ဒီနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့မှာ Osaka ကိုရောက်လာတာ ၂ နှစ်ပြည့်သွားပါပြီ။ ၂ နှစ်ဆိုတဲ့ အချိန်ကို အခုနေ ပြန်တွေးကြည့်လိုက်ရင် ခဏလေးလိုပဲ။ ဒီကို ရောက်ခါစ မှာ နေဖို့ အိမ်က အဆင်သင့် မရှိသေးတော့ အခန်း တစ်ခါ ထပ်ရှာရပြန်တယ်။ မြန်မာပြည်မှာ အခန်းရှာခဲ့တဲ့ အကြောင်းကိုလည်း ဒီပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ အခုရေးမှာက လက်ရှိ နေနေတဲ့ အခန်းအကြောင်းပါ။ ကျမတို့ ဘ၀ရဲ့ အချိန်အတိုင်းအတာ တစ်ခုမှာ ၀င်ခိုခဲ့ရတဲ့ အိမ်တွေ အကြောင်း အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။
*****
Osaka ကို ရောက်တော့ ရုံးက စီစဉ်ပေးတဲ့ Mansion မှာ ခဏနေဖြစ်ခဲ့တယ်။ ဒီကြားထဲ အမျိုးသားက အခန်းရှာပေါ့။ အိမ်ရှာဖို့အတွက် ရုံးက HR ၀န်ထမ်းတွေကပဲ အကျိုးဆောင်ကုမ္ပဏီနဲ့ ဆက်သွယ်ပေးပါတယ်။ ဘယ်လိုအခန်းမျိုး ရှာပေးပါဆိုပြီး လိုအပ်တဲ့ အချက်အလက်တွေ သူတို့ (HR ၀န်ထမ်းတွေ) ကို ကြိုပြောပြထားပေးလိုက်တယ်။ အဓိက အခန်းကျယ်ပြီး ဟင်းချက်ဖို့ မီးဖိုချောင်နဲ့ အိပ်ခန်းသတ်သတ်ဆီပါတာရယ်၊ နောက်ပြီး ဘေးခန်း ဖြစ်ရမယ်၊ ဟင်းချက်ရမယ့် မီးဖိုခန်းမှာ ပြူတင်းပေါက်ဖြစ်ဖြစ်၊ တံခါးဖြစ်ဖြစ် ပါရမယ်။ ပြီးတော့ ကိုယ်ပေးနိုင်မယ့် ဈေးရယ်ကို တလက်စတည်း ပြောပြထားလိုက်ပါတယ်။
အဲဒီအချိန်မှာ ကျမက အလုပ်မရှိသေးပါဘူး။ အိပ်လိုက် စားလိုက် ဂရိတ်ဖိုက် ဖြစ်နေချိန်ပေါ့။ အလုပ်ကလည်း မရှိ၊ အမျိုးသားလည်း အလုပ်သွားပြီဆို တနေကုန်လိုလို အိပ်ယာထဲ ခွေနေတာများတယ်။ နေ့လည် ရုံးကနေ သူ ဖုန်းခေါ်မှ ထမင်း ထ စားတာ။ ညနေစောင်းရင် အ၀တ်လျှော်စရာ ရှိတာ လျှော်ပြီး ညစာ စားဖို့ပြင်ဆင်ရတယ်။ Mansion မှာ နေ နေတုန်း တရက်ပေါ့။ အမျိုးသား မနက်ပိုင်း ရုံးသွားပြီး ကျမလည်း ပြန်အိပ်ပျော်သွားတာ၊ နိုးလာတော့ အိပ်ယာက ထလို့ မရတော့ဘူး။ ထ လိုက်ရင် ဇက်က တအားနာတာပဲ။ အိပ်ယာပေါ် ပြန်လှဲမယ်ဆိုလည်း အဲဒီလိုပဲ တအားနာတာ။ ညနေ သူ ရုံးက ပြန်လာတော့ ကျမအဖြစ်ကိုကြည့်ပြီး ရီရမလို ငိုရမလိုနဲ့။ လမ်းလျှောက်ရင် တောင့်တောင့်ကြီးနဲ့ ခေါင်း လှည့်လို့မရဘူးလေ။ တခုခုကို ကြည့်ချင်ပြီဆို လူတစ်ကိုယ်လုံး လှည့်မှ အဆင်ပြေတယ်။ ရာသီဥတုကလည်း အရမ်းအေးနေချိန်ဆိုတော့ ၂ ရက် ၃ ရက်လောက် ခံစားလိုက်ရတယ်။ နောက်ပိုင်း အဲဒီလိုပြန်ဖြစ်မှာ ကြောက်လို့ အိပ်ရင် သတိထားပြီး အိပ်တယ်။
အိမ်ငှားတဲ့ ကုမ္ပဏီက အခန်းတွေ လိုက်မပြခင် အရင်ဆုံး အခန်းပုံစံ စာရွက်တွေ ရုံးယူလာပေးပြီး စိတ်ကြိုက်ဖြစ်မဖြစ် ကြည့်စေပါတယ်။ စိတ်ကြိုက်ဖြစ်မယ့် ၃ ခန်းလောက်ကို ကားနဲ့ လူကိုယ်တိုင် လိုက်ပြပေးတာပါ။ အဲဒီထဲက ကိုယ့်စိတ်ကြိုက်အခန်းကို ရွေးလိုက်တာ။ အခြေအနေက ရွေးချယ်ဖို့ အချိန်အကြာကြီးလည်း မရသလို သိပ်လည်း ဂျေးများနေလို့မဖြစ်ပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ အကောင်းဆုံးဖြစ်အောင် ရွေးရပါတယ်။ ဘာလို့လည်းဆိုတော့ အိမ်ခဏခဏ ပြောင်းနေရတာကို မကြိုက်တာရော၊ နောက်ပြီး အိမ်စပေါ်တင်တဲ့ပိုက်ဆံကို ရုံးက ပေးမှာမို့ တကယ်လို့သာ အခုရွေးထားတဲ့အိမ်ကို မကြိုက်လို့ နောက်တစ်အိမ်ပြောင်းမယ်ဆိုရင် အိမ်စပေါ်ငွေကို ကိုယ့်ဘာသာ ပေးရမှာပါ။ အိမ်စပေါ်ငွေက အခန်းပေါ်မူတည်ပြီး အနည်းဆုံး ယန်း ၅ သိန်းဝန်းကျင်လောက် ပေးရပါတယ်။ အဲဒါကြောင့် အဆင်ပြေမယ့် အခန်းကိုပဲ တစ်ခါတည်း ရွေးလိုက်ရတာ။
အခန်း ငှားတာ၊ လိုက်ကြည့်တာ အားလုံး အမျိုးသားက သူ့ဘာသာ သူပဲ စီစဉ်ပါတယ်။ ကျမကတော့ လိုက်ကြည့်ချင်ပေမယ့်လည်း အုန်းလွဲနေတာမို့ အိပ်ယာထဲနေ နေရတဲ့အချိန်ပေါ့။ အဲဒါလည်း တမျိုးတော့ ကောင်းတာပဲ စိတ်မရှုတ်ရဘူး။ လူမပင်ပန်းဘူးပေါ့နော်။ သူကတော့ ပြန်လာပြီဆို အခန်းက ဘယ်လိုဖြစ်တာ၊ ဘယ်နေရာကတော့ ဘယ်လိုလုပ်ထားတာ ဆိုပြီး ပြောပြပါတယ်။ ကိုယ်က အိပ်ယာထဲကနေ မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြရတာပေါ့။ ခေါင်းမှ ညိတ်မရတာကိုး။ သူကတော့ ကျမ စိတ်ကြိုက်ဖြစ်မှာပါ ဆိုပြီး အခန်းပုံစံကို မျက်လုံးထဲမြင်အောင် သေချာ ရှင်းပြရှာတယ်။ ကျမကတော့ ကိုယ့်အိမ်ပိုင်လည်း မဟုတ်တဲ့အပြင်၊ ဒီမှာ အမြဲနေချင်မှလည်း နေဖြစ်မှာ ဆိုပြီး တော်ယုံလည်း ဂျေးများ မနေတော့ဘူး။ ကိုယ်နဲ့နေလို့ အဆင်ပြေတယ်ဆို ပြီးတာပဲပေါ့။
*****
ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ ဒီအခန်းကို ပြောင်းပြီး စ နေဖြစ်ခဲ့တယ်။ ကိုယ်တွေအနေနဲ့ အကောင်းဆုံးဖြစ်အောင် ရွေးချယ်ခဲ့ပေမယ့် လစ်ကွက် ဟာကွက်တော့ ရှိနေခဲ့တာပဲ။ ကျမတို့အခန်းက အောက်ဆုံးထပ်ဆိုတော့ အပြင်လူ (သူခိုး) ၀င်လွယ် ထွက်လွယ်တဲ့ အခန်းမျိုးပါ။ security မကောင်းလို့ တော်ရုံ ဂျပန်လူမျိုးတွေက အောက်ဆုံးထပ် မကြိုက်ကြပါဘူး။ အဲဒါတစ်ခုကတော့ မြန်မာပြည်နဲ့ ကွာပါတယ်။ မြန်မာပြည်မှာတော့ အောက်ဆုံးထပ်က ဈေးအကြီးဆုံးဖြစ်ပေမယ့် ဒီမှာတော့ ဈေးအပေါဆုံးပါ။ အခန်းမှာ အိပ်ခန်း ၁ ခန်း၊ အကျယ်ဆုံးက မီးဖိုခန်း၊ ပြီးတော့ ဧည့်ခန်းလို ဂျပန် မြက်ဖျာခင်းထားတဲ့ အခန်း နဲ့ ရေချိုးခန်း အိပ်သာ ပါ ပါတယ်။ ရောက်ရောက်ချင်း အခန်းထဲမှာ အိမ်ထောင် ပရိဘောဂ ပစ္စည်း ဘာမှ မရှိတာကြောင့် အကုန်လုံး နီးပါး ၀ယ်ဖြည့်ရတာပါပဲ။ အိုးခွက် ပန်းကန် အိပ်ယာခင်း သေးသေးမွှားမွှားက အစ ကြီးကြီးမားမား အဆုံး တဖြည်းဖြည်းချင်းစုရတာပေါ့။
နောက်တစ်ချက်က ကျမတို့ နေတဲ့ နေရာ နဲ့ အနီးဆုံး မြေအောက် ဘူတာဆီ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် လမ်းလျှောက်သွားရတယ်။ ဒါကြောင့် ဧည့်သည်လာရင် မျက်နှာပူရပါတယ်။ တစ်နေရာရာ သွားဖို့ကို ဘူတာဆီ လမ်းအဝေးကြီး လျှောက်ရလို့ပါ။ ကျမတို့က ရထားစီးမယ်ဆို ဘူတာကို စက်ဘီးစီးသွားတော့ အဆင်ပြေတာပေါ့။ ဘူတာဆီ သွားရတာသာ ဝေးတာပါ၊ စီးလို့ရတဲ့ ရထားလိုင်းတော့ များတယ်၊ မြို့လည်ဖြစ်တဲ့ Osaka ဘူတာနဲ့ဆို စက်ဘီးစီးသွားရင် ၁၀ မိနစ်လောက်ပဲ ကြာတယ်။ ဘတ်စကားလိုင်းတွေ ရှိပေမယ့် သိပ်မစီးဖြစ်ဘူး။
*****
ဘယ်လိုပဲ မကောင်းတဲ့ အချက်တွေ ရှိနေပေမယ့် ကျမကတော့ အခု အခန်းလေးကို သဘောကျတယ်။ ဟင်းချက်ရင်လည်း တံခါးဖွင့်ပြီး ကြိုက်သလို ချက်လို့ရတယ်။ ငါးပိရည်ပဲ ကျိုကျို၊ ငရုတ်သီးပဲ ဆီသတ်သတ် ဘေးဘက်မှာ နီးနီးကပ်ကပ် အိမ်မရှိတဲ့အတွက် အခုထိတော့ အတိုင်မခံရသေးပါဘူး။ ဒီလိုပဲ ကောင်းတဲ့ အချက်တွေ ဖြည့်စဉ်းစားပြီး ဖြေသိမ့်ရတာပေါ့။ နောက်ပြီး ကျမတို့ အိမ်ရှေ့ထွက်လိုက်ရင် ယိုဒိုဂ၀ (Yodogawa) မြစ် ရှိပါတယ်။ လမ်းထဲ ၀င်လိုက်လို့ အိမ်နား ရောက်တော့မယ်ဆို မြစ်ဘက်ကနေ တိုက်လာတဲ့လေကို ရှုရတာ လတ်ဆတ်တယ်လို့ ခံစားရတယ်။ မြက်နံ့လေးတွေပါ ရောပြီး ပါလာတော့ လယ်ကွင်းတွေကို ဖြတ်ပြီး တိုက်လာတဲ့ လေကို ရှုရသလိုပဲ မြန်မာပြည်ကို သတိရမိတယ်။ ပျင်းရင် ကန်ဘောင်ပေါ်တက်ပြီး လမ်းလျှောက်မယ်လို့ စိတ်ကူးထားလည်း နွေဘက် မီးပန်းလွှတ်ပွဲ တက်ကြည့်တာကလွဲရင် မြစ်ကမ်းဘောင်ပေါ် သိပ်မသွားဖြစ်ပါဘူး။ ရုံးပိတ်ရက် မနက်ပိုင်းတွေဆို ခွေးကျောင်းတဲ့သူတွေ၊ လမ်းလျှောက်နေတဲ့သူတွေ၊ စက်ဘီးစီးနေတဲ့သူတွေနဲ့ ကန်ဘောင်မှာတော့ လူစည်ကားနေတာပဲ။
နေလာတာ ကြာလာတာနဲ့အမျှ ဒီပတ်ဝန်းကျင်မှာ နေသားကျလာသလိုပဲ။ အပြင်က ပြန်လာရင် ကိုယ့်အိမ် ကိုယ့်ရာ ပြန်ရောက်သလို ခံစားရပြီး ပင်ပန်းတာတွေ ပြေရတာပဲ။ အိမ်ရှင်က ဆက်ငှားနေသရွေ့ ကျမတို့ကလည်း Osaka မှာနေသရွေ့ ဒီအိမ်မှာပဲ နေဖြစ်မယ်ထင်ပါရဲ့။
ဖေဖော်ဝါရီ ၆၊ ၂၀၀၉။
22 comments:
အနေကြာလာတော့ ကျနော်လည်း ကျနော့်အိမ်လိုလေးဖြစ်နေတဲ့ ဒီကုတင်နဲ့ ဒီစာပွဲ.. ဒီအခန်းလေးကို ခင်တွယ်နေတယ်.. အခြား အခန်းကိုလည်း မပြောင်းချင်ဘူး.. အခြားမြို့သွားပြီး ပြန်လာရင် ကိုယ့်အခန်းလေးထဲရောက်မှ နေသာထိုင်သာရှိတယ်.. ခင်တွယ်နေတာ ပြောပါတယ်.. တကယ်တော့ ကိုယ်က ဧည်သည်ပါပဲ..
အင်း.. အန်တီပြောပြတာနဲ့တင် နေချင်စရာလေးပါ
ဒီလိုပဲနေရမှာပေါ့..း)
အိပ်ရာပေါ်ကနေ ပြောသမျှခေါင်းမညိတ်နိုင်လို့ မျက်လုံးပေကလပ်ပေကလပ်ဆိုတာကို ရီသွားတယ် :D
ဦးဦးနိက သူဦးမယ်ဆိုတာချည်းပဲ ဟွင့်
ဟုတ်ပ မနုစံ ရေ..
ဂျပန်မှာက အိမ်ပြောင်းချင်တာတောင်ပြောင်း
ဘို့မလွယ်ဘူးရယ်နော့.. စပေါ်ပေးရတာ ဈေး
အရမ်းကြီးတာပဲလေ.. ကျမတို့လဲ အဆောင်မှာ
တစ်နှစ်နေပြီး ၃နှစ် ဆက်တိုက် အပြင်မှာငှား
နေရတာ ၊အခန်းကကျဉ်းကျဉ်ပဲ မို့ သမီးလေးက
မကြိုက်ဘူးရယ်လေ..အိမ် ကျယ်ကျယ်ပြောင်း
ချင်တယ်ပဲ ခဏခဏပြောနေတယ်။အဆောင်
မှာတုန်းကတော့ မိသားစုခန်းအကျယ်ကြီးနဲ့
တစ်နှစ်နေခဲ့ရတာဆိုတော့ အခုနေတဲ့ အိပ်ခန်းရယ် ၊ ထမင်းစားခန်းရယ်၊ မီးဖိုချောင်၊ရေချိုးခန်း၊အိမ်သာတွဲရက် အခန်းလေးမှာ ကျဉ်းလို့တဲ့.. ဒါပေမယ့် ၃နှစ်
ပြည့်တော့မယ်..း)
အခု ဒီနှစ်တော့ အိုဒိုင်းဘား အဆောင်ကို
လျှောက်ထားတာပဲ..ရ မရတော့ မသိသေး
ဘူးလေ.. ရရင်တော့ သမီးလေးစိတ်ကြိုက်
၁ နှစ်လောက် ဂျပန်မှာ ကျယ်ကျယ်ဝန်းဝန်း
နေရမှာပေါ့လေ။ ကျမကတော့ အိမ်ပြောင်းရ
မှာ ပျင်းနေတယ်. တစ်နှစ်ပဲ ကျန်တော့တာ
မထူးဘူး..ဒီအခန်းမှာပဲ ဆက်နေကြမယ်ပေါ့။
အခြေ အနေအရပါပဲ..မသိသေးဘူးရယ်.
နောက်နှစ် အိုဆာကာလာရင် အလည်လာမယ်နော်. :D
အမ ဘေဘီလေးထားဖို့ အခန်းကျယ်ကျယ်လေး ရှာရမယ်လေ နော်... ဟုတ်ဘူးလား။:P
အိမ်ဆိုတာကလဲ ကြာကြာနေရင် နေသားကျပြီး သံယောဇဉ်တွယ်မိသားနော်။ ညီမလည်း အရင်က နေခဲ့တဲ့ မလူးသာမလွန့်သာအခန်းလေးကို သတိယတယ်။ တနှစ်ကျော် နှစ်နှစ်နီးပါးလောက် နေခဲ့ရတာကိုး။ လူအငွေ့အသက်တွေနဲ့ နွေးထွေးတယ်လေ။ တခါးဆွဲဖွင့်လိုက်တာနဲ့ တခါတလေမကတဲ့ မပျောက်တပျောက် ဟင်းနံ့ရလိုက်ရင်လည်း ဪ ကိုယ့်အခန်းလေး တယ်အနံ့ထွက်နေပါလားပေါ့။ အခန်းထဲရောက်ပြီး ခဏနေတော့ နှာခေါင်းယဉ်သွားပြီး မသိတော့ဘဲ နေလို့ကောင်းနေပြန်ရောလေ။
ဒီဘက်ရွှေ့လာတာ ခုထိတော့ အဲလို နွေးနွေးထွေးထွေး မခံစားရသေးတာ အမှန်။ မကြာသေးတာလဲ ပါမှာပေါ့လေ။ အဲဒါကြောင့် နေရာအသစ်အကြောင်း ရေးမယ်လုပ်လိုက်တိုင်း ဖီလင်မလာလို့ အတွေးမှာတင် ရပ်ရပ်သွားတာ။ နောင်များကျရင်တော့ ဘယ်လိုလာမယ်မသိဘူး။ ခုတော့ နေသားအကျဆုံးနေရာလို့ပြောရင် မီးဖိုချောင်ပါဘဲ။ ရောက်ကတည်းက ကိုယ့်လက်ကိုယ့်ခြေ ဖြစ်နေလို့လေ။ တိုကျိုရောက်ရင် လာလည်နော်။ အရင်ကတော့ နေရာမရှိလို့ မဖိတ်နိုင်ခဲ့တာ။ ခုတော့ အမတို့လာရင် အဆင်သင့်ဖြစ်အောင် စီစဉ်ထားပေးမယ်။ ဟင်းတော့ အတူချက်မယ်နော်။ အဟီးးD (ကိုယ့်လက်ရာ ကိုယ်စိတ်မချလို့။)
အားကျလိုက်တာ။ ဒီမှာတော့.. ဟင်းချက်ပြီးတဲ့အချိန်
ပြတင်းပေါက် ခဏဖွင့်တာတောင် ချမ်းလွန်းလို့။ အစ်မမှာ အဲလို ဟင်းချက်ရတာ ကောင်းတဲ့ နေရာလေးရှိတာ အားကျလိုက်တာ။
ဟုတ်တယ်နော်နုစံ။ ကိုယ်နေနေကျနေရာလေးက ကိုယ့်အတွက်တော့ နိဗ္ဗာန်ပါပဲ။ ကလေးတွေရရင်တော့ မရတော့ဘူးဝေ့။ ဆော့စရာနေရာတွေ၊ အရုပ်တွေနဲ့ ကျယ်ကျယ်မှကောင်းတော့တာ။
နေရာလေးက ပတ်ဝန်းကျင်သာယာတယ်ဆိုလို့ ကောင်းလိုက်တာနော် အမနုစံ။ ဟုတ်ပါ့ အပြင်သွားလို့မောလာရင် ကိုယ့်အိမ်လေးက အေးချမ်းသွားစေတာ အမှန်ပဲ။ အေးချမ်းတဲ့နေရာလေးတွေ အမြဲတွေ့နိုင်ပါစေနော် အမ။ စားလိုက်အိပ်လိုက် ဂရိတ်ဖိုက်ဆို အဲတုန်းက ဝလာမှာပေါ့။ အခန်းက အပြင်ဆုံးဆို ဟင်းချက်ရတာလည်း အဆင်ပြေ။ မိုက်မှမိုက်။
အစ်မတို့ အိမ်လေးကို အလည်လာချင်တယ်း) ကြည်နူးစရာလေး စိတ်ကူးနဲ့ ရူး :P
အစ်မနုစံရေ ပုံရိပ်လည်း ပြတင်းပေါက်နဲ့ လေ၀င်လေထွက် ကောင်းတဲ့ အခန်းမှ ကြိုက်တယ်။ ချက်နိုင်ပြုတ်နိုင် အောင်လို့လေ။
ဟုတ်တယ် (ထောက်ခံသွားသည်)
နုရေ
လူဆိုတာ ကိုယ်နေနေကျ နေရာဒေသလေးကို သိပ်ခင်တွယ်တတ်တာနော်။ အခုလို မြစ်ကလေးဘေးမှာ လေကောင်းလေသန့်လေး ရပြီး စိတ်အေးချမ်းသာနေရတာလဲ ဘ၀ ကုသိုလ်တမျိုးပါပဲ။ ပို့စ်လေးဖတ်ပြီး ၀မ်းသာမိတယ်။
နုစံရေ ..ကိုယ်တို့ မတော့..ငပိရေ ကြိုဖို့အရေး.. ဘေးအိမ်က..လူတွေ အပြင်သွားချိန် ချောင်းရတယ်။
ဒါနဲ့ အပေါ်က..ကွန်မန့်တွေကြည့်ရတာ..ဘာလဲ.. အခန်းချဲ့တော့မယ်လား.. ပြောပြအုံးနော်း)
ဟုတ်တယ် ကိုယနေနေကျနေရာ ကိုအကြိုက်ဆုံးပဲ။
အုန်းလွဲတာ မျက်လုံးထဲမြင်ယောင်မိ..ဟိ
ဟုတ်တယ် (ထောက်ခံသွားသည်)
မမခင်ဦးမေပြောတာကို ထပ်ဆင့်ထောက်ခံပါတယ်..
Xထုံ
လည်လည်ထပ်ရောက်တယ် မနုစံ ရေ...
ထမင်းနဲထိုးနည်းလေးရေးပြီးသွားကြောင်း သတင်းပို့
ရင်းနဲ့ ကွန်မန့်တွေ ဖတ်သွားတယ်နော်. ညီမ မြရွက်ဝေ
ပြောတာ ဟုတ်လား မနုစံရေ။း)
ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်နိုင်ပါစေရှင်။
နောက်အလှည့်ဆို ညီမ မြရွက်ဝေ အလှည့်နော်။ :P
wish the best in new year
တူတူပါပဲ.. သူများအိမ် ကိုယ့်အိမ် လုပ်နေရပေမယ့် ခဏနေရတဲ့ နေရာလေးမှာ ပျော်နေရတာပါပဲ.. မြစ်နဲ့ နီးနီးလေးဆိုတော့ ကောင်းတာပေါ့.. လေကောင်းလေသန့်လေး ရှုရတာလည်း ကုသိုလ် ထူးတာပါပဲ။ home sweet home!
နုရေ...
နောက်ကျမှ ရောက်လာခဲ့တယ်...
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အိမ်မဟုတ်ပေမယ့် ရောက်တဲ့နေရာမှာ နေရတဲ့နေရာလေးကို ကိုယ့်အိမ်လို့ပဲ သဘောထားပြီးနေမှ ပျော်စရာ ကောင်းမှာပေါ့...။
ဝမ်းသာစရာ သတင်းလေးရော... ဘယ်တော့ကြားရမှာလဲ...
နုရေ… ဒီမှာလဲ အောက်ထပ်က ဈေးအပေါဆုံးပဲ…
နုတို့ အိမ်လေးက မြစ်နဲ့ နီးတော့ စိတ်ကိုလန်းဆန်းစေတာပေါ့…
အမတို့ အိမ်လဲ ရထားဘူတာနဲ့  ၁၀မိနစ်လောက်ဝေးတယ်… စက်ဘီးမစီးတတ်တော့ လမ်းလျှောက်ရတာပေါ့…
နုအိမ်လေးက ခုဆိုရင်အိမ်ရှင်မကောင်းနုလက်ရာကြောင့် နေချင့်စရာလေးဖြစ်နေမှာ အမှန်ပဲ…
အစ်မအိမ်လေးက နေချင်စဖွယ်လေးဖြစ်မယ်လို့တော့သိနေတယ် ... အစ်မက အိမ်ရှင်းတာရော၊ အလှဆင်တာရောဝါသနာပါတာသိနေလို့လေးး)
အစ်မနဲ့  အစ်ကိုတို့ ရဲ့ အိမ်လေးက နေချင်စဖွယ်လေးဖြစ်နေမယ်ဆိုတာ ယုံပြီးသား... မနုစံရဲ့ အစွမ်းကြောင့်လေ..။
ဇနိ>> ကိုဇနိပြောတာ ဟုတ်တယ်။ တနေရာမှာ နေသားကျနေပြီဆိုရင် နောက်တစ်နေရာကို မပြောင်းချင်ဘူးနော်။ အမတို့လည်း အတူတူပါပဲ ကိုဇနိရေ... ဒီမှာ ခဏတာ ၀င်ခိုနေကြတဲ့ ဧည့်သည်တွေပါပဲ။
Craton>> တူလေး.. အဲဒီတုန်းက ဇက်က တကယ်နာတာ.. လုံးဝ လှုပ်မရဘူး.. ကိုယ့်အန်တီကို ရီစရာလား.. :)
မ၀ါဝါခိုင်မင်း>> ဂျပန်က အိမ်တွေက ကျဉ်းတော့ သမီးလေး ဆော့ဖို့ နေရာ မရှိဘူး ဖြစ်တာပေါ့။ အမတို့ အိုဒိုင်းဘား အဆောင်ကို ရပါစေလို့ ဆုတောင်းပေးပါတယ်။ Osaka ရောက်ရင်လည်း တကယ်လာလည်ပါ အမ။ ဖိတ်ပါတယ်နော်.. :)
ထမနဲ ရေးထားပြီး တကူးတက လာပြောပေးတဲ့အတွက် ကျေးဇူးပါ မ၀ါရေ.. လုပ်စားကြည့်ဦးမယ်.. တခြားမေးခွန်းကိုတော့ အပေါ်က ပို့စ်မှာ ဖြေပြီးသွားပြီနော်.. :D
မြရွက်ဝေ>> ညီမလေးရေ.. Baby လေး ရရင်တော့ အရှေ့ခန်းမှာပဲ ထားမှာပေါ့.. အိမ်တော့ ပြောင်းဖြစ်မယ် မထင်ပါဘူး အဟီး.. အခုလောလောဆယ် ဧည့်သည်လာရင် အဲဒီအခန်းမှာ နေလို့ရတယ်လေ.. အမတို့ တိုကျို တက်ဖြစ်ရင် တကယ်လာလည်ပြီး ဟင်းလည်း ချက်ကျွေးမှာပေါ့.. :D ညီမလေး လက်ရာလည်း စားကောင်းမှာပါနော်.. အမမှာ ထမင်းဘူးပုံတွေ ကြည့်ပြီး သွားရည်ကျနေရတာ.. :)
သုနှင်းဆီ>>ဒီမှာလည်း တံခါးဖွင့်ထားရင် ချမ်းတယ် မွန်။ လူမရှိတော့မှ မီးဖိုအခန်း တံခါး ဖွင့်ထားဖြစ်တာ။ ဟင်းချက်ဖို့အတွက် စိတ်မညစ်ရတာတော့ အမှန်ပဲ မွန်ရေ.. :)
မယုဝရီ>> မှန်တယ် အမရေ.. ကိုယ့်နေရာလေးက ကျဉ်းကျဉ်း ကျယ်ကျယ် နေရတဲ့ ခဏမှာတော့ စိတ်ချမ်းသာတယ်။ ကလေးရှိတဲ့ မိသားစုဆို အိမ်ကျယ်တာ ပိုကောင်းတာပေါ့ အမရယ်.. :)
မဇနိ>> အမ ဂျပန်နဲ့ ဓာတ်မတည့်ဘူးလား မသိဘူး ညီမလေးရဲ့.. စားလိုက် အိပ်လိုက် လုပ်ပေမယ့် မ၀လာဘူး။ မဟုတ်တဲ့နေရာက ၀လာတယ်.. ထိုင်ရတာများလို့ ဗိုက်ခေါက်ထွက်လာတယ်ပြောတာ.. တခြားမတွေးနဲ့နော်.. :P အေးချမ်းတဲ့နေရာ အမြဲတွေ့နိုင်ပါစေဆိုတာလေးတော့ သဘောကျတယ်.. အဲဒီလိုပဲ ဖြစ်ပါစေလို့ အမလည်း ထပ်ဆုတောင်းပါတယ်.. :)
မောင်မျိုး>> အမတို့ အိမ်ကို တကယ်လာချင်သလား။ အမကလည်း တကယ်ခေါ်ချင်ပါတယ်.. မောင်မျိုးရေ.. :)
ပုံရိပ်>> ဟုတ်တယ် ပုံရိပ်ရယ်.. မြန်မာ ဟင်းနံ့က တအားစွဲတာဆိုတော့ လေ၀င် လေထွက် ကောင်းတဲ့ အခန်းမှ အဆင်ပြေမှာနော်.. အမလိုပဲ လူတိုင်းဖြစ်မှာပါလို့ တွေးမိပါတယ်.. :)
မမခင်ဦးမေ>> မမ ဘာဟုတ်ပြီး ဘာကို ထောက်ခံသွားတာလဲဟင်.. :O
မမိုးချိုသင်း>> အခုနေရာက အေးချမ်းတာတော့ အမှန်ပဲ အမရယ်။ ကားသွားကားလာရှင်းပြီး လူ ပြတ်တယ်လို့ တောင်ပြောလို့ရတယ်။ မြစ်ရှိတာလည်း သဘောကျတယ်။ တခါတလေ မြစ်ကမ်းဘောင်ကြီးကို ကြည့်ပြီး အင်းယားကို သတိရတယ်.. :)
မကေ>> မကေရေ.. ဒီမှာတော့ ကြိုက်သလို ကြို၊ ကြိုက်သလို ညှော် ဘာမှတော့ မဖြစ်သေးဘူး သိလား.. ဘယ်တော့ အတိုင်ခံရမလဲတော့ မပြောတတ်သေးဘူး.. :P အမရေ... လောလောဆယ် အခန်းချဲ့ဖို့ အစီအစဉ်မရှိ၊ ချဲ့မယ်ဆို ကိုယ့်အမတွေကို သတင်းဦးအနေနဲ့ အရင်ပြောမယ်သိလား.. :)
JuneOne>> ရီပါကွယ်.. ရီပါ.. :D အုန်းလွဲတုန်းကအဖြစ်ကတော့ မပြောချင်တော့ပါဘူး ကျော့ရေ.. တကယ်နာတာ.. အိပ်ယာထရင်ပဲ ဖြစ်ဖြစ်၊ အိပ်ယာပေါ်ပြန်လှဲရင်ပဲဖြစ်ဖြစ် အတော်လေး ခံစားရတယ်.. ရာသီဥတု အေးတာကြောင့် လည်း ပိုနာတာ ဖြစ်မယ်ထင်တယ်.. :)
ပေါက်>> မမခင်ဦးမေကို အရင် မေးထားတယ်... မမ ဆီကအဖြေရပြီဆိုရင် ပေါက် ဆီက အဖြေလည်း အလိုလို ရပြီပေါ့နော်... :D
May Burma>> Thanks!! :)
မီယာ>> မီယာရေ.. အမတို့ အားလုံးက ဘ၀တူတွေ ပဲပေါ့နော်.. ခဏတာ နေရတဲ့နေရာကိုပဲ ခင်တွယ်နေကြရတာ... :)
မမသက်ဝေ>> ရောက်တဲ့အရပ်မှာပျော်အောင်နေရတဲ့ ဘ၀ သမားတွေပါ အမရယ်.. :D (အဟီး.. ဇာတ်သံနဲ့ ပြောတာ.. ) ၀မ်းသာစရာ သတင်းကတော့ လာမယ် ကြာမယ်ဆိုသလိုများ ဖြစ်နေပြီလား မပြောတတ်ပါဘူး.. စိတ်ချ ၀မ်းသာစရာဆို ကိုယ့်အမတွေကို အရင်ဆုံး.. ပြောဦး.. မှာ.. :)
မတန်ခူး>> အမတို့ဆီလည်း အောက်ဆုံးထပ်က ဈေးသက်သာတာပေါ့နော်.. အတူတူပဲ..
လမ်းလျှောက်ဖြစ်တာ ကျန်းမာရေးအတွက် ပိုကောင်းတာပေါ့ အမရ။ အိမ်က တစ်ယောက်ကတော့ လမ်းလျှောက်သိပ်ပျင်းတာ။ ဟိုနား ဒီနားဆိုလည်း စက်ဘီးပေါ်က မဆင်းဘူး။ အဲဒါကြောင့် သူ့ဝိတ်က ဘယ်တော့မှ မကျတာ.. :D အဟဲ.. ကျနော့်လက်ရာဆို တွေးသာကြည့်ပေတော့ အမရေ.. အိမ်ကို သိပ်မပြင်ဆင်ဖြစ်ဘူး ... တပတ်နဲ့ တပတ် ဖုန်တောင် အနိုင်နိုင် စုပ်ယူရတယ်.. :P
ကြယ်ပြာ>> ညီမလေး အပေါ်မှာ မတန်ခူးကိုပြောသလိုပဲ သိလား.. အမ အိမ်ကလေ ပြောင်ရှင်းကြီးမို့ ဖုန်ပဲ စုပ်ထုတ်တယ်။ ကျန်တာတော့ ဘာမှ အလှအပ သိပ်မထားဖြစ်ဘူး.. နေရာကျဉ်းတော့ တတ်နိုင်သလောက် အသုံးကျမယ့် သုံးမယ့် ပစ္စည်းလောက်ပဲ ၀ယ်ထည့်ထားဖြစ်တယ် ညီမလေးရေ... :)
လေးမ>> ကိုယ့်အမတွေ ညီမတွေကတော့ အထင်ကြီးနေတာနဲ့ ရှက်တောင် ရှက်လာပီ.. အဟိ.. အိမ်လည်ခေါ်လို့ ရရင် ခေါ်ပြချင်တယ် သိလား.. အိမ်က သာမန်ပါပဲ ညီမလေးရေ.. အရမ်း မပြင်ဆင်ဖြစ်ပါဘူး..
Post a Comment