January 3, 2009

Happy Holidays!!

ကျမတို့ရုံးက ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ စပြီး ဇန်န၀ါရီ ၄ ရက်နေ့အထိ ပိတ်ပါတယ်။ ပိတ်ရက်မှာ ဘယ်မှလည်း သွားမလည်ဖြစ်ပါဘူး။ ၃၁ ရက်နေ့ညကတော့ New Year Party လေး လုပ်ဖြစ်တယ်။ ရုံးကသူငယ်ချင်း ၃ ယောက် နဲ့ ကျမတို့ ၂ ယောက် ပေါင်းပြီး အိမ်မှာပဲ ပါတီအသေးလေး လုပ်ဖြစ်တာ။


၃၁ ရက်နေ့မှာ နိုးလာတော့ နေ့လည်စာ စားပြီး ချက်ပြုတ်ဖို့ ပြင်ဆင်ရတယ်။ ၀ယ်လာတဲ့ အသားတွေကို အချိုအငန်တွေနဲ့ နယ်စရာရှိတာနယ်ထားရတယ်။ အသီးအရွက်တွေ ပြင်ဆင်ထားရတယ်။ ပြီးတော့ သူများတွေက ၁၃ ရက်နေ့ကတည်းက “အိုးစိုးဂျိ” (
大掃除 - Oosouji ) လို့ခေါ်တဲ့ ဂျပန်ရဲ့ နှစ်သစ်မကူးခင် အိမ်မှာ သန့်ရှင်းရေးလုပ်တာကို ကျမတို့က ၃၁ ရက်နေ့မှ နှစ်ယောက်သား ကမန်းကတမ်းနဲ့ အိမ်တွင်း သန့်ရှင်းရေး လုပ်ရတယ်။ ကလေးငယ်မရှိတော့ အများကြီးမလုပ်ရသလို အလုပ်လည်း မရှုတ်ပါဘူး။ အိပ်ခန်းနဲ့ မီးဖိုချောင်ပဲ သန့်ရှင်းရေး လုပ်ရတာပေါ့။ အိပ်ခန်းလေးရော အိမ်ရော အတန်အသင့် သန့်ရှင်းသွားတော့ ပင်ပန်းပေမယ့် စိတ်ကြည်လင်လန်းဆန်းသွားတာ အမှန်ပဲ။ ၅ နာရီမှာ ရေချိုးပြီးတာနဲ့ စားဖို့သောက်ဖို့ ပြင်ဆင်ရတော့တယ်။ သူငယ်ချင်းတွေကို ၆ နာရီ ဖိတ်ထားတာ။


ဘာတွေ ကျွေးဖြစ်လဲဆိုတော့ အဓိက သူတို့ ယမကာနဲ့ သောက်လို့ကောင်းတဲ့ ဟာတွေ မှန်သမျှ အဓိက ထားပြီး စီစဉ်ဖြစ်ပါတယ်။ နောက်ပြီး တကယ်တမ်းသောက်ဖြစ်တာကလည်း အိမ်က အမျိုးသားရယ် ရုံးက ၂ ယောက်ရယ်ပဲ သောက်ကြတာ။ ကျမနဲ့ နောက်တစ်ယောက် ကတော့ ရေနွေးကြမ်း နဲ့ လိမ္မော်ရည်ပဲ သောက်ဖြစ်တယ်။ စစချင်း သူတို့ ရောက်လာရင် အလကား စားလို့ရအောင် “အဲဒမမဲ့” (
枝豆 -  green soybean) လို့ခေါ်တဲ့ ပဲစိမ်းပြုတ်ထားတာ အရင် ကျွေးဖြစ်တယ်။ နွေဘက်ဆိုရင် ပဲတောင့်အစိမ်းတွေ အပင်လိုက်ရတယ်။ အခုကတော့ ရေခဲရိုက်ပြီးသားပဲပေါ့။ အဲဒီ ပဲစိမ်းက ဘီယာနဲ့ သောက်ရင် အတော်လိုက်တယ် ဆိုပဲ။ ကျမကတော့ ဒီအတိုင်း စားရတာ ပိုကြိုက်ပါတယ်။ ပြီးတော့ စင်ကာပူကနေ ငါးမုန့်လက်ဆောင်ရထားလို့ ငါးမုန့်ကို ကြော်ပြီး ကျွေးဖြစ်ပါတယ်။


ဟင်းအနေနဲ့က ကြက်အတောင်ပံကြော်၊ ကန်စွန်းရွက် ပလိန်းကြော်၊ ဖက်ထုပ်ကြော်၊ ၀က်သားကင်၊ ကြက်ဆာတေး နဲ့ ကြာဇံကြော်တယ်။ ပြီးတော့ ကြာဇံကြော်နဲ့ လိုက်အောင် ကြံမဆိုင် ဟင်းချိုချက်တယ်။ ဟင်းတွေကို ပူပူနွေးနွေးစားစေချင်လို့ တခွက်ပြီးမှ တခွက်ချက်ပါတယ်။ သူတို့ ဟင်းတစ်ခွက် စားနေတုန်း ကျမက နောက်ဟင်းတစ်ခွက်အတွက် စီစဉ်စရာရှိတာ စီစဉ်တာပေါ့။ ဟင်းခွက်ပြင်ပြီးလို့ နောက်ဘက် လှည့်ကြည့်လိုက်ရင် ကုန်နေတာများတယ်။ အားလုံးထဲမှာ မစားရဆုံးကတော့ ကိုယ်ပဲပေါ့။ ဒါပေမယ့်လည်း သူတို့ အားရပါးရ စားတာကြည့်ပြီး အတော်လေး ကြည်နူးမိတယ်။ ပင်ပန်းပေမယ့်လည်း မပင်ပန်းသလိုပဲ။ မနက် ၃ နာရီလောက်မှာတော့ သူငယ်ချင်းတွေ ကိုယ်တိုင် လုပ်ယူလာတဲ့ Apple Pie ရယ် Chocolate Cake ရယ်ကို အချိုတည်းပါတယ်။


သူတို့ ပြန်သွားတော့ ၁ ရက်နေ့မနက် ၅ နာရီ ထိုးနေပြီ။ အိမ်မှာချက်ထားတာတွေလည်း ဘာမှကို မကျန်တော့ဘူး။ အကုန်ပြောင်တယ်။ ကျမကလည်း ချက်ပြီးရင် ကျန်နေတာမျိုးကို မကြိုက်ဘူး။ စားလို့ ကုန်သွားရင် အရမ်းဝမ်းသာတာ။
 ဒါကြောင့်နှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာနဲ့ အိပ်ယာဝင်ဖြစ်တယ်။ ၁ ရက်နေ့မှာ အိပ်ယာက နိုးတော့ ညနေ စောင်းနေပြီ။ မပင်ပန်းဘူးလို့သာ ပြောတာပါ။ အိပ်ယာနိုးတော့ လူတစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုပဲ။ ၂ ရက်လောက်တော့ အတော်လေး ခံလိုက်ရသေးတယ်။ ကိုယ်တိုင် ချက်ထားတဲ့ဟင်းခွက်တွေကို ဓာတ်ပုံရိုက်ယူချင်ပေမယ့် မအားတာနဲ့ မရိုက်လိုက်ရဘူး။ သူငယ်ချင်းကတော့ သူ့ကင်မရာအသေးလေးနဲ့ ရိုက်ထားသေးတယ်။ ပုံတွေ ကောင်းမကောင်းကိုတော့ ရုံးပြန်တက်မှ တောင်းကြည့်ရဦးမယ်။


ဒီရက်အတွင်း ရုံးလည်း မတက်ရဘူးဆိုတော့ အိမ်အလုပ်လေး နည်းနည်းပါးပါး လုပ်လိုက်၊ စာဖတ်စရာ အကြွေးတွေကို အေးအေးဆေးဆေး ဖတ်လိုက်နဲ့ အတော်လေး ဇိမ်ရှိတာ အမှန်ပဲ။ အပြင်မှာလည်း အေးလွန်းလို့ ဘယ်မှကို မသွားချင်တာနဲ့ စားဖို့အတွက် ဈေးတောင် ထွက်မ၀ယ်ဖြစ်ဘူး။ အိမ်မှာရှိတဲ့ဟာကိုပဲ ရှိသလို ချက်စားဖြစ်တယ်။ စားပြီးသွားရင် စာဖတ်တယ်။ စာဖတ်တယ်ဆိုလို့ အလုပ်နဲ့ပတ်သက်တဲ့စာ၊ နည်းပညာနဲ့ ပတ်သက်တဲ့စာဖတ်တာမဟုတ်ဘူး။ Download လုပ်ထားပြီး မဖတ်ရသေးတဲ့ ဆရာမ မစန္ဒာ ၀တ္ထုတွေ ထိုင်ဖတ်နေတာ။ နောက်ပြီး ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ၀တ္ထုတို/ရှည်တွေလည်း မဖတ်ရတာ ကြာပြီဆိုတော့ ဒီပိတ်ရက်အတွင်း ထိုင်ဖတ်လိုက်တာ အကြွေးအတော်လေး ရှင်းသွားတယ်။ ပြီးတော့ အ၀တ်လေးလျှော်လိုက်၊ မြန်မာရုပ်ရှင်လေးကြည့်ပြီး မီးပူလေးတိုက်လိုက်ပေါ့။ နှစ်သစ်မှာ Blog အတွက် စာအသစ်မရေးဖြစ်တာနဲ့ ပိတ်ရက်အတွင်း လုပ်ဖြစ်တာလေးတွေ ရေးပြီး တင်လိုက်ရတာ။ မနက်ဖန်ပြီးရင်တော့ ရုံးပြန်တက်ရဦးမယ်။ New Year ရွှေရောင်နေ့ရက်တွေ ကုန်ဆုံးပြန်ပြီပေါ့လေ။

zwani.com myspace graphic comments

Picture from Zwani.com

ဇန်န၀ါရီ ၃၊ ၂၀၀၉။

19 comments:

PAUK said...

နုရေ...
အားကျတယ်..
ကောင်းလိုက်တာ..
နားရက်တွေအများကြီး...
နုချက်တာတွေထဲက စားလို့ရတာရွေးစားသွားပါတယ်
ကျေးဇူး

Anonymous said...

အယ် အမတို့ပါတီက မနက်ပိုင်းထိရောက်တာပေါ့။
စားစရာမျိုးစုံပါ့လား။ စားချင်လိုက်တာ။
ညီမတော့ လူရှုပ်လို့ ညအပြင်မသွားလိုက်ဘူး။
အိမ်မှာပဲ အွန်လိုင်းကိုဇနိနဲ့ နယူးရီးယားလိုက်တယ်။
ရွှေရောင်နေ့ရက်တွေမှာ ဇိမ်ကျလှပါ့လားနော်။

Anonymous said...

ဟုတ်တယ် အစ်မရေ ပိတ်ရက်တွေ ကုန်တော့မှာ နှမြောစရာကြီး။ ဒီလိုနဲ့ပဲ နောက်တစ်နှစ်ကူး သွားဦးမှာပါလေ။

khin oo may said...

ရုံးပိတ်ရက် မကုန်စေချင်
အလုပ်ရှိပြီး။ ရု့းမတက်ချင်ဘူး။ ရုံးမတက်ရရင်သိတ်ကောင်းမယ်။

ThuHninSee said...

ကြက်ဆာတေးလုပ်နည်းသိလားဟင်။
စားချင်လိုက်တာ။

သက်ဝေ said...

ဟုတ်တယ်နုရေ...
အခုတလော ပင်ပန်းတာတွေများနေလို့  ပိတ်ရက်တွေကို အပြင်ထွက်ချင်စိတ်မရှိတော့ဘူး
အိမ်မှာပဲ နားနားနေနေ ချက်ပြုတ် စားသောက် ရှင်းလင်း သိမ်းဆည်းနဲ့  နေလိုက်တာ အလုပ်လဲ တော်တော်ပြီး နားလို့ လဲအတော်ကောင်းပါတယ်...
ဒါပေမယ့် လူကတော့ နဲနဲပိုပြီး လုံးဝိုင်း လာသလိုပဲ... ဟီဟိ..
*** မနက်ဖြန်တော့ ရုံးပြန်တက်ရတော့မယ်... :-(

Anonymous said...

May I know where could I buy the watches in TOKYO, please. Thanks.

nu-san said...

ပေါက်>> ပေါက်ရေ.. နားရက်တွေ အများကြီးရလို့ အားကျတယ်လား... ပေါက်တို့က တရုတ်နှစ်ကူးဆို နားရက်တွေဆက်နေမယ်ထင်တယ်.. :)

မဇနိ>>မဇနိလေး အမတို့လည်း အပြင်မထွက်ဖြစ်ဘူး.. အေးလွန်းလို့.. ကိုဇနိနဲ့ နှစ်ယောက်သာါးနယူးရီးယား ပါတီလုပ်ဖြစ်တယ်ဆိုတော့ ပိုပြီး ပျော်ဖို့ကောင်းတာပေါ့.. ဇိမ်ကျပေမယ့် အခုဆို ရွှေရောင်နေ့ရက်တွေ ကုန်တော့မယ် ညီမလေးရဲ့.. နှမြောလိုက်တာ.. :(

ပုံရိပ်>> အမလည်း ပိတ်ရက်တွေ ဆွဲထားလို့ ရရင် ကောင်းမယ်လို့ တွေးမိတယ်.. ရုံးမတက်ချင်သေးဘူး.. :D

မမခင်ဦးမေ>> အမရယ် ဘာလို့ အမှန်တွေကို ပြောနေရတာလည်းဟင်.. ဟုတ်အမ.. အလုပ်ရှိပြီး ရုံးမတက်ရရင် ကောင်းမယ်နော်.. :D

သုနှင်းဆီ>> မွန်ရေ.. ကြက်ဆာတေးကို ထိုင်းဆိုင်က ၀ယ်လာတဲ့ ရယ်ဒီမိတ်အမှုန့်နဲ့ နယ်လိုက်တာ.. ကိုယ်တိုင်တော့ တခါမှ မလုပ်ဖူးဘူး.. အခုဟာကလည်း အထုပ်တွေ့လို့ ပထမဆုံး စမ်းပြီး လုပ်စားကြည့်တာ.. ဆနွင်းနည်းနည်းများသလိုပဲ.. အမ က ဆနွင်း သိပ်မကြိုက်လို့လား မသိဘူးရယ်.. :)

မမသက်ဝေ>> အမရယ် မနက်ဖန် ရုံးပြန်တက်ရတော့မယ်နော်.. ၀မ်းနည်းစရာကြီး.. ပိတ်ရက်အတွင်း အေးအေးဆေးဆေး အနားယူလိုက် စားလိုက် သောက်လိုက် စာဖတ်လိုက် အိပ်လိုက်နဲ့ လူက အားရင် စားသောက်ဖို့ပဲ တွေးပြီး တချိန်လုံး ဆာနေတော့တာပဲ အမရေ.. :D

Anonymous >> Sorry that I can't help you since I don't live in TOKYO. :)

Anonymous said...

ဒီနေ့တော့ ရုံးဖွင့်ပြီပေါ့ အစ်မရေ့း) ကျနော်လည်းတူတူပဲ ဘယ်မှလည်းမလည်ဖြစ် အိမ်မှာပဲ စားလိုပ် အိပ်လိုက် ဘလော့တွေလည်လိုက်နဲ့ဟုတ်နေတာပဲ ခုတော့ အဲ့စည်းစိမ်လေးကို လွမ်းလိုက်တာ ပိတ်ရက်များတာဆိုလို့ သင်္ကြန် နဲ့ နှစ်ကူးပဲရှိတယ်ဗျ ။

Anonymous said...

အစ်မရေ ပျော်စရာ ကြီး နော့။

Anonymous said...

အန်တီနုစံရေ..
တူလေးလာသွားတယ်.. မတွေ့တာကြာလို့လာချောင်းတာ နေကောင်းတယ်ဟုတ်
း)

ThuHninSee said...

http://mainmainmasakmasak.files.wordpress.com/2008/01/corn-flour_400.jpg
http://www.grbic.hr/images/proizvodi/brasno_big.jpg

တန်ခူး said...

နုရေ… တို့ ကတော့ အမျိုးတွေနဲ့  ရန်ကုန်က အိမ်မှာ BBQ လုပ်စားဖြစ်တယ်…
တို့ တွေ ငယ်ငယ်က သိပ်အသံမကြားရတဲ့ New Yearက ခုတော့ ၁၂နာရီ ထိုးတာနဲ့  ရပ်ကွက်ထဲမှာ Happy New Yearသံတွေ ဆူညံနေတာပဲ…
အဲဒီတုန်းက ဘလော့ဂ်ရောင်းရင်းတွေ လွမ်းမိသေးတယ်… ခုချိန်လောက်ဆို ဘလော့ဂ် New Year လုပ်နေလောက်ပြီပေါ့…
နုဟင်းလေးတွေက သွားရည်ယိုစရာ… နုတို့ အိမ်တောင် လာလည်ချင်လာပြီ…
မင်္ဂလာနှစ်သစ်ပါညီမရေ…

မြရွက်ဝေ said...

ပိတ်ရက်ရှည်ကျမှ အမနဲ့ အဆက်အသွယ်ကို ပြတ်ရော။ :D
အမလက်ရာ စားချင်တယ်ဗျို့!!

Anonymous said...

ရန်ကုန်အကြောင်း
ပြန်ရေးပေးနေပါပြီအစ်မရေ...

WWKM said...

မနုစံ ရေ..အသစ်ရေးပါဦးဗျို့...
ကွန်မန့်တွေလာရေးပေးတာ ကျေးဇူးပါ မနုစံ ရေ.

ကျမလဲ စီဘုံးမတွေ့တာနဲ့ နှုတ်မဆက်ရဘူး။
ဒီမှာပဲ နှုတ်ဆက်သွားပါတယ်နော်..
၂၀၀၉ နှစ်သစ်နဲ့ အတူ ကျန်းမာ၊ချမ်းသာ ပျော်ရွှင်
အောင်မြင်ပါစေရှင်။
အိမ်လာလည်ရင် ၀ါဝါ့လက်ရာတွေ ချက်ကျွေးမယ်နော်။
နေဦး နောက်နှစ် အိုဒိုင်းဘားအဆောင်ကိုပြောင်းဖို့
စီစဉ်ထားပါတယ်။ ပြောင်းဖြစ်ရင် အိမ်အကျယ်ကြီးမို့
အိုဒိုင်းဘားကို အလည်လာရင်းနဲ့ အိမ်မှာလာတည်းပါ
နော်။ တကယ်ောပာတာပါ။
အဆင်ပြေပါစေရှင်။

ခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း

Anonymous said...

ဟင်းတွေအများကြီး တစ်ယောက်တည်း ချက်ရတာပေါ့ ..။ စားချင်စရာတွေချည်းပဲ.. သွားရည်တောင်ကျလာပြီ..။ ဟင်းကျန်ရင် မကြိုက်တာချင်းတူတယ်... မရေ..။ လေးမတော့ ဟင်းကျန်ရင် .. လေးမစပါယ်ရှယ်ချက်ထားတာ ဟက်ဟက်ပက်ပက်မစားရင် .. နောက်ချက်မကျွေးဘူးလို့  ကြေ ညာ ( ငြာ မဟုတ် ) လိုက်တာပဲ..။

nu-san said...

မောင်မျိုး>> မောင်မျိုးရေ.. ပိတ်ရက်မှာ စားလိုက် အိပ်လိုက် Blog လည်လိုက်နဲ့ လုပ်ရတာလည်း စည်းစိမ်တစ်မျိုးပဲ မဟုတ်လား.. အခုနှစ်ကူးဆိုတော့ တစ်ခါ ရုံးပိတ်ပြန်ပြီပေါ့.. :)

Anonymous>> အင်း.. ပျော်စရာကြီး... :D

Craton >> တူလေးရေ.. အမ နေကောင်းပါတယ်။ သတင်းလာမေးတာ ကျေးဇူးနော်.. :)

သုနှင်းဆီ>> မွန့်ကျေးဇူးကြောင့် အမှုန့်တော်တော်များများ ဒီမှာ ရှာလို့ရသွားပြီ မွန်ရေ.. လင့်အတွက် ကျေးဇူး အထူကြီးပါ.. ;)

မတန်ခူး>> အမရေ.. BBQ လုပ်စားဖြစ်တယ်ဆိုတော့ စားချင်လိုက်တာ.. ကျနော်တို့က တီဗွီကြည့်နေကြတာနဲ့ သတိရလို့ နာရီကြည့်လိုက်တော့ ၁၂ နာရီ ၁၀ မိနစ်လောက် ကျော်သွားပြီ။ အဲဒီတော့မှ ကမန်းကတမ်း Happy New Year လုပ်ရတယ်။ ကျနော်လည်း ကျွေးချင်ပါတယ်နော်.. တကယ်လာလည်မယ်ဆို ကြိုသာပြော အမ။ တကယ်ဖိတ်တယ်... :)

မြရွက်ဝေ>> ညီမရေ.. စားချင်တယ်လား.. Osaka လာလည်ဦးလေနော်.. ချက်ကျွေးမယ်... :)

မ၀ါဝါခိုင်မင်း>> မ၀ါဆီမှာ Comment ရေးတာအတွက် ကျေးဇူးတင်ဖို့ မလိုပါဘူး အမရဲ့.. အိုဒိုင်းဘားကို ပြောင်းမယ်ဆို ပျော်စရာကြီးပဲ.. အဲဒီနားကို တစ်ခေါက်ရောက်ဖူးတယ်.. လေဘာတီရုပ်တုရှိတဲ့ ကမ်းစပ်ပဲ သေချာတော့ မမှတ်မိတော့ဘူးရယ်... တိုကျိုတက်ဖြစ်ရင် ပြောမှာပေါ့ မ၀ါရေ.. အဲဒီအခါကျမှ တကယ်ချက်ကျွေးရမယ်.. :)

လေးမ>> ညီမလေးလည်း ဟင်းကျန်ရင်မကြိုက်ဘူးလား.. အမက ဟင်းတွေ ကျန်နေရင် နှမြောတာ၊ နောက်တရက် ထပ်မစားချင်တော့ဘူးလေ.. ဟုတ်တယ် အမလည်း အဲဒီလိုပဲ ကိုယ်က စေတနာနဲ့ချက်ကျွေးတာ ဟက်ဟက်ပက်ပက်စားမှ ကြိုက်တယ်.. အိပဲ့ပဲ့နဲ့ စားချင်သလို မစားချင်သလို ပဲများနေရင် မချက်ကျွေးချင်တော့ဘူး.. စိတ်ချ လေးမအိမ်မှာ ထမင်းလာစားရင်အ၀စားမှာ မပူနဲ့နော်.. အမက မရှက်တတ်ဘူး.. :P

nu-san said...

Open Mind >> အမက ရန်ကုန်အကြောင်းကို သိချင်နေတာ.. အခုတော့ အားလုံးဖတ်ပြီးသွားပြီ။ နောက်ထပ် အပိုင်းတွေလည်း မျှော်နေတယ်.. :)