December 14, 2007

50th


ကျမ ဒီ blog ကို စပြီး ရေးတုန်းကတော့ ရည်ရွယ်ချက် ကြီးကြီးမားမား မရှိပါဘူး။ သူများ blog တွေ သွားလည်ပြီးလို့ ပြန်လာရင် “ငါလည်း စာရေးချင်လိုက်တာ” လို့ စိတ်မှာ ဖြစ်လာမိတယ်။ ဒါနဲ့ အမျိုးသားကို “ကိုယ်ပိုင် blog တစ်ခုလောက် ရေးရင် ကောင်းမလား” လို့ အကြံတောင်းတော့ သူက “Blog ဆိုတာက အမြဲ update လုပ်နေနိုင်မှ ၊ နောက်ပြီး စာလာဖတ်သူကို ဘယ်လို Message မျိုးပေးမလဲဆိုတာကို ပေါ်လွင်အောင်ရေးနိုင်မှ လုပ်တာ ကောင်းပါတယ်။ နင်က အချိန်လည်း မရှိပဲနဲ့ တော်ကြာ ရပ်ထားနေရမဲ့အတူတူ မစပါနဲ့ ။ လုပ်မယ်ဆိုရင်လည်း အမြဲရေးနိုင်အောင် ကြိုးစားပါ”လို့ ပြောပါတယ်။


အရာတိုင်းဟာ အမြဲတမ်း ပြောင်းလဲနေတာ ဆိုတော့ ဂျပန်မှာ နေရတဲ့ အခိုက်အတန့်မှာ အမှတ်တရ တခုဖြစ်အောင်ရယ်၊ နောင်တချိန် ကိုယ်ရေးခဲ့တဲ့ စာတွေကို ပြန်ဖတ်ချင်ရင်လည်း ဖတ်လို့ရအောင် blog လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ Blog အတွက် နာမည်ပေးတော့လည်း ခပ်လွယ်လွယ်ပါပဲ။ ဂျပန်မှာဆိုရင် ချယ်ရီပန်းက trade mark လိုမျိုး ဖြစ်နေလို့ Sakura လို့ပေးလိုက်ပြီး ကိုယ်ကတော့မြန်မာပြည်ကလာတာမို့လို့ Myanmar ကို ထပ်ထည့်ပြီးပေးလိုက်တာပါ။ Nick Name ပေးတော့လည်း သိပ်ပြီး ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ပါဘူး။ တခြား Nick Name ဆိုရင် နာမည်ချင်းတူနိုင်တာမို့လို့ ရုံးမှာ သူငယ်ချင်းတွေ ခေါ်တဲ့ နာမည်ကိုပဲ အလွယ်တကူ ရွေးလိုက်တာပါပဲ။ ထူးထူးခြားခြား ဘာမှ မရှိပါဘူး။


မြန်မာလိုရေးဖို့ရယ်၊ blog နဲ့ပတ်သက်တဲ့ နည်းပညာကတော့ တခြား blog ရေးနေတဲ့သူတွေ နည်းတူ ကိုညီလင်းဆက် ၊ စေတန်ဂေါ့၊ ကိုမောင်လှ၊ ကိုရန်အောင် တို့ရဲ့ blog နဲ့ပတ်သက်တဲ့ လမ်းညွှန်တွေကို ဖတ်ပြီး စမ်းလုပ်ကြည့်ရတာပါပဲ။ မသိတာရှိရင်လည်း တခြား အကိုးအကား စာအုပ်တွေ ရှာပြီး ဖတ်ကြည့်ရတာပေါ့။ ဒါကြောင့်လည်း ကိုယ့် blog လေးကို ခပ်ရှင်းရှင်းပဲထားဖြစ်တာ.. တခြားကြောင့်မဟုတ်ပါဘူး။ စာဖတ်ဖို့အချိန်မပေးနိုင်တာရယ် ၊ ပြီးတော့ စမ်းလုပ်ကြည့်ဖို့အတွက်က အချိန်လည်း ပေးရသေးတာ မဟုတ်လား။ ကျမ blog က တကယ်ကို blog အင်္ဂါရပ်နဲ့ မပြည့်စုံပါဘူး။ ဧည့်သည်လာရင် ဧည့်ခံဖို့ Cbox လည်းမရှိ။ နောက်ပြီး တခြား အလှအပလေးတွေလည်း မပါဆိုတော့ blog က ရှင်းလင်းနေတာလည်း ဆန်းတော့ မဆန်းဘူးပေါ့နော်။ တလက်စတည်း တောင်းပန်ချင်တာက ကျမ blog မှာ Cbox ထားဖြစ်မယ် မထင်ပါဘူး။ လာလည်တဲ့သူတိုင်းကို ဧည့်ဝတ်မကျေမှာစိုးလို့ပါ။ နောက်တချက် Cbox မထားချင်တာကတော့ သူများ blog တွေ လည်ရင်း Cbox မှာ ရိုင်းစိုင်းစွာ အော်ဟစ်ပြောဆိုထားတာတွေကို မကြိုက်လို့ ပါပဲ။ ကာယကံရှင်မပြောနဲ့ စာလာဖတ်တဲ့သူတောင် ဒေါသထွက်မိပါတယ်။ Cbox ရှိလို့ ကောင်းတာ တခုက သူငယ်ချင်းပိုများတယ်။ လွယ်လွယ်ကူကူ အချင်းချင်း နှုတ်ဆက်လို့ရတယ်။ ဆန့်ကျင်ဘက် အနေနဲ့ကတော့ ရန်ပိုများတယ်လို့ ကျမ ယူဆထားလို့ပါ။


Blog ရေးမယ်ဆိုတော့လည်း ဘယ်လို ပို့စ်တွေ ရေးရင်ကောင်းမလဲဆိုတာ စဉ်းစားရတာလည်း တော်တော်ခက်ခဲပါတယ်။ ကိုယ့် blog ကို အချိန်ကုန်ခံပြီး လာဖတ်တဲ့သူကို အကျိုး တခုခု ရသွားစေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက် ကြီးကြီးမားမား ထားတဲ့ blog တွေလည်းရှိပါတယ်။ ကျမအတွက်ကတော့ ကိုယ် ကျင်လည်ရာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ဟာ၊ ကျမ ရင်ထဲက ခံစားရတာ ကိုပဲ ရေးတာဆိုတော့ လာဖတ်တဲ့သူအတွက် ဗဟုသုတရချင်မှ ရမှာပါ။ တစ်ခုပဲ ကျမ သတိထားပါတယ်။ ကျမရေးလိုက်တဲ့ အကြောင်းအရာ၊ စာသားဟာ သူများကို အဆိပ်အတောက်ဖြစ်စေမဲ့ စာမျိုး၊ ဒါမှမဟုတ် မဟုတ်တာကို ဟုတ်တယ်ဆိုပြီး လိမ်ညာပြောဆိုတာမျိုး ၊ ဟုတ်မှန်တာကိုလည်း မဟုတ်ပါဘူးဆိုပြီး ပြောတာမျိုးကို ကျမ ဘယ်တော့မှ မရေးပါဘူး။ စာအရေးအသား မကောင်းတဲ့အပြင် အကျိုးပြုစာမျိုး မရေးနိုင်တာကလည်း ကျမမှာ စာဖတ်တဲ့ ၀မ်းစာ မပြည့်သေးလို့ပါပဲ။ ရေးလိုက်တဲ့ပို့စ်တွေ ပြန်ဖတ်ကြည့်မိတော့လည်း ကိုယ်တိုင်တောင် တစ်ခုမှ အားရစရာ မရှိလှပါဘူး။ ကဗျာ မဖွဲ့တတ်တဲ့အပြင် စကားပြေ အရေးအသားကလည်း မဖြောင့်ဖြူးပါဘူး။


ကျမ Blog လုပ်ပြီး ပို့စ်လေး ၁ ခု ၂ ခုလောက် တင်ပြီးတဲ့အချိန်မှာ စ ရောက်လာတဲ့ ဧည့်သည်ကတော့ WeSheMe က Andy နဲ့ Mrs. Andy ပါပဲ။ သူတို့ Blog မှာ စပြီး လင့်ချိတ်ပေးတာပါ။ နောက်ပြီး ၂ ယောက်စလုံး ကျမ တင်တဲ့ ပို့စ်တိုင်းကို comment တွေ ချန်ထားရစ်တတ်ပါသေးတယ်။ ကျေးဇူးတင်ပါတယ် Andy နဲ့ Mrs.Andy! နောက်ထပ် ကျေးဇူးတင်ရမှာက မကေသွယ်ပါပဲ။ မကေ ကတော့ အမြဲလာပြီး comment လာပေးရှာတယ်။ ဂျပန်မှာနေလို့ ကျမ blog က ရှင်းနေတာပဲလို့လည်းဆိုတယ်။ နောက်တဖြည်းဖြည်း ရောက်လာကြတဲ့သူငယ်ချင်းတွေက မြရွက်ဝေ၊ မမ သမုဒယ၊ မပန်၊ မဂျစ်၊ မိုးချစ်သူလေး၊ ၀င်္ကဘာ၊ မျှားပြာ၊ ကိုသင်္ကြန်၊ တော့တိုး၊ Dilo၊ Thyda၊ ကိုစိုးထက်၊ ကိုစေးထူး၊ ကို icn2၊ မလု၊ မာန်လှိုင်းငယ်၊ ချစ်လေပြေ၊ လေးမ၊ နှင်းပွင့်ဖြူလေး၊ မောင်မျိုး ၊ ဘာညာ & ဒီမို၊ မခွန်မြလှိုင်၊ မင်းတစေ၊ သုနှင်းဆီ တို့ပါပဲ။ လာလည်တဲ့ သူငယ်ချင်း နာမည်တွေ ကျန်ခဲ့ရင်လည်း ခွင့်လွှတ်ကြပါနော်။ သူတို့ကတော့ ကျမ blog မှာ comment လေးတွေ ချန်ထားရစ်ခဲ့တာမို့ ပိုပြီး သတိထားမိတာပါ။


Blog ကနေ ရလာတဲ့သူငယ်ချင်း အားလုံးကို ကြီးငယ်မရွေး ကျမ တန်ဖိုးထားသလို တဦးချင်းစီရဲ့ စာအရေးအသား၊ အပြောအဆို တွေကိုလည်း သဘောကျမိပါတယ်။ တချို့ဆိုရင် ကျမထက် တော်တော်ကို ငယ်ပါတယ်။ စာအရေးအသား အတွေးအခေါ်ကျတော့ ကျမထက်ကို ရင့်ကျက် တည်ငြိမ်နေတဲ့သူတွေ အများကြီးပါ။ ဒါကြောင့် သူတို့ကို ငယ်ပေမယ့် လေးစားမိပါတယ်။ လူတိုင်းဟာ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ ကျင်လည်နေရတာ မဟုတ်လား။ တစ်ဦးတစ်ယောက်တည်း တော်တယ် ၊တတ်တယ်၊ သိတယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူ့ဆီက အတွေ့အကြုံ ခံစားရတာလေးတွေ ကိုယ်က သိမယ်၊ ကိုယ်ကလည်း သိသလောက် မှတ်သလောက်ကို blog ပေါ်ကနေ ပြောပြမယ်။ တဦးနဲ့တဦး အတွေ့အကြုံ ဖလှယ်ရာရောက်တဲ့အပြင် blog ပေါ်က သူငယ်ချင်းတွေဟာလည်း နိုင်ငံပေါင်းစုံမှာ နေတာဆိုတော့ သူတို့ရေးထားတာလေးတွေ ကြုံတွေ့နေတာတွေကို ဖတ်ကြည့်ရင်း ကိုယ့်အတွက်လည်း ဗဟုသုတရတယ်လို့ ကျမ ခံစားမိပါတယ်။


အားလုံးဟာ ကိုယ့် blog ကို လာလည်တဲ့ သူတိုင်းကို အလွယ်တကူ သူငယ်ချင်း မိတ်ဆွေအဖြစ် ချက်ချင်း ခင်မင်တယ်။ လက်ခံနိုင်တယ်။ မောင်နှမတွေလိုပါပဲ။ ဒါကြောင့် အချိန်တိုအတွင်းမှာ သူငယ်ချင်းဖြစ်သွားကြတာပေါ့။ Blog ပေါ်က သူငယ်ချင်းတွေရဲ့ ခင်မင်မှုက ဖြူစင်ပါတယ်။ ဒါပေမယ့် ခင်မင်တဲ့သူရှိသလို မုန်းသူလည်း ရှိနိုင်တာပဲမဟုတ်လား။ တခါတလေ ကိုယ်က ရေးလိုက်တဲ့ comment အပေါ်မူတည်ပြီး တဖက်သူက အဓိပ္ပာယ် ကောက်လွဲသွားရင်လည်း ကိုယ့်ကို အမုန်းပွားနိုင်တာပဲ။ ဘယ်နေရာ ဘယ်ပတ်ဝန်းကျင် မဆို ကောင်းတာ ဆိုးတာ က ဒွန်တွဲနေမှာပါ။ အားလုံးကိုတော့ အတတ်နိုင်ဆုံး ကျမဘက်က ခင်မင်ချင်ပါတယ်။ အခြေအနေ မတိုက်ဆိုင်ရင်လည်း မခင်ရဘူးပေါ့။ ကျမ အလည်ရောက်ပြီး ရေးခဲ့တဲ့ comment တွေမှာလည်း အမှားပါရင် ခွင့်လွှတ်ဖို့ ဒီပို့စ်ကနေပဲ တောင်းပန်ပါရစေ။


ကျမ blog ကို လာတဲ့ သူငယ်ချင်းတွေနဲ့ အတူ တခြား လာလည်တဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေရဲ့ comment တွေကို အားပြုရင်း ကျမ ခြေလှမ်းတွေ ချခဲ့တာ အခုဆိုရင် ခြေလှမ်း ၅၀ တောင် ရှိနေပါပြီ။ ရှေ့လျှောက်လည်း ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ အားတင်းပြီး ဆက်လျှောက်နေဖြစ်ဦးမှာပါ..


(ပို့စ် ၅၀ မြောက် အမှတ်တရ)


ဒီဇင်ဘာ ၁၅၊ ၂၀၀၇။

16 comments:

thamudayanwe said...

ဟေး ၅၀ တောင်ပြည့်သွားပီ..အမက အမ post ၁၀၀ကျော်သွားတာတောင်မသိလိုက်ဘူး..ရှင့် post တွေက ကောင်းတယ်လေ.. quaility ကောင်းတယ်
ခင်လို့ပြောတာမဟုတ်ဘူးလေ..
ခုလဲ မနက်စာစားရင်း လိုက်လည်တာ..

အားရင်တွေ့ကြသေးတာပေါ့

imaginary clouds no 2 said...

ဆက်ရေးပါ အားပေးနေပါတယ်။

Chit Lay Pyay said...

မ ရေ ရွှေရတုမြောက် ပို့စ်အတွက် လာ ဆုတောင်း ပေးသွားပါတယ်၊ မ ရဲ့ ပို့စ်တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်၊ မရဲ့ ဂျပန်ပြည်က အတွေ့အကြုံတွေ လေပြေတို့ ဗဟုသုတ အနေနဲ့ သိရတာပေါ့၊ အမက စာအရေးအသား ကောင်းပါတယ်၊ အားပေးနေတယ်နော်၊ ပို့စ် ၅၀ မှသည် ပို့စ်ပေါင်း ၁ သိန်း ၁ သန်း ကဋေ အထိ ရေးနိုင်ပါစေ၊ အမြဲ လာအားပေးနေမယ်နော်

Andy Myint said...

တကယ်တော့ မနု-စံ တခြားမှာ ရေးကတည်းက ကျွန်တော်တို့က ဖတ်ပြီး ကြိုက်နေကြတာပါ။ တိုက်ဆိုင်လို့ တိတ်တိတ်လေး ကိုယ်ပိုင် ဘလောက်နေတာကို တွေ့သွားပြီး လာဖြစ်သွားတာလေ။ အခုနောက်ပိုင်းလည်း အမြဲလာဖတ်နေပေမယ့် Comment တောင် မရေးတာ အတော်ကြာသွားပြီ။ စေတနာသန့်တဲ့ ဘလောက်လေး ရွှေရတုကနေ ပို့စ် ရာထောင်သောင်းတိုင် ရေးနိုင်ပါစေ။ ကျွန်တော်တို့ အမြဲလာ အားပေးနေမှာပါ။ ။

Anonymous said...

အစ်မရေ့ ..ပို့ စ် ၅၀ ပြည့် သွားပြီးလား...နောက်ထပ်လဲအားပေးနေတယ်နော်...အစ်မ စာအရေးအသားတွေ ကောင်းပါတယ်ဗျ...တကယ်ပြောတာ။ ဆီပုံး မထားတာလဲ တစ်မျိုးတော့ ကောင်းပါတယ်ဗျာ..ဘာ Pressure မှ မရှိဘူ။ အမြဲ လာအားပေးနေပါတယ်...စာတွေကိုလဲ စောင့်မျှော်နေပါတယ်ဗျာ...ပို့ စ် ၅၀ ပြည့်မှ သည် ပို့ စ်ရာပေါင်းများစွာကို ပျော်ရွှင်စွာ ဆက်လက်ရေးသားနိုင်ပါစေဗျာ..

Anonymous said...

မနုစံ... မရေ...အသက် ...အဲ...ယောင်လို့ ပို့စ် ... ၅၀ တောင်ရှိသွားပြီလား...။
ဘလော့ဂ်ရပ်ဝန်းလေးမှာ ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်နဲ့  ပို့စ်တွေ အများကြီး ဆက်ရေးသားနိုင်ပါစေ...။

Thyda said...

*အမြဲတမ်းပူပူလောင်လောင်ဖြစ်နေမိတတ်လို့၊အမြဲတမ်းအေးချမ်းနေတတ်တဲ့ဒီဘလော့လေးကိုမကြာခဏလာလည်ရင်းအတုယူရပါတယ်။စောင့်မျှော်ဖတ်ရှုလျှက်ပါရှင်။

မြရွက်ဝေ said...

အမnu-sanရေ မင်္ဂလာရှိသော် ရွှေရတုပါ။ အမစာရေးတာ အရမ်းကြိုက်တယ်။ အမဘလော့ကိုသိပြီး ပို့စ်တွေအားလုံးဖတ်ဖြစ်သွားပြီး သဘောကျလို့ နောက်လဲအမြဲလာဖြစ်တယ်။ အမြဲအားပေးလျှက်ပါ။

မျှားပြာ said...

အစ်မနုစံရေ အေးချမ်းသောစာလေးများကို အမြဲတမ်းရေးနိုင်ပါစေဗျာ။ အဆင်ပြေပါစေ။

ဇနိ said...

၅၀ မှ ၁၀၀ ၊ ၁၀၀ မှ သည်....
အခုမှပဲ ရောက်ဖူးတော့တယ်။
နောက်လည်း လာလာဖတ်ဦးမယ်။

နှင်းပွင့်ဖြူ said...

အန်တီ နုစံ.. တူမလေး လာတာ နောက်ကျသွားတာ ဂျောတီးနော်.. ဂျိတ်အဂျိုးနဲ့
ပို့စ် ၅၀ မြောက်မှ ၅၀၀၀ မြောက်ထိ အမြဲလန်းဆန်းတဲ့ ဆာကူရာ လေးဖြစ်ပါစေ..

စကားမစပ်... ငါးမျှားခြင်း ပိုင်း ၃ တင်ထားပီ..
အဓိက အဲ့ တာလာပြောတာ.. ဟီးဟီး ...

နှင်းပွင့်ဖြူလေး

Winkabar said...

အစ်မရေ ပို့စ် (၅၀) ပြည့်ဆိုတော့ ငွေရတုပေါ့နော်။ နောက်လည်းစာတွေအများကြီးရေးနိုင်ပါစေ။ ဘလော့ရေးရင်းလည်းပျော်ရွှင်ပါစေနော်။ cbox မထားလည်းကိစ္စမရှိပါဘူး။ ထင်တော့ထင်ပါတယ်။ အစ်မအဲလိုစဉ်းစားတယ်ဆိုတာ။ အဲဒါကြောင့်လည်း ထားဖို့မတိုက်တွန်းဖြစ်တာပေါ့။

ဒီကြားထဲလာလာပြီးဆုတောင်းပေးတာကျေးဇူးအများ
ကြီးတင်တယ်နော်အစ်မ။ ဟုတ်တယ်နော် စာမေးပွဲ ပြီးသွားတာတကယ်ပျော်ဖို့ကောင်းတယ်။ အစစအရာရာအားလုံးအတွက်ကျေးဇူးပါအစ်မ။

ကလိုစေးထူး said...

မနုစံရေ..
နည်းနည်းတောင် နောက်ကျသွားသလားပဲ။ ခွင့်လွှတ်ပါ။ ပို့စ် ငါးဆယ်မြောက်မှသည် နောက်ထပ် ပို့စ်များစွာတိုင် ရေးနိုင်ပါစေ။ မနုစံ ဘလော့ဂ်ကို ရောက်တာ နောက်ကျပေမယ့်လည်း အနည်းဆုံးတော့ သုံးလေးရက်တခါ ဆိုသလို ရောက်ဖြစ်ပါတယ်။ အမြဲအားပေးနေပါတယ်။

kay said...

နုစံ ရေ.. ၅၀ တောင် ရှိသွားပီလား... အင်း..နောက် ၄-၅-၆ နှစ် လောက်ဆို.. တို့ဘလော့ကြီး တွေ..ဘယ်လို ဖြစ်လာ မလဲ မသိဘူးနော်.. ဘယ်အချိန် တွေထိ ဆက် ရေး နေဖြစ်ကြမလဲ..
အမ ကို တခုတ်တရ.. ထဲ့ ပြော ထား လို့.. ကျေး ဇူးတင်ပါတယ် .. အလုပ်နဲနဲ ရှုတ် သွား လို့..ခု မှ ရောက်လာ တာ.. ခွင့်လွှတ် နော်

MgThaJan said...

မနုစံရေ နောက်ကျသွားတာ ခွင့်လွှတ်ပါ။ ပို့စ် 50 မှသည် 500 1000 တိုင်အောင် ပျှော်ရွှင်စွာ ဆက်လက် ဘလော့ဂ်ပါခင်ဗျာ။

Mee Chit said...

မမနုစံ စာအရေးအသားကို အရမ်းကြိုက်တယ်.. ခုမှ ကွန်မန့်ရေးလို့ လန့်သွားမလားတော့ မသိဘူး.. မီးချစ်က ကိုယ်ဝန်ရှိနေတော့ ဆောင်ရန်ရှောင်ရန်လေးတွေ ရှာဖတ်ရင်းနဲ့ ဂူဂဲလ်မှာ မမနုစံဘလော့ကို သတိထားမိတာပါ.. မီးမီးလေးအကြောင်းတွေဖတ်ရင်း တခြားဟာတွေပါ လျှောက်ဖတ်တာ .. ခု အကုန်ပြီးသလောက်ဖြစ်နေပြီ .. ဖတ်စရာကုန်သွားမှာတောင် ကြောက်တယ်.. မီးချစ်လည်း လူမသိသူမသိ ဘလော့လေးလုပ်ထားတာ မမနုစံရဲ့ ဒီပို့စ်လေးဖတ်မိပြီးတော့ အားတွေရှိလာတယ်.. ဆက်လက်အသက်သွင်းနေဦးမယ်.. တောင်ငူမုန့်ဟင်းခါးလဲ အရမ်းစားချင်တယ် လို့