ကျမက ရုံးသွားရင် နေ့လည်စာ အတွက် အိမ်က ထမင်းဘူး ယူသွားတာ များပါတယ်။ အမျိုးသားကတော့ အပြင်မှာပဲ ၀ယ်စားဖြစ်တယ်။ ထမင်းဘူးယူရတာက ဂျပန်အစားအစာတွေကို မကြိုက်သလို သိပ်လည်းမစားတတ်လို့ပါ။ ပါးပါးကတော့ ပြောဖူးတယ်။ “ရောမရောက်ရင် ရောမလို ကျင့်ရမယ်” တဲ့။ အနှစ် ၃၀ ကျော် မြန်မာပြည်မှာ နေခဲ့တဲ့သူအတွက် ရောမ ရောက်ပေမယ့်လည်း ကျမ ရောမလို မကျင့်နိုင်သေးပါဘူး။ မြန်မာအစားအစာတွေကို စားချင်နေတုန်းပဲ။ အဲဒီတော့ ကိုယ်စားချင်တာကို Osaka မှာ ၀ယ်လို့ရတဲ့ ပစ္စည်းနဲ့ ရအောင် ချက်ပြီး နေ့တိုင်းလိုလို ရုံးကို ထမင်းဘူး ယူသွားဖြစ်ပါတယ်။ ထမင်းဘူးယူသွားရတဲ့အတွက် ချက်ရ ပြုတ်ရနဲ့ အလုပ်ပိုရှုတ်တယ်။ နေ့လည်စာကို အများနည်းတူ အပြင်စာ ၀ယ်စားမယ်ဆိုရင် ပိုက်ဆံနည်းနည်းလောက် ပိုကုန်ပေမယ့် လူအရမ်းသက်သာမှာပါ။ ဒါပေမယ့် အမြဲတမ်းတော့လည်း အိမ်က ထမင်းဘူးချည်းပဲ မစားနိုင်ပါဘူး။ တခါတလေ အပြင်အစားအစာတွေ စားချင်တဲ့စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်ချက်ထားပြီးသားဟင်းကို မစားချင်တော့တဲ့အခါပဲဖြစ်ဖြစ်၊ ဟင်းချက်ဖို့အချိန်မရရင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး ပျင်းရင်ပဲဖြစ်ဖြစ် ရုံးနားကဆိုင်တွေမှာပဲ ၀ယ်စားဖြစ်တယ်။
*****
ကျမတို့ ရုံးနားမှာတော့ နေ့လည်စာအတွက်ဆိုရင် ဆိုင်မျိုးစုံရှိပါတယ်။ ဂျပန် ရယ်ဒီမိတ် ထမင်းဘူး (အိုဘမ်းတိုး obentou お弁当 ) ၀ယ်စားရင် ယန်း ၅၀၀၊ ၆၀၀ လောက်ဆို အသား၊ငါး၊ အသီးအရွက်၊ ထမင်း အပြင် ဟင်းချို ဒါမှမဟုတ် သောက်စရာ အရည်တစ်ခုခုကိုပါ တွဲပေးတတ်ပါတယ်။ များသောအားဖြင့် အဲဒီလို ရောင်းတဲ့ဆိုင်တွေက လမ်းဘေးဈေးဆိုင်ငယ်လေးတွေပါ။ ရုံး ထမင်းစားဆင်းချိန် နေ့လည် ၁၁ နာရီလောက်မှ ဈေးသည်တွေက ကားရပ်ပြီး ဘေးမှာ ဆိုင်ခင်းရောင်းကြတာ။ ထမင်းစားချိန်ပြီးသွားရင်တော့ အဲဒီလို ဆိုင်မျိုးတွေ မတွေ့ရတော့ပါဘူး။ ကျမတော့ တစ်ခါမှ မ၀ယ်စားဖြစ်သေးဘူး။ တချို့စားသောက်ဆိုင်တွေကျတော့ သူတို့ဆိုင်က ချက်ထားပြီးသားကိုပဲ နေ့လည်စာအတွက် သီးသန့် ရယ်ဒီမိတ် ထမင်းဘူးတွေ လုပ်ရောင်းတတ်တာမျိုးလည်း ရှိတယ်။ ဈေးကတော့ အသင့်အတင့်ပေါ့ ယန်း ၆၀၀ ကျော် ၇၀၀ ၀န်းကျင် အစားစားပါပဲ။
ဆိုင်မှာ သွားစားမယ်ဆိုရင်တော့ ဆိုင်တိုင်းလိုလိုက နေ့လည်စာ အတွက်ဆိုပြီး Lunch Menu သီးသန့်ထား ပေးထားကြတယ်။ သူတို့ အခေါ်ကတော့ Lunch Set ပေါ့။ ဈေးအနည်းအများ ပေါ်မူတည်ပြီး A Set ၊ B Set ၊ C Set ဆိုပြီး အမျိုးမျိုးရှိတယ်။ Lunch Set ကတော့ ဟင်းတစ်မျိုးစီ သီးသန့်မှာစားတာထက် စာရင် ဈေးပိုသက်သာပါတယ်။ ရုံးနားမှာ ရှိတဲ့ ဆိုင်တွေက နေ့လည် ထမင်းစားချိန်ပဲ ရောင်းအားရှိတာ။ နောက်ပြီး တစ်ဆိုင်နဲ့ တစ်ဆိုင် အပြိုင်အဆိုင် ရောင်းနေကြရတာ ဆိုတော့ သိပ်ပြီး မခိုရဲကြဘူး။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဆို ဈေးဆိုင်တွေလည်း ပိတ်တာများတယ်။
ဆိုင်တွေကတော့ ဂျပန်စားသောက်ဆိုင်၊ အီတလီဆိုင်၊ ထိုင်းဆိုင်၊ တရုတ်ဆိုင်၊ အိန္ဒိယဆိုင်၊ နီပေါဆိုင်၊ ပြင်သစ်ဆိုင် စသည်ဖြင့် ကိုယ်ကြိုက်ရာ သွားစားလို့ရပါတယ်။ စားသောက်ဆိုင်မှာ စားမယ်ဆိုရင် အနည်းဆုံး ယန်း ၇၀၀ ကနေ ယန်း ၁၀၀၀ လောက်တော့ ပေးရတယ်။ ပြင်သစ်ဆိုင်ဆို ယန်း ၂၂၀၀ တောင်ပေးရတယ်။ တကယ့်ကို ပြင်သစ်စတိုင် အပီအပြင် စားကြတာ။ Main dish မလာခင် Side dish တွေက တပုံကြီး အရင်လာတာ။ တကယ့် Main dish လည်း လာရော မစားနိုင်တော့ဘူး။ ပြီးရင် ကော်ဖီ နဲ့ dessert ပါ ပါ လိုက်သေးတယ်။ ကျမ အများဆုံး သွားစားဖြစ်တာက ထိုင်းဆိုင်နဲ့ အိန္ဒိယ ဆိုင်ကိုပါ။ ထိုင်းဆိုင်ကတော့ ချဉ်ချဉ်စပ်စပ်တွေ စားချင်ရင် သွားစားလိုက်တယ်။ အိန္ဒိယ ဆိုင်ကတော့ နံပြား စားချင်လို့ သွားစားဖြစ်တာ။ ဂျပန်ဆိုင်ကိုတော့ သွားစားခဲပါတယ်။
*****
ဒီမှာနေတာ နည်းနည်းကြာလာတော့ ဟိုစပ်စပ် ဒီစပ်စပ် စားကြည့်ရင်းက ဂျပန်အစားအစာ တချို့ကို စားတတ်လာတယ်။ ထမင်းဘူး မယူလာတဲ့နေ့မျိုးဆို ကျမတို့ မန်နေဂျာက ဂျပန်စားသောက်ဆိုင် ကောင်းကောင်းတွေဆီ ခေါ်သွားတတ်တယ်။ သူက အစားအသောက်နဲ့ ပတ်သက်ပြီး အရမ်းဂျီးများတာ။ သူနဲ့ လိုက်စားရင်း တဖြည်းဖြည်း ဂျပန်အစားအစာတွေ စားတတ်လာတာ။ စားပြီး ကိုယ်ကြိုက်တာတွေ့ရင် မှတ်ထားလိုက်တာပေါ့။ နောင် အပြင်ထွက်စားမယ် ဆိုရင် သူပြောထားတဲ့ ဆိုင်ပဲ သွားပြီး စားဖြစ်တော့တယ်။ အဲဒီလိုနဲ့ တချို့ ဂျပန်အစားအစာတွေကို ကြိုက်လာတယ်လို့ ပြောရမယ်။ အခုတလော စိတ်ကြိုက်ဖြစ်နေတဲ့ ဂျပန်စာက တွန်းဂျိရု (Tonjiru 豚汁) လို့ခေါ်တဲ့ နေ့လည်စာပါ။ ညီမလေး မြရွက်ဝေ Blog မှာ ဟင်းချက်နည်း တင်ပေးထားပေမယ့် အိမ်မှာတော့ တစ်ခါမှ ချက်မစားဖြစ်ပါဘူး။
ကျမက တွန်းဂျိရု ကို ကြိုက်တာထက် တွန်းဂျိရု Lunch Set မှာပါတဲ့ ငါးကင်ကိုကြိုက်တာက ပိုမှန်ပါလိမ့်မယ်။ တွန်းဂျိရုလို့ မှာလိုက်ရင် ထမင်းပန်းကန်လုံး တစ်လုံး၊ ငါးကင် တစ်ပိုင်း၊ ပြီးတော့ တွန်းဂျိရု ဟင်းချို တစ်ခွက်၊ အအေးစာ တိုဖူး၊ နောက်ပြီး မုန်လာချဉ်ဖတ် နည်းနည်းပါ ပါတယ်။ ငါးကင်ဘေးနားမှာတော့ မုန်လာဥအဖြူကို ခြစ်ထားတဲ့ အနှစ်နည်းနည်း ထည့်ပေးထားတယ်။ စားခါနီးမှ မုန်လာဥအနှစ်ပေါ်ကို ပဲငံပြာရည်စမ်းပြီး ငါးနဲ့ အတူ တွဲစားရတာပါ။
တကယ်တမ်း တွန်းဂျိရု ဟင်းချိုချည်းပဲ သောက်ရရင် ကျမ ကြိုက်ချင်မှ ကြိုက်မှာ။ ဒါပေမယ့် ငါးကင်နဲ့ ထမင်းကို စားပြီး ဟင်းချိုသောက်ရင် အရမ်းစားကောင်းလို့ နေ့လည်စာအနေနဲ့ ဂျပန်စာပဲ စားမယ်ဆိုရင် တွန်းဂျိရုပဲ သွားစားဖြစ်တယ်။ ငါးကင်က အိမ်မှာလည်း ကိုယ်တိုင်ကင်လို့ရပါတယ်။ ဒါပေမယ့် သူတို့ ကင်ထားသလို ကောင်းချင်မှ ကောင်းမှာမို့ မကင်စားဖြစ်တာ။ တွန်းဂျိရု ဟင်းချိုက ၀က်သားအလွှာ၊ ပဲပင်ပေါက်၊ မုန်လာဥဖြူ၊ ကြက်သွန်နီကို မီဆို ပဲနှစ် (miso みそ) နဲ့ ချက်ထားတာပါ။ အပေါ်ကနေ ကြက်သွန်မိတ်လှီးထားပြီးသား နည်းနည်း ထည့်ထားပါတယ်။ ဆိုင်က ဟင်းချိုထဲ မြင်မိသလောက်ကတော့ အဲဒါအကုန်ပါပဲ။ ထမင်းက ပန်းကန်လုံး တစ်လုံးပဲရတယ်။ ထပ်တောင်းလို့ မရပါဘူး။ အားလုံး စားပြီးသွားရင် ဗိုက်ပြည့်တယ် ဆိုရုံလောက်ပဲရှိတယ်။ တအားလည်း ဗိုက်နင့် မနေသလို ဆာလည်း မဆာတော့ပါဘူး။ ဒါပေမယ့် ညနေကျရင်တော့ ဗိုက်ဆာတာ စောတယ်။ တွန်းဂျိရု Lunch Set က ယန်း ၇၅၀ ပေးရပါတယ်။
ဇန်န၀ါရီ ၂၈၊ ၂၀၀၉။