August 23, 2007

သြဂုတ်လ၂၃ ရက်

ငယ်ငယ်တုန်းကတော့ အမေက ကျမတို့ကို သူဘယ်လိုမွေးခဲ့ရတယ်ဆိုတဲ့အကြောင်းတွေ၊ ပြီးတော့ ကျမတို့ မောင်နှမတွေကို မမွေးခင်မှာ ဘယ်လို အိပ်မက်မျိုးတွေ မက်ခဲ့တယ်၊ နောက်ပြီး ဘယ်သူ့တုန်းကတော့ ဘာလေးမှ စားချင်တာဆိုပြီး ချဉ်ခြင်းတပ်ခဲ့တယ် ဆိုတာကို ပြောပြတတ်ပါတယ်။

ကျမတို့မောင်နှမသုံးယောက်လုံးကို အမေက ဗိုက်ခွဲမွေးခဲ့ရတာပါ။ မမွေးခင်မှာလည်း အစားအသောက် ရှောင်ရတယ်၊ မွေးခါနီးပြီဆိုရင် ဆေးရုံမှာ မွေးလူနာက အစာမစားထားရဘူး။ နောက်ပြီး ဗိုက်ခွဲမှာဆိုတော့ ဗိုက်ထဲက အစာတွေကို ကုန်အောင် ပါးစပ်ထဲကို ပိုက်ထည့်ပြီး ပြန်ထုတ်ရတယ်၊ ဗိုက်ခွဲပြီးသွားတော့လည်း မေ့ဆေးအရှိန်ပြယ်သွားပြီဆိုရင် အရမ်းနာတယ်ဆိုပြီး ပြောပြတတ်ပါတယ်။ မေ့ဆေးမပျယ့်တပျယ် သတိရတစ်ချက် မရတစ်ချက် ကြားက ကိုယ့်ခလေး အင်္ဂါစုံရဲ့လား အရင်မေးရတယ်တဲ့။ ကျမတို့အတွက်ကလည်း ကိုယ်မသိသေးတဲ့ ပုံပြင်တစ်ပုဒ်နားထောင်ရသလိုပါပဲ။ ကိုယ်မမွေးခင်တုန်းက အကြောင်းအရာဆိုတော့ အမေပြောပြရင် ဘယ်တော့မှ ရိုးသွားတယ်ဆိုတာ မရှိပါဘူး။ အမြဲဆန်းသစ်ပြီး အခုထိ နားထောင်လို့ကောင်းနေတုန်းပါပဲ။

အရင်တုန်းက ဆေးပညာကလည်း အခုလိုမျိုး မထွန်းကားသေးတော့ ပထမတယောက် ဗိုက်ခွဲမွေးပြီးသွားလို့ နောက်တစ်ယောက် ထပ်မွေးတော့မယ်ဆိုရင် အရင်က မွေးထားတဲ့ အမာရွတ် အသားနေရာကို ဖယ်ပစ်ရပြီး အဲဒီ့နေရာမှာပဲ နောက်တစ်ခါ ထပ်ခွဲရပါတယ်။ အဲဒါဆိုတော့ အမေက ကျမတို့မောင်နှမသုံးယောက်ကို မွေးပြီးရော သူ့ဗိုက်မှာ ခွဲမွေးထားတဲ့ အမာရွတ်က နက်လည်းနက်သလို ကြီးလည်း ကြီးပါတယ်။ အဲဒါကြောင့်လည်း ကျမတို့ ပြောစကားနားမထောင်ရင်ပဲဖြစ်ဖြစ် သူ့စိတ်တိုင်းမကျရင်ပဲဖြစ်ဖြစ် “နင်တို့ကို မွေးရတာ ငါဗိုက်မှာ အနာဖြစ်တာပဲအဖတ်တင်တယ် အနာခံရတာနဲ့ မတန်ဘူး” ဆိုပြီး အမြဲပြောတတ်ပါတယ်။

ဒီနေ့တော့ အိမ်ကို ဖုန်းခေါ်ရင်း အမေနဲ့ရော အဖေနဲ့ပါ စကားပြောဖြစ်ခဲ့ပါတယ်။ အမေက ကျမမွေးခါစက အကြောင်းကိုတောင် အနည်းအကျဉ်း ပြန်ပြောပြခဲ့သေးတယ်။ ကျမကို မမွေးခင်မှာ အဘိုး (ကျမအဖေရဲ့အဖေ) ဆုံးပါးခဲ့တယ်။ အဘိုးဆုံးပြီး သိပ်မကြာဘူး အဖေက အရောင်းမှား အ၀ယ်မှားဖြစ်ပြီး ယာယီ အချုပ်ကြခဲ့ရတယ်။ ကျမအမေက ကျမကိုယ်ဝန်ကြီးမှာ အဖေ့ကိစ္စအတွက် စိတ်ပူပန်သောကရောက်ပြီး ရတတ်မအေးနိုင်ဖြစ်ခဲ့ရတယ်။ အဖေ့ကိစ္စလည်း ပြီးရော ကိုယ်ဝန်က လစေ့နေလို့ ဗိုက်နာတယ်ဆိုရင် မွေးတော့မယ်ထင်ပြီးဆေးရုံတက်လိုက်၊ ဒီနေ့လိုဆေးရုံရောက်ပြီး နောက်ရက်ဆိုရင် ဗိုက်က မနာတော့ပြန်ဘူးတဲ့၊ အဲဒါနဲ့ ဆေးရုံက ပြန်ဆင်းခဲ့ပြန်ရော.. အဲဒီလိုမျိုး ၂ ခါလောက်ဖြစ်တော့ အမေက မွေးရမဲ့ရက်ကလည်း ကျော်နေပြီ၊ မွေးလည်း မမွေးသေးဘူးဆိုပြီး ဆေးရုံမှာပဲ ရက်တော်တော်ကြာကြာနေခဲ့ရတယ်။ ပြောလိုက်သေးတယ် “နင့်ကျမှ ငါလည်း ဆေးရုံမှာ ဂျပိုးဖြစ်ရော” တဲ့လေ။ ကိုယ်ဝန်ကြီးနဲ့ တခြားမွေးလူနာတွေကို လျှောက်ကြည့်လိုက်၊ အတူနေ ရပ်ကွက်ထဲက အသိထဲမှာ ဆေးရုံလာတက်ရင် လူနာသတင်းသွားမေးလိုက်၊ အောက်ဆင်းပြီး မုန့်ဝယ်စားလိုက်နဲ့ ဆရာမတွေက လူနာစစ်ချိန်ဆိုရင် အမေက ခုတင်မှာမရှိလို့တဲ့လေ။ နောက်ပိုင်း ၉ လကျော် ၁၀ လနားနီးတော့ မမွေးသေးတာနဲ့ ဆရာဝန်နဲ့သေချာစမ်းသပ်တော့မှ ကိုယ်ဝန်ကမွေးရမဲ့အချိန်ထက် လကျော်နေတာဟာ အချင်းက ကလေး လည်ပင်းမှာ ပတ်နေလို့ မမွေးနိုင်တာကြောင့် ဆရာဝန်က မြန်မြန်ပဲ ဗိုက်ခွဲမွေးဖို့ ပြင်ဆင်ခဲ့ရတယ်။

အရင်တုန်းက ဗိုက်ခွဲမွေးမဲ့လူနာဆိုရင် အမျိုးသမီးဆေးရုံကြီးက ကြာသပတေးရယ် စနေရယ်ပဲ ဗိုက်ခွဲမွေးလို့ရတယ်။ (အတိအကျတော့ မမှတ်မိပါ) ဒါကြောင့် အနီးဆုံးရက်ဖြစ်တဲ့ စနေနေ့မှာ မွေးဖို့ အဖေက သဘောတူပြီး လက်မှတ်ထိုးခဲ့တယ်။ နောက်ရက်တွေဆိုရင်တော်တော်နောက်ကျမှာစိုးလို့ စနေနေ့ကိုပဲ တမင်ရွေးခဲ့တယ်လို့ ပြောပြပါတယ်။ ကျမကို မွေးပြီး ၁ လလောက်လည်းကြာရော အဖေဟာ အသည်းမှာ အနာဖြစ်လို့ဆေးရုံထပ်တက်ရသေးတယ်။ (ဘယ်လောက်များ ဆိုးလိုက်သလဲနော်)

အမေဟာ ၁လ သမီး နို့စို့ခလေးအရွယ်ရယ်၊ ၂ နှစ်မပြည့်သေးတဲ့ သားအကြီးရယ်၊ ဆေးရုံက လူမမာရယ်၊ ကိုယ်ခွဲလည်း ရှိတာမဟုတ်တော့ ဘယ်လောက်များကသီလိုက်မလဲ ဆိုတာ အရင်က မစဉ်းစားခဲ့မိဘူး။ ဒါကြောင့် ကျမကို မမွေးခင်ကရော မွေးပြီးတော့ပါ မကောင်းတဲ့အဖြစ်အပျက်တွေက တိုက်ဆိုင်လွန်းလို့ ကျမအဘွား (အဖေ့ရဲ့အမေ)က တရုတ်မကြီးလည်းဖြစ်ပြန်ဆိုတော့ကာ ကျမကို သိပ်ပြီး သဘောမကျသလို ချစ်လည်း မချစ်ဘူး။ အမျိုးထဲမှာ ဘယ်သူကမှလည်း မချစ်ဘူး။ စနေသမီးဂြိုလ်မွှေတယ်ဆိုပြီး အပြစ်တင်ကြတယ်။ ကျမအစ်ကိုကြီးကို အကြီးဆုံးမို့ အချစ်ပိုကြသလို ကျမမောင်အငယ်ဆိုရင်လည်း အငယ်ဆုံးမို့ အလိုလိုက်ကြတယ်။ အစ်ကိုရယ် မောင်ရယ် ကြားမှာ မိန်းခလေး တစ်ယောက်ထဲ ပါနေတော့ ကစားရင် အဖော်လည်း မရှိခဲ့ဘူး။ သူတို့နဲ့လည်း ကစားလို့မရတော့ တစ်ခါတစ်လေ အမေ့ကိုတောင် အပြစ်တင်မိလိုက်သေးတယ်။ “ ဟွန်း.. အမေတို့ကလည်း မွေးချင်းမွေး ၃ ယောက်စလုံး ယောင်္ကျားလေးပဲ မွေးတာမဟုတ်ဘူး။ သမီး တစ်ယောက်တည်း မိန်းခလေး လာဖြစ်ရတယ်”လို့ ပြောမိရင် အမေက “ဟဲ့.. နင့်မမွေးခင်တုန်းက နင့်အဖေရော ငါရော မိန်းခလေးဖြစ်ပါစေ ဆိုပြီး ဆုတောင်းလိုက်ရတာ ဦးဆုံးက သားဦးဖြစ်ပြီးပြီဆိုတော့ နောက်တစ်ယောက်ဆိုရင် မိန်းခလေး ဖြစ်အောင် ဆုတောင်းထားရတာ.. ” ဆိုပြီး ဒေါသထွက်ပြီး ပြန်အော်ပါလေရော။

အခုတော့လည်း ကျမ မိဘတွေ ကျမကို ကျွေးခဲ့၊ မွေးခဲ့၊ ပညာသင်ပေးခဲ့၊ ပြုစုစောင့်ရှောက်ခဲ့လို့ ဒီအသက်အရွယ်အထိ ရောက်လာခဲ့ရပါပြီ။ ဒါကြောင့် ကျမကို မွေးခဲ့တဲ့ ဒီနေ့မှာ မိဘ ၂ပါး ကို စိတ်က ရည်မှန်းရင်း ဦးညွှတ် ကန်တော့လိုက်မိပါတော့တယ်။

သြဂုတ် ၂၃၊ ၂၀၀၇။

2 comments:

Anonymous said...

မွေးနေ့ အထိမ်းအမှတ်လား… ရမ်းတုတ်ကြည့်တာ

Anonymous said...

ဟုတ်သားပဲ… သေချာ မဖတ်ပြန်ဘူး… ဆောတီး