December 11, 2008

Flower Arrangement - Sep 18, 2008

“ပန်းအလှပြင်မယ်” ဆိုတဲ့ Label အောက်မှာ ပို့စ်အသစ် မတင်ဖြစ်တာတောင် ကြာပြီ။ ပြီးခဲ့တဲ့ ၉ လ ပိုင်းတုန်းက လုပ်ခဲ့တဲ့ ပန်းပုံတွေတောင် မတင်ရသေးဘူး။ ဒီလမှာလည်း Christmas အထိမ်းအမှတ်အနေနဲ့ ရုံးမှာ ပန်းအလှပြင်ပွဲ ထပ်လုပ်ဖြစ်ခဲ့တယ်။ အဲဒါဆိုတော့ ၉ လပိုင်းတုန်းက လုပ်ခဲ့တာလေး အရင်တင်ပေးမယ်နော်။ ဒီလမှာ လုပ်ခဲ့တဲ့ ပန်းအိုးလေးကိုတော့ နောက်တစ်ပတ်မှပဲ တင်ပေးတော့မယ်။


၉ လပိုင်းရဲ့ ပန်းအလှပြင်ပွဲက ရုံးအနေနဲ့ ဆိုရင် ၂၇ ကြိမ်မြောက်ပေါ့။ ကျမအတွက်ကတော့ ၅ ကြိမ်မြောက်ပါဝင်ခဲ့တာပါ။ စက်တင်ဘာလ ၁၈ ရက်တုန်းက လုပ်ဖြစ်တဲ့ ပွဲလေးပါ။ Blog မှာတင်ပေးမယ်ဆိုပြီး မတင်ဖြစ်ပဲ ကြာနေတာ။ အဲဒီတုန်းက ပန်းအလှပြင်တာက Back-Bouquet (
バック型ブーケ) လို့ခေါ်တဲ့ လက်ကိုင် ပန်းခြင်းလိုမျိုး လုပ်ခဲ့ကြတာပါ။ ပန်းတွေက အရောင်စုံသလို ပန်းအစိုတွေနဲ့ လုပ်ဖြစ်တာဆိုတော့ တပတ်လောက်ပဲ အထားခံလိုက်တယ်။ ပြီးသိပ်မကြာဘူး ညှိုးပြီး ခြောက်ကုန်တာပဲ။


*****

လက်ကိုင်ပန်းခြင်း လုပ်ဖို့ လိုအပ်တဲ့ ပန်းတွေက အောက်က ဓာတ်ပုံလေးတွေ အတိုင်းပါပဲ။ ပန်းနံမည်တွေကို သိသလောက် အင်္ဂလိပ်နာမည်ရော ဂျပန်နာမည်တွေပါ ထည့်ပေးထားပါတယ်။ မြန်မာလို အတိအကျအခေါ်တော့ ကျမလည်း မသိပါဘူး။ အသေးစိတ်ကြည့်ချင်ရင် ကြည့်လို့ရအောင် အင်တာနက်မှာ ရှာလို့တွေ့သလောက်ကို လင့်ချိတ်ပေးထားပါတယ်။



Daisy - ガーベラ


Rose - SPバラ


Gomphrena globosa - 千日紅 (センニチコウ)


WaxFlower - ワックスフラワー


Sedum - セダム


PepperBerry - ペッパーベリー


Gaultheria shallon - レモンリーフ


ပန်းတွေအပြင် ဖဲကြိုး ၁ ခု၊ ပန်းခြင်း လက်ကိုင်လုပ်ဖို့ သွပ်နန်းကြိုးအထူကို စက္ကူစ ပတ်ထားတဲ့ စက္ကူချောင်း၊ ပန်းတွေ ထိုးစိုက်ဖို့ ရေဆွတ်ထားတဲ့ ဖော့တုံး၊ ဖော့တုံးကို အပေါ်က ထပ်အုပ်ဖို့ သံဇကာအသေးတစ်ခု လိုပါတယ်။

ပထမဆုံးအနေနဲ့ စက္ကူချောင်းကို ဖဲကြိုးနဲ့ လိမ်ပြီး ပတ်ရပါတယ်။ ပတ်တဲ့အခါမှာ စက္ကူချောင်းရဲ့ အစွန်း ၂ ဘက်မှာရှိတဲ့ ဖဲကြိုးစကို ပြုတ်မထွက်အောင် သတိထားပြီး ပတ်ရပါတယ်။ ကျမတုန်းကတော့ ဖဲကြိုးက လိမ်ပြီး အဖုအထစ်တွေ ဖြစ်နေလို့ ခဏခဏ ပြန်ပြန် လုပ်ခဲ့ရသေးတယ်။ ဖဲကြိုးပတ်ပြီးသွားရင် စက္ကူချောင်းကို လက်ကိုင်ကိုင်းအဖြစ် အဆင်ပြေသလို ကိုယ့်စိတ်တိုင်းကျ ကွေးယူပါတယ်။ ဒါဆိုရင် ပန်းခြင်းအတွက် လက်ကိုင် ရပါပြီ။



နောက်တစ်ဆင့်က ပိုက်ဆံအိတ်လို ကိုယ်ထည်လုပ်ရမှာပါ။ အဲဒီလို လုပ်ဖို့အတွက် အရင်ဆုံး ဖော့တုံးကို ရေအကြာကြီး စိမ်ထားပြီးမှ ဖော့တုံးအသားတွေကို လိုသလို လှီးထုတ်ပစ်ပြီး ပုံဖော်ပါတယ်။ ပုံဖော်ပြီးသား ဖော့တုံးကို သံဇကာအပါးစနဲ့ အုပ်ပြီး နန်းကြိုးမျှင်တွေနဲ့ တင်းနေအောင် ချည်ထားပါတယ်။ ပြီးမှ စောစောက လက်ကိုင်လေးနဲ့ ဖော့တုံးနဲ့ တွဲပြီး ချည်လိုက်တော့ ပိုက်ဆံအိတ်ပုံလေး ရလာတာပေါ့။ အဲဒီ အပေါ်ကနေမှ ကိုယ်လိုသလို ပန်းထိုးပြီး ပြင်ယူရတာပါ။

ပန်းတွေ စပြီး မထိုးခင် လက်ကိုင်အိတ်ပုံဖော့တုံး အနောက်ဘက်ကို သစ်ရွက်တွေနဲ့ စီပြီး ဖုံးအုပ်လိုက်ပါတယ်။ ပြီးတော့မှ အလှကိုင်မယ့်ဘက်၊ ဘေး နှစ်ဘက်နဲ့ အပေါ်ဘက်တွေကို ပန်းတွေ စီပြီး ထိုးရတာပါ။ ပန်းထိုးတာကတော့ အဓိက ကြက်သွေးရောင် ဒေစီပန်းတွေကို အဓိက ထားပြီး ဘေးက တခြားပန်းသေးသေးလေးတွေ ၀ိုင်းရံရတာမျိုးပါ။ ပန်းတွေကို နေရာချဖို့နဲ့ သင့်တော်သလို ထိုးစိုက်ဖို့က တစ်ယောက်နဲ့ တစ်ယောက် စိတ်ကူးချင်းမတူပါဘူး။ ကျမ လုပ်ခဲ့တဲ့ လက်ကိုင်ပန်းခြင်းကတော့ အောက်က ဓာတ်ပုံမှာ ပြထားသလိုပါပဲ။














ဒီလို လက်ကိုင်ပန်းခြင်းတွေက မင်္ဂလာဆောင်မှာ သတိုးသမီးတွေ ကိုင်လေ့ရှိတဲ့ Fashion ဆိုပြီး ဆရာမက ရှင်းပြပေးပါတယ်။ ရောင်းတန်းဝင် လက်ကိုင်ပန်းခြင်းတွေကတော့ အရမ်းလည်းလှသလို ဈေးကြီးမှာကလည်း အသေအချာပါပဲ။ ပန်းနဲ့ ဒီဇိုင်းပေါ်မူတည်ပြီး တန်ဖိုးအနည်းအများကွာသွားပါလိမ့်မယ်။ စိတ်ဝင်စားလို့ တခြားသူတွေရော ဘယ်လို လုပ်ထားသလဲဆိုတာ သိချင်တယ်ဆိုရင် Google images မှာ バック型ブーケ ဆိုတဲ့ Keyword နဲ့ ရှာရင် ပုံတွေ အများကြီး တွေ့ရမှာပါ။


ဒီဇင်ဘာ ၁၂၊ ၂၀၀၈။

16 comments:

ThuHninSee said...

အလယ်က ပန်းအနီလေးတွေ ကကြက်သွေးရောင်ထက်ပိုဖျော့တာလေးဆို ပိုလှမလားမသိဘူး။ အနီမကြိုက်တဲ့သူမို့ ထင်တယ်။ သစ်ရွက်စိမ်းလေးတွေကပ်ထားတာ ကြိုက်တယ်။

Anonymous said...

ပန်းခြင်းလေး ထိုးရတာ ပျော်စရာ ကောင်းမှာပဲ။ ဒါလဲ အနုပညာ တစ်မျိုးပေါ့။

Anonymous said...

အမနုစံရေ ဒီဟာကတော့ မဇနိနဲ့အတော်အလှမ်းဝေးတယ်။ တခါမှ မသင်ဖူးဘူး။ စိတ်တော့ဝင်စားတယ်။ ပန်းလေးတွေလည်း လိုချင်တယ်။ အလှတော့ မဆင်တတ်ဘူး။ လက်ကိုင်ပန်းခြင်းလေးတွေလည်း လုပ်ကြည့်ချင်သား။

တန်ခူး said...

နုရေ… ပန်းခြင်းလေးက လှလိုက်တာ…
ရှေ့ တင် မဟုတ်ဘူး ဘေးနဲ့ နောက်ကလဲ ချစ်စရာလေး…
ပန်းပုစိလေးတွေ မြိုင်မြိုင်ထိုးထားတာ ကြိုက်တယ်…
လိုက်လုပ်ကြည့်ဦးမယ်… ပစ္စည်းကတော့ မစုံဘူးလေ…
မျှဝေပေးတာ ကျေးဇူးပါညီမရေ…

Anonymous said...

နုရေ..
အရင်က ပန်းမကြိုက်တတ်ဖူး..
အခုတော့..ပန်းကိဲုနဲကြည့်လို့ရနေပြီ..
ဒီနေ့တောင် အလုပ်ကပြန်တော့..
ဆိုင်တဆိုင်ဝင်ပတ်ရင်း..
ပန်းအိုး ၂အိုး ၀ယ်ရမ၀ယ်ရ..စဉ်းစားပီး
မ၀ယ်ခဲ့ဘူးးးး
pauk

Anonymous said...

အမနုစံရေ ဂျပန်ကပန်းအလှပြင်အခမ်းအနားဆိုတာ ရှေးဟောင်းဂျပန်ယဉ်ကျေးမူတခုထဲမှာ ပါတယ်၊ chadou(လက်ဖက်ရည် အခမ်းအနား၊
KADOU (ပန်းအလှပြင်အခမ်းအနား)
တွေဟာ ကျယ်ပြန့်နက်ရှိုင်းလွန်းလှသလို၊ တစ်ဦးနဲ့တစ်ဦး လုပ်ပုံကိုင်ပုံစနစ် လည်းမတူကြဘူး၊ ပန်းအလှပြင်တာကတော့ မတိမ်ကောသေးဘူး၊ မနုစံပြင်ထားတာလေးက အနုပညာမြောက်တယ်၊၊ ပညာယူသွားတယ်အမရေ၊ ပြီးတော့ အသစ်တင်တိုင်းဖတ်လို့ ရအောင် လင့်ထားလိုက်ပါတယ်၊

Anonymous said...

အနုပညာမှန်သမျှ စိတ်ဝင်စားလို့ သေခြာကို လာကြည့်သွားတယ် သတင်းစာက စာတွေ .. ထိုင်ခုံမှာ ထိုင်နေတဲ့ အမကြီးက ဘယ်သူ ? ဆိုတာ အထိ ကြည့်သွား ပါကြောင်း ...မနုစံ

khin oo may said...

လှတယ်။ နုစံ

Anonymous said...

အစ်မ ..အနော့် မင်္ဂလာဆောင်ကျ တကယ်ပန်းအလှပြင်ပေးမယ်ဟုတ်း)

အစ်ကိုကြီး နေကောင်းလားဗျ

Dr. Yi Yi Win said...

ပန်းလေးတွေ လှလိုက်တာ နုစံရေ။

သက်ဝေ said...

သိပ်လှတဲ့ ပန်းခြင်းလေးတွေပါလား...
ကိုယ်တိုင်လုပ်ကြည့်ဖို့ ကြိုးစားနေတာ တော်တော်ကြာပြီ... ခုထက်ထိတော့ မအောင်မြင်သေးပါကွယ်...
တစ်နေ့ နေ့ ပေါ့...
လုပ်လို့ မရရင်၊ မလှရင် နုကို မေးမယ်နော်... သင်ပေးပေါ့...။

Anonymous said...

လှလိုက်တဲ့ပန်းလက်ကိုင်အိတ်လေးတွေ...
ပုံလေးတွေသိမ်းထားလိုက်မယ်နော်...

Nu Thwe said...

လှလိုက်တဲ့ ပန်းခြင်းလေးတွေ။ ကျေးဇူး နှစ်ထပ် တင်ပါတယ်။ poll လည်း လာဖြေသွားပေးလို့ပါ။

Anonymous said...

အစ်မရယ်.. တကယ်ချီးကျူးတယ်.. တော်လိုက်တာ.. စိတ်ရှည်လိုက်တယ်..။ လေးမတော့ ပိန်းပန်းကို ငါးရိုးနဲ့ တွဲထိုးပြီး စားပွဲပေါ်တင်ထားတဲ့ အဆင့်ပဲရှိတယ်.။

pandora said...

ကျောင်းတုန်းက တခါ သင်ဖူးတယ်။ ဒီလောက်တော့ လှတပတလေး မဟုတ်ဘူး။ အခြေခံသာသာပါပဲ။ ပန်း ပင်စည်ရိုးကို ဘယ်လိုလေး ဖြတ်ရမယ် ဆိုတာက အစ ပြောပြတာ စိတ်ဝင်စားစရာတွေပါပဲ။

ဒါပေမယ့်လည်း ဘုရားပန်းထိုးတာက လွဲလို့ ဆက်ပြီး အသုံးမချဖြစ် ပန်းမပြင်ဖြစ်ပါဘူး။

nu-san said...

သုနှင်းဆီ >> မွန်ရေ.. အဲဒီ ပန်းခြင်းကလေ ပန်းတွေ အရမ်းများပြီး ကြက်သွေးရောင် ပန်းတွေက ညှပ်ကုန်တယ်... မွန်ပြောတာ မှန်တယ်.. ပန်းအဖျော့လေးတွေချည်းပဲ သုံးရင် ပိုလှတယ်.. ပြီးတော့ နှင်းဆီပန်းများများသုံးရင် ပိုလှမယ်လို့ အမလည်း ထင်တယ်.. သူများတွေ လုပ်ထားတာ တွေ့ဖူးတာ.. ;-)

ပုံရိပ်>> အမကတော့ ပန်းထိုးရတာ တကယ် ပျော်တယ် ပုံရိပ်ရေ.. :)

မဇနိ>> ညီမလေးရေ.. အမလည်း အခုမှ ရုံးက လုပ်လို့သာ လုပ်ဖြစ်တာ.. ကိုယ်တိုင်ဆို ဘာမှ မလုပ်ဖူးဘူးရယ်.. လက်ကိုင်ပန်းခြင်းလေး လုပ်ကြည့်နော်.. ကိုယ့်ပွဲကျရင် လှလှလေး ပြင်လို့ရအောင် ဒီဇိုင်းတွေလည်း ရှာကြည့်ထားနော်.. :)

မတန်ခူး>> မရေ... တခြားပန်းတွေနဲ့ ထိုးလည်း လှတယ် အမ။ သူများပန်းခြင်းတွေဆို နှင်းဆီပန်းတွေ မြိုင်မြိုင်သုံးထားတာ မြင်ဖူးတယ်.. အဟီး.. ရှေ့က ကြည့်လည်း ယဉ်တယ် နောက်က ကြည့်လည်း ယဉ်တယ်ပေါ့နော်... အဲဒီလိုလား.. အမ ( ပန်းခြင်းလေးကို ပြောတာပါ.. :D)

ပေါက်>> ပေါက်ရေ.. ပန်းအိုးတွေ ပန်းတွေ ကြည့်ရတာ စိတ်ချမ်းသာလို့ပါ။ ဒါတောင် ဒီမှာ ပန်းတွေ ဈေးကြီးပါတယ်.. ပန်းအိုးတွေဆိုလည်း ဈေးကြီးတယ်.. သိပ်ဂရုမစိုက်ရတဲ့ ပန်းအိုးမျိုး ပေါက်လည်း ၀ယ်ပြီး အိမ်ထဲ ထားကြည့်ပါလား.. :)

ကိုကမာနီလာ>> ကိုကမာရေ.. လင့်ထားတယ်ဆိုလို့ ကျေးဇူးပါနော်။ ပန်းအလှပြင်တာတော့ ကျမ အတော်လေးသဘောကျတယ်.. ဒီမှာ သင်တန်းလိုမျိုးလည်း တက်ချင်တယ်.. ဈေးတအားကြီးလို့သာ ငြိမ်နေရတယ်.. နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် စိတ်ကူး အတွေးအခေါ်လည်း မတူဘူးဆိုတော့ အဲဒီပေါ်မှာပဲ ပုံစံအမျိုးမျိုး ကွဲထွက်သွားတာမို့ စိတ်ဝင်စားဖို့ကောင်းပါတယ်.. ဂျပန် လက်ဖက်ရည်ပွဲကိုတော့ တခါမှ မကြုံဖူးသေးဘူး.. :)

ကိုဒူကဘာ >> လာလည်သွားတဲ့အတွက် ကျေးဇူးပါနော်.. ကိုဒူကဘာ Blog ကိုလည်း ရောက်ပြီးပါပြီ။ မနှုတ်ဆက်ဖြစ်တာပါ။ သေချာကြည့်တော့ ဘာတွေ တွေ့လဲဟင်.. :D

မခင်ဦးမေ>> အဟီး.. ကျေးဇူး အမ =)

မောင်မျိုး >> အစ်ကိုကြီးနေကောင်းပါတယ် မောင်မျိုးရေ.. မင်းမင်္ဂလာဆောင်ကို တကယ်ဖိတ်ရင် တကယ်လာပြင်ပေးမှာပေါ့.. ဖိတ်ဖို့သာ မမေ့နဲ့နော်.. ဟုတ်လား... :)

မယုဝရီ>> ဟုတ် အမရေ.. ပန်းလေးတွေလှတယ်... :)

မသက်ဝေ>> အမရေ.. အဆင်ပြေမယ်ဆိုရင် လုပ်ကြည့်ပါနော်.. မရဘူးဆိုရင် ပြောပြပေးမှာပေါ့.. မမသက်ဝေလုပ်ရင်တော့ လှမှာပါ... :)

မြစ်ချေသူ>> လာလည်တာ ကျေးဇူးပါနော်.. ပုံတွေလည်း ယူသွားပါ.. :)

မနုသွဲ့>> မရေ.. ကျေးဇူးတင်ဖို့ မလိုပါဘူး။ ရလာတဲ့ result ကို စောင့်ဖတ်နေမယ်နော်.. စိတ်ဝင်စားလို့.. :D

လေးမ>> လေးမရေ... စိတ်ကို အရှည်ဆုံးဖြစ်အောင် ထားရတဲ့ အချိန်ပေါ့.. နို့မို့ဆို ပန်းတွေက အေးချမ်းမေ ဖြစ်ကုန်မယ်လေ... :D

ပန်ဒိုရာ>> မပန်ရေ.. တတ်ထားတာလေးတွေ ဆက်ပြီး အသုံးချဖြစ်အောင် ကြိုးစားပါဦး။ မပန်က ပန်းချီအမြင်ရှိတဲ့သူဆိုတော့ ပိုပြီး မြင်လွယ်မှာပါ.. :)