December 11, 2007

ဖြတ်သန်းနေတဲ့ တစ်နေ့တာ



“တစ်နေ့၊ တနေ့ ကလည်း ခဏလေးလိုပဲ..”
“အချိန်တွေက ကုန်မြန်လိုက်တာ...”

.....
.....

နှုတ်ကပဲဖြစ်ဖြစ်၊ စိတ်ထဲ ဖြစ်ဖြစ် လူတိုင်းနီးပါး ဒီစကားလေးတွေကို ပြောဖြစ်၊ တွေးဖြစ်မယ် ထင်ပါတယ်။ ကျမလည်း ရုံးမှာ အလုပ်တအားများတဲ့နေ့မျိုးဆိုရင် “အချိန်ကုန်မြန်လိုက်တာ၊ ခဏလေးလိုပဲ” လို့ ထင်ရပြီး အလုပ်မရှုတ်တဲ့နေ့မျိုးဆိုရင်တော့ ညနေ ရုံးဆင်းချိန် ၆ နာရီ ကို စောင့်မျှော်နေရတာ ပျင်းရိငြီးငွေ့စရာပါပဲ။ အမှန်တော့ အချိန်၊ နာရီ စက္ကန့်တံလေးက သူ့တာဝန် ကို သူ ကျေပွန်အောင် ပုံမှန်လုပ်ပေးနေတာပါ။ နာရီရဲ့ စက္ကန့်တံလေး လှုပ်ရှားနေရင်းကပဲ နေ့ကို လစား၊ လ ကို နှစ်စား ဖြစ်လာလိုက်တာ အခုဆိုရင် ၂၀၀၈ ခုနှစ်ကို ရောက်တော့မယ်။ တစ်နေ့ တစ်နေ့ ဘယ်လို ကုန်ဆုံးသွားသလဲဆိုတာကို ပြန်စမ်းစစ်ကြည့်လိုက်တော့....


*****


မနက် မိုးလင်း ၇း၃၀ မှာ ဖုန်းက နှိုးစက်သံမြည်တော့ နိုးနေပါပြီ။ လက်က Heater ကို ဖွင့်ရင်း ကွန်ပျူတာပါ တလက်စာတည်းဖွင့်ထားလိုက်တာပေါ့။ ပြီးရင် မျက်နှာသစ်၊ ရေချိုး။ ၈ နာရီလောက်ဆိုရင် ရေချိုးလို့ပြီးပြီ။ အ၀တ်လဲရင်း ပါးစပ်ကလည်း တလက်စတည်း နှိုးနေရတာပေါ့..။

“ထတော့ ဘုန်းဘုန်းတွေ ခေါင်းလောင်းထိုးနေပြီ။ ထတော့.. ထတော့..”
“အင်း... ဘယ်နှစ်နာရီ ရှိပြီလဲ..”
“၈ နာရီ ၁၀ မိနစ်”
“အာ.. စောသေးတယ်၊ မထချင်သေးဘူး။ ညက အိပ်မရလို့.. ခေါင်းကိုက်နေတယ်။ ၁၀ မိနစ် ဆက်အိပ်မယ်နော်.. ၈ နာရီခွဲခါနီး ပြန်နှိုး.. ”

....
....
....

“အင်း.. ထချင်သေးဘူးဟာ.. ချမ်းတယ်ဟ...”
“Heater ဖွင့်ပေးထားတယ်.. ထတော့ .. ထတော့.. ”

မနက်လင်းပြီဆိုတာနဲ့ ကျမ အမျိုးသားက အမြဲတမ်း ကျမကို နှိုးနေကြပုံစံပါပဲ။ မိဘအိမ်မှာကတည်းက ကျမ ကိုယ့်အသိနဲ့ ကိုယ်ဘယ်တော့မှ ထလေ့မရှိပါဘူး။ ပြောရမှာလည်း ရှက်တော့ ရှက်ပါတယ်။ အအိပ်မက်သူပီပီ မိဘ အိမ်မှာတော့ ညီမလေးတွေက ခဏခဏ စိတ်ရှည်ရှည် လာနှိုးကြပေမယ့် ကျမကတော့ အချိန်ကို ကပ်ပြီးမှ အိပ်ယာက ထတတ်သူပါ။ အခု အိမ်ထောင်ကျတော့ နှိုးတဲ့တာဝန်ကို ကျမ အမျိုးသားက ဆက်ယူပါတယ်။ ကျမတို့ အိမ်ဘေးမှာ ဂျပန် ဘုန်းကြီးကျောင်းရှိတော့ ရုံးဖွင့်ရက်ဆိုရင် ဘုန်းကြီးကျောင်းက မနက် ၈ နာရီမှာ ခေါင်းလောင်းထိုးပါတယ်။ ခေါင်းလောင်းထိုးပြီး သိပ်မကြာဘူး သူရေချိုးပြီးတာနဲ့ ကျမကို အိပ်ယာထ ရေချိုးဖို့ ၁ ခါထက်မနည်း နှိုးနေရတာပါ။ ကျမကလည်း ဘယ်တော့မှ စောစော မထတတ်သူပီပီ ၅ မိနစ်၊ ၅ မိနစ်နဲ့ ဈေးဆစ်ရင်း နောက်ဆုံး မထမဖြစ် အချိန်မှ ထပြီး ၀ရုန်းသုန်းကား လုပ်တတ်သူမျိုးပါ။ (မကောင်းတဲ့အကျင့်တွေပေါ့.. ကလေးတွေ အတုမယူကြနဲ့နော်.. )


အိပ်ယာက ထပြီး ကျမအတွက် ထမင်းဘူးထည့်ဖို့ ဟင်းနွေး၊ ဘုရားဆွမ်းတော် ခူး၊ သောက်တော်ရေချမ်းနဲ့ ဆွမ်းပွဲကို တလက်စတည်း ပြင်ပါတယ်။ ဟင်းနွှေးပြီးရင် ထမင်းဘူးထဲ ထမင်းနဲ့ဟင်း သင့်သလို ခပ်ထည့်ပြီး ခုံပေါ်မှာ တင်ထားလိုက်ပါတယ်။ ပြီးရင်တော့ ရေချိုးခန်းထဲ အသည်းအသန်ပြေးပြီး ရေကို ခပ်မြန်မြန်ချိုး ရတော့တာပေါ့။ ရေချိုးချိန်ကို ၁၅ မိနစ်ထက် ပိုမထားပါဘူး။ ခေါင်းလျှော်မဲ့ရက်ဆိုရင်တော့ နည်းနည်းပိုကြာတာပေါ့။ ရေချိုးပြီးရင် မျက်နှာ lotion နဲ့ body lotion ကို လူးတာက ၁၀ မိနစ်ပါပဲ။ မျက်နှာလူးရင်း ရတဲ့အချိန်ကို ကပ်ပြီး Yahoo က Osaka Weather ကြည့်ထားရသေးတယ်။ ပြီးရင် ကိုယ့်ဘလော့ခ်လေးကို တချက်ကြည့်ပြီး အ၀တ်လဲရပါတယ်။ ကျမ အ၀တ်လဲနေတုန်း ကျမ အမျိုးသားက ထမင်းဘူးကို ရုံးယူသွားမဲ့ အိတ်ထဲထည့်ပေးထားပြီး ဘုရားစင်မှာ ဆွမ်းတော်ကပ်ပေးပါတယ်။ ကျမ အ၀တ်လဲပြီးရင်တော့ ခေါင်းဖီး၊ မိတ်ကပ်ဖို့ ပြီးတာနဲ့ ဘုရားခန်းပြေးပြီး ဘုရားရှိခိုးရပါတယ်။ ကျမဘုရားရှိခိုးပြီးရင် အမျိုးသားက ရုံးသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျမကလည်း နောက်က ခပ်မြန်မြန် ခြေအိတ်စွပ်ပြီး ယူစရာရှိတာ ယူပြီးလို့ အိမ်က ထွက်ရင် ၉း ၂၀။


ရုံးကို ၂ ယောက်သား စက်ဘီးစီးသွားကြပြီး မိနစ် ၂၀ လောက်စီးရင် ရုံးရောက်ပါတယ်။ မိုးရွာရင်ပဲဖြစ်ြဖစ် နေအရမ်းပူတဲ့အချိန်မျိုးဆိုရင်တော့ ရထားစီးသွားပါတယ်။ အဲဒီနေ့ဆိုရင် “စက်ဘီး တစ်စီးမှာ ၂ ယောက်မစီးရ” ဆိုတဲ့ ဥပဒေကို ချိုးဖောက်ပြီး ဘူတာရုံအထိ သူ့နောက်က ကျမ လိုက်စီးပါတယ်။ ပုံမှန်ကတော့ တစ်ယောက် တစ်စီးစီ မီးပွိုင့်မမိအောင် အသည်းအသန် နင်းပြီး ရုံးပြေးရတာပေါ့။ ရုံးရောက်ရင် ၉း၄၀ ရှိနေပါပြီ။ ရုံးက နောက်ကျပြီးလာရင် နောက်ကျ ပြန်ပေးလိုက်ယုံပါပဲ။ နောက်ပြီး အလုပ်ရှိရင် ရှိသလို၊ မရှိရင်လည်း မရှိသလို ရုံးမှာ နေကြတာမျိုးဆိုတော့ ဘယ်အချိန်လာတယ်၊ ဘယ်အချိန်ပြန်တယ်ဆိုပြီး ရုံးဆင်းရုံးတက်အချိန်ကို မတင်းကြပ်ထားပါဘူး။ အလုပ်ပြီးအောင် လုပ်ပေးဖို့ကသာ အဓိကပါ။


ရုံးရောက်ပြီဆိုရင် စက်ဖွင့်ပြီး ၂ ယောက်စလုံးရဲ့ ကော်ဖီခွက်တွေကို အရင်ဆုံးဆေးရပါတယ်။ ပြီးရင် သူက သူ့ဘာသာ ကော်ဖီဖျော်ပြီး ကျမကတော့ ရေပဲ သောက်တာများပါတယ်။ မနက်စာ ပေါင်မုန့်ပါလာတဲ့အခါမျိုးဆိုရင် ပေါင်မုန့်စားပါတယ်။ များသောအားဖြင့် ၂ ယောက်စလုံး မနက်စာ စားလေ့မရှိပါဘူး။ မေးလ်ချက်ပြီး မန်နေဂျာခိုင်းထားတာရှိရင် အရင်ဦးစားပေးလုပ်ရတာပေါ့။ ပြီးမှ အရင်နေ့က လုပ်လက်စ အလုပ်ကို ဆက်လုပ်ရတာပါ။ မေးလ်နဲ့ ဘာမှ မခိုင်းခဲ့တော့လည်း လုပ်လက်စကိုပဲ ဆက်လုပ်ယုံပါပဲ။ ကြားထဲမှာ ကျမ မသိတာ ရှိရင် ကျမ အမျိုးသားကို လက်ကုပ်ပြီး မေးရပါတယ်။ သူက သူလုပ်လက်စကို ခဏထားပြီး ကျမသိချင်တာရှိရင် ရှင်းပြရတာပေါ့။ ကျမတို့ ၂ ယောက်က ကျောချင်းကပ်ရပ်ထိုင်တာမို့လို့ အဆင်ပြေပါတယ်။


၁၁ နာရီခွဲ၊ ၁၁း ၄၅ ၀န်းကျင်ဆိုရင် ရုံးက နိုင်ငံခြားသား အုပ်စု ထမင်းထွက်စားကြပါပြီ။ နိုင်ငံခြားသား အုပ်စုဆိုတာ တခြားသူတွေ မဟုတ်ပါဘူး။ Department Director ၊ ကျမတို့ Manager ၊ Manger အထက်က senior consultant ၊ ကျမ အမျိုးသား နဲ့ နောက်ထပ် မြန်မာ ၂ ယောက်ပါပဲ။ အဲဒီအုပ်စုက အမြဲတမ်း ထမင်းထွက်စားရင် အတူတူ စားလေ့ရှိပါတယ်။ သူတို့က များသောအားဖြင့် ဘိုစာတွေ စားလို့ ကျမ မကြိုက်တာနဲ့ အတူ လိုက်မစားပဲ ကိုယ့်ဘာသာ ထမင်းဘူး ယူလာပြီး ရုံးမှာ စားပါတယ်။ ပြီးရင်လည်း ကော်ဖီဆိုင်မှာ ထိုင်ပြီး စကားပြောတတ်ကြပါသေးတယ်။ ကျမအတွက်တော့ သူတို့နဲ့ စကားပြောရတာထက်စာရင် ဘလော့ခ်တွေ လိုက်လည်တာကို ပိုပျော်ပါတယ်။ ဒါကြောင့် သူတို့ စောစော ထမင်းထွက်စားရင် ကျမလည်း စောစော ဘလော့ခ်လည်ထွက်ရတယ်။ ၁၂ နာရီမှာ ထမင်းစားရင်း ဘလော့ခ်လည်ထွက်ပြီး comment ရေး၊ Cbox မှာ အော်ဟစ်နှုတ်ဆက်ပြီး ၁ နာရီထိုးရင်တော့ အကုန် ပိတ်ပြီး လုပ်လက်စကို ဆက်လုပ်ပါတယ်။ အဲဒီအချိန်ဆိုရင် ထမင်းထွက်စားတဲ့ လူကြီးအုပ်စုလည်း ပြန်လာပြီမို့ ကိုယ်ရှိန်သတ်ပြီး ဘလော့ခ်လည်ခြင်းကို ရပ်ထားလိုက်ရတာပါ။


အလုပ်များတဲ့နေ့ဆိုရင်လည်း ထမင်းစားရင်း လုပ်လက်စကို ပြီးအောင် လုပ်ပေးရတာမျိုးလည်း ရှိပါတယ်။ ကျမ မန်နေဂျာက သူခိုင်းထားတာ ထမင်းစားပြီး ပြန်လာရင် လိုချင်တယ်လို့ ပြောရင်တော့ ထမင်းစားရတာ မြိုမကျတော့ပါဘူး။ ထမင်းကို အရသာခံ မစားနိုင်ဘူး။ ထမင်းဇွန်းနဲ့ ၂ လုတ်စာ ၃ လုတ်စာကို ပါးစပ်ထဲထိုးထည့်ပြီး အလုပ်ဆက်လုပ်နေရတဲ့နေ့မျိုးလည်း ရှိပါတယ်။


ထမင်းဘူး မယူတဲ့နေ့ဆိုရင်တော့ အမျိုးသားနဲ့ ရုံးနားဝန်းကျင်က ဆိုင်တွေမှာ လူကြီးအုပ်စုနဲ့ သတ်သတ် ခွဲထွက်ပြီး စားလေ့ရှိပါတယ်။ အဲလိုနေ့မျိုးဆိုရင်တော့ ကျမက ထမင်းစားပြီး ရုံးပြန်လာပါတယ်။ သူကတော့ သူ့ဘော်ဘော်တွေ ထိုင်လေ့ရှိတဲ့ ကော်ဖီဆိုင်ကို ဆက်သွားတာပေါ့။ တချို့ရက်တွေလည်း ရုံးက အလုပ်အတူလုပ်တဲ့ ဂျပန်မလေးတွေနဲ့အတူ နေ့လည်စာ လိုက်စားဖြစ်ပေမယ့် အဲဒီလိုရက်မျိုးကတော့ အင်မတန်မှ ရှားပါတယ်။ ရှိရင်လည်း သူတို့နဲ့ ၁ ပတ်လောက်ကတည်း က ကြိုတင် တိုင်ပင်ထားပြီးမှ သွားဖြစ်တာပါ။


ညနေ ၆ နာရီခွဲကျော်ကျော် ၇ နာရီ ထိုးခါနီးတာနဲ့ အိမ်ပြန်ဖို့ ပြင်ဆင်ရင်း အမျိုးသားကိုလည်း အိမ်ပြန်ဖို့ ဆော်သြနေရပါပြီ။ ကျမအမျိုးသားက ပြင်သစ်နဲ့ အီတလီဘက်က လူတွေနဲ့ အလုပ်အတူလုပ်ရတာမို့ ကျမတို့ ရုံးဆင်းမှ သူတို့ဘက်က ရုံးတက်တာမျိုးပါ။ အဲဒီဘက်က လူတွေနဲ့ အမျိုးသားနဲ့ အလုပ်ကိစ္စ ပြောဆိုပြီးရင် ပြန်လို့ရပါပြီ။ သူတို့ စကားပြောတဲ့ အချိန် ပေါ်မူတည်ပြီး ၇ နာရီ၊ ၇ နာရီခွဲ ပြန်ရလေ့ ရှိပါတယ်။ တခါတလေလည်း ၈ နာရီပေါ့။ အတူတူ ပြန်ကြတာဆိုတော့ တစ်ယောက်အလုပ်မပြီးလည်း တစ်ယောက်ကတော့ စောင့်နေရတာပေါ့။ ၂ ယောက်စလုံး အလုပ်အတူပြီးတော့လည်း အတူ စောပြန်ရတာပေါ့။ သူ့ကို စောင့်ရတာ ကြာမယ်ဆိုရင်လည်း ကျမက စောပြန်နှင့်လိုက်တာပါပဲ။ ပုံမှန် အိမ်ပြန်ရောက်ရင် ၈ နာရီထိုးပါပြီ။


အိမ်ပြန်ရောက်ရင်တော့ အမျိုးသားက ညစာ ထမင်းအိုးတည်ပေးပြီး တခြား သေးသေးမွှားမွှားလေးတွေ ကူပေးတတ်ပါသေးတယ်။ ကျမကတော့ မီးဖိုထဲဝင်ပြီး ညစာအတွက်ပြင်ဆင်ရတာပေါ့။ ရှိတဲ့ဟင်းပေါ်မူတည်ပြီး နောက်တစ်ခွက် လိုက်ဖက်အောင် ကြည့်ပြီး စီစဉ် လိုက်တာပါပဲ။ ညစာမှ ၂ ယောက် အတူစားရတာဆိုတော့ အတတ်နိုင်ဆုံးတော့ ဖွယ်ဖွယ်ရာရာ ဖြစ်အောင် လုပ်ပေးရတာပေါ့လေ။ ၉ နာရီလောက်ဆိုရင် ထမင်းကျက်တာနဲ့ ထမင်းပွဲအတူပြင်ပြီး ညစာ စားကြပါတယ်။ ဒီအချိန်ပဲ အေးအေး ဆေးဆေး ရှိတာမို့ပြောချင်တာ၊ တိုင်ပင်စရာရှိတာ ၊ ရုံးကိစ္စ၊ အိမ်ကိစ္စကို ထမင်းစားရင် ပြောဆိုကြရတာပေါ့။ စားသောက်ပြီးရင် နောက်တရက်အတွက် ဘာချက်ရင် ကောင်းမလဲဆိုတာ စဉ်းစားပြီး ကြိုလုပ်စရာရှိတာကို ပြင်ဆင်ထားရပါတယ်။ ဆေးကြော၊ သိမ်းဆည်းပြီးတာနဲ့ နောက်တရက်အတွက် မီးပူတိုက်စရာရှိတာတိုက်၊ အ၀တ်လျှော်စရာရှိတာကို စက်ထဲထည့်ပြီး မနက်လျှော်ရအောင် ဆပ်ပြာရေစိမ်၊ အမှိုက်တွေ သိမ်းဆည်းပြီး ပစ်ရမယ့်နေရာမှာသွားထားပြီးလို့ နာရီကြည့်လိုက်ရင် ၁၁ နာရီ ထိုးခါနီးနေပါပြီ။


အားလုံးပြီးရင်တော့ ကျမဘလော့ခ်လည်ထွက်ပြီး သူငယ်ချင်းတွေ နှုတ်ဆက်၊ စာရေးစရာရှိလည်းရေးပြီး ဘလော့ခ်ပေါ်တင်ရတာပေါ့။ ရန်ကုန်ကို ဖုန်းခေါ်စရာရှိတဲ့နေ့ဆိုရင်တော့ ၁၂ နာရီမှာ ရန်ကုန်ကို ဖုန်းခေါ်၊ အိမ်ရှိလူကုန်နဲ့ စကားပြောပြီးရင် ၁ နာရီထိုးခါနီးပါပြီ။ ဗုဒ္ဓဟူးနေ့ဆိုရင်တော့ အိမ်ပြန်ရောက်တာနဲ့ ဘာမှ မလုပ်နိုင်တော့ပါဘူး။ ဂျပန်ဆရာမတွေ လာမှာမို့လို့ အိမ်မှာ စောင့်နေရပါတယ်။ သူတို့ရောက်လာရင် စာသင်ပေးပြီး ၁၀ နာရီခွဲ၊ ၁၁ နာရီ လောက်မှ အတန်း ပြီးပါတယ်။ ဆရာမတွေပြန်သွားမှ ကမန်းကတမ်း ထမင်းစား၊ ဆေးကြော သိမ်းဆည်းပြီးတာနဲ့ ၁၂ နာရီထိုးပြီးနေပါပြီ။


တနေကုန် အလုပ်လုပ်ရတာ မပင်ပန်းပေမယ့် အငြိမ်တချက်မနေရတော့ လူက အနားယူဖို့ အချက်ပြနေပါပြီ။ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီးတာနဲ့ အိပ်ယာဝင်ရင် ၁ နာရီခွဲလောက်ရှိနေပြီ။ ကျမက အအိပ်ဆတ်သူမို့ အသံတခုခု ကြားရင်လည်း လန့်နိုးတတ်တဲ့အပြင် ချက်ချင်း အိပ်ပျော်လေ့မရှိပါဘူး။ အိပ်ယာထဲမှာ နံပါတ်စဉ်ရွတ်ချင်ရွတ်နေရတယ်။ ထွက်သက် ၀င်သက် မှတ်နေရတာမျိုးလည်းရှိပါတယ်။ အရမ်းအိပ်မရဘူးဆိုရင် counter ပုတီးလေး စိတ်နေရင်းမှ အိပ်ပျော်သွားတတ်တာမျိုးပါ။ တခါတလေ စိတ်ထဲ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ရန်ကုန်က မိဘတွေဆီ စိတ်ရောက်သွားရင်တော့ အဲဒီည မိုးသာ စင်စင်လင်းသွားတယ် တရေးမှ မအိပ်လိုက်ရပါဘူး။ ဒီလိုနဲ့ပဲ မထချင် ထချင် နောက်တနေ့ မနက် ထုံးစံအတိုင်း လေးကန်ပြီးမှ အိပ်ယာက ထလာတတ်သူမျိုးပါ။


သောကြာနေ့ညဆိုရင် တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ စာရေးစရာရှိရင် ရေးပြီး၊ ရေးစရာ မရှိရင်တော့ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်ပေါ့။ အိပ်ယာဝင်ရင်လည်း စနေနေ့ မနက် ၃ နာရီ ၄ နာရီလောက်မှ အိပ်ဖြစ်ပါတယ်။ မနက် ၁၁ နာရီလောက်မှ အိပ်ယာက ထပြီး နေ့လည်စာကိုအပြင်မှာပဲ စားဖြစ်တာများတယ်။ ဈေးဝယ်ထွက်၊ လိုအပ်တာတွေကို ထိုင်းဆိုင်နဲ့ တရုတ်ဆိုင်မှာ သွားဝယ်ရင်း ပြန်လာရင်ညနေ ၅ နာရီ ထိုးလုနီးနေပါပြီ။ ခဏလောက် နားပြီးမှ ညစာအတွက် ချက်ပြုတ်ပြင်ဆင်ပြီး ညစာစားကြပါတယ်။ ပြီးရင်တော့ အ၀တ်လျှော်စက် မနားရလေအောင် တပတ်စာအ၀တ်တွေကို တပုံပြီး တပုံလျှော်ရပါတယ်။ အဲလိုနဲ့ စနေတစ်ရက် ကုန်ပြန်တာပါပဲ။ တနင်္ဂနွေဆိုရင်တော့ လျှော်ပြီးသား အ၀တ်တွေ အမျိုးသားကလှမ်း၊ ကျမက ပိတ်ရက်စားဖို့အတွက်ရော ၊ ရုံးဖွင့်ရက် စားဖို့အတွက်ပါ ဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်ပြီး အချိန်ရရင်တော့ ခဏတဖြုတ်နားရတာပေါ့။ ညရောက်ရင်တော့ ရုပ်ရှင်ကြည့်ရင်း လက်က မီးပူတိုက်ရပါတယ်။ ပိတ်ရက်မှာ အလည်လွန်ရင်တော့ အိမ်အလုပ်တွေ အကြွေးတင်ပြီး နောက်ရုံးဖွင့်ရက်အထိပါ အကြွေးဆပ်မဆုံးပါဘူး။ ဒါကြောင့် ပိတ်ရက်လည်း ပိတ်ရက်မို့လို့ ၊ ရုံးဖွင့်ရက်လည်း ဖွင့်ရက်မို့လို့ နားရတယ်လို့ မထင်မိပါဘူး။


*****


ညီမလေး လေပြေ က တစ်နေ့တာ ဘာလုပ်လည်းဆိုတာ tag ထားလို့ ကျမလည်း ချရေးလိုက်ကြည့်မှပဲ တစ်ရက်နဲ့ တစ်ရက် ကို ဘယ်လို ကုန်ဆုံးသလဲဆိုတာ သိရတော့တယ်။ လူတစ်ယောက်ဟာ တစ်ရက်မှာ ကိုယ့်အတွက် အကျိုးအမြတ် တခုခုရှိအောင် လုပ်ရမယ်လို့ ကျမ ကြားဖူးတယ်။ အတွေ့အကြုံပဲဖြစ်ဖြစ်၊ အတတ်ပညာပဲဖြစ်ဖြစ်၊ အသိပညာပဲဖြစ်ဖြစ်ပေါ့။ တစ်ခုခု တိုးတက်နေရမယ်ဆိုရင်ဖြင့် ကျမဟာ တိုးတက်တဲ့ အလုပ်တစ်ခုမှ မလုပ်ပါလားဆိုတာ လက်တွေ့ကျကျ သိလိုက်ရပါတော့တယ်။ ဒါပေမယ့် ကျမ လက်ရှိဘ၀ကို ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ စိတ်ချမ်းသာလို့ပါပဲ။ တတ်နိုင်သမျှလည်း ကျမ ရဲ့ တစ်နေ့တာကို စိတ်ချမ်းချမ်းသာသာ နဲ့ ဖြတ်သန်းချင်ပါတယ်။ လူရယ်လို့ဖြစ်လာရင် သေတစ်နေ့ မွေးတစ်နေ့မို့ သေနေ့မရောက်ခင် ကြား အချိန်လေးမှာ အကျိုးအမြတ်မရှိရင်လည်းနေပါစေတော့။ စိတ်ညစ်စရာ၊ စိတ်ရှုတ်စရာ၊ လောဘ၊ ဒေါသ၊ အပူအပင် နည်းနိုင်သမျှ နည်းနည်းနဲ့ ဖြတ်သန်းနိုင်ဖို့ ကျမကြိုးစားနေတုန်းပါပဲ...


ဒီဇင်ဘာ ၁၁၊ ၂၀၀၇။

12 comments:

Chit Lay Pyay said...

မရေ မရဲ့ တနေ့တာလေး ဖတ်ရတာ စိတ်ချမ်းသာလိုက်တာ၊ ဒါပေမယ့် မလွယ်ဘူးနော်၊ နားရတယ်ဆိုတာ မရှိဘူး မ အစား မောလိုက်တာ၊ ဒါပေမယ့် စိတ်ချမ်းသာတယ် ဆိုတော့ အမနဲ့ ထပ်တူ စိတ်ချမ်းသာပါတယ်၊ အမ ရဲ့ ကမ္ဘာလေး အမြဲတမ်း အေးချမ်း ပါစေလို့ ဆုတောင်းပေးပါတယ်၊ ခုမှပဲ ကိုယ်ချစ်တဲ့ သူတွေ တနေ့ တနေ့ ဘာတွေလုပ်လဲ ဆိုတာ သိရတော့တယ်၊ ဒါမှ ဒီအချိန်ဆိုရင် အမနု-စံ ဘာလုပ်နေပြီ ဆိုတာ မှန်းလို့ရတာပေါ့နော် မ၊ ရေးပေးတဲ့ အတွက် ကျေးဇူးနော်၊ အရမ်း ကျေနပ်တယ်၊ ၀မ်းလဲသာတယ်၊ တကယ်

မြရွက်ဝေ said...

အမနု-စံနဲ့ အအိပ်မက်တာချင်း တူနေတယ်။ အိမ်မှာလည်း အမေက မနက်အလုပ်သွားဖို့ အတော်နှိုးခဲ့ရတယ်။ အခုမတူတာ တစ်ခုဘဲ ညီမက အမျိုးသားကို နှိုးရတာ။ (ရိုးရိုးနှိုး၊ သတိပေးနှိုး၊ စိတ်တိုနှိုး၊ ခြိမ်းခြောက်နှိုး၊ စ,နောက်နှိုး- ရေခဲရေကိုင်ပြီး အေးစက်စက်လက်နဲ့တို့ပြီးနှိုးတာ) မနက်တိုင်း ၄၊ ၅ကြိမ်လောက်တော့ နှိုးယူရတယ်။ ဈေးစစ်ပြီး ပြန်အိပ်နေလို့။ အမေ့ကိုတောင် "သမီး အမေ့ဝဋ်လည်နေပြီလို့" ဖုန်းဆက်ရင်ပြောဖြစ်သေးတယ်။ :P
အမက အပြင်အလုပ်ကော အိမ်အလုပ်ပါ လုပ်ရတော့ ပင်ပန်းမှာပေါ့နော်။ အမစိတ်ချမ်းသာတယ်ဆိုတော့ ကောင်းတာပေါ့။ အမြဲငြိမ်းချမ်းပျော်ရွှင်ပါစေ အမနုစံ။
*ဒါနဲ့ အခုကွန့်မန့်ရေးတာ 8:40am ရှိပြီ။ နိုးပြီလားရှင့် :P*

thamudayanwe said...

နေကောင်းသွားပြီလား
မလွယ်ဘူးနော် တနေ့တာဆိုတာ တကယ်ချရေးရင် မလွယ် အခု အမ ဘ၀ကတော့ ကြောက်စရာကောင်းအောင်ငြိမ်းချမ်းနေတယ် မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်းလို့ထင်တာပဲ
မကြာသောနှစ်မှာတော့ လှုပ်ရှားလာမယ်ထင်တယ် အခုချိန်ထိတော့ အေးချမ်းနေဆဲပဲ
လူတွေက ကိုယ်လက်ရှိနေရတဲ့ ဘ၀ကိုကျေနပ်နေရင် အရာအားလုံးပြီးပြည့်စုံပါတယ်
အရေးကြီးတာ စိတ်ထားတတ်ဖို့ပဲ
ဆရာကြီးလေသံ နဲ့ ဟဲ ဟဲ.
နေကောင်းအောင်နေ နော်..
အိပ်ပုပ်ပြီး နေအကောင်းချင်ယောင်ဆောင်နဲ့
နာ သိတယ်နော်...ဟင်း.ဟင်း

နှင်းပွင့်ဖြူ said...

ဖတ်ပြီးတော့ အားတောင်ကျလာပြီ..
ကျဝူးကွာ ကျဝူး.. နိုးစက် ရှိသားပဲ ဟတ်ဟတ်.. :P :P :P
လာလည်တယ်အစ်မ
အဆင်ပြေပါစေ

မျှားပြာ said...

စိတ်ချမ်းသာဖို့ ကောင်းတယ်နော် အစ်မနုစံ ...။
သာယာတဲ့ တူနှစ်ကိုယ်တိုင်းပြည်ဆိုတာ ဒါမျိုးထင်ပ ..။

Winkabar said...

အစ်မကအလုပ်တော်တော်များတာပဲနော်။ အိပ်ရာထတာကသမီးနဲ့တူတယ်။ အစ်မလိုပဲသမီးလည်း။ အချိန်ကပ်တော့မှထတာ။ အမြဲအအော်ခံရတယ်။ :D အဲလိုပြန်အိပ်ရတဲ့အရသာကတော်တော်ကောင်းတာနော်။:P

စာမေးပွဲကတနင်္လာဆိုပြီးပါပြီ။ အခုခဏလေးနားရတာပေါ့နော်။ ဒီနေ့တစ်ခုဖြေရတယ်လေ။ ဖြေနိုင်ပါတယ်။ လာဆုတောင်းပေးတာကျေးဇူးပါနော်အစ်မ။

Anonymous said...

အားကျလိုက်တာနော်...။
နှိုးပေးတယ်တဲ့...။ သွားတူ..လာတူ...အလုပ်တူ...မရေ..ကံကောင်းလိုက်တာ ...။ အ၀တ်တွေလည်းလှန်း ... အိမ်အလုပ်လည်းကူ... ရှယ်ပဲ..ရှယ်ပဲ... ။
အားကျတယ်...အားကျတယ်...။

MCT said...

အဟိ....မိုးလဲ အိပ်ပုတ်တယ်။
ချစ်မရဲ့ ..ဒါမယ့် နှိုးမယ့်လူမရှိ
အိပ်ချင်တိုင်း အိပ်၏။ အဟီး

တနေ့တာ ဖြတ်သန်းနေရတဲ့လောက
ကြီးမှာ ချစ်မက ပါရမီဖြည့်ဘက်လေးနဲ့
ပျော်ရွှင်စရာပေါ့။
သားသားမီးမီးလေးတွေနဲ့လည်း
နောက် ပိုပျော်ရွှင်နိုင်ပါစေနော်။
ချစ်မကြီး

Thyda said...

To my surprise, yours is almost same as my lifestyle. For me, nowadays,I do not cook in weekdays, just go and buy dicounted food from departmental store or food from convenient store for dinner. And I eat lunch in outside restaurant near my company. And I rarely iron and give clothes to laundry shop. By all means, I am lazy:-P

Anonymous said...

မနုစံ...နေကောင်းသွားပြီလားး အစ်မ.........
အစ်မရဲ့ တစ်နေ့ တာတွေ ကိုဖတ်ရတာ မျက်လုံးထဲ သေ၂ ချာ၂ မြင်နေရသလိုပဲ..စာရေးတော်လိုက်တာ၊
ကံကောင်းတာပေါ့ဗျ..ချစ်ချစ်ကြီးက အိပ်ယာနိုးပေးတာ ဆိုတော့...

Chit Lay Pyay said...

မ ရေ ရီစရာ ပြောရအုံးမယ်၊ ဒီပို့စ်ကို ဖတ်ဖတ်ခြင်းတုံးက အိပ်ရာထဖို့ပြောနေတာ မက ပြောနေတာထင် လို့ နောက်မှ ဘယ်လိုပါလိမ် ဆိုပြီး မျက်စိလည်သွားလို့ နှစ်ခေါက် ပြန်ဖတ်မှ နားလည်သွားတယ်၊ ဂလိုကိုးလို့ ကံကောင်းတယ်နော်၊ ချစ်မ

nu-san said...

ချစ်လေပြေ>> လေပြေ ကျေနပ်တယ်ဆို အမလည်း ၀မ်းသာပါတယ်ရှင်။ :)

မြရွက်ဝေ>> ညီမလေး comment ရေးတဲ့အချိန်မှ အမက အိပ်ယာ ထတတ်တာ.. အိုး.. ညီမ အမျိုးသားကို နည်းမျိုးစုံနဲ့ နိုးရတာပဲ.. ဟား..ဟား.. တော်တော် ရီရတယ်.. ဒီနည်းတွေကို အမ အမျိုးသား မမြင်အောင် ဖွက်ထားမှ..:P

မမသမုဒယ>> ဟုတ်တယ် မရေ.. လက်ရှိနေတဲ့ ဘ၀ကိုကျေနပ်နေရင် အားလုံးဟာပြည့်စုံ စိတ်ချမ်းသာနေမှာ အမှန်ပါပဲ.. စိတ်ထားတတ်ဖို့တော့ လိုတာပေါ့နော်.. :)

နှင်းပွင့်ဖြူလေး>> အားကျတယ်လား.. နိုးစက်ပေးပြီး အိပ်နော်.. တူမလေး :D

မျှားပြာ >> လက်ရှိမှာတော့ စိတ်ချမ်းသာနေပါတယ် မျှားပြာရယ်.. ဒီလိုပဲ သာယာအောင် ကျိုးစားပြီး ညှိယူ ရတာပေါ့.. :)

ဝင်္ကဘာလေး>> အမတို့ အကျင့်တူတယ်လား.. ဟုတ်တယ်ညီမရေ.. အဲလို ပြန်အိပ်ရရင် သိပ်အရသာရှိတာ.. ဟီ..ဟိ.. :P စာမေးပွဲဖြေနိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ် ညီမလေးရေ..

လေးမ>> အားကျတယ်လား လေးမရေ.. လေးမရဲ့ ကောင်းကင်ကြီးကလည်း လေးမကို ကူပေးမှာပါ.. ငါ့ညီမလေးက ချွဲတတ်တာပဲကို.. ပို့စ်တွေထဲမှာ ဖတ်ရတယ်လေ.. :D :P

မိုးချစ်သူ>> ပေးတဲ့ဆုနဲ့ပြည့်ပါစေ ညီမလေးရေ.. :D

Thyda>> Actually, my problem is I cannot eat the japanese food from outside everyday. so, I have to cook for my daily lunch box. This is my bad habit! Anyway... I really envy you!

မောင်မျိုး>> မောင်မျိုးရေ.. နေကတော့ မကောင်းတကောင်းပါပဲ။ အဓိက ကတော့ ရာသီဥတု အပြောင်းအလဲကို ခံရတာ။ မောင်မျိုးလည်း ကံကောင်းမှာပါ... ကံကောင်းပါစေလို့လည်း အမဆုတောင်းပေးပါတယ်။ :)

ချစ်လေပြေ>>အဟဲ.. သိသွားပြီလား လေပြေ.. ရှက်လိုက်တာ.. အိပ်ပုတ်တာ လူသိကုန်ပါပြီ.. အဟီး.. :P