July 15, 2008

Multitasking



အခုတလော စိတ်တိုင်းမကျတဲ့ ကိစ္စတွေ ခဏခဏ ကြုံနေရတယ်။ ကျမကလည်း ဘယ်အရာမှ စိတ်ထဲ မြိုသိပ်မထားတတ်သလို စိတ် သိပ်မရှည်တတ်ပါဘူး။ “၀ုန်း” ဆို “ဒိုင်း” လုပ်လိုက်ရမှ ကျေနပ်တာမျိုး။ (စာဖတ်ရင်း သိပ်လည်းကြောက်မနေကြပါနဲ့။ စကားအဖြစ်ပြောတာပါ.. :D) အဲဒီတော့ ကိုယ့်ရှေ့မှာ ကိုယ့်ရိုးကားယားတွေ ဖြစ်လာပြီဆိုရင် မျက်စိနောက်ပြီး သိပ်ကြည့်မရချင်တော့ဘူး။ ဒါနဲ့ “လူတစ်ယောက်က အလုပ် ၂ ခု ၃ ခုကို တပြိုင်တည်းလုပ်တာ မျက်စိရှေ့မှာ ကြုံဖူးလားဟင်?” ရထားစီးရင်း စာအုပ်ဖတ်တာမျိုး၊ TV ကြည့်ရင်း ထမင်းစားတာမျိုးကို မဆိုလိုပါဘူး။ ဒါပေမယ့် ဂျပန်မှာတော့ အလုပ် ၂ ခု ၃ ခု တပြိုင်တည်း လုပ်တတ်တဲ့ သူတွေရဲ့ အကျင့် ကြောင့် သူတစ်ပါးကို ထိခိုက်နိုင်တာတွေ မြင်တွေ့နေရပါတယ်။ ဒီပို့စ်ကို ရေးဖြစ်တာက သူငယ်ချင်းတို့လည်း အဲဒီလို လူမျိုးတွေ တွေ့ရင် သတိထားနေနိုင်အောင်လို့ပါ။


*****


ကျမက လက်ကိုင်ဖုန်း ကိုင်ရတာကို ကြိုက်တဲ့အထဲမှာ မပါ ပါဘူး။ မြန်မာပြည်ကနေ အလေ့အကျင့်ကောင်းလေး ပါလာတယ်ပြောရမလား။ ကိုယ့်မိဘတွေကလည်း အရာရှိအသိုင်းအ၀ိုင်းက မဟုတ်တော့ GSM ပေါက်ဖို့ အကြောင်းလည်း မရှိဘူး။ မြန်မာပြည်ရဲ့ GSM ဈေးကွက်က သိတဲ့အတိုင်းပဲ။ သိန်း ၂၀ ကျော် ၃၀ လောက် ရှိမှ လက်ကိုင်ဖုန်း နဲ့ ဟန်ရေးပြလို့ရမှာကိုး။ ကိုယ့်ဝင်ငွေကလည်း မြန်မာကျပ်ငွေ သောင်းဂဏန်းလေးဆိုတော့ လက်ကိုင်ဖုန်းကိုင်ဖို့ ဝေလာဝေးပဲ။ ဒါကြောင့် ကျမအတွက် မရှိမဖြစ် လိုအပ်ချက်ထဲမှာ လက်ကိုင်ဖုန်း မပါ ပါဘူး။ အိမ်ဖုန်းရှိရင် ရပြီ။ တကယ်လို့ အိမ်ဖုန်း မရှိဘူးဆိုရင်လည်း ရသေးတယ်။ ဆက်သွယ်ရေးကနေ လုပ်ပေးထားတဲ့ ဖုန်းပြောလို့ရတဲ့ နေရာလေးတွေ အများကြီးပဲ မဟုတ်လား။ အဲဒါမှ မရတဲ့အဆုံး ဖုန်းရှိတဲ့ အိမ်နီးနားချင်းဆီမှာ အကူအညီတောင်းပြီး ပြောလို့ရရင်တော်ပြီလေ။ အဲဒီလို ဘ၀မျိုးနဲ့ နှစ် ၃၀ လောက် ရင်းနှီးနေပြီးသား။ ပထမတစ်ခေါက် ဂျပန်လာတုန်းကလည်း လက်ကိုင်ဖုန်း ၀ယ်မကိုင်ခဲ့ဘူး။ တစ်နှစ်ထဲနေရမှာ သေချာတာရော ပြီးတော့ အရှင်းဆုံး ပြောရရင် ပိုက်ဆံနှမြောတာလည်းပါတာပေါ့။ နောက် ထိုင်းရောက်တော့လည်း လက်ကိုင်ဖုန်းတွေ ဈေးပေါပေါနဲ့ ရတာတောင် အမျိုးသားနဲ့ ၂ ယောက်ပေါင်းပြီး ရုံးက အလကားပေးထားတဲ့ လက်ကိုင်ဖုန်းပဲ သုံးတယ်။ ကိုယ့်ပိုက်ဆံနဲ့ ၀ယ်မကိုင်ခဲ့ဘူး။


အခုတခေါက် ဂျပန်ရောက်တော့ အမျိုးသားက ကျမအတွက် လက်ကိုင်ဖုန်းတစ်လုံး ၀ယ်ပေးပါတယ်။ ကျမက မလိုဘူးလို့ ပြောပေမယ့် ရောက်ခါစ သူက အလုပ်ဆင်းရပြီး ကျမက အလုပ်မရသေးတော့ အိမ်မှာ နေရတာမို့ စိတ်မချဘူး ဆိုပြီး တလက်စတည်း ၀ယ်လိုက်လို့သာ ၀ယ်ဖြစ်သွားတာပါ။ သူငယ်ချင်းတွေကိုလည်း ဖုန်းနံပါတ်ပေးရင် ၂ ယောက်လုံးရဲ့ ဖုန်းနံပါတ် ပေးထားလိုက်တယ်။ အဲဒီဖုန်းကို တခါတလေဆိုရင် မေ့တောင်နေတယ်။ သူငယ်ချင်းတစ်ယောက်ကဆို ဖုန်းဆက်တိုင်း မကိုင်လို့တဲ့။ ကျမကလည်း ကျမပဲ။ အရေးအကြောင်း ကိစ္စကြီးငယ်မရှိပဲ ဖုန်းကို လက်က တကိုင်ကိုင် မလုပ်တတ်ဘူး။ ဖုန်းကင်မရာနဲ့လည်း တခါမှ မရိုက်ကြည့်ဖူးဘူး။ နောက်ပြီး တော်ရုံလည်း ကိုယ့်ဆီ ဖုန်းဆက်မယ့်သူ မရှိဘူးလေ။ message ဆိုရင် အရင်တုန်းက လုံးဝကို မနှိပ်တတ်တာ။ နောက်တော့ ဂျပန်ဆရာမတွေနဲ့ message ပို့ရင်း ခလုတ်တွေကို သုံးတတ်သွားတာ။ Message တခါပို့ဖို့ အရေး ဖုန်းပေါ်က ခလုတ်တွေ ရှာနေရတာနဲ့ပဲ အချိန်ကုန်တယ်။ ဖုန်းဆက်ပြီးပြောလိုက်တာမှ အချိန်ကုန်သက်သာသေးတယ်လို့ပဲ တွေးမိတယ်။ နောက်ပြီး လက်ကိုင်ဖုန်း နဲ့ပတ်သက်တဲ့ ကိစ္စအားလုံးကို အမျိုးသားပဲ တာဝန်ယူတယ်။ ဥပမာ ဖုန်း charging သွင်းပေးလည်း သူပဲ။ အားပြည့်သွားလို့ မနက်ရုံးတက်ခါနီး အိတ်ထဲပြန် ထည့်ပေးထားလည်း သူပဲ ဆိုတော့ ကျမက ကိုယ့်မှာ လက်ကိုင်ဖုန်း တစ်လုံးရှိနေပါလားဆိုတာ လုံးဝကို မေ့နေတာပါ။


ဒီရက်အတွင်း လက်ကိုင်ဖုန်းနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ဖြစ်စရာတွေ ခဏခဏ ကြုံရတော့ အခုဆိုရင် လက်ကိုင်ဖုန်းကို နည်းနည်းတောင် အမြင်ကပ်လာသလိုပဲ။ အမှန်ကတော့ ဖုန်းနဲ့မဆိုင်ပါဘူး။ ဖုန်းကိုင်တဲ့သူတွေနဲ့ပဲ ဆိုင်တာပါ။ ဖြစ်ပုံက ဒီလို.. ဂျပန်မှာက လူတိုင်း လက်ကိုင်ဖုန်း ကိုင်ကြတယ်လေ။ ကလေးလေးတွေ ဆိုရင်လည်း လည်ပင်းမှာ အမေတွေက ဆွဲကြိုးလို ချိတ်ဆွဲပေးထားတော့ သူတို့ကို ကြည့်လိုက်ရင် ၄ နှစ် ၅ နှစ်အရွယ်တွေက စက်ဘီးနဲ့ လက်ကိုင်ဖုန်းနဲ့။ လူတိုင်း ဖုန်းကိုင်ကြတာလည်း မပြောနဲ့။ သူတို့အတွက်တော့ အတော်လေး အသုံးဝင်ပုံရတယ်။ ကိုယ်ကပဲ မသုံးတတ်တာလား။ သူတို့ကပဲ အသုံးချ လွန်နေတာလား။ တခုခုပဲ။ ဖုန်းနဲ့အင်တာနက် သုံးတယ်။ ဖုန်းနဲ့ သီချင်းနားထောင်တယ်။ ဖုန်းနဲ့ တီဗွီကြည့်တယ်။ ဖုန်းကနေ game ဆော့တယ်။ ဖုန်းထဲမှာ ရှိတဲ့ ၀တ္ထုဖတ်တယ်။ အဲဒီတော့ လက်ကိုင်ဖုန်းက သူတို့အတွက် တကယ်ကို မရှိမဖြစ် လိုအပ်တဲ့ပစ္စည်း တစ်ခုလိုဖြစ်နေတာပေါ့။ အဲဒီလို အသုံးကျလွန်းတော့ လူတွေဟာ စက်ဘီးစီးရင်း ဖုန်းနဲ့ message ရိုက်တယ်။ ရထားပေါ်မှာ ဖုန်းကိုင်ပြီး game ဆော့ရင် ဆော့၊ မဆော့ရင် အင်တာနက်ကြည့်၊ ဒါမှမဟုတ် message ရိုက်ပေါ့။ ကားမောင်းရင်း ဖုန်းနဲ့ message ရိုက်တယ်။ ရထားဘူတာကနေ တနေရာရာကို လမ်းလျှောက်ရင်း Baseball ပွဲကို ဖုန်းကနေကြည့်တယ်။ အဲဒီ style တွေက တခြားနိုင်ငံတွေတော့ မပြောတတ်ဘူး။ ဂျပန်မှာတော့ အတော်လေး ခေတ်စားတယ် ဆိုရမယ်။ အဲဒီလိုမလုပ်တဲ့သူဆိုရင် သေချာတယ် အဲဒါ ကျမလို အူကြောင်ကြားပဲဖြစ်မှာပဲ။




ပြောချင်တာက အခုမှစတာ။ ဟိုတလောက ဂျပန်က သတင်းတစ်ခုမှာ နားထောင်လိုက်ရတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ အမှုနဲ့ စက်ဘီးတိုက်မှုဖြစ်တဲ့အမှုဆိုရင် စက်ဘီးတိုက်မှုတွေ ပိုများလာတယ်ဆိုပဲ။ ကျမကတော့ စိတ်ထဲကနေ “ဖြစ်နိုင်တယ်” လို့ ကောက်ချက် ချလိုက်သေးတယ်။ စဉ်းစားကြည့်လေ။ ဂျပန်မှာက ကား၊ ရထား အပြင် သွားလာလို့ အလွယ်ဆုံး ယာဉ်က စက်ဘီးပဲဆိုတော့ လူတိုင်းစက်ဘီးစီးကြတယ်။ စက်ဘီးစီးရင် ရိုးရိုးမစီးကြဘူး။ သီချင်းနားထောင်ဖို့ MP3 Player ဒါမှမဟုတ် IPOD ကို နားထဲတပ်ထားတယ်။ တချို့လည်း ဖုန်းနဲ့တဆင့် ear phone လေးချိတ်ပြီး သီချင်းနားထောင်ကြတယ်။ အဲဒီလို နားထဲ တစ်ခုခုတပ်ထားပြီး သီချင်းနားထောင်ရုံတင်အားမရဘူး။ လက်က ဖုန်းကို နှိပ်ပြီးဆော့နေတတ်သေးတယ်။ ဖုန်းဆော့ရင်ဆော့ မဆော့ရင် ဖုန်းပြောနေကြရော။ အဲဒီတော့ အနောက်က ကားဟွန်းတီးလည်း မကြား၊ အရှေ့က စက်ဘီးအချင်းချင်း ဘဲလ်တီးလည်း မကြားတွေဖြစ်ကုန်တာပေါ့။ သူတို့က စက်ဘီးစီးရင်း တခြားအပိုအလုပ်တွေကို ၂ ခု ၃ ခု တပြိုင်တည်းလုပ်ရတာကိုး။ အဲဒီလောက် အာရုံများနေတဲ့သူတွေမှ စက်ဘီးတိုက်မှု မဖြစ်ရင် ဘယ်သူမှဖြစ်မှာမဟုတ်ဘူး။


အဲဒီလိုပဲ တချို့လည်း ကားမောင်းရင်း ဖုန်းဆော့တတ်တယ်။ ကိုယ်တွေ့မို့လို့သာ ယုံလိုက်ရတာ။ ပြီးခဲ့တဲ့တစ်ပတ် ရုံးကအပြန် လူကူးမျဉ်းကြားက မီးစိမ်းလို့ ကျမလည်း စက်ဘီးနင်းပြီး အထွက် ကားက လုံးဝ
အရှိန် မလျော့ပေးဘူး။ စက်ဘီးနဲ့ ကား ခေါင်းချင်းဆိုင်မိဖို့ နည်းနည်းပဲ လိုတော့တယ်။ ကျမ ဘရိတ်အုပ်မြန်လိုက်လို့ပေါ့။ နို့မို့ဆို ဒီနေ့လောက်ဆိုရင် ရက်လည်နေရလောက်ပြီ။ ကားသမားက ဘာလုပ်နေတယ်ထင်လဲ။ ကားမောင်းရင်း လက်ကနေ ဖုန်းရိုက်နေတယ်။ ကျမကိုမြင်တော့ လူကူးမီးပွိုင့်ကို တချက် လှမ်းကြည့်ပြီး မီးစိမ်းတာ မြင်တော့မှ သူမှားမှန်းသိသွားလို့ ကားပေါ်ကနေ ခေါင်းညိတ်ပြ တောင်းပန်သွားတယ်လေ။


ပြီးတော့ ရုံးရှေ့က ဖြတ်သွားတဲ့ လူတစ်ယောက် ဖုန်းကို သဲကြီးမဲကြီး ငုံကြည့်ပြီး လမ်းလျှောက်နေတာ။ နားကလည်း နားကြပ် တပ်လျှက်သားပေါ့။ ဘာလုပ်နေသလဲ ဆိုပြီး ကိုယ်က ဘေးနားကဖြတ်သွားရင်း စပ်စုလိုက်မိတယ်။ ကျေးဇူးရှင်က တီဗွီက Live လွှင့်တဲ့ Baseball ပွဲကို ဖုန်းကနေ တဆင့်ကြည့်နေတာ တလောကလုံး သူတစ်ယောက်တည်းလို့ ထင်ပြီး လမ်းကို လျှောက်ချင်သလို လျှောက်နေတော့တာပဲ။ အနောက်က စက်ဘီးနဲ့ လူက ဘဲလ်တီးလည်း သူ ဂရုကိုမစိုက်ဘူး။ ဟိုတရက်ကလည်း ရုံးသွားတော့ ကောင်လေးက ရှေ့ကနေ စက်ဘီးနင်းရင်း ဖုန်းကို ခေါင်းငုံ့ပြီး ရိုက်နေတယ်။ နောက်မှာ စက်ဘီးသမားပါတာကို သူသတိထားမိပုံမပေါ်ဘူး။ မီးပွိုင့်ရှေ့လည်းရောက်ရော ရှေ့ကနေ ဖျတ်ခနဲ ကွေ့ချလိုက်တော့ နောက်က လိုက်လာတဲ့ စက်ဘီးသမားနဲ့ တိုက်မိမလို့ နည်းနည်းပဲလိုတော့တယ်။ နောက်လူကလည်း ကောင်လေးကို ဘုကြည့်ကြည့်ပေါ့လေ။ အမယ် ကိုယ်တော်က ယောင်လို့တောင် ခေါင်းမော့မလာဘူး။ သူရိုက်လက်စကိုပဲ ဆက်ရိုက်ပြီး ဖုန်းသုံးနေတာ။ ငါအမှားလုပ်လိုက်မိပါလားလို့ သတိထားမိပုံမပေါ်ဘူး။




နောက်တစ်မျိုး လူတွေရှိသေးတယ်။ စက်ဘီးစီးရင်း စာအုပ်ဖတ်ရတာနဲ့၊ စက်ဘီးစီးရင်း သတင်းစာ ဟိုဘက်အစ ဒီဘက်အစ ကို စက်ဘီးလက်ကိုင်နဲ့ ပူးကိုင်ပြီး ဖတ်တဲ့သူနဲ့။ ကျမဖြင့် အံ့သြလွန်းလို့။ အော်.. အိမ်မှာ အေးအေးဆေးဆေး ဖတ်လည်း ရသားပေါ့နော်။ မတော် ကားတိုက်တာတို့ ဘာတို့ ဖြစ်နေမှဖြင့်လို့ ကိုယ်ကတွေးပေမယ့် သူတို့ကတော့ မသေတဲ့ဆေး စားထားသလား ထင်ရတယ်၊ ကိုယ်လုပ်ချင်တာ လုပ်နေရရင်ပြီးပြီဆိုတဲ့ ပုံမျိုးပဲ။ တချို့လည်း စက်ဘီးစီးရင်း ခွေး ကျောင်းကြသေးတယ်။ ခွေးလေးတွေ ၃ ကောင်၊ ၄ ကောင်လောက်ကို အားလုံး ကြိုးနဲ့ စုကိုင်ထားတယ်။ လူကတော့ စက်ဘီးပေါ်ကပေါ့၊ အောက်ကခွေးက သူသွားချင်တဲ့ဆီသွား၊ အပေါ်က စက်ဘီးသမားကလည်း ဖုန်းပြောနဲ့ သူ့ခွေးတွေက အောက်မှာ ဖြစ်ချင်တိုင်းကို ဖြစ်နေတာပဲ။ ခွေးက တစ်နေရာသွားချင်တယ်။ စက်ဘီးသမားက စက်ဘီးနင်းရင်း ချိုးချင်တဲ့နေရာချိုး၊ ကွေ့ချင်သလိုကွေ့ဆိုရင် ခွေးက လည်ပင်းဆန့်ငင် ဆန့်ငင်နဲ့ စက်ဘီးခေါ်ရာ နောက်ပါသွားရပြန်ရော။ ကိုယ်က အဲဒါတွေ မြင်ရတော့ စိတ်မကောင်းဖြစ်ရတာပေါ့။


အဲဒီလို အလုပ် ၂ ခု ၃ ခုကို တပြိုင်တည်းလုပ်မယ်ဟေ့ဆို ဒီကလူတွေ အမျိုးမျိုး လုပ်ပြပါလိမ့်မယ်။ တခါတလေဆို ရီလည်းရီချင်၊ ဒေါသလည်း ထွက်ပေါ့လေ။ အမှန်တော့ လူတိုင်းဟာ ကိုယ်လုပ်ချင်ရာကို လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း သူတစ်ပါးကို မထိခိုက်တာတော့ အကောင်းဆုံးပဲ မဟုတ်လား။ ကျမအတွက်တော့ အဲဒီလို ကိစ္စမျိုးတွေနဲ့ ကြုံတဲ့နေ့ဆို အင်မတန် စိတ်အနှောက်အယှက် ဖြစ်တာပါပဲ။ ကျမကလည်း မနက်တိုင်း ရုံးသွားရင် စက်ဘီးနဲ့ပဲ သွားတာဆိုတော့ ဟွန်းတွေ ဘာတွေ တီးရင် မကြားမှာစိုးလို့ သီချင်းတောင် နားမထောင်ဘူး။ ဖုန်းဆိုလည်း အဲဒီလိုပဲ ဘယ်တော့မှ လူကြားထဲ ထုတ်မကြည့်ဘူး။ တချို့ဆို ၅ မိနစ်ခြားတစ်ခါ ဖုန်းကို ထုတ်ကြည့်တတ်တယ်။ ပြီးတော့ ဖွင့်လိုက်ပိတ်လိုက်နဲ့။ အလကား ဘာမှလည်း အကျိုးမရှိဘူး။ ဖုန်း ဓာတ်ခဲ အားကုန်တာပဲ အဖတ်တင်တာပေါ့။


*****


ဂျပန်မှာ စက်ဘီး ၁ စီးကို လူ ၂ ယောက်စီးရင် ရဲက ခေါ်ပြီး သတိပေးပါတယ်။ ဖမ်းမယ်ဆို ဖမ်းလို့ရတယ်တဲ့။ အဲဒါကြောင့်ကျမ စဉ်းစားမိတာက စက်ဘီး ၁စီးမှာ ၂ ယောက်စီးတာကို ဖမ်းမယ့်အစား စက်ဘီးစီးရင်း ဖုန်းပြောတဲ့သူ၊ ဖုန်း message ရိုက်တဲ့သူ၊ သီချင်းနားထောင်သူ၊ စာအုပ်ဖတ်သူတွေကို ခေါ်ပြီး သတိပေးသင့်တယ်လို့ တွေးမိပါတယ်။ သူတို့မဆင်မခြင်လုပ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်လို့ ဖြစ်လာမယ့် နောက်ဆက်တွဲ အန္တရာယ်က ပြဿနာပို ကြီးသွားနိုင်ပါတယ်။ အသက်သေလောက်တဲ့ အထိတောင်ဖြစ်သွားနိုင်တယ်။ ကျိုးပဲ့သွားတာမျိုးလည်းဖြစ်သွားနိုင်တာပဲ။ ကဲ.. သူငယ်ချင်းတို့လည်း အဲဒီလို လူမျိုးတွေနဲ့ တွေ့လို့ကတော့ ဝေးဝေးကသာ ရှောင်ပြီး သတိထားကြ ပေတော့နော်။


ဇူလိုင် ၁၅၊ ၂၀၀၈။

14 comments:

မြရွက်ဝေ said...

ကျမလဲ မnu-sanလို အူကြောင်ကြား စာရင်းဝင်ပဲ အမရေ့။ အဖော်ရသွားပြီ။ ဖုန်းလဲ ရောက်ပြီး တော်တော်ကြာတဲ့အထိ မဝယ်ဖြစ်ပါဘူး။ အင်တာနက်လိုင်းပြောင်းတုန်း အိမ်ဖုန်းလိုင်းပါသွားတော့မှ ဖုန်းဝယ်ဖြစ်သွားတာ။ ကျင့်သားလဲမရပါဘူး။ ဘယ်သူ့ဆီမှလဲ ဆက်စရာမရှိတော့ အမျိုးသားခေါ်မှ ဘဲ ကိုင်ဖြစ်တယ်။ ဖုန်းmassageတောင် ကောင်းကောင်း မရိုက်တတ်ဘူး။ :D အိမ်မှာ ရှိနေတဲ့အချိန်ဆို computer ကနေဘဲ တဘက် ဖုန်းကို massageပို့ဖြစ်တယ်။ အပြင် (ရထားထဲ)ရောက်တုန်း ဖုန်းလာရင် ဖုန်းကိုလဲ မပိတ်တတ် massage ရိုက်တာလဲ လှုပ်စိလှုပ်စိနဲ့လေ။ ဂျပန်တွေ ကြည့်ရင်တော့ ရှေးအဘွားကြီးလိုဖြစ်နေမှာ။:P
သီချင်းနားထောင်တာ ကိုယ်နားထောင်လို့ရလောက်တဲ့ volume လောက်ဆို ပတ်ဝန်းကျင် အသံလဲ ကြားနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်တွေက ရထားထဲမှာတောင် ဘေးလူ သုံးလေးယောက်ခြားလောက်ကတောင် အကျယ်ကြီး ကြားရအောင် နားကြပ်ကနေ အသံတွေ ထွက်နေတာ။ အဲဒါကို ကိုယ်က မြင်မိရင် သူတို့ နားမပျက်ဆီးဘူးလားမသိလို့ ကိုယ်ဘဲအံ့ဩရတယ်။ တချို့ရထားတွဲတွေထဲမှာဆို နားကြပ်နဲ့ သီချင်းအကျယ်ကြီးမဖွင့်ဖို့ စာကပ်ထားတယ်။ ဖုန်းမပြော ဖို့လည်း အမြဲကြေငြာနေပေမယ့် ပြောတဲ့သူက ပြောနေကြတာဘဲ။
မီးပွုင့်မီးစိမ်းလို့ ကူးလဲ သတိထားနေရတယ်။ ဒီမှာက မီးဝါလဲ ကားဖြတ်မောင်းလို့ရတော့ မီးစိမ်းခါစတောင် စိတ်မချရဘူး။ တခါကြုံဘူးတော့ လန့်သွားတယ်။ TVသတင်းမှာ ကြည့်လိုက်ရတာက စက်ဘီးသမားတွေက ဘဲလ်တီးပြီး လမ်းလျှောက်သူကို လမ်းဖယ်ခိုင်းလို့ မရဘူးတဲ့။ စက်ဘီးလဲ ယာဉ်ဘဲတဲ့။ လမ်းလျှောက်သူကို ဦးစားပေးရမယ်လို့ ပြောတာဘဲ။ တခုခုဆို ယာဉ်ပိုင်ရှင်အလွန်ဘဲဆိုတော့ နဂိုထဲက စက်ဘီးမစီးရဲတဲ့အထဲ အဲဒါကြည့်ပြီး လုံးဝမစီးဖြစ်တော့ဘူး။ လမ်းလျှောက်သူကလဲ လမ်းပိတ်မလျှောက်သင့်ဘူးပေါ့နော်။ အမစာထဲမှာပါသလို သီချင်းအကျယ်ကြီးနားထောင်ပြီး လမ်းလျှောက်နေလို့ နောက်ကစက်ဘီး မနဲ အရှိန်ထိန်းလိုက်ရတာတောင် ဂရုမစိုက်ဘူးဆိုတာလေ တိုက်မိရင်လဲ ဥပဒေအရ စက်ဘီးသမား အလွန်ဘဲဖြစ်မှာ။ မလွယ်ပါဘူး။ နောက် အဲလိုသီချင်းအကျယ်ကြီးနားထောင်တာကြောင့် အကြမ်းဖက်ခံရမှုတွေ မြင့်လာတယ်လို့ ပြောတယ်။ အထူးသဖြင့် မိန်းကလေးတွေ။ ကိုယ့်နောက်ကို တစိမ်းတယောက် ကပ်လိုက်လာတာတောင် ခြေသံကို မကြားလို့ လုယက်ခံရတာတဲ့။ ဒါပေမယ့်လဲ သီချင်းအကျယ်ကြီးနားထောင် ဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေတာ ဂျပန်စတိုင်လားတော့မသိတော့ပါဘူး။ အပြင်သွားတိုင်း ဒါတွေဘဲ မြင်နေရလို့။

diLo said...

i think gals are better at multitasking..!
in fact in sg, its also similar situation..not in riding bike..but listening to music and sms-ing..or talking while walking around!
some use bluetooth to chat while walking,so at times, seem as though talking to the passer by..
hee..looks a bit weird though!

သက်ဝေ said...

နုရေ...
စိတ်ရှည် လက်ရှည်နဲ့  အသေးစိတ် ရေးပြထားတာမို့  ဖတ်ရတာ တအားကောင်းပါတယ်။ အဲဒီလို လူမျိုးတွေ ဒီမှာလဲ ရှိတော့ရှိကြပါတယ်။ အဲဒီလိုလူတွေကို စိတ်ရှိလက်ရှိ ဝေဖန်လိုက်ချင်ပေမယ့် အင်းလေ.. အကုသိုလ် များလှပါတယ်လေ ဆိုပြီး လျစ်လျှူရှု ထားလိုက်တယ်။
ခွေးလေးတွေ နဲ့  စက်ဘီးနင်းကြတာကို ဖတ်ရတော့ စိတ်တိုပြီး စိတ်မကောင်းတဲ့ကြားက ရယ်ရသေးတယ်။

ခင်မင်းဇော် said...

ထိုင်းမှာတော့ ခု ဆိုင်ကယ်စီးရင်း ကားမောင်းရင်း ဖုန်းစကားပြောရင် ဖမ်းနေပြီ။ အဲလိုဖမ်းမှပါပဲ။ ဒီမှာလဲ အဲလိုပဲလေ။

ဇနိ said...

အမရေးလိုက်တော့ - ငယ်ငယ်က စက်ဘီစီးပြီး ရွှေသွေးသွားဝယ်တာကို သတိရမိတယ်။ အသစ်ရောက်နဲ့နေ့ကို စက်ဘီးနဲ့ အပြေးသွားဝယ်၊ အပြန်ကျတော့ မနေနိုင်တော့ လက်တဖတ်လွှတ်ပြီး ရွှေသွေးကိုဖတ်တာ ဆရာမကြီးတစ်ယောက်က ဆူလိုက်လို့ နောက်ကျအဲသလို မလုပ်တော့တာ။
တခါတည်းအများကြီးလျှောက်လုပ်တာ မကောင်းပါဘူး။
သူများလည်း အန္တရာယ်ရောက်၊ ကိုယ့်လည်း ဘေးမကင်းနဲ့။
ရှောင်လည်း ရှောင်သင့်တယ်။
ရှောင်အောင်လည်း ဥပဒေတခုခုနဲ့ လုပ်သင့်တယ်။

ကလိုစေးထူး said...

မနုစံ ရေးလိုက်တာ ဂျပန်က လူနေမှုပုံစံတချို့ပါ ပေါ်လွင်သွားတယ်။ စိတ်ဝင်စားစရာ တော်တော်ကောင်းတာပဲ။ ကျနော်က ဒီမှာ ကားမောင်းရင်း ဖုန်းပြောသူတွေနဲ့၊ ကားမောင်းရင်း အလှပြင်နေတဲ့ မမတွေကိုပဲ အမြင်ကပ်နေတာ၊ မနုစံရေးလိုက်တော့မှပဲ ဒီမှာကတော်သေးတာပေါ့။

kay said...

နုစံရေ..တူတူပဲ..
တို့လည်း..ဟန်းဖုန်းကရေဇီ မဟုတ်။ စလုံးမှာလည်း..ညီမေ တွ မသုံးတဲ့ အစုတ် တွေကို.. prepaid နဲ့ပဲသုံးတယ်။ sms ရိုက်ရတာလည်း..အကျင့်မရှိ။ ခု တောင်.. အရေးပေါ် ခေါ် ဖို့ပဲ သုံးတာ။ ကိုယ့်ဖုံးနံပတ်သူများမေးရင်..ချက်ချင်း မဖြေ တတ်။း)

တန်ခူး said...

နုရေ… တို့ လဲတူတူပဲ… လက်ကိုင်ဖုန်း စကို်င်တာ Sept11ပြီးမှ… တခုခုဖြစ်ပြီး ပိတ်မိနေရင် အကူအညီတောင်းရအောင်လို့ ဆို ကြောက်လန့် ပြီး ၀ယ်လိုက်တာ…
အဲဒီမှာ အတော်ဆိုးတာပဲနော်… ဒီမှာလို ဒဏ်ငွေပေးတဲ့ စနစ်ဆို လုပ်ရဲကြမှာ မဟုတ်ဘူး… ဒါတောင် တချို့ လုပ်ကြသေးတယ်…

Dr. Yi Yi Win said...

အင်း....techno တိုးတက်လွန်းတဲ့နိုင်ငံတွေမှာ လူနေမှုပုံစံတွေ အဲလိုတောင်ဖြစ်နေကြပြီနော်။ ဒီမှာလည်း အဲဒီ mobile ဖုန်းတကားကားနဲ့ တချိန်လုံးပြောနေရင်သိပ်စိတ်ကုန်ဖို့ ကောင်းတာ။ ဥပမာ ကိုယ့်အထက်ကလူတစ်ယောက်ယောက်ဆိုပါတော့ ကိုယ်ကအကြောင်းအရာတစ်ခုခုတင်ပြမလို့ သူ့ ရှေ့ ရောက်နေချိန်မှာ မပြီးနိုင်မဆီးနိုင်အောင်(အာပလာတွေ) ပြောနေရင် စိတ်မရှည်လို့ ပြန်လှည့်ထွက်သွားလိုက်ချင်မိတယ်။ ကိုယ်ကအငယ်ဖြစ်နေလို့ သာ စိတ်ကိုဆွဲဆန့်ထာရတာ, နုစံရေ။ နုစံရေးလိုက်မှရှင်းသွားတယ်။

Anonymous said...

80အမရေ မအားလို့ ခုမှ အသစ်တင်ထားမှန်း သိတယ်။ အတော် စုံစုံစေ့စေ့ ရေးထားတာပဲနော်။ ကျောင်းသွားရင် စက်ဘီးစီးတာကို အတော် ဂရုစိုက်ရတယ်ဗျ။ မက်ဆေ့ခ်ျရိုက်နေတာမြင်ရင် ကိုယ်ပဲ ဝေးဝေးက အရင်ရှောင်လိုက်တယ်။ စာသင်ချိန်မှာလည်း မက်ဆေ့ခ်ျရိုက်နေတာတွေ ရှိတယ်ဗျ။ ဆရာလည်း မက်ဆေ့ခ်ျပို့တယ်။ ရထားပေါ်မှာ ၂ မိနစ် ၁ ခါလောက် ဖုန်းပိတ်လိုက် ဇွင့်လိုက်လုပ်နေတဲ့သူကို မျက်စိအတော်နောက်မိတယ်။ တခါတလေ ရထားပေါ်မှာ မတ်တပ်ရပ် အလှပြင်တဲ့ ဘွားတော်မလေးတွေကြောင့် ခြေထောက်တက်နင်းတာလည်း ခံရတယ်ဗျ။ သူတို့ မျက်ခုံးမွှေးဆွဲတံနဲ့ ကိုယ့်လာထိုးမိမှာကြောက်ရတာလဲ တမျိုး။ အမျိုးမျိုး...။

Anonymous said...

အမရေ မအားလို့ ခုမှ အသစ်တင်ထားမှန်း သိတယ်။ အတော် စုံစုံစေ့စေ့ ရေးထားတာပဲနော်။ ကျောင်းသွားရင် စက်ဘီးစီးတာကို အတော် ဂရုစိုက်ရတယ်ဗျ။ မက်ဆေ့ခ်ျရိုက်နေတာမြင်ရင် ကိုယ်ပဲ ဝေးဝေးက အရင်ရှောင်လိုက်တယ်။ စာသင်ချိန်မှာလည်း မက်ဆေ့ခ်ျရိုက်နေတာတွေ ရှိတယ်ဗျ။ ဆရာလည်း မက်ဆေ့ခ်ျပို့တယ်။ ရထားပေါ်မှာ ၂ မိနစ် ၁ ခါလောက် ဖုန်းပိတ်လိုက် ဇွင့်လိုက်လုပ်နေတဲ့သူကို မျက်စိအတော်နောက်မိတယ်။ တခါတလေ ရထားပေါ်မှာ မတ်တပ်ရပ် အလှပြင်တဲ့ ဘွားတော်မလေးတွေကြောင့် ခြေထောက်တက်နင်းတာလည်း ခံရတယ်ဗျ။ သူတို့ မျက်ခုံးမွှေးဆွဲတံနဲ့ ကိုယ့်လာထိုးမိမှာကြောက်ရတာလဲ တမျိုး။ အမျိုးမျိုး...။

layma said...

မရေ.. မြန်မာပြည်မှာ ခု ဖုန်းက ၄ .. ၅ သိန်းပဲ ရှိတော့တယ်..။ ၃၀ ဟုတ်တော့ဘူး..။ အဲဒါကြောင့်ထင်တယ်.. သုံးတဲ့သူတော့များလာတယ်..။ ဂျပန်လောက်တော့ မဆိုးဘူး..။ ဒါပေမယ့် ဒီမှာလည်း SMS ခေတ်စားတယ်... sms ပို့ ပြီး ရည်းစားထားတဲ့ စတိုင်လ်တွေ ခေတ်စားနေတယ်..။

Anonymous said...

ပြည့်စုံလွန်းသွားတော့လည်း စည်းလွတ် ၀ါးလွတ်ပဲ စိတ်ပျက်စရာကြီးနော့် ကျနော်လည်း အစ်မနဲ့ တူတယ် ဖုန်းသာ ပေးထားတာ သုံးကိုမသုံးဘူးနောက်တော့ ကျနော့် ဖုန်းက အ၀င်ပဲလက်ခံတယ် ဟိဟိ အထွက်ဆို ပိုက်ပိုက် ကုန်လို့  ရုံးဖုန်းနဲ့ ပဲ ခေါ်လိုက်တယ် အေးရော ဟုတ်ကဲ့ အဲ့လိုလူတွေကို တွေ့ ရင် ဝေးဝေးရှောင်ပါ့မယ် သတိပေးတာ ကျေးဇူး ဒေါသတွေလည်း သိပ်မကြီးပါနဲ့ ဗျား)

nu-san said...

မြရွက်ဝေ>> အူကြောင်းကြား ၂ ယောက်ပေါ့နော်... :D ညီမလေးရေ.. အမလည်း ဂျပန်တွေရဲ့ စက်ဘီးစည်းမျဉ်းတွေကို သိပ်မသိပါဘူး။ ဒါပေမယ့်လေ အမတို့ ဘယ်တော့မှ စက်ဘီးပေါ်ကနေ ဘဲလ်တီးပြီး လမ်းမဖယ်ခိုင်းပါဘူး။ တဖက်လူကို အားနာလို့ပါ။ တတ်နိုင်သလောက် လမ်းရှင်းတဲ့ ဘက်ကပဲ သွားပါတယ်။ တခါတလေ လမ်းလယ်ခေါင်မှာ ပိတ်ပြီး ရှေ့လည်း ဆက်မလျှောက် ဒါမှ မဟုတ် တခုခု လုပ်နေရင်သာ “ဘာလုပ်မှာလဲ ဆိုမှာလား ငိုမှာလား” ဆိုပြီး သတိပေးသလို ဘဲလ်တီးတာလောက်ပဲ ရှိတာ.. အဟီး..

အမြဲတမ်း လမ်းလျှောက်နေတဲ့ လူတွေက အမှန်ပဲ ဖြစ်မှာပါပဲ။ အဲဒါကြောင့်လည်း စက်ဘီးကလည်း ကားကို မလေးစား၊ လမ်းလျှောက်တဲ့သူတွေကလည်း စက်ဘီးနဲ့ ကားကို မကြောက်တာတွေ ဖြစ်ကုန်တာနေမယ်.. ညီမရေ.. ဒီဘက်မှာတော့ စက်ဘီးပဲ အားကိုးရတယ်။ အလွယ်တကူ သွားလာလို့လည်း လွယ်တယ်၊ ပြီးတော့ အမက စက်ဘီးစီးရတာ ကြိုက်တာလည်း ပါတယ်။:)


Dilo >> ဟုတ်ပါတယ် dilo လေးရေ.. တခါတလေ သူတို့ကို ရှောင်နေရတာ အလုပ်တခုလို ဖြစ်နေတယ်။ မရှောင်ရင်လည်း ကိုယ့်အလွန်ဖြစ်မှာ.. :D

သက်ဝေ>> သက်ဝေရေ.. တို့လည်း စိတ်မတိုချင်ပါဘူး.. တတ်နိုင်သလောက် စိတ်အေးအေးနဲ့နေချင်တာ.. တခါတလေ လူက စိတ်ရှုတ်တဲ့အခါနဲ့ လမ်းမှာ ကိုးရိုးကားယားတွေ ကြုံတော့ ဒေါသထွက်မိတာလေး နည်းနည်းပါ.. :D

မခင်မင်းဇော်>> ထိုင်းမှာ ဆိုင်ကယ်စီးရင်း ဖုန်းပြောရင် ဖမ်းပြီလား အမ၊ အဲဒါကောင်းတယ်နော်.. ဒီမှာလည်း အဲဒီလို စည်းကမ်းထုတ်ရင် ကောင်းမယ်.. :)

ဇနိ>> ကိုဇနိပြောတာ မှန်တယ်..အင်း.. သူတို့လည်း ဥပဒေ တခုခုတော့ ထုတ်ထားမယ် ထင်တယ်.. အမ မသိတာလည်း ဖြစ်မယ်..

ကိုကလိုစေးထူး>>အဲဒီမှာလည်း ကားမောင်းရင်း ဖုန်းပြော အလှပြင်ကြတယ်?? အင်းနော်.. ဟုတ်တော့ ဟုတ်နေကြတာပဲ... ကိုစေးထူးရေ..အဲဒီတလောက လည်း မကျေနပ်တာတွေ စုပြုံသွားလို့ဒီလောက် ရေးဖြစ်သွားတာပါ.... အဟီး.. :D

မကေ>> မကေရေ.. Hand Phone crazy မဟုတ်တာချင်းတူတယ်ဆိုလို့ တော်သေးတာပေါ့.. ဒါနဲ့ မကေ ဖုန်းနံပါတ်က.. ?? :P (မရေ.. ကျနော့်ကိုတော့ စိတ်ချပါ ဘယ်သူမှ မပြောပါဘူး.. :D)

မတန်ခူး>> မတန်ခူးလည်း ဖုန်းမကြိုက်ဘူးပေါ့နော်...
မရေ.. ဒီမှာတော့ ဒဏ်ငွေမတပ်ကြဘူးလား မသိဘူး။ ကျနော် မသိတာလည်း ဖြစ်မယ်ထင်တယ်.. သူတို့တွေလုပ်ချင်ရာ လုပ်တာက သူများကို မထိခိုက်ရင် တော့ အကောင်းဆုံးပေါ့ မရယ်... :)

မယုဝရီ>> အင်းလေ.. ရုံးချိန်မှာ အဲဒီလို ဖုန်းပြောနေတော့ ကိုယ်က စိတ်ရှုတ်တာပေါ့နော် အမ။ သူ့ရှေ့ ဆက်နေလို့ မကောင်း၊ မနေလို့မကောင်းကြီးပေါ့။ လူကြီးဆိုတော့လည်း စိတ်ကို ဆွဲဆန့်ထားတာ အကောင်းဆုံးပါပဲ မရေ.. :)

မဇနိ>> ကောင်းတယ် ညီမလေးရေ.. ဝေါင်ဝေါင်ရှေး.. ဝေးဝေးရှောင်ပါမှ အန္တရာယ်ကင်းမယ်.. မဇနိပြောသလို ရထားပေါ်ရောက်မှ အလှပြင်ကြတာလေ အမ ကြုံဖူးတယ်.. သတိထားပါညီမလေးရေ.. မျက်ခုံးမွှေးဆွဲခံတံနဲ့ ထိုးမိလို့ကတော့ မလွယ်ဘူး.. စာထဲဖတ်ရတာတင် အသည်းယားလာပြီ။ ဒေါက်ဖိနပ်စာလည်း ကြည့်ရှောင်ပါနော်.. (ကိုဇနိ အစား စိတ်ပူလို့ .. :P)

လေးမ>> ဟုတ်လား GSM ဈေးတွေ အတော်ကွာသွားတာပဲ.. အမ မသိဘူး.. အခု လေးမပြောမှ သိတာ.. sms ပို့ ပြီး ရည်းစားထားတဲ့ စတိုင်လ်တွေ ခေတ်စားနေတယ်ဆိုလို့ gtalk ထဲကနေ ရည်းစားထားတဲ့ ခေတ်ပြီးတော့ SMS ခေတ်ကို ကူးပြောင်းလာပြီပေါ့နော်.. သတင်းအသစ်လေးအတွက် ကျေးဇူးပါ ညီမလေးရေ.. :)

မောင်မျိုး>> အဟဲ.. ဒေါသကြီးတာ မဟုတ်ပါဘူးဟယ်.. တခါတလေလည်း ပေါက်ကွဲသွားတာပါ.. ပါးပါးလေးပါ။ :D