August 16, 2008

မီးပန်းလွှတ်ပွဲတော် (Yodogawa Hanabi)


2008 Yodogawa Hanabi (淀川花火)


ဂျပန်မှာ ၈ လပိုင်းက နွေရာသီရဲ့ အပူဆုံးလ ပါ။ နွေရာသီဆိုပေမယ့်လည်း တခါတလေလည်း မိုးရွာတတ်ပါတယ်။ မိုးရွာရင် ခဏလောက်ပဲ ရွာပြီး အပူရှိန်ကတော့ သိသိသာသာ မလျော့သွားပါဘူး။ ကျမကတော့ အပြင်သွားခါနီးဆို Yahoo website မှာပဲ မိုးလေ၀သ သတင်းကို ပြေးကြည့်လိုက်တာပဲ မိုးရွာဖို့ ရာခိုင်နှုန်း ၅၀ အောက်ဆိုရင် အိမ်က စထွက်ကတည်းက ထီး မယူသွားတော့ဘူး။ အဲဒါဆိုတော့ မိုးရွာပြီဆိုရင် နည်းနည်းတော့ ရှိုးပျက်တာပေါ့လေ။ ပြီးခဲ့တဲ့လကတော့ ထူးထူးခြားခြား Osaka မှာ မနက်ပိုင်း နေတွေပူလို့ နေခင်းလည်းကျရော မိုး သည်းကြီးမည်းကြီးရွာချလိုက်တာ တကယ့်မိုးတွင်းကြီးအတိုင်းပဲ၊ လျှပ်စီးတွေလက်ပြီး မိုးချိန်းတာများ ကြောက်တောင် ကြောက်တယ်။ မိုးရွာချိန်က နေ့လည် ၃ နာရီကျော်လောက်ဆိုတော့ ရုံးထဲမှာပဲ ရှိနေခဲ့တာပါ။ မိုးချိန်းသံကြားတော့ ပြူတင်းပေါက်ကနေ မိုးရွာတာ ခဏချောင်းကြည့်လိုက်သေးတယ်။ ညဘက် အိမ်ပြန်ရောက်တော့ တီဗွီသတင်းမှာ နေ့ခင်းက ရွာတဲ့မိုးကြောင့် လူတောင်သေတယ်တဲ့။ ဖြစ်ပုံက ကိုဘေး (Kobe) မှာ နေ့ခင်းဘက် နေပူတော့ ကျောင်းသားအရွယ် ကလေးတွေ ချောင်းကို လာဆော့ကြရင်း ရုတ်တရက် ချောင်းရေလျှံလာပြီး ရေစီးနဲ့ မျှောပါသွားတာ ကလေး ၃ ယောက်နဲ့ အမျိုးသမီး ၁ယောက်ဆုံးသွားတယ်။ နောက်တရက်လည်း Tokyo မှာ မိုးရွာတာ ပေကျင်း အိုလံပစ်အတွက် ဂျပန်-အာဂျင်တီးနား ဘောလုံးခြေစမ်းပွဲတောင် ဖျက်လိုက်ရတယ်ပြောသံကြားတယ်။ အော်.. ဒီမှာလည်း နွေရာသီဆိုပြီး မိုးရွာချင် ရွာတာပါပဲ။


*****


ဒီမှာတော့ နွေရာသီပွဲတော်တွေကို နေရာတော်တော်များများမှာ ကျင်းပကြတယ်။ Osaka ဘက်မှာတော့ မီးပန်းလွှတ်ပွဲနဲ့အတူ တခြားနာမည်ကြီး ပွဲတော်တွေလည်း ရှိပါတယ်။ မီးပန်းလွှတ်ပွဲအတွက်တော့ ဇူလိုင်လ လဆန်းကတည်းက ကြော်ငြာစာရွက်တွေကို နေရာအတော်များများမှာ မြင်တွေ့နေရပါပြီ။ ကျမကိုတော့ ရုံးက သူငယ်ချင်းက ဘယ်နေ့၊ ဘယ်နေရာမှာ မီးပန်းလွှတ်ပွဲရှိတယ်၊ မီးပန်းအလုံးရေ ဘယ်နှစ်လုံးဖောက်မယ် စတဲ့ နေရာနဲ့ ပွဲတော်ရက်တွေကို ပြောပြပေးပါတယ်။ နောက်ပြီး ဘယ်ပွဲတော်ဆို သွားကြည့်သင့်တယ်၊ ဘယ်နေရာက ပွဲတော်ဆိုရင် လူအရမ်းများလို့ သွားလည်း ပင်ပန်းတာပဲ အဖတ်တင်မယ် မသွားသင့်ဘူး ဆိုပြီး စိတ်ရှည်ရှည်နဲ့လည်း ရှင်းပြပေးပါသေးတယ်။ ကျမတို့အတွက်တော့ တခြားနေရာကို သွားမယ့်အတူတူ အိမ်နားမှာ လည်း မီးပန်းလွှတ်ပွဲလုပ်မှာမို့ တခြားပွဲတွေကို မသွားဖြစ်ခဲ့ပါဘူး။


ပြီးခဲ့တဲ့စနေနေ့မှာ အိမ်နားက ယိုဒိုဂ၀ (Yodogawa) မြစ်ရဲ့ အကြိမ် ၂၀ မြောက် မီးပန်းလွှတ်ပွဲတော် (ဟနဘိ Hanabi) ကျင်းပခဲ့ပါတယ်။ အိမ်ရှေ့မှာ မြစ်ဆိုတော့ ဘယ်မှလည်း ဝေးဝေးသွားနေစရာမလိုတော့ပါဘူး။ နောက်ပြီး ဒီမီးပန်းလွှတ်ပွဲက ကျမတို့အတွက် ဒုတိယအကြိမ် ကြုံရတဲ့ပွဲပါ။ မနှစ်က သွားကြည့်ခဲ့ရတဲ့ အဖြစ်အပျက်ကိုတော့ ဒီပို့စ် မှာပဲ အသေးစိတ်ဖတ်ကြည့်ပါတော့နော်။ ကျမတို့ အုပ်စုက မနှစ်ကလည်း ကောင်းကောင်း မမြင်ခဲ့ရတော့ ဒီနှစ်ပွဲအတွက် အားလုံး အားခဲထားကြတာ။ မြင်နိုင်လောက်တဲ့နေရာအနေအထားကိုလည်း မြေပုံမှာ ကြိုကြည့်ပြီး နေ့လည် ၃ နာရီလောက်ကတည်းက နေရာသွားဦးတဲ့သူက ဦးထားပါတယ်။ ရုံးက သူငယ်ချင်းတချို့လည်း ဒီပွဲတော်ကို လာမှာမို့ သူတို့နဲ့ ဖုန်းဆက်ချိန်းပြီး ကြိုတင်ပြင်ဆင်ထားခဲ့ကြတာ။



မစ်ကမ်းခြေမှာ ညနေ ၅ နာရီလောက်ကတည်းက လာစောင့်နေကြတာ၊ အဲဒီတုန်းကတော့ ရာသီဥတုက သာယာလို့... :)


ညနေစောင်း ၅ နာရီလောက်ကျတော့ ကျမတို့ အိမ်မှာပဲ စုရပ်လုပ်ပြီး စားဖို့သောက်ဖို့ အထုပ်ကိုယ်စီနဲ့ ဦးထားတဲ့နေရာစီကို ချီတက်ခဲ့ပါတော့တယ်။ တခြားဂျပန်တွေလည်း စားစရာတွေ သောက်စရာ တွေသယ်ပြီး လာကြတယ်။ ရောက်တဲ့အချိန်က ၅ နာရီ ကျော်ကျော်လေးမို့ နေတောင် မ၀င်သေးပါဘူး။ ခဏတဖြုတ် နားပြုရင်း ပါလာတဲ့မုန့်တွေ ထုတ်စားကြ၊ ဓာတ်ပုံရိုက်တဲ့သူတွေကလည်း ရိုက်ကြ၊ စားစရာ သောက်စရာ မလောက်မှာစိုးလို့ သွားဝယ်တဲ့သူလည်း သွားဝယ်ပေါ့။ ကျမနဲ့ ရုံးက ဂျပန်မလေး ကတော့ သူတို့ ၀ယ်လာတဲ့ မုန့်တွေ တခု ပြီး တခု ထိုင်စားနဲ့ ဟိုဟိုဒီဒီ စကားပြောရင်း မီးပန်းလွှတ်ချိန်ကို စောင့်နေခဲ့ပါတယ်။ မီးပန်းက ည ၇နာရီ ၅၀ မှ စလွှတ်မှာဆိုတော့ တခြားအုပ်စုတွေလည်း ကျမတို့လိုပဲ စားသောက်ရင်း စောင့်နေကြတယ်။ တချို့ ဂျပန်တွေက ရိုးရာ နွေရာသီ ၀တ်စုံ Yukata (ယုခတ) တွေ ၀တ်လာကြတယ်။ မိန်းကလေးတွေကတော့ ရုတ်တရက် ကြည့်လိုက်ရင် အရုပ်လေးတွေ လိုပဲ။ သူတို့က ပြင်တတ်တော့ ချစ်ဖို့ ကောင်းတာလည်းပါတယ်။



မြစ်ရဲ့ တခြားတဖက်ကမ်းမှာလည်း ဈေးရောင်းတဲ့သူနဲ့ မီးပန်းလွှတ်ပွဲလာတဲ့သူတွေနဲ့ ပြည့်နေတာပဲ။ ဒီဘက် ကမ်းကနေ လှမ်းရိုက်ထားတာ။


အဲဒီလို ထိုင်စောင့်ရင်း ညနေ ၆ နာရီခွဲ လောက်မှာ မထင်မှတ်ပဲ မိုးသားတွေ တက်လာပါလေရော။ ပြီးတော့ လျှပ်စီးတွေလက်ပြီး မိုးချိန်းလာပါတယ်။ စောစောတုန်းကမှ နေပူ နေသေးတဲ့ အပြင် မိုးလေ၀သ သတင်းမှာ ကြည့်ထားတုန်းကလည်း မိုးမရွာဘူး ဆိုတော့ စိတ်အေးအေးပဲ ဆက်ထိုင်နေတာပေါ့။ တခြားသူတွေကြည့်တော့လည်း အေးအေးဆေးဆေးပဲလေ။ တဖြည်းဖြည်း မှောင်လာလေ မိုးချိန်းသံနဲ့ လျှပ်စီးလက်တာ ပိုစိတ်လာပြီး နောက်ဆုံး မိုးဖွဲဖွဲလေးတွေ ကျလာပါလေရော။ အဲဒါလည်း စားစရာတွေကို ဘယ်သူမှ မသိမ်းသေးပဲ ပေကပ်ပြီး ဆက်ထိုင်နေကြသေးတယ်။ တအောင့်ကြာတော့ ရေသွန်ချလိုက်သလို မိုးက တဝေါဝေါ သည်းလာမှပဲ ပစ္စည်းတွေ အကုန် ၀ရုန်းသုန်းကား သိမ်းရတော့တယ်။ ကျမက “မီးပန်းလွှတ်ပွဲတော့ ပျက်ပြီ” လို့ တွေးလိုက်မိတယ်။ အချိန်ကလည်း ၇ နာရီကျော်ကျော်ပဲရှိသေးတော့ မီးပန်းလွှတ် မလွှတ်က မသေချာတော့ဘူးလေ။ ပွဲတော်လာတဲ့သူ တော်တော်များများလည်း ပြန်ဖို့ ပြင်ဆင်တဲ့သူက ပြင်ဆင်ကြတယ်။ တချို့ကျတော့ မပြန်ပဲ ပလတ်စတစ် အခင်းတွေ ခေါင်းခြုံပြီး ဆက်ထိုင်တဲ့သူတွေလည်း ရှိနေသေးတယ်။ နောက်ဆုံး မိုးက တိတ်မယ့်ပုံ မပေါ်တာနဲ့ ကျမတို့လည်း စိတ်လျော့ပြီး ပစ္စည်းတွေ ကောက်သိမ်းပြီး အိမ်ဘက်ကို လှည့်ပြန်ခဲ့ကြတော့တယ်။ ၇ နာရီကျော်ကျော်ပဲရှိသေးတော့ သူငယ်ချင်း ဂျပန်မလေးက မပြန်ချင်သေးပဲ မီးပန်းလွှတ်တာ စောင့်ကြည့်ချင်ပုံရတယ်။ သူ့မှာ မျက်နှာကို ပျက်လို့။ အားလုံးက သိမ်းပြီး ပြန်ဖို့ လုပ်တော့မှ မတတ်သာလို့ စိတ်လျော့ပြီး ကျမတို့နဲ့ အတူ လိုက်လာခဲ့တာ။ မြစ်ကမ်းပေါ်က တံတားအဆင်းမှာ ပြန်တဲ့လူတွေနဲ့ ကျပ်နေလို့ ခဏရပ်စောင့်နေတုန်း အုန်း.. အုန်းဆိုပြီး အသံကြားရတော့တာပဲ။



မိုးရွာထဲမှာ မီးပန်းလွှတ်တာ ထိုင်ကြည့်နေတဲ့ ကျမတို့ရှေ့က စုံတွဲပေါ့။


အသံကြားတော့ ဘာများဖြစ်တာလဲဆိုပြီး လှည့်ကြည့်လိုက်တော့ မီးပန်းစလွှတ်လိုက်တာပါ။ “ဝေး” ဆိုပြီး အားလုံး အော်ဟစ်ပြီး ပြန်မယ့်သူတွေလည်း ပြန်ရမလို မီးပန်းပဲ ကြည့်ရမလိုနဲ့ ဘာလုပ်ရမှန်းမသိတော့ဘူး ကျမလှမ်းကြည့်လိုက်တော့ မီးပန်းလွှတ်တာကို ကောင်းကောင်းမြင်ရပါတယ်။ မနှစ်ကလို မီးခိုးကွယ်တာလည်း မရှိတဲ့အပြင် နေရာအနေအထားကလည်း မနီးမဝေးနဲ့ အတော်လေး အဆင်ပြေပါတယ်။ အဲဒီအချိန်ထိလည်း မိုးက သည်းမဲပြီးရွာလို့ကောင်းနေတုန်းပဲ။ တကယ်တော့ ကျမတို့ အုပ်စုမှာ ထီးက ၂ လက်ပဲ ပါပါတယ်။ ဒါနဲ့ ပိုက်ဆံအိတ်၊ ကင်မရာအိတ်တွေကို ထီးပါတဲ့သူဆီ အားလုံးစုပေးထားလိုက်ပြီး ကျန်တဲ့သူတွေက မိုးရွာထဲ မတ်တပ်ရပ်ပြီး မီးပန်းလွှတ်တာကို ကြည့်ကြတာပေါ့။ တခြားသူတွေလည်း ကျမတို့လိုပဲလေ။ တနှစ်မှ တခါသာ ဒီလိုပွဲမျိုးကြည့်ရတော့ ဘယ်သူမှ လက်လွတ်မခံချင်ကြဘူး။ နောက်ဆုံး သူငယ်ချင်းကိုလည်း အားနာတာရော၊ မီးပန်းလွှတ်တာကို ကောင်းကောင်း မြင်ရတာရော၊ ပစ်လွှတ်နေတဲ့ မီးပန်းတွေက အရမ်းလှတာကြောင့် မိုးရွာထဲမှာပဲ ပြီးတဲ့အထိ ကြည့်လိုက်ပါတော့တယ်။ လူကတော့ ထီးမပါ ဘာမပါနဲ့ ကြွက်စုတ်ကို ဖြစ်သွားတော့တာပဲ။ ဓာတ်ပုံအရိုက်ခံဖို့ အတွက် “ပဲ”များထားတာတွေလည်း မိုးရွာတော့ အကုန် ပျက်ကုန်တာပေါ့။ မီးပန်းလွှတ်တာလည်း ပြီးရော ကိုရွှေမိုးက တိကနဲကို တိတ်သွားလိုက်တာ၊ စောစောက သည်းကြီးမည်းကြီး ရွာတာ သူမဟုတ်သလိုပါပဲ။


*****


မီးပန်းလွှတ်တာ ကြည့်ပြီး အပြန် လမ်းမှာ ထုံးစံအတိုင်း ကျမတို့ သူငယ်ချင်းတွေ နောက်နှစ်ကျရင် ဆိုပြီး Plan က စတော့တာပါပဲ။ အရင်နှစ်ကတော့ မိုးမရွာဘူး၊ ဒါပေမယ့် ရတဲ့နေရာက မီးပန်းလွှတ်တာကို မမြင်ရတာမို့ နေရာကောင်း မဟုတ်ခဲ့ဘူး။ ဒီနှစ်ကျပြန်တော့လည်း နေရာက ကောင်းပေမယ့် မိုးက ဖျက်လိုက်သေးတယ်။ အင်း.. နောက်နှစ်ဆိုရင်တော့ အားလုံး All Perfect!! ဖြစ်မယ်လို့ မျှော်လင့်ရင်း ပျော်ရွှင်စွာပဲ အိမ်ပြန်လာခဲ့ကြပါတော့တယ်..



ပုံ(၁)


ပုံ (၂)



ပုံ(၃)

ဒီမီးပန်းပုံတွေက သူငယ်ချင်းတစ်ယောက်က မိုးရွာထဲမှာ ခက်ခက်ခဲခဲ လှမ်းရိုက်ထားတာ။ Tripod ပါလာပေမယ့် မိုးရွာလို့ လက်နဲ့ ထိန်းပြီး ရိုက်ရတယ်။ အနောက်ကနေ တစ်ယောက်က သူ့ကို ထီးဆောင်းပေးထားရတယ်ပေါ့။ ပုံကောင်းတွေတောင် ရမယ် မထင်ထားဘူး။ ဓာတ်ပုံတွေ ကြည့်ရအောင် Blog ပေါ် တင်ပေးလိုက်ပါတယ်။

သြဂုတ် ၁၆၊ ၂၀၀၈။

11 comments:

Anonymous said...

မိုးရွာတောထဲကြည့်ခဲ့ရပေမယ့် အရမ်းလှတဲ့ မီးပန်းတွေကြည့်ခဲ့ရတာ ပျော်စရာကြီးပေါ့ ဟီးး ထီးအောက်က စုံတွဲလေးကို အားမကျဘူးလား အစ်မ ရ လုပ်စမ်းပါ လှလှလေးတစ်ပုံလောက်ရိုက်ပြီးတင်ပေး :)

မြရွက်ဝေ said...

မီးပန်းကြည့်ပွဲ သွားဖူးချင်တာ တစ်ခါမှ မရောက်သေးဘူး။ မီးပန်းပွဲတော်ပုံ တင်ပေးထားတဲ့ ဘလော့တွေကဘဲ လိုက်လည်ရတော့တယ်။ မီးခိုးရော မွှန်လား အမ??

Anonymous said...

ယိုကိုဟားမားကမ်းခြေက ဟနဘိကိုတော့ မနှစ်က သွားလိုက်တယ် အစ်မရေ။
ဟနဘိလုပ်မယ့်နေ့ဆိုရင် ဘူတာတွေမှာ တိုးမပေါက်ဘူးနော်။ အစ်မက အိမ်နားနီးတယ်ဆို ကောင်းလိုက်တာ။ အတွဲတွေကလည်း ယုခတတွေရော အိတ်လေးတွေရော ပဲတွေများပြီး တိုးမပေါက်ဘူးနော်။ ကိုယ့်ကျအတူသွားစရာမရှိတော့ ဒီနှစ်သွားတော့ဘူးဗျာ။
အစ်မကလဲ အတော်နောက်တယ် ရှေ့ကစုံတွဲဓါတ်ပုံကြီးပြတယ်။ အစ်မတို့စုံတွဲပုံလေး လုပ်ပါအုံး။ :P
မိုးရွာထဲမှာခက်ခက်ခဲခဲရိုက်ထားတဲ့ပုံတွေကလည်း လှတယ်နော် အစ်မ နုစံ။
နောက်နှစ်မှာ မိုးလည်းမဖျက် နေရာကောင်းလည်း ရပါစေနော်

ThuHninSee said...

အသစ်မတင်တော့ဘူးလား နုစံ

Anonymous said...

ကဲ.. မရေ.. ပရိသတ်ကတော့ တောင်းဆိုကုန်ကြပြီနော်...
မီးပန်းပုံတွေကြည့်ပြီး သဘောကျသွားတယ်... ငယ်ငယ်က တပ်မတော်နေ့ ဆိုရင် တော်လှန်ရေးပန်းခြံထဲမှာဖောက်တဲ့ မီးပန်းတွေကိုလည်း သတိရသွားတယ်။။

Dr. Yi Yi Win said...

ဂျပန်က ဘလော့ဂါတွေတော့မိုက်တယ်ကွာ(ဘန်းစကားနဲ့ ပြောကြည့်တာ)။ ပျော်စရာတွေ
တစ်နှစ်ပတ်လုံးပဲ။ ဓာတ်ပုံလေးတွေလည်းကောင်းလိုက်တာ။

သက်ဝေ said...

နုစံရေ...
"မိုးရွာထဲမှာ မီးပန်းလွှတ်တာ ထိုင်ကြည့်နေတဲ့ ကျမတို့ရှေ့က စုံတွဲပေါ့" အစား "မိုးရွာထဲမှာ မီးပန်းလွှတ်တာ ထိုင်ကြည့်နေတဲ့ ကျမတို့ စုံတွဲပေါ့" ဆိုတာမျိုးလေး မြင်ချင်ပါဘိ...!!! ဟီဟိ

Taungoo said...

မနုရေ
ပျော်စရာကြီးဗျ နော့။
အမတို့ ဂျပန်ရောက် အဖွဲ့တွေက ဂျပန်အကြောင်းတွေ များများရေးလေ ကျွန်တော်ကတော့ လာလည်ချင်လေပါပဲ။ ကျွန်တော်အသွားချင်ဆုံးက ဖူဂျီတောင်ကြီးကို တက်ကြည့်ချင်တာပါပဲ။

မေတ္တာဖြင့်

ThinkingHoney said...

အမ
နေကောင်းတယ်နော်
မတွေ့တာကြာပြီး)

တန်ခူး said...

နုရေ… မိုးရွာထဲက မီးပန်းလွှတ်ပွဲလေးက စိတ်လှုပ်ရှား ပျော်စရာနော်… ရပ်မထားပါနဲ့ … နုရေးတာ ရပ်ထားတော့ ဂျပန်ပြည်နဲ့  ဝေးနေရသလိုပဲ… နုကိုလဲ လွမ်း… ဂျပန်ကိုလဲလွမ်းပေါ့…

nu-san said...

မောင်မျိုး>> အားမကျတော့ပါဘူးဟာ။ အဲဒီခေတ်တွေ ကုန်ခဲ့ပါပြီ။ ဓာတ်ပုံရိုက်ပြီးတင်ရင် blog လာလည်သူတွေ လန့်ကုန်မှာစိုးလို့ပါ.. :)

မြရွက်ဝေ>> တခါလောက်တော့ ရောက်ဖူးတယ်ရှိအောင် သွားလည်ကြည့်နော် ညီမလေး။ ပျော်စရာကောင်းတယ်။ မီးခိုးမွှန်မှာလည်း မကြောက်နဲ့ ပစ်လွှတ်တဲ့နေရာနဲ့ လူတွေ ကြည့်ကြတဲ့နေရာက ဝေးတယ်။ အဲဒါဆိုတော့ မီးခိုးမွှန်တာတို့ မီးပန်းလာစဉ်မှာတို့ မကြောက်ရဘူး။ များသောအားဖြင့်တော့ Osaka ဘက်မှာ မြစ်ထဲက လှေပေါ်ကနေ ပစ်လွှတ်ကြတာများတယ်ညီမ။ အမသိသလောက်ပေါ့နော်.. တခြားနေရာတွေတော့ အမလည်း မသိဘူးရယ်.. :P

မဇနိ>> မဇနိရေ... မီးပန်းလွှတ်ပွဲအချိန်ကတော့ ဘယ်နေရာမဆို လူများတာပဲနော်။ သူတို့လည်း ဒီအချိန်ပဲ ယုခတ၀တ်ပြီး “ပဲ”များ လို့ရတာဆိုတော့ မိန်းကလေးတွေ တော်တော်များများ ၀တ် ထားကြတယ်။ အမလည်း သူတို့ကို ကြည့်ပြီး ၀တ်ကြည့်ချင်သား။ ဒါပေမယ့် လမ်းလျှောက်ရင် ဂျပန်ဖိနပ်နဲ့မို့ မှောက်ခုံလဲမှာသေချာနေတော့ အဲဒီအကြံကို လက်လျော့ထားလိုက်တော့တယ်.. :D အမတို့ စုံတွဲပုံကိုတော့ မတင်တော့ဘူးနော်.. (မောင်မျိုးကိုပြောထားသလိုပဲ ပြောလိုက်တော့မယ်) :D မဇနိပေးတဲ့ဆုနဲ့ပြည့်ပါစေ...

သုနှင်းဆီ>> မွန်ရေ.. အသစ်တင်မယ်နော်... :)

မယုဝရီ>> မရေ.. မိုက်တယ်လား... :)

သက်ဝေ>> ဟဲ..ဟဲ.. မိုးရေထဲက ကျမတို့ စုံတွဲကတော့ ကြွက်စုတ်စုံတွဲမို့လို့ သက်ဝေရေ.. မကြည့်ချင်ပါနဲ့တော့နော်.. :D

ကိုတောင်ငူ>> ကိုတောင်ငူရေ.. အခါအခွင့်သင့်ဦးမှာပါ။ အမလည်း ဖူဂျီတောင်ကို မရောက်ဖူးသေးဘူး... သွားမယ်လို့တော့ ချိန်နေတာပဲ။ အခုထိတော့ မသွားဖြစ်သေးဘူးရယ်.. :)

Honey>> နေကောင်းပါတယ် Honey ရေ.. ညီမလေးကို မတွေ့ရတာကြာပြီနော်။

မတန်ခူး>> မရေ.. အပြောကောင်းလိုက်တာ.. ကြိုးစားပြီး အသစ်တင်ပါ့မယ် မရေ.. လာမယ် ကြာမယ်ပေါ့.. :)