လေးမ က ဘ၀လက်တွဲဖော် အကြောင်း tag ထားတယ်။ ရေးဖို့အကြောင်းအရာကို စဉ်းစားတော့ ဘယ်က စပြီး ဘယ်လိုရေးရမှန်းလည်း မသိ၊ အရင်တုန်းက တွေးထားမိတဲ့ဘ၀အဖော်ဆိုတာကလည်း “ကြာပြီဆိုတော့ မေ့လောက်ပါပြီ”ဆိုသလို သီချင်းလုပ်ပြီး ဆိုရမလိုပါပဲ။ ကိုယ်ကလည်း လူလတ်တန်းစား ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတာဆိုတော့ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော်ကိုတော့ အချက်တွေ အများကြီးမမျှော်လင့်ထားဘူး။ (ပို့စ်ဆုံးအောင်ဖတ်ပြီးရင် “အများကြီး မမျှော်လင့်ထားပေလို့ပဲ” လို့ ပြောကြ မလားပဲ။ :P ) ဘ၀ကို ရိုးရိုးပဲတွေးချင်တယ်။ ရိုးရိုးပဲဖြတ်သန်းချင်တယ်။ အနည်းဆုံးတော့ ပိုက်ဆံမချမ်းသာရင်တောင် စိတ်မဆင်းရဲချင်တာ အမှန်ပါပဲ။ အိမ်ထောင်မကျခင်က စိတ်ကူးခဲ့ဖူးတဲ့ သူကို မှတ်မိသလောက် ပြန်တွေးကြည့်လိုက်တော့...
*****
အသက် ၂၀ ၀န်းကျင်ဆိုတာ စိတ်ကူးယဉ်တတ်တဲ့အရွယ်မဟုတ်လား။ ကိုယ့်ဖူးစာဖက်ကို ဘယ်လိုလူမျိုးဖြစ်ရင် ကောင်းမှာပဲလို့ တွေးဖူးတာပေါ့။ တက္ကသိုလ်တက်တုန်းအရွယ်မှာ ရုပ်ရှင်မင်းသား လွင်မိုးက နာမည်စကြီးတဲ့ အချိန်ဆိုတော့ ကိုလွင်မိုးကို သဘောကျပြီး သူ့လို အရပ်ရှည်ရှည်ဖြစ်ရမယ်လို့ စိတ်ကူးဖူးတယ်။ နောက်တော့ Korea ဇာတ်လမ်းတွဲတွေ ခေတ်စားလာပြန်တော့ ဒါရိုက်တာ“ရင်” လို အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ မျက်လုံးပြူးပြုး၊ စတိုင်ခပ်မိမိလေး ဖြစ်ရင်ကောင်းမှာပဲလို့ တွေးမိပြန်တယ်။ နိုင်ငံခြားရုပ်ရှင်တွေ ကြည့်တတ်တဲ့ အချိန်ကတည်းက Speed ဇာတ်ကားကို ကြိုက်ခဲ့တယ်။ အဲဒီထဲက မင်းသား Keanu Reeves လိုမျိုး အားကိုးလောက်ပြီး ကိုယ့်ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနိုင်မယ့်သူမျိုးကို သဘောကျခဲ့တယ်။ အဲဒါတွေက စိတ်ကူးယဉ် သက်သက် ဖြစ်တယ်ဆိုတာ ကျမ ကိုယ်တိုင်လည်း သိခဲ့တာပဲလေ။
တကယ်တမ်း လက်တွေ့ကျကျ စဉ်းစားရတဲ့ အခါမှာတော့ အသက်အရွယ်အားဖြင့် ကျမ မောင်လေး ထက် အသက် ငယ်လို့မဖြစ်သလို ကိုကြီးထက် ကြီးတဲ့သူယူဖို့ရာလည်း အင်မတန် ခက်လှပါတယ်။ တသက်လုံး လက်တွဲသွားနိုင်ဖို့အတွက် ကိုယ်နဲ့ အခြေခံစိတ်သဘောထားချင်း တိုက်ဆိုင်ချင်တယ်။ ပိုက်ဆံရှိတာ မရှိတာထက် ရိုးသားပြီး ကြိုးစားဖို့ လိုအပ်တယ်လို့လည်း ယူဆမိတယ်။ အချစ်ဟာ အရေးပါတယ်ဆိုပေမယ့် အချစ်တစ်ခုတည်းနဲ့တော့ ဘ၀ကို ပျော်ရွှင်အောင် တည်ဆောက်နိုင်မယ်မထင်ထားဘူး။ ဆိုးပေနေတဲ့သူကို ကိုယ်နဲ့ ယူပြီးမှ ပြုပြင်ယူမယ်ဆိုတဲ့ မိုက်ရူးရဲစိတ်ဓာတ်မျိုးလည်း ကျမမှာ မရှိခဲ့ပါဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဖြစ်မယ့်သူဟာ ကိုယ်အထင်ကြီးနိုင်တဲ့သူ၊ လေးစားရမယ့်သူ၊ မိဘအသိုက်အ၀ိုင်းက ကြည်ဖြူနိုင်တဲ့သူ ဖြစ်ရမယ်လို့စဉ်းစားခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်ရမယ်။ မာမားကတော့ အရင်တုန်းက တရုတ်ပဲ ယူရမယ်ဆိုပြီး ကန့်သတ်ပေမယ့် နောက်ပိုင်းတော့လည်း ဘာမှ မပြောတော့ပါဘူး။ ပါပါးကတော့ တရုတ်သွေးပါတဲ့သူကိုပဲ ယူစေချင်ခဲ့တယ်။ တရုတ်လူမျိုးတွေကလည်း များသောအားဖြင့် မိဘပေးစားတဲ့ သူကို ယူရတာမို့ အဲဒီလို အိမ်ထောင်ရေးမျိုးတော့ မဖြစ်ချင်ခဲ့ဘူး။ ကိုယ့်ကို အားကိုးနေမှာထက် ကိုယ်ကသာ အားကိုးချင်တာမို့ အရည်အချင်းအရရော အလုပ်အကိုင်ပါ အတည်တကျ ရှိတဲ့သူမျိုး ဖြစ်စေချင်ခဲ့ပါတယ်။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး စဉ်းစားဆင်ခြင်နိုင်တဲ့ အရွယ်မှာတော့ စဉ်းစားစရာ၊ ရွေးချယ်စရာ အချက်တွေဟာ ပိုများလာတယ် ဆိုရမလားပဲ။ ခပ်ရှင်းရှင်းပြောရရင်တော့ ဇီဇာကြောင်လာတယ်ဆိုပါတော့။ အလုပ်ထဲက ခင်နေတဲ့သူတွေက “အပျိုကြီး” ဆိုပြီး ကျမကို စ ကြတယ်။ “ရွေးမနေနဲ့နော်။ အမတို့က ဟင်းရွက်တွေလိုပဲ။ ညနေစောင်းလို့ နွမ်းသွားရင် ဘယ်သူမှ ၀ယ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ကမှ '၀ိုင်' လိုမျိုး၊ ကြာလေ တန်ဖိုးတက်လေ။ အမတို့က သနပ်ခါးသွေးရင်တောင် 'ရတာယူမယ်' ဆိုပြီး အသံထွက်နေပြီ” ဆိုပြီး စတတ်ကြသေးတယ်။ ကျမကတော့ အပြုံးမပျက်ပဲ “ကံပါလာရင်တော့ တစ်ယောက်ယောက်နဲ့ ဖူးစာဆုံမှာပဲ”လို့ ပြန်ပြောလိုက်တော့တယ်။ [ဗေဒင်တွက်တိုင်းလည်း အပျိုကြီးမဖြစ်ဘူးလို့ဟောကြတာကိုး... ;) ] အချိန်တန်ရင်တော့ သမီးအလိမ္မာပဲလုပ်ပြီး မိဘစကားနားထောင်သလိုလိုနဲ့ မိဘစီမံရာပဲ နာခံလိုက်တော့မယ်ပေါ့။
*****
ကျမရဲ့ အိမ်ထောင်ဘက်ကတော့ အသက်အားဖြင့် ၁ နှစ်ခွဲသာသာကြီးပါတယ်။ (ကျမတို့ မောင်နှမတွေကတော့ ၂ နှစ်ကြီး ၂ နှစ်ငယ်တွေဆိုတော့ သူက ကျမ ကိုကြီးထက် ငယ်ပါတယ်။) Company တစ်ခုတည်းမှာ အလုပ်အတူတူ လုပ်ခဲ့ကြပြီး ၅ နှစ်ကျော်မှ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိနေကြပါတယ်။ ကောင်းတာရော၊ မကောင်းတာတွေရောပေါ့။ သူဟာ လွင်မိုးလိုတော့ အရပ်မရှည်ပါဘူး။ ဒါရိုက်တာ“ရင်”လိုမျိုး စတိုင်ခပ်မိမိနဲ့ မျက်လုံးပြူးပြူးလည်း မဟုတ်တဲ့အပြင် တခါတလေ “ဦးဝတုတ်၊ ၀တုတ်ကြီး” လို့တောင် ခေါ်ရပါသေးတယ်။ သူ့ပါပါးက တရုတ်ကပြား၊ မေမေက မြန်မာဆိုတော့ သူက တရုတ်သွေး တစ်မတ်ဖိုးလောက်ပဲ ပါပြီး မျက်နှာက ကျမထက်ကို တရုတ်နဲ့ ပိုတူပါတယ်။ Kobe က China Town ဘက်သွားရင်လည်း သူ့ကို “တရုတ်လား” ဆိုပြီး လာမေးတတ်ကြတယ်။ ဒါကြောင့်လည်း ကျမအိမ်က သူနဲ့ သဘောတူခဲ့တာပေါ့။
အ၀တ်အစားဝယ်ရမှာ အရမ်းနှမြောတတ်ပြီး ကွန်ပျူတာပစ္စည်း၊ လျှပ်စစ်ပစ္စည်း ဆိုရင် ဈေးကြီးပါစေ ကောင်းပေ့ဆိုတာမှ ကိုင်ချင်၊ သုံးချင်တဲ့သူမျိုးပါ။ စိတ်ရှည်၊ သည်းခံတတ်ပြီး စိတ်ဆိုးရင်တောင် မျက်နှာတချက်မပျက်တတ်သူပါ။ စိတ်ရင်းကောင်းပြီး ခပ်ပျော်ပျော်နေတတ်တယ်။ အစအနောက်သန်တယ်။ ဂိမ်းအင်မတန်ဆော့ပြီး အပေါင်းအသင်းခင်တတ်တယ်။ အားနာတတ်တယ်။ နောက်ပြီး ယောင်္ကျားလေးတို့ တတ်အပ်တဲ့ ပညာရပ်အားလုံးလည်း တတ်ပါသေးတယ်။ ဒါကြောင့် သူ့ရဲ့ ကောင်းတာတွေအပြင် မကောင်းတဲ့အချက်တွေရော လက်ခံနိုင်လားဆိုတာ သေချာ စဉ်းစားပြီးမှ လက်ထပ်ဖို့ သဘောတူခဲ့တာပါ။ ကျန်တာတွေကတော့ အများ သူငါလိုပါပဲ။ ကျမတို့ရဲ့ အသက်အရွယ်ဟာ စိတ်ကို ဦးစားပေးရမယ့် အရွယ်မဟုတ်တဲ့အတွက် အော်ကြီးဟစ်ကျယ် ပြဿနာ တက်တာမျိုး မဖြစ်လိုလှပါဘူး။ ကျမ စိတ်တိုရင် သူငြိမ်ပြီးနေတတ်သလို သူမကြိုက်တဲ့ ပွစိ ပွစိနဲ့ နားပူနားဆာ တိုက်တာမျိုး မလုပ်ဖြစ် မပြောဖြစ်အောင် ဆင်ခြင်ပါတယ်။ မကြိုက်တာ စိတ်တိုင်းမကျတာ တွေ့ရင်လည်း ကျမက စိတ်ထဲ မထားတတ်ပါဘူး။ ချက်ချင်းဖွင့်ပြောပြီး ဖြေရှင်းတတ်သူပါ။ ကျမက စိတ်ဆိုးလွယ်တတ်သလို စိတ်ပြေ တာလည်း လွယ်ပါတယ်။ သူက သွေးအေးတတ်ပြီး ကျမက သွေးဆူတတ်ပါတယ်။ အဲဒါကြောင့် အိမ်ထောင်ကျပြီးကတည်းက အခုချိန်ထိ ကျမတို့ ၂ ယောက် ရန်ဖြစ်လို့ ပြဿနာ တက်တယ်ဆိုတာ မရှိသလောက်ပါပဲ။ ကျမအတွက် အစစ အရာရာ ဖြည့်ဆည်းပေးတတ်သူ၊ ကျမ စိတ်ဓာတ်ကျရင် အားပေးတတ်သူပါ။
အခုလည်း ရုံးက သူတွေအားလုံးက ကျမတို့အကြောင်းကို သိနေတာမို့ တခါတလေ ပါတီမှာ စကားလက်ဆုံကြမိရင် ကျမကို “Why did you fall in love with your husband?" လို့ မေးတတ်ကြတယ်။ ကျမကတော့ စကားကြီး စကားကျယ် မပြောတတ်သူမို့ “I have no reason” လို့ပဲ ခပ်တိုတို ဖြေလိုက်တော့တယ်။ အဲဒါလည်း သူတို့က သဘောကျပြီး ရီနေကြတော့တာပဲ။ အမှန်တော့လည်း ကျမမှာ ဘာကြောင့်ချစ်တယ် ဘာဖြစ်လို့ ချစ်တယ်ဆိုတာ မရှိဘူးလို့ ပြောရင်တော့ ရီစရာ ဖြစ်နေမလားပဲ။ သူ့ကို သူငယ်ချင်းတွေက ကျမကို ဘာလို့ ချစ်တာလဲလို့မေးရင် ပြောင်စပ်စပ်နဲ့ ထူးအိမ်သင် သီချင်းဆိုပြနေတတ်ပါတယ်။
"ဘာကြောင့်များ ~~ ချစ်လဲ..
ဒီလိုမေးရင် ~~ ခက်သားကွယ်..
အချစ်မှာ ~~ အကြောင်းပြချက်များ
မလိုဘူး... ”
ကျမ ဆယ်ကျော်သက်အရွယ်က စိတ်ကူးယဉ်ခဲ့ဖူးသူနဲ့ တကယ့်အိမ်ထောင်ဘက်က ထပ်တူထပ်မျှတော့ မဖြစ်ခဲ့ပါဘူး။ တကယ်တမ်း အိမ်ထောင်ရေးမှာ အရေးကြီးတာက “တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိဖို့ပဲ လိုတယ်” လို့ ထင်မိပါတယ်။ “နားလည်မှု”ဆိုတဲ့ ဒီစကားဟာ အပြောလွယ်သလောက် လိုက်နာဖို့တော့ မလွယ်ကူလှပါဘူး။ ဘယ်လောက်အထိ နားလည်ပေးရမယ်၊ ဘယ်အတိုင်းအတာထိ နားလည်နိုင်မယ် ဆိုတာ ၂ ယောက်သား ညှိယူရင်းနဲ့ပဲ ......
ဖေဖော်ဝါရီ ၁၅၊ ၂၀၀၈။