December 28, 2007

နှစ်သစ်ဆုတောင်း

Christmas မတိုင်ခင်ကတည်းက blog အတွက် ပို့စ် အသစ် ရေးဖို့ အချိန်မရခဲ့ပါဘူး။ Christmas မီးထွန်းပွဲတော် လျှောက်လည်တုန်းက ဓာတ်ပုံတွေလည်း blog မှာတင်မယ်ဆိုပြီး မတင်နိုင်ခဲ့ဘူး။ အလုပ်များလွန်းပြီး ပင်ပန်းတယ် လို့ ငြီးလည်း မငြီးချင်တော့ပါဘူး။ တကယ်တော့လည်း နိုင်ငံရပ်ခြားကို ရောက်နေတယ်ဆိုတာ အားလုံး ပြည့်စုံကောင်းမွန် နေတာမဟုတ်ဘူး။ ဖြစ်ချင်တာတွေ၊ လိုအပ်ချက်တွေကတော့ ဘယ်နေရာမဆို ရှိနေတာပဲ။ “လူ့အလို နတ်မလိုက်နိုင်” ဆိုတဲ့ စကားလည်း ရှိသေးတာပဲ မဟုတ်လား။ လောလောဆယ် ကျမ ဖြစ်ချင်တာကတော့ ပိတ်ရက်ရှည် ရတုန်း ရန်ကုန် ကို ပြန်ချင်တာပါပဲ။ ခွင့်ရက်နား နီးလာလေ အဲဒီ ဝေဒနာ ပိုဆိုးလာလေပဲ။ ဒီကြားထဲ ရန်ကုန်က မိဘတွေ နေမကောင်းဘူးဆိုတော့ ပိုပြီး စိတ်ပူမိတာပေါ့။ ကိုယ်တိုင် မပြန်နိုင်တဲ့အခါ အိမ်ကို နေ့တိုင်းဖုန်းဆက်ပြီး အကျိုးအကြောင်းမေးရတယ်။ လူကြီးတွေ သက်သာ လာတယ်ဆိုမှပဲ သက်ပြင်းချနိုင်ပါတော့တယ်။


တချို့ဆိုရင် Christmas မတိုင်ခင် ကတည်းက ခွင့်ရက်ရှည် ယူပြီး ခရီးထွက်ကြတယ်။ များသောအားဖြင့် ပြည်တွင်းခရီးထက် နိုင်ငံခြားခရီးကို အလည်ထွက်ကြတာပါ။ ကျမတို့ ရုံးကလည်း ဒီဇင်ဘာ ၂၉ ရက်နေ့ ကနေစပြီး နောက်လ ၆ ရက်နေ့အထိ ခွင့်ရက်ရှည် ရတာကိုး။ ဒီတော့ တချို့လည်း ဒီပိတ်ရက်မှာ သူတို့ မိဘတွေက ဂျပန်ကို လာလည်လို့ အနီးနားတ၀ိုက်ကို အလည် လိုက်ပို့ကြတယ်။ တချို့လည်း ကိုယ်ဇနီးလောင်းနဲ့အတူ မိဘဆီ ဆွေပြ မျိုးပြ သွားရင်း သူ့နေရပ် သူပြန်သွားကြတယ်။ ကျမတို့ကိုတော့ “ပိတ်ရက် ဘာလုပ်မှာလဲ၊ ဘယ်သွားမှာလဲ ၊ မြန်မာပြည် ပြန်မှာလား” အစရှိသဖြင့် မေးကြတာပေါ့။ ကျမရဲ့ ဂျပန် visa က သက်တမ်းတိုး ဖို့ရှိနေတာရယ်၊ မြန်မာပြည်ပြန်မယ် ဆိုရင်လည်း မြန်မာသံရုံးကို အခွန်ဆောင်ရအုံးမှာလေ၊ ပြီးတော့ ဒီအချိန်မှာ လေယာဉ်ခက အဆမတန်ဈေးတက်နေတာရယ် ၊ ရုံးက ပေးထားတဲ့ ခွင့်ရက်က နည်းနေတာရယ်၊ ၂ ယောက်စလုံး ပြန်မယ်ဆိုရင်လည်း ခရီးစရိတ်က ၂ ဆ ကုန်မှာဆိုတော့ အကြောင်းကြောင်းတွေ ကြောင့် ရန်ကုန်ပြန်မယ့်အစီအစဉ်ကို လွန်ခဲ့တဲ့ ၂ လလောက်ကတည်း စိတ်လျော့ထားပြီးသားပါ။ ဒါကြောင့် သူတို့မေးတိုင်း “ဘာအစီအစဉ်မှ မရှိသေးပါဘူး။ အိမ်မှာပဲ နေဖြစ်လိမ့်မယ်” လို့ ခပ်တိုတိုပဲ ဖြေလိုက်တော့တယ်။


နောက်ပြီး လက်ရှိ လုပ်နေတဲ့ Project ကလည်း ပိတ်ရက်မတိုင်ခင် လက်စသတ်ပေးရမယ် ဆိုတော့ ဒီရက်အတွင်းမှာ ပြီးအောင် လုပ်ပေးခဲ့ရသေးတယ်။ ပိတ်ရက် ၁၀ ရက်စာကို ကြိုပြီး လုပ်ပေးလိုက်ရသလိုပဲ။ တစ်နေ့ကုန် လုပ်ပေးရပြီး အိမ်ပြန်ရောက်ရင် ၁၀ နာရီ ကျော်နေပါပြီ။ လူပင်ပန်းသလို စိတ်လည်း တော်တော်ကို ပင်ပန်းလှပါတယ်။ တထွာ တမိုက်သာသာ စက်ပစ္စည်းလေးကို ကိုင်ပြီး အလုပ်လုပ်ရတာက တစ်မျိုး၊ ကွန်ပျူတာကို အချိန်တော်တော်များများကြည့်နေရတော့ အိမ်ရောက်တာနဲ့ ဘာမှကို ဆက်မလုပ်ချင်တော့ဘဲ မျက်လုံးမှိတ်ပြီး အနားယူချင်နေပါပြီ။ တချို့ရက်ဆိုရင် အိမ်အထိ စက်လေးကို သယ်ပြီး အိပ်ယာပေါ်မှာ လှဲရင်း လုပ်ပေးရတာက ရှိသေးတယ်။ ဒီနေ့တော့ အလုပ်တချို့ကို လွှဲပေးလိုက်ပြီဆိုတော့ ရင်ထဲက အပူလည်း တ၀က်လောက်တော့ သက်သာသွားပါပြီ။ ကျန်တဲ့ အပူတ၀က်ကို နှစ်သစ်အထိ သယ်လာပြီး အားလုံး အဆင်ပြေစေဖို့ ဘုရားမှာ ဆုတောင်းနေရတော့မှာပါပဲ။ ကိုယ့်အရှုတ်နဲ့ ကိုယ်မို့ ဒီရက်အတွင်း ဘယ်ဘလော့ခ်မှလည်း မလည်ဖြစ်ပါဘူး။ လည်ဖြစ်ရင်လည်း တစ်ခု နှစ်ခုလောက် လည်ပြီး အိပ်ယာဝင်ဖြစ်တာ များတယ် ဆိုတော့ ကျမ blog ကို လာကြတဲ့ သူငယ်ချင်းတွေကို အားနာဖို့ကောင်းလှပါတယ်။


သေချာတွေးကြည့်မိရင် ကျမတို့အတွက်တော့ နိုင်ငံခြားဆိုတာဟာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ပိုက်ဆံ လာရှာဖို့ သက်သက်လို ဖြစ်နေတာပါပဲ။ ဒီနိုင်ငံအတွက် ကိုယ်က အခွန်ငွေပေးပြီး သူတို့အတွက် အလုပ် လာလုပ်ပေးနေရတာမျိုးလို့ ခံစားရတယ်။
တကယ်လို့များ ကိုယ့်နိုင်ငံမှာ ရတဲ့ လခဟာ သင့်တင့်မျှတတဲ့ ငွေကြေးပမာဏ ဖြစ်မယ်၊ ပြီးတော့ ၂ ဖက်လူကြီးမိဘတွေကိုလည်း ကြွေးဟောင်းဆပ်နိုင်မယ်၊ သူတို့တွေနဲ့လည်း တစ်နိုင်ငံထဲ အတူ နေရမယ် ဆိုရင်တော့ အားလုံးအတွက် အကောင်းဆုံးပဲ မဟုတ်လား။ အဲဒါဆိုရင် မိသားစုနဲ့ ခွဲခွာပြီး တခြားနိုင်ငံ မှာ အလုပ်လုပ်စရာ မလိုတော့ဘူးပေါ့။ ဒါကြောင့် နှစ်သစ် ဆုတောင်း အနေနဲ့ ဆုတစ်ခုပဲ တောင်းချင်ပါတယ်။ ကျမ တို့ရဲ့ “နိုင်ငံဟာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ အပြင် တရားမျှတပြီး ပြည်သူလူထု အတွက် ပျော်ရွှင်သော နိုင်ငံတစ်ခု အမြန်ဆုံး ဖြစ်လာပါစေ” လို့ အားလုံးအတွက် ဆုတောင်းပေး လိုက်ပါရစေ....။


ဒီဇင်ဘာ ၂၉၊ ၂၀၀၇။

10 comments:

Winkabar said...

အဲဒါတော့အမှန်ဆုံးပဲအစ်မရေ။ အစ်မနဲ့အတူဆုတောင်းလိုက်ပါတယ်။
“နိုင်ငံဟာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ အပြင် တရားမျှတပြီး ပြည်သူလူထု အတွက် ပျော်ရွှင်သော နိုင်ငံတစ်ခု အမြန်ဆုံး ဖြစ်လာပါစေ” လို့။

နားနားနေနေ နေပါအစ်မရယ်။ အားပြည့်မှအလုပ်လုပ်လို့ကောင်းမှာလေနော်။

thamudayanwe said...

အင်း..ထင်တော့ထင်သား....အင်း...
အဲလိုဖြစ်ရင် အကောင်းဆုံး...
အခွန်က ၂ဖက်ပေးရတော့..အင်း....
အမလဲ ခုရက် အလုပ်ရှုပ်တယ်ကွာ..ပိတ်ရက်မှာ ဖတ်ရမဲ့စာအုပ်တွေများနေလို့ ဖွင့်ဖွင့်ချင်းလဲ ppt ကရှိ..
ခုလဲ အိပ်မပျော်လို့ ခန ဘလော့လိုက်လည်ရင်း ကော်မန့်ပွတ်လိုက်တာ..
နှစ်သစ်မှာ..ပျော်ရွှင်ပါစေ...

Anonymous said...

အစ်မရေ့..ခွင့်ရက်ကအကြာကြီးပဲပိတ်တယ်နော် ကောင်းတာပေါ့၊ ကျနော်တို့ ဆီမှာတော့ ၃ရက်ပဲပိတ်တယ်...အစ်မပြောမှပဲ သတိရတော့တယ် ကျနော် တို့ က ပိုက်ဆံပဲပို့ ပေးနေတယ်ဆိုပေမဲ့ ကြွေးဟောင်း ဆပ်တာဘယ်လိုလုပ် ကောင်းမှာလဲနော် တကယ်ဆို မိသားစုနဲ့ နီးနီးနာနာ မှာ သင့်တင့်တဲ့ လခလေးတွေနဲ့  လုပ်ရမယ်ဆို ဘယ်လောက်ပျော်ဖို့ ကောင်းလိုက်မလဲ....ကျနော်တို့ 
“နိုင်ငံဟာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော
နိုင်ငံ အပြင် တရားမျှတပြီး ပြည်သူလူထု
အတွက် ပျော်ရွှင်သော
နိုင်ငံတစ်ခု အမြန်ဆုံး ဖြစ်လာပါစေ လို့ အစ်မနဲ့ ထပ်တူ ဆုတောင်းပါတယ်...
ပိတ်ရက်မှာ မွေးရပ်မြေကို မပြန်ရပေမယ့် ..အစ်မတို့ ဇနီးမောင်နှံပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေခင်ဗျာ....။

Thyda said...

Me neither..
I could not go back to Myanmar in this long holidays though I'd like to.

I hope what we are trying and learning today can contribute for our country future.

Happy New Year 2008 to you and your love one!!

Anonymous said...

မ..ရေ...
ပိတ်ရက်အကြာကြီးရတာတော့ သဘောကျတယ်...။ ကျန်တာတော့ အားမကျဘူး ... လေးမက ငပျင်း...။ အဲလောက်ပင်ပန်းရင် လုပ်နိုင်မှာဟုတ်ဘူး.. ဟီး...။

မ..ရဲ့ ဆုတောင်းက အရမ်းပြည့်စုံပါတယ်....။ ဒီဆုကို အားလုံးက ၀ိုင်းတောင်းကြရအောင်ပါ ...။ ဒါဆိုပြည့်မလား မသိဘူးနော်...။

အစ်ကို နဲ့  အစ်မ ... ပိတ်ရက်မှာ အဲဒီမှာ လျှောက်လည် ..ဓါတ်ပုံတွေရိုက် .. ဘလော့ဂ်မှာ တင်ပြီး ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းမြေ့ကြပါစေရှင်..။

Anonymous said...

မ..ရေ..အမှတ်တရ ဖြစ်ခဲ့တဲ့ ၃၁ ရက်တွေအကြောင်း ရေးဖို့ တက်ထားပါတယ်...။

s0wha1 said...

မနုစံ..New Year Resolutuion ကို မေးထားတယ်။ ဖြေပေးပါဗျို့...

thamudayanwe said...

•.¸¸.•♥ Happy New Year ♥•.¸ ¸.•

မြရွက်ဝေ said...

မnu-sanရေ
အမတောင်းတဲ့ဆုတောင်း အတူတောင်းလိုက်ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ Happy New Year ပါ။

့်Home Sweet Home said...

အစ်မဆုတောင်းသလိုဘဲ ဆုတောင်းလိုက်ပါတယ်။
မြန်မာနိုင်ငံကိုလွမ်းတာချင်းလည်းတူတယ်။
ထူးအိမ်သင်ရဲ့ အမေအိမ်သီချင်းကိုဘဲအခါခါဆိုမိနေပါတယ်။