November 29, 2010

သမီးဖတ်ဖို့(၂၀၀၉ ခုနှစ် စက်တင်ဘာ-အောက်တိုဘာ)

မေမေလည်း ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ယောင်္ကျားလေး၊ မိန်းကလေး မသိခဲ့ရတော့ နောက်တစ်ခေါက် ဆိုရင်တော့ သိရလောက်တယ် ဆိုပြီး တစ်ပတ်နဲ့ တစ်ပတ် ဆေးရုံပြရမယ့် ရက်ကိုပဲ မျှော်နေမိတယ်။ မေမေတို့ မန်နေဂျာပြောတာတော့ ဒီက ဆရာဝန်တွေက ကိုယ်ဝန် ၅ လ မကျော်မချင်း ယောင်္ကျားလေး မိန်းကလေး ဆိုတာ မပြောကြဘူးနဲ့ တူတယ်တဲ့။ ကလေး ဖျက်ချပစ်မှာစိုးလို့ လို့ပြောတာပဲ။ တရုတ်ပြည်မှာတော့ ယောင်္ကျားလေး မဟုတ်ဘူးဆိုရင် ဖျက်ချပစ်တာတော့ ကြားဖူးတယ်။ ဒီမှာတော့ အဲဒီလို ဖျက်ချလို့ ရလား မရလား မေမေလည်း သေချာ မသိဘူး။

နောက်ပြီး ရှိသေးတယ်၊ ကိုယ်ဝန်ရှိခါစမှာ မအန်မပြုရင် ယောင်္ကျားလေးဖြစ်မယ်တို့၊ ultra sound ကြည့်လို့ မိန်းကလေးဆို နောက်ကျမှ သိရတယ်တို့၊ ကိုယ်ဝန်ဆောင်သည်ကို နောက်ကကြည့်ရင် ဗိုက်က ဘေးကို ကားမနေပဲ ရှေ့ကို ထွက်နေရင် ယောင်္ကျားလေးဖြစ်မယ်တို့၊ မိခင်လောင်းရဲ့ ဗိုက်မှာပေါ်တဲ့ အကြောင်းက ကွေးကောက်နေရင် မိန်းကလေးဖြစ်ရမယ်တို့ ပြောလိုက်ကြ၊ ခန့်မှန်းလိုက်ကြတာများ စုံနေတာပါပဲ။ နောက်ပြီး အမျိုးတွေကလည်း ပါပါးရဲ့ မွေးနေ့ရက်နဲ့ မေမေ့မွေးနေ့ရက်ကို တွက်ချက်ပြီး စုံ ဂဏန်းဆို မိန်းကလေး ဆိုလား၊ ယောင်္ကျားလေးဆိုလား မှတ်တောင် မမှတ်မိတော့ဘူး သူတို့ ပြောကြတာ။ နှစ်ဘက် အဘိုးအဘွားတွေက ယောင်္ကျားလေး လိုချင်တော့ မေမေတို့ကို တွက်ချက်ကြည့်ပေးပြီး စိတ်ကူးထဲကနေ ယောင်္ကျားလေး ဖြစ်မှာပဲ လို့ ကြိမ်းသေပေါက် တွက်ထားကြတယ်လေ။ အရာအားလုံးက ကံပါပဲ သမီးရယ်။ ဗိုက်ထဲက ကလေးက ယောင်္ကျားလေးလား၊ မိန်းကလေးလား ဆိုတာ သူ့ဟာသူ သတ်မှတ်ထားပြီးသားပါ။ ဘယ်သူကမှ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ မေမေတို့အတွက်ကတော့ ဗိုက်ထဲက ကလေးလေးက နေကောင်းတယ်၊ ကျန်းမာတယ်၊ ကြီးထွားတာလည်း ပုံမှန်ပဲ ဆိုတာနဲ့တင် စိတ်အေးရပါပြီ။

ပြောမယ့်သာ ပြောရတာ။ မေမေလည်း ဗိုက်ထဲက ကလေးလေးက ယောင်္ကျားလေးလား၊ မိန်းကလေးလားဆိုတာ သိပ်သိချင်တာပဲ။ ဘာလို့လည်းဆိုတော့ စိတ်ထဲကနေ ကလေးနဲ့ စကားပြောတိုင်း “ကလေးရေ” လို့ပဲ ခေါ်နေရတော့ ယောင်္ကျားလေးဆိုလည်း “သား” လို့ ခေါ်ပြီး စကားပြောချင်တယ်၊ မိန်းကလေးဆိုလည်း “သမီး” လို့ ခေါ်ပြီး စကားပြောချင်နေမိတယ်။ ကလေးကလည်း မေမေနဲ့ စိတ်ချင်းဆက်နေတာဆိုတော့ တစ်ခါတလေ ငြိမ်နေရင် “ကလေးရေ.. ငြိမ်နေပါလား” လို့ စိတ်ထဲက ပြောလိုက်တာနဲ့ အထဲက သမီးလေးက “မငြိမ်ပါဘူး မေမေ” လို့ ပြောနေသလိုပဲ တွန်းထိုးပြီးကို လှုပ်ပြနေတော့တာ။ တစ်ခါတလေလည်း မေမေက ဗိုက်ပေါ် လက်တင်ထားမိရင် သမီးလေးက လက်အောက်နားလေးမှာ ခုံးခုံးလေး ကြွတက်လာပြန်ရော။ အဲဒီလို ကြွတက်လာရင် ဒါလေးက ခေါင်းလေးများဖြစ်မလား၊ ဒါလေးက တင်ပါးလေးများဖြစ်မလား ဆိုပြီး စမ်းကြည့်ရင်းက စိတ်ထဲလည်း ပီတိဖြစ်ရတယ်။ နောက်တစ်ခေါက် ဆေးရုံသွားရင်တော့ မိန်းကလေး ယောင်္ကျားလေး သိရလောက်ပြီလို့ တွေးမိပြီး မေမေလည်း ဆရာဝန်နဲ့ တွေ့ဖို့ကို စိတ်စောနေမိတယ်။

ကိုယ်ဝန် ၅ လကျော် ၆ လထဲ ၀င်လာပြီဆိုတော့ ဗိုက်လည်း သိသိသာသာကို ထွက်လာပြီလေ။ ရုံးကလူတွေက ဗိုက်ကို ကြည့်ပြီး “လေးလားတဲ့” မေမေ့ကို လာမေးကြသေးတယ်။ မေမေ့စိတ်ထဲတော့ လေးတယ်လို့လည်း မထင်မိပါဘူး။ ကလေးတိုးရင်ပဲဖြစ်ဖြစ် လှုပ်ရင်ပဲဖြစ်ဖြစ် တစ်ချက် တစ်ချက် တင်းပြီး ဗိုက်နာသလိုဖြစ်တာက လွဲရင် ကျန်တာတော့ ဘာမှ မဖြစ်လိုလှဘူး။ စက်တင်ဘာ ၁၂ ရက်နေ့ကတော့ မေမေ့ သွားတွေကို စစ်ဆေးဖို့ သွားဆေးခန်း သွားလိုက်သေးတယ်။ ကိုယ်ဝန်ဆောင်သည်တွေက ဟိုမုန်းအပြောင်းအလဲကြောင့် သွားဖုံး ရောင်ပြီး သွေးထွက်တာမျိုးတွေ ဖြစ်တတ်တယ်လို့ စာထဲလည်း ဖတ်လိုက်မိတယ်။ ပြီးတော့ ကိုယ်ဝန်လရင့်လာရင် သွားနှုတ်တာတို့၊ သွားပိုးစားလို့ သွားဖာတာမျိုးတွေ လုပ်လို့မရဘူး ဆိုပြီး ဒီပို့စ်လေး မှာ ရေးထားတာ ဖတ်မိလို့ မေမေလည်း စောစောစီးစီး သွားကို စစ်ဆေးပြီး သန့်ရှင်းရေး သွားလုပ်ထားလိုက်တယ်။ တော်ပါသေးတယ်။ မေမေ့ သွားတွေက အားလုံးကောင်းတယ်၊ သွားဖုံးရောင်တာ သွေးထွက်တာမျိုးတွေ မရှိဘူး။ သွားနဲ့ ပတ်သက်ပြီး အဲဒါလေး တခုတော့ ကံကောင်းတယ်ပြောရမယ်။

ဒီလိုနဲ့ စက်တင်ဘာ ၁၄ ရက် ဆေးရုံပြရမယ့်နေ့ ရောက်တော့ ဆရာဝန်က ထုံးစံအတိုင်း ဗိုက်ပေါ် ဂျယ်လီလို ခပ်ပြစ်ပြစ်အရည်တွေ လောင်းချလိုက်ပြီး ကလေးကို စပြီး စစ်တော့တာပဲ။ အရင်ဆုံး ခေါင်းအရွယ်တိုင်းယူတယ်။ ပြီးတော့ ကလေး အရပ်လေး တိုင်းပြီး အလေးချိန်တွက်ယူတယ် ထင်ရတာပဲ။ စက်နဲ့ လုပ်နေတာဆိုတော့ မေမေနဲ့ ပါပါးလည်း ဘေးကနေပဲ ကြည့်နေရတာပေါ့။ အဲဒီနေ့က ကိုယ်ဝန် ၂၃ ပတ်နဲ့ ၁ ရက်ရှိနေတဲ့ သမီးလေးရဲ့ ကိုယ်အလေးချိန်က ၆၅၆ ဂရမ်ရှိလာပြီး နှလုံးခုန်တာလေးတွေ၊ အစာအိမ်၊ ဆီးအိမ်၊ မျက်လုံး၊ လက်၊ ခြေထောက်လေးတွေ၊ ကြောရိုး နဲ့ လည်ပင်းတွေပါ မြင်နေရပြီ။ အဲဒါတွေ ကြည့်ပြီးတော့ ဆရာဝန်က “အားလုံး ကောင်းတယ်” လို့ ပြောပြီး ပြန်တော့မယ် လုပ်ရော။ အဲဒီတော့ မေမေက “ယောင်္ကျားလေး မိန်းကလေး သိရပြီလား” လို့ ဆရာဝန်ကို မေးလိုက်တယ်လေ။ မေမေ မေးလိုက်တော့မှ ဆရာက စက်မှာ ခဏပြန်ထိုင်လိုက်ရင်း “ကြည့်လို့ရပြီလား မသိဘူး”လို့ ပြောပြီး ပြန်စစ်ကြည့်တယ်။ သူကြည့်တာလည်း ခဏပါပဲ ၁ မိနစ် ၂ မိနစ်လောက်လောက်တောင် ရှိပါ့မလား မသိဘူး။ စစ်ကြည့်ပြီးတာနဲ့ “Not decided yet” လို့ပြောပြီး ပြီးသွားရော။

ဆရာဝန်ကတော့ “ကလေးကြီးထွားနှုန်းက ပုံမှန်ပဲ ဆိုတာရယ်၊ စိုးရိမ်စရာ မရှိဘူးဆိုတာရယ်” ပြောပြီး နောက် ၃ပတ် (အောက်တိုဘာ ၅ ရက်) နေ ပြန်လာခဲ့ဖို့ ထပ်ချိန်းလိုက်တာပါပဲ။ သူနာပြုဆရာမလေးကတော့ “နောက်တစ်ခေါက်ဆိုရင် သိရမှာပါ” ဆိုပြီး မေမေ့ကို နှစ်သိမ့်လိုက်တယ်။ ကလေးကတော့ အားလုံး အခြေအနေကောင်းပေမယ့် မေမေကတော့ အိပ်ကောင်းစားကောင်းမို့ ကိုယ်အလေးချိန် တက်လာတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ၂ ကီလိုနီးပါး တက်လာပြီး ဒီတစ်ခေါက်ကျတော့ ၃ ကီလို တက်လာလို့ ဆရာဝန်က မေမေ့ကို “ကိုယ်အလေးချိန်တက်တာ များတယ်၊ ပုံမှန် ၁ လကို ၁ ကီလိုပဲ တက်ရမှာ အခု ၃ ကီလိုဖြစ်နေပြီ” လို့ ပြောပြီး စာရွက်မှာ မင်နီတားပေးလိုက်တယ်။ ကျန်တာတွေကတော့ အားလုံး ပုံမှန်ပါပဲ။

ဆေးရုံက အပြန် ရုံးရောက်တာနဲ့ မေမေတို့ မန်နေဂျာက “ဘာလေးလဲ” လို့ တန်းမေးပါလေရော။ “မသိရသေးဘူး” ဆိုတော့ သူက တခြား ဆရာဝန်နဲ့ ပြောင်းပြခိုင်းတယ်။ ပုံမှန် သူများတွေ ၅ လကျော်မှာ သိနေရပြီလေ။ ရုံးက မေမေတို့ အသိ တစ်ယောက်ဆို ၁၈ ပတ်ထဲက သိရတယ်ပြောတယ်။ အဲဒါဆိုတော့ မေမေတို့ မန်နေဂျာနဲ့ ပါပါးက “မိန်းကလေးဖြစ်လို့ နေမှာပေါ့၊ ယောင်္ကျားလေးဆို အခုလောက်ရှိ မြင်သာထင်သာ ရှိလောက်ရောပေါ့၊ ဒါမှမဟုတ် ကလေးက မပြဘူး ဆိုတော့ ရှက်လို့များ ပေါင်စေ့ထားသလားပဲ” လို့ ပြောပြီး နောက်ရင်း ရီမောနေကြတယ်။

မေမေလည်း မန်နေဂျာ ပြောသလို အပြင်မှာ သွားစစ်ကြည့်ရင် ကောင်းမလား လို့တောင် စိတ်ကူးမိပြီး ပါပါးနဲ့ တိုင်ပင်ကြည့်လိုက်သေးတယ်။ ပါပါးကတော့ “ ယောင်္ကျားလေး မိန်းကလေး သိရဖို့ဆိုတာ ဆရာဝန်တွေ အတွက်က ဘာမှ အရေးမကြီးဘူး၊ ကလေး ကျန်းမာဖို့၊ ကြီးထွားနှုန်း ပုံမှန်ဖြစ်ဖို့သာ သူတို့အတွက် အရေးအကြီးဆုံး ဆိုတော့ ကလေးနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ အားလုံးကို သေချာစစ်ဆေးပေးတာပဲ၊ အခု ကလေးက အားလုံး OK နေတော့ ကျန်တာတွေကို သိပ်ပြီး အလေးထားပုံ မပေါ်ဘူး။ ဒါကြောင့် အခု မသိရသေးလည်း နောက်တော့ သိရမှာပေါ့၊ အရင်တုန်းက လူတွေဆို မွေးပြီးတော့မှတောင် သိရသေးတာ။ ဟိုဟိုဒီဒီတွေ လျှောက်မတွေးနဲ့” ဆိုပြီး မေမေ့ကို အားပေးရှာတယ်။ ပါပါး ပြောတာလည်း ဟုတ်ပါတယ်လေ။ ဆရာဝန်က ယောင်္ကျားလေး မိန်းကလေး မပြောသေးတာကလွဲပြီး ကလေးကိုရော မေမေ့ကိုပါ သေချာ စစ်ဆေးပေးပါတယ်။ အဲဒီနေ့ ဆေးရုံက ပြန်လာပြီးတဲ့ နောက်ပိုင်း မေမေလည်း ဗိုက်ထဲက ကလေးနဲ့ နေ့တိုင်းလိုလို စကားပြောနေမိတယ်။ နောက်တစ်ခေါက် ဆေးရုံရက်ချိန်းမှာ ultra sound ကြည့်ရင် မေမေတို့ကို ယောင်္ကျားလေး မိန်းကလေးဆိုတာ သိသာအောင် ပြပါ ဆိုပြီးတော့ပေါ့။

နိုဝင်ဘာ ၃၀၊ ၂၀၁၀။

November 28, 2010

သမီးဖတ်ဖို့(၂၀၀၉ ခုနှစ် သြဂုတ်-စက်တင်ဘာလ)

ကိုယ်ဝန် ၄ လကျော်လာတဲ့နောက်ပိုင်းမှာ အဖြေရဆုံးနဲ့ အမေးခံရဆုံး မေးခွန်းတွေကတော့ “ကလေးကို ဘယ်မှာ မွေးမှာလဲ” ဆိုတာရယ်၊ “ဘာလေး လိုချင်လဲ” ဆိုတာရယ်၊ “ယောင်္ကျားလေး၊ မိန်းကလေး သိရပြီလား” ဆိုတာရယ်ပဲ။

အစတုန်းက ရုံးကနေ ဘယ်တော့ ခွင့်စပြီး ယူရမှန်းလည်း မသိ၊ သူတို့ သတ်မှတ်ထားတဲ့ rule တွေကိုလည်း သေချာ မသိသေးတော့ ကလေးကို ဘယ်မှာ မွေးရမယ်မှန်း မဆုံးဖြတ်ရသေးဘူး။ နောက်တော့ ရုံးက HR ၀န်ထမ်းက Maternity Leave နဲ့ပတ်သက်ပြီး အကျိုးခံစားခွင့်နဲ့ ခွင့်ရက်အမျိုးအစားတွေကို ရှင်းပြပေးတယ်။ မေမေတို့ရုံးမှာတော့ Child Birth Leave နဲ့ Child Care Leave ဆိုပြီး ၂ မျိုးရှိတယ်။ Child Birth Leave က မြန်မာလို ဆိုရင်တော့ မီးဖွားခွင့်လို့ ခေါ်မှာပေါ့။ Due date မတိုင်ခင် ၆ ပတ်ကနေ ကလေးမွေးပြီး ၆ ပတ်ကာလ စုစုပေါင်း ၁၂ ပတ်ကို Child Birth Leave အဖြစ်သတ်မှတ်ထားတယ်။ ကလေးမွေးပြီး ၆ ပတ် နောက်ပိုင်းကိုတော့ Child Care Leave လို့ခေါ်တယ်။ Child Care Leave က ကလေးကို စောင့်ရှောက်ဖို့အတွက်ဆိုတော့ အများဆုံး ၁ နှစ်အထိယူလို့ရတယ်။ တကယ်လို့များ ခွင့် ၁ နှစ်ပြည့် သွားပေမယ့် ကလေးကို ကြည့်ပေးမယ့် သူ မရှိတာမျိုး၊ day care ပို့လို့ မရတာမျိုးဆိုရင် နောက်ထပ် ၆ လ ခွင့် ထပ်တင်လို့ရတယ်။ အခုနောက်ပိုင်းတော့ အဖေတွေလည်း Child Care Leave ယူလို့ရတယ်ဆိုပြီး rule တွေ ထပ်ပြောင်းတယ်လို့ ပြောသံကြားမိတယ်။ အဲဒါအပြင် ကလေး နေမကောင်းဖြစ်တာတို့၊ ကာကွယ်ဆေးထိုးဖို့တို့ အတွက်ဆိုရင်လည်း ရုံးကနေ အဲဒီရက်တွေအတွက် ခွင့်ပေးတယ်တဲ့။

မေမေကတော့ သားဦးမို့လို့ ဖြစ်နိုင်ရင် ရန်ကုန်ပြန်ပြီး မွေးချင်တာပါပဲ။ ဒါပေမယ့် ခွင့်အမျိုးအစားတွေ သိရပြီးတဲ့နောက် ရက်တွက်ကြည့်လိုက်တော့ Due Date ကနေ ၆ ပတ်မတိုင်ခင် ဆို ဒီဇင်ဘာ ၇ ရက်နေ့မှ စပြီး Child Birth Leave ယူရမယ်လေ။ အဲဒီအချိန်လောက်ဆို ကိုယ်ဝန်က ၃၄ ပတ်လောက်ဖြစ်နေပြီမို့ ပါပါးက မေမေ့ကို လေယာဉ်စီးပြီး ခရီးမသွားစေချင်တော့ဘူး။ ခရီးက ဝေးတော့ ပါပါး လိုက်မပို့ပဲနဲ့ မေမေတစ်ယောက်တည်း ပြန်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။ အဲဒါဆိုတော့ ပါပါးက မေမေ့ကို လိုက်ပို့ဦး၊ လိုက်ကြိုဦး၊ တော်ကြာ မွေးပြီးသွားရင်လည်း မေမေတို့ကို ထားခဲ့ပြီး အိုဆာကာကို ပြန်လာရဦးမှာပဲ။ ပို့ဦးဟယ်၊ ကြိုဦးဟယ်နဲ့ ခရီးစရိတ်ကလည်း မသက်သာလှပြန်ဘူး။ မတတ်သာတဲ့အဆုံး မေမေတို့လည်း လူကြီးတွေနဲ့ပါ တိုင်ပင်ပြီး သမီးလေးကို ဂျပန်မှာပဲ မွေးဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။ ဒါတောင် တချို့က ဂျပန်နိုင်ငံသားဖြစ်အောင် ဂျပန်မှာ မွေးတာလား ဆိုပြီး မေးကြသေးတယ်။ ဒီမှာမွေးတဲ့ နိုင်ငံခြားသား ကလေးတွေကို ဂျပန်အစိုးရကလည်း သူတို့ နိုင်ငံသား မပေးပါဘူး။ ဒါကြောင့် သမီးက ဂျပန်မှာ မွေးမယ့် မြန်မာနိုင်ငံသား စစ်စစ်ပါ။

မေမေ ကိုယ်ဝန်ဆောင်ထားရပြီဆိုကတည်းက ရုံးမှာရော သူငယ်ချင်းတွေကပါ “ဘာလေးလိုချင်လဲ” လို့ မေးကြတယ်။ ဂျပန်တွေကတော့ ကလေးမွေးရင် “ အိချိ ဟိမဲ နိ တရော့ ( ichi hime ni taro 一姫二太郎)” ဆိုပြီး ဖြစ်စေချင်ကြတယ်။ အဓိပ္ပါယ်က အကြီးဆုံးကလေးကို မိန်းကလေး ဖြစ်စေချင်ကြပြီး ဒုတိယ ကလေးကိုတော့ ယောင်္ကျားလေး ဖြစ်စေချင်ကြတယ်။ မေမေနဲ့ ပါပါး ကတော့ ဘာလေးပဲ ဖြစ်ဖြစ် လိုချင်ပါတယ်။ ကိုယ့်ရင်သွေးပဲ မဟုတ်လား။ မိန်းကလေးဆိုလည်း မေမေနဲ့ တိုးတိုးဖော်ရတယ်၊ ယောင်္ကျားလေးဆိုလည်း ပါပါးနဲ့ ဂိမ်းဆော့ဖို့ အဖော်တိုးတယ်လို့ပဲ အောက်မေ့မိပါတယ်။ ဒါပေမယ့် မေမေတို့ရဲ့ နှစ်ဘက်မိဘတွေက တရုတ်လူမျိုးတွေဆိုတော့ အင်းစိန် အန်းကုန်း၊ အန်းမက သူတို့ မြေးဦးလေးကို ယောင်္ကျားလေး ဖြစ်စေချင်ကြတယ်။ သမီးရဲ့ တောင်ငူ အန်းကုန်းကလည်း ရှေ့က မြေး ၂ ယောက်က မိန်းကလေးဖြစ်ပြီးသားမို့ မေမေ့တို့ရဲ့ ရင်သွေးကိုတော့ ယောင်္ကျားလေး ဖြစ်မယ်လို့ မျှော်လင့်ထားရှာတယ်။ သမီးရဲ့ ပါပါးကတော့ ဘာလေးရယ်မှ လို့ မပြောပေမယ့် သမီးအကြီးတွေက များသောအားဖြင့် မိဘအပေါ်ကို သိတတ်တယ် ဆိုတော့ မိန်းကလေးဖြစ်လည်း မဆိုးပါဘူး၊ ယောင်္ကျားလေးဆိုလည်း လူကြီးတွေ ပျော်ရတာပေါ့ လို့ပဲ ပြောတယ်။ မေမေတို့များ ရန်ကုန်ကိုဖြစ်ဖြစ် တောင်ငူကိုဖြစ်ဖြစ် ဖုန်းဆက်ပြီဆို သမီးအဘိုးအဘွားတွေက "ဟလို" ပြီးတာနဲ့ နောက်မေးခွန်းက “ဘာလေးလဲ သိရပြီလား” ဆိုပြီး မေးတော့တာပဲ။ မေမေရဲ့ ဆရာဝန်ကလည်း ဘာမှမပြောသေးတော့ “မသိရသေးဘူး ၊ နောက်တစ်ခေါက်ဆို သိရမယ်နဲ့တူတယ်၊ အခုက နည်းနည်းစောနေသေးတယ်” လို့ပဲ ဖြေရတာပေါ့။

ကိုယ်ဝန် ၃ လကျော် ၄ လ ထဲဝင်လာတော့ သမီး အန်းမက သေချာ သတိထားနေရင် ကလေးလှုပ်တာကို သိရတယ်လို့ ပြောပေမယ့် မေမေ့စိတ်ထဲတော့ သိပ်မသိသာသလိုပဲ။ ဒါပေမယ့် အိပ်နေရင်းက တစ်ခါတလေ ဗိုက်ကို သွားစမ်းမိရင် ညာဘက်မှာ လုံးလုံးလေးတော့ စမ်းမိနေတတ်တယ်။ သိပ်မကြာဘူး ထပ်စမ်းရင် အဲဒီနေရာမှာမရှိတော့ပဲ ဗိုက်အလယ်လောက် ရောက်လာပြန်ရော။ တပတ်လောက်ကြာတော့ ဗိုက်ထဲက တချက် တချက် လှုပ်တာကို ခံစားမိလာတယ်။ ကိုယ်ဝန် ၅ လထဲလည်း ၀င်လာရော သမီးလေးက အသားကုန်ကို တွန်းကန်ပြီး လှုပ်ရှားတော့တာပဲ။ ဗိုက်ဆာနေတဲ့ အချိန်ဆို ပိုဆိုးတယ်။ လိမ့်လိမ့်ပြီး တက်တာ မူးတောင် မူးတယ်။ မေမေက ဗိုက်ဆာတော့ အထဲက သမီးလေးလည်း အနေခက်နေတယ်နဲ့တူပါရဲ့။ အဲဒီအချိန်ဆို မေမေလည်း မရှိ ရှိတာ ပြေးစားရတော့တာပဲ။ စားစရာ မရှိရင်လည်း နွားနို့ဖြစ်ဖြစ် သောက်လိုက်မှ အထဲက ငြိမ်သွားတော့တယ်။

နောက်ပြီး ၀မ်းလည်း တအား ချုပ်တယ်။ ၀မ်းအရမ်းချုပ်လာတော့ လေထိုးတာလေ အရမ်းခံရခက်တာပဲ။ အဲဒါကြောင့် မေမေလည်း ကလေးမွေးဖူးတဲ့ သူငယ်ချင်းတွေကို မေးကြည့်မိတယ်။ သူတို့က ၀မ်းနှုတ်ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဖို့နဲ့ ၀မ်းပျော့ပျော့သွားအောင် မန်ကျီးဖျော်ရည်လိုမျိုး၊ အရည်ရွှမ်းတဲ့ အသီးအနှံစားဖို့ အကြံပေးကြတယ်။ မေမေ့ရဲ့ ဂျပန်ဆရာမကလည်း ဖျော်ရည်ဘူးလေးတွေ ၀ယ်သောက်ဖို့ ပြောတယ်။ အဲဒီဖျော်ရည်က ပဲနို့၊ ဒိန်ချဉ် နဲ့ အသီးအနံ့လေး ထည့်ထားတော့ သောက်ရတာ လွယ်တာပေါ့။ ဒါကြောင့် ရုံးဖွင့်ရက်ဆို အဲဒီဖျော်ရည်ဘူးကို တစ်နေ့ တစ်ဘူး မှန်မှန်သောက်ပေးပြီး ရုံးပိတ်ရက်ဆိုရင်တော့ မန်ကျီးဖျော်ရည် သောက်ပေးတော့မှပဲ ၀မ်းချုပ်လို့ လေထိုး လေအောင့်တာ သက်သာသွားတော့တယ်။ အဲဒါတွေအပြင် ရိုးရိုးရေလည်း မေမေက ခဏခဏ သောက်ပေးဖြစ်တယ်။

ကိုယ်ဝန် ၅ လလောက်ရှိလာတော့ မေမေ့ဗိုက်လည်း သိသာတယ်လေ။ ဗိုက်ကြောင့် သွားလာရတာလည်း အရင်လို မကောင်းဘူးပေါ့။ နောက်ပြီး ခြေလက်တွေလည်း နည်းနည်းပြည့်ပြီး တင်းလာတယ်။ ဗိုက်ထဲက ကလေးက ထွားလာလေ ခါးနာတဲ့ ဝေဒနာကလည်း တဖြည်းဖြည်း ပိုဆိုးလာလေပဲ။ ထိုင်ပြီးထလိုက်ရင် ခါးက တဆတ်ဆတ်နဲ့ နာနေရော။ အဲဒါ မေမေက သူနာပြု ဆရာမကို ပြောပြတော့ သူက ကိုယ်ဝန်ဆောင်သည်တွေ ခါးနာရင် ပတ်တဲ့ ခါးပတ်မျိုး ၀ယ်ပတ်ခိုင်းတယ်။ အဲဒီ ခါးပတ်က ဗိုက်ကို ပင့်ပေးထားတဲ့အတွက် ခါးနာတာ သက်သာတယ်လို့ ပြောတာနဲ့ မေမေလည်း ကိုယ်ဝန် ၁၈ ပတ်လောက်က စပြီး အဲဒီ ခါးပတ် ၀ယ်ပတ်ဖြစ်ခဲ့တယ်။ ဗိုက်ကလည်း သိသာလာတော့ ဗိုက်တင်းတာ သက်သာအောင်ရယ်၊ ဗိုက်ကြောတွေ မပြတ်အောင်ဆိုပြီး coca butter cream လိမ်းဖြစ်ခဲ့တယ်။

ကိုယ်ဝန် ၄ လကျော်လာတဲ့ နောက်ပိုင်း ဘာပဲ စားရ စားရ စားကောင်းလွန်းလို့ ပါးစပ်ကို မနည်းပဲ ဘရိတ်အုပ်နေရတယ်။ ဆရာဝန်က မ ၀ စေနဲ့၊ အရမ်းမစားနဲ့လို့ မှာထားတာတောင် တစ်ခါတလေ စားတာ အရှိန်လွန်သွားရင် ဗိုက်ကြီးတင်းပြီး သိပ်မလှုပ်ရှားနိုင်တော့ဘူး။ အဲဒါကြောင့် ဗိုက်ပြည့်ရုံလောက်ကို ချင့်ချိန်ပြီး စားရတယ်။ ထမင်းစားကောင်းတဲ့အပြင် အိပ်လို့လည်း ကောင်းမှ ကောင်းပဲ။ အိမ်ပြန်ရောက်လို့ ထမင်း စားသောက်ပြီးတာနဲ့ တီဗွီကြည့်ရင်း ဆိုဖာပေါ်တင် အိပ်ပျော်ပျော်သွားတာ အကြိမ်ပေါင်း မနည်းဘူး။ တစ်ခါတလေလည်း ကွန်ပျူတာ ဖွင့်ပြီး Blog ဖတ်နေရင်းက အိပ်ပျော်နေတာလည်း ရှိလိုက်သေးတယ်။ အရင် သမီးလေး မရှိခင်တုန်းကဆို မနက် ၁ နာရီဆိုလည်း မအိပ် ၂ နာရီဆိုလည်း မေမေ အိပ်သေးတာ မဟုတ်ဘူး။ အခုတော့ ည ၁၀ နာရီလောက်ဆို အိပ်ပျော်သွားပြီး ရုံးတက်ဖို့ မနက် ၈ နာရီကို မနည်းပဲ ကုန်းရုန်း ထရတယ်။

သြဂုတ်လ ၂၄ ရက်နေ့ ရောက်တော့ ထုံးစံအတိုင်း ဆရာဝန်နဲ့ ပြဖို့ ဆေးရုံးကို သွားရပြန်တယ်လေ။ အဲဒီနေ့က ၂၀ ပတ်နဲ့ ၁ ရက်တဲ့ သမီးလေးက ၃၇၃ ဂရမ် ဖြစ်လာပြီး အရင်တစ်ခေါက်ထက်စာရင် ၂ ဆ ကျော်ကျော်လောက် ထွားလာတာပေါ့။ ultra sound ရိုက်တော့ သမီးရဲ့ မျက်လုံးလေးတွေ၊ နှာခေါင်းနဲ့ ပါးစပ်လေးလည်း မြင်ရတယ်၊ ပြီးတော့ လက်တွေ ခြေထောက်တွေလည်း ကောင်းကောင်းမြင်နေရပြီ။ Screen မှာ ကြည့်လိုက်ရင် သမီးလေးက လှုပ်စိ လှုပ်စိလေးမို့ ကြည့်ရတာ အသည်းယားဖို့ အရမ်းကောင်းတာပဲ။ အဲဒီနေ့က သမီးမျက်နှာလေးကို မြင်ရတော့ စိတ်ကူးထဲကနေ ဘယ်သူနဲ့တူလဲ ဆိုပြီး ပုံဖော်ကြည့်နေမိတယ်။ ဆရာဝန်ကတော့ မေမေတို့ကို ကလေးလည်း နေကောင်းတယ်၊ အားလုံး ပုံမှန်ပဲမို့ ကလေးရဲ့ ကြီးထွားမှုကို အားရတယ်လို့ပြောတယ်။ ဆရာဝန်ကိုယ်တိုင်က အားရတယ်ဆိုတော့လည်း မေမေတို့က ပိုပြီး စိတ်ချမ်းသာရတာပေါ့ သမီးရယ်။

မေမေနဲ့ ရှေ့ဆင့်နောက်ဆင့် ကိုယ်ဝန်ဆောင်တဲ့သူတွေက ယောင်္ကျားလေး မိန်းကလေး သိနေရပြီလို့ ပြောတော့ မေမေလည်း ဆရာဝန်ကို အရဲစွန့်ပြီး “ယောင်္ကျားလေး မိန်းကလေး ကြည့်လို့ရပြီလား” လို့ မေးလိုက်တယ်။ အဲဒီတော့ ဆရာဝန်က စက်မှာ ပြန်ထိုင်ရင်း ခဏလောက်ကြည့်ပေးပြီး “Not fully developed” လို့ပဲ ဖြေတယ်။ မေမေ့ကို နောက် ၃ ပတ် (စက်တင်ဘာ ၁၄ ရက်) နေ့မှာ ပြန်လာပြဖို့ ရက်ချိန်းပေးလိုက်တယ်။


နိုဝင်ဘာ ၂၈၊ ၂၀၁၀။

November 15, 2010

သမီးဖတ်ဖို့(၂၀၀၉ ခုနှစ် ဇူလိုင် - သြဂုတ်လ)

ဂျပန်က ဆရာဝန်တွေရဲ့ အယူအဆ နဲ့ ကိုယ်ဝန်ဆောင်သည်တွေ အတွက် ညွှန်ကြားထားတာလေးတွေကို ဗဟုသုတဖြစ်အောင် ပြောပြရဦးမယ်။ ဒီက ဆရာဝန်တွေကတော့ ရှင်းတယ် သမီးရေ။ ပါပါးက “ကိုယ်ဝန် အတွက် အာဟာရပြည့်အောင် ဘယ်လို အားဆေးတွေ သောက်ဖို့လိုအပ်သလဲ” လို့ မေးတော့ ဆရာဝန်က “ဘာဆေးမှ သောက်စရာမလိုဘူး။ အစားလည်း ရှောင်နေစရာ မလိုဘူး၊ အားလုံး စားလို့ရတယ်” ဆိုပြီး ခပ်တိုတိုပဲ ပြန်ဖြေတယ်။ အဲဒါဆိုတော့ မေမေလည်း ရန်ကုန်က ယူလာတဲ့ ကိုယ်ဝန်ဆောင် အားဆေးကို ဆက်မသောက်ဖြစ်တော့ဘူး။

အရင်အခါတွေတုန်းက ဆေးရုံပြရတဲ့ရက်ဆို ဆရာဝန်က စမ်းသပ်ပြီးရင် နောက်ဆုံး သူနာပြုဆရာမနဲ့ သွားတွေ့ပြီး သူတို့မေးတဲ့ မေးခွန်းတွေကို ၁ နာရီနီးပါး ဖြေရသေးတယ်။ သူနာပြုဆရာမ မေးတာက နေ့စဉ် စားတဲ့ အစားအစာ၊ ဘယ်အချိန်စားလဲ၊ မနက်ဘယ်နာရီအိပ်ယာထလဲ၊ ရုံးသွားရင် ဘယ်လိုသွားလဲ၊ ရုံးမှာ ဘယ်နှစ်နာရီ အလုပ်လုပ်ရလဲ၊ စတဲ့ မေးခွန်းတွေ ဖြေရတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ပြီး ဗဟုသုတ အနေနဲ့ ဘာတွေ သိထားလဲ ဆိုတာလည်း မေးတယ်။ အဲဒီတော့ မေမေက “အလေးအပင်မ မ ရဘူး၊ ဒေါက်မြင့်ဖိနပ် မစီးရဘူး၊ အပူအစပ် မစားရဘူး” ဆိုပြီး ကိုယ်သိတာလေးကို ပြောပြရတာပေါ့။ မေမေ ဖြေပြီးတော့မှ သူနာပြုဆရာမက ကိုယ်ဝန်ဆောင်မိခင်လောင်းတွေက အအေးမမိစေရဘူး၊ ဖြစ်နိုင်ရင် မေမေ့ကို အမြဲပဲ အနွေးထည်ဆောင်ထားခိုင်းတယ်။ ပြီးတော့ အချိုတွေ သိပ်မစားခိုင်းဘူး။ အခုလောလောဆယ် မေမေ့မှာ သွေးတိုးနဲ့ ဆီးချိုတော့ မရှိပေမယ့် မွေးခါနီးရင် သွေးတိုးတတ်လို့ အငန်တွေလည်း မစားခိုင်းဘူး။ နောက်ပြီး အစားကို အများကြီးလည်း မစားခိုင်းပြန်ဘူး။ ကိုယ်ဝန်ရှိချိန်မှာ မ ၀ တာ၊ ၀ိတ် မတက်တာ ကို ပိုပြီး သဘောကျကြတယ်။ တကယ်လို့ မိခင်က အရမ်းဝရင် ကလေး ရော မိခင်ပါ မွေးခါနီးရင် ဒုက္ခရောက်နိုင်တယ်တဲ့။ မိခင်က အစား အများကြီး စားတဲ့အတွက် ကလေးက တအားထွားတဲ့အပြင် သွေးတိုးတာပါ ပိုဖြစ်နိုင်တယ် ဆိုပြီး မေမေ့ကို ပြောပြတယ်။ တစ်လကို ပုံမှန် ၁ ကီလိုလောက်ပဲ တက်တာ အကောင်းဆုံးပဲတဲ့။ အဲဒီ မတိုင်ခင်ကတော့ ပါပါးက မေမေ့ကို ထမင်းအများကြီး စားခိုင်းတယ်လေ။ အမှန်တော့ ပါပါးက စိတ်ပူပြီး ကိုယ်ဝန်နဲ့ဆိုတော့ ကလေးအတွက်ပါ ပိုစားမှ မိခင်က အားရှိမယ်ဆိုပြီး စားခိုင်းတာ။ အခုလို သူနာပြု ဆရာမတွေ ရှင်းပြလိုက်တော့မှပဲ ပါပါးလည်း မေမေ့ကို အစား အများကြီး မစားခိုင်းတော့ဘူး။

နောက်ထပ် မေးခွန်းတွေက နှစ်ဘက် မိဘတွေ နဲ့ မေမေတို့မှာ ရောဂါ ရှိမရှိ၊ မီးဖွားခါနီးရင် မေမေနဲ့ ဘယ်သူလာနေပေးမလဲတို့၊ မွေးခန်းထဲကို ပါပါးအပြင် တခြား ဘယ်သူလိုက်ဦးမလဲတို့၊ ကလေးမွေးပြီးသွားရင် မိသားစုဝင်တွေထဲက မေမေ့ကို ဘယ်သူလာကြည့်ပေးမလဲတို့ ၊ မေမေ့သူငယ်ချင်းတွေထဲမှာ ကိုယ်ဝန်ဆောင် ကလေးမွေးဖူးတဲ့ မိခင်ရှိလားတို့၊ ပြီးတော့ မေမေတို့ နေတဲ့ အနီးနားမှာရော ကိုယ်ဝန်ဆောင် ကလေးမွေးဖူးတဲ့သူရှိလား စတဲ့မေးခွန်းတွေ မေးတယ်။ မွေးခန်းထဲ ၀င်မယ့်သူရော၊ ကလေးမွေးပြီးသွားလို့ လာကြည့်မယ့်သူရော၊ ဆေးရုံကနေ အိမ်ပြန်ရောက်လို့ ကလေးကို ၀ိုင်းကြည့်ပြီး စောင့်ရှောက်ပေးမယ့် သူရော မေးခွန်း အားလုံးအတွက် အဖြေက အတူတူပဲလေ။ ပါးပါးတစ်ယောက်ပဲ ရှိတာဆိုတော့ ဘာမေးမေး မေမေက ပါပါးကိုပဲ လက်ညှိုးထိုးပြလိုက်တယ်။ အဲဒါဆိုတော့ သူနာပြု ဆရာမက ပါပါးအပြင် တခြားသူကို ပြောပါဆိုတော့ မေမေတို့မှာ တခြားပြောစရာ လူမရှိဘူး။ မေမေနဲ့ အလုပ်အတူတူလုပ်နေတဲ့သူတွေထဲက ကလေးမွေးဖူးတဲ့သူတွေ ရှိပေမယ့် သူတို့က အိုဆာကာမှာ နေကြတာမဟုတ်ဘူး။ အဲဒါဆိုတော့ အနီးအနားမှာရော သူငယ်ချင်းတွေထဲမှာပါ ကလေးမွေးဖူးတဲ့သူ မရှိဘူးလို့ပဲ ဖြေလိုက်ရတယ်။ မွေးပြီးရင် သမီးအန်းမကလည်း မေမေနဲ့ လာနေပေးနိုင်မှာ မဟုတ်ဘူးလို့ သူတို့ကိုပါ ကြိုပြောထားလိုက်တော့ သူနာပြုဆရာမလည်း တော်တော်ကို စိတ်ရှုတ်သွားပုံရတယ်။ သူတို့ကတော့ မေမေ့အတွက်ရော သမီးလေးအတွက်ပါ စိုးရိမ်လို့ ကြိုတင် စီစဉ်ထားရအောင် မေးတာပါ။ ဒါကြောင့်လည်း မေမေဖြေတာတွေ အားလုံးကို သူတို့က မှတ်တမ်းလိုမျိုး ရေးမှတ်ထားတယ်။ အဲဒါအပြင် ကိုယ်ဝန်ဆောင်သည်တွေ ဖတ်ဖို့ ဆေးရုံက ထုတ်ထားတဲ့ စာအုပ်လည်း ထုတ်ပေးတယ်။ စာအုပ်ထဲမှာပါတာက ကလေးမမွေးခင်၊ မွေးပြီးချိန်နဲ့ ဆေးရုံတက်နေတုန်းမှာ သိထားသင့်တာတွေကို ရှင်းပြထားတာပါပဲ။

ကံကောင်းတာ တစ်ခုက မေမေ့ကို ဂျပန်စာ သင်ပေးနေတဲ့ ဆရာမကလည်း မေမေနဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကိုယ်ဝန်ရှိလာတယ်။ အဲဒီတော့ ဆရာမက မေမေ့ကို ကိုယ်ဝန်နဲ့ပတ်သက်တာ၊ ကလေးနဲ့ပတ်သက်တာအပြင် တခြားသိသင့်တာတွေနဲ့ ဂျပန်လို အခေါ်အဝေါ်တွေကို အိမ်မှာ လာသင်ပေးရှာတယ်။ နောက်ပြီး မေမေ သိချင်တာ နားမလည်တာရှိရင်လည်း ဆရာမက မေမေ့ကိုစာဖတ်ပြီး ပြန်ပြောပြပေးတယ်။ ဆရာမကျေးဇူးတွေ မေမေ့မှာ အများကြီးပါပဲ။ မေမေတို့ နှစ်ယောက် တွေ့ပြီဆို တစ်ယောက် အခြေအနေ တစ်ယောက်ပြောပြပြီး အချင်းချင်း အားပေးနှစ်သိမ့်ရတာပေါ့။ မေမေကတော့ ထိုင်ရလွန်းလို့ ခါးနာတဲ့ ဝေဒနာ ခံစားရပြီး ဆရာမကတော့ အလုပ်ထဲမှာ မတ်တပ်ရပ်ရလွန်းလို့ ကိုယ်ဝန် လနုတုန်းမှာ ခြေထောက်တွေ ပြည့်ပြီး ဖောတဲ့ ဝေဒနာကို ခံစားရတယ်။ ဒါတောင် သမီးလေး ကိုယ်ဝန်ကို လွယ်ထားရပြီဆိုကတည်းက မေမေ့ အလုပ်ထဲက လူကြီးတွေက မေမေ့ကို ငဲ့ညှာပြီး အချိန်ပို လုပ်ခိုင်းတာတို့၊ နောက်ကျပြီး ရုံးမှာ နေရတာမျိုးတို့ မလုပ်ခိုင်းတော့ဘူး။ အလုပ်ကိုလည်း ပုံမှန်အတိုင်း လုပ်နေရယုံပဲမို့ တော်သေးတယ်လို့ ပြောရမှာပေါ့။

ကိုယ်ဝန် ၃ လကျော်လာတဲ့ နောက်ပိုင်းတော့ မေမေလည်း နေရတာ၊ လှုပ်ရှားရတာ တဖြည်းဖြည်း ပေါ့ပါး လာတယ်။ အရင်လို မောတာ ပင်ပန်းတာလည်း သက်သာလာတဲ့အပြင် အိပ်ကောင်း၊ စားကောင်းဖြစ်လာတယ်။ အဲဒီတော့ မေမေ့ကို အင်းစိန် အန်းမကရော၊ သူငယ်ချင်းတွေကပါ ဘာစားချင်လဲ၊ ဘာချဉ်ခြင်းတပ်လဲ လို့ မေးကြတယ်။ ကိုယ်ဝန်ဆောင် မိခင်သည်တွေ ချဉ်ခြင်းတပ်တာလည်း အတော်ထူးဆန်းတယ်လို့ပဲ ပြောရမှာပဲ။ မေမေကတော့ သားကြီး ငါးကြီးနဲ့ အဆီအစိမ့်တွေထက်ကို ရန်ကုန်မှာ ၀ယ်လို့ရတဲ့ ငါးမျိုး (ရေချိုငါး) ပိုစားချင်တယ်။ ဂျပန်မှာက ပင်လယ်ငါး ပေါပေမယ့် ရေချိုငါးက ရှားတယ် မဟုတ်လား။ အဲဒါဆိုတော့ ထူးထူးခြားခြား ချဉ်ခြင်းတပ်ပြီး စားချင်စိတ်လည်း မဖြစ်မိတော့ပါဘူး။

ဒီလိုနဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဆရာဝန်နဲ့တွေ့ဖို့ ဆေးရုံသွားရပြန်တယ်။ ဆရာဝန်နဲ့ မတွေ့ခင်မှာ ဆေးရုံရောက်တာနဲ့ အရင်ဆုံး သွေးပေါင်ချိန်ရတယ်၊ ပြီးတော့ ကိုယ်အလေးချိန် တိုင်းရတယ်။ နောက်ပြီး ဆီးစစ်ရတယ်။ သွေးပေါင်ချိန်တာနဲ့ ကိုယ်အလေးချိန် ကိုတော့ စက်တွေ ချပေးထားလို့ ကိုယ့်ဘာသာကိုယ်ပဲ တိုင်းရတယ်။ ပြီးမှ ရလာတဲ့ အဖြေကို သူနာပြုဆရာမလေးတွေကို ပေးလိုက်ရင် သူတို့က မိခင်နဲ့ ကလေးမှတ်တမ်းစာအုပ်မှာ မှတ်ထားပေးတယ်။ ဆီးစစ်တဲ့အဖြေကတော့ ဆရာဝန်ဆီ တိုက်ရိုက်သွားတာမို့ မေမေတို့ သိစရာ မလိုဘူး။ နောက်ပြီး ကိုယ်ဝန် ၁၂ ပတ်ကျော်လာတဲ့နောက်ပိုင်းဆို မေမေ့ရဲ့ ဗိုက်ကိုပါ ပေကြိုးနဲ့ တိုင်းယူတယ်။ အဲဒါပြီးတော့ ဆရာဝန်က Echo ကြည့်မယ်လို့ ပြောပြီး စက်တစ်ခုရှေ့မှာ မေမေ့ကို စမ်းသပ်ပေးတာပဲ။ ဆရာဝန် စမ်းသပ်ချိန်ဆို ပါပါးလည်း ဘေးမှာ ရှိနေတော့ ဆရာဝန်က monitor screen ကနေ မြင်ရတဲ့ သမီးရဲ့ ပုံရိပ်လေးကို သေချာ ရှင်းပြပေးတယ်။ ပြီးတော့မှ မေမေ့ဗိုက်ထဲက သမီးရဲ့ ပုံလေးကို print ထုတ်ပြီး မေမေတို့ကို တစ်ရွက်ပေးတယ်။ အဲဒီနေ့က ကိုယ်ဝန် ၁၆ ပတ်နဲ့ ၁ ရက်ရှိတဲ့ သမီးလေးရဲ့ ကိုယ်အလေးချိန်က (၁၃၅) ဂရမ်တဲ့။ အဲဒီနေ့ကစပြီး ဆရာဝန်က သမီးရဲ့ အရပ်ကို မတိုင်းပေးတော့ဘူး။ ပြီးတာနဲ့ “ကလေးရဲ့ ကြီးထွားနှုန်းလည်း ပုံမှန်ပဲ၊ အနေအထားလည်း ပုံမှန်ပဲမို့ စိုးရိမ်စရာ ဘာမှ မရှိဘူး၊ နောက်တစ်လ (သြဂုတ် ၂၄ ရက်) နေမှ ပြန်လာပြ” လို့ မေမေတို့ကို ပြောတယ်။ နောက်ပြီး မေမေ့သွေးအမျိုးအစား ထပ်စစ်ထားတာကလည်း “A” သွေးပဲ ဆိုပြီး ထပ်ပြောပြတယ်။ အဲဒီနေ့က ကိုယ်ဝန် ၄ လရှိတဲ့ မေမေ့ရဲ့ ကိုယ်အလေးချိန်က ၄၉.၈၂ ကီလို ရှိတယ် သမီးရဲ့။




နိုဝင်ဘာ ၁၅၊ ၂၀၁၀။

November 2, 2010

DPT Vaccine

သမီးလေးကို မေလမှာ BCG ကာကွယ်ဆေး ထိုးပေးခဲ့တာကို ပို့စ် အဖြစ်ရေးခဲ့ဖူးပါတယ်။ BCG ကာကွယ်ဆေး ထိုးပြီး တစ်လအကြာမှာ DPT (မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ) ကာကွယ်ဆေး ထိုးပေးရပါတယ်။ ဂျပန်မှာတော့ အဲဒီ ဆေး ၃ မျိုးကို တစ်လ တစ်ခါနဲ့ သုံးလ ဆက်တိုက် ထိုးပေးရမယ်လို့ ညွှန်ကြားထားတယ်။

ဇွန်လရောက်တော့ ကျမတို့ ကိုယ်ရေးကိုယ်တာ ကိစ္စ တစ်ခုကြောင့် မြန်မာပြည် ပြန်သွားခဲ့ရတယ်။ တကယ်တမ်း ကာကွယ်ဆေး ထိုးတော့ ဇူလိုင်လမှပဲ သွားထိုးပေးဖြစ်ခဲ့ပါတယ်။ အကြောင်းက မြန်မာပြည်က ပြန်လာတော့ သမီးလေး ကိုယ်မှာ မိတ်ဖုလို အပူဖုတွေ ထွက်တာ တော်တော်နဲ့ မပျောက်ပါဘူး။ ဆရာဝန်နဲ့ ပြတော့ လိမ်းဆေး ပေးလိုက်ပြီး ထိုးလက်စ ကာကွယ်ဆေး အားလုံး ရပ်ထားဖို့ မှာလိုက်တာနဲ့ မိတ်ဖုတွေ အရှင်းပျောက်မှပဲ ဇူလိုင်လ ၁၄ မှာ ကာကွယ်ဆေး ထိုးဖြစ်ခဲ့ပါတယ်။

ဆေးက အလကား ထိုးပေးတာ ဖြစ်ပြီး ဆေးထိုးဖို့ကို နီးစပ်ရာ ဆေးရုံ ဒါမှ မဟုတ် ဆေးခန်းမှာ သွားထိုးလို့ရပါတယ်။ ကျမကတော့ အိမ်နဲ့ နီးတဲ့ ကလေး ဆေးခန်းမှာပဲ သွားထိုးဖြစ်ခဲ့တယ်။ ဆေးခန်းမှာထိုင်တာက ဆရာဝန်မကြီး တစ်ယောက်တည်းပါ။ ဆရာဝန်မကြီးက အသက်က ၇၀ ကျော်လောက် ရှိပြီလို့ ထင်ရပေမယ့် သူ့ ကြည့်ရတာ သွက်သွက်လက်လက် သန်သန်မာမာ ပါပဲ။

ကာကွယ်ဆေး မထိုးခင် ထုံးစံအတိုင်း form မှာပါတဲ့ မေးခွန်းတွေ ဖြေပြီး ကလေး ကိုယ်အပူချိန်ကို တိုင်းယူပါတယ်။ ပြီးတော့ ဆရာဝန်မကြီးက ရင်ဘတ်ကို နားကြပ်နဲ့ထောက်ပြီး စမ်းသပ်ပေးတဲ့အပြင် အာခေါင်ကိုလည်း လက်နှိပ်ဓာတ်မီးနဲ့ထိုးကြည့်ပါတယ်။ ပြီးတော့မှ ဆေးထိုးပေးတာပါ။ ဆေးထိုးတာက အပ်သေးသေးလေးနဲ့ လက်မောင်းမှာ ထိုးတာမို့ စစချင်း သမီးလေးက လန့်ပြီး အော် ငိုပါတယ်။ ခဏလောက်နေတော့မှ အငို တိတ်ပြီး ရီရီမောမော ပြန်ဖြစ်သွားတယ်။ ဆေးထိုးအပြီးမှာ ကျမက ထိုးထားတဲ့ နေရာကို လက်နဲ့ခြေပေးမယ် လုပ်တော့ ဆရာမကြီးက ဖိယုံတင် ဖိခိုင်းထားပြီး ဆေးကို မခြေခိုင်းပါဘူး။ ပြန်ခါနီးတော့ ဒုတိယအကြိမ် ကာကွယ်ဆေးကို နောက် ၃ ပတ်အကြာမှာ လာထိုးဖို့ ရက်ချိန်းပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ သြဂုတ်လ (၁၈) ရက်နေ့မှာ ဒုတိယအကြိမ် ကာကွယ်ဆေး နဲ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ တတိယအကြိမ် ကာကွယ်ဆေး သွား ထိုးပေးဖြစ်ခဲ့တယ်။ ဆေး ၃ လုံးစလုံး ထိုးပြီးသွားပေမယ့် နောက် ၁ နှစ် ဒါမှမဟုတ် ၁ နှစ်ခွဲအကြာမှာ ထပ် လာထိုးရမယ်လို့လည်း မှာလိုက်ပါတယ်။

သမီးလေးကို ပထမအကြိမ်နဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေးတွေ ထိုးတုန်းကတော့ ပုံမှန်ပါပဲ။ မှတ်မှတ်ရရ တတိယ အကြိမ် ကာကွယ်ဆေး သွားထိုးတော့ သူ့ပါပါး ပါ လိုက်ပေးပါတယ်။ အဲဒီနေ့က ဆေးထိုးတော့ သမီးလေး ငိုတာ အသံတောင် ပျောက်ပါတယ်။ တစ်ခါမှ အဲဒီလောက် ငိုတာ မမြင်ဖူးပါဘူး။ အော်ငိုတာများ နှုတ်ခမ်းတွေတောင် ပြာပြီး ရှိုက်ကြီး တငင်ငိုတာမို့ ကျမ တော်တော် လန့်သွားမိတယ်။ ဒါကြောင့် ဆေးခန်းမှာပဲ အဖေတစ်လှည့် အမေတစ်လှည့် ချော့ရင်း အငိုတိတ်အောင် ခဏစောင့်ပြီးမှ အိမ်ပြန်လာခဲ့ကြပါတယ်။ အရင်တုန်းက ဆေးထိုးရင် အခုလိုမျိုး အကြာကြီး မငိုတတ်ပါဘူး။ အခုမှ ဘယ်လိုဖြစ်လဲ မသိဘူးလို့တောင် သူ့ပါပါးကို ပြောဖြစ်ပါသေးတယ်။

အဲဒီနေ့က ဆေးခန်းကနေ အိမ်ပြန်လာတယ် ဆိုပေမယ့် လမ်းမှာ ဈေးဝယ်ဖို့အတွက် တခြားနေရာကို သွားလိုက်မိတယ်။ တစ်လမ်းလုံးလည်း ဂျီကျပြီး တွန်းလှည်းထဲ ထည့်မရလို့ သူ့ကို အဖေနဲ့ အမေ တစ်ယောက် တစ်လှည့် ချီပြီး သွားရပါတယ်။ ဈေးဝယ်ပြီး အပြန် ဘတ်စ်ကားပေါ်ကျမှ ဇာတ်လမ်းက စပါတော့တယ်။ ကျမဘေးမှာ ထိုင်တာက ဘွားဘွားကြီးတစ်ယောက်ပါ။ ဘွားဘွားကြီးက သမီးလေးကို စကားပြောပြီး ချော့မြူပါတယ်။ သမီးလေးက အဲဒီ ဘွားဘွားကြီးကို သေချာ စိုက်ကြည့်ပြီး နောက်တော့ အသံအကျယ်ကြီးနဲ့ အော် ငိုပါလေရော။ အဲဒါနဲ့ ကျမလည်း ကလေး စိတ်ပြောင်းသွားအောင် ရေဘူးတိုက်၊ ကစားစရာ လက်ထဲထည့်ပေးပေမယ့် သမီးလေးက ဘွားဘွားကြီးကိုပဲ ချောင်းချောင်းကြည့်ပြီး အော်အော်ငိုတာ ကားပေါ်က လူတွေကလည်း ကျမတို့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ပေါ့။ ကလေးက အော်ငိုလွန်းမက ငိုတော့ ဘွားဘွားကြီးလည်း သူ့မျက်နှာကို လက်ကိုင်ပုဝါလေးနဲ့ အုပ်ပြီး ကာထားရှာပါတယ်။ အဲဒါလည်း ဒီက ဂျစ်တူးမလေးက မရပါဘူး။ ကျမလည်း ဘွားဘွားကြီးကိုရော ကားပေါ်က လူတွေကိုပါ အားနာလာတဲ့အပြင် သိပ်မကြာခင်မှာ အိမ်နားရောက်တော့မှာမို့ ကလေး အငိုတိတ်အောင် မတ်တပ်ရပ်ပြီးပဲ ချီထားလိုက်ပါတယ်။ အဲဒါ ဘွားဘွားကြီးက သူ့ကြောင့် ဖြစ်တာလို့ ထင်တယ်နဲ့ တူပါရဲ့။ ကျမကို ထိုင်ခိုင်းပြီး သူ မတ်တပ်ရပ်ပေးပါ့မယ်လို့ ပြောလို့ ကျမက ပြန်ပြီး အားနာရပါသေးတယ်။ ကျမလည်း ဘွားဘွားကြီးကို တောင်းပန်ပြီး နောက်တစ်မှတ်တိုင်ဆို ဆင်းတော့မှာလို့ ပြောလိုက်ပါတယ်။

ကားပေါ်က ဆင်းပြီး အိမ်ပြန်ရောက်တော့လည်း သမီးလေးက ရီမောပြီး ပျော်ရွှင်နေပြန်ပါရော။ ကျမတို့ ထင်တာကတော့ သမီးလေးက ဆရာဝန်မကြီးကို မှတ်မိသွားတဲ့ပုံစံပါပဲ။ အဲဒါဆိုတော့ ဆရာဝန်မကြီးနဲ့ ဆင်တူ တဲ့သူတွေ့ရင် သူ သတိရပြီး အော်ငိုတယ်လို့ ထင်မိပါတယ်။ နောက်ပိုင်းလည်း အကြောင်းတစ်ခုခုကြောင့် ဆေးခန်း သွားရပြီဆို သမီးလေးက သူ့ကို ဘာမှ မလုပ်ရသေးခင် ဆရာဝန်မကြီး မြင်တာနဲ့တင် ရှိုက်ကြီးတငင် ငိုနေတတ်ပါတယ်။ အမှန်တော့ ဒီအကြောင်းက ကာကွယ်ဆေးထိုးတာနဲ့ ဘယ်လိုမှ မပတ်သက်ပေမယ့် နောက်ဆုံးအကြိမ် ကာကွယ်ဆေး ထိုးခဲ့တုန်းက ဖြစ်ခဲ့တာလေးမို့ အမှတ်တရ ရေးထားလိုက်တာပါ။

ကာကွယ်ဆေးထိုးပြီးတိုင်း ဆေးအရှိန်နဲ့ သမီးလေး ဖျားနာမှာကိုပဲ စိတ်ပူမိပါတယ်။ ကလေးက ဆေးထိုးပြီး ညနေလောက်ဆို အမေကို ကပ်ပြီး နည်းနည်း ဂျီကျတတ်တယ်။ ဆေးအရှိန်နဲ့ မအီမသာဖြစ်တယ်လို့ ထင်ရတာပါပဲ။ နောက်ရက်တွေဆိုရင်တော့ ရီမောပြီး ပုံမှန်အတိုင်း သူ့ဘာသာ ဆော့ကစား နေတာမို့ စိတ်အေးရပြန်တယ်။ နောက်ပြီး ဆေးထိုးပြီး မခြေရတော့ လက်မောင်းက ဆေးထိုးထားတဲ့ နေရာကို စမ်းလိုက်ရင် အဖုလေးက တော်တော်နဲ့ မပျောက်ပါဘူး။ ၁ လကျော်လောက် ကြာတော့မှ ပျောက်သွားတော့တယ်။


DPT ကာကွယ်ဆေး ထိုးထားတဲ့မှတ်တမ်းပါ။

နိုဝင်ဘာ ၃၊ ၂၀၁၀

October 18, 2010

သမီးလေး ၉ လပြည့်


သမီးလေးရဲ့ လစဉ် ကိုယ်အလေးချိန်နဲ့ အရပ်ကို ဆွဲထားတဲ့ Graph

မေမေ့သမီးလေးလည်း ဘာလိုလိုနဲ့ ၉ လတောင်ပြည့်သွားပြီနော်။ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ပေါင်ချိန်တော့ သမီးလေးရဲ့ ကိုယ်အလေးချိန်က ၇.၅ ကီလိုနဲ့ အရပ်က ၆၉.၅ စင်တီမီတာဖြစ်လာပြီ။ ၆ လပြည့်ပြီးတဲ့ နောက်ပိုင်းမှာ သမီးရဲ့ တိုးတက်မှုတွေက အရမ်းကို မြန်လာတယ် လို့တောင် ပြောလို့ရတယ်။ အဓိက သမီးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လှုပ်ရှားမှုတွေပါပဲ။ ကိုယ်အလေးချိန်ကတော့ တစ်လကို အကြမ်းအားဖြင့် ၃၀၀ ဂရမ်လောက်ပဲ တက်တယ်လို့ ပြောလို့ရတာပေါ့။ နောက်ပြီး သမီးလေးမှာ အပေါ်သွား ၂ ချောင်းနဲ့ အောက်သွား ၂ ချောင်းလည်း ပေါက်နေပြီ။ သွားပေါက်တော့ သွားဖုံးယားလို့ ဟိုဟာမြင်လည်း ကိုက်ချင် ဒီဟာမြင်လည်းကိုက်ချင်နဲ့လေ။ သွားပေါက်လာတော့ သမီးလေးကို နည်းနည်း မာတဲ့ အစားတွေ ထည့်ကျွေးရင် ၀ါးစားတတ်လာတယ်။

*****

သမီးကို မေမေက ကြမ်းပြင်ပေါ်မှာပဲ ဒီအတိုင်း ပစ်ထားတာ များလို့လား မသိဘူး။ မှောက်တတ်ပြီးတဲ့ နောက်ပိုင်း တွားသွားတာ၊ ထိုင်တာ၊ လေးဘက်ထောက်တာ၊ မတ်တပ်ရပ်တတ်တာတွေကို ဆက်တိုက် ဆိုသလို သမီးလေး လုပ်နိုင်လာတယ်။ စပြီး တွားသွားတတ်တော့ ၆ လကျော်လောက်ကပေါ့။ အစပိုင်းတော့ ဝေးဝေးလံလံ သွားတာ မဟုတ်ပါဘူး။ အိပ်ယာပေါ်တင်ပဲ ခေါင်းရင်းသွားလိုက်၊ ခြေရင်းသွားလိုက်နဲ့ပဲ။ သိပ်မကြာဘူး အိပ်ခန်းနဲ့တွဲတဲ့ မီးဖိုဆောင်ဘက် အထိကို ကူးပြီး သွားတတ်လာတယ်။ နောက် တဖြည်းဖြည်းချင်း အားယူပြီး ထိုင်ဖို့ကြိုးစားတော့တာပဲ။


သမီးလေးအတွက် အမှတ်တရ (၇ လကျော်)

တပတ်ကျော်လောက်ပဲ ကြာပါတယ်။ သမီးလေး ကောင်းကောင်းထိုင်တတ်သွားတယ်။ ၈ လ မပြည့်ခင်မှာ ခုံကို ကိုင်ပြီး မတ်တပ်ရပ်နိုင်နေပြီ။ ထမင်းစားခုံ၊ တီဗွီခုံလိုမျိုး အပြင် မေမေ့ အနောက်ကနေ ထမီကို အားယူ ကိုင်ပြီး မတ်တပ်ရပ်နိုင်လာတယ်။ မတ်တပ်ရပ်လို့ ညောင်းလာရင်လည်း ပြန်ထိုင်ချတတ်တယ်။ အရင်တုန်းကတော့ အဖွားကြီး ပေါက်စလေးလိုပဲ ထိုင်တာ ထတာတွေက တုန်ချိ တုန်ချိနဲ့လေ။ ကောင်းကောင်းလဲ မထိုင်တတ် မထတတ်တဲ့အပြင် ကိုယ့်ကိုကိုယ်လည်း မထိန်းနိုင်တော့ လဲတာလည်း ခဏခဏပေါ့။ အဲဒါဆိုတော့ သမီးလေးမှာ ကြမ်းပြင်နဲ့ ခေါင်း စောင့်မိရတာနဲ့၊ ကြမ်းပြင်နဲ့ နဖူး နဲ့ စောင့်မိရတာနဲ့ ထမင်းစားခုံနဲ့ ခေါင်းကို စောင့်မိရတာနဲ့ စုံနေတာပါပဲ ။

မတ်တပ်ရပ်နိုင်ပြီး ၁၀ ရက်လောက်ကြာတော့မှ လေးဘက် ထောက်တတ်သွားတယ်။ အဲဒီနောက်ပိုင်း သမီးက တစ်နေရာရာကို သွားချင်ပြီဆို သွားချင်တဲ့နေရာကို လေးဘက်ထောက်သွားလိုက်၊ ရောက်ပြီဆို ထိုင်ချလိုက်၊ ပြီးရင် အနားက တစ်ခုခု ကိုင်ရင်း အားယူပြီး မတ်တပ်ရပ်လိုက်နဲ့ အတော်ကို ဟုတ်နေတာပါ။ အခုဆို သမီးလေးဟာ အိမ်ရဲ့ အခန်းတော်တော်များများကို လျှောက်သွားတတ်နေပြီလေ။ တစ်ခန်းလုံး လျှောက်သွားတတ်နေပြီဆိုတော့ မေမေသွားတဲ့နောက်ကို တကောက်ကောက် လေးဘက်ထောက်ပြီး လိုက်တယ်။ မေမေ့ကို မတွေ့ရင် ငိုမဲ့မဲ့မျက်နှာလေးနဲ့ လိုက်ရှာနေတတ်တယ်။ အသံကြားရာဆီ အထိ လိုက်လာပြီး မေမေ့ကို တွေ့သွားပြီ ဆိုရင်တော့ မျက်နှာလေးက ပြုံးပြီး ရီနေတာများ သွားငုတ်တုတ်လေးတွေပါ မြင်ရတယ်။ နောက်ပြီး လှေကားထစ်လိုမျိုး အဆင့်နိမ့်နိမ့်လေးတွေကိုလည်း ကြိုးစားပြီး တက်နိုင်သလို ဆင်းတော့လည်း ဖြေးဖြေးချင်း အားယူပြီး ဆင်းနိုင်နေပြီ။

ဒီရက်ပိုင်းအတွင်း အတတ်ဆန်းလာတာက ထမင်းစားခုံကို သမီးရဲ့ ဗိုက်ကလေးနဲ့ ထောက်ပြီးဖြစ်ဖြစ်၊ တင်ပါးလေးနဲ့ မှီပြီးဖြစ်ဖြစ် မတ်တပ်ရပ်တာလေ။ မေမေတို့ရဲ့ ထမင်းစားခုံလေးကလည်း နိမ့်တာကိုး။ အဲဒါအပြင် ထမင်းစားခုံပေါ်အထိပါ တက်မယ် လုပ်နေလို့ မနည်းပဲ လိုက်ဆွဲနေရတယ်။ ထမင်းစားခုံကို ကိုင်ထားရင်းနဲ့ ခြေလှမ်း နည်းနည်းချင်းစီ လှမ်းပြီး လမ်းလျှောက်ကျင့်နေပြီ။ နောက်ပြီး သမီးလေးက ကိုင်ထားတဲ့ ခုံကို လက်လွတ်ပြီး မတ်တပ်ရပ်တာကို စ ကျင့်နေပြီ။ အကြာကြီးတော့လည်း မရပ်နိုင်သေးပါဘူး။ ဒီပုံစံအတိုင်းဆို သိပ်မကြာခင်မှာ သမီးလေး လမ်းလျှောက်တတ်တော့မယ် လို့ ထင်ရတာပါပဲ။

နောက်တစ်ခုက သမီးရဲ့ လက်လှုပ်ရှားမှုလေးတွေပေါ့။ လက်တွေကို မြှောက်ပြီး ဆော့တယ်။ သမီးရေ "ချိုမိုင်မိုင်" လို့ ပြောလိုက်ရင် လက်ချောင်းလေးတွေကို ဆုပ်လိုက်ဖြန့်လိုက်နဲ့ လုပ်ပြတတ်တယ်။ စိတ်ပါတဲ့နေ့ဆို ပါပါး ရုံးသွားခါနီးရင် "တာတာ့" ပြပြီး နှုတ်ဆက်တတ်တယ်။ အခုတလောတော့ ရွှေလက်ခုပ်ကို တော်တော်သဘောကျနေပုံပဲ။ သဘောကျစရာ ရီစရာ တွေ့မြင်ရရင် လက်ခုပ်ကလေး တီးပြီးကို အားရပါးရ ရီတာလေ။

၈ လကျော်လာတဲ့ နောက်ပိုင်း သမီးက တချို့စကားလုံးတွေကို အသံထွက်တတ်လာတယ်။ သမီးကို မေမေက "ပါပါး" ဆိုပြီး ပြောပြလိုက်ရင် သမီးကပါ "ပါပါး" ဆိုတာကို ပီပီသသ အသံထွက်တတ်နေပြီ။ အဓိပ္ပာယ်တော့ သမီး သိပုံမရပါဘူး။ ဒါကြောင့် ပါပါးက သူ့ကိုယ်သူ လက်နဲ့ ပုတ်ပြီး "ပါပါး" လို့ သင်ပေးနေရတယ်။ နောက်ပြီး "ပါ" တို့ "ဘာ" တို့လို အသံထွက်တွေကို သမီးပါးစပ်ကနေ ရွတ်နေတတ်တယ်။ အိပ်ချင်လို့ပဲဖြစ်ဖြစ် အမေကို မတွေ့လို့ ငိုရင်ပဲဖြစ်ဖြစ် "အမေရေ.. မေမေရေ" လို့ အော်ခေါ်နေသလိုမျိုး ပါးစပ်ကနေ အော်နေတတ်တယ်။ တစ်ခါတလေလည်း သမီးလေး ပါးစပ်က ၀ူးဝူးဝါးဝါးနဲ့ ဘာတွေ ပြောနေမှန်းမသိအောင် စကားတွေ ပြောနေတတ်ပြန်တယ်။ ပြီးတော့ လူကြီးတွေကို ဂျစ်တိုက်ချင်ရင် အသံစူးစူးလေးနဲ့ "အား" ဆိုပြီး ကုန်းအော်တတ်တယ်။

သမီးလေး တွားသွားတတ်လာပြီဆိုကတည်းက သမီးလေး အန်းမက မေမေ့ကို သတိပေးတယ်။ ပစ္စည်းတွေကို အရင်လို လက်လွတ်စပယ် မထားဖို့၊ ဒီအရွယ်ဟာ လူကြီးမမြင်တဲ့ ပစ္စည်းကို ကလေးတွေက အမြင်စူးရှပြီး ပါးစပ်ထဲ နှာခေါင်းထဲ ကောက်ထည့်တတ်တဲ့ အရွယ်ဖြစ်လို့ သမီးလေးကို အရင်ကထက် ပိုဂရုစိုက်ဖို့ ၊ ပိုက်ဆံအကြွေတွေကို သမီးလေး မမြင်အောင် ထားဖို့ သေချာမှာရှာတယ်။ သမီးလေး အန်းမ သတိပေးတဲ့ အတိုင်းပါပဲ။ သမီးက တွေ့သမျှ မြင်သမျှကို ပါးစပ်ထဲ ကောက်ထည့်တယ်။ လျှာနဲ့ လျက်ကြည့်တယ်။ ပြီးရင် တမြုံ့မြုံ့နဲ့ ၀ါးစားနေရော။ စာရွက်တွေ၊ တစ်ရှုးတွေကို သမီးက အရမ်းကြိုက်တယ်။ အဲဒါတွေနဲ့ ဆော့နေရမယ်ဆို အသံမထွက်ပဲကို ငြိမ်ပြီးဆော့တာ။ နောက်ပြီး ပလပ်ခေါင်းတွေ၊ ၀ါယာကြိုးတွေကိုလည်း အထူးအဆန်းအနေနဲ့ စိတ်ဝင်တစား ကိုက်ပြီး ဆော့တတ်တယ်။ ဒါကြောင့် သမီးလေး အရမ်းငြိမ်နေရင်လည်း မေမေ့မှာ သတိထားပြီး ကြည့်ရသေးတယ်။



*****

အခုနောက်ပိုင်း သမီးလေးဟာ အရမ်းစပ်စုချင်လာတယ်။ စူးစမ်းတာတွေလည်း များလာတယ်။ သမီးက ကိုင်ဖူးတဲ့ ပစ္စည်းလား မကိုင်ဖူးသေးတဲ့ ပစ္စည်းလားဆိုတာ ကောင်းကောင်းခွဲခြားတတ်တယ်။ မကိုင်ဖူးသေးတဲ့ ပစ္စည်းဆို သမီးအတွက် အထူးအဆန်းတွေဖြစ်ပြီး နှစ်ရက်လောက်က အဲဒီ ပစ္စည်းလေးနဲ့ အလုပ်ရှုတ်ပြီး ငြိမ်နေတတ်တယ်။ အဲဒါပြီးရင် ရိုးသွားလို့ သိပ်စိတ်မ၀င်စားတော့ဘူး။ သမီးလေး ကိုင်ဖူးတဲ့ ပစ္စည်း ဆိုရင်တော့ တချက်လောက် ကြည့်ပြီး ဖတ်ခနဲဆို ကောက်လွှင့်ပစ်လိုက်တာ။ နောက်ပြီး ခုံပေါ်တင်ထားတဲ့ ပစ္စည်း၊ စင်ပေါ်တင်ထားတဲ့ ပစ္စည်းတွေကိုလည်း လက်လှမ်းမီသမျှ အကုန်အောက်ဆွဲချတယ်လေ။ ဒါကြောင့် မေမေတို့လည်း စာအုပ်၊ စက္ကူနဲ့ သမီးအတွက် အန္တရာယ်ဖြစ်စေနိုင်မယ့် ပစ္စည်းတွေ မှန်သမျှ သမီးလေး မမြင်အောင် ကာထား ဖွက်ထား ရတာပေါ့။

တီဗွီက ကြော်ငြာအစီအစဉ်ကိုလည်း သမီးက ကြိုက်မှ ကြိုက်ပဲ။ ထမင်းစားရင်း ကြော်ငြာလာလို့ကတော့ ဘယ်မှလည်း လှည့်မကြည့်ဘူး။ မေမေ့ကိုလည်း ဂရုမစိုက်ဘူး။ မျက်တောင်မခတ်ပဲ တီဗွီကို စိုက်ကြည့်နေတာ။ အဲဒီအချိန် မေမေက ထမင်းခွံ့ချင်လို့ ဇွန်းက သမီးလေး ပါးစပ်နား ရောက်လာရင်တော့ ပါးစပ်လေးကို ဟ ပေးလိုက်တယ်၊ မျက်လုံးကတော့ တီဗွီမှာပဲ။ တစ်ခါတလေ မေမေ့လက်က သမီးကို ကွယ်မိသွားရင် လက်ကို ပုတ်ထုတ်တယ်လေ။ ကွယ်နေတယ် ဖယ်ပေး ဆိုတဲ့သဘောပေါ့။ အဲဒါ ကြော်ငြာ ပြီးတော့မှ အာရုံက တခြားကို ပြောင်းတော့တယ်။ နောက်ပြီး မေမေ့ပေါင်ပေါ်မှာ မှေးမှေးအိပ်ရင်းက ကြော်ငြာလာတဲ့အသံကြားရင် ချက်ချင်းကို ခေါင်းထောင်ပြီး ကြည့်တယ်။ ကြော်ငြာပြီးတာနဲ့ ဖုတ်ခနဲ ခေါင်းကို ပစ်လှဲချပြီး ချက်ချင်း အိပ်ပျော်သွားပြန်ရော။ သမီးက ကြော်ငြာနဲ့ ရိုးရိုး အစီအစဉ်ကို ခွဲခြားတတ်တာ မေမေနဲ့ပါပါးက လက်ဖျားခါရတယ်။ ဘယ်လိုမှတ်ထားလဲတော့ မသိဘူး။ ကြော်ငြာလာပြီဆို ရောက်နေတဲ့ နေရာကနေ ခေါင်းပြန်ပြီး လှည့်ကြည့်တာမျိုး၊ တီဗွီရှေ့ကို တွားသွားပြီး ကြည့်တာမျိုး၊ ဆိုဖာပေါ်ကနေ ဖားလေးလို ကုန်းပြီး ကြည့်တာမျိုးလည်း ရှိသေးတယ်။ သဘောကျတဲ့ ကြော်ငြာလာလို့ကတော့ ဂျပန်စကားပဲ နားလည်သလိုလို ဘာလိုလိုနဲ့ လက်ခုပ်ကလေး တီးရင်း သဘောတွေကျပြီး ရီတောင် ရီနေလိုက်သေးတယ်။



သမီးက တချို့ဟာတွေဆို သင်မပေးပဲ သူ့ဘာသာသူ တတ်လာတာမို့ လူကြီးတွေက အံ့သြရတယ်။ မှတ်မှတ်ရရ မေမေ့မွေးနေ့မှာ သမီးက မေမေ့ပါးကို နှာခေါင်းလေးနဲ့ ရွှတ်ကနဲ ဆိုပြီး စ နမ်းတယ်လေ။ မျက်နှာကို သေချာ ကိုင်ပြီး နမ်းတာမို့ မေမေ့မှာ သမီး နမ်းတတ်တာမှ ဟုတ်ရဲ့လားလို့တောင် အံ့သြမိတယ်။ ဒါကြောင့် သေချာအောင် နောက်တစ်ခါ ထပ်လုပ်ခိုင်းတော့ သမီးက ပြန်လုပ်ပြရှာတယ်။ သမီးရဲ့ ပထမဆုံးအနမ်းက ပါပါးရော မေမေပါ ဘယ်လောက်ပျော်ပြီး ကြည်နူးရသလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ နောက်ပိုင်းတော့ သမီးက လူလည်လေး ဖြစ်သွားပြီ။ "သမီးရေ kiss ပေးပါဦး" ဆို စိတ်ပါမှပဲ ပေးတော့တယ်။ စိတ်မပါရင်တော့ မေမေတို့ မျက်နှာနား ကပ်လာပြီးမှ ခေါင်းလေးကို ချာကနဲ နေအောင် တဖက်ကို လှည့်ပစ်လိုက်တယ်လေ။ စိတ်မထင်ရင်တော့ မေမေ့ မျက်နှာနားအထိ ကပ်လာပြီး နှာခေါင်းကို ဆတ်ခနဲ ကိုက်ပစ်လိုက်တာ။ ဒါပေမယ့် မှန်ရှေ့ရောက်ရင်တော့ မှန်မှာ ပေါ်တဲ့ ကိုယ့်မျက်နှာကို ကြည့်ပြီး သဘောကျလို့ တရွှတ်ရွှတ်နဲ့ မှန်ကို ကုန်းပြီး နမ်းရတာ အမော။

*****

နောက်ပြီး သမီးက မအိပ်ခင်ဆို အရမ်းဆော့တာ။ ၆ လ မတိုင်ခင်ကတော့ မေမေက သီချင်းဆို သိပ်လိုက်ရင် သိပ်မကြာဘူး သမီးလေး အိပ်ပျော်သွားရော။ အခုနောက်ပိုင်းတော့ အိပ်ဖို့ အိပ်ယာပေါ်ရောက်ရင် သမီးက နှစ်ပတ် သုံးပတ်လောက် စိတ်ကြိုက် လှိမ့်လိုက်သေးတယ်။ ပြီးတော့ ဟိုနားလျှောက်သွား၊ ဒီနားလျှောက်သွား၊ လျှောက်ဆော့နဲ့ အားရအောင် ဆော့ပြီး မောတော့မှ အိပ်ပျော်သွားတော့တယ်။ အိပ်ရင်လည်း အရင်လို ငြိမ်ငြိမ်မအိပ်တော့ဘူးလေ။ အိပ်ရင်းနဲ့ လူးလိမ့်နေတာ အိပ်ယာတစ်ခုလုံး သမီးအတွက် ပေးထားရတဲ့ နေရာက ပိုများတယ်။ နောက်ပြီး အိပ်ယာက နိုးတာနဲ့ ချက်ချင်း ကုန်းထပြီး ထိုင်တော့တာပဲ။ အဲဒီအခါမျိုးမှာ မေမေက သမီးလေးကို လှဲချပေးပြီး ပြန်အိပ်ခိုင်းရတယ်။ နို့မို့ဆို သမီးက ပြန်မအိပ်တော့ပဲ လျှောက်ဆော့နေတာ မေမေပါ ထပြီး သမီးကို စောင့်ကြည့်ရတယ်။

အခုဆို သမီးကို အင်္ကျီလဲပေးရတာ၊ nappy လဲပေးရတာ အရမ်းခက်တာပဲ။ သမီးက အငြိမ်မှ မနေတော့တာကိုး။ သမီးကို nappy လဲပေးဖို့ ဆိုဖာပေါ်လှဲချလိုက်ရင် ချက်ချင်းပြန်မှောက်ပြီး ကုန်းထတော့ ဘာမှ လုပ်လို့မရဘူးပေါ့။ အဲဒါဆိုတော့ မေမေက သမီးလေး မတ်တပ်ရပ်လျက်က nappy လဲတတ်အောင် ကြိုးစားရတော့တယ်။ အဲဒါမှမဟုတ်လည်း သမီးကို ပစ္စည်း တစ်ခုခု ပေးဆော့ထားပြီး ခပ်မြန်မြန် လဲပေးရပြန်တယ်။ တစ်ခါတလေလည်း သမီးကို ပါးစပ်ထဲ ရသမျှ ကဗျာတွေ ရွတ်ပြပြီး အာရုံပြောင်းရင်းက လဲပေးရတယ်။ နောက်ပြီး သမီးက မကျေနပ်ဘူး၊ မကြိုက်ဘူးဆို အော်ငိုပြီး ကိုယ်ကြီးကို ကော့ထိုးတတ်တာမို့ သတိထားရသေးတယ်။

*****

မွေးခါစတုန်းကလည်း လသားအရွယ် နီတာရဲလေးမို့ စိတ်ပူရသလို အခု ၉ လအရွယ်ရောက်ပြန်တော့လည်း သမီးလေး ချော်လဲမှာ၊ ခေါင်းနဲ့ ကြမ်းပြင် စောင့်မိမှာ၊ မျက်နှာနဲ့ ခုံစောင်းနဲ့ ရိုက်မိမှာ၊ မျက်လုံးနဲ့ အချွန်တခုခုနဲ့ သွားထိုးမိမှာ၊ ခုံပေါ်အားယူတက်ရင်း ပြုတ်ကျမှာ စသည်ဖြင့် မေမေတို့မှာ သမီးကို စိတ်ပူရပြန်တယ်။ တတ်နိုင်သလောက် သမီးကို လိုက်ကြည့်ပေးပြီး အနာတရ မဖြစ်အောင် ဂရုစိုက်နေပေမယ့် အချိန်ပြည့် မကြည့်နိုင်တော့လည်း သမီးလေးမှာ ထိခိုက်ဒဏ်ရာတော့ ရတာပါပဲ။ ဒါပေမယ့် သမီးလေး အခုလို ကျန်းကျန်းမာမာနဲ့ လစဉ် ပုံမှန် ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်ရတော့ ပူပင်တာတွေလျော့ပြီး စိတ်သက်သာရပြန်တယ်။

ဒီကြားထဲ သမီးလေးက အမေကို မျက်စေ့အောက်က အပျောက်မခံတော့ တစ်ခါတလေ မေမေ့မှာ စိတ်ရော လူပါ ပင်ပန်းတယ်လို့ တွေးမိတယ်။ အဲဒီအတွေးကလည်း သိပ်မကြာလိုက်ပါဘူး၊ သမီးလေးရဲ့ ခိုးခိုးခစ်ခစ် ရီမောသံလေးတွေ၊ ချစ်စရာ အပြုအမူလေးတွေအောက်မှာ အားလုံးပျောက်ဆုံးကုန်ပြီး ပင်ပန်းခဲ့သမျှ အမောတွေ ပြေကုန်တာပါပဲ။

အောက်တိုဘာ ၁၈၊ ၂၀၁၀။