January 28, 2009

တွန်းဂျိရု (豚汁) Lunch Set

ကျမက ရုံးသွားရင် နေ့လည်စာ အတွက် အိမ်က ထမင်းဘူး ယူသွားတာ များပါတယ်။ အမျိုးသားကတော့ အပြင်မှာပဲ ၀ယ်စားဖြစ်တယ်။ ထမင်းဘူးယူရတာက ဂျပန်အစားအစာတွေကို မကြိုက်သလို သိပ်လည်းမစားတတ်လို့ပါ။ ပါးပါးကတော့ ပြောဖူးတယ်။ “ရောမရောက်ရင် ရောမလို ကျင့်ရမယ်” တဲ့။ အနှစ် ၃၀ ကျော် မြန်မာပြည်မှာ နေခဲ့တဲ့သူအတွက် ရောမ ရောက်ပေမယ့်လည်း ကျမ ရောမလို မကျင့်နိုင်သေးပါဘူး။ မြန်မာအစားအစာတွေကို စားချင်နေတုန်းပဲ။ အဲဒီတော့ ကိုယ်စားချင်တာကို Osaka မှာ ၀ယ်လို့ရတဲ့ ပစ္စည်းနဲ့ ရအောင် ချက်ပြီး နေ့တိုင်းလိုလို ရုံးကို ထမင်းဘူး ယူသွားဖြစ်ပါတယ်။ ထမင်းဘူးယူသွားရတဲ့အတွက် ချက်ရ ပြုတ်ရနဲ့ အလုပ်ပိုရှုတ်တယ်။ နေ့လည်စာကို အများနည်းတူ အပြင်စာ ၀ယ်စားမယ်ဆိုရင် ပိုက်ဆံနည်းနည်းလောက် ပိုကုန်ပေမယ့် လူအရမ်းသက်သာမှာပါ။ ဒါပေမယ့် အမြဲတမ်းတော့လည်း အိမ်က ထမင်းဘူးချည်းပဲ မစားနိုင်ပါဘူး။ တခါတလေ အပြင်အစားအစာတွေ စားချင်တဲ့စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်ချက်ထားပြီးသားဟင်းကို မစားချင်တော့တဲ့အခါပဲဖြစ်ဖြစ်၊ ဟင်းချက်ဖို့အချိန်မရရင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး ပျင်းရင်ပဲဖြစ်ဖြစ် ရုံးနားကဆိုင်တွေမှာပဲ ၀ယ်စားဖြစ်တယ်။


*****


ကျမတို့ ရုံးနားမှာတော့ နေ့လည်စာအတွက်ဆိုရင် ဆိုင်မျိုးစုံရှိပါတယ်။ ဂျပန် ရယ်ဒီမိတ် ထမင်းဘူး (အိုဘမ်းတိုး obentou
お弁当 ) ၀ယ်စားရင် ယန်း ၅၀၀၊ ၆၀၀ လောက်ဆို အသား၊ငါး၊ အသီးအရွက်၊ ထမင်း အပြင် ဟင်းချို ဒါမှမဟုတ် သောက်စရာ အရည်တစ်ခုခုကိုပါ တွဲပေးတတ်ပါတယ်။ များသောအားဖြင့် အဲဒီလို ရောင်းတဲ့ဆိုင်တွေက လမ်းဘေးဈေးဆိုင်ငယ်လေးတွေပါ။ ရုံး ထမင်းစားဆင်းချိန် နေ့လည် ၁၁ နာရီလောက်မှ ဈေးသည်တွေက ကားရပ်ပြီး ဘေးမှာ ဆိုင်ခင်းရောင်းကြတာ။ ထမင်းစားချိန်ပြီးသွားရင်တော့ အဲဒီလို ဆိုင်မျိုးတွေ မတွေ့ရတော့ပါဘူး။ ကျမတော့ တစ်ခါမှ မ၀ယ်စားဖြစ်သေးဘူး။ တချို့စားသောက်ဆိုင်တွေကျတော့ သူတို့ဆိုင်က ချက်ထားပြီးသားကိုပဲ နေ့လည်စာအတွက် သီးသန့် ရယ်ဒီမိတ် ထမင်းဘူးတွေ လုပ်ရောင်းတတ်တာမျိုးလည်း ရှိတယ်။ ဈေးကတော့ အသင့်အတင့်ပေါ့ ယန်း ၆၀၀ ကျော် ၇၀၀ ၀န်းကျင် အစားစားပါပဲ။


ဆိုင်မှာ သွားစားမယ်ဆိုရင်တော့ ဆိုင်တိုင်းလိုလိုက နေ့လည်စာ အတွက်ဆိုပြီး Lunch Menu သီးသန့်ထား ပေးထားကြတယ်။ သူတို့ အခေါ်ကတော့ Lunch Set ပေါ့။ ဈေးအနည်းအများ ပေါ်မူတည်ပြီး A Set ၊ B Set ၊ C Set ဆိုပြီး အမျိုးမျိုးရှိတယ်။ Lunch Set ကတော့ ဟင်းတစ်မျိုးစီ သီးသန့်မှာစားတာထက် စာရင် ဈေးပိုသက်သာပါတယ်။ ရုံးနားမှာ ရှိတဲ့ ဆိုင်တွေက နေ့လည် ထမင်းစားချိန်ပဲ ရောင်းအားရှိတာ။ နောက်ပြီး တစ်ဆိုင်နဲ့ တစ်ဆိုင် အပြိုင်အဆိုင် ရောင်းနေကြရတာ ဆိုတော့ သိပ်ပြီး မခိုရဲကြဘူး။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဆို ဈေးဆိုင်တွေလည်း ပိတ်တာများတယ်။


ဆိုင်တွေကတော့ ဂျပန်စားသောက်ဆိုင်၊ အီတလီဆိုင်၊ ထိုင်းဆိုင်၊ တရုတ်ဆိုင်၊ အိန္ဒိယဆိုင်၊ နီပေါဆိုင်၊ ပြင်သစ်ဆိုင် စသည်ဖြင့် ကိုယ်ကြိုက်ရာ သွားစားလို့ရပါတယ်။ စားသောက်ဆိုင်မှာ စားမယ်ဆိုရင် အနည်းဆုံး ယန်း ၇၀၀ ကနေ ယန်း ၁၀၀၀ လောက်တော့ ပေးရတယ်။ ပြင်သစ်ဆိုင်ဆို ယန်း ၂၂၀၀ တောင်ပေးရတယ်။ တကယ့်ကို ပြင်သစ်စတိုင် အပီအပြင် စားကြတာ။ Main dish မလာခင် Side dish တွေက တပုံကြီး အရင်လာတာ။ တကယ့် Main dish လည်း လာရော မစားနိုင်တော့ဘူး။ ပြီးရင် ကော်ဖီ နဲ့ dessert ပါ ပါ လိုက်သေးတယ်။ ကျမ အများဆုံး သွားစားဖြစ်တာက ထိုင်းဆိုင်နဲ့ အိန္ဒိယ ဆိုင်ကိုပါ။ ထိုင်းဆိုင်ကတော့ ချဉ်ချဉ်စပ်စပ်တွေ စားချင်ရင် သွားစားလိုက်တယ်။ အိန္ဒိယ ဆိုင်ကတော့ နံပြား စားချင်လို့ သွားစားဖြစ်တာ။ ဂျပန်ဆိုင်ကိုတော့ သွားစားခဲပါတယ်။


*****


ဒီမှာနေတာ နည်းနည်းကြာလာတော့ ဟိုစပ်စပ် ဒီစပ်စပ် စားကြည့်ရင်းက ဂျပန်အစားအစာ တချို့ကို စားတတ်လာတယ်။ ထမင်းဘူး မယူလာတဲ့နေ့မျိုးဆို ကျမတို့ မန်နေဂျာက ဂျပန်စားသောက်ဆိုင် ကောင်းကောင်းတွေဆီ ခေါ်သွားတတ်တယ်။ သူက အစားအသောက်နဲ့ ပတ်သက်ပြီး အရမ်းဂျီးများတာ။ သူနဲ့ လိုက်စားရင်း တဖြည်းဖြည်း ဂျပန်အစားအစာတွေ စားတတ်လာတာ။ စားပြီး ကိုယ်ကြိုက်တာတွေ့ရင် မှတ်ထားလိုက်တာပေါ့။ နောင် အပြင်ထွက်စားမယ် ဆိုရင် သူပြောထားတဲ့ ဆိုင်ပဲ သွားပြီး စားဖြစ်တော့တယ်။ အဲဒီလိုနဲ့ တချို့ ဂျပန်အစားအစာတွေကို ကြိုက်လာတယ်လို့ ပြောရမယ်။ အခုတလော စိတ်ကြိုက်ဖြစ်နေတဲ့ ဂျပန်စာက တွန်းဂျိရု (Tonjiru 豚汁) လို့ခေါ်တဲ့ နေ့လည်စာပါ။ ညီမလေး မြရွက်ဝေ Blog မှာ ဟင်းချက်နည်း တင်ပေးထားပေမယ့် အိမ်မှာတော့ တစ်ခါမှ ချက်မစားဖြစ်ပါဘူး။


ကျမက တွန်းဂျိရု ကို ကြိုက်တာထက် တွန်းဂျိရု Lunch Set မှာပါတဲ့ ငါးကင်ကိုကြိုက်တာက ပိုမှန်ပါလိမ့်မယ်။ တွန်းဂျိရုလို့ မှာလိုက်ရင် ထမင်းပန်းကန်လုံး တစ်လုံး၊ ငါးကင် တစ်ပိုင်း၊ ပြီးတော့ တွန်းဂျိရု ဟင်းချို တစ်ခွက်၊ အအေးစာ တိုဖူး၊ နောက်ပြီး မုန်လာချဉ်ဖတ် နည်းနည်းပါ ပါတယ်။ ငါးကင်ဘေးနားမှာတော့ မုန်လာဥအဖြူကို ခြစ်ထားတဲ့ အနှစ်နည်းနည်း ထည့်ပေးထားတယ်။ စားခါနီးမှ မုန်လာဥအနှစ်ပေါ်ကို ပဲငံပြာရည်စမ်းပြီး ငါးနဲ့ အတူ တွဲစားရတာပါ။


တကယ်တမ်း တွန်းဂျိရု ဟင်းချိုချည်းပဲ သောက်ရရင် ကျမ ကြိုက်ချင်မှ ကြိုက်မှာ။ ဒါပေမယ့် ငါးကင်နဲ့ ထမင်းကို စားပြီး ဟင်းချိုသောက်ရင် အရမ်းစားကောင်းလို့ နေ့လည်စာအနေနဲ့ ဂျပန်စာပဲ စားမယ်ဆိုရင် တွန်းဂျိရုပဲ သွားစားဖြစ်တယ်။ ငါးကင်က အိမ်မှာလည်း ကိုယ်တိုင်ကင်လို့ရပါတယ်။ ဒါပေမယ့် သူတို့ ကင်ထားသလို ကောင်းချင်မှ ကောင်းမှာမို့ မကင်စားဖြစ်တာ။ တွန်းဂျိရု ဟင်းချိုက ၀က်သားအလွှာ၊ ပဲပင်ပေါက်၊ မုန်လာဥဖြူ၊ ကြက်သွန်နီကို မီဆို ပဲနှစ် (miso
みそ) နဲ့ ချက်ထားတာပါ။ အပေါ်ကနေ ကြက်သွန်မိတ်လှီးထားပြီးသား နည်းနည်း ထည့်ထားပါတယ်။ ဆိုင်က ဟင်းချိုထဲ မြင်မိသလောက်ကတော့ အဲဒါအကုန်ပါပဲ။ ထမင်းက ပန်းကန်လုံး တစ်လုံးပဲရတယ်။ ထပ်တောင်းလို့ မရပါဘူး။ အားလုံး စားပြီးသွားရင် ဗိုက်ပြည့်တယ် ဆိုရုံလောက်ပဲရှိတယ်။ တအားလည်း ဗိုက်နင့် မနေသလို ဆာလည်း မဆာတော့ပါဘူး။ ဒါပေမယ့် ညနေကျရင်တော့ ဗိုက်ဆာတာ စောတယ်။ တွန်းဂျိရု Lunch Set က ယန်း ၇၅၀ ပေးရပါတယ်။





ဇန်န၀ါရီ ၂၈၊ ၂၀၀၉။

20 comments:

JuneOne said...

ငါးကင်က salmon ငါးလားဟင်။ငါးကင် နဲ့ဟင်းချိုကလိုက်မှလိုက်။ဒီမှာငါးဈေးကြီးတယ်။

nu-san said...

JuneOne>> ကျော့ရေ.. ငါးကင်က Salmon မဟုတ်ဘူး.. ဒီမှာတော့ saba (さば)လို့ခေါ်ကြတယ်။ အရိုးသိပ်မများပဲ ကင်ထားရင် စားလို့ကောင်းတယ်။

Anonymous said...

ကိုယ်တိုင်ချက်ရတာတော့ အလုပ်ရှုပ်တာပေါ့နော်။ တခါတလေတော့ စိတ်ကြိုက်စားလို့ရတယ်။ အမနုစံတို့ရုံးနားမှာ စားစရာဆိုင်တွေ အများကြီးပဲ။
အမလည်း ထမင်းဘူးမယူနဲ့လေ တူတူသွားစားပေါ့။
ညီမကတော့ အိမ်မှာပဲ စားတာများတယ်။ ကျောင်းကင်တင်းမှာလည်း လူတွေက တိုးမပေါက်ဘူး။ မကြိုက်တာလဲ ပါတယ်။ နေ့လည်စာလည်း အိမ်ပြန်လာစားတာ။ အိမ်နဲ့ကျောင်းကလည်း နီးတယ်ဆိုတော့လေ။ lunch set လေးတွေက စားရတာ အစုံပါတော့ စားလို့ကောင်းပါတယ်။ ထိုင်းဆိုင်မှာလည်း lunch set ပဲ စားဖြစ်တာ။

pandora said...

Saba ကို ကြိုက်တယ်။ ကိုရီးယားဆိုင်မှာလည်း ရတယ်။

တွန်းဂျိရု တော့ မသိဘူး။ အဲလိုခေါ်တာကို မသိတာလည်းဖြစ်နိုင်တယ်။ နက်ဖြန် ဂျပန်ဆိုင်မှာ နေ့လည်စာသွားစားဖို့ လုပ်ထားကြတယ်။ အတော်ပဲ ရှာကြည့်ဦးမယ်။

khaingzm said...

saba ငါးကင်ကို သမီးလဲကြိုက်တယ် ..ငါးသလောက်အနံ့နဲ့ တူသလိုပဲနော်.. ဒီမှာတော့ ကိုရီးယားဆိုင်မှာရတယ် အစ်မ.. ထမင်းရယ် ငါးတစ်ခြမ်းရယ် ဟင်းချိုရယ်ကို ငါးကျပ်ပေးရတယ် ..

Anonymous said...

အစ်မ ကျနော်ကလေ အစ်မချက်တဲ့ ဟင်းအရသာတော့မသိဘူး ပြင်ထားတာ လှပြီး စားချင်စရာလေးမို့ တော်တော်ကြာကြာ ငေးသွားတယ် အပျိုမလေးတစ်ယောက်ကို မိတ်ကပ်လိမ်းထားပေးသလို သိပ်လှတာပဲ ဒါလည်း အနုပညာတစ်ရပ်ပဲပေါ့ ။

Anonymous said...

အင်း... Saba Fish က ငါးသလောက်နဲ့ တူလို့ ကျွန်မကတော့ ငါးသလောက်ပေါင်းသလို ပေါင်းစားတယ်... စပါးလင်တွေဘာတွေထည့်ပြီး ကြက်သွန်ဥ၊ ရှာလကာရည်နဲနဲနဲ့ပေါင်းလိုက်တော့ တကယ့်ငါးသလောက်အတိုင်းပဲး)

မီယာ said...

စားလို့ကောင်းမှာပဲနော်။ ငါးကင်လေးနဲ့ ထမင်းပူပူလေး ဆို တခြားဟင်းတွေတောင် မလိုဘူး။

သက်ဝေ said...

မြန်မာဆိုတော့လဲ မြန်မာပီပီ မြန်မာအစားအစာလေးပဲ နှစ်နှစ်သက်သက် စားချင်တာပေါ့။ အစားအစာနဲ့  ပတ်သက်ရင်တော့ ရောမကိုရောက်နေပေမယ့် ရောမလိုမကျင့်နိုင်တာ နုစံတစ်ယောက်ထဲ မဟုတ်ပါလေ... အားမငယ်ပါနဲ့ ...။
saba ကိုကြိုက်ပါတယ်... ဒီမှာတော့ ကိုရီးယားဆိုင်တွေမှာရပါတယ်..။
ပန်ပန်တို့ .. မပန်းအိတို့ .. ခိုင်တို့  ပြောသွားကြတဲ့ အတိုင်းပါပဲ...

Anonymous said...

မနုစံရေ ငါးကင်တော့ စားချင်သား။ ဂျပန်စာတော့ သိသလောက် အရမ်းကြီး ကြိုက်တာ မရှိဘူး။ မြန်မာပြည်က လူတွေက အစပ်ကြိုက်လို့ ထင်တယ်။

khin oo may said...

ဘာ စားစား..ဘာနဲ့စားစာ.းဝင်တယ် ညီမလေး..ထမင်းချည်းဘဲစားရင်တောင် အရသာရှိတယ်ထင်နေမိသေးတယ်။

khin oo may said...

တွန်းဂျိရု ကို တွန်ခရူ လို့ဖတ်လိုက်မိပြီး ထိတ်ကနဲ ရင်ခုန် သွားမိသေးတယ။် ဟိ. ငယ်ချစ်ဆိုတော့.။

မြရွက်ဝေ said...

ငါးတုံးက သေးသေးလေးရယ်၊ ဗိုက်မဝဘူး။ ထမင်းများများလိုချင်ရင် 大盛り(အိုးမိုရိ)ဆိုပြီးရေးထားတာမျိုးမှ ရမယ်ထင်တယ်။

ညီမလည်း ဒီရောက်ပြီး ငါးမစားရတာ ကြာပေါ့။ ကိုယ်တိုင် မချက်တတ်တာရယ်၊ စပါးလင် အလွယ်တကူမရတာရယ်၊ ပင်လယ်ငါးတွေချည်း ရှိတာကြောင့်လေ။ စားချင်လာရင် စူပါမှာ အဆင်သင့်စားလို့ရတဲ့ さんま(စန်းမ)ငါးကင်ဘဲဝယ်စားနေတာ။

ညီမရေးထားတဲ့ トン汁ချက်နည်းက နဲနဲအမယ်များတယ်။ အမ အလုပ်ကပြန်လာမှ ချက်ရင် အချိန်ကုန်လိမ့်မယ်။ တီဗီမှာ トン汁အမြန်ချက်နည်း ကြည့်ဘူးတယ်။ microwaveနဲ့တင် ချက်လို့ရတယ်။ နောက်မှရှာဖွေစမ်းသပ်ကြည့်ပြီးမြ ဘာသာပြန်ပေးမယ်နော်။

(ကွန့်မန့်တင်ခါနီးမှ အပေါ်က မခင်ဦးမေရဲ့ ကွန့်မန့်မြင်လို့။ တွန်ခရု တဲ့ ခွိ :D
"တွန်ခရုနဲ့ နေ့လည်စာတွဲစားခြင်း":P)

Moe Cho Thinn said...

ငါးဆို ကြိုက်ပြီးသားပဲ နုရေ
ဘာအစားအသောက်မဆို ကြိုက်မိတာချည်းပါပဲလေ..
healthy food တော့ ရှောင်တယ် :)
အသီးအရွက် ပိန်ပိန်အစားအစား..No No.. :D

Anonymous said...

စာဘားဆိုတဲ့ငါးကင် စားချင်တယ်.. ရှလွတ်..
တစ်ရေးနိုးလာဖတ်ပါတယ်.. ဗိုက်ချောင်နေတာ အတော်တောင်ဗိုက်ဆာသွားပြီ..း(
စားရတာနည်းပြီး ပေးရတာဈေးကြီးသလားလို့ အဟီး။

တန်ခူး said...

နုရေ… တို့ လဲ သောကြာနေ့ ကလွဲရင် ကျန်တဲ့ နေ့ တွေဆို ထမင်းဗူးယူတယ်…
ကိုယ့်ထမင်းဟင်းဆိုတော့ ငါးပိကြော်လေးနဲ့ လဲ မြိန်တာပဲလေ… တွန်းဂျိရုကို သူများတွေ စားနေတာ မြင်ဖူးတယ်.. နာမည်ကတော့ နုပို့ စ်လေးဖတ်မှ သိတော့တာ… ဒီတခါ စားကြည့်ဦးမှ…

ကြယ်ပြာ said...

မနုရေ …

အစ်မပြောတဲ့ဟင်းနဲ့တူတာမျိုးက ဒီမှာ Saba Fish Set လို့ခေါ်တဲ့ဟင်းတစ်မျိုးရှိတယ်။
သမီးတို့အလုပ်နားက တရုတ်ဆိုင်မှာစားဖူးတာ … သူလဲ ဟင်းချိုရယ်၊ အရွက်သုပ်ရယ်၊ ငါးကင်တစ်ခြမ်းရယ်(ခိုင်ဇာပြောသလိုပဲ) ပါတယ် … အကုန်စားလို့ကောင်းတယ် …
ပြောရင်းနဲ့စားချင်လာပြီ အဟီး ….

Taungoo said...

သတိထားနေလျက်နဲ့ ဗိုက်ဆာတဲ့အချိန်ပဲ ဒီကိုရောက်လာဖြစ်တယ်။ တောင်ငူက ပါလာတဲ့ ဖိုးဆန်းပဲလှော်လေးပဲ သုတ်စားလိုက်တော့မယ် အမရေ။ အဟီး :D

WWKM said...

မနုစံရေ..
မနုစံတို့ရုံးနာမှာ စားစရာဆိုင်တွေ အများကြီးပဲနော်။
ကျမလဲ ထိုင်းစာနဲ့ အန္ဒိယစာတွေကြိုက်တယ်လေ။
ချဉ်ချဉ်စပ်စပ်လေးတွေဆိုတော့ မြန်မာအစားအသောက်
နဲ့ အရသာတူတော့ စားလို့ကောင်းတယ်နော်။
ဂျပန်စာ ကို ကျမလဲ မကြိုက်တတ်ဘူး။
တခါတလေ ကောင်းမယ်ထင်ရင်တော့ စားကြည့်လိုက်
ပါတယ်။ များသောအားဖြင့် ပေါ့ရွှတ်ရွှတ်နော်.
ဂိဖုသွားတုန်းကတော့ ဂျပန်မိတ်ဆွေကခေါ်သွားပေးခဲ့လို့
ဟိုးတောင်ပေါ်ကြီးမှာ ငါးကင်တွေအ၀ စားခဲ့ရတယ်
မနုစံရေ..ကောင်းမှကောင်းပဲ.
မနုစံ အခုပြောတဲ့ တွန်ဂျိရု ကို စားကြည့်ဦးမယ်။
ငါးကင်လေးနဲ့တွဲရက် set တော့စားဖူးပါတယ်.တွန်ဂျိရု
ဟုတ်မဟုတ်တော့ မသိဘူး။။း)
ဟုတ်တယ်နော်. ကိုယ်တိုင်ချက်ရတာက တခါတလေ
အလုပ်ရှုတ်တယ်လေ။ ကိုယ်စားချင်တာလေးတွေ့ ဈေး
လေးလဲအဆင်ပြေရင် ဒီလိုပဲ အပြင်မှာပဲ ကြည့်ကျက်
စားရတော့တာပဲနော်. ဗိုက်ပြည့်အေးရောပဲ.. ကိုယ့်မြန်
မာအစားအသောက်လိုတော့ ခံတွင်းမတွေ့လှဘူးပေါ့။
အဆင်ပြေပါစေမနုစံရေ။

nu-san said...

မဇနိ>> ကိုယ်တိုင်ချက်ရင် အလုပ်ရှုတ်တာတော့ မပြောပါနဲ့တော့ ညီမလေးရေ.. ပိတ်ရက် ၂ ရက်မှာ တရက်က ဈေးဝယ်ပြီး နောက်ရက်မှာ ချက်ထားရတယ်။ နို့မို့ဆို အလုပ်များရင် ကြားရက်မှာ ဘယ်လိုမှ မချက်ဖြစ်ဘူး။ တပတ်မှာ တနပ် နှစ်နပ်လောက်တော့ အပြင်မှာစားဖြစ်တယ် မဇနိလေးရဲ့.... ညီမလေး အိမ်က ကျောင်းနဲ့ နီးတော့ အဆင်ပြေတာပေါ့နော်.. ကောင်းလိုက်တာ.. :)

Pandora>> မပန်တို့ဆီမှာလည်း Saba ငါးရတယ်လား။ အဲဒီမှာက အစားအစာ မျိုးစုံ ရတယ်ဆိုတော့ အဆင်ပြေလိုက်တာ.. :)

Khaingzm >> ခိုင်ဇာ.. သမီးလည်း ငါးကင်ကြိုက်တယ်လား။ ဟုတ်တယ် ညီမလေးရေ.. ငါးသလောက်နံ့ရတယ်နော်။ အမက ငါးသလောက် မစားရတာ ကြာလို့ စိတ်စွဲတယ် ထင်တာ... :D

မောင်မျိုး>> အဲဒါ ဆိုင်က ချက်ပြီး ပြင်ပေးထားတာဆိုတော့ ဂလောက်တော့ ရှိမယ်လေ မောင်လေးရဲ့.. ဆိုင်တွေက ပန်းကန်သုံးတာကအစ သူ့နေရာနဲ့ သူအဆင်ပြေအောင် သုံးထားတော့ ကြည့်ရတာ အမြင်ရှင်းပြီး စားချင်စဖွယ်ဖြစ်အောင် ပြင်ထားကြတယ်.. “အပျိုမလေးကို မိတ်ကပ်လိမ်းပေးထားသလို” တဲ့.. မောင်မျိုးပဲပြောတတ်တယ်.. :D

မပန်းအိ>> ကျေးဇူးပါ မပန်းအိရယ်.. အဲဒီငါးအစိမ်းကို မြင်တော့ မြင်ဖူးနေတယ် တစ်ခါမှ ဟင်းချက် မစားကြည့်မိဘူး။ ပေါင်းအိုး ၀ယ်ပြီးမှ မပန်းအိပြောသလို ချက်စားကြည့်ဦးမယ်။ အခုလောလောဆယ် အပျင်းနည်းနဲ့ ငါးသေတ္တာ စမ်းချက်ကြည့်တာ မဆိုးဘူး အဆင်ပြေတယ်... :)

မီယာ>> အင်း.. ကောင်းမှကောင်း.. :D

မသက်ဝေ>> ဟုတ်တယ်နော် အမ ကျနော်တစ်ယောက်တည်း ရောမလို မကျင့်နိုင်တာ မဟုတ်ပါဘူးနော်။ ဂျပန်စာ ကြိုက်တတ်လာတယ် ဆိုပေမယ့် မစားရလည်း နေနိုင်ပါတယ်။ ဒါပေမယ့် ငါးပိရည် တို့စရာနဲ့ တော့ မလဲနိုင်ပါဘူး အမရယ်။ :)

ပုံရိပ်>> ဂျပန်ဟင်းတွေက သဘာဝ အရသာ အတိုင်း စားကြတာဆိုတော့ အမတို့ အနေနဲ့ဆို စားရတာပေါ့တယ် ညီမလေးရဲ့... နောက်ပြီး သိရသလောက်တော့ သူတို့က အစပ်သိပ်မစားကြဘူး။ အမတို့ကတော့ ချဉ်ငံစပ် သမားတွေလေ.. ပြောင်းပြန်တွေချည်းပဲ... :D

မခင်ဦးမေ>> ထမင်းချည်းပဲ စားရင်တောင် အရသာရှိလို့ ထင်တယ်ဆိုတော့ မမခင်ဦးမေက အစားအသောက်ကို ဂျေးမများတတ်ဘူးပေါ့နော်.. ကောင်းတယ် အမရေ.. တကယ်ပြောတာ။ ဟင်းချက်ရတာ ဘာမှသာမဟုတ်တယ်ပြီးရင် သိမ်းဆည်းရ ဆေးကြောရနဲ့ အလုပ်ရှုတ်တယ်.. ပြီးတော့ ပင်ပန်းတယ်.. :)
တို့မမကတော့လေ တွန်းဂျိရုကို တွန်ခရုနဲ့ မှားရတယ်လို့... :D

မြရွက်ဝေ>> ညီမလေးပြောပြလို့နောက်တစ်ခါ (အိုးမိုရိ)လို့မှာစားလိုက်တာ အဲဒီနေ့က လမ်းတောင် သိပ်မလျှောက်နိုင်တော့ဘူး :D စန်းမ ငါးက စက်တင်ဘာလလောက်ဆို အရမ်းစားကောင်းတယ်လို့ ဆရာမပြောဖူးတယ်.. ပိုချိုတယ်ဆိုပဲ.. အမလည်း စားချင်ရင် ကင်ထားတာ ၀ယ်စားလိုက်တယ်.. ကိုယ်တိုင်တော့ မကင်ဖူးဘူး... :D

မမိုးချိုသင်း>> အမရေ.. ငါးကြိုက်တာချင်းတူတယ်.. ရန်ကုန်က ရေချိုငါးကို သိပ်လွမ်းတာပဲ.. ဒီမှာတော့ပင်လယ်ငါးပဲ အစားများကြတယ်.. ကျနော်လည်း မတည့်တာဆို ပိုစားချင်တယ်..သဘာဝလား မသိဘူးနော်.. မတည့်ပါဘူး ပြောထားလေ ပိုစားချင်လေပဲ.. :D

Craton>> တူလေးရေ.. စားရတာ အတန်အသင့်တော့ ဗိုက်ဝပါတယ်။ ယန်း ၇၅၀ က တခြားနေ့လည်စာစားရင်လည်း အဲဒီလောက်တော့ ပေးရတယ်။ ဒီမှာက ဘယ်ဟာမဆို ဈေးကြီးတာပါပဲဟယ်.. :(

မတန်ခူး>> ကျနော်လည်း သောကြာနေ့ဆို ထမင်းဘူး မယူသွားဘူး.. ဟုတ်တယ်မရေ.. တခါတလေဆို ညက ချက်ထားတာဖြစ်ဖြစ် ဟင်းကျန်ပဲဖြစ်ဖြစ် ထည့်ယူသွားပြီး သရက်သီးသနပ်၊ ငါးခြောက်ကြော် ၊ချဉ်ပေါင်ကြော် တခုခုနဲ့ စားလည်း စားကောင်းတာပဲ.. :D

ကြယ်ပြာ>> အဲဒီက Saba Fish Set က ဟင်းချိုရယ် အရွက်သုပ်ရယ် ငါးကင်တစ်ခြမ်းရယ်ဆိုလည်း စားလို့ လိုက်တာပဲနော်.. အမလေ တုံးတာ.. အရင်တုန်းကဆို အဲဒီငါးကို မစားတတ်ဘူး.. ချက်လည်း မစားဖြစ်ဘူး။ ဂျပန်ဆိုင်မှာ သွားစားတုန်းက နေ့လည်စာ set တွေကို ပုံတု လုပ်ထားတာကို လက်ညှိုးထိုးပြီးမှာတာ.. :D

ကိုတောင်ငူ>> ကြွားပါ ကြွားပါ ကိုတောင်ငူရေ.. ဖိုးဆန်းပဲလှော်သံကြားလို့ အိမ်က တောင်ငူသားကတော့ စားချင်တယ်တဲ့... တောင်ငူအစားအစာတွေ တော်တော်မှ စားဖြစ်ခဲ့ရဲ့လား... :)

မ၀ါဝါခိုင်မင်း>> မြန်မာပါးစပ်ကတော့ ချဉ်ငံစပ်မှ စားတတ်တာမို့ ထိုင်းစာနဲ့ အိန္ဒိယ အစားအစာတော့ ကိုယ်တွေ ပါးစပ်နဲ့ ကိုက်တယ်ပြောရမယ်နော်.. တွန်းဂျိရု set ကို စားကြည့်နော် စားကောင်းတယ် အမ။ ကိုယ်တိုင်ချက်ကတော့ အလုပ်ရှုတ်တကယ်ရှုတ်တယ် အမရေ.. အပြင်မှာ စားတတ်တာ ပိုကောင်းတယ် အမ။ ပိုက်ဆံနည်းနည်း ပိုကုန်တာပဲ ရှိတာ လူသက်သာတယ် နောက်ပြီး အချိန်ကုန်လည်း သက်သာတယ်နော်.. :)