အိုဆာကာကို ရောက်လာပြီး ၁ နှစ်ကျော်ကျော်လောက်အထိ ကျမတို့ အိမ်မှာ တီဗွီ မရှိပါဘူး။ သူရော ကျမပါ ကွန်ပျူတာ တစ်ယောက် တစ်လုံးနဲ့ပဲ နေဖြစ်ခဲ့တာ။ အဲဒီတုန်းက တွေးမိတာကတော့ တီဗွီမရှိလည်း နေလို့ဖြစ်တယ်ပေါ့။ နောက်ပိုင်း တီဗွီ ၀ယ်ပြီးတော့လည်း ပိတ်ထားဖြစ်တဲ့ အချိန်က ပို များပါတယ်။ ရုံးဖွင့်ရက်ဆိုရင် ရုံးက ပြန်လာပြီး ထမင်းစားရင်း ခဏတဖြုတ်လောက်ပဲ ကြည့်ဖြစ်တာ။ တီဗွီကနေ ဘာအစီအစဉ်တွေ လာတတ်လဲ ဆိုတာတောင် သေချာ မသိခဲ့ဘူး။ တစ်ခါတလေများ တခြားဂျပန်တွေနဲ့ စကားစမြည် ပြောဖြစ်လို့ ဘယ် တီဗွီ အစီအစဉ်တွေ ကြိုက်လဲ၊ ကြည့်ဖြစ်လဲလို့ မေးရင် မဖြေတတ်ဘူး။
တကယ်တမ်းပြောရရင် ဂျပန်ကလွှင့်တဲ့ အစီအစဉ်တွေထဲမှာ အလကား ကြည့်လို့ရတဲ့ channel တွေက စိတ်ဝင်စားဖို့ မကောင်းလှပါဘူး။ အင်္ဂလိပ်လို အစီအစဉ် တစ်ခုမှ မရဘူး။ နောက်တော့ ကျမတို့ နေတဲ့ တိုက် မှာ J-com company က 0 yen campaign ဆိုပြီး cable line လာတပ်ပေးတယ်။ အခန်းတိုင်း အလကား လာတပ်ပေးတာဆိုတော့ အပျင်းပြေ ကြည့်စရာ channel တွေ ပိုများလာတာပေါ့။ အဲဒီတော့မှ CNN Japan, Fox, Disney Cartoon, Discovery Japan စတဲ့ လိုင်းတွေနဲ့ movie နည်းနည်း ပါးပါး ကြည့်လို့ရလာတာ။
သမီးလေး မွေးပြီးတဲ့ နောက်ပိုင်းတော့ အိမ်မှာပဲ နေဖြစ်တာများတာနဲ့ တီဗွီ ကြည့်ဖြစ်သွားတယ်။ ဘယ်အချိန်မှာ ဘယ်လို အစီအစဉ်တွေ လာတတ်လဲဆိုတာပါ တဖြည်းဖြည်း သိလာတော့ ကိုယ်ကြိုက်နှစ်သက်မိတဲ့ အစီအစဉ်လေးတွေဆို တကူးတကကို စောင့်ကြည့်ဖြစ်တာမျိုး ဖြစ်လာတာပေါ့။ အများဆုံး ကြည့်ဖြစ်တာက ခရီးသွားတဲ့ အကြောင်း (ဂျပန်ပြည်တွင်းရော တခြားနိုင်ငံတွေ အကြောင်းပြတာမို့ မရောက်ဖူးသေးတဲ့ ကျမအတွက်တော့ စိတ်ဝင်တစားကို ကြည့်ဖြစ်တယ်။)၊ သမီးလေး ကြိုက်တဲ့ NHK က ပြတဲ့ ကလေးအစီအစဉ်၊ ဟင်းချက်တဲ့ အစီအစဉ် နဲ့ ဂျပန်က celebrities တွေရဲ့ အတင်းပဒေသာ တွေကို အများဆုံး ကြည့်ဖြစ်တာပေါ့။
အဓိက ပြောချင်တာက ဒီက သတင်းတွေအကြောင်းပါ။ ဒီမှာက Hot ဖြစ်တဲ့သတင်းတစ်ခုကို တီဗွီလိုင်းတိုင်း လိုလိုက ပြတာမို့ မသိချင်လည်း သိနေရတာပါပဲ။ ဘယ်လိုင်းပဲ ပြောင်းကြည့်ကြည့် သတင်းဆိုတာနဲ့ လက်တလော Hot ဖြစ်တဲ့ သတင်းနဲ့ စတာ။ ဒါကြောင့် နေ့လည်ဘက် မကြည့်မိလို့ မသိလိုက်ရင်လည်း ညဘက်သတင်းမှာ ပြန်ပြတတ်ပါတယ်။ အဲဒီလိုမှ မသိသေးရင်လည်း ပိတ်ရက်မှာ တပတ်အတွင်း သတင်း လိုမျိုး အားလုံးစုပြီး ပြန်ပြတတ်တယ်။ ကျမအတွက်တော့ သတင်းကြည့်တယ်သာ ပြောတာပါ၊ ကိုယ်က ဂျပန်စကား လည်လည်ဝယ်ဝယ် နားလည်တာ မဟုတ်တော့ သူတို့ပြောတာကို မှန်းသမ်းပြီး ကိုယ်နားလည် သလို ယူဆ လိုက်ရတာပါပဲ။
တစ်ခါတလေတော့လည်း သတင်းတွေ ကြည့်ရင်း "တချို့ အကြောင်းတွေက သိခြင်းထက် မသိခြင်းက ပိုကောင်းပါလား" ဆိုပြီး ခပ်ကြောင်ကြောင်အတွေးတွေ ၀င်လာမိပြန်တယ်။ အခု လက်ရှိ Hot ဖြစ်နေတဲ့ သတင်းက ၃ နှစ်သမီးလေးကို အသက် ၂၀ တက္ကသိုလ်ကျောင်းသားက သတ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ ပြီးခဲ့တဲ့ သောကြာနေ့ နေ့လည်လောက်က တခြား တီဗွီအစီအစဉ် ကြည့်နေရင်း Breaking News လိုမျိုး အပေါ်မှာ စာတန်းတော့ ထိုးလိုက်ပေမယ့် ကျမ သေချာ နားမလည်လိုက်ဘူး။ ညဘက် NHK အင်္ဂလိပ် သတင်း နားထောင်တော့မှ အကြောင်းစုံ သိရတော့တယ်။
အသတ်ခံရတဲ့ ကောင်မလေးက မိဘတွေနဲ့ အတူ super market မှာ ဈေးဝယ်နေရင်း အိမ်သာတက်ချင်လို့ တစ်ယောက်တည်း အိမ်သာထဲကို ၀င်သွားတယ်။ မိဘတွေက ပြန်မလာတာ ကြာတော့ အိမ်သာထဲဝင် ရှာတာ မတွေ့တော့ ကလေးပျောက်တယ်လို့ပဲ ထင်နေတာ။ နောက်တော့ security camera ကနေ ပြန် ကြည့်တော့ ကလေးက ၀င်သွားတာပဲ တွေ့လိုက်ပြီး ပြန်ထွက်လာတာ မတွေ့ရဘူး။ အဲဒီ ကောင်မလေး အိမ်သာ ၀င်သွားပြီး သိပ်မကြာခင်မှာပဲ လူတစ်ယောက် လိုက်ဝင်သွားတာ တွေ့ရတယ်။ တအောင့်ကြာတော့ အဲဒီလူ ကျောပိုးအိတ်လွယ်ပြီး အိမ်သာကနေ ထွက်သွားတယ်ဆိုတာပါ တွေ့လိုက်ရတယ်။ အဲဒီတော့ ရဲက အဲဒီလူကို ဖမ်းပြီး စစ်ဆေးကြည့်တော့မှ သူက ကလေးကို သတ်၊ အလောင်းကို ကျောပိုးအိတ်ထဲ ထည့်သယ်သွားပြီး အနီးအနားက မြစ်ထဲကို သွားလွှတ်ပစ်လိုက်ပြီး လက်စ ဖျောက်လိုက်တယ်လို့ ၀န်ခံတယ်။ နောက်ပြီး သတ်တဲ့ ကျောင်းသားကို တွေ့လိုက်တဲ့လူတစ်ယောက်က " သူ့ကိုကြည့်ရတာ အရမ်းကို ကျေနပ်ပီတိဖြစ်နေပုံရတယ်။ သူ့မျက်နှာ အဲဒီလောက် ပြုံးပျော်နေတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး" ဆိုပြီး ပြန်ပြောပြတယ်။ ကလေး အလောင်းကိုလည်း လွှင့်ပစ်ခဲ့တဲ့မြစ်ထဲမှာ ပြန်ရှာတွေ့တယ်။
အဲဒီ သတင်းကြည့်ပြီးတော့ ကျမ စိတ်ထဲ မတင်မကျနဲ့။ အခုလို သတင်းမျိုးတွေ ကြည့်ပြီးသွားရင် ဘယ်သူ့ကို ဒေါသထွက်ရမလဲ၊ အပြစ်တင်ရမလဲဆိုတာ စဉ်းစားမရဘူး။ ဒီကလေးနဲ့ ကျောင်းသားနဲ့ ဘာရန်ငြိုး ရန်စမှလည်း မရှိပဲ သတ်သွားတယ်ဆိုတာ တော်ရုံလူ မလုပ်တဲ့အဖြစ်ပဲ။ ဒီအတိုင်းသာဆိုရင် နေ့စဉ်သွားလာနေရတဲ့ လူနေမှုဘ၀မှာ ကိုယ် နဲ့ကိုယ့်မိသားစု အတွက် အန္တရာယ် ဆိုတာ လက်တကမ်းမှာ ရှိနေတာပေါ့။ တစ်ယောက်တစ်မျိုး သွားလာ နေရတဲ့ ပတ်ဝန်းကျင်မှာ ကံအကြောင်းမလှလို့ အဲဒီလို အရူးမျိုးနဲ့ သာတွေ့မိရင် ဘ၀က မတွေးရဲစရာပဲ။ ဟိုတွေး ဒီတွေး တွေးစရာတွေ အများကြီးနဲ့ နောက်တော့ စိတ်ရှုတ်ထွေးလာရော။ တချို့ကတော့ သတ်တဲ့သူရဲ့ အပြစ်ထက် ကိုယ့်ကလေးကို ပစ်ထားတဲ့ မိဘတွေ အပြစ်လို့ ပြောကြ ဝေဖန်ကြတယ်။ ဘယ်သူ အပြစ်ရှိလဲဆိုတာ ခဏထားပါဦး။
အကြောင်းစပ်မိလို့ ပြောရရင် ကျမတို့ အိမ်နားမှာ super market တစ်ခုရှိတယ်။ အဲဒီမှာ တချို့ကလေးတွေ ရေဘူးကြီး (၃.၅ လီတာ) ကို ဆွဲပြီး မနိုင်မနင်းနဲ့ ရေလာထည့်တာ၊ အိမ်နားဝန်းကျင်မှာကလေးတွေ စက်ဘီး ကိုယ်စီနဲ့ ဖုန်းကို လည်ပင်းဆွဲပြီး လျှောက်သွားနေတာ၊ ကျောင်းက အပြန် တစ်ယောက်တည်း ငိုက်စိုက် ငိုက်စိုက် ပြန်လာတတ်တာတွေ ကျမ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတယ်။ အလွန်ဆုံးရှိရင် အဲဒီကလေးတွေက မူလတန်းကျောင်းသား အရွယ်လေးတွေပါ။ အဲဒီထက်တောင် ငယ်နိုင်ပါသေးတယ်။ မိဘတွေ အလုပ်သွားတဲ့အချိန်မှာ ကလေးကို အိမ်သော့တစ်ချောင်းပေးထားပြီး ကလေးက အိမ်ကို ကိုယ့်ဘာသာကိုယ် ၀င်ထွက်နေရတာ။ ကလေးတွေ ကို မိဘတွေက ကိုယ့်ကိုကိုယ် confidence ရှိလာအောင် တစ်ယောက်တည်း ဈေးဝယ်ထွက်ခိုင်းတာမျိုး၊ တစ်ခုခု လုပ်ခိုင်းတာမျိုး၊ ဘယ်အရာမဆို မရ ရအောင် လုပ်ရမယ် သွားကို သွားရဲ ရမယ် ဆိုပြီး ကလေးကို စိတ်ဓာတ် မြင့်တင်ပြီး လေ့ကျင့်ပေးထားတာ။ ဒါတွေကို မကောင်းဘူးလို့ ပြောရမလား၊ ကောင်းတယ်လို့ ပြောရမလား ဆိုတာ အခုလို သတင်းမျိုးတွေ ကြားရတော့ ကျမစိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်မိတာ အမှန်ပဲ။ ကိုယ့်ကလေးကိုရော ဘယ်လို ပုံစံနဲ့ ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်ရမလဲ ဆိုတာ မတွေးတတ်တော့ဘူး။ အခုအဖြစ်ကလည်း အတူတူပဲပေါ့။ ကလေးက အိမ်သာ သွားတာကို မိဘတွေက တစ်ယောက်လည်း လွှတ်လိုက်တာ သူတို့အနေနဲ့တော့ ဒီနားလေးကို လိုက်ပေးစရာ မလိုဘူးလို့ ထင်မှာပဲ။ အဲဒီတော့ အဲဒါ မိဘတွေ အပြစ်လို့ ပြောမလား။
အခုလို ဘုမသိ ဘာမသိနဲ့ စိတ်ကူးပေါက်သလို လျှောက်သတ်တဲ့ အမှုတွေ ဒီရောက်ကတည်းက ကြိုကြား ကြိုကြား ကြားနေရတယ်။ စိတ်ဖိစိမှုများလို့ စိတ်ထွက်ပေါက်အနေနဲ့ သတ်ချင်တယ်ဆိုလည်း ကိုယ့်ဘာသာကိုယ် သတ်သေပေါ့။ အခုတော့ ဘာမှ အပြစ်မရှိတဲ့သူတွေက အလကားနေရင်း အသတ်ခံနေရတယ်။ ဆက်နွယ်နေတဲ့ မိသားစုဝင်တွေရဲ့ စိတ်ထဲမှာရော ဘယ်လောက် ခံစားရမလဲ၊ ကြေကွဲနေကြမလဲ၊ ဘာနဲ့မှ လဲယူလို့မရတဲ့ ဆုံးရှုံးမှုတစ်ခုပဲလေ။ လူတစ်ယောက်လုံး သေသွားမှတော့ ဘာနဲ့များ အလျော်အစား လုပ်လို့ရဦးမှာလဲ။ အခု ကလေးလေး ဆိုလည်း ကြည့်ပါဦး။ လူ့လောကထဲ ရောက်လာတာမှ ၃ နှစ်ပဲ ရှိသေးတယ်။ ဒီအရွယ်လေးက တကယ်ကို ချစ်ဖို့ကောင်းတဲ့ အရွယ်မို့ သူ့ မိဘ ညီအကို မောင်နှမတွေ ငိုကြွေးကြေကွဲနေမှာကို ကိုယ်ချင်းစာလို့ရတယ်။ အဲဒီ ကလေးနေရာမှာ "ကိုယ့်သားသမီးဆိုရင်" ဆိုတဲ့ အတွေးမျိုး တွေးတောင် မတွေးရဲဘူး။ သေတဲ့သူကလည်း သေသွားပြီ၊ တရားခံကလည်း ထိုက်သင့်တဲ့ အပြစ်ဒဏ်ကြခံ၊ ဒါနဲ့ပဲ ပြီးသွားတော့မှာလား။ နောင် ဒီလို အမှုမျိုးတွေ ထပ်မဖြစ်ဘူးလို့ရော ဘယ်သူက အာမခံနိုင်မှာတဲ့လဲ။
အကောင်းဆုံးက "ဒီနေ့ကစပြီး သွားလေရာ လာလေရာမှာ ကျမတို့ မိသားစု အဲဒီလို လူမျိုးတွေနဲ့ ဆန့်ကျင်ဘက်နေရာမှာ အမြဲရောက်နေရပါလို၏" လို့ ဘုရားမှာ ဆုတောင်းနေယုံမှ တပါး တခြား ဘာများ တတ်နိုင်ပါဦးမလဲ…
မှတ်ချက်။ အခု လူသတ်မှု သတင်းက ကျမ နားလည်သလို ရေးထားတာမို့ အသေးစိတ် အချက်အလက်တွေမှာ အနည်းငယ် လွဲမှားနိုင်ပါတယ်။
မတ်လ ၁၀၊ ၂၀၁၁