December 31, 2007

ပြောင်းလဲခြင်းများ နှင့် ဒီဇင်ဘာ ၃၁ များ

ငယ်ငယ်တုန်းကတော့ ဒီဇင်ဘာဆိုရင် ဒုတိယ အစမ်းစာမေးပွဲပြီးလို့ ကျောင်းပိတ်ထားပြီး ကျောင်းပြန်ဖွင့်တာနဲ့ အတန်းတင် စာမေးပွဲအတွက် ပြင်ဆင်နေရတဲ့အချိန်ပေါ့.. စာကျက်နေရပြီ။ ဒီလိုနဲ့ပဲ ဒီဇင်ဘာတွေ တနှစ်ပြီး တစ်နှစ် ကုန်ဆုံးလာခဲ့တယ်။ ဒီဇင်ဘာဟာ ၁၂ လထဲက လတစ်ခုအဖြစ်တည်ရှိနေတာကလွဲရင် ကျမကို ဘာမှ ထူးခြားမှု မဖြစ်စေခဲ့ပါဘူး။


၁၀ တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့လည်း ဒီဇင်ဘာဟာ ကျမအတွက်တော့ ဘာမှ ခံစားရလောက်တဲ့ ခံစားချက်မျိုး မဖြစ်လာခဲ့ပြန်ဘူး။ ထူးထူးခြားခြား သတိထားမိတာကတော့ ဒီဇင်ဘာလ ရဲ့ ၁ ရက်နေ့ဆိုတာနဲ့ ကျမတို့ဘက်က လမ်းမကြီးတွေပေါ်မှာ SWEET DECEMBER ဆိုတဲ့ စာလုံး ခပ်ကြီးကြီးကို ထုံးဖြူနဲ့ ရေးထားတာ တွေ့ရမယ်။ နောက်ပြီး ကြော်ငြာတွေ ခေတ်စားလာတော့ သတိထားမိတာ တစ်ခုက ဒီဇင်ဘာ အလှကုန်ပစ္စည်းကြော်ငြာပါပဲ။ တစ်နှစ်ပတ်လုံး မကြော်ငြာပဲ ဒီဇင်ဘာ ရောက်မှ ၁ ရက်နေ့ ကနေစပြီး ၃၁ ရက်နေ့ အထိကို မုန်းသွားအောင်ကို တီဗွီမှာ ကြော်ငြာတာပါ။ အဲဒီလိုမျိုးလေးတွေ မြင်ရပြီ၊ ကြားရပြီဆိုမှပဲ “ဘာလိုလိုနဲ့ ဒီဇင်ဘာလ ရောက်လာပြန်ပြီ။ နှစ်တစ်နှစ်ကုန်တော့မှာပါလား”ဆိုတဲ့ အတွေးက ခေါင်းထဲရောက်လာပြီး ခဏနေ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်တာပါပဲ။ NEW YEAR ကြိုတဲ့ ပွဲမျိုး၊ Christmas လိုပွဲမျိုးတော့ တခါမှ မသွားခဲ့ဖူးပါဘူး။ ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်ဟာ ကျမအတွက်တော့ ခပ်စိမ်းစိမ်းပါပဲ။ ဒါပေမယ့် မှတ်မိတဲ့ ဒီဇင်ဘာ ၃၁ တွေကို ပြန်စဉ်းစားမိရင်...

***

၁၉၉၈ ခုနှစ် ဒီဇင်ဘာ

အဲဒီနှစ်ရဲ့ ဒီဇင်ဘာမှ ကျမ အတော်လေး နေမကောင်းဖြစ်နေတဲ့အချိန်ပါပဲ။ သောက်ရတဲ့ဆေးတွေက ပြင်းလွန်းတဲ့အပြင် အစာ မစားခင်မှာ ဆေးကြိုသောက်ရတာမို့ အစာစားပြီးရင် စားပြီးသမျှ အကုန်ပြန်ထွက်တာပါပဲ။ သူများတွေကတော့ ဒီဇင်ဘာ ၃၁ မှာ နှစ်သစ်ကို အင်းလျားမှာ ကြိုမလား၊ ကမ်းခြေတခုခုမှာ ကြိုဆိုမလား၊ ကိုယ့်အိမ်မှာပဲ ပါတီလေးလုပ်ပြီး ကြိုမလား အမျိုးမျိုး ကြိုနေကြတဲ့အချိန်မှာ ကျမကတော့ ဥသြဆွဲပြီး ကြိုနေခဲ့ရတယ်။ ဝေဒနာက ပြင်းလွန်းလို့ ကိုယ့်ကိုကိုယ်လည်း အသက်ရှိမှ ရှိသေးရဲ့လားလို့် ထင်မိတဲ့အချိန်ပေါ့... အဲဒီတော့မှ “ကျန်းမာခြင်းသည်လည်း လာဘ်တပါး”ဆိုတာကို ကောင်းကောင်းကြီး လက်ခံလိုက်ရတော့တယ်။


၁၉၉၉ ခုနှစ် ဒီဇင်ဘာ

အဲဒီနှစ်က မှတ်မှတ်ရရ ကွန်ပျူတာက နောက်ဆုံး Semester စာမေးပွဲဖြေခါနီးနေတဲ့အချိန်ပေါ့။ နွေမှာ အယ်နီးညိုးဝင်ပြီး ဆက်တိုက်ဆိုသလို ဆောင်းတွင်းမှာ လာနီညာ ဖြစ်တဲ့နှစ်ပေါ့။ ဒီဇင်ဘာ ၃၁ ရက်နေ့ကို ဘယ်လိုပြီးခဲ့ရသလဲဆိုတော့ စာမေးပွဲအတွက် စာကျက်ရင်း ကြိုခဲ့ရတာပါ။ စာမေးပွဲမှာ စာတွေကလည်း များတော့ စာကျက်ရင်း စောင်ကို အထပ်ထပ် ခြုံပြီး လည်ပင်းအေးရင် အာသီးယောင်တတ်လွန်းလို့ လည်ပင်းကို မာဖလာပတ်ပြီး စာကျက်ခဲ့တာပေါ့။ အဲဒီလိုနဲ့ ခဏလှဲလိုက် စာပြန်ကျက်လိုက်နဲ့ တော်တော်ညဥ့်နက်တဲ့အထိပဲ။ အိပ်ပျော်သွားတော့လည်း အဲဒီအတိုင်းပဲ အိပ်ပျော်သွားခဲ့တယ်။ အိပ်ပျော်နေတုန်း အသက်ရှုတအားကျပ်လာပြီး လည်ပင်းကို တစ်ယောက်ယောက်က ညစ်ထားသလိုမျိုး ခံစားရလာလို့ လန့်နိုးလာတော့ မအိပ်ခင်က ပတ်ထားတဲ့ မာဖလာက လည်ပင်းညစ်ထားသလိုဖြစ်နေတာ။ လန့်နိုးတော့ ဆောင်းတွင်း အေးအေးမှာ လူတကိုယ်လုံး ဇော ချွေးတွေနဲ့...


၂၀၀၀ ခုနှစ် ဒီဇင်ဘာ

အဲဒီအချိန်ကျတော့ အလုပ်ထဲရောက်နေပြီလေ။ အလုပ်ထဲရောက်တော့မှ New Year Party ဆိုတာကို စပြီး ကြုံဖူးတာပါ။ ပထမဆုံး အလုပ်စ ၀င်တဲ့နှစ်လည်း ဖြစ်ပြန် New Year Party ဆိုတာ ကလည်း အခုမှ ကြုံဖူးတဲ့အပြင် Party ကို ရုံးက အကုန်အကျ ခံပြီး လုပ်ပေးခဲ့တာပါ။ ကျွေးတာက Buffet လိုမျိုးပါပဲ။ စားပြီတော့ ဂိမ်းတွေ ကစားကြ၊ ပြီးရင် အချင်းချင်း နောက်ပြောင်ပြီး သီချင်းဆိုခိုင်းကြ၊ King & Queen ရွေးကြနဲ့ ပျော်ပျော်ကြီး နှစ်သစ်ကို ကြိုခဲ့ကြတယ်။ မှတ်မှတ်ရရ ဂိမ်းဆော့တော့ အုပ်စုတွေခွဲပြီး အုပ်စုနာမည်ပေးတာက “ကလေက၀”၊ “အုတ်ကြားမြက်ပေါက်”၊ ”ရေမြောကမ်းတင်” ဆိုပြီး အုပ်စုနာမည်တွေ ပေးကြတာပါ။ အချင်းချင်း ပါးစပ်က အငြိမ်မနေပဲ “ဟဲ့..နင်က ဘယ်အဖွဲ့ထဲကလဲ” မေးရင် “ငါက ကလေက၀” လို့ ဖြေတာက ရှိသေးတယ်။ အခုချိန်ပြန်တွေးကြည့်တော့လည်း အရာအားလုံးဟာ ပျော်ရွှင်စွာနဲ့ ပြီးဆုံးခဲ့တဲ့ ကာလလေး တခုလို့ပဲ စိတ်မှာ တွေးမိတယ်။


၂၀၀၁ ခုနှစ် ဒီဇင်ဘာ

၂၀၀၁ ခုနှစ်ကျတော့ ရုံးက New Year Party အတွက် ဘာလုပ်ရင် ကောင်းမလဲဆိုပြီး ဒီဇင်ဘာလောက်ကတည်းက လှုပ်လှုပ်ရွရွ နဲ့ အားလုံး တွတ်ထိုးနေကြပြီ။ ရုံးက လူကြီးပိုင်းတွေ တိုင်ပင်ပြီး မြို့ထဲမှာ ပျော်မဲ့အတူတူ ကမ်းခြေမှာ ပျော်ရအောင်ဆိုပြီး ချောင်းသာခရီးသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဇင်ဘာ ၃၀ မှာ ရွှေကမ္ဘာ AirCon Bus ကြီး ငှားပြီး ချောင်းသာခရီးကို ပျော်ပျော်ကြီး စခဲ့ကြတယ်။ သူငယ်ချင်းတွေနဲ့ ၅ ယောက်တစ်ခန်းနေရတာ။ ရေချိုးခန်း၊ အိမ်သာ က တစ်ခုတည်းကို ၅ ယောက်စုနေကြတာဆိုတော့ ကသီပေမယ့် ညဘက်ဆိုရင် စကားတွေပြောလိုက် ရီလိုက် မောလိုက်နဲ့ အိပ်ရတယ်လို့ကို မရှိလှဘူး။ အဲဒီအချိန်တုန်းကတော့ အားလုံးဟာ နှစ်သစ်ကို မျှော်လင့်ချက် ကိုယ်စီနဲ့ ပျော်ရွှင်ပေါ့ပါးစွာ ဖြတ်ကျော်ခဲ့ကြတယ်။


၂၀၀၂ ခုနှစ် ဒီဇင်ဘာ

၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၃၁ မှာတော့ ဘယ်မှလည်း မသွားခဲ့ဘူး။ မျှော်လင့်ချက်အိပ်မက်တွေကနေ လန့်နိုးလာခဲ့တယ်။ ကိုယ့်ရဲ့ ရှေ့ရေးကိုမျှော်ကြည့်ရင်လည်း အရာရာဟာ မှုန်ဝါးဝါးပဲ။ လမ်းခုလတ်ကနေ လှည့်ပြန်မလား၊ ရှေ့ဆက်လျှောက်မလားလို့ စဉ်းစားတိုင်းမှာ “ဘာအတွက် ဒီအလုပ်ကို ၀င်လာတာလဲ၊ ကိုယ်က ဘာဖြစ်ချင်တာလဲ” ဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်မေးရင်း မျှော်လင့်ထားတဲ့ ပန်းတိုင်ကို မရောက်မချင်းတော့ ဆက်လျှောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လာမဲ့ နှစ်သစ်ကို ရင်ဆိုင်ဖို့ အားယူရင်း ၂၀၀၂ ခုနှစ် ရဲ့ ဒီဇင်ဘာ ၃၁ ကို တိုးတိုးတိတ်တိတ်ပဲ နှုတ်ဆက်ခဲ့လိုက်တော့တယ်။


၂၀၀၃ ခုနှစ် ဒီဇင်ဘာ

အဲဒီနှစ်က ထူးထူးခြားခြား ရုံးက ငပလီကို သွားတော့ မရောက်ဖူးတာနဲ့ လိုက်သွားဖြစ်ခဲ့တယ်။ ကားနဲ့သွားတာဆိုတော့ အရမ်းပင်ပန်းတာပဲ။ မနက် ၂ နာရီလောက်ကတည်းက ရုံးရှေ့မှာ လူစုကြပြီး ကား တကယ် စထွက်ဖြစ်တာ မနက် ၅ နာရီလောက်မှပါ။ ပြည်-တောင်ကုတ်လမ်းက သွားတာဆိုတော့ ရိုးမ ၂ခုကို တနေ့လုံး ဖြတ်ကျော်ပြီး ငပလီရောက်ချိန်မှာတော့ ည ၁၀ နာရီ လောက်ရှိနေပါပြီ။ ငပလီရောက်တဲ့ညက ထမင်းစား နောက်ကျတဲ့အပြင် စားရတဲ့ ထမင်းက ဆန်သစ်တွေဆိုတော့ အစာမကြေပဲ နေမကောင်းဖြစ်ခဲ့တယ်။ ၂၀၀၃ ခုနှစ်ရဲ့ ဒီဇင်ဘာ ၃၁ ကတော့ New Year Party မှာ ဘာမှလည်း မစားရပဲ သူများတွေ game ဆော့တာ ကြည့်ပြီး နှစ်သစ်မတိုင်ခင်မှာ အခန်းထဲပြန်ဝင်ပြီး အိပ်ခဲ့ရတဲ့ နှစ်ပေါ့။ အဲဒီနှစ်သွားရတဲ့ ကမ်းခြေခရီးကတော့ မတန်ဆုံးနဲ့ ပင်ပန်းဆုံးပါပဲ။ လူလည်း ခရီးက ပြန်လာတော့ နေမကောင်းဖြစ်ပြီး ဖျော့ဖျော့ပဲ ကျန်တော့တယ်။


၂၀၀၄ ခုနှစ် ဒီဇင်ဘာ

၂၀၀၄ ခုနှစ် New Year Party က တော့ ငွေဆောင်မှာပါ။ ကျမက ရုံးကလူတွေ ကမ်းခြေ တစ်ခုခု သွားတိုင်း အမြဲ လိုက်ဖြစ်အောင် လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုံးအုပ်စုနဲ့ ခရီးထွက်တာက လမ်းခရီးမှာ လုံခြုံမှုလည်း ရှိတဲ့အပြင် ခရီးစရိတ်လည်း သက်သာတာကြောင့်လည်း လိုက်သွားဖြစ်တာပါ်။ ၂၀၀၄ ပြီးရင် ၂၀၀၅ ခုနှစ် ဇန်န၀ါရီမှာ ဂျပန်ကို လာမှာဆိုတော့ ၂၀၀၄ ခုနှစ်ရဲ့ ဒီဇင်ဘာဟာ ကျမအတွက်တော့ ချိုမြနေတာ အမှန်ပါပဲ။ ကျမ ဖြစ်ချင်တဲ့ ဆန္ဒ တခု ပြည့်ဝတယ်လို့လည်း ဆိုနိုင်ပါတယ်။ မကြာခင် သွားရမဲ့ ခရီးအတွက်လည်း ပြင်ဆင်ရင်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၃၁ ကို ငွေဆောင်မှာ game တွေ ဆော့ရင်း ပေါ့ပေါ့လေးပဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။


၂၀၀၅ ခုနှစ် ဒီဇင်ဘာ

၂၀၀၅ ခုနှစ်ဟာ ကျမဘ၀ကို အများကြီးပြောင်းလဲပေးလိုက်တဲ့ နှစ်ပါပဲ။ ဘ၀ သင်ခန်းစာတွေ အပြင် အဓိက ကတော့ စိတ်နေစိတ်ထားပေါ့။ နောက်ပြီး အရင်တုန်းကတော့ တခုခု လုပ်ဖို့ စဉ်းစားတိုင်း ကိုယ့်အတွက်ပဲ စဉ်းစားရပေမယ့် အခုတော့ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်မယ်၊ စဉ်းစားမယ် ကြံတိုင်းမှာ ၂ ယောက်ပါလား ဆိုတဲ့ အသိကို ၂၀၀၅ ခုနှစ်က စရလာတာပါပဲ။ ဂျပန်မလာခင်တုန်းကတော့ ဒီရောက်ရင် Osaka ရုံးက Tokyo ရုံးထက်ပင်ပန်းမယ်ဆိုတာရယ်၊ပြီးတော့ ကျမ တွေ့ရမယ့် မန်နေဂျာ မမရဲ့ ကောင်းသတင်းတွေရယ်၊ အလုပ်သဘောသဘာဝကို နားမလည်ထားတာတွေ..စတဲ့ အကြောင်းအရာတော်တော်များများကို ရင်ဆိုင်နိုင်အောင် ကြိုတင်တွေးထားပေမယ့် တကယ့်လက်တွေ့မှာတော့ ကိုယ်တွေးထားတာထက် အဆပေါင်းများစွာ ပင်ပန်းပြီး၊ မန်နေဂျာ မမရဲ့ ဆိုးချက်ကလည်း ကိုယ်ကြားထားသမျှထက် ၁၀ ဆ လောက် ပိုဆိုးနေခဲ့ပါတယ်။ ဖြစ်သမျှတွေ ကြုံသမျှတွေကို အံကြိတ်တင်းခံရင်း တစ်ရက် တစ်ရက်ကို ရန်ကုန်ပြန်ဖို့ လက်ချိုးရေတွက်ခဲ့ရဖူးပါတယ်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာကတော့ အိမ်ပြန်ချင်လွန်းလို့ တက်ကြွနေတဲ့စိတ်နဲ့ ၂၀၀၆ ကို ရင်ခုန်စွာ စောင့်မျှော်ခဲ့ရတာပေါ့။ အဲဒီနှစ်ရဲ့ ဒီဇင်ဘာ ၃၁ ကတော့ သူငယ်ချင်းတွေနဲ့ အိမ်မှာ စုပြီး ချက်ပြုတ် စားကြရင်း New Year ကို ကြိုခဲ့ကြတယ်။


၂၀၀၆ ခုနှစ် ဒီဇင်ဘာ

ရန်ကုန်ပြန်ရောက်ပြီးတော့ မေလမှာပဲ လူကြီးမိဘတွေ သဘောတူညီချက်နဲ့ ကျမတို့ ၂ ယောက် ဘ၀လမ်းခရီးကို စပြီးလျှောက်ခဲ့ကြတယ်။ မင်္ဂလာဆောင်ပြီး သိပ်မကြာဘူး ၂ ယောက်စလုံး အလုပ်ကိစ္စနဲ့ ထိုင်းကို ထပ်ထွက်ခဲ့ကြရတယ်။ ထိုင်းမှာ နေရတဲ့ ကာလကတော့ ရောက်ခါစကသာ ရာသီဥတု ဒဏ်ကြောင့် မကြာခဏဆိုသလို ဖျားနာပေမယ့် ထိုင်းမှာ စားရတဲ့ အစားအစာတွေက မြန်မာပါးစပ်နဲ့ကိုက်တာမို့ နေထိုင်ရတာ အတော်လေး အဆင်ပြေပါတယ်။ ၂၀၀၆ ဒီဇင်ဘာမှာတော့ ရန်ကုန်က ကျမမောင်လေးကို ထိုင်းကို အလည်ခေါ်ပြီး ၃ ယောက်သား လျှောက်လည်ဖြစ်ခဲ့ကြတယ်။ မောင်လေး ပြန်ပြီး သိပ်မကြာဘူး။ ကျမလည်း လိုက်ပြန်ရတာမို့ ၂၀၀၆ ဒီဇင်ဘာဟာလည်း အိမ်ပြန်ဖို့အတွက် ပြင်ဆင်ရင်း ပျော်ရွှင်စွာ ပြီးဆုံးခဲ့တယ်။ ၂၀၀၆ ရဲ့ New Year ကိုတော့ ကျမတို့ လင်မယားရယ် ကျမ ညီမလေး ၂ ယောက်ရယ်နဲ့ ငွေဆောင်မှာ Karaoke သီချင်းတွေ ဆိုရင်း ကုန်ဆုံးခဲ့ကြတယ်။


၂၀၀၇ ခုနှစ် ဒီဇင်ဘာ

ဒီနှစ်ဒီဇင်ဘာကတော့ ကျမအတွက် အိမ်ကို ပြန်ချင်ပေမယ့် ကွာဝေးလှတဲ့ ခရီးမိုင်တွေနဲ့ လေယာဉ်စရိတ်တွေကြောင့် အိမ် ပြန်ချင်တဲ့ ကျမ အတောင် ရိုက်ချိုးထားခံရသလိုပါပဲ။ သူငယ်ချင်းတွေ ရန်ကုန်ပြန်မယ်ဆိုတဲ့ အသံကြားရင် “ငါလည်း ပြန်ချင်လိုက်တာ”လို့ စိတ်မှာ တမ်းတမိတယ်။ ရန်ကုန်မှာရှိတဲ့ မိသားစုကို တွေ့ချင်လာတယ်။ ဒါပေမယ့် ဒီနှစ် ဒီဇင်ဘာလဟာ ကျမတို့အတွက်တော့ အိမ်ပြန်ဖို့အတွက် ပြင်ဆင်ရမယ့်လ မဟုတ်ပါဘူး။ ဒီဇင်ဘာမှာ ရုံးပိတ်ရက်တွေလည်း များတော့ ရုံးက သူငယ်ချင်းတွေက“ မြန်မာပြည်ပြန်ဖြစ်လား” လို့မေးရင် “မပြန်ဖြစ်ပါဘူး”လို့ ရင်နာနာနဲ့ ဖြေရပေါင်းလည်း များလှပါပြီ။ “အိမ်ကို လွမ်းမှာပေါ့နော်” တဲ့.. မေးတတ်လိုက်တာ.. “ကိုယ့် မိသားစု၊ ကိုယ့် မိဘကို မလွမ်းပဲ ဘယ်သူ ရှိပါ့မလဲ” လို့ တွေးမိလိုက်တယ်။ ဒါပေမယ့် ရင်ထဲက စကားတွေဟာ ပါးစပ်နားမှာတင် ထွက်လာတော့မလိုနဲ့ နောက်ဆုံး “အင်း..သတိရတယ်.. လွမ်းတယ်” ဆိုတာလောက်နဲ့တင် ပြောပြီး ကျန်တာတွေကိုတော့ မြိုချပစ်လိုက်ရတယ်။ “ဒါဆို ပိတ်ရက် ဘယ်သွားမလဲ ဘာလုပ်မလဲ” တဲ့.. ကျမ ဘာလုပ်ရမလဲဆိုတာ ကျမကိုယ်တိုင်တောင် မတွေးထားမိသေးပါလား.. ဒီပိတ်ရက်မှာ ကျမအတွက် အကောင်းဆုံးက အိမ်ထဲမှာပဲ နေပြီး ဘလော့ခ်တကာ ဘလော့ခ်လိုက်လည်ရင်း ကုန်ဆုံးရတော့မယ် နဲ့တူပါတယ်။ ခုလောလောဆယ်တော့ သူငယ်ချင်းတွေနဲ့ Barbecue Party လုပ်ရင်း ၂၀၀၈ ခုနှစ် နှစ်သစ်ကို စောင့်မျှော်နေပါတယ်...

***

ဒီပို့စ်ကို ရေးထားတာ ဒီဇင်ဘာလလယ်လောက်ကတည်းကပါပဲ။ Blog မှာ တင်မယ်ဆိုပြီး မတင်ဖြစ်သေးဘူး။ အခုတော့ ညီမလေး လေးမ က tag လာတော့ ကျမလည်း ရေးထားပြီးသားကို နည်းနည်းပါးပါး ပြင်ဆင်ပြီး Blog မှာတင်ပေးလိုက်ပါတယ်။ ကျမရဲ့ ဒီဇင်ဘာ ၃၁ တွေက ထူးထူးခြားခြား အမှတ်ရစရာလို့ ပြောလို့မရတဲ့ စာတိုစုတွေပါပဲ။ လေးမရေ.. ကျေနပ်ပြီဟုတ်။ :)


ဒီဇင်ဘာ ၃၁၊ ၂၀၀၇။

8 comments:

Anonymous said...

ဟား..မက ကမ်းခြေတွေ ခဏခဏရောက်တယ်နော်..ပျော်စရာကြီး...။ ဟီး...မ က လေးမထက် ၀ါ နုတယ်နော်... အဟဲ..လေးမက ၀ါကြီးတယ်...။ Barbecue Party လေးတော့ နွဲလိုက်ချင်သား...ခေါ်ပါလားဟင်...။

Chit Lay Pyay said...

မ ရေ ပျော်ရွင်ဖွယ် မင်္ဂလာ ရှိသော နှစ်သစ် ဖြစ်ပါစေနော်၊ မရဲ့ ဒီဇင်ဘာ ၃၁ ဖြတ်သန်း ကုန်ဆုံး ပုံလေးက ပျော်ဖို့ ကောင်းလိုက်တာ၊ လေပြေကတော့ မလို ကံမကောင်းဘူး၊ တနှစ်တနှစ်ကို ဘယ်လို ဖြတ်သန်းမှန်းတောင် မသိတော့ ပါဘူး၊ မနှစ်က တော့ အလုပ်လုပ်နေရတယ်၊ ဒီနှစ်တော့ အိမ်မှာပဲ ခရီးကပြန်ရောက်လို့ နားနေပြီး ဘလော့ဂ်တွေ့ကို လိုက်နူတ်ဆက်နေတာ ၊ အားကျတယ်ဗျို့

နှင်းပွင့်ဖြူ said...

•.¸¸.•♥☆´¨`☆♥•.¸ ¸.•` HAPPY HAPPY NEW YEAR - 2008 ♥•.¸ ¸.••.¸¸.•♥☆´¨`☆♥•.¸ ¸.• :-)

ပျောရွင်သောနှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ

မြရွက်ဝေ said...

အမရဲ့ ဒီဇင်ဘာက ဘဝအတွေ့အကြုံအမျိုးမျိုးနဲ့ ဖြတ်သန်းခဲ့တာဆိုတော့ အမှတ်တရတွေ အများကြီးဘဲနော်။ အားကျတယ် :D

Anonymous said...

အစ်မရေ့...ဒီဇင်ဘာ ၃၁ က မှတ်မှတ်ရရမရှိလို့ ပဲေ၇းထားတွေက စုံနေတာပဲဗျ....အားပေးနေတယ်နော်..ကျနော့် ဆီကိုလဲသိပ်မလာဖြစ်တော့ဘူးနော်

kay said...

နူစံရေ.. မင်္ဂလာ နှစ်သစ် ဖြစ်ပါစေ။ ဒီဇင်ဘာ ၂၀၀၈ ကျရင် ပိုပြီး ပျော်ရွှင်နိုင်ပါစေ လို့..ကြိုတင်ဆုတောင်းပေးလိုက်တယ်..း)

မျှားပြာ said...

ပျော်စရာကောင်းလိုက်တာ ကျွန်တော်သေချာဖတ်ပြီး ဒီနှစ်ကိုရောဘယ်လိုကုန်မလဲလို့ ဘလော့ပဲဖတ်ပြီးကုန်မှာလား
ဒါမှမဟုတ်း) အဆင်ပြေပါစေ အစ်မနုစံရေ ။။

Anonymous said...

မနုစံရေ

လာလည်တာကျေးဇူးတင်တယ်နော်။ ဆူရှီးလုပ်နည်းလဲ တော့တိုးတင်ပေးပါ့မယ်။ barbecue စားချင်တာ .. cueစရာ စက်မရှိဘူး .. ဟင့် :'(
နောက်တစ်ခါလုပ်စားရင် တော့တိုးကိုလဲ ခေါ်နော်။ တော့တိုးက အစားဆိုသိပ်ကြိုက် ... :D

ပျော်ရွှင်ဖွယ်အပြည့်နဲ့ 2008 ဖြစ်ပါစေရှင်