ဂျပန်လို “အိုမိရဂဲ” ဆိုတာ ခရီးတခုခုကနေ ပြန်လာလို့ ၀ယ်လာတဲ့ မုန့်၊ လက်ဆောင်ကို ခေါ်တာပါ။ မြန်မာဓလေ့မှာလည်း ခရီးသွားရာက ပြန်လာရင် အိမ်အတွက်၊ သူငယ်ချင်းအတွက် ဒေသထွက်စားစရာ၊ ဒါမှမဟုတ် လက်ဆောင်တွေ အမှတ်တရ ၀ယ်လာတတ်ကြတာပဲ မဟုတ်လား။ ဂျပန်တွေလည်း များသောအားဖြင့် ၀ယ်လာတတ်တာက သွားတဲ့နေရာရဲ့ ဒေသထွက် မုန့်မျိုးစုံ ပါပဲ။ ဒါကြောင့် ကျမတို့ ရုံးက ထမင်းစားခန်းမှာဆိုရင် သွားရည်စာ မုန့်က ပြတ်လှတယ် မရှိပါဘူး။ Golden Week တို့ New Year တို့လို ပိတ်ရက်ရှည်ပြီးသွားလို့ကတော့ ရုံးပြန်ဖွင့်ပြီဆိုတာနဲ့ ထမင်းစားပွဲပေါ်မှာ မုန့်တင်ထားတာ နေရာလွတ်တောင်မကျန်ဘူး။ တခါတလေများ ဘယ်သူကျွေးထားမှန်းတောင် မသိဘူး။ သူတို့ နာမည်တွေကို ဂျပန်လို မဖတ်တတ်တာလည်း ပါတယ်။ နောက်ပြီး ရုံးမှာ ၈ ထပ် တစ်ထပ်တည်းတောင် ရုံးခွဲ department က သုံးခုလောက် ရှိတာဆိုတော့ တော်ယုံ ကိုယ့် department ထဲက လူတွေနဲ့ အနားမှာထိုင်တဲ့ သူတွေလောက်ပဲ နာမည်မှတ်မိတာ။ ဒါကြောင့် ဘယ်သူဘယ်ဝါ ကျွေးတယ်လို့ သူတို့က နာမည် ပြောရင်တောင် ကိုယ်က အလွယ်တကူ မသိနိုင်ဘူးလေ။ အဲဒီတော့ ဘယ်သူဝယ်လာသလဲ ဆိုတာ အရေးမကြီးလှဘူး။ “ဘယ်က ၀ယ်လာသလဲ” ဆိုတာကလည်း စာထဲမှာ ကိုယ်ဖတ်တတ်တဲ့ Kanji ၁ လုံး ၂ လုံးလောက် ပါရင် မှန်းတတ်တယ်။ အဲလိုမှမဟုတ်လဲ သူငယ်ချင်းကို “အဲဒါ ဘယ်ကမုန့်လဲ” လို့ မေးလိုက်ရင် “ဘယ်မြို့၊ ဘယ်နေရာ” က မုန့်ပါလို့ သူပြောပြတယ်။ ဒီလောက်ဆို လုံလောက်ပြီ။ အဲဒါဆိုတော့ ထမင်းစားပွဲပေါ်တင်ထားကတည်းက စားစေချင်လို့ တင်ထားတာ၊ ကိုယ်ကြိုက်တာတွေ့ရင် ယူစားလိုက်တာပဲ။ တခါတလေလည်း သူတို့ဂျပန်တွေတောင် မကြိုက်ကြလို့ ထင်ပါရဲ့ မကုန်ပဲ ကျန်နေတဲ့ မုန့်တွေလည်း ရှိတယ်။
မြန်မာပြည်မှာ အလုပ်လုပ်တုန်းက ရုံးက တစ်ယောက်ယောက် နယ်ပြန်တာမျိုး၊ ခရီးက ပြန်လာမျိုးဆိုရင်လည်း မုန့်ဝယ်လာတတ် ကြပါတယ်။ ဒီမှာလောက်တော့ အကြိမ်အရေအတွက် မများလှဘူး။ မြန်မာပြည်မှာက ဈေးနှုန်းနဲ့ သယ်ရ ပြုရတာ ကရိကထ မခံနိုင်တာလည်း ဖြစ်မယ်လို့ ထင်တယ်။ ဂျပန်ရုံးမှာတော့ တစ်ယောက်မဟုတ် တစ်ယောက်က အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ အလည်ပဲဖြစ်ဖြစ် ခဏ ခဏ ခရီးသွားနေကြတာပဲ။ Supervisor က တရုတ်ပြည်သွားလိုက်၊ Senior Consultant က New Zealand ပြန်လိုက်၊ ဒီကြားထဲ Department Director နဲ့ မန်နေဂျာက US သွားလိုက်၊ ပြင်သစ်သွားလိုက်၊ စင်ကာပူသွားလိုက်၊ အိန္ဒိယသွားလိုက်၊ Australia သွားလိုက်။ သွားလိုက်ရတဲ့ ခရီးတွေ။ အကုန် ကုမ္ပဏီ စရိတ်နဲ့ချည်းသွားရတာ ကောင်းမှကောင်း လို့ စိတ်ထဲက အားကျမိလိုက်သေးတယ်။ အဲ.. ပြန်လာပြီဆိုလို့ကတော့ ပါလာကြပါပြီ။ မုန့်မျိုးစုံ၊ သကြားလုံးမျိုးစုံ၊ ချောကလက်မျိုးစုံ။ ကောင်းတာရော မကောင်းတာရော ။ ကိုယ်က စားကောင်းရင်တော့လည်း ကောင်းတာပေါ့။ ကိုယ်က စားမကောင်းဘူးဆိုရင်လည်း မကောင်းဘူးပေါ့။ တချို့လည်း တိုကျိုကို အလုပ်ကိစ္စနဲ့ သွားရင်တောင် အပြန် မုန့်ဝယ်လာတတ်ကြသေးတယ်။ ဂျပန်ပြည်တွင်း သွားတဲ့သူတွေကတော့ ဂျပန်မုန့်ပေါ့။ စားလို့ကောင်းတာလေးတွေဆိုရင် ကိုယ့် မြန်မာအချင်းချင်း လက်တို့ပြီး “အဲဒီမုန့်ယူစား ကောင်းတယ်သိလား”ဆိုပြီး ပြောရ၊ လက်တို့ရ၊ ယောင်္ကျားအတွက်လည်း တစ်ခုပိုယူရနဲ့။ မကောင်းရင်လည်း “အဲဒါ မကောင်းဘူး၊ မစားနဲ့၊ ဟိုဟာလေးစားသိလား” ဆိုပြီး အချင်းချင်း သတင်းပေး သတင်းယူလုပ်ပြီး မုန့်စားဖို့ စည်းလုံးနေကြတာ။ တချို့လည်း ရုံးက လူတွေအတွက် သပ်သပ်၊ သူငယ်ချင်းတွေအတွက် မုန့်သပ်သပ် ခွဲဝယ်လာပြီး ကိုယ်ကျွေးချင်တဲ့ သူတွေကို တယောက်ချင်းစီ စိတ်ရှည်ရှည်နဲ့ လိုက်ကျွေးတာမျိုး ရှိတယ်။ သူကျွေးချင်တဲ့ သူငယ်ချင်း ကုန်သွားပြီဆိုမှ ကျန်တဲ့မုန့်ကို ထမင်းစားပွဲပေါ်သွားတင်ထားလိုက်တာ။
မုန့်အကြောင်း စာစီနေတာနဲ့ပဲ အတော်ရှည်နေပြီ။ ပြောချင်တာက ကျမလည်း ကိုယ့်စရိတ်နဲ့ကိုယ်အလည်ခရီးတွေ ထွက်နေတာ နောက်ဆုံး Amanohashidate ရောက်မှပဲ “တစ်နှစ်ပတ်လုံး သူများမုန့်တွေ စားလာတာ။ ဒီတခေါက်တော့ ရုံးအတွက် မုန့်ဝယ်သွားပေးဦးမှ” လို့ စိတ်ကူးပေါက်တာနဲ့ အပြန် မုန့်ဝယ်လာပြီး ရုံးက သူငယ်ချင်းတွေကို ကျွေးလိုက်ပါတယ်။ သူတို့လည်း ကျမတို့ ၀ယ်လာတဲ့မုန့်ကို ကြိုက်တယ်ထင်တယ်။ မနက် ၁၀ နာရီလောက် စာကပ်ပြီး ထမင်းစားပွဲပေါ် တင်ထားလိုက်တာ နေ့လည် ၁၂ နာရီ မထိုးခင် မုန့်ဘူးအခွံလွတ်က အမှိုက်တောင်းထဲ ရောက်နေပြီ။ ဒါတောင် တချို့ဂျပန်မလေးတွေက လာမေးကြသေးတယ် “စာရွက်ပေါ်က စာက ဘယ်သူရေးတာလဲ” တဲ့။ ဟွန်း..မေးစရာလား.. ကိုယ့်ဘာသာရေးထားတာပေါ့..
ပြောချင်တာတွေလည်း ပြောပြီးသွားပြီဆိုတော့ ပြီးခဲ့တဲ့ ပို့စ်တုန်း ရေးခဲ့တဲ့ ကတိအတိုင်း သူငယ်ချင်းတွေကို မုန့်ကျွေးမယ်နော်။ ကျမ blog ကို လာလည်ပြီး မငြီးမငြူ နဲ့ ခရီးသွားပို့စ်တွေကို လာဖတ်၊ comment လေးတွေ ရေးပေးရှာတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောရင်း မုန့်ကျွေးချင်လို့ ဓာတ်ပုံလေးတွေ blog ပေါ်တင်ပေးလိုက်ပါတယ်။ လူကိုယ်တိုင် အပြင်မှာ တကယ် မကျွေးရသော်ငြားလည်း ဒီဓာတ်ပုံလေးတွေကြည့်ရင်း “အော်.. အမနုစံက တို့ကို သတိတရ မုန့်တွေ ကျွေးပါလား”လို့ စိတ်မှာအောက်မေ့မိရင် ပို့စ်တင်ရကျိုးလေးနပ်ပါပြီ။ မုန့်အစစ်တွေကိုတော့ သူငယ်ချင်းတွေကိုယ်စား အမပဲ ဒိုင်ခံစားပေးလိုက်ပါ့မယ်လို့...
ဒီမုန့်က chirimen mochi (ちりめん餅) လို့ခေါ်တဲ့ ကောက်ညှင်းဆန်နဲ့ လုပ်ထားတဲ့မုန့်တစ်မျိုးပဲ။ စားလိုက်ရင် အိစိ အိစိ နဲ့ စားလို့ကောင်းတယ်။ ဘူးသေးက ၁၅ ခုပါပြီး ယန်း ၈၀၀ တဲ့။ ဘူးကြီးက အခု ၂၀ ပါပြီး ယန်း ၁၀၅၀ ပေးရတယ်။ ဓာတ်ပုံတချို့ကို
ဒီက ယူထားတာ။ သူတို့ ဆီက မုန့်တွေကို packing လုပ်ထားတာ သေသပ်လို့ အပေါ်က စာရွက်ကို ဖြဲပစ်ရမှာတောင် နှမြောမိတယ်။
ဒီမုန့်က ဂဏန်းနဲ့ လုပ်ထားတဲ့ rice cracker (かにせんべい) ။ Amanohashidate က မုန့်ဆိုင် တစ်ချို့ကတော့ အမြည်းတွေ ချပေးထားတယ်။ ကျမက ပထမရက်မှာ မ၀ယ်ပဲ အမြည်းတွေ အကုန်ယူစားပြီး ပြန်မဲ့ရက်မှ ကပ်ဝယ်ခဲ့တာ။
နောက်ထပ် ၀ယ်လာတာက ပဲမဲနဲ့လုပ်ထားတဲ့ rice cracker (黒豆せんべい) နဲ့ ကိတ်မုန့်ပါပဲ။ ကိတ်မုန့်ဘူးကိုတော့ ကျမတို့ ခရီးသွားဖို့ စီစဉ်ပေးတဲ့ သူငယ်ချင်းမလေးကို လက်ဆောင်ပေးလိုက်တာမို့ ဓာတ်ပုံ မရိုက်လိုက်ရပါဘူး။ ပဲနဲ့ လုပ်ထားတဲ့ cracker ကတော့ ဘူးအတိုင်းပဲ ရှိနေသေးတယ်။ မဖောက်ရသေးဘူး။
ဇန်န၀ါရီ ၃၀၊ ၂၀၀၈။
13 comments:
the same snack culture in our office. I like Japanese snack very much except very sweet one. Thanks for remembering us to share your snack:-) Are there a lot of Myanmar in your office? Envy you..
I had tried mochi in S'pore.I like it very much.But your one should be better because its genuine Japanese one :).Sha loot Sha loot....
i agree with tonetone'mom!
the Muachi in singapore stands pale next to those of Real Stuffs in Japan!
Coz those we can get here are either from TAiwan or China..
lucky sis sakura naw..
and also kind sweet sis..
thanks for sharing with us, may be u can terat me when i come and visit u ..hoat la ? :P
ဂျပန်မုန့်တွေ တခါမှ မစားကြည့်ဖူးဘူး။ ချိုချိုကြီးတွေ ဖြစ်မှာစိုးလို့။ အမဆီက ကောက်ညှင်း၊ ကဏန်းမုန့်နဲ့ ပဲမဲမုန့်ခြောက်ကို စပ်စုသွားတယ်။ နောက်ဝယ်စားကြည့်ရမယ်။
Thyda>> I also like the Japanese snack especially mochi. :D There are four Myanmar at our office in the same department. 2 guys, my husband and me. Will you join our company to make BIG 5 MYANMAR TEAM? ha..ha.. :D
tone tone's mom, dilo>> Yes, of course! Please come and visit Japan to have authentic Japanese snacks.
မြရွက်ဝေ>> ဂျပန်မုန့်တွေ စားကြည့်နော်.. အမလည်း အစက အချိုဆို မကြိုက်ဘူး။ အခုမုန့်တွေက သိပ်မချိုလို့ အမလည်း ကြိုက်တာ.. အဟက်.. အမ ဒီစာကို မနေ့ညကမှ တင်ရတာ။ mochi ကို Dictionary မှာ rice cake လို့ရေးထားလို့ အမက ဆန်မုန့်လို့ရေးလိုက်တာ ညီမလေးရေ.. ကောက်ညှင်းနဲ့လုပ်တယ်ဆိုတာ ညီမလေးပြောပြလို့ သိရတယ်.. ပြင်ပေးတာ ကျေးဇူးပါနော်.. 黒豆 လည်း အဲဒီအတိုင်းပဲ. ပဲမဲလို့ရေးရင် စာမလှလို့ဆိုပြီး ပဲလို့ပဲ ရေးလိုက်ရတာ.. :P
nu san, plz call me plz plz. I am almost died with all Japanese around me:-)
မြန်မာပြည်ပြန်လာလို့ကတော့ ခုလို ဓါတ်ပုံနဲ့ “အိုမိရဂဲ” လို့မရဘူးနော်..။ခုတော့ ခွင့်လွတ်လိုက်မယ်..။ ဟွန်း.ဟွန်း..။
အမ နု-စံရေ နောက်ကျလို့ မုန့်တွေ မှ ကျန်ပါအုံးမလား၊ mochi ဆိုတာလေးက စားချင် စဖွယ်လေးနော်၊ ညီမလဲ စားဖူးရင် ကြိုက်မယ့်ပုံပဲ၊ ဂျပန်က rice craker ကိုတော့ အလုပ်က အင်ဂျင်နီယာ ဂျပန်က ပြန်လာတုံးက ကျွေးလို့ စားဖူးတယ်၊ အရမ်းကြိုက်တယ်၊ အမ ကျွေးတာတွေကို တ၀ကြီးစားသွားတယ်၊ အခုလို သတိရတဲ့ အတွက် ကျေးဇူးပါ၊
အစ်မနုစံရေ့............မုန့်တွေလာစားပါတယ် တစ်မျိုးလေနော်ယဉ်ကျေးမှုလေးက ကျနော်တို့  အလုပ်မှာတော့ ဘယ်သူဝယ်လာမလည်းပဲချောင်းနေကြတယ် ကိုယ်လဲ မစားရပဲ သူတို့ ပဲ သမနေကြတယ် ....ခရီးသွားပို့ စ်တွေလဲ အားပေးပါတယ်ဗျ ဘာမှမရေးခဲ့ဖြစ်လို့ ပါ ..
မုန့် တွေကကြည့်ရတာနဲ့ တင် စားကောင်းမယ့်ပုံပဲ..
ကျေးဇူးဗျ နောက်လဲကျွေးအုံးးးနော့်
အန်တီလေး မုန့်လာစားသွားတယ်...
အန်တီလေး စားမနိုင်ရင် ဒီဘက်ကိုသာ လှမ်းလိုက်
အမြဲအဆင်သင့်ပဲ ..စားဖို့ဆို..
း) ဟီးးးးးးး
ဂျပန်မုန့် လာပြီး သွားရည် ယို သွားပါတယ် :D
Thyda>> Are you sure? This is a final answer??? ha...ha... :D
လေးမ>> အင်း မြန်မာပြည် ပြန်လာလို့ကတော့ လေးမချက်တဲ့ ထမင်းဟင်းနဲ့ အိုမိရဂဲ နဲ့ လဲကြတာပေါ့.. ကောင်းဘူးလား.. :P
လေပြေ>> ဟုတ်တယ် လေပြေရ.. ဒီက mochi တွေက စားလို့ကောင်းတယ်။ အမ အချိုမကြိုက်တဲ့သူတောင် ကြိုက်တယ်။ လေပြေလည်း cracker ကြိုက်တယ်လား။ အခုလို သတိတရ လာစားဖော်ရတာကိုပဲ လေပြေ့ကို ကျေးဇူးပြန်တင်ရပါတယ်။ :)
မောင်မျိုး>> ရပါတယ် မောင်မျိုးရဲ့.. ဘာမှမရေးလည်း လာလည်ရင်ကို အမက ၀မ်းသာလှပါပြီ။ မုန့်တွေလည်း စားသွားတယ်ဆိုလို့ ကျေနပ်ပါတယ်။ :)
နှင်းပွင့်ဖြူလေး>> တူမလေးရေ.. ရော့..ရော့.. မုန့်တွေ ကမ်းလိုက်ပြီ.... စားနော်.. အကြာကြီးမထားထားနဲ့.. ဟီ..ဟိ.. :D
ကိုစိုးထက်>>ကိုစိုးထက် တကူးတကလာပြီး သွားရည် ယိုသွားတဲ့အတွက် ကျေးဇူးပါ...:)
ဒီမုန်တွေ့လည်း အကုန်စားသွားတယ် အစ်မနုစံရေ ဗိုက်ကိုတင်းသွားတာပဲ
Post a Comment