October 18, 2008

သူငယ်ချင်းများအတွက်...

ကျမက ညီမလေး မြရွက်ဝေရဲ့ ထမင်းဘူး Blog ကို နေ့တိုင်းသွားကြည့်နေကြပါ။ သူ့ရဲ့ Cbox မှာ ကြာဇံချက် ကျွေးထားတာ မြင်ပြီး စိတ်ထဲက ကြာဇံချက် စားချင်နေတာ။ ဒီနေ့မနက် မမွန် ဆီ ရောက်တော့ အုန်းနို့ခေါက်ဆွဲ ချက်စားဖြစ်တယ်ဆိုတာနဲ့ ကျမလည်း အုန်းနို့ခေါက်ဆွဲ စားချင်လိုက်သေးတယ်။ ပြီးခဲ့တဲ့ရက်က ကြက်သား ဆီသတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားတာ ရှိနေတော့ စားချင်တာ အလွယ် လုပ်စားလိုက်ယုံပါပဲ။ ကြက်သား ဆီသတ်ထားတာက ၂ မျိုးစလုံးအတွက် အဆင်ပြေတယ်လေ။ ကြာဇံချက်ပဲစားစား၊ အုန်းနို့ခေါက်ဆွဲပဲ စားစားပေါ့။ အဲဒါနဲ့ ဒီနေ့တော့ ကြာဇံချက် ချက်ပြီး မနက်ဖန်မှ အုန်းနို့ခေါက်ဆွဲချက်စားဖို့ ကိုယ့်ဘာသာပဲ အဆိုတင်သွင်းပြီး ကိုယ်တိုင်ပဲ ထောက်ခံလိုက်တော့တယ်... :)


ကြာဇံချက် ချက်ရင်းက “မဇနိလေး နေမကောင်းရှာဘူး။ ဒါကြောင့် Blog မှာပျောက်နေတာ” ဆိုပြီး သွား သတိရမိတယ်။ နေမကောင်းဖြစ်ရင် ကြာဇံချက် စားချင်နေမလား တွေးမိလို့ Blog ပေါ်တင်လိုက်တာပါ။ အပြင်မှာလည်း တကယ်ကျွေးချင်တာ။ နေရတာဝေးနေလို့သာ။ နောက်ပြီး သီတင်းကျွတ်မှာ လာကန်တော့တဲ့ မောင်လေး ညီမလေးတွေရော၊ ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေရော၊ မုန့်ဖိုး ပေးတဲ့ မမတွေရော၊ Blog ကြွလာ သူငယ်ချင်းတွေရော အားလုံးကို ကြာဇံချက်ကျွေးပါတယ်။


ရန်ကုန်မှာက အလှူလုပ်တော့မယ်ဆိုရင် လူဘယ်နှစ်ယောက် လာမယ်ဆိုတာ အတိအကျ ခန့်မှန်းလို့မရဘူးမို့လား။ သတ်မှတ်ထားတဲ့ လူဦးရေထက် ပိုပိုသာသာ ထည့်တွက်ထားရတာပဲ။ “ဘယ်နှစ်ယောက်လာမယ်ဆိုတာ မသိတဲ့ အခါမျိုးဆို အလွယ်တကူ ကြာဇံချက် ချက်ကျွေးတာ အဆင်ပြေတယ်” လို့ ကျမတို့ အဒေါ်က ပြောဖူးပါတယ်။ သူ့အိမ်မှာ ဘုရားပင့်ပြီဆိုရင် အမြဲ ကြာဇံချက်ပဲကျွေးတယ်။ ပွားလို့လည်းလွယ် (ရေထိုးလွယ်တယ်လို့ ပြောတာ)၊ ချက်လို့လည်းလွယ်၊ ပန်းကန်ဆေးရတာလည်း လွယ်ဆိုတော့ ၁ ချက်ခုတ်ရင် ၃၊ ၄ ချက်လောက်ကို ပြတ်တာ။ ဒါကြောင့် ဘလော့ခ်ပေါ်က သူငယ်ချင်းတွေလည်း ဘယ်နှစ်ယောက်လာမယ်မှန်းမသိလို့ ပွားရတာ လွယ်တဲ့ ကြာဇံချက်ပဲ ချက်ကျွေးလိုက်တော့တယ်။ မပွားခင်လေး သုံးဆောင်သွားကြပါဦးလို့...




အောက်တိုဘာ ၁၉၊ ၂၀၀၈။

October 17, 2008

အချစ်ဆိုသည်မှာ...

စာမရေးနိုင်တာတောင် အတော်လေးကြာနေပြီ။ မသက်ဝေ Tag ထားတဲ့ “အချစ်ဆိုသည်မှာ” ဆိုတာလည်း ရေးနေတာ စိတ်ကူးပေါက်သလို လျှောက်ရေးထားတာဆိုတော့ စာပိုဒ်တွေက စပ်ဆက်မှုလည်း မရှိဘူး။ စာတစ်ပုဒ်လုံးချောအောင်ရေးဖို့ အတော်လေး အခက်တွေ့ပြီး ဘာရေးရမှန်းကို မသိဘူး။ Tag ထားတာလည်း ရှိတော့ အရင် ရေးထားတာတွေကို သင့်တော်သလို နေရာချပြီး ပို့စ်တစ်ခုအဖြစ် ရေးလိုက်ပါတယ်။

အချစ်ဆိုတာမျိုးက ဆယ်ကျော်သက် အရွယ်တုန်းကသာ ရင်ခုန်သံတွေ ချိုမြလတ်ဆတ်နေတာပါ။ အခုချိန်မှာ အချစ်သီချင်းတွေ နားထောင်မိရင် အရင်တုန်းကလောက် ရင်ကို လာမထိတော့သလိုပဲ။ အမျိုးသားကို “ဘယ်လိုရေးရင် ကောင်းမလဲ” ဆိုပြီး မေးတော့ သူက ရီနေပြီး “ထွန်းအိန္ဒြာဗို သီချင်းရေးပေးလိုက်ပေါ့” လို့ ပြောပါတယ်။

“အချစ်”အကြောင်းကို သီချင်းတွေထဲလည်း ထည့်ဆိုကြတယ်၊ ၀တ္ထုထဲလည်း ဖတ်ဖူးတယ်၊ ရုပ်ရှင်တွေကြည့်တော့လည်း များသောအားဖြင့် “အချစ်” ကိုအခြေခံထားပြီး ရိုက်ကူးတင်ပြထားကြတယ်။ အဲဒါဆိုတော့ “အချစ်”ဆိုတဲ့ စကားကို ရင်းနှီးနေပြီးသားပါ။ ဒါပေမယ့် ဘယ်သူမှ အချစ်ဆိုတာကို တိတိကျကျ အဓိပ္ပာယ်မဖွင့်ဆိုနိုင်ဘူး။ တိကျတဲ့အဖြေရဖို့ ညီမျှခြင်း ချပြီး ပုံသေနည်းထဲ အစားသွင်း တွက်ထုတ်လို့ရရင် ကောင်းမယ်။


*****

လူတစ်ယောက်ကို
ချစ်တယ်ဆိုတာ
ထိုသူ့အပေါ်
ယုံကြည်ခြင်း နှင့်
သူအနိုင်ယူတာ
အပြုံးမပျက်
နှစ်သက်စွာ
အရှုံးပေးလိုခြင်းရယ်ပါ။


*****

အရင်တုန်းက ဖတ်မိတဲ့ကဗျာလေးတပုဒ်ပါ။ ဘယ်မှာ ဖတ်မိမှန်းလည်း မမှတ်မိသလို ဘယ်သူရေးထားတာလည်း မသိတော့ပါဘူး။ အခု“အချစ်ဆိုသည်မှာ” ဆိုတော့ အဲဒီကဗျာလေးကို သတိရလာလို့ ကောက်ရေးလိုက်တာပါ။


တကယ်တမ်း ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အချစ်ဆိုတာက ကဗျာထဲကလိုမျိုး ကိုယ့်ကိုလည်း အနိုင်မယူပါဘူး။ ကိုယ်ကလည်း သူ့ဆီက အနိုင်ယူပြီး ပြုံးပျော်နေတဲ့သူ မဟုတ်ရပါဘူး။ သူကလည်း အရှုံးမပေးရသလို ကိုယ်ကလည်း အရှုံးပေးစရာ မလိုခဲ့ပါဘူး။ အဓိကက နှစ်ယောက်စလုံး စိတ်ချမ်းသာဖို့ပါ။ ကိုယ့်အချစ်ကြောင့် သူ့ကို ချုပ်နှောင်ထားတာမျိုး မဖြစ်စေရသလို စိတ်ဆင်းရဲတာမျိုးလည်း မဖြစ်စေချင်ဘူး။ ကိုယ့်ကြောင့် စိတ်မညစ်စေချင်တာပါ။ သူနဲ့အတူနေရလို့ စိတ်ချမ်းသာမယ်၊ ပျော်မယ်လို့ ယုံကြည်တဲ့အတွက် လက်ထပ်ခဲ့တာ။ တကယ်လည်း ကျမကို စိတ်ချမ်းသာမှု ပေးတဲ့အပြင် ဘ၀အတွက် လုံခြုံမှု ပေးခဲ့တဲ့ သူပါ။ အဲဒီအတွက်လည်း ကျမတို့ နှစ်ယောက်ကို တွေ့ဆုံခွင့်ပေးတဲ့ ဖူးစာကံကို အမြဲကျေးဇူးတင်နေမိပါတယ်။


ကဲ..ပြီးပါပြီ အချစ်အကြောင်း။ ရေးတော့ ရေးလိုက်တာပါပဲ။ ဒီပို့စ်လေးနဲ့အတူ ထွန်းအိန္ဒြာဗိုရဲ့ အချစ်ဆိုသည်မှာ သီချင်းကို အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။


အချစ်ဆိုသည်မှာ

တေးဆို - ထွန်းအိန္ဒြာဗို


အချစ်ဆိုသည်မှာ .. အံ့သြမှုများနဲ့ .. ဆန်းကြယ်သောအရာ..
အချစ်ဆိုသည်မှာ .. လူသားတိုင်းရဲ့ နှလုံးသားထဲက အရှင်သခင်..
အချစ်ဆိုသည်မှာ.. ကြေကွဲခြင်းများနဲ့ မျက်ရည်တို့ရဲ့ ကဗျာ..
အချစ်ဆိုသည်မှာ .. ခံစားချက်တို့ မွေးဖွားရာ နေရာ..

အချစ်ဆိုသည်မှာ .. ကြည်နူးကြတဲ့အခိုက် .. လမင်းတရာ..
အချစ်ဆိုသည်မှာ .. ၀မ်းနည်းတဲ့အခါ နေမင်း.. ကုဋေကုဋာ..
အချစ်ဆိုသည်မှာ .. တားဆီးတတ်ခဲ့ .. အိပ်စက်ခြင်းများစွာ..
အချစ်ဆိုသည်မှာ .. အိပ်မက်များနဲ့ အရုဏ်ဦး အလှတရား..

တကယ်ဆိုရင်.. အချစ်ဟာ .. ဖြေရှင်းမရတဲ့ပြဿနာ..
အချစ်ဟာ .. အဖြေရှာမရတဲ့ပုစ္ဆာ ..
ငါကိုယ်တိုင်.. အချစ်ဟာ .. ဘာလဲ မသိတော့ပါ..
တခါတရံ .. အချစ်ဆိုတဲ့ .. အရာနဲ့ ဆုံဆည်းလိုက်ချင်လည်း..
တခါတရံတော့ .. အချစ်နဲ့ ဝေးချင်တယ်..


အောက်တိုဘာ ၁၈၊ ၂၀၀၈။

September 26, 2008

မှတ်မိတဲ့ ပထမဆုံးများ

ကျမ အသက် ၃ နှစ်လောက်ကတည်းက ပထမဆုံး မူကြိုကျောင်း စတက်နေရပါပြီ။ ၅ နှစ်ရောက်တော့ အိမ်နားက မူလတန်းကျောင်းမှာပဲ သူငယ်တန်း စတက်ရတာ။ သူငယ်တန်းတုန်းက ဆရာမကိုလည်း မမှတ်မိတော့ဘူး။ ဆရာမနာမည်၊ သူငယ်ချင်းနာမည်တွေကိုလည်း မေ့ကုန်ပြီဆိုတော့ ကိုယ့်မှတ်ဥာဏ်က ဒီလောက်တောင် အားနည်းနေတာပါလားဆိုပြီး ပထမဆုံး သတိပြုမိတော့တယ်။ ပထမဆုံး ရတဲ့ဆုက ၅ တန်း အောင်တုန်းက အဆင့် ၆ ရတဲ့ ဆုပါ။ ကျောင်းကလည်း ထူးထူးခြားခြား အဆင့် ၁ ကနေ ၆ အထိ ဆုပေးတာ။ ကျမက ပထမဆုံး ဆုယူတာတောင် ဘိတ်အဆင့်နဲ့ ယူရတယ်။ ၁၀ တန်းအောင်ပြီးတဲ့အထိလည်း အဆင့် ၁ ဆိုတာ မရခဲ့ပါဘူး။ ရမယ့် ရတော့ တက္ကသိုလ် နောက်ဆုံးနှစ် အောင်မှ ရခဲ့တာ။ ပထမဆုံး ပထမရ တာကို ထူးခြားပြီး မပျော်မိပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ့်လိုပဲ နောက်ထပ် လူ ၃၀ လောက်က ပထမရတာကိုး။


ကျောင်းတက်တုန်းက ပထမဆုံး စပြီး စာရေးဖြစ်တာက ဝေဖန်ရေးစာပါ။ အဲဒီတုန်းက လွင်မိုးကို အရမ်းကြိုက်တော့ သူ့ဇာတ်ကားတွေဆို တော်တော်များများ ကြည့်ဖြစ်ပါတယ်။ ဖြစ်ချင်တော့ အပျိုမ မဂ္ဂဇင်းက လွင်မိုးအကြောင်း ဝေဖန်ပေးပါ။ လွင်မိုးကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံ ပို့ပေးပါမယ်ဆိုပြီး ကြော်ငြာပါတယ်။ အဲဒီတော့ ကျမလည်း ကြိုးစားပမ်းစား ဝေဖန်တာပေါ့။ ပထမဆုံး ကိုယ်ရေးလိုက်တာက မဂ္ဂဇင်းထဲပါလာတော့ ၀မ်းသာမိတာ အမှန်ပဲ။ ဒါပေမယ့်လည်း လွင်မိုး ဓာတ်ပုံ တကယ် မရခဲ့ပါဘူး။ ကျူရှင်တက်တဲ့ လမ်းမှာ မဂ္ဂဇင်းတိုက်ရှိလို့ သွားမေးတော့လည်း ၀ါးတားတားနဲ့။ ပထမဆုံးအကြိမ် လှလှပပလေး အလိမ် ခံလိုက်ရတာပေါ့။ ကိုယ့်ကိုကိုယ်လည်း အခုနေတွေးရင် ပြန်ရှက်မိပါတယ်။ အတော်ပေါခဲ့လို့။ စာရေးတာတောင်မှ ရေးစရာ ရှားလို့ မင်းသားကို ဝေဖန်တဲ့စာမျိုး ရေးရတယ်လို့။ ဓာတ်ပုံမရလိုက်တာပဲ ခပ်ကောင်းကောင်းလို့ ပြောရမယ်။


တက္ကသိုလ် ကျောင်းတွေ ပိတ်ထားချိန်မှာ ကွန်ပျူတာ သင်တန်းကို လှည်းတန်းမှ ပထမဆုံး စတက်ဖြစ်တယ်။ အဲဒီတော့မှ ကွန်ပျူတာကို ပထမဆုံးမြင်ဖူးတာ။ အဲဒီတုန်းက ပထမဆုံး သုံးခဲ့တဲ့ OS က Window 3.11။ သင်တန်းပြီးတော့ အိမ်ကလည်း ဒီလောက် ဈေးကြီးတဲ့ ကွန်ပျူတာကို ဘယ်ဝယ်ပေးနိုင်ပါ့မလဲ။ အဲဒီတော့ သူငယ်ချင်းတွေနဲ့အတူ အဲဒီ ကွန်ပျူတာ သင်တန်းမှာပဲ Instructor ၀င်လုပ်ဖြစ်ခဲ့တယ်။ ကျောင်းမပြီးခင် ပထမဆုံး လခစားအလုပ်ပေါ့။ လခက ၁၅၀၀ စရတာ။ မြန်မာကျပ်ငွေပေါ့နော်။ နောက်တော့လည်း သင်တန်းကျောင်းမှာ ဆရာတွေ လိုလာတာနဲ့ Assistant Lecturer လိုမျိုး အတန်းတွေ ၀င်သင်ပေးခဲ့ရတယ်။ ပထမဆုံး စာသင်တော့ သင်တန်းသားတွေက ကိုယ့်ကို ၀ိုင်းပြုံကြည့်ကြလို့ မှတ်ထားတာတွေ မေ့၊ ပြောရမှာတာတွေက တလွဲတွေ ဖြစ်ကုန်တာပေါ့။ တော်သေးတယ် သင်တန်းသားတွေက ကလေးလေးတွေမို့။ နွေရာသီ အားလပ်ရက်မှာ မိဘတွေက ကွန်ပျူတာ သင်တန်းပို့ပေးထားတာလေ။ စာလေးနည်းနည်းသင်ပေးလိုက် ကလေးတွေကို ဂိမ်းဆော့နည်းသင်ပေးလိုက်နဲ့။ ပထမဆုံး တပည့်တွေပေါ့။ ဂိမ်းချည်းပဲ ဆော့ချင်လို့ မနည်းပဲ စာကို ပြီးအောင် သင်ပေးခဲ့ရတာ မှတ်မိသေးတယ်။ ကလေးနာမည်တွေတော့ မမှတ်မိတော့ဘူး။


*****


ကျောင်းပြီးတော့ အခြေတကျ အလုပ်လုပ်ဖို့အတွက် ကွန်ပျူတာ company တစ်ခုမှာ ရေးဖြေ စာမေးပွဲ ၀င်ဖြေဖြစ်တယ်။ အလုပ်နဲ့ပတ်သက်ပြီး စာမေးပွဲဖြေရတာ ပထမဆုံးပါ။ မအောင်ပါဘူး။ ဘာတွေမေးမှန်းမသိလို့ ထင်တာတွေပဲ လျှောက်ရေးခဲ့လိုက်တယ်။ နောက်တခါ ထပ်ဖြေဖို့အတွက် အဲဒီ company ကို ရောက်နှင့်ပြီးသား သူငယ်ချင်းကို ဘာတွေ မေးတတ်လဲ၊ ဘာကြည့်ထားရမလဲဆိုပြီး သူ့အိမ်သွားပြီး အတင်းနားပူ နားဆာနဲ့ စာသင်ခိုင်းခဲ့ရတာ။ မှတ်မှတ်ရရ သူသင်ပေးမှပဲ အဲဒီ Window Programming ဆိုတာကြီးကို ပထမဆုံး မြင်ဖူးတာ။ ကျောင်းတုန်းကတော့ C, C++, OOP လောက်နဲ့ ပြီးသွားခဲ့တာကိုး။ သူငယ်ချင်းကတော့ သူ့ကွန်ပျူတာကြီးဖွင့် VC program တွေ ရေးပြပေါ့လေ။ အလုပ်ထဲက ရေးဖြေစာမေးပွဲကို ပထမဆုံး အောင်ခဲ့ပါတယ်။ ရေးဖြေအောင်ပြီဆိုမှ နောက်တဆင့် လူတွေ့ အင်တာဗျူး လုပ်ရတာပါ။ ပထမဆုံး အလုပ်အင်တာဗျူးဆိုတော့ ကြောက်တာရော၊ အလုပ်မရမှာ စိုးရိမ်တာရော ခံစားချက်တွေ မျိုးစုံနဲ့ပေါ့။ အဲဒီ အင်တာဗျူးကနေ ရလိုက်တဲ့ သင်ခန်းစာက လူတစ်ယောက်ရဲ့ ပထမဆုံး အမြင်ဟာ အရမ်းအရေးကြီးတယ်ဆိုတာပါပဲ။ First impression ပေါ့။


အလုပ်ထဲရောက်မှ ပထမဆုံး New Year Party ဆိုတာကို ကြုံဖူးတာ။ ပြီးတော့လည်း ချောင်းသာ၊ ငပလီ၊ ငွေဆောင် စတဲ့ ကမ်းခြေခရီးတွေကိုလည်း ရုံးကနေ သွားလို့ ပထမဆုံး ရောက်ဖူးတာ။ အလုပ်ထဲရောက်တော့ အဆင်ပြေတာရှိသလို အဆင်မပြေတာတွေလည်း ရှိတာပေါ့။ ပထမဆုံး စိတ်ဆင်းရဲ၊ စိတ်ဓာတ်တွေကျတာကတော့ အလုပ်ထဲ ရောက်မှပါ။ ဒါပေမယ့်လည်း အချိန်အတိုင်းအတာ တခု ပြီးသွားတော့ အရာအားလုံးဟာ အနယ်ထိုင်သွားတာပါပဲ။ ပထမဆုံး နိုင်ငံခြား ခရီးကတော့ ဂျပန် Osaka ကိုပါ။ နိုင်ငံခြား ခရီးဆိုတော့လည်း ထုံးစံအတိုင်း ပထမဆုံး Passport စလုပ်ရတယ်လေ။ ကျမနဲ့အတူ သွားမယ့်သူတွေအားလုံးက Passport ရှိထားနှင့်ပြီးသား၊ သက်တမ်းတိုးယုံပဲ။ ကျမမှာက Passport မရှိဘူး။ Passport က လည်း ပွဲစားနဲ့ လုပ်ရင် သိတဲ့အတိုင်းပဲ။ ဒီနေ့ ရမယ်ပြောပေမယ့် ရချင်မှလည်း ရတာ၊။ ဒါပေမယ့် ကျမတုန်းကတော့ ချိန်းထားတဲ့ရက်မှာ Passport မရတဲ့အပြင် ဗိုလ်ချုပ်ခင်ညွှန့်အဖမ်းခံရတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး စာအုပ်က တော်တော်နဲ့ ထွက်မလာခဲ့ပါဘူး။ ပထမဆုံး နိုင်ငံခြားခရီးတော့ ပျက်ပြီလို့ပဲ တွေးထားတာ။ ဟိုလူ့စုံစမ်း၊ ဒီလူ့စုံစမ်းနဲ့ အရပ်ကယ်ပါ လူဝိုင်းပါ လုပ်တော့မှ လက်ထဲ စာအုပ်လေး ရလာတာ။ တော်သေးတာပေါ့။ အဲဒီတုန်းကလည်း တော်တော်ကို အီစိမ့်နေအောင် ခံလိုက်ရတဲ့ ပထမဆုံး အဖြစ်အပျက်တစ်ခုပဲ။


ပထမဆုံး လေယာဉ်စီးတော့ နားထဲက လေတွေ ထွက်ပြီး အတော်လေး ခံရခက်တာပဲ။ ထိုင်းမှာ transit ခဏနားတော့ လေယာဉ်ကွင်းထဲမှာတင် လျှောက်ကြည့်ပြီး မြန်မာပြည်နဲ့ကွာသွားပြီဆိုတာ ပထမဆုံး ခံစားမိလာတယ်။ အဲဒီလိုနဲ့ မအူမလည် Osaka ကို ပထမဆုံး ရောက်လာတာပေါ့။ မြန်မာပြည်မှာ အလုပ်လုပ်ရတုန်းက ကိုယ့်အထက်မှာ Team Leader, Supervisor လိုမျိုးက တဆင့်ခံပြီးမှ ကိုယ်က သူတို့ ခိုင်းတာ လုပ်ပေးရယုံပါ။ အဲဒါဆိုတော့ တာဝန်ပေါ့တာပေါ့။ Osaka မှာ လုပ်ရတာကတော့ ကိုယ့်မန်နေဂျာ တရုတ်အမျိုးသမီးရဲ့ စကားပြော လေယူလေသိမ်းကို ပထမဆုံး နားလည်အောင် အရင်လုပ်ရပါတယ်။ ပြီးမှ အလုပ်နဲ့ ပတ်သက်ပြီး သူလိုချင်တာကို သဘောပေါက်အောင် လုပ်ရပါတယ်။ ကိုယ်ပါဝင်ရတဲ့ Project တခုရဲ့ Phase တခု ပြီးတိုင်း client က တကယ် သုံးမှာဖြစ်တဲ့အတွက် တာဝန်ကြီးသလို Stress လည်း အရမ်းများပါတယ်။ အဲဒါတွေကတော့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ပထမဆုံး ရလာတဲ့ အတွေ့အကြုံတွေပါ။ ဇာတ်လမ်းက ထပ်ဆက်ရရင် နိုင်ငံခြားရောက်တော့ ပထမဆုံးနဲ့ နောက်ဆုံး ရည်းစား ရပြီး အဲဒီ ရည်းစားနဲ့ပဲ အိမ်ထောင်ကျပေါ့လေ။


ပထမဆုံး အကြိမ် မိဘနဲ့ ခွဲပြီး နိုင်ငံခြားလာတော့ ကျမက ရှေ့ရေးအတွက်ပဲ စိတ်စောနေတာ။ ဒါကြောင့် မိဘနဲ့ခွဲနေရတော့မယ် ဆိုတဲ့ feeling ကို သတိမထားမိသေးဘူး။ မိဘနဲ့ တကယ်ခွဲနေရပါလားဆိုတာကို ပထမဆုံး ခံစားမိတာက မင်္ဂလာဆောင်ပြီးမှပါ။ မင်္ဂလာဆောင်ပြီး မိဘအိမ်ပြန်လည်တုန်းကပေါ့။ ကိုယ့်အိမ်ပြန်ခါနီးမှာ “ပါပါးရေသမီးပြန်တော့မယ်.. မာမားရေ သမီးပြန်တော့မယ်” လို့ ပါးစပ်ကသာ နှုတ်ဆက်နေတာ။ စိတ်ထဲက တမျိုးကြီးပဲ၊ တခါမှ ကိုယ့်မိဘကို ပြန်တော့မယ်လို့မှ မနှုတ်ဆက်ဘူးတာ။ “မိဘ အိမ်ကနေ ငါတကယ် ခွဲခွာခဲ့ရတာပါလား” ဆိုပြီး ရင်ထဲမှာလည်း ပထမဆုံးအကြိမ် နင့်နေအောင် ခံစားလိုက်ရတယ်။ မျက်စိမျက်နှာပျက်နဲ့ ကျန်ခဲ့တဲ့ မိဘတွေကို မြင်ယောင်ပြီး အဲဒီနေ့က အိမ်ပြန်တော့ တလမ်းလုံး ငိုခဲ့တာပေါ့။

*****


ဒုတိယအကြိမ် Osaka ရောက်တော့ အလုပ်မရှိပါဘူး။ အဲဒီတော့မှ အလုပ်မရှိပဲ နေရတဲ့ဘ၀ကို ပထမဆုံး နားလည်သွားတော့တယ်။ အလုပ်မရှိတော့ အားနေတယ်လေ။ ပျင်းတယ်ဆိုပြီး ပထမဆုံး စဖတ်မိတဲ့ Blog က WeSheMe ရဲ့ ရွှေညောင်ပင်ကြက်သားသုပ်ဆိုတဲ့ပို့စ်ပါ။ ဖတ်ပြီးပြီးချင်း နောက်ရက် ပထမဆုံး သုပ်စားကြည့်လိုက်သေးတယ်။ ဒါပေမယ့် ပထမဆုံး Blog စရေးတာကတော့ တခြား Blog မှာပါ။ ဒီနာမည်နဲ့လည်း မဟုတ်ပါဘူး။ ပထမဆုံး သုံးမိတဲ့ Nick Name က သူများနာမည်နဲ့ သွားတူနေလို့ အားနာပြီး ထပ်မသုံးဖြစ်တော့တာပါ။ နောက်တော့ အဲဒီ Blog မှာ ဆက်မရေးဖြစ်တော့ပါဘူး။ အဲဒါကြောင့် ကိုယ့်ဘာသာ Blog တခုဆောက်ပြီး ပို့စ်ရေးတော့ နာမည်ရင်းနဲ့ပဲ ရေးဖြစ်ခဲ့တာ။ ဒီ Blog ရဲ့ ပထမဆုံးပို့စ်က ဂျပန်အစားအစာ အကြောင်းရေးထားတာပါ။ ပထမဆုံး Blogger နဲ့ Gtalk မှာ စကားပြောဖြစ်တာက ညီမလေး s0wha1 နဲ့ပါ။ အပြင်မှာ ပထမဆုံး လူချင်းမြင်ဖူးတဲ့ Blogger အမ (သမုဒယ) က အခု Blog မရေးတော့ပါဘူး။ Blog ရေးမှပဲ မကေရဲ့ အင်တာဗျူးပုံစံ မေးခွန်းမျိုးကို ပထမဆုံး စဖြေဖူးတာ။ နောက် ကိုစေးထူး ရဲ့ နိုင်ငံခြားသွားမယ်ဆိုရင် ပို့စ်မှာ Comment ၀င်ရေးရင်း တခြား Blogger တွေနဲ့အတူ Weekly Eleven Journal ရဲ့ ဆောင်းပါးမှာ ကိုယ့်နာမည်လေး ဖော်ပြခွင့်ရတာ ပထမဆုံးပါ။


*****


အခုရေးထားတဲ့ ပထမဆုံးတွေက ကျမဘ၀ရဲ့ အစိတ်အပိုင်းတွေပါ။ ပြန်တွေးကြည့်လိုက်တော့လည်း ရှေးဟောင်းရုပ်ရှင်ကြည့်ရသလိုပဲ ဟိုတကွက်ဒီတကွက်နဲ့။ အဲဒီတော့ ပထမဆုံးများ ဆိုတဲ့အတွက် မှတ်မိသလောက် ပထမဆုံးတွေကိုပဲ ပထမဆုံးအကြိမ် စုစည်းပြီး ရေးလိုက်ပါတယ်။ မမသက်ဝေရေ.. ရေးပေးလိုက်ပါပြီနော်..။ :)


စက်တင်ဘာ ၂၇၊ ၂၀၀၈။

September 12, 2008

ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု

မတန်ခူး က လက်တလော ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု ကိုရေးပေးပါလို့ tag ထားတယ်။ တခြားသူတွေတော့ ရေးပြီးကုန်ကြပြီ။ ကျမကတော့ အခုမှ ဟိုဟိုဒီဒီ blog တကာ သွားပြီး သူများရေးထားတာလေးတွေ (ကူးချ .. ယောင်လို့..) အတုယူပြီး စု၊ တု၊ ပြု လုပ်လိုက်ပါပြီနော်။ စု၊ တု၊ ပြု တယ်သာ ပြောလိုက်ရတာပါ။ တကယ်တမ်းရေးတော့လည်း ဘာတွေ ရေးရမှန်းမသိဘူး။ အခုအကြောင်းအရာမျိုး အရင်တုန်းက တစ်ခါလား ရေးဖူးတာ။ အဖြေရခက်တဲ့နေရာ၊ မဖြေတတ်တာတွေဆိုရင် ??? တွေ ရေးပေးလိုက်တာ မှတ်မိသေးတယ်။ သြော်.. ကိုယ့်အကြောင်း ကိုယ်ရေးရတာ မလွယ်ပါလားနော်.. :D

*****

ကိုယ့်ရဲ့နာမည် ...

ပါပါး ပေးထားတဲ့နာမည်ပါ။ စနေသမီးမို့ “နု” ပါအောင် မှည့်ထားတာတဲ့။ ငယ်ငယ်ကတော့ ဒီနာမည်ကြီးမကြိုက်ပါဘူးဆိုပြီး နာမည်ပြောင်းချင်ခဲ့တာ မှတ်မိသေးတယ်။


ကိုယ့်ကို ဒီလိုခေါ်တယ်...

နာမည်ရင်းခေါ်ကြတာ များတယ်။ တချို့ကတော့ “နုနု”၊ "နု” တဲ့။ ကိုယ့်ထက်ငယ်တဲ့သူတွေက “မနု”၊ “မမနု”၊ “အမ”။ အဒေါ်ကတော့ စကားများလို့ “အာလူး” တဲ့။ အရမ်းခင်တဲ့ သူငယ်ချင်းက “ရွှေနု”၊ တချို့တင်စီးချင်တဲ့သူတွေကတော့ “မိနု” တဲ့။ တော်သေးတယ် “မယ်နု”လို့တော့ ဘယ်သူမှ မခေါ်ဘူး။ ဘလော့ခ်ရေးတော့ “နုစံ” (အားပါးပါး.. နာမည်တွေ အများကြီးပဲ.. )


ကိုယ်ဒီမှာနေတယ် ...

လောလောဆယ်တော့ Osaka မှာ။


ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် ...

ဖုန်းနံပါတ်ကိုတော့ အလွတ်မရဘူး။ ဘယ်တော့မှလည်း မမှတ်ထားဘူး။ ဖုန်းခေါ်တာထက် ပြောစရာရှိရင် ဘလော့ခ်က comment မှာ လာရေးထားတာက ပိုပြီး မြန်ဦးမယ်ထင်တယ်..:P


အရောင်ဆိုရင် ...

ပစ္စည်းပေါ်မူတည်ပြီး ကြိုက်တယ်။ များသောအားဖြင့် မိုးပြာရောင်လေးတွေကို သဘောကျတယ်။ ဒါပေမယ့် အ၀တ်အစားဆိုရင်တော့ အရောင်တောက်တောက်တွေ မကြိုက်ဘူး။


အ၀တ်အစားဆိုရင် ...

မိန်းကလေးအတွက် အမြင်တင့်တယ်တဲ့ အ၀တ်မျိုးကိုပဲ ၀တ်ပါတယ်။ ၀တ်ထားတဲ့ အ၀တ်က စိတ်ကို အနေခက်စေမယ့်၊ စိတ်ကျဉ်းကျပ်စေမယ့် အ၀တ်အစားကလွဲရင် ကျန်တာတွေ ၀တ်လို့ရပါတယ်။ Branded crazy မဟုတ်ပါ။ များသောအားဖြင့်တော့ လျှော်လို့လွယ်၊ မီးပူတိုက်လို့လွယ်တဲ့ အ၀တ်မျိုးပိုကြိုက်တယ်။ အကြိုက်ဆုံးက မြန်မာအင်္ကျီခါးတို၊ ခါးတင်လေးတွေ နဲ့ ယောထမီပါ။ လောလောဆယ် တီရှပ်တွေ အ၀တ်များတယ်။


အစားအစာဆိုရင် ...

ရေးလိုက်ရရင်တော့ စာမျက်နှာ မဆန့်လောက်ဘူးထင်တယ်။ မြန်မာအစားအစာတွေ တော်တော်များများကြိုက်ပါတယ်။ တကယ် မမုန်းအောင် စားတာက မုန့်ဟင်းခါးနဲ့ ကြေးအိုးပါ။


ပစ္စည်းဆိုရင် ...

မိန်းကလေးတစ်ယောက်အတွက် လိုအပ်မယ့် ပစ္စည်းတွေဆိုရင် ၀ယ်ပါတယ်။ ပစ္စည်းတခုကို အများကြီးလည်း မ၀ယ်တတ်သလို ပစ္စည်းအစွဲလည်း မရှိပါဘူး။


သီချင်းဆိုရင် ...

ထူးအိမ်သင် သီချင်းတွေကို အကြိုက်ဆုံးပါ။ တခြားနားထောင်လို့ကောင်းတဲ့ သီချင်းတွေဆိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် ဆူဆူညံညံ သီချင်းတွေ မကြိုက်သလို အရမ်းပျင်းစရာကောင်းတဲ့သီချင်းတွေလည်း မကြိုက်ပါဘူး။


စာရေးဆရာ...

ဆရာမ ဂျာနယ်ကျော်မမလေး ကို အကြိုက်ဆုံးပါ။ ဒီဘက်ခေတ်မှာဆို ဆရာမင်းလူ၊နီကိုရဲ တို့လို ဟာသစာရေးဆရာတွေအပြင် ရသစာပေတွေရေးတဲ့ စာရေးဆရာတွေ အားလုံးကိုကြိုက်ပါတယ်။ ကာတွန်းဆရာတွေလည်း ကြိုက်တယ်။ မှတ်မိသလောက် ဦးငွေကြည်၊ ကိုရွှေထူး(ပြည်)၊ ဓနုဖြူဆွေမင်း၊ ပိုးဇာ..


စာအုပ်...

ဆရာမ ဂျာနယ်ကျော်မမလေး ရေးတဲ့စာအုပ်မှန်သမျှ အကုန်ကြိုက်ပါတယ်။ နိုင်ငံခြား ၀တ္ထုတွေ၊ ဘာသာပြန်စာအုပ်တွေ သိပ်မဖတ်တတ်ပါဘူး။ မြန်မာဝတ္တုစာအုပ်နဲ့ မဂ္ဂဇင်းတွေ ဖတ်ရတာ ပိုကြိုက်ပါတယ်။

Life Style...

လူ့ဘ၀က နေရတာ တိုတယ်။ အဖြစ်အပျက်တွေက တခါတလေ လိုက်လို့မမှီအောင် မြန်ဆန်တာမို့ နေရခိုက်လေးမှာ စိတ်ချမ်းချမ်းသာသာ နေချင်တယ်။ အားလုံးကို စိတ်ရှင်းရှင်းထားပြီး ပျော်ပျော်ပဲ နေပါတယ်။


ကိုယ့်ရဲ့ဝါသနာ ...

စာရေး ၊ စာဖတ် ပေါ့။ တကယ်တမ်း ၀ါသနာပါတာက ရေကူးတာ။ ရေကူးတတ်လားဆိုတော့ မကူးတတ်ဘူး (မရီကြနဲ့နော်..) ။ ပန်းအလှပြင်တာ ပန်းစိုက်တာလည်း ၀ါသနာပါတယ်။


အလိုချင်ဆုံး လက်ဆောင် ...

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကသာ ဒီလိုမေးခဲ့မယ်ဆိုရင် လိုချင်တာတွေ အများကြီးပေါ့။ အခုချိန်မှာတော့ ဘာမှ ထူးထူးခြားခြား မလိုချင်တော့ပါဘူး။


ကိုယ့်ရဲ့ အချစ်ဆုံးသူ ...

ကိုယ့်မိသားစု၊ ခင်ပွန်း။

ကိုယ့်ရဲ့ အလေးစားရဆုံးသူ ...

ပါပါး။ နောက် လေးစားသင့် လေးစားထိုက်သူတွေကို လေးစားပါတယ်။


ကိုယ်ရဲ့ အခင်ဆုံးသူငယ်ချင်း ...

သူငယ်ချင်းအားလုံးကို ခင်ပါတယ်။


ကိုယ့်ကို အများဆုံးနားလည်မှု ပေးနိုင်သူက ...

ပါပါး ပါ။ နောက်ပြီး မပါမဖြစ် သူ့ကိုတော့ စာရင်းထဲ ထည့်ထားဦးမှ။


ကိုယ်ရဲ့ အမုန်းဆုံးသူက ...

ကတိသစ္စာမတည်တဲ့သူ၊ လိမ်ညာကောက်ကျစ်တတ်တဲ့သူတွေဆို မုန်းပါတယ်။


ရင်အခုန်ဆုံးအချိန် ...

ရုံးမှာ ဘလော့ခ်ခိုးလည်လို့ မန်နေဂျာ မိသွားတဲ့အချိန်။


အကြောက်ဆုံး အချိန် ...

အာရှမှာ ငလျင်အကြီးအကျယ် လှုပ်မယ်လို့ ဘလော့ခ်မှာ ဖတ်လိုက်ရတဲ့အချိန်။


အမှတ်တရနေ့ ...

ထူးထူးခြားခြား မရှိပါ။


ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု...

တောင်းတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်။


အချစ်ဆိုတာ...

မျက်လှည့်လိုပဲ။ မထင်မှတ်တာတွေက ဖြစ်တတ်လွန်းလို့....


အမုန်းဆိုတာ ...

ပြင်းထန်တဲ့ စိတ်ဒဏ်ရာတစ်ခုလို့ပဲ မြင်မိပါတယ်။ အခုထိတော့ ဘယ်သူ့ကိုမှ တူးတူးခါးခါး မမုန်းဖူးပါဘူး။


အလွမ်းဆိုတာ ...

သတိရခြင်း တစ်မျိုးလို့ ထင်တာပဲ..


သံယောဇဉ်ဆိုတာ ...

အဖြူစင်ဆုံး တွယ်တာခြင်း။ (ဟိ..ဟိ.. စာအုပ်ထဲက ကူးချထားတာ.. )


ဘ၀ဆိုတာ ...

Life is a journey where the destination is unknown.


သူငယ်ချင်းဆိုတာ ...

ခင်ရတဲ့သူ။


ချစ်သူဆိုတာ ...

ကိုယ်ချစ်ရတဲ့သူပေါ့။


ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် ...

လှတယ်လို့.. အဲလေ.. ဟုတ်ပါဘူး.. ကိုယ့်ကိုယ်ကိုထင်တာ ပြောပြီးသွားပြီ... သူများတွေ ဘယ်လိုထင်လဲ ပြောခဲ့နော်.. :P


ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က ...

ကိုယ့်စေတနာ ကိုယ်အကျိုးပေးတယ်။


အပြောချင်ဆုံး စကားတစ်ခွန်း ...

အခုတလော အလုပ်မအားလို့ စာမရေးဖြစ်ပါဘူး။ ဘလော့ခ်လာလည်တဲ့သူတွေကို မကြာမီ Blog Vacation ၃ လလောက်ယူပါမယ်ဆိုတာလေး ပြောချင်ပါတယ်။

စက်တင်ဘာ ၁၃၊ ၂၀၀၈။

August 24, 2008

တောင်ငူမုန့်ဟင်းခါး

များသောအားဖြင့် comment တွေကို ကျမ တတ်နိုင်သလောက် ပြန်ဖြေပေးလေ့ ရှိပါတယ်။ ဒီ Blog မှာက Cbox လည်းမရှိတဲ့အတွက် ကိုယ့်ရဲ့ Blog ကို လာလည်သူတွေနဲ့ ရင်းနှီးခွင့်ရတာ comment တွေကြောင့်ပါ။ တခါတလေ အလုပ်အရမ်းရှုတ်နေတဲ့ အချိန်မျိုးဆိုရင်တော့ ပြန်မဖြေဖြစ်ပါဘူး။ အဲဒါဆိုရင် စာလာဖတ်သူတွေအနေနဲ့ မေးထားတာလည်း မဖြေဘူးလို့ ထင်ကြမှာပဲ။ အရင်တုန်းကဆို ကျမ Blog မှာ Recent Comment ဆိုတာ မထည့်ထားမိတော့ ပို့စ်အဟောင်းတွေကို comment ပေးခဲ့ရင် ကျမ မသိပါဘူး။ အတော်လေး နောက်ကျပြီးမှ comment ပေးသွားပါလား ဆိုပြီး သိလိုက်ရတာမျိုးပါ။ အခုတလောတော့ စာလာဖတ်သူတွေရဲ့ comment လေးတွေကတဆင့် နောက်ထပ် ပို့စ်အသစ်တွေကို ထပ်ပြီး ရေးလို့ရနေတော့ Blog မှာ ဘာရေးရင် ကောင်းမလဲဆိုတာ သိပ်စဉ်းစားမနေတော့ပါဘူး။ အဲဒါကြောင့် အရင်ပို့စ်တွေမှာရော၊ ပို့စ်အဟောင်းမှာပါ မေးထားတဲ့ တောင်ငူမုန့်ဟင်းခါး ချက်နည်းလေး တင်ပေးပါ့မယ်။ (မထူးပါဘူး ဆားချက်တယ်လို့ပဲ ၀န်ခံလိုက်ပါတော့မယ်.. :D)


*****


ကျမက မုန့်ဟင်းခါးဆို အရမ်းကြိုက်ပါတယ်။ ၂ ရက် ၃ ရက် ဆက်တိုက် စားဆိုလည်း စားနိုင်တယ်။ အဲဒါ အဖေတူတယ်လို့ပြောလို့ရတယ်။ ဘာလို့လည်းဆိုတော့ ကျမအဖေလည်း မုန့်ဟင်းခါး အရမ်းကြိုက်တာကိုး။ မုန့်ဟင်းခါးစားလို့ အဖေနဲ့ ကျမ မတူတာ တခုပဲရှိတယ်။ အဖေက နံနံပင်ပါရင် မစားဘူး။ ကျမက နံနံပင်ပါမှစားတယ်။ ဒါပေမယ့် အဖေက တရုတ်နံနံပင်တော့ ကြိုက်တယ်။ ကျမက လုံးဝ အနံ့ခံလို့မရဘူး။ သားအဖ ၂ ယောက် စကားနိုင်လုပြီဆိုရင် “ပါပါး တရုတ် နံနံပင်ကလည်း နံလိုက်တာ။ သမီးတော့ အနံ့ခံလို့ မရဘူး”လို့ပြောလိုက်ရင် အဖေကလည်း “ဟင်.. နင့်ရဲ့ ဗမာနံနံပင်လည်း ငါ အနံ့မခံနိုင်ဘူး နံတယ်”ဆိုပြီး စကားကပ်ပြောတာ သတိရမိသေးတော့တယ်။ ကျမ ရန်ကုန်မှာ အလုပ်လုပ်တဲ့အချိန်ကတော့ ရုံးအတူသွားမယ့် သူငယ်ချင်းအိမ်ကို မနက်တိုင်း အဖေက လိုက်ပို့ပေးပါတယ်။ အဲဒီလို လိုက်ပို့ပေးရင် လမ်းမှာ တွေ့သမျှ မုန့်ဟင်းခါးဆိုင်တွေကိုမှတ်ထားပြီး တနေ့ တစ်ဆိုင် စမ်းပြီး စားကြည့်ပါတယ်။ အမေကတော့ ကျမတို့ သားအဖကို “သူတို့မို့ မမုန်းတဲ့အတိုင်းပဲ နေ့တိုင်း မုန့်ဟင်းခါး စားနိုင်တယ်”ဆိုပြီး ကောင်းချီးပေးတယ်။ အမေပြောလည်း ပြောချင်စရာပါ။ ပိတ်ရက်ဆိုရင်လည်း ပိတ်ရက်မို့ အိမ်နားက ဆိုင်မှာ ၀ယ်စားတယ်။ ရုံးဖွင့်ရက်ဆိုရင်လည်း တပတ်ကို ၂ ခါ ၃ ခါလောက် အပြင်က ဆိုင်မှာ ၀ယ်စားတတ်ပြီး အိမ်မှာလည်း မကြာမကြာ ချက်စားတတ်သေးတာဆိုတော့ အမေပြောတာလည်း မလွန်ဘူးပေါ့။


မုန့်ဟင်းခါးဆိုရင် မြောင်းမြဒေါ်ချို၊ တင်တင်အေး၊ မြေနီကုန်းက စိန်ဥ မုန့်ဟင်းခါး၊ လမ်းဘေးက နာမည်မကြီးတဲ့ မုန့်ဟင်းခါး၊ ရုံးနားက မုန့်ဟင်းခါး စတဲ့ ဘယ်လိုဆိုင်မျိုး မဆို စားလို့ရပါတယ်။ မကြိုက်ဘူး ဆိုတာမရှိဘူး။ အခုထိလည်း ဟင်းချက်ရတာပျင်းရင် မုန့်ဟင်းခါးဖြစ်ဖြစ်၊ အုန်းနို့ ခေါက်ဆွဲဖြစ်ဖြစ် ၁ အိုး ချက်ထား လိုက်တယ်။ အဲဒီလို ချက်ထားပြီးရင် စားခါနီးမှ ခေါက်ဆွဲ၊မုန့်ဖတ် ပြုတ်ပြီး ရုံးသွားလည်း ထည့်သွားတယ်။ ပြန်လာလည်း ခပ်မြန်မြန် ခူးခပ်ပြီး စားလိုက်တယ်။ ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး မကုန်မချင်းကို နွှေးစားနေတော့တာပဲ။ အဲဒီလောက် မုန့်ဟင်းခါး ကြိုက်ပါတယ်။


*****


ကျမ အမျိုးသားက တောင်ငူဇာတိပါ။ သူနဲ့ ရည်းစားဖြစ်တော့ ကျမ မုန့်ဟင်းခါး ကြိုက်ပုံမျိုးကို သူအတော်လေး အံ့သြတယ်။ ဒါနဲ့ ကျမကို “တောင်ငူမုန့်ဟင်းခါးရော စားဖူးလား” လို့မေးပါတယ်။ ကျမကလည်း တောင်ငူမုန့်ဟင်းခါး စားဖူးဖို့ နေနေသာသာရယ် တောင်ငူတောင် မရောက်ဖူးဘူးလို့ပြောလိုက်တယ်။ အဲဒီတော့ တောင်ငူသားက တောင်ငူမုန့်ဟင်းခါးအကြောင်းကို ကြွားလုံးထုတ်တော့တာပဲ။ တောင်ငူဈေးကြီးထဲမှာရှိတဲ့ မုန့်ဟင်းခါးက အရမ်းစားလို့ကောင်းကြောင်း၊ တောင်ငူမုန့်ဟင်းခါးက မုန့်ဟင်းခါးအဖတ် ကို ဆီချက်နိုင်နိုင်ထည့်ပြီး အသုပ်လို စားလို့ရကြောင်း၊ အသုပ်မကြိုက်ရင် ဟင်းရည်ကျဲနဲ့ ရိုးရိုးမုန့်ဟင်းခါးလိုပဲ စားလို့ရကြောင်း၊ အသုပ်စားတဲ့သူတွေအတွက်တော့ မုန့်ဟင်းခါးဟင်းရည်အဆစ်ပေးကြောင်း ရှင်းပြပေးရင်း “တောင်ငူမုန့်ဟင်းခါး မစားရတာကြာလှပြီ်” လို့ ပြောတော့ ကျမ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီတုန်းက ကိုယ်ကလည်း မစားဖူးတော့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။


လွန်ခဲ့တဲ့ ၂ နှစ်ပေါ့။ မင်္ဂလာဆောင်ပြီး ၆ လကျော်ကြာမှ တောင်ငူကို သွားလည်ပြီး ဆွေပြမျိုးပြ ထွက်ခဲ့ရတယ်။ ဒါတောင် တောင်ငူမှာ ၂ ရက်ပဲ နေလိုက်ရလို့ နေရာအစုံတောင် မရောက်ခဲ့ရဘူး။ မှတ်မှတ်ရရ တောင်ငူကိုရောက်တော့ သူက မနက်အစောကြီး ကျမကို နှိုးပြီး သူ့ညီလေးရယ် သူရယ် ကျမရယ် ဆိုင်ကယ် ၂ စီးနဲ့ တောင်ငူဈေးထဲက မုန့်ဟင်းခါးဆိုင်မှာ မနက်စာသွားစားခဲ့ပါတယ်။ တကယ်ပဲ အဲဒီအန်တီကြီးရဲ့ မုန့်ဟင်းခါးက စားကောင်းလို့ ကျမတို့ တစ်ယောက်ကို ၂ပွဲဆီ စားတာတောင် ပါးစပ်က ထပ်ပြီး စားချင်နေတုန်းပဲ။ တောင်ငူ မုန့်ဟင်းခါးမှာ အရေးကြီးတဲ့ ပစ္စည်းက ဆန်လှော်မှုန့်နဲ့ ငါးက အဓိကပဲလို့ ထင်ပါတယ်။ အဲဒီဆန်လှော်မှုန့်ကို ဘယ်က ၀ယ်သလဲဆိုတာ မုန့်ဟင်းခါးသည် အန်တီကြီးကို မေးကြည့်မိပါတယ်။ သူကပဲ ဈေးထဲမှာ ဆန်လှော်မှုန့်ဝယ်ဖို့ လမ်းညွှန်လိုက်တာမို့ အပြန်မှာ တောင်ငူက ဆန်လှော်မှုန့်တွေ ၀ယ်ပြီးပြန်လာခဲ့ကြသေးတယ်။ တောင်ငူ ဆန်လှော်မှုန့်က ရိုးရိုး မုန့်ဟင်းခါး ချက်စားတဲ့ အမှုန့်နဲ့မတူပါဘူး။ မှုန့်နေအောင် အထပ်ထပ် ကြိတ်ထားပုံရတယ်။ အဲဒါကြောင့် တောင်ငူမုန့်ဟင်းခါး ချက်စားဖို့အတွက်ဆိုရင် တောင်ငူကထွက်တဲ့ ဆန်လှော်မှုန့်က အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပါပဲ။ ရန်ကုန်ပြန်ရောက်တော့လည်း သူ့ညီမလေးက တောင်ငူမုန့်ဟင်းခါး ချက်ကျွေးရင်း ကျမကိုပါ ချက်နည်း သင်ပေးလိုက်ပါတယ်။ အခုထိလည်း တောင်ငူ ဆန်လှော်မှုန့်ကို အမြဲ ဆောင်ထားတာမို့ တခါတလေ ဒီမှာ ပဲတောင့်ရှည်သီး ရတဲ့အချိန်ဆို ထိုင်းဆိုင်က ငါးခူဝယ်ပြီး သူ့အတွက် တောင်ငူမုန့်ဟင်းခါး လုပ်ကျွေးဖြစ်ပါတယ်။


*****


တောင်ငူမုန့်ဟင်းခါး ချက်ဖို့ ပါဝင်တဲ့ပစ္စည်းတွေကတော့ ဆန်လှော်မှုန့်၊ ပဲသီး၊ နံနံပင်၊ ခရမ်းချဉ်သီး၊ ငါးခူ၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူနီ၊ မုန့်ဟင်းခါးဖတ်၊ ပြီးတော့ မုန့်ဟင်းခါးနဲ့တွဲစားဖို့ အကြော်ပါရင် ပိုစားကောင်းပါတယ်။ ဒီမှာတော့ ပဲကြော်က ၀ယ်မရပါဘူး။ ဒါကြောင့် မုန့်ဟင်းခါးချက်စားဖြစ်ရင် ပဲကြော်နဲ့ မစားရတာ များပါတယ်။ မုန့်ဟင်းခါး ဟင်းရည်ချက်ဖို့အတွက် ပထမဆုံး ငါးခူကို ငံပြာရည် နည်းနည်းထည့်ပြီး ပြုတ်ပါတယ်။ ငါးခူမရလည်း ငါးကျီးပေါ့။ ငါးက လတ်ဆတ်ရင် ဟင်းရည် ပိုချိုပါတယ်။ ငါးပြုတ်ထားတုန်း ကြက်သွန်ဖြူကို ဆီချက် ချက်ထားပါတယ်။ ငါးနူးပြီဆို အသားနွှင်ထားပါတယ်။ တလက်စတည်း ငါးအရိုးတွေကိုပါ ထောင်း၊ ထွက်လာတဲ့အရည်ကို ငါးပြုတ်ရည်ထဲကို အရိုးမပါအောင် ဇကာနဲ့စစ်ပြီး ရောထည့်လိုက်တယ်။ ပြီးမှ အနံ့မွှေးအောင် စပါးလင်အရိုးထောင်းထားတာ ထည့်ပြီး ဆူအောင် တည်ထားလိုက်ပါတယ်။ ငါးဆီသတ်ဖို့အတွက်ကတော့ ဆီဆူရင် ဆနွင်းနည်းနည်းထည့်ပြီးမှ ကြက်သွန်အဖြူ၊ဂျင်း၊ စပါးလင်ထောင်းထားတာနဲ့ ရိုးရိုးမုန့်ဟင်းခါး ချက်သလိုပဲ ဆီသတ်ပါတယ်။ ငရုတ်သီး အရောင်တင်မှုန့် မသုံးပါဘူး။ ဟင်းရည်ဆူပြီဆို ငါးဆီသတ်ထားတာရယ် ကြက်သွန်နီ များများကို ပါးပါးလှီးထည့်ပြီး မီးအေးအေးနဲ့ ဆူအောင် တည်ထားလိုက်တာပေါ့။ ငှက်ပျောအူရှိရင်လည်း ထည့်လို့ရပါတယ်။ ဟင်းရည်ဆူပြီး အပေါ့အငန်လိုသလောက်မြည်းပြီးရင် မုန့်ဟင်းခါး ဟင်းရည်ကျဲ ရပါပြီ။


ဟင်းရည်ပြီးတာနဲ့ ခရမ်းချဉ်သီး၊ ပဲသီး၊ နံနံပင်၊ သံပုရာသီးကို လှီးပြီး ပြင်ထားပါတယ်။ ဆန်လှော်မှုန့်၊ ပဲကြော်၊ ငံပြာရည် စတာတွေကိုလည်း အရံသင့်ပြင် ထားပါတယ်။ အသုပ် ကြိုက်တတ်တဲ့ သူအတွက် မုန့်ဖတ်ရယ်၊ ဆီချက်ချက်ထားတာရယ်၊ ဆန်လှော်မှုန့်ရယ်၊ ငရုတ်သီးအကျက်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီး နဲ့ နောက်ဆုံး နယ်လို့ ကောင်းယုံ မုန့်ဟင်းရည် ထည့်ပြီး နယ်ပေးပါတယ်။ အချဉ်ကြိုက်ရင် သံပုရာရည်ညစ်ထည့်ပေါ့။ အပေါ့အငန် စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် ပဲကြော်ထည့်ပြီး စားလို့ရပါပြီ။ အသုပ်မကြိုက်တဲ့ သူတွေကတော့ မုန့်ဟင်းခါးဖတ်၊ ဟင်းရည်ကျဲ များများဆမ်းပြီး ဆန်လှော်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီးနဲ့ အချဉ်ညစ်ပြီး စားလို့ရပါတယ်။ ဒါကတော့ တောင်ငူမုန့်ဟင်းခါး ချက်နည်းပါ။ အိမ်မှာ ချက်စားဖြစ်ရင်တော့ ကျမက ၂ မျိုးလုံး ကြိုက်တယ်။ သူကတော့ အသုပ်ကို မုန့်ဟင်းရည်သောက်ပြီး စားတာကို ပိုသဘောကျပါတယ်။


တကယ်လို့သာ တောင်ငူကို ရောက်ဖြစ်ခဲ့မယ်ဆိုရင် တောင်ငူမုန့်ဟင်းခါးကို စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ “တောင်ငူမုန့်ဟင်းခါး ဘယ်လိုချက်? ” လို့ မေးထားတဲ့ ညီမလေး ခိုင်ဇာနဲ့ ပြီးခဲ့တဲ့ “မျှော်သာ မျှော်သည်” ပို့စ်မှာ comment ရေးသွားတဲ့ စာဖတ်သူတို့ ဒီပို့စ်လေး ဖတ်ပြီး ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


“တောင်ငူ သူ” ရေးပေးတဲ့ comment ကြောင့် ကျမပို့စ်မှာ လိုနေတာတွေ ထည့်ပြင်လိုက်ပါတယ်။ ဆန်အကျက်မှုန့်ကို တောင်ငူအခေါ်က “ဆန်လှော်မှုန့်” လို့ခေါ်ပြီး တောင်ငူမုန့်ဟင်းခါးက ဟင်းရည်အပျစ်လည်း ရှိသေးတော့ အခုမုန့်ဟင်းခါးကို “ဟင်းရည်ကျဲ”လို့ခေါ်ပါတယ်။ အခုလို ပြင်ပေးတာ ကျေးဇူးပါ “တောင်ငူ သူ”.. :)








သြဂုတ် ၂၄၊ ၂၀၀၈။