ကျမ ထိုင်းကို အလုပ်ကိစ္စနဲ့ သွားခါနီး အဖေက ကျမကို စာအုပ်တစ်အုပ် လက်ဆောင် ပေးခဲ့ပါတယ်။ သူပေးလိုက်တဲ့ စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ပါ ဆိုတာ ရန်ကုန်ကို ဖုန်းဆက်တိုင်းလည်း တဖွဖွ မှာတယ်။ ကျမကလည်း အဲဒီ စာအုပ်ကို ထိုင်းကိုသာ သယ်သွားတယ် ထိုင်းမှာ လုံးလုံး မဖတ်ဖြစ်ပါဘူး။ အဖေ ပေးလိုက်တဲ့ စာအုပ်မှ မဟုတ်ဘူး ဘယ်စာအုပ်မှကို မဖတ်ဖြစ်တာပါ။ ဒါနဲ့ ဂျပန်ကို လာမယ်ဆိုတော့ ကျမလည်း အင်္ကျီတွေနဲ့ တခြား ပစ္စည်းတွေ သယ်တာကိုလျော့ပြီး စာအုပ်ရယ် မြန်မာ အစားအစာတွေပဲ အဓိက သယ်လာခဲ့ပါတယ်။ ဒါကြောင့် အဲဒီ စာအုပ်လေးဟာ ဒီအထိအောင် ပါလာခဲ့ပေမယ့် ဒီရောက်တော့လည်း ကျမ မကိုင်ဖြစ်ပြန်ပါဘူး။ အဖေကလည်း ထုံးစံအတိုင်း ဖုန်းဆက်ရင် သူပေးလိုက်တဲ့ စာအုပ်လေးကို သေချာဖတ်ဖို့ မှာမြဲ မှာနေတုန်းပါပဲ။
ပြီးခဲ့တဲ့ တပတ်ကတော့ အဲဒီစာအုပ်ကို စပြီးဖတ်ဖြစ်ခဲ့တယ်။ စ ဖတ်ပြီး ၁ ပုဒ် ၂ ပုဒ်လောက်လည်း ပြီးရော အဖေဟာ ဘာကြောင့် ဒီစာအုပ်ကို ဖတ်ဖို့ ကျမကို တဖွဖွပြောတာလဲ ဆိုတာ သဘောပေါက်ပါတော့တယ်။ အဖေပေးလိုက်တဲ့ စာအုပ်က ”ရဝေနွယ် (အင်းမ) ရေးတဲ့ အတွေးများနဲ့ မိတ်ဖွဲ့ခြင်း” စာအုပ်လေးပါ။
မိဘအိမ်မှာ အတူနေရတုန်းကတော့ ကျမက အလုပ်မှာပဲဖြစ်ဖြစ၊် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် စိတ်ထဲမှာ အခန့်မသန့်လို့ ခံစားရရင် အဖေ့ကို ပြောပြတတ်ပါတယ်။ အဲဒီအခါကျရင် အဖေက စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး အကျိုးအကြောင်းရှင်းပြပေးပြန်ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ ကျင်လည်ရမယ်ဆိုရင် အရာအားလုံးက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာရင်၊ မဖြစ်ချင်တာတွေ ဖြစ်လာခဲ့ရင် ကိုယ့်စိတ်ကို ထားတတ်ဖို့၊ လူအမျိုးမျိုး စိတ်ဓာတ်အမျိုးမျိုးမို့ သည်းခံသင့်တာ သည်းခံဖို့နဲ့ ကိုယ်ကူညီနိုင်တာကို အကောင်းဆုံးကူညီပေးဖို့ အဓိကထားပြီးပြောပြပါတယ်။
ဒါပေမယ့် မိဘနဲ့ခွဲနေရမဲ့အချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားပေးဖို့၊ အမှားအမှန် ခွဲခြားတတ်ဖို့၊ စိတ်ထားတတ်ဖို့ အခုလိုစာအုပ်တွေကို တကူးတက ၀ယ်ပေးပြီး ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းတယ်ဆိုတာ ကျမ သဘောပေါက်နားလည်မိပါပြီ်။ အခုတော့ ကျမအဖေ ဖတ်စေချင်တဲ့ ဒီစာအုပ်လေးကို ဖတ်နေတာ တ၀က်လောက်တော့ရောက်နေပါပြီ။ နောက်ပြီး ဒီစာအုပ်ကို ဖတ်ရင်းသဘောကျလာတာကြောင့် ကျမ Blog မှာ တင်နိုင်အောင် စာ ကြိုးစားရိုက်ကြည့်ပြီး တင်ထားပေးမယ်လို့ စိတ်ကူးရလာပါတယ်။ စာအုပ်ထဲကလို ပြုမူကျင့်ကြံနေထိုင်တတ်ဖို့တော့ ကြိုးစားရအုံးမယ်လို့ ကိုယ့်ကိုယ်ကိုယ် တွေးထင်မိပါတော့တယ်။
သြဂုတ် ၁၇၊ ၂၀၀၇။
1 comment:
I will be waiting that book. Thanks.
Post a Comment