October 31, 2024

Halloween - 2024

မနက်ဖန်က အောက်တိုဘာ ၃၁ ရက်ဆိုတော့ Halloween ပေါ့။ 👻🎃
ဂျပန်မှာနေတုန်းကတော့ Halloween ဆိုပြီး စိတ်ထဲ မရှိလှပါဘူး။ ဒီမှာကတော့ Halloween ဆိုရင် မြန်မာပြည်မှာ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ မီးထွန်းပွဲ ကျင်းပသလို အိမ်တိုင်းမှာ မီးရောင်စုံ၊ အရုပ်မျိုးစုံနဲ့ Halloween decorations တွေနဲ့ အလှဆင်ထားကြတယ်။ ကလေးတွေအတွက်ကတော့ ပျော်စရာ event တခုပါပဲ။

အောက်တိုဘာလထဲ ဝင်ပြီ ဆိုတာနဲ့ အိမ်တော်တော်များများ သူတို့ အိမ်ရှေ့ကခြံဝင်းထဲမှာ လူအရိုးစုတွေ၊ အရိုးခေါင်းတွေ၊ သင်္ချိုင်းတွေမှာ ထားတတ်တဲ့ လက်ဝါးကဒ်တိုင်လိုတွေ၊ တိရစ္ဆာန် အကောင်ဗလောင် လေထိုး အရုပ်တွေ၊ ပင့်ကူမျှင်တွေ၊ ပင့်ကူအရုပ်တွေ၊ ကြောက်စရာ၊ ခြောက်ခြားစရာ အရုပ်တွေ၊ စာခြောက်ရုပ်လို အရုပ်တွေ ကို ပုံစံမျိုးစုံ ဆင်ထားကြတယ်။

အိမ်တွေမှာ ပြင်ဆင်ထားကြတာတင် မဟုတ်ဘူး၊ ကားတွေမှာလဲ အဲလိုပဲ။ ခြောက်ခြားစရာ အရုပ်တွေ၊ အရိုးစုတွေ၊ ပင့်ကူတွေ၊ လက်ပြတ်၊ ခြေပြတ်လို အရုပ်တွေ တွဲလောင်းချထားကြတယ်။ ဟိုတနေ့ကပဲ ဘေးကနေ saloon ကားအဖြူလေး ဖြတ်သွားလို့ ကြည့်လိုက်တာ၊ ကားအဖြူကိုလေ သွေးရောင်လို ဆေးတွေနဲ့ ကွက်တိ ကွက်ကြား သုတ်ထားပြီး လက်ပြတ်ကြီးလားမသိဘူး တွဲလောင်းကြီး ချိတ်ထားတယ်။ ရုတ်တရက်ကြည့်လိုက်ရင် သွေးပျက်စရာပါ။

နောက်ပြီး ဒီအချိန် စျေးဝယ်ထွက်ရင်လည်း ဆိုင်တိုင်းလိုလိုမှာ ဖရုံသီး အရွယ်စုံ၊ နောက် ဂန္ဓမာပန်း အဝါရောင် ၊ ကြက်သွေးရောင်လို အရောင်မှိုင်းမှိုင်း ပန်းတွေလည်း ရာသီနဲ့ အလိုက် တင်ရောင်းကြတယ်။ ဝယ်တဲ့သူတွေလည်း ဝယ်ကြတာပဲ။ ကျမတော့ စျေးကြီးလို့ တခါမှ မဝယ်ဘူး။ ဂျပန်မှာတုန်းကတော့ Halloween အချိန် ပြီးသွားပြီဆို ဖရုံသီးအသေးလေးတွေ စျေးချလို့ ကလေးတွေ ငယ်တုန်း ဆော့လို့ရအောင် ဝယ်ပေးဖြစ်တယ်။ ဆော့ပင်တချောင်း၊ ဖရုံသီး အသေးလေး တယောက်တလုံး ပေးထားလိုက်ရင် သူတို့ ဖရုံသီးပေါ် ပုံဆွဲကြတာပဲ။ ဒီမှာတော့ ဖရုံသီးတွေက ဆိုဒ်ပေါ်မူတည်ပြိး စျေးလည်း မတူကြဘူး။ အလှဆင်ဖို့ သက်သက်နဲ့တော့ ပိုက်ဆံအကုန်မခံချင်တာနဲ့ ကလေးတွေ ကစားဖို့လည်း မဝယ်ပေးဖြစ်ပါဘူး။

ကျောင်းတွေမှာဆိုရင်လည်း ကျောင်းသားတွေ နဲ့ ဆရာ၊ ဆရာမတွေ ကိုယ်နှစ်သက်ရာ Halloween costumes ဝတ်ပြီး ကျောင်းလာကြတယ်။ တချို့တွေဆို သွေးတွေ လိမ်းထားသလို မျက်နှာမှာ ခြယ်ထားကြတယ်။ တချို့လည်း သွေးစုပ်ဖုတ်ကောင်လို အစွယ်ကို ပါးစပ်မှာ ခြယ်ထားကြတယ်။ အိမ်က ကလေး တွေကတော့ Universal Studio သွားတုန်းက ဝယ်လာခဲ့တဲ့ Harry porter ဝတ်ရုံကြီး တွေကို ထုတ်ပြီး မနက်ဖန် ကျောင်းသွားရင် ဝတ်သွားဖို့ ပြင်ဆင်နေကြလေရဲ့။ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့တော့ ဟုတ်နေတာပါပဲ။

Halloweenနေ့ ညနေ မှောင်စပြုပြီ ဆိုရင် ကလေး၊ လူကြီး ၊ မိသားစုတွေက အနီးအနားကို လမ်းလျှောက်ထွက်ပြီး trick or treat လုပ်ကြတယ်။ အမှန်က ကလေးတွေ သွားချင်တာကို မိဘတွေက အနောက်က လိုက်ထိန်းပေးရင်း သူတို့ နဲ့ အတူ လိုက်ပေးကြတာပါ။ အိမ်တော်တော်များများက Halloween နဲ့ ပတ်သက်ပြီး decoration လုပ်ထားကြတာ တအိမ်နဲ့ တအိမ် မတူကြဘူး။ အဲဒါတွေ လိုက်ကြည့်နေရတာကိုက စိတ်ဝင်စားဖို့ကောင်းတယ်။ တချို့အိမ်တွေဆိုရင် မီးခိုးအငွေ့တွေ နဲ့ အသံပေါင်းစုံ ထွက်ပြီး လာသမျှ လူကို ကြောက်အောင် ခြောက်ပေမယ့် ကြောက်စရာမကောင်းပါဘူး။ ကလေးတွေက အိမ်တံခါးခေါက်ပြီး trick or treat လို့ အော်ပြောရင် အိမ်ထဲက လူကြီးတွေကလည်း Halloween costume ဝတ်ရုံတွေ ဝတ်ထားပြီး ကလေးတွေကို ပြန်ခြောက်ကြတယ်။ ကလေးတွေက အဲလိုဆို ပျော်တာပေါ့။ ပြီးရင် ချောကလက်၊ သကြားလုံး၊ ဂျယ်လီ အဆင်ပြေသလို ကလေးတွေကို ပေးကြပါတယ်။ တချို့အိမ်တွေကတော့ လူကြီးတွေအတွက် ရေဘူး၊ ဘီယာ၊ အချိုရည်၊ အရက်၊ ဆေးခြောက်ပါတဲ့ ဆေးလိပ် စတာတွေကို သောက်ချင်ရင် ယူသောက်လို့ရအောင် ချပေးထားကြတယ်။ အရက်သောက်လို့ ရတဲ့ အသက်အရွယ်ပါ။ လူငယ်တွေကိုတော့ မပေးပါဘူး။

ဒီနေ့လည်း မထင်မှတ်ပဲ Halloween နဲ့ ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ကို ရောက်သွားတော့ အထဲမှာလေ ခင်းကျင်းထားတာ ကြည့်ပြီး အံ့ဩရတယ်။ costumes တွေ accessaries တွေက မျိုးစုံပဲ။ လာဝယ်တဲ့သူတွေလည်း သူ့ဟာသူတော့ ရှိနေတာပဲ။ အဲဒါနဲ့ အဲဒီဆိုင်ရောက်တုန်းလေး အမှတ်တရဖြစ်အောင် short movie လေး ရိုက်လာခဲ့တာ Reels မှာ မနက်ဖန်မှ တင်ပေးမယ်နော်။

*****
 
အောက်က ဓာတ်ပုံက သမီးငယ်က မနက်ဖန် သူ့ကျောင်းက သူငယ်ချင်းတွေကို Halloween treat လုပ်ချင်လို့ သူကိုယ်တိုင် လုပ်ထားတဲ့ လက်ဆောင်လေးတွေပါ။ အထဲမှာ သကြားလုံးလေးတွေ ထည့်ထားတယ်။


အောက်တိုဘာ ၃၀၊ ၂၀၂၄။

October 27, 2024

အမေရိကားသို့ - အပိုင်း ၂

ဒုတိယပိုင်း မဆက်ခင် တခု ကြိုပြော ထားချင်ပါတယ်။ ကျမ DV consultant တစ်ယောက် မဟုတ်ပါဘူး။ ကျမ ဒီစာကို ရေးတာ ဂျပန်ကနေ DV ပေါက်ပြီး interview ကို US Embassy Tokyo ကနေ ဝင်မယ့် သူတွေ၊ အထူးသဖြင့် မိသားစု အလိုက် အင်တာဗျူး ဝင်မယ့် သူများကို အဆင်ပြေစေချင်တဲ့ရည်ရွယ်ချက်နဲ့ ရေးပေးတာပါ။ အဲဒါကြောင့် DV မထိုးရသေးသူများ၊ မပေါက်သေးသူများ၊ အခုရေးတဲ့ ပို့စ်ကို မှတ်ထားပြီး ကိုယ့်အတွက် ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပါ။ Reference အနေနဲ့ပဲ အသုံးပြုပါ။ စာရွက်စာတမ်း မရှိသေးရင် ရှိအောင် လုပ်ပါလို့ အကြံပြုပါတယ်။ တကယ်တမ်း KCC ကို ပို့ပေးရတဲ့ စာရွက်စာတမ်းတွေက common ဖြစ်ပြီး ဘယ်နိုင်ငံကနေမဆို DV ပေါက်တဲ့သူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမယ့် interview ဝင်ရတော့မယ်ဆိုရင် သက်ဆိုင်ရာ US Embassy က နိုင်ငံပေါ်မူတည်ပြီး တခြား စာရွက်စာတမ်းတွေ ထပ်တောင်းနိုင်ပါတယ်။

မနေ့က မေးခွန်းတွေထဲမှာ Financial Evidences နဲ့ ပတ်သက်ပြီး မေးတာတွေ့မိလို့ပါ။ သံရုံးက ကျမကို Financial Evidences တောင်းတာ ကျမနဲ့အတူ မိသားစုကိုပါ ခေါ်တာမို့ တောင်းတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တယောက်တည်း သမားတွေဆိုရင် တော့ တောင်းချင်မှ တောင်းပါ လိမ့်မယ်။ သံရုံးက မေးလ်ထဲမှာ ကျမကို ပြောတာက အောက်မှာရေးထားသလိုပါပဲ..

Financial evidence could be assets of your saving or your family to proof that you, your spouse, and two children can be financially supported in the United States.
Please see HHS poverty guideline https://www.uscis.gov/i-864p

 

နောက် တခု အကြံပေးချင်တာက ဖြစ်နိုင်မယ်ဆိုရင် travel.state.gov website ထဲက if you are selected ကိုအကုန်လုံး နားလည်အောင် အခေါက်ခေါက်၊ အခါခါ ဖတ်ထားနိုင်မယ်၊ နားလည်နေမယ်ဆိုရင် DV ပေါက်ပြီး နောက်ပိုင်း လုပ်ရမယ့် အဆင့်တွေကို တဖြေးဖြေးချင်း လုပ်နိုင်သွားပါလိမ့်မယ်။ ပေါက်တဲ့သူတွေကတော့ မဖြစ်မနေ ဖတ်ကို ဖတ်ရမယ်၊ မပေါက်သေးရင်လည်း အခုကတည်း ကြိုဖတ်ထားလို့ အကျိုးမယုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှာ ရေးထားတာတွေအတိုင်းပဲ process လုပ်သွားတာဖြစ်လို့ပါ။
တချို့မေးခွန်းတွေက ကျမ နောက်ပိုင်း ရေးရင်းနဲ့ သိလာပါလိမ့်မယ်။ ကြိုမေးထားပြီး ကြိုသိထားရင် စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူး မဟုတ်လား။
*******

US Embassy နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မေးလ်နဲ့ ဆက်သွယ်ပြီး ပေးနေရသလို တဖက်မှာလည်း ဆေးစစ်ဖို့အတွက် ပြင်ဆင်ရပါတယ်။ Embassy website မှာ ပြောထားတဲ့ ဆေးစစ်ရမယ့် ဆေးခန်းက ဂျပန်နိုင်ငံ မှာ စုစုပေါင်း ၄ ခုပဲ ရှိပြီးတော့၊ ကျမ နေတဲ့ဘက်မှာတော့ ဆေးခန်းက တစ်ခုပဲ ရှိပါတယ်။
သံရုံးက interview date သိရတဲ့ အချိန်မှာပဲ အနားက ဆေးခန်းရဲ့ website ကို သွားကြည့်တော့ ဆေးခန်းက ဂျပန် နွေရာသီ ပိတ်ရက်ရှည် နဲ့ တိုးပြီး ၇ လပိုင်းကုန်လောက်ကနေ ဩဂုတ်လဆန်း အထိ ပိတ်ထားတဲ့အချိန်နဲ့ သွားတိုက်နေပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့မှ ဆေးခန်း ပြန်ဖွင့်မှာမို့ ကျမတို့လည်း တိုကျိုက ဆေးခန်း ၂ ခုကို မမေးတော့ပဲ အနားက ဆေးခန်းပြန်ဖွင့်တဲ့အချိန်အထိ စောင့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ တိုကျိုက ဆေးခန်းတွေကို ဆေးစစ်ဖို့ မရွေးရတဲ့ အကြောင်းက အဲဒီတလော ဂျပန်ရဲ့ နေရာတော်တော်များများ မှာ Covid case တွေ တအားတက်နေတာကြောင့် state emergency ထုတ်ထားတဲ့ အချိန်ဖြစ်နေတာရော၊ ဆေးစစ်ဖို့ အတွက် မိသားစု ၄ ယောက်စလုံး တိုကျိုတက်ဖို့ဆို ရှင်းကန်ဆန်စရိတ်ကလည်း စျေးကြီးတာကြောင့် အနီးနားကဆေးခန်းဖွင့်တဲ့အချိန်ကို စောင့်လိုက်တာပါ။ ရှင်းကန်ဆန်စရိတ်က တယောက်ကို အသွားအပြန် ယန်း ၃ သောင်းနီးပါး ၊ ဒေါ်လာဆိုရင်တော့ ခန့်မှန်းခြေ ၂၅၀ လောက်နဲ့ ၄ ယောက်ဆို အနည်းဆုံး ဒေါ်လာ ၁၀၀၀ လောက် ပေးရမှာပါ။
ဩဂုတ်လ ၁၀ ရက် ၂၀၂၁ နေ့ ဆေးခန်းကို ဖုန်းဆက်ပြီး appointment ယူတော့ အစောဆုံး ဩဂုတ်လ ၁၂ ရက်နေ့မှ ဆေးစစ်လို့ရမှာဖြစ်ပြီး ဆေးစစ်တဲ့အဖြေ ရဖို့ ၁၀ ရက်ကနေ ၂ ပတ်ကြာမယ်လို့ တာဝန်ကျ ဆရာဝန်က ပြောပါတယ်။ အဲဒါဆိုတော့ အင်တာဗျူးသွားမယ့် ရက်မှာ ဆေးစစ်အဖြေကို သံရုံးကို ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါနဲ့ တိုကျိုက ဆေးခန်း ၂ ခုဆီ ဖုန်းဆက်မေးတော့လည်း အလားတူ ၁၀ ရက်ကနေ ၂ ပတ်ကြာမယ်လို့ ပြောပါတယ်။ အဲဒါကြောင့် သံရုံးကို တခါ ဖုန်းဆက်ပြီး အင်တာဗျူးရက်မှာ ဆေးစစ်တဲ့အဖြေရမှာ မဟုတ်တဲ့အတွက် ဘယ်လို လုပ်ရမလဲဆိုတာ လှမ်းမေးရပြန်ပါတယ်။ သံရုံးက အင်တာဗျူးကို အရင်လာခဲ့ပါ ဆေးစစ်တဲ့အဖြေက နောက်မှ ပို့ပေးပါလို့ ပြောတာနဲ့ ဆေးစစ်တဲ့ရက်ကို ဩဂုတ်လ ၁၂ ရက် ၂၀၂၁၊ မနက် ၁၁ နာရီ appointment ယူလိုက်ပါတယ်။
ဩဂုတ် ၁၂ ရက် ၂၀၂၁ နေ့မှာ ကျမတို့ မိသားစု ၄ ယောက်စလုံး ဆေးစစ်ရမယ့် ဆေးခန်းကို ၁၁ နာရီ မထိုးခင် အရောက်သွားပါတယ်။ ရောက်တာနဲ့ reception မှာ စာရွက်စာတမ်းတွေ ပေးစရာရှိတာ ပေး၊ ထပ်ဖြည့်ခိုင်းတာ ထပ်ဖြည့်၊ နောက် ဆေးစစ်ထားတဲ့အဖြေရလာရင် ကိုယ့်နေတဲ့ နေရာကို ပြန်ပို့ပေးဖို့ letter pack (registered mail) မှာ နာမည်၊ လိပ်စာ တွေ ရေးပေးရပါတယ် ။
ဆေးစစ်ဖို့ မိသားစု ၄ ယောက်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက
၁။ ကလေးတွေ ရဲ့ မိခင်နဲ့ ကလေး မှတ်တမ်း စာအုပ်(母子手帳)
၂။ ဆေးမှတ်တမ်းစာအုပ် (薬手帳)
၃။ လက်ရှိ ပတ်စပို့ စာအုပ်
၄။ သံရုံးကနေ ပို့ထားတဲ့ interview appointment letter email (print ထုတ်ရပါမယ်။)
၅။ D-260 confirmation page
၆။ ဓာတ်ပုံ ၄ ပုံ
၇။ လူကြီးတွေကတော့ ကာကွယ်ဆေး ထိုးထားတဲ့ မှတ်တမ်းလိုမျိုးရှိရင် ယူသွားရပါမယ်။ မြန်မာပြည်က လူတွေကျတော့ အဲလို မှတ်တမ်းမျိုး မရှိတာမို့ ကာကွယ်ဆေး မှတ်တမ်း စာအုပ်မရှိဘူးလို့ပဲ ဆရာဝန်ကို ဖုန်းနဲ့ appointment ယူတုန်းက ပြောထားလိုက်ပါတယ်။
၈။ DS-2054 form ဖြည့်ရပါတယ်။

အဲဒီ form မှာ ဖြည့်ရတာက လက်ရှိ နေတဲ့ အိမ်လိပ်စာ၊ US ရောက်ရင် နေမယ့်လိပ်စာ၊ Passport number၊ Case Number၊ email address၊ ဖုန်းနံပါတ်၊ အရင်တုန်းက US Immigrant visa အတွက် ဆေးစစ်ဖူးတာ ရှိမရှိ၊ ရှိရင် ဆေးစစ်ခဲ့တဲ့ ရက်စွဲကို ဖြည့်ပေးရပါမယ်။ နောက် visa category ဖြည့်ရပါတယ်။ Immigrant visa၊ Refugee၊ Asylee၊ Non-immigrant visa စသဖြင့် ရွေးပေးရတာပါ။
၉။ ဆေးခန်းရောက်မှ နောက်ထပ် Form တခု ထပ်ဖြည့်ခိုင်းပါသေးတယ်။ အဲဒါကတော့ ကျမတို့ မြန်မာပြည်ကနေ စပြီး တောက်လျှောက် နေခဲ့တဲ့ နိုင်ငံတွေကို အကုန် ရေးပေး ရပါတယ်။ (ဂျပန်မှာပဲ တောင်းတာ ဖြစ်နိုင်ပါတယ်။ တခြားနေရာက ဆေးခန်းတွေမှာ တောင်းချင်မှ တောင်းမှာပါ။)
ဆေးစစ်တာကတော့ အားလုံး အတူတူပါပဲ။ သွေးဖောက်ယူတယ်၊ ဆီးစစ်ဖို့ ယူတယ်၊ ဓာတ်မှန်ရိုက်တယ်၊ သွေးပေါင်ချိန် တိုင်းတယ်၊ မျက်စိ စစ်တယ် ဂပင၁ အဲဒါတွေ ကြည့်ရတာ၊ ဆရာဝန်မေးတာ ဖြေရတယ်၊ လက်ရှိသောက်နေတဲ့ဆေး၊ ကိုယ်ပြနေကြ ဆရာဝန်ရှိရင် အဲဒါနဲ့ ပတ်သက်တဲ့ ရာဇဝင်တွေကို ဆရာဝန်ကို အကုန်ပြောပြရပါတယ်။ အဓိက TB ဖြစ်ဖူးတာ ရှိမရှိ၊ ရောဂါ ကြီးကြီးမားမား ဖြစ်ဖူးထားတာ ရှိမရှိ၊ ဆေးရုံ တက်ဖူးတာမျိုး ရှိမရှိ၊ နောက် ကျမကိုတော့ စိတ်ရောဂါ ဆရာဝန်နဲ့ consult လုပ်ဖူးလားလို့ မေးပါတယ်။ ခွဲစိတ်ဖူးတာမျိုး ရှိမရှိ၊ ရှိရင်လည်း ဘာကြောင့် ခွဲစိတ်ရတာလဲ ပြောပြရပါတယ်။ ဒီမှာကျတော့ သောက်ဆေးက ကိုယ့်ဟာကိုယ် ဝယ်သောက်လို့ မရပါဘူး။ ဆရာဝန်ညွှန်ကြားမှ သောက်ရတာမို့ လက်ရှိသောက်နေတဲ့ ဆေးတွေကို တခါတည်း ပြောပြထားလိုက်တာပါ။ ပြီးတော့ ဆရာဝန်က US သွားမယ်ဆိုရင် မဖြစ်မနေ ထိုးရမယ့် ကာကွယ်ဆေးစာရင်းကို ပြပါတယ်။ နောက် နားကျပ်နဲ့ နည်းနည်းပါးပါး စမ်းသပ်ပြီး လူကြီးတွေအတွက် အဲဒီလောက်နဲ့တင် ပြီးပါတယ်။
ကလေးတွေကိုလည်း တယောက်ချင်းဆီ ဘယ်နှစ်တန်းရောက်ပြီလဲ၊ ကျောင်းမှာ ပျော်လား၊ နာမည်ဘယ်လိုခေါ်လဲ ၊ ကျောင်းက ကျွေးတဲ့ ထမင်းကြိုက်လား၊ ဆရာမနာမည် ဘယ်လိုခေါ်သလဲ စသဖြင့် မေးခွန်းလေးတွေ မေးပြီး ကျမကိုတော့ ကလေးတွေ ငယ်ငယ်တုန်းကနေ အခုထိ ရောဂါ ကြီးကြီးမားမား ဖြစ်ဖူးလား၊ ဆေးရုံ တက်ဖူးလား၊ အစားအသောက်နဲ့ ပတ်သက်ပြီး food allergy လိုမျိုး ရှိလား ဆိုတာတွေ မေးပါတယ်။ ပြီးတော့ နားကျပ်နဲ့ ရင်ဘတ်ကို စမ်းသပ်ပြီး ကလေးတွေ လက်၊ ခြေထောက် အရိုး သန်မသန် စစ်ဆေးပါတယ်။ ကလေးတွေအတွက် ကာကွယ်ဆေးကိုတော့ ဂျပန်အစိုးရက သတ်မှတ်ထားတဲ့ ကာကွယ်ဆေး ထိုးပြီးသား မှတ်တမ်းနဲ့ US က သတ်မှတ်ထားတဲ့ မဖြစ်မနေ ထိုးရမယ့် ကာကွယ်ဆေးတွေကို တိုက်ကြည့်ပြီးတော့ လိုတာတွေ ထပ်ထိုးရမယ်လို့ ပြောပါတယ်။
နောက်ဆုံး စာရင်းပိတ်တော့ ကလေးတွေက ကာကွယ်ဆေး ၄ လုံးစီ နဲ့ လူကြီးတွေက ၃ လုံးစီ ထိုးခံလိုက်ရပါတယ်။ ဆေးစစ်တဲ့ ကုန်ကျစရိတ်က တယောက်ကို ဂျပန်ယန်း ၅ သောင်းကျော် (ခန့်မှန်းခြေ ဒေါ်လာ ၅၀၀ လောက်ပေါ့) ပေးရပါတယ်။ မိသားစု ၄ ယောက်အတွက် စုစုပေါင်း ယန်း သောင်း ၂၀ ကျော် (ခန့်မှန်းခြေ ဒေါ်လာ ၂၀၀၀ လောက်) ပေးလိုက်ရပါတယ်။ ဆေးစစ်တာက နေ့တဝက်လောက်ဆို ပြီးပါတယ်။ ဆေးခန်းက ဆရာဝန်က မပြန်ခင်မှာ အခု ကာကွယ်ဆေးတွေ ထိုးပြီး ၂ ပတ်အတွင်း တခြား ဘာကာကွယ်ဆေးမှ မထိုးဖို့၊ ဆေးစစ်တဲ့ အဖြေ စာအိတ်ကို မဖွင့်ပဲ သံရုံးကို တင်ဖို့၊ ကာကွယ်ဆေး ထိုးထားတဲ့ စာရင်း စာရွက်ကို သိမ်းထားပြီး ကလေးတွေ ကျောင်းတက်ရင် အဲဒီစာရွက်ပြဖို့ ၊ ဓာတ်မှန် CD ပေးလိုက်မှာ ဖြစ်ပြီး US အဝင် လေဆိပ်မှာ တောင်းရင်ပေးလို့ရအောင် ကိုယ်နဲ့ မကွာဆောင်ထားဖို့ စသဖြင့် ရှင်းပြပါတယ်။
ဩဂုတ်လ ၁၈ ရက် ၂၀၂၁ မှာတော့ ၁၉ ရက်နေ့ အင်တာဗျူးအတွက် ကျမနေတဲ့နေရာကနေ ညနေလောက်မှာ တိုကျိုကို တက်ခဲ့ပါတယ်။
ဆက်ရန်..
အောက်တိုဘာ ၅၊ ၂၀၂၁။

October 23, 2024

အမေရိကားသို့ - အပိုင်း ၁


ဒီနေ့ မထင်မှတ်ပဲ ဒီ Blog လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာခဲ့တယ်။ ရောက်လာတော့လေ အရင်တုန်းက ရေးခဲ့တာတွေ၊ Blog တကာလျှောက်လည်ပြီး Blogger တွေနဲ့ အပြင်မှာပါ သူငယ်ချင်းဖြစ်ခဲ့တာတွေကို ပြန်သတိရမိလာပြီး စာရေးချင်လာတာနဲ့ Blog လေးကို အသက်ပြန်သွင်းလိုက်ပါဦးမယ်။ အခု နုစံရဲ့ ဘ၀ တကွေ့ တဆစ်ချိုးအကြောင်း ရေးထားတာတွေကို ဒီ Blog မှာ ပြန်ကူးတင်ဖို့ စိတ်ကူးရလာတာနဲ့ ၂၀၂၁ ခုနှစ်လောက်က DV Group မှာရေးထားပြီးသားကို copy ကူး တင်ပေးလိုက်ပါတယ်။ လောလောဆယ် ခေါင်းစဉ်က ဘာပေးရမှန်းမသိလို့ အပိုင်း ၁ လို့ပဲ ခဏ ပေးထားမယ်နော်။ အပိုင်း ၇ ပိုင်းအထိ ရှိပါတယ်။

*******

အပိုင်း - ၁

အောက်တိုဘာလထဲရောက်လာပြီ ဆိုတော့ ၂၀၂၁ DV program ကလည်း ပြီးသွားခဲ့ပါပြီ။ DV နဲ့ ပတ်သတ်ပြီး ကျမလို အခက်အခဲ ကြုံခဲ့မယ်ဆိုရင် ဘယ်လိုမျိုး ဖြေရှင်းရမယ် ဆိုတာ သိစေချင်တာရော၊ မိသားစုအလိုက် DV အတွက် D-260 တင်ကတည်းကနေ အင်တာဗျူးပြီးသွားတဲ့အထိ process လုပ်ခဲ့တာတွေကို အမှတ်တရ သိမ်းထားချင်တာမို့ အခုစာကို ရေးဖြစ်ပါတယ်။
ကျမက လောလောဆယ် ဂျပန်မှာ နေနေပြီး မိသားစု ၄ ယောက်ရှိပါတယ်။ ကလေးတွေကို ဂျပန်မှာပဲ မွေးထားပြီး မူလတန်းအရွယ်ရောက်နေ ကြပါပြီ။ ကျမ နဲ့ အမျိုးသားကတော့ ၂ ယောက်စလုံး IT နဲ့ ပတ်သက်တဲ့ အလုပ် လုပ်နေပါတယ်။ အမျိုးသားက အလုပ်နဲ့ နိုင်ငံ ၃၊ ၄ ခုလောက်မှာ နေခဲ့ဖူးပါတယ်။ ၁ နှစ်ကျော်နေခဲ့တာက UK, Japan နဲ့ China ပါ။
DV ကို နှစ်တော်တော်များများ ဆက်တိုက် တင်လာခဲ့ပေမယ့်၂၀၂၁ အတွက်မှ ပေါက်ခဲ့တာပါ။ DV interview ကိုတော့ ဂျပန်မှာ နေတာဖြစ်တဲ့အတွက် တိုကျို US Embassy ကနေ အင်တာဗျူး ဝင်မယ်လို့ ဖြည့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇွန်လဆန်းလောက်မှာ ကျမ DV ပေါက်တယ်ဆိုတာ သိခဲ့ရပါတယ်။ ထုံးစံအတိုင်း DV ပေါက်တဲ့ထဲ ပါပြီဆိုတာနဲ့ နောက်တဆင့်က ကျမတို့ မိသားစု ၄ ယောက်စလုံး အတွက် D-260 form ဖြည့်ရတော့ တာပါပဲ။
D-260 မှာ လိုတာတွေကတော့ ကိုယ့်မွေးကတည်းကနေ အသက် ၁၆ နှစ်နောက်ပိုင်း နေခဲ့တဲ့ အိမ်လိပ်စာ လိုပါတယ်။ အဲဒီအပေါ်မူတည်ပြီး ကိုယ်နေခဲ့တာ ၁ နှစ်ကျော်သွားရင် ရဲစခန်းထောက်ခံစာတွေ ပေးရတာမို့ သေချာလေး မမှားအောင်ဖြည့်ရမှာပါ။ ဘယ်မှ မသွားဖူးရင်တော့ ဖြည့်ရတာ ပြသနာမရှိပေမယ့် အလုပ်ကြောင့် ပြောင်းရ ရွှေ့ရတာမျိုးတွေ ရှိလာခဲ့ရင်တော့ အထူး သတိထားပြီး ဖြည့်ဖို့ လိုအပ်ပါတယ်။
Passport ကလည်း US ကို သွားမယ့် အချိန်ထိ သက်တမ်း ရှိနေ ဖို့ လိုအပ်ပါတယ်။ မရှိနေရင် သက်တမ်းတိုးပြီးမှ D-260 form မှာ ဖြည့်တာ ပိုကောင်းပါတယ် လို့အကြံပြုပါတယ်။ ပညာအရည်အချင်း၊ အလုပ်အကိုင် နဲ့ ပတ်သက်ပြီးဖြည့်ရပါတယ်။ မိဘ ရှိနေသေးရင်လည်း ဖြည့်ရသလို ဆုံးသွားပြီဆိုရင်လည်း သေဆုံးတဲ့ နှစ်တွေကိုပါ ဖြည့်ဖို့လိုပါတယ်။ ကလေးတွေလည်း အတူတူပါပဲ။ မိသားစု ရှိတဲ့သူတွေက US ကို ပြောင်းရင် ကလေးတွေ နဲ့ အိမ်ထောင်ဘက်ကို တခါတည်း ခေါ်သွားမလားဆိုတာ D-260 form တင်ကတည်းက ဖြည့်ဖို့ လိုအပ်ပါတယ်။ နောက် ဆက်သွယ်ရမယ့် email လိပ်စာ ကို မမှားအောင်ဖြည့်ပါ၊ ကိုယ်အမြဲသုံးတဲ့ email address ကို ပေးပါ။
D-260 form ကို submit မလုပ်ခင် သေချာ စစ်ဆေးပြီးမှ submit လုပ်ပါ။ Submit လုပ်ပြီး confirmation page တွေ၊ ကိုယ်ဖြည့်ထားတဲ့ D-260 form ကို DV ပေါက်တဲ့သူရော မိသားစုဝင်တွေ အတွက်ပါ ပီဒီအက် ဖိုင်နဲ့ သေချာ သိမ်းထားဖို့ လိုအပ်ပါတယ်။ နောက်ပိုင်း interview ဖြစ်ဖြစ်၊ ဆေးစစ်တာဖြစ်ဖြစ်၊ ရဲစခန်းထောက်ခံစာတောင်းတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ case number နဲ့ D-260 form confirmation page (bar code ပါတဲ့စာမျက်နှာ) ကို ဂျပန်မှာ တောင်းပါတယ်။ လိုအပ်တဲ့အချိန်ပေးနိုင်အောင်၊ ပြနိုင်အောင် print လုပ်ပြီး သိမ်းထားပါ။
D-260 form ဖြည့်တော့ ကျမတို့အတွက် အခက်အခဲက အလုပ်ကြောင့် နေရာပြောင်းခဲ့တာတွေ ရှိတာမို့ တချို့ အိမ်လိပ်စာတွေ၊ ရုံးလိပ်စာတွေ မမှတ်မိတော့ပါဘူး။ ပညာအရည်အချင်း ဘွဲ့ရတဲ့နှစ်တွေ နောက် အလုပ်နဲ့ ပတ်သက်တဲ့ ရာဇဝင်ဖြည့်တဲ့အခါမှာ တော်တော်လေး သတိထားဖြည့်ခဲ့ရသလို၊ မဖြည့်ခင် အချက်အလက် စုဆောင်းတာ အချိန်ကြာတာမို့ ကျမတို့ မိသားစု ၄ ယောက်စလုံး အတွက် D-260 form ကို submit လုပ်တော့ စက်တင်ဘာ ၄ ရက်၊ ၂၀၂၀ ဖြစ်သွားပါပြီ။
အောက်တိုဘာ ၂၃ ၊ ၂၀၂၀ မှာ နောက်တဆင့်အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ (Further DV Documents Required) ပေးဖို့ KCC ကနေ မေးလ်ရောက်လာပါတယ်။ ပေးရမယ့် စာရွက်တွေက မိသားစု ၄ ယောက်လုံးစာအတွက်
၁။မွေးစာရင်း (မူရင်း + နိုတြီ)
၂။လက်ထပ်စာချုပ် ( မူရင်း + နိုတြီ)
၃။ ရဲစခန်းထောက်ခံစာ
၄။ လက်ရှိ Passport Bio page ( D-260 form မှာဖြည့်ခဲ့တဲ့ valid passport ပါ)
၁။ မွေးစာရင်းက ကျမတို့ လူကြီး ၂ ယောက်ကတော့ မြန်မာပြည်က မွေးစာရင်း ကို နိုတြီပြန်ရပါတယ်။ ကလေး ၂ ယောက်ကတော့ ဒီနိုင်ငံမှာ မွေးတာဖြစ်လို့ မွေးစာရင်းကို နေထိုင်ရာ ရပ်ကွက်ရုံးမှာ သွားထုတ်ပြီး အင်္ဂလိပ်လို translate လုပ်ပေးရပါတယ်။
၂။ လက်ထပ်စာချုပ်ကိုလည်း နိုတြီပြန်ရပါတယ်။
၃။ ရဲစခန်းထောက်ခံစာပေးဖို့အတွက် ကျမက ၂ ခုပေးဖို့ လိုပါတယ်။ ရန်ကုန် လိပ်စာအတွက် တခု ၊ အခု လက်ရှိနေရတဲ့ နိုင်ငံအတွက် တခုပါ။
အမျိုးသားအတွက်ကတော့ ရဲစခန်းထောက်ခံစာ ယူခဲ့ရတာ တော်တော်များပါတယ်။ ရန်ကုန်မှာ တခု၊ နယ်မှာ တခု၊ UK၊ China နဲ့ လက်ရှိနိုင်ငံက ရဲစခန်းထောက်ခံစာတွေပါပဲ။
စစချင်း UK အတွက်ကို ONLINE ကနေ လုပ်တာ ဒေါ်လာ ၁၀၀ သာ ပေးခဲ့ရပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က UK မှာ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို ၁ လကျော်ကျော်လောက်ပဲ စောင့်လိုက်ရတယ် လွယ်လွယ်ကူကူ အဆင်ပြေပြေနဲ့ ယူလို့ရခဲ့ပါတယ်။ နောက် China ရဲစခန်းထောက်ခံစာအတွက် လုပ်မယ်ဆိုပြီး စာလိုက်ဖတ်တော့ China မှာက UK လိုမျိုး ONLINE ကနေ လုပ်လို့ရတာမျိုး မရှိပါဘူး။ China ရဲစခန်းထောက်ခံစာလုပ်ဖို့ တရုတ်ပြည်က အေးဂျင့်တခုကို မေးလ်နဲ့ ဆက်သွယ်ပြီး မေးကြည့်တော့ အေးဂျင့်က ရဲစခန်းထောက်ခံစာ လျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းပါတယ်။ သူတို့ တောင်းတဲ့ စာရွက်တွေက ၁၈ နှစ်ကျော်ကြာခဲ့ပြီဆိုတော့ မရှိတာရော မသိခဲ့တာရောနဲ့ ပေးဖို့ အဆင်မပြေခဲ့ပါဘူး။ အမျိုးသားကလည်း တရုတ်မှာ training အနေနဲ့ အလုပ်လုပ်ခဲ့တာ ဖြစ်ပေမယ့် သူက အဲဒီတုန်းက business visa လိုမျိုးနဲ့ နေခဲ့တာကြောင့် အခွန်ဆောင်ရတာမျိုး မရှိတဲ့အပြင်၊ သူ training အနေနဲ့ အလုပ်လုပ်ခဲ့တဲ့ ရုံးကလည်း နီးစပ်ရာ ရဲစခန်းမှာ (Temporary registration card) သူ့အတွက် လုပ်ပေးခဲ့လား မလုပ်သလား မသိခဲ့ပါဘူး။ Temporary registration card ရှိတယ် ဆိုတာတောင် သူ မသိခဲ့ပါဘူး။ နောက် သူ training အနေနဲ့ အလုပ်လုပ်ခဲ့တဲ့ company က အခု မရှိတော့ပါဘူး။ အဲဒါနဲ့ တရုတ်ပြည် ရဲစခန်းထောက်ခံစာက လိုအပ်တဲ့စာရွက်တွေ မရှိတဲ့အတွက် ပေးလို့မရပါဘူးဆိုပြီး ရိုးရိုး စာ ၂ ကြောင်း ၃ ကြောင်းလောက်သာ ရေးပြီး KCC ကို တင်ခဲ့ပါတယ်။
နောက် ဂျပန်ရဲ့ ရဲစခန်းထောက်ခံစာကတော့ ကိုယ်နေထိုင်တဲ့ နေရာရဲ့ မြို့နယ်ရဲစခန်းလိုမျိုးမှာ သွားတောင်းရတာပါ။ ရဲစခန်းထောက်ခံစာအတွက် ပိုက်ဆံတပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမယ့် ဘာကြောင့် ရဲစခန်းထောက်ခံစာ တောင်းရတာလဲဆိုတာကိုတော့ တိတိကျကျ ပြောပြဖို့ လိုအပ်ပါတယ်။ ကျမတို့က US Embassy ကို တင်ဖို့ပါလို့ ပြောတော့ တာဝန်ကျ ရဲမှုးက case number တောင်းပါတယ်။ စစချင်းတော့ သူ ဘာ​ စာရွက်တွေ တောင်းနေမှန်း ကျမတို့ နားမလည်ခဲ့ပါဘူး။ နောက်မှ ဖုန်းထဲမှာ KCC က ပို့ထားတဲ့ email တွေ ပြတော့မှ သူတို့ တောင်းတာက D-260 confirmation page ကို တောင်းတာပါ။ အဲဒါနဲ့ နီးစပ်ရာ 7/11 လိုမျိုးမှာ Print ထုတ်ပေးပြီး ရဲမှူးကို ပေးလိုက်တော့မှ ရဲစခန်းထောက်ခံစာ လုပ်ပေးမယ်ဆိုပြီး လိုအပ်တဲ့ Form ဖြည့်ခိုင်း ပါတယ်။ ပြီးတော့ လက် ၁၀ ချောင်းစလုံးရဲ့ လက်ဗွေ ယူပါတယ်။ ၂ ပတ်ကျော် ၃ ပတ် လောက် စောင့်ရပြီး ရဲစခန်းထောက်ခံစာထည့်ထားတဲ့ ချိတ်ပိတ်ထားတဲ့ စာအိတ်ကို သွားပြန်ယူရပါတယ်။ စာအိတ်ကို လုံး၀ မဖွင့်ရပဲ အဲဒီ စာအိတ်အတိုင်းလေးပဲ scan ဖတ်ပြီး KCC ကို တင်ခဲ့ပါတယ်။
၄။Passport ကတော့ ဓာတ်ပုံ ပါတဲ့ စာမျက်နှာ (Bio Page) တခုကိုပဲ scan ဖတ်ပေးရတာပါ။
စာရွက်စာတမ်းတွေအကုန်လုံးကို image file (jpg) အဖြစ်ပြောင်း၊ပြီးတော့ file size တွေကိုလည်း ပြင်ဆင်ပြီး သူတို့ပြောတဲ့ format အတိုင်း ၄ ယောက်စလုံးအတွက် သေချာ file name ကို ရှင်းရှင်းလင်းလင်း ပေးပြီး ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၂၀ နေ့မှာ KCC ကို မေးလ်နဲ့ ပို့ပေးခဲ့ပါတယ်။ အဲဒီအထိက ဘာမှလည်း ခက်ခဲတာမရှိသေးသလို ပိုက်ဆံလည်းအများကြီး မကုန်သေးပါဘူး။ လိုအပ်တဲ့ စာရွက်တွေ ပို့ပေးလိုက်ပြီးတာနဲ့ KCC ကနေ Auto reply mail ပြန်ဝင်လာပါတယ်။
စာရွက်တွေ ပို့ပေးလိုက်ပြီး ၂၀၂၁ ခုနှစ် မတ်လလောက်အထိ ဘာမှ အကြောင်း မထူးတာနဲ့ မတ်လ ၁၅ ရက်၊၂၀၂၁ မှာ KCC ကို follow up mail ပို့ပြီး မေးခဲ့ပါတယ်။ မတ်လ ၂၃ ရက် ၂၀၂၁ မှာ processing လုပ်နေတယ်ဆိုတာလောက်ပဲ KCC ကနေ စာပြန်လာပြီး အဲဒီနောက်ပိုင်း KCC ကို စာပို့ပြီး ဘာမှ မမေးဖြစ်တော့ပါဘူး။
မေလ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်မှာ ကျမပို့ပေးလိုက်တဲ့ စာရွက်စာတမ်းတွေ လက်ခံရရှိပါတယ်ဆိုတဲ့ (Documents Reveived) မေးလ် ရခဲ့ပါတယ်။ အဲဒီအချိန်အထိ ၂၀၂၁ ခုနှစ် DV ပေါက်တဲ့သူတွေ အင်တာဗျူး မစ သေးဘူးလို့ ထင်ပါတယ်။ နောက်ပြီး ကျမရဲ့ case number ကလည်း 11xxx ကျော်မို့ အင်တာဗျူးခေါ်တဲ့အဆင့်ထိ ရောက်လာဖို့ရာ သိပ်တော့ အားမရှိလှပါဘူး။
ဒီလိုနဲ့ ဩဂုတ်လ ရောက်လာတော့ ကျမစိတ်ထဲမှာ ၂၀၂၁ ခုနှစ် DV progam ကလည်း ပြီးခါနီးနေပြီမို့ အင်တာဗျူး ဒိတ် ရတော့မယ်လည်း မထင်ထားတော့ပါဘူး။ ၂၀၂၁ အတွက် DV ပေါက်သာ ပေါက်ခဲ့ပြီး မသွားရလောက်ဘူးလို့ စိတ်ထဲကနေ တွေးထားခဲ့မိပါတယ်။
ဩဂုတ် ၃ ရက် ၂၀၂၁ ရောက်တော့ noreply ဆိုပြီး mail တစောင်ဝင်လာပါတယ်။ မေးလ်ကို သေချာ ကြည့်တော့မှ title က Required Entry Status Check for DV Submission ဆိုပြီး interview date ပေးတဲ့ စာဖြစ်နေပါတယ်။ သံရုံးကပေးလိုက်တဲ့ interview date က ဩဂုတ်လ ၁၉ ရက် ၂၀၂၁ ခုနှစ်၊ မနက် ၈ နာရီ ၁၅ မိနစ် ပါ။
ဩဂုတ်လ ၄ ရက်နေ့မှာတော့ တိုကျို US Embassy ကနေ ကျမဆီကို တိုက်ရိုက် မေးလ်နဲ့ ဆက်သွယ်ပြီး အင်တာဗျူး ရက်ကို ထပ်ပြီး အကြောင်း ကြားလာပါတယ်။ နောက်ပြီး လိုအပ်တဲ့ စာရွက် မူရင်းတွေကို အင်တာဗျူးရက် မတိုင်ခင် ကြိုပို့ပေးထားဖို့ ပြောပါတယ်။ သံရုံးက တောင်းတဲ့ စာရွက်စာတမ်းတွေက မိသားစု ၄ ယောက်စာအတွက်..
၁။မွေးစာရင်း (မူရင်း)
၂။လက်ထပ်စာချုပ် (မူရင်း)
၃။အရင် ပတ်စပို့ စာအုပ် အဟောင်းတွေ အကုန်လုံး
၄။ဒီနိုင်ငံရဲ့ residence card
၅။ကျမအတွက်တော့ ဘာကြောင့် ဂျပန်ကို လာရသလဲ ဆိုတဲ့ Essay လိုမျိုးစာ (Statement explaining what brought you to Japan)
၆။ဓာတ်ပုံ ၂ ပုံစီ
၇။လက်ရှိ ပတ်စပို့ Bio page (ဓာတ်ပုံပါတဲ့ စာမျက်နှာ)
၈။DV - 260 confirmation page
၉။Additional form က လူကြီး ၂ ယောက်အတွက်ဖြည့်ပေးရပါတယ်။
Additional form ကတော့ တခြားမဟုတ်ပါဘူး။ စစ်ဘက်ဆိုင်ရာ နဲ့ ကြံ့ဖွတ်ပါတီ၊ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေမှာ ရာထူး ကြီးကြီး အတူနေတဲ့ မိသားစုဝင် ရှိမရှိ ဖြည့်ခိုင်းတာပါ။ ကျမတို့ကတော့ ဘယ်သူမှ မရှိကြောင်းကို မှန်မှန်ကန်ကန် ပျော်ပျော်ရွှင်ရွှင်ပဲ ဖြည့်ပေးလိုက်ပါတယ်။

အပေါ်က စာရွက်တွေ အကုန်လုံးကို စာတိုက်ကနေ registered mail (letter pack) နဲ့ တိုကျို US သံရုံးကို ဩဂုတ်လ ၆ ရက် ၂၀၂၁ မှာ ပို့ပေးခဲ့ပါတယ်။ ဩဂုတ်လ ၉ ရက် ၂၀၂၁ မှာ သံရုံးက မွေးစာရင်း နဲ့ လက်ထပ်စာချုပ်က မူရင်းတွေပဲပါလာတာမို့ နိုတြီဘာသာပြန်တွေ email attachedment နဲ့ ထပ်ပို့ပေးပါဆိုတာနဲ့ email ကနေ တဆင့်ပို့ပေးခဲ့ပါတယ်။ အဲဒီစာရွက်တွေနဲ့ အတူ ထပ်တောင်းတာက အမြင့်ဆုံး ပညာအရည်အချင်း အထောက်အထားပါ။ အဲဒါနဲ့ ကျမတို့ ၂ ယောက်ရဲ့ ဘွဲ့လက်မှတ်တွေကို scan ဖတ်ပြီး မေးလ်နဲ့ပဲ ထပ်ပို့ ပေးခဲ့ပါတယ်။ ဘွဲ့လက်မှတ်တွေမှာက အင်္ဂလိပ်လို ဘာသာပြန်ပြီးသားမို့ ဒီအတိုင်း scan ဖတ်ပြီးပဲ ပို့ပေးလိုက်တာပါ။ တကယ်လို့ အင်္ဂလိပ်လိုရေးထားတာ မပါရင်တော့ နိုတြီဘာသာပြန်တာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဩဂုတ်လ ၁၀ ရက် ၂၀၂၁ မှာ သံရုံးကနေ စာထပ်ပို့လာပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန်စုံနေပြီ ဖြစ်တဲ့အတွက် အင်တာဗျူး နေ့မှာ မူရင်းစာရွက်တွေ ယူလာခဲ့ဖို့နဲ့ နောက်တစ်ခု ထပ်တောင်းတာက Financial evidences ပြဖို့ စာထပ်ရောက်လာပါတယ်။ အဲဒါနဲ့ ကျမလည်း Financial evidences ဆိုတာ ဘဏ် စာအုပ်ကို ပြရမှာလားလို့ မေးတော့ ဘဏ်စာအုပ် ပြရင်လည်း ရတယ်ဆိုပြီး စာပြန်လာပါတယ်။ အဲဒီအချိန်အထိ ကျမတို့ မိသားစု အားလုံး ဆေးမစစ်ရသေးပါဘူး။

အောက်တိုဘာ ၃ ရက်၊ ၂၀၂၁။

March 9, 2011

ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)

အိုဆာကာကို ရောက်လာပြီး ၁ နှစ်ကျော်ကျော်လောက်အထိ ကျမတို့ အိမ်မှာ တီဗွီ မရှိပါဘူး။ သူရော ကျမပါ ကွန်ပျူတာ တစ်ယောက် တစ်လုံးနဲ့ပဲ နေဖြစ်ခဲ့တာ။ အဲဒီတုန်းက တွေးမိတာကတော့ တီဗွီမရှိလည်း နေလို့ဖြစ်တယ်ပေါ့။ နောက်ပိုင်း တီဗွီ ၀ယ်ပြီးတော့လည်း ပိတ်ထားဖြစ်တဲ့ အချိန်က ပို များပါတယ်။ ရုံးဖွင့်ရက်ဆိုရင် ရုံးက ပြန်လာပြီး ထမင်းစားရင်း ခဏတဖြုတ်လောက်ပဲ ကြည့်ဖြစ်တာ။ တီဗွီကနေ ဘာအစီအစဉ်တွေ လာတတ်လဲ ဆိုတာတောင် သေချာ မသိခဲ့ဘူး။ တစ်ခါတလေများ တခြားဂျပန်တွေနဲ့ စကားစမြည် ပြောဖြစ်လို့ ဘယ် တီဗွီ အစီအစဉ်တွေ ကြိုက်လဲ၊ ကြည့်ဖြစ်လဲလို့ မေးရင် မဖြေတတ်ဘူး။

တကယ်တမ်းပြောရရင် ဂျပန်ကလွှင့်တဲ့ အစီအစဉ်တွေထဲမှာ အလကား ကြည့်လို့ရတဲ့ channel တွေက စိတ်ဝင်စားဖို့ မကောင်းလှပါဘူး။ အင်္ဂလိပ်လို အစီအစဉ် တစ်ခုမှ မရဘူး။ နောက်တော့ ကျမတို့ နေတဲ့ တိုက် မှာ J-com company က 0 yen campaign ဆိုပြီး cable line လာတပ်ပေးတယ်။ အခန်းတိုင်း အလကား လာတပ်ပေးတာဆိုတော့ အပျင်းပြေ ကြည့်စရာ channel တွေ ပိုများလာတာပေါ့။ အဲဒီတော့မှ CNN Japan, Fox, Disney Cartoon, Discovery Japan စတဲ့ လိုင်းတွေနဲ့ movie နည်းနည်း ပါးပါး ကြည့်လို့ရလာတာ။

သမီးလေး မွေးပြီးတဲ့ နောက်ပိုင်းတော့ အိမ်မှာပဲ နေဖြစ်တာများတာနဲ့ တီဗွီ ကြည့်ဖြစ်သွားတယ်။ ဘယ်အချိန်မှာ ဘယ်လို အစီအစဉ်တွေ လာတတ်လဲဆိုတာပါ တဖြည်းဖြည်း သိလာတော့ ကိုယ်ကြိုက်နှစ်သက်မိတဲ့ အစီအစဉ်လေးတွေဆို တကူးတကကို စောင့်ကြည့်ဖြစ်တာမျိုး ဖြစ်လာတာပေါ့။ အများဆုံး ကြည့်ဖြစ်တာက ခရီးသွားတဲ့ အကြောင်း (ဂျပန်ပြည်တွင်းရော တခြားနိုင်ငံတွေ အကြောင်းပြတာမို့ မရောက်ဖူးသေးတဲ့ ကျမအတွက်တော့ စိတ်ဝင်တစားကို ကြည့်ဖြစ်တယ်။)၊ သမီးလေး ကြိုက်တဲ့ NHK က ပြတဲ့ ကလေးအစီအစဉ်၊ ဟင်းချက်တဲ့ အစီအစဉ် နဲ့ ဂျပန်က celebrities တွေရဲ့ အတင်းပဒေသာ တွေကို အများဆုံး ကြည့်ဖြစ်တာပေါ့။

အဓိက ပြောချင်တာက ဒီက သတင်းတွေအကြောင်းပါ။ ဒီမှာက Hot ဖြစ်တဲ့သတင်းတစ်ခုကို တီဗွီလိုင်းတိုင်း လိုလိုက ပြတာမို့ မသိချင်လည်း သိနေရတာပါပဲ။ ဘယ်လိုင်းပဲ ပြောင်းကြည့်ကြည့် သတင်းဆိုတာနဲ့ လက်တလော Hot ဖြစ်တဲ့ သတင်းနဲ့ စတာ။ ဒါကြောင့် နေ့လည်ဘက် မကြည့်မိလို့ မသိလိုက်ရင်လည်း ညဘက်သတင်းမှာ ပြန်ပြတတ်ပါတယ်။ အဲဒီလိုမှ မသိသေးရင်လည်း ပိတ်ရက်မှာ တပတ်အတွင်း သတင်း လိုမျိုး အားလုံးစုပြီး ပြန်ပြတတ်တယ်။ ကျမအတွက်တော့ သတင်းကြည့်တယ်သာ ပြောတာပါ၊ ကိုယ်က ဂျပန်စကား လည်လည်ဝယ်ဝယ် နားလည်တာ မဟုတ်တော့ သူတို့ပြောတာကို မှန်းသမ်းပြီး ကိုယ်နားလည် သလို ယူဆ လိုက်ရတာပါပဲ။

တစ်ခါတလေတော့လည်း သတင်းတွေ ကြည့်ရင်း "တချို့ အကြောင်းတွေက သိခြင်းထက် မသိခြင်းက ပိုကောင်းပါလား" ဆိုပြီး ခပ်ကြောင်ကြောင်အတွေးတွေ ၀င်လာမိပြန်တယ်။ အခု လက်ရှိ Hot ဖြစ်နေတဲ့ သတင်းက ၃ နှစ်သမီးလေးကို အသက် ၂၀ တက္ကသိုလ်ကျောင်းသားက သတ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ ပြီးခဲ့တဲ့ သောကြာနေ့ နေ့လည်လောက်က တခြား တီဗွီအစီအစဉ် ကြည့်နေရင်း Breaking News လိုမျိုး အပေါ်မှာ စာတန်းတော့ ထိုးလိုက်ပေမယ့် ကျမ သေချာ နားမလည်လိုက်ဘူး။ ညဘက် NHK အင်္ဂလိပ် သတင်း နားထောင်တော့မှ အကြောင်းစုံ သိရတော့တယ်။

အသတ်ခံရတဲ့ ကောင်မလေးက မိဘတွေနဲ့ အတူ super market မှာ ဈေးဝယ်နေရင်း အိမ်သာတက်ချင်လို့ တစ်ယောက်တည်း အိမ်သာထဲကို ၀င်သွားတယ်။ မိဘတွေက ပြန်မလာတာ ကြာတော့ အိမ်သာထဲဝင် ရှာတာ မတွေ့တော့ ကလေးပျောက်တယ်လို့ပဲ ထင်နေတာ။ နောက်တော့ security camera ကနေ ပြန် ကြည့်တော့ ကလေးက ၀င်သွားတာပဲ တွေ့လိုက်ပြီး ပြန်ထွက်လာတာ မတွေ့ရဘူး။ အဲဒီ ကောင်မလေး အိမ်သာ ၀င်သွားပြီး သိပ်မကြာခင်မှာပဲ လူတစ်ယောက် လိုက်ဝင်သွားတာ တွေ့ရတယ်။ တအောင့်ကြာတော့ အဲဒီလူ ကျောပိုးအိတ်လွယ်ပြီး အိမ်သာကနေ ထွက်သွားတယ်ဆိုတာပါ တွေ့လိုက်ရတယ်။ အဲဒီတော့ ရဲက အဲဒီလူကို ဖမ်းပြီး စစ်ဆေးကြည့်တော့မှ သူက ကလေးကို သတ်၊ အလောင်းကို ကျောပိုးအိတ်ထဲ ထည့်သယ်သွားပြီး အနီးအနားက မြစ်ထဲကို သွားလွှတ်ပစ်လိုက်ပြီး လက်စ ဖျောက်လိုက်တယ်လို့ ၀န်ခံတယ်။ နောက်ပြီး သတ်တဲ့ ကျောင်းသားကို တွေ့လိုက်တဲ့လူတစ်ယောက်က " သူ့ကိုကြည့်ရတာ အရမ်းကို ကျေနပ်ပီတိဖြစ်နေပုံရတယ်။ သူ့မျက်နှာ အဲဒီလောက် ပြုံးပျော်နေတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး" ဆိုပြီး ပြန်ပြောပြတယ်။ ကလေး အလောင်းကိုလည်း လွှင့်ပစ်ခဲ့တဲ့မြစ်ထဲမှာ ပြန်ရှာတွေ့တယ်။

အဲဒီ သတင်းကြည့်ပြီးတော့ ကျမ စိတ်ထဲ မတင်မကျနဲ့။ အခုလို သတင်းမျိုးတွေ ကြည့်ပြီးသွားရင် ဘယ်သူ့ကို ဒေါသထွက်ရမလဲ၊ အပြစ်တင်ရမလဲဆိုတာ စဉ်းစားမရဘူး။ ဒီကလေးနဲ့ ကျောင်းသားနဲ့ ဘာရန်ငြိုး ရန်စမှလည်း မရှိပဲ သတ်သွားတယ်ဆိုတာ တော်ရုံလူ မလုပ်တဲ့အဖြစ်ပဲ။ ဒီအတိုင်းသာဆိုရင် နေ့စဉ်သွားလာနေရတဲ့ လူနေမှုဘ၀မှာ ကိုယ် နဲ့ကိုယ့်မိသားစု အတွက် အန္တရာယ် ဆိုတာ လက်တကမ်းမှာ ရှိနေတာပေါ့။ တစ်ယောက်တစ်မျိုး သွားလာ နေရတဲ့ ပတ်ဝန်းကျင်မှာ ကံအကြောင်းမလှလို့ အဲဒီလို အရူးမျိုးနဲ့ သာတွေ့မိရင် ဘ၀က မတွေးရဲစရာပဲ။ ဟိုတွေး ဒီတွေး တွေးစရာတွေ အများကြီးနဲ့ နောက်တော့ စိတ်ရှုတ်ထွေးလာရော။ တချို့ကတော့ သတ်တဲ့သူရဲ့ အပြစ်ထက် ကိုယ့်ကလေးကို ပစ်ထားတဲ့ မိဘတွေ အပြစ်လို့ ပြောကြ ဝေဖန်ကြတယ်။ ဘယ်သူ အပြစ်ရှိလဲဆိုတာ ခဏထားပါဦး။

အကြောင်းစပ်မိလို့ ပြောရရင် ကျမတို့ အိမ်နားမှာ super market တစ်ခုရှိတယ်။ အဲဒီမှာ တချို့ကလေးတွေ ရေဘူးကြီး (၃.၅ လီတာ) ကို ဆွဲပြီး မနိုင်မနင်းနဲ့ ရေလာထည့်တာ၊ အိမ်နားဝန်းကျင်မှာကလေးတွေ စက်ဘီး ကိုယ်စီနဲ့ ဖုန်းကို လည်ပင်းဆွဲပြီး လျှောက်သွားနေတာ၊ ကျောင်းက အပြန် တစ်ယောက်တည်း ငိုက်စိုက် ငိုက်စိုက် ပြန်လာတတ်တာတွေ ကျမ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတယ်။ အလွန်ဆုံးရှိရင် အဲဒီကလေးတွေက မူလတန်းကျောင်းသား အရွယ်လေးတွေပါ။ အဲဒီထက်တောင် ငယ်နိုင်ပါသေးတယ်။ မိဘတွေ အလုပ်သွားတဲ့အချိန်မှာ ကလေးကို အိမ်သော့တစ်ချောင်းပေးထားပြီး ကလေးက အိမ်ကို ကိုယ့်ဘာသာကိုယ် ၀င်ထွက်နေရတာ။ ကလေးတွေ ကို မိဘတွေက ကိုယ့်ကိုကိုယ် confidence ရှိလာအောင် တစ်ယောက်တည်း ဈေးဝယ်ထွက်ခိုင်းတာမျိုး၊ တစ်ခုခု လုပ်ခိုင်းတာမျိုး၊ ဘယ်အရာမဆို မရ ရအောင် လုပ်ရမယ် သွားကို သွားရဲ ရမယ် ဆိုပြီး ကလေးကို စိတ်ဓာတ် မြင့်တင်ပြီး လေ့ကျင့်ပေးထားတာ။ ဒါတွေကို မကောင်းဘူးလို့ ပြောရမလား၊ ကောင်းတယ်လို့ ပြောရမလား ဆိုတာ အခုလို သတင်းမျိုးတွေ ကြားရတော့ ကျမစိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်မိတာ အမှန်ပဲ။ ကိုယ့်ကလေးကိုရော ဘယ်လို ပုံစံနဲ့ ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်ရမလဲ ဆိုတာ မတွေးတတ်တော့ဘူး။ အခုအဖြစ်ကလည်း အတူတူပဲပေါ့။ ကလေးက အိမ်သာ သွားတာကို မိဘတွေက တစ်ယောက်လည်း လွှတ်လိုက်တာ သူတို့အနေနဲ့တော့ ဒီနားလေးကို လိုက်ပေးစရာ မလိုဘူးလို့ ထင်မှာပဲ။ အဲဒီတော့ အဲဒါ မိဘတွေ အပြစ်လို့ ပြောမလား။

အခုလို ဘုမသိ ဘာမသိနဲ့ စိတ်ကူးပေါက်သလို လျှောက်သတ်တဲ့ အမှုတွေ ဒီရောက်ကတည်းက ကြိုကြား ကြိုကြား ကြားနေရတယ်။ စိတ်ဖိစိမှုများလို့ စိတ်ထွက်ပေါက်အနေနဲ့ သတ်ချင်တယ်ဆိုလည်း ကိုယ့်ဘာသာကိုယ် သတ်သေပေါ့။ အခုတော့ ဘာမှ အပြစ်မရှိတဲ့သူတွေက အလကားနေရင်း အသတ်ခံနေရတယ်။ ဆက်နွယ်နေတဲ့ မိသားစုဝင်တွေရဲ့ စိတ်ထဲမှာရော ဘယ်လောက် ခံစားရမလဲ၊ ကြေကွဲနေကြမလဲ၊ ဘာနဲ့မှ လဲယူလို့မရတဲ့ ဆုံးရှုံးမှုတစ်ခုပဲလေ။ လူတစ်ယောက်လုံး သေသွားမှတော့ ဘာနဲ့များ အလျော်အစား လုပ်လို့ရဦးမှာလဲ။ အခု ကလေးလေး ဆိုလည်း ကြည့်ပါဦး။ လူ့လောကထဲ ရောက်လာတာမှ ၃ နှစ်ပဲ ရှိသေးတယ်။ ဒီအရွယ်လေးက တကယ်ကို ချစ်ဖို့ကောင်းတဲ့ အရွယ်မို့ သူ့ မိဘ ညီအကို မောင်နှမတွေ ငိုကြွေးကြေကွဲနေမှာကို ကိုယ်ချင်းစာလို့ရတယ်။ အဲဒီ ကလေးနေရာမှာ "ကိုယ့်သားသမီးဆိုရင်" ဆိုတဲ့ အတွေးမျိုး တွေးတောင် မတွေးရဲဘူး။ သေတဲ့သူကလည်း သေသွားပြီ၊ တရားခံကလည်း ထိုက်သင့်တဲ့ အပြစ်ဒဏ်ကြခံ၊ ဒါနဲ့ပဲ ပြီးသွားတော့မှာလား။ နောင် ဒီလို အမှုမျိုးတွေ ထပ်မဖြစ်ဘူးလို့ရော ဘယ်သူက အာမခံနိုင်မှာတဲ့လဲ။

အကောင်းဆုံးက "ဒီနေ့ကစပြီး သွားလေရာ လာလေရာမှာ ကျမတို့ မိသားစု အဲဒီလို လူမျိုးတွေနဲ့ ဆန့်ကျင်ဘက်နေရာမှာ အမြဲရောက်နေရပါလို၏" လို့ ဘုရားမှာ ဆုတောင်းနေယုံမှ တပါး တခြား ဘာများ တတ်နိုင်ပါဦးမလဲ…

မှတ်ချက်။ အခု လူသတ်မှု သတင်းက ကျမ နားလည်သလို ရေးထားတာမို့ အသေးစိတ် အချက်အလက်တွေမှာ အနည်းငယ် လွဲမှားနိုင်ပါတယ်။

မတ်လ ၁၀၊ ၂၀၁၁

January 18, 2011

သမီးလေး ၁ နှစ်ပြည့် မွေးနေ့အလှူ



ဒီလ ၁၇ ရက်နေ့က သမီးလေး ၁ နှစ်ပြည့်ပါတယ်။ ၁ နှစ်ပြည့် အတွက် မွေးနေ့အလှူကို စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှာပဲ အလှူလုပ်ပေးဖြစ်ခဲ့တယ်။ သမီးလေး ၁ လ ပြည့်တုန်းကလည်း အဲဒီမှာပဲ ဘုန်းကြီးတွေကို နေ့ဆွမ်း ကပ်လှူခဲ့ဖူးပါတယ်။ အခုတစ်ခါကတော့ ဘုန်းကြီးတွေရော သီလရှင်တွေပါ လှူဖြစ်ခဲ့တာမို့ အတိုင်းမသိ ကြည်နူး ၀မ်းသာရတယ်။ အလှူနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကိုတော့ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှာရော မမ၀ါရဲ့ blog မှာပါ တင်ထားပါတယ်။

မွေးနေ့ ဆုတောင်းစကား တချို့ကို blog မှာ အမှတ်တရအဖြစ် ကူးယူထားလိုက်ပါတယ်။

ဆွမ်းလောင်းအသင်းရဲ့ မွေးနေ့ ဆုတောင်းပါ..
သမီးလေး အိမြတ်မွန် မွေးနေ့မှ စ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် မိဘ ကျေးဇူးသိတတ်သော သမီးရတနာလေး ဖြစ်ပါစေလို့ သံဃာများနှင့် သီလရှင်များ ကိုယ်စား ဆွမ်းလောင်းအသင်းမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

အန်တီဝါရဲ့ မွေးနေ့ ဆုတောင်း..
စံ+နုနု(မနုစံ-ဂျပန်)တို့၏ တစ်ဦးတည်းသော ချစ်သမီးလေး အိမြတ်မွန်၏ (၁)နှစ်ပြည့်မွေးနေ့မှသည် ချစ်သောဖေဖေ မေမေတို့နဲ့အတူ ကျန်းမာ ပျော်ရွှင်စွာဖြင့် မွေးနေ့ပေါင်း နှစ်၁၀၀တိုင်အောင် ကျင်းပနိုင်ပြီး ထူးချွန်ထက်မြက် လိမ္မာသော သမီးရတနာလေးတစ်ဦး ဖြစ်ပါစေလို့ အန်တီဝါ မှ ဆုတောင်းပေးလိုက်ပါတယ်။

အန်တီသက်ဝေရဲ့ မွေးနေ့ ဆုတောင်း..
သမီးလေးမွေးနေ့အတွက် လာဆုတောင်းပါတယ်...
ကျန်းမာ ချမ်းသာပြီး အသိဥာဏ်ပညာများ ထူးချွန်ထက်မြက်တဲ့ သမီးလေးတယောက်ဖြစ်ပါစေလို့...

ဦးဦး Andy ရဲ့ မွေးနေ့ ဆုတောင်း..
Happy Birthday, Ei Myat Mon.
(Kids wouldn’t know whether or how their first ever Birthday was celebrated. But we do know for the rest of our live.)

အန်တီ သက်နန္ဒာရဲ့ မွေးနေ့ဆုတောင်း သီချင်းလေးပါ..

♫ ♪ ♫ ♪....Happy Birthday to you...! ♫ ♪ ♫ ♪........Happy Birthday to you...! ♫ ♪ ♫ ♪........Happy Birthday Dear. Ei Myat Mon ...! ♫ ♪ ♫ ♪........Happy Birthday to you...♫ ♪ ♫ ♪....!

အန်တီဝါ၀ါမွန် ရဲ့ မွေးနေ့ဆုတောင်းပါ..
Happy Birthday Ei Myat lay yay...D birthday hma sa lo mam mam tway a myar kyee sarr Naing par say shin :)
သမီးလေး ထမင်းမစားရင် စိတ်ညစ်ရလို့ ထမင်းများများစားဖို့ ဆုတောင်းပေးထားတာ. :)


အန်တီမိုးချိုသင်း ရဲ့ မွေးနေ့ ဆုတောင်းပါ..
သမီးလေး ကံကောင်းတယ်။ ဒီအဖေ ဒီအမေက တုန်နေအောင် ချစ်ကြတာ သမီးလေးကြီးလာတဲ့ တနေ့ ကျေးဇူးတင်လိမ့်မယ်။ Happy Birthday ပါ သမီးရေ..

သမီးလေး မွေးနေ့အတွက် ဖုန်း၊ Email အပြင် FaceBook မှာပါ ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ 'ပေးတဲ့ဆုနဲ့ ပြည့်ပါစေ'လို့ ပါပါးနဲ့ မေမေက ထပ်ပြီး ဆုတောင်းပါတယ်။

ဇန်န၀ါရီ ၁၈၊ ၂၀၁၁။

November 29, 2010

သမီးဖတ်ဖို့(၂၀၀၉ ခုနှစ် စက်တင်ဘာ-အောက်တိုဘာ)

မေမေလည်း ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ယောင်္ကျားလေး၊ မိန်းကလေး မသိခဲ့ရတော့ နောက်တစ်ခေါက် ဆိုရင်တော့ သိရလောက်တယ် ဆိုပြီး တစ်ပတ်နဲ့ တစ်ပတ် ဆေးရုံပြရမယ့် ရက်ကိုပဲ မျှော်နေမိတယ်။ မေမေတို့ မန်နေဂျာပြောတာတော့ ဒီက ဆရာဝန်တွေက ကိုယ်ဝန် ၅ လ မကျော်မချင်း ယောင်္ကျားလေး မိန်းကလေး ဆိုတာ မပြောကြဘူးနဲ့ တူတယ်တဲ့။ ကလေး ဖျက်ချပစ်မှာစိုးလို့ လို့ပြောတာပဲ။ တရုတ်ပြည်မှာတော့ ယောင်္ကျားလေး မဟုတ်ဘူးဆိုရင် ဖျက်ချပစ်တာတော့ ကြားဖူးတယ်။ ဒီမှာတော့ အဲဒီလို ဖျက်ချလို့ ရလား မရလား မေမေလည်း သေချာ မသိဘူး။

နောက်ပြီး ရှိသေးတယ်၊ ကိုယ်ဝန်ရှိခါစမှာ မအန်မပြုရင် ယောင်္ကျားလေးဖြစ်မယ်တို့၊ ultra sound ကြည့်လို့ မိန်းကလေးဆို နောက်ကျမှ သိရတယ်တို့၊ ကိုယ်ဝန်ဆောင်သည်ကို နောက်ကကြည့်ရင် ဗိုက်က ဘေးကို ကားမနေပဲ ရှေ့ကို ထွက်နေရင် ယောင်္ကျားလေးဖြစ်မယ်တို့၊ မိခင်လောင်းရဲ့ ဗိုက်မှာပေါ်တဲ့ အကြောင်းက ကွေးကောက်နေရင် မိန်းကလေးဖြစ်ရမယ်တို့ ပြောလိုက်ကြ၊ ခန့်မှန်းလိုက်ကြတာများ စုံနေတာပါပဲ။ နောက်ပြီး အမျိုးတွေကလည်း ပါပါးရဲ့ မွေးနေ့ရက်နဲ့ မေမေ့မွေးနေ့ရက်ကို တွက်ချက်ပြီး စုံ ဂဏန်းဆို မိန်းကလေး ဆိုလား၊ ယောင်္ကျားလေးဆိုလား မှတ်တောင် မမှတ်မိတော့ဘူး သူတို့ ပြောကြတာ။ နှစ်ဘက် အဘိုးအဘွားတွေက ယောင်္ကျားလေး လိုချင်တော့ မေမေတို့ကို တွက်ချက်ကြည့်ပေးပြီး စိတ်ကူးထဲကနေ ယောင်္ကျားလေး ဖြစ်မှာပဲ လို့ ကြိမ်းသေပေါက် တွက်ထားကြတယ်လေ။ အရာအားလုံးက ကံပါပဲ သမီးရယ်။ ဗိုက်ထဲက ကလေးက ယောင်္ကျားလေးလား၊ မိန်းကလေးလား ဆိုတာ သူ့ဟာသူ သတ်မှတ်ထားပြီးသားပါ။ ဘယ်သူကမှ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ မေမေတို့အတွက်ကတော့ ဗိုက်ထဲက ကလေးလေးက နေကောင်းတယ်၊ ကျန်းမာတယ်၊ ကြီးထွားတာလည်း ပုံမှန်ပဲ ဆိုတာနဲ့တင် စိတ်အေးရပါပြီ။

ပြောမယ့်သာ ပြောရတာ။ မေမေလည်း ဗိုက်ထဲက ကလေးလေးက ယောင်္ကျားလေးလား၊ မိန်းကလေးလားဆိုတာ သိပ်သိချင်တာပဲ။ ဘာလို့လည်းဆိုတော့ စိတ်ထဲကနေ ကလေးနဲ့ စကားပြောတိုင်း “ကလေးရေ” လို့ပဲ ခေါ်နေရတော့ ယောင်္ကျားလေးဆိုလည်း “သား” လို့ ခေါ်ပြီး စကားပြောချင်တယ်၊ မိန်းကလေးဆိုလည်း “သမီး” လို့ ခေါ်ပြီး စကားပြောချင်နေမိတယ်။ ကလေးကလည်း မေမေနဲ့ စိတ်ချင်းဆက်နေတာဆိုတော့ တစ်ခါတလေ ငြိမ်နေရင် “ကလေးရေ.. ငြိမ်နေပါလား” လို့ စိတ်ထဲက ပြောလိုက်တာနဲ့ အထဲက သမီးလေးက “မငြိမ်ပါဘူး မေမေ” လို့ ပြောနေသလိုပဲ တွန်းထိုးပြီးကို လှုပ်ပြနေတော့တာ။ တစ်ခါတလေလည်း မေမေက ဗိုက်ပေါ် လက်တင်ထားမိရင် သမီးလေးက လက်အောက်နားလေးမှာ ခုံးခုံးလေး ကြွတက်လာပြန်ရော။ အဲဒီလို ကြွတက်လာရင် ဒါလေးက ခေါင်းလေးများဖြစ်မလား၊ ဒါလေးက တင်ပါးလေးများဖြစ်မလား ဆိုပြီး စမ်းကြည့်ရင်းက စိတ်ထဲလည်း ပီတိဖြစ်ရတယ်။ နောက်တစ်ခေါက် ဆေးရုံသွားရင်တော့ မိန်းကလေး ယောင်္ကျားလေး သိရလောက်ပြီလို့ တွေးမိပြီး မေမေလည်း ဆရာဝန်နဲ့ တွေ့ဖို့ကို စိတ်စောနေမိတယ်။

ကိုယ်ဝန် ၅ လကျော် ၆ လထဲ ၀င်လာပြီဆိုတော့ ဗိုက်လည်း သိသိသာသာကို ထွက်လာပြီလေ။ ရုံးကလူတွေက ဗိုက်ကို ကြည့်ပြီး “လေးလားတဲ့” မေမေ့ကို လာမေးကြသေးတယ်။ မေမေ့စိတ်ထဲတော့ လေးတယ်လို့လည်း မထင်မိပါဘူး။ ကလေးတိုးရင်ပဲဖြစ်ဖြစ် လှုပ်ရင်ပဲဖြစ်ဖြစ် တစ်ချက် တစ်ချက် တင်းပြီး ဗိုက်နာသလိုဖြစ်တာက လွဲရင် ကျန်တာတော့ ဘာမှ မဖြစ်လိုလှဘူး။ စက်တင်ဘာ ၁၂ ရက်နေ့ကတော့ မေမေ့ သွားတွေကို စစ်ဆေးဖို့ သွားဆေးခန်း သွားလိုက်သေးတယ်။ ကိုယ်ဝန်ဆောင်သည်တွေက ဟိုမုန်းအပြောင်းအလဲကြောင့် သွားဖုံး ရောင်ပြီး သွေးထွက်တာမျိုးတွေ ဖြစ်တတ်တယ်လို့ စာထဲလည်း ဖတ်လိုက်မိတယ်။ ပြီးတော့ ကိုယ်ဝန်လရင့်လာရင် သွားနှုတ်တာတို့၊ သွားပိုးစားလို့ သွားဖာတာမျိုးတွေ လုပ်လို့မရဘူး ဆိုပြီး ဒီပို့စ်လေး မှာ ရေးထားတာ ဖတ်မိလို့ မေမေလည်း စောစောစီးစီး သွားကို စစ်ဆေးပြီး သန့်ရှင်းရေး သွားလုပ်ထားလိုက်တယ်။ တော်ပါသေးတယ်။ မေမေ့ သွားတွေက အားလုံးကောင်းတယ်၊ သွားဖုံးရောင်တာ သွေးထွက်တာမျိုးတွေ မရှိဘူး။ သွားနဲ့ ပတ်သက်ပြီး အဲဒါလေး တခုတော့ ကံကောင်းတယ်ပြောရမယ်။

ဒီလိုနဲ့ စက်တင်ဘာ ၁၄ ရက် ဆေးရုံပြရမယ့်နေ့ ရောက်တော့ ဆရာဝန်က ထုံးစံအတိုင်း ဗိုက်ပေါ် ဂျယ်လီလို ခပ်ပြစ်ပြစ်အရည်တွေ လောင်းချလိုက်ပြီး ကလေးကို စပြီး စစ်တော့တာပဲ။ အရင်ဆုံး ခေါင်းအရွယ်တိုင်းယူတယ်။ ပြီးတော့ ကလေး အရပ်လေး တိုင်းပြီး အလေးချိန်တွက်ယူတယ် ထင်ရတာပဲ။ စက်နဲ့ လုပ်နေတာဆိုတော့ မေမေနဲ့ ပါပါးလည်း ဘေးကနေပဲ ကြည့်နေရတာပေါ့။ အဲဒီနေ့က ကိုယ်ဝန် ၂၃ ပတ်နဲ့ ၁ ရက်ရှိနေတဲ့ သမီးလေးရဲ့ ကိုယ်အလေးချိန်က ၆၅၆ ဂရမ်ရှိလာပြီး နှလုံးခုန်တာလေးတွေ၊ အစာအိမ်၊ ဆီးအိမ်၊ မျက်လုံး၊ လက်၊ ခြေထောက်လေးတွေ၊ ကြောရိုး နဲ့ လည်ပင်းတွေပါ မြင်နေရပြီ။ အဲဒါတွေ ကြည့်ပြီးတော့ ဆရာဝန်က “အားလုံး ကောင်းတယ်” လို့ ပြောပြီး ပြန်တော့မယ် လုပ်ရော။ အဲဒီတော့ မေမေက “ယောင်္ကျားလေး မိန်းကလေး သိရပြီလား” လို့ ဆရာဝန်ကို မေးလိုက်တယ်လေ။ မေမေ မေးလိုက်တော့မှ ဆရာက စက်မှာ ခဏပြန်ထိုင်လိုက်ရင်း “ကြည့်လို့ရပြီလား မသိဘူး”လို့ ပြောပြီး ပြန်စစ်ကြည့်တယ်။ သူကြည့်တာလည်း ခဏပါပဲ ၁ မိနစ် ၂ မိနစ်လောက်လောက်တောင် ရှိပါ့မလား မသိဘူး။ စစ်ကြည့်ပြီးတာနဲ့ “Not decided yet” လို့ပြောပြီး ပြီးသွားရော။

ဆရာဝန်ကတော့ “ကလေးကြီးထွားနှုန်းက ပုံမှန်ပဲ ဆိုတာရယ်၊ စိုးရိမ်စရာ မရှိဘူးဆိုတာရယ်” ပြောပြီး နောက် ၃ပတ် (အောက်တိုဘာ ၅ ရက်) နေ ပြန်လာခဲ့ဖို့ ထပ်ချိန်းလိုက်တာပါပဲ။ သူနာပြုဆရာမလေးကတော့ “နောက်တစ်ခေါက်ဆိုရင် သိရမှာပါ” ဆိုပြီး မေမေ့ကို နှစ်သိမ့်လိုက်တယ်။ ကလေးကတော့ အားလုံး အခြေအနေကောင်းပေမယ့် မေမေကတော့ အိပ်ကောင်းစားကောင်းမို့ ကိုယ်အလေးချိန် တက်လာတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ၂ ကီလိုနီးပါး တက်လာပြီး ဒီတစ်ခေါက်ကျတော့ ၃ ကီလို တက်လာလို့ ဆရာဝန်က မေမေ့ကို “ကိုယ်အလေးချိန်တက်တာ များတယ်၊ ပုံမှန် ၁ လကို ၁ ကီလိုပဲ တက်ရမှာ အခု ၃ ကီလိုဖြစ်နေပြီ” လို့ ပြောပြီး စာရွက်မှာ မင်နီတားပေးလိုက်တယ်။ ကျန်တာတွေကတော့ အားလုံး ပုံမှန်ပါပဲ။

ဆေးရုံက အပြန် ရုံးရောက်တာနဲ့ မေမေတို့ မန်နေဂျာက “ဘာလေးလဲ” လို့ တန်းမေးပါလေရော။ “မသိရသေးဘူး” ဆိုတော့ သူက တခြား ဆရာဝန်နဲ့ ပြောင်းပြခိုင်းတယ်။ ပုံမှန် သူများတွေ ၅ လကျော်မှာ သိနေရပြီလေ။ ရုံးက မေမေတို့ အသိ တစ်ယောက်ဆို ၁၈ ပတ်ထဲက သိရတယ်ပြောတယ်။ အဲဒါဆိုတော့ မေမေတို့ မန်နေဂျာနဲ့ ပါပါးက “မိန်းကလေးဖြစ်လို့ နေမှာပေါ့၊ ယောင်္ကျားလေးဆို အခုလောက်ရှိ မြင်သာထင်သာ ရှိလောက်ရောပေါ့၊ ဒါမှမဟုတ် ကလေးက မပြဘူး ဆိုတော့ ရှက်လို့များ ပေါင်စေ့ထားသလားပဲ” လို့ ပြောပြီး နောက်ရင်း ရီမောနေကြတယ်။

မေမေလည်း မန်နေဂျာ ပြောသလို အပြင်မှာ သွားစစ်ကြည့်ရင် ကောင်းမလား လို့တောင် စိတ်ကူးမိပြီး ပါပါးနဲ့ တိုင်ပင်ကြည့်လိုက်သေးတယ်။ ပါပါးကတော့ “ ယောင်္ကျားလေး မိန်းကလေး သိရဖို့ဆိုတာ ဆရာဝန်တွေ အတွက်က ဘာမှ အရေးမကြီးဘူး၊ ကလေး ကျန်းမာဖို့၊ ကြီးထွားနှုန်း ပုံမှန်ဖြစ်ဖို့သာ သူတို့အတွက် အရေးအကြီးဆုံး ဆိုတော့ ကလေးနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ အားလုံးကို သေချာစစ်ဆေးပေးတာပဲ၊ အခု ကလေးက အားလုံး OK နေတော့ ကျန်တာတွေကို သိပ်ပြီး အလေးထားပုံ မပေါ်ဘူး။ ဒါကြောင့် အခု မသိရသေးလည်း နောက်တော့ သိရမှာပေါ့၊ အရင်တုန်းက လူတွေဆို မွေးပြီးတော့မှတောင် သိရသေးတာ။ ဟိုဟိုဒီဒီတွေ လျှောက်မတွေးနဲ့” ဆိုပြီး မေမေ့ကို အားပေးရှာတယ်။ ပါပါး ပြောတာလည်း ဟုတ်ပါတယ်လေ။ ဆရာဝန်က ယောင်္ကျားလေး မိန်းကလေး မပြောသေးတာကလွဲပြီး ကလေးကိုရော မေမေ့ကိုပါ သေချာ စစ်ဆေးပေးပါတယ်။ အဲဒီနေ့ ဆေးရုံက ပြန်လာပြီးတဲ့ နောက်ပိုင်း မေမေလည်း ဗိုက်ထဲက ကလေးနဲ့ နေ့တိုင်းလိုလို စကားပြောနေမိတယ်။ နောက်တစ်ခေါက် ဆေးရုံရက်ချိန်းမှာ ultra sound ကြည့်ရင် မေမေတို့ကို ယောင်္ကျားလေး မိန်းကလေးဆိုတာ သိသာအောင် ပြပါ ဆိုပြီးတော့ပေါ့။

နိုဝင်ဘာ ၃၀၊ ၂၀၁၀။

November 28, 2010

သမီးဖတ်ဖို့(၂၀၀၉ ခုနှစ် သြဂုတ်-စက်တင်ဘာလ)

ကိုယ်ဝန် ၄ လကျော်လာတဲ့နောက်ပိုင်းမှာ အဖြေရဆုံးနဲ့ အမေးခံရဆုံး မေးခွန်းတွေကတော့ “ကလေးကို ဘယ်မှာ မွေးမှာလဲ” ဆိုတာရယ်၊ “ဘာလေး လိုချင်လဲ” ဆိုတာရယ်၊ “ယောင်္ကျားလေး၊ မိန်းကလေး သိရပြီလား” ဆိုတာရယ်ပဲ။

အစတုန်းက ရုံးကနေ ဘယ်တော့ ခွင့်စပြီး ယူရမှန်းလည်း မသိ၊ သူတို့ သတ်မှတ်ထားတဲ့ rule တွေကိုလည်း သေချာ မသိသေးတော့ ကလေးကို ဘယ်မှာ မွေးရမယ်မှန်း မဆုံးဖြတ်ရသေးဘူး။ နောက်တော့ ရုံးက HR ၀န်ထမ်းက Maternity Leave နဲ့ပတ်သက်ပြီး အကျိုးခံစားခွင့်နဲ့ ခွင့်ရက်အမျိုးအစားတွေကို ရှင်းပြပေးတယ်။ မေမေတို့ရုံးမှာတော့ Child Birth Leave နဲ့ Child Care Leave ဆိုပြီး ၂ မျိုးရှိတယ်။ Child Birth Leave က မြန်မာလို ဆိုရင်တော့ မီးဖွားခွင့်လို့ ခေါ်မှာပေါ့။ Due date မတိုင်ခင် ၆ ပတ်ကနေ ကလေးမွေးပြီး ၆ ပတ်ကာလ စုစုပေါင်း ၁၂ ပတ်ကို Child Birth Leave အဖြစ်သတ်မှတ်ထားတယ်။ ကလေးမွေးပြီး ၆ ပတ် နောက်ပိုင်းကိုတော့ Child Care Leave လို့ခေါ်တယ်။ Child Care Leave က ကလေးကို စောင့်ရှောက်ဖို့အတွက်ဆိုတော့ အများဆုံး ၁ နှစ်အထိယူလို့ရတယ်။ တကယ်လို့များ ခွင့် ၁ နှစ်ပြည့် သွားပေမယ့် ကလေးကို ကြည့်ပေးမယ့် သူ မရှိတာမျိုး၊ day care ပို့လို့ မရတာမျိုးဆိုရင် နောက်ထပ် ၆ လ ခွင့် ထပ်တင်လို့ရတယ်။ အခုနောက်ပိုင်းတော့ အဖေတွေလည်း Child Care Leave ယူလို့ရတယ်ဆိုပြီး rule တွေ ထပ်ပြောင်းတယ်လို့ ပြောသံကြားမိတယ်။ အဲဒါအပြင် ကလေး နေမကောင်းဖြစ်တာတို့၊ ကာကွယ်ဆေးထိုးဖို့တို့ အတွက်ဆိုရင်လည်း ရုံးကနေ အဲဒီရက်တွေအတွက် ခွင့်ပေးတယ်တဲ့။

မေမေကတော့ သားဦးမို့လို့ ဖြစ်နိုင်ရင် ရန်ကုန်ပြန်ပြီး မွေးချင်တာပါပဲ။ ဒါပေမယ့် ခွင့်အမျိုးအစားတွေ သိရပြီးတဲ့နောက် ရက်တွက်ကြည့်လိုက်တော့ Due Date ကနေ ၆ ပတ်မတိုင်ခင် ဆို ဒီဇင်ဘာ ၇ ရက်နေ့မှ စပြီး Child Birth Leave ယူရမယ်လေ။ အဲဒီအချိန်လောက်ဆို ကိုယ်ဝန်က ၃၄ ပတ်လောက်ဖြစ်နေပြီမို့ ပါပါးက မေမေ့ကို လေယာဉ်စီးပြီး ခရီးမသွားစေချင်တော့ဘူး။ ခရီးက ဝေးတော့ ပါပါး လိုက်မပို့ပဲနဲ့ မေမေတစ်ယောက်တည်း ပြန်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။ အဲဒါဆိုတော့ ပါပါးက မေမေ့ကို လိုက်ပို့ဦး၊ လိုက်ကြိုဦး၊ တော်ကြာ မွေးပြီးသွားရင်လည်း မေမေတို့ကို ထားခဲ့ပြီး အိုဆာကာကို ပြန်လာရဦးမှာပဲ။ ပို့ဦးဟယ်၊ ကြိုဦးဟယ်နဲ့ ခရီးစရိတ်ကလည်း မသက်သာလှပြန်ဘူး။ မတတ်သာတဲ့အဆုံး မေမေတို့လည်း လူကြီးတွေနဲ့ပါ တိုင်ပင်ပြီး သမီးလေးကို ဂျပန်မှာပဲ မွေးဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။ ဒါတောင် တချို့က ဂျပန်နိုင်ငံသားဖြစ်အောင် ဂျပန်မှာ မွေးတာလား ဆိုပြီး မေးကြသေးတယ်။ ဒီမှာမွေးတဲ့ နိုင်ငံခြားသား ကလေးတွေကို ဂျပန်အစိုးရကလည်း သူတို့ နိုင်ငံသား မပေးပါဘူး။ ဒါကြောင့် သမီးက ဂျပန်မှာ မွေးမယ့် မြန်မာနိုင်ငံသား စစ်စစ်ပါ။

မေမေ ကိုယ်ဝန်ဆောင်ထားရပြီဆိုကတည်းက ရုံးမှာရော သူငယ်ချင်းတွေကပါ “ဘာလေးလိုချင်လဲ” လို့ မေးကြတယ်။ ဂျပန်တွေကတော့ ကလေးမွေးရင် “ အိချိ ဟိမဲ နိ တရော့ ( ichi hime ni taro 一姫二太郎)” ဆိုပြီး ဖြစ်စေချင်ကြတယ်။ အဓိပ္ပါယ်က အကြီးဆုံးကလေးကို မိန်းကလေး ဖြစ်စေချင်ကြပြီး ဒုတိယ ကလေးကိုတော့ ယောင်္ကျားလေး ဖြစ်စေချင်ကြတယ်။ မေမေနဲ့ ပါပါး ကတော့ ဘာလေးပဲ ဖြစ်ဖြစ် လိုချင်ပါတယ်။ ကိုယ့်ရင်သွေးပဲ မဟုတ်လား။ မိန်းကလေးဆိုလည်း မေမေနဲ့ တိုးတိုးဖော်ရတယ်၊ ယောင်္ကျားလေးဆိုလည်း ပါပါးနဲ့ ဂိမ်းဆော့ဖို့ အဖော်တိုးတယ်လို့ပဲ အောက်မေ့မိပါတယ်။ ဒါပေမယ့် မေမေတို့ရဲ့ နှစ်ဘက်မိဘတွေက တရုတ်လူမျိုးတွေဆိုတော့ အင်းစိန် အန်းကုန်း၊ အန်းမက သူတို့ မြေးဦးလေးကို ယောင်္ကျားလေး ဖြစ်စေချင်ကြတယ်။ သမီးရဲ့ တောင်ငူ အန်းကုန်းကလည်း ရှေ့က မြေး ၂ ယောက်က မိန်းကလေးဖြစ်ပြီးသားမို့ မေမေ့တို့ရဲ့ ရင်သွေးကိုတော့ ယောင်္ကျားလေး ဖြစ်မယ်လို့ မျှော်လင့်ထားရှာတယ်။ သမီးရဲ့ ပါပါးကတော့ ဘာလေးရယ်မှ လို့ မပြောပေမယ့် သမီးအကြီးတွေက များသောအားဖြင့် မိဘအပေါ်ကို သိတတ်တယ် ဆိုတော့ မိန်းကလေးဖြစ်လည်း မဆိုးပါဘူး၊ ယောင်္ကျားလေးဆိုလည်း လူကြီးတွေ ပျော်ရတာပေါ့ လို့ပဲ ပြောတယ်။ မေမေတို့များ ရန်ကုန်ကိုဖြစ်ဖြစ် တောင်ငူကိုဖြစ်ဖြစ် ဖုန်းဆက်ပြီဆို သမီးအဘိုးအဘွားတွေက "ဟလို" ပြီးတာနဲ့ နောက်မေးခွန်းက “ဘာလေးလဲ သိရပြီလား” ဆိုပြီး မေးတော့တာပဲ။ မေမေရဲ့ ဆရာဝန်ကလည်း ဘာမှမပြောသေးတော့ “မသိရသေးဘူး ၊ နောက်တစ်ခေါက်ဆို သိရမယ်နဲ့တူတယ်၊ အခုက နည်းနည်းစောနေသေးတယ်” လို့ပဲ ဖြေရတာပေါ့။

ကိုယ်ဝန် ၃ လကျော် ၄ လ ထဲဝင်လာတော့ သမီး အန်းမက သေချာ သတိထားနေရင် ကလေးလှုပ်တာကို သိရတယ်လို့ ပြောပေမယ့် မေမေ့စိတ်ထဲတော့ သိပ်မသိသာသလိုပဲ။ ဒါပေမယ့် အိပ်နေရင်းက တစ်ခါတလေ ဗိုက်ကို သွားစမ်းမိရင် ညာဘက်မှာ လုံးလုံးလေးတော့ စမ်းမိနေတတ်တယ်။ သိပ်မကြာဘူး ထပ်စမ်းရင် အဲဒီနေရာမှာမရှိတော့ပဲ ဗိုက်အလယ်လောက် ရောက်လာပြန်ရော။ တပတ်လောက်ကြာတော့ ဗိုက်ထဲက တချက် တချက် လှုပ်တာကို ခံစားမိလာတယ်။ ကိုယ်ဝန် ၅ လထဲလည်း ၀င်လာရော သမီးလေးက အသားကုန်ကို တွန်းကန်ပြီး လှုပ်ရှားတော့တာပဲ။ ဗိုက်ဆာနေတဲ့ အချိန်ဆို ပိုဆိုးတယ်။ လိမ့်လိမ့်ပြီး တက်တာ မူးတောင် မူးတယ်။ မေမေက ဗိုက်ဆာတော့ အထဲက သမီးလေးလည်း အနေခက်နေတယ်နဲ့တူပါရဲ့။ အဲဒီအချိန်ဆို မေမေလည်း မရှိ ရှိတာ ပြေးစားရတော့တာပဲ။ စားစရာ မရှိရင်လည်း နွားနို့ဖြစ်ဖြစ် သောက်လိုက်မှ အထဲက ငြိမ်သွားတော့တယ်။

နောက်ပြီး ၀မ်းလည်း တအား ချုပ်တယ်။ ၀မ်းအရမ်းချုပ်လာတော့ လေထိုးတာလေ အရမ်းခံရခက်တာပဲ။ အဲဒါကြောင့် မေမေလည်း ကလေးမွေးဖူးတဲ့ သူငယ်ချင်းတွေကို မေးကြည့်မိတယ်။ သူတို့က ၀မ်းနှုတ်ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဖို့နဲ့ ၀မ်းပျော့ပျော့သွားအောင် မန်ကျီးဖျော်ရည်လိုမျိုး၊ အရည်ရွှမ်းတဲ့ အသီးအနှံစားဖို့ အကြံပေးကြတယ်။ မေမေ့ရဲ့ ဂျပန်ဆရာမကလည်း ဖျော်ရည်ဘူးလေးတွေ ၀ယ်သောက်ဖို့ ပြောတယ်။ အဲဒီဖျော်ရည်က ပဲနို့၊ ဒိန်ချဉ် နဲ့ အသီးအနံ့လေး ထည့်ထားတော့ သောက်ရတာ လွယ်တာပေါ့။ ဒါကြောင့် ရုံးဖွင့်ရက်ဆို အဲဒီဖျော်ရည်ဘူးကို တစ်နေ့ တစ်ဘူး မှန်မှန်သောက်ပေးပြီး ရုံးပိတ်ရက်ဆိုရင်တော့ မန်ကျီးဖျော်ရည် သောက်ပေးတော့မှပဲ ၀မ်းချုပ်လို့ လေထိုး လေအောင့်တာ သက်သာသွားတော့တယ်။ အဲဒါတွေအပြင် ရိုးရိုးရေလည်း မေမေက ခဏခဏ သောက်ပေးဖြစ်တယ်။

ကိုယ်ဝန် ၅ လလောက်ရှိလာတော့ မေမေ့ဗိုက်လည်း သိသာတယ်လေ။ ဗိုက်ကြောင့် သွားလာရတာလည်း အရင်လို မကောင်းဘူးပေါ့။ နောက်ပြီး ခြေလက်တွေလည်း နည်းနည်းပြည့်ပြီး တင်းလာတယ်။ ဗိုက်ထဲက ကလေးက ထွားလာလေ ခါးနာတဲ့ ဝေဒနာကလည်း တဖြည်းဖြည်း ပိုဆိုးလာလေပဲ။ ထိုင်ပြီးထလိုက်ရင် ခါးက တဆတ်ဆတ်နဲ့ နာနေရော။ အဲဒါ မေမေက သူနာပြု ဆရာမကို ပြောပြတော့ သူက ကိုယ်ဝန်ဆောင်သည်တွေ ခါးနာရင် ပတ်တဲ့ ခါးပတ်မျိုး ၀ယ်ပတ်ခိုင်းတယ်။ အဲဒီ ခါးပတ်က ဗိုက်ကို ပင့်ပေးထားတဲ့အတွက် ခါးနာတာ သက်သာတယ်လို့ ပြောတာနဲ့ မေမေလည်း ကိုယ်ဝန် ၁၈ ပတ်လောက်က စပြီး အဲဒီ ခါးပတ် ၀ယ်ပတ်ဖြစ်ခဲ့တယ်။ ဗိုက်ကလည်း သိသာလာတော့ ဗိုက်တင်းတာ သက်သာအောင်ရယ်၊ ဗိုက်ကြောတွေ မပြတ်အောင်ဆိုပြီး coca butter cream လိမ်းဖြစ်ခဲ့တယ်။

ကိုယ်ဝန် ၄ လကျော်လာတဲ့ နောက်ပိုင်း ဘာပဲ စားရ စားရ စားကောင်းလွန်းလို့ ပါးစပ်ကို မနည်းပဲ ဘရိတ်အုပ်နေရတယ်။ ဆရာဝန်က မ ၀ စေနဲ့၊ အရမ်းမစားနဲ့လို့ မှာထားတာတောင် တစ်ခါတလေ စားတာ အရှိန်လွန်သွားရင် ဗိုက်ကြီးတင်းပြီး သိပ်မလှုပ်ရှားနိုင်တော့ဘူး။ အဲဒါကြောင့် ဗိုက်ပြည့်ရုံလောက်ကို ချင့်ချိန်ပြီး စားရတယ်။ ထမင်းစားကောင်းတဲ့အပြင် အိပ်လို့လည်း ကောင်းမှ ကောင်းပဲ။ အိမ်ပြန်ရောက်လို့ ထမင်း စားသောက်ပြီးတာနဲ့ တီဗွီကြည့်ရင်း ဆိုဖာပေါ်တင် အိပ်ပျော်ပျော်သွားတာ အကြိမ်ပေါင်း မနည်းဘူး။ တစ်ခါတလေလည်း ကွန်ပျူတာ ဖွင့်ပြီး Blog ဖတ်နေရင်းက အိပ်ပျော်နေတာလည်း ရှိလိုက်သေးတယ်။ အရင် သမီးလေး မရှိခင်တုန်းကဆို မနက် ၁ နာရီဆိုလည်း မအိပ် ၂ နာရီဆိုလည်း မေမေ အိပ်သေးတာ မဟုတ်ဘူး။ အခုတော့ ည ၁၀ နာရီလောက်ဆို အိပ်ပျော်သွားပြီး ရုံးတက်ဖို့ မနက် ၈ နာရီကို မနည်းပဲ ကုန်းရုန်း ထရတယ်။

သြဂုတ်လ ၂၄ ရက်နေ့ ရောက်တော့ ထုံးစံအတိုင်း ဆရာဝန်နဲ့ ပြဖို့ ဆေးရုံးကို သွားရပြန်တယ်လေ။ အဲဒီနေ့က ၂၀ ပတ်နဲ့ ၁ ရက်တဲ့ သမီးလေးက ၃၇၃ ဂရမ် ဖြစ်လာပြီး အရင်တစ်ခေါက်ထက်စာရင် ၂ ဆ ကျော်ကျော်လောက် ထွားလာတာပေါ့။ ultra sound ရိုက်တော့ သမီးရဲ့ မျက်လုံးလေးတွေ၊ နှာခေါင်းနဲ့ ပါးစပ်လေးလည်း မြင်ရတယ်၊ ပြီးတော့ လက်တွေ ခြေထောက်တွေလည်း ကောင်းကောင်းမြင်နေရပြီ။ Screen မှာ ကြည့်လိုက်ရင် သမီးလေးက လှုပ်စိ လှုပ်စိလေးမို့ ကြည့်ရတာ အသည်းယားဖို့ အရမ်းကောင်းတာပဲ။ အဲဒီနေ့က သမီးမျက်နှာလေးကို မြင်ရတော့ စိတ်ကူးထဲကနေ ဘယ်သူနဲ့တူလဲ ဆိုပြီး ပုံဖော်ကြည့်နေမိတယ်။ ဆရာဝန်ကတော့ မေမေတို့ကို ကလေးလည်း နေကောင်းတယ်၊ အားလုံး ပုံမှန်ပဲမို့ ကလေးရဲ့ ကြီးထွားမှုကို အားရတယ်လို့ပြောတယ်။ ဆရာဝန်ကိုယ်တိုင်က အားရတယ်ဆိုတော့လည်း မေမေတို့က ပိုပြီး စိတ်ချမ်းသာရတာပေါ့ သမီးရယ်။

မေမေနဲ့ ရှေ့ဆင့်နောက်ဆင့် ကိုယ်ဝန်ဆောင်တဲ့သူတွေက ယောင်္ကျားလေး မိန်းကလေး သိနေရပြီလို့ ပြောတော့ မေမေလည်း ဆရာဝန်ကို အရဲစွန့်ပြီး “ယောင်္ကျားလေး မိန်းကလေး ကြည့်လို့ရပြီလား” လို့ မေးလိုက်တယ်။ အဲဒီတော့ ဆရာဝန်က စက်မှာ ပြန်ထိုင်ရင်း ခဏလောက်ကြည့်ပေးပြီး “Not fully developed” လို့ပဲ ဖြေတယ်။ မေမေ့ကို နောက် ၃ ပတ် (စက်တင်ဘာ ၁၄ ရက်) နေ့မှာ ပြန်လာပြဖို့ ရက်ချိန်းပေးလိုက်တယ်။


နိုဝင်ဘာ ၂၈၊ ၂၀၁၀။

November 15, 2010

သမီးဖတ်ဖို့(၂၀၀၉ ခုနှစ် ဇူလိုင် - သြဂုတ်လ)

ဂျပန်က ဆရာဝန်တွေရဲ့ အယူအဆ နဲ့ ကိုယ်ဝန်ဆောင်သည်တွေ အတွက် ညွှန်ကြားထားတာလေးတွေကို ဗဟုသုတဖြစ်အောင် ပြောပြရဦးမယ်။ ဒီက ဆရာဝန်တွေကတော့ ရှင်းတယ် သမီးရေ။ ပါပါးက “ကိုယ်ဝန် အတွက် အာဟာရပြည့်အောင် ဘယ်လို အားဆေးတွေ သောက်ဖို့လိုအပ်သလဲ” လို့ မေးတော့ ဆရာဝန်က “ဘာဆေးမှ သောက်စရာမလိုဘူး။ အစားလည်း ရှောင်နေစရာ မလိုဘူး၊ အားလုံး စားလို့ရတယ်” ဆိုပြီး ခပ်တိုတိုပဲ ပြန်ဖြေတယ်။ အဲဒါဆိုတော့ မေမေလည်း ရန်ကုန်က ယူလာတဲ့ ကိုယ်ဝန်ဆောင် အားဆေးကို ဆက်မသောက်ဖြစ်တော့ဘူး။

အရင်အခါတွေတုန်းက ဆေးရုံပြရတဲ့ရက်ဆို ဆရာဝန်က စမ်းသပ်ပြီးရင် နောက်ဆုံး သူနာပြုဆရာမနဲ့ သွားတွေ့ပြီး သူတို့မေးတဲ့ မေးခွန်းတွေကို ၁ နာရီနီးပါး ဖြေရသေးတယ်။ သူနာပြုဆရာမ မေးတာက နေ့စဉ် စားတဲ့ အစားအစာ၊ ဘယ်အချိန်စားလဲ၊ မနက်ဘယ်နာရီအိပ်ယာထလဲ၊ ရုံးသွားရင် ဘယ်လိုသွားလဲ၊ ရုံးမှာ ဘယ်နှစ်နာရီ အလုပ်လုပ်ရလဲ၊ စတဲ့ မေးခွန်းတွေ ဖြေရတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ပြီး ဗဟုသုတ အနေနဲ့ ဘာတွေ သိထားလဲ ဆိုတာလည်း မေးတယ်။ အဲဒီတော့ မေမေက “အလေးအပင်မ မ ရဘူး၊ ဒေါက်မြင့်ဖိနပ် မစီးရဘူး၊ အပူအစပ် မစားရဘူး” ဆိုပြီး ကိုယ်သိတာလေးကို ပြောပြရတာပေါ့။ မေမေ ဖြေပြီးတော့မှ သူနာပြုဆရာမက ကိုယ်ဝန်ဆောင်မိခင်လောင်းတွေက အအေးမမိစေရဘူး၊ ဖြစ်နိုင်ရင် မေမေ့ကို အမြဲပဲ အနွေးထည်ဆောင်ထားခိုင်းတယ်။ ပြီးတော့ အချိုတွေ သိပ်မစားခိုင်းဘူး။ အခုလောလောဆယ် မေမေ့မှာ သွေးတိုးနဲ့ ဆီးချိုတော့ မရှိပေမယ့် မွေးခါနီးရင် သွေးတိုးတတ်လို့ အငန်တွေလည်း မစားခိုင်းဘူး။ နောက်ပြီး အစားကို အများကြီးလည်း မစားခိုင်းပြန်ဘူး။ ကိုယ်ဝန်ရှိချိန်မှာ မ ၀ တာ၊ ၀ိတ် မတက်တာ ကို ပိုပြီး သဘောကျကြတယ်။ တကယ်လို့ မိခင်က အရမ်းဝရင် ကလေး ရော မိခင်ပါ မွေးခါနီးရင် ဒုက္ခရောက်နိုင်တယ်တဲ့။ မိခင်က အစား အများကြီး စားတဲ့အတွက် ကလေးက တအားထွားတဲ့အပြင် သွေးတိုးတာပါ ပိုဖြစ်နိုင်တယ် ဆိုပြီး မေမေ့ကို ပြောပြတယ်။ တစ်လကို ပုံမှန် ၁ ကီလိုလောက်ပဲ တက်တာ အကောင်းဆုံးပဲတဲ့။ အဲဒီ မတိုင်ခင်ကတော့ ပါပါးက မေမေ့ကို ထမင်းအများကြီး စားခိုင်းတယ်လေ။ အမှန်တော့ ပါပါးက စိတ်ပူပြီး ကိုယ်ဝန်နဲ့ဆိုတော့ ကလေးအတွက်ပါ ပိုစားမှ မိခင်က အားရှိမယ်ဆိုပြီး စားခိုင်းတာ။ အခုလို သူနာပြု ဆရာမတွေ ရှင်းပြလိုက်တော့မှပဲ ပါပါးလည်း မေမေ့ကို အစား အများကြီး မစားခိုင်းတော့ဘူး။

နောက်ထပ် မေးခွန်းတွေက နှစ်ဘက် မိဘတွေ နဲ့ မေမေတို့မှာ ရောဂါ ရှိမရှိ၊ မီးဖွားခါနီးရင် မေမေနဲ့ ဘယ်သူလာနေပေးမလဲတို့၊ မွေးခန်းထဲကို ပါပါးအပြင် တခြား ဘယ်သူလိုက်ဦးမလဲတို့၊ ကလေးမွေးပြီးသွားရင် မိသားစုဝင်တွေထဲက မေမေ့ကို ဘယ်သူလာကြည့်ပေးမလဲတို့ ၊ မေမေ့သူငယ်ချင်းတွေထဲမှာ ကိုယ်ဝန်ဆောင် ကလေးမွေးဖူးတဲ့ မိခင်ရှိလားတို့၊ ပြီးတော့ မေမေတို့ နေတဲ့ အနီးနားမှာရော ကိုယ်ဝန်ဆောင် ကလေးမွေးဖူးတဲ့သူရှိလား စတဲ့မေးခွန်းတွေ မေးတယ်။ မွေးခန်းထဲ ၀င်မယ့်သူရော၊ ကလေးမွေးပြီးသွားလို့ လာကြည့်မယ့်သူရော၊ ဆေးရုံကနေ အိမ်ပြန်ရောက်လို့ ကလေးကို ၀ိုင်းကြည့်ပြီး စောင့်ရှောက်ပေးမယ့် သူရော မေးခွန်း အားလုံးအတွက် အဖြေက အတူတူပဲလေ။ ပါးပါးတစ်ယောက်ပဲ ရှိတာဆိုတော့ ဘာမေးမေး မေမေက ပါပါးကိုပဲ လက်ညှိုးထိုးပြလိုက်တယ်။ အဲဒါဆိုတော့ သူနာပြု ဆရာမက ပါပါးအပြင် တခြားသူကို ပြောပါဆိုတော့ မေမေတို့မှာ တခြားပြောစရာ လူမရှိဘူး။ မေမေနဲ့ အလုပ်အတူတူလုပ်နေတဲ့သူတွေထဲက ကလေးမွေးဖူးတဲ့သူတွေ ရှိပေမယ့် သူတို့က အိုဆာကာမှာ နေကြတာမဟုတ်ဘူး။ အဲဒါဆိုတော့ အနီးအနားမှာရော သူငယ်ချင်းတွေထဲမှာပါ ကလေးမွေးဖူးတဲ့သူ မရှိဘူးလို့ပဲ ဖြေလိုက်ရတယ်။ မွေးပြီးရင် သမီးအန်းမကလည်း မေမေနဲ့ လာနေပေးနိုင်မှာ မဟုတ်ဘူးလို့ သူတို့ကိုပါ ကြိုပြောထားလိုက်တော့ သူနာပြုဆရာမလည်း တော်တော်ကို စိတ်ရှုတ်သွားပုံရတယ်။ သူတို့ကတော့ မေမေ့အတွက်ရော သမီးလေးအတွက်ပါ စိုးရိမ်လို့ ကြိုတင် စီစဉ်ထားရအောင် မေးတာပါ။ ဒါကြောင့်လည်း မေမေဖြေတာတွေ အားလုံးကို သူတို့က မှတ်တမ်းလိုမျိုး ရေးမှတ်ထားတယ်။ အဲဒါအပြင် ကိုယ်ဝန်ဆောင်သည်တွေ ဖတ်ဖို့ ဆေးရုံက ထုတ်ထားတဲ့ စာအုပ်လည်း ထုတ်ပေးတယ်။ စာအုပ်ထဲမှာပါတာက ကလေးမမွေးခင်၊ မွေးပြီးချိန်နဲ့ ဆေးရုံတက်နေတုန်းမှာ သိထားသင့်တာတွေကို ရှင်းပြထားတာပါပဲ။

ကံကောင်းတာ တစ်ခုက မေမေ့ကို ဂျပန်စာ သင်ပေးနေတဲ့ ဆရာမကလည်း မေမေနဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကိုယ်ဝန်ရှိလာတယ်။ အဲဒီတော့ ဆရာမက မေမေ့ကို ကိုယ်ဝန်နဲ့ပတ်သက်တာ၊ ကလေးနဲ့ပတ်သက်တာအပြင် တခြားသိသင့်တာတွေနဲ့ ဂျပန်လို အခေါ်အဝေါ်တွေကို အိမ်မှာ လာသင်ပေးရှာတယ်။ နောက်ပြီး မေမေ သိချင်တာ နားမလည်တာရှိရင်လည်း ဆရာမက မေမေ့ကိုစာဖတ်ပြီး ပြန်ပြောပြပေးတယ်။ ဆရာမကျေးဇူးတွေ မေမေ့မှာ အများကြီးပါပဲ။ မေမေတို့ နှစ်ယောက် တွေ့ပြီဆို တစ်ယောက် အခြေအနေ တစ်ယောက်ပြောပြပြီး အချင်းချင်း အားပေးနှစ်သိမ့်ရတာပေါ့။ မေမေကတော့ ထိုင်ရလွန်းလို့ ခါးနာတဲ့ ဝေဒနာ ခံစားရပြီး ဆရာမကတော့ အလုပ်ထဲမှာ မတ်တပ်ရပ်ရလွန်းလို့ ကိုယ်ဝန် လနုတုန်းမှာ ခြေထောက်တွေ ပြည့်ပြီး ဖောတဲ့ ဝေဒနာကို ခံစားရတယ်။ ဒါတောင် သမီးလေး ကိုယ်ဝန်ကို လွယ်ထားရပြီဆိုကတည်းက မေမေ့ အလုပ်ထဲက လူကြီးတွေက မေမေ့ကို ငဲ့ညှာပြီး အချိန်ပို လုပ်ခိုင်းတာတို့၊ နောက်ကျပြီး ရုံးမှာ နေရတာမျိုးတို့ မလုပ်ခိုင်းတော့ဘူး။ အလုပ်ကိုလည်း ပုံမှန်အတိုင်း လုပ်နေရယုံပဲမို့ တော်သေးတယ်လို့ ပြောရမှာပေါ့။

ကိုယ်ဝန် ၃ လကျော်လာတဲ့ နောက်ပိုင်းတော့ မေမေလည်း နေရတာ၊ လှုပ်ရှားရတာ တဖြည်းဖြည်း ပေါ့ပါး လာတယ်။ အရင်လို မောတာ ပင်ပန်းတာလည်း သက်သာလာတဲ့အပြင် အိပ်ကောင်း၊ စားကောင်းဖြစ်လာတယ်။ အဲဒီတော့ မေမေ့ကို အင်းစိန် အန်းမကရော၊ သူငယ်ချင်းတွေကပါ ဘာစားချင်လဲ၊ ဘာချဉ်ခြင်းတပ်လဲ လို့ မေးကြတယ်။ ကိုယ်ဝန်ဆောင် မိခင်သည်တွေ ချဉ်ခြင်းတပ်တာလည်း အတော်ထူးဆန်းတယ်လို့ပဲ ပြောရမှာပဲ။ မေမေကတော့ သားကြီး ငါးကြီးနဲ့ အဆီအစိမ့်တွေထက်ကို ရန်ကုန်မှာ ၀ယ်လို့ရတဲ့ ငါးမျိုး (ရေချိုငါး) ပိုစားချင်တယ်။ ဂျပန်မှာက ပင်လယ်ငါး ပေါပေမယ့် ရေချိုငါးက ရှားတယ် မဟုတ်လား။ အဲဒါဆိုတော့ ထူးထူးခြားခြား ချဉ်ခြင်းတပ်ပြီး စားချင်စိတ်လည်း မဖြစ်မိတော့ပါဘူး။

ဒီလိုနဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဆရာဝန်နဲ့တွေ့ဖို့ ဆေးရုံသွားရပြန်တယ်။ ဆရာဝန်နဲ့ မတွေ့ခင်မှာ ဆေးရုံရောက်တာနဲ့ အရင်ဆုံး သွေးပေါင်ချိန်ရတယ်၊ ပြီးတော့ ကိုယ်အလေးချိန် တိုင်းရတယ်။ နောက်ပြီး ဆီးစစ်ရတယ်။ သွေးပေါင်ချိန်တာနဲ့ ကိုယ်အလေးချိန် ကိုတော့ စက်တွေ ချပေးထားလို့ ကိုယ့်ဘာသာကိုယ်ပဲ တိုင်းရတယ်။ ပြီးမှ ရလာတဲ့ အဖြေကို သူနာပြုဆရာမလေးတွေကို ပေးလိုက်ရင် သူတို့က မိခင်နဲ့ ကလေးမှတ်တမ်းစာအုပ်မှာ မှတ်ထားပေးတယ်။ ဆီးစစ်တဲ့အဖြေကတော့ ဆရာဝန်ဆီ တိုက်ရိုက်သွားတာမို့ မေမေတို့ သိစရာ မလိုဘူး။ နောက်ပြီး ကိုယ်ဝန် ၁၂ ပတ်ကျော်လာတဲ့နောက်ပိုင်းဆို မေမေ့ရဲ့ ဗိုက်ကိုပါ ပေကြိုးနဲ့ တိုင်းယူတယ်။ အဲဒါပြီးတော့ ဆရာဝန်က Echo ကြည့်မယ်လို့ ပြောပြီး စက်တစ်ခုရှေ့မှာ မေမေ့ကို စမ်းသပ်ပေးတာပဲ။ ဆရာဝန် စမ်းသပ်ချိန်ဆို ပါပါးလည်း ဘေးမှာ ရှိနေတော့ ဆရာဝန်က monitor screen ကနေ မြင်ရတဲ့ သမီးရဲ့ ပုံရိပ်လေးကို သေချာ ရှင်းပြပေးတယ်။ ပြီးတော့မှ မေမေ့ဗိုက်ထဲက သမီးရဲ့ ပုံလေးကို print ထုတ်ပြီး မေမေတို့ကို တစ်ရွက်ပေးတယ်။ အဲဒီနေ့က ကိုယ်ဝန် ၁၆ ပတ်နဲ့ ၁ ရက်ရှိတဲ့ သမီးလေးရဲ့ ကိုယ်အလေးချိန်က (၁၃၅) ဂရမ်တဲ့။ အဲဒီနေ့ကစပြီး ဆရာဝန်က သမီးရဲ့ အရပ်ကို မတိုင်းပေးတော့ဘူး။ ပြီးတာနဲ့ “ကလေးရဲ့ ကြီးထွားနှုန်းလည်း ပုံမှန်ပဲ၊ အနေအထားလည်း ပုံမှန်ပဲမို့ စိုးရိမ်စရာ ဘာမှ မရှိဘူး၊ နောက်တစ်လ (သြဂုတ် ၂၄ ရက်) နေမှ ပြန်လာပြ” လို့ မေမေတို့ကို ပြောတယ်။ နောက်ပြီး မေမေ့သွေးအမျိုးအစား ထပ်စစ်ထားတာကလည်း “A” သွေးပဲ ဆိုပြီး ထပ်ပြောပြတယ်။ အဲဒီနေ့က ကိုယ်ဝန် ၄ လရှိတဲ့ မေမေ့ရဲ့ ကိုယ်အလေးချိန်က ၄၉.၈၂ ကီလို ရှိတယ် သမီးရဲ့။




နိုဝင်ဘာ ၁၅၊ ၂၀၁၀။

November 2, 2010

DPT Vaccine

သမီးလေးကို မေလမှာ BCG ကာကွယ်ဆေး ထိုးပေးခဲ့တာကို ပို့စ် အဖြစ်ရေးခဲ့ဖူးပါတယ်။ BCG ကာကွယ်ဆေး ထိုးပြီး တစ်လအကြာမှာ DPT (မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ) ကာကွယ်ဆေး ထိုးပေးရပါတယ်။ ဂျပန်မှာတော့ အဲဒီ ဆေး ၃ မျိုးကို တစ်လ တစ်ခါနဲ့ သုံးလ ဆက်တိုက် ထိုးပေးရမယ်လို့ ညွှန်ကြားထားတယ်။

ဇွန်လရောက်တော့ ကျမတို့ ကိုယ်ရေးကိုယ်တာ ကိစ္စ တစ်ခုကြောင့် မြန်မာပြည် ပြန်သွားခဲ့ရတယ်။ တကယ်တမ်း ကာကွယ်ဆေး ထိုးတော့ ဇူလိုင်လမှပဲ သွားထိုးပေးဖြစ်ခဲ့ပါတယ်။ အကြောင်းက မြန်မာပြည်က ပြန်လာတော့ သမီးလေး ကိုယ်မှာ မိတ်ဖုလို အပူဖုတွေ ထွက်တာ တော်တော်နဲ့ မပျောက်ပါဘူး။ ဆရာဝန်နဲ့ ပြတော့ လိမ်းဆေး ပေးလိုက်ပြီး ထိုးလက်စ ကာကွယ်ဆေး အားလုံး ရပ်ထားဖို့ မှာလိုက်တာနဲ့ မိတ်ဖုတွေ အရှင်းပျောက်မှပဲ ဇူလိုင်လ ၁၄ မှာ ကာကွယ်ဆေး ထိုးဖြစ်ခဲ့ပါတယ်။

ဆေးက အလကား ထိုးပေးတာ ဖြစ်ပြီး ဆေးထိုးဖို့ကို နီးစပ်ရာ ဆေးရုံ ဒါမှ မဟုတ် ဆေးခန်းမှာ သွားထိုးလို့ရပါတယ်။ ကျမကတော့ အိမ်နဲ့ နီးတဲ့ ကလေး ဆေးခန်းမှာပဲ သွားထိုးဖြစ်ခဲ့တယ်။ ဆေးခန်းမှာထိုင်တာက ဆရာဝန်မကြီး တစ်ယောက်တည်းပါ။ ဆရာဝန်မကြီးက အသက်က ၇၀ ကျော်လောက် ရှိပြီလို့ ထင်ရပေမယ့် သူ့ ကြည့်ရတာ သွက်သွက်လက်လက် သန်သန်မာမာ ပါပဲ။

ကာကွယ်ဆေး မထိုးခင် ထုံးစံအတိုင်း form မှာပါတဲ့ မေးခွန်းတွေ ဖြေပြီး ကလေး ကိုယ်အပူချိန်ကို တိုင်းယူပါတယ်။ ပြီးတော့ ဆရာဝန်မကြီးက ရင်ဘတ်ကို နားကြပ်နဲ့ထောက်ပြီး စမ်းသပ်ပေးတဲ့အပြင် အာခေါင်ကိုလည်း လက်နှိပ်ဓာတ်မီးနဲ့ထိုးကြည့်ပါတယ်။ ပြီးတော့မှ ဆေးထိုးပေးတာပါ။ ဆေးထိုးတာက အပ်သေးသေးလေးနဲ့ လက်မောင်းမှာ ထိုးတာမို့ စစချင်း သမီးလေးက လန့်ပြီး အော် ငိုပါတယ်။ ခဏလောက်နေတော့မှ အငို တိတ်ပြီး ရီရီမောမော ပြန်ဖြစ်သွားတယ်။ ဆေးထိုးအပြီးမှာ ကျမက ထိုးထားတဲ့ နေရာကို လက်နဲ့ခြေပေးမယ် လုပ်တော့ ဆရာမကြီးက ဖိယုံတင် ဖိခိုင်းထားပြီး ဆေးကို မခြေခိုင်းပါဘူး။ ပြန်ခါနီးတော့ ဒုတိယအကြိမ် ကာကွယ်ဆေးကို နောက် ၃ ပတ်အကြာမှာ လာထိုးဖို့ ရက်ချိန်းပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ သြဂုတ်လ (၁၈) ရက်နေ့မှာ ဒုတိယအကြိမ် ကာကွယ်ဆေး နဲ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ တတိယအကြိမ် ကာကွယ်ဆေး သွား ထိုးပေးဖြစ်ခဲ့တယ်။ ဆေး ၃ လုံးစလုံး ထိုးပြီးသွားပေမယ့် နောက် ၁ နှစ် ဒါမှမဟုတ် ၁ နှစ်ခွဲအကြာမှာ ထပ် လာထိုးရမယ်လို့လည်း မှာလိုက်ပါတယ်။

သမီးလေးကို ပထမအကြိမ်နဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေးတွေ ထိုးတုန်းကတော့ ပုံမှန်ပါပဲ။ မှတ်မှတ်ရရ တတိယ အကြိမ် ကာကွယ်ဆေး သွားထိုးတော့ သူ့ပါပါး ပါ လိုက်ပေးပါတယ်။ အဲဒီနေ့က ဆေးထိုးတော့ သမီးလေး ငိုတာ အသံတောင် ပျောက်ပါတယ်။ တစ်ခါမှ အဲဒီလောက် ငိုတာ မမြင်ဖူးပါဘူး။ အော်ငိုတာများ နှုတ်ခမ်းတွေတောင် ပြာပြီး ရှိုက်ကြီး တငင်ငိုတာမို့ ကျမ တော်တော် လန့်သွားမိတယ်။ ဒါကြောင့် ဆေးခန်းမှာပဲ အဖေတစ်လှည့် အမေတစ်လှည့် ချော့ရင်း အငိုတိတ်အောင် ခဏစောင့်ပြီးမှ အိမ်ပြန်လာခဲ့ကြပါတယ်။ အရင်တုန်းက ဆေးထိုးရင် အခုလိုမျိုး အကြာကြီး မငိုတတ်ပါဘူး။ အခုမှ ဘယ်လိုဖြစ်လဲ မသိဘူးလို့တောင် သူ့ပါပါးကို ပြောဖြစ်ပါသေးတယ်။

အဲဒီနေ့က ဆေးခန်းကနေ အိမ်ပြန်လာတယ် ဆိုပေမယ့် လမ်းမှာ ဈေးဝယ်ဖို့အတွက် တခြားနေရာကို သွားလိုက်မိတယ်။ တစ်လမ်းလုံးလည်း ဂျီကျပြီး တွန်းလှည်းထဲ ထည့်မရလို့ သူ့ကို အဖေနဲ့ အမေ တစ်ယောက် တစ်လှည့် ချီပြီး သွားရပါတယ်။ ဈေးဝယ်ပြီး အပြန် ဘတ်စ်ကားပေါ်ကျမှ ဇာတ်လမ်းက စပါတော့တယ်။ ကျမဘေးမှာ ထိုင်တာက ဘွားဘွားကြီးတစ်ယောက်ပါ။ ဘွားဘွားကြီးက သမီးလေးကို စကားပြောပြီး ချော့မြူပါတယ်။ သမီးလေးက အဲဒီ ဘွားဘွားကြီးကို သေချာ စိုက်ကြည့်ပြီး နောက်တော့ အသံအကျယ်ကြီးနဲ့ အော် ငိုပါလေရော။ အဲဒါနဲ့ ကျမလည်း ကလေး စိတ်ပြောင်းသွားအောင် ရေဘူးတိုက်၊ ကစားစရာ လက်ထဲထည့်ပေးပေမယ့် သမီးလေးက ဘွားဘွားကြီးကိုပဲ ချောင်းချောင်းကြည့်ပြီး အော်အော်ငိုတာ ကားပေါ်က လူတွေကလည်း ကျမတို့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ပေါ့။ ကလေးက အော်ငိုလွန်းမက ငိုတော့ ဘွားဘွားကြီးလည်း သူ့မျက်နှာကို လက်ကိုင်ပုဝါလေးနဲ့ အုပ်ပြီး ကာထားရှာပါတယ်။ အဲဒါလည်း ဒီက ဂျစ်တူးမလေးက မရပါဘူး။ ကျမလည်း ဘွားဘွားကြီးကိုရော ကားပေါ်က လူတွေကိုပါ အားနာလာတဲ့အပြင် သိပ်မကြာခင်မှာ အိမ်နားရောက်တော့မှာမို့ ကလေး အငိုတိတ်အောင် မတ်တပ်ရပ်ပြီးပဲ ချီထားလိုက်ပါတယ်။ အဲဒါ ဘွားဘွားကြီးက သူ့ကြောင့် ဖြစ်တာလို့ ထင်တယ်နဲ့ တူပါရဲ့။ ကျမကို ထိုင်ခိုင်းပြီး သူ မတ်တပ်ရပ်ပေးပါ့မယ်လို့ ပြောလို့ ကျမက ပြန်ပြီး အားနာရပါသေးတယ်။ ကျမလည်း ဘွားဘွားကြီးကို တောင်းပန်ပြီး နောက်တစ်မှတ်တိုင်ဆို ဆင်းတော့မှာလို့ ပြောလိုက်ပါတယ်။

ကားပေါ်က ဆင်းပြီး အိမ်ပြန်ရောက်တော့လည်း သမီးလေးက ရီမောပြီး ပျော်ရွှင်နေပြန်ပါရော။ ကျမတို့ ထင်တာကတော့ သမီးလေးက ဆရာဝန်မကြီးကို မှတ်မိသွားတဲ့ပုံစံပါပဲ။ အဲဒါဆိုတော့ ဆရာဝန်မကြီးနဲ့ ဆင်တူ တဲ့သူတွေ့ရင် သူ သတိရပြီး အော်ငိုတယ်လို့ ထင်မိပါတယ်။ နောက်ပိုင်းလည်း အကြောင်းတစ်ခုခုကြောင့် ဆေးခန်း သွားရပြီဆို သမီးလေးက သူ့ကို ဘာမှ မလုပ်ရသေးခင် ဆရာဝန်မကြီး မြင်တာနဲ့တင် ရှိုက်ကြီးတငင် ငိုနေတတ်ပါတယ်။ အမှန်တော့ ဒီအကြောင်းက ကာကွယ်ဆေးထိုးတာနဲ့ ဘယ်လိုမှ မပတ်သက်ပေမယ့် နောက်ဆုံးအကြိမ် ကာကွယ်ဆေး ထိုးခဲ့တုန်းက ဖြစ်ခဲ့တာလေးမို့ အမှတ်တရ ရေးထားလိုက်တာပါ။

ကာကွယ်ဆေးထိုးပြီးတိုင်း ဆေးအရှိန်နဲ့ သမီးလေး ဖျားနာမှာကိုပဲ စိတ်ပူမိပါတယ်။ ကလေးက ဆေးထိုးပြီး ညနေလောက်ဆို အမေကို ကပ်ပြီး နည်းနည်း ဂျီကျတတ်တယ်။ ဆေးအရှိန်နဲ့ မအီမသာဖြစ်တယ်လို့ ထင်ရတာပါပဲ။ နောက်ရက်တွေဆိုရင်တော့ ရီမောပြီး ပုံမှန်အတိုင်း သူ့ဘာသာ ဆော့ကစား နေတာမို့ စိတ်အေးရပြန်တယ်။ နောက်ပြီး ဆေးထိုးပြီး မခြေရတော့ လက်မောင်းက ဆေးထိုးထားတဲ့ နေရာကို စမ်းလိုက်ရင် အဖုလေးက တော်တော်နဲ့ မပျောက်ပါဘူး။ ၁ လကျော်လောက် ကြာတော့မှ ပျောက်သွားတော့တယ်။


DPT ကာကွယ်ဆေး ထိုးထားတဲ့မှတ်တမ်းပါ။

နိုဝင်ဘာ ၃၊ ၂၀၁၀

October 18, 2010

သမီးလေး ၉ လပြည့်


သမီးလေးရဲ့ လစဉ် ကိုယ်အလေးချိန်နဲ့ အရပ်ကို ဆွဲထားတဲ့ Graph

မေမေ့သမီးလေးလည်း ဘာလိုလိုနဲ့ ၉ လတောင်ပြည့်သွားပြီနော်။ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ပေါင်ချိန်တော့ သမီးလေးရဲ့ ကိုယ်အလေးချိန်က ၇.၅ ကီလိုနဲ့ အရပ်က ၆၉.၅ စင်တီမီတာဖြစ်လာပြီ။ ၆ လပြည့်ပြီးတဲ့ နောက်ပိုင်းမှာ သမီးရဲ့ တိုးတက်မှုတွေက အရမ်းကို မြန်လာတယ် လို့တောင် ပြောလို့ရတယ်။ အဓိက သမီးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လှုပ်ရှားမှုတွေပါပဲ။ ကိုယ်အလေးချိန်ကတော့ တစ်လကို အကြမ်းအားဖြင့် ၃၀၀ ဂရမ်လောက်ပဲ တက်တယ်လို့ ပြောလို့ရတာပေါ့။ နောက်ပြီး သမီးလေးမှာ အပေါ်သွား ၂ ချောင်းနဲ့ အောက်သွား ၂ ချောင်းလည်း ပေါက်နေပြီ။ သွားပေါက်တော့ သွားဖုံးယားလို့ ဟိုဟာမြင်လည်း ကိုက်ချင် ဒီဟာမြင်လည်းကိုက်ချင်နဲ့လေ။ သွားပေါက်လာတော့ သမီးလေးကို နည်းနည်း မာတဲ့ အစားတွေ ထည့်ကျွေးရင် ၀ါးစားတတ်လာတယ်။

*****

သမီးကို မေမေက ကြမ်းပြင်ပေါ်မှာပဲ ဒီအတိုင်း ပစ်ထားတာ များလို့လား မသိဘူး။ မှောက်တတ်ပြီးတဲ့ နောက်ပိုင်း တွားသွားတာ၊ ထိုင်တာ၊ လေးဘက်ထောက်တာ၊ မတ်တပ်ရပ်တတ်တာတွေကို ဆက်တိုက် ဆိုသလို သမီးလေး လုပ်နိုင်လာတယ်။ စပြီး တွားသွားတတ်တော့ ၆ လကျော်လောက်ကပေါ့။ အစပိုင်းတော့ ဝေးဝေးလံလံ သွားတာ မဟုတ်ပါဘူး။ အိပ်ယာပေါ်တင်ပဲ ခေါင်းရင်းသွားလိုက်၊ ခြေရင်းသွားလိုက်နဲ့ပဲ။ သိပ်မကြာဘူး အိပ်ခန်းနဲ့တွဲတဲ့ မီးဖိုဆောင်ဘက် အထိကို ကူးပြီး သွားတတ်လာတယ်။ နောက် တဖြည်းဖြည်းချင်း အားယူပြီး ထိုင်ဖို့ကြိုးစားတော့တာပဲ။


သမီးလေးအတွက် အမှတ်တရ (၇ လကျော်)

တပတ်ကျော်လောက်ပဲ ကြာပါတယ်။ သမီးလေး ကောင်းကောင်းထိုင်တတ်သွားတယ်။ ၈ လ မပြည့်ခင်မှာ ခုံကို ကိုင်ပြီး မတ်တပ်ရပ်နိုင်နေပြီ။ ထမင်းစားခုံ၊ တီဗွီခုံလိုမျိုး အပြင် မေမေ့ အနောက်ကနေ ထမီကို အားယူ ကိုင်ပြီး မတ်တပ်ရပ်နိုင်လာတယ်။ မတ်တပ်ရပ်လို့ ညောင်းလာရင်လည်း ပြန်ထိုင်ချတတ်တယ်။ အရင်တုန်းကတော့ အဖွားကြီး ပေါက်စလေးလိုပဲ ထိုင်တာ ထတာတွေက တုန်ချိ တုန်ချိနဲ့လေ။ ကောင်းကောင်းလဲ မထိုင်တတ် မထတတ်တဲ့အပြင် ကိုယ့်ကိုကိုယ်လည်း မထိန်းနိုင်တော့ လဲတာလည်း ခဏခဏပေါ့။ အဲဒါဆိုတော့ သမီးလေးမှာ ကြမ်းပြင်နဲ့ ခေါင်း စောင့်မိရတာနဲ့၊ ကြမ်းပြင်နဲ့ နဖူး နဲ့ စောင့်မိရတာနဲ့ ထမင်းစားခုံနဲ့ ခေါင်းကို စောင့်မိရတာနဲ့ စုံနေတာပါပဲ ။

မတ်တပ်ရပ်နိုင်ပြီး ၁၀ ရက်လောက်ကြာတော့မှ လေးဘက် ထောက်တတ်သွားတယ်။ အဲဒီနောက်ပိုင်း သမီးက တစ်နေရာရာကို သွားချင်ပြီဆို သွားချင်တဲ့နေရာကို လေးဘက်ထောက်သွားလိုက်၊ ရောက်ပြီဆို ထိုင်ချလိုက်၊ ပြီးရင် အနားက တစ်ခုခု ကိုင်ရင်း အားယူပြီး မတ်တပ်ရပ်လိုက်နဲ့ အတော်ကို ဟုတ်နေတာပါ။ အခုဆို သမီးလေးဟာ အိမ်ရဲ့ အခန်းတော်တော်များများကို လျှောက်သွားတတ်နေပြီလေ။ တစ်ခန်းလုံး လျှောက်သွားတတ်နေပြီဆိုတော့ မေမေသွားတဲ့နောက်ကို တကောက်ကောက် လေးဘက်ထောက်ပြီး လိုက်တယ်။ မေမေ့ကို မတွေ့ရင် ငိုမဲ့မဲ့မျက်နှာလေးနဲ့ လိုက်ရှာနေတတ်တယ်။ အသံကြားရာဆီ အထိ လိုက်လာပြီး မေမေ့ကို တွေ့သွားပြီ ဆိုရင်တော့ မျက်နှာလေးက ပြုံးပြီး ရီနေတာများ သွားငုတ်တုတ်လေးတွေပါ မြင်ရတယ်။ နောက်ပြီး လှေကားထစ်လိုမျိုး အဆင့်နိမ့်နိမ့်လေးတွေကိုလည်း ကြိုးစားပြီး တက်နိုင်သလို ဆင်းတော့လည်း ဖြေးဖြေးချင်း အားယူပြီး ဆင်းနိုင်နေပြီ။

ဒီရက်ပိုင်းအတွင်း အတတ်ဆန်းလာတာက ထမင်းစားခုံကို သမီးရဲ့ ဗိုက်ကလေးနဲ့ ထောက်ပြီးဖြစ်ဖြစ်၊ တင်ပါးလေးနဲ့ မှီပြီးဖြစ်ဖြစ် မတ်တပ်ရပ်တာလေ။ မေမေတို့ရဲ့ ထမင်းစားခုံလေးကလည်း နိမ့်တာကိုး။ အဲဒါအပြင် ထမင်းစားခုံပေါ်အထိပါ တက်မယ် လုပ်နေလို့ မနည်းပဲ လိုက်ဆွဲနေရတယ်။ ထမင်းစားခုံကို ကိုင်ထားရင်းနဲ့ ခြေလှမ်း နည်းနည်းချင်းစီ လှမ်းပြီး လမ်းလျှောက်ကျင့်နေပြီ။ နောက်ပြီး သမီးလေးက ကိုင်ထားတဲ့ ခုံကို လက်လွတ်ပြီး မတ်တပ်ရပ်တာကို စ ကျင့်နေပြီ။ အကြာကြီးတော့လည်း မရပ်နိုင်သေးပါဘူး။ ဒီပုံစံအတိုင်းဆို သိပ်မကြာခင်မှာ သမီးလေး လမ်းလျှောက်တတ်တော့မယ် လို့ ထင်ရတာပါပဲ။

နောက်တစ်ခုက သမီးရဲ့ လက်လှုပ်ရှားမှုလေးတွေပေါ့။ လက်တွေကို မြှောက်ပြီး ဆော့တယ်။ သမီးရေ "ချိုမိုင်မိုင်" လို့ ပြောလိုက်ရင် လက်ချောင်းလေးတွေကို ဆုပ်လိုက်ဖြန့်လိုက်နဲ့ လုပ်ပြတတ်တယ်။ စိတ်ပါတဲ့နေ့ဆို ပါပါး ရုံးသွားခါနီးရင် "တာတာ့" ပြပြီး နှုတ်ဆက်တတ်တယ်။ အခုတလောတော့ ရွှေလက်ခုပ်ကို တော်တော်သဘောကျနေပုံပဲ။ သဘောကျစရာ ရီစရာ တွေ့မြင်ရရင် လက်ခုပ်ကလေး တီးပြီးကို အားရပါးရ ရီတာလေ။

၈ လကျော်လာတဲ့ နောက်ပိုင်း သမီးက တချို့စကားလုံးတွေကို အသံထွက်တတ်လာတယ်။ သမီးကို မေမေက "ပါပါး" ဆိုပြီး ပြောပြလိုက်ရင် သမီးကပါ "ပါပါး" ဆိုတာကို ပီပီသသ အသံထွက်တတ်နေပြီ။ အဓိပ္ပာယ်တော့ သမီး သိပုံမရပါဘူး။ ဒါကြောင့် ပါပါးက သူ့ကိုယ်သူ လက်နဲ့ ပုတ်ပြီး "ပါပါး" လို့ သင်ပေးနေရတယ်။ နောက်ပြီး "ပါ" တို့ "ဘာ" တို့လို အသံထွက်တွေကို သမီးပါးစပ်ကနေ ရွတ်နေတတ်တယ်။ အိပ်ချင်လို့ပဲဖြစ်ဖြစ် အမေကို မတွေ့လို့ ငိုရင်ပဲဖြစ်ဖြစ် "အမေရေ.. မေမေရေ" လို့ အော်ခေါ်နေသလိုမျိုး ပါးစပ်ကနေ အော်နေတတ်တယ်။ တစ်ခါတလေလည်း သမီးလေး ပါးစပ်က ၀ူးဝူးဝါးဝါးနဲ့ ဘာတွေ ပြောနေမှန်းမသိအောင် စကားတွေ ပြောနေတတ်ပြန်တယ်။ ပြီးတော့ လူကြီးတွေကို ဂျစ်တိုက်ချင်ရင် အသံစူးစူးလေးနဲ့ "အား" ဆိုပြီး ကုန်းအော်တတ်တယ်။

သမီးလေး တွားသွားတတ်လာပြီဆိုကတည်းက သမီးလေး အန်းမက မေမေ့ကို သတိပေးတယ်။ ပစ္စည်းတွေကို အရင်လို လက်လွတ်စပယ် မထားဖို့၊ ဒီအရွယ်ဟာ လူကြီးမမြင်တဲ့ ပစ္စည်းကို ကလေးတွေက အမြင်စူးရှပြီး ပါးစပ်ထဲ နှာခေါင်းထဲ ကောက်ထည့်တတ်တဲ့ အရွယ်ဖြစ်လို့ သမီးလေးကို အရင်ကထက် ပိုဂရုစိုက်ဖို့ ၊ ပိုက်ဆံအကြွေတွေကို သမီးလေး မမြင်အောင် ထားဖို့ သေချာမှာရှာတယ်။ သမီးလေး အန်းမ သတိပေးတဲ့ အတိုင်းပါပဲ။ သမီးက တွေ့သမျှ မြင်သမျှကို ပါးစပ်ထဲ ကောက်ထည့်တယ်။ လျှာနဲ့ လျက်ကြည့်တယ်။ ပြီးရင် တမြုံ့မြုံ့နဲ့ ၀ါးစားနေရော။ စာရွက်တွေ၊ တစ်ရှုးတွေကို သမီးက အရမ်းကြိုက်တယ်။ အဲဒါတွေနဲ့ ဆော့နေရမယ်ဆို အသံမထွက်ပဲကို ငြိမ်ပြီးဆော့တာ။ နောက်ပြီး ပလပ်ခေါင်းတွေ၊ ၀ါယာကြိုးတွေကိုလည်း အထူးအဆန်းအနေနဲ့ စိတ်ဝင်တစား ကိုက်ပြီး ဆော့တတ်တယ်။ ဒါကြောင့် သမီးလေး အရမ်းငြိမ်နေရင်လည်း မေမေ့မှာ သတိထားပြီး ကြည့်ရသေးတယ်။



*****

အခုနောက်ပိုင်း သမီးလေးဟာ အရမ်းစပ်စုချင်လာတယ်။ စူးစမ်းတာတွေလည်း များလာတယ်။ သမီးက ကိုင်ဖူးတဲ့ ပစ္စည်းလား မကိုင်ဖူးသေးတဲ့ ပစ္စည်းလားဆိုတာ ကောင်းကောင်းခွဲခြားတတ်တယ်။ မကိုင်ဖူးသေးတဲ့ ပစ္စည်းဆို သမီးအတွက် အထူးအဆန်းတွေဖြစ်ပြီး နှစ်ရက်လောက်က အဲဒီ ပစ္စည်းလေးနဲ့ အလုပ်ရှုတ်ပြီး ငြိမ်နေတတ်တယ်။ အဲဒါပြီးရင် ရိုးသွားလို့ သိပ်စိတ်မ၀င်စားတော့ဘူး။ သမီးလေး ကိုင်ဖူးတဲ့ ပစ္စည်း ဆိုရင်တော့ တချက်လောက် ကြည့်ပြီး ဖတ်ခနဲဆို ကောက်လွှင့်ပစ်လိုက်တာ။ နောက်ပြီး ခုံပေါ်တင်ထားတဲ့ ပစ္စည်း၊ စင်ပေါ်တင်ထားတဲ့ ပစ္စည်းတွေကိုလည်း လက်လှမ်းမီသမျှ အကုန်အောက်ဆွဲချတယ်လေ။ ဒါကြောင့် မေမေတို့လည်း စာအုပ်၊ စက္ကူနဲ့ သမီးအတွက် အန္တရာယ်ဖြစ်စေနိုင်မယ့် ပစ္စည်းတွေ မှန်သမျှ သမီးလေး မမြင်အောင် ကာထား ဖွက်ထား ရတာပေါ့။

တီဗွီက ကြော်ငြာအစီအစဉ်ကိုလည်း သမီးက ကြိုက်မှ ကြိုက်ပဲ။ ထမင်းစားရင်း ကြော်ငြာလာလို့ကတော့ ဘယ်မှလည်း လှည့်မကြည့်ဘူး။ မေမေ့ကိုလည်း ဂရုမစိုက်ဘူး။ မျက်တောင်မခတ်ပဲ တီဗွီကို စိုက်ကြည့်နေတာ။ အဲဒီအချိန် မေမေက ထမင်းခွံ့ချင်လို့ ဇွန်းက သမီးလေး ပါးစပ်နား ရောက်လာရင်တော့ ပါးစပ်လေးကို ဟ ပေးလိုက်တယ်၊ မျက်လုံးကတော့ တီဗွီမှာပဲ။ တစ်ခါတလေ မေမေ့လက်က သမီးကို ကွယ်မိသွားရင် လက်ကို ပုတ်ထုတ်တယ်လေ။ ကွယ်နေတယ် ဖယ်ပေး ဆိုတဲ့သဘောပေါ့။ အဲဒါ ကြော်ငြာ ပြီးတော့မှ အာရုံက တခြားကို ပြောင်းတော့တယ်။ နောက်ပြီး မေမေ့ပေါင်ပေါ်မှာ မှေးမှေးအိပ်ရင်းက ကြော်ငြာလာတဲ့အသံကြားရင် ချက်ချင်းကို ခေါင်းထောင်ပြီး ကြည့်တယ်။ ကြော်ငြာပြီးတာနဲ့ ဖုတ်ခနဲ ခေါင်းကို ပစ်လှဲချပြီး ချက်ချင်း အိပ်ပျော်သွားပြန်ရော။ သမီးက ကြော်ငြာနဲ့ ရိုးရိုး အစီအစဉ်ကို ခွဲခြားတတ်တာ မေမေနဲ့ပါပါးက လက်ဖျားခါရတယ်။ ဘယ်လိုမှတ်ထားလဲတော့ မသိဘူး။ ကြော်ငြာလာပြီဆို ရောက်နေတဲ့ နေရာကနေ ခေါင်းပြန်ပြီး လှည့်ကြည့်တာမျိုး၊ တီဗွီရှေ့ကို တွားသွားပြီး ကြည့်တာမျိုး၊ ဆိုဖာပေါ်ကနေ ဖားလေးလို ကုန်းပြီး ကြည့်တာမျိုးလည်း ရှိသေးတယ်။ သဘောကျတဲ့ ကြော်ငြာလာလို့ကတော့ ဂျပန်စကားပဲ နားလည်သလိုလို ဘာလိုလိုနဲ့ လက်ခုပ်ကလေး တီးရင်း သဘောတွေကျပြီး ရီတောင် ရီနေလိုက်သေးတယ်။



သမီးက တချို့ဟာတွေဆို သင်မပေးပဲ သူ့ဘာသာသူ တတ်လာတာမို့ လူကြီးတွေက အံ့သြရတယ်။ မှတ်မှတ်ရရ မေမေ့မွေးနေ့မှာ သမီးက မေမေ့ပါးကို နှာခေါင်းလေးနဲ့ ရွှတ်ကနဲ ဆိုပြီး စ နမ်းတယ်လေ။ မျက်နှာကို သေချာ ကိုင်ပြီး နမ်းတာမို့ မေမေ့မှာ သမီး နမ်းတတ်တာမှ ဟုတ်ရဲ့လားလို့တောင် အံ့သြမိတယ်။ ဒါကြောင့် သေချာအောင် နောက်တစ်ခါ ထပ်လုပ်ခိုင်းတော့ သမီးက ပြန်လုပ်ပြရှာတယ်။ သမီးရဲ့ ပထမဆုံးအနမ်းက ပါပါးရော မေမေပါ ဘယ်လောက်ပျော်ပြီး ကြည်နူးရသလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ နောက်ပိုင်းတော့ သမီးက လူလည်လေး ဖြစ်သွားပြီ။ "သမီးရေ kiss ပေးပါဦး" ဆို စိတ်ပါမှပဲ ပေးတော့တယ်။ စိတ်မပါရင်တော့ မေမေတို့ မျက်နှာနား ကပ်လာပြီးမှ ခေါင်းလေးကို ချာကနဲ နေအောင် တဖက်ကို လှည့်ပစ်လိုက်တယ်လေ။ စိတ်မထင်ရင်တော့ မေမေ့ မျက်နှာနားအထိ ကပ်လာပြီး နှာခေါင်းကို ဆတ်ခနဲ ကိုက်ပစ်လိုက်တာ။ ဒါပေမယ့် မှန်ရှေ့ရောက်ရင်တော့ မှန်မှာ ပေါ်တဲ့ ကိုယ့်မျက်နှာကို ကြည့်ပြီး သဘောကျလို့ တရွှတ်ရွှတ်နဲ့ မှန်ကို ကုန်းပြီး နမ်းရတာ အမော။

*****

နောက်ပြီး သမီးက မအိပ်ခင်ဆို အရမ်းဆော့တာ။ ၆ လ မတိုင်ခင်ကတော့ မေမေက သီချင်းဆို သိပ်လိုက်ရင် သိပ်မကြာဘူး သမီးလေး အိပ်ပျော်သွားရော။ အခုနောက်ပိုင်းတော့ အိပ်ဖို့ အိပ်ယာပေါ်ရောက်ရင် သမီးက နှစ်ပတ် သုံးပတ်လောက် စိတ်ကြိုက် လှိမ့်လိုက်သေးတယ်။ ပြီးတော့ ဟိုနားလျှောက်သွား၊ ဒီနားလျှောက်သွား၊ လျှောက်ဆော့နဲ့ အားရအောင် ဆော့ပြီး မောတော့မှ အိပ်ပျော်သွားတော့တယ်။ အိပ်ရင်လည်း အရင်လို ငြိမ်ငြိမ်မအိပ်တော့ဘူးလေ။ အိပ်ရင်းနဲ့ လူးလိမ့်နေတာ အိပ်ယာတစ်ခုလုံး သမီးအတွက် ပေးထားရတဲ့ နေရာက ပိုများတယ်။ နောက်ပြီး အိပ်ယာက နိုးတာနဲ့ ချက်ချင်း ကုန်းထပြီး ထိုင်တော့တာပဲ။ အဲဒီအခါမျိုးမှာ မေမေက သမီးလေးကို လှဲချပေးပြီး ပြန်အိပ်ခိုင်းရတယ်။ နို့မို့ဆို သမီးက ပြန်မအိပ်တော့ပဲ လျှောက်ဆော့နေတာ မေမေပါ ထပြီး သမီးကို စောင့်ကြည့်ရတယ်။

အခုဆို သမီးကို အင်္ကျီလဲပေးရတာ၊ nappy လဲပေးရတာ အရမ်းခက်တာပဲ။ သမီးက အငြိမ်မှ မနေတော့တာကိုး။ သမီးကို nappy လဲပေးဖို့ ဆိုဖာပေါ်လှဲချလိုက်ရင် ချက်ချင်းပြန်မှောက်ပြီး ကုန်းထတော့ ဘာမှ လုပ်လို့မရဘူးပေါ့။ အဲဒါဆိုတော့ မေမေက သမီးလေး မတ်တပ်ရပ်လျက်က nappy လဲတတ်အောင် ကြိုးစားရတော့တယ်။ အဲဒါမှမဟုတ်လည်း သမီးကို ပစ္စည်း တစ်ခုခု ပေးဆော့ထားပြီး ခပ်မြန်မြန် လဲပေးရပြန်တယ်။ တစ်ခါတလေလည်း သမီးကို ပါးစပ်ထဲ ရသမျှ ကဗျာတွေ ရွတ်ပြပြီး အာရုံပြောင်းရင်းက လဲပေးရတယ်။ နောက်ပြီး သမီးက မကျေနပ်ဘူး၊ မကြိုက်ဘူးဆို အော်ငိုပြီး ကိုယ်ကြီးကို ကော့ထိုးတတ်တာမို့ သတိထားရသေးတယ်။

*****

မွေးခါစတုန်းကလည်း လသားအရွယ် နီတာရဲလေးမို့ စိတ်ပူရသလို အခု ၉ လအရွယ်ရောက်ပြန်တော့လည်း သမီးလေး ချော်လဲမှာ၊ ခေါင်းနဲ့ ကြမ်းပြင် စောင့်မိမှာ၊ မျက်နှာနဲ့ ခုံစောင်းနဲ့ ရိုက်မိမှာ၊ မျက်လုံးနဲ့ အချွန်တခုခုနဲ့ သွားထိုးမိမှာ၊ ခုံပေါ်အားယူတက်ရင်း ပြုတ်ကျမှာ စသည်ဖြင့် မေမေတို့မှာ သမီးကို စိတ်ပူရပြန်တယ်။ တတ်နိုင်သလောက် သမီးကို လိုက်ကြည့်ပေးပြီး အနာတရ မဖြစ်အောင် ဂရုစိုက်နေပေမယ့် အချိန်ပြည့် မကြည့်နိုင်တော့လည်း သမီးလေးမှာ ထိခိုက်ဒဏ်ရာတော့ ရတာပါပဲ။ ဒါပေမယ့် သမီးလေး အခုလို ကျန်းကျန်းမာမာနဲ့ လစဉ် ပုံမှန် ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်ရတော့ ပူပင်တာတွေလျော့ပြီး စိတ်သက်သာရပြန်တယ်။

ဒီကြားထဲ သမီးလေးက အမေကို မျက်စေ့အောက်က အပျောက်မခံတော့ တစ်ခါတလေ မေမေ့မှာ စိတ်ရော လူပါ ပင်ပန်းတယ်လို့ တွေးမိတယ်။ အဲဒီအတွေးကလည်း သိပ်မကြာလိုက်ပါဘူး၊ သမီးလေးရဲ့ ခိုးခိုးခစ်ခစ် ရီမောသံလေးတွေ၊ ချစ်စရာ အပြုအမူလေးတွေအောက်မှာ အားလုံးပျောက်ဆုံးကုန်ပြီး ပင်ပန်းခဲ့သမျှ အမောတွေ ပြေကုန်တာပါပဲ။

အောက်တိုဘာ ၁၈၊ ၂၀၁၀။