December 31, 2007
ပြောင်းလဲခြင်းများ နှင့် ဒီဇင်ဘာ ၃၁ များ
ငယ်ငယ်တုန်းကတော့ ဒီဇင်ဘာဆိုရင် ဒုတိယ အစမ်းစာမေးပွဲပြီးလို့ ကျောင်းပိတ်ထားပြီး ကျောင်းပြန်ဖွင့်တာနဲ့ အတန်းတင် စာမေးပွဲအတွက် ပြင်ဆင်နေရတဲ့အချိန်ပေါ့.. စာကျက်နေရပြီ။ ဒီလိုနဲ့ပဲ ဒီဇင်ဘာတွေ တနှစ်ပြီး တစ်နှစ် ကုန်ဆုံးလာခဲ့တယ်။ ဒီဇင်ဘာဟာ ၁၂ လထဲက လတစ်ခုအဖြစ်တည်ရှိနေတာကလွဲရင် ကျမကို ဘာမှ ထူးခြားမှု မဖြစ်စေခဲ့ပါဘူး။
၁၀ တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့လည်း ဒီဇင်ဘာဟာ ကျမအတွက်တော့ ဘာမှ ခံစားရလောက်တဲ့ ခံစားချက်မျိုး မဖြစ်လာခဲ့ပြန်ဘူး။ ထူးထူးခြားခြား သတိထားမိတာကတော့ ဒီဇင်ဘာလ ရဲ့ ၁ ရက်နေ့ဆိုတာနဲ့ ကျမတို့ဘက်က လမ်းမကြီးတွေပေါ်မှာ SWEET DECEMBER ဆိုတဲ့ စာလုံး ခပ်ကြီးကြီးကို ထုံးဖြူနဲ့ ရေးထားတာ တွေ့ရမယ်။ နောက်ပြီး ကြော်ငြာတွေ ခေတ်စားလာတော့ သတိထားမိတာ တစ်ခုက ဒီဇင်ဘာ အလှကုန်ပစ္စည်းကြော်ငြာပါပဲ။ တစ်နှစ်ပတ်လုံး မကြော်ငြာပဲ ဒီဇင်ဘာ ရောက်မှ ၁ ရက်နေ့ ကနေစပြီး ၃၁ ရက်နေ့ အထိကို မုန်းသွားအောင်ကို တီဗွီမှာ ကြော်ငြာတာပါ။ အဲဒီလိုမျိုးလေးတွေ မြင်ရပြီ၊ ကြားရပြီဆိုမှပဲ “ဘာလိုလိုနဲ့ ဒီဇင်ဘာလ ရောက်လာပြန်ပြီ။ နှစ်တစ်နှစ်ကုန်တော့မှာပါလား”ဆိုတဲ့ အတွေးက ခေါင်းထဲရောက်လာပြီး ခဏနေ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်တာပါပဲ။ NEW YEAR ကြိုတဲ့ ပွဲမျိုး၊ Christmas လိုပွဲမျိုးတော့ တခါမှ မသွားခဲ့ဖူးပါဘူး။ ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်ဟာ ကျမအတွက်တော့ ခပ်စိမ်းစိမ်းပါပဲ။ ဒါပေမယ့် မှတ်မိတဲ့ ဒီဇင်ဘာ ၃၁ တွေကို ပြန်စဉ်းစားမိရင်...
၁၉၉၈ ခုနှစ် ဒီဇင်ဘာ
၁၉၉၉ ခုနှစ် ဒီဇင်ဘာ
၂၀၀၁ ခုနှစ် ဒီဇင်ဘာ
၂၀၀၂ ခုနှစ် ဒီဇင်ဘာ
၂၀၀၃ ခုနှစ် ဒီဇင်ဘာ
၂၀၀၄ ခုနှစ် ဒီဇင်ဘာ
၂၀၀၄ ခုနှစ် New Year Party က တော့ ငွေဆောင်မှာပါ။ ကျမက ရုံးကလူတွေ ကမ်းခြေ တစ်ခုခု သွားတိုင်း အမြဲ လိုက်ဖြစ်အောင် လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုံးအုပ်စုနဲ့ ခရီးထွက်တာက လမ်းခရီးမှာ လုံခြုံမှုလည်း ရှိတဲ့အပြင် ခရီးစရိတ်လည်း သက်သာတာကြောင့်လည်း လိုက်သွားဖြစ်တာပါ်။ ၂၀၀၄ ပြီးရင် ၂၀၀၅ ခုနှစ် ဇန်န၀ါရီမှာ ဂျပန်ကို လာမှာဆိုတော့ ၂၀၀၄ ခုနှစ်ရဲ့ ဒီဇင်ဘာဟာ ကျမအတွက်တော့ ချိုမြနေတာ အမှန်ပါပဲ။ ကျမ ဖြစ်ချင်တဲ့ ဆန္ဒ တခု ပြည့်ဝတယ်လို့လည်း ဆိုနိုင်ပါတယ်။ မကြာခင် သွားရမဲ့ ခရီးအတွက်လည်း ပြင်ဆင်ရင်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၃၁ ကို ငွေဆောင်မှာ game တွေ ဆော့ရင်း ပေါ့ပေါ့လေးပဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ် ဒီဇင်ဘာ
၂၀၀၆ ခုနှစ် ဒီဇင်ဘာ
၂၀၀၇ ခုနှစ် ဒီဇင်ဘာ
ဒီနှစ်ဒီဇင်ဘာကတော့ ကျမအတွက် အိမ်ကို ပြန်ချင်ပေမယ့် ကွာဝေးလှတဲ့ ခရီးမိုင်တွေနဲ့ လေယာဉ်စရိတ်တွေကြောင့် အိမ် ပြန်ချင်တဲ့ ကျမ အတောင် ရိုက်ချိုးထားခံရသလိုပါပဲ။ သူငယ်ချင်းတွေ ရန်ကုန်ပြန်မယ်ဆိုတဲ့ အသံကြားရင် “ငါလည်း ပြန်ချင်လိုက်တာ”လို့ စိတ်မှာ တမ်းတမိတယ်။ ရန်ကုန်မှာရှိတဲ့ မိသားစုကို တွေ့ချင်လာတယ်။ ဒါပေမယ့် ဒီနှစ် ဒီဇင်ဘာလဟာ ကျမတို့အတွက်တော့ အိမ်ပြန်ဖို့အတွက် ပြင်ဆင်ရမယ့်လ မဟုတ်ပါဘူး။ ဒီဇင်ဘာမှာ ရုံးပိတ်ရက်တွေလည်း များတော့ ရုံးက သူငယ်ချင်းတွေက“ မြန်မာပြည်ပြန်ဖြစ်လား” လို့မေးရင် “မပြန်ဖြစ်ပါဘူး”လို့ ရင်နာနာနဲ့ ဖြေရပေါင်းလည်း များလှပါပြီ။ “အိမ်ကို လွမ်းမှာပေါ့နော်” တဲ့.. မေးတတ်လိုက်တာ.. “ကိုယ့် မိသားစု၊ ကိုယ့် မိဘကို မလွမ်းပဲ ဘယ်သူ ရှိပါ့မလဲ” လို့ တွေးမိလိုက်တယ်။ ဒါပေမယ့် ရင်ထဲက စကားတွေဟာ ပါးစပ်နားမှာတင် ထွက်လာတော့မလိုနဲ့ နောက်ဆုံး “အင်း..သတိရတယ်.. လွမ်းတယ်” ဆိုတာလောက်နဲ့တင် ပြောပြီး ကျန်တာတွေကိုတော့ မြိုချပစ်လိုက်ရတယ်။ “ဒါဆို ပိတ်ရက် ဘယ်သွားမလဲ ဘာလုပ်မလဲ” တဲ့.. ကျမ ဘာလုပ်ရမလဲဆိုတာ ကျမကိုယ်တိုင်တောင် မတွေးထားမိသေးပါလား.. ဒီပိတ်ရက်မှာ ကျမအတွက် အကောင်းဆုံးက အိမ်ထဲမှာပဲ နေပြီး ဘလော့ခ်တကာ ဘလော့ခ်လိုက်လည်ရင်း ကုန်ဆုံးရတော့မယ် နဲ့တူပါတယ်။ ခုလောလောဆယ်တော့ သူငယ်ချင်းတွေနဲ့ Barbecue Party လုပ်ရင်း ၂၀၀၈ ခုနှစ် နှစ်သစ်ကို စောင့်မျှော်နေပါတယ်...
ဒီပို့စ်ကို ရေးထားတာ ဒီဇင်ဘာလလယ်လောက်ကတည်းကပါပဲ။ Blog မှာ တင်မယ်ဆိုပြီး မတင်ဖြစ်သေးဘူး။ အခုတော့ ညီမလေး လေးမ က tag လာတော့ ကျမလည်း ရေးထားပြီးသားကို နည်းနည်းပါးပါး ပြင်ဆင်ပြီး Blog မှာတင်ပေးလိုက်ပါတယ်။ ကျမရဲ့ ဒီဇင်ဘာ ၃၁ တွေက ထူးထူးခြားခြား အမှတ်ရစရာလို့ ပြောလို့မရတဲ့ စာတိုစုတွေပါပဲ။ လေးမရေ.. ကျေနပ်ပြီဟုတ်။ :)
December 28, 2007
နှစ်သစ်ဆုတောင်း
Christmas မတိုင်ခင်ကတည်းက blog အတွက် ပို့စ် အသစ် ရေးဖို့ အချိန်မရခဲ့ပါဘူး။ Christmas မီးထွန်းပွဲတော် လျှောက်လည်တုန်းက ဓာတ်ပုံတွေလည်း blog မှာတင်မယ်ဆိုပြီး မတင်နိုင်ခဲ့ဘူး။ အလုပ်များလွန်းပြီး ပင်ပန်းတယ် လို့ ငြီးလည်း မငြီးချင်တော့ပါဘူး။ တကယ်တော့လည်း နိုင်ငံရပ်ခြားကို ရောက်နေတယ်ဆိုတာ အားလုံး ပြည့်စုံကောင်းမွန် နေတာမဟုတ်ဘူး။ ဖြစ်ချင်တာတွေ၊ လိုအပ်ချက်တွေကတော့ ဘယ်နေရာမဆို ရှိနေတာပဲ။ “လူ့အလို နတ်မလိုက်နိုင်” ဆိုတဲ့ စကားလည်း ရှိသေးတာပဲ မဟုတ်လား။ လောလောဆယ် ကျမ ဖြစ်ချင်တာကတော့ ပိတ်ရက်ရှည် ရတုန်း ရန်ကုန် ကို ပြန်ချင်တာပါပဲ။ ခွင့်ရက်နား နီးလာလေ အဲဒီ ဝေဒနာ ပိုဆိုးလာလေပဲ။ ဒီကြားထဲ ရန်ကုန်က မိဘတွေ နေမကောင်းဘူးဆိုတော့ ပိုပြီး စိတ်ပူမိတာပေါ့။ ကိုယ်တိုင် မပြန်နိုင်တဲ့အခါ အိမ်ကို နေ့တိုင်းဖုန်းဆက်ပြီး အကျိုးအကြောင်းမေးရတယ်။ လူကြီးတွေ သက်သာ လာတယ်ဆိုမှပဲ သက်ပြင်းချနိုင်ပါတော့တယ်။
နောက်ပြီး လက်ရှိ လုပ်နေတဲ့ Project ကလည်း ပိတ်ရက်မတိုင်ခင် လက်စသတ်ပေးရမယ် ဆိုတော့ ဒီရက်အတွင်းမှာ ပြီးအောင် လုပ်ပေးခဲ့ရသေးတယ်။ ပိတ်ရက် ၁၀ ရက်စာကို ကြိုပြီး လုပ်ပေးလိုက်ရသလိုပဲ။ တစ်နေ့ကုန် လုပ်ပေးရပြီး အိမ်ပြန်ရောက်ရင် ၁၀ နာရီ ကျော်နေပါပြီ။ လူပင်ပန်းသလို စိတ်လည်း တော်တော်ကို ပင်ပန်းလှပါတယ်။ တထွာ တမိုက်သာသာ စက်ပစ္စည်းလေးကို ကိုင်ပြီး အလုပ်လုပ်ရတာက တစ်မျိုး၊ ကွန်ပျူတာကို အချိန်တော်တော်များများကြည့်နေရတော့ အိမ်ရောက်တာနဲ့ ဘာမှကို ဆက်မလုပ်ချင်တော့ဘဲ မျက်လုံးမှိတ်ပြီး အနားယူချင်နေပါပြီ။ တချို့ရက်ဆိုရင် အိမ်အထိ စက်လေးကို သယ်ပြီး အိပ်ယာပေါ်မှာ လှဲရင်း လုပ်ပေးရတာက ရှိသေးတယ်။ ဒီနေ့တော့ အလုပ်တချို့ကို လွှဲပေးလိုက်ပြီဆိုတော့ ရင်ထဲက အပူလည်း တ၀က်လောက်တော့ သက်သာသွားပါပြီ။ ကျန်တဲ့ အပူတ၀က်ကို နှစ်သစ်အထိ သယ်လာပြီး အားလုံး အဆင်ပြေစေဖို့ ဘုရားမှာ ဆုတောင်းနေရတော့မှာပါပဲ။ ကိုယ့်အရှုတ်နဲ့ ကိုယ်မို့ ဒီရက်အတွင်း ဘယ်ဘလော့ခ်မှလည်း မလည်ဖြစ်ပါဘူး။ လည်ဖြစ်ရင်လည်း တစ်ခု နှစ်ခုလောက် လည်ပြီး အိပ်ယာဝင်ဖြစ်တာ များတယ် ဆိုတော့ ကျမ blog ကို လာကြတဲ့ သူငယ်ချင်းတွေကို အားနာဖို့ကောင်းလှပါတယ်။
သေချာတွေးကြည့်မိရင် ကျမတို့အတွက်တော့ နိုင်ငံခြားဆိုတာဟာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ပိုက်ဆံ လာရှာဖို့ သက်သက်လို ဖြစ်နေတာပါပဲ။ ဒီနိုင်ငံအတွက် ကိုယ်က အခွန်ငွေပေးပြီး သူတို့အတွက် အလုပ် လာလုပ်ပေးနေရတာမျိုးလို့ ခံစားရတယ်။် တကယ်လို့များ ကိုယ့်နိုင်ငံမှာ ရတဲ့ လခဟာ သင့်တင့်မျှတတဲ့ ငွေကြေးပမာဏ ဖြစ်မယ်၊ ပြီးတော့ ၂ ဖက်လူကြီးမိဘတွေကိုလည်း ကြွေးဟောင်းဆပ်နိုင်မယ်၊ သူတို့တွေနဲ့လည်း တစ်နိုင်ငံထဲ အတူ နေရမယ် ဆိုရင်တော့ အားလုံးအတွက် အကောင်းဆုံးပဲ မဟုတ်လား။ အဲဒါဆိုရင် မိသားစုနဲ့ ခွဲခွာပြီး တခြားနိုင်ငံ မှာ အလုပ်လုပ်စရာ မလိုတော့ဘူးပေါ့။ ဒါကြောင့် နှစ်သစ် ဆုတောင်း အနေနဲ့ ဆုတစ်ခုပဲ တောင်းချင်ပါတယ်။ ကျမ တို့ရဲ့ “နိုင်ငံဟာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ အပြင် တရားမျှတပြီး ပြည်သူလူထု အတွက် ပျော်ရွှင်သော နိုင်ငံတစ်ခု အမြန်ဆုံး ဖြစ်လာပါစေ” လို့ အားလုံးအတွက် ဆုတောင်းပေး လိုက်ပါရစေ....။
December 21, 2007
Merry Christmas, Happy Holidays
မီးထွန်းထားတဲ့ လမ်းပေါ်လျှောက်လာတုန်း အင်္ဂလိပ်သီချင်းသံကြားရပြီး ထွန်းထားတဲ့ မီးလုံးတွေကို မှိန်လိုက် လင်းလိုက်နဲ့ တီးလုံးကိုလိုက်ပြီး ကစားပြတာမို့ ခဏလောက်တော့ အံ့သြမင်သက်သွားမိသေးတယ်။ ဖွင့်ပြတဲ့ သီချင်းလေးက N'Sync ရဲ့ Merry Christmas, Happy Holidays ပါ.. သီချင်းလေး နားထောင်ရင်း သူငယ်ချင်းတို့လည်း Christmas အားလပ်ရက်လေး ကို ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ပါစေ...
N'Sync - Merry Christmas Happy Holidays
Merry Christmas Happy Holidays
Merry Christmas
Merry Christmas
Merry christmas Happy Holidays
Oh yeah
We've been waiting all year for this night
And the snow is glistening on the trees outside
And all the stockings are hung by the fireside
waiting for Santa to arrive
And all the love will show
'cos everybody knows
It's Christmas time and all the kids will see
The gifts under the tree
It's the best time of year
For the family
CHORUS
It's a wonderful feeling
with the love in the room
from the floor to the ceiling
It's that time of year
Christmas time is here
And with the blessings from above
God sends you his love
And everything's ok
Merry Christmas Happy Holidays
Merry Christmas Happy Holidays
Bells are ringing It's time to scream and shout
and everybody's playing
'cos schools out
Celebrating special times we've shared
Happiness 'cos love is in the air
and all the love will show
'cos everybody knows
It's Christmas time and all the kids will see
The gifts under the tree
It's the best time of year
For the family
CHORUS
Merry Christmas
Merry Christmas and Happy Holidays
No matter what your holiday
It's a time to celebrate
Put your worries aside
And open up your mind
see the world right by your side
CHORUS
ဒီဇင်ဘာ ၂၁၊ ၂၀၀၇။
December 17, 2007
Kobe Luminarie
“၁၉၉၅ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ Kobe မှာ Hanshin-Awaji ဆိုတဲ့ ငလျင် အကြီးအကျယ်လှုပ်ခဲ့တယ်။ မနက် ၅ နာရီ ခွဲလောက် လှုပ်တာဆိုတော့ ရထားတွေ မထွက်သေးတဲ့အတွက် အသေအပျောက်များပေမယ့် အရမ်းမဆိုးရွားခဲ့ဘူး။ တကယ်လို့ ရထားစထွက်တဲ့အချိန်သာ လှုပ်ရင်တော့ အခုသေတဲ့သူ စာရင်းနောက်မှာ သုည နောက်တစ်လုံး ထပ်တိုးရလိမ့်မယ် ထင်တယ်။ အဲဒီမတိုင်ခင်က Tokyo မှာ ငလျင်လှုပ်ဖို့ရှိတယ်လို့ ခန့်မှန်းကြတော့ လူတော်တော်များများက Tokyo ကနေ Kobe၊ Osaka စတဲ့နေရာ အသီးသီးကို ပြောင်းပြေးကြတယ်။ ဒါပေမယ့်လည်း သဘာဝရဲ့ ဘေးအန္တရာယ်ကတော့ Tokyo မှ Kobe မှ မဟုတ်ပါဘူး။ တကယ်တမ်း ဖြစ်လာတော့ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ကြဘူး။
Kobe ငလျင် လှုပ်တုန်းက အဆောက်အဦး ပိလို့ သေတာ အပြင် ငလျင်ကြောင့် ၀ါယာရှော့ဖြစ်ပြီး Gas ပိုက်လိုင်းတွေ ပေါက်ကွဲပြီး မီးလောင်လို့သေတာကြောင့် လူပေါင်း ထောင်ချီပြီး သေဆုံးခဲ့ကြတယ်။ ဂျပန်ရဲ့ လူနေမှုစနစ်ကလည်း ခက်သားလား။ ဒီမှာက ငလျင် insurance ရှိထားရင် ငလျင်ကြောင့် အဆောက်အဦး ပျက်စီးရင်တော့ insurance ကုမ္ပဏီက လျော်ကြေးပေးပါတယ်။ ဒါပေမယ့် ငလျင်ကြောင့် မီးလောင်ရင်တော့ မီးအာမခံရှိတဲ့အိမ်ပဲ လျော်ကြေးရတာ။ ဒါကြောင့် တချို့ဆိုရင် မီးအာမခံမထားတဲ့အတွက် ငလျင်လှုပ်လို့ အဆောက်အဦးပျက်တာမဟုတ်ပဲ မီးလောင်လို့ပျက်စီးတဲ့သူတွေက လျော်ကြေးမရပြန်ဘူး။ ဒီကြားထဲ တချို့ကျလည်း အိမ်ဝယ်ထားတာမှ မကြာသေးဘူး။ အိမ်က ငလျင်လှုပ်တဲ့ထဲပါသွားတော့ အိမ်ကိုလည်း ထပ်ပြင်ဖို့အတွက် ပိုက်ဆံထပ်ထည့်ရသေးတယ်။ နောက်ပြီး နှစ်တိုးနဲ့ ပိုက်ဆံချေးပြီး အိမ်ဆောက်ထားတဲ့အကြွေးကိုလည်း ဆပ်ရတော့ တပြိုင်တည်း အိမ် ၂ လုံးဆောက်သလိုဖြစ်ပြီး လူတွေလည်း အကြွေးနဲ့ လုံးလည်လိုက်နေတာပဲ....”
ဒီအကြောင်းကို ပြီးခဲ့တဲ့သောကြာနေ့က ကျမတို့ Department Director နဲ့ ထမင်းထွက်စားတော့ သူပြောပြတဲ့ Kobe ငလျင်တုန်းက အကြောင်းတွေပါ။ ကိုယ်တွေ့ ကြုံခဲ့ရတာမို့ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲ ဆိုတာ ကျမတို့ကို ပြန်ပြောပြတာပါ။ သူကတော့ ဘာမှမဖြစ်ပေမယ့် သူ့အမျိုးသမီးက ပစ္စည်းပြုတ်ကျပြီး မျက်လုံးကို ထိလို့ သွေးထွက်တဲ့အထိ ဒဏ်ရာရခဲ့တယ် ဆိုတဲ့အကြောင်း၊ လျှပ်စစ် ဆက်သွယ်ရေး အားလုံး ပြတ်တောက်သွားလို့ ဓာတ်လှေကားတွေ အလုပ်မလုပ်တော့ပဲ အပြင်လှေကားကိုသာ အသုံးပြုခဲ့ရကြောင်း၊ သူ့ယောက်ဖက အောက်ပိုင်းသေနေတာဆိုတော့ ယောက်ဖကို ငါးထပ်ကနေ လူချည်းပဲ သယ်ချရကြောင်း၊ ပြီးမှ Wheelchair ကို သပ်သပ် တခါ ပြန်သယ်ပေးရကြောင်း၊ ယောက်ခမတွေလည်း ရှိတော့ လူကြီးတွေကိုလည်း အောက်ရောက်အောင် ချီပိုးပြီး ဆင်းပြေးရကြောင်းကို သူ ပြန်ပြောပြတော့ ကျမတို့ အားလုံး စိတ်မကောင်းဖြစ်ရတာပေါ့။ သူပြန်ပြောပြတာတောင် တော်တော်ကြောက်ဖို့ကောင်းနေတာ တကယ်ကာယကံရှင်တွေ သွေးပျက်လုနီးပါး ဖြစ်နေတာကို ခံစားကြည့်လို့ရပါတယ်။
ဒါကြောင့် ၁၉၉၅ ခုနှစ် ဒီဇင်ဘာမှာ ငလျင်ကြောင့် သေသွားတဲ့သူတွေအတွက် Luminarie (ルミナリエ) ပွဲတော်ကို Kobe မှာ နှစ်တိုင်း ကျင်းပခဲ့ကြတယ်။ မီးထွန်းပွဲ လာတဲ့သူတွေဆီကနေ တယောက်ကို ယန်း ၁၀၀ ပဲ အလှူငွေ ကောက်ခံတယ်။ Luminarie ကို လာတဲ့သူတွေကလည်း မနည်းလှပါဘူး။ ဒီနှစ်တော့ “၁၂ လပိုင်း ၆ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ Luminarie မီးထွန်းပွဲတော်ကို Kobe မှာ ကျင်းပလိမ့်မယ်။ နင်တို့ သွားကြည့်ပါလား ” လို့ ရုံးက သူငယ်ချင်းက အကြံပေးတာနဲ့ ကျမတို့ ၂ ယောက်လည်း ချမ်းအေးတာ ဂရုမစိုက်နိုင်ပဲ စနေနေ့ ညနေ ၃ နာရီလောက် အိမ်က ထွက်ခဲ့ကြတယ်။ ကျမတို့ နားမှာရှိတဲ့ Hankyu ဘူတာကနေ Kobe Sannomiya ဘူတာထိကို မိနစ် ၄၀ လောက် ရထားစီးရပါတယ်။ Limited Express ဆိုရင်တော့ မိနစ် ၂၀ လောက်ပါပဲ။
Kobe ရောက်တော့ နာမည်ကြီးလှတဲ့ Kobe တရုတ်တန်းမှာ ၀ယ်ချင်တာ၊ စားချင်တာတွေ စားပြီး မီးထွန်းတဲ့နေရာကို သွားနေကြတဲ့ လူတန်းကြီး နောက်ကို ၂ ယောက်သား ယောင် နန နဲ့ လိုက်သွားရတာပေါ့။ မီးစပြီး ထွန်းချိန်က ညနေ ၅ နာရီခွဲမှာ စတာပါ။ အဲဒီအချိန်ဆိုရင် ကားလမ်းတွေကို အကုန်ပိတ်ထားပြီး လူတွေက များလွန်းလို့ လမ်းကူးရင်တောင် တဖက်ကို ပိတ်ထားပြီး တဖက်က ကူးခိုင်းရတယ်။ အလှည့်ကျစီပေါ့။ လုံခြုံရေး ရော၊ ရဲတွေရော၊ ဒီပွဲတော်မှာ တာဝန်ယူထားတဲ့ လမ်းရှင်းပေးဖို့ လူတွေရော သူတို့တွေကတော့ ဆိုင်းဘုတ်တွေပြလိုပြ၊ မီးနီ ရေခဲချောင်းတုတ်တွေ ထောင်လိုထောင်ပေါ့လေ။ အော်လံ တွေနဲ့ အော်နေတာက ရှိသေးတယ်။
စစချင်းမှာ တွေ့ရတာက မီးထွန်းထားတဲ့နေရာရောက်ဖို့ အားလုံးပေါင်း မိနစ် ၉၀ ကြာမယ်လို့ရေးထားတယ်။ ကျမတို့ ၂ ယောက်လည်း “ကဲ မထူးဘူး လျှောက်လိုက်ကြစို့ ..” ဆိုပြီး သူတို့နည်းတူ ရောယောင်ပြီး လျှောက်လိုက် နားလိုက် ရပ်လိုက် နဲ့ လျှောက်လာလိုက်တာ နောက်ဆုံး မီးထွန်းထားတဲ့နေရာကို မြင်ရတော့မှပဲ သက်ပြင်းချနိုင်တော့တယ်။ လေတိုက်ရင် စိမ့်နေအောင် အေးတာတောင် ကိုယ့်ရှေ့ ကြည့်တော့လည်း နည်းတဲ့လူတွေ မဟုတ်ဘူး။ နောက်ပြန်လှည့်ကြည့်ရင်လည်း လူဆိုမှ လူတွေချည်းပဲ။ မီးထွန်းထားတဲ့ရှေ့လည်းရောက်ရော အားလုံးက အလုအယက် ဖုန်းကင်မရာ၊ လက်ကိုင်ကင်မရာ၊ Professional ကင်မရာ၊ camcorder ရှိရှိသမျှ သူ့ထက်ငါ လုယက်ပြီး ရိုက်လိုက်ကြတာ။ ကျမကတော့ အံ့သြမင်သက်ပြီး မီးထွန်းထားတဲ့ လက်ရာတွေကိုပဲ ကြည့်နေမိတော့တယ်။ အမျိုးသား ကတော့ မီးထွန်းထားတာကို ဓာတ်ပုံ ရိုက်ပေးတာပေါ့။ ဒါနဲ့ မီးထွန်းထားတဲ့ လမ်းတလျှောက် လျှောက်လာပြီး အဆုံးမှာတော့ ကွင်းပြင်ထဲမှာ နောက်ထပ် အဆောက်အဦး ပုံသဏ္ဌာန် မီးထွန်းထားတဲ့နေရာ ကို ထပ်ရောက်လာပါတယ်။ အထဲမှာ ခဏလောက် ကြည့်ပြီး ဓာတ်ပုံလေး ဘာလေး ရိုက်လိုက်ပါသေးတယ်။ ပြီးတာနဲ့ ကျမတို့လည်း အလှူငွေအတွက် လက်ထဲပါတဲ့ ရာတန်စေ့လေးတွေ ထည့်ပြီး ကွင်းပြင်ထဲက ထွက်လာတော့ ပွဲဈေးတန်းကို ရောက်နေပါပြီ။ ပွဲဈေးတန်းမှာလည်း စားစရာတွေ စုံလင်နေအောင် ရောင်းနေကြတာပဲ။ ကျမတို့ကတော့ အသားကင် နည်းနည်း ၀ယ်စားပြီးပဲ ပြန်လာခဲ့ပါတော့တယ်။ ပွဲဈေးတန်းက ထွက်တော့ ဘူတာရုံကို ဘယ်လို သွားရမှန်း မသိလို့ ၂ ယောက်သား ပြောနေတုန်းရှိသေးတယ် လုံခြုံရေးဝတ်စုံဝတ်ထားတဲ့ လူက Sannomiya eki က ဒီဘက်မှာပါလို့ ညွှန်ပြတာနဲ့ သူညွှန်ပြတဲ့အတိုင်းပဲ ဘူတာဆီ လမ်းလျှောက်ပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။
လူတွေက တနေ့တော့ သေကြရမှာ မှန်ပေမယ့် ကိုယ့် မိသားစု ဆွေမျိုးတွေထဲက ကံကုန်လို့ သေတာ၊ သေနေ့စေ့လို့ သေတာတောင် လွမ်းဆွတ် ပူဆွေးသောက ရောက်နေကြရရင် အခုလိုမျိုး ရန်သူမျိုး ၅ ပါးကြောင့်ပဲဖြစ်ြဖစ်၊ သဘာဝ ဘေးဆိုးကြောင့်ပဲဖြစ်ဖြစ်၊ မတော်တဆပဲ ဖြစ်ဖြစ် အပြစ်မရှိပဲ သေကြေရတာမျိုးက ပိုပြီး နှမြောတသ လွမ်းဆွတ်ဖွယ်ကောင်းပါတယ်။ အပြန်လမ်းတလျှောက်မှာတော့ ကျမတို့ မြန်မာပြည်မှာလည်း အခုလိုမျိုး မသေသင့်ပဲ သေကြေနေရတဲ့သူတွေ၊ အပြစ်မရှိပဲ သေနေရတဲ့သူတွေ ကိုယ်စား အားလုံးက ဆုတောင်းမေတ္တာပို့သပြီး အခုလိုမျိုး ပွဲတော်အနေနဲ့သာ လုပ်ခွင့်ရမယ် ၊ လုပ်ခွင့်ကြုံမယ်ဆိုရင် ဘယ်လောက် ကောင်းလိမ့်မလဲဆိုတာ တွေးတော နေမိပါတော့တယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၀၇။
December 14, 2007
50th
ကျမ ဒီ blog ကို စပြီး ရေးတုန်းကတော့ ရည်ရွယ်ချက် ကြီးကြီးမားမား မရှိပါဘူး။ သူများ blog တွေ သွားလည်ပြီးလို့ ပြန်လာရင် “ငါလည်း စာရေးချင်လိုက်တာ” လို့ စိတ်မှာ ဖြစ်လာမိတယ်။ ဒါနဲ့ အမျိုးသားကို “ကိုယ်ပိုင် blog တစ်ခုလောက် ရေးရင် ကောင်းမလား” လို့ အကြံတောင်းတော့ သူက “Blog ဆိုတာက အမြဲ update လုပ်နေနိုင်မှ ၊ နောက်ပြီး စာလာဖတ်သူကို ဘယ်လို Message မျိုးပေးမလဲဆိုတာကို ပေါ်လွင်အောင်ရေးနိုင်မှ လုပ်တာ ကောင်းပါတယ်။ နင်က အချိန်လည်း မရှိပဲနဲ့ တော်ကြာ ရပ်ထားနေရမဲ့အတူတူ မစပါနဲ့ ။ လုပ်မယ်ဆိုရင်လည်း အမြဲရေးနိုင်အောင် ကြိုးစားပါ”လို့ ပြောပါတယ်။
အရာတိုင်းဟာ အမြဲတမ်း ပြောင်းလဲနေတာ ဆိုတော့ ဂျပန်မှာ နေရတဲ့ အခိုက်အတန့်မှာ အမှတ်တရ တခုဖြစ်အောင်ရယ်၊ နောင်တချိန် ကိုယ်ရေးခဲ့တဲ့ စာတွေကို ပြန်ဖတ်ချင်ရင်လည်း ဖတ်လို့ရအောင် blog လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ Blog အတွက် နာမည်ပေးတော့လည်း ခပ်လွယ်လွယ်ပါပဲ။ ဂျပန်မှာဆိုရင် ချယ်ရီပန်းက trade mark လိုမျိုး ဖြစ်နေလို့ Sakura လို့ပေးလိုက်ပြီး ကိုယ်ကတော့မြန်မာပြည်ကလာတာမို့လို့ Myanmar ကို ထပ်ထည့်ပြီးပေးလိုက်တာပါ။ Nick Name ပေးတော့လည်း သိပ်ပြီး ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ပါဘူး။ တခြား Nick Name ဆိုရင် နာမည်ချင်းတူနိုင်တာမို့လို့ ရုံးမှာ သူငယ်ချင်းတွေ ခေါ်တဲ့ နာမည်ကိုပဲ အလွယ်တကူ ရွေးလိုက်တာပါပဲ။ ထူးထူးခြားခြား ဘာမှ မရှိပါဘူး။
မြန်မာလိုရေးဖို့ရယ်၊ blog နဲ့ပတ်သက်တဲ့ နည်းပညာကတော့ တခြား blog ရေးနေတဲ့သူတွေ နည်းတူ ကိုညီလင်းဆက် ၊ စေတန်ဂေါ့၊ ကိုမောင်လှ၊ ကိုရန်အောင် တို့ရဲ့ blog နဲ့ပတ်သက်တဲ့ လမ်းညွှန်တွေကို ဖတ်ပြီး စမ်းလုပ်ကြည့်ရတာပါပဲ။ မသိတာရှိရင်လည်း တခြား အကိုးအကား စာအုပ်တွေ ရှာပြီး ဖတ်ကြည့်ရတာပေါ့။ ဒါကြောင့်လည်း ကိုယ့် blog လေးကို ခပ်ရှင်းရှင်းပဲထားဖြစ်တာ.. တခြားကြောင့်မဟုတ်ပါဘူး။ စာဖတ်ဖို့အချိန်မပေးနိုင်တာရယ် ၊ ပြီးတော့ စမ်းလုပ်ကြည့်ဖို့အတွက်က အချိန်လည်း ပေးရသေးတာ မဟုတ်လား။ ကျမ blog က တကယ်ကို blog အင်္ဂါရပ်နဲ့ မပြည့်စုံပါဘူး။ ဧည့်သည်လာရင် ဧည့်ခံဖို့ Cbox လည်းမရှိ။ နောက်ပြီး တခြား အလှအပလေးတွေလည်း မပါဆိုတော့ blog က ရှင်းလင်းနေတာလည်း ဆန်းတော့ မဆန်းဘူးပေါ့နော်။ တလက်စတည်း တောင်းပန်ချင်တာက ကျမ blog မှာ Cbox ထားဖြစ်မယ် မထင်ပါဘူး။ လာလည်တဲ့သူတိုင်းကို ဧည့်ဝတ်မကျေမှာစိုးလို့ပါ။ နောက်တချက် Cbox မထားချင်တာကတော့ သူများ blog တွေ လည်ရင်း Cbox မှာ ရိုင်းစိုင်းစွာ အော်ဟစ်ပြောဆိုထားတာတွေကို မကြိုက်လို့ ပါပဲ။ ကာယကံရှင်မပြောနဲ့ စာလာဖတ်တဲ့သူတောင် ဒေါသထွက်မိပါတယ်။ Cbox ရှိလို့ ကောင်းတာ တခုက သူငယ်ချင်းပိုများတယ်။ လွယ်လွယ်ကူကူ အချင်းချင်း နှုတ်ဆက်လို့ရတယ်။ ဆန့်ကျင်ဘက် အနေနဲ့ကတော့ ရန်ပိုများတယ်လို့ ကျမ ယူဆထားလို့ပါ။
Blog ရေးမယ်ဆိုတော့လည်း ဘယ်လို ပို့စ်တွေ ရေးရင်ကောင်းမလဲဆိုတာ စဉ်းစားရတာလည်း တော်တော်ခက်ခဲပါတယ်။ ကိုယ့် blog ကို အချိန်ကုန်ခံပြီး လာဖတ်တဲ့သူကို အကျိုး တခုခု ရသွားစေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက် ကြီးကြီးမားမား ထားတဲ့ blog တွေလည်းရှိပါတယ်။ ကျမအတွက်ကတော့ ကိုယ် ကျင်လည်ရာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ဟာ၊ ကျမ ရင်ထဲက ခံစားရတာ ကိုပဲ ရေးတာဆိုတော့ လာဖတ်တဲ့သူအတွက် ဗဟုသုတရချင်မှ ရမှာပါ။ တစ်ခုပဲ ကျမ သတိထားပါတယ်။ ကျမရေးလိုက်တဲ့ အကြောင်းအရာ၊ စာသားဟာ သူများကို အဆိပ်အတောက်ဖြစ်စေမဲ့ စာမျိုး၊ ဒါမှမဟုတ် မဟုတ်တာကို ဟုတ်တယ်ဆိုပြီး လိမ်ညာပြောဆိုတာမျိုး ၊ ဟုတ်မှန်တာကိုလည်း မဟုတ်ပါဘူးဆိုပြီး ပြောတာမျိုးကို ကျမ ဘယ်တော့မှ မရေးပါဘူး။ စာအရေးအသား မကောင်းတဲ့အပြင် အကျိုးပြုစာမျိုး မရေးနိုင်တာကလည်း ကျမမှာ စာဖတ်တဲ့ ၀မ်းစာ မပြည့်သေးလို့ပါပဲ။ ရေးလိုက်တဲ့ပို့စ်တွေ ပြန်ဖတ်ကြည့်မိတော့လည်း ကိုယ်တိုင်တောင် တစ်ခုမှ အားရစရာ မရှိလှပါဘူး။ ကဗျာ မဖွဲ့တတ်တဲ့အပြင် စကားပြေ အရေးအသားကလည်း မဖြောင့်ဖြူးပါဘူး။
ကျမ Blog လုပ်ပြီး ပို့စ်လေး ၁ ခု ၂ ခုလောက် တင်ပြီးတဲ့အချိန်မှာ စ ရောက်လာတဲ့ ဧည့်သည်ကတော့ WeSheMe က Andy နဲ့ Mrs. Andy ပါပဲ။ သူတို့ Blog မှာ စပြီး လင့်ချိတ်ပေးတာပါ။ နောက်ပြီး ၂ ယောက်စလုံး ကျမ တင်တဲ့ ပို့စ်တိုင်းကို comment တွေ ချန်ထားရစ်တတ်ပါသေးတယ်။ ကျေးဇူးတင်ပါတယ် Andy နဲ့ Mrs.Andy! နောက်ထပ် ကျေးဇူးတင်ရမှာက မကေသွယ်ပါပဲ။ မကေ ကတော့ အမြဲလာပြီး comment လာပေးရှာတယ်။ ဂျပန်မှာနေလို့ ကျမ blog က ရှင်းနေတာပဲလို့လည်းဆိုတယ်။ နောက်တဖြည်းဖြည်း ရောက်လာကြတဲ့သူငယ်ချင်းတွေက မြရွက်ဝေ၊ မမ သမုဒယ၊ မပန်၊ မဂျစ်၊ မိုးချစ်သူလေး၊ ၀င်္ကဘာ၊ မျှားပြာ၊ ကိုသင်္ကြန်၊ တော့တိုး၊ Dilo၊ Thyda၊ ကိုစိုးထက်၊ ကိုစေးထူး၊ ကို icn2၊ မလု၊ မာန်လှိုင်းငယ်၊ ချစ်လေပြေ၊ လေးမ၊ နှင်းပွင့်ဖြူလေး၊ မောင်မျိုး ၊ ဘာညာ & ဒီမို၊ မခွန်မြလှိုင်၊ မင်းတစေ၊ သုနှင်းဆီ တို့ပါပဲ။ လာလည်တဲ့ သူငယ်ချင်း နာမည်တွေ ကျန်ခဲ့ရင်လည်း ခွင့်လွှတ်ကြပါနော်။ သူတို့ကတော့ ကျမ blog မှာ comment လေးတွေ ချန်ထားရစ်ခဲ့တာမို့ ပိုပြီး သတိထားမိတာပါ။
Blog ကနေ ရလာတဲ့သူငယ်ချင်း အားလုံးကို ကြီးငယ်မရွေး ကျမ တန်ဖိုးထားသလို တဦးချင်းစီရဲ့ စာအရေးအသား၊ အပြောအဆို တွေကိုလည်း သဘောကျမိပါတယ်။ တချို့ဆိုရင် ကျမထက် တော်တော်ကို ငယ်ပါတယ်။ စာအရေးအသား အတွေးအခေါ်ကျတော့ ကျမထက်ကို ရင့်ကျက် တည်ငြိမ်နေတဲ့သူတွေ အများကြီးပါ။ ဒါကြောင့် သူတို့ကို ငယ်ပေမယ့် လေးစားမိပါတယ်။ လူတိုင်းဟာ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ ကျင်လည်နေရတာ မဟုတ်လား။ တစ်ဦးတစ်ယောက်တည်း တော်တယ် ၊တတ်တယ်၊ သိတယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူ့ဆီက အတွေ့အကြုံ ခံစားရတာလေးတွေ ကိုယ်က သိမယ်၊ ကိုယ်ကလည်း သိသလောက် မှတ်သလောက်ကို blog ပေါ်ကနေ ပြောပြမယ်။ တဦးနဲ့တဦး အတွေ့အကြုံ ဖလှယ်ရာရောက်တဲ့အပြင် blog ပေါ်က သူငယ်ချင်းတွေဟာလည်း နိုင်ငံပေါင်းစုံမှာ နေတာဆိုတော့ သူတို့ရေးထားတာလေးတွေ ကြုံတွေ့နေတာတွေကို ဖတ်ကြည့်ရင်း ကိုယ့်အတွက်လည်း ဗဟုသုတရတယ်လို့ ကျမ ခံစားမိပါတယ်။
အားလုံးဟာ ကိုယ့် blog ကို လာလည်တဲ့ သူတိုင်းကို အလွယ်တကူ သူငယ်ချင်း မိတ်ဆွေအဖြစ် ချက်ချင်း ခင်မင်တယ်။ လက်ခံနိုင်တယ်။ မောင်နှမတွေလိုပါပဲ။ ဒါကြောင့် အချိန်တိုအတွင်းမှာ သူငယ်ချင်းဖြစ်သွားကြတာပေါ့။ Blog ပေါ်က သူငယ်ချင်းတွေရဲ့ ခင်မင်မှုက ဖြူစင်ပါတယ်။ ဒါပေမယ့် ခင်မင်တဲ့သူရှိသလို မုန်းသူလည်း ရှိနိုင်တာပဲမဟုတ်လား။ တခါတလေ ကိုယ်က ရေးလိုက်တဲ့ comment အပေါ်မူတည်ပြီး တဖက်သူက အဓိပ္ပာယ် ကောက်လွဲသွားရင်လည်း ကိုယ့်ကို အမုန်းပွားနိုင်တာပဲ။ ဘယ်နေရာ ဘယ်ပတ်ဝန်းကျင် မဆို ကောင်းတာ ဆိုးတာ က ဒွန်တွဲနေမှာပါ။ အားလုံးကိုတော့ အတတ်နိုင်ဆုံး ကျမဘက်က ခင်မင်ချင်ပါတယ်။ အခြေအနေ မတိုက်ဆိုင်ရင်လည်း မခင်ရဘူးပေါ့။ ကျမ အလည်ရောက်ပြီး ရေးခဲ့တဲ့ comment တွေမှာလည်း အမှားပါရင် ခွင့်လွှတ်ဖို့ ဒီပို့စ်ကနေပဲ တောင်းပန်ပါရစေ။
(ပို့စ် ၅၀ မြောက် အမှတ်တရ)
ဒီဇင်ဘာ ၁၅၊ ၂၀၀၇။
December 11, 2007
ဖြတ်သန်းနေတဲ့ တစ်နေ့တာ
“တစ်နေ့၊ တနေ့ ကလည်း ခဏလေးလိုပဲ..”
“အချိန်တွေက ကုန်မြန်လိုက်တာ...”
.....
.....
နှုတ်ကပဲဖြစ်ဖြစ်၊ စိတ်ထဲ ဖြစ်ဖြစ် လူတိုင်းနီးပါး ဒီစကားလေးတွေကို ပြောဖြစ်၊ တွေးဖြစ်မယ် ထင်ပါတယ်။ ကျမလည်း ရုံးမှာ အလုပ်တအားများတဲ့နေ့မျိုးဆိုရင် “အချိန်ကုန်မြန်လိုက်တာ၊ ခဏလေးလိုပဲ” လို့ ထင်ရပြီး အလုပ်မရှုတ်တဲ့နေ့မျိုးဆိုရင်တော့ ညနေ ရုံးဆင်းချိန် ၆ နာရီ ကို စောင့်မျှော်နေရတာ ပျင်းရိငြီးငွေ့စရာပါပဲ။ အမှန်တော့ အချိန်၊ နာရီ စက္ကန့်တံလေးက သူ့တာဝန် ကို သူ ကျေပွန်အောင် ပုံမှန်လုပ်ပေးနေတာပါ။ နာရီရဲ့ စက္ကန့်တံလေး လှုပ်ရှားနေရင်းကပဲ နေ့ကို လစား၊ လ ကို နှစ်စား ဖြစ်လာလိုက်တာ အခုဆိုရင် ၂၀၀၈ ခုနှစ်ကို ရောက်တော့မယ်။ တစ်နေ့ တစ်နေ့ ဘယ်လို ကုန်ဆုံးသွားသလဲဆိုတာကို ပြန်စမ်းစစ်ကြည့်လိုက်တော့....
“အင်း... ဘယ်နှစ်နာရီ ရှိပြီလဲ..”
“၈ နာရီ ၁၀ မိနစ်”
“အာ.. စောသေးတယ်၊ မထချင်သေးဘူး။ ညက အိပ်မရလို့.. ခေါင်းကိုက်နေတယ်။ ၁၀ မိနစ် ဆက်အိပ်မယ်နော်.. ၈ နာရီခွဲခါနီး ပြန်နှိုး.. ”
....
....
....
“အင်း.. ထချင်သေးဘူးဟာ.. ချမ်းတယ်ဟ...”
“Heater ဖွင့်ပေးထားတယ်.. ထတော့ .. ထတော့.. ”
အိပ်ယာက ထပြီး ကျမအတွက် ထမင်းဘူးထည့်ဖို့ ဟင်းနွေး၊ ဘုရားဆွမ်းတော် ခူး၊ သောက်တော်ရေချမ်းနဲ့ ဆွမ်းပွဲကို တလက်စတည်း ပြင်ပါတယ်။ ဟင်းနွှေးပြီးရင် ထမင်းဘူးထဲ ထမင်းနဲ့ဟင်း သင့်သလို ခပ်ထည့်ပြီး ခုံပေါ်မှာ တင်ထားလိုက်ပါတယ်။ ပြီးရင်တော့ ရေချိုးခန်းထဲ အသည်းအသန်ပြေးပြီး ရေကို ခပ်မြန်မြန်ချိုး ရတော့တာပေါ့။ ရေချိုးချိန်ကို ၁၅ မိနစ်ထက် ပိုမထားပါဘူး။ ခေါင်းလျှော်မဲ့ရက်ဆိုရင်တော့ နည်းနည်းပိုကြာတာပေါ့။ ရေချိုးပြီးရင် မျက်နှာ lotion နဲ့ body lotion ကို လူးတာက ၁၀ မိနစ်ပါပဲ။ မျက်နှာလူးရင်း ရတဲ့အချိန်ကို ကပ်ပြီး Yahoo က Osaka Weather ကြည့်ထားရသေးတယ်။ ပြီးရင် ကိုယ့်ဘလော့ခ်လေးကို တချက်ကြည့်ပြီး အ၀တ်လဲရပါတယ်။ ကျမ အ၀တ်လဲနေတုန်း ကျမ အမျိုးသားက ထမင်းဘူးကို ရုံးယူသွားမဲ့ အိတ်ထဲထည့်ပေးထားပြီး ဘုရားစင်မှာ ဆွမ်းတော်ကပ်ပေးပါတယ်။ ကျမ အ၀တ်လဲပြီးရင်တော့ ခေါင်းဖီး၊ မိတ်ကပ်ဖို့ ပြီးတာနဲ့ ဘုရားခန်းပြေးပြီး ဘုရားရှိခိုးရပါတယ်။ ကျမဘုရားရှိခိုးပြီးရင် အမျိုးသားက ရုံးသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျမကလည်း နောက်က ခပ်မြန်မြန် ခြေအိတ်စွပ်ပြီး ယူစရာရှိတာ ယူပြီးလို့ အိမ်က ထွက်ရင် ၉း ၂၀။
ရုံးကို ၂ ယောက်သား စက်ဘီးစီးသွားကြပြီး မိနစ် ၂၀ လောက်စီးရင် ရုံးရောက်ပါတယ်။ မိုးရွာရင်ပဲဖြစ်ြဖစ် နေအရမ်းပူတဲ့အချိန်မျိုးဆိုရင်တော့ ရထားစီးသွားပါတယ်။ အဲဒီနေ့ဆိုရင် “စက်ဘီး တစ်စီးမှာ ၂ ယောက်မစီးရ” ဆိုတဲ့ ဥပဒေကို ချိုးဖောက်ပြီး ဘူတာရုံအထိ သူ့နောက်က ကျမ လိုက်စီးပါတယ်။ ပုံမှန်ကတော့ တစ်ယောက် တစ်စီးစီ မီးပွိုင့်မမိအောင် အသည်းအသန် နင်းပြီး ရုံးပြေးရတာပေါ့။ ရုံးရောက်ရင် ၉း၄၀ ရှိနေပါပြီ။ ရုံးက နောက်ကျပြီးလာရင် နောက်ကျ ပြန်ပေးလိုက်ယုံပါပဲ။ နောက်ပြီး အလုပ်ရှိရင် ရှိသလို၊ မရှိရင်လည်း မရှိသလို ရုံးမှာ နေကြတာမျိုးဆိုတော့ ဘယ်အချိန်လာတယ်၊ ဘယ်အချိန်ပြန်တယ်ဆိုပြီး ရုံးဆင်းရုံးတက်အချိန်ကို မတင်းကြပ်ထားပါဘူး။ အလုပ်ပြီးအောင် လုပ်ပေးဖို့ကသာ အဓိကပါ။
၁၁ နာရီခွဲ၊ ၁၁း ၄၅ ၀န်းကျင်ဆိုရင် ရုံးက နိုင်ငံခြားသား အုပ်စု ထမင်းထွက်စားကြပါပြီ။ နိုင်ငံခြားသား အုပ်စုဆိုတာ တခြားသူတွေ မဟုတ်ပါဘူး။ Department Director ၊ ကျမတို့ Manager ၊ Manger အထက်က senior consultant ၊ ကျမ အမျိုးသား နဲ့ နောက်ထပ် မြန်မာ ၂ ယောက်ပါပဲ။ အဲဒီအုပ်စုက အမြဲတမ်း ထမင်းထွက်စားရင် အတူတူ စားလေ့ရှိပါတယ်။ သူတို့က များသောအားဖြင့် ဘိုစာတွေ စားလို့ ကျမ မကြိုက်တာနဲ့ အတူ လိုက်မစားပဲ ကိုယ့်ဘာသာ ထမင်းဘူး ယူလာပြီး ရုံးမှာ စားပါတယ်။ ပြီးရင်လည်း ကော်ဖီဆိုင်မှာ ထိုင်ပြီး စကားပြောတတ်ကြပါသေးတယ်။ ကျမအတွက်တော့ သူတို့နဲ့ စကားပြောရတာထက်စာရင် ဘလော့ခ်တွေ လိုက်လည်တာကို ပိုပျော်ပါတယ်။ ဒါကြောင့် သူတို့ စောစော ထမင်းထွက်စားရင် ကျမလည်း စောစော ဘလော့ခ်လည်ထွက်ရတယ်။ ၁၂ နာရီမှာ ထမင်းစားရင်း ဘလော့ခ်လည်ထွက်ပြီး comment ရေး၊ Cbox မှာ အော်ဟစ်နှုတ်ဆက်ပြီး ၁ နာရီထိုးရင်တော့ အကုန် ပိတ်ပြီး လုပ်လက်စကို ဆက်လုပ်ပါတယ်။ အဲဒီအချိန်ဆိုရင် ထမင်းထွက်စားတဲ့ လူကြီးအုပ်စုလည်း ပြန်လာပြီမို့ ကိုယ်ရှိန်သတ်ပြီး ဘလော့ခ်လည်ခြင်းကို ရပ်ထားလိုက်ရတာပါ။
အိမ်ပြန်ရောက်ရင်တော့ အမျိုးသားက ညစာ ထမင်းအိုးတည်ပေးပြီး တခြား သေးသေးမွှားမွှားလေးတွေ ကူပေးတတ်ပါသေးတယ်။ ကျမကတော့ မီးဖိုထဲဝင်ပြီး ညစာအတွက်ပြင်ဆင်ရတာပေါ့။ ရှိတဲ့ဟင်းပေါ်မူတည်ပြီး နောက်တစ်ခွက် လိုက်ဖက်အောင် ကြည့်ပြီး စီစဉ် လိုက်တာပါပဲ။ ညစာမှ ၂ ယောက် အတူစားရတာဆိုတော့ အတတ်နိုင်ဆုံးတော့ ဖွယ်ဖွယ်ရာရာ ဖြစ်အောင် လုပ်ပေးရတာပေါ့လေ။ ၉ နာရီလောက်ဆိုရင် ထမင်းကျက်တာနဲ့ ထမင်းပွဲအတူပြင်ပြီး ညစာ စားကြပါတယ်။ ဒီအချိန်ပဲ အေးအေး ဆေးဆေး ရှိတာမို့ပြောချင်တာ၊ တိုင်ပင်စရာရှိတာ ၊ ရုံးကိစ္စ၊ အိမ်ကိစ္စကို ထမင်းစားရင် ပြောဆိုကြရတာပေါ့။ စားသောက်ပြီးရင် နောက်တရက်အတွက် ဘာချက်ရင် ကောင်းမလဲဆိုတာ စဉ်းစားပြီး ကြိုလုပ်စရာရှိတာကို ပြင်ဆင်ထားရပါတယ်။ ဆေးကြော၊ သိမ်းဆည်းပြီးတာနဲ့ နောက်တရက်အတွက် မီးပူတိုက်စရာရှိတာတိုက်၊ အ၀တ်လျှော်စရာရှိတာကို စက်ထဲထည့်ပြီး မနက်လျှော်ရအောင် ဆပ်ပြာရေစိမ်၊ အမှိုက်တွေ သိမ်းဆည်းပြီး ပစ်ရမယ့်နေရာမှာသွားထားပြီးလို့ နာရီကြည့်လိုက်ရင် ၁၁ နာရီ ထိုးခါနီးနေပါပြီ။
အားလုံးပြီးရင်တော့ ကျမဘလော့ခ်လည်ထွက်ပြီး သူငယ်ချင်းတွေ နှုတ်ဆက်၊ စာရေးစရာရှိလည်းရေးပြီး ဘလော့ခ်ပေါ်တင်ရတာပေါ့။ ရန်ကုန်ကို ဖုန်းခေါ်စရာရှိတဲ့နေ့ဆိုရင်တော့ ၁၂ နာရီမှာ ရန်ကုန်ကို ဖုန်းခေါ်၊ အိမ်ရှိလူကုန်နဲ့ စကားပြောပြီးရင် ၁ နာရီထိုးခါနီးပါပြီ။ ဗုဒ္ဓဟူးနေ့ဆိုရင်တော့ အိမ်ပြန်ရောက်တာနဲ့ ဘာမှ မလုပ်နိုင်တော့ပါဘူး။ ဂျပန်ဆရာမတွေ လာမှာမို့လို့ အိမ်မှာ စောင့်နေရပါတယ်။ သူတို့ရောက်လာရင် စာသင်ပေးပြီး ၁၀ နာရီခွဲ၊ ၁၁ နာရီ လောက်မှ အတန်း ပြီးပါတယ်။ ဆရာမတွေပြန်သွားမှ ကမန်းကတမ်း ထမင်းစား၊ ဆေးကြော သိမ်းဆည်းပြီးတာနဲ့ ၁၂ နာရီထိုးပြီးနေပါပြီ။
တနေကုန် အလုပ်လုပ်ရတာ မပင်ပန်းပေမယ့် အငြိမ်တချက်မနေရတော့ လူက အနားယူဖို့ အချက်ပြနေပါပြီ။ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီးတာနဲ့ အိပ်ယာဝင်ရင် ၁ နာရီခွဲလောက်ရှိနေပြီ။ ကျမက အအိပ်ဆတ်သူမို့ အသံတခုခု ကြားရင်လည်း လန့်နိုးတတ်တဲ့အပြင် ချက်ချင်း အိပ်ပျော်လေ့မရှိပါဘူး။ အိပ်ယာထဲမှာ နံပါတ်စဉ်ရွတ်ချင်ရွတ်နေရတယ်။ ထွက်သက် ၀င်သက် မှတ်နေရတာမျိုးလည်းရှိပါတယ်။ အရမ်းအိပ်မရဘူးဆိုရင် counter ပုတီးလေး စိတ်နေရင်းမှ အိပ်ပျော်သွားတတ်တာမျိုးပါ။ တခါတလေ စိတ်ထဲ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ရန်ကုန်က မိဘတွေဆီ စိတ်ရောက်သွားရင်တော့ အဲဒီည မိုးသာ စင်စင်လင်းသွားတယ် တရေးမှ မအိပ်လိုက်ရပါဘူး။ ဒီလိုနဲ့ပဲ မထချင် ထချင် နောက်တနေ့ မနက် ထုံးစံအတိုင်း လေးကန်ပြီးမှ အိပ်ယာက ထလာတတ်သူမျိုးပါ။
သောကြာနေ့ညဆိုရင် တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ စာရေးစရာရှိရင် ရေးပြီး၊ ရေးစရာ မရှိရင်တော့ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်ပေါ့။ အိပ်ယာဝင်ရင်လည်း စနေနေ့ မနက် ၃ နာရီ ၄ နာရီလောက်မှ အိပ်ဖြစ်ပါတယ်။ မနက် ၁၁ နာရီလောက်မှ အိပ်ယာက ထပြီး နေ့လည်စာကိုအပြင်မှာပဲ စားဖြစ်တာများတယ်။ ဈေးဝယ်ထွက်၊ လိုအပ်တာတွေကို ထိုင်းဆိုင်နဲ့ တရုတ်ဆိုင်မှာ သွားဝယ်ရင်း ပြန်လာရင်ညနေ ၅ နာရီ ထိုးလုနီးနေပါပြီ။ ခဏလောက် နားပြီးမှ ညစာအတွက် ချက်ပြုတ်ပြင်ဆင်ပြီး ညစာစားကြပါတယ်။ ပြီးရင်တော့ အ၀တ်လျှော်စက် မနားရလေအောင် တပတ်စာအ၀တ်တွေကို တပုံပြီး တပုံလျှော်ရပါတယ်။ အဲလိုနဲ့ စနေတစ်ရက် ကုန်ပြန်တာပါပဲ။ တနင်္ဂနွေဆိုရင်တော့ လျှော်ပြီးသား အ၀တ်တွေ အမျိုးသားကလှမ်း၊ ကျမက ပိတ်ရက်စားဖို့အတွက်ရော ၊ ရုံးဖွင့်ရက် စားဖို့အတွက်ပါ ဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်ပြီး အချိန်ရရင်တော့ ခဏတဖြုတ်နားရတာပေါ့။ ညရောက်ရင်တော့ ရုပ်ရှင်ကြည့်ရင်း လက်က မီးပူတိုက်ရပါတယ်။ ပိတ်ရက်မှာ အလည်လွန်ရင်တော့ အိမ်အလုပ်တွေ အကြွေးတင်ပြီး နောက်ရုံးဖွင့်ရက်အထိပါ အကြွေးဆပ်မဆုံးပါဘူး။ ဒါကြောင့် ပိတ်ရက်လည်း ပိတ်ရက်မို့လို့ ၊ ရုံးဖွင့်ရက်လည်း ဖွင့်ရက်မို့လို့ နားရတယ်လို့ မထင်မိပါဘူး။
*****
ညီမလေး လေပြေ က တစ်နေ့တာ ဘာလုပ်လည်းဆိုတာ tag ထားလို့ ကျမလည်း ချရေးလိုက်ကြည့်မှပဲ တစ်ရက်နဲ့ တစ်ရက် ကို ဘယ်လို ကုန်ဆုံးသလဲဆိုတာ သိရတော့တယ်။ လူတစ်ယောက်ဟာ တစ်ရက်မှာ ကိုယ့်အတွက် အကျိုးအမြတ် တခုခုရှိအောင် လုပ်ရမယ်လို့ ကျမ ကြားဖူးတယ်။ အတွေ့အကြုံပဲဖြစ်ဖြစ်၊ အတတ်ပညာပဲဖြစ်ဖြစ်၊ အသိပညာပဲဖြစ်ဖြစ်ပေါ့။ တစ်ခုခု တိုးတက်နေရမယ်ဆိုရင်ဖြင့် ကျမဟာ တိုးတက်တဲ့ အလုပ်တစ်ခုမှ မလုပ်ပါလားဆိုတာ လက်တွေ့ကျကျ သိလိုက်ရပါတော့တယ်။ ဒါပေမယ့် ကျမ လက်ရှိဘ၀ကို ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ စိတ်ချမ်းသာလို့ပါပဲ။ တတ်နိုင်သမျှလည်း ကျမ ရဲ့ တစ်နေ့တာကို စိတ်ချမ်းချမ်းသာသာ နဲ့ ဖြတ်သန်းချင်ပါတယ်။ လူရယ်လို့ဖြစ်လာရင် သေတစ်နေ့ မွေးတစ်နေ့မို့ သေနေ့မရောက်ခင် ကြား အချိန်လေးမှာ အကျိုးအမြတ်မရှိရင်လည်းနေပါစေတော့။ စိတ်ညစ်စရာ၊ စိတ်ရှုတ်စရာ၊ လောဘ၊ ဒေါသ၊ အပူအပင် နည်းနိုင်သမျှ နည်းနည်းနဲ့ ဖြတ်သန်းနိုင်ဖို့ ကျမကြိုးစားနေတုန်းပါပဲ...
ဒီဇင်ဘာ ၁၁၊ ၂၀၀၇။
December 3, 2007
သူငယ်ချင်းများသို့..
မိုးချစ်သူ က သူငယ်ချင်းအကြောင်းပြောပြပါလို့ ဆိုလာတော့ ဘယ်ကစပြီး ဘယ်လိုရေးရင်ကောင်းမလဲဆိုတာ အတော် အကြံထုတ်ယူလိုက်ရတယ်။ အမှန်တော့ ကျမရဲ့ သူငယ်ချင်း အသိုင်းအ၀ိုင်းဟာ နည်းလှပါတယ်။ နောက်ပြီး စိတ်တူ ကိုယ်တူမှလည်း ပေါင်းလို့ရတာဆိုတော့ ကျမမှာ သူငယ်ချင်းအရင်းက လက်ချိုးရေတွက်မယ်ဆိုရင် လက်ဆယ်ချောင်းပြည့်မယ် မထင်ပါဘူး။ အပေါ်ယံ မိတ်ဆွေအဆင့် သူငယ်ချင်းတွေကတော့ အများကြီးပေါ့လေ။
ဟိုးငယ်စဉ် ကလေး ဘ၀ကစပြီး အခု ဒီအသက်အရွယ်ရောက်တဲ့အထိ ကြီးပြင်း ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလ အပိုင်းအခြားတိုင်းမှာတော့ ကိုယ့်စိတ်နဲ့ နီးစပ်တာမျိုး၊ ထပ်တူနီးပါးလောက် ကြတာမျိုး၊ ညီအမလို ချစ်တာမျိုး စတဲ့ သူငယ်ချင်းတွေရှိတာပေါ့။ အခြေအနေတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲလာတာမို့ သူငယ်ချင်းဆိုတာလည်း အမျိုးမျိုး ကွာခြားလာခဲ့တယ်။ ငယ်ငယ်တုန်းက သူငယ်ချင်း၊ မူလတန်းကနေ ၁၀ တန်းအထိ တွဲဖြစ်ခဲ့တဲ့ သူငယ်ချင်း၊ တက္ကသိုလ်ရောက်မှ ခင်တဲ့ သူငယ်ချင်း၊ အလုပ်ထဲရောက်မှ တွေ့တဲ့သူငယ်ချင်း ... အစရှိသဖြင့်ပေါ့လေ။ တွေ့ဆုံခဲ့ရတဲ့ သူငယ်ချင်းတွေ များပေမယ့် ကျမနဲ့ စိတ်တူကိုယ်တူ ပေါင်းဖြစ်တဲ့ သူငယ်ချင်းကတော့ ရှားပါတယ်။
အခုဆိုရင် အားလုံးဟာ တကွဲတပြား ဖြစ်နေကြပြီး အိမ်ထောင်ကျသူလည်း ကျ၊ သူ့အလုပ် ကိုယ့်အလုပ်နဲ့ ဆိုတော့ အချိန်ပေးပြီးလည်း မတွေ့ဖြစ်တော့သလို ကြုံကြိုက်တုန်း gtalk ထဲရောက်မှ ခပ်မြန်မြန်လေး နှုတ်ဆက် ၊ သာကြောင်း မာကြောင်းလောက်ပဲ မေးနိုင်တော့တဲ့ အခြေအနေမျိုးတွေမို့ ဖြစ်နိုင်မယ်ဆိုရင် အရင်အချိန်တွေဆီကို ခဏလောက် ပြန်သွားလိုက်ချင်သား။ သူငယ်ချင်းတွေနဲ့ အတူသွား၊ အတူစား၊ ခရီးအတူထွက်ခဲ့ကြတာတွေက ခုတော့လည်း အိမ်မက်တစ်ခုလိုပါပဲ။ သူငယ်ချင်းအကြောင်းကို ရေးမယ်ဆိုတော့ ကျမရဲ့ ငယ်ဘ၀အရွယ်ကစပြီး သူတို့နဲ့အတူ ဖြတ်ကျော်ခဲ့ရတဲ့ ကာလအပိုင်းအခြားလေးတွေကို ပို့စ်တစ်ခုအဖြစ်ရေးရင်း အတွေးတွေကို ဖြန့်ကျက်ကြည့်လိုက်မိပါတော့တယ်။
*********
ငယ်ငယ်တုန်းက တွေ့ခဲ့ရတဲ့သူငယ်ချင်းတွေ ကတော့ အခုနေ ပြန်တွေးကြည့်ရင် အဖြူစင်ဆုံးနဲ့ ပြောမနာ ဆိုမနာ အဖြစ်ဆုံးပါပဲ။ ကျမတို့ အိမ်ရဲ့ ရှေ့အိမ်မှာ မိန်းကလေးတစ်ယောက်ထဲ အကြီးဆုံးဖြစ်ပြီး သူ့အောက်မှာ မောင်တွေချည်းပဲ ရှိတဲ့သူရယ်၊ ကျမကတော့ မိန်းကလေး တစ်ယောက်တည်းဖြစ်ပြီး အကို တစ်ယောက်၊ မောင်တစ်ယောက် ရှိပါတယ်။ နောက်တစ်ယောက်ကတော့ ကျမတို့ အိမ်ရဲ့ အနောက်ဘက်မှာ နေတဲ့ အကို ၅ ယောက် နဲ့ အထွေးဆုံးသမီးဖြစ်တဲ့ သူငယ်ချင်းရယ် စုစုပေါင်း ၃ ယောက်ပါ။ အသက်ကလည်း လပိုင်း လောက်ပဲ ကွာတော့ ဘယ်သွားသွား တပူးပူး တတွဲတွဲပေါ့။ မှတ်မှတ်ရရ ရပ်ကွက်မှာ စာကြည့်တိုက် နှစ်ပတ်လည်ပွဲရှိလို့ တက်ပြီး က ရင်လည်း ဒီ ၃ ယောက်၊ ပွဲရှိတော့မှ ကမယ်ဆိုပြီး စင်ပေါ် တက်ကကြတာ ဆိုတော့ ကြည့်ကောင်းအောင် တိုက်ထား ပြုထားခြင်း လည်း မရှိပါဘူး။ ကက်ဆက်နဲ့ သီချင်းဖွင့်ပေးထားတာမို့ စင်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း လက်ကုတ်ပြီး ညီအောင် ညှိကရတာအမောပါပဲ၊ အောက်က လူကြီးတွေကတော့ တခွိခွိနဲ့ ရီပေါ့လေ။ ကိုယ်တွေကတော့ မသိပါဘူး။ ကရရင်ပြီးရော မို့လား။ ကပြီးရင် လူကြီးတွေက ဆုချမှာ သေချာတယ်လေ။ ဘယ်သူမှ မပေးရင်တောင် ကိုယ့်အဖေနဲ့ အမေကတော့ ပေးမှာ သေချာတာကိုး။ အဲဒါဆိုတော့ ကျန်တာတွေက သိပ်ပြီး အရေးမကြီးလှဘူး။ ကရဖို့ပဲ အရေးကြီးတာ။ အဲဒီတုန်းက ကျောင်းမနေရသေးတဲ့အရွယ်မို့ ၄ နှစ်ကျော် ၅ နှစ်မပြည့်သေးဘူး။ ဒီ ၃ ယောက်က ကျောင်းနေတော့လည်း တစ်ကျောင်းထဲ အတန်းတော့ မတူဘူး။
ဒါပေမယ့် နောက်ပိုင်းမှာ ကျမတို့ အိမ်ရှေ့က ကောင်မလေးက ပုံစံတမျိုးဖြစ်လာတယ်။ အရင်လို တွဲလို့မကောင်းတော့ဘူး။ သူ့ကို ဆော့ဖို့ခေါ်ရင်လည်း မအားဘူး၊ အလုပ်ရှိတယ်။ မဆော့ချင်ဘူး၊ အိမ်အလုပ်လုပ်ရအုံးမယ်ဆိုတာမျိုးတွေဖြစ်လာတော့ အဲဒီနောက်ပိုင်း ၃ ယောက်ကနေ ၂ ယောက်ဖြစ်ပြီး သူနဲ့ ကျမပဲ တွဲဖြစ်တာ ၁၀ တန်းအထိပဲ။ အလယ်တန်းကစပြီး ကျမက အဒေါ်ရှိတဲ့ မင်္ဂလာဒုံကျောင်းမှာ လိုက်တက်ရတယ်။ သူကတော့ ကျမတို့ မြို့နယ်ကျောင်းမှာပဲတက်တယ်။ မအားလိုက်နဲ့ အားရင် စက်ဘီးစီးမယ်၊ ဇယ်ခုံနဲ့ဇယ်တောက်မယ်၊ သြဇာသီးပေါ်ပြီဆိုရင် သြဇာသီးတောက်တယ်၊ ကျမရှုံးလို့ ငိုမဲ့မဲ့ဖြစ်ရင် သူက တခါတလေတော့ စိတ်လိုလက်ရ အလျော့ပေးတတ်သေးတယ်။ အိမ်ချင်းက ကပ်နေတာဆိုတော့ လူကြီးတွေကလည်း မဆူပါဘူး။ ဘယ်ပဲ သွားချင်ချင် အိမ်နောက်ဘေးဘက်ကနေ အော်ခေါ်ပြီး ၂ ယောက်သား လစ်ထွက်တာပဲ။ လမ်းထိပ်ထွက် မုန့်ဝယ်စားတာတို့၊ စာအုပ်ဆိုင်သွားတာတို့ဆိုရင် တစ်ယောက်တည်း ဘယ်တော့မှ သွားလေ့မရှိဘူး။ အမြဲ ၂ ယောက်တွဲပဲ။ သူ့အိမ်ရောက်လို့ ထမင်းဝိုင်းတွေ့လည်း ၀င်စားလိုက်တာပဲ။ ကိုယ့်အိမ်မှာ ထမင်းစားရင်း သူရောက်လာလို့ စားချင်လည်း ၀င်စားလိုက်တာပဲ။
နောက်ပိုင်းကျတော့ ၈ တန်းအောင် ၉ တန်းမှာ သူ့အဖေဆုံးတယ်။ လူတွေကလည်း ကြီးကောင်ဝင်လာပြီမို့ ကျမအိမ်က ကြီးမေက “သမီး အိမ်မလည်ရဘူး၊ မိန်းကလေး အိမ်လည်ရင် စကားပါတယ်။ နောက်ပြီး ယောင်္ကျားလေး အများကြီး ရှိတဲ့အိမ်ကို အိမ်လည်မထွက်ရဘူး။ သူလာရင် လာပါစေ၊ သမီး အဲဒီအိမ်ကိုသိပ်မသွားနဲ့တော့နော်” လို့ ဆိုလာတယ်။ သူတို့ အိမ်လည်း သူ့ဖေဖေဆုံးကတည်း စီးပွားရေး အဆင်မပြေတော့ဘူး။ အကိုတွေကလည်း အိမ်ထောင်ကျတဲ့သူကျ နဲ့ ၁၀ တန်းမှာ ကျူရှင်အတူတူ တက်ရင်း သူက စိတ်လေလာတယ်ပြောရမလားမသိဘူး။ ကျူရှင်လည်း မှန်မှန်မတက်ပဲ သူ့အမျိုးတွေရှိတဲ့ မြို့ထဲအိမ်ကို သွားတာ များလာပြီး ကျောင်းစာမှာ ကြိုးစားချင်စိတ်မရှိတော့ဘူး။ ကျမလည်း သူ့ကို ကျူရှင်တက်ခါနီးတိုင်း သွား သွားခေါ်ရင် သူ မလိုက်ဖြစ်တာ များတယ်။ ကျူရှင် လိုက်လာရင်လည်း စာမလိုက်နိုင်တော့ဘူး။ အဲဒီနှစ်က ကျမ ၁၀ တန်းအောင်ပြီး သူ ကျ ကျန်ခဲ့တဲ့ နောက်ပိုင်း တောက်လျှောက်က ကျမတို့ ၂ ယောက်ကွဲကွာခြင်း လမ်းစတွေပါပဲ။
တရပ်ကွက်ထဲနေပြီး ဘယ်လိုမှ တွဲလို့မရလောက်အောင် သူ ပညာရေးမှာ ယုတ်လျော့လာတယ်။ ကျမကလည်း တက္ကသိုလ်တက်နေပြီဆိုတော့ သူ့ကို ဖြောင်းဖျပြောဆိုပေမယ့် သူက “အေးပါ၊ ငါနောက်နှစ် အောင် အောင် ကြိုးစားပါမယ်”လို့ပဲ ပြောပြီး သိပ်မကြာဘူး ရည်းစားရတော့တာပဲ။ ကျမ ဘွဲ့ယူတော့ သူ အိမ်ထောင်ကျသွားပြီ။ ဟိုတလောက ကျမ အိမ်ဆီ ဖုန်းဆက်တော့ အမေက သူ့အမျိုးသား ဆုံးသွားတယ်လို့ပြောတယ်။ ယောင်္ကျားလေး ၅ နှစ်သား တစ်ယောက်ကျန်ခဲ့တယ်။ ကျမအဲဒီညက အိပ်လို့မပျော်နိုင်အောင် သူ့အကြောင်းကို တွေးရင်း သူ့သားလေးကို သူတစ်ယောက်တည်း ဘယ်လို ကြီးပြင်းအောင် ပြုစုပျိုးထောင်မလဲ။ သူ့ယောင်္ကျားဆုံးသွားပြီဆိုတော့ ဘ၀ ရပ်တည်ရေးအတွက် ဘာများ လုပ်ကိုင်စားသောက်မလဲ။ အရင်ကတော့ ယောက္ခမ အိမ်မှာနေတယ်၊ ယောင်္ကျားဆုံးသွားတော့ သူဘယ်မှာ နေမလဲ.. မေးခွန်းပေါင်းများစွာ ကျမခေါင်းထဲ တန်းစီရောက်လာပေမယ့် အခုအချိန်မှာတော့ ကျမ သူ့ကို ဘယ်လိုမှ မကူညီနိုင်ပါလားလို့ တွေးရင်း အိပ်မရလို့ မိုးစင်စင်လင်းခဲ့ရတယ်။ သူကရော ကျမတွေးသလို တွေးမိပါလေစ..
*********
တက္ကသိုလ်ကျောင်းရောက်ပြီဆိုတော့ ပန်းပေါင်းစုံပွင့်တဲ့ ပန်းတောကြီးထဲရောက်လာရ သလိုပေါ့။ နယ်ကလာတဲ့ ကျောင်းသားတွေရှိတယ်၊ ရပ်ကွက်ထဲကပဲ မေဂျာတူလို့ အတူတူ တွဲကြတဲ့ သူငယ်ချင်းတွေရှိတယ်။ ဟိုဟို ဒီဒီ က လာတဲ့သူငယ်ချင်းတွေနဲ့ တတန်းတည်းသားချင်းဆိုတော့ မျက်မှန်းတန်းမိတာလောက်ပဲ ရှိရာက ကျမ နောက်ထပ် သူငယ်ချင်း တစ်ယောက် ထပ်ရပြန်တယ်။ ကျမက စိတ်မြန်တဲ့သူဆိုတော့ တော်ရုံလူဆိုရင် သိပ်ပြီး စိတ်တိုင်းမကျတတ်ဘူး။ ကျမ သူငယ်ချင်းနဲ့က ဒုတိယနှစ်မှ စပြီး တွဲမိတာပါ။ ခုထိလည်း အဆက်အသွယ်ရှိနေတုန်းပါပဲ။
ကျမတို့ ကျောင်းစတက်တော့ လှိုင်ကောလိပ်မှာ တက်ရတာ။ ကျမယူတဲ့ မေဂျာကလည်း ယောင်္ကျားလေးက အင်မတန် နည်းပါးတဲ့အပြင် ရှိတဲ့ယောင်္ကျားလေးကျတော့လည်း ဘာသိဘာသာဆိုတော့ တော်ရုံ ပုံနှိပ်စာအုပ်ယူဖို့ လူတိုးတာပဲဖြစ်ဖြစ်၊ ကျောင်းအပ်ရင်၊ ကျောင်းလခသွင်းရင် အဲလို အချိန်မျိုးတွေဆို ယောင်္ကျားလေးတွေနဲ့အပြိုင် ကျမတို့ ၂ ယောက်က တိုးတာပဲ။ ယောင်္ကျားလေးတွေကလည်း ငါတို့ လုပ်ပေးမယ်ဆိုပြီး တခါမှ မရှိပါဘူး။ ကျမတို့ကလည်းကိုယ့်အားကိုယ်ကိုး သမားဆိုတော့ တော်ရုံလည်း မျက်နှာချိုသွေးပြီး ဒါလုပ်ပေးပါ ဟိုဟာလုပ်ပေးပါဆိုပြီး ဘယ်သူ့ကိုမှ မခိုင်းဘူး။ ခေါင်းမာတာချင်းလည်းတူ၊ စကားပြောရင် သူများနားဝင်ချိုအောင် မပြောတတ်တာချင်းလည်းတူ၊ အလှမပြင်တတ်တာချင်းလည်းတူ၊ စိတ်တို စိတ်မြန်တာချင်းလည်းတူဆိုတော့ ကျမတို့ ဒုတိယနှစ်ကနေစပြီး တောက်လျှောက် ဒီ ၂ ယောက်ပဲ ဒိုင်ခံတွဲဖြစ်ခဲ့တယ်။ ဒီသူငယ်ချင်းလေးနဲ့ပဲ ကျောင်းပြီးတဲ့အထိ၊ ကွန်ပျူတာဘက်ကူးတဲ့အထိ နောက်ဆုံး အလုပ်ဝင်တော့မှပဲ တစ်ယောက်တကွဲစီဖြစ်သွားခဲ့ရတယ်။ ဒါတောင် ပိတ်ရက်ဆိုရင် မအားတဲ့ကြားက ရအောင် ချိန်းပြီး YKKO မှာ ကြေးအိုးသွားသောက်ကြတယ်။ လူချင်းတွေ့ပြီဆိုတာနဲ့ အချင်းချင်း ရင်ဖွင့်ကြတာပေါ့လေ။ များသောအားဖြင့် ကျမက အပြောသမား။ ပါးစပ်ကလည်း တောက်လျှောက် ပြောရင်း ကြေးအိုးလည်း စားရင်းပေါ့။ သူကတော့ တခွိခွိနဲ့ ဘေးကနေ ဘာပြောပြော ထိုင်ရီနေတော့တာပဲ။
အခုတော့ ကျမတို့ ၂ ယောက် online မှာတွေ့ရင်တောင် သူလည်း တခွန်း ၂ ခွန်းလောက်ပဲ ပြောနိုင်ပြီး အလုပ်ထဲမှာမို့လို့ ခပ်မြန်မြန်ပဲ see you လုပ်ရပေါင်း များလှပြီ။ နင်ဘယ်တော့ပြန်လာမလဲမေးတိုင်း ကျမမှာ အဖြေမရှိဘူး။ “တနေ့နေ့ တချိန်ချိန်တော့ ပြန်လာမှာပေါ့ သူငယ်ချင်းရယ်။ အဲဒီအခါကျရင် ငါတို့ အတူ ကြေးအိုးလည်း သွားစားမယ်။ ပြီးတော့ နင့်အိမ်လည်း ထမင်းလိုက်စားမှာပေါ့..”လို့ စိတ်ကူးထဲက ပြောနေပေါင်းလည်း များလှပြီပေါ့။
*********
အလုပ်ထဲရောက်တယ်ဆိုရင်ပဲ အလုပ်ထဲရောက်မှ တွေ့ရတဲ့သူတွေဟာ ကျမတို့ ကျောင်းတုန်းက သူငယ်ချင်း မိတ်ဆွေတွေလိုမျိုး မဟုတ်ပါလား ဆိုတာ လက်တွေ့ကျကျ သိလိုက်ရတယ်။ ကိုယ်ကောင်းစားဖို့၊ ကိုယ်နေရာတစ်ခုရဖို့အတွက်လည်း သူများကို နင်းပြီး တက်ဖို့ဝန်မလေးကြဘူး။ အလုပ်ထဲရောက်ပြီးမှ ကျမတို့ ရုံးမှာ အိန္ဒိယက ဆရာ၊ဆရာမတွေကို ခေါ်ပြီး သင်တန်းပေးတယ်။ သင်တန်းက ရတဲ့အမှတ်ပေါ်မူတည်ပြီး နိုင်ငံခြားလွှတ်တယ်လို့ အစက အထင်မှားပြီး မအိပ်မနေ ကြိုးစား၊ စာဖတ်၊ လေ့လာ၊ ရုံးမှာ ညအိပ်လိုအိပ် အပင်ပန်းခံခဲ့သမျှ တကယ့်အခြေအနေမှာတော့ တကယ်သွားရတဲ့သူတိုင်းဟာ သင်တန်းက ရတဲ့အမှတ်ပေါ် ကြည့်ချင်လည်းကြည့်တယ်။ မကြည့်ချင်လည်း မကြည့်ဘူး။ သူ့ဘာသာသူ လွှတ်ချင်သလို လွှတ်တာ။ အဲဒီမှာ သိလိုက်တာက အရာရာဟာ ကံပါပဲ။ ကိုယ်ဖြစ်ချင်ပေမယ့်လည်း ဖြစ်ချင်မှ ဖြစ်တာ။ ဖြစ်ချင်ပြီဆိုရင်လည်း ကိုယ်က မဖြစ်ချင်ပါဘူးဆိုပြီး ဆွဲထားလို့မရလောက်အောင်ကို ပြောင်းလဲမှုတွေက အရမ်းမြန်ပါလားဆိုပြီး လက်ခံသဘောပေါက်နားလည်လာခဲ့ရတယ်။
ဒီလို လူမျိုးစုံ၊ စိတ်ဓာတ်မျိုးစုံ၊ စရိုက်မျိုးစုံ ရှိတဲ့အထဲက နောက်ထပ် တွေ့ရတဲ့သူငယ်ချင်းကတော့ ကျမထက် ၄ နှစ်နီးပါး ငယ်ပေမယ့် တကယ့်ကို ကျမအပေါ် စေတနာထားပြီး အစစ အရာရာ ပြုပြင်ပေးခဲ့သူဆိုရင်လည်းမမှားပါဘူး။ “အမ... လမ်းဘယ်လို လျှောက်နေတာလဲ။ ဘာလို့ခါးကုန်းထားရတာလဲ၊ ဒီလို လျှောက်ပါလား”ဆိုပြီး ကျမ ခါးကိုင်းရင် နောက်ကနေ ပခုံးက ကိုင်ပြီး တည့်ပေးတတ်သူပါ။ ကျမက အလှပြင်တာ စိတ်မ၀င်စားတော့ “ အမကတော့လေ အဖွားကြီး အိုလေးကျနေတာပဲ။ ပြင်ပြင်ဆင်ဆင်နေစမ်းပါ”လို့ သူဘယ်လောက်ပြောပြော မြန်မာပြည်ရဲ့ ရာသီဥတုနဲ့ မကိုက်ညီတဲ့ မိတ်ကပ်၊ နှုတ်ခမ်းနီကို သိပ်မတို့ဖြစ်ခဲ့ဘူး။ “အမ... ဆံပင်ကြီး စည်းမထားပါနဲ့ဆိုတာ ဘယ်နှစ်ခါပြောရမလဲ၊ ရုပ်ရင့်တယ် အမရဲ့၊ ဆံပင်ချထားမှ လှမှာပေါ့”လို့ သူပြောပေမယ့် ခေါင်းလျှော်ချိန်ကလွဲပြီး ဆံပင်မချတတ်တာလည်း ကျမ အကျင့်မို့လို့ သူပြောတုန်းခဏလောက်ပဲ ဆံပင်ချဖြစ်တယ်။ နောက်ပိုင်း စည်းထားမြဲ စည်းထားလျှက်ပဲ။ သူကလည်း ကျမကို အပြင်မှာပဲတွေ့တွေ့၊ ဓာတ်ပုံထဲ တွေ့တွေ့ ဆံပင်ချဖို့ ပြောတုန်းပဲ။ ပွဲတခုခု သွားစရာရှိပြီဆိုရင် “အမ... ဒီပွဲအတွက်ဆိုရင် ဒါ မ၀တ် နဲ့၊ ဒါလေးဝတ်...”လို့ အကြံဥာဏ်ပေးတတ်သလို ကျမကလည်း သူ့ဆီက အကြံမရရင် ဘာဝတ်လို့ ၀တ်ရမှန်း မသိလောက်အောင် ဗြောင်းဆန်နေတတ်တာ။ ဒီလိုနဲ့ နေလာရင်း ၂၀၀၃ ကျတော့ သူကျမကို ခွဲပြီး အလုပ်ကိစ္စနဲ့ အင်္ဂလန်ထွက်သွားခဲ့တယ်။ သူသွားတဲ့အချိန်ကစပြီး ပြန်လာတဲ့အထိ ကြားထဲမှာ ကျမတို့ စာရေးအဆက်အသွယ် မပြတ်ဘူး။ Email နဲ့ လည်းပို့ ၊ လက်နဲ့ရေးပြီး စာတိုက်ကလည်း ပို့၊ တခါပို့ရင် ၂ မျက်နှာ ၃ မျက်နှာ၊ သူ့ဆီက စာရရင် ကျမမှာပျော်လို့။ ကျမကလည်း မြန်မာပြည်က အကြောင်းတွေ၊ အလုပ်ထဲက အကြောင်းတွေ အို.. ပြောစရာက ကုန် ကို မကုန်နိုင်ဘူး။ စာထဲထည့်ရေးတဲ့ အကြောင်းအရာက Email ထဲက အကြောင်းအရာနဲ့ ထပ်ကို မထပ်စေရဘူး။
ခုတော့လည်း ၂ ယောက်စလုံး အိမ်ထောင်အသီးသီးကျပြီး အလုပ်ကိစ္စတွေနဲ့ လုံးလည် လိုက်ရင်း gtalk မှာ တွေ့မိ စကားပြောမိတာလောက်ပဲ လုပ်နိုင်တော့တယ်။ ဘာပဲဖြစ်ဖြစ် ကျမ ဘယ်တော့မှ မမေ့ပါဘူး။ ဒီစာပေါ်မှာ မရေးဖြစ်တဲ့အကြောင်းတွေ၊ မပြောဖြစ်တဲ့အကြောင်းတွေနဲ့ ကျမတို့ ၂ ယောက်ရဲ့ ခင်မင်မှုက ညီအမ အရင်းထက်ကိုပိုတယ်ဆိုတာ ကျမ မငြင်းပါဘူး။ တခါတလေ အရင်တုန်းက သူ့ဆီ ပို့ထားခဲ့တဲ့ Email တွေကို ပြန်ဖတ်မိရင် အဲဒီတုန်းက အချိန်ဆီ ခဏလောက် ပြန်ရောက်သွားသလို ခံစားလိုက်မိသား.. ကျမ သူငယ်ချင်းလေးလည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။
*********
ဘ၀တစ်လျှောက်မှာ ငယ်ငယ်တုန်းက ဆော့ဖော်ဆော့ဖက် သူငယ်ချင်းရယ်၊ တက္ကသိုလ်ရောက်မှ တွေ့ရတဲ့ သူငယ်ချင်းရယ်၊ အလုပ်ထဲမှာ တွေ့တဲ့သူငယ်ချင်းရယ်.. သူတို့ တွေက ကျမဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုစီ အဖြစ် အမြဲတမ်း ရှင်သန်နေဦးမှာပါ။ လူချင်းမနီးပေမယ့် စိတ်ချင်းနီးကြရတယ်ဆိုတာ အင်မတန် ခက်ခဲပါတယ်။ မိုးချစ်သူလေးကတော့ တစ်ယောက်ကိုပဲပြောစေချင်သလားတော့ မသိပါဘူး။ ကျမကတော့ ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ သူငယ်ချင်း ၃ ယောက်အကြောင်းဖြစ်သွားတယ်။ တကယ်လို့များ သူတို့လေးတွေ ကျမ Blog ကို လာလည်လို့ ဒီပို့စ်ကို ဖတ်မိရင်တော့ ကျမတို့ရဲ့ ဟိုအရင်အချိန်တွေကို အမြဲတမ်းမဟုတ်တောင် တစ်ခဏလောက် ပြန်သတိရမိမယ်ဆိုရင် ကျေနပ်ပါပြီ။
ဒီဇင်ဘာ ၄၊ ၂၀၀၇။
December 1, 2007
ဒီဇင်ဘာည
* ဒီဇင်ဘာည သီချင်းကို ကိုမာန်လှိုင်းငယ် ဆီမှ တဆင့် ကူးယူဖော်ပြပါသည်။
တေးဆို - Lynn Nith
အပြင်မှာ နှင်းတွေ ကျဆင်းလို့နေပြီ....အိမ်မက်ဟောင်းတွေ
ရင်ထဲရောက်လာသည်...ငါမလိုချင်သော နာရီများ
လွန်ဆန်ချင်နေလည်း...။
မျှော်လင့်ခြင်းတွေ.....ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ......မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား......
ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ.....
ဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်း ကြေကွဲ
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်။
ပြန်ဆုံနိုင်မဲ့ ကံကို ငါတမ်းတတယ်......
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့
လွမ်းနေဆဲ...။
ပူလောင်ခြင်းတွေ ....ရင်ထဲပြည့်နေပြီ ဒီဇင်ဘာညကို အံတုလို့နေပြီ
ငါမလိုချင်သော ဒဏ်ရာလေး နာကျင်နေပြီပဲ
မျှော်လင့်ခြင်းတွေ..ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ...မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား.....
ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ
ဒီလိုအချိန်လေးရောက်လာ ဟိုအရင်က အပြာရောင်အိမ်မက်လေးကို
ပြန်လည်တမ်းတရင်း ကြေကွဲ .....။
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်
ပြန်ဆုံနိုင်မဲ့ ကံကို ငါတမ်းတတယ်...... ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့ လွမ်းနေဆဲ...။
ဒီဇင်ဘာ ၁၊ ၂၀၀၇။