April 16, 2010

သမီးလေး ၃ လပြည့်

ဒီနေ့ ဧပြီ ၁၇ ရက်နေ့ဆို သမီးလေးက ၃ လပြည့်တာပေါ့။ သမီးလေးကို မွေးပြီးတာတောင် ရက်ပေါင်း ၉၀ ရှိသွားပြီ။ မေမေ့စိတ်ထဲ သမီးလေး ၃ လသာ ပြည့်သွားတယ်။ သမီးကို မွေးခဲ့တာ မနေ့ တစ်နေ့ကလိုပါပဲ။ ဒါပေမယ့် ၃ လအရွယ်မှာ ရှိသင့် ရှိထိုက်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတော့ သမီးလေးဆီမှာ တွေ့ရလို့ တော်ပါသေးတယ်။ မိခင်နဲ့ ကလေးမှတ်တမ်းစာအုပ်မှာရေးထားတာ ကလေး ၃ လ~ ၄ လဆိုရင် ခေါင်း(ဇက်) ခိုင်ရမယ်၊ အမေနဲ့ ဆော့ရင် ရီရမယ်၊ မမြင်ကွယ်ရာကနေ အသံပေးရင် အသံလာရာဆီကို အကြည့်ရောက်သွားရမယ်တဲ့။ သမီးလေးက ၁၀ ပတ် လောက်ကတည်းက တဖြည်းဖြည်းချင်း ခေါင်း(ဇက်) ခိုင်နေပြီ။ လူကြီးတွေနဲ့ဆော့ရင်လည်း အသံထွက်ပြီး ရီတတ်နေပြီ။ ဒါပေမယ့် အသံလာရာဆီတော့ ကောင်းကောင်း လှည့်မကြည့်တတ်သေးဘူး။

ပါပါးရုံးသွားပြီဆို အိမ်မှာက မေမေနဲ့ သမီးလေးပဲ ကျန်ခဲ့ရတာ။ နေ့တိုင်းမြင်တွေ့နေလို့လား မသိဘူး မေမေ့မျက်စေ့ထဲ သမီးက သိပ်ပြီး မထွားသလိုပဲ ခံစားရတယ်။ ပါပါးကတော့ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထဲမှာ ရှိတာမို့ စိုးရိမ်စရာမရှိဘူးလို့တော့ ပြောပါတယ်။ သမီးလေး မွေးစတုန်းက ၃.၁ ကီလိုဂရမ်ရှိပြီး အရပ်က ၅၀ စင်တီမီတာရှိတယ်။ ၂ လနဲ့ ၁၄ ရက်မှာ ပေါင်ချိန်ကြည့်တော့ ၅.၁ ကီလိုဂရမ်ရှိပြီး အရပ်က ၅၈.၃ စင်တီမီတာ ရှိလာတယ်။ မေမေ့အတွက် သမီးရဲ့ ကိုယ်အလေးချိန်ထက် အရပ်ရှည်လာတာက ပိုပြီး သိသာစေတယ်။ ဘာလို့လည်းဆိုတော့ မွေးစတုန်းက သမီးဝတ်ခဲ့တဲ့ အင်္ကျီတွေက တိုကုန်ပြီလေ။ ဒါကြောင့် နည်းနည်း ကြီးတဲ့ အင်္ကျီတွေကို ပြောင်းဝတ်ပေးရတော့မယ်။ အရပ် ရှည်လာပြီဆိုတော့ ရေချိုးရင်းလည်း ရေဇလုံကို ခြေထောက်နဲ့ ကန်ပြီး ဆော့တတ်နေပြီ။ အရင်လို ရေချိုးပေးရင် ငြိမ်ငြိမ်မနေတော့ဘူး။ ရေချိုးပေးရင် သဘောကျသလောက် အင်္ကျီဝတ်ပေးရင်တော့ လှဲထားတာ မကြိုက်လို့ ငိုပါလေရော။

၁ လ အရွယ်တုန်းကဆို သမီးမျက်လုံးလေးတွေက ဘေးတိုက်ပဲ ရွေ့တတ်သေးတာ။ အပေါ်အောက် မရွေ့တတ်သေးဘူး။ အခုဆို သမီးက မျက်လုံးအကြည့်လည်း ကစားတတ်နေပြီ။ သမီး အိပ်နေတဲ့နေရာက ခေါင်းရင်းဘက်ကို မေမေရောက်သွားရင် မျက်လုံးလှန်ကြည့်တတ်တယ်။ မေမေ ခြေရင်းဘက်ရောက်ရင်လည်း ခြေရင်းဘက်ကို လိုက်ကြည့်နေတတ်တယ်။ တွဲလောင်းကျတဲ့ အရုပ်လေးတွေကိုလည်း ကြည့်ပြီး ဆော့တတ်နေပြီ။

သမီးရဲ့ ခြေလက်လေးတွေကလည်း သေးပေမယ့် သန်မှ သန်။ အိပ်နေရင်းလည်း စောင်ကို ကန်ထုတ်တတ်တယ်။ ငိုရင်း ဂျစ်တိုက်တဲ့အခါ ခြေထောက်အချင်းချင်း ပွတ်ရင် ပွတ်၊ အဲဒီလိုမှ မလုပ်ရရင် ခြေဖနောင့်နဲ့ ဆောင့်ဆောင့်ပြီး ငိုတာက ရှိသေးတယ်။ နို့စို့ရင်းလည်း လက်သီးဆုပ်လုပ်ထားတာ တခါတလေဆို မနည်းဖြေယူရတယ်။ ဗိုက်အရမ်းဆာလို့ကတော့ မေမေ့အင်္ကျီစကို လက်နှစ်ဘက်နဲ့ တင်းတင်း ဆုပ်ကိုင်ပြီး အားရပါးရကို နို့စို့တာ။ နို့စို့ရင်း မေမေ့အင်္ကျီက အရုပ်လေးတွေ၊ အကောင်လေးတွေကို စိတ်ဝင်တစားကြည့်ပြီး လက်ကလေးကပါ အရုပ်တွေဆီ ရောက်သွားတတ်သေးတယ်။ နောက်ပြီး ၂ လ ကျော်လာတော့ သမီးက သွားရည်တွေ စ ကျလာပြီမို့ သွားရည်ခံ တပ်ပေးထားရတယ်။ လက်ကို စုပ်တယ်၊ လက်ကို ပါးစပ်ထဲ ထည့်တယ်။ ပါးစပ်ထဲ လက်ထည့်တာကို ဖယ်ပေးရင်လည်း ဂျီကျပြီး ငိုတယ်။ ပါပါးက သမီးလေး လက်စုပ်တာ အကျင့်ပါမှာစိုးလို့ သတိထား စောင့်ကြည့်ပြီးတော့ လက်ကို ဖယ် ဖယ်ပေးတာပဲ။

သမီးလူလည်ကျတာလေးတွေ ပြောပြရဦးမယ်။ ပါပါးနဲ့ မေမေက သမီးလေးနဲ့ ဆော့ပေးရင် သဘောတွေကျပြီး ရီလိုက်တာများ ခိုးခိုးခစ်ခစ်နဲ့။ မေမေတို့ လည်း သမီးပျော်အောင် ပါးစပ်က ပေါက်ကရတွေ လျှောက်ထွက်ရလွန်းလို့ ကိုယ့်ဟာကိုယ်ပြန်ရီ၊ သမီးကလည်း မေမေ့တို့ကို ကြည့်ပြီးရီတာပေါ့။ ၂ လလောက်အထိ သမီးက ပြုံးလည်း မပြုံး၊ သိပ်လည်း မရီဆိုတော့ ပါပါးက သမီးလေး မပျော်လို့ မရီမပြုံးတာများလားဆိုပြီး စိတ်ပူမိသေးတယ်။ ၂ လကျော်လာတော့မှ သမီးက ရီတတ် ပြုံးတတ်တာ။ ပါပါးက သမီးရဲ့ ပြုံးတာ ရီတာလေးတွေ ဓာတ်ပုံရိုက်ချင်လို့ဆိုပြီး သမီးလေး ရီ တာနဲ့ ကင်မရာသွားယူတော့တာပဲ။ ကင်မရာယူပြီး ပြန်လာရင် သမီးက ငိုမဲ့မဲ့ဖြစ်ရင် ဖြစ်၊ မဖြစ်ရင်လည်း ကင်မရာကို စိတ်ဝင်တစား လိုက်ကြည့်နေတာနဲ့ပဲ သမီးလေးရဲ့ ဟက်ဟက်ပက်ပက် ရီနေတဲ့ပုံကို အခုထိ ကောင်းကောင်း ရိုက်လို့ မရသေးဘူး။

တခါတလေလည်း သမီးက ခြေကားယား လက်ကားယားနဲ့ တစ်ယောက်တည်း အသံထွက်ပြီး ဆော့နေတတ်ပြန်တယ်။ စကားကလည်း ပြောချင်တာမှ အရမ်း။ အိပ်ယာက နိုးလည်း မငိုဘူး။ မေမေနဲ့ ပါပါးက ဘာလုပ်မလဲလို့ မသိမသာ စောင့်ကြည့်နေတာ။ တစ်ယောက်တည်း ပါးစပ်က အသံတွေ ထွက်ပြီး စကားတွေ ပြောနေတတ်တယ်။ မီးဖိုထဲမှာ မေမေ မအားလို့ သမီးကို တီဗွီဖွင့်ပေးထားလည်း သမီးက တီဗွီကြည့်ပြီး စကားတွေ လိုက်ပြောနေလိုက်တာ၊ စကားပြောရင်းက စိတ်မရှည်လို့ ၀ူးဝူးဝါးဝါးနဲ့ အော်ငိုပါလေရော။

အခုနောက်ပိုင်းဆို သမီးလေးရဲ့ ငိုသံကို ပါပါးနဲ့မေမေ ကောင်းကောင်းသဘောပေါက်နေပြီလေ။ ပါပါးကတော့ သမီးက ငိုရင် language ပါ ပါလာပြီလို့ ပြောတာပဲ။ ဗိုက်ဆာလို့ ငိုတာလား၊ အိပ်ချင်လို့ငိုတာလား၊ သမီးကို ချီစေချင်လို့ငိုတာလား၊ လှဲထားတာ မကြိုက်လို့ ငိုတာလား၊ အိုက်လို့ငိုတာလား၊ အမေကို မတွေ့လို့ငိုတာလား၊ nappy လဲစေချင်လို့ ငိုတာလား စသဖြင့်ပေါ့။ သမီးက ငယ်သေးလို့လားတော့ မသိဘူး၊ ငိုကြောတော့ မရှည်ဘူး။ ဗိုက်ဆာလို့ ငိုရင်လည်း နို့စို့လိုက်တာနဲ့ ချက်ချင်းတိတ်တာပဲ။ အမေမတွေ့လို့ ငိုတာဆိုရင်လည်း မေမေ့အသံကြားတာနဲ့ ချက်ချင်းကို တိတ်တာ။ ပန်းပွင့်တာ သွားကြည့်တဲ့နေ့ကဆို သမီးလေး မငိုလို့ ရုံးကလူတွေတောင် သမီးကို ချီးကျူးတယ်။ ငိုကြောမရှည်တာ ကောင်းပါတယ် သမီးရယ်။

သမီးရဲ့ အကြောင်းရေးရမယ်ဆို မေမေ့မှာ ရေးမကုန်နိုင်ဘူး။ သမီးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ကြည့်နေရတာ မေမေတို့ အတွက်တော့ ဆွဲလက်စ ပန်းချီကားတချပ်ကို ထိုင်ကြည့်နေရသလိုပဲ။ တနေ့ နဲ့ တနေ့ သမီးလေးကို ကြည့်နေရတာ စိတ်ဝင်စားဖို့ကောင်းသလို သမီးလေးရဲ့အပြုအမူနဲ့ လှုပ်ရှားမှုတွေက မေမေတို့ကို ပင်ပန်းတာပျောက်ပြီး ပျော်ရွှင် ကြည်နူးစေတယ်။ နောက်လတွေဆိုရင်လည်း သမီးလေးရဲ့ ပြောင်းလဲမှုတွေကို မေမေ ရေးမှတ်ထားဦးမယ်နော်။ အခု ဒီပို့စ်လေးဟာ ၃ လပြည့်သမီးလေးအတွက် ပါပါးနဲ့ မေမေရဲ့ အမှတ်တရ မွေးနေ့လက်ဆောင်ပေါ့ သမီးရယ်။


ဧပြီ ၁၇၊ ၂၀၁၀။

12 comments:

Anonymous said...

:) မင်္ဂလာနှစ်သစ်ပါ မနုစံ ၊ သမီးလေးနဲ့ သမီးလေးဖေဖေ။
mm

kay said...

သြော..ဒီဘလော့လေးပေါ်မှာတင်.. အခြေအနေလေးတွေ ပြောင်း..စာအစီးအဆင်းလေးတွေပြောင်း..
ခံစားချက်တွေ ပြောင်းသွားတဲ့..
နုစံ ရဲ့ ဘလော့လေးကို..ကြည့်ပြီး တွေးနေမိတော့..း)

တန်ခူး said...

နုရေ… မင်္ဂလာနှစ်သစ်ပါညီမရေ…
ချစ်စရာသမီးလေးအကြောင်းကို မိခင်မေတ္တာနဲ့ ရေးထားတဲ့ ဒီမှတ်တမ်းလေးဖတ်ပြီး ကြည်နူးလိုက်တာနုရေ… လက်စုပ်တာ သဘာဝပါပဲ ညီမရေ… စိတ်မပူပါနဲ့ … သားတုန်းကဆို လက်၅ချောင်းလုံးကို သွင်းတာ… ပြန်ဖြုတ်တော့ လူလစ်ရင်ပြန်ထည့်… တီတာလေးဝယ်ပေးကြည့်ပါလား ညီမရေ… သူကိုက်လို့ ကောင်းတာပေါ့… စောနေသေးမလားတော့ မသိဘူးနော်… သားတုန်းကတော့ တီတာလေးကို ရေခဲသေတ္တာထဲသိမ်းပြီး ထုတ်ပေးရင်အေးအေးလေးမို့  ကြိုက်တယ်… သမီးလေးက အမေမမြင်ရင်တောင် ငိုတတ်နေပြီလား… လူဖြစ်မြန်လိုက်တာနုရယ်… မိခင်နို့ ကို အပင်ပန်းခံတိုက်တဲ့ဒီမေမေရဲ့သမီးလေးဖြစ်ရတာ ကံကောင်းပါတယ်ကွယ်…

Andy Myint said...

အစ်မရေးထားတာလေးက မေတ္တာဓါတ် အပြည့်ပါတယ်။ ဖတ်ပြီး ခံစားပုံဖော်လိုက်တာနဲ့ ကိုယ့်စီကိုပါ ကူးစက်လာတယ်။ သားနဲ့ သမီး ငယ်ငယ်သေးသေးလေးတုန်းက အချိန်တွေကို သတိပြန်ရစေတယ်။ ကျွန်တော်ကတော့ Technical ဆန်ဆန်ပဲ ရေးတတ်တယ်။

သက်ဝေ said...

မြန်မာ နှစ်ဆန်းတရက်နေ့အတွက် မင်္ဂလာအရှိဆုံး နဲ့ ကြည်နူးစရာ အကောင်းဆုံး ပိုစ့်လေးပါ ညီမရေ...
ပါပါးရယ် မေမေရယ် ဒီသမီးလေးရယ် ထာဝစဉ် ချစ်ခင်ကြင်နာတဲ့ ပျော်စရာ မိသားစုလေးတခု ဖြစ်ပါစေလို့ နှစ်သစ်ဆုတောင်း တောင်းလိုက်ပါတယ်...

့်Home Sweet Home said...

အမနုစံရေ

သမီးလေးကိုကိုယ်တိုင်နို့ တိုက်ပြီးထိန်းနေရတော့ အလုပ်များနေတော့မှာဘဲ။ ကျွန်တော်တို့ လဲသမီးလေး ကို ထိန်းတုန်းကသမီးကကြီးတာနှေးတယ်လို့ ထင်မိတယ်။ အခုခွဲနေရတော့သမီးကကြီးတာမြန်လိုက်တာလို့ ထင်မိပြန်ရော။ ပါးပါးမေမေသမီးလေးတို့ မိသားစုနှစ်သစ်မှာကျန်းမာပျော်ရွင်ကြပါစေ။

ကျော်နှင်းဆီလွင် said...

မရေ
မင်္ဂလာရှိလိုက်တာနော်
၁ရ၇က်မှာ၃လတိတိပြည့်တယ်ဆိုတော့လေ
ကျန်းမာခြင်းပျော်ရွှင်ခြင်းသုခတွေဝန်းရံကာထူးချွန်ထက်မြတ်သောသမီးလေးဖြစ်ပါစေနော်

ချစ်ကြည်အေး said...

ညီမ နုရေ...ဒီပိုစ့်တခုလုံးမှာ နူးညံ့လှပစွာ အသက်ဝင်စီးဆင်းနေတဲ့ မိခင်မေတ္တာတွေ....။ အရှိန်အဟုန်ပြင်းစွာ ဆက်လက် စီးဆင်းရင်း ခံစားရသမျှ ပျော်ရွှင်ကြည်နူးမှူတွေ မိသားစုအကြား တိုးလို့ ခိုင်မြဲပါစေ ညီမရေ...သမီးလေး ကျန်းမာ သန်စွမ်းပါစေ...ဒါမှ မေမေနဲ့ ပါပါးတို့ ပျော်ကြမှာ....

Anonymous said...

ပါးပါးနဲ့ မာမား မဟုတ်လား..
သမီးလေးက သုံးလသမီးမကသလိုပဲနော်..



ပေါက်

Maung Myo said...

း) မိခင်တစ်ယောက်ရဲ့ မေတ္တာထုကြီးကို လာငေးသွားတယ် အစ်မရေ အစ်ကိုကြီး အဖြစ်သည်းပုံကိုလည်း ပြုံးချင်မိပါရဲ့ နောက်ဆိုရင်တော့ လုံချည်မနိုင်ဖြစ်အုံးမှာ မြင်ယောင်သေးပေါ့ ဟဟား ခလေးတွေ အများကြီးဆိုရင်ပြောတာပါ ။ ကျန်းမာရေး ဂရုစိုက်နော့် အားလုံးနေကောင်းအဆင်ပြေကြပါစေဗျာ ။

Moe Cho Thinn said...

ချစ်စရာကောင်းလိုက်တဲ့ အရေးအသား နဲ့ ပို့စ်..။
မိသားစုဘ၀လေးကို အားကျ ပျော်ရွှင်သွားပါတယ် ညီမလေးနုရေ..

Sint Si said...

It's very fun to watch how they grow up and develope.

I uderstand breast feed baby is smaller than fomula (milk powder )feed baby. My baby is tiny but she hardly get sick.