December 6, 2009

Coffee


[Photo Link]

ကော်ဖီဆိုတာ ကော်ဖီပင် က ရတဲ့ အစေ့ကို လှော်ပြီး အမှုန့်ဖြစ်အောင် ကြိတ်၊ ရလာတဲ့ ကော်ဖီမှုန့် ကို ပုံစံအမျိုးမျိုးလုပ်ပြီး သောက်ကြတယ်လို့ ကျမ သိထားပါတယ်။ Caffeine ဓာတ်ပါလို့ လူကို လန်းဆန်း တက်ကြွစေပါတယ်။ များများသောက်မိရင်တော့ ရင်တုန်ပြီး အိပ်လို့ မရဘူးဆိုတာ ကိုယ်တိုင်လည်း ခံစားဖူးတယ်။ အင်္ဂလိပ် စကားလုံး Coffee ကိုပဲ မြန်မာတွေက “ကော်ဖီ” ဆိုပြီး တိုက်ရိုက်မွေးစား ခေါ်ဝေါ်သုံးစွဲကြတယ်။ စစ်မဖြစ်ခင်က ရုပ်ရှင်ကားတွေ ကြည့်ရင် အဲဒီခေတ်တုန်းက ကော်ဖီကို “ကာဖီ” လို့ ခေါ်တာ ကြားဖူးပါတယ်။ ဂျပန်မှာတော့ ကော်ဖီကို ကိုးဟီ (コーヒー) လို့ ခေါ်ကြတယ်။

*****

ကျောင်းပြီးလို့ အလုပ်မ၀င်ခင်အချိန်အထိ ကျမ ကော်ဖီကို စွဲစွဲမြဲမြဲ မသောက်တတ်ဘူး။ ငယ်ငယ်တုန်းကတော့ ကျမတို့ အဒေါ်က နွားနို့ များများနဲ့ တစ်ခါတလေ ဖျော်တိုက်တတ်တယ်။ ဒါပေမယ့် ကော်ဖီသောက်ရတာထက် နွားနို့ကြီးပဲ သောက်ရတာ ပိုများပါတယ်။ အဲဒီအချိန်တုန်းက သောက်ရတဲ့ကော်ဖီက လက်ရွေးစင် ကော်ဖီမှုန့်ကို နို့ဆီနဲ့ သကြားနဲ့ ဖျော်ထားတာဆိုတော့ ကော်ဖီမှုန့်တွေ အောက်မှာ အနယ်ထိုင်မှ သောက်လို့ရတယ်။ နို့မို့ဆို အနယ်တွေနဲ့ သောက်မကောင်းဘူး။ နောက်ပိုင်းတော့ အိမ်မှာလည်း ကော်ဖီမဆောင် ထားဖြစ်တော့ဘူး။ ဧည်သည်လာရင်တောင် ရေနွေးကြမ်းနဲ့ပဲ ဧည့်ခံဖြစ်တယ်။ အရေးကြီးတဲ့ ဧည့်သည်မျိုးဆိုရင်တော့ အိမ်ဘေး လက်ဖက်ရည်ဆိုင်က မှာပြီး ဧည့်ခံလိုက်တာပါပဲ။

၂၀၀၀ ခုနှစ်မှာ အလုပ်လုပ်ဖြစ်တော့ ကုမ္ပဏီရဲ့ အချိန်ဇယားအရ မနက် ၉ နာရီ မှာ အလုပ်လာ၊ နေ့လည် ၁၂ နာရီကနေ ၁ နာရီအထိ ထမင်းစား နားပြီး၊ နေ့လည် ၃ နာရီခွဲကနေ ၄ နာရီ အထိက Tea Time ပါ။ ဒါကြောင့် မနက် ရုံးလာပြီဆိုရင် နေ့လည် Tea Time မှာ စားဖို့ မုန့်တွေ ဘာတွေ ယူလာဖြစ်တယ်။ ထမင်းချိုင့်အပြင် ကော်ဖီသောက်ဖို့ ခွက်လည်း ယူလာခဲ့ရတယ်။ အခုနေ ပြန်တွေးကြည့်တော့ ရီတော့ ရီရသားပဲ။ ခြင်းတောင်း ကိုယ်စီနဲ့ ခြင်းတောင်းထဲမှာ မုန့်ဘူးရယ်၊ ကော်ဖီသောက်ဖို့ ခွက်ရယ် ထမင်းချိုင့်နဲ့ဆိုတော့ မူကြိုကလေးတွေ ကျောင်းသွားသလိုပဲ။ ကိုယ့်နာမည်ကို ကဒ်ထူစာရွက်ပေါ်မှာ ရေးပြီး ခြင်းမှာ မကပ်ထားတာ တစ်ခုပဲ ကွာတယ်။

အလုပ်စ၀င်တုန်းကတော့ Tea Time မတိုင်ခင်မှာ ရုံးဝန်ထမ်းတွေက ကော်ဖီဖျော်ဖို့ ရေနွေး ဓာတ်ဘူးကြီး ၂ ဘူးနဲ့ အပြည့်တည်ထားပေးပြီး အလွယ်တကူ ဖျော်သောက်လို့ရအောင် Ready Made ကော်ဖီထုပ်တွေ ထားပေးထားတယ်။ ယောင်္ကျားလေးအများစုက အပြင်ထွက်ပြီးပဲ လက်ဘက်ရည်ဆိုင် ထိုင်ကြတယ်။ ကျမတို့ကတော့ ရုံးက ထုတ်ပေးတဲ့ ကော်ဖီပဲ ဖျော်သောက်ကြပြီး သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တာ ပိုများပါတယ်။ အဲဒီတုန်းက သောက်ရတာက Super Coffee Mix။ နောက်ပိုင်း Super Coffee Mix က ဈေးကြီးလို့လား မသိဘူး Mikko ၊ Gold Roast ၊ Super One တံဆိပ်တွေ ပြောင်းသောက်ရတယ်။ အဲဒီအချိန်တုန်းက Mikko တို့ Gold Roast တို့ကလည်း ကြော်ငြာအားကောင်းနေချိန်ပေါ့။ ပြီးတော့ Tea Mix ထုပ်တွေနဲ့ မျှပေးပါသေးတယ်။ နာမည်တော့ မမှတ်မိတော့ဘူး။

ဒီလိုနဲ့ ရုံးမှာ ၃ နှစ်လောက်ကြာလာတော့ ကော်ဖီသောက်ဖို့အတွက် ရေနွေးကို ကိုယ့်ဘာသာကိုယ် တည်ရတဲ့ အပြင် သောက်ရတဲ့ ကော်ဖီကလည်း တခါတလေဆို မကောင်းဘူး။ ဘာတံဆိပ်တွေမှန်းတောင် မမှတ်မိတော့ပါဘူး။ နောက်ပြီး ကော်ဖီချိန်ဆို ကော်ဖီထုပ်ကို ရုံးခန်းမှာ မျက်နှာပူပူနဲ့ သွားပြီး တောင်းရတယ်။ အဲဒါလည်း ကျမတို့က မျက်နှာပူပူနဲ့ တစ်ယောက်တစ်လှည့် သွားတောင်းကြတာပဲ။ Tea Time ကို ရုံးက ပေးတဲ့ ကော်ဖီက ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကော်ဖီသောက်ရင်း ကျမတို့ ကုန်ဆုံးခဲ့ကြတယ်။ အဲဒီ ရုံးမှာ အလုပ်လုပ်ကတည်းက စလို့ ကျမ ကော်ဖီကို စွဲစွဲလန်းလန်းသောက် ဖြစ်ခဲ့တယ် ဆိုလည်း မမှားပါဘူး။ ပြန်တွေးကြည့်မိရင် ရုံးက Tea Time ကို တကယ်လွမ်းမိပါတယ်။ ပြောစရာရှိတာ၊ ဝေမျှစရာရှိတာ ၊ ရင်ဖွင့်စရာရှိတာတွေကို ကော်ဖီသောက်ရင်း သူငယ်ချင်းတွေနဲ့ ပြောဆိုဖြစ်ခဲ့ကြတာပေါ့။ ဒါကြောင့် နေ့လည် နေ့ခင်းများ ကော်ဖီမသောက်ရရင် တစ်ခုခု လိုနေသလို ခံစားရတယ်။ နောက်ဆုံး ရုံးပိတ်ရက် အိမ်မှာပါ သောက်ရအောင် ဆောင်ထားတတ်လာတယ်။

*****

ဂျပန်မှာ အလုပ်လုပ်ရတော့ ဒီမှာက ၃ နာရီခွဲ Tea Time ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကော်ဖီကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ဖျော်သောက်လို့ရပါတယ်။ ရုံးမှာ အမြဲတမ်းထားတာက Brooke's တံဆိပ် ကော်ဖီထုပ်တွေပါ။ အ၀ါရောင်နဲ့ အပြာရောင် ရှိပြီး အ၀ါရောင်ကတော့နည်းနည်း အခါး ပေါ့တယ်။ အပြာရောင်ကတော့ အရသာ ပိုပြင်းတယ်။ နောက်ပြီး သကြားချောင်းတွေ နဲ့ Cream ဘူးလေးတွေပါ ပေးထားပါတယ်။ ကိုယ့်စိတ်ကြိုက် ဖျော်ပြီး သောက်လို့ရတာပေါ့လေ။ ဂျပန်တွေကတော့ အဲဒီ ကော်ဖီကို သကြားနဲ့ Cream မထည့်ပဲ ဒီအတိုင်း ရေနွေးနဲ့ဖျော်ပြီး သောက်လေ့ရှိကြတယ်။ ကျမကတော့ အဲဒီ ကော်ဖီ အရသာကို သိပ်မကြိုက်လှပေမယ့် ရုံးမှာက ဒီတံဆိပ်ပဲ ရှိတာမို့ ဒါပဲ အလွယ်တကူ ဖျော်သောက်ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကော်ဖီသောက်တတ်တဲ့ အကျင့်က ပါနေတော့ ရုံးမှာ ထမင်းစားပြီး နေ့လည်ဘက်ဆို ကော်ဖီတခွက်လောက် ဖျော်သောက်လိုက်ရမှ အဲဒီနေ့အတွက် နေသာတော့တာပါပဲ။




ကော်ဖီကို ၈ နှစ်နီးပါး နေ့တိုင်းလိုလို သောက်နေရာကနေ သမီးလေး ကိုယ်ဝန် ရှိလာတော့ ကော်ဖီသောက်လို့ မရတော့ပါဘူး။ သူများတွေ ကော်ဖီသောက်ရင် ကျမလည်း အရမ်းသောက်ချင်ပေမယ့် Caffeine ဓာတ်ပါလို့ ကိုယ်ဝန်ဆောင်သည်တွေ မသောက်သင့်ဘူးလို့ ဆိုထားလေတော့ မသောက်ဖြစ်ခဲ့ဘူး။ ဒါကြောင့် ရုံးမှာ ထမင်းစားပြီးရင် အာသာပြေ သစ်သီးဖျော်ရည် တစ်ခုခု အစားထိုးပြီး သောက်ဖြစ်ခဲ့တယ်။ ကော်ဖီကိုလည်း စိတ်က မပြတ်နိုင်သေးတာမို့ တရက် ကလေးပစ္စည်းတွေရောင်းတဲ့ဆိုင် မှာ ကိုယ်ဝန်ဆောင်သည်တွေအတွက် Nescafe ကနေ Caffeine-Less ကော်ဖီ ရောင်းတာ တွေ့လို့ ၀ယ်လာဖြစ်ခဲ့ပါတယ်။ Caffeine-Less ကော်ဖီဆိုတာ ဘယ်လို အရသာမှန်း မသိတော့ အဲဒီကော်ဖီကို သောက်လိုက်ရင် ရိုးရိုး ကော်ဖီသောက်ရသလိုပဲ အာသာပြေသွားမယ်၊ အရသာ ရှိမှာပဲလို့ ထင်ခဲ့မိတယ်။ တံဆိပ်ကလည်း Nescafe ဆိုတော့ သိပ်တော့ မညံ့လောက်ပါဘူး ဆိုပြီး တွေးမိတာလည်း ပါတာပေါ့လေ။ တကယ်တမ်း သောက်ကြည့်တော့ အဲဒီ ကော်ဖီက ဘာအရသာမှ မရှိဘူးပဲ။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ Caffeine-Less ဆိုမှတော့ တကယ့် ကော်ဖီ လို ဘယ်အရသာ ရှိနိုင်ပါ့မလဲ။ ဈေးကြီးကြီး ၀ယ်လာပြီး အခုတော့ ကိုယ်ဘာသာကိုယ်ပဲ နှမြောပြီး ကျိတ်မှိတ် သောက်နေရတယ်။ အမျိုးသားကို မြည်းကြည့်ပါလား ဆိုပြီး တိုက်လိုက်တာ သူကတော့ မျက်နှာကြီး ရှုံ့မဲ့ပြီး "awful" တဲ့လေ။ ပြီးတော့ပြောသေးတယ်။ ဒီလောက် အရသာမရှိတဲ့ ကော်ဖီ ကို မသောက်ပါနဲ့လားတဲ့။



*****

ကိုယ်ဝန်စရှိကတည်းက သောက်နေကျ ကော်ဖီကို မသောက်ဖြစ်တော့တာ အခုထိပဲ ဆိုပါတော့။ တခါတလေတော့လည်း သောက်ချင်လွန်းလို့ အမျိုးသားအတွက် အိမ်မှာဖျော်ပေးရင်း ၁ စွန်း ၂ စွန်း မြည်းတယ်လို့ အမည်ခံပြီး နည်းနည်း တို့မိလိုက်သေးတယ်။ ၁ စွန်း ၂ စွန်းထက်တော့ ပိုပြီး မသောက်ရဲပါဘူး။ သမီးလေး မွေးပြီးသွားရင်လည်း ကော်ဖီသောက်လို့ရမယ်မထင်ဘူး။ သေချာတာက သမီးလေး အမေနို့ကို မစို့တော့တဲ့ အချိန်မှ ကော်ဖီပြန်သောက်ဖြစ်မယ်ထင်ပါရဲ့။


ဒီဇင်ဘာ ၀၆၊ ၂၀၀၉။

28 comments:

PAUK said...

ကော်ဖီကို အထက်တန်းကတည်းကသောက်ပါတယ်။။
၉တန်းလောက်က ဆရာမတစ်ယောက်အိမ်မှာ သွားနေလိုက်တော့..အဲ့ဆရာမအိမ်က မနက်ဆို ထမင်းပူပူလေးကို ပဲပြုပ်နဲ့ ဆီဆမ်း နဲ့ ကော်ဖီ တိုက်ကျွေးပါတယ် ။။ မေမြို့ထွက်ကော်ဖီသီးကို
သူတို့ကိုယ်တိုင် အခြောက်လှမ်းပြီး လှော်ပြီး ကြိတ်ထားတဲ့ ကော်ဖီမှုန့်ပါ ။။ နွားနို့ရောတိုက်ပါတယ် ။။
အဲ့ဒီကတည်းက ကော်ဖီစွဲတာ အခုထိပါပဲ..။။
ချန်းကိုယ်ဝန်တုန်းက လျှော့သောက်တယ်။
မဖြတ်ခဲ့မိဘူး။။
အတော်ဆိုးတဲ့အမေ။။

nyimuyar said...

Sis, What a beautiful mindset for your daughter, bravo.

subuueain said...

ကော်ဖီကို ခါးစိမ့်စိမ့်လေးဖျော်သောက်ရတာ အရမ်းကြိုက်တယ်။ ကျန်းမာရေး ဂရုစိုက်နော်မ။ သမီးလေး နို့ ဖြတ်မှ အတိုးချပြီးပြန်သောက်ပေါ့ :-)

khin oo may said...

ဟုတ်ရဲ့လားဟယ်။

Anonymous said...

ကိုယ်ဝန်ဆောင်ရင် ကော်ဖီလုံးဝမသောက်ရဘူးလားဟင်။း(
မေမေ့တုန်းကလဲ လျော့သောက်တယ်..မဖြတ်ဘူး။ ပေါက်လိုပဲ ဆိုးတယ်
ဟီဟိ။
Up to 300mg of caffeine ဆို သောက်လို့ရတယ်ဆို။
နုစံက..ချစ်ဖို့ကောင်းတဲ့မေမေပဲ။ သမီးလေးလာဖို့ နီးနေပြီလား။
mm

ပုံရိပ် said...

ကော်ဖီကြိုက်တဲ့ နေရာမှာတော့ တူတယ်။ decaf ကော်ဖီ နည်းနည်းတော့ သောက်လို့ ရမယ် ထင်တယ်။ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် သမီးလေး အတွက် ရှောင်ပေးတာ လေးစားပါတယ်။

~ဏီလင်းညို~ said...

သူများပြောတာတော့ ကြားဖူးတယ်...၊ ဟုတ်မဟုတ်တော့သိဘူးဗျာ...။ ကော်ဖီကို..တစ်နေ့နှစ်ခွက်ထက်ပိုမသောက်သင့်ဘူးတဲ့...။ ကျွန်တော်ကတော့ တစ်ခါတစ်လေ...သုံးခွက်လောက်ဖြစ်ဖြစ်သွားတတ်သေးတယ်...။
(ကော်ဖီရဲ့ သားကောင်..စစ်စစ်ပေါ့ဗျာ...။ အဟဲ...။)
သမီးလေးအတွက်....အကြိုက်ကို စွန့်လွှတ်နိုင်တဲ့ အမကို..လေးစားမိတယ်...

ခင်မင်တဲ့
ဏီလင်းညို

WWKM said...

နုနုရေ..

နေကောင်းတယ်ဟုတ်.
အစ်မလည်း အပျင်းထူနေတာ..နုနုကို သတိရနေမိတယ်.ဘယ်တော့ မွေးမှာလဲမသိဘူးလို့တွေး
နေတာလေ..
အစ်မလည်း ကော်ဖီ အရမ်းကြိုက်.
အရင်က တစ်နေ့ ၃ခွက်လောက်သောက်ဖြစ်ပေမယ့်
ခုတော့ တစ်နေ့တစ်ခွက်ပဲလျှော့သောက်တော့တယ်.

ကျန်းမာပျော်ရွှင်ပါစေ.
သတိရလို့ အလည်လာသွားတာပါ။

ဝါ

ချစ်ကြည်အေး said...

ညီမ နုစံရေ မိဘမေတ္တာဆိုတာ....အဲဒါ အဲဒါ...၊ အမကတော့ ကော်ဖီ လဖက်ရည် ဘာမှသောက်လို့ မရဘူး ၊ တခါတလေ ဖြစ်စမ်းကွာ ဆိုပြီး သိရက်နဲ့ မိုက်မဲစွာ သောက်လိုက်မိရင် သွားပြီ....အဲဒီ့ တနေ့လုံး..၊ ရင်တုန် လက်တုန်နဲ့ ဘာမှကို လုပ်မရ၊ လူလဲ ဘယ်လိုမှ နေမရ ဖြစ်ရော၊ ဒါလဲပဲ မမှတ်ဘူး...တခါတလေအနံ့လေးမွှေးလာရင်....အင်း....ကလောက်ကလောက် နဲ့ ဖျော်မိပြန်ရော....။
ီညီမ နုစံ ရော ဗိုက်ထဲက သမီးလေးပါ ကျန်းမာပါစေ....။

လုလု said...

သမီးလေးရဲ့ မေမေနုနုရေ
သမီးအတွက် အရမ်းကြိုက်တဲ့ ကော်ဖီကိုတောင် ဖြတ်နိုင်တဲ့ မေမေ့ကို အရမ်းဂုဏ်ယူတာပဲ။ သမီးလေးရော မေမေရော ကျန်းမာပျော်ရွှင်ပါစေနော်။
ချစ်တဲ့
မမလု

မြရွက်ဝေ said...

ညီမက ကော်ဖီ လုံးဝမရဘူး အမရေ။ ကြိုက်လဲ မကြိုက်ဘူး။ သူများအိမ် သွားလည်လို့ ဖျော်တိုက်ရင် အားနာပါနာ သောက်ရပေမယ့် အဲဒီတနေ့လုံး ရင်တုန်ပန်းတုန်နဲ့ ညအိပ်ရေးပျက်ပြီသာမှတ်ပဲ။ ကော်ဖီခါးခါးဆို ပိုဆိုး။ လက်ဖက်ရည်တော့ ကြိုက်တယ်။ ဆိုင်ကလို ပျစ်နှစ်နေတာမျိုးမဟုတ်ဘူး။ အမေဖျော်တဲ့ နို့မှုန့်များများ အိမ်ဖျော်လေးမှ။ ကိုယ့်ဘာသာ ကျိုပြီးဖျော်တာ အရသာမတူလို့ Royal Tea အမှုန့်ထုပ်ဘဲ ဝယ်ပြီး နွားနို့နဲ့ ဖျော်သောက်တော့တယ်။

khun said...

မရေ
အလည်ပြန်လိုက်လာတာပါရှင်။
ကလေးလေးပုံတအားချစ်ဖို့ကောင်းတယ်ဟုတ်..
ဝယ်ချင်တာ အချိန်မရခဲ့လို့လေ...

ကော်ဖီကတော့ ခွန်လဲကြိုက်တယ်။
တခါတလေ တနေ့ သုံးခွက်လောက်
သောက်မိတယ်။

အရမ်းအေးလာပြီဆိုတော့
မ လဲကျန်းမာရေးဂရုစိုက်နော်။

သမီးလေးရော မရော ကျန်းမာပါစေ။

ခွန်သဒ္ဒါ

မီယာ said...

တို့ အမေတော့ မွေးခါနီး အထိကို ကော်ဖီတွေ သောက်နေတာတဲ့... မွေးရလွယ်တယ် ဆိုပဲ... အဲ့ဒါကြောင့်လား မသိ တို့လည်း ကော်ဖီ အရမ်းကြိုက်တယ်

နေသစ် said...

ကျွန်တော်ကတော့ ကော်ဖီသောက်တိုင်း မင်းကိုလွမ်းတယ်ကို ဆိုတုန်း။ အဆင်ပြေချမ်းမြေ့ပါစေဗျာ

JuneOne said...

လိမ္မာလိုက်တဲ့မေမေ။ဒီမှာတော့ ခုပြနေတဲ့ OG က အုန်းသီး၊နာနတ်သီး ပေးမစားဘူး။သားလေးတုန်းကလည်းဒီလိုပဲ။
ဒါပေမယ့် သူ့အဖေ လစ်တာနဲ့ တွယ်တာပဲ။အုန်းနို့ခေါက်ဆွဲ၊
အုန်းထမင်း။ကော်ဖီ ကတော့ ကြုံရင်သောက်တယ်။မကြုံရင်မသောက်ဘူး။
သိပ်မသောက်ဖြစ်ဘူး။အခုတို့ ပြနေတဲ့ OG က အဲဒီ့ ၂မျိုးကို သူ့လူနာတွေကိုတင်းတင်းကျပ်ကျပ်တားမြစ်တယ် မစားဖို့။

Anonymous said...

မနုရေ....ရုံးမှာကော်ဖီသောက်ခါနီး ရေနွေးတစက်မှ မရှိလို့ ဒေါသတွေထွက်ပြီး ရတဲ့အချိန် နာရီဝက်မှာ ရေနွေးဆူအောင်၂၅မိနစ် လောက်စောင့်ရတာတွေလည်း ရေးဦးလေ။ အခြားသူတွေက အောက်က အပိုဒ်ကို ပိုပြီးစိတ်ဝင်စားကြပေမဲ့ တို့ကတော့ အပေါ်က အပိုဒ်ကိုပဲ ၂ခါပြန်ဖတ်ပြီးလွမ်းသွားတယ်။ Hm

့်Home Sweet Home said...

အမ nu-san ရေ

ကလေးရောမိခင်ရောကျန်းမာတယ်နော်။ ကျွန်တော်ကတော့အစကတည်းကကော်ဖီကိုမကြိုက်လို့ မသောက်ဖြစ်ဘူး။ ရေနွေးကြမ်းကတော့ကြိုက်လို့ သမီးကိုယ်ဝန်တုန်းကနှစ်နှစ်ခြိုက်ခြိုက်ကိုသောက်ဖြစ်တယ်။

Moe Cho Thinn said...

မမြင်ဖူးသေးခင်တောင် ဒီလောက်ချစ်ပြီး ကိုယ်ကြိုက်တာတွေ ရှောင်နေတာ.. ကလေးလေးများ ထွက်လာရင် ဘယ်လောက်များ ချစ်မှာပါလိမ့်..

ကြည်ကြည်နူးနူး တွေးမိသွားတယ်။

သက်ဝေ said...

သိပ်ချစ်စရာကောင်းတဲ့ မေမေပဲ...
ဒါပေမယ့် ညီမရေ...
တန်ဆေး လွန်ဘေး ဆိုသလိုပေါ့... အတန်အသင့်တော့ သောက်လို့ရပါတယ်.. အပြင်းစားတွေ အများကြီး မသောက်ဖြစ်ရင် ပြီးတာပါပဲ...။
ဆရာဝန်တွေက ပူတာတွေ စပ်တာတွေကိုသာ အဓိကထားပြီး ရှောင်ခိုင်းတာ မဟုတ်ဖူးလား...
ရက်နီးရင် ပြောပါအုံး ညီမရေ... ဆုတောင်းပေးနေမယ်...

Taungoo said...

တောင်ငူ ကော်ဖီမှုန့်တွေကော ဖျော်သောက်ဖြစ်လား အမ။ ကျွန်တော်တော့ ပါလာသေးတယ်။
"ဖိုးလမင်း" "ပဒေသာ" "ရွှေခရား" မွှေးနေတာပဲ။

Moe Cho Thinn said...

ညီမလေး နုရေ
မိခင်ရော၊ ကလေး နဲ့ ကလေးအဖေ ပါ ပျော်ရွှင် ကြည်နူးတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ပြီး လိုတရ တဲ့ နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
မေတ္တာတွေ လာပို့တယ်နော်..

တန်ခူး said...

နုရေ… အမကတော့ ကံကောင်းသွားတယ်ထင်တယ်… အစားအသောက်ထဲမှာ ကော်ဖီကို အမုန်းဆုံးဆိုတော့ ထူးရှောင်စရာမလိုတော့ဘူးပေါ့နော်… မွေးပြီးရင် ကလေးမျက်နှာလေးမြင်ရတော့ ဒီထက်ပိုမယ်နုရေ… အမကတုန်းက သားကို အမေနို့ တိုက်တာဆိုတော့ မီးတွင်းထဲမှာ အမေသောက်ခိုင်းတဲ့ မီးမကင်ဆေးတွေ သားကို ထိမှာကြောက်လို့ ဆို ဘာတခုမှ မသောက်ဘူးလေ.. အမေကတော့ ကလေးမွေးပြီးမှ ချူချာတဲ့အမကို အဲဒါကြောင့်ဆို ခုထိဆူတုန်း… နေကောင်းလားညီမရေ…

နှစ်သစ်မှာ မေမေသစ်သစ်လေး ချစ်တဲ့မိသားစုလေးနဲ့ အတူ ကျန်းမာရွှင်လန်းပါစေလို့ …

blueskyforest said...

အခုမှရောက်ဖူးတာပါ။ ရေးတာတွေက ယဉ်ယဉ်ကျေးကျေးနဲ့ စိတ်ဝင်စားစရာ။
နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေဗျား။
(စကားမစပ်)
ဂျပန်က ယာခူဇာတွေအကြောင်း
သိသလောက်ဖေါက်သည်ချပါဦး။
ကိုဘေးငလျှင်တုန်းက အစိုးရထက်
သူတို့က ပိုအားကိုးရတယ်ဆိုပဲ။
ယာခူဇာဆိုင်ရာစီးပွါးရေးနဲ့ အနုပညာတေ
ွကလည်းစိတ်ဝင်စားဖို့ကောင်းဆိုပဲ။

မောင်မျိုး said...

အစ်မရေ ကော်ဖီလာသောက်တယ်ဗျ ။



မတွေ့တာတော်တော်ကြီးကိုကြာပြီနော် ကျနော်သတိရပါတယ် နေကောင်းကြတယ်ဟုတ် ။

မြရွက်ဝေ said...

\(*^ー^)/*【♪おめでとう♪】*\(^ー^*)/ 

ချစ်ကြည်အေး said...

ညီမနုစံရေ...အမလာနှုတ်ဆက်တာ...သမီးလေးရော ညီမပါ နေကောင်းတယ်ဆိုလို့ ဝမ်းသာရတယ် တနင်္ဂနွေ သမီးပေါ့နော်...နားအုံး ညီမရေ နောက်မှ သမီးလေး ပုံတင်ပေးအုံးနော် အစစ အဆင်ပြေပါစေ...ညီမရေ....:))

Moe Cho Thinn said...

သတင်းကောင်းရလို့ လိုက်လာတာ..
ဝမ်းသာတယ် ညီမရေ.. မိသားစု ပျော်တပြုံးပြုံး ဖြစ်နေမှာပေါ့။ ထပ်တူ ကြည်နူးသွားပါတယ် ညီမလေး နုရေ..တနင်္ဂနွေသမီးဆို သိပ်အေးချမ်းမှာ..။

Anonymous said...

ဝမ်းသာတယ်ခင်ဗျ၊ဒီစာမှာ မိခင်မေတ္တာကိုအထင်းသားတွေ့ရပါတယ်။
ဲငြိမ်းစိုးဦး