August 19, 2007

မြန်မာမုန့်ဟင်းခါး

မနေ့ကတော့ နေပူလို့ အပြင်လဲ မထွက်ချင်၊ အိမ်ထဲနေရတာလည်း ပျင်းပျင်းရှိတာနဲ့ မုန့်ဟင်းခါး ချက်စားမယ်ဆိုပြီး ပစ္စည်းစာရင်း အရင်ထ စစ်ရတယ်။ သူငယ်ချင်းက ငါးသေတ္တာဗူးနဲ့ ချက်စားရင်ကောင်းတယ်လို့ ပြောတာကြောင့် ငါးသေတ္တာနဲ့စမ်းချက်ကြည့်ပြီး စားလို့ကောင်းတာနဲ့ပဲ နောက်ပိုင်း ငါးသေတ္တာနဲ့ချည်း ချက်စားဖြစ်ခဲ့တယ်။ အဲဒါက အချိန်သိပ်မကုန် လူလည်း သက်သာတယ်။ စားလို့လည်းကောင်းတယ်။

စပါးလင်၊ ဂျင်း၊ ဆန်လှော်မှုန့်၊ ငါးသေတ္တာ၊ ကြက်သွန်နီဥအသေးလေးတွေ၊ ပြီးတော့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်အမှုန့်လည်း ရှိတယ်ဆိုတော့ မုန့်ဟင်းခါးချက်ဖို့ ပစ္စည်းတွေကတော့ စုံပါပြီ။ စပြီးချက်လို့ရပြီ။ မချက်ခင် ဓာတ်ပုံရိုက်ထားဖို့ ကင်မရာမင်းကို တောင်းတောင်းပန်ပန် ရိုက်ခိုင်းရသေးတယ်။

ပထမဆုံး ထောင်းစရာရှိတဲ့ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူကို ညက်အောင် အရင်ထောင်းပြီး ငါးသေတ္တာနဲ့ ဆီသတ်ရတာပေါ့။ ငါးသေတ္တာထည့်ပြီး တအောင့်ကြာမှ မြောင်းမြဒေါ်ချို အမှုန့်ကိုရောမွှေပြီး ဆီပြန်လောက်ပြီဆိုရင် မီးဖိုပေါ်ကချထားလိုက်ရော။

ပြီးရင် ရေနွေးအိုးတည်၊ စပါးလင်အရိုးတွေကို ကြိုးချည်ပြီး တခါတည်း ရေနွေးထ်ဲထည့်ပြုတ်လိုက်တယ်။ ရေနွေးအိုး ဆူရင် ငါးဆီသတ်ထားတာထည့်၊ ပြီးရင် ဆန့်မှုန့်ကို သင့်သလို ရေဖျော်ထည့်ပြီး နည်းနည်းမွှေပေးရတယ့်။ မမွှေဘဲထားရင် ဟင်းအိုးအောက်မှာ အနှစ်တွေက အနယ်ထိုင်ကုန်ရင် တူးနံ့ နံကုန်မှာစိုးလို့။ (ကိုယ်တွေ့လေးတွေ စာထဲပါကုန်ပြီ။ )

ဟင်းရည်အိုးဆူပြီဆိုရင် အခွံနွှာထားတဲ့ ကြက်သွန်နီဥလေးတွေ ထည့်၊ ဘဲဥပြုတ်ထားတာတွေပါ လှီးထည့်လိုက်တယ်။ နောက်ဆုံး ငရုတ်ကောင်းမှုန့်ထည့်ပြီး အပေါ့အငန် မြည်းပြီးလို့် တအောင့်ကြာရင် စားလို့ရပြီ။ ဟင်းရည်ကျသွားရင်တော့ ပိုစားကောင်းတာပေါ့။ မြောင်းမြဒေါ်ချိုနဲ့ချက်ရင် အရသာက သိပ်ပြီးပြင်စရာမလိုဘူး။ ready made အထုပ်ထဲမှာကိုက အချိုနဲ့အငန် တအားများတယ်လို့ ကျမတော့ ထင်တာပဲ။ ဒီအတိုင်း သူ့ချည်းချက်စားရင် စားရတာ အဆင်မပြေဘူး။ စားပြီးရင် ရေတအားငတ်တယ်။ မြောင်းမြဒေါ်ချိုက စားလို့မကောင်းဘူးဆိုပြီး ပင်ပျိုရွက်နုဝယ်စားတော့လည်း အဲဒီလိုပဲ စားမကောင်းဘူး။ အခုလို အရောအနှောနဲ့ ကိုယ့်ဘာသာကိုယ်လုပ်စားမှပဲ စားလို့အဆင်ပြေတော့တယ်။


မုန့်ဟင်းခါးကိုတော့ နိုင်ငံခြားရောက် မြန်မာတိုင်းလိုလို ချက်တတ်ကြတာ များပါတယ်။ ကြိုက်တဲ့သူလည်း များမယ် ထင်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ စားရသလို ဘူးသီးကြော်၊ ပဲကြော်တော့ မပါဘူးပေါ့လေ။ Tokyo မှာတော့ ပဲကြော်ကို အဲဒီမှာပဲ ကြော် ရောင်းတယ်လို့ ထင်တယ်။ မြန်မာဆိုင်က တစ်ခါ ၀ယ်လာပြီး စားဖူးတယ်။ စားရတာ ကျွပ်ကျွပ်ရွရွလေးမို့ စားလို့ကောင်းတယ်။ Osaka မှာတော့ နံနံပင်လေး ကြက်သွန်ဖြူကြော်လေး ထိုင်းဆိုင်က ၀ယ်လို့ရတာပဲ ကျေးဇူးတင်နေရတယ်။ နို့မို့ဆို နံနံပင် မပါရင် မုန့်ဟင်းခါး စားရတာ အင်္ဂါမစုံသလိုပဲ။ ဘာလိုနေမှန်းကို မသိဘူး။ ဒီလိုလေး စားရတာဘဲ တော်လှပြီလို့ အောက်မေ့လိုက် ရပါတော့တယ်။

ငါးသေတ္တာကတော့ Tuna ငါးသေတ္တာကိုပဲ သုံးလိုက်တယ်။ မုန့်ဟင်းခါးဖတ် ကတော့ ဂျပန်ခေါက်ဆွဲတမျိုးပါပဲ။ ခေါက်ဆွဲထုပ်မှာပါတဲ့ စာကလည်း မဖတ်တတ်ဘူးလေ။ သူတို့ကတော့ ဘယ်လို လုပ်ပြီး စားကြသလဲတော့ မသိဘူး။ ကျမကတော့ ဒီလိုပဲ.. မုန့်ဖတ် လုပ်စားပစ်လိုက်တာပဲ..



သြဂုတ် ၁၉၊ ၂၀၀၇။

1 comment:

kay said...

မုန့်ဟင်းခါးမြည်းသွားတယ်။ အမလည်းအဲဒီအမျှင်ပဲသုံးတယ်..တပုံစံတည်းပဲ။
ဒါပေမဲ့..သူကဂျူံဆိုတော့..ဆန်နဲ့တော့ကွာတယ်နော်။
အမလဲ..အစားအသောက်..နည်းတွေတင်ချင်တယ်။ လာမယ်..လာမယ်