February 15, 2008

ဘ၀လက်တွဲဖော်



လေးမ က ဘ၀လက်တွဲဖော် အကြောင်း tag ထားတယ်။ ရေးဖို့အကြောင်းအရာကို စဉ်းစားတော့ ဘယ်က စပြီး ဘယ်လိုရေးရမှန်းလည်း မသိ၊ အရင်တုန်းက တွေးထားမိတဲ့ဘ၀အဖော်ဆိုတာကလည်း “ကြာပြီဆိုတော့ မေ့လောက်ပါပြီ”ဆိုသလို သီချင်းလုပ်ပြီး ဆိုရမလိုပါပဲ။ ကိုယ်ကလည်း လူလတ်တန်းစား ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတာဆိုတော့ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော်ကိုတော့ အချက်တွေ အများကြီးမမျှော်လင့်ထားဘူး။ (ပို့စ်ဆုံးအောင်ဖတ်ပြီးရင် “အများကြီး မမျှော်လင့်ထားပေလို့ပဲ” လို့ ပြောကြ မလားပဲ။ :P ) ဘ၀ကို ရိုးရိုးပဲတွေးချင်တယ်။ ရိုးရိုးပဲဖြတ်သန်းချင်တယ်။ အနည်းဆုံးတော့ ပိုက်ဆံမချမ်းသာရင်တောင် စိတ်မဆင်းရဲချင်တာ အမှန်ပါပဲ။ အိမ်ထောင်မကျခင်က စိတ်ကူးခဲ့ဖူးတဲ့ သူကို မှတ်မိသလောက် ပြန်တွေးကြည့်လိုက်တော့...


*****


အသက် ၂၀ ၀န်းကျင်ဆိုတာ စိတ်ကူးယဉ်တတ်တဲ့အရွယ်မဟုတ်လား။ ကိုယ့်ဖူးစာဖက်ကို ဘယ်လိုလူမျိုးဖြစ်ရင် ကောင်းမှာပဲလို့ တွေးဖူးတာပေါ့။ တက္ကသိုလ်တက်တုန်းအရွယ်မှာ ရုပ်ရှင်မင်းသား လွင်မိုးက နာမည်စကြီးတဲ့ အချိန်ဆိုတော့ ကိုလွင်မိုးကို သဘောကျပြီး သူ့လို အရပ်ရှည်ရှည်ဖြစ်ရမယ်လို့ စိတ်ကူးဖူးတယ်။ နောက်တော့ Korea ဇာတ်လမ်းတွဲတွေ ခေတ်စားလာပြန်တော့ ဒါရိုက်တာ“ရင်” လို အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ မျက်လုံးပြူးပြုး၊ စတိုင်ခပ်မိမိလေး ဖြစ်ရင်ကောင်းမှာပဲလို့ တွေးမိပြန်တယ်။ နိုင်ငံခြားရုပ်ရှင်တွေ ကြည့်တတ်တဲ့ အချိန်ကတည်းက Speed ဇာတ်ကားကို ကြိုက်ခဲ့တယ်။ အဲဒီထဲက မင်းသား Keanu Reeves လိုမျိုး အားကိုးလောက်ပြီး ကိုယ့်ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနိုင်မယ့်သူမျိုးကို သဘောကျခဲ့တယ်။ အဲဒါတွေက စိတ်ကူးယဉ် သက်သက် ဖြစ်တယ်ဆိုတာ ကျမ ကိုယ်တိုင်လည်း သိခဲ့တာပဲလေ။


တကယ်တမ်း လက်တွေ့ကျကျ စဉ်းစားရတဲ့ အခါမှာတော့ အသက်အရွယ်အားဖြင့် ကျမ မောင်လေး ထက် အသက် ငယ်လို့မဖြစ်သလို ကိုကြီးထက် ကြီးတဲ့သူယူဖို့ရာလည်း အင်မတန် ခက်လှပါတယ်။ တသက်လုံး လက်တွဲသွားနိုင်ဖို့အတွက် ကိုယ်နဲ့ အခြေခံစိတ်သဘောထားချင်း တိုက်ဆိုင်ချင်တယ်။ ပိုက်ဆံရှိတာ မရှိတာထက် ရိုးသားပြီး ကြိုးစားဖို့ လိုအပ်တယ်လို့လည်း ယူဆမိတယ်။ အချစ်ဟာ အရေးပါတယ်ဆိုပေမယ့် အချစ်တစ်ခုတည်းနဲ့တော့ ဘ၀ကို ပျော်ရွှင်အောင် တည်ဆောက်နိုင်မယ်မထင်ထားဘူး။ ဆိုးပေနေတဲ့သူကို ကိုယ်နဲ့ ယူပြီးမှ ပြုပြင်ယူမယ်ဆိုတဲ့ မိုက်ရူးရဲစိတ်ဓာတ်မျိုးလည်း ကျမမှာ မရှိခဲ့ပါဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဖြစ်မယ့်သူဟာ ကိုယ်အထင်ကြီးနိုင်တဲ့သူ၊ လေးစားရမယ့်သူ၊ မိဘအသိုက်အ၀ိုင်းက ကြည်ဖြူနိုင်တဲ့သူ ဖြစ်ရမယ်လို့စဉ်းစားခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်ရမယ်။ မာမားကတော့ အရင်တုန်းက တရုတ်ပဲ ယူရမယ်ဆိုပြီး ကန့်သတ်ပေမယ့် နောက်ပိုင်းတော့လည်း ဘာမှ မပြောတော့ပါဘူး။ ပါပါးကတော့ တရုတ်သွေးပါတဲ့သူကိုပဲ ယူစေချင်ခဲ့တယ်။ တရုတ်လူမျိုးတွေကလည်း များသောအားဖြင့် မိဘပေးစားတဲ့ သူကို ယူရတာမို့ အဲဒီလို အိမ်ထောင်ရေးမျိုးတော့ မဖြစ်ချင်ခဲ့ဘူး။ ကိုယ့်ကို အားကိုးနေမှာထက် ကိုယ်ကသာ အားကိုးချင်တာမို့ အရည်အချင်းအရရော အလုပ်အကိုင်ပါ အတည်တကျ ရှိတဲ့သူမျိုး ဖြစ်စေချင်ခဲ့ပါတယ်။


ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး စဉ်းစားဆင်ခြင်နိုင်တဲ့ အရွယ်မှာတော့ စဉ်းစားစရာ၊ ရွေးချယ်စရာ အချက်တွေဟာ ပိုများလာတယ် ဆိုရမလားပဲ။ ခပ်ရှင်းရှင်းပြောရရင်တော့ ဇီဇာကြောင်လာတယ်ဆိုပါတော့။ အလုပ်ထဲက ခင်နေတဲ့သူတွေက “အပျိုကြီး” ဆိုပြီး ကျမကို စ ကြတယ်။ “ရွေးမနေနဲ့နော်။ အမတို့က ဟင်းရွက်တွေလိုပဲ။ ညနေစောင်းလို့ နွမ်းသွားရင် ဘယ်သူမှ ၀ယ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ကမှ '၀ိုင်' လိုမျိုး၊ ကြာလေ တန်ဖိုးတက်လေ။ အမတို့က သနပ်ခါးသွေးရင်တောင် 'ရတာယူမယ်' ဆိုပြီး အသံထွက်နေပြီ” ဆိုပြီး စတတ်ကြသေးတယ်။ ကျမကတော့ အပြုံးမပျက်ပဲ “ကံပါလာရင်တော့ တစ်ယောက်ယောက်နဲ့ ဖူးစာဆုံမှာပဲ”လို့ ပြန်ပြောလိုက်တော့တယ်။ [ဗေဒင်တွက်တိုင်းလည်း အပျိုကြီးမဖြစ်ဘူးလို့ဟောကြတာကိုး... ;) ] အချိန်တန်ရင်တော့ သမီးအလိမ္မာပဲလုပ်ပြီး မိဘစကားနားထောင်သလိုလိုနဲ့ မိဘစီမံရာပဲ နာခံလိုက်တော့မယ်ပေါ့။



*****


ကျမရဲ့ အိမ်ထောင်ဘက်ကတော့ အသက်အားဖြင့် ၁ နှစ်ခွဲသာသာကြီးပါတယ်။ (ကျမတို့ မောင်နှမတွေကတော့ ၂ နှစ်ကြီး ၂ နှစ်ငယ်တွေဆိုတော့ သူက ကျမ ကိုကြီးထက် ငယ်ပါတယ်။) Company တစ်ခုတည်းမှာ အလုပ်အတူတူ လုပ်ခဲ့ကြပြီး ၅ နှစ်ကျော်မှ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိနေကြပါတယ်။ ကောင်းတာရော၊ မကောင်းတာတွေရောပေါ့။ သူဟာ လွင်မိုးလိုတော့ အရပ်မရှည်ပါဘူး။ ဒါရိုက်တာ“ရင်”လိုမျိုး စတိုင်ခပ်မိမိနဲ့ မျက်လုံးပြူးပြူးလည်း မဟုတ်တဲ့အပြင် တခါတလေ “ဦးဝတုတ်၊ ၀တုတ်ကြီး” လို့တောင် ခေါ်ရပါသေးတယ်။ သူ့ပါပါးက တရုတ်ကပြား၊ မေမေက မြန်မာဆိုတော့ သူက တရုတ်သွေး တစ်မတ်ဖိုးလောက်ပဲ ပါပြီး မျက်နှာက ကျမထက်ကို တရုတ်နဲ့ ပိုတူပါတယ်။ Kobe က China Town ဘက်သွားရင်လည်း သူ့ကို “တရုတ်လား” ဆိုပြီး လာမေးတတ်ကြတယ်။ ဒါကြောင့်လည်း ကျမအိမ်က သူနဲ့ သဘောတူခဲ့တာပေါ့။


အ၀တ်အစားဝယ်ရမှာ အရမ်းနှမြောတတ်ပြီး ကွန်ပျူတာပစ္စည်း၊ လျှပ်စစ်ပစ္စည်း ဆိုရင် ဈေးကြီးပါစေ ကောင်းပေ့ဆိုတာမှ ကိုင်ချင်၊ သုံးချင်တဲ့သူမျိုးပါ။ စိတ်ရှည်၊ သည်းခံတတ်ပြီး စိတ်ဆိုးရင်တောင် မျက်နှာတချက်မပျက်တတ်သူပါ။ စိတ်ရင်းကောင်းပြီး ခပ်ပျော်ပျော်နေတတ်တယ်။ အစအနောက်သန်တယ်။ ဂိမ်းအင်မတန်ဆော့ပြီး အပေါင်းအသင်းခင်တတ်တယ်။ အားနာတတ်တယ်။ နောက်ပြီး ယောင်္ကျားလေးတို့ တတ်အပ်တဲ့ ပညာရပ်အားလုံးလည်း တတ်ပါသေးတယ်။ ဒါကြောင့် သူ့ရဲ့ ကောင်းတာတွေအပြင် မကောင်းတဲ့အချက်တွေရော လက်ခံနိုင်လားဆိုတာ သေချာ စဉ်းစားပြီးမှ လက်ထပ်ဖို့ သဘောတူခဲ့တာပါ။ ကျန်တာတွေကတော့ အများ သူငါလိုပါပဲ။ ကျမတို့ရဲ့ အသက်အရွယ်ဟာ စိတ်ကို ဦးစားပေးရမယ့် အရွယ်မဟုတ်တဲ့အတွက် အော်ကြီးဟစ်ကျယ် ပြဿနာ တက်တာမျိုး မဖြစ်လိုလှပါဘူး။ ကျမ စိတ်တိုရင် သူငြိမ်ပြီးနေတတ်သလို သူမကြိုက်တဲ့ ပွစိ ပွစိနဲ့ နားပူနားဆာ တိုက်တာမျိုး မလုပ်ဖြစ် မပြောဖြစ်အောင် ဆင်ခြင်ပါတယ်။ မကြိုက်တာ စိတ်တိုင်းမကျတာ တွေ့ရင်လည်း ကျမက စိတ်ထဲ မထားတတ်ပါဘူး။ ချက်ချင်းဖွင့်ပြောပြီး ဖြေရှင်းတတ်သူပါ။ ကျမက စိတ်ဆိုးလွယ်တတ်သလို စိတ်ပြေ တာလည်း လွယ်ပါတယ်။ သူက သွေးအေးတတ်ပြီး ကျမက သွေးဆူတတ်ပါတယ်။ အဲဒါကြောင့် အိမ်ထောင်ကျပြီးကတည်းက အခုချိန်ထိ ကျမတို့ ၂ ယောက် ရန်ဖြစ်လို့ ပြဿနာ တက်တယ်ဆိုတာ မရှိသလောက်ပါပဲ။ ကျမအတွက် အစစ အရာရာ ဖြည့်ဆည်းပေးတတ်သူ၊ ကျမ စိတ်ဓာတ်ကျရင် အားပေးတတ်သူပါ။


အခုလည်း ရုံးက သူတွေအားလုံးက ကျမတို့အကြောင်းကို သိနေတာမို့ တခါတလေ ပါတီမှာ စကားလက်ဆုံကြမိရင် ကျမကို “Why did you fall in love with your husband?" လို့ မေးတတ်ကြတယ်။ ကျမကတော့ စကားကြီး စကားကျယ် မပြောတတ်သူမို့ “I have no reason” လို့ပဲ ခပ်တိုတို ဖြေလိုက်တော့တယ်။ အဲဒါလည်း သူတို့က သဘောကျပြီး ရီနေကြတော့တာပဲ။ အမှန်တော့လည်း ကျမမှာ ဘာကြောင့်ချစ်တယ် ဘာဖြစ်လို့ ချစ်တယ်ဆိုတာ မရှိဘူးလို့ ပြောရင်တော့ ရီစရာ ဖြစ်နေမလားပဲ။ သူ့ကို သူငယ်ချင်းတွေက ကျမကို ဘာလို့ ချစ်တာလဲလို့မေးရင် ပြောင်စပ်စပ်နဲ့ ထူးအိမ်သင် သီချင်းဆိုပြနေတတ်ပါတယ်။

"ဘာကြောင့်များ ~~ ချစ်လဲ..
ဒီလိုမေးရင် ~~ ခက်သားကွယ်..
အချစ်မှာ ~~ အကြောင်းပြချက်များ
မလိုဘူး... ”


ကျမ ဆယ်ကျော်သက်အရွယ်က စိတ်ကူးယဉ်ခဲ့ဖူးသူနဲ့ တကယ့်အိမ်ထောင်ဘက်က ထပ်တူထပ်မျှတော့ မဖြစ်ခဲ့ပါဘူး။ တကယ်တမ်း အိမ်ထောင်ရေးမှာ အရေးကြီးတာက “တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိဖို့ပဲ လိုတယ်” လို့ ထင်မိပါတယ်။ “နားလည်မှု”ဆိုတဲ့ ဒီစကားဟာ အပြောလွယ်သလောက် လိုက်နာဖို့တော့ မလွယ်ကူလှပါဘူး။ ဘယ်လောက်အထိ နားလည်ပေးရမယ်၊ ဘယ်အတိုင်းအတာထိ နားလည်နိုင်မယ် ဆိုတာ ၂ ယောက်သား ညှိယူရင်းနဲ့ပဲ ......


ဖေဖော်ဝါရီ ၁၅၊ ၂၀၀၈။


20 comments:

Anonymous said...

မရေ..ဆယ်ကျော်သက်ကနေစပြီး လက်ရှိဘ၀ထိ ရေးသွားတာ သိပ်မိုက်တာပဲ...။ လေးမ လည်း လွင်မိုးလို အရပ်မြင့်၂ လိုချင်တာ..ဟိ..ကောင်းကင်ကြီးက လွင်မိုးထက် ၂ လက်မလောက်နိမ့်တယ်.... ။

(ယောင်္ကျားလေးတို့ တတ်အပ်တဲ့ ပညာရပ်အားလုံးလည်း တတ်ပါသေးတယ်။ ) ..ဟိ...ဘာတွေတုန်း..မ..ရ..။

လေးမတို့လည်း...မ..တို့လိုပဲ.... ခုထိ ရန်မဖြစ်ဖူးသေးဘူး...လေးမ က ရန်ဖြစ်ကြည့်ရအောင်ပါဆိုတာ ကို မဖြစ်ချင်ဘူးတဲ့...။

မ..ရေ..အားကျစရာ...ဘ၀လေးကို မျှဝေတာကျေးဇူးပါ...။

မနုစံနှင့် မနုစံ၏ ကိုကို .... ချမ်းမြေ့ပျော်ရွှင်ပါစေ...ရှင်..။

Chit Lay Pyay said...

ဟားဟား အမ-နုစံရဲ့ လက်တွဲဖော် အကြောင်း သိသွားပြီကွ၊ လေးမကတော်တယ်၊ သူ့ကြောင့် အားလုံးရဲ့ အကြောင်းတွေ စပ်စုလို့ ရပြီကွ၊ ဒါပေမယ့် ကိုယ့် အကြောင်းကိုတော့ xxxxxxxxx :P. လုပ်ချင် ပေမယ့် မရပါလားနော်၊ ဒါကြောင့် နဲနဲ ကြာနေတာ ဘယ်လိုရေးရမလဲလို့၊ ဟိ၊ အမ နု-စံတို့ ဘ၀လေး သာယာချမ်းမြေ့ပါစေ၊ သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းရပါစေ လို့ ဆုတောင်းပေးပါတယ်

Anonymous said...

ဟားဟား..အချစ်မှာအကြောင်းပြချက်မလို သီချင်းလေးပါထည့်လိုက်တယ် ...
ရေးထားတာ အရမ်းကောင်းတယ် အရင်ကတွေးခဲ့တဲ့ လွင်မိုး တို့ ကိုးရီင်္းးမင်းသားလေးတို့ လို အစ်မရဲ့ ချစ်ချစ်က မဟုတ်ပေမယ့် စိတ်ရှည်ပြီး သီးခံတတ်တယ် ဆိုကတည်းက အရမ်းကံကောင်းတာပေါ့ဗျ.......
I have no reason ဆိုတဲ့ အဖြေလေိးကုလဲ သဘောကျတယ် ....
အစ်မတို့  ဇနီးမောင်နှံ ရတုအဆက်ဆက် ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ...

P.S ကျနော့်ကိုလဲ ၀ိုင်းဆုတောင်းပေးအုံးနော့် ကြောင်မလေးတော့ ဟုတ်ဘူးးး) ။

kay said...

နုစံရေ..ရိုးရိုးလေး နဲ့ ရိုမန်တစ်း))
ဦးဝတုတ်ကြီး တော့..ပုံပေါ် ပြီ..
မဒမ်ဝတုတ်..ဘလော့ဂါ ကိုတော့..ပုံမပေါ် သေးဘူး။
း)

Anonymous said...

Wow...a good post.So natural & lovely.Wishing you2 love to next 100 years :)

Anonymous said...

Very nice post A Ma.It's so frank and natural.I believe you two will always have this peaceful life.

မြရွက်ဝေ said...

အဟီး-- မလေးမ tagလိုက်တာ ဘလော့ဂါမမတွေလည်း ပေါ်ကုန်ပြီ။ အချစ်မှာ အကြောင်းပြချက်မလိုဆိုလို့ အလုပ်လုပ်တုန်းက ညီမလေးတစ်ယောက်ပြောတာ သွားသတိရတယ်။ သူ့ကိုကြီးကို ဘာကြောင့်ချစ်တာလဲလို့ အမေးခံရတိုင်း "reasonမရှိဘူး၊ လူကိုချစ်တာလို့ " ဖြေလေ့ရှိတယ်။ သူပြောမှ စဉ်းစားမိတယ်။ ဟုတ်တာဘဲနော်။ ကိုယ့်ကိုမေးတုန်းက ဘာဖြေရမှန်းမသိတာ။ အခုဆို ဖြေတတ်သွားပြီ။

ချစ်ခြင်းတွေ၊ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ အမတို့ရဲ့အိမ်ထောင်လေး အမြဲသာယာ ခိုင်မြဲပါစေ။ တီတီတာတာ ရတနာလေးတွေလည်း တိုးပွါးပါစေနော်။

သက်ဝေ said...

မနုစံ...
စာရေးသိတ်ကောင်းတာဘဲ...
နှစ်ခေါက်ဖတ်သွားတယ်...

Anonymous said...

Great Post and story. Yeah.. We have no reason to love but Love, itself is a reason.. Cheers!!! Good Luck in your lives, lucky couples!!!

Thyda said...

Nice one!

diLo said...

ma yae,

u really can write well!
simply story..enriched by ur touch!
after reading ur post, i feel so so .....simply dun no how to describe the feeling!
i like it so so much that i have read it thrice adn goign to print it out to keep it!

wish both of u a blessed life!
hope too tat i can find one as loving as u have describe :)

Anonymous said...

အမရေ လာရောက်စပ်စုသွားကြောင်းပါဗျ...

MgThaJan said...

မနုစံရေ လာဖတ်သွားတယ် ခရီးသွားနေလို့ နောက်ကျသွားတာဗျ။ မိုက်တယ်ဗျာ။ ယောက်ျားတို့ တတ်အပ်သော ပညာလဲ ကျူရှင်ယူချင်သား ဟီးးးး သင်ပေးပါလို့ ပြောပေး :P

လုလု said...

မနုစံရေ့ လာဖတ်ပြီး အားကျသွားပါတယ်နော်။ အားပေးလျက်ပါနော်။ ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ပါစေနော်။

Winkabar said...

အစ်မရဲ့ လက်တွဲဖော်အကြောင်းဖတ်သွားတယ်နော်။ ကိုယ်မှန်းထားတာနဲ့ တကယ့်လက်တွေ့ကျတော့ တူတာလည်း ရှိတယ် မတူတာလည်း ရှိတယ်။ တကယ်လက်တွဲသွားရမယ့်သူက ကိုယ်နဲ့ အဆင်ပြေနေရင်တော့ ၀မ်းသာစရာပဲပေါ့နော်။ အစ်မ ရေ ပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်နော်။

ThuHninSee said...

မနုစံရေးထားတာ သိပ်ကောင်းတာပဲ..
အခုတလော ပို့စ်အသစ်မတွေ့ဘူးနော်..မအားဘူးထင်တယ်။

nu-san said...

လေးမ>> လေးမရေ.. ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ အမကလည်း ထပ်ဆင့်ဆုတောင်းပါတယ်ရှင်။ ရန်မဖြစ်ချင်ပါနဲ့ လေးမရ။ ရန်ဖြစ်တယ်ဆိုတာ ကောင်းပါဘူး.. :)
(ယောင်္ကျားလေးတို့ တတ်အပ်တဲ့ ပညာရပ်အားလုံးလည်း တတ်ပါသေးတယ်။ ) ..ဟိ...ဘာတွေတုန်း..မ..ရ..။
အော်.. ????? xxxx !!!!! အဲဒါတွေပေါ့ လေးမရ.. သိတယ်ဟုတ်.. :D

ချစ်လေပြေ>> လေပြေရေ.. လေပြေ့အကြောင်းလည်း သိချင်ပါတယ်။ ဟုတ်ပါ့.. လေးမကတော့တော်တယ်.. အဲဒါ အမလည်း ထောက်ခံတယ်.. :D

မောင်မျိုး>> မောင်မျိုးလည်း လူမလေးနဲ့ အဆင်ပြေပါလို့ အမဆုတောင်းပေးပါတယ်.. ကဲ.. ကျေနပ်ပြီဟုတ်... :D

မကေ>> ဦးဝတုတ်ပုံပေါ်လာပြီလား ..အဟဲ.. မဒမ်ဝတုတ်က သူ့ထက် ပိုချောတယ်လို့ အကြမ်းဖျင်း မှတ်ထားလိုက်နော် အမ.. :D

Anonymous>> Thanks for your comment and kind wish. May your blessing comes true.. :)

Tone Tone's Mom>> Thanks and same to you!

မြရွက်ဝေ>> ဖြေတတ်သွားပြီလား ညီမလေး.. :P
တီတီတာတာ ရတနာ တွတ်တွတ်လေးတွေတော့ လိုချင်သား.. ဟား.. ဟား... ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်.. :D

သက်ဝေ>> လာလည်ပြီး ၂ ခေါက်ဖတ်သွားတဲ့အတွက် ကျေးဇူးပါ သက်ဝေ.. :)

Khun Mya Hlaing >> Thanks.. thanks.. thanks..... x infinity :P


Thyda>> yes.. of course ha...ha... :D

Dilobear>> Thanks dilo lay.. Wish you "May your dream comes true!!"

မုတ်သုန်>> ဘာတွေ စပ်စုသွားလည်း မုတ်သုန်ရေ.. :D

ကိုသင်္ကြန်>> ကျူရှင်ယူမလို့လား အင်း. ပြောပေးမယ်နော်.. ကိုသင်္ကြန်အတွက် အနီးကပ် ရက်တိုသင်တန်း ဖွင့်ခိုင်းပေးမယ်နော်... :D

မလု>> မလုရေ.. လာလည်တဲ့အတွက်ရော ဆုတောင်းပေးတဲ့အတွက်ရော ကျေးဇူးပါ အမရေ.. :)

ဝင်္ကဘာလေး>> ငြိမ်လှချည်လားညီမလေးရေ... ဆုတောင်းပေးတာ ကျေးဇူးပါ ညီမရေ.. :)

သုနှင်းဆီ>> ဟုတ်တယ် မွန်ရေ.. အမ အရှုတ်တွေ လုပ်နေရလို့ အသစ်မတင်နိုင်တာ။ လာလည်တာ ကျေးဇူးပါ :)

s0wha1 said...

မနုစံရေ... ဘ၀လက်တွဲဖော် ရေးတာလေး လာစနည်းနာတာ...

Anonymous said...

အဲဒီ ဦးဝတုတ်ကြီး ပေါ့ဗျ။ ရုံးက ကလေးတွေ အကုန်လုံးကို game ကစားတတ်အောင်လုပ်သွားတာ။

Anonymous said...

ကျနော်က 2006 မှာ Tokyo ကိုရောက်တာပါ..
ဆရာစံ တို့နဲ့ လဲတဲ့အသုတ်ကပေါ့..

Japan က အကြောင်းတွေ ဖတ်ရတော့
နေခဲ့ရတဲ့ တစ်နှစ်တာကို သတိရမိပါတယ်..

ဆရာစံ နဲ့ Company က သူငယ်ချင်းများ ကိုလဲ သတိတရနဲ့ပေါ့..