October 18, 2010

သမီးလေး ၉ လပြည့်


သမီးလေးရဲ့ လစဉ် ကိုယ်အလေးချိန်နဲ့ အရပ်ကို ဆွဲထားတဲ့ Graph

မေမေ့သမီးလေးလည်း ဘာလိုလိုနဲ့ ၉ လတောင်ပြည့်သွားပြီနော်။ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ပေါင်ချိန်တော့ သမီးလေးရဲ့ ကိုယ်အလေးချိန်က ၇.၅ ကီလိုနဲ့ အရပ်က ၆၉.၅ စင်တီမီတာဖြစ်လာပြီ။ ၆ လပြည့်ပြီးတဲ့ နောက်ပိုင်းမှာ သမီးရဲ့ တိုးတက်မှုတွေက အရမ်းကို မြန်လာတယ် လို့တောင် ပြောလို့ရတယ်။ အဓိက သမီးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လှုပ်ရှားမှုတွေပါပဲ။ ကိုယ်အလေးချိန်ကတော့ တစ်လကို အကြမ်းအားဖြင့် ၃၀၀ ဂရမ်လောက်ပဲ တက်တယ်လို့ ပြောလို့ရတာပေါ့။ နောက်ပြီး သမီးလေးမှာ အပေါ်သွား ၂ ချောင်းနဲ့ အောက်သွား ၂ ချောင်းလည်း ပေါက်နေပြီ။ သွားပေါက်တော့ သွားဖုံးယားလို့ ဟိုဟာမြင်လည်း ကိုက်ချင် ဒီဟာမြင်လည်းကိုက်ချင်နဲ့လေ။ သွားပေါက်လာတော့ သမီးလေးကို နည်းနည်း မာတဲ့ အစားတွေ ထည့်ကျွေးရင် ၀ါးစားတတ်လာတယ်။

*****

သမီးကို မေမေက ကြမ်းပြင်ပေါ်မှာပဲ ဒီအတိုင်း ပစ်ထားတာ များလို့လား မသိဘူး။ မှောက်တတ်ပြီးတဲ့ နောက်ပိုင်း တွားသွားတာ၊ ထိုင်တာ၊ လေးဘက်ထောက်တာ၊ မတ်တပ်ရပ်တတ်တာတွေကို ဆက်တိုက် ဆိုသလို သမီးလေး လုပ်နိုင်လာတယ်။ စပြီး တွားသွားတတ်တော့ ၆ လကျော်လောက်ကပေါ့။ အစပိုင်းတော့ ဝေးဝေးလံလံ သွားတာ မဟုတ်ပါဘူး။ အိပ်ယာပေါ်တင်ပဲ ခေါင်းရင်းသွားလိုက်၊ ခြေရင်းသွားလိုက်နဲ့ပဲ။ သိပ်မကြာဘူး အိပ်ခန်းနဲ့တွဲတဲ့ မီးဖိုဆောင်ဘက် အထိကို ကူးပြီး သွားတတ်လာတယ်။ နောက် တဖြည်းဖြည်းချင်း အားယူပြီး ထိုင်ဖို့ကြိုးစားတော့တာပဲ။


သမီးလေးအတွက် အမှတ်တရ (၇ လကျော်)

တပတ်ကျော်လောက်ပဲ ကြာပါတယ်။ သမီးလေး ကောင်းကောင်းထိုင်တတ်သွားတယ်။ ၈ လ မပြည့်ခင်မှာ ခုံကို ကိုင်ပြီး မတ်တပ်ရပ်နိုင်နေပြီ။ ထမင်းစားခုံ၊ တီဗွီခုံလိုမျိုး အပြင် မေမေ့ အနောက်ကနေ ထမီကို အားယူ ကိုင်ပြီး မတ်တပ်ရပ်နိုင်လာတယ်။ မတ်တပ်ရပ်လို့ ညောင်းလာရင်လည်း ပြန်ထိုင်ချတတ်တယ်။ အရင်တုန်းကတော့ အဖွားကြီး ပေါက်စလေးလိုပဲ ထိုင်တာ ထတာတွေက တုန်ချိ တုန်ချိနဲ့လေ။ ကောင်းကောင်းလဲ မထိုင်တတ် မထတတ်တဲ့အပြင် ကိုယ့်ကိုကိုယ်လည်း မထိန်းနိုင်တော့ လဲတာလည်း ခဏခဏပေါ့။ အဲဒါဆိုတော့ သမီးလေးမှာ ကြမ်းပြင်နဲ့ ခေါင်း စောင့်မိရတာနဲ့၊ ကြမ်းပြင်နဲ့ နဖူး နဲ့ စောင့်မိရတာနဲ့ ထမင်းစားခုံနဲ့ ခေါင်းကို စောင့်မိရတာနဲ့ စုံနေတာပါပဲ ။

မတ်တပ်ရပ်နိုင်ပြီး ၁၀ ရက်လောက်ကြာတော့မှ လေးဘက် ထောက်တတ်သွားတယ်။ အဲဒီနောက်ပိုင်း သမီးက တစ်နေရာရာကို သွားချင်ပြီဆို သွားချင်တဲ့နေရာကို လေးဘက်ထောက်သွားလိုက်၊ ရောက်ပြီဆို ထိုင်ချလိုက်၊ ပြီးရင် အနားက တစ်ခုခု ကိုင်ရင်း အားယူပြီး မတ်တပ်ရပ်လိုက်နဲ့ အတော်ကို ဟုတ်နေတာပါ။ အခုဆို သမီးလေးဟာ အိမ်ရဲ့ အခန်းတော်တော်များများကို လျှောက်သွားတတ်နေပြီလေ။ တစ်ခန်းလုံး လျှောက်သွားတတ်နေပြီဆိုတော့ မေမေသွားတဲ့နောက်ကို တကောက်ကောက် လေးဘက်ထောက်ပြီး လိုက်တယ်။ မေမေ့ကို မတွေ့ရင် ငိုမဲ့မဲ့မျက်နှာလေးနဲ့ လိုက်ရှာနေတတ်တယ်။ အသံကြားရာဆီ အထိ လိုက်လာပြီး မေမေ့ကို တွေ့သွားပြီ ဆိုရင်တော့ မျက်နှာလေးက ပြုံးပြီး ရီနေတာများ သွားငုတ်တုတ်လေးတွေပါ မြင်ရတယ်။ နောက်ပြီး လှေကားထစ်လိုမျိုး အဆင့်နိမ့်နိမ့်လေးတွေကိုလည်း ကြိုးစားပြီး တက်နိုင်သလို ဆင်းတော့လည်း ဖြေးဖြေးချင်း အားယူပြီး ဆင်းနိုင်နေပြီ။

ဒီရက်ပိုင်းအတွင်း အတတ်ဆန်းလာတာက ထမင်းစားခုံကို သမီးရဲ့ ဗိုက်ကလေးနဲ့ ထောက်ပြီးဖြစ်ဖြစ်၊ တင်ပါးလေးနဲ့ မှီပြီးဖြစ်ဖြစ် မတ်တပ်ရပ်တာလေ။ မေမေတို့ရဲ့ ထမင်းစားခုံလေးကလည်း နိမ့်တာကိုး။ အဲဒါအပြင် ထမင်းစားခုံပေါ်အထိပါ တက်မယ် လုပ်နေလို့ မနည်းပဲ လိုက်ဆွဲနေရတယ်။ ထမင်းစားခုံကို ကိုင်ထားရင်းနဲ့ ခြေလှမ်း နည်းနည်းချင်းစီ လှမ်းပြီး လမ်းလျှောက်ကျင့်နေပြီ။ နောက်ပြီး သမီးလေးက ကိုင်ထားတဲ့ ခုံကို လက်လွတ်ပြီး မတ်တပ်ရပ်တာကို စ ကျင့်နေပြီ။ အကြာကြီးတော့လည်း မရပ်နိုင်သေးပါဘူး။ ဒီပုံစံအတိုင်းဆို သိပ်မကြာခင်မှာ သမီးလေး လမ်းလျှောက်တတ်တော့မယ် လို့ ထင်ရတာပါပဲ။

နောက်တစ်ခုက သမီးရဲ့ လက်လှုပ်ရှားမှုလေးတွေပေါ့။ လက်တွေကို မြှောက်ပြီး ဆော့တယ်။ သမီးရေ "ချိုမိုင်မိုင်" လို့ ပြောလိုက်ရင် လက်ချောင်းလေးတွေကို ဆုပ်လိုက်ဖြန့်လိုက်နဲ့ လုပ်ပြတတ်တယ်။ စိတ်ပါတဲ့နေ့ဆို ပါပါး ရုံးသွားခါနီးရင် "တာတာ့" ပြပြီး နှုတ်ဆက်တတ်တယ်။ အခုတလောတော့ ရွှေလက်ခုပ်ကို တော်တော်သဘောကျနေပုံပဲ။ သဘောကျစရာ ရီစရာ တွေ့မြင်ရရင် လက်ခုပ်ကလေး တီးပြီးကို အားရပါးရ ရီတာလေ။

၈ လကျော်လာတဲ့ နောက်ပိုင်း သမီးက တချို့စကားလုံးတွေကို အသံထွက်တတ်လာတယ်။ သမီးကို မေမေက "ပါပါး" ဆိုပြီး ပြောပြလိုက်ရင် သမီးကပါ "ပါပါး" ဆိုတာကို ပီပီသသ အသံထွက်တတ်နေပြီ။ အဓိပ္ပာယ်တော့ သမီး သိပုံမရပါဘူး။ ဒါကြောင့် ပါပါးက သူ့ကိုယ်သူ လက်နဲ့ ပုတ်ပြီး "ပါပါး" လို့ သင်ပေးနေရတယ်။ နောက်ပြီး "ပါ" တို့ "ဘာ" တို့လို အသံထွက်တွေကို သမီးပါးစပ်ကနေ ရွတ်နေတတ်တယ်။ အိပ်ချင်လို့ပဲဖြစ်ဖြစ် အမေကို မတွေ့လို့ ငိုရင်ပဲဖြစ်ဖြစ် "အမေရေ.. မေမေရေ" လို့ အော်ခေါ်နေသလိုမျိုး ပါးစပ်ကနေ အော်နေတတ်တယ်။ တစ်ခါတလေလည်း သမီးလေး ပါးစပ်က ၀ူးဝူးဝါးဝါးနဲ့ ဘာတွေ ပြောနေမှန်းမသိအောင် စကားတွေ ပြောနေတတ်ပြန်တယ်။ ပြီးတော့ လူကြီးတွေကို ဂျစ်တိုက်ချင်ရင် အသံစူးစူးလေးနဲ့ "အား" ဆိုပြီး ကုန်းအော်တတ်တယ်။

သမီးလေး တွားသွားတတ်လာပြီဆိုကတည်းက သမီးလေး အန်းမက မေမေ့ကို သတိပေးတယ်။ ပစ္စည်းတွေကို အရင်လို လက်လွတ်စပယ် မထားဖို့၊ ဒီအရွယ်ဟာ လူကြီးမမြင်တဲ့ ပစ္စည်းကို ကလေးတွေက အမြင်စူးရှပြီး ပါးစပ်ထဲ နှာခေါင်းထဲ ကောက်ထည့်တတ်တဲ့ အရွယ်ဖြစ်လို့ သမီးလေးကို အရင်ကထက် ပိုဂရုစိုက်ဖို့ ၊ ပိုက်ဆံအကြွေတွေကို သမီးလေး မမြင်အောင် ထားဖို့ သေချာမှာရှာတယ်။ သမီးလေး အန်းမ သတိပေးတဲ့ အတိုင်းပါပဲ။ သမီးက တွေ့သမျှ မြင်သမျှကို ပါးစပ်ထဲ ကောက်ထည့်တယ်။ လျှာနဲ့ လျက်ကြည့်တယ်။ ပြီးရင် တမြုံ့မြုံ့နဲ့ ၀ါးစားနေရော။ စာရွက်တွေ၊ တစ်ရှုးတွေကို သမီးက အရမ်းကြိုက်တယ်။ အဲဒါတွေနဲ့ ဆော့နေရမယ်ဆို အသံမထွက်ပဲကို ငြိမ်ပြီးဆော့တာ။ နောက်ပြီး ပလပ်ခေါင်းတွေ၊ ၀ါယာကြိုးတွေကိုလည်း အထူးအဆန်းအနေနဲ့ စိတ်ဝင်တစား ကိုက်ပြီး ဆော့တတ်တယ်။ ဒါကြောင့် သမီးလေး အရမ်းငြိမ်နေရင်လည်း မေမေ့မှာ သတိထားပြီး ကြည့်ရသေးတယ်။



*****

အခုနောက်ပိုင်း သမီးလေးဟာ အရမ်းစပ်စုချင်လာတယ်။ စူးစမ်းတာတွေလည်း များလာတယ်။ သမီးက ကိုင်ဖူးတဲ့ ပစ္စည်းလား မကိုင်ဖူးသေးတဲ့ ပစ္စည်းလားဆိုတာ ကောင်းကောင်းခွဲခြားတတ်တယ်။ မကိုင်ဖူးသေးတဲ့ ပစ္စည်းဆို သမီးအတွက် အထူးအဆန်းတွေဖြစ်ပြီး နှစ်ရက်လောက်က အဲဒီ ပစ္စည်းလေးနဲ့ အလုပ်ရှုတ်ပြီး ငြိမ်နေတတ်တယ်။ အဲဒါပြီးရင် ရိုးသွားလို့ သိပ်စိတ်မ၀င်စားတော့ဘူး။ သမီးလေး ကိုင်ဖူးတဲ့ ပစ္စည်း ဆိုရင်တော့ တချက်လောက် ကြည့်ပြီး ဖတ်ခနဲဆို ကောက်လွှင့်ပစ်လိုက်တာ။ နောက်ပြီး ခုံပေါ်တင်ထားတဲ့ ပစ္စည်း၊ စင်ပေါ်တင်ထားတဲ့ ပစ္စည်းတွေကိုလည်း လက်လှမ်းမီသမျှ အကုန်အောက်ဆွဲချတယ်လေ။ ဒါကြောင့် မေမေတို့လည်း စာအုပ်၊ စက္ကူနဲ့ သမီးအတွက် အန္တရာယ်ဖြစ်စေနိုင်မယ့် ပစ္စည်းတွေ မှန်သမျှ သမီးလေး မမြင်အောင် ကာထား ဖွက်ထား ရတာပေါ့။

တီဗွီက ကြော်ငြာအစီအစဉ်ကိုလည်း သမီးက ကြိုက်မှ ကြိုက်ပဲ။ ထမင်းစားရင်း ကြော်ငြာလာလို့ကတော့ ဘယ်မှလည်း လှည့်မကြည့်ဘူး။ မေမေ့ကိုလည်း ဂရုမစိုက်ဘူး။ မျက်တောင်မခတ်ပဲ တီဗွီကို စိုက်ကြည့်နေတာ။ အဲဒီအချိန် မေမေက ထမင်းခွံ့ချင်လို့ ဇွန်းက သမီးလေး ပါးစပ်နား ရောက်လာရင်တော့ ပါးစပ်လေးကို ဟ ပေးလိုက်တယ်၊ မျက်လုံးကတော့ တီဗွီမှာပဲ။ တစ်ခါတလေ မေမေ့လက်က သမီးကို ကွယ်မိသွားရင် လက်ကို ပုတ်ထုတ်တယ်လေ။ ကွယ်နေတယ် ဖယ်ပေး ဆိုတဲ့သဘောပေါ့။ အဲဒါ ကြော်ငြာ ပြီးတော့မှ အာရုံက တခြားကို ပြောင်းတော့တယ်။ နောက်ပြီး မေမေ့ပေါင်ပေါ်မှာ မှေးမှေးအိပ်ရင်းက ကြော်ငြာလာတဲ့အသံကြားရင် ချက်ချင်းကို ခေါင်းထောင်ပြီး ကြည့်တယ်။ ကြော်ငြာပြီးတာနဲ့ ဖုတ်ခနဲ ခေါင်းကို ပစ်လှဲချပြီး ချက်ချင်း အိပ်ပျော်သွားပြန်ရော။ သမီးက ကြော်ငြာနဲ့ ရိုးရိုး အစီအစဉ်ကို ခွဲခြားတတ်တာ မေမေနဲ့ပါပါးက လက်ဖျားခါရတယ်။ ဘယ်လိုမှတ်ထားလဲတော့ မသိဘူး။ ကြော်ငြာလာပြီဆို ရောက်နေတဲ့ နေရာကနေ ခေါင်းပြန်ပြီး လှည့်ကြည့်တာမျိုး၊ တီဗွီရှေ့ကို တွားသွားပြီး ကြည့်တာမျိုး၊ ဆိုဖာပေါ်ကနေ ဖားလေးလို ကုန်းပြီး ကြည့်တာမျိုးလည်း ရှိသေးတယ်။ သဘောကျတဲ့ ကြော်ငြာလာလို့ကတော့ ဂျပန်စကားပဲ နားလည်သလိုလို ဘာလိုလိုနဲ့ လက်ခုပ်ကလေး တီးရင်း သဘောတွေကျပြီး ရီတောင် ရီနေလိုက်သေးတယ်။



သမီးက တချို့ဟာတွေဆို သင်မပေးပဲ သူ့ဘာသာသူ တတ်လာတာမို့ လူကြီးတွေက အံ့သြရတယ်။ မှတ်မှတ်ရရ မေမေ့မွေးနေ့မှာ သမီးက မေမေ့ပါးကို နှာခေါင်းလေးနဲ့ ရွှတ်ကနဲ ဆိုပြီး စ နမ်းတယ်လေ။ မျက်နှာကို သေချာ ကိုင်ပြီး နမ်းတာမို့ မေမေ့မှာ သမီး နမ်းတတ်တာမှ ဟုတ်ရဲ့လားလို့တောင် အံ့သြမိတယ်။ ဒါကြောင့် သေချာအောင် နောက်တစ်ခါ ထပ်လုပ်ခိုင်းတော့ သမီးက ပြန်လုပ်ပြရှာတယ်။ သမီးရဲ့ ပထမဆုံးအနမ်းက ပါပါးရော မေမေပါ ဘယ်လောက်ပျော်ပြီး ကြည်နူးရသလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ နောက်ပိုင်းတော့ သမီးက လူလည်လေး ဖြစ်သွားပြီ။ "သမီးရေ kiss ပေးပါဦး" ဆို စိတ်ပါမှပဲ ပေးတော့တယ်။ စိတ်မပါရင်တော့ မေမေတို့ မျက်နှာနား ကပ်လာပြီးမှ ခေါင်းလေးကို ချာကနဲ နေအောင် တဖက်ကို လှည့်ပစ်လိုက်တယ်လေ။ စိတ်မထင်ရင်တော့ မေမေ့ မျက်နှာနားအထိ ကပ်လာပြီး နှာခေါင်းကို ဆတ်ခနဲ ကိုက်ပစ်လိုက်တာ။ ဒါပေမယ့် မှန်ရှေ့ရောက်ရင်တော့ မှန်မှာ ပေါ်တဲ့ ကိုယ့်မျက်နှာကို ကြည့်ပြီး သဘောကျလို့ တရွှတ်ရွှတ်နဲ့ မှန်ကို ကုန်းပြီး နမ်းရတာ အမော။

*****

နောက်ပြီး သမီးက မအိပ်ခင်ဆို အရမ်းဆော့တာ။ ၆ လ မတိုင်ခင်ကတော့ မေမေက သီချင်းဆို သိပ်လိုက်ရင် သိပ်မကြာဘူး သမီးလေး အိပ်ပျော်သွားရော။ အခုနောက်ပိုင်းတော့ အိပ်ဖို့ အိပ်ယာပေါ်ရောက်ရင် သမီးက နှစ်ပတ် သုံးပတ်လောက် စိတ်ကြိုက် လှိမ့်လိုက်သေးတယ်။ ပြီးတော့ ဟိုနားလျှောက်သွား၊ ဒီနားလျှောက်သွား၊ လျှောက်ဆော့နဲ့ အားရအောင် ဆော့ပြီး မောတော့မှ အိပ်ပျော်သွားတော့တယ်။ အိပ်ရင်လည်း အရင်လို ငြိမ်ငြိမ်မအိပ်တော့ဘူးလေ။ အိပ်ရင်းနဲ့ လူးလိမ့်နေတာ အိပ်ယာတစ်ခုလုံး သမီးအတွက် ပေးထားရတဲ့ နေရာက ပိုများတယ်။ နောက်ပြီး အိပ်ယာက နိုးတာနဲ့ ချက်ချင်း ကုန်းထပြီး ထိုင်တော့တာပဲ။ အဲဒီအခါမျိုးမှာ မေမေက သမီးလေးကို လှဲချပေးပြီး ပြန်အိပ်ခိုင်းရတယ်။ နို့မို့ဆို သမီးက ပြန်မအိပ်တော့ပဲ လျှောက်ဆော့နေတာ မေမေပါ ထပြီး သမီးကို စောင့်ကြည့်ရတယ်။

အခုဆို သမီးကို အင်္ကျီလဲပေးရတာ၊ nappy လဲပေးရတာ အရမ်းခက်တာပဲ။ သမီးက အငြိမ်မှ မနေတော့တာကိုး။ သမီးကို nappy လဲပေးဖို့ ဆိုဖာပေါ်လှဲချလိုက်ရင် ချက်ချင်းပြန်မှောက်ပြီး ကုန်းထတော့ ဘာမှ လုပ်လို့မရဘူးပေါ့။ အဲဒါဆိုတော့ မေမေက သမီးလေး မတ်တပ်ရပ်လျက်က nappy လဲတတ်အောင် ကြိုးစားရတော့တယ်။ အဲဒါမှမဟုတ်လည်း သမီးကို ပစ္စည်း တစ်ခုခု ပေးဆော့ထားပြီး ခပ်မြန်မြန် လဲပေးရပြန်တယ်။ တစ်ခါတလေလည်း သမီးကို ပါးစပ်ထဲ ရသမျှ ကဗျာတွေ ရွတ်ပြပြီး အာရုံပြောင်းရင်းက လဲပေးရတယ်။ နောက်ပြီး သမီးက မကျေနပ်ဘူး၊ မကြိုက်ဘူးဆို အော်ငိုပြီး ကိုယ်ကြီးကို ကော့ထိုးတတ်တာမို့ သတိထားရသေးတယ်။

*****

မွေးခါစတုန်းကလည်း လသားအရွယ် နီတာရဲလေးမို့ စိတ်ပူရသလို အခု ၉ လအရွယ်ရောက်ပြန်တော့လည်း သမီးလေး ချော်လဲမှာ၊ ခေါင်းနဲ့ ကြမ်းပြင် စောင့်မိမှာ၊ မျက်နှာနဲ့ ခုံစောင်းနဲ့ ရိုက်မိမှာ၊ မျက်လုံးနဲ့ အချွန်တခုခုနဲ့ သွားထိုးမိမှာ၊ ခုံပေါ်အားယူတက်ရင်း ပြုတ်ကျမှာ စသည်ဖြင့် မေမေတို့မှာ သမီးကို စိတ်ပူရပြန်တယ်။ တတ်နိုင်သလောက် သမီးကို လိုက်ကြည့်ပေးပြီး အနာတရ မဖြစ်အောင် ဂရုစိုက်နေပေမယ့် အချိန်ပြည့် မကြည့်နိုင်တော့လည်း သမီးလေးမှာ ထိခိုက်ဒဏ်ရာတော့ ရတာပါပဲ။ ဒါပေမယ့် သမီးလေး အခုလို ကျန်းကျန်းမာမာနဲ့ လစဉ် ပုံမှန် ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်ရတော့ ပူပင်တာတွေလျော့ပြီး စိတ်သက်သာရပြန်တယ်။

ဒီကြားထဲ သမီးလေးက အမေကို မျက်စေ့အောက်က အပျောက်မခံတော့ တစ်ခါတလေ မေမေ့မှာ စိတ်ရော လူပါ ပင်ပန်းတယ်လို့ တွေးမိတယ်။ အဲဒီအတွေးကလည်း သိပ်မကြာလိုက်ပါဘူး၊ သမီးလေးရဲ့ ခိုးခိုးခစ်ခစ် ရီမောသံလေးတွေ၊ ချစ်စရာ အပြုအမူလေးတွေအောက်မှာ အားလုံးပျောက်ဆုံးကုန်ပြီး ပင်ပန်းခဲ့သမျှ အမောတွေ ပြေကုန်တာပါပဲ။

အောက်တိုဘာ ၁၈၊ ၂၀၁၀။

October 8, 2010

Flower Arrangement - Sep 30, 2010



ပန်းအလှပြင်တာနဲ့ပတ်သက်ပြီး ရေးစရာစာကြွေး ၃ ပုဒ်တောင် ရှိနေပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ၊ ဒီဇင်ဘာ နဲ့ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှာ လုပ်ဖြစ်ခဲ့တဲ့အကြောင်းတွေပါ။ ၂၀၀၉ ခုနှစ်က လုပ်ဖြစ်ခဲ့တာတွေကိုတော့ ဓာတ်ပုံပြန်ရှာရဦးမှာမို့ ဖြည်းဖြည်းချင်းမှ ပြန်ရေးပြီး တင်ပေးပါ့မယ်။
အခုရေးမှာက စက်တင်ဘာလ ၃၀ ရက်နေ့တုန်းက လုပ်ဖြစ်ခဲ့တာပါ။ ၂၀၁၀ ခုနှစ်ထဲမှာ ကျမအတွက် ပထမဆုံး ပန်းအလှပြင်ဖြစ်တယ် လို့လည်း ပြောလို့ရပါတယ်။ ရုံးမှာတော့ ဖေဖော်ဝါရီနဲ့ မေလမှာ ပန်းအလှပြင်ပွဲတွေ ဆက်တိုက် လုပ်ဖြစ်ပေမယ့် ကျမ မပါဝင်ဖြစ်ခဲ့ဘူး။ အခုတစ်ခါ ပန်းအလှပြင်တာက ရုံးအနေနဲ့တော့ ၃၅ ကြိမ်မြောက် ဖြစ်ပြီး ကျမအတွက်တော့ ၁၁ ကြိမ်မြောက်ပါ။

*****

ပါဝင်တဲ့ ပစ္စည်းတွေကတော့ ပုံမှာ ပြထားသလိုပါပဲ။ ပန်းတွေကတော့ နှင်းဆီပန်း ပန်းဆီရောင် အပွင့်ကြီး ၃ ပွင့်၊ နှင်းဆီအဖူး အပွင့်သေး ၄ ပွင့်၊ ရွှေရောင်စိမ်ထားတဲ့ ပန်းအခြောက် လက်တစ်ဆုပ်၊ ကြက်သွေးရောင် စိမ်ထားတဲ့ ပန်းခြောက်အခက် ၂ ခက်၊ အညိုရင့်ရောင်လဲ့လဲ့လေးတွေ ပါတဲ့ ပန်းအခြောက် ၁ ခက် တို့ ပါ ပါတယ်။


ပန်းဘေးကနေ ရံပြီး အလှဆင်တဲ့ ပစ္စည်းတွေကတော့ ခရမ်းရောင် အလုံးလေး ၆ လုံး၊ ရွှေရောင် အသည်းလေး တစ်ခု (အသည်းကိုတော့ ကိုယ်ကြိုက်နှစ်သက်ရာ အရောင်ရွေးလို့ရပါတယ်။)၊ ဖဲကြိုး အကြီး အ၀ါရောင် နိုင်လွန်ဇာနဲ့ ၁ ခု၊ ရွှေအိုရောင် ဖဲကြိုး အသေး ၁ ခု၊ ရွှေအိုရောင် အလုံး ၂ လုံး (အရောင် လက်လက်တစ်ခု၊ မှိန်တာ တစ်ခု)၊ ပန်းခြင်း၊ ဖော့တုံး၊ နောက်ပြီး နန်းကြိုးမျှင်ရယ် ကော်စက္ကူရယ် လည်းလိုပါသေးတယ်။ Halloween နားနီးနေတာကြောင့် ပန်းပြင်တော့လည်း ပန်းအရောင်တွေကို ခပ်မှိုင်းမှိုင်းသုံးပြီး ပြင်ထားပါတယ်။ ဒီတကြိမ်မှာလည်း ပန်းအခြောက် (preserved flowers) တွေနဲ့ လုပ်ရတာမို့ အချိန်အရမ်းကြာပါတယ်။



အရင်ဆုံး ဖဲကြိုးအကြီးကို ပန်းအိုးအရွယ်နဲ့တိုင်းပြီး အ၀ိုင်းပုံစံဖြစ်အောင်လုပ်ယူပါတယ်။ ဖဲကြိုးရဲ့ အနားနှစ်ဘက်မှာ နန်းကြိုးမျှင် ပါတာမို့ တစ်ဖက်မှာ ရှိတဲ့ နန်းကြိုးမျှင်ကို အသားလေး ဆွဲစုပြီး ကိုယ်လိုချင်တဲ့ အတိုင်းရပြီဆို အစ နှစ်ဘက်ပူးချည်လိုက်တာပါပဲ။ ပြုတ်မထွက်အောင် ကော် (မီးအပူပေးထားတဲ့ ကော်ချောင်း) နဲ့ ကပ်ယူလိုက်ပါတယ်။



ပြီးရင် စောစောက လုပ်ထားတဲ့ ဖဲကြိုးအ၀ိုင်းကို ပန်းခြင်းထဲမှာ သင့်သလို နေရာချပါတယ်။ ဖဲကြိုးအ၀ိုင်းရဲ့အလယ်ခေါင်မှာ ဖော့တုံးကို ထည့်လိုက်ပါတယ်။ ပန်းခြင်းကို ကြည့်လိုက်ရင် အလယ်က ဖော့တုံးမပေါ်အောင် ဖဲကြိုးခံပြီး ဘေးက ကာထားတဲ့သဘောပါ။ ပန်းခြင်းထဲမှာ ဖဲကြိုးနဲ့ ဖော့တုံးကို စိတ်ကြိုက်ပြင်ပြီးပြီဆိုရင် နေရာမရွေ့သွားအောင် ကော်နဲ့ ကပ်ပါတယ်။ အဲဒါဆိုရင် ပန်းခြင်းအပိုင်းက ပြီးသွားပါပြီ။



ပန်းခြင်းထဲမှာ ထိုးမယ့် ပန်းအဆုပ်၊ အခက်တွေကို ထုံးစံအတိုင်း အခက်အသေးတွေဖြစ်အောင် ညှပ်ပြီး နန်းကြိုးနဲ့ ချည်ပါတယ်။ ပြီးမှ အပေါ်က တိပ်နဲ့ ကပ်ပါတယ်။ နှင်းဆီပန်းအပွင့်သေး ၂ ပွင့်နဲ့ ခရမ်းရောင် ပုလဲလုံး ၆ လုံးကိုလည်း ပန်းအခက်တွေလိုပဲ နန်းကြိုးနဲ့တွယ်ပြီး တိပ်နဲ့ကပ်ထားပါတယ်။



ကျမကတော့ စောစောက လုပ်ခဲ့တဲ့ ပန်းအခက်လေးတွေထဲက တချို့တ၀က်ကို တဆင့်ချင်းဆီ တိပ်နဲ့ကပ်ပြီး အောက်မှာ ပြထားသလိုမျိုး ပန်းအခက်ကြီး ပုံစံရအောင် ပြင်ယူပါတယ်။ အဲဒီလို ပန်းခက်မျိုး ၂ ခက် လုပ်ထားပါတယ်။ ပန်းအခက်ကြီးကို ၁ ခက်ပဲ လုပ်တဲ့သူရှိသလို လုံးလုံး မလုပ်တဲ့သူလည်း ရှိပါတယ်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပေါ့။



ပြီးရင် ပန်းအခက်ကြီး ၂ ခက်ကို ပန်းခြင်းရဲ့ ကိုင်းနားမှာ ကပ်ပြီး ဖော့တုံးမှာ ထိုးစိုက်ပါတယ်။ ပန်းအခက်က ပန်းအိုးကိုင်းမှာ တွယ်နေသလိုမျိုး ဖြစ်အောင် ပန်းခြင်းကိုင်းမှာလည်း ကော်နည်းနည်း သုပ်ပြီးမှ ပန်းခက်ကို ကပ်လိုက်တာပါ။


ပန်းအခက်တွေ အားလုံး ပြင်ဆင် ပြီးသွားရင် နှင်းဆီပန်းတွေကို ဖော့တုံးမှာ အရင် ထိုးစိုက် နေရာချပြီးမှ ဘေးက အရံပန်းတွေ လိုက်ဖြည့်ထိုးလိုက်တာပါပဲ။ နောက်ဆုံးကျမှ အသည်းပုံကို ပန်းခြင်းအလယ်မှာ တွဲလောင်းလေး ချိတ်လိုက်ပါတယ်။ တချို့ကတော့ အသည်းကို ပန်းအိုးထဲ ထည့်ပြီး ပြင်ကြတယ်။ ဒီပန်းခြင်းလေးက စင်ပေါ်မှာ တင်ထားလို့ရသလို ချိတ်နဲ့ ချိတ်ပြီး တွဲလောင်းထားလို့လည်း ရပါတယ်။ စာရေးထားတာကို ဖတ်ရတာထက် ဓာတ်ပုံကြည့်လိုက်ရင် ပိုပြီး မြင်လွယ်မယ်လို့ ထင်ပါတယ်။


ဒီပုံက ကျမ ပြင်ထားတာပါ။


ဒါကတော့ ဆရာမပြင်ထားတာ။ ဆရာမ သုံးတဲ့ ပန်းရော ပန်းအိုးရောက ကျမတို့ သုံးတာနဲ့ မတူပါဘူး။


ဒီပုံကတော့ ရုံးက တစ်ယောက် ပြင်ထားတာပါ။ အားလုံးကို ယှဉ်ကြည့်လို့ရအောင် တခြားသူတွေရဲ့ လက်ရာကိုပါ တင်ပေးလိုက်ပါတယ်။

အောက်တိုဘာ ၉၊ ၂၀၁၀။

September 13, 2010

သမီးဖတ်ဖို့ (၂၀၀၉ ခုနှစ် ဇွန်-ဇူလိုင်လ)

ဇွန်လ ၈ ရက် ကျတော့ ပါပါးနဲ့ မေမေလည်း ဆေးရုံက ဆရာမလေး ပြောတဲ့အတိုင်း ရပ်ကွက်ရုံးမှာ "မိခင်နဲ့ ကလေး မှတ်တမ်း စာအုပ်" နဲ့ "discount coupon" စာအုပ်တွေ သွားထုတ်လာခဲ့တယ်။ ရပ်ကွက်ရုံးက ပေးလိုက်တဲ့ စာရွက်စာတမ်းတွေကတော့ အများကြီးပါပဲ။ တချို့စာရွက်တွေက ကလေးမွေးပြီးမှ သုံးရမှာတွေလည်း ပါတယ်။ ဘယ်စာရွက်ကို ဘယ်တော့၊ ဘယ်လို သုံးရမလဲ ဆိုတာ ရပ်ကွက်ရုံးက ၀န်ထမ်းတစ်ယောက်က မေမေတို့ကို သေချာ ရှင်းပြပေးတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်သည်တွေ အတွက် ဖွင့်ထားတဲ့ သင်တန်းတွေကို အချိန်ရရင် လာတက်ကြည့်ဖို့လည်း မှာလိုက်သေးတယ်။ သင်တန်းတွေက အလကား တက်ရပေမယ့် မေမေလည်း ရုံးချိန်ဖျက်ပြီး သွားရတာ အဆင်မပြေတာမို့ မတက်ဖြစ်ခဲ့ဘူး။

နောက်ပြီး သမီးလေး ကိုယ်ဝန်စရှိကတည်းက သွားနေကျ ဂျပန်စာ သင်တန်းကျောင်းလည်း မသွားနိုင်တော့ပဲ နားလိုက်ရတယ်လေ။ ကျောင်းက စာသင်ချိန် ၃ နာရီဆိုတော့ ထိုင်ရတာ အရမ်းပင်ပန်းပြီး စနေနေ့တစ်ရက်က ဘယ်လို ကုန်သွားမှန်း မသိလိုက်ရဘူး။ တနင်္ဂနွေကျပြန်တော့လည်း လုပ်စရာရှိတဲ့ အိမ်အလုပ်တွေ လုပ်ရသေးတာ ဆိုတော့ မေမေ့မှာ မနားရဘူး။ ဒါကြောင့် စနေနေ့တော့ ကျောင်းမသွားတော့ပဲ နားလိုက်မယ် ဆိုပြီး အိမ်အလုပ်တွေကို ပိတ်ရက်မှာ ဖြေးဖြေးချင်း ၂ ရက်ခွဲလုပ်လိုက်တော့တယ်။ လုပ်စရာရှိရင် နည်းနည်း ထလုပ်လိုက်၊ မောရင် အိပ်ယာထဲ လှဲနေလိုက်နဲ့ အတတ်နိုင်ဆုံး လူသက်သက်သာသာ ဖြစ်အောင် နေဖြစ်ခဲ့တာပေါ့။

သမီးလေး ကိုယ်ဝန် ၂လကျော် ၃ လထဲမှာ မေမေဖြစ်တာက အရမ်းအိပ်ချင်တာပါပဲ။ အမြဲတမ်း အိပ်ဖို့ပဲ စိတ်ထဲမှာရှိတယ်။ ပင်ပန်းတာ မောတာ ဖြစ်လွယ်တယ်လို့လည်း ခံစားရတယ်။ နည်းနည်းလေး လှုပ်ရှားလိုက်ရင်ကိုပဲ လူက မောပြီး နှုံးနေရော။ သမီးကိုယ်ဝန် ရှိပြီဆိုကတည်းက စက်ဘီးလည်း မစီးတော့ဘူး။ ဒါကြောင့် မနက် ရုံးသွားရင် အိမ်ကနေ ဘူတာအထိကို အိပဲ့အိပဲ့ လမ်းလျှောက်နေတာနဲ့တင် အချိန်တော်တော်ကြာတယ်။ ထမင်းစားပြီးရင် မေမေ လမ်းလည်း မလျှောက်ချင်တော့ဘူး။ ရုံးမှာလည်း နေ့လည် နေ့ခင်း ထမင်းစားပြီးရင် အိပ်ငိုက်နေတာ များတယ်။ နောက်ပြီး ဗိုက်ခဏခဏ ဆာတယ်။ အများကြီးလည်း မစားနိုင်တော့ စားချင်တာကို စားနိုင်သလောက် နည်းနည်းချင်းဆီ စားရတာပေါ့။ ဒါကြောင့် ဗိုက်ဆာတာနဲ့ ချက်ချင်း စားနိုင်အောင် ရေနဲ့ ပေါင်မုန့်လို မုန့်မျိုးကို အမြဲဆောင်ထားရတယ်။ အဲဒါတွေကြောင့်လား မသိဘူး မေမေဟာ ကိုယ်ဝန်ဆောင်သည်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ morning sickness ဆိုတာကို မခံစားလိုက်ရဘူး။ မူးခြင်း အန်ခြင်း မရှိတဲ့အတွက် ပုံမှန်မှ ဟုတ်ရဲ့လားလို့တောင် တွေးမိတယ်။ စာအုပ်ထဲမှာ တချို့လည်း morning sickness မဖြစ်ကြဘူး လို့ရေးထားတာ ဖတ်ရတော့မှ စိတ်အေးရတယ်။ နောက်ပြီး မေမေက ရုံးမှာ ထိုင်ရတာ များတော့ ခါးလည်း ခဏခဏ နာတယ်။ ထိုင်ခုံကြောင့်လား ထိုင်တဲ့ပုံစံမမှန်လို့ပဲလားတော့ မသိဘူး။

ကိုယ်ဝန် လနုတုန်းတော့ အစားအသောက်လည်း မပျက်လိုလှဘူး။ ဗိုက်ဆာပြီဆို ဘာပဲ စားရစားရ စားလို့ ရသလို စားလို့လည်း ကောင်းတယ်။အမဲသား ၀က်သားလို အသားတွေ မစားချင်ပဲ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံပဲ စားချင်တယ်။ ဖရဲသီးနဲ့ ရှောက်ချိုသီးကို နေ့တိုင်းနီးပါး ၀ယ်စားဖြစ်ခဲ့တယ်။ ပြီးတော့ အရင်တုန်းက နွားနို့မကြိုက်တဲ့ မေမေဟာ ကိုယ်ဝန်ရှိပြီဆိုကတည်းက နွားနို့ကို နေ့တိုင်း သောက်ဖြစ်ခဲ့တယ်။ ဆေးအနေနဲ့တော့ မြန်မာပြည်က ဆရာဝန်မကြီး သောက်ခိုင်းတဲ့ folic acid ကို မနက်တစ်လုံး ညတစ်လုံး သောက်ပေးတာကလွဲပြီး တခြား ဘာဆေးမှ မသောက်ဖြစ်ခဲ့ဘူး။

ဒီလိုနဲ့ ဇွန်လ ၁၅ ရက်မှာ ရက်ချိန်းအတိုင်း OG ဆရာဝန်နဲ့ ပြဖို့ ဆေးရုံ ထပ်သွားရတယ်။ အဲဒီနေ့က ကိုယ်ဝန် ၁၀ ပတ်နဲ့ ၁ရက်ရှိတဲ့ သမီးလေးရဲ့ အရပ်ဟာ ၃၁.၇ မီလီလီတာ ဖြစ်လာပြီး ၂ ပတ်အတွင်းမှာ တော်တော်လေး သိသာလာတယ်။ ultra sound screen မှာကြည့်တော့ သမီး ကွေးကွေးလေး နေတာကိုလည်း မြင်ရတဲ့အပြင် သမီးရဲ့ ခေါင်းပိစိလေးပါ မြင်နေရပြီလေ။ ဆရာဝန်ကတော့ "ကလေးက ကြီးထွားနှုန်းပုံမှန်ပဲမို့ စိုးရိမ်စရာမရှိဘူး" လို့ မေမေတို့ကို ပြောပြတယ်။ နောက် ၂ ပတ် (ဇွန် ၂၉ ရက်) မှာ တစ်ခေါက် ထပ်လာဖို့ ရက်ချိန်းပေးခဲ့ရတယ်။ နောက်ပြီး မေမေ့ကို ကိုယ်ဝန်အတွက် သွေးဖောက်ပြီး စစ်ခိုင်းတယ်။ ဆေးစစ်တာတွေက များလို့ ဘာတွေစစ်လည်း မေမေလည်း သေချာ မမှတ်မိတော့ဘူး။ ဂျပန်လိုတွေ ရေးထားတာဆိုတော့ ဖတ်ရတာလည်း သိပ်မလွယ်လှဘူးလေ။ ဒါကြောင့် လိုအပ်တာမှန်သမျှ သူတို့ ကြည့်လုပ်ပေးမှာပေါ့ ဆိုပြီး ဆရာဝန် ရေးပေးတဲ့ ဆေးစာရွက်ကိုပဲ သွေးစစ်တဲ့ဌာနမှာ ပေးလိုက်တော့တယ်။

ဇွန်လ ၂၉ ရက်မှာ ဆေးရုံပြန်ပြတော့ သမီးက ၁၂ ပတ်နဲ့ ၁ ရက်ရှိလာပြီး အရပ်က ၆၂ မီလီလီတာ ဖြစ်လာတယ်။ ကိုယ်ဝန် ၁၂ ပတ်ရှိတဲ့အချိန်မှာ ဆရာဝန်က "ကလေးက လှုပ်ရှားတာလည်း ပုံမှန်ပဲ။ ကြီးထွားနှုန်းလည်း ပုံမှန်ပဲမို့ စိတ်ချရတဲ့ အခြေအနေကို ရောက်ပြီ" လို့ ပြောတယ်။ ultra sound result မှာလည်း သမီးရဲ့ လက်လေးတွေ ခြေထောက်လေးတွေ မြင်နေရပြီလေ။ ultra sound ရိုက်တော့ သမီးလေးက လှုပ်နေလို့ ဆရာက "Moving very well" ဆိုပြီး မေမေတို့ကို ရီပြီးပြောပြတယ်။ ဆေးရုံပြတဲ့ အပတ်တိုင်း ultra sound screen က သမီးရဲ့ ပုံရိပ်လေးက တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေ ပါပါးနဲ့ မေမေလည်း ကလေးကို ကြည့်ပြီး ကြည်နူးရလေပဲပေါ့။ ကလေးအခြေအနေစိတ်ချရပြီဆိုတော့ ဆရာဝန်က မေမေ့ကို နောက် ၁ လ (ဇူလိုင် ၂၇ ရက်) နေမှ ဆေးရုံလာဖို့ ရက်ချိန်းထပ်ပေးလိုက်တယ်။

အဲဒီရက်မှာ ဆရာဝန်နဲ့ တွေ့တော့ ပထမတစ်ခါတုန်းက သွေးစစ်တဲ့အဖြေကို ဆရာက ရှင်းပြပေးတယ်။ သွေးစစ်တဲ့အဖြေက အားလုံးကောင်းတဲ့အပြင် ဘာမှ ပြသနာ မရှိဘူးလို့ မေမေတို့ကို ပြောတယ်။ ဒါပေမယ့် မေမေ့ရဲ့ သွေးအမျိုးအစားက "A" သွေး လို့ ဆရာဝန်က ပြောတော့ မေမေက “မဟုတ်ဘူး ငါ့သွေးအမျိုးအစားက မြန်မာပြည်မှာတုန်းက စစ်ထားတာ O သွေး” ဆိုပြီး ပြန်ပြောတာပေါ့။ ဘာလို့လည်းဆိုတော့ မေမေတို့ အသက် ၁၂ နှစ်မှာ မှတ်ပုံတင်လုပ်ဖို့ သွေးစစ်ကို စစ်ရတယ်။ သမီး ဘကြီး (မေမေ့အကို) ရယ်၊ မေမေရယ်က မှတ်ပုံတင် အတူတူ လုပ်တော့ သွေးစစ်တော့လည်း အတူတူ စစ်ရတာ။ အဲဒီတုန်းက ၂ ယောက်စလုံးရဲ့ သွေးအမျိုးအစားကို "O" သွေးဆိုပြီး မှတ်ပုံတင်မှာ ရေးပေးလိုက်ကြတာပဲ။ အခုမှ ဆရာဝန်က "A" သွေးဆိုတော့ မေမေလည်း နှစ် ၂၀ ကျော်လုံးလုံး ကိုယ့်သွေးအမျိုးအစားက "O" သွေးလို့ပဲ သိထားခဲ့တာမို့ ဆရာဝန်ကို “ငါ့သွေးအမျိုးအစားက O သွေး” လို့ပဲ တွင်တွင်ပြောနေမိတယ်။ ဒါကြောင့် ဆရာက သေချာအောင် သွေးအမျိုးအစား နောက်တစ်ခေါက် ထပ်စစ်ခိုင်းလိုက်တယ်လေ။ အခုတစ်ခါ ပြန်စစ်ထားတာကိုတော့ နောက်တစ်လ ရက်ချိန်းကြမှ သိရမှာပဲ။

အဲဒီလိုနဲ့ပဲ မေမေလည်း သမီးရဲ့ ကိုယ်ဝန် ပထမ ၃ လကို တဖြည်းဖြည်း ဖြတ်ကျော်လာနိုင်ခဲ့တယ်။ ကိုယ်ဝန်ဆောင်ချိန် ပထမ ၃ လဟာ မိခင်လောင်း အတွက် အရေးကြီးတဲ့အဆင့်တစ်ခုလို့ ပြောလို့ရတယ် သမီး။ ဒါကြောင့် မေမေဟာ အသွားအလာ အနေအထိုင် အစားအသောက်ကို တတ်နိုင်သလောက် ဆင်ခြင်ခဲ့တာပေါ့။ ဘာလို့လည်းဆိုတော့ ကလေး တစ်ခုခုဖြစ်သွားရင် ဆိုတဲ့ အတွေးတွေက မေမေ့ကို တုန်လှုပ်ခြောက်ခြားစေတယ်လေ။ မေမေတင်မဟုတ်ပါဘူး သမီးရဲ့ အန်းကုန်း၊ အန်းမကလည်း သူတို့ရဲ့ တစ်ဦးတည်းသော မြေးအတွက် အဝေးကနေ စိတ်ပူနေတယ်ဆိုတာ မေမေခံစားလို့ရတယ်။ ဗုဒ္ဓဘာသာအရ ဆိုရင်တော့ ကလေးတစ်ယောက် လူဖြစ်လာဖို့ဆိုတာ ကလေးရဲ့ကံနဲ့ မေမေတို့ရဲ့ကံနဲ့လည်း ဆိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့မဆင်မခြင် ပေါ့ဆမှုကြောင့် ကိုယ့်ရင်သွေးလေး ဆုံးရှုံးသွားရင် မေမေ တသက်လုံး ဖြေနိုင်မယ် မထင်ဘူး။ နောင်တတွေနဲ့ ပူဆွေးနေရတာမျိုးလည်း မဖြစ်ချင်ဘူး။ ဒါကြောင့် မေမေ လုပ်နိုင်သလောက် တတ်နိုင်သလောက် ကိုယ့်ကိုကိုယ်ရော ကလေးကိုရော ဂရုစိုက်ပြီး အနေအထိုင် အစားအသောက် ဆင်ခြင်ခဲ့တာပေါ့။ အဲဒီကြားထဲကမှ တခုခုဖြစ်သွားတော့လည်း ကံအတိုင်းပဲဆိုပြီး စိတ်ဖြေရမှာပေါ့။ ကိုယ်ဝန်က စိတ်ချရတဲ့အဆင့်ရောက်ပြီ၊ စိုးရိမ်စရာ မလိုတော့ဘူးဆိုတာကို လူကြီးတွေကို ပြောပြလိုက်တော့ သူတို့လည်း စိတ်အေးသွားရတော့တာပေါ့။


စက်တင်ဘာ ၁၃၊ ၂၀၁၀

August 31, 2010

သမီးဖတ်ဖို့ (၂၀၀၉ ခုနှစ် မေ- ဇွန်လ)

မိဘ ညီအကို မောင်နှမ အသိုင်းအ၀ိုင်း နဲ့ဝေးပြီး ကိုယ်ဝန်ဆောင်ရလိမ့်မယ်လို့ မေမေ တစ်ခါမှ တွေးမထားခဲ့မိဘူး။ တွေးမထားတာတွေက တကယ်ဖြစ်လာတော့လည်း ရှောင်လွှဲလို့ မရဘူးလေ။ “ဖြစ်ပါ့ မလား” ဆိုတဲ့ စိတ် ထက် “ဖြစ်အောင် လုပ်မယ်” ဆိုတဲ့ စိတ် ထားတတ်အောင် ကြိုးစားခဲ့ရတယ်။ ဒီကြားထဲမှာမှ ဗိုက်ထဲက ကလေး တစ်ခုခုဖြစ်သွားမှာလည်း ပူပင်ရသလို ကလေးကို ကောင်းကောင်း မပြုစုနိုင်မှာလည်း ကြောင့်ကြနေခဲ့ရတယ်။ အဲဒီလို အတွေးတွေနဲ့ လူက အလိုလို နေရင်း အားငယ်နေတတ်ပြန်တယ်။ ဒါတွေဟာ ဆေးပညာ အယူအဆအရ ဆိုရင်တော့ Hormone အပြောင်းအလဲကြောင့် ဖြစ်တာပါ လို့ ပြောလို့ရပေမယ့် ကလေးနဲ့ပတ်သက်တဲ့ ပူပင်ကြောင့်ကြစိတ်တွေဟာ သူ့အလိုလိုကို ဖြစ်နေတာ။ မိခင်တိုင်း ကိုယ်ဝန်ဆောင်ခါစမှာ ဒီလို ခံစားချက်မျိုးတွေ ရှိတယ်လို့ မေမေ စာအုပ်ထဲ ဖတ်ဖူးတယ်။ သားဦး ကလေးဆိုတော့ မိခင်က အတွေ့အကြုံမရှိသေးတာလည်း ပါတာပေါ့။ ခုခေတ်မှာတော့ မေမေ့လိုပဲ မြန်မာပြည်ရဲ့ မိဘအသိုင်းအ၀ိုင်းနဲ့ ဝေးပြီး ကိုယ်ဝန်ဆောင်၊ ကလေးမွေးတဲ့သူတွေ နိုင်ငံအရပ်ရပ်မှာရှိကြမှာပါ။ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာမဟုတ်တော့လည်း အားငယ်တယ်၊ ၀မ်းနည်းတယ်ဆိုတာတွေကို တတ်နိုင်သလောက် ဖျောက်ထားပြီး ကိုယ့်စိတ်ကို တင်းထားခဲ့ရတယ်။ အဓိကတော့ စိတ်ဓာတ်ပျော့ညံ့မနေပဲ ကိုယ့်ရင်သွေးအတွက် အရာရာကို ရင်ဆိုင်မယ် ဆိုတဲ့ စိတ်က အရေးကြီးဆုံးပါပဲ။

*****

မေလ ၁၈ ရက်နေ့မှာ ရုံးပြန်တက်ပြီး သိပ်မကြာခင်ပဲ အလုပ်ထဲက အထက်လူကြီးတွေကို ကိုယ်ဝန်ရှိကြောင်း ဖွင့်ပြောလိုက်တော့တယ်။ နောက် blog ရေးရင်း ခင်တဲ့ သူငယ်ချင်းတစ်ချို့ရယ်၊ မေမေ့အရင် အလုပ်ထဲက သူငယ်ချင်းတချို့ရယ်ကို ပြောပြဖြစ်ခဲ့တယ်။ အဲဒီ သူငယ်ချင်းတွေက မေမေ့ဆီကို စာရေးပြီး ကိုယ်ဝန်စရှိတဲ့အချိန်မှာ ဂရုစိုက်ရမယ့် အချက်တွေကို အသေးစိတ် တကူးတက ပြောပြပေးကြတယ်။ အဲဒီအတွက်လည်း မေမေ့မှာ အားတက်ခဲ့ရသလို သူတို့ကိုလည်း စိတ်ထဲကနေ အကြိမ်ကြိမ် ကျေးဇူး တင်နေမိတယ်။ ဘာလို့လည်းဆိုတော့ မေမေက ကိုယ့်မိဘတွေနဲ့ အတူနေပြီး ကိုယ်ဝန်ဆောင်နေရတာ မဟုတ်တဲ့အတွက် မသိသေးတာတွေက များလှတယ်။ ဒါကြောင့် သူငယ်ချင်းတွေ ပေးတဲ့ အကြံဥာဏ်တွေအပြင် တခြား သိသင့်တာတွေအတွက်လည်း စာများများ ဖတ်ရတာပေါ့။ ကိုယ်ဝန်ဆောင်သည်တွေ ဖတ်ရမယ့် စာအုပ်တွေကိုလည်း ရန်ကုန်ကနေ ၀ယ်လာခဲ့တော့ အဲဒီ စာအုပ်တွေ ဖတ်ဖြစ်ခဲ့တယ်။ နောက်ပြီး မေမေ့ရဲ့ မန်နေဂျာ ၂ ယောက်ကလည်း ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ စာအုပ် တစ်ယောက် တစ်အုပ်ဆီ လက်ဆောင်ပေးကြတယ်။ တစ်အုပ်က ဂျပန်လိုဖြစ်ပြီး တစ်အုပ်ကတော့ အင်္ဂလိပ်လိုပါ။ ဂျပန်လို စာအုပ်ကိုတော့ အရုပ်နဲ့ စာလေးနည်းနည်းပါးပါးလောက်ပဲ ဖတ်နိုင်ပါတယ်။ အင်္ဂလိပ်လို စာအုပ်ကိုတော့ ပါပါးက မေမေ့ကို ဖတ်ပြတယ်လေ။

နောက် မေမေဟာ ကိုယ့်ရဲ့ အနေအထိုင်၊ အစားအသောက်၊ အပြုအမူတွေကို အရင်လို စိတ်ထင်တိုင်း လုပ်လို့မရတော့ဘူး။ စိတ်လွတ်ကိုယ်လွတ်ပြုမိရင်လည်း ပါပါးက ဘေးကနေ လှမ်းသတိပေးတာမျိုး လုပ်ပေးတာပေါ့။ ကိုယ်တိုင်က မိဘနေရာ ရောက်လာပြီဆိုမှ မိဘမေတ္တာကို ပိုပြီး သိနားလည်လာရတယ်။ ဗိုက်ထဲက ကလေးလေးဟာ ဖြူသလား မဲသလား၊ ယောင်္ကျားလေးလား မိန်းကလေးလား ဘာမှ မသိရသေးတဲ့ အချိန်ကတည်းက အစားရှောင်ရတာနဲ့ အနေအထိုင် အသွားအလာ ဆင်ခြင်ရတာနဲ့လေ။ နောက်ပြီး အချိန်ရရင် ရသလို ပရိတ်ကြီး ၁၁ သုတ်နဲ့ ပဌာန်းတရားတော်ကို ဖွင့်ထားပြီး စိတ်ထဲက လိုက်မှတ်ရင်း ကျန်းမာသန်စွမ်းပြီး ကိုယ်လက်အင်္ဂါစုံလင်တဲ့ ကလေးလေးဖြစ်ဖို့ မေတ္တာပို့ပြီး ဆုတောင်းနေရတာလည်း အမောပါပဲ။

*****

ဆေးရုံပြဖို့ အတွက်တော့ မေမေတို့ ရုံးက HR ၀န်ထမ်းတွေဆီမှာ အကူအညီတောင်းခဲ့ရတယ်။ အဓိက အင်္ဂလိပ်လို ပြောတတ်တဲ့ ဆရာဝန်ရှိမယ့် ဆေးရုံကို ရှာခိုင်းရတာပါ။ သူတို့ရှာပေးတဲ့ ဆေးရုံထဲကမှ ပါပါးက အိမ်နဲ့ နီးတဲ့ Kitano Hospital (北野 病院) ကို ရွေးလိုက်တယ်။ ဆေးရုံ စ ပြတော့ မေလ ၃၀ ရက်နေ့ဖြစ်နေပြီ။ ဒါပေမယ့် အဲဒီနေ့က အင်္ဂလိပ်စကားပြောတတ်တဲ့ ဆရာဝန် ထိုင်တဲ့ရက် မဟုတ်တာနဲ့ သူနာပြု ဆရာမနဲ့ပဲ တွေ့ခဲ့ရတယ်။ ဆရာမလေးကတော့ မေမေတို့ကို ပြောပါတယ် “အခုပြမယ့် OG ဆရာဝန်က အရမ်းသဘောကောင်းပြီး အင်္ဂလိပ်စကားအပြင် တခြားဘာသာစကား ၉ မျိုးလောက်တတ်တယ်” တဲ့။ မေမေတို့ကတော့ ဆရာက မြန်မာစကား ပြောတတ်လိမ့်မယ် မထင်ထားမိဘူး။ ဒါနဲ့ ဇွန်လ ၁ ရက်နေ့ မှာမှ ဆရာနဲ့စ ပြရတယ်။ မေမေလည်း ဂျပန်ရောက်ကတည်းက ဆေးရုံဆိုတာ တစ်ခါမှ မပြဖူးတော့ အဆင်မှ ပြေပါ့မလားလို့ စိုးရိမ်စိတ် ဖြစ်မိတာပေါ့။ တကယ်တမ်း ဆရာဝန်နဲ့ တွေ့ဖို့ အခန်းထဲ ၀င်လိုက်တာနဲ့ မေမေတို့ကို “ မင်္ဂလာပါ” လို့ ဆရာက နှုတ်ဆက်တယ်။ နောက် ultra sound screen မှာ ပေါ်တဲ့ ကလေးရဲ့ အနေအထားနဲ့ ကိုယ်လက်အင်္ဂါလေးတွေကိုလည်း မြန်မာလိုပဲ ဖြေးဖြေးချင်း ရှင်းပြပေးတယ်။ ဆရာရဲ့ မြန်မာစကားက ၀ါကျ တိုတိုလေးတွေပေမယ့် နားလည်အောင် ပြောတာမို့ ဆေးရုံမှာ အဆင်ပြေခဲ့ပါတယ်။

ဆေးရုံစပြတဲ့ နေ့မှာ ultra sound ရိုက်တော့ ကလေးက နှလုံးခုန်နေပြီ၊ ခေါင်းနေရာလေးလည်း မြင်ရတယ်လို့ ဆရာဝန်ကတော့ ပြောပြတာပါပဲ။ မေမေ့မျက်စေ့ထဲတော့ ကလေးက လှုပ်စိ လှုပ်စိလေးပဲ ။ အဲဒီတုန်းက ကိုယ်ဝန် ၈ ပတ်ရှိနေတဲ့ သမီးလေးဟာ အရပ်က ၁၅ မီလီမီတာ ပဲရှိသေးတာ။ monitor screen မှာ ကြည့်လိုက်ရင် သေးသေးရှည်ရှည်လေးပဲပေါ့။ ဆရာဝန်ကတော့ မေမေ့ကို နောက်နှစ် ဇန်န၀ါရီလ ၁၀ ရက် မှာ မွေးမယ် ဆိုပြီး Due Date ပေးလိုက်တယ်။ နောက် ၂ ပတ် (ဇွန် ၁၅) နေရင် တစ်ခါ ထပ်လာပြဖို့ တလက်စတည်း ရက်ချိန်းပေးခဲ့ရတယ်။ နောက်ပြီး မေမေတို့ အခုနေတဲ့ ရပ်ကွက်ရုံးမှာ မိခင်နဲ့ ကလေးမှတ်တမ်း စာအုပ်ရယ်၊ ကိုယ်ဝန်ဆောင်သည်တွေအတွက် ဆေးကုသစရိတ်ကို မျှခံပေးတဲ့ discount coupon စာအုပ်ရယ် သွားထုတ်ဖို့ နဲ့ နောက်တစ်ခါ ရက်ချိန်းမှာ အဲဒီစာအုပ်တွေပါ ယူလာခဲ့ဖို့ သူနာပြုဆရာမလေးက မေမေ့ကို ပြောလိုက်တယ်။


သြဂုတ် ၃၁၊ ၂၀၁၀။

July 17, 2010

၆ လအရွယ် ချစ်စဖွယ်

ဒီနေ့ ဇူလိုင် ၁၇ ရက်နေ့ဆို သမီးက ၆ လပြည့်ပြီပေါ့။ ၆ လပြည့်ပြီဆိုတော့ သမီးလေးကို မိခင်နို့အပြင် ဖြည့်စွက်အစာကိုပါ ကျွေးရတော့မယ်။ အမှန်တော့ သမီးလေးက ၄ လကျော်လောက်ကတည်းက စားချင် သောက်ချင်တဲ့စိတ်တွေ ဖြစ်နေပြီလေ။ ပါပါးက သမီးကို ပေါင်ပေါ်တင်ထားပြီး ထမင်းစားရင်လည်း ပါပါး လက်ထဲက ထမင်းပန်းကန်ကို လှမ်းဆွဲတယ်။ လူကြီးတွေ တစ်ခုခု စားလို့ ပါးစပ်လှုပ်နေတာကို သေသေချာချာ လိုက်ကြည့်ပြီး နှုတ်ခမ်းတွေ သိမ်းပြရင်း စားချင်နေကြောင်းပြလာတယ်။ အဲဒါတွေ ကြည့်ပြီး မေမေက စိတ်မကောင်းလို့ သမီးလေးကို ဖြည့်စွက်အစာ စောစော ကျွေးချင်ပေမယ့် ဆေးရုံက ဆရာမတွေက မကျွေးဖို့ တားကြတယ်။ ဖြည့်စွက်အစာ စောပြီး ကျွေးမိရင် ကလေး ဗိုက်မကောင်းပဲ ၀မ်းသွားမှာစိုးလို့တဲ့။ နောက်ကျပြီး ကျွေးတာ ဘာမှ မဖြစ်နိုင်ဘူး စောင့်ပါဦးလို့ တားနေတာနဲ့ပဲ မေမေတို့လည်း ၆ လပြည့်မှ ကျွေးဖို့ ဆုံးဖြတ်လိုက်ရတယ်။ ဒါကြောင့် မနက်ဖန်ဆိုရင် သမီးလေး ဆံပြုတ်အရည် စ သောက်ရတော့မယ်နော်။

၃ လကျော်လာတဲ့ နောက်ပိုင်း သမီးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အသိဥာဏ် ဖွံ့ဖြိုး တိုးတက်မှုက မေမေတို့ကို အံ့သြစေတယ်။ ၆ လပြည့်ပြီဆိုတော့ သမီးရဲ့ မျက်နှာလေးက အစ ပြောင်းလဲလာတယ်။ အဲဒါကို ပါပါးက အရင် သတိထားမိပြီး “သမီးလေး ရုပ်က အရင်ကလို မဟုတ်တော့ဘူး” လို့ မေမေ့ကို ပြောပြတယ်။ ပါပါးပြောတော့မှ မေမေလည်း သမီး ဓာတ်ပုံတွေကို ပြန်ကြည့်မိတော့တယ်။ သမီးလေး မွေးခါစ ဓာတ်ပုံတွေနဲ့ အခုလက်ရှိ ရိုက်ထားတဲ့ပုံတွေ ယှဉ်ကြည့်လိုက်ရင် သမီးမျက်နှာလေးက သိသိသာသာကို ပြောင်းလဲလာတာပဲ။

၃ လကျော် (မေလ ၇ ရက်) မှာ ဆေးစစ်ရင်း ပေါင်ချိန်ကြည့်တော့ ကိုယ်အလေးချိန် (၅.၈) ကီလိုနဲ့ အရပ်က (၆၂.၂) စင်တီမီတာ ရှိတယ်။ ဇူလိုင် ၁၂ ရက်နေ့က တစ်ခါ ပေါင်ထပ်ချိန်ကြည့်တော့ (၆.၇) ကီလို နဲ့ အရပ်က (၆၇) စင်တီမီတာ ဖြစ်လာတယ်။ တခြားကလေးတွေနဲ့ယှဉ်ရင် သမီးလေး သေးနေတယ်လို့ မေမေ့ စိတ်မှာ ထင်နေမိတယ်။ ဒါကြောင့် စိုးရိမ်ပြီး “ကလေးက ကိုယ်အလေးချိန် သိပ်မတက်ဘူး၊ သေးနေလား မသိဘူးနော်” လို့ ဆရာမတွေကို ပြောပြမိတယ်။ အဲဒီတော့ ဆရာမတွေက လ အလိုက် သမီးရဲ့ ကိုယ်အလေးချိန်တွေကို graph ဆွဲထားတဲ့ စာရွက် မေမေ့ကို ပြတယ်လေ။ သမီးရဲ့ graph line က သတ်မှတ်ထားတဲ့ ဘောင်အတွင်း ရှိနေတာမို့ လုံးဝ စိုးရိမ်စရာမရှိဘူး လို့ မေမေ့ကို ပြောတယ်။ ဆရာမတွေနည်းတူ မေမေတို့လည်း သမီးကြီးထွားနှုန်းကို graph ဆွဲထားတာပါပဲ။ သမီးပါပါးကတော့ မိန်းကလေးနဲ့ ယောင်္ကျားလေး ကြီးထွားနှုန်း မတူတာမို့ တခြားကလေးတွေ တအားထွားတာကို ကြည့်ပြီး စိတ်မပူဖို့ မေမေ့ကို အားပေးပါတယ်။

အရင်ကထက်စာရင် သမီးရဲ့ ခြေလက်တွေက ပိုပြီးသန်မာ လာသလို လှုပ်ရှားပြီးလည်း ကစားတတ်လာတယ်။ တွဲလောင်းကျတဲ့ အရုပ်တွေကို အိပ်ရင်း လက် နဲ့ လှမ်းထိတယ်။ လှမ်းဆွဲပြီးလည်း ဆော့တယ်။ အရုပ်တွေကို လက်နဲ့ဆော့ရတာ အားမရရင်တော့ ခြေထောက်နဲ့ ကန်ပြီး အကြိုက်ဆော့တော့တာပဲ။ မေမေတို့က သမီးလေး သွားယားရင် ကိုက်လို့ရအောင် ဆိုပြီး ၀ယ်ပေးထားတဲ့ အရုပ်ကိုလည်း လက်နဲ့ ကိုင်ပြီး အားရှိပါးရှိ ကိုက်ဆော့နေတတ်တယ်။ သမီးကို ထိုင်ခုံလေးထဲ ထည့်ထားရင်လည်း ထိုင်နေရာက အားယူပြီး ကုန်းထ တတ်သလို ဆိုဖာပေါ်တင်ထားပြန်တော့လည်း ကုန်းထလို့ တစ်ခါ ပြုတ်ကျပြီးပြီလေ။ အဲဒါတွေတင် မကသေးဘူး။ ရေဇလုံနဲ့ ရေ ချိုးပေးရင်လည်း ရေဇလုံကို ကိုင်ပြီး ကုန်းထတယ်။ ရေချိုးတိုင်း တစ်မျိုးမဟုတ် တမျိုး ဆော့ပြီး ထိန်းမနိုင်တော့လို့ သမီးကို ရေဇလုံနဲ့ မချိုးပေးတော့ပဲ ရေချိုးခန်းမှာ သွားချိုးပေးရတော့တယ်။

တခါတလေများဆို ပစ္စည်းတစ်ခုခုကို ဆတ်ကနဲ လှမ်းဆွဲလိုက်တာပဲ။ အဲဒီလို လှမ်းဆွဲဖို့ သမီး မျက်စေ့ အကျဆုံးကတော့ မေမေ့ဆံပင်တွေပဲပေါ့။ လူကြီးတွေရဲ့ မျက်နှာကို စိတ်ဝင်တစားကြည့်ပြီး စိတ်မထင်ရင် ဖြတ်ကနဲ ကုတ်ဆွဲတတ်သေးတယ်။ ကလေး အားဆိုပေမယ့် သမီးက သန်ကလည်း သန်၊ လက်သည်းလည်း မညှပ်ထားရသေးရင် ကုတ်ဆွဲ ခံရတဲ့ သူက မသက်သာလှဘူး။ သူများကိုတင် မဟုတ်ဘူး သမီး မျက်နှာမှာလည်း ကိုယ်ဘာသာ ကုတ်ခြစ်ထားတဲ့ လက်သည်းရာတွေလည်း ရှိတာပဲလေ။ အဲဒီလိုမျိုးတွေ မြင်ရတော့ ပါပါးက သမီး မိန်းကလေး မပီသပဲ အရမ်းကြမ်းတမ်းမှာကို စိုးရိမ်နေလေရဲ့။

လက်လှုပ်ရှားမှုတင်မကဘူး လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှုကလည်း တိုးတက်လာတယ်။ လက်ချောင်းလေးတွေကို ဆုပ်လိုက် ဖြန့်လိုက်လုပ်တတ်တယ်။ သီချင်းသံ ခပ်မြူးမြူးများကြားရင် လက်ကောက်ဝတ်လေးကို လှည့်ပြီး ကစားတော့တာပဲ။ ဒါတင်မကဘူး ယားတဲ့နေရာကိုလည်း လက်ကလေးနဲ့ ကိုယ့်ဘာသာကိုယ် ကုတ်တတ်နေပြီလေ။ နို့စို့ချိန်ဆိုလည်း သမီးရဲ့ လက်ချောင်းလေးတွေနဲ့ မေမေ့မျက်နှာကို တို့လိုက် ထိလိုက်နဲ့ ဆော့ကစားတတ်တယ်။ မေမေက သမီးလက်ချောင်းလေးတွေကို ကိုက်သလိုလို မထိတထိ လုပ်ပြရင်တော့ သဘောကျမဆုံးဘူး။

*****

သမီးလေးက လူကသာ ၆ လရှိတာ၊ အသစ်အဆန်းမှန်သမျှ၊ လူကြီးတွေ လုပ်တာမှန်သမျှ စိတ်ဝင်တစားလိုက်ကြည့်ပြီး သိပ်စပ်စုတာပဲ။ မေမေ ဖုန်းကိုင်ရင် သမီးလည်း ဖုန်းလိုက်ကိုင်ချင်တယ်။ ဖုန်းပြောနေရင် လက်ထဲက ဖုန်းကို အတင်း လှမ်းဆွဲတယ်။ မေမေက ကွန်ပျူတာ သုံးရင် သမီးလည်း ကွန်ပျူတာ ခလုတ်တွေကို နှိပ်ကြည့်ပြီး သုံးချင်တယ်။ ဘာလုပ်မလဲဆိုပြီး လွှတ်ပေးထားလိုက်ရင် ကွန်ပျူတာ ကီးဘုတ်ကို လက်သေးသေးလေးနဲ့ တဖုန်းဖုန်းမြည်အောင် ရိုက်ပြီး ဆော့တော့တာပဲ။ လူကြီးတွေက Remote Control ခလုပ်ကို နှိပ်ရင် သမီးလည်း နှိပ်ကြည့်ချင်လို့ အတင်း လိုက်လုတယ်။ တခါတလေလည်း သမီးနေရင် ပြီးရောဆိုပြီး Remote Control ကို ချထားပေးလိုက်ရတော့တယ်။ အဲဒီလိုဆိုရင် သမီးက အရင်ဆုံး Remote Control က ခလုပ်တွေကို ကုတ်ဖဲ့ပြီး နှိပ်ကြည့်တယ်။ နှိပ်ရင်းနဲ့ အားမရတော့ရင် ကုန်းပြီး ကိုက်တော့တာပဲ။ သမီးက နည်းနည်းကြီးလာလေ အဆော့မက်လေပဲ။ ဆော့ရမယ်ဆို ပါပါးနဲ့ မေမေသာ မောသွားမယ်၊ သမီးက ဘယ်တော့မှ မမောဘူး။

ဒီအရွယ်လေးနဲ့ လူကြီး အရိပ်အကဲကိုလည်း ကောင်းကောင်းသိတယ်။ လူကြီးတွေက သမီးကို ဆူတာလား၊ ချီးကျူးနေတာလား၊ စ နေတာလား ဆိုတာ ကောင်းကောင်းခွဲခြားနိုင်တယ်။ ပါပါးက အိပ်ပျော်နေလို့ ဟောက်သံကြားရင် မရီပေမယ့် မေမေက “သမီးရေ မေမေအိပ်ပြီနော်” လို့ ပြောပြီး ဟောက်ပြရင်တော့ နောက်ပြောမှန်းသိပြီး ခိုးခိုးခစ်ခစ် နဲ့ သဘောကျမဆုံးဘူး။ လူကြီးတွေ ပါးစပ်က အသံတခုခု ထွက်ရင်လည်း အရမ်းသဘောကျတတ်တယ်။ လူကြီးတွေရဲ့ လေချဉ် တက်သံကြားလည်း သဘာကျပြီး ရီ။ နှာချေလည်း ရီ၊ ချောင်းဆိုးလည်း ရီ၊ ပါးစပ်က အသံတခုခု ထွက်လိုက်ရင်ကို သမီးက ရီတော့တာပဲ။ နောက် မကျေနပ်တာရှိရင်လည်း ပါးစပ်က ဘူးမှုတ်လာတယ်။ ဒါအပြင်ကို လက်ကားယားနဲ့ ခြေထောက်နှစ်ချောင်းကို ပွတ်ပြီး မကျေနပ်ကြောင်း လူကြီးတွေ သိအောင် ပြတော့တာပဲ။ သမီးက ငယ်ငယ်လေးနဲ့ တီဗွီကြည့်တတ်သလို သီချင်းလည်း ကြိုက်မှကြိုက်ပဲ။ ညအိပ်တော့မယ်ဆိုရင် သမီးကို သီချင်းနဲ့ချော့သိပ်မှပဲ အိပ်တော့တယ်။

*****

တချို့ကလေးတွေကတော့ ၃ လကျော်ရင် စပြီး မှောက်တတ်တယ်လို့ ပြောကြတယ်။ တချို့လည်း ၄ လကျော်မှတဲ့။ ဒါပေမယ့် မိခင်နဲ့ ကလေး မှတ်တမ်းစာအုပ်မှာရေးထားတော့ ၅ လ ကနေ ၆ လ အတွင်းဆို မှောက်ကို မှောက်ရမယ်လို့ ရေးထားတယ်။ သမီးက ၅ လကျော်လာတဲ့အထိ မမှောက်တတ်သေးတော့ ဘယ်လို လုပ်ရင် ကောင်းမလဲဆိုပြီး မေမေတို့ စိတ်ပူမိတယ်။ သမီးက မှောက်ဖို့ထက် ထိုင်ဖို့ နဲ့ မတ်တပ်ရပ်ရတာကို ပိုပြီး အားသန်တယ်။ ၅ လကျော်လာတဲ့နောက်ပိုင်း မှောက်တတ်သွားအောင်ဆိုပြီး သမီးကို မွေ့ယာပေါ်မှာပဲ တမင်ထား ထားလိုက်တော့တယ်။ အဲဒီနောက် မေမေက သမီးရဲ့ ခြေထောက်နဲ့ ခါးကို နည်းနည်းလေး ထိန်းပေးပြီး ကိုယ်လေးကို လှဲ့ပေးလိုက်ရင်တော့ သမီးက အလိုက်သင့်မှောက်တတ်လာတယ်။ အဲဒီလိုမျိုး ၁ ရက် ၂ ရက်လောက် လေ့ကျင့်ပေးလိုက်ရတယ် ၊နောက်ရက်တွေကျတော့ သမီးက ကိုယ့်ဘာသာကိုယ် မှောက်တတ်နေပြီ။ သမီးက မှောက်တာ နောက်ကျလို့ပဲလား မသိဘူး၊ မှောက်တတ်ပြီး သိပ်မကြာဘူး တစ်ရက် နှစ်ရက်အတွင်း ပက်လက် ပြန်လှဲချတတ်တယ်။ အဲဒီတော့မှပဲ မေမေတို့လည်း စိတ်အေးရတော့တာပေါ့။

နောက်ပိုင်း အိပ်ယာက နိုးပြီဆို သမီးက မှောက်လိုက်၊ ညောင်းလာရင်လည်း ပက်လက် ပြန်လှဲချလိုက်နဲ့ အဆင်ကိုပြေနေတာပဲ။ တခါတလေလည်း စောင်ဖြစ်ြဖစ် ခေါင်းအုံးဖြစ်ဖြစ် ခံနေရင် တော်တော်နဲ့ မှောက်မရပြန်ဘူး။ အဲဒီအခါဆိုရင် သမီးလေး ဘာလုပ်မလဲဆိုပြီး မေမေက ကူမပေးပဲ အသာ စောင့်ကြည့်နေလိုက်တယ်။ သမီးက ကိုယ်ကြီးကို စောင်းပြီး အကြိမ်ကြိမ် ကြိုးစား မှောက်ကြည့်တယ်။ မှောက်မရပဲ ကြာတော့ မောလာရင် ပက်လက်လှန်ပြီး ခဏ အနားယူလိုက်သေးတယ်။ အဲဒီအချိန်ကျရင် မေမေက မသိမသာ စောင်တို့ ခေါင်းအုံးတို့ကို ဖယ်ပေးထားလိုက်ရတာပေါ့။ သမီးက အမောပြေသွားရင် နောက်တစ်ခါ ကြိုးစားပြီး မှောက်ပြန်ရော။ မှောက်လို့ရသွားရင်တော့ မေမေ့ဘက်လှည့်ကြည့်ပြီး ပြုံးပြတော့တာပဲ။ သမီး လုပ်နိုင်တယ် ဆိုတာလေးကို လူကြီးတွေကို သိစေချင်တာလေ။ လူကြီးတွေက လက်ခုပ်တီးပေးပြီး “တော်တယ်ကွာ” လို့ ချီးကျူးရင်တော့ သဘောတွေကျပြီး သွားဖုံးလေးပေါ်အောင် ရီပြတော့တာပဲ။

သမီးလေးဟာ အခု အရွယ်ကစပြီး လိုချင်တာ၊ ဖြစ်ချင်တာကို မရ ရအောင် လုပ်မယ်ဆိုတဲ့ စိတ်လေးကို ပါပါးနဲ့ မေမေ သတိထားမိလာတယ်။ ဥပမာ သမီးက လှဲထားတာ မကြိုက်တော့ လူကြီးတွေကို လာခေါ်စေချင်တယ်၊ မေမေတို့ကလည်း လက်မအားလို့ မခေါ်နိုင်ဘူးဆို မခေါ်မချင်း အော်ငိုနေတော့တာပဲ။ မေမေနဲ့ ပါပါး သမီးကို မချီပဲ ၁၀ မိနစ်ကျော်ကျော်လောက် ဒီအတိုင်း ထားဖူးတယ်။ သမီးက လုံးဝ ဇွဲလည်း မလျော့ဘူး၊ ငိုတဲ့အသံလည်း မလျော့ဘူး။ အငိုလည်း မရပ်ဘူး။ နောက်ဆုံး တကိုယ်လုံး ချွေးတွေ ရွှဲလာလို့ လူကြီးတွေက အလျော့ပေးပြီး ကောက်ချီလိုက်ရတယ်။ အဲဒါကို ကြည့်ပြီး ပါပါးနဲ့မေမေက သမီးက ဇွဲကောင်းတယ် တခုခုဆို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်ဆိုပြီး နှစ်ယောက်သားပြောဖြစ်ကြတယ်။ အဲဒီလို စိတ်လေးကို ကောင်းတဲ့ဘက်မှာ ဇွဲရှိအောင် လူကြီးတွေက တည့်မတ်ပြီး လမ်းညွှန်ပေးရမှာပေါ့ သမီးရယ်။

၃ လ ကနေ ၆ လအထိ သမီးရဲ့ တိုးတက်မှုတွေကို ချရေးမယ်ဆို ရေးစရာတွေ အများကြီးပါပဲ။ ဒီနေ့ ဟာ သမီးလေး ၆ လပြည့်တဲ့ အတွက် သမီးရဲ့ တိုးတက်မှုတွေကို အမှတ်တရ အနေနဲ့ ပို့စ်အဖြစ် ရေးထားလိုက်တာပါ။ မေမေ့ သမီးလေးဟာ ဂျီကျပြီး ငိုတဲ့အချိန်ကလွဲရင် တကယ်ကို ချစ်စဖွယ်လေးမို့ မေမေက ဒီပို့စ်ရဲ့ ခေါင်းစဉ်ကို “၆ လအရွယ် ချစ်စဖွယ်” လို့ ပေးလိုက်မယ်နော်။

ဇူလိုင် ၁၇၊ ၂၀၁၀