူး။ ဒီလအတွက် ပို့စ်အသစ်အနေနဲ့ ပြီးခဲ့တဲ့ လကုန်ခါနီးတုန်းက ရုံးမှာ ပန်းအလှဆင်တဲ့ အကြောင်းလေးကိုပဲ ရေးလိုက်ပါရစေ...

*****


ဒီတစ်ခါ ပန်းအလှပြင်တာက ကျမအတွက်တော့ ၃ ကြိမ်မြောက်ဖြစ်ပြီး ရုံးက Flower Arrangement Club အနေနဲ့ကတော့ ၂၅ ကြိမ်မြောက်ပါ။ ဒါကြောင့် ပန်းအလှပြင်တာကို ထူးထူးခြားခြားဖြစ်အောင် Box Arrange လို့ခေါ်တဲ့ စက္ကူဘူးထဲမှာ ပန်းတွေနဲ့ အလှဆင်ကြတာပါ။ ပွဲမစခင်ကတည်းက စီစဉ်သူက အဖွဲ့ဝင်အားလုံးဆီကို မေးလ်ပို့ပြီး ယန်း ၄၀၀၀ လောက် ကုန်ကျမှာဖြစ်ကြောင်း၊ ပန်းကလည်း ဆေးစိမ်ထားတဲ့ပန်းနဲ့ ဘူးထဲမှာ အလှဆင်မှာဖြစ်ကြောင်း၊ ပန်းအလှပြင်တာနဲ့ ပတ်သက်တဲ့လင့်ကိုပါ ပေးထားခဲ့ပါတယ်။ အဲဒီရက်က အလုပ်အတော်ရှုတ်နေပေမယ့် ကျမကတော့ ပန်းအလှပြင်ရတာ ၀ါသနာပါလို့ အချိန်မရတဲ့ကြားက မရ ရအောင် သွားဖြစ်ခဲ့တာပါ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ စက္ကူဘူး၊ ဖော့တုံး၊ နှင်းဆီပန်း ပန်းရောင် အပွင့်ကြီး ၃ ပွင့်၊ နှင်းဆီအဖူး အပွင့်သေး အဖြူရောင် ၃ ပွင့်၊ နှင်းဆီပန်း အရောင်ရင့်ရင့် ၃ ပွင့်၊ နှင်းပန်းလို ပန်းအဖြူ ၃ ပွင့် (အဲဒီပန်း နာမည်တော့ မသိပါဘူး)၊ ဘေးက အလှဆင်တဲ့ ပစ္စည်းတွေကတော့ ပန်းအခြောက် လက်တစ်ဆုပ် (မိတ်ကပ်ရောင်ခေါ်မလားပဲ)၊ ပန်းခြောက်အခက် ၁ ခက် (အစိမ်းရောင်)၊ အလုံးလေးတွေက ၆ ခု၊ ပန်းခက် မွှားမွှားလေးတွေက ၆ ခု သူလည်း မိတ်ကပ်ရောင်လေးပဲ၊ ပန်းရောင် ဖဲကြိုးအပါး ၁ ခု၊ အထူစားက ၁ ခု၊ ဘူးက အညိုရောင်ကို သုံးထားတော့ ပန်းတွေနဲ့ အလှဆင်ပစ္စည်းတွေက ပန်းရောင် မိတ်ကပ်ရောင်အစရှိသဖြင့် အရောင်နုတွေ သုံးထားတာ ပိုများပါတယ်။ နောက်ပြီး နန်းကြိုးမျှင်ရယ် ကော်စက္ကူရယ် လည်းလိုပါသေးတယ်။



ပုံ (၁) ပန်းအလှဆင်ဖို့အတွက် ပါဝင်တဲ့ ပစ္စည်းတွေပါ။ စက္ကူဘူးနဲ့ ဖော့တုံးက နောက်မှ ရောက်လာတာမို့ ဓာတ်ပုံထဲမှာတောင် မပါလာရရှာပါဘူး။

စစချင်း ပန်းခြောက်လေးတွေကို ကြည့်ကောင်းအောင် ဖြတ်ပြီး နန်းကြိုးနဲ့ ချည်ရပါတယ်။ ပြီးတော့ ဖဲကြိုးအပါးစလေးကိုလည်း လိုသလို ပုံဖော်ပြီး နန်းကြိုးနဲ့ ချည်ထားရပါသေးတယ်။ အခုတစ်ခါက နှင်းဆီပန်း ဘေးကထိုးဖို့ အလှဆင်တဲ့ ပန်းခြောက်တွေ ပိုများတာကြောင့် နန်းကြိုးနဲ့ချည်ပြီး အပေါ်က ကော်စက္ကူနဲ့ ပတ်နေရတာ အချိန်ပိုကြာလှပါတယ်။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးရင် စက္ကူဘူးထဲမှာ ဖော့တုံးထည့်ပြီး အောက်ခြေကို မလှုပ်အောင် ကော်ကပ်ထားရပါတယ်။ ပြီးမှ နှင်းဆီပန်း အပွင့်ကြီး၊ အပွင့်သေးတွေကို ကြည့်ကောင်းအောင် နေရာချပါတယ်။ အဲဒီနောက် ဘေးကနေ အလှဆင်ပန်းခြောက်လေးတွေကို လိုက်ဖြည့်ရတာပါ။ နောက်ပြီး ပေးထားတဲ့ ပစ္စည်းတွေကို အားလုံး မသုံးလည်း ရပါတယ်။ ကိုယ်နှစ်သက်သလို သင့်သလို ကြည့်ကောင်းသလို လုပ်ကြတာပါပဲ။ ကျမကတော့ ပေးထားတဲ့ပစ္စည်းတွေကို မသုံးပဲထားခဲ့ရမှာ နှမြောပါတယ်။ ဒါကြောင့် အကုန်ပါအောင် ထည့်သုံးတာမို့ အမြင် ရှင်းရှင်းပဲ ကြိုက်တတ်တဲ့သူအတွက်တော့ ကျမရဲ့ ပန်းဘူးလေးက မျက်စိနောက်စရာပါ။ ဒါတောင် ပန်းရောင်အရင့် ဖဲကြိုးကို ဘယ်နားသုံးရမှန်းမသိလို့ ပြန်ပေးခဲ့လိုက်ရပါသေးတယ်။ ဆရာမကတော့ ဘူးအပေါ်က ချည်မယ်ဆိုရင် ချည်လို့ရတယ်လို့တော့ ပြောပါတယ်။



ပုံ(၂) ပန်းအခြောက် အခက်တွေကို သင့်တော်သလို ညှပ်ပြီး နန်းကြိုးနဲ့ချည်ပြီး ကော်စက္ကူနဲ့ ပတ်ရပါတယ်။


ပုံ (၃) ပန်းတွေကို ဖော့တုံးမှာ ကြည့်ကောင်းသလို ထိုးစိုက်ပါတယ်။


တကယ်တမ်းကျတော့လည်း ပန်းထိုးတာက အချိန်သိပ်မကုန်လှပါဘူး။ ပန်းပွင့်တွေကို ကိုယ်လိုသလို နေရာချပြီး ဘေးကနေ အလှဆင်တဲ့ ပန်းခြောက်တွေ လိုက်ဖြည့်လိုက်တာပါပဲ။ ပန်းခြောက်တွေကို ပြင်ဆင်တာက အချိန်အတော်လေး ကြာပါတယ်။ နောက်ပြီး စက္ကူဘူး အဖုံးကို အကုန်ဖွင့်ထားချင်ရင် ပန်းတွေကို မြင်သာအောင် ဘယ်လိုထားရတယ်ဆိုတာရယ်၊ စက္ကူဘူး အဖုံးကို တ၀က်ပဲ ဖွင့်ချင်ရင် ပန်းတွေကို တခြားဘက်မှာ များများထားရမယ်ဆိုတာရယ်ကို ဆရာမက သေချာရှင်းပြပေးပါတယ်။ ကျမအတွက်ကတော့ ဂျပန်လို သိပ်နားမလည်နိုင်တာကြောင့် ဆရာမ ရှင်းပြတာကို အကုန်လုံး မရခဲ့ပါဘူး။ ဒါကြောင့် ရသလောက် နားလည်သလောက် သိသလောက်လေးနဲ့ လုပ်လိုက်တော့ အခုလို ပန်းဘူးလေး ရလာတာပါပဲ။



ပုံ (၄) ဘေးကနေ အလှဆင်ပစ္စည်းတွေ ထပ်ထည့်ပြီး......



ပုံ (၅) နောက်ဆုံး စက္ကူဘူးထဲမှာ ပန်းနဲ့ အလှဆင်ထားတဲ့ Flower Box လေးရလာတာပါပဲ...


မတ် ၅၊ ၂၀၀၈။

9 comments:

MgThaJan said...

လှလိုက်တာ မနုစံရေ ကောင်မလေးကို ဒါမျိုးလေး တစ်ဘူးလောက် သူများကို လက်ဆောင်ပေးချင်လိုက်တာ :P

Thyda said...

Great job!! so beautiful..

Anonymous said...

အစ်မရေ့..........ပျောက်လှကြီးလားလို နေမကောင်းဖြစ်နေတယ်ထင်တာ။ အခုတော့ အလုပ်တွေများနေတာကိုဗျ။ ပန်လေးတွေက တော်၂စိတ်ဝင်စားဖို့ ကောင်းတယ်နော် ကျနော်လဲ ဆရာ့လိုပဲ လက်ဆောင်ပေးချင်တယ် လှလှလေးထိုးပေးမလားဗျ ဟားဟားး။ တကယ်ဟုတ်ဘူး ။
စာတွေကို စောင့်မျှော်အားပေးနေပါတယ် ........။
အစ်မ ကျန်းမာပျော်ရွှင်ပါစေ.။

Anonymous said...

အဆင်ပြေတယ် နေကောင်းတယ်ဆိုတာနဲ့တင်..
ဝမ်းသာလှပါပြီအစ်မရယ်...
အမှန်အတိုင်းပြောရရင်တော့..
မုတ်သုန်ဘလောဂ်မှာတစ်ခုခုတင်လိုက်တိုင်း..
အစောဆုံကွန်မန့်လာရေးပေးတဲ့အစ်မတစ်ယောက်..
ရောက်မလာတာအတော်ကြာသွားတော့...
ဘာများစိတ်ဆိုးသွားလဲမသိဘူးဆိုပြီး စိတ်ပူနေသေးတယ်...
အခုမှပဲ သက်ပြင်းချနိုင်တော့တယ်...
မအားတော့လည်း ဘယ်တတ်နိုင်ပါ့မလဲနော့..
အမတစ်ယောက်အစစ အရာရာအဆင်ပြေစေဗျာ...

pandora said...

လှတယ် မနုစံ
အဲဒါမျိုးလေးတွေ များများလုပ်ပါ
ပန်းအလှပြင်သင်တန်း တက်တော့ တက်ဖူးတယ်

Layma said...

မ..ရေ..လက်တွဲဖော်ရေးပြီး ပျောက်သွားလို့... ဒီက... စိတ်တွေပူနေတာ... အဟီး...။

တော်ပါသေးရဲ.့..ပြန်တွေရတာ...။ ပန်းဗူးက လှလိုက်တာ...။ ဂျပန်ကလူတိုင်း ပန်းထိုးတတ်တယ်နော်...။ လေးမ လိုက်ထိုးကြညိ့ဦးမယ်...။ ရရင် ကိုသင်္ကြန်နဲ့ မောင်မျိုးကို အမြတ် ၁၀ ဆတင်ပြီးသွားရောင်းမယ်...။ ကောင်းလား...။

ThuHninSee said...

လှလိုက်တာ

Anonymous said...

မနုစံရေ...
တစ်ချိန်ကတော့ အီကေဘားနား ကို အလွန်
စိတ်ဝင်စားခဲ့ဘူးပါတယ်။ YMCA မှာဖွင့်တဲ့ သင်တန်းတွေလဲ တက်ခဲ့ဘူးတယ်။ အခုတော့လဲ ဘ၀အနေ အခြေတကျဖြစ်ဖို့  ကြိုးစားရင်း အလှအပရေးရာတွေနဲ့  ဝေးနေ ခဲ့တာကြာလှပေါ့။ ဘုရားပန်းအိုးတစ်အိုးကိုဘဲ မညှိုးမနွမ်း ဝေေ၀ဆာဆာ လေးဖြစ်အောင် သတိထားနေရတယ်။ မနုစံရဲ့  Post ကိုဖတ်ပြီး ဒီ Weekend ကျရင်တော့ အဲဒီလို ပန်းဘူးလေးတစ်ခုလောက် လုပ်ကြည့်ဖို့  စိတ်ကူးနေတယ်။ Post လေးအတွက် ကျေးဇူးပါ မနုစံရေ...

nu-san said...

ကိုသင်္ကြန်၊ မောင်မျိုး>> ကောင်မလေးကို လက်ဆောင်ပေးဖို့ ဆိုရင် အမက ပြန်ပြီး လက်ဆောင်ပေးပါ့မယ်။ အရင်ဆုံး ကောင်မလေးတွေနဲ့ မိတ်ဆက်ပေးနော်.. :P

Thyda>> Really?? Thanks.. :)

မုတ်သုန်>> ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်... အမ ဘာမှ စိတ်မဆိုးပါဘူး။ တကယ်ကို မအားလို့ပါ။ :D

ပန်ဒိုရာ>> မပန်က ပန်းအလှပြင်သင်တန်း တက်ဖူးတယ်လား။ အမကတော့ တခါမှ မတက်ဖူးဘူး မပန်ရ.. ရုံးမှာ လုပ်ဖြစ်လို့သာဝင်ပါတာ.. :)

လေးမ>> အင်း.. ညီမလေးရေ.. တစ်ဗူးကို ၁၀ ဆ တင်ပြီးသွားရောင်းသိလား။ အမ အားပေးတယ်.. :D

သုနှင်းဆီ>> အဟီး.. တကယ်ပြောတာလား.. :)

သက်ဝေ>> သက်ဝေက YMCA မှာတောင် သင်တန်းတက်ဖူးတယ်နော်။ ကျမလည်း အရင်တုန်းက တက်မယ်ဆိုပြီး စိတ်ကူးဖူးတယ်။ ခရီးက ဝေးလွန်းလို့.. အခုလည်း ရုံးက ၀ါသနာ တူတဲ့သူတွေ စုပြီး လုပ်ကြတာဆိုတော့ ဘယ်မှ သွားစရာမလိုလို့ လုပ်ဖြစ်တာ။ နို့မို့ဆိုရင် ဘာမှ မလုပ်ဖြစ်ဘူး။ ကိုယ်တိုင်စမ်းလုပ်ကြည့်ပါနော်။ ပြီးရင် blog ပေါ်တင်ပေး။ သက်ဝေလက်ရာလည်း ကြည့်ချင်တယ်။ :)