***
တခြား Blog တွေမှာလည်း ဖက်ထုပ်ကြော် လုပ်နည်းရှိပြီးသား ဖြစ်မှာပါ။ ဒီဟာကတော့ ဆရာမတွေနဲ့ ပါတီလုပ်ခဲ့တာလေးကို ပြောပြချင်တာရယ် နောက်တမျိုး ဂျပန်စတိုင်လေးပေါ့။ ဆရာမတွေ ရောက်လာတော့ အနီးနားမှာရှိတဲ့ Super Market မှာ လိုအပ်တာတွေ သွားဝယ်ပြီး ဖက်ထုပ်ကြော် လုပ်ဖို့ စပြီး ပြင်ဆင်ကြတာပေါ့။ လိုအပ်တဲ့ ပစ္စည်းတွေက လူ ၆ ယောက်စာမို့လို့ ၀က်သားအကြေ ၂ ဗန်း၊ ပုဇွန်ဗန်းသေး ၁ ဗန်း (ပုဇွန်က မထည့်လည်းရပါတယ်။ ထည့်တော့လည်း ပိုစားလို့ကောင်းတာပေါ့။) မုန်ညှင်းဖြူထုပ် ၁ စိပ် ၊ ကြက်သွန်ဖြူမိတ် ၁ စည်း၊ ဖက်ထုပ်ရွက် ၈၀၊ ကော်မှုန့်နည်းနည်း၊ ဖက်ထုပ်ကြော်နဲ့တို့စားဖို့ ပဲငံပြာရည်အကြည်၊ ရှာလကာရည်၊ ငရုတ်အဆီတို့ပါပဲ။ ကိုယ့်ဘာသာကိုယ် အိမ်မှာ လုပ်စားတော့ စားလို့ကောင်းတဲ့အပြင် Ready Made တွေလို ပိုးသတ်ဆေးပါမှာတို့၊ အထားခံအောင် ထည့်တဲ့ဆေးပါမှာတို့ မစိုးရိမ်ရဘူးပေါ့။
ကြက်သွန်ဖြူမိတ်နဲ့ မုန်ညှင်းဖြူထုပ်။
ဖက်ထုပ်ကြော်နဲ့တွဲစားတဲ့ ရှာလကာရည်၊ ငရုတ်အဆီ၊ ပဲငံပြာရည်အကြည်။
စစချင်း မုန်ညှင်းထုပ်ကို ပါးပါးလေးတွေ လှီးပါတယ်။ လှီးပြီးသား မုန်ညှင်းရွက်တွေကို ဆားနဲ့နယ်ပြီး အရည်တွေ ညစ်ထုတ်ပစ်လိုက်တယ်။ အဲဒါပြီးရင် ကြက်သွန်ဖြူမိတ်ကို ပါးပါးလှီးပြီး ပန်းကန်တစ်လုံးထဲ သပ်သပ်ထည့်ထားပါတယ်။ ပုဇွန်ကျောက အူကြောင်းကို ဖယ်ပြီး ညှီနံ့ပျောက်အောင် ရေသေချာဆေးရပါတယ်။ ပြီးမှ အတုံးလေးတွေ တုံးထားလိုက်ပါတယ်။ ဇလုံအကြီးထဲကို ၀ယ်လာတဲ့ ၀က်သား ၂ ဗန်းရယ်၊ ဂျင်းနည်းနည်း၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆားနည်းနည်း၊ ကော်မှုန့်ထည့်ပြီး သေချာ နယ်ပါတယ်။ နောက်ပြီး ဂျပန်ဆရာမက ဟင်းချက် အရက်နည်းနည်းထည့်ဖို့ပြောတယ်။ ဒါပေမယ့် အိမ်မှာက ဟင်းချက်အရက် မသုံးတာနဲ့ သောက်ဖို့ ၀ယ်လာတဲ့ ဂျပန်အရက် နည်းနည်း ထည့်ပြီး နယ်လိုက်တာပါ။ (လက်သေချာမဆေးထားရင်တော့ နည်းနည်းလေး ငန်နေမှာပေါ့နော်. :P) ပြီးမှ ၀က်သားနယ်ပြီးသားထဲကို စောစောက ဆားနဲ့နယ်ထားတဲ့ မုန်ညှင်းရွက်ရယ်၊ ကြက်သွန်ဖြူမိတ် လှီးထားတာရယ်၊ ပုဇွန်လှီးထားတာရယ် တခါတည်း ထည့်နယ်လိုက်တော့ ဖက်ထုပ်ကြော်ထဲ ထည့်ဖို့ အစာ ရသွားတာပေါ့။
ဖက်ထုပ် စထုပ်မယ်ဆိုတော့ ဆရာမက အိမ်က ထမင်းစားပွဲခုံလေးကို သေချာသုတ်ခိုင်းပါတယ်။ ပြီးတော့ စားပွဲပေါ်မှာ ကော်မှုန်နည်းနည်း ဖြူးချလိုက်ပြီး ဖက်ထုပ်ရွက်တွေကို တစ်ခုချင်းစီ ခုံပေါ်စီပြီး ဖြန့်ထားလိုက်ပါတယ်။ ကော်မှုန့်မသုံးရင် ကပ်ကုန်မှာစိုးလို့ပါ။ ပြီးတော့မှ အဲဒီ အရွက်တွေပေါ်ကို အသားနည်းနည်းချင်းစီထည့်ပြီး ထုပ်ရတာပါ။ အားလုံး ထုပ်ပြီးသွားမှ ဒယ်အိုး(non sticky)ထဲကို ဆီနည်းနည်းထည့်ပါတယ်။ ဆီပူလာမှ ဖက်ထုပ် ထုပ်ပြီးသားတွေ ဒယ်အိုးထဲ ဆန့်သလောက် ထည့်လိုက်တယ်။ တအောင့်နေလို့ ဖက်ထုပ် အောက်နားက ညိုလာပြီဆိုရင် ရေနည်းနည်းလေးထည့်ပြီး အုပ်ထားလိုက်ယုံပါပဲ။ ရေခန်းလို့ ကျက်ပြီဆိုရင် ပဲငံပြာရည်အကြည်၊ ရှာလကာရည်နည်းနည်း၊ အစပ်ကြိုက်ရင် ငရုတ်အဆီထည့်ပြီး တို့စားယုံပဲ။ ကျမတို့ကတော့ အဲဒီနေ့က ရာသီဥတု သာယာတာနဲ့ အိမ်မှာ ဖက်ထုပ်တွေ အားလုံးပြီးအောင်ထုပ်ပြီးမှ အိမ်ရှေ့ က မြစ်ကမ်းပါးပေါ်မှာ ကြော်စားခဲ့ကြတာပါ။
***
“အမ ဂျပန်မုန့်တွေ မစားရတာ ကြာပြီနော်” လို့ ပြောသွားတဲ့ မောင်မျိုး နဲ့ အတူ Blog ကို လာလည်တဲ့သူငယ်ချင်းအားလုံးအတွက်ပါ။ အခုဖက်ထုပ်ကြော်ကတော့ ဂျပန်ဆရာမလုပ်ပြီး အမနှမ်းဖြူးထားတဲ့ လက်ရာပေါ့။ နောက်တစ်ခါမှ ကိုယ်တိုင်လုပ်ပြီး ကျွေးမယ်နော်။
ဖက်ထုပ်ထဲထည့်ဖို့ ၀က်သားနယ်ထားပြီးသား။
ဖက်ထုပ်ရွက်ပေါ်ကို ၀က်သားနည်းနည်းချင်းဆီ လိုက်ထည့်ပါတယ်။
ဘေးနားမှာ ရေခွက်ထားထားပြီး ဖက်ထုပ်ရွက် တခြမ်းကို ရေအရင်ဆွတ်ပြီးမှ အရွက်ကို စထုပ်တာပါ။
ဒါတွေကတော့ ထုပ်ထားပြီးသားပေါ့။ အားလုံးဝိုင်းလုပ်ကြတာမို့ ပုံစံမျိုးစုံနဲ့ သိပ်မလှဘူး။ ဗိုက်ထဲရောက်သွားတော့လည်း လှတာ မလှတာ မသိတော့ဘူးပေါ့နော်.. :)

ဆိုင်မှာစားရင် ဒီလိုပုံစားရတာပေါ့။ (ဓာတ်ပုံကို ဒီနေရာမှ ယူပါသည်။)
မေ ၁၊ ၂၀၀၈။






