January 28, 2009

တွန်းဂျိရု (豚汁) Lunch Set

ကျမက ရုံးသွားရင် နေ့လည်စာ အတွက် အိမ်က ထမင်းဘူး ယူသွားတာ များပါတယ်။ အမျိုးသားကတော့ အပြင်မှာပဲ ၀ယ်စားဖြစ်တယ်။ ထမင်းဘူးယူရတာက ဂျပန်အစားအစာတွေကို မကြိုက်သလို သိပ်လည်းမစားတတ်လို့ပါ။ ပါးပါးကတော့ ပြောဖူးတယ်။ “ရောမရောက်ရင် ရောမလို ကျင့်ရမယ်” တဲ့။ အနှစ် ၃၀ ကျော် မြန်မာပြည်မှာ နေခဲ့တဲ့သူအတွက် ရောမ ရောက်ပေမယ့်လည်း ကျမ ရောမလို မကျင့်နိုင်သေးပါဘူး။ မြန်မာအစားအစာတွေကို စားချင်နေတုန်းပဲ။ အဲဒီတော့ ကိုယ်စားချင်တာကို Osaka မှာ ၀ယ်လို့ရတဲ့ ပစ္စည်းနဲ့ ရအောင် ချက်ပြီး နေ့တိုင်းလိုလို ရုံးကို ထမင်းဘူး ယူသွားဖြစ်ပါတယ်။ ထမင်းဘူးယူသွားရတဲ့အတွက် ချက်ရ ပြုတ်ရနဲ့ အလုပ်ပိုရှုတ်တယ်။ နေ့လည်စာကို အများနည်းတူ အပြင်စာ ၀ယ်စားမယ်ဆိုရင် ပိုက်ဆံနည်းနည်းလောက် ပိုကုန်ပေမယ့် လူအရမ်းသက်သာမှာပါ။ ဒါပေမယ့် အမြဲတမ်းတော့လည်း အိမ်က ထမင်းဘူးချည်းပဲ မစားနိုင်ပါဘူး။ တခါတလေ အပြင်အစားအစာတွေ စားချင်တဲ့စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်ချက်ထားပြီးသားဟင်းကို မစားချင်တော့တဲ့အခါပဲဖြစ်ဖြစ်၊ ဟင်းချက်ဖို့အချိန်မရရင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး ပျင်းရင်ပဲဖြစ်ဖြစ် ရုံးနားကဆိုင်တွေမှာပဲ ၀ယ်စားဖြစ်တယ်။


*****


ကျမတို့ ရုံးနားမှာတော့ နေ့လည်စာအတွက်ဆိုရင် ဆိုင်မျိုးစုံရှိပါတယ်။ ဂျပန် ရယ်ဒီမိတ် ထမင်းဘူး (အိုဘမ်းတိုး obentou
お弁当 ) ၀ယ်စားရင် ယန်း ၅၀၀၊ ၆၀၀ လောက်ဆို အသား၊ငါး၊ အသီးအရွက်၊ ထမင်း အပြင် ဟင်းချို ဒါမှမဟုတ် သောက်စရာ အရည်တစ်ခုခုကိုပါ တွဲပေးတတ်ပါတယ်။ များသောအားဖြင့် အဲဒီလို ရောင်းတဲ့ဆိုင်တွေက လမ်းဘေးဈေးဆိုင်ငယ်လေးတွေပါ။ ရုံး ထမင်းစားဆင်းချိန် နေ့လည် ၁၁ နာရီလောက်မှ ဈေးသည်တွေက ကားရပ်ပြီး ဘေးမှာ ဆိုင်ခင်းရောင်းကြတာ။ ထမင်းစားချိန်ပြီးသွားရင်တော့ အဲဒီလို ဆိုင်မျိုးတွေ မတွေ့ရတော့ပါဘူး။ ကျမတော့ တစ်ခါမှ မ၀ယ်စားဖြစ်သေးဘူး။ တချို့စားသောက်ဆိုင်တွေကျတော့ သူတို့ဆိုင်က ချက်ထားပြီးသားကိုပဲ နေ့လည်စာအတွက် သီးသန့် ရယ်ဒီမိတ် ထမင်းဘူးတွေ လုပ်ရောင်းတတ်တာမျိုးလည်း ရှိတယ်။ ဈေးကတော့ အသင့်အတင့်ပေါ့ ယန်း ၆၀၀ ကျော် ၇၀၀ ၀န်းကျင် အစားစားပါပဲ။


ဆိုင်မှာ သွားစားမယ်ဆိုရင်တော့ ဆိုင်တိုင်းလိုလိုက နေ့လည်စာ အတွက်ဆိုပြီး Lunch Menu သီးသန့်ထား ပေးထားကြတယ်။ သူတို့ အခေါ်ကတော့ Lunch Set ပေါ့။ ဈေးအနည်းအများ ပေါ်မူတည်ပြီး A Set ၊ B Set ၊ C Set ဆိုပြီး အမျိုးမျိုးရှိတယ်။ Lunch Set ကတော့ ဟင်းတစ်မျိုးစီ သီးသန့်မှာစားတာထက် စာရင် ဈေးပိုသက်သာပါတယ်။ ရုံးနားမှာ ရှိတဲ့ ဆိုင်တွေက နေ့လည် ထမင်းစားချိန်ပဲ ရောင်းအားရှိတာ။ နောက်ပြီး တစ်ဆိုင်နဲ့ တစ်ဆိုင် အပြိုင်အဆိုင် ရောင်းနေကြရတာ ဆိုတော့ သိပ်ပြီး မခိုရဲကြဘူး။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဆို ဈေးဆိုင်တွေလည်း ပိတ်တာများတယ်။


ဆိုင်တွေကတော့ ဂျပန်စားသောက်ဆိုင်၊ အီတလီဆိုင်၊ ထိုင်းဆိုင်၊ တရုတ်ဆိုင်၊ အိန္ဒိယဆိုင်၊ နီပေါဆိုင်၊ ပြင်သစ်ဆိုင် စသည်ဖြင့် ကိုယ်ကြိုက်ရာ သွားစားလို့ရပါတယ်။ စားသောက်ဆိုင်မှာ စားမယ်ဆိုရင် အနည်းဆုံး ယန်း ၇၀၀ ကနေ ယန်း ၁၀၀၀ လောက်တော့ ပေးရတယ်။ ပြင်သစ်ဆိုင်ဆို ယန်း ၂၂၀၀ တောင်ပေးရတယ်။ တကယ့်ကို ပြင်သစ်စတိုင် အပီအပြင် စားကြတာ။ Main dish မလာခင် Side dish တွေက တပုံကြီး အရင်လာတာ။ တကယ့် Main dish လည်း လာရော မစားနိုင်တော့ဘူး။ ပြီးရင် ကော်ဖီ နဲ့ dessert ပါ ပါ လိုက်သေးတယ်။ ကျမ အများဆုံး သွားစားဖြစ်တာက ထိုင်းဆိုင်နဲ့ အိန္ဒိယ ဆိုင်ကိုပါ။ ထိုင်းဆိုင်ကတော့ ချဉ်ချဉ်စပ်စပ်တွေ စားချင်ရင် သွားစားလိုက်တယ်။ အိန္ဒိယ ဆိုင်ကတော့ နံပြား စားချင်လို့ သွားစားဖြစ်တာ။ ဂျပန်ဆိုင်ကိုတော့ သွားစားခဲပါတယ်။


*****


ဒီမှာနေတာ နည်းနည်းကြာလာတော့ ဟိုစပ်စပ် ဒီစပ်စပ် စားကြည့်ရင်းက ဂျပန်အစားအစာ တချို့ကို စားတတ်လာတယ်။ ထမင်းဘူး မယူလာတဲ့နေ့မျိုးဆို ကျမတို့ မန်နေဂျာက ဂျပန်စားသောက်ဆိုင် ကောင်းကောင်းတွေဆီ ခေါ်သွားတတ်တယ်။ သူက အစားအသောက်နဲ့ ပတ်သက်ပြီး အရမ်းဂျီးများတာ။ သူနဲ့ လိုက်စားရင်း တဖြည်းဖြည်း ဂျပန်အစားအစာတွေ စားတတ်လာတာ။ စားပြီး ကိုယ်ကြိုက်တာတွေ့ရင် မှတ်ထားလိုက်တာပေါ့။ နောင် အပြင်ထွက်စားမယ် ဆိုရင် သူပြောထားတဲ့ ဆိုင်ပဲ သွားပြီး စားဖြစ်တော့တယ်။ အဲဒီလိုနဲ့ တချို့ ဂျပန်အစားအစာတွေကို ကြိုက်လာတယ်လို့ ပြောရမယ်။ အခုတလော စိတ်ကြိုက်ဖြစ်နေတဲ့ ဂျပန်စာက တွန်းဂျိရု (Tonjiru 豚汁) လို့ခေါ်တဲ့ နေ့လည်စာပါ။ ညီမလေး မြရွက်ဝေ Blog မှာ ဟင်းချက်နည်း တင်ပေးထားပေမယ့် အိမ်မှာတော့ တစ်ခါမှ ချက်မစားဖြစ်ပါဘူး။


ကျမက တွန်းဂျိရု ကို ကြိုက်တာထက် တွန်းဂျိရု Lunch Set မှာပါတဲ့ ငါးကင်ကိုကြိုက်တာက ပိုမှန်ပါလိမ့်မယ်။ တွန်းဂျိရုလို့ မှာလိုက်ရင် ထမင်းပန်းကန်လုံး တစ်လုံး၊ ငါးကင် တစ်ပိုင်း၊ ပြီးတော့ တွန်းဂျိရု ဟင်းချို တစ်ခွက်၊ အအေးစာ တိုဖူး၊ နောက်ပြီး မုန်လာချဉ်ဖတ် နည်းနည်းပါ ပါတယ်။ ငါးကင်ဘေးနားမှာတော့ မုန်လာဥအဖြူကို ခြစ်ထားတဲ့ အနှစ်နည်းနည်း ထည့်ပေးထားတယ်။ စားခါနီးမှ မုန်လာဥအနှစ်ပေါ်ကို ပဲငံပြာရည်စမ်းပြီး ငါးနဲ့ အတူ တွဲစားရတာပါ။


တကယ်တမ်း တွန်းဂျိရု ဟင်းချိုချည်းပဲ သောက်ရရင် ကျမ ကြိုက်ချင်မှ ကြိုက်မှာ။ ဒါပေမယ့် ငါးကင်နဲ့ ထမင်းကို စားပြီး ဟင်းချိုသောက်ရင် အရမ်းစားကောင်းလို့ နေ့လည်စာအနေနဲ့ ဂျပန်စာပဲ စားမယ်ဆိုရင် တွန်းဂျိရုပဲ သွားစားဖြစ်တယ်။ ငါးကင်က အိမ်မှာလည်း ကိုယ်တိုင်ကင်လို့ရပါတယ်။ ဒါပေမယ့် သူတို့ ကင်ထားသလို ကောင်းချင်မှ ကောင်းမှာမို့ မကင်စားဖြစ်တာ။ တွန်းဂျိရု ဟင်းချိုက ၀က်သားအလွှာ၊ ပဲပင်ပေါက်၊ မုန်လာဥဖြူ၊ ကြက်သွန်နီကို မီဆို ပဲနှစ် (miso
みそ) နဲ့ ချက်ထားတာပါ။ အပေါ်ကနေ ကြက်သွန်မိတ်လှီးထားပြီးသား နည်းနည်း ထည့်ထားပါတယ်။ ဆိုင်က ဟင်းချိုထဲ မြင်မိသလောက်ကတော့ အဲဒါအကုန်ပါပဲ။ ထမင်းက ပန်းကန်လုံး တစ်လုံးပဲရတယ်။ ထပ်တောင်းလို့ မရပါဘူး။ အားလုံး စားပြီးသွားရင် ဗိုက်ပြည့်တယ် ဆိုရုံလောက်ပဲရှိတယ်။ တအားလည်း ဗိုက်နင့် မနေသလို ဆာလည်း မဆာတော့ပါဘူး။ ဒါပေမယ့် ညနေကျရင်တော့ ဗိုက်ဆာတာ စောတယ်။ တွန်းဂျိရု Lunch Set က ယန်း ၇၅၀ ပေးရပါတယ်။





ဇန်န၀ါရီ ၂၈၊ ၂၀၀၉။

January 19, 2009

ဒီနေ့ မနက်စာ

ဂျပန်ရောက်ကတည်းက နေ့လည်စာနဲ့ ညစာပဲ စားဖြစ်ပြီး မနက်စာကို မစားဖြစ်တာ အခုဆို နှစ်နှစ်တောင် ရှိပြီ။ မနက်စာကို တကူးတက ချက်မစားသလို ၀ယ်စားတာမျိုးလည်း မရှိတော့ မနက်စာ စားတတ်တဲ့ အကျင့်က အလိုလို ပျောက်သွားရော.. မပျောက်ပဲခံနိုင်ပါ့မလား။ ရုံးဖွင့်ရက်ဆို အိပ်ယာက နိုးရင် မနက် ၈ နာရီက အစောဆုံးပဲ။ ဒီထက်နောက်ကျ ဖို့ပဲ ရှိတယ်။ ၈ နာရီထက် စောနိုးတယ်ဆိုတာ ရုံးကို မဖြစ်မနေ ၉ နာရီ လာရမယ်လို့ ပြောတဲ့နေ့ပဲ ရောက်အောင်သွားတယ်။ ပုံမှန် မနက်၁၀ နာရီရောက်ရင် ညနေ ၇ နာရီ ပြန်ပေးလိုက်ယုံပဲဆိုပြီး နောက်ကျတာ များတယ်။ အခုအလုပ်က အလုပ်ချိန်နဲ့ ပတ်သက်ပြီး သိပ်မတင်းကျပ်ဘူး။ တခါတလေ အလုပ်က အရေးကြီးရင် ကြီးသလို ည ၁၀ နာရီ ၁၁ နာရီအထိ လုပ်ပေးရတာတွေ ရှိတော့ မနက်နောက်ကျလာလည်း ပြဿနာမရှိဘူး။ ရုံးရောက်ပြီး သိပ်မကြာခင်မှာပဲ နေ့လည်စာ စားဖြစ်နေတော့ မနက်စာကို စားမနေတော့ဘူး။


*****


ရန်ကုန်မှာတုန်းကတော့ ဒီလို ဘယ်ဟုတ်မလဲ။ အိမ်ထောင်မကျခင်တုန်းကဆို မနက် အိပ်ယာက နိုးရင် ၇ နာရီ။ ရေမိုးချိုးပြီးတာနဲ့ ညီမ ၀မ်းကွဲတွေ ပြင်ပေးထားတဲ့ မနက်စာ ကမန်းကတမ်းစားရတယ်။ တခါတလေလည်း ရုံးအသွား လမ်းက မုန့်ဟင်းခါးဆိုင် တစ်ဆိုင်ဆိုင်မှာ ၀င်စားလိုက်တယ်။ နို့မို့ဆို ရုံးရောက်ပြီး ၁၂ နာရီ မထိုးခင် ဗိုက်ဆာနေရော။ အဲဒါဆိုတော့ မနက်ရုံးမရောက်ခင် အစာပြေတခုခု စားထားမှ ရတယ်။ မနက်စာ အစာပြေစားရင် များသောအားဖြင့် မုန့်ဟင်းခါး၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲလိုမျိုး စားဖြစ်တာများတယ်။ လက်ဖက်ရည်ဆိုင်လည်း မထိုင်ဖူးသလို မနက်စာကို လက်ဖက်ရည် ကော်ဖီ သောက်ပြီး မုန့်တစ်ခုခုစားရတာမျိုး သိပ်မကြိုက်လို့ မစားဖြစ်ဘူး။ တကယ်လို့ အိမ်မှာ ညက ထမင်းကျန် နေရင် ထမင်းကြော်စားဖြစ်တယ်။ ပိတ်ရက်ဆိုရင်တော့ ကော်ရည်ခေါက်ဆွဲ၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ အသုပ်စုံလိုမျိုး အိမ်မှာ လုပ်စားဖြစ်တယ်။


*****


လက်ထပ်ပြီး ကျောက်မြောင်းမှာ လိုက်နေရတော့ ကျမ ယောင်းမက မနက်ဆို ရုံးထမင်းဘူးထည့်ဖို့ ထမင်းအိုးတည်ပေးပြီး ညက ချက်ထားတဲ့ဟင်းတွေ နွှေးပေးထားပါတယ်။ ပြီးရင် မနက်စာကို ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်၊ တခါတလေလည်း အီကြာကွေးနဲ့ ပဲပြုတ်၊ နံပြားနဲ့ ပဲပြုတ်၊ စမူဆာ လိုမျိုးကို အိမ်နားက လက်ဖက်ရည်ဆိုင်က ၀ယ်ပြီး ကျမတို့ နိုးလာရင် စားလို့ရအောင် စီစဉ်ပေးထားတတ်တယ်။ ပြီးတော့ အိမ်မှာ ရှိတဲ့ ကော်ဖီထုပ်ကို ၂ ယောက်စာ ဖျော်ပေးထားသေးတယ်။ အမှန်အတိုင်းပြောရင် အဲဒီလို မနက်စာမျိုးကို ကျမ သိပ်မစားတတ်ဘူး။ စားခါစ ၁ ရက် ၂ ရက်ကဆို မစားနိုင်ဘူး။ ဒါပေမယ့် ယောင်းမက ကလေးလေးတဖက်နဲ့ သူ့အကိုနဲ့ ကျမစားဖို့ ၀ယ်ပြီး ပြင်ဆင်ပေးထားတော့ အားနာပြီး စားရင်းက သူဝယ်ကျွေးတဲ့ မနက်စာတွေကို တဖြည်းဖြည်း စားတတ်လာတယ်။ အခုဒီရောက်နေတော့ သူပြင်ဆင်ထားတဲ့ မနက်စာကို သတိရမိတယ်။

*****


ဒီနေ့တော့ စိတ်ကူးပေါက်တာနဲ့ ရုံးမသွားခင် ရန်ကုန်အလွမ်းပြေ မနက်စာ လုပ်စားဖြစ်ပါတယ်။ အမှန်က ညကတည်းက ချက်ထားပြီးသားပါ။ မနက်မှ ထပြီး ချက်ရင် ရုံးရောက်မှာကို မဟုတ်တော့ပါဘူး။ မနက်စာ လုပ်စားတယ်ဆိုလို့ ထူးထူးခြားခြား အပီအပြင် ချက်နေပြီလို့ မထင်လိုက်ပါနဲ့။ ဟိုတရက်က မနုသွဲ့ ဆီက ပဲပြုတ် ပြုတ်နည်းကို ကြည့်ထားပြီး အိမ်မှာ ရှိတဲ့ လက်ကျန် စားတော်ပဲနဲ့ ပဲပြုတ်စမ်းပြုတ် ကြည့်ပါတယ်။ ပြီးတော့ WeSheMe ရဲ့ ဆီထမင်းအလွယ်ချက်နည်းနဲ့ ဆီထမင်းချက်ပြီး ပဲပြုတ်နဲ့ ဆီထမင်း လုပ်စားဖြစ်တာပါ။


ပဲပြုတ်ကတော့ အခြေအနေကောင်းတယ် ပြောရမယ်။ ပြုတ်ပြီးတော့ ပဲက အလုံးလိုက်လေး ဖြစ်မနေပဲ အနူးလွန်ပြီး ကြေသွားတယ်။ ဒါကလည်း ပြဿနာ မရှိပါဘူး။ ဘာလို့လည်းဆိုတော့ စားခါနီးလည်း ခြေပြီမှ စားတာဆိုတော့ သိပ်မထူးပါဘူး။ ထူးတာက ပဲကို ထမင်းချက်တဲ့အိုးနဲ့ ထည့်ပြုတ်တာ ရေထည့်တာ နည်းနည်းများသွားလို့ ရေဆူလာပြီး ထမင်းအိုး ဘေးဘက်တွေကို ရေလျှံကြကုန်တယ်။ လျှပ်စစ်ထမင်းအိုးဆိုတော့ တရှဲရှဲ အသံမြည်နေတာ ဘယ်က အသံထွက်နေမှန်း မသိဘူး။ နောက်မှ ပဲပြုတ်အိုးက ဆူပြီး ရေလျှံကြနေတာ။ ထမင်းအိုးနဲ့ အောက်က ကြမ်းပြင်မှာ ဝေ ကြကုန်လို့ သန့်ရှင်းရေး လုပ်ယူလိုက်ရတာလေး တစ်ခုပဲ ပြောစရာရှိတယ်။


ဆီထမင်းချက်တာကလည်း လွယ်သမှ လွယ်လွယ်လေး (ညီမလေး မြရွက်ဝေ ရဲ့ လက်သုံးစကားပါ)။ ဆီထမင်းနဲ့ အတူစားဖို့ ပုဇွန်ခြောက်ကို ထောင်းပြီး ကြော်ရမှာ ပျင်းတာနဲ့ လွယ်တဲ့နည်းကို ပိုပြီး လွယ်အောင် ပုဇွန်ခြောက်ကို အကောင်လိုက်ပဲ ဆီထမင်းချက်တဲ့ထဲ တခါတည်း ထည့်ချက်လိုက်ပါတယ်။ ဆီထမင်းကျက်တော့အပေါ်က နှမ်းထောင်းထားတာ ဖြူးလိုက်ပြီး ပဲပြုတ်ဆီစမ်းနဲ့ အတူစားပါတယ်။ အခုဆိုရင် ပဲပြုတ်နည်းရော ဆီထမင်းချက်နည်းရော သိသွားပြီမို့ နောင်လည်း မကြာမကြာ ချက်စားဖြစ်မယ် ထင်ပါတယ်။




မနက်က ရိုက်ထားတဲ့ပုံပါ။ ဒီတစ်ခါ ဓာတ်ပုံ ရိုက်ပေးတဲ့ ကင်မရာသမားက စိတ်မပါလို့ ပုံထွက် သိပ်မကောင်းပါဘူး။ အရသာကတော့ ကိုယ်တိုင်ချက်ထားတာမို့ ကောင်းတယ်လို့ ၀န်ခံပါတယ်။ :P


ဇန်န၀ါရီ ၁၉၊ ၂၀၀၉။

January 3, 2009

Happy Holidays!!

ကျမတို့ရုံးက ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ စပြီး ဇန်န၀ါရီ ၄ ရက်နေ့အထိ ပိတ်ပါတယ်။ ပိတ်ရက်မှာ ဘယ်မှလည်း သွားမလည်ဖြစ်ပါဘူး။ ၃၁ ရက်နေ့ညကတော့ New Year Party လေး လုပ်ဖြစ်တယ်။ ရုံးကသူငယ်ချင်း ၃ ယောက် နဲ့ ကျမတို့ ၂ ယောက် ပေါင်းပြီး အိမ်မှာပဲ ပါတီအသေးလေး လုပ်ဖြစ်တာ။


၃၁ ရက်နေ့မှာ နိုးလာတော့ နေ့လည်စာ စားပြီး ချက်ပြုတ်ဖို့ ပြင်ဆင်ရတယ်။ ၀ယ်လာတဲ့ အသားတွေကို အချိုအငန်တွေနဲ့ နယ်စရာရှိတာနယ်ထားရတယ်။ အသီးအရွက်တွေ ပြင်ဆင်ထားရတယ်။ ပြီးတော့ သူများတွေက ၁၃ ရက်နေ့ကတည်းက “အိုးစိုးဂျိ” (
大掃除 - Oosouji ) လို့ခေါ်တဲ့ ဂျပန်ရဲ့ နှစ်သစ်မကူးခင် အိမ်မှာ သန့်ရှင်းရေးလုပ်တာကို ကျမတို့က ၃၁ ရက်နေ့မှ နှစ်ယောက်သား ကမန်းကတမ်းနဲ့ အိမ်တွင်း သန့်ရှင်းရေး လုပ်ရတယ်။ ကလေးငယ်မရှိတော့ အများကြီးမလုပ်ရသလို အလုပ်လည်း မရှုတ်ပါဘူး။ အိပ်ခန်းနဲ့ မီးဖိုချောင်ပဲ သန့်ရှင်းရေး လုပ်ရတာပေါ့။ အိပ်ခန်းလေးရော အိမ်ရော အတန်အသင့် သန့်ရှင်းသွားတော့ ပင်ပန်းပေမယ့် စိတ်ကြည်လင်လန်းဆန်းသွားတာ အမှန်ပဲ။ ၅ နာရီမှာ ရေချိုးပြီးတာနဲ့ စားဖို့သောက်ဖို့ ပြင်ဆင်ရတော့တယ်။ သူငယ်ချင်းတွေကို ၆ နာရီ ဖိတ်ထားတာ။


ဘာတွေ ကျွေးဖြစ်လဲဆိုတော့ အဓိက သူတို့ ယမကာနဲ့ သောက်လို့ကောင်းတဲ့ ဟာတွေ မှန်သမျှ အဓိက ထားပြီး စီစဉ်ဖြစ်ပါတယ်။ နောက်ပြီး တကယ်တမ်းသောက်ဖြစ်တာကလည်း အိမ်က အမျိုးသားရယ် ရုံးက ၂ ယောက်ရယ်ပဲ သောက်ကြတာ။ ကျမနဲ့ နောက်တစ်ယောက် ကတော့ ရေနွေးကြမ်း နဲ့ လိမ္မော်ရည်ပဲ သောက်ဖြစ်တယ်။ စစချင်း သူတို့ ရောက်လာရင် အလကား စားလို့ရအောင် “အဲဒမမဲ့” (
枝豆 -  green soybean) လို့ခေါ်တဲ့ ပဲစိမ်းပြုတ်ထားတာ အရင် ကျွေးဖြစ်တယ်။ နွေဘက်ဆိုရင် ပဲတောင့်အစိမ်းတွေ အပင်လိုက်ရတယ်။ အခုကတော့ ရေခဲရိုက်ပြီးသားပဲပေါ့။ အဲဒီ ပဲစိမ်းက ဘီယာနဲ့ သောက်ရင် အတော်လိုက်တယ် ဆိုပဲ။ ကျမကတော့ ဒီအတိုင်း စားရတာ ပိုကြိုက်ပါတယ်။ ပြီးတော့ စင်ကာပူကနေ ငါးမုန့်လက်ဆောင်ရထားလို့ ငါးမုန့်ကို ကြော်ပြီး ကျွေးဖြစ်ပါတယ်။


ဟင်းအနေနဲ့က ကြက်အတောင်ပံကြော်၊ ကန်စွန်းရွက် ပလိန်းကြော်၊ ဖက်ထုပ်ကြော်၊ ၀က်သားကင်၊ ကြက်ဆာတေး နဲ့ ကြာဇံကြော်တယ်။ ပြီးတော့ ကြာဇံကြော်နဲ့ လိုက်အောင် ကြံမဆိုင် ဟင်းချိုချက်တယ်။ ဟင်းတွေကို ပူပူနွေးနွေးစားစေချင်လို့ တခွက်ပြီးမှ တခွက်ချက်ပါတယ်။ သူတို့ ဟင်းတစ်ခွက် စားနေတုန်း ကျမက နောက်ဟင်းတစ်ခွက်အတွက် စီစဉ်စရာရှိတာ စီစဉ်တာပေါ့။ ဟင်းခွက်ပြင်ပြီးလို့ နောက်ဘက် လှည့်ကြည့်လိုက်ရင် ကုန်နေတာများတယ်။ အားလုံးထဲမှာ မစားရဆုံးကတော့ ကိုယ်ပဲပေါ့။ ဒါပေမယ့်လည်း သူတို့ အားရပါးရ စားတာကြည့်ပြီး အတော်လေး ကြည်နူးမိတယ်။ ပင်ပန်းပေမယ့်လည်း မပင်ပန်းသလိုပဲ။ မနက် ၃ နာရီလောက်မှာတော့ သူငယ်ချင်းတွေ ကိုယ်တိုင် လုပ်ယူလာတဲ့ Apple Pie ရယ် Chocolate Cake ရယ်ကို အချိုတည်းပါတယ်။


သူတို့ ပြန်သွားတော့ ၁ ရက်နေ့မနက် ၅ နာရီ ထိုးနေပြီ။ အိမ်မှာချက်ထားတာတွေလည်း ဘာမှကို မကျန်တော့ဘူး။ အကုန်ပြောင်တယ်။ ကျမကလည်း ချက်ပြီးရင် ကျန်နေတာမျိုးကို မကြိုက်ဘူး။ စားလို့ ကုန်သွားရင် အရမ်းဝမ်းသာတာ။
 ဒါကြောင့်နှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာနဲ့ အိပ်ယာဝင်ဖြစ်တယ်။ ၁ ရက်နေ့မှာ အိပ်ယာက နိုးတော့ ညနေ စောင်းနေပြီ။ မပင်ပန်းဘူးလို့သာ ပြောတာပါ။ အိပ်ယာနိုးတော့ လူတစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုပဲ။ ၂ ရက်လောက်တော့ အတော်လေး ခံလိုက်ရသေးတယ်။ ကိုယ်တိုင် ချက်ထားတဲ့ဟင်းခွက်တွေကို ဓာတ်ပုံရိုက်ယူချင်ပေမယ့် မအားတာနဲ့ မရိုက်လိုက်ရဘူး။ သူငယ်ချင်းကတော့ သူ့ကင်မရာအသေးလေးနဲ့ ရိုက်ထားသေးတယ်။ ပုံတွေ ကောင်းမကောင်းကိုတော့ ရုံးပြန်တက်မှ တောင်းကြည့်ရဦးမယ်။


ဒီရက်အတွင်း ရုံးလည်း မတက်ရဘူးဆိုတော့ အိမ်အလုပ်လေး နည်းနည်းပါးပါး လုပ်လိုက်၊ စာဖတ်စရာ အကြွေးတွေကို အေးအေးဆေးဆေး ဖတ်လိုက်နဲ့ အတော်လေး ဇိမ်ရှိတာ အမှန်ပဲ။ အပြင်မှာလည်း အေးလွန်းလို့ ဘယ်မှကို မသွားချင်တာနဲ့ စားဖို့အတွက် ဈေးတောင် ထွက်မ၀ယ်ဖြစ်ဘူး။ အိမ်မှာရှိတဲ့ဟာကိုပဲ ရှိသလို ချက်စားဖြစ်တယ်။ စားပြီးသွားရင် စာဖတ်တယ်။ စာဖတ်တယ်ဆိုလို့ အလုပ်နဲ့ပတ်သက်တဲ့စာ၊ နည်းပညာနဲ့ ပတ်သက်တဲ့စာဖတ်တာမဟုတ်ဘူး။ Download လုပ်ထားပြီး မဖတ်ရသေးတဲ့ ဆရာမ မစန္ဒာ ၀တ္ထုတွေ ထိုင်ဖတ်နေတာ။ နောက်ပြီး ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ၀တ္ထုတို/ရှည်တွေလည်း မဖတ်ရတာ ကြာပြီဆိုတော့ ဒီပိတ်ရက်အတွင်း ထိုင်ဖတ်လိုက်တာ အကြွေးအတော်လေး ရှင်းသွားတယ်။ ပြီးတော့ အ၀တ်လေးလျှော်လိုက်၊ မြန်မာရုပ်ရှင်လေးကြည့်ပြီး မီးပူလေးတိုက်လိုက်ပေါ့။ နှစ်သစ်မှာ Blog အတွက် စာအသစ်မရေးဖြစ်တာနဲ့ ပိတ်ရက်အတွင်း လုပ်ဖြစ်တာလေးတွေ ရေးပြီး တင်လိုက်ရတာ။ မနက်ဖန်ပြီးရင်တော့ ရုံးပြန်တက်ရဦးမယ်။ New Year ရွှေရောင်နေ့ရက်တွေ ကုန်ဆုံးပြန်ပြီပေါ့လေ။

zwani.com myspace graphic comments

Picture from Zwani.com

ဇန်န၀ါရီ ၃၊ ၂၀၀၉။

December 27, 2008

Kanji Of The Year (2008)

ဂျပန်မှာ ဟိရဂန (Hiragana), ခတခန (Katakana) နဲ့ တရုတ်စကားလုံး ခန်းဂျီး (Kanji) ကို သုံးတယ်ဆိုတာ တော်တော်များများသိပြီးသားဖြစ်မှာပါ။ အခုပြောမှာက ခန်းဂျီး (Kanji) စာလုံး အကြောင်းပါ။ ဂျပန်မှာ ဒီဇင်ဘာလရောက်ပြီဆိုရင် ပြီးဆုံးမယ့် ခုနှစ်ကို ကိုယ်စားပြုတဲ့ ခန်းဂျီးစာလုံးတစ်လုံးကို မဲရွေးချယ်ပြီး စာလုံးရေးဆွဲတဲ့ပွဲကို ပြုလုပ်ပါတယ်။ ဒီအကြောင်းကို မနှစ်က ဒီဇင်ဘာလ ကုန်ခါနီးမှာ ရုံးက သူငယ်ချင်းနဲ့ ကျမ စကားစမြည်ပြောဆိုရင်း သိခဲ့ရတာပါ။ ဒါကြောင့် ဒီနှစ်မှာ ပို့စ်အဖြစ် ရေးဖို့အတွက် အင်တာနက်က website တွေမှာ သိချင်တဲ့အချက်တွေကို ရှာဖတ်ခဲ့ရပါတယ်။ နောက်ပြီး အင်္ဂလိပ်လို တိုက်ရိုက်ဘာသာပြန်ထားတာတွေလည်း ဖတ်ကြည့်မိတယ်။ အဲဒီလိုတွေ ဖတ်ကြည့်ရင်းက နောက်ဆုံး ဘယ်လိုမှ နားမလည်တော့တဲ့အခါမှာ ရုံးက အလုပ်အတူတူ လုပ်တဲ့ ဂျပန်ဦးလေးကြီးကို မေးခဲ့ရပါတယ်။ ဒါကြောင့် အခုပို့စ်မှာ ရေးထားတဲ့ အကြောင်းအရာတွေက website တစ်ခုတည်းကို ဖတ်ပြီး တိုက်ရိုက်ဘာသာပြန်ထားတာ မဟုတ်ပါဘူး။ အင်္ဂလိပ် websiteနဲ့ ဂျပန်လို website တွေ ဖတ်ထားတာရယ် အလုပ်ထဲက သူတစ်ချို့ကို မေးပြီး ကျန်တာတွေက ကိုယ်သိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ရေးထားတယ်ဆိုတာ စကားခံပါရစေ။


*****


ဂျပန်မှာ ၁၉၉၅ ခုနှစ်က စပြီး "
今年の漢字" (Kotoshi no kanji) လို့ခေါ်တဲ့ "ဒီနှစ်အတွက် ခန်းဂျီးစာလုံး" ကို နှစ်စဉ် ရွေးချယ်လာတာ ၂၀၀၈ ခုနှစ်က ၁၃ ကြိမ်မြောက်ပါ။ ဒီပွဲကို Japanese Language Proficiency Kanji Society (日本漢字能力検定協会 ) က စီစဉ်ကျင်းပတာပါ။ နှစ်စဉ် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အတွင်း အင်တာနက်ကဖြစ်စေ၊ ပို့စ်စကဒ်ပို့ပြီးတော့ ဖြစ်စေ၊ စာတိုက်ကဖြစ်စေ စိတ်ဝင်စားသူတွေက ဒီနှစ်အတွက် ကိုယ်ကြိုက်ရာ ခန်းဂျီး စာလုံးနဲ့ ဘာကြောင့် ဒီခန်းဂျီး စာလုံးကို ရွေးချယ်ရတယ်ဆိုတဲ့ အကြောင်းကိုပါရေးပြီး ပို့ပေးရပါတယ်။ မဲအများဆုံးရတဲ့ ခန်းဂျီးစာလုံးကို Japanese Language Proficiency Kanji Society က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ Kyoto မြို့ Kiyomizu-dera Temple (清水寺) မှာ ကြေငြာပေးပြီး ဘုရားကျောင်းက ဘုန်းကြီးက အဲဒီ ခန်းဂျီးစာလုံး ကို ရေးဆွဲပေးပါတယ်။ ရွေးချယ်လိုက်တဲ့ ခန်းဂျီးစာလုံးက တစ်လုံးထဲ ဖြစ်ပေမယ့် အဲဒီ စာလုံးရဲ့ အဓိပ္ပာယ်ဟာ တစ်နှစ်ပတ်လုံးမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို အခြေခံပြီး လက်ရှိ ပြီးဆုံးတော့မယ့်နှစ်ကို ကိုယ်စားပြု ထင်ဟပ်စေပါတယ်။ ဒါကြောင့် ဂျပန်မှာ နှစ်တစ်နှစ်ကုန်တော့မယ်ဆိုရင် "ဒီနှစ်အတွက် ခန်းဂျီးစာလုံး" က ဘာများဖြစ်မလဲဆိုပြီး လူအနည်းနဲ့ အများဆိုသလို စိတ်ဝင်စားကြတာပါပဲ။


ဒီနှစ်အတွက် ပေးပို့တဲ့ မဲပေါင်း ၁၁၁,၂၀၈ ထဲကမှ မဲ ၆,၀၃၁ နဲ့ ပထမ ရသွားတဲ့ ခန်းဂျီး စာလုံးက မြန်မာလို ဘာသာပြန်ရရင် “ပြောင်းလဲခြင်း”
(Change) ဒါမှမဟုတ် “ထူးဆန်းခြင်း” (Strange) လို့ အဓိပ္ပာယ်ရတဲ့「変」 “ဟန်း” ဆိုတဲ့ ခန်းဂျီးစာလုံးပါ။


ဘာကြောင့် ဒီစာလုံးကို ရွေးချယ်လိုက်ရတာလဲ ဆိုတဲ့ အကြောင်းကတော့ website တစ်ခုနဲ့တစ်ခု မှာပြောထားတာခြင်း မတူပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် တူညီတာက နံပါတ် ၁ အချက် အနေနဲ့ တကမ္ဘာလုံး လူသိများတဲ့ အမေရိကန်ရဲ့ သမ္မတသစ်ရွေးချယ်ပွဲမှာ အိုဘာမား (Barack Obama) ဟာ မဲဆွယ်ပွဲတောက်လျှောက် "Change" ဆိုတဲ့ စာလုံးကို Slogan အနေနဲ့ အသုံးပြုပြီး လက်ရှိသမ္မတသစ် ရာထူးကို အရယူနိုင်ခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဂျပန်လူမျိုးတွေအပေါ်မှာ အမေရိကန်ရဲ့ အရေးဟာ လွှမ်းမိုးမှုရှိတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။


နံပါတ် ၂ အချက်ကတော့ ဒီနှစ်ပိုင်းအတွင်းမှာ ဂျပန်စီးပွားရေးလောကမှာသာ မကပဲ ကမ္ဘာ့စီးပွားရေးမှာ စတော့ရှယ်ရာဈေး အတက်အကျ အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယန်းငွေ တန်ဖိုးဟာ အတော်လေးမြင့်မားလာပြီး အမေရိကန်ဒေါ်လာဈေးကတော့ ဒီနှစ်အတွင်းမှာ ဆိုးဆိုးရွားရွားကျဆင်းခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေကဆို တစ်ဒေါ်လာကို ယန်း တစ်ရာကျော်အထက်မှာရှိနေရာကနေ အခုဆို တစ်ဒေါ်လာကို ယန်း ၉၀ ၀န်းကျင်နားမှာပဲ ကစားနေတယ်။ စီးပွားရေး အပြောင်းအလဲတွေကြောင့် ဂျပန်မှာသာမက တခြားနိုင်ငံတွေမှာပါ အဲဒီဂယက်က အခုထိ ရိုက်ခတ်နေတုန်းပါပဲ။


နောက် နံပါတ် ၃ အချက် အနေနဲ့က ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ဂျပန်ရဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး နှစ်အစမှာ တရုတ်ပြည်ကနေ တင်သွင်းတဲ့ ရယ်ဒီမိတ် ဖက်ထုပ်ထဲမှာ ပိုးသတ်ဆေးတွေ့ရာကနေ ဇာတ်လမ်းစခဲ့တယ်ဆိုရမှာပါပဲ။ နောက်ပြီး စားသုံးလို့ မသင့်တော်တဲ့ တခြားပြည်ပနိုင်ငံတွေက တင်သွင်းလာတဲ့ ဆန်တွေကို စက်မှုလုပ်ငန်း (industrial) လုပ်ကိုင်သူတွေကို ထုတ်ရောင်းရမယ့် အစား အရက်၊ မုန့်အစရှိတဲ့ ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်တဲ့ သူတွေကို ထုတ်ရောင်းထားတာကို အခုနှစ်မှာမှ ဖော်ထုတ် စစ်ဆေးတွေ့ရှိခဲ့တယ်။ ဒီအချက်ဟာလည်း ဂျပန်ပြည်လို တိုင်းပြည် အနေနဲ့ ကြည့်မယ်ဆိုရင် အင်မတန် ဆိုးရွားတဲ့ အဖြစ်အပျက်ပါပဲ။ ပြီးတော့ တရုတ်ပြည်က တင်သွင်းလာတဲ့ မယ်လမင်း ပါတဲ့ နို့မှုန့်ကို သုံးပြီး ဂျပန်ပြည်တွင်းက စားသောက်ကုန်ပစ္စည်းတချို့မှာ ပြန်အသုံးပြုတာတွေ ရှိလာတယ်။ ဒီလို အဖြစ်အပျက်တွေအပေါ် နမူနာယူပြီး ဂျပန်လူမျိုးတွေဟာ စားသောက်ကုန်ပစ္စည်း ၀ယ်ယူရာမှာ အရင်တုန်းကလို ပေါ့ပေါ့တန်တန် သဘောမထားပဲ Food Security အနေနဲ့ သတိထားဆင်ခြင်ရမယ်ဆိုတဲ့ အတွေး စိတ်ကူးတွေ ပြောင်းလဲလာကြတယ်လို့လည်း ဆိုပါတယ်။


နံပါတ် ၄ အချက်ကတော့ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်အပြောင်းအလဲပါပဲ။ ၂၀၀၇ ခုနှစ်မှာ ရှင်ဇိုအဘဲ (Shinzō Abe) က ၀န်ကြီးချုပ်နေရာ ရလာပြီး သိပ်မကြာခင်မှာပဲ ရာထူးက နှုတ်ထွက်သွားတယ်။ အဲဒီနောက် ဖုကုဒါ (Yasuo Fukuda) ဟာ ၂၀၀၇ ခုနှစ် အကုန်မှာ ၀န်ကြီးချုပ် ရာထူးလွှဲပြောင်းယူပြီး တစ်နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ လက်ရှိဝန်ကြီးချုပ် တရိုအစို (Taro Aso) ကို လွှဲပြောင်းပေးလိုက်ပါတယ်။


နောက်ဆုံး အချက်အနေနဲ့ ပြောရမယ်ဆိုရင် ပြီးခဲတဲ့လက ဂျပန်လူမျိုးသိပ္ပံပညာရှင်တွေ နိုဘယ်ဆုရတာရယ် ပေကျင်းကမ္ဘာ့အိုလံပစ်မှာ ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်တာကို ကြည့်ပြီး ဂျပန်ပြည်ရဲ့ အနာဂတ်မှာ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြတယ်။


ဒုတိယ အများဆုံး မဲရတဲ့ စာလုံးက ရွှေ
 (Gold - ) လို့ အဓိပ္ပာယ်ရတဲ့ စာလုံးဖြစ်ပြီး ပေကျင်းအိုလံပစ်မှာ ဂျပန်က ရွှေတံဆိပ်ဆုရခဲ့တာတွေကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ တတိယစာလုံးက စတော့ရှယ်ရာဈေးတွေ ကျဆင်းတာကြောင့် တချို့လူတွေကလည်း ကျဆင်းခြင်း (Fall/Drop - ) လို့ အဓိပ္ပာယ်ရှိတဲ့ စာလုံးတွေ ရွေးချယ်ခဲ့ပါတယ်။


၁၉၉၅ ခုနှစ်ကစပြီး ရွေးလာခဲ့တဲ့ ခန်းဂျီးစာလုံးတွေပြန်ကြည့်မယ်ဆိုရင် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာကြောင့် ဒီစာလုံးကို ရွေးချယ်ရတယ်ဆိုတဲ့ အကြောင်းပြချက်တွေကလည်း သူ့ခေတ် သူ့အခါအရတော့ သင့်လျော်နေတာ တွေ့ရပြီး အနည်းဆုံးတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဂျပန်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အချို့ကို အကြမ်းအားဖြင့် သိရှိနိုင်ပါတယ်။


*****


အရာရာဟာ ပြောင်းလဲနေတာ အချိန်စက္ကန့်အမျှပါပဲ။ နောင်လာမယ့် ၂၀၀၉ ခုနှစ်မှာ ဂျပန်ပြည်တွင်းမှာ ဘာတွေ ဖြစ်လာမယ်၊ ကမ္ဘာ့အရေးမှာ ဘာတွေဖြစ်မယ်လို့ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် လာမယ့် ၂၀၀၉ ခုနှစ် နှစ်ကုန်ခါနီးမှာ ရွေးချယ်မယ့် စာလုံးဟာ ကောင်းသော အဓိပ္ပာယ်ဆောင်တဲ့ ခန်းဂျီး စာလုံးဖြစ်ပါစေလို့ နှစ်သစ်အတွက် ဆုတောင်းလိုက်ရပါတယ်။


ဒီဇင်ဘာ ၂၇၊ ၂၀၀၈။

Ref:
http://japanvisitor.blogspot.com/2008/12/kanji-character-for-2009-change.html

http://www.japanprobe.com/?p=7772
http://en.wikipedia.org/wiki/Kanji_of_the_year
http://sankei.jp.msn.com/life/trend/081212/trd0812121830010-n1.htm

December 22, 2008

Flower Arrangement - Dec 9, 2008



ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက Christmas Candle (クリスマス キャンドル アレンジメント(生花)) လို့ခေါ်တဲ့ ပန်းအိုးလေး လုပ်ဖြစ်ခဲ့ပါတယ်။ Christmas ကလည်း နီးနေပြီဆိုတော့ ပန်းအိုးပြင်ချင်တယ်ဆိုရင် အလွယ်တကူ ပြင်လို့ရအောင် Blog ပေါ်တင်ပေးလိုက်ပါတယ်။


*****

Christmas Candle ပန်းအိုးအတွက် သုံးတဲ့ ပန်းအရောင်တွေက အဖြူရောင်၊ အ၀ါဖျော့ဖျော့နဲ့ အစိမ်းရောင်တွေ သုံးထားတာ များပါတယ်။ အခုတစ်ခေါက်မှာတော့ ဆရာမက ပန်းနာမည်တွေကို မပြောပြပါဘူး။ ဒါကြောင့် ကျမလည်း သိသလောက်ပဲရေးပေးလိုက်ပါတယ်။ နှင်းဆီပန်းအ၀ါရောင် ဖျော့ဖျော့ ၃ ပွင့်ရယ်၊ ကြားထဲမှာ ညှပ်ပြီး ထိုးရတဲ့ ထင်းရှုးပင်မျိုးနွယ် ကျောက်ခက်တွေရယ် ပြီးတော့ ပန်းအဖြူအခက်လေးတွေရယ်ပါ။ အဲဒီ ပန်းအဖြူခက်တွေက ရုတ်တရက် ကြည့်လိုက်ရင် စပယ်ပန်းအဆုပ်လိုက် ပွင့်နေတာနဲ့ တူပြီး အနံ့လည်း သင်းပါတယ်။ အခုတလောရုံးသွားတော့ အဲဒီလိုပန်းမျိုးတွေ အိမ်နားက ပန်းခြံမှာ စိုက်ထားတာ မြင်မိသေးတယ်။ နောက်ပြီး ဂန္ဓမာပန်းအဖြူလေးတွေလည်း ပါတယ်။ ကျန်တဲ့ ပစ္စည်းတွေကတော့ ပန်းအိုး၊ အလှဖယောင်းတိုင် ၁ တိုင် နဲ့ ပန်းထိုးစိုက်ဖို့ ဖော့တုံးတို့ လိုအပ်ပါတယ်။





ဒီတခါ ပန်းအိုးပြင်တာက လွယ်ပါတယ်။ စစချင်း ပန်းတွေကို ဖြတ်တဲ့အခါမှာ အရှည်ကြီး မဖြတ်ပဲ ၂ လက်မသာသာလောက်ပဲ မှန်းပြီး ဖြတ်ပါတယ်။ နောက် ပန်းအိုးထဲကို ဖော့တုံးရေဆွတ်ပြီးသား ထည့်ပါတယ်။ ပြီးရင် အလယ်တည့်တည့်မှာ ဖယောင်းတိုင် စိုက်ပြီး စောစောက ဖြတ်ထားတဲ့ ပန်းအဖြူခက်တွေကို ဖော့တုံးဘေးပတ်လည်မှာ လိုက်ထိုးပြီး နှင်းဆီပန်း ၃ ပွင့်ကို ဖယောင်းတိုင်ဘေးနားမှာ သင့်သလို ထိုးစိုက်ပါတယ်။ နှင်းဆီပန်းနဲ့ ပန်းအဖြူတွေ နေရာချပြီးပြီဆိုမှ ကျန်တဲ့နေရာလွတ်တွေမှာ ကျောက်ခက်အစိမ်းတွေကို လိုက်ဖြည့်ပြီး ထိုးလိုက်တာပါပဲ။ ကျမထိုးခဲ့တဲ့ ပန်းအိုးက ထမင်းစားပွဲအပုလေးပေါ် တင်ဖို့ ရည်ရွယ်ပြီး ထိုးတာဆိုတော့ အပေါ်က စီးကြည့်ရင် လှမယ်ထင်သလို ပြင်လိုက်တာပါ။ တချို့အမြင့်မှာ တင်ထားချင်တဲ့သူတွေက ဘေးဘက်ကနေ ကြည့်ရင် လှသလို ပြင်ယူကြပါတယ်။ ဆရာမထိုးထားတဲ့ ပန်းအိုးလေးက ပိုလှလို့ ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်။ အပေါ်ဆုံးမှာ တင်ထားတဲ့ ပန်းအိုးက ဆရာမ လက်ရာပါ။





ဒီဇင်ဘာလ ၉ ရက်နေ့က ပြင်ခဲ့တဲ့ ပန်းအိုးလေးကို ထမင်းစားပွဲပေါ် တင်ထားပြီး ၂ ရက်ခြားတစ်ခါ ရေနည်းနည်းချင်း လောင်းပေးလာတာ ပန်းတွေ တဖြည်းဖြည်းပွင့်လာပြီး ဒီနေ့မနက်မှ မလှတော့လို့ လွှင့်ပစ်လိုက်ရပါတယ်။




အခုတခါ ပန်းအလှပြင်တာက လွယ်လည်းလွယ်သလို အချိန်ကုန်လည်း သက်သာပါတယ်။ ၀ါသနာပါတယ်ဆိုရင် အခုလို ပန်းအိုးမျိုးလေး စမ်းပြီး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီး အခုလို ပန်းအဖြူ၊ အ၀ါဖျော့ဖျော့ပန်းတွေနဲ့ အစိမ်းရောင်ရင့်ရင့် အရွက်တွေ ရောပြီး ထိုးကြတဲ့ ပုံစံမျိုးကို ဂျပန်မင်္ဂလာဆောင်တစ်ခုသွားတုန်းကလည်း မြင်ခဲ့ရဖူးပါတယ်။ နောက်ကြုံမှပဲ ဓာတ်ပုံတွေ ပြန်ရှာပြီး တင်ပေးပါ့မယ်။ အခုတော့ ပန်းအလှပြင်တုန်းက ရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေပဲ ကြည့်သွားလိုက်တော့နော်။





ဒီဇင်ဘာ ၂၁၊ ၂၀၀၈။