December 17, 2007

Kobe Luminarie

“၁၉၉၅ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ Kobe မှာ Hanshin-Awaji ဆိုတဲ့ ငလျင် အကြီးအကျယ်လှုပ်ခဲ့တယ်။ မနက် ၅ နာရီ ခွဲလောက် လှုပ်တာဆိုတော့ ရထားတွေ မထွက်သေးတဲ့အတွက် အသေအပျောက်များပေမယ့် အရမ်းမဆိုးရွားခဲ့ဘူး။ တကယ်လို့ ရထားစထွက်တဲ့အချိန်သာ လှုပ်ရင်တော့ အခုသေတဲ့သူ စာရင်းနောက်မှာ သုည နောက်တစ်လုံး ထပ်တိုးရလိမ့်မယ် ထင်တယ်။ အဲဒီမတိုင်ခင်က Tokyo မှာ ငလျင်လှုပ်ဖို့ရှိတယ်လို့ ခန့်မှန်းကြတော့ လူတော်တော်များများက Tokyo ကနေ Kobe၊ Osaka စတဲ့နေရာ အသီးသီးကို ပြောင်းပြေးကြတယ်။ ဒါပေမယ့်လည်း သဘာဝရဲ့ ဘေးအန္တရာယ်ကတော့ Tokyo မှ Kobe မှ မဟုတ်ပါဘူး။ တကယ်တမ်း ဖြစ်လာတော့ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ကြဘူး။


Kobe ငလျင် လှုပ်တုန်းက အဆောက်အဦး ပိလို့ သေတာ အပြင် ငလျင်ကြောင့် ၀ါယာရှော့ဖြစ်ပြီး Gas ပိုက်လိုင်းတွေ ပေါက်ကွဲပြီး မီးလောင်လို့သေတာကြောင့် လူပေါင်း ထောင်ချီပြီး သေဆုံးခဲ့ကြတယ်။ ဂျပန်ရဲ့ လူနေမှုစနစ်ကလည်း ခက်သားလား။ ဒီမှာက ငလျင် insurance ရှိထားရင် ငလျင်ကြောင့် အဆောက်အဦး ပျက်စီးရင်တော့ insurance ကုမ္ပဏီက လျော်ကြေးပေးပါတယ်။ ဒါပေမယ့် ငလျင်ကြောင့် မီးလောင်ရင်တော့ မီးအာမခံရှိတဲ့အိမ်ပဲ လျော်ကြေးရတာ။ ဒါကြောင့် တချို့ဆိုရင် မီးအာမခံမထားတဲ့အတွက် ငလျင်လှုပ်လို့ အဆောက်အဦးပျက်တာမဟုတ်ပဲ မီးလောင်လို့ပျက်စီးတဲ့သူတွေက လျော်ကြေးမရပြန်ဘူး။ ဒီကြားထဲ တချို့ကျလည်း အိမ်ဝယ်ထားတာမှ မကြာသေးဘူး။ အိမ်က ငလျင်လှုပ်တဲ့ထဲပါသွားတော့ အိမ်ကိုလည်း ထပ်ပြင်ဖို့အတွက် ပိုက်ဆံထပ်ထည့်ရသေးတယ်။ နောက်ပြီး နှစ်တိုးနဲ့ ပိုက်ဆံချေးပြီး အိမ်ဆောက်ထားတဲ့အကြွေးကိုလည်း ဆပ်ရတော့ တပြိုင်တည်း အိမ် ၂ လုံးဆောက်သလိုဖြစ်ပြီး လူတွေလည်း အကြွေးနဲ့ လုံးလည်လိုက်နေတာပဲ....”


ဒီအကြောင်းကို ပြီးခဲ့တဲ့သောကြာနေ့က ကျမတို့ Department Director နဲ့ ထမင်းထွက်စားတော့ သူပြောပြတဲ့ Kobe ငလျင်တုန်းက အကြောင်းတွေပါ။ ကိုယ်တွေ့ ကြုံခဲ့ရတာမို့ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲ ဆိုတာ ကျမတို့ကို ပြန်ပြောပြတာပါ။ သူကတော့ ဘာမှမဖြစ်ပေမယ့် သူ့အမျိုးသမီးက ပစ္စည်းပြုတ်ကျပြီး မျက်လုံးကို ထိလို့ သွေးထွက်တဲ့အထိ ဒဏ်ရာရခဲ့တယ် ဆိုတဲ့အကြောင်း၊ လျှပ်စစ် ဆက်သွယ်ရေး အားလုံး ပြတ်တောက်သွားလို့ ဓာတ်လှေကားတွေ အလုပ်မလုပ်တော့ပဲ အပြင်လှေကားကိုသာ အသုံးပြုခဲ့ရကြောင်း၊ သူ့ယောက်ဖက အောက်ပိုင်းသေနေတာဆိုတော့ ယောက်ဖကို ငါးထပ်ကနေ လူချည်းပဲ သယ်ချရကြောင်း၊ ပြီးမှ Wheelchair ကို သပ်သပ် တခါ ပြန်သယ်ပေးရကြောင်း၊ ယောက်ခမတွေလည်း ရှိတော့ လူကြီးတွေကိုလည်း အောက်ရောက်အောင် ချီပိုးပြီး ဆင်းပြေးရကြောင်းကို သူ ပြန်ပြောပြတော့ ကျမတို့ အားလုံး စိတ်မကောင်းဖြစ်ရတာပေါ့။ သူပြန်ပြောပြတာတောင် တော်တော်ကြောက်ဖို့ကောင်းနေတာ တကယ်ကာယကံရှင်တွေ သွေးပျက်လုနီးပါး ဖြစ်နေတာကို ခံစားကြည့်လို့ရပါတယ်။


ဒါကြောင့် ၁၉၉၅ ခုနှစ် ဒီဇင်ဘာမှာ ငလျင်ကြောင့် သေသွားတဲ့သူတွေအတွက် Luminarie (
ルミナリエ) ပွဲတော်ကို Kobe မှာ နှစ်တိုင်း ကျင်းပခဲ့ကြတယ်။ မီးထွန်းပွဲ လာတဲ့သူတွေဆီကနေ တယောက်ကို ယန်း ၁၀၀ ပဲ အလှူငွေ ကောက်ခံတယ်။ Luminarie ကို လာတဲ့သူတွေကလည်း မနည်းလှပါဘူး။ ဒီနှစ်တော့ “၁၂ လပိုင်း ၆ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ Luminarie မီးထွန်းပွဲတော်ကို Kobe မှာ ကျင်းပလိမ့်မယ်။ နင်တို့ သွားကြည့်ပါလား ” လို့ ရုံးက သူငယ်ချင်းက အကြံပေးတာနဲ့ ကျမတို့ ၂ ယောက်လည်း ချမ်းအေးတာ ဂရုမစိုက်နိုင်ပဲ စနေနေ့ ညနေ ၃ နာရီလောက် အိမ်က ထွက်ခဲ့ကြတယ်။ ကျမတို့ နားမှာရှိတဲ့ Hankyu ဘူတာကနေ Kobe Sannomiya ဘူတာထိကို မိနစ် ၄၀ လောက် ရထားစီးရပါတယ်။ Limited Express ဆိုရင်တော့ မိနစ် ၂၀ လောက်ပါပဲ။


Kobe ရောက်တော့ နာမည်ကြီးလှတဲ့ Kobe တရုတ်တန်းမှာ ၀ယ်ချင်တာ၊ စားချင်တာတွေ စားပြီး မီးထွန်းတဲ့နေရာကို သွားနေကြတဲ့ လူတန်းကြီး နောက်ကို ၂ ယောက်သား ယောင် နန နဲ့ လိုက်သွားရတာပေါ့။ မီးစပြီး ထွန်းချိန်က ညနေ ၅ နာရီခွဲမှာ စတာပါ။ အဲဒီအချိန်ဆိုရင် ကားလမ်းတွေကို အကုန်ပိတ်ထားပြီး လူတွေက များလွန်းလို့ လမ်းကူးရင်တောင် တဖက်ကို ပိတ်ထားပြီး တဖက်က ကူးခိုင်းရတယ်။ အလှည့်ကျစီပေါ့။ လုံခြုံရေး ရော၊ ရဲတွေရော၊ ဒီပွဲတော်မှာ တာဝန်ယူထားတဲ့ လမ်းရှင်းပေးဖို့ လူတွေရော သူတို့တွေကတော့ ဆိုင်းဘုတ်တွေပြလိုပြ၊ မီးနီ ရေခဲချောင်းတုတ်တွေ ထောင်လိုထောင်ပေါ့လေ။ အော်လံ တွေနဲ့ အော်နေတာက ရှိသေးတယ်။


စစချင်းမှာ တွေ့ရတာက မီးထွန်းထားတဲ့နေရာရောက်ဖို့ အားလုံးပေါင်း မိနစ် ၉၀ ကြာမယ်လို့ရေးထားတယ်။ ကျမတို့ ၂ ယောက်လည်း “ကဲ မထူးဘူး လျှောက်လိုက်ကြစို့ ..” ဆိုပြီး သူတို့နည်းတူ ရောယောင်ပြီး လျှောက်လိုက် နားလိုက် ရပ်လိုက် နဲ့ လျှောက်လာလိုက်တာ နောက်ဆုံး မီးထွန်းထားတဲ့နေရာကို မြင်ရတော့မှပဲ သက်ပြင်းချနိုင်တော့တယ်။ လေတိုက်ရင် စိမ့်နေအောင် အေးတာတောင် ကိုယ့်ရှေ့ ကြည့်တော့လည်း နည်းတဲ့လူတွေ မဟုတ်ဘူး။ နောက်ပြန်လှည့်ကြည့်ရင်လည်း လူဆိုမှ လူတွေချည်းပဲ။ မီးထွန်းထားတဲ့ရှေ့လည်းရောက်ရော အားလုံးက အလုအယက် ဖုန်းကင်မရာ၊ လက်ကိုင်ကင်မရာ၊ Professional ကင်မရာ၊ camcorder ရှိရှိသမျှ သူ့ထက်ငါ လုယက်ပြီး ရိုက်လိုက်ကြတာ။ ကျမကတော့ အံ့သြမင်သက်ပြီး မီးထွန်းထားတဲ့ လက်ရာတွေကိုပဲ ကြည့်နေမိတော့တယ်။ အမျိုးသား ကတော့ မီးထွန်းထားတာကို ဓာတ်ပုံ ရိုက်ပေးတာပေါ့။ ဒါနဲ့ မီးထွန်းထားတဲ့ လမ်းတလျှောက် လျှောက်လာပြီး အဆုံးမှာတော့ ကွင်းပြင်ထဲမှာ နောက်ထပ် အဆောက်အဦး ပုံသဏ္ဌာန် မီးထွန်းထားတဲ့နေရာ ကို ထပ်ရောက်လာပါတယ်။ အထဲမှာ ခဏလောက် ကြည့်ပြီး ဓာတ်ပုံလေး ဘာလေး ရိုက်လိုက်ပါသေးတယ်။ ပြီးတာနဲ့
ကျမတို့လည်း အလှူငွေအတွက် လက်ထဲပါတဲ့ ရာတန်စေ့လေးတွေ ထည့်ပြီး ကွင်းပြင်ထဲက ထွက်လာတော့ ပွဲဈေးတန်းကို ရောက်နေပါပြီ။ ပွဲဈေးတန်းမှာလည်း စားစရာတွေ စုံလင်နေအောင် ရောင်းနေကြတာပဲ။ ကျမတို့ကတော့ အသားကင် နည်းနည်း ၀ယ်စားပြီးပဲ ပြန်လာခဲ့ပါတော့တယ်။ ပွဲဈေးတန်းက ထွက်တော့ ဘူတာရုံကို ဘယ်လို သွားရမှန်း မသိလို့ ၂ ယောက်သား ပြောနေတုန်းရှိသေးတယ် လုံခြုံရေးဝတ်စုံဝတ်ထားတဲ့ လူက Sannomiya eki က ဒီဘက်မှာပါလို့ ညွှန်ပြတာနဲ့ သူညွှန်ပြတဲ့အတိုင်းပဲ ဘူတာဆီ လမ်းလျှောက်ပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။


လူတွေက တနေ့တော့ သေကြရမှာ မှန်ပေမယ့် ကိုယ့် မိသားစု ဆွေမျိုးတွေထဲက ကံကုန်လို့ သေတာ၊ သေနေ့စေ့လို့ သေတာတောင် လွမ်းဆွတ် ပူဆွေးသောက ရောက်နေကြရရင် အခုလိုမျိုး ရန်သူမျိုး ၅ ပါးကြောင့်ပဲဖြစ်ြဖစ်၊ သဘာဝ ဘေးဆိုးကြောင့်ပဲဖြစ်ဖြစ်၊ မတော်တဆပဲ ဖြစ်ဖြစ် အပြစ်မရှိပဲ သေကြေရတာမျိုးက ပိုပြီး နှမြောတသ လွမ်းဆွတ်ဖွယ်ကောင်းပါတယ်။ အပြန်လမ်းတလျှောက်မှာတော့ ကျမတို့ မြန်မာပြည်မှာလည်း အခုလိုမျိုး မသေသင့်ပဲ သေကြေနေရတဲ့သူတွေ၊ အပြစ်မရှိပဲ သေနေရတဲ့သူတွေ ကိုယ်စား အားလုံးက ဆုတောင်းမေတ္တာပို့သပြီး အခုလိုမျိုး ပွဲတော်အနေနဲ့သာ လုပ်ခွင့်ရမယ် ၊ လုပ်ခွင့်ကြုံမယ်ဆိုရင် ဘယ်လောက် ကောင်းလိမ့်မလဲဆိုတာ တွေးတော နေမိပါတော့တယ်။


**ကျမပြောထားတာက သိပ်တော့ မစုံလင်လှပါဘူး။ သိသလောက်ကို ပြန်ပြောပြထားတာမို့ အသေးစိတ်သိချင်ရင်တော့ Kobe Luminarie ဆိုပြီး Internet မှာ ရှာကြည့်လို့ရပါတယ်။ အရင်နှစ်တွေက မီးထွန်းထားတဲ့ Design တွေလည်း ရှိပါသေးတယ်။ တနှစ်နဲ့ တနှစ် မတူပါဘူး။ ကျမတို့ ဒီနှစ် ရိုက်လာတဲ့ ပုံတွေကိုတော့ အားလုံးလည်း ကြည့်ရအောင် virtual tour လုပ်ပြီး တင်ပေးလိုက်ပါတယ်။




ဒီဇင်ဘာ ၁၇၊ ၂၀၀၇။

10 comments:

ကလိုစေးထူး said...

ဂျပန်က ငလျင်နဲ့ ပတ်သက်ရင် တော်တော် နာမည်ကြီးတယ်နော်။ ဘလော့ဂ်တွေကို လိုက်ဖတ်ရင် တနေရာစီမှာ ရောက်နေကြသူတွေက ကိုယ်ရောက်နေတဲ့ နေရာလေးတွေ အကြောင်း ရေးပြကြတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ သူတို့ ရိုးရာပွဲတော်လိုမျိုးတွေနဲ့ ကြုံရင်လည်း ရေးပေးဖို့ တောင်းဆိုပါတယ်ဗျို့။

မြရွက်ဝေ said...

အမရေ အမစာတွေကတဆင့် ဂျပန်ပွဲတော်တွေ သိရလို့ ကျေးဇူးပါ။ ဂျပန်မှာ သေဆုံးသွားသူတွေအတွက် ဆုတောင်းပွဲတွေလုပ်ပေးတာ အားကျဖို့ကောင်းတယ်။ ဂျပန်ကတော့ ငလျင်မှာနာမည်ကြီးဘဲ။ ဂျပန်တွေ တနိုင်ငံလုံး ရိုးရာဝတ်စုံကနေ အနောက်တိုင်းဝတ်စုံပြောင်းဝတ်တာ ငလျင်ကြောင့်လို့ ဗဟုသုတအစီအစဉ်မှာ ကြည့်လိုက်ရတယ်။ ငလျင်ရဲ့နောက်ဆက်တွဲ ပြဿနာက gas အိုးတွေလဲပြီး မီးလောင်တာဘဲ။ ရိုးရာဝတ်စုံနဲ့ မီးဘေးကပြေးရင် မလွယ်လို့ အများကြီး သေဆုံးဘူးတဲ့ အတိတ်တွေရှိခဲ့တယ်တဲ့။ ကျွန်မတို့ သင်တန်းတက်တုန်း ဂျပန်ဆရာက ငလျင်လှုပ်ရင် မီးဖိုမီးတွေ အရင်ပိတ်ဖို့ ပြောဘူးတယ်။ ပြီးရင် စားပွဲအောက်ထဲ ခေါင်းကို တတ်နိုင်သလောက်ဝင်နေပါတဲ့။ ညီမတော့ ငလျင်နဲ့ နေသားမကျသေးဘူး။ တရက်လောက် ငလျင်လှုပ်ပြီးရင် ၃ရက်ဆက်တိုက် မူးနေတော့တာဘဲ။

ကလိုစေးထူး said...

စီဘောက်စ်မထားတဲ့ လူတွေကို အတင်းအကျပ်ကြီး မတိုက်တွန်းချင်ပေမယ့်လည်း ကျနော်က လာလည်မိတဲ့ အခိုက် ပို့စ်ကလည်း အသစ်မတင်ရသေးဆိုရင်တော့ ဘာပဲဖြစ်ဖြစ် နှုတ်ဆက် ပဋိသဋာရစကားလေး ဘာလေးတော့ ပြောဖို့ စီဘောက်စ်လေး လိုက်ရှာမိတာပဲ။ မရှိတော့လဲ ပို့စ်တွေ အောက်မှာပဲ ပို့စ်နဲ့ ဆိုင်သော မဆိုင်သော နှုတ်ဆက်စကား ပြောရတယ်။ လေကြောက ရှည်နေမိပြီ။ အဓိကက စီဘောက်စ် ထားစေချင်တာ။ :) စီဘောက်စ်မှာ တယောက်ယောက်က မဟုတ်ကဟုတ်ကတွေ ဒါမှမဟုတ် ဆဲတာတွေ လာပြောတော့လဲ လွယ်ပါတယ်။ banned ပေါ့။ ဟဲဟဲ။

မနုစံ ဒီနေ့ လာလည်တာ စောသွားလို့ပါ။ အခု ကျနော် အသစ်တခု တင်ထားတယ်။ အားတဲ့အချိန် လာဖတ်လှည့်ပေါ့။ :)

Anonymous said...

လေးမတို့ ဗဟုသုတ ပြည့်ဝလိုက်ပုံများ...အဲလို မီးထွန်းပွဲလုပ်ပေးတယ်ဆိုတာ ခုမှသိတယ်..။

thamudayanwe said...

ဟိုက်..အမကတော့သူများရေးပီးရင် ၀င်ဆွေးနွေးတဲ့အလုပ်ပဲလုပ်တယ် ဟဲဟဲ..
အမတို့လည်းစာသင်တော့ပြောပြတယ် ကိုးဘေးမှာ လူ အသေအပျောက်များသွားတဲ့ အဓိက ပြဿနာက မီးလောင်တာကြောင့်ပေါ့ နော် မီးလောင်တာ လူတွေ အိပ်ကောင်းတဲ့ အချိန်ဖြစ်နေလို့ တချို့ အမနဲ့တူတဲ့ လူမျိုးတွေဆို ဘာမှန်းသိမှာမဟုတ်ပဲ သေသွားကြတာနေမှာပေါ့.. ငလျင်ဆိုတာ ငလျင်ကြောရှိတယ်လေ..အမက အင်ဂျင်နီယာပီပီ ရှုထောင့်တခုထပ်ပြောမယ်နော်.. ဂျပန်မှာ ငလျင်ကြောအကြီးဆုံးက ဟိုးတခါလှုပ်သွားတဲ့ နီဂတ လေ..ပီးရင်တိုကျို နောက်တခု အမမေ့သွားပီ..အဲဒီနေရာတွေကအဆိုးဆုံးပေါ့..
ငလျင်လှုပ်တဲ့နေရာဒေသတွေမှာနေမယ်ဆိုရင် အထပ်မြင့်မှာနေတဲ့လူတွေ က ပိုစိတ်ချရတာပေါ့နော် ဘာလို့လဲဆိုတော့ အမတို့တွေနောက်ပိုင်းဆောက်တဲ့ အဆောက်အဦးတွေမှာ ပြေးဆင်းချိန်ရအောင် ဒီဇိုင်းတွက်ထားလို့ပါပဲ..အဆောက်အဦးက ပြိုမယ် ဒါပေမဲ့ တဖြည်းဖြည်းပြိုတဲ့နည်းကိုသုံးထားတယ်လေ.
တခါ ငလျင်ကြောရှိတဲ့ နေရာဒေသတွေမှာ ပန်းခြံဆောက်ထားကြလို့ ဂျပန်နိုင်ငံတော်တော်များများမှာ ပန်းခြံလေးတွေ တွေ့ရတာပေါ့နော် ငလျင်ကိုဘယ်အချိန်မှာဖြစ်မယ်ဆိုပီး ခန့်မှန်းလို့မရတာကလွဲရင် အသက်အန္တရာယ်အတွက် ကာကွယ်လို့တော့ရပါတယ်..သဘာဝဘေးအန္တရာယ်တွေများပေမဲ့ သူတို့နိုင်ငံရဲ့ ကာကွယ်မှုစနစ်ကတော့ အင်မတန်ချီးကျူးစရာကောင်းပါတယ်..ငလျင်လှုပ်ပီဆိုရင် ၁.မီးဖိုပိတ်ပါ။ ၂. ခေါင်းကိုကာကွယ်ပီးစားပွဲခုံအောက်ဝင်ပါ.၃.ရေပုလင်းပါပါစေ..၄.ငလျင်ပြင်းလျှင် ငြိမ်သွားပါက အဆောက်အဦ ပြင်ပသို့ထွက်ပါတဲ့..စပ်စုသူပီပီ ကာကွယ်နည်းလေးမေးထားတာ ဝေမျှတာပါ.. ငလျင်ကြောမရှိရင် ကြောက်စရာမလိုပါဘူး..အမနေတဲ့ ကျိုတိုက ငလျင်ကြောအသေးစားလေးပဲရှိလို့ ဟဲဟဲ ဂျပန်မှာတော့ safe အဖြစ်ဆုံးပါပဲ..ငလျင်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကတော့ မြေပြိုခြင်းတွေ ရေကြီးခြင်းတွေပါပဲ အဲဒါကလဲ နောက်ဆက်တွဲတွေပေါ့
ဆားချက်လို့ပီးပါပီ

Anonymous said...

ပို.စ်လေးကအရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။
အဆင်ပြေရင် ရာမန် ချက်နည်းလေးမေးပီးတင် ပါ ဦးနော်

ဝေ

နှင်းပွင့်ဖြူ said...

အန်တီရေ. ရောက်လာကြောင်း ခြေရာချန်ထားခဲ့တာ ..
ပို့စ်နဲ.တော့ဆိုင်ဘူး.. :P
ဂွတ်ညနော်... ဘိုင်.. တိတ်ကဲ အန်တီ

နှင်းပွင့်ဖြူလေး

Winkabar said...

အစ်မရေပို့စ်နဲ့တော့မဆိုင်ဘူး။ သတိရလို့ပါ။
အခုအဲမှာရာသီဥတုတွေဘယ်လိုလဲ။ သာယာနေလား။ အစ်မကောနေကောင်းရဲ့လား။ မတွေ့တာကြာလို့
လာသွားတယ်နော်။ ကျန်းမာရေးဂရုစိုက်နော်။

Yan said...

ဗဟုသုတရပါတယ် မနုစံ...

ကျေးဇူးပါဗျာ.

ခွန်မြလှိုင် said...

I am visiting sis.. Thanks for sharing festival of Kobe..