December 27, 2008

Kanji Of The Year (2008)

ဂျပန်မှာ ဟိရဂန (Hiragana), ခတခန (Katakana) နဲ့ တရုတ်စကားလုံး ခန်းဂျီး (Kanji) ကို သုံးတယ်ဆိုတာ တော်တော်များများသိပြီးသားဖြစ်မှာပါ။ အခုပြောမှာက ခန်းဂျီး (Kanji) စာလုံး အကြောင်းပါ။ ဂျပန်မှာ ဒီဇင်ဘာလရောက်ပြီဆိုရင် ပြီးဆုံးမယ့် ခုနှစ်ကို ကိုယ်စားပြုတဲ့ ခန်းဂျီးစာလုံးတစ်လုံးကို မဲရွေးချယ်ပြီး စာလုံးရေးဆွဲတဲ့ပွဲကို ပြုလုပ်ပါတယ်။ ဒီအကြောင်းကို မနှစ်က ဒီဇင်ဘာလ ကုန်ခါနီးမှာ ရုံးက သူငယ်ချင်းနဲ့ ကျမ စကားစမြည်ပြောဆိုရင်း သိခဲ့ရတာပါ။ ဒါကြောင့် ဒီနှစ်မှာ ပို့စ်အဖြစ် ရေးဖို့အတွက် အင်တာနက်က website တွေမှာ သိချင်တဲ့အချက်တွေကို ရှာဖတ်ခဲ့ရပါတယ်။ နောက်ပြီး အင်္ဂလိပ်လို တိုက်ရိုက်ဘာသာပြန်ထားတာတွေလည်း ဖတ်ကြည့်မိတယ်။ အဲဒီလိုတွေ ဖတ်ကြည့်ရင်းက နောက်ဆုံး ဘယ်လိုမှ နားမလည်တော့တဲ့အခါမှာ ရုံးက အလုပ်အတူတူ လုပ်တဲ့ ဂျပန်ဦးလေးကြီးကို မေးခဲ့ရပါတယ်။ ဒါကြောင့် အခုပို့စ်မှာ ရေးထားတဲ့ အကြောင်းအရာတွေက website တစ်ခုတည်းကို ဖတ်ပြီး တိုက်ရိုက်ဘာသာပြန်ထားတာ မဟုတ်ပါဘူး။ အင်္ဂလိပ် websiteနဲ့ ဂျပန်လို website တွေ ဖတ်ထားတာရယ် အလုပ်ထဲက သူတစ်ချို့ကို မေးပြီး ကျန်တာတွေက ကိုယ်သိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ရေးထားတယ်ဆိုတာ စကားခံပါရစေ။


*****


ဂျပန်မှာ ၁၉၉၅ ခုနှစ်က စပြီး "
今年の漢字" (Kotoshi no kanji) လို့ခေါ်တဲ့ "ဒီနှစ်အတွက် ခန်းဂျီးစာလုံး" ကို နှစ်စဉ် ရွေးချယ်လာတာ ၂၀၀၈ ခုနှစ်က ၁၃ ကြိမ်မြောက်ပါ။ ဒီပွဲကို Japanese Language Proficiency Kanji Society (日本漢字能力検定協会 ) က စီစဉ်ကျင်းပတာပါ။ နှစ်စဉ် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အတွင်း အင်တာနက်ကဖြစ်စေ၊ ပို့စ်စကဒ်ပို့ပြီးတော့ ဖြစ်စေ၊ စာတိုက်ကဖြစ်စေ စိတ်ဝင်စားသူတွေက ဒီနှစ်အတွက် ကိုယ်ကြိုက်ရာ ခန်းဂျီး စာလုံးနဲ့ ဘာကြောင့် ဒီခန်းဂျီး စာလုံးကို ရွေးချယ်ရတယ်ဆိုတဲ့ အကြောင်းကိုပါရေးပြီး ပို့ပေးရပါတယ်။ မဲအများဆုံးရတဲ့ ခန်းဂျီးစာလုံးကို Japanese Language Proficiency Kanji Society က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ Kyoto မြို့ Kiyomizu-dera Temple (清水寺) မှာ ကြေငြာပေးပြီး ဘုရားကျောင်းက ဘုန်းကြီးက အဲဒီ ခန်းဂျီးစာလုံး ကို ရေးဆွဲပေးပါတယ်။ ရွေးချယ်လိုက်တဲ့ ခန်းဂျီးစာလုံးက တစ်လုံးထဲ ဖြစ်ပေမယ့် အဲဒီ စာလုံးရဲ့ အဓိပ္ပာယ်ဟာ တစ်နှစ်ပတ်လုံးမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို အခြေခံပြီး လက်ရှိ ပြီးဆုံးတော့မယ့်နှစ်ကို ကိုယ်စားပြု ထင်ဟပ်စေပါတယ်။ ဒါကြောင့် ဂျပန်မှာ နှစ်တစ်နှစ်ကုန်တော့မယ်ဆိုရင် "ဒီနှစ်အတွက် ခန်းဂျီးစာလုံး" က ဘာများဖြစ်မလဲဆိုပြီး လူအနည်းနဲ့ အများဆိုသလို စိတ်ဝင်စားကြတာပါပဲ။


ဒီနှစ်အတွက် ပေးပို့တဲ့ မဲပေါင်း ၁၁၁,၂၀၈ ထဲကမှ မဲ ၆,၀၃၁ နဲ့ ပထမ ရသွားတဲ့ ခန်းဂျီး စာလုံးက မြန်မာလို ဘာသာပြန်ရရင် “ပြောင်းလဲခြင်း”
(Change) ဒါမှမဟုတ် “ထူးဆန်းခြင်း” (Strange) လို့ အဓိပ္ပာယ်ရတဲ့「変」 “ဟန်း” ဆိုတဲ့ ခန်းဂျီးစာလုံးပါ။


ဘာကြောင့် ဒီစာလုံးကို ရွေးချယ်လိုက်ရတာလဲ ဆိုတဲ့ အကြောင်းကတော့ website တစ်ခုနဲ့တစ်ခု မှာပြောထားတာခြင်း မတူပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် တူညီတာက နံပါတ် ၁ အချက် အနေနဲ့ တကမ္ဘာလုံး လူသိများတဲ့ အမေရိကန်ရဲ့ သမ္မတသစ်ရွေးချယ်ပွဲမှာ အိုဘာမား (Barack Obama) ဟာ မဲဆွယ်ပွဲတောက်လျှောက် "Change" ဆိုတဲ့ စာလုံးကို Slogan အနေနဲ့ အသုံးပြုပြီး လက်ရှိသမ္မတသစ် ရာထူးကို အရယူနိုင်ခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဂျပန်လူမျိုးတွေအပေါ်မှာ အမေရိကန်ရဲ့ အရေးဟာ လွှမ်းမိုးမှုရှိတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။


နံပါတ် ၂ အချက်ကတော့ ဒီနှစ်ပိုင်းအတွင်းမှာ ဂျပန်စီးပွားရေးလောကမှာသာ မကပဲ ကမ္ဘာ့စီးပွားရေးမှာ စတော့ရှယ်ရာဈေး အတက်အကျ အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယန်းငွေ တန်ဖိုးဟာ အတော်လေးမြင့်မားလာပြီး အမေရိကန်ဒေါ်လာဈေးကတော့ ဒီနှစ်အတွင်းမှာ ဆိုးဆိုးရွားရွားကျဆင်းခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေကဆို တစ်ဒေါ်လာကို ယန်း တစ်ရာကျော်အထက်မှာရှိနေရာကနေ အခုဆို တစ်ဒေါ်လာကို ယန်း ၉၀ ၀န်းကျင်နားမှာပဲ ကစားနေတယ်။ စီးပွားရေး အပြောင်းအလဲတွေကြောင့် ဂျပန်မှာသာမက တခြားနိုင်ငံတွေမှာပါ အဲဒီဂယက်က အခုထိ ရိုက်ခတ်နေတုန်းပါပဲ။


နောက် နံပါတ် ၃ အချက် အနေနဲ့က ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ဂျပန်ရဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး နှစ်အစမှာ တရုတ်ပြည်ကနေ တင်သွင်းတဲ့ ရယ်ဒီမိတ် ဖက်ထုပ်ထဲမှာ ပိုးသတ်ဆေးတွေ့ရာကနေ ဇာတ်လမ်းစခဲ့တယ်ဆိုရမှာပါပဲ။ နောက်ပြီး စားသုံးလို့ မသင့်တော်တဲ့ တခြားပြည်ပနိုင်ငံတွေက တင်သွင်းလာတဲ့ ဆန်တွေကို စက်မှုလုပ်ငန်း (industrial) လုပ်ကိုင်သူတွေကို ထုတ်ရောင်းရမယ့် အစား အရက်၊ မုန့်အစရှိတဲ့ ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်တဲ့ သူတွေကို ထုတ်ရောင်းထားတာကို အခုနှစ်မှာမှ ဖော်ထုတ် စစ်ဆေးတွေ့ရှိခဲ့တယ်။ ဒီအချက်ဟာလည်း ဂျပန်ပြည်လို တိုင်းပြည် အနေနဲ့ ကြည့်မယ်ဆိုရင် အင်မတန် ဆိုးရွားတဲ့ အဖြစ်အပျက်ပါပဲ။ ပြီးတော့ တရုတ်ပြည်က တင်သွင်းလာတဲ့ မယ်လမင်း ပါတဲ့ နို့မှုန့်ကို သုံးပြီး ဂျပန်ပြည်တွင်းက စားသောက်ကုန်ပစ္စည်းတချို့မှာ ပြန်အသုံးပြုတာတွေ ရှိလာတယ်။ ဒီလို အဖြစ်အပျက်တွေအပေါ် နမူနာယူပြီး ဂျပန်လူမျိုးတွေဟာ စားသောက်ကုန်ပစ္စည်း ၀ယ်ယူရာမှာ အရင်တုန်းကလို ပေါ့ပေါ့တန်တန် သဘောမထားပဲ Food Security အနေနဲ့ သတိထားဆင်ခြင်ရမယ်ဆိုတဲ့ အတွေး စိတ်ကူးတွေ ပြောင်းလဲလာကြတယ်လို့လည်း ဆိုပါတယ်။


နံပါတ် ၄ အချက်ကတော့ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်အပြောင်းအလဲပါပဲ။ ၂၀၀၇ ခုနှစ်မှာ ရှင်ဇိုအဘဲ (Shinzō Abe) က ၀န်ကြီးချုပ်နေရာ ရလာပြီး သိပ်မကြာခင်မှာပဲ ရာထူးက နှုတ်ထွက်သွားတယ်။ အဲဒီနောက် ဖုကုဒါ (Yasuo Fukuda) ဟာ ၂၀၀၇ ခုနှစ် အကုန်မှာ ၀န်ကြီးချုပ် ရာထူးလွှဲပြောင်းယူပြီး တစ်နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ လက်ရှိဝန်ကြီးချုပ် တရိုအစို (Taro Aso) ကို လွှဲပြောင်းပေးလိုက်ပါတယ်။


နောက်ဆုံး အချက်အနေနဲ့ ပြောရမယ်ဆိုရင် ပြီးခဲတဲ့လက ဂျပန်လူမျိုးသိပ္ပံပညာရှင်တွေ နိုဘယ်ဆုရတာရယ် ပေကျင်းကမ္ဘာ့အိုလံပစ်မှာ ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်တာကို ကြည့်ပြီး ဂျပန်ပြည်ရဲ့ အနာဂတ်မှာ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြတယ်။


ဒုတိယ အများဆုံး မဲရတဲ့ စာလုံးက ရွှေ
 (Gold - ) လို့ အဓိပ္ပာယ်ရတဲ့ စာလုံးဖြစ်ပြီး ပေကျင်းအိုလံပစ်မှာ ဂျပန်က ရွှေတံဆိပ်ဆုရခဲ့တာတွေကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ တတိယစာလုံးက စတော့ရှယ်ရာဈေးတွေ ကျဆင်းတာကြောင့် တချို့လူတွေကလည်း ကျဆင်းခြင်း (Fall/Drop - ) လို့ အဓိပ္ပာယ်ရှိတဲ့ စာလုံးတွေ ရွေးချယ်ခဲ့ပါတယ်။


၁၉၉၅ ခုနှစ်ကစပြီး ရွေးလာခဲ့တဲ့ ခန်းဂျီးစာလုံးတွေပြန်ကြည့်မယ်ဆိုရင် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာကြောင့် ဒီစာလုံးကို ရွေးချယ်ရတယ်ဆိုတဲ့ အကြောင်းပြချက်တွေကလည်း သူ့ခေတ် သူ့အခါအရတော့ သင့်လျော်နေတာ တွေ့ရပြီး အနည်းဆုံးတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဂျပန်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အချို့ကို အကြမ်းအားဖြင့် သိရှိနိုင်ပါတယ်။


*****


အရာရာဟာ ပြောင်းလဲနေတာ အချိန်စက္ကန့်အမျှပါပဲ။ နောင်လာမယ့် ၂၀၀၉ ခုနှစ်မှာ ဂျပန်ပြည်တွင်းမှာ ဘာတွေ ဖြစ်လာမယ်၊ ကမ္ဘာ့အရေးမှာ ဘာတွေဖြစ်မယ်လို့ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် လာမယ့် ၂၀၀၉ ခုနှစ် နှစ်ကုန်ခါနီးမှာ ရွေးချယ်မယ့် စာလုံးဟာ ကောင်းသော အဓိပ္ပာယ်ဆောင်တဲ့ ခန်းဂျီး စာလုံးဖြစ်ပါစေလို့ နှစ်သစ်အတွက် ဆုတောင်းလိုက်ရပါတယ်။


ဒီဇင်ဘာ ၂၇၊ ၂၀၀၈။

Ref:
http://japanvisitor.blogspot.com/2008/12/kanji-character-for-2009-change.html

http://www.japanprobe.com/?p=7772
http://en.wikipedia.org/wiki/Kanji_of_the_year
http://sankei.jp.msn.com/life/trend/081212/trd0812121830010-n1.htm

25 comments:

khin oo may said...

တို့၁

khin oo may said...

အတော်ထူးဆန်းပြီး အတော် စဥ်းစားရတဲ့စကားလုံးဘဲ။ တစ်နှစ်တာ လုံးကို ကိုယ်စာြး့ပူရမဲ့စကားလုံး။ စဉ်းစားတဲ့သူတွေ ကလဲ စဉ်းစားနျိုင် ကြတယ်. မလွယ်ဘူ.ူး. အံဝင် ဂွင်ကျဖြစ်ပါတယ်။

ဇနိ said...

အမနုစံ - အခုမှ ရေရေရာရာသိရတယ်.. ကျနော် ယောင်ဝါးဝါးကြားဖူးနေတာ.. ကျေးဇူးတင်ပါတယ်အမ။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ

မြရွက်ဝေ said...

「変」(ဟန်း)ကိုတော့ သိလိုက်တယ်။ ဒုတိယနဲ့ တတိယ ရတဲ့စာလုံးတွေကို သတိမထားလိုက်မိဘူး။ အမရေးထားတာ အားလုံးပြည့်စုံတယ်။ သတင်းမှာ လွှင့်သွားတဲ့အတိုင်း အားလုံးအတူတူဘဲ။ မဲနဲ့ရွေးတာတော့ အမပြောမှသိတာ။ အဲဒါကြောင့် စဉ်းစားကြည့်တာ ဘယ်သူက ရွေးတာလဲလို့။ စိတ်ထင် အဲဒီဘုန်းကြီးစိတ်ကြိုက် ရွေးတယ်မှတ်တာ။ (ဒုံတာလေ အဟီး :D)။

Aso sōri ဆိုလို့ ဒီနှစ်အတွက် ဘယ်ခန်းဂျီးက ကိုယ်စားပြုမယ်ထင်သလဲလို့ သူ့ကို သတင်းသမားတွေက ဝိုင်းမေးကြတာ သူက「気」(ကိ)တဲ့။ やる気 勇気 景気 ဘာကိ ညာကိ စတဲ့ သူ့လုပ်တာတွေနဲ့ ဆက်နွယ်နေတဲ့ 気ကို ပြောသွားတယ်။ ဒါမတိုင်ခင်ကဘဲ သတင်းအစီအစဉ်တွေ ဟာသတွေမှာ သူ့ကို KY(国民の空気読めない)ဆိုပြီး ခဏခဏ လွှင့်တာလေ။ သူ့ဘာသာသူ သိပုံရလို့ အဲလိုဖြေတာများလားလို့ ပြုံးစိစိဖြစ်ရသေးတယ်။

Anonymous said...

ခုမှပဲ အဲ့လိုတွေလုပ်တာသိရတော့တယ်။
း) ကျေးဇူးနော် အချိန်ကုန်ခံပြီး တကူးတကရှင်းပြပေးလို့။

Anonymous said...

အမနုစံပြောပြမှ သိတာ။ မသိဘူးရယ်။
ဗဟုသုတရတဲ့အတွက် ကျေးဇူးပါ အမ။
ကောင်းသောပြောင်းလဲခြင်းတွေကို ဆောင်ယူလာသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ် အမရေ။

ThuHninSee said...

အခုမှ ကြားဖူးတာ။ ကျေးဇူးနုစံ။

pandora said...

ဒီလို ရွေးချယ်လေ့ရှိတာ မကြားဖူးခဲ့ဘူး မနုစံရေ ဗဟုသုတလေးတွေ ဝေမျှပေးတာ ကျေးဇူးပဲ။

ဟုတ်တယ်။ ဘယ်နေရာမှာဖြစ်ဖြစ်ပါ။ လူတွေက ပြောင်းလဲခြင်းကို မျှော်လင့်နေကြတယ်လို့ ခံစားနေရတယ်။

သက်ဝေ said...

ကိုယ်မသိသေးတဲ့ အကြောင်းအရာတစ်ခုမို့ 
စိတ်ဝင်တစား ဖတ်ရှုသွားပါတယ် ညီမလေးနုရေ...
စာတွေပြန်ရေးလာတာတွေ့ ရလို့  ၀မ်းသာနေတယ်..

PAUK said...


ကောင်းလိုက်တာ..
ပြောင်းလဲသင့်နေပြီ..
ဒီအတိုင်းဆက်သွားလို့မဖြစ်တော့ဘူးလေ..
နုရေ..
ဗဟုသုတ ရတယ်...
ကျေးဇူးပါ..

Dr. Yi Yi Win said...

Food Security အကြောင်းလေးသိရတာ အတော်ဗဟုသုတဖြစ်တယ်နုစံရေ။ ဒါကြောင့် ရယ်ဒီမိတ်မုန့် ဆိုရင် သိပ်မစားဖြစ်ဘူးလေ။ ကျေးဇူးနော်။

Anonymous said...

ခန်းဂျိေ၇းတာ သိပေမယ့် ဂရုမထားမိတာအမှန်၊ မနုစန်ရေးပြမှဘဲ သေချာသိတော့တယ်၊ အဲဒီလောက်အရေးကြီးမှန်း၊ ဗဟုသုတတစ်ခု တိုးရသွားလို့ကျေးဇူးအများကြီးတင်တယ်၊

Anonymous said...

မှတ်သားသွားတယ် အစ်မရေ့ ထူးခြားမှုရှိပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အစီစဉ်လေးတွေပဲ ။ဂျပန်တွေက ဒါမျိုး ထူး၂ဆန်း၂လေးတွေ လုပ်တက်ကြတယ်နော့် ။ နှစ်သစ်မှာ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်ပါစေလို့ထပ်တူဆုတောင်းပါတယ် ။ အစ်ကိုနဲ့ အစ်မလည်း ဒီထက့်ပိုတိုးလို့ချစ်နိုင်ကြပါစေ ဟိဟိ (တိုးစရာမလိုအောင် ချစ်မှန်းသိသားနဲ့ ကလိသွားတာ :P )

Anonymous said...

မနုစံရေ စိတ်ဝင်စားစရာပဲဗျ။ ဗဟုသုတရလို့ ကျေးဇူးပါ။ ကျွန်တော်ဆိုရင်တော့ (Fall/Drop - 落) ကိုမဲပေးမိမှာပဲ။ ညစ်လွန်းလို့ :(

Anonymous said...

အစ်မရေးပြထားသလိုဆိုရင် ဟန်းကို သဘောကျတယ်..။ တော်တော်ကောင်းတဲ့ ဓလေ့ပဲနော်..။။ အတိုင်းအတာတစ်ခုအထိတော့ ပြည်သူတွေရဲ့ စိတ်ကို ဒီစာလုံးက လေးနက်စေမယ်.. အကျိုးရှိစေမယ်လို့  ထင်တယ်..။

Anonymous said...

အစ်မရေ ... ဒီပို့စ်လေးကို ခုမှပဲသေချာဖတ်ရတော့တယ်.... ဗဟုသုတရစေပါတယ် .... လိုက်လံရှာဖွေပြီး ပို့စ်တဲကအတွက် ကျေးဇူးပါ အစ်မရေ ....

ဇနိ said...

Happy New Year!

Nu Thwe said...

ဗဟုသုတ လာယူရင်း မင်္ဂလာ နှစ်သစ်ဆုမွန် တောင်းသွားပါတယ်နော်။

Moe Cho Thinn said...

ပျော်ရွှင် ကျန်းမာ နှစ်သစ် မင်္ဂလာ..ပါ နုရေ..
စာကောင်းလေးတွေ ရေးတတ်တဲ့ နု .. စာအများကြီး နှစ်သစ်မှာ ရေးနိုင်ပါစေနော်။

ThuHninSee said...

Happy new year.. နုစံ။

ပုံရိပ် / Pon Yate said...

မနုစံ.. မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ။ ဆီဗုံး မရှိတော့ ဒီမှာပဲ လာအော်သွားတယ်။

မြရွက်ဝေ said...

☆•.¸ ¸.•☆ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ☆•.¸ ¸.•☆
တရေးနိုးမဟုတ်မဟုတ်တဲ့ နှစ်ရေးနိုးမှာ လာနှုတ်ဆက်တာ။ နောက်တောင် ကျနေပြီ။ :D

Anonymous said...

အမနုစံရေ ၃၁ရက်နေ့ ညတိုကျိုကနေ အိုဆာကထွက်လာပြီး osaka universal studioမှာလည် ပြီး ၁ရက်နေ့ ညနေ၅နာရီလောက်ပြန်ပြေးလာတာ အခုမှဘဲပြန်ေ၇ာက်တယ်၊ မနက်အလုပ်ဆင်းရအုံးမယ်၊ နှစ်ကူးလာနှုတ်ဆက်တာ....
၂၀၀၉ နှစ်သစ်မှစပြီး မနုစံနှင့် မိသားစုအပေါ် ကောင်းမွန်သော မင်္ဂလာများ ကျရောက်စေပြီး ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းများ ရရှိပိုင်ဆိုင်နိုင်ပါစေ

kay said...

နုစံရေ- ဂျပန်စာ နဲ့ ဂျပန်စကားပြောသံကို ကြိုက်တယ်..နုတို့ဆို..အိမ်မှာ တရုတ်စကားနဲနဲ ပြောတတ်ရင်..ပိုလွယ်မလား။
ဟေ့..လာတာက..နှစ်ကူး နှုတ်ဆက်ဖို့နော်- မေ့တော့မယ်
နှစ်သစ်မှာ နူတို့၂ယောက် လုံ ရွှင်လန်းချမ်းမြေ့ပါစေ

nu-san said...

မမခင်ဦးမေ>> တို့မမက အမြဲပဲ ၁... :) ဟုတ်တယ် အမ၊ အတော်စဉ်းစားရတဲ့ စကားလုံးကို ရွေးချယ်ထားတာ တော်တယ်လို့ ပြောရမယ်။ နောက်ပြီး စိတ်ဝင်စားဖို့လည်းကောင်းတယ်လို့ ထင်မိတယ်.. :)

ကိုဇနိ + မဇနိ>> Happy New Year !! ကိုဇနိနဲ့ မဇနိလည်း နှစ်သစ်မှာပျော်ရွှင်ပါစေ.. အမလည်း မနှစ်ကအထိတော့ ၀ါးတားတားပဲ သိတယ်.. ဒီနှစ်မှ နည်းနည်းပါးပါး သိလာတာ.. :)

မြရွက်ဝေ>> ညီမလေးရေ.. အမှန်က ၁ ကနေ ၅ အထိရတဲ့ စာလုံးတွေကို တချို့website တွေက ပြောပြပေးတယ်။ အမက ဘာသာပြန်ရတာ နည်းနည်း ရှုတ်နေလို့.. အမလည်း အစက မဲနဲ့ရွေးတာလို့ မသိဘူးရယ်.. ရုံးက အသိရှင်းပြပေးလို့ သိရတာ.. :) ညီမလေးလည်း ပျော်ရွှင်ဖွယ်ကောင်းသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ.. အမလည်း ၁ ရက်နေ့က အိပ်ယာထ နောက်ကျတယ်... အတူတူပဲ... အဖော်ရှိသွားပြီ။

Craton>> အမကလည်း တကူးတက လာဖတ်ပေးတဲ့ တူလေးကို ကျေးဇူးတင်ပါတယ်.. :D

သုနှင်းဆီ>> Happy New Year!! အမလည်း အခုမှ သိရတာ မွန်ရဲ့.. အရင်က နည်းနည်း ပါးပါး ကြားဖူးတာပဲ ရှိတာ.. :)

ပန်ဒိုရာ>> မပန်ရေ.. ပြောင်းလဲခြင်းကို အားလုံး လိုအပ်နေတယ်နော်.. တကယ်လည်း ပြောင်းလဲဖို့သင့်ပြီ။

မသက်ဝေ>> အမရေ.. အားရင်တော့ စာပြန်ရေးဖြစ်ပါတယ် အမရေ.. Blog ကိုတော့ သံယောဇဉ်မပြတ်နိုင်သေးဘူး.. :)

ပေါက်>> ပေါက် တရုတ်လို အဓိပ္ပာယ်ရော တူလားဟင်.. ပြောင်းလဲခြင်းကို တကယ်လိုအပ်နေတာတော့ အမှန်ပါပဲ...

မယုဝရီ>> အမရေ... ရယ်ဒီမိတ်အထုပ်တွေကို တတ်နိုင်သလောက် မစားတာ ပိုကောင်းပါတယ်။ ဒီမှာကတော့ တနေ့တနေ့ သတင်းထဲမှာ ကြားလိုက်ရရင် မသက်မသာချည်းပဲ..

ကိုကမာနီလာ>> အမလည်း သိပ်သိတာတော့ မဟုတ်လှဘူး။ အထူးသဖြင့်တော့ ဂျပန်စာ သိပ်မရတာ အဓိကပေါ့.. အဲဒါကြောင့် တချို့ဟာတွေဆို မှားမှာစိုးလို့ မရေးလိုက်ရတာတွေလည်း ရှိတယ်.. မှားတာတွေ့ရင်လည်း ပြင်ပေးပါ စိတ်မဆိုးပါဘူး.. :)
ဟာ.. ကိုကမာက အိုဆာကာ အထိတောင် လာလည်လိုက်တာပဲ.. USJ က ဘယ်လိုလည်း တော်တော်မှ လူတိုးရရဲ့လား.... ကောင်းမွန်ခြင်းတွေ ပြည့်စုံတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ..

မောင်မျိုး>> ဂျပန်တွေ ထူးထူးခြားခြား လုပ်တာကတော့ ပြောမနေနဲ့တော့... တချို့အကြောင်းတွေဆို တီဗွီမှာ ကြည့်ပြီး ရီရမလို စိတ်တိုရမလိုပဲ.. :D
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မောင်မျိုးရေ...
ဒီကလေးကတော့ အားကျနေပြီထင်တယ်... :D

ကိုသင်္ကြန်ကြီး>> ပျောက်လှချည်လား.. ဟုတ်တယ် ကိုသင်္ကြန်ရေ.. အားလုံးကိုယ်စီ ကိုယ်စီ စိတ်ညစ်နေကြတာ.. ပျော်ပျော်နေပါ ကိုအတာကြီးရေ.. သင်္ကြန်ပြန်လာတော့မယ်လေ.. :D

လေးမ>> ညီမလေးရေ..အမလည်း သူတို့ ရွေးမယ့်စာလုံးကို သိပ်စိတ်ဝင်စားတယ်.. မနှစ်က စာလုံးကို သိရပြီးကတည်းပဲ.. ဒီနှစ်တော့ ဘာစာလုံးဖြစ်မလဲဆိုပြီး ကိုယ်ဘာသာ ထင်ကြေးပေးထားတာလည်း ရှိတယ်.. အမ ထင်ထားတဲ့ စာလုံးက Food လို့ အဓိပ္ပာယ်ရှိတဲ့စာလုံးပဲ.. အဆင့် ၄ လား ၅ လား မသိဘူးရသွားတယ်.. :)

ကြယ်ပြာ>> ညီမလေးရေ.. ဗဟုသုတ ရတယ်ဆိုလို့ ၀မ်းသာတယ်.. ဂျပန်ဘာသာ အခက်အခဲကြောင့် အမရေးထားတာ လိုအပ်တာတွေလည်း ရှိနိုင်ပါတယ်.. :)

မနုသွဲ့>> အမရေ..နှစ်သစ်မင်္ဂလာဆုတောင်းအတွက် ကျေးဇူးပါ။ အမလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုနိုင်ပါစေ.. :)

မမိုးချိုသင်း>> အမ ဆုတောင်းလေးကို သဘောကျလိုက်တာ.. ပေးတဲ့ဆုနဲ့ပြည့်ပါစေ.. နှစ်သစ်မှာ အချိန်ရရင် ရသလို စာတွေ ကြိုးစားပြီး ရေးပါ့မယ် အမ :) အမလည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်..

ပုံရိပ်>> ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ပုံရိပ်ရေ.. ပုံရိပ်လည်း နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေနော်.. :)

မကေ>> မကေရဲ့ ဆုတောင်းကိုကျေကျေနပ်နပ်ကြီး လက်ခံပြီး ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ ထပ်ဆင့်ဆုတောင်းပါတယ်.. မကေလည်း နှစ်သစ်မှာ ချစ်ချစ်နဲ့ ပျော်ရွှင်ပါစေ.. :)