January 24, 2008

Amanohashidate (Heaven's Bridge)

ဇန်န၀ါရီလ ၁၅ ရက်နေ့က ကျမတို့ Osaka ကို ရောက်လာတာ ၁ နှစ်တင်းတင်းပြည့်တဲ့နေ့ပါပဲ။ ဒီကို ရောက်လာပြီးကတည်းက ခရီးသိပ်မထွက်ဖြစ်ပါဘူး။ ဆောင်းတွင်းဆိုလည်း ရာသီဥတုက အေးလို့၊ နွေဘက်ဆိုရင်လည်း ရာသီဥတုက ပူလို့ အကြောင်းပြချက်မျိုးစုံနဲ့ အိမ်ထဲမှာပဲ အချိန်ကုန်ခဲ့ရတဲ့ရက်တွေက များပါတယ်။ လည်ဖြစ်တာဆိုလို့ မေပယ်လ်ရွက်တွေ အရောင်ပြောင်းတုန်းက အနီးအနားမှာရှိတဲ့ Mino ရေတံခွန်ကိုရောက်ဖြစ်ခဲ့တာ တစ်ခုပဲရှိတယ်။ ဒီနှစ်ဆန်းပိုင်းမှာမှ သူငယ်ချင်းလာလည်လို့ သူနဲ့အတူ ကျိုတိုနဲ့ အိုဆာကားတ၀ိုက်ကို ထပ်လည်ဖြစ်ခဲ့တာပါ။ ဒီဇင်ဘာ ပိတ်ရက်ရတုန်းကလည်း Hiroshima ကို ၂ရက်လောက် ခရီး ထွက်မယ်လို့ စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် Hiroshima သွားဖို့ ပိတ်ရက်နားနီးမှ စဉ်းစားမိတာမို့ ဟိုတယ်တွေ ကားလက်မှတ်တွေ ကျပ်နေတာနဲ့ပဲ မသွားဖြစ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ပိတ်ရက် ၃ ရက်မှာတော့ Osaka နဲ့ သိပ်မဝေးတဲ့ Amanohashidate ကို တစ်ညအိပ် သွားဖြစ်ခဲ့ပါတယ်။ ဂျပန်မှာ ရှုခင်းအလှဆုံးလို့ နာမည်ကြီးတဲ့နေရာ ၃ ထဲက တစ်ခုအပါအ၀င်ပေါ့။ ဇန်န၀ါရီမှာ သွားဖို့အတွက် ဒီဇင်ဘာ လလယ်လောက် ကတည်းက တည်းခိုခန်းနဲ့ ကားလက်မှတ်ကို ကြိုစီစဉ်ထားခဲ့ရတာပါ။ ကျမတို့ အဆင်ပြေပြေ နဲ့ အလွယ်တကူ သွားနိုင်ခဲ့တာ ကလည်း သူငယ်ချင်း ဂျပန်မလေးရဲ့ ကျေးဇူးကြောင့်ပါပဲ။ တည်းခိုးခန်းနဲ့ကားလက်မှတ်က အစ အကုန်လုံးကို သူပဲ ဖုန်းနဲ့ ဒိုင်ခံ စုံစမ်းပေးပြီး စီစဉ်ပေးခဲ့တာပါ။


Amanohashidate က Kyoto Prefecture ရဲ့ Miyazu City နားမှာရှိပြီး ကားနဲ့သွားလို့ရသလို ရထားနဲ့လည်း သွားလို့ရပါတယ်။ Osaka ကနေ ကားနဲ့သွားမယ်ဆိုရင် ၃နာရီ ကြာပြီး ရထားနဲ့ သွားမယ် ဆိုရင်တော့ ၂ နာရီပဲ ကြာပါတယ်။ ကျမတို့သွားတုန်းကတော့ Hankyu ဘတ်စ်ကားလိုင်း နဲ့သွားတာမို့ ကားခ ယန်း ၂၅၀၀ ပေးရပြီး ရထားခဆိုရင်တော့ ယန်း ၄၀၀၀ ကျော်လောက်ကျမှာပါ။ ဟိုမှာ ညအိပ်မှာမို့ ကျမတို့လည်း အသွားအပြန်ကို ကားနဲ့ပဲ သွားဖို့ စီစဉ်လိုက်တာပါပဲ။ ၂ ယောက်ပေါင်း ကားခတင်ပဲ ယန်း ၁ သောင်းနီးပါးပေးလိုက်ရပါတယ်။ အစောဆုံး စထွက်တဲ့ကားက Osaka Hankyu ကားဂိတ်ကနေ မနက် ၉ နာရီ ၅၀ မှာ ထွက်ပါတယ်။

Amanohashidate ကို အင်္ဂလိပ်လို ဘာသာပြန်ထားတာတော့ Heaven's Bridge လို့ တိုက်ရိုက်ဘာသာပြန်ထားကြတယ်။ Miyazu Bay ရဲ့ ဟိုဘက်ကျွန်းနဲ့ ဒီဘက်ကျွန်း ကို သဲဖြူလမ်း နဲ့ အလယ်မှာ ခြားထားပါတယ်။ သဲဖြူလမ်းရဲ့ အရှည်က ၃.၆ ကီလိုမီတာ (တချို့ကလည်း ၃.၃ ကီလိုမီတာ လို့ပြောတယ်) ရှည်ပြီး လမ်းတလျှောက်မှာ ထင်းရှုးပင်ပေါင်း (Pine Trees) ၇၀၀၀ ကျော်ရှိတာမို့ ကြည့်လိုက်ရင် တောလမ်းလေး လို ဖြစ်နေတာပါပဲ။ တောင်ထိပ်တွေပေါ်ကနေ ကြည့်လို့ မြင်ရတဲ့ ရှုခင်းကတော့ အရမ်းလှပါတယ်။ အဲဒီမှာ ရှုခင်းကြည့်ရင်လည်း ရိုးရိုး ကြည့်လေ့ မရှိကြပါဘူး။ “ရိုးရိုး မကြည့်ရဘူး ဆိုတော့ ဘယ်လိုကြည့်ရမှာလဲ။ ကင်းမြှီးကောက်ထောင်သလို ထောင်ကြည့်ရမှာလား” လို့ ရွဲ့ပြီးမေးရမလိုပါပဲ။ ဟုတ်ပါတယ်။ ရိုးရိုးမကြည့်ပဲ ဆန်းဆန်းကြည့်ရပါတယ်။ ကင်းမြှီးကောက်ထောင်သလိုတော့ လည်းမဟုတ်ဘူးပေါ့လေ။ ခြေထောက် ၂ ချောင်းကား၊ ခေါင်းကို အောက်ဘက်ကို ငုံ့၊ ခါးကုန်းပြီး ရှုခင်းကို ခြေထောက် ၂ ချောင်း ကြားထဲက ကြည့်ရတာပါ။ အဲဒီလိုကြည့်လိုက်လို့ မြင်ရတဲ့ မြင်ကွင်းထဲမှာ သဲဖြူလမ်းက ကောင်းကင်ကို တံတားထိုးနေသလို မြင်နေရတာမို့ Amanohashidate (Heaven's Bridge)
လို့ခေါ်ကြတာလို့ စာထဲမှာ ဖတ်ရပါတယ်။ နွေဘက်ဆိုရင် သဲဖြူလမ်းတလျှောက် စက်ဘီးစီးရင်း ဟိုဘက်နဲ့ ဒီဘက်ကို ကူးလို့ရသလို လမ်းလျှောက်ပြီးလည်း သွားလို့ရပါတယ်။ နောက်ပြီး ရေကူးဖို့အတွက် သီးသန့် နေရာသတ်မှတ်ပေးထားပါတယ်။ နွေဘက်သွားရင်တော့ ရှုခင်း လှတဲ့ အပြင် ရေကူးလို့ကောင်းမယ့် beach တစ်ခုပါပဲ။


ဟိုဘက်ကျွန်းနဲ့ ဒီဘက်ကျွန်းကို သင်္ဘောစီးပြီး ကူးလို့ရသလို တချို့လည်း speed boat စင်းလုံးငှားပြီး ကူးကြပါတယ်။ တဖက်ကျွန်းရောက်ရင် တောင်ပေါ်ကို cable car နဲ့ဖြစ်ဖြစ် chair lift နဲ့ဖြစ်ဖြစ် အတက်အဆင်း လုပ်လို့ရပါတယ်။ မိုးရွာနေရင်တော့ chair lift ကို မသုံးကြပါဘူး။ အဲဒီကမှ တဆင့် နောက်ထပ် တခါ ကားစီးပြီး တောင်ပေါ်မှာရှိတဲ့ ဘုရားကျောင်းကို သွားလို့ရပါသေးတယ်။ ကျမတို့ကတော့ အဲဒါတွေ အကုန်စီးလို့ရအောင် 2 days free ticket ကို ယန်း၂၃၀၀ နဲ့ ၀ယ်ပြီး တန်အောင်လို့ အကုန် လျှောက်စီးခဲ့ပါတယ်။


ကျမတို့ ရောက်တဲ့ရက်က
ကံဆိုးချင်တော့ Amanohashidate မှာ ပထမရက် မိုးရွာနေပြီး နောက်တရက်မှာ နှင်းကျတာနဲ့ကြုံပါတယ်။ ရောက်သွားတော့ နေ့လည် ၁ နာရီလောက် ရှိနေပါပြီ။ တည်းခိုခန်းက ၃ နာရီမှ check in ပေးလုပ်မှာမို့ အ၀တ်အစားအိတ်ကို တည်းခိုးခန်းမှာပဲ အပ်ခဲ့ပြီး ၂ ယောက်သား မိုးရွာထဲမှာ ထီး၁ ချောင်းနဲ့ အနီးအနားကို လျှောက်လည်ပါတယ်။ တည်းခိုခန်းမှာက ညစာ၊ မနက်စာ ကျွေးပြီး ရေပူစိမ်လို့လည်းရတာမို့ တယောက်ကို ယန်း ၁၅၀၀၀ ပေးရပါတယ်။ နောက်တနေ့မနက် ၁၀ နာရီမှာ တည်းခိုခန်းက check out ပြန်လုပ်ပြီး သွားဖို့ကျန်တဲ့နေရာတွေ၊ စီးစရာရှိတာတွေကို နှင်းတောထဲမှာပဲ ထီးဆောင်းပြီး လျှောက်လည်ရတော့တာပေါ့။


ရှုခင်းက လှပေမယ့်လည်း မိုးရွာတာနဲ့ နှင်းကျတာနဲ့ဆိုတော့ ဓာတ်ပုံရိုက်ဖို့ သိပ်မကောင်းဘူး။ ဒါတောင် ကင်မရာမင်းကို တောင်းတောင်းပန်ပန် ရိုက်ပေးပါဆိုလို့ တချို့ပုံတွေ ရလာခဲ့တာ။ အရမ်းလည်း အေးတော့ ရေကူးလို့ရတဲ့ beach ကိုသာ ရောက်သွားတယ် ရေလည်း ဆော့လို့မရပါဘူး။ ပါးစပ်က “ဟယ်..လှလိုက်တာ... ရေဆော့ချင်လိုက်တာ.. မြန်မာပြည်က ချောင်းသာတို့ ငွေဆောင်တို့ကို လွမ်းလိုက်တာ”ဆိုတာပဲ တွင်တွင်ပြောရင်း ရေစပ်နားသွားဖို့ နေနေသာသာ၊ နှင်းတောထဲမှာ ချောမလဲအောင် မနည်း ဂရုစိုက်ပြီး လျှောက်နေရတယ်။


ရုံးက မန်နေဂျာကတော့ ကျမတို့ Amanohashidate မသွားခင် တစ်ရက်မှာ ကောင်းကောင်းထောပနာပြုပါတယ်။ “အဲဒီနေရာက ပင်လယ်ကမ်းခြေမို့လို့ နွေဘက်သွားသင့်တာကို ဒီလောက် အေးစက်နေတာ ဘာသွားလုပ်မှာလဲ။ နင်တို့ပဲ ရှိလိမ့်မယ်။ ဘယ်သူမှ ရှိမှာမဟုတ်ဘူး”ဆိုပြီး ပြောပါတယ်။ တကယ်တမ်း ဟိုရောက်တော့လည်း လာကြတဲ့သူတွေများသားပဲ။ မိုးရွာပြီး နှင်းကျလို့သာ တော်တော့တယ်၊ နေပူရင်တော့ လာတဲ့လူ ဒီထက်ပိုများမလားပဲ။ နောက်မှ သူငယ်ချင်း ဂျပန်မလေးကို မေးကြည့်တော့ သူက “ ဂျပန်တွေက ဂဏန်းကို အရမ်းကြိုက်ကြတယ်။ ၁၁ လပိုင်းလောက်ကနေစပြီး ၃ လပိုင်းလောက်အထိ ပင်လယ် ဂဏန်းတွေက လတ်ဆတ်ပြီး အရသာ ရှိတာမို့ ရေပူလည်းစိမ်ရင်းနဲ့ ဂဏန်းလာစားကြတာ”ဆိုပြီး ရှင်းပြပါတယ်။


ဈေးဆိုင်တွေမှာဆိုရင် ဂဏန်းကို ရေခဲပုံးထဲထည့်ပြီး အဆင်သင့် သယ်သွားလို့ရအောင် စနစ်တကျ ဖော့ဘူးတွေနဲ့ ထည့်ပြီး ရောင်းတာ မြင်ခဲ့ရပါတယ်။ အိမ်အပြန် သယ်တဲ့သူတွေလည်း ၂ ဗူး၊ ၃ ဗူး သယ်ကြတာပဲ။ ဒီမှာတွေ့ရတဲ့ ပင်လယ်ဂဏန်းတွေက မြန်မာပြည်က ဂဏန်းထက်ဆိုရင် အရွယ်တော်တော်လေးကြီးပါတယ်။ ဂျပန်တွေက ပင်လယ် ဂဏန်းကို ရေနဲ့ပြုတ်စားတယ် (ရေနွေးနဲ့ ခဏလောက်ပြုတ်ပြီး ပြန်ဆယ်ထားတာဖြစ်မယ်)၊ မီးကင်ပြီးလည်း စားကြတယ်။ soup လိုမျိုး လုပ်စားတာတော့ မတွေ့မိဘူး။ ကျမတို့တည်းတဲ့ တည်းခိုခန်းက ညစာကျွေးတာတော့ အရင်ဆုံး ဂဏန်း လက်တွေချည်းပဲ ပြုတ်ထားပြီးသားကို source တစ်မျိုးနဲ့ တို့စားခိုင်းတယ်။ နောက်ပြီး အောက်က ဆားခံပြီး ပေါင်းထားတာလိုမျိုး စားခဲ့ရတယ်။ ကျမကတော့ မြန်မာပြည် ကမ်းခြေတွေမှာ စားရတဲ့ ဂဏန်းမဆလာချက်လောက်ကို ဘယ်ဟာမှ မကြိုက်ဘူး။ ရေပူစိမ်တာတော့ နောက်မှ သတ်သတ်ထပ်ရေးပါ့မယ်။ အခုတော့ ပို့စ်လည်းအတော်ရှည်နေပြီမို့ ဒီလောက်နဲ့ပဲ နားထားလိုက်ပါတော့မယ်...


အခုတလော ခရီးသွားပို့စ်တွေချည်း ရေးနေတာမို့ လာလည်တဲ့ သူငယ်ချင်းတွေလည်း ဖတ်ရတာ ငြီးငွေ့ရောပေါ့။ ဒါကြောင့် နောက်ပို့စ်ကျရင် သူငယ်ချင်းတွေကို Amanohashidate က ၀ယ်လာတဲ့ ဂျပန်မုန့်တွေ နဲ့ ဧည့်ခံမယ်နော်။ အခုတော့ ရှုခင်းပုံတွေပဲ အရင်ကြည့်ထားလိုက်ပါဦး။ ညစာ ဂဏန်းကျွေးတာ ကို ဓာတ်ပုံရိုက်ချင်ပေမယ့် အိပ်ချင်မူးတူးနဲ့ အပေါ်ထပ်မှာ ကင်မရာ မေ့ကျန်ခဲ့လို့ မရိုက်ခဲ့လိုက်ရပါဘူး။ ဒါကြောင့် တည်းခိုခန်း website မှာ တင်ထားတဲ့ ပင်လယ်ဂဏန်းပုံ နဲ့ အင်တာနက်ထဲမှာ ရှာဖွေထားတဲ့ ဂဏန်းပုံတွေပါ အားလုံးကြည့်လို့ရအောင် ကူးယူ ဖော်ပြ ပေးလိုက်ပါတယ်။




ဇန်န၀ါရီ ၂၄၊ ၂၀၀၈။

12 comments:

Anonymous said...

You are a good writer. We love to see other posts apart from travelling & foods. Have a good weekend there:)

thamudayanwe said...

ဟိတ် ပေါင်ကိုဒီထက်ပိုကား လက်ကိုဆန့်ထုတ်ရတယ်
ပိုမြင်ရတယ်..ခေါင်းကိုပါ ပိုငုံလိုက်..ပထမတော့ ဘာမှန်းမသိဘူး
နောက်မှ သူငယ်ချင်းတွေအားလုံးက..အဲလိုလုပ်လို့..အရမ်းကျော်ဖို့ကောင်းတယ်
အမမှာပုံတွေ ပိုစုံတယ် ဇူလိုင်တုန်းကသွားတာ..
တော်တော်အလုပ်ရှုပ်နေတယ်နော်..ခရီးတွေသွားလို့..
ဈေးတော့ကြီးတယ်နော်.. hostel ဆိုဈေးနဲနဲသက်သာတယ်ကွ...
ဘုရားကျောင်းတွေနဲ့ ပန်းခြံအကျယ်ကြီးရော မသွားဖြစ်ဘူးပေါ့...

မြရွက်ဝေ said...

အဲဒီနေရာကို ဇာတ်လမ်းတွေထဲမှာ ပေါင်ကြားက ကြည့်နေကြတာ တွေ့ဖူးတယ်။ ဘာလို့မှန်းတော့ ခုမှသိတော့တယ်။ အမ"နု-စံ"လိုဘဲ ညီမတို့လည်း "ဆောင်းတွင်းဆိုလည်း ရာသီဥတုက အေးလို့၊ နွေဘက်ဆိုရင်လည်း ရာသီဥတုက ပူလို့ " ပြီးတော့ စနေ၊တနင်္ဂနွေလည်း သူက အချိန်ပိုသွားရင်သွားရတာမို့ ဘယ်မှမရောက်နိုင်သေးဘူး။ အမဘလော့ကနေဘဲ လည်တော့မယ်။:D

Chit Lay Pyay said...

ဟားဟား ရီရတယ် ရိုးရိုး မကြည့်ရဘူး ဆန်းဆန်း ဆိုတဲ့ အတိုင်း ကင်းမြီးကောက် ထောင် ကြည့်ရနီနီး ကြည့်ရတာနော်၊ သဲဖြူလမ်း ဆိုပေမဲ့ ပုံထဲမှာ မြင်ရတာ မြစ်ကြီးလို့ ထင်ရတယ်နော် မ၊ သဲဖြူတွေက ရေတွေ ကျနေတာပဲ၊ သဲဖြူတွေပေါ်မှာ လမ်းလျှောက်လို့ ရ လား ဟင် ၊

Thyda said...

Nice writing Nu-san. I intend to go there in one day. Such a beautiful place..

I think, you could get fresh and power whenever you go to different place though travelling exp. in Japan is sometime costly. It is worth travelling!!

I like Japanese style hotel (Ryokan)which is very interesting!

Have a wonderful day!

နှင်းပွင့်ဖြူ said...

အန်တီက သူများမနာလိုကောင်းအောင်ကိုပဲ ခန ခန ခရီးတွေထွက်နေတယ် .. မနာလိုတော့ဘူးနော်... ဟင်းဟင်း ........း)
သွားလည်ချင်ပါတယ်ဆိုမှ..
နောက်ပို့စ်တွေလည်း များများရေးနော်.. အန်တီကြီး.

Anonymous said...

ဆန်းဆန်း ကြည့်ရတဲ့ ဟာကြည့်ချင်လိုက်တာ...။ မနုစံရဲ့ ခရီးသွားမှတ်တမ်းက အရမ်း အသေးစိပ်တယ်...။ မိုက်တယ်..။

kay said...

နုစံရေ..ဂျပန်လည်း..တော်တော်စုံသွားပြီ။ ဂဏန်းဆိုလို့..မစားရတာ..အတော်ကြာပေါ့။ သွားရေတောင် ယိုတယ်။

pandora said...

အမနိုဟရှိဒတဲ့ ကို မနုစံနဲ့အတူ ရောက်သွားပြီ
ကျေးဇူးပါ။
(တကယ် လာလည်ချင်လိုက်တာ အိ အိ)

မျှားပြာ said...

မိုက်တယ်နော် အစ်မနုစံ အစ်ကိုနဲ့ လျှောက်လည်နေတာပေါ့လေ ..။ အဆင်ပြေပါစေဗျာ ..။

သက်ဝေ said...

ဖတ်စရာတွေ အများကြီးဘဲ. . .
ခဏခဏလာလည်ပြီး ဖြည်းဖြည်းဖတ်သွားမယ်နော်။
C Box မတွေ့ လို့  ဒီမှာဘဲ နှုတ်ဆက်လိုက်ပါတယ်။
အဆင်ပြေ ပျော်ရွှင်ပါစေနော် .

nu-san said...

Anonymous>> Thanks for visiting and comment!. I'll try to write other posts.

သမုဒယ>> ဟုတ်.. အဲဒီနေ့ကတော့ အရမ်းအေးနေတာနဲ့ အမပြောသလို မလုပ်ခဲ့လိုက်ရပါဘူး အမရယ်။ ဓာတ်ပုံရိုက်ချင်လို့သာ ဒီလိုကြည့်ရတယ်လို့ နမူနာရိုက်ယူထားလိုက်ရတာ။ ဈေးကတော့ ကျွန်တော်တို့အတွက် အတော်ကြီးတယ် အမရေ.. နွေဘက်မှ တစ်ခါ ထပ်သွားဦးမယ်။

မြရွက်ဝေ>> ဟုတ်တယ် ညီမလေးရေ.. အမတို့လည်း အတူတူပဲ။ အပြင်က မထွက်ဖြစ်ရင် တော်ရုံဆို ဘယ်မှ မလည်ချင်တော့ဘူး... လည်ရမှာတောင် ပျင်းတယ်ဆိုသလိုမျိုးပေါ့..

လေပြေ>> သဲဖြူလမ်းဆိုတာ သစ်ပင်တွေ အုပ်နေပြီး ဟိုဘက်ကျွန်းဒီဘက်ကျွန်းကို ဆက်ထားတဲ့ အလယ်က လမ်းကြောင်းကြီးပဲ လေပြေ။ ထင်ရှုးပင်လိုမျိုးတွေက လမ်းတလျှောက်စိုက်ထားလို့ အပေါ်ကကြည့်ရင် သစ်တောအုပ်လို ဖြစ်နေတာ... ဟိုဘက် ဒီဘက်ကို လမ်းလျှောက်ရင် ၁ နာရီ ခွဲ ၂ နာရီလောက် ကြာတယ်ပြောတယ်။

Thyda>> Yes, it's really beautiful place and I recommend u to visit there in Summer.

နှင်းပွင့်ဖြူလေး>> အန်တီကြီးရှိတယ်လေ.. တူမကြီးရဲ့.. လာလည်ပါလားလို့.. :)

လေးမ>> လေးမက ဆန်းဆန်း ကြည့်ရတဲ့ ဟာကြည့်ချင်လို့လား... :)

မကေ>> ဟုတ်ပါ့ မကေရယ်။ အခုတလောက ခြေရှည်နေတော့ ဒီလိုပို့စ်တွေပဲ ရေးဖြစ်တယ်.. လာလည်တာ ကျေးဇူးပါ မကေ။ ဒီက ဂဏန်းတွေ ကို ဒီအတိုင်းပဲ စားကြတယ်။ ဟင်းတွေ ဘာတွေ မချက်စားကြဘူးလားတော့ မသိပါဘူး အမရယ်.. :)

ပန်ဒိုရာ >> အခြေအနေပေးရင် လာလည်ပါ မပန်။ တကယ်လှတဲ့နေရာ တစ်ခုပါပဲ။ :)

မျှားပြာ>> ဟုတ်တယ် မျှားပြာရေ.. အစ်ကို့ကို blog အတွက် ဓာတ်ပုံရိုက်ခိုင်းဖို့ရာ သူနဲ့အတူ လျှောက်လည်မှ ရတယ်.. :P

သက်ဝေ>> လာလည်တာ ကျေးဇူးပါ သက်ဝေရေ.. အမ blog မှာ cbox မထားဖြစ်ပါဘူး။ နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်နော်.. :)