November 28, 2008

အရုပ်လေးတွေ...

ဒီနေ့ မ၀ါက “ကြွားချင်တယ်လို့ ဆိုချင်ဆို” ခေါင်းစဉ်နဲ့ Tag Game တခု ရေးခိုင်းပါတယ်။ မ၀ါ Tag ထားတဲ့ ခေါင်းစဉ်ကို သဘောကျတာနဲ့ လုပ်စရာရှိတဲ့ အလုပ်ကြွေးတွေ ၊ စာကြွေးတွေကို ခဏဘေးဖယ်ထားပြီး Blog ကြွေးကို အရင်ဆုံး ရှင်းလိုက်ပါတယ်။ ဒီလိုပို့စ်မျိုးကို အရင်က ရေးမယ်လို့ စိတ်ကူးထားခဲ့ဖူးတယ်။ Blog မှာတင်မယ်ဆိုပြီး မတင်ဖြစ်ဘူး။ ဓာတ်ပုံတွေကလည်း ရိုက်ပြီးသား အဆင်သင့်။ ရေကန်အသင့် ကြာအသင့်ဆိုသလိုပါပဲ။ အခု မ၀ါ Tag လိုက်တော့ အတော်ပဲ ဖြစ်သွားတာပေါ့။ ကြွားချင်ရက်နဲ့ လက်တို့.. ဟုတ်ပါဘူး.. ရေးချင်ရက်လက်တို့ဖြစ်သွားတယ်။ ( အဟိ.. သိပ်ပြီး မကြွားချင်ရှာဘူးနော်.. :P)။ ကျေးဇူးပါ မ၀ါရေ..


*****


ကျမမှာက ကြွားစရာဆိုလို့ များများစားစားလည်း မရှိလှပါဘူး။ မိန်းကလေးဖြစ်ပေမယ့် စုထားတာဆိုလို့ အ၀တ်အစားတွေပဲ ရှိလိမ့်မယ်ထင်တယ်။ အဲဒါတွေကလည်း သိပ်ပြီး ဆန်းဆန်းပြားပြား၊ style ကျကျ၊ ဈေးကြီးကြီး မဟုတ်ဘူး။ အလွန်ဆုံးတန် ယန်း ၅၀၀ နဲ့ ၁၀၀၀ ကြား အင်္ကျီတွေများတယ်။ ဘောင်းဘီဆိုလည်း ယန်း ၂၀၀၀ ထက်မပိုစေဘူး။ တခါတလေ ကျမက လူကောင်သေးတော့ ကံကောင်းတယ်ဆိုရမယ် ယန်း ၂၀၀၊ ၃၀၀ တန်လောက် ဘောင်းဘီတို့ စကပ်လိုမျိုးလေးတွေ ရလာတတ်သေးတယ်။ Brand တော့ မဟုတ်ဘူးပေါ့နော်။ အဲဒါဆိုတော့ ကြွားလို့ မသင့်တော်ဘူး။ ဂျပန်မလေးတွေလို အ၀တ်အစားကို ယန်း သောင်းကျော်တန်လည်း မ၀ယ်နိုင်ပါဘူး။ သာမန် ရိုးရိုး ရုံးသွား၊ အပြင်သွား အ၀တ်တွေဆိုတော့ Blog ပေါ်မပြောနဲ့ အချင်းချင်း ထုတ်ပြရင်တောင် စိတ်ဝင်စားဖို့ မကောင်းလှဘူး။


နောက်ပြီး ကိုယ်က မပြင်မဆင်တတ်၊ ဖက်ရှင်ဆိုတာလည်း နားမလည်တော့ တိုတိုထွာထွာတွေ သိပ်မ၀ယ်ဖြစ်ဘူးရယ်။ ဒီမှာက ၀ါသနာပါရင် ပါသလို၊ စိတ်ဝင်စားရင် စိတ်ဝင်စားသလို ပိုက်ဆံသာရှိ၊ သူ့ဈေးနဲ့သူ ၀ယ်စရာတွေကတော့ အပြည့်ပါပဲ။ မိတ်ကပ် စိတ်ဝင်စားတဲ့သူကလည်း မိတ်ကပ်အမျိုးမျိုး ၀ယ်စုဖြစ်မယ်ထင်တယ်။ အ၀တ်အစားဆိုလည်း အ၀တ်အစား ၊ လက်ကိုင်အိတ်၊ လက်ဝတ်ရတနာ၊ ဖိနပ်တို့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတို့ဆိုတာလည်း ၀ယ်ချင်ရင် ဈေးချတဲ့အချိန်သာ ခဏလောက်စောင့်လိုက် အလွယ်တကူ ၀ယ်လို့ရနေတာမျိုးပါ။ အဓိက ပိုက်ဆံနဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို လဲလှယ်တဲ့အခါမှာ ဘယ်ဟာက ကိုယ့်အကြိုက်ဆုံးလဲ ဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်တာ မဟုတ်လား။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ ပြောရခက်တာပေါ့။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းအတွက် ပေးလိုက်ရတဲ့ ပိုက်ဆံကို နှမြောတဲ့သူတော့ ရှားမယ်ထင်ပါတယ်။


ကျမမှာ ရှိတဲ့ ရောဂါက မွေးပွအရုပ်တွေကို အင်မတန် သဘောကျတာပါပဲ။ အရင်မြန်မာပြည်မှာတုန်းကတော့ မ၀ယ်နိုင်ပါဘူး။ ပထမတစ်ခါ ဂျပန်လာတော့လည်း ဈေးကြီးကြီးပေးပြီး မ၀ယ်ဖြစ်ဘူး။ ကိုယ်ရတဲ့ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် စုပြီး မိသားစုအတွက်ပဲ အဓိထားပြီး စဉ်းစားဖြစ်တယ်။ လိုချင်တာရှိရင်တောင် မလိုအပ်ဘူးဆိုရင် မ၀ယ်ဖြစ်ပဲ နေလိုက်တာများတယ်။ ၀ယ်ဖြစ်ရင်လည်း ဈေးပေါတဲ့ ယန်း ၁၀၀ ဆိုင်က ပစ္စည်းတွေလောက်ပဲ။ ဒါတောင် ရန်ကုန်ပြန်တော့ ယန်း ၁၀၀ တန် မွေးပွရုပ်လေးတွေ ၆ခုလောက် ပြန်ပါသွားလိုက်သေးတယ်။ အခုတော့ အရုပ်တွေလည်း မရှိတော့လောက်ဘူး ထင်တယ်။ ဘာလို့လည်းဆိုတော့ အိမ်မှာ ကလေးမွေးနေ့ပွဲ ဖိတ်စာရပြီဆိုတာနဲ့ အဖေက ကျမအရုပ်တွေကို မျက်စိကျနေတာ။ မွေးနေ့လက်ဆောင်ပေးဖို့။ အရင်တုန်းကဆို ပိတ်စလေးတွေ ၀ယ်ပေးနေရတာလေ။ အခုတော့ ဂျပန်က အရုပ်လေးတွေ ပေးတာ ပိုပြီး ကောင်းတာပေါ့ဆိုပြီး “သမီးရေ. နင့် အရုပ်လေး တစ်ရုပ်လောက် ပါကင် ထုပ်လိုက်ပါဦး”ဆိုပြီး ခိုင်းပါတယ်။ အဲဒီအခါကျရင် ကျမမှာ ရှိစု မဲ့စု အရုပ်တွေထဲက ဘယ်အကောင်ကို ပေးရင် ကောင်းမလဲဆိုပြီး စဉ်းစားရတာအမောပဲ။ လူမဟုတ်တော့ ဗိုလ်၊ ကျား၊ သေနတ်ဆွဲခိုင်းလို့ မရဘူးမို့လား။ အားလုံးကို လိုချင်လို့ ၀ယ်ထားတာဆိုတော့ ပေးရမှာ နှမြောတာပေါ့လေ။ နောက်ဆုံး မျက်စေ့မှိတ်ရင်း တစ်ကောင်လှမ်းဆွဲလိုက်ပြီး လက်ထဲပါလာတဲ့ အရုပ်ကို စက္ကူလက်ကိုင်အိတ်လေးထဲ ထည့်ပြီး အဖေ့ကို ပေးလိုက်ရတယ်။


ထိုင်းရောက်တော့လည်း ဘတ် ၂၀၀ တန် Pooh အရုပ်ကြီး တစ်ကောင် ဈေးသက်သာလို့ ၀ယ်ဖြစ်သေးတယ်။ ရန်ကုန်ပြန်ရောက်တော့ အမျိုးသားက တူမလေးကို မွေးနေ့လက်ဆောင်ပေးလိုက်ပါ ဆိုလို့ ကိုယ့်မှာ ကလေးကို ပေးတာတောင် တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေလိုက်သေးတယ်။ ဒီတစ်ခေါက်လည်း အမှတ်မရှိဘူး။ အရုပ်မြင်ရင် လိုချင်တာပဲ။ ဒီတစ်ခါတော့ ကိုယ်က လိုချင်ပြီဆို မျက်နှာငယ်လေးနဲ့ “လိုချင်လိုက်တာ..” လို့ ၂ ခါ ၃ ခါလောက် ရွတ်ပြလိုက်ရင် “လိုချင်ရင် ဒီလ လခထုတ်ရင် ၀ယ်လေ”ဆိုပြီး ပါမစ် ချပေးပါတယ်။ ပါမစ်ကျပေမယ့်လည်း ဈေးကြီးတော့ ကိုယ့်စိတ်ကို ကိုယ် ဘရိတ်ပြန်အုပ်ရတယ်။ အရမ်းလိုချင်ပြီဆိုမှ တစ်ရုပ်လောက် ၀ယ်လိုက်တာပေါ့။

*****


အခု ကျမမှာ ရှိတဲ့ အရုပ်လေးတွေကို စုပြီး Blog ပေါ် တင်ပေးလိုက်ပါတယ်။ သိပ်အများကြီးလည်း မရှိတော့ “ကြွားရမှာကို အားနာပါတယ်လေ” ဆိုသလိုဖြစ်နေပြီ။ My Totoro ပို့စ်မှာတုန်းက “(ကို) တားမြစ်ထားသော” ရယ်၊ “မမသက်ဝေ” ရယ်က အရုပ်စင်ဝယ်ပြီးရင် ဓာတ်ပုံရိုက်ပြပါဦးလို့ ဆိုထားသေးတယ်။ အရုပ်တွေကတော့ အခုထိ အဆင့်မြင့်မြင့် စင်နဲ့ မနေရသေးပါဘူး။ ဒါကြောင့် သူတို့ကို ကြမ်းပြင်ပေါ်မှာပဲ ချထားပြီး ဖုန်တက်ကုန်မှာစိုးလို့ ပလပ်စတစ်အိတ်တွေထဲ ထည့်ထားရတယ်။ အခုတော့ သူတို့ခမျာလေးတွေလည်း စင်ပေါ်မတက်ရပဲ Blog ပေါ် တက်လိုက်ရပါပြီ... :)

Totoro နှင့် သူငယ်ချင်းများ...


ပြီးခဲ့တဲ့ My Totoro ပို့စ်မှာတုန်းက သူဝယ်ပေးတဲ့ အရုပ်ပါ။ ဖုန်တက်မှာစိုးလို့ ပလပ်စတစ်မဖြုတ်ပဲ ဒီအတိုင်းပဲ ထားတယ်။ :)


Disney Store ကို သွားတုန်းက မွေးနေ့လက်ဆောင် ၀ယ်ပေးထားတာ။ Pooh နဲ့ Piglet ကိုပဲ ကြိုက်လို့ ၂ ကောင်ပဲ ၀ယ်ဖြစ်တယ်။ သူတို့ အသားလေးတွေက အရမ်းနူးညံ့တာပဲ။


ဒီအရုပ်က ညီမလေး မြရွက်ဝေ က မွေးနေ့လက်ဆောင်ပေးတာပါ။ ကလေးရရင်လည်း အမွှာမွေးအောင်တဲ့လေ။ :P


အခုတစ်ခေါက် ဂျပန် ပြန်ရောက်ခါစတုန်းက ယန်း ၁၀၀ ဆိုင်သွားပြီး ၃ ရုပ် ၀ယ်လာခဲ့သေးတယ်။ နောက်ပိုင်းတော့ တစ်ရုပ် ယန်း ၂၁၀ ဖြစ်သွားပြီ်။ ရှေ့က ဖျံအဖြူလေးက Hokkido က ၀ယ်လာခဲ့တာ။ ယန်း ၈၀၀ ပေးရတယ်။


ဒီခွေးရုပ်အကြီးလေးက စင်ကာပူက သူငယ်ချင်း လက်ဆောင်ပေးတာ။ အဲဒီအရုပ်လေးရတော့ အရမ်းပျော်တာပဲ။ သူနဲ့ အဖော်ရအောင် ယန်း ၁၀၀ ဆိုင်က ခွေးလေး ကပ်ပေးထားတာ။ :)


အိမ်ထဲမှာထားရင် ဒီလိုထားရတယ်။ အရုပ်စင်မ၀ယ်ဖြစ်သေးတော့ ကြမ်းပြင်မှာပဲ စုထားလိုက်တယ်။ တချို့ သေးတဲ့ အရုပ်တွေကတော့ စင်ပေါ်မှာပေါ့။ (ကြွားတဲ့အထဲမှာ TV မပါဘူးနော်.. :D)


နိုဝင်ဘာ ၂၈၊ ၂၀၀၈။

22 comments:

PAUK said...

နုရေ..
ပေါက်နဲ့အကွာကြီးကွာပါ့..
ပေါက်က အရုပ်တွေမကြိုက်တတ်ဖူး..
အခုဆို..ချန်းချန်းပါမကြိုက်တာ..
ဘယ်တုန်းကမှလည်းသူ့ကိုမ၀ယ်ပေးဖူုးဘူး
အသိမိတ်ဆွေတွေပေးတာတောင်..တံဆိပ်တွေ
မဖြုတ်ပဲ..ဒီအတိုင်း..ပလပ်စတစ်အိပ်ကြီးထဲစုပြီး
ထုပ်ထားတယ်..
မခံစားတတ်ဖူးပေါ့နော်..
ဒီကတွေသမျှလူကိုပေးနေရတယ်..
တစ်ချို့ကမယူဘူး(အမွေးပွအရုပ်..ဖုန်ပါမှာ
စိုးလို့တဲ့လေ)
မြန်မာပြန်ယူသွားရအောင်လည်း..မသယ်နိုင်ဘူး..
ပြန်ရှာကြည့်ပါအုန်းမယ်
ပြီးရင်..အကုန်..နုဆီပို့လိုက်မယ်
လှ..လှ မလှလှ..ယူထားပေရော့..
သခင်စစ်ဆီကို..

A Linn Nyi said...

နုနုရေ..
အရုပ်လေးတွေ လာငေးသွားတယ်။ အများကြီး စုမိနေပြီနော်..ပျော်စရာကြီး။

A Linn Nyi said...

မကြွားပေမယ့် TV ကြီးပါ ငမ်းသွားတယ်..ဟိဟိ :-)

Anonymous said...

အရုပ်လေးတွေက ချစ်စရာ။

WWKM said...

မနုစံရေ..
အမြန်ဆုံးနဲ့ ပုဂံလုံးစီးပြီးရေးပေးတာ အရမ်းကျေးဇူးတင်
မိပါတယ်နော်.
အရုပ်ကလေးတွေက ချစ်စရာကောင်းတယ်.
ဒါပေမယ့် မကြွားတဲ့ TV ကြီးကို ပိုကြိုက်သွားတယ် ..ဟဲဟဲး)
ကြုံတုန်းပြောသွားရဦးမယ် မနုစံရေ..
သမီးလေးက အသက် ၁၈နှစ်မပြည့်သေးလို့ ဘလော့စည်းကမ်းနဲ့ မကိုက်ညီတာနဲ့ ဆက်မရေးခိုင်း
တော့တာပါနော်...

ခင်မင်စွာနဲ့
ဝါ၀ါ

ဒါနဲ့ ညီမမြရွက်ဝေ လဲ ပျောက်နေလေရဲ့နော်..
အဆင်ပြေပါစေ.

khin oo may said...

TV ကြီးကြွားချင်လို့ ဇာတ်ကို အစကတည်း က သယ်လာတာပါအေ။ :P

khin oo may said...

အ့ရုပ်ကလေးတွေနဲ့သိတ်မကပ်ပါနုဲ့ နှခေါင်းရောဂါ ဖြစ်တတ်ပါတယ်။ အမှူန်အမွားကလေးတွေ ရှိတတ်တ.် asthma တို့ allergic rhinitis, polyp တှို့..ဖြစ်တတ်တယ်။

Anonymous said...

အမနုစံ အရုပ်လေးတွေကို ချစ်မနေနဲ့တော့နော်။ လူပိစိလေးတွေကို ချစ်ရအောင် ကြိုးစားတော့သိလား။
တိုတိုးရိုအရုပ်ကြီးတော့ လိုချင်သား။ မဇနိက အရုပ်မကြိုက်ပေမယ့် ဒီအရုပ်ကြီးတော့ချစ်တယ်။ ကိုဇနိကို ၀ယ်ပေးခိုင်းတာ ၀ယ်မပေးဘူးတဲ့။ သူကလည်း ဗိုက်ပူပူကြီးမလို့ သူ့ကို အပိုင်ပေးမယ်လို့ ပြောတယ်။

သက်တန့် said...

မမနုစံရေ...
အရုပ်တွေရော မကြွားတဲ့TVကြီးကိုရော သရေကျသွားပါတယ်...
ညီမလေးက အရုပ်တွေဆို အလွန်သဘောကျပဲ... :)

Anonymous said...

ဂျပန်က မမရေ ဂျပန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ဖတ်ရတော့ ကျွန်မရဲ့ အစ်ကိုကြီးကို သတိရသွားတယ်လေ။ ကျွန်မအစ်ကို ကဂျပန်အရမ်းသွားချင်ရှာတာ ။ သူ့ ခမျာဂျပန်စာကို သင်လိုက်ရတာအမောပဲ ။ ကျွန်မက စ င်ကာပူမှာပါ။ ဂျပန်သွားဖို့ ကငွေတော်တော်ကုန်မှာ ဆိုတော့ အမေ့ရဲ့ တိုက်ခန်းတစ်ခန်းရယ် မ-ဒဂုံက ခြံကွက်ရယ် ရောင်းပြီး လိုတာကို ကျွန်မဖြည့်ပေး မယ်ဆိုပြီးကြိုးစားကြသေးတယ်။ သူ့ ဘဝမှာဂျပန်ရောက်ရင်သေပျော်ပြီတဲ့လေ ။ သူ ဘယ်လိုပဲကြိုးစားပေမယ့် အောင်မြင်ရေး လမ်းကြောင်း မပါတာကြောင့် အဆင်မပြေခဲ့ပါဘူး ။နောက်ဆုံးတော့ ငါ့အတွက်မကြိုးစား ပါနဲ့ တော့ဆိုပြီး မလေးရှားပဲထွက်သွားခဲ့တယ် ။ မိသားစုအတွက်အနစ်နာခံတဲ့ကိုကြီးပါ။ မ ကျွန်မစာကြောင့်စိတ်ညစ်သွားရင်ဆောရီးပဲနော်။ ပျော်နိုင်ပါစေ မမ

တားမြစ် ထားသော... said...

ပိုစ့်တွေ အတော်များများ ဖတ်သွားတယ်။
ပျော်ရွှင်အဆင်ပြေပါစေ။ C-box မတွေ့လို့ ဒီမှာပဲ ပြောသွားပါတယ်။

သုခမိန်(E-Journal)

kay said...

နုစံရေ- ခုတလော..အရေးကျဲလို့..။
လာမအော်ဖြစ်တာတောင်..ကြာပေါ့.. ။း)
မွေးပွရုပ်တွေ..စုတုန်းလား။ ကောင်းတာပေါ့..အရုပ်ကလေးတွေကို ချစ်ရတာ..စိတ်ချမ်းသာတယ်။ အကြီးဆုံး အရုပ်ကြီးကိုလည်း..ချစ်။း)

ခင်တဲ့..မကေ

Moe Cho Thinn said...

နုရေ
အရုပ်ကလေးကို ချစ်တတ်တဲ့သူက စိတ်နူးညံ့တာပေါ့။ အမကတော့ သေနတ်ပစ်လို့ အရုပ်ရတဲ့ ကစားပွဲတွေမှာ အရုပ်ရချင်ဇောနဲ့ ပိုက်ဆံတွေ ကုန်ရတာ အမြဲတမ်းပဲ။
ဝယ်ရင်ရရက်သားနဲ့ ဆော့လို့ နိုင်လို့ ပေးလိုက်တဲ့ အရုပ်တွေကို ပိုလိုချင်မိတယ်။
ဒါပေမဲ့ ပိုက်ဆံသာကုန်ပြီး ဖွတ်စုတ်လေး တကောင်သာ တွဲလျောင်းချ ကိုင်ပြီး ပြန်ရတဲ့အခါတွေ များပါတယ်ကွယ်။ :)

Anonymous said...

မမနုစံ..
အရုပ်လေးတွေချစ်စရာလေး..
တီဗီကြီးလည်းငမ်းသွားတယ်. ဟဲ :P

:P said...

အရုပ်တွေ...လှလိုက်တာ

Anonymous said...

အစ်မ မှာ အရုပ်တွေအများကြီး ကျနော်တစ်ခါပြောဖူးသေးတယ် ခလေးရရင် ၀ယ်ပေးဖို့ မလိုတော့ဘူးလို့  မှတ်မိတယ်ဟုတ်း)

သက်ဝေ said...

ညီမနုရေ...
အရုပ်လေးတွေလာကြည့်တယ်...
အားလုံးက ချစ်စရာ...
ဟိုတစ်ခေါက်က ပြောထားတာ မှတ်မှတ်ရရ ရေးပေးတာ ကျေးဇူးပါ
စင်လေးဝယ်ပြီးရင် နောက်တစ်ခါ ထပ်ပြအုံးလေ နော်

တန်ခူး said...

နုရဲ့အရုပ်လေးတွေက ချစ်စရာလေးတွေ…
သားက မွှေးပွရုပ်မကြိုက်… ကိုယ်ကကြိုက်တော့ ၀ယ်ပေးမိတယ်… တကယ်တော့ သားအကြောင်းပြတာပါ… ကိုယ့်အတွက်ကိုယ်ဝယ်တာ…
မေမေက ပိုတောင်ဆိုးသေး…. ဟိုတနေ့ ကတောင် သားမကြိုက်တဲ့ မွှေးပွရုပ်တွေ မြန်မာပြည်ပြန်ရင် သယ်လာခဲ့လို့ မှာနေသေးတာ… စကားပြောတတ်တဲ့ အရုပ်သေးသေးလေးတွေရော ဘယ်တော့လဲ…

nu-san said...

ပေါက်>> အိမ်နားနီးရင် တကယ်လိုချင်ပါတယ် ပေါက်ရေ.. ချန်းချန်းကလည်း အရုပ်မကြိုက်ဘူးလား။ ဟုတ်တော့နေတာပဲ မားမားနဲ့ သမီးကတော့လေ.. :)

မအလင်းညီ>> ဟုတ်တယ်အမရေ.. တော်တော်စုမိဆောင်းမိနေပြီ။ အိမ်ပြန်ရင် အဲဒါလေးတွေအထုပ်လိုက်သယ်သွားရမယ်.. TV ပါ ငမ်းသွားတယ်လား အမ..:D

Ponyate>> ပုံရိပ်ရေ.. လာလည်လို့ ကျေးဇူးပါနော်... အဟိ.. ဟုတ်ပါ့. အရုပ်တွေက ချစ်ဖို့ကောင်းတယ်.. ကိုယ်က ကြိုက်လို့လားမသိဘူးရယ်..သူတို့ကို ကြည့်ရတာ အသည်းယားတယ်.. :)

မ၀ါဝါခိုင်မင်း>> အမရေ.. သိပ်မရေးချင်ရှာလို့ ပန်းကန်လုံး စီးပြီးရေးလိုက်တာနော်.. သူများက အရုပ်ပဲ ကြွားတာပါ။ TV ပါဘူးနော်.. :D

အော်.. အဲဒါကြောင့်သမီးလေးက Blog ဆက်မရေးဖြစ်တော့တာကိုး.. အဲဒီစည်းကမ်းရှိတာ မသိဘူးရယ်.. :O

မမခင်ဦးမေ>> ဒီယုန်မြင်လို့ဒီချုံထွင်တာပါ အမရယ်.. အမ သိသွားတော့ ရှက်သွားတာပဲ..အဟီး. သူများက အရုပ်လေးတွေပဲ ကြွားတာပါ.. TV က Accidently ဓာတ်ပုံထဲ ပါသွားရှာတာ.. :P

အမရေ.. အခုလို သတိပေးတာ ကျေးဇူးပါနော်.. အရုပ်တွေကို သိပ်တော့ မကိုင်ဖြစ်ဘူးရယ်... နှမြောတယ်ဆိုပြီးဖုန်တက်မှာစိုးလို့ ပလပ်စတစ်အိတ်တွေထဲ ထည့်ပြီး သိမ်းထားတယ်.. သူတို့ဆီက အမှုန်တွေကြောင့် ရောဂါရတတ်တယ်ဆိုတော့ သတိတော့ထားဦးမှ.. :)

မဇနိ>> ညီမလေးရေ.. လူပိစိတွေကို ချစ်ဖို့ ကြိုးစားပါ့မယ်.. ကူထိန်းပေးမယ်ဟုတ်.. :P ဒါဆို ကိုဇနိက တိုတိုရိုကြီးပေါ့နော်.. ကိုဇနိကို ၀ယ်ခိုင်းသိလား.. လူတိုတိုရိုရော အရုပ်တိုတိုရိုရော လိုချင်တယ်လို့.. :D

သက်တန့်>> လာလည်တာ ကျေးဇူးပါ ညီမလေးရေ.. အရုပ်တွေ သဘောကျတယ်ဆိုလို့ ၀မ်းသာနေတယ်.. အရုပ်ကြိုက်သူတွေ အုပ်စုပိုတောင့်လာပြီပေါ့နော်.. :)

လော်ရာ>> စိတ်မညစ်ပါဘူး ညီမလေးရေ.. အခုလို လာလည်တာပဲ ကျေးဇူးတင်ပါတယ်.. ညီမလေး အကိုကြီးက ဂျပန်စာကို လေ့လာခဲ့တယ် ဆိုရင် နည်းလမ်းရှာကြည့်ပါလား။ မြန်မာပြည်မှာထက်စာရင် တခြားနိုင်ငံကနေ တဆင့်လာတာမျိုးက ပိုအဆင်ပြေနိုင်ပါတယ်။ အားမလျော့ပါနဲ့ စိတ်မပျက်ပါနဲ့လို့.. :)

(ကို)တားမြစ်ထားသော>> အမဆီမှာ Cbox မရှိလို့ အားနာတယ်။ Cbox မထားတာပါ။ လာလည်ပြီးစာတွေ ဖတ်သွားတယ်ဆိုလို့ ကျေးဇူးပါနော်.. :)

မကေ>> မကေရေ.. အရုပ်တွေ ချစ်ရတာ စိတ်ချမ်းသာတာတော့ မပြောနဲ့.. သူတို့က ကိုယ်ထားရာနေ စေရာသွားပဲ.. ပိုက်ပိုက်လေး နည်းနည်းကုန်တာက လွဲရင်ပေါ့ အမ။ အကြီးဆုံး အရုပ်ကြီးကတော့ Default ပေါ့ အမရေ.. :D

မမိုးချိုသင်း>> အို.. အမက အဲဒီလို ဆော့ဖူးတယ်လား.. ကျနော်လည်း ထိုင်းမှာတုန်းက အဲဒီလို အရုပ်ကြီးတွေ လိုချင်လို့ အမျိုးသားက ပစ်ပေးဖူးတယ်.. ကံမလိုက်ပါဘူး အမရယ်.. ပိုက်ဆံသာ ကုန်တယ်.. တခုမှ မရခဲ့ပါဘူး.. နောက်ဆုံး လောဘသတ်ပြီး ပြန်လာခဲ့ရတယ်... အမက အရုပ်လေးတွေ ရလာတာမို့ ပိုတော်တယ် ပြောရမယ်.. ဟုတ်တော့ ဟုတ်တယ် အမရဲ့..ကျနော်ဆိုလည်း အဲဒီလို ဆော့လို့ ရတဲ့ အရုပ်ကို ပိုပြီး မက်တယ်.. :D

ဝေလေး>> အရုပ်လေးတွေက ချစ်စရာတဲ့လား.. TV လည်းငမ်းသွားပါ ညီမလေးရေ.. ကြွားစရာဒါလေးပဲ ရှိတာမို့ပါ... :D

Sin Dan Lar>> ဟုတ်ပါ့.. အရုပ်တွေ လှတယ်နော်..အဟီး.. (အပြည့်အ၀ ထောက်ခံပါသည်။)

မောင်မျိုး>> မှတ်မိပါတယ် မောင်မျိုးရေ.. ဒီပို့စ်ရေးတော့ မောင်မျိုးပြောတာ သွားသတိရမိပါတယ်.. :) ကလေးအတွက် အရုပ်တွေ ၀ယ်ပြီး အခုကတည်းက စုပေးထားတဲ့သဘောပါ.. :D

မသက်ဝေ>> အဟီး.. စင်လေးဝယ်ပြီးရင်လည်း ပြရဦးမှာပေါ့ အမရယ်.. (သိပ်မပြချင်ရှာဘူးနော်.. :D)

မတန်ခူး>> စကားပြောတတ်တဲ့အရုပ်ကတော့ လာမယ် ကြာမယ်ပေါ့ အမရေ.. အရုပ်ကို အမ မေမေလည်း ကြိုက်တယ်လား.. သားသားက ယောင်္ကျားလေးဆိုတော့ ဒီလို မွေးပွရုပ်တွေ ကြိုက်မှာ မဟုတ်ဘူးနော်.. သမီးလေးဆိုရင်တော့ သဘောကျချင် ကျမှာ.. :D

ThuHninSee said...

လက်ဆောင်ရထားတဲ့ မွေးပွရုပ်လေး တစ်ရုပ်ရှိတယ်။ ယူလိုက်လေ။

Anonymous said...

မ က လည်း သူဝယ်ပေးတဲ့အရုပ်ကို အလတ်စတစ်ထဲထည့်ထားရလား.. ဖက်လို့  ဘယ်ကောင်းမလဲ..။
အရုပ် လာခိုးဦးမယ်..။

nu-san said...

သုနှင်းဆီ >> မွန်ရေ.. တကယ်ပေးမှာလား.. :)

လေးမ>> လေးမရေ.. နှမြောလို့ ပလပ်စတစ်ထဲ ထည့်ထားတာ။ ဖုန်တွေပေကုန်မှာ စိုးတယ်.. လာယူလှည့်နော်.. တကယ်ပေးမယ်.. :)