ကျမတို့ မြန်မာပြည်က ခေတ်လူငယ်တွေဟာ မြန်မာစကားအပြင် တခြား ဘာသာစကား တစ်ခုခုကို သင်ယူကြတာ များပါတယ်။ ကိုယ်တိုင်က မသင်ချင်ရင်တောင် မိဘတွေက အနည်းဆုံး အင်္ဂလိပ်စကားပြောသင်တန်းလောက်ကို တက်ဖို့ အားပေးကြပြန်တယ်။ ဒါကြောင့် ကျောင်းစာအပြင် နွေရာသီ ကျောင်းအားရက်ဆိုရင် အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီယား၊ ပြင်သစ် စတဲ့ စကားပြောသင်တန်းတွေမှာ သက်တန်းတက်ဖို့ သွားလာနေကြတာ အများကြီးပဲ။ ဘွဲ့ရပြီးသွားရင်လည်း UFL မှာ ဒီပလိုမာဘွဲ့ယူဖို့ ကိုယ်ဝါသနာပါတဲ့ ဘာသာစကား တခုခုကို ဆက်ပြီး သင်ယူကြပြန်ရော။ များသောအားဖြင့် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲ စကားပြန်အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ နိုင်ငံခြား တက္ကသိုလ်မှာ ကျောင်းလျှောက်ချင်လို့ပဲဖြစ်ဖြစ် သင်ယူနေကြတာပါ။ ကျမတို့ မြန်မာ လူမျိုးတွေ တခြားဘာသာစကားကို လေ့လာနေကြသလို ဒီမှာ ရှိနေတဲ့ ဂျပန်လူမျိုးတွေလည်း သူတို့ ၀ါသနာ ပါတဲ့ ဘာသာစကားတစ်ခုခုတော့ လေ့လာ သင်ယူနေကြတာပါပဲ။ အခုပြောမှာကတော့ ဂျပန်လူမျိုးတွေ မြန်မာစာ လေ့လာတဲ့အကြောင်းလေးပါ။
ဒါပေမယ့် ရုံးက သူငယ်ချင်းတွေက စိတ်ဝင်စားလို့ သိချင်တာလောက်ပဲရှိတာ၊ မြန်မာစကားပြော သင်ဖို့ ကိုတော့ လုံးလုံး စိတ်ဝင်စားပုံမရဘူး။ သူတို့ကို မြန်မာလို ရေးပြရင်လည်း အ၀ိုင်းတွေကို ဆက်ထားတယ်လို့ပဲ မြင်ကြတယ်။ နောက်ပြီး ဂျပန်လူမျိုးမှာက “င” အသံ၊ “ထ” အသံ၊ “သ” အသံ ၊ “လ” အသံ မရှိဘူး။ “ရ” (ra) သံပဲ ရှိတယ်။ အသံအနိမ့်အမြင့်လည်း မရှိတော့ သူတို့က မေးလို့ ပြောပြပေးရင်တောင် “ခက်တယ်” ဆိုပြီး ပြောကြတယ်။ ကျမတို့ မြန်မာနာမည်တွေကိုလည်း မှန်အောင် မခေါ်နိုင်ကြဘူး။ အဲဒါဆိုတော့ သူတို့နဲ့ စပြီး မိတ်ဆက်ပြီ ဆိုကတည်းက ကိုယ့်ရဲ့ ရှေ့ဆုံးနာမည်တွေကိုပဲ မှတ်ရလွယ်အောင် ပြောပြီး မိတ်ဆက်ရတယ်။ ဥပမာ ကျမကိုဆို “နု” လို့ခေါ်ပါဆိုပြီး ပြောပြပေးထားလိုက်တယ်။ ဒါကြောင့် အားလုံးက Nu-san၊ NuNu-san, Nu-chan ဆိုပြီး ခေါ်ကြတယ်။
*****
ကျမအမျိုးသားက Tokyo မှာ ၂ နှစ်လောက်နေဖူးပါတယ်။ အဲဒီတုန်းက မြန်မာစကား ကောင်းကောင်းပြောတတ်တဲ့ ဂျပန်လူမျိုးတွေနဲ့ ဆုံဖူးတယ်လို့ သူပြန်ပြောပြတယ်။ သူတွေ့ဖူးတဲ့ဂျပန်ဦးလေးကြီးဆိုရင် တွေ့သမျှ ကြားသမျှ မြန်မာစကားအသုံးတွေကို စာအုပ်ထဲရေးမှတ်ပြီး မြန်မာလူမျိုး တွေ့တာနဲ့ စာအုပ်ဖွင့်ပြီး မြန်မာလို ကြိုးစားပြီးပြောပါတယ်။ အဲဒီလိုနဲ့ပဲ ဟိုလူက သင်ပေး ဒီလူကသင်ပေးနဲ့ သူ့ရဲ့ ဗလာစာအုပ်မှာ မြန်မာစကားပြောတွေ မှတ်ထားတာ အများကြီးပဲတဲ့။ နောက်ပြီး မြန်မာလိုလည်း ရေးတတ်တယ်။ မြန်မာသီချင်း ကာရာအိုကေလည်း ဆိုနိုင်တယ်ဆိုလို့ ကျမဖြင့် ကြားတုန်းက အံ့သြနေတာ။ အဲဒီ ဦးလေးကြီးက ဂျပန်မှာ အငြိမ်းစားယူထားပြီး မြန်မာပြည်ကို သွားလည်ရင်းက သဘောကျလို့ မြန်မာစကားကိုပါ ကြိုးစားပြီး လေ့လာသင်ယူနေတဲ့သူပါ။
ကျမတို့ ပြီးခဲ့တဲ့နှစ် Tokyo သွားတုန်းကလည်း အဲဒီလိုပဲ။ ရောက်တုန်း မြန်မာအစားအစာတွေ ရောင်းတဲ့ဆိုင်ကို သွားတာ ဓာတ်လှေကားမှာ ဂျပန်အမျိုးသမီး နှစ်ယောက်နဲ့ ဆုံပါတယ်။ သူတို့ကလည်း ကျမတို့ သွားမယ့် မြန်မာဆိုင်ကို လာကြတာ။ မြန်မာဆိုင်က စောသေးလို့ မဖွင့်သေးပါဘူး။ ကျမတို့ နှစ်ယောက်လည်း ဆိုင်မဖွင့်သေးဘူးဆိုပြီး ပြောဆိုနေတာ စောစောက ဂျပန်မလေးတွေ ကြားသွားတယ်နဲ့ တူပါတယ်။ “မြန်မာပြည်ကလား”ဆိုပြီး မြန်မာလိုမေးတော့ တော်တော် အံ့သြသွားတယ်။ အဲဒါနဲ့ စကားစမြည်ပြောရင်း သူတို့မေးသမျှကို ဖြေရတာပေါ့။ ပြန်ဖြေရင်း စိတ်ထဲကနေ “မြန်မာစကားအတော်လေး ပြောနိုင်တယ်”လို့ တွေးနေမိသေးတယ်။ မြန်မာပြည်လည်း ရောက်ဖူးကြတယ် လို့ပြောပါတယ်။ နောက်တစ်ခု အံ့သြတာက ဆိုင်ရှေ့မှာ ကပ်ထားတဲ့ “အင်္ဂါနေ့ဆိုင်ပိတ်သည်” ဆိုတဲ့ ဆိုင်းဘုတ်က စာကို ကောင်းကောင်းဖတ်နိုင်တာပါ။ တကယ်တော့ သူတို့ မြန်မာဆိုင်ကို လာကြတာ ခရစ်ယာန်အသင်းက ထုတ်တဲ့ စာစောင်တွေ ကမ်းဖို့ လာကြတာ။ ကျမတို့ကိုလည်း စာစောင်တွေ ကမ်းလို့ ယူခဲ့ရသေးတယ်။ ကျမဖြင့် တခြားလူမျိုးခြားက မြန်မာလို ကြိုးစားပြီး ပြောတာကို ကြားရတာ ဘယ်လို ၀မ်းသာမှန်းမသိဘူး။ စိတ်ထဲလည်း တစ်မျိုးပဲ။
*****
ရုံးကအသိ ဂျပန်မလေးက Asian Library Club ဆိုပြီး NGO က ဖွင့်တဲ့ အာရှဘာသာစကားသင်တဲ့ ကျောင်းမှာ ဟိန္ဒူစာသင်ယူနေပါတယ်။ အဲဒီကျောင်းမှာ မြန်မာစာ သင်ပေးတဲ့ အတန်းလည်းရှိပြီး မြန်မာစာသင်နေတဲ့ ကျောင်းသားတွေကို စကားပြော လေ့ကျင့်ပေးဖို့ ဖြစ်နိုင်ရင် ကျောင်းကို လာလည်ဖို့ ကျမတို့ကို ခေါ်ပါတယ်။ ကျမကလည်း ဂျပန်လူမျိုးတွေက မြန်မာစာသင်နေတာကို စိတ်ဝင်စားလို့ လာခဲ့ပေးပါ့မယ်လို့ ကတိပေးလိုက်ပြီး ဒီအပတ် ပိတ်ရက်မှာ အဲဒီကျောင်းကို သွားဖြစ်ခဲ့တယ်။
ကျမတို့ရောက်သွားတော့ နေ့လည် ၁၁ နာရီလောက်ရှိပါပြီ။ ကျောင်းမှာက မြန်မာဆရာမကြီး တစ်ယောက်နဲ့ ကျောင်းသား ၂ ယောက်ရှိပါတယ်။ အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက်ပါ။ သူတို့ မြန်မာစာ သင်နေကြတာ ၆ လလောက်တော့ ရှိပြီ။ ကျမတို့နဲ့တွေ့တော့ မြန်မာလို မေးလိုက်တာစုံနေတာပါပဲ။ ကျမတို့လည်း သူတို့မေးသမျှကို စိတ်ရှည်ရှည်ပြန်ဖြေပေးပါတယ်။ မှားရင်လည်း ရီလိုက်ကြပေါ့။ သူတို့ မြန်မာစကားပြောက အရမ်းအားရဖို့ ကောင်းတယ်။ ဆရာမကြီးကလည်း သူတို့ကို မြန်မာနာမည်ပေးထားသေးတယ်။ ဂျပန်ဦးလေးကိုတော့ “ကိုမြင့်သန်းမောင်”တဲ့၊ ဂျပန်မလေးကိုတော့ “မအေးနှင်းအိအိ”တဲ့။ သူတို့ကိုယ် သူတို့ မိတ်ဆက်တော့ မြန်မာနာမည်နဲ့ပဲ မိတ်ဆက်လို့ ဂျပန်နာမည်တောင် မသိခဲ့ရပါဘူး။ ကျမတို့ကို မေးတဲ့ မေးခွန်းတွေက “ဘယ်မှာနေတာလဲ”၊ “ဘာအလုပ်လုပ်ပါသလဲ”၊ “ဂျပန်ရောက်တာ ဘယ်လောက် ကြာပါပြီလဲ”၊ “မိသားစု ဘယ်နှစ်ယောက်ရှိပါသလဲ”၊ “နာမည်ဘယ်လိုခေါ်ပါသလဲ”၊ “မြန်မာပြည်ကို ဘယ်တော့ပြန်မလဲ”၊ “ဘာဖြစ်လို့ ပြန်တာပါလဲ” အစရှိသဖြင့်ပေါ့။ အားလုံးတော့လည်း မမှတ်မိတော့ပါဘူး။ နောက်ပြီး “အား ပါတယ်” ကို “အ ပါတယ်” ဆိုပြီး မှားပြောလို့ ၀ိုင်းရီရသေးတယ်။
ဂျပန်ဦးလေးကြီးကတော့ “မြန်မာပြည်ကို သွားလည်ချင်လို့ မြန်မာစကားကို သင်တာပါ”တဲ့။ နောက်ပြီး ဆရာမကြီးက ငါးပါးသီလ အကြောင်းကို ဂျပန်လို ရှင်းပြပေးလိုက်တာနဲ့ ချက်ချင်းပဲ လက်အုပ်ချီပြီး သူ ဗုဒ္ဓဘာသာပဲ လုပ်တော့မယ်လို့ ပြောပါတယ်။ နေ့လည် ၁ နာရီခွဲမှာ ကမ္ဘောဒီးယားအတန်း ရှိတာနဲ့ မြန်မာစာသင်တန်းကို ပြီးဆုံးပါတယ်။
ဒီနေ့ စာသင်ကျောင်းက ပြန်လာတော့ အတွေ့အကြုံအသစ်ရလို့ ကျမတို့ နှစ်ယောက်လည်း ကြည်နူးမှုအပြည့်နဲ့ ပျော်ရွှင်ပြီးပြန်လာခဲ့ကြတာပေါ့။ ဂျပန်လူမျိုးတွေ မြန်မာစကားကို ကြိုးစားပြီး လေ့လာသင်ယူတဲ့အတွက် ချီးကျူးမိတယ်။ ကျမတို့ နှစ်ယောက်ကို “နောက်တစ်ပတ်လည်း လာခဲ့ပေးပါ၊ ဂျပန်စကားသင်ပေးပါမယ်” လို့ပြောတာနဲ့ “လာခဲ့ပေးပါမယ်” လို့ ပြောလိုက်ရတယ်။ အဲဒီအခါကျရင် ကျမက ဂျပန်ဦးလေးကြီးအတွက် အမျိုးသားရဲ့ ပုဆိုးအသစ်တစ်ထည် လက်ဆောင်ပေးပြီး ၀တ်ကြည့်ခိုင်းမယ်လို့ စိတ်ကူးထားတယ်။
*****
လူမျိုးခြားတွေက မြန်မာစကားကို ကြိုက်လို့ပဲ သင်သင်၊ ၀ါသနာပါလို့ပဲ သင်သင်။ ဘယ်လိုအကြောင်းကြောင့်ပဲ သင်သင်ပေါ့။ ကျမကတော့ အားလုံးကို တတ်နိုင်သလောက် ကူညီပေးချင်ပါတယ်။ မြန်မာလူမျိုးတွေက ကူညီတတ်တယ်၊ စိတ်သဘောကောင်းတယ်ဆိုတဲ့ အမြင်ကိုလည်း ဆက်လက်ထိန်းသိမ်းထားစေချင်သလို မြန်မာကို ကောင်းသောနည်းနဲ့ ကမ္ဘာက သိစေချင်တာပါပဲ..
နိုဝင်ဘာ ၃၊ ၂၀၀၈။
25 comments:
ကိုယ့်ဘာသာစကားကို စိတ်ဝင်စားလို့
သင်နေကြတယ်လို့သိရတာ..ကြည်နူးမိပါတယ်။
(ကျမကတော့ တခြားဘာသာစကားတစ်ခုကိုသင်ရင် အလုပ်ရလွယ်လို့ဆိုတဲ့ ရည်ရွယ်ချက်ပဲရှိဖူးလို့):P
မနုစံ ရေ..ပို့စ်လေးလာဖတ်သွားပါတယ်နော်.
ဟုတ်တယ် မနုစံရေ.. တချို့ဂျပန်တွေက မြန်မာစကား
ပြောကို စိတ်ဝင်စာကြတယ်နော်.
ဟိုနေ့က ၀ါဝါမွေးနေ့မှာ ညနေပိုင်းသူငယ်ချင်းတွေနဲ့
မွေးနေ့ပါတီ လုပ်ဖြစ်တော့ ဂျပန်မိတ်ဆွေသူငယ်ချင်းမ
လေးလဲပါတယ်လေ. သူက ၀ါဝါ့ကို Otanjobi omedetogozaimasu လို့ပြောပြီး မြန်မာလို ဘယ်လိုပြောရသလဲသင်ပေးပါ ဆိုလို့သင်းပေးရသေးတယ်. သူပြောမှပဲ ၀ါဝါလည်း
မြန်မာလိုဘယ်လိုပြောတာပါလိမ့်လို့ အမျိုးသားကိုတောင်ပြန်မေးရတယ်လေ.ဟီးဟီး
အမျိုးသားကလည်း Happy Birthday လို့ပဲသုံးကြကြောင်း ပြောပြပေမယ့် မြန်မာလိုပြောတာ
သိချင်တယ်ဆိုလို့..အဟား.. အဲဒီတော့မှ..ပျော်ရွှင်ဖွယ်
မွေးနေ့ဖြစ်ပါစေ လို့ပြောပြတာကို သေခြာ အခါခါ လိုက်
ပြောရှာတယ်လေ။ စကားသံတော့ ပီဘူးပေါ့နော်.
သူတို့တွေ စိတ်ဝင်တစား သင်ယူတာတွေ တွေ့ရတော့
ကျေနပ်ပီိတိဖြစ်မိခဲ့ပါတယ်။
အမျိုးသားတို့ကျောင်းက ဂျပန်ဆရာဝန်အမျိုးသမီးတစ်
ယောက်ဆိုလည်း မြန်မာပြည်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှာ ဘွဲ့လွန်
အတွက်သွားတက်ခဲ့တာလေ. မြန်မာစကားကို တော်တော်ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ် မနုစံ
ရဲ့။ ကြည်နူးစရာကောင်းတယ်နော်။
မနုစံ..
comment တွေအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျား။
ကျွန်တော်တွေ့ဖူးတဲ့ဂျပန်တွေလည်းမြန်မာပြည်ကို
ရောက်ဖူးကြပြီး၊ ကမ္ဘာပေါ်မှာ အရိုးသားအဖော်ရွေ
ဆုံး၊ အကူညီတတ်ဆုံးလို့ချီးကျူးကြပါတယ်။ သူတို့
ကတော့ ကမ္ဘာပတ်ပြီးလည်ပတ်နေကြတာဆိုတော့
တခြားနိုင်ငံတွေနဲ့ယှဉ်ပြီးပြောကြတာပါ။
ဂုဏ်ယူစရာကောင်းလှတာမို့ မနုစံပြောသလိုဆက်ပြီး
ထိန်းသိမ်းထားသင့်တယ်နော်။ Nagai စံနဲ့နာဂစ်ကိစ္စ
မှာတော့ တော်တော်လေးအရှက်ရပြီး၊ အဲဒီသတင်းတွေ
နာမည်ကြီးနေတုန်းကဆိုရင်၊ ကိုယ့်ကိုဘယ်လိုအကြည့်
နဲ့ကြည့်နေကြမှာပါလိမ့်ဆိုပြီး၊ အားငယ်မိပါတယ်။ ကင်မရာနဲ့တိပ်ခွေခိုးထားတာတို့၊ အလှူကိုအလွဲသုံးစားလုပ်တာတို့
သူတို့သတင်းတွေမှာတနေ့ ၄-၅ခေါက်လွှင့်နေတော့မရောက်ဖူးတဲ့ဂျပန်တွေက အထင်သေးကြမှာပါဘဲ။ ရောက်ဖူးတဲ့သူတွေကတော့
ပြည်သူတွေရိုးသားဖော်ရွေကြတာသိပြီးသားမို့ဂရုဏာ
ဘဲဖြစ်ကြတယ်လေ။
နုရေ… ပို့ စ်၁၀၀ မြောက်မှသည် ပို့ စ်တွေ ရာထောင်သောင်း သိန်းသန်း ကုဋေ တိုင်ပါစေလို့ … မြန်မာကို ကောင်းသောနည်းနဲ့ ကမ္ဘာက သိစေချင်တဲ့ ဒီပို့ စ်လေးအတွက်လဲ ကျေးဇူးပါ… ဂျပန်တွေ မြန်မာစကားကို စိတ်ဝင်စားကြတာ သိရတော့ ၀မ်းသာမိပါတယ်… ဒီမှာတော့ လုံးလုံး စိတ်မ၀င်စားကြဘူးလေ… တခါတလေ တက်စီ ဒရိုင်ဘာကြီးတွေဆီက တစွန်းတစကြားရတတ်တယ်… ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာစကားကို အလေးထားကြတာ သိရတော့ သိပ်ကြည်နူးမိပါတယ်…
နုရေ...
နေကောင်းလား..အဟိ..
အိမ်မှာကိုယ့်လူမျိုးရဲ့ဘာသာစကားပြောရတယ်..
အဖေရှိတုန်းကဆိုအရမ်းတင်းကျပ်တယ်..
ဆိုတော့...၂မျိုးတတ်တယ်..အဟီးဟိ
ဒီမှာတော့မြန်မာစကားသင်ချင်တဲ့သူရှားတယ်..
မြန်မာကသူတွေကိုအထင်သေးမျက်လုံးတွေနဲ့
ကြည့်တတ်ကြတယ်..
စလုံးနဲ့ထူးမခြားနား..
ဒီကလူတွေထက်စာရင် ဂျပန်လူမျိုးတွေက
ယဉ်ကျေးတယ်..ပြောရမှာပေါ့..
နုနုရေ..ပို့စ် အသစ်တက်နေတာ တွေ့လို့ ပြေးလာတာ။ မြန်မာစကားကို အဲလို စိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေ ရှိတာ သိရလို့ ဝမ်းသာလိုက်တာ။ နုနုပါ သူတို့ကို မြန်မာလို သင်ပေးလို့ ရရင် ကောင်းမှာပဲနော်။ အဲဒါဆို မြန်မာလူမျိုးလဲဖြစ် နုနုကိုယ်တိုင်လဲ စာရေးတဲ့သူဆိုတော့ အရမ်းအဆင်ပြေမှာ။ ပို့စ်တရာမှ နောက်ပို့စ်ပေါင်းများစွာနဲ့ ဘလော့ခ်လေးကြီးလာတဲ့ အထိ အချိန်ပေးနိုင်ပါစေလို့ :-)
မ.. ရေ
ဖတ်ရတာ ၀မ်းသာအားရရှိလိုက်တာ...။
လေးမတို့  ဘာသာကို တကူးတက သင်ယူတယ်ဆိုတာ အံ့သြမိတယ်..။ မြန်မာမှာနေရင်း တတ်သွားတာက မထူးဆန်းဘူး..။ တကူးတက သင်ယူတယ်.. ဆိုတာ ထူးတယ်..။ ခက်လဲခက်တယ်..။ ဒီမှာ ဘိုကျောင်းထားတဲ့ ကလေးတွေ မြန်မာစာ အသင်ခံရရင် ထွက်ပြေးနေကြတယ်..။
အဲ.. ၁၀၀ မြောက် ဆုတောင်းပေးဦးမယ်..။
မနုစံ.. စိတ်ချမ်းသာစွာနဲ့  ဘလော့ဂ်လေးပွေ့ ပြီး ထွေးထားနိုင်ပါစေ..။
မြန်မာစာ က အတော်ခက် သလိုဘဲ။ သိတ် စကားလုံးကြွယ်ဝတယ်။
ဒီမြို့ပိစိကွေးမှာတော့ ဗမာသိပ်မရှိလို့လားမသိဘူး။(တခြား မြန်မာပြည်ဖွား ကရင်၊ချင်းလိုမျိုး တိုင်းရင်းသားတွေတော့ရှိပါတယ်။)
ဘယ်သူမှ စိတ်မ၀င်စားဘူးရယ်။ ရှိတဲ့ နှစ်ယောက်နဲ့တစ်ပိုင်းလောက်လေးက
အလုပ်တစ်ဖက်နဲ့ကျောင်းတက်ကြလို့
ဆရာတွေကတော့ ပညာအရမ်းလိုချင်ကြတယ်လို့
အသိအမှတ်ပြုတယ်။
အမနုစံရေ
သူတို့တွေ မြန်မာလို ကြိုးစားသင်ယူနေတာတွေ ကြားရတော့ ဝမ်းသာရပါတယ်။ ဒီမှာလည်း မြန်မာစကားကို သင်နေတဲ့သူတွေ ရှိတော့ အံ့သြမိတယ်။
သူတို့တွေက မြန်မာစာအကြောင်းမေးရင် ကိုယ့်မှာ ဖြေလိုက်ရတာ တခါတခါ ဒုက္ခလည်းရောက်တယ်... သူတို့မှာ မရှိတဲ့ အသံတွေ (ကိုယ့်အတွက်တော့ လွယ်ပေမယ့် သူတို့မှာ ခက်နေတာ) အခါခါပြော နောက်က လိုက်ဆိုခိုင်းလည်း အဆင်က ပြေချင်မှ ပြေတာ..
- အမေရေ ပို့စ် ၁၀၀မှသည် ...
ပျော်ရွှင်ပါစေ
ညီမ နုရေ
ဘာသာစကားတခု တတ်တယ်ဆိုတာ အသိဥာဏ်တခု ပွင့်သွားတာမျိုးပါပဲ။ မအ ဘူးပေါ့။ သူတို့ ဒါကို ကောင်းကောင်းနားလည်တယ်။ ဒါ့အပြင် မြန်မာ့ ယဉ်ကျေးမှုနဲ့ မြန်မာလူမျိုးကို ချစ်လို့ သင်ယူချင်တာဆိုတော့ ပို ၀မ်းသာရတာပေါ့။ သူတို့ကို အတုယူပြီး ကိုယ်တိုင် ဗမာလူမျိုး ဖြစ်ပြီး ကိုယ့်ဘာသာစကား ကို မမေ့ပျောက်အောင် ထိန်းသိမ်း လက်ဆင့်ကမ်းရမှာပါ။
နု စာရေးတာ ကောင်းတယ်။ မြန်မာကို ကောင်းသောသတင်းနဲ့ သိစေချင်တဲ့ ဆန္ဒကို လေးစားပါတယ်။
အမနုစံ ပို့စ် ၁၀၀ ပြည့်မှ နောင်ပို့စ်အများကြီး ဆက်ရေးနိုင်ပါစေနော်။
မြန်မာစကားသွားသင်ပေးဖြစ်တာ ကြည်နူးဝမ်းသာမိပါတယ်။
သူတို့တွေက မြန်မာလိုပြောနေတော့ ထူးဆန်းမှာပေါ့နော်။
ညီမတော့ မကြုံဖူးဘူးရယ်။
မြန်မာစာသင်တဲ့ သူတို့တွေရဲ့ ရည်ရွယ်ချက်လေးတွေသိရတာ ကျေးဇူးပါ အမနုစံ။
နောက်တခါ အဲဒီကျောင်းလေးသွားရင်လည်း ပို့စ်အဖြစ် ပြန်ဝေမျှပါအုံးနော်။
အယ်...အစ်မတောင် ပို့ စ် ၁၀၀ ပြည့်သွားပြီး အိပဲ့ အိပဲ့လေးနဲ့  မိုက်တယ် စာရေးကျဲပေမယ့် အစ်မစာတွေဖတ်ရတာ ဗဟုသုတရပြီး ဆွဲဆောင်မှု အရမ်းရှိတယ်။ ဟုတ်တယ်နော် ...တိုင်းတစ်ပါးသားတွေ ကိုယ့်နိုင်ငံစကားပြောတက်ရင်ထူးဆန်းနေကော် ကိုယ့်နိုင်ငံအကြောင်းပြောပြရရင်လည်းမမောနိုင် ဒါပေမယ့် ကောင်းကြောင်းက သိပ်မရှိတော့လည်း အားငယ်မိတယ် ။ အစ်မတို့ လည်းပျော်နေမှာပေါ့ ဆက်ပျော်ရအောင် သွားလိုက်ပါအုံး =)
၁၀၀ မြောက်ပို့ စ်လေးမှသည် များစွာသော အတွေးအမြင်၊ အတွေ့ အကြုံလေးတွေ ဆက်လက်ရေးသားပေးနိုင်ပါ
စေညီမလေးရေ။
ဒါနဲ့ ဆရာမကြီး “ဂျာနယ်ကျော် မမလေး” ရဲ့ “သွေး” ၀တ္ထုလေးကလည်း ဂျပန်နဲ့ မြန်မာရဲ့ချစ်ကြည်ရေးကိုပိုမိုခိုင်မာ
စေခဲ့တယ်လို့ မှတ်သားခဲ့ဖူးတယ် နုစံ ရဲ့။ ဒီဝတ္ထုလေးကို ရုပ်ရှင်လည်းရိုက်ထားတယ်ပြောတယ်။ ဒီဇာတ်လမ်းလေး
ကြောင့် စစ်အတွင်းက ကျန်ခဲ့တဲ့ ဂျပန်သွေးသားမျိုးဆက်တွေ မြန်မာပြည်မှာ ရှိနေဦးမယ်လို့ သူတို့ ယုံကြည်နေကြ
ဆဲဖြစ်နိုင်တယ်။ အချို့ ဂျပန်သူဌေးတွေဆိုရင် မြန်မာပြည်မှာ လူမှူရေးအတွက်အလှူအတန်း
တွေတအားလုပ်ကြတာတွေ့ ရသေးတယ်။ ဆိုလိုတာက သူတို့ မြန်မာလူမျိုးနဲ့ မြန်မာစကား
ကိုချစ်ကြတယ်ဆိုတာလေးပါ။ ဒီတော့နုစံတို့ လို ကိုယ့်ဘာသာစကားကို သင်ပေးသူတွေ့ 
ရင်သူတို့ ပျော်မှာပါ။
ပို့စ် ၁၀၀ မြောက်ကို အခုမှ လာဖတ်သွားပါတယ်။ အများကြီး ဆက်ရေးနိုင်ပါစေ မနုစံ ရေ။
နိုင်ငံခြားသားတွေကို မြန်မာစာသင်ပေးဖို့ ကျနော်လည်းစိတ်ဝင်စားတယ်။ ကိုယ်တိုင်တော့ နိုင်ငံခြားဘာသာတွေကို ဟိုနည်းနည်း ဒီနည်းနည်းနဲ့ စစလိုက်သင်ပြီး မေ့ကုန်တာပါပဲ။
နုရေ...
ပိုစ့် ၁၀၀ မြောက် ဘလော့ဂ်လေးအတွက် ဆုတောင်းပေးသွားပါတယ်...။
မအားလို့  ခုမှဘဲ လာလည်ရတာ၊ ဆုတောင်းပေးရတာ ဆောရီးပါနော်...
ကြာဆံချက်လဲ ထပ်စားသွားပါတယ်...။
စာတွေလဲ အများကြီး ဖတ်သွားပါတယ်...။ အစစအရာရာ အဆင်ပြေ ပျော်ရွှင် ချမ်းမြေ့ပါစေ...။
နုရေ...
ဒန်ပေါက် ဖီးလ်လာတဲ့တစ်နေ့ပေါ့...
တကယ်ချက်မယ်..
တိုဟူးလည်း ပဲရေစိမ်တာ ကြိတ်တာ ကျိုတာကိုစိတ်ပါတဲ့တစ်နေ့...တင်ပါ့မယ်..
အခုလောလောဆယ်တော့...ဟော့ရှော့မမတွေကို ဓါတ်ပုံသွားရိုက်မလို့...
(ကိုနိ သားရည်ကျသွားအောင်....နိနိကဓါးမနဲ့ လိုက်လာမှာကျိန်းသေတယ်...ဟားဟ)
နုရေ… ဘာတွေလုပ်… သစ်ရွက်လေးတွေနဲ့  ဘန်နာအသစ်လေး မတင်သေးဘူးလား…
http://dilobear.blogspot.com/2008/11/purple-vision.html
နုရေ...
ဘာတွေလုပ်...
မတွေ့ တာကြာ...
လွမ်းနေ...
နုရေ… အသစ်လေးတွေကို လာချောင်းသွားတယ်… နေကောင်းလားညီမရေ…
မနု-စံရေ "ချိစ်ဘာဂါ"ကို သတိရတယ်။ :D
ညီမကိုလည်း senseiက တွေ့တွေ့ချင်း "ခေါင်းသောနေ့ဘာ"လို့ ရုတ်တရက်နှုတ်ဆက်လို့ ကြောင်တက်တက် ဖြစ်သွားရတယ်။ သူ့ခမျာ အဲဒါပြောဖို့ အတော်မှတ်ထားရပုံဘဲ။ အမတို့လို ဗိုလန်တီယာလုပ်ပြီး စာသင်ပေးဖူးချင်သား။ အတော်စိတ်ဝင်စားဖို့ ကောင်းမှာဘဲနော်။
ပို့စ် ၁၀၀ မှ သည် ထောင် သောင်း များ စွာ ဘလော့ဒ် နိုင် စေ သော်...
သြော်...တို့တွေကို သူ ပစ်ထားပါလားကွယ်။
Post a Comment