May 12, 2010

သမီးဖတ်ဖို့ (၂၀၀၉ ခုနှစ် ဧပြီ - မေလ)

မနှစ်က ဒီလိုအချိန်မှာ သမီးလေး ကိုယ်ဝန်ကို မေမေ လွယ်ထားနေရပြီပေါ့။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကိုယ့်ကိုကိုယ် ကိုယ်ဝန်ရှိနေမှန်းတောင် သတိမထားမိခဲ့ပါဘူး။ ဧပြီလ ၂၂ ရက်နေ့မှာ Osaka ကနေ မြန်မာပြည်ပြန်လည်မှာဆိုတော့ ဒီကြားထဲ ခရီးထွက်ဖို့ ပြင်ဆင်၊ ရုံးအလုပ်တွေလည်း လက်စသတ်ပေးနဲ့ အလုပ်ရှုတ်နေခဲ့တာ။ မြန်မာပြည်ပြန်ရောက်တော့လည်း ပါပါးရဲ့ ညီအငယ်ဆုံး မင်္ဂလာဆောင်ရှိလို့ ရန်ကုန်မှာ ၁ ရက်နားပြီး နောက်တစ်နေ့မှာ တောင်ငူကို ခရီးဆက်ခဲ့ရတယ်။ တောင်ငူမှာလည်း အေးအေးဆေးဆေး မနေနိုင်ခဲ့ပါဘူး။ မင်္ဂလာဆောင် ကိစ္စတွေပြီးတာနဲ့ ချက်ချင်းပဲ ရန်ကုန်ကို မေလ ၁ ရက်နေ့ မတိုင်ခင် ပြန်လာရပြန်တယ်လေ။ ဘာလို့လည်း ဆိုတော့ မေလ ၁ ရက်နေ့မှာ မေမေရဲ့ မောင်အငယ်ဆုံး က မင်္ဂလာဆောင် ဦးမှာကိုး။ မင်္ဂလာဆောင်လည်း ပြီးရော အင်းစိန် အန်းကုန်း (မေမေ့ရဲ့ပါပါး) က မေလ ၅ ရက်နေ့မှာ ဆေးရုံတက်ရတာပါပဲ။ မေမေတို့လည်း မင်္ဂလာဆောင် ကိစ္စတွေ၊ အန်းကုန်း ဆေးရုံတက်ရတဲ့ ကိစ္စတွေနဲ့ လူရော စိတ်ပါ ပင်ပန်းခဲ့ကြတယ်။ ရန်ကုန်မှာ နေတဲ့ အချိန်အတွင်းဘယ်မှလည်း မသွားနိုင်ခဲ့သလို ဘာမှလည်း ထူးထူးခြားခြား မလုပ်ဖြစ်ပဲ အန်းကုန်း ဆေးရုံတက်တဲ့ ဗဟိုစည် အထူးကု ဆေးခန်းမှာပဲ ပါပါးနဲ့မေမေက နေ့ဘက် လူနာစောင့်ပေးခဲ့ရတာပေါ့။

ဒီလိုနဲ့ Osaka ကို ပြန်ရဖို့ ရက်က တဖြည်းဖြည်းနီးလာတယ်။ မပြန်ခင် ပါပါးနဲ့ မေမေလည်း ရွှေတိဂုံဘုရား သွားမယ်လို့ စိတ်ကူးထားကြတယ်။ ဘုရားသွားမယ့်နေ့ (မေလ ၁၂ ရက်) မှာ မနက်စောစောထပြီး ဆီးစစ်ကြည့်လိုက်တော့ သမီးလေး မေမေတို့ဆီရောက်နေပြီဆိုတာ သိလိုက်ရတယ်။ ပါပါးနဲ့မေမေလည်း အံ့သြပြီး ပျော်လည်းပျော်တယ်။ စိတ်ထဲလည်း ကြည်နူးမိတယ်။ ဘုရားမသွားခင်မှာ ကလေးရှိနေပြီဆိုတာ သိရတာမို့ ဘုရားရောက်တော့ ကျန်းမာပြီး ကိုယ်လက်အင်္ဂါစုံလင်တဲ့ သားသမီးရတနာလေး ဖြစ်ဖို့၊ ကလေးကို ချောချောမောမော မွေးဖွားနိုင်ဖို့ ဆုတောင်းခဲ့ကြတယ်။ အင်းစိန် အန်းကုန်း၊ အန်းမတို့အတွက်တော့ သမီးလေးက မြေးဦးလေးမို့ လူကြီးတွေလည်း ပျော်ကြတယ်။ ကြုံတုန်း မေမေတို့ အဖြစ်ကို ပြောရဦးမယ်။ ရီစရာလို့ပြောရမလား၊ အ တယ် နုံတယ်လို့ ပြောရမလား၊ အဖြစ်သည်းတယ်လို့ ပြောရမလားပဲ။ ဖြစ်ပုံက ဒီလို သမီးရေ..မေမေတို့လည်း ကိုယ့်ဘာသာ ဆီးစစ်ထားတာ မသေချာမှာစိုးလို့ ကိုယ်ဝန်ရှိမရှိ ပိုသေချာသွားအောင် ဆရာဝန်နဲ့ ထပ်စစ်ဆေးကြည့်ရင် ကောင်းမယ်ဆိုပြီး စိတ်ကူးမိတယ်။ ဒါနဲ့ပဲ တခြားဆေးခန်းသွားရင်လည်း အချိန်ကုန်မယ့်အတူတူ တလက်စတည်း အင်းစိန် အန်းကုန်းတက်နေတဲ့ ဗဟိုစည် အထူးကု ဆေးခန်းက OG တစ်ယောက်ယောက်ဆီမှာပဲ ပြလိုက်တော့မယ်ပေါ့။ ကိုယ်ဝန်တကယ်ရှိတယ်ဆိုရင်လည်း Osaka ပြန်ရောက်ရင် ဆေးရုံစုံစမ်းရဦးမှာ ဆိုတော့ ဒီကြားထဲ ကိုယ်ဝန်ဆောင်သည်တွေအတွက် သိသင့် သိထိုက်တာလေးတွေ၊ ဆောင်ရန်ရှောင်ရန်လေးတွေ သိထားရအောင် ဆရာဝန်နဲ့ ပြကြည့်လိုက်တာလည်း ပါတယ်။ ရိုးရိုးသာမန် စမ်းသပ်တာလောက်ပဲမို့ သိပ်မကုန်ကျလောက်ဘူးလို့ ထင်မိတာလည်း ပါတာပေါ့။ ရုပ်ရှင်ထဲမှာဆို ဆရာဝန်တွေက မင်းသမီးကို နားကြပ်ကလေးနဲ့ ဟိုထောက် ဒီထောက်လုပ်လိုက်ပြီးရင် ကိုယ်ဝန် ဘယ်နှစ်လ ရှိနေပြီ ဆိုပြီး ပြောတာ မြင်ဖူးတာဆိုတော့ ဒီအထူးကုဆရာဝန်မကြီးလည်း မေမေ့ကို စမ်းသပ်ပြီးရင် ကိုယ်ဝန်ဘယ်နှစ်လ ရှိပြီဆိုတာ လက်တန်းပြောမှာပဲလို့ မေမေတို့က ထင်ထားတာ။ ဒါပေမယ့် မေမေတို့ အထင်နဲ့ တကယ့်လက်တွေ့က တက်တက်စင်အောင် လွဲတယ် သမီးရေ။

ပါပါးနဲ့မေမေ မေလ ၁၃ ရက်နေ့ ညနေမှာ OG ဆရာမကြီးနဲ့ ၀င်တွေ့ဖြစ်တယ်။ တွေ့တော့ ဆရာမကြီးက ထုံးစံအတိုင်း မေးခွန်းတွေ မေးပြီး မေမေ့ဗိုက်ကို စမ်းသပ်ပေးတာပေါ့။ ပြီးတော့ ပါပါးရော မေမေ့ရော သွေးစစ်ခိုင်းတယ်။ မေမေ့ကိုတော့ ultra sound ပါ ရိုက်ခိုင်းပြီး ကိုယ်ဝန်အတွက် သီးသန့် သွေးထပ်စစ်ခိုင်းတယ်။ အသည်း (C ပိုး) နဲ့ HIV ကိုတော့ ပါပါးရော မေမေပါ စစ်ရတယ်။ တခြား စစ်ခိုင်းတာတွေ ရှိသေးတယ် မေမေ မမှတ်မိတော့လို့။ မေမေတို့က ရန်ကုန်ကို အလည် ပြန်လာတာဖြစ်ပြီး မေလ ၁၅ ရက်နေ့မှာ Osaka ကို ပြန်ရမယ်လို့လည်း ဆရာမကြီး ကို ကြိုပြောထားရသေးတယ်။ ကိုယ်ဝန်ရှိတာ သေချာလားလို့ မေးတော့ စစ်ခိုင်းတာတွေ အရင်စစ်ပါဦးလို့ပဲ ပြောတယ်။ ဒါနဲ့ပဲ ဆရာမကြီး စစ်ခိုင်းတာတွေ စစ်ဖို့ အရင်ဆုံး ငွေသွင်းကောင်တာမှာ ငွေသွားသွင်းလိုက်တာ စုစုပေါင်း မြန်မာကျပ်ငွေ ၉ သောင်းကျော်ကျတယ်တဲ့လေ။ ၁ သိန်းပြည့်ဖို့ ၁ ထောင်လားပဲ လိုတော့တာ။ မေမေတို့လည်း ပိုက်ဆံရှင်းတော့ တော်တော်လေး စိတ်လေသွားတယ်။ အဲဒီလောက်ပေးရမယ်လို့လဲ မထင်ထားဘူး။ ပိုက်ဆံမတတ်နိုင်တဲ့သူဆို ဒုက္ခပဲ နော်။ အဲဒီနေ့က ပါသွားသမျှ ပိုက်ဆံ အကုန်ကုန်တာပါပဲ။

ပြီးတော့ ရန်ကုန်မှာ ultra sound ရိုက်တဲ့အတွေ့အကြုံလည်း ပြောရဦးမယ်။ ultra sound ရိုက်ဖို့ သွားတော့ ချက်ချင်း ရိုက်လို့မရပြန်ဘူး။ ultra sound ရိုက်မယ်ဆို ဆီးအိမ်တင်းပြီး ဆီးတအားသွားချင်လာပြီဆိုမှ ရိုက်လို့ရတာတဲ့။ မေမေက မသိဘူးလေ။ မသိတော့ ရေလည်း မသောက်သွားဘူး။ ဆေးခန်းမသွားခင် ဆီးတောင် သွားထားလိုက်သေးတယ်။ ဒါနဲ့ သမီးပါးပါးက အပြင်မှာ ရေသန့် ၂ ဗူး သွားပြေးဝယ်ရတယ်။ ရေသန့် ၂ ဘူးလောက် ကုန်အောင်သောက်ပြီး ဆီးသွားချင်ပြီဆိုမှ ultra sound ရိုက်တာ။ ultra sound ရိုက်ပေးတဲ့ ဆရာဝန်က ကိုယ်ဝန်ရှိမရှိကို သူကြည့်ပေးတာ။ ဟို OG အထူးကု ဆရာဝန်မကြီး ကြည့်ပေးတာ မဟုတ်ဘူး။ ultra sound ရိုက်ပေးတဲ့ ဆရာဝန်ကတော့ မေမေ့ကို ကိုယ်ဝန် ၁ လရှိပြီလို့ပြောလိုက်တယ်။ OG ဆရာမကြီး ဖတ်ဖို့ ဆေးစာလည်း ရေးပေးလိုက်တယ်။ နောက်တစ်နေ့ မေလ ၁၄ ရက်နေ့မှာ OG ဆရာမကြီးနဲ့ ထပ်တွေ့ရတယ်။ သွေးစစ်ထားတဲ့ အဖြေတွေကလည်း အားလုံးကောင်းတယ်တဲ့။ မေမေ့ကိုတော့ ကိုယ်ဝန်ဆောင် အားဆေးနဲ့ folic acid သောက်ခိုင်းလိုက်တယ်။ အသည်းနဲ့ပတ်သက်တဲ့ ကာကွယ်ဆေးတွေလည်း ထိုးဖို့ပြောသေးတယ်။ နောက်တနေ့မှာ Osaka ကို ပြန်လာမှာမို့ ဘာကာကွယ်ဆေးမှ မထိုးနိုင်တော့ဘူး။ မေမေတို့မှာ ကိုယ်ဝန်ရှိတာ သေချာလားဆိုပြီး သိချင်တာလေးကို ၁ သိန်းလောက် ဘုမသိ ဘမသိ အကုန်ခံလိုက်ရတာ သင်ခန်းစာပေါ့ သမီးရယ်။ ကောင်းတဲ့ဘက်ကတွေးမယ်ဆိုရင် ပါပါးရော မေမေပါ မထင်မှတ်ပဲ ဆေးစစ်ဖြစ်သွားတာပေါ့လေ။

မေလ ၁၅ ရက်နေ့ ည လေယာဉ်နဲ့ ရန်ကုန်က ပြန်လာပြီး ၁၆ ရက်နေ့ မနက်မှာ Osaka ကို ပြန်ရောက်ပါတယ်။ အပြန်မှာ သမီးပါပါးက ရှိသမျှ အထုပ်အပိုးတွေ အားလုံး သူပဲ သယ်ပြီး မေမေကတော့ ကျောပိုးအိတ်သေးသေးလေး တစ်လုံးပဲ သယ်ခဲ့ရတယ်။ ဗိုက်ထဲမှာ ကလေးရှိနေပြီ ဆိုတော့ နေရ ထိုင်ရတာ အရင်လို စိတ် မလွတ်လပ်တော့ဘူး။ ကလေးတခုခု ဖြစ်သွားမှာကိုပဲ စိုးရိမ်နေခဲ့ရတယ်။ Osaka ပြန်ရောက်တော့ ခရီးပန်းတာနဲ့ လေယာဉ်အကြာကြီး စီးရတာကြောင့် ခါးနာတာကလွဲရင် ကျန်တာတွေ မဖြစ်ခဲ့ပါဘူး။ ဒါဟာ သမီးလေး နဲ့ မေမေတို့ရဲ့ ဘ၀အစ ပဲပေါ့။

မေ ၁၂၊ ၂၀၁၀။

13 comments:

Anonymous said...

:) မေမေနုစံပြောတာတွေကို သမီးဘေးမှာ ၀င်ထိုင်ပြီး မေးလေးထောက်ပြီး အတူလာနားထောင်သွားတယ်။
mm

Myo Mon Yee Oo said...

အမသမီးနဲ့ကျွန်မသား ၁လ တိတိကွာတယ်

့်Home Sweet Home said...

အမနုစံရေ

လာခြင်းကောင်းသောသမီးလေးဘဲနော်။ သမီးလေးကြီးလာရင်အမရေးထားတာလေးတွေကိုဖတ်ပြီး ဘယ်လောက်ပီတိဖြစ်လိုက်မလဲ။ အခုဆိုရန်ကုန်မှာလဲအစစအရာရာစရိတ်ကမသေးတော့ဘူးနော်။ ကျွန်တော်တို့ လည်းသမီးလေးမွေးတော့မှ .....

Shinlay said...

အမေတယောက်ရဲ့ ပီတိနဲ့ မေတ္တာကို
လာဖတ်သွားပါတယ်။

ကျော်နှင်းဆီလွင် said...


ဘုရားသွားမယ့်နေ့ကိုယ်ဝန်ရှိတာသိတော့ နမိတ်ကောင်းတယ် ဆိုရမှာပေါ့နော်
ဘုရားမှာလည်း ဆုတောင်းလိုက်နိုင်တော့
ကောင်းလိုက်တာလို့....

သစ်သစ် said...

ရေးထားတာလေးက ကောင်းလိုက်တာ...
ပျော်ရွှင်ပါစေ အမရေ...

မြရွက်ဝေ said...

ရေးထားတာ မေတ္တာတွေအပြည့် ခံစားရတယ်။
အမသမီးလေးတောင် ဖြစ်ချင်လာပြီ
မွေးစားမှာလားငင် :P

(ကလေးလေးတွေမြင်တော့ အားကျပါ၏။ သို့သော်လဲပေါ့ အဲပေါ့ )

မီယာ said...

နုရေ... ချစ်စရာလေး။ သမီးလေးလည်း ကံကောင်းလိုက်တာ

ကျော်နှင်းဆီလွင် said...


သမီးလေးက ကြီးလာရင်ပြောမှာနော်...
မေမေ သမီးအတွက် စာတွေလည်း အများကြီး မရေးပေးထားဘူးလို့ ...ခစ်

Anonymous said...

သမီးလေးစာဖတ်တတ်တဲ့အရွယ်ရောက်လာရင် အမရေးထားတာတွေ ဖတ်ရတာ အရမ်းကိုပျော်မှာပဲ :)

ThinkingHoney

pandora said...

အဖေ ဆုံးသွားတယ်ဆိုလို့ စိတ်မကောင်းဖြစ်ရပါတယ် မနုစံရေ..

Shinlay said...

အဖေ့ သတင်းကြားရလို့  ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ်။

ပုံရိပ် / Pon Yate said...

မနုစံ အဖေသတင်းကြားတယ်။ ဘာမှာ ရေးရမှန်း မသိလို့ ဒီပို့စ်မှာပဲ ရေးသွားပါတယ်။ မနုစံရဲ့ ဖေဖေ ကောင်းရာ သုဂတိလားပါစေ။