August 15, 2007

Hirakata Chrysanthemum Doll Show

Hirakata ဆိုတာ Osaka နဲ့ Kyoto အလယ်မှာရှိတဲ့မြို့လေးပါ။ Hirakata ပန်းခြံက ဘာကြောင့်နာမည်ကြီးရသလဲဆိုတော့ အဲဒီ့ပန်းခြံမှာ ပြတဲ့ Chrysanthemum ပန်းနဲ့ လူရုပ်တွေကို အလှဆင်ထားပြီး ဂျပန်ရိုးရာ ပုံပြင်တွေကို သရုပ်ဖော်ပြထားတဲ့ ပြပွဲကြောင့်ပါပဲ။ Chrysanthemum ဆိုတာ ဂန္ဓမာပန်းမျိုးနွယ်လို့ ပြောလို့ရမယ်နဲ့ တူတယ်။

ပြပွဲစတော့ ကျွန်မတို့ မန်နေဂျာက Hirakata ပန်းခြံမှာ တကယ့် ပန်းအစစ်နဲ့လုပ်ထားတဲ့ ပန်းပြပွဲရှိတယ်ဆိုတာရယ်၊ ပြပွဲက အောက်တိုဘာလ ၁လ ပဲပြသမှာဖြစ်ပြီး ၂၀၀၅ ခုနှစ်ဟာ ပန်းပြပွဲရဲ့ နောက်ဆုံးနှစ်ဆိုတော့ နင်တို့ သွားကြည့်သင့်တယ် လို့အကြံပေးတာကြောင့် ရောက်ဖြစ်ခဲ့တာပါ။

ပန်းခြံဝင်ကြေးက ယန်း ၈၀၀ ပေးရပြီး ပန်းအရုပ်ပြပွဲဝင်ကြေးက ယန်း ၁၆၀၀ ဆိုတော့ အားလုံး ယန်း ၂၄၀၀ ပေးရပါတယ်။ ပြပွဲက ဘယ်လိုမျိုးလဲမသိတော့ ဈေးကြီးသာပေးရတယ် ကောင်းပါ့မလားဆိုပြီး စိုးရိမ်မိတာပေါ့။ ဒါနဲ့ ပန်းခြံထဲ ၀င်ခဲ့ပြီး ပြပွဲက ဘယ်မှာရှိမှန်းမသိလို့ ၂ ယောက်သား ဟိုလူ့မေးလိုက် ဒီလူ့မေးလိုက်နဲ့။ နောက်ဆုံး ပန်းပြပွဲရှိတဲ့ အဆောင်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ရောက်သွားပြီး သူများနည်းတူ အနောက်ကနေ ၀င်တန်းစီလိုက် ရပါတယ်။ လာကြည့်တဲ့လူတွေ တအားများလို့ တရွေ့ရွေ့သွားတဲ့ လူတန်းနောက်ကို စိတ်ရှည်ရှည်လိုက်ရင်း ပန်းပြပွဲရှိတဲ့ အဆောင်ထဲကို တဖြည်းဖြည်းချင်း ရောက်သွားခဲ့ပါတယ်။

အထဲရောက်တာနဲ့တင် အပြင်အဆင်နဲ့ ပန်းလူရုပ်တွေကြောင့် ကျွန်မတကယ်ကို အံ့သြမင်သက်မိတယ်။ ပန်းအစစ်တွေနဲ့ပုံဖော်ထားတဲ့ အရုပ်တွေက လူ့တရပ်နီးပါး လောက်ရှိပြီး အထဲမှာ ပြင်ထားတဲ့ Decoration တွေက ကျွန်မအတွက် အထူးအဆန်းတွေချည်းပါပဲ။ တခုရှိတာက သူတို့ရေးထားတဲ့ ဂျပန်စာကို မဖတ်တတ်တော့ ဘာအကြောင်းအရာအတွက် ပုံဖော်ထားတာလည်း ဆိုတာ မသိခဲ့ရပါဘူး။ ပြပွဲက ပြန်လဲထွက်လာပြီးရော စောစောက ၀င်ကြည့်ခဲ့ရတာ အိပ်မက် မက်လိုက်သလိုပါပဲ။ နောက်တခါ ပြန်ဝင်ကြည့်ချင်စိတ် ဖြစ်ပေမယ့် ပိုက်ဆံထပ်ပေးရမှာမို့ မကြည့်တော့ပါဘူး။

ကျွန်မသွားတုန်းက ရိုက်ယူလာခဲ့တဲ့ ပုံတွေကို virtual tour လုပ်ပြီးတင်ပေးလိုက်ပါတယ်။ ပန်းပြပွဲအကြောင်း သိချင်တယ် ဆိုရင် အသေးစိတ်ကို ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။



သြဂုတ် ၁၅၊ ၂၀၀၇။

No comments: