မတ်လထဲ ရောက်လာပြီဆိုတော့ ဂျပန်ရဲ့ ရာသီဥတုက အရင်လတွေကလောက် မအေးတော့ဘူးလို့ ဆိုရမှာပါပဲ။ ဒီနေ့ဆိုရင် 17 degree C လောက်အထိ ဖြစ်လာပြီ။ အရင် ၂ လလောက်တုန်းကတော့ သုည၊ အနှုတ် ၁ ၊ ၂ အဲဒီနားတင်ပတ်ချာလည်နေတာ။ ဒါကြောင့် အရမ်းအေးပြီး ဘယ်မှလည်း မသွားချင်၊ အပြင်လည်း အထွက်ချင်ခဲ့ဘူး။ မဖြစ်မနေ အပြင်ထွက်ရပြီဆိုရင် ၀တ်လိုက်ရတဲ့ အနွေးထည်တွေ၊ ခြေအိတ်၊ လက်အိတ်၊ ဦးထုပ်၊ မာဖလာ တွေဝတ်ပြီးမှ ထွက်လို့ရတာ မဟုတ်လား။ အိမ်ပြန်ရောက်ရင်ပဲဖြစ်ဖြစ်၊ ရုံးရောက်ရင်ပဲဖြစ်ဖြစ် အပေါ်က ထပ်ထားတဲ့ အင်္ကျီအထူတွေကို ပြန်ချွတ်ရပြန်တာနဲ့ အတော်လေး စိတ်ရှုတ်၊ အလုပ်ရှုတ်တာပါပဲ။ နောက်ပြီး ကျမက အအေး ကြောက်တတ်သေးတယ်။ အဲဒါကြောင့် သူများက အေးပြီဆိုရင် ကျမက အတော်အေးနေပြီလို့ ခံစားရတတ်တယ်။ အဲဒီလို အအေးကြောက်တတ်လို့ပဲ ပြီးခဲ့တဲ့ လတုန်းက သွားခဲ့ရတဲ့ နေရာက အနှုတ် ၈ လောက်ရှိပြီး ညဘက်ဆိုရင် အနှုတ် ၁၅ လောက်အထိကို အေးတဲ့ Sapporo ကို သွားခဲ့ကြတာ။ ၃ ရက်နေခဲ့ရပြီး အပြင်တခါထွက်ခါနီးရင် ကျမမှာ အင်္ကျီ ၇ ထပ် ဘောင်းဘီ ၄ ထပ်လောက် ထပ်ထားမှ လူက နေသာ ထိုင်သာရှိတော့တယ်။ ဓာတ်ပုံအရိုက်ခံရင်လည်း အကျီင်္တွေ ထပ်ထားတာ များလို့ ဖောင်းကားပြီး ကြည့်လို့ မကောင်းပါဘူး။ ဒါကြောင့် ရှုခင်းအသားပေးပုံတွေပဲ များများရိုက်ခဲ့တယ်။
ပထမဆုံး Sapporo ကို လေယာဉ်ဆိုက်တော့ နေ့လည် ၁၁ နာရီကျော်ကျော်ပါ။ ၂ လပိုင်းလောက်အထိက Osaka မှာ နှင်းလုံးဝ မကျသေးတာမို့ Sapporo လည်းရောက်ရော မြင်သမျှ မြင်ကွင်းတွေထဲမှာ အရာအားလုံးဟာ ဖြူဖွေးနေပြီး နှင်းတွေနဲ့ ဖုံးအုပ်ထားတာ မြင်မြင်ချင်းတော့ ထူးဆန်းနေသလိုပဲ။ လေဆိပ်ကနေ Sapporo မြို့ထဲအထိကို ရထားစီးတာက ၄၅ မိနစ်လောက် ကြာပါတယ်။ ကျမတို့ Sapporo မြို့ကို ရောက်တော့ နေ့လည် ၁၂ နာရီကျော်ကျော်လောက်ပဲရှိသေးတာမို့ ဘူတာရုံ coin locker ထဲမှာ ပစ္စည်းတွေ သိမ်းပြီး ကလေးတွေအတွက် သီးသန့် စီစဉ်ပေးထားတဲ့ ကလေး ကစားကွင်းကို အရင်သွားခဲ့ကြပါတယ်။ လမ်းတလျှောက်မှာလည်း လမ်းပေါ်က နှင်းတွေကို ကော်ပြီး လမ်းဘေး တဖက်စီမှာ ပုံထားတာ နှင်းခဲထုက ခါးတစ်ဝက်လောက်အထိရှိတဲ့ နေရာတွေလည်း တွေ့ခဲ့ရပါတယ်။ ရောက်ရောက်ချင်းနေ့ကတော့ နှင်းကျလိုက် ရပ်လိုက်နဲ့ပါပဲ။
ကစားကွင်းကို မြို့တွင်းဘတ်စ်ကား မိနစ် ၃၀ လောက်စီးပြီးမှ ရောက်ပါတယ်။ အစတုန်းကတော့ ဘယ်လိုနေရာမှန်းမသိပဲ ရောက်တုန်း နာမည်ကြီးတဲ့နေရာ ရောက်ဖူးတယ်ရှိအောင် သွားခဲ့ကြတာပါ။ တကယ်ရောက်သွားတော့မှပဲ ကလေးတွေအတွက် သီးသန့်လုပ်ပေးထားတာမှန်း သိရပါတော့တယ်။ အများအားဖြင့် ကစားကွင်းလာကြတာ ကလေးမိဘတွေနဲ့ ကလေးတွေ အရွယ်စုံပါပဲ။ ကျမတို့လည်း ကားပေါ်က ဆင်းဆင်းချင်း နှင်းတောထဲ ခုန်ပေါက်ပြေးလွှားရင်း နှင်းတွေကို လက်နဲ့ဆုပ်ပြီး အချင်းချင်း ပစ်ပေါက် ဆော့ကစားရတာ ပျော်စရာပါ။ နောက်ပိုင်း အရမ်းအေးလာတော့ မဆော့ချင်တော့ဘူး။ ကစားကွင်းထဲမှာ နှင်းရုပ်တုတွေ လျှောက်ကြည့်လိုက်၊ ရေခဲတုံးနဲ့ လုပ်ထားတဲ့ ၀င်္ကဘာထဲကို ၀င်လျှောက်လိုက်၊ နှင်းတောထဲ speed boat လိုမျိုး စီးလိုက်နဲ့ ရောက်တုန်းလေးမှာ တန်အောင်တော့ ဆော့ခဲ့ကြတာပေါ့။
ကျမတို့အတွက် ထူးခြားတာက အဲဒီမှာ နှင်းရုပ်ကို ကိုယ်တိုင်လုပ်ဖို့ ဇလုံအကြီးအသေး ၂ စုံရယ် (ဇလုံအကြီးက အရုပ်ဗိုက်လုပ်ဖို့နဲ့ အသေးက အရုပ်ခေါင်းလုပ်ဖို့ပါ။ )၊ အရုပ်အတွက် မျက်လုံး၊ မျက်ခုံးလုပ်ဖို့ အ၀ါရောင်၊ အနီရောင်၊ အနက်ရောင်လေးတွေ ချယ်ထားတဲ့ သစ်သားတုံးလေးတွေရယ်၊ အရုပ်လုပ်ပြီးရင် စာရေးပြီး ချိတ်ဆွဲဖို့ ကဒ်ရယ်၊ ကြိုးရယ်၊ ပေးပါတယ်။ အဲဒီအရုပ်ကို ဂျပန်လို yuki daruma တဲ့။ အမှန်တော့ ဗိုက်ပူပူနဲ့ ပစ်တိုင်းထောင်ရုပ်လိုမျိုးပါပဲ။ နှင်းနဲ့လုပ်လို့ yuki လို့ ထပ်ဖြည့်ခေါ်လိုက်တာ။ ကျမတို့ ၂ ယောက်လည်း ကလေးတွေနဲ့အပြိုင် daruma အရုပ်လုပ်ခဲ့ကြပါတယ်။ ပြီးသွားတော့ အရုပ် တပိုက်ပိုက်နဲ့ ဓာတ်ပုံ တ၀ကြီးရိုက်ပြီးမှ အရုပ်ထားဖို့ သတ်မှတ်ထား တဲ့နေရာမှာ ထားခဲ့ရတာပါ။ သူများတွေလည်း အရုပ်လုပ်ပြီး ထားခဲ့ကြတာမို့ အဲဒီ နေရာမှာ အရုပ်တွေ တော်တော်များများ စုမိနေပါပြီ။ တချိန်ချိန်မှာတော့ ဒီအရုပ်တွေအားလုံးဟာ အရည်ပျော်သွားကြမှာပါပဲ။ ကျမအတွက်ကတော့ မရောက်ဖူးသေးတဲ့နေရာကို ရောက်ခဲ့တာမို့ ပျော်ခဲ့ရပါတယ်။ ညနေ ၃ နာရီလောက်မှာ နှင်းအရမ်းကျလာပြီး မခံနိုင်တဲ့အဆုံး တည်းမယ့်ဟိုတယ်ကို ပြန်ခဲ့ကြတာပါ။ ဒါကတော့ ပထမရက် ခရီးစဉ်ပေါ့လေ။ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို သူငယ်ချင်းတို့လည်း ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။
မတ် ၁၁၊ ၂၀၀၈။
7 comments:
ပျော်စရာကြီးနော်...
လာလည်ချင်လိုက်တာ..
မnu-sanရေ နှစ်ယောက်သား အတူပျောက်နေကြတာ ကြာပေါ့။ ညီမလဲ အခုတလောမှ စာပြန်တင်ဖြစ်တော့တယ်။ သိပ်ကြာကြာ အာရုံမစိုက်နိုင်ပေမယ့် အမပြီလော့ဆီလာဖြစ်ပါတယ်။ စက်ပိုရိုနှင်းပွဲတော်လဲ ကြည့်ပြီး အတော်သဘောကျတယ်။ အတော်အေးမှာနော်။ တိုကျိုမှာတောင် ဒီလောက်အေးတာ။ အပြင်တခါထွက်ဖို့အရေး အဝတ်ထပ်ထပ်နဲ့ ဘဏ်ဓားပြတိုက်တော့မလိုမျိုး လက်အိပ်တွေ၊ ခေါင်းစွတ်တွေနဲ့ face maskကာပြီး မျက်လုံးလေးဘဲဖော်ပြီး ထွက်ရတာ။ အဲဒီမှာဆို ပိုအေးတာပေါ့။ ပျော်တော့ ပျော်စရာကြီး။
ဘလော့ဂ်တွေကို လိုက်မလည်ဖြစ်တာ ကြာပြီ နုစံရေ။ ဒီနေ့တော့ ဟိုဟိုဒီဒီ လိုက်ဖတ်ရင်းနဲ့ ဒီကို ရောက်လာတယ်။ မရောက်တာ ကြာလား မကြာလားဆိုတာကတော့ နုစံ နားနေလိုက်တာတောင် မသိလိုက်ဘူး။ နှင်းတွေ မြင်ရတာ စိတ်ညစ်တယ်ဗျာ။ ဒီမှာ ကျပဲ ကျနိုင်လွန်းလို့…။ အဲဒီမှာကတော့ ပျော်စရာ ကောင်းမယ့်ပုံပဲ။
နှင်းတွေအများကြီးပဲနော် ပျော်စရာကြီးး။ ခရီးမကြာမကြာထွက်ရတော့ ကောင်းတာပေါ့အစ်မရ။ စိတ်နုတော့ ကိုယ်နုတယ်လေ ပျော်အောင်သာနေ ကိုယ်စိတ်ချမ်းသာမှကိုယ်လူုပ်နိုင်မှာလေ ။ ကျနော့်တော့ ဒီမှာဘယ်မှမသွားရလို့ ပြန်မှပဲ မရောက်ဖြစ်သေးတဲ့ နေရာတွေသွားတော့မယ် ။ သူများနိုင်ငံကနေရာတွေမပြောနဲ့ ကိုယ်မွေးပြည်ကနေရာတွေတောင်စုံအောင်မရောက်ဖူးဘူး။
ပျော်ရွှင်စရာခရီတွေထပ်မံ သွားရပါစေဗျာ။
very nice
အမယ်လေး...ပျော်ဖို့ ကောင်းလိုက်တာ...မရယ်..။ ဆော့ချင်လိုက်တာ... ချစ်တဲ့သူနဲ့ ဆိုတော့ ပိုတောင် ပျော်စရာကောင်းသေး...။
သက်ဝေ>> တကယ် လာလည်ပါလားဟင်.. :)
မြရွက်ဝေ>> Sapporo မှာ အတော် အေးတယ်ညီမလေးရေ.. မရောက်ဖူးလို့သာ သွားလည်တာ။ အရမ်းအေးတဲ့အချိန်မှာ အရမ်းအေးတဲ့နေရာကို သွားတာလေ.. ကဲတာ.. ကဲတာ.. :P
ကိုစေးထူး>> ဟုတ်တယ်အကိုရေ.. ၃ ရက်လောက်ပဲ နေခဲ့ရတော့ အတော်ပျော်ခဲ့တယ်။ အမြဲနေရမယ်ဆိုရင်တော့ နေနိုင်မှာမဟုတ်ဘူး။ နှင်းက တချိန်လုံးကျနေတော့ စိတ်ညစ်မိမှာ အမှန်ပဲ.. :)
မောင်မျိုး>>အမလည်း ကိုယ့်နိုင်ငံမှာတောင် မရောက်ဖူးသေးတဲ့နေရာတွေ အများကြီးပဲ။ အေးအေးဆေးဆေး လျှောက်လည်ချင်တာ။ ဘယ်တော့မှ ဖြစ်မလဲတော့ မသိဘူး။
May>>Thanks... :)
လေးမ>> ဟုတ်ပါ့လေးမရေ.. ချစ်တဲ့သူနဲ့သွားတော့လည်း ပျော်စရာခရီးပေါ့။ ဘုစုခရုတွေမှ မရှိသေးတာကိုး... အဲဒါတွေရှိလာရင်လည်း အခုလို ဘယ်ကဲနိုင်ပ့ါမလဲ.. အဟီး.. :D
Post a Comment