September 1, 2007

Sushi မကြိုက်တဲ့ ကျမ (သို့မဟုတ်) လူမိုက်

အမှန်အတိုင်း ပြောရရင် ကျမ Sushi လည်း မကြိုက်ဘူး။ Sashimi လည်း မကြိုက်ဘူး။ Sushi ကြိုက်တဲ့ သူငယ်ချင်းကတော့ ကျမကို “ဒီလောက်ကောင်းတဲ့ အစားအစာကို မကြိုက်တာ လူမိုက်တဲ့။ ဂျပန်မှာ လွယ်လွယ်ဝယ်စားလို့ရနေတော့ မကြိုက်တာပါ” ဆိုပြီး ကောင်းချီးပေးဖူးပါတယ်။

ဂျပန်ရောက်ခါစတုန်းကလည်း Sushi စားဖူးတယ်ရှိအောင် ဆိုင်မှာသွားစားခဲ့တာပါ။ ကျမသွားစားခဲ့တဲ့ ဆိုင်မှာကျတော့ Sushi ထည့်ထားတဲ့ ပန်းကန်ပြားလေးတွေက ထိုင်တဲ့လူတွေရှေ့ကနေ ဖြတ်ပြီး သွားနေတာ၊ ကိုယ်စားချင်တာဆိုရင် လှမ်းဆွဲပြီး စားလိုက်ယုံပါပဲ။ စားပြီးမှ ပန်းကန်ပြားလေးတွေကို ငွေရှင်း ကောင်တာဆီယူသွားပြီး ကျသင့်ငွေရှင်းပေးရတာပါ။ အဲဒီတုန်းကလည်း ၁ခု ၂ခုလောက်ပဲ စားနိုင်ခဲ့တယ်။ နောက်ပိုင်း ဆက်စားလို့မရတော့တာနဲ့ အသားကျက်မယ်ထင်တာလေးတွေပဲ ရွေးယူပြီး စားခဲ့ရတာ မှတ်မိသေးတယ်။ ဆိုင်မှာက ဂျင်းနုနုလေးတွေကို ရှာလကာရည်ထဲ ထည့်စိမ်ထားတဲ့ဟာနဲ့ တွဲစားရတာ၊ အဲဒါ Sushi သိပ်မစားဖြစ်ပဲ ဂျင်းဖတ်က ပိုစားကောင်းတာနဲ့ ဂျင်းဖတ်ပဲ အများကြီး စားဖြစ်ခဲ့တယ်။

နောက်ပြီး ရုံးကနေ ဂျပန်စာ ခေါ်သင်ပေးတဲ့ ဆရာမကြီး အိမ်လာလည်တုန်း ကျမတို့ မြန်မာမိန်းကလေးတွေက မုန့်ဟင်းခါး၊ ကြာဇံချက် နည်းနည်းချင်းစီ ချက်ပြီး ဆရာမကြီးကို မြန်မာအစားအစာ လုပ်ကျွေးကြတယ်။ သူကတော့ စားကောင်းတယ် စားကောင်းတယ်ဆိုပြီး ကျမတို့ ချက်ကျွေးသမျှ စားရှာတယ်။ ကျမတို့အတွက် Sushi set ကို ဗန်းလိုက်ဝယ်လာပေးတာလည်း အများကြီးပဲ။ ဈေးလည်းအတော်ကြီးမဲ့ပုံ။ ထမင်းဆုပ်ပေါ်က ငါးဥကြီးတွေကလည်း တော်တော်ကြီးတယ်။ ပဲငံပြာရည်နဲ့တို့စားတာ ကြိုက်တဲ့သူအတွက်တော့ ကောင်းတယ်ပြောပေမယ့် ကျမ ကြိုးစားပြီး စားကြည့်တာ ငါးဥက ပါးစပ်ထဲမှာ ပေါက်သွားရင် ညှီတဲ့အနံ့ကို ဘယ်လိုမှ မခံနိုင်ဘူး။ အဲဒီကတည်းက ဘယ်တော့မှ Sushi မစားဖြစ်တော့တာ အခုထိပါပဲ။

Sashimi စားတုန်းကလည်း အဲဒီလိုပဲ။ ငါးအစိမ်းတွေ ပါးစပ်ထဲထည့်လိုက်ပြီးရင် အေးစက်စက်နဲ့ အစိမ်းကြီး စားနေရပါလားဆိုတဲ့အသိကြောင့် ဆက်စားလို့ မရတော့ဘူး။ ပြီးတော့လည်း အသားစိမ်းဆိုတာ တစ်ခါမှ မစားဖူးတော့ စားရင်းက ပြန်ထွေးထုတ်ပစ်ချင်တဲ့ စိတ်ကို မနည်းထိန်းချုပ်ထားခဲ့ရတယ်။ ဘေးနားက အချိုရည်နဲ့ မြန်မြန်မျောချခဲ့ရဖူးတယ်။ နောက်ပြီး ပထမ တစ်ခါ မြန်မာပြည်ပြန်ခါနီးတော့ ရုံးက လူတွေက ကျမတို့ကို Farewell party လုပ်ပေးခဲ့တယ်။ အဲဒီမှာ တမင်ပဲ Sashimi မှာပေးတယ်။ မပြန်ခင် စားသွားရအောင် သူတို့ကတော့ စေတနာနဲ့မှာပေးတာပါပဲ။ ဈေးကြီးပေးရတာ သိပေမယ့် ကျမ တို့တောင် မတို့ခဲ့ဘူး။

ဂျပန်တွေက Sushi ကို ပုံစံအမျိုးမျိုး လုပ်စားကြတယ်။ ထမင်းပူပူထဲကို ရှာလကာရှည်၊ ဆား၊ သကြားထည့်နယ်ထားပြီး အသား၊ ငါး၊ ပင်လယ်စာ၊ အသီးအရွက် (အများအားဖြင့် သခွားသီးပေါ့)၊ ကြက်ဥ၊ ငါးဥ ၊ ပင်လယ်ရေညှိအခြောက် အဲဒါတွေနဲ့သင့်သလို စားကြတာပဲ။ ရှာလကာရည်နဲ့ ထမင်းပါပြီဆိုရင်ပဲ Sushi လို့ခေါ်ကြတယ်။

ကိုယ်က မြန်မာပါးစပ်မို့လို့ အသားစိမ်း၊ ငါးစိမ်း စားမရလို့ Sushi တို့ Sashimi တို့ မကြိုက်တာမှန်ပေမယ့် သူငယ်ချင်း ဂျပန်မ စစ်စစ်က သူလည်း အသားစိမ်း၊ ငါးစိမ်း စားမရလို့ Sushi နဲ့ Sashimi ကို မကြိုက်ဘူးတဲ့။ သူပြောတာ ကြားခါစက အရမ်းအံ့သြမိတာပေါ့။ ဘယ့်နှယ် ဂျပန်မက သူတို့ စားနေကြ အစားအစာကို မကြိုက်ဘူး ရှိရတယ်လို့။ ဒါနဲ့ကျမလည်း အဖော်ရပြီဆိုပြီး တိတ်တိတ်လေး ပျော်သွားတယ်။ “အမယ်... တယ်ဟုတ်ပါလား..ငါတစ်ယောက်ထဲ အကောင်းမကြိုက်တာမဟုတ်ဘူး။ သူ ဂျပန်စစ်စစ်ကလည်း မကြိုက်ဘူး။ ဒါဆို သူလည်း လူမိုက်ပေါ့။ အမိုက် အမိုက်ချင်းပေါင်းမိပြီ” ဆိုပြီး ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိလိုက်သေးတယ်။

အခု ဂျပန်စာ သင်ပေးတဲ့ဆရာကလည်း Sushi ဆိုင်မှာ အလုပ်လုပ်ဖူးတော့ သူလည်း ထမင်းရယ် ရှာလကာရည် ရောနယ်ထားတဲ့အနံ့ကို လုံးဝမကြိုက်ဘူးတဲ့။ အဲဒီ အနံ့မခံနိုင်တဲ့သူက Sushi ဆိုင်မှာ အလုပ်လုပ်ခဲ့ရတယ်ဆိုတာ ပြောပြလို့ ရီခဲ့ရသေးတယ်။ ကျမတို့ မြန်မာ လူမျိုးထဲမှာကိုပဲ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ မကြိုက်တဲ့သူ ရှိသေးတာပဲဆိုတော့ သူတို့ဂျပန်လူမျိုး Sushi မကြိုက်တာ ဆန်းတော့ မဆန်းဘူးပေါ့လေ။

ကျမလည်း Sushi ကို ကြိုးစားပြီး စားကြည့်မယ်ဆိုတဲ့ စိတ်ကူးတော့ ခဏခဏ ရမိသား။ ဘယ်တော့မှ ဒီလို အစားအစာမျိုးကို ကြိုက်လာမလဲတော့ မပြောတတ်တော့ပါဘူး။ လူ့စိတ်ဆိုတာကလည်း ပြောင်းလဲတတ်တာဆိုတော့ အခုမကြိုက်ပေမယ့် နောင်တစ်ချိန် ကြိုက်ချင်ကြိုက်လာနိုင်တာပဲ မဟုတ်လား။ ကိုယ်ကြိုက်လာတဲ့ အချိန်မှာ စားချင်တဲ့ အရာကို အလွယ်တကူ ၀ယ်လို့ ရနေပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့လေ။

ကြုံကြိုက်တုန်းတော့ ပြီးခဲ့တဲ့ တပတ်က ဂျပန်စာ ဆရာမကို Sushi လုပ်နည်းလေး သင်ပေးပါလို့ တောင်းဆိုလိုက်တယ်။ ဆရာမက ဒီလာမဲ့အပတ်မှာတော့ ဂျပန်မုန့်တမျိုး လုပ်ကျွေးမယ်တဲ့။ နောက်တစ်ခါဆိုရင်တော့ လုပ်လို့လည်း လွယ်ပြီး ဘယ်နေရာမှာမဆို ၀ယ်လို့ရတဲ့ ပစ္စည်းတွေနဲ့ လုပ်တဲ့ Sushi လုပ်နည်းပြောပြပေးမယ်လို့ ပြောပါတယ်။ Sushi မစားခင် သူတို့ ဂျပန်ရိုးရာ Sushi စားတဲ့ ထုံးစံလေးကို YouTube မှာ တင်ထားတာ ခဏကြည့်လိုက်ကြပါစို့။




စက်တင်ဘာ ၁၊ ၂၀၀၇။

4 comments:

kay said...

ဆူရှီလုပ်နည်းစောင့်နေတယ်..စားနည်းကတော့..၄၅ ဒီဂရီ ခေါင်းစောင်းစားရမယ်ဆိုလို့..ရီချင်တယ်။ အမလည်းအရင်ကမကြိုက်ဘူး..
ကြောင်အန်ဖတ်နဲ့တူတယ်လို့ထင်တာ..ခုတော့ကြိုက်သွားပီ

Anonymous said...

အဟား မကေ ပြောတာဖတ်ပြီး ရီနေတယ်.. ဆူရှီကို ကြောင်အန်ဖတ်နဲ့ တူလို့တဲ့ ။

ဂျစ်ကတော့ အသားစိမ်း ငါးစိမ်းပါတဲ့ ဆူရှီကို မကြိုက်ဘူး ။ အသီးအရွက် ၊ ဘဲဥ ၊ ပုဇွန်ကြော် တို့နဲ့ လုပ်ထားတဲ့ ဟာတွေတော့ ကြိုက်တယ် ။

ဂျစ်လည်း sashimi လုံးဝကို မစားနိုင် ။ နောက် ဂျပန်စာထဲမှာ ချက်ထားတဲ့ eel ကိုတောင် လုံးဝ မစားနိုင် ။ ငြီလွန်းလို့ ။

စင်္ကာပူမှာ Japan Hour ဆိုလာရင် ၊ သူတို့ရဲ့ rural area တွေမှာ ငါးတွေကို အစိမ်း အရမ်းကောင်းတယ် ကောင်းတယ် စားပြတာ ပါတယ် ။ သူတို့စားတာ ကြည့်ရင်တော့ သိပ်ကောင်းတဲ့ပုံပဲ ။ ကိုယ့်စားခိုင်း စားနိုင်မှာ မဟုတ်း)

nu-san said...

မကေရော မဂျစ်တူးရော..
comment ရေးပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။

မကေ ပြောမှ ကြောင်အန်ဖတ်နဲ့ တူတာ သတိထားမိသွားပြီ။း) YouTube ထဲမှာ ပြတာ တချို့က ရီစရာလုပ်ထားတာဆိုပြီး ဆရာက မနည်းရှင်းပြရှာတယ်.. သူတို့တွေကို အထင်လွဲမှာစိုးလို့လား မသိပါဘူး... (ဥပမာ - ဆိုင်ကအထွက် ဆား လျက်တာမျိုးဆိုရင် ဘယ်သူမှ မလုပ်ကြပါဘူး :D)

မဂျစ်ရေ.. eel က အမလည်း မစားနိုင်ဘူး။ စပြီး စားချင်းတုန်းက ကောင်းမလိုလိုနဲ့ နောက်တော့ အီပြီး ညှီတဲ့အနံ့မခံနိုင်ဘူး။ ;) ဂျပန် ဆရာမ တွေကတော့ အမ အသားစိမ်းမစားနိုင်ဘူးဆိုလို့ sushi ကို ထမင်းလိပ်လိုမျိုး ဟာ လုပ်ကျွေးမယ်ပြောတယ်.. အဲဒီကျမှ စားကြည့်လိုက်အုံးမယ်.. :P

မြရွက်ဝေ said...

မြရွက်ဝေလည်း ဆူရှိမစားနိုင်ပါဘူး။ စားကြည့်နေတုန်း စိတ်ထဲက ညှီလာသလို ကိုယ့်မှာအစွယ်ပေါက်ပြီး ဘီလူးဖြစ်လာသလို ခံစားရတယ်။ "အနဂေါ့"တော့ ကြိုက်တယ်။