*”ရဝေနွယ်(အင်းမ) ရေးသားသော အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ်” မှ အကြောင်းအရာ များကို ကူးယူ ဖော်ပြပါသည်။
မောင်ထွန်းသူရဲ့ ”ရမ္မက်မီး”ဆိုတဲ့ စာအုပ်ကြီး ဖတ်ပြီးသွားတော့ ဖတ်ခဲ့တဲ့ ဇာတ်ကွက်ကလေးတစ်ခုကို ပြန်အာရုံပြုဖြစ်ရင်း ”ရူးတာ” လို့ သူများမကြားအောင် စိတ်ထဲက ပြောဖြစ်လိုက်ပါတယ်။ စာအုပ်က ဗင်ဂိုးရဲ့ အတ္ထုပ္ပတ္တိပါ၊ ပြန်သတိရဖြစ်တဲ့ ဇာတ်ကွက်ကလေးက ဒီလိုပါ။
တစ်နေ့တော့ ဗင်ဂိုးက ဇိမ်ဂေဟာတစ်ခုကို ရောက်သွားပါတယ်။ အဲဒီ့ ဇိမ်ဂေဟာမှာ ရာချယ်ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပါတယ်။ ကောင်မလေးက ဗင်ဂိုးနားရွက်ကလေးကို ကိုင်ပြီး ပြောင်သလိုလိုနဲ့ ချီးမွမ်းခန်းဖွင့်ပါတယ်။ အမြဲလာဖို့လည်း ပြောပါတယ်။
ဒီလိုနဲ့ တစ်ကြိမ်အသွားမှာတော့ ရာချယ်ဆိုတဲ့ ကောင်မလေးက ”ချစ်တုန်းပဲလား”လို့ မေးပါတယ်။ ဗင်ဂိုးကလည်း ”ချစ်တုန်းပါပဲကွယ်” လို့ ပြန်ဖြေပါတယ်။ ဒီတော့ ကောင်မလေးက ဗင်ဂိုးရဲ့ နားရွက်ကလေးကို အသာအယာ လိမ်ဆွဲပြီး ”တကယ်ချစ်ရင် သက်သေပြတဲ့အနေနဲ့ ရှင့်ရဲ့ နားရွက်ကလေးကို ပေးမလား” လို့ မေးလိုက်ပါသတဲ့။
နောက်ရက်တစ်ရက်မှာတော့ ဗင်ဂိုးက သူ့ရဲ့ညာဘက်နားရွက် တစ်ဖက်ကို သင်တုန်းဓားနဲ့ လှီးဖြတ်ပြီး ကောင်မလေးကို သွားပေးလိုက်ပါသတဲ့။
ဒီဇာတ်ကွက်ကလေးကို ပြန်သတိရပြီး ”ရူးတာ”လို့ စိတ်ထဲက ပြောလိုက်တာပါ။ တကယ်လို့ စိတ်ထဲက မပြောဘဲ အသံထွက်ပြောလိုက်ရင် စာအုပ်လက်ဆောင်လာပေးတဲ့သူနဲ့ တိုးသွားရင်တော့ နောက်ပေးတော့မှာ မဟုတ်ပါဘူး။ စာအုပ်လက်ဆောင်လာပေးတဲ့သူက UNITY စာပေက ကိုသန်းဆွေနဲ့ ကိုစိုးဝင်းပါ။ စာအုပ်က စာမျက်နှာ ၆၇၇ မျက်နှာ ပါရှိတယ်။ ဘုရားဟော ပါဠိတော်တစ်အုပ်စာလောက်ပါ။
ဗင်ဂိုးကို ရူးတာလို့ အပြစ်တင်လိုက်ပြီး စားပွဲဘေးက ပိဋိကတ်တော် စာအုပ်တွေကိုကြည့်ရင်း ”ငါလည်း ဘာထူးသေးလဲ၊ အခုတော့ ဗင်ဂိုးအတွက် အချိန်တွေ လေးငါးရက်လောက် အလကား ပေးလိုက်ရတာ။ ငါလည်း ရူးတာပဲ၊ ဘာထူးလဲ” လို့ ကိုယ့်ကိုယ်ကိုယ်ပြောရင်း သက်ပြင်းကို မသိမသာ ချလိုက်မိပါတယ်။ စာရေးသူမှာ စာသာရေးနေတယ်၊ မဖတ်ရသေးတဲ့ ပိဋိကတ်စာအုပ်အကြွေးတွေက အများကြီးပါ။
ဗင်ဂိုးနဲ့ရူးပြီးတော့ အကောင်းလုပ်ဖို့ ထေရီအဋ္ဌကထာကို ကိုင်ရပါတယ်။ FUTURE LIGHT မဂ္ဂဇင်းအတွက်ပါ။ ဖတ်ရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လမ်းလေးတစ်ပုဒ်ကို တွေ့လိုက်ရပါတယ်။
ဇာတ်ဆောင်က အမျိုးသားတော့ မဟုတ်ပါဘူး။ အမျိုးသမီးပါ။ အမျိုးသမီးတောင် လူဝတ်ကြောင် အမျိုးသမီး မဟုတ်ပါဘူး။ အနာဂါမ်တည်ပြီး ထေရီမတစ်ပါးပါ။
သူ့နာမည်က သုဘာတဲ့။ သုဘာရဲ့ အဓိပ္ပာယ်က ”ရုပ်ရည်အဆင်းလှပတင့်တယ်သူ” လို့ အဓိပ္ပာယ်ရပါတယ်။
နာမည်နဲ့ လူနဲ့လိုက်အောင်လည်း သုဘာဟာ လှပ တင့်တယ် ချောမောသူပါတဲ့။ သူမရဲ့ အလှတွေထဲမှာ အဓိက အလှက မျက်လုံးပါတဲ့။ သူမရဲ့မျက်လုံးက မြင်ရတဲ့သူကို သိပ်ကိုဆွဲဆောင်မှု ရှိတာပါတဲ့။
သုဘာက ရာဇဂြိုလ်မြို့က ပုဏ္ဏားကြီး တစ်ယောက်ရဲ့ သမီးပါ။ လူဝတ် အပျိုစင်ဘ၀ကတည်းက သဒ္ဓါတရားရှိတဲ့ အမျိုးသမီးလေးပါ။ သုဘာက သူ့မှာ အလှတွေရှိပေမယ့် မတည်မြဲတဲ့ အလှရဲ့ အပြစ်ကို မြင်ပြီး မဟာပဇာပတိ ဂေါတမီဆီမှာ ဘိက္ခုနီမ ပြုလိုက်ပါတယ်။ ဘိက္ခုနီမပြုပြီး တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ အနာဂါမိဖိုလ်ကို ရသွားပါတယ်။ အရဟတ္တဖိုလ်တော့ မရသေးပါဘူး။
တစ်နေ့တော့ သူ့ဇာတိ ရာဇဂြိုလ်မြို့က ဇီဝကရဲ့ သရက်ဥယျာဉ်ကို တစ်ပါးတည်း ထွက်ခဲ့ပါတယ်။ တရားအားထုတ်ဖို့ပါပဲ။ လမ်းကျဉ်းတစ်နေရာရောက်တော့ ရာဇဂြိုလ်မြို့သားလည်းဖြစ်၊ ရွှေပန်းတိမ်သည်ရဲ့ သားလည်းဖြစ်တဲ့ လူငယ်တစ်ယောက်နဲ့ ရင်ဆိုင်တိုးပါတော့တယ်။ ရာဇဂြိုလ်မြို့သားလူငယ်က သုဘာထေရီကို တွေ့လိုက်တာနဲ့ မျက်လုံးရဲ့အလှကလည်း အထင်းသားပေါ်နေတာဆိုတော့ ချက်ချင်း ချစ်တဲ့စိတ် ဖြစ်သွားပါသတဲ့။ ဒါကြောင့် လမ်းမဖယ်တော့ပါဘူး။ ရှေ့က ကာထားလိုက်ပါတယ်။ သုဘာထေရီက တောင်းတောင်းပန်ပန်နဲ့ ဖယ်ခိုင်းပေမယ့် မဖယ်ပါဘူး။ မဖယ်ရုံတင်မကဘဲ ”အို... နှမရယ်၊ သင်ဟာ ငယ်လည်းငယ်တယ်၊ ရုပ်ရည်အဆင်းလည်း လှတယ်၊ အခုလို ငယ်တုန်းမှာ ဘာဖြစ်လို့ ရဟန်းပြုရတာလဲ။ အဲဒီ သင်္ကန်းကြီးကို ဖယ်ပြီး ကျွန်တော်နဲ့ လိုက်ခဲ့စမ်းပါ” လို့ ချစ်ရေး စဆိုပါတော့တယ်။
ဒီတော့ သုဘာထေရီမက ”အို... အမျိုးသား စက်ဆုပ်ဖွယ် ရွံရှာဖွယ်တွေ ပြည့်နေတဲ့ သုသာန်မြေကို တိုးပွားစေတဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဒီခန္ဓာကိုယ်ကို သင်က ချစ်စရာလို့ ထင်မှတ်နေတယ်။ ငါရဲ့ခန္ဓာကိုယ်ပေါ်က ဘာကိုများ သင်နှစ်သက်နေတာလဲ”လို့ မေးလိုက်ပါတယ်။
လူငယ်ကလည်း ချက်ချင်းပါပဲ။ ”သင်ရဲ့မျက်လုံးလေးကို ချစ်တာ”လို့ ပြန်ဖြေလိုက်ပါတယ်။
လူငယ်ရဲ့အဖြေစကား ကြားရတော့ သုဘာထေရီမက သူ့ရဲ့မျက်လုံးတစ်ဖက်ကို လက်နဲ့ထုတ်ပြီး ပေးလိုက်ပါတယ်။ စာထဲမှာတော့ မျက်လုံးလို့ပဲ သာမန်ပြထားပါတယ်။ ဘယ်လား ညာလားဆိုတာတော့ ခွဲပြမထားပါဘူး။
မထင်မှတ်တဲ့ အပြုအမူနဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ လူငယ်လည်း ကြောက်လန့်ပြီး တောင်းပန် ထွက်ခွာသွားပါတော့တယ်။
တကယ်လို့ သုဘာထေရီက ဒီလိုမပြုဘဲ နှုတ်နဲ့ပဲ တရားဟောနေရင် လူငယ်က ကာယကံမြောက် ဗလက္ကာယ ပြုတော့မှာပါ။ နေရာကလည်း လူသူကင်းဆိတ်နေတာဆိုတော့ ပြုမူဖို့လည်း သိပ်လွယ်လှပါတယ်။ ကာယကံမြောက် ကျူးလွန်မိသွားရင်တော့ လူငယ်အတွက် အ၀ီစိငရဲ ကျတော့မှာပါ။ သုဘာထေရီက လူငယ်ရဲ့ အကျိုးကိုငဲ့ပြီး မပြုသင့်တဲ့ အပြုအမူတစ်ခုကို ပြုပေးလိုက်တာပါပဲ။
သုဘာထေရီဟာ မျက်စိတစ်ဖက်နဲ့ပဲ မြတ်စွာဘုရားရှိရာကို ထွက်ခဲ့ပါတယ်။ မြတ်စွာဘုရားကို ဖူးတွေ့လိုက်ရတာနဲ့ ပျက်စီးသွားတဲ့ မျက်လုံးဟာ ပကတိအတိုင်း အကောင်းပြန်ဖြစ်သွားပါတယ်။ မျက်လုံးက မြတ်စွာဘုရားရှင်ရဲ့ တန်ခိုးကြောင့် ပြန်ကောင်းရတာဆိုတော့ ပီတိတွေ ဖြစ်လာပါတယ်။ မြတ်စွာဘုရားရှင်ကလည်း သုဘာထေရီ ပီတိဖြစ်နေတာကို သိပါတယ်။ ဒါကြောင့် အရဟတ္တဖိုလ် ရဖို့အတွက် ကမ္မဋ္ဌာန်းနည်းကို ချက်ချင်းပေးလိုက်ပါတယ်။
သုဘာထေရီက မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းနည်းအတိုင်း ဖြစ်နေတဲ့ ပီတိကိုခွာပြီး ခန္ဓာကိုယ်ကို ဉာဏ်စိုက်ရှုလိုက်တာ အရဟတ္တဖိုလ်ရသွားပါတော့တယ်။
ဗင်ဂိုးလည်း နားရွက်တစ်ဖက်ကို အမျိုးသမီးလေးကို ပေးခဲ့တယ်။ သုဘာထေရီလည်း မျက်လုံးတစ်လုံးကို အမျိုးသားလေးကို ပေးခဲ့တယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ပေးခဲ့တာချင်းတူပေမယ့် ခံယူချက်ခြင်း ဦးတည်ချက်ခြင်းတော့ မတူပါဘူး။ ဗင်ဂိုးရဲ့ အပြုအမူက တရားသဘောနဲ့ ကြည့်ရင် ရူးတာပါ။ သုဘာထေရီရဲ့ အပြုအမူက တစ်စုံတစ်ယောက်ရဲ့ အကျိုးကို ငဲ့တာပါ။
တကယ့်အရှိဇာတ်ဝတ္ထုပဲဖြစ်ဖြစ်၊ ဖန်တီးထားတဲ့ ဇာတ်ဝတ္ထုပဲဖြစ်ဖြစ် ဇာတ်ဆောင်တွေရဲ့ ကံသုံးပါးအမူအရာတွေမှာ အဓိပ္ပာယ်မဲ့မှု၊ အဓိပ္ပာယ်ရှိမှု တွေကတော့ အားပြိုင်နေတတ်ပါတယ်။ တချို့ ဇာတ်ဝတ္ထုမှာ အဓိပ္ပာယ်မဲ့မှုတွေ ခပ်များများရယ်ပါ။
သက်ရှိလူတစ်ယောက်ရဲ့ ဘ၀နေထိုင်မှုကိုကြည့်ရင်လည်း ဒီအတိုင်းပါပဲ။ လူ့ဘ၀သက်တမ်းလေးက တိုတိုလေးရယ်ပါ။ အဲဒီ့သက်တမ်းတိုတိုလေးရဲ့ ဘ၀နေထိုင်မှုတွေထဲမှာ အဓိပ္ပာယ်မဲ့မဲ့ နေထိုင်မှုတွေက များနေရင် လူ့ဘ၀ရလာတာ ဘယ်လာ အဓိပ္ပာယ်ရှိပါတော့မလဲ။ တကယ်စဉ်းစားကြည့်ရင် မန်ယူနဲ့ အာစင်နယ်ပွဲ မကြည့်ရလို့လည်း ဘ၀က ဘာမှဖြစ်မသွားပါဘူး။ အဲဒီအချိန် စာအုပ်တစ်အုပ် ဖတ်နေမယ်။ တရားတိတ်ခွေ နားထောင်နေမယ်။ တရားမှတ်နေမယ်ဆိုရင် ဘ၀က တကယ် အဓိပ္ပာယ်ရှိနေတာပါ။ အဲဒီလိုပြောတော့ ဘောသမားတွေကတော့ လက်ခံချင်မှ လက်ခံမှာပါ။ ဓမ္မသဘောနွယ်အောင် ပြောရရင် ကိုယ့်ရဲ့ ကံသုံးပါးအမူအရာတွေဟာ ကုသိုလ်ဖြစ်နေရင် အဓိပ္ပာယ်ရှိနေတာပါ။ အကုသိုလ်ဖြစ်နေရင်တော့ အဓိပ္ပာယ်မဲ့နေတာပါပဲ။ တစ်နည်းအားဖြင့် ရူးနေတာပါပဲ။
သူတစ်ပါးသာ အပြစ်ပြောနေတာပါ။ ကိုယ်ကျတော့လည်း ဘာထူးလို့လဲ။ လပြည့်ညမှာ တော်တော်နဲ့ မအိပ်ဖြစ်ဘဲ လကို ထိုင်ကြည့်နေခဲ့ဖူးတာ၊ မသွားဘဲနေရင် နေလို့ရတဲ့နေရာကို အပျော်သဘောမျိုး သွားဖြစ်အောင် သွားခဲ့တာ၊ မဖတ်ဘဲနေမယ်ဆိုရင် နေလို့ရတဲ့စာကို ဖတ်ပြီး အချိန်ဖြုန်းနေတာ စသည်ဖြင့်ပေါ့ အများကြီးပါပဲ။ ဒါက ဖြတ်သန်းခဲ့တဲ့နှစ်နဲ့ ချိန်ပြီး ပြောတာပါ။
လက်ရှိပစ္စုပ္ပန်ရဲ့ ကံသုံးပါးအမူအရာလေးတွေမှာလည်း အဓိပ္ပာယ်မဲ့တာလေးတွေက အစဉ်သဖြင့် တွဲတွဲပါနေတတ်ပါတယ်။ အဓိပ္ပာယ်မဲ့တဲ့အတွေးတွေ တွေးနေတာ၊ အဓိပ္ပာယ်မဲ့တဲ့ စကားတွေ ပြောနေတာ၊ အဓိပ္ပာယ်မဲ့တဲ့ အပြုအမူလေးတွေ ပြုမူနေတာ နေ့စဉ်လိုလိုပါပဲ။ ဘာတွေလဲလို့မေးရင် အမျိုးအမည်တွေက များလွန်းလို့ ပြောပြဖို့ ခပ်ခက်ခက်ရယ်ပါ။ ပန်းပွင့်လေးတွေပွင့် မပွင့် အောက်ဆင်းကြည့်တာ၊ ကိုယ်ကြိုက်တဲ့ ဘောလ်ပင်နဲ့ အရောင်မရလို့ စာမရေးဘဲနေတာ စသည်ဖြင့် အများကြီးပါပဲ။
တစ်ခါတလေတော့လည်း အဓိပ္ပာယ်မဲ့တဲ့ အလုပ်ကလေးတွေ လုပ်ဖြစ်ရင် သတိလေးလည်း ၀င်လာလိုက်မယ်ဆိုရင် ”ရူးတာ” လို့ ကိုယ့်ကိုယ်ကိုယ် ခပ်တိုးတိုးလေး ပြောမိလိုက်ပါတယ်။
စိတ်တော့မဆိုးနဲ့နော်... စာဖတ်သူဟာ တစ်နေ့ကို အချိန်ဘယ်လောက် ရူးဖြစ်သလဲ၊ ပုထုဇဉ်ပဲ ရူးပေါ့။ ဒါပေမယ့် ရူးချိန် သိပ်တော့ မများစေနဲ့ပေါ့။ တကယ်လို့အဓိပ္ပာယ်မဲ့တဲ့ အလုပ်ကလေးကို လုပ်မိတယ်၊ သတိလေးလည်း ၀င်ဖြစ်လိုက်မယ်ဆိုရင် ”ရူးတာ” လို့ ကိုယ့်ကိုယ်ကိုယ် ပြောကြည့်လိုက်ပါလား။ ဘယ်သူမှ မကြားအောင်တော့ ပြောနော်။ ကြားသွားရင် ကိုယ့်ကို တကယ့်အရူးလို့ ထင်နေလိမ့်မယ်။ သတိဝင်တိုင်း မကြာမကြာ ပြောပြောပေးရင် ရူးချိန်တော့ လျော့လျော့သွားမှာပါပဲလေ။
မတ်၊ ၂၀၀၅။
ကျမ်းကိုး-
၁။ ထေရီအဋ္ဌကထာ၊ သုဘာထေရီဝတ္ထု
၂။ ထေရီထေရာရဟန္တာပုဂ္ဂိုလ်ကြီးများ (၀ဏ္ဏသိရီ)
မှတ်ချက် - ဤစာအုပ်ကို ကြိုက်နှစ်သက်သောကြောင့် ကျမ၏ Blog
တွင် ကူးယူဖော်ပြပါသည်။
သြဂုတ် ၂၁၊ ၂၀၀၇။
5 comments:
ကျနော် စာဖတ်မှားသွားတယ် ။ ယူတာလဲမှားသွားတယ် ။
ဗင်ဂိုးရဲ့ နားရွက်အကြောင်းပဲ ကြားဖူးတယ်။ သုဘာထေရီရဲ့ မျက်လုံးအကြောင်းကို အခုမှပဲ ကြားဖူးတယ်။ အခုလို ဓမ္မအလှူအတွက်.. သာဓု၊ သာဓု၊ သာဓု ပါဗျာ။
(Log in ကြောင်နေလို့ Other နဲ့ တင်လိုက်တာ)
တွေးစရာပဲ..ရန်ကုန်သူရေ.၂ယောက်စလုံးတော့..အစွန်းနဲနဲရောက်နေကြတယ်ထင်တာပဲ။ အမ..မေးဖြေလေးတင်ထားပီနော်..သတင်းတွေနားထောင်နေရလို့..ခုမှလာပြောဖြစ်တယ်
စာအုပ်တစ်အုပ်လုံး လက်ဆောင်ပေးရင်တောင် ကောင်းကောင်း ဖတ်မိမှာ မဟုတ်ဘူး... အခုလို တစ်ပုဒ်စီ တင်ပေးတော့ ခေါင်းထဲ ၀င်တဲ့ အထိ ဖတ်မိတယ်။ ကျေးဇူးပဲ အစ်မရေ....
Mrs. Andy
Post a Comment