December 3, 2007

သူငယ်ချင်းများသို့..



မိုးချစ်သူ က သူငယ်ချင်းအကြောင်းပြောပြပါလို့ ဆိုလာတော့ ဘယ်ကစပြီး ဘယ်လိုရေးရင်ကောင်းမလဲဆိုတာ အတော် အကြံထုတ်ယူလိုက်ရတယ်။ အမှန်တော့ ကျမရဲ့ သူငယ်ချင်း အသိုင်းအ၀ိုင်းဟာ နည်းလှပါတယ်။ နောက်ပြီး စိတ်တူ ကိုယ်တူမှလည်း ပေါင်းလို့ရတာဆိုတော့ ကျမမှာ သူငယ်ချင်းအရင်းက လက်ချိုးရေတွက်မယ်ဆိုရင် လက်ဆယ်ချောင်းပြည့်မယ် မထင်ပါဘူး။ အပေါ်ယံ မိတ်ဆွေအဆင့် သူငယ်ချင်းတွေကတော့ အများကြီးပေါ့လေ။


ဟိုးငယ်စဉ် ကလေး ဘ၀ကစပြီး အခု ဒီအသက်အရွယ်ရောက်တဲ့အထိ ကြီးပြင်း ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလ အပိုင်းအခြားတိုင်းမှာတော့ ကိုယ့်စိတ်နဲ့ နီးစပ်တာမျိုး၊ ထပ်တူနီးပါးလောက် ကြတာမျိုး၊ ညီအမလို ချစ်တာမျိုး စတဲ့ သူငယ်ချင်းတွေရှိတာပေါ့။ အခြေအနေတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲလာတာမို့ သူငယ်ချင်းဆိုတာလည်း အမျိုးမျိုး ကွာခြားလာခဲ့တယ်။ ငယ်ငယ်တုန်းက သူငယ်ချင်း၊ မူလတန်းကနေ ၁၀ တန်းအထိ တွဲဖြစ်ခဲ့တဲ့ သူငယ်ချင်း၊ တက္ကသိုလ်ရောက်မှ ခင်တဲ့ သူငယ်ချင်း၊ အလုပ်ထဲရောက်မှ တွေ့တဲ့သူငယ်ချင်း ... အစရှိသဖြင့်ပေါ့လေ။ တွေ့ဆုံခဲ့ရတဲ့ သူငယ်ချင်းတွေ များပေမယ့် ကျမနဲ့ စိတ်တူကိုယ်တူ ပေါင်းဖြစ်တဲ့ သူငယ်ချင်းကတော့ ရှားပါတယ်။


အခုဆိုရင် အားလုံးဟာ တကွဲတပြား ဖြစ်နေကြပြီး အိမ်ထောင်ကျသူလည်း ကျ၊ သူ့အလုပ် ကိုယ့်အလုပ်နဲ့ ဆိုတော့ အချိန်ပေးပြီးလည်း မတွေ့ဖြစ်တော့သလို ကြုံကြိုက်တုန်း gtalk ထဲရောက်မှ ခပ်မြန်မြန်လေး နှုတ်ဆက် ၊ သာကြောင်း မာကြောင်းလောက်ပဲ မေးနိုင်တော့တဲ့ အခြေအနေမျိုးတွေမို့ ဖြစ်နိုင်မယ်ဆိုရင် အရင်အချိန်တွေဆီကို ခဏလောက် ပြန်သွားလိုက်ချင်သား။ သူငယ်ချင်းတွေနဲ့ အတူသွား၊ အတူစား၊ ခရီးအတူထွက်ခဲ့ကြတာတွေက ခုတော့လည်း အိမ်မက်တစ်ခုလိုပါပဲ။ သူငယ်ချင်းအကြောင်းကို ရေးမယ်ဆိုတော့ ကျမရဲ့ ငယ်ဘ၀အရွယ်ကစပြီး သူတို့နဲ့အတူ ဖြတ်ကျော်ခဲ့ရတဲ့ ကာလအပိုင်းအခြားလေးတွေကို ပို့စ်တစ်ခုအဖြစ်ရေးရင်း အတွေးတွေကို ဖြန့်ကျက်ကြည့်လိုက်မိပါတော့တယ်။


*********


ငယ်ငယ်တုန်းက တွေ့ခဲ့ရတဲ့သူငယ်ချင်းတွေ ကတော့ အခုနေ ပြန်တွေးကြည့်ရင် အဖြူစင်ဆုံးနဲ့ ပြောမနာ ဆိုမနာ အဖြစ်ဆုံးပါပဲ။ ကျမတို့ အိမ်ရဲ့ ရှေ့အိမ်မှာ မိန်းကလေးတစ်ယောက်ထဲ အကြီးဆုံးဖြစ်ပြီး သူ့အောက်မှာ မောင်တွေချည်းပဲ ရှိတဲ့သူရယ်၊ ကျမကတော့ မိန်းကလေး တစ်ယောက်တည်းဖြစ်ပြီး အကို တစ်ယောက်၊ မောင်တစ်ယောက် ရှိပါတယ်။ နောက်တစ်ယောက်ကတော့ ကျမတို့ အိမ်ရဲ့ အနောက်ဘက်မှာ နေတဲ့ အကို ၅ ယောက် နဲ့ အထွေးဆုံးသမီးဖြစ်တဲ့ သူငယ်ချင်းရယ် စုစုပေါင်း ၃ ယောက်ပါ။ အသက်ကလည်း လပိုင်း လောက်ပဲ ကွာတော့ ဘယ်သွားသွား တပူးပူး တတွဲတွဲပေါ့။ မှတ်မှတ်ရရ ရပ်ကွက်မှာ စာကြည့်တိုက် နှစ်ပတ်လည်ပွဲရှိလို့ တက်ပြီး က ရင်လည်း ဒီ ၃ ယောက်၊ ပွဲရှိတော့မှ ကမယ်ဆိုပြီး စင်ပေါ် တက်ကကြတာ ဆိုတော့ ကြည့်ကောင်းအောင် တိုက်ထား ပြုထားခြင်း လည်း မရှိပါဘူး။ ကက်ဆက်နဲ့ သီချင်းဖွင့်ပေးထားတာမို့ စင်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း လက်ကုတ်ပြီး ညီအောင် ညှိကရတာအမောပါပဲ၊ အောက်က လူကြီးတွေကတော့ တခွိခွိနဲ့ ရီပေါ့လေ။ ကိုယ်တွေကတော့ မသိပါဘူး။ ကရရင်ပြီးရော မို့လား။ ကပြီးရင် လူကြီးတွေက ဆုချမှာ သေချာတယ်လေ။ ဘယ်သူမှ မပေးရင်တောင် ကိုယ့်အဖေနဲ့ အမေကတော့ ပေးမှာ သေချာတာကိုး။ အဲဒါဆိုတော့ ကျန်တာတွေက သိပ်ပြီး အရေးမကြီးလှဘူး။ ကရဖို့ပဲ အရေးကြီးတာ။ အဲဒီတုန်းက ကျောင်းမနေရသေးတဲ့အရွယ်မို့ ၄ နှစ်ကျော် ၅ နှစ်မပြည့်သေးဘူး။ ဒီ ၃ ယောက်က ကျောင်းနေတော့လည်း တစ်ကျောင်းထဲ အတန်းတော့ မတူဘူး။


ဒါပေမယ့် နောက်ပိုင်းမှာ ကျမတို့ အိမ်ရှေ့က ကောင်မလေးက ပုံစံတမျိုးဖြစ်လာတယ်။ အရင်လို တွဲလို့မကောင်းတော့ဘူး။ သူ့ကို ဆော့ဖို့ခေါ်ရင်လည်း မအားဘူး၊ အလုပ်ရှိတယ်။ မဆော့ချင်ဘူး၊ အိမ်အလုပ်လုပ်ရအုံးမယ်ဆိုတာမျိုးတွေဖြစ်လာတော့ အဲဒီနောက်ပိုင်း ၃ ယောက်ကနေ ၂ ယောက်ဖြစ်ပြီး သူနဲ့ ကျမပဲ တွဲဖြစ်တာ ၁၀ တန်းအထိပဲ။ အလယ်တန်းကစပြီး ကျမက အဒေါ်ရှိတဲ့ မင်္ဂလာဒုံကျောင်းမှာ လိုက်တက်ရတယ်။ သူကတော့ ကျမတို့ မြို့နယ်ကျောင်းမှာပဲတက်တယ်။ မအားလိုက်နဲ့ အားရင် စက်ဘီးစီးမယ်၊ ဇယ်ခုံနဲ့ဇယ်တောက်မယ်၊ သြဇာသီးပေါ်ပြီဆိုရင် သြဇာသီးတောက်တယ်၊ ကျမရှုံးလို့ ငိုမဲ့မဲ့ဖြစ်ရင် သူက တခါတလေတော့ စိတ်လိုလက်ရ အလျော့ပေးတတ်သေးတယ်။ အိမ်ချင်းက ကပ်နေတာဆိုတော့ လူကြီးတွေကလည်း မဆူပါဘူး။ ဘယ်ပဲ သွားချင်ချင် အိမ်နောက်ဘေးဘက်ကနေ အော်ခေါ်ပြီး ၂ ယောက်သား လစ်ထွက်တာပဲ။ လမ်းထိပ်ထွက် မုန့်ဝယ်စားတာတို့၊ စာအုပ်ဆိုင်သွားတာတို့ဆိုရင် တစ်ယောက်တည်း ဘယ်တော့မှ သွားလေ့မရှိဘူး။ အမြဲ ၂ ယောက်တွဲပဲ။ သူ့အိမ်ရောက်လို့ ထမင်းဝိုင်းတွေ့လည်း ၀င်စားလိုက်တာပဲ။ ကိုယ့်အိမ်မှာ ထမင်းစားရင်း သူရောက်လာလို့ စားချင်လည်း ၀င်စားလိုက်တာပဲ။


နောက်ပိုင်းကျတော့ ၈ တန်းအောင် ၉ တန်းမှာ သူ့အဖေဆုံးတယ်။ လူတွေကလည်း ကြီးကောင်ဝင်လာပြီမို့ ကျမအိမ်က ကြီးမေက “သမီး အိမ်မလည်ရဘူး၊ မိန်းကလေး အိမ်လည်ရင် စကားပါတယ်။ နောက်ပြီး ယောင်္ကျားလေး အများကြီး ရှိတဲ့အိမ်ကို အိမ်လည်မထွက်ရဘူး။ သူလာရင် လာပါစေ၊ သမီး အဲဒီအိမ်ကိုသိပ်မသွားနဲ့တော့နော်” လို့ ဆိုလာတယ်။ သူတို့ အိမ်လည်း သူ့ဖေဖေဆုံးကတည်း စီးပွားရေး အဆင်မပြေတော့ဘူး။ အကိုတွေကလည်း အိမ်ထောင်ကျတဲ့သူကျ နဲ့ ၁၀ တန်းမှာ ကျူရှင်အတူတူ တက်ရင်း သူက စိတ်လေလာတယ်ပြောရမလားမသိဘူး။ ကျူရှင်လည်း မှန်မှန်မတက်ပဲ သူ့အမျိုးတွေရှိတဲ့ မြို့ထဲအိမ်ကို သွားတာ များလာပြီး ကျောင်းစာမှာ ကြိုးစားချင်စိတ်မရှိတော့ဘူး။ ကျမလည်း သူ့ကို ကျူရှင်တက်ခါနီးတိုင်း သွား သွားခေါ်ရင် သူ မလိုက်ဖြစ်တာ များတယ်။ ကျူရှင် လိုက်လာရင်လည်း စာမလိုက်နိုင်တော့ဘူး။ အဲဒီနှစ်က ကျမ ၁၀ တန်းအောင်ပြီး သူ ကျ ကျန်ခဲ့တဲ့ နောက်ပိုင်း တောက်လျှောက်က ကျမတို့ ၂ ယောက်ကွဲကွာခြင်း လမ်းစတွေပါပဲ။


တရပ်ကွက်ထဲနေပြီး ဘယ်လိုမှ တွဲလို့မရလောက်အောင် သူ ပညာရေးမှာ ယုတ်လျော့လာတယ်။ ကျမကလည်း တက္ကသိုလ်တက်နေပြီဆိုတော့ သူ့ကို ဖြောင်းဖျပြောဆိုပေမယ့် သူက “အေးပါ၊ ငါနောက်နှစ် အောင် အောင် ကြိုးစားပါမယ်”လို့ပဲ ပြောပြီး သိပ်မကြာဘူး ရည်းစားရတော့တာပဲ။ ကျမ ဘွဲ့ယူတော့ သူ အိမ်ထောင်ကျသွားပြီ။ ဟိုတလောက ကျမ အိမ်ဆီ ဖုန်းဆက်တော့ အမေက သူ့အမျိုးသား ဆုံးသွားတယ်လို့ပြောတယ်။ ယောင်္ကျားလေး ၅ နှစ်သား တစ်ယောက်ကျန်ခဲ့တယ်။ ကျမအဲဒီညက အိပ်လို့မပျော်နိုင်အောင် သူ့အကြောင်းကို တွေးရင်း သူ့သားလေးကို သူတစ်ယောက်တည်း ဘယ်လို ကြီးပြင်းအောင် ပြုစုပျိုးထောင်မလဲ။ သူ့ယောင်္ကျားဆုံးသွားပြီဆိုတော့ ဘ၀ ရပ်တည်ရေးအတွက် ဘာများ လုပ်ကိုင်စားသောက်မလဲ။ အရင်ကတော့ ယောက္ခမ အိမ်မှာနေတယ်၊ ယောင်္ကျားဆုံးသွားတော့ သူဘယ်မှာ နေမလဲ.. မေးခွန်းပေါင်းများစွာ ကျမခေါင်းထဲ တန်းစီရောက်လာပေမယ့် အခုအချိန်မှာတော့ ကျမ သူ့ကို ဘယ်လိုမှ မကူညီနိုင်ပါလားလို့ တွေးရင်း အိပ်မရလို့ မိုးစင်စင်လင်းခဲ့ရတယ်။ သူကရော ကျမတွေးသလို တွေးမိပါလေစ..


*********


တက္ကသိုလ်ကျောင်းရောက်ပြီဆိုတော့ ပန်းပေါင်းစုံပွင့်တဲ့ ပန်းတောကြီးထဲရောက်လာရ သလိုပေါ့။ နယ်ကလာတဲ့ ကျောင်းသားတွေရှိတယ်၊ ရပ်ကွက်ထဲကပဲ မေဂျာတူလို့ အတူတူ တွဲကြတဲ့ သူငယ်ချင်းတွေရှိတယ်။ ဟိုဟို ဒီဒီ က လာတဲ့သူငယ်ချင်းတွေနဲ့ တတန်းတည်းသားချင်းဆိုတော့ မျက်မှန်းတန်းမိတာလောက်ပဲ ရှိရာက ကျမ နောက်ထပ် သူငယ်ချင်း တစ်ယောက် ထပ်ရပြန်တယ်။ ကျမက စိတ်မြန်တဲ့သူဆိုတော့ တော်ရုံလူဆိုရင် သိပ်ပြီး စိတ်တိုင်းမကျတတ်ဘူး။ ကျမ သူငယ်ချင်းနဲ့က ဒုတိယနှစ်မှ စပြီး တွဲမိတာပါ။ ခုထိလည်း အဆက်အသွယ်ရှိနေတုန်းပါပဲ။


ကျမတို့ ကျောင်းစတက်တော့ လှိုင်ကောလိပ်မှာ တက်ရတာ။ ကျမယူတဲ့ မေဂျာကလည်း ယောင်္ကျားလေးက အင်မတန် နည်းပါးတဲ့အပြင် ရှိတဲ့ယောင်္ကျားလေးကျတော့လည်း ဘာသိဘာသာဆိုတော့ တော်ရုံ ပုံနှိပ်စာအုပ်ယူဖို့ လူတိုးတာပဲဖြစ်ဖြစ်၊ ကျောင်းအပ်ရင်၊ ကျောင်းလခသွင်းရင် အဲလို အချိန်မျိုးတွေဆို ယောင်္ကျားလေးတွေနဲ့အပြိုင် ကျမတို့ ၂ ယောက်က တိုးတာပဲ။ ယောင်္ကျားလေးတွေကလည်း ငါတို့ လုပ်ပေးမယ်ဆိုပြီး တခါမှ မရှိပါဘူး။ ကျမတို့ကလည်းကိုယ့်အားကိုယ်ကိုး သမားဆိုတော့ တော်ရုံလည်း မျက်နှာချိုသွေးပြီး ဒါလုပ်ပေးပါ ဟိုဟာလုပ်ပေးပါဆိုပြီး ဘယ်သူ့ကိုမှ မခိုင်းဘူး။ ခေါင်းမာတာချင်းလည်းတူ၊ စကားပြောရင် သူများနားဝင်ချိုအောင် မပြောတတ်တာချင်းလည်းတူ၊ အလှမပြင်တတ်တာချင်းလည်းတူ၊ စိတ်တို စိတ်မြန်တာချင်းလည်းတူဆိုတော့ ကျမတို့ ဒုတိယနှစ်ကနေစပြီး တောက်လျှောက် ဒီ ၂ ယောက်ပဲ ဒိုင်ခံတွဲဖြစ်ခဲ့တယ်။ ဒီသူငယ်ချင်းလေးနဲ့ပဲ ကျောင်းပြီးတဲ့အထိ၊ ကွန်ပျူတာဘက်ကူးတဲ့အထိ နောက်ဆုံး အလုပ်ဝင်တော့မှပဲ တစ်ယောက်တကွဲစီဖြစ်သွားခဲ့ရတယ်။ ဒါတောင် ပိတ်ရက်ဆိုရင် မအားတဲ့ကြားက ရအောင် ချိန်းပြီး YKKO မှာ ကြေးအိုးသွားသောက်ကြတယ်။ လူချင်းတွေ့ပြီဆိုတာနဲ့ အချင်းချင်း ရင်ဖွင့်ကြတာပေါ့လေ။ များသောအားဖြင့် ကျမက အပြောသမား။ ပါးစပ်ကလည်း တောက်လျှောက် ပြောရင်း ကြေးအိုးလည်း စားရင်းပေါ့။ သူကတော့ တခွိခွိနဲ့ ဘေးကနေ ဘာပြောပြော ထိုင်ရီနေတော့တာပဲ။


အခုတော့ ကျမတို့ ၂ ယောက် online မှာတွေ့ရင်တောင် သူလည်း တခွန်း ၂ ခွန်းလောက်ပဲ ပြောနိုင်ပြီး အလုပ်ထဲမှာမို့လို့ ခပ်မြန်မြန်ပဲ see you လုပ်ရပေါင်း များလှပြီ။ နင်ဘယ်တော့ပြန်လာမလဲမေးတိုင်း ကျမမှာ အဖြေမရှိဘူး။ “တနေ့နေ့ တချိန်ချိန်တော့ ပြန်လာမှာပေါ့ သူငယ်ချင်းရယ်။ အဲဒီအခါကျရင် ငါတို့ အတူ ကြေးအိုးလည်း သွားစားမယ်။ ပြီးတော့ နင့်အိမ်လည်း ထမင်းလိုက်စားမှာပေါ့..”လို့ စိတ်ကူးထဲက ပြောနေပေါင်းလည်း များလှပြီပေါ့။


*********


အလုပ်ထဲရောက်တယ်ဆိုရင်ပဲ အလုပ်ထဲရောက်မှ တွေ့ရတဲ့သူတွေဟာ ကျမတို့ ကျောင်းတုန်းက သူငယ်ချင်း မိတ်ဆွေတွေလိုမျိုး မဟုတ်ပါလား ဆိုတာ လက်တွေ့ကျကျ သိလိုက်ရတယ်။ ကိုယ်ကောင်းစားဖို့၊ ကိုယ်နေရာတစ်ခုရဖို့အတွက်လည်း သူများကို နင်းပြီး တက်ဖို့ဝန်မလေးကြဘူး။ အလုပ်ထဲရောက်ပြီးမှ ကျမတို့ ရုံးမှာ အိန္ဒိယက ဆရာ၊ဆရာမတွေကို ခေါ်ပြီး သင်တန်းပေးတယ်။ သင်တန်းက ရတဲ့အမှတ်ပေါ်မူတည်ပြီး နိုင်ငံခြားလွှတ်တယ်လို့ အစက အထင်မှားပြီး မအိပ်မနေ ကြိုးစား၊ စာဖတ်၊ လေ့လာ၊ ရုံးမှာ ညအိပ်လိုအိပ် အပင်ပန်းခံခဲ့သမျှ တကယ့်အခြေအနေမှာတော့ တကယ်သွားရတဲ့သူတိုင်းဟာ သင်တန်းက ရတဲ့အမှတ်ပေါ် ကြည့်ချင်လည်းကြည့်တယ်။ မကြည့်ချင်လည်း မကြည့်ဘူး။ သူ့ဘာသာသူ လွှတ်ချင်သလို လွှတ်တာ။ အဲဒီမှာ သိလိုက်တာက အရာရာဟာ ကံပါပဲ။ ကိုယ်ဖြစ်ချင်ပေမယ့်လည်း ဖြစ်ချင်မှ ဖြစ်တာ။ ဖြစ်ချင်ပြီဆိုရင်လည်း ကိုယ်က မဖြစ်ချင်ပါဘူးဆိုပြီး ဆွဲထားလို့မရလောက်အောင်ကို ပြောင်းလဲမှုတွေက အရမ်းမြန်ပါလားဆိုပြီး လက်ခံသဘောပေါက်နားလည်လာခဲ့ရတယ်။


ဒီလို လူမျိုးစုံ၊ စိတ်ဓာတ်မျိုးစုံ၊ စရိုက်မျိုးစုံ ရှိတဲ့အထဲက နောက်ထပ် တွေ့ရတဲ့သူငယ်ချင်းကတော့ ကျမထက် ၄ နှစ်နီးပါး ငယ်ပေမယ့် တကယ့်ကို ကျမအပေါ် စေတနာထားပြီး အစစ အရာရာ ပြုပြင်ပေးခဲ့သူဆိုရင်လည်းမမှားပါဘူး။ “အမ... လမ်းဘယ်လို လျှောက်နေတာလဲ။ ဘာလို့ခါးကုန်းထားရတာလဲ၊ ဒီလို လျှောက်ပါလား”ဆိုပြီး ကျမ ခါးကိုင်းရင် နောက်ကနေ ပခုံးက ကိုင်ပြီး တည့်ပေးတတ်သူပါ။ ကျမက အလှပြင်တာ စိတ်မ၀င်စားတော့ “ အမကတော့လေ အဖွားကြီး အိုလေးကျနေတာပဲ။ ပြင်ပြင်ဆင်ဆင်နေစမ်းပါ”လို့ သူဘယ်လောက်ပြောပြော မြန်မာပြည်ရဲ့ ရာသီဥတုနဲ့ မကိုက်ညီတဲ့ မိတ်ကပ်၊ နှုတ်ခမ်းနီကို သိပ်မတို့ဖြစ်ခဲ့ဘူး။ “အမ... ဆံပင်ကြီး စည်းမထားပါနဲ့ဆိုတာ ဘယ်နှစ်ခါပြောရမလဲ၊ ရုပ်ရင့်တယ် အမရဲ့၊ ဆံပင်ချထားမှ လှမှာပေါ့”လို့ သူပြောပေမယ့် ခေါင်းလျှော်ချိန်ကလွဲပြီး ဆံပင်မချတတ်တာလည်း ကျမ အကျင့်မို့လို့ သူပြောတုန်းခဏလောက်ပဲ ဆံပင်ချဖြစ်တယ်။ နောက်ပိုင်း စည်းထားမြဲ စည်းထားလျှက်ပဲ။ သူကလည်း ကျမကို အပြင်မှာပဲတွေ့တွေ့၊ ဓာတ်ပုံထဲ တွေ့တွေ့ ဆံပင်ချဖို့ ပြောတုန်းပဲ။ ပွဲတခုခု သွားစရာရှိပြီဆိုရင် “အမ... ဒီပွဲအတွက်ဆိုရင် ဒါ မ၀တ် နဲ့၊ ဒါလေးဝတ်...”လို့ အကြံဥာဏ်ပေးတတ်သလို ကျမကလည်း သူ့ဆီက အကြံမရရင် ဘာဝတ်လို့ ၀တ်ရမှန်း မသိလောက်အောင် ဗြောင်းဆန်နေတတ်တာ။ ဒီလိုနဲ့ နေလာရင်း ၂၀၀၃ ကျတော့ သူကျမကို ခွဲပြီး အလုပ်ကိစ္စနဲ့ အင်္ဂလန်ထွက်သွားခဲ့တယ်။ သူသွားတဲ့အချိန်ကစပြီး ပြန်လာတဲ့အထိ ကြားထဲမှာ ကျမတို့ စာရေးအဆက်အသွယ် မပြတ်ဘူး။ Email နဲ့ လည်းပို့ ၊ လက်နဲ့ရေးပြီး စာတိုက်ကလည်း ပို့၊ တခါပို့ရင် ၂ မျက်နှာ ၃ မျက်နှာ၊ သူ့ဆီက စာရရင် ကျမမှာပျော်လို့။ ကျမကလည်း မြန်မာပြည်က အကြောင်းတွေ၊ အလုပ်ထဲက အကြောင်းတွေ အို.. ပြောစရာက ကုန် ကို မကုန်နိုင်ဘူး။ စာထဲထည့်ရေးတဲ့ အကြောင်းအရာက Email ထဲက အကြောင်းအရာနဲ့ ထပ်ကို မထပ်စေရဘူး။


ခုတော့လည်း ၂ ယောက်စလုံး အိမ်ထောင်အသီးသီးကျပြီး အလုပ်ကိစ္စတွေနဲ့ လုံးလည် လိုက်ရင်း gtalk မှာ တွေ့မိ စကားပြောမိတာလောက်ပဲ လုပ်နိုင်တော့တယ်။ ဘာပဲဖြစ်ဖြစ် ကျမ ဘယ်တော့မှ မမေ့ပါဘူး။ ဒီစာပေါ်မှာ မရေးဖြစ်တဲ့အကြောင်းတွေ၊ မပြောဖြစ်တဲ့အကြောင်းတွေနဲ့ ကျမတို့ ၂ ယောက်ရဲ့ ခင်မင်မှုက ညီအမ အရင်းထက်ကိုပိုတယ်ဆိုတာ ကျမ မငြင်းပါဘူး။ တခါတလေ အရင်တုန်းက သူ့ဆီ ပို့ထားခဲ့တဲ့ Email တွေကို ပြန်ဖတ်မိရင် အဲဒီတုန်းက အချိန်ဆီ ခဏလောက် ပြန်ရောက်သွားသလို ခံစားလိုက်မိသား.. ကျမ သူငယ်ချင်းလေးလည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။


*********


ဘ၀တစ်လျှောက်မှာ ငယ်ငယ်တုန်းက ဆော့ဖော်ဆော့ဖက် သူငယ်ချင်းရယ်၊ တက္ကသိုလ်ရောက်မှ တွေ့ရတဲ့ သူငယ်ချင်းရယ်၊ အလုပ်ထဲမှာ တွေ့တဲ့သူငယ်ချင်းရယ်.. သူတို့ တွေက ကျမဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုစီ အဖြစ် အမြဲတမ်း ရှင်သန်နေဦးမှာပါ။ လူချင်းမနီးပေမယ့် စိတ်ချင်းနီးကြရတယ်ဆိုတာ အင်မတန် ခက်ခဲပါတယ်။ မိုးချစ်သူလေးကတော့ တစ်ယောက်ကိုပဲပြောစေချင်သလားတော့ မသိပါဘူး။ ကျမကတော့ ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ သူငယ်ချင်း ၃ ယောက်အကြောင်းဖြစ်သွားတယ်။ တကယ်လို့များ သူတို့လေးတွေ ကျမ Blog ကို လာလည်လို့ ဒီပို့စ်ကို ဖတ်မိရင်တော့ ကျမတို့ရဲ့ ဟိုအရင်အချိန်တွေကို အမြဲတမ်းမဟုတ်တောင် တစ်ခဏလောက် ပြန်သတိရမိမယ်ဆိုရင် ကျေနပ်ပါပြီ။


ဒီဇင်ဘာ ၄၊ ၂၀၀၇။

18 comments:

မြရွက်ဝေ said...

အမရဲ့ သူငယ်ချင်းတွေအကြောင်းဖတ်ရတာ ဇာတ်လမ်းတို တပိုဒ်ချင်း ကြည့်နေရသလိုဘဲ။ သူငယ်ချင်းနဲပေမယ့် အသေအချာခင်တဲ့သူရှိတာ ကောင်းတာပေါ့ အမရယ်။

Anonymous said...

ချစ်မ ရေ
ရေးပေးတာ ကျေး ဇူးများကြီးတင်တယ်နော်။
အမနဲ့ခင်ချင်လိုက်တာ။ သမီးလဲ စိတ်မြန်တယ်။
အမ အိမ်မှာ ထမင်းလာကပ်စားမယ်လေ။
ဖြစ်တယ်ဟုတ်...အဟီး။
လှလှလေးနေ ချစ်မရဲ့။
ဒါမှ..... အဟတ်...သိတယ်ဟုတ်..:P
ဆောင်းတွင်းမှာ အအေးမမိအောင်နေဦးနော်။

MgThaJan said...

အမက သူငယ်ချင်းတွေ အများကြီး ရှိတာပဲ။ ကောင်းလိုက်တာဗျာ။ ကျွန်တော့်မှာဆို နှစ်ချို့ 4-5 ယောက်ဘဲ ရှိတယ်။

လုလု said...

ငယ်ငယ်တုန်းက သူငယ်ချင်းတွေကို သတိရမိသွားတယ်နုစံရေ။ အခုတော့ ကိုယ့်ဘ၀အတွက် လမ်းမျိုးစုံကို လျှောက်နေကြရပြီထင်ပါရဲ့။

Anonymous said...

မရေ...
flashback ပြန်ပြနေတဲ့ ရုပ်ရှင်တကားလိုပါပဲ...။ သူငယ်ချင်းတွေ အများကြီးပဲနော်..။ ကောင်းလိုက်တာ...။ ဒါနဲ့ မ မှာ... သားသား..မီးမီးလေးတွေရှိလားဟင်...။

နှင်းပွင့်ဖြူ said...

အစ်မ လာလည်တယ်
သူငယ်ချင်းများသို့ ကိုလည်း လာဖတ်သွားတယ်
အစ်မ ပျောင်္ရွင်ပါစေ

ကလိုစေးထူး said...

မနုစံရဲ့ သူငယ်ချင်းတယောက်စီ အကြောင်းဖတ်ရတာ ရသတမျိုးစီ ခံစားရတယ်။ ဒါတောင် သူငယ်ချင်းနည်းလို့နော်။ :)

thamudayanwe said...

ရေးတတ်လိုက်တာ ဖတ်၇တာ ကောင်းလိုက်တာနော်
ဘာပဲဖြစ်ဖြစ် ဘ၀မှာ မှတ်မှတ်ရရသူငယ်ချင်းရှိခဲ့တာ
ကောင်းတာပေါ့။
သူငယ်ချင်းတွေကများပေမဲ့ ကိုယ့်အပေါ်ကောင်းတဲသူငယ်ချင်းဆိုတာကတော့
အင်မတန်ရှားတယ်နော်..

Chit Lay Pyay said...

အမ နု-စံ ရဲ့ သူငယ်ချင်းတွေ အကြောင်း ဖတ်ရတာ လေပြေ့ သူငယ်ချင်းတွေ သတိရမိတယ်၊ လေပြေနဲ့ အမနဲ့ က တူတယ်၊ လေပြေလဲ ကျောင်းခဏ ခဏ ပြောင်းပြောင်းနေရတော့ ငယ်သူငယ်ချင်းဆိုတာ မရှိဘူး၊ အထက်တန်းတုန်းက သူငယ်ချင်း၊ တက္ကသိုလတက်တုံးက သူငယ်ချင်း၊ တက္ကသိုလ်တောင် နှစ်မျိုး ရှိတယ် နေ့ကျောင်းနဲ့ အဝေးသင် သူငယ်ချင်း ဆိုပြီးလေ၊ လေပြေလဲ လှိုင်မှာ တက်တာ ၁၉၉၅ ခုနှစ်က ပထမနှစ်လေ၊ သိတယ်ဟုတ်၊ အမက ဒုတိယနှစ်ပေါ့ ဟုတ်လား၊

Thyda said...

very nice writing!

မျှားပြာ said...

သူုငယ်ချင်းကောင်းတွေ ရှိတာအားကျတယ် အစ်မနုစံရေ
နောင်လည်း သူငယ်ချင်းကောင်းများစွာနဲ့ ဆုံဆည်းနိုင်ပါစေလို့
ဆုတောင်းပေးပါတယ် အစ်မရေ အဆင်ပြေပါစေ။

Chit Lay Pyay said...

မမ နု-စံ တနေ့ရဲ့ တနေ့တာ ဘာတွေလုပ် လဲ သိချင်လို့ တက်ထားတယ်။ အားတော့ နာပါတယ်၊ အားရင် ရေးပေးပါနော်

Anonymous said...

သူငယ်ချင်းတွေ အများကြီးပဲနော်...ကောင်းတယ်ဗျ..ကျနော်ကတော့သူငယ်ချင်းကောင်းတွေနဲ့ သိပ်မတွေ့ ခဲ့ ရဘူးဗျ..အားကျတယ်

ကလိုစေးထူး said...

စီဘောက်စ် ရှာမတွေ့တော့ ဒီမှာပဲ လာထပ်ရေးလိုက်တယ်။ အသစ်ရေးတာ မတွေ့လို့…၊ အလုပ်တွေ များနေလား မနုစံ။ :)

မျှားပြာ said...

အစ်မနုစံရေ ဘာတွေလုပ် ဘာတွေရှုပ် အဆင်ပြေပါစေဗျာ.။

Anonymous said...

မရေ...အလုပ်တွေများနေလား..။

Chit Lay Pyay said...

မရေ နေမကောင်းဘူးဆို၊ ဘယ်လိုဖြစ်လဲ၊ နေမြန်မြန်ကောင်းပါစေ

nu-san said...

မြရွက်ဝေ>> ဟုတ်ပါတယ် ညီမလေးရေ.. ဟိုတုန်းက ဒီလိုမျိုး ခွဲခွာပြီး နေရမယ်လို့ မတွေးမိဘူး။ အခုနေ ပြန်တွေးကြည့်တော့ အိပ်မက်လိုပါပဲ..

မိုးချစ်သူ>> အမအိမ်မှာ ထမင်းလာ ကပ်စားမယ်လား.. ဒါဆို ပုန်းနေဦးမှ.. :P ဟုတ်ကဲ့.. အအေးမမိအောင်နေပါ့မယ်.. နေမကောင်းဖြစ်ရင်လည်း ဆရာဝန်မလေးကိုပဲ မေးရမယ်... ကုပေးနော.်.. :D

ကိုသင်္ကြန်>> အများကြီး မရှိပါဘူး ကိုသင်္ကြန်ရယ်.. ၃ ယောက်တည်းပါ.. ဟား..ဟား.. နှစ်ချို့တွေက ပြောမနာ ဆိုမနာဆိုတော့ ပိုခင်ကြတယ်..

လုလု>> အခုတော့လည်း အားလုံး ကိုယ့်လမ်း ကိုယ်သွားနေရပြီ မလုရေ.. :)

လေးမ>> အမမှာ သားသား၊ မီးမီးတွေ မရှိသေးပါဘူး လေးမရယ်... :)

နှင်းပွင့်ဖြူလေး>> အမဆီ လာလည်သွားတဲ့ တူမလေး ကျေးဇူးပါ.. :D

ကိုစေးထူး>> ဟုတ်.. ဒါအကုန်ပဲ ကိုစေးထူး..းP

မမ သမုဒယ>> ဟုတ်တယ် အမရဲ့.. သူတို့ကတော့ မှတ်မှတ်ရရပါပဲ.. အနေဝေးပေမယ့် အခုထိလည်း တွဲဖြစ်နေကြတုန်းပဲ..

ချစ်လေပြေ >> လေပြေတော်တယ်.. အဲဒီတုန်းက အမ က ဒုတိယနှစ်ပေါ့..

မျှားပြာ>> ပေးတဲ့ဆုနဲ့ပြည့်ပါစေ မျှားပြာရေ..

မောင်မျိုး>> မောင်မျိုးလည်း သူငယ်ချင်း မိတ်ဆွေကောင်းတွေနဲ့ တွေ့ဆုံနိုင်ပါစေ လို့ အမ ဆုတောင်းပေးတယ်နော်..

Thyda>> Thank you for your comment and visiting!!

ကိုစေးထူး၊ မျှားပြာ၊ လေးမ၊ လေပြေ>> အမကို တကူးတက လာမေးထားကြတဲ့အတွက် ကျေးဇူးပါ။ ပိတ်ရက်မှာ အရှုတ်တွေလုပ်ပြီး ပင်ပန်းသွားလို့ပါ..