ဂျပန်ရောက်ကတည်းက နေ့လည်စာနဲ့ ညစာပဲ စားဖြစ်ပြီး မနက်စာကို မစားဖြစ်တာ အခုဆို နှစ်နှစ်တောင် ရှိပြီ။ မနက်စာကို တကူးတက ချက်မစားသလို ၀ယ်စားတာမျိုးလည်း မရှိတော့ မနက်စာ စားတတ်တဲ့ အကျင့်က အလိုလို ပျောက်သွားရော.. မပျောက်ပဲခံနိုင်ပါ့မလား။ ရုံးဖွင့်ရက်ဆို အိပ်ယာက နိုးရင် မနက် ၈ နာရီက အစောဆုံးပဲ။ ဒီထက်နောက်ကျ ဖို့ပဲ ရှိတယ်။ ၈ နာရီထက် စောနိုးတယ်ဆိုတာ ရုံးကို မဖြစ်မနေ ၉ နာရီ လာရမယ်လို့ ပြောတဲ့နေ့ပဲ ရောက်အောင်သွားတယ်။ ပုံမှန် မနက်၁၀ နာရီရောက်ရင် ညနေ ၇ နာရီ ပြန်ပေးလိုက်ယုံပဲဆိုပြီး နောက်ကျတာ များတယ်။ အခုအလုပ်က အလုပ်ချိန်နဲ့ ပတ်သက်ပြီး သိပ်မတင်းကျပ်ဘူး။ တခါတလေ အလုပ်က အရေးကြီးရင် ကြီးသလို ည ၁၀ နာရီ ၁၁ နာရီအထိ လုပ်ပေးရတာတွေ ရှိတော့ မနက်နောက်ကျလာလည်း ပြဿနာမရှိဘူး။ ရုံးရောက်ပြီး သိပ်မကြာခင်မှာပဲ နေ့လည်စာ စားဖြစ်နေတော့ မနက်စာကို စားမနေတော့ဘူး။
ရန်ကုန်မှာတုန်းကတော့ ဒီလို ဘယ်ဟုတ်မလဲ။ အိမ်ထောင်မကျခင်တုန်းကဆို မနက် အိပ်ယာက နိုးရင် ၇ နာရီ။ ရေမိုးချိုးပြီးတာနဲ့ ညီမ ၀မ်းကွဲတွေ ပြင်ပေးထားတဲ့ မနက်စာ ကမန်းကတမ်းစားရတယ်။ တခါတလေလည်း ရုံးအသွား လမ်းက မုန့်ဟင်းခါးဆိုင် တစ်ဆိုင်ဆိုင်မှာ ၀င်စားလိုက်တယ်။ နို့မို့ဆို ရုံးရောက်ပြီး ၁၂ နာရီ မထိုးခင် ဗိုက်ဆာနေရော။ အဲဒါဆိုတော့ မနက်ရုံးမရောက်ခင် အစာပြေတခုခု စားထားမှ ရတယ်။ မနက်စာ အစာပြေစားရင် များသောအားဖြင့် မုန့်ဟင်းခါး၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲလိုမျိုး စားဖြစ်တာများတယ်။ လက်ဖက်ရည်ဆိုင်လည်း မထိုင်ဖူးသလို မနက်စာကို လက်ဖက်ရည် ကော်ဖီ သောက်ပြီး မုန့်တစ်ခုခုစားရတာမျိုး သိပ်မကြိုက်လို့ မစားဖြစ်ဘူး။ တကယ်လို့ အိမ်မှာ ညက ထမင်းကျန် နေရင် ထမင်းကြော်စားဖြစ်တယ်။ ပိတ်ရက်ဆိုရင်တော့ ကော်ရည်ခေါက်ဆွဲ၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ အသုပ်စုံလိုမျိုး အိမ်မှာ လုပ်စားဖြစ်တယ်။
ဒီနေ့တော့ စိတ်ကူးပေါက်တာနဲ့ ရုံးမသွားခင် ရန်ကုန်အလွမ်းပြေ မနက်စာ လုပ်စားဖြစ်ပါတယ်။ အမှန်က ညကတည်းက ချက်ထားပြီးသားပါ။ မနက်မှ ထပြီး ချက်ရင် ရုံးရောက်မှာကို မဟုတ်တော့ပါဘူး။ မနက်စာ လုပ်စားတယ်ဆိုလို့ ထူးထူးခြားခြား အပီအပြင် ချက်နေပြီလို့ မထင်လိုက်ပါနဲ့။ ဟိုတရက်က မနုသွဲ့ ဆီက ပဲပြုတ် ပြုတ်နည်းကို ကြည့်ထားပြီး အိမ်မှာ ရှိတဲ့ လက်ကျန် စားတော်ပဲနဲ့ ပဲပြုတ်စမ်းပြုတ် ကြည့်ပါတယ်။ ပြီးတော့ WeSheMe ရဲ့ ဆီထမင်းအလွယ်ချက်နည်းနဲ့ ဆီထမင်းချက်ပြီး ပဲပြုတ်နဲ့ ဆီထမင်း လုပ်စားဖြစ်တာပါ။
ပဲပြုတ်ကတော့ အခြေအနေကောင်းတယ် ပြောရမယ်။ ပြုတ်ပြီးတော့ ပဲက အလုံးလိုက်လေး ဖြစ်မနေပဲ အနူးလွန်ပြီး ကြေသွားတယ်။ ဒါကလည်း ပြဿနာ မရှိပါဘူး။ ဘာလို့လည်းဆိုတော့ စားခါနီးလည်း ခြေပြီမှ စားတာဆိုတော့ သိပ်မထူးပါဘူး။ ထူးတာက ပဲကို ထမင်းချက်တဲ့အိုးနဲ့ ထည့်ပြုတ်တာ ရေထည့်တာ နည်းနည်းများသွားလို့ ရေဆူလာပြီး ထမင်းအိုး ဘေးဘက်တွေကို ရေလျှံကြကုန်တယ်။ လျှပ်စစ်ထမင်းအိုးဆိုတော့ တရှဲရှဲ အသံမြည်နေတာ ဘယ်က အသံထွက်နေမှန်း မသိဘူး။ နောက်မှ ပဲပြုတ်အိုးက ဆူပြီး ရေလျှံကြနေတာ။ ထမင်းအိုးနဲ့ အောက်က ကြမ်းပြင်မှာ ဝေ ကြကုန်လို့ သန့်ရှင်းရေး လုပ်ယူလိုက်ရတာလေး တစ်ခုပဲ ပြောစရာရှိတယ်။
ဆီထမင်းချက်တာကလည်း လွယ်သမှ လွယ်လွယ်လေး (ညီမလေး မြရွက်ဝေ ရဲ့ လက်သုံးစကားပါ)။ ဆီထမင်းနဲ့ အတူစားဖို့ ပုဇွန်ခြောက်ကို ထောင်းပြီး ကြော်ရမှာ ပျင်းတာနဲ့ လွယ်တဲ့နည်းကို ပိုပြီး လွယ်အောင် ပုဇွန်ခြောက်ကို အကောင်လိုက်ပဲ ဆီထမင်းချက်တဲ့ထဲ တခါတည်း ထည့်ချက်လိုက်ပါတယ်။ ဆီထမင်းကျက်တော့အပေါ်က နှမ်းထောင်းထားတာ ဖြူးလိုက်ပြီး ပဲပြုတ်ဆီစမ်းနဲ့ အတူစားပါတယ်။ အခုဆိုရင် ပဲပြုတ်နည်းရော ဆီထမင်းချက်နည်းရော သိသွားပြီမို့ နောင်လည်း မကြာမကြာ ချက်စားဖြစ်မယ် ထင်ပါတယ်။
ဇန်န၀ါရီ ၁၉၊ ၂၀၀၉။
26 comments:
အမက ကင်မရာသမားနဲ့ပဲဗျ... ကျနော့်မဇနိမှာတော့ ကိုယ်တိုင်ချက် ကိုယ်တိုင်ရိုက်ပဲ.. ပြောရင်း သနားတောင်လာပြီ.. ဒါကြောင့် သူ့ကို အိပ်မက်တွေပဲ အမက်ခိုင်းပြီး ကျနော်က စာရေးတော့မလို့...
အမက အခု ဘလော့ဂ်ရပ်ဝန်းက နည်းပညာတွေကို လက်တွေ့အသုံးချနေပြီပေါ့လေ..ကောင်းလျောင့်တေ့ ကောင်းပေစွ ကောင်းပေစွ...
ပဲအကြေလေး ၂ ဇွန်းမြည်းသွားတယ် ဟဲ ဟဲ
ပဲပြုပ်တွေလုပ်စားနေတာလား အမနုစံ။ လက်တို့တာတော့ မဟုတ်ဘူးနော်။ ပဲပြုပ်က ကြေသွားတော့ အချေရသက်သာသွားတာပေါ့။ ဆီထမင်းနဲ့ ပဲပြုပ်က စားချင်စရာကြီး။ အခုတောင် စာသွားချင်သေးတယ်။
၂ ဇွန်းက မဇနိ တဇွန်း ကျနော် ၁ ဇွန်းနော် - တော်ကြာ လောဘကြီးတယ် ထင်မှာစိုးလို့ :0)
ကိုဇနိရယ်..ကျုပ်တို့မှာ ကိုယ်တိုင်ရိုက်၊ ကိုယ်တိုင်ချက်၊ ကိုယ်တိုင်ရေးရတာပါ။ အချစ်ရေ..ဒီနေ့ ဘာအိပ်မက် မက်တယ် ဆိုလဲ ရေးပေးမယ့်သူမရှိ။ တို့တွေက ပိုသနားဖို့ကောင်းပါတယ်။ အဟိ ဇာတ်နာလာပြီ။
ဆီထမင်းမကြိုက်..ပဲပြုတ်ကြိုက်ပါသည်။
မမွန်ရယ် မဇနိလည်း ကိုယ်တိုင်ရေးရတာပါနော်။ ဒီအိပ်မက်တာ သူက ကုန်ကြမ်းရှာသွားလို့ ပါသွားတာ။ ကိုယ်တိုင်ရေးလို့လက်ညောင်းရင် နှိပ်ပေးမည့်ကိုကို မမွန်မှာလို မရှိပါဘူး။ မဇနိကသာ သနားစရာလေးပါ။
အမနုစံ စလိုက်တဲ့ ဓါတ်ပုံကိစ္စကြောင့်နော် ကိုယ့်ကိုယ်ကိုယ် သနားလာပြီ။
ဒီလိုဆိုတော့လည်း အပြန်အလှန် သနားစရာလေးတွေပါလား။ အေးဟယ်.. နှိပ်ပေးတာက
ဂျပန်ခေတ်ကလို နှိပ်စက်တာနဲ့မထူးပါဘူးဟယ်။ သူ့အားနဲ့ တအားညှစ်တော့ အညောင်းမပြေပဲ အရိုးကျိုးမှာစိုးရတယ်။
သနားစရာပါ။ နုစံတောင် သနားလို့ ငိုချင်နေပြီလားမသိ။
ကောင်းတယ်။
ကိုဇနိ၊ မဇနိ၊ မွန်မွန်>> အမ စာလုံးပေါင်းတွေ မှားလို့ ပြန်စစ်ရင်း Comment တွေ အများကြီးတက်လာလို့ အံ့သြသွားတယ်.. ဖတ်ရင်း ရီလိုက်ရတာ .. အားလုံးကို အမကလည်း သနားတယ်။
ဓာတ်ပုံရိုက်ပေးချင်နေတဲ့ ကိုဇနိကိုလည်း သနားတယ်။
ကုန်ကြမ်းယူသွားခံရပြီး လက်ညောင်းရင် ဘေးနားမှာ နှိပ်ပေးမယ့် ကိုဇနိမရှိလို့ မဇနိကိုလည်း သနားတယ်။
ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်တဲ့ မွန်မွန့်လည်း သနားတယ်။ :D
ဆီထမင်းစားချင်ပါတယ် မမွန်၊ကိုနိ၊မမနိ ကိုလဲသနားပါတယ် :P
လုပ်တတ်လိုက်တာနော်။ အဝေးကညီမလေးတွေလုပ်စားတာလေးတွေပဲလိုက်ငေးနေရတယ်။ စားချင်စရာလေး။ ဆီထမင်းဆိုပျော့ပျော့လေးပိုကြိဲက်တယ် နုစံရေ။
အမနုစံရေ ကျနော်လည်း ရန်ကုန်မှာရှိတုန်းက နံနက်စာစားဖြစ်ပေမယ့် ဂျပန်ရောက်ကတည်းက နံနံစာဆိုတာပျောက်သွားတော့တာပါဘဲ၊ အလုပ်သွားရင်း ကော်ဖီဗူးကိုစက်က
ဝယ်သောက်ဖြစ်နေတော့ ကော်ဖီတော့ မသောက်ရရင်အလုပ်လုပ်လို့ကိုမရတော့တာ။ မြန်မာအစားအစာတွေတော့ စားချင်တယ်၊ ဒီကဆိုင်တွေသွားစားလည်းမြန်မာပြည်ကလို မဟုတ်တော့ စားရတာအရသာမတွေ့တာနဲ့ မစားဖြစ်တော့ဘူး၊အမလုပ်ထားတာလေးကြည့်ပြီး သွားရေကျသွားပါတယ်။
နုရေ
ဆီထမင်းပုံကြည့်ပြီး မြင်သာမြင်ရ မစားရတဲ့ တို့ဘ၀က နိတို့ မွန်တို့ထက် ပိုသနားစရာကောင်းပါတယ်။ :D
ဆီထမင်းတော့ ထိုးတတ်ပါတယ်။ ခပ်ပျော့ပျော့ပဲ။ ပဲပြုတ်တော့ မလုပ်တတ်သေးဘူး။ လုပ်တတ်ရင်လဲ ပျော့ပျော့ပဲ ဖြစ်မဲ့ပုံပါပဲ။ ဘယ်လောက်သင်သင် မတတ်တဲ့ တို့ဘ၀က နှစ်ထပ်ကွမ်း သနားဖို့ ကောင်းတယ်။
အမကတော်လိုက်တာ။ မီယာလည်း မနုသွဲ့ကို အားကျပြီး ပဲပြုတ်တာ တချို့က မာဆတ်ဆတ်လေး ဖြစ်သွားတယ်။ ဆီထမင်းလည်း အရမ်းကြိုက်တယ်။ ငါးခြောက်ဖုတ်လေးနဲ့ လိုက်မှလိုက်..
တို့လဲ ဒီစနေချက်စားမလို့ ကောက်ညှင်းဆန်ဝယ်ထားတယ်။
:)
မနုစံရေ..
ဝါ၀ါလည်း ဆီထမင်းနဲ့ပဲပြုတ်လာစားသွားပါတယ်။
အိုအိရှိ..နဲ..
မနုစံကဓါတ်ပုံရိုက်ပေးမယ့်သူရှိတော့ မဇနိ တနားပါ
တယ်. .ရွှတ်.. :D
ဝါ၀ါလည်းဆီထမင်း ခဏခဏလုပ်စားဖြစ်ပါတယ်။အခု
လုပ်မစားရတာကြာနေပြီ။မနုစံပြောလို့ ချက်စားဦးမယ်။
ပဲပြုတ်ကတော့ ပဲမရှိဘူးရယ်။
မနက်ကပဲ ကောက်ညှင်းဆန်ရှိနေတော့ ထမင်းနဲထိုးမ
လို့ပဲ နောက်တော့ အုန်းနို့ကကုန်နေတာနဲ့ ထမနဲမထိုး
ရတော့ဘူးရယ်. ၀ါဝါက ထမနဲလဲ Favorite လေ. :D
ဆီထမင်းစားပြီး ဗိုက်တင်းသွားပြီ ပြန်တော့မယ်နော်.း)
ကျေးဇူးတင်ပါတယ်ရှင်။
ပုံရိပ်လည်း ဆီထမင်း စမ်းလုပ်ကြည့်တယ်။ အကောင်းကြီး မဟုတ်ပေမယ့် စားပျော်ပါတယ်။ ပဲပြုတ်လေးနဲ့ ဆိုရင်တော့ အတော်ပဲပေါ့။ မနက်စာကို အေးအေးဆေးဆေး စားရတာ လောက စည်းစိမ် တမျိုးပဲ အဟဲ။
ဆီထမင်းလဲစားရင်း Comment တွေလဲဖတ်ရင်းပေါ့...
ဟဲဟဲ.. (နောက်ကျမှလာပြီး အပြစ်လွတ်အောင် လုပ်နေတာ...)
တကယ်ကတော့ မနက်စာ ဆိုရင် ရန်ကုန်မှာလို
မုန့် ဟင်းခါးလေး.. အသုပ်လေး.. ရွှေတောင်ခေါက်ဆွဲလေး... ဘာလေး စားချင်တာ ဒါပေမယ့် ခုတော့ မနက်လင်းရင် စားချင်လဲစား မစားချင်လဲစား.. ပေါင်ပေါင် ပဲပေါ့...
သနားစရာပါနော်...
(ခေတ်မှီအောင် ပြောရခြင်းဖြစ်ပါသည်)
နုစံရေ- လာမအော်ရတာ ကြာပေါ့။
ခုမှ ဆီထမင်းနံ့၇လို့
အရမ်းကြိုက်တဲ့.. အစားမို့
နေအုံး ပဲပြုတ် ပြုတ်ကြည့်အုံးမယ်
နုစံရေ..
ပဲပြုတ်လုပ်တဲ့အခါမှာ ဆီလေးစတီးဇွန်း ၁ ဇွန်း (ပဲများရင် ၂ဇွန်းလောက်) ထည့်ပြီး ပြုတ်ကြည့်ပါ။ ပိုကောင်းတယ်။ ရေကိုလဲ ပဲမြုပ်ရုံလေးပဲ ထည့်ပေးရတယ်လေ။
(ဆရာ လာလုပ်ကြည့်တာ)
မနက်စာကို သွားရေလာကျသွားတယ် မနုစံရေ။
ရုံးတက်တဲ့နေ့တွေဆို အပြေးအလွှားမို့ မနက်စာကို ဖြစ်သလိုပါပဲ။
လေးမ လည်း ဆီထမင်း သိပ်ကြိုက်တယ်..။ ကိုယ်တိုင် မထိုးဖူးဘူး..။ မေမေ ကို ခဏခဏ ထိုးကျွေးဖို့ ပူဆာရတာ.. ခုတော့ အစ်မကို အားကျသွားပြီ.။
နုရေ… တိုက်ဆိုင်လိုက်တာ… တို့ လဲ ပြီးခဲ့တဲ့ အပတ်က ဆီထမင်းထိုးဖြစ်တယ်…
မြန်မာပြည်က ကောက်ညှင်းနဲ့  ဆီကမမှန်းတတ်ဖြစ်ပြီး ဆီနဲနဲများပြီး အီသွားတယ်..
ဒီက ကောက်ညှင်းတွေက အလုံးပိုကြီးပြီး ထိုးလိုက်ပွလာရောလေ…
ပဲပြုတ်ကတော့ ဒီမှာ ပြုတ်ပြီးသား ၀ယ်လို့ ရတယ်… တို့ ကတော့ ငါးရံ့ခြောက်နဲ့ အိမ်ကလူတွေ ကျွေးလိုက်တယ်… မြင်သာမြင် မကြင်ရပါကွယ်… အစာအိမ်ပြန်ဖြစ်မှာ ကြောက်လို့  မစားရဲဘူးလေ…
နုတို့ ဆီက အလုပ်တွေ အချိန်flexibleဖြစ်တာ ကောင်းတယ်နော်… ဒီမှာတော့ အချိန်တိုင်း ပြေးလွှားနေရတာ မောဟိုက်နေတာပဲညီမရေ…
ညီမလည်း မနက်စာနဲ့ နေ့လည်စာ ပေါင်းစားနေတာ များပြီ။ မနက်စာကိုတော့ အဲလို လုပ်မစားဖြစ်ဖူး။ ထမင်းဘူးထည့်ပေးဖို့တောင် အနိုင်နိုင်လေ။ မနက်စာဆိုတာ နွားနို့ (သို့) ကိုကိုး နဲ့ ပေါင်မုန့် (သို့) ငှက်ပျောသီး အဲလောက်ပါဘဲ။ 朝バナナダイエットက အကျိုးသက်ရောက်မှုရှိတယ်ဆိုလို့ တဖက်လှည့်နဲ့ ငှက်ပျောသီးကျွေးထားတာ။:P
ဒါနဲ့စကားမစပ် အမီးလည်း ကိုယ်တိုင်ချက် ကိုယ်တိုင်ရိုက်ပါ အမရေ့။ ;)
အစ်မရေ့ မနက်စာ စားတဲ့အကျင့်က အိမ်မှာပဲထားခဲ့ရတာ ဒီမှာဆိုလည်း မနက် ကော်ဖီတစ်ခွက်သောက်ပြီးရင် နေ့လည် ၁၁ နာရီလောက်စား မုန့်ဟင်ခါးလည်း လွမ်းတယ် အမေကြော်ကျွေးတဲ့ ထမင်းကြော်လည်းစားချင်တယ် ဟင်းချိုပူပူလေးနဲ့ ငါးခြောက်ကြော်လေးလည်းစားချင်တား) များသွားပြီး ဆီထမင်းကြိုက်တယ်ပေါ့ ဂျိုးဖြစ်နေတာလေး ပိုစားကောင်းမယ်နော့် အစ်မ ရေနွေးလေးတစ်ခွက်လောက်နဲ့ဆို ပိုကောင်းမှာ ။ ;) ပို့စ်နဲ့ မဆိုင်တာတွေ ရေးမိပြီလားမသိ ဆောတီး စကားများတွားတယ် ဟဲဟဲ
မေမိုး>> သာမီးက ဆီထမင်းစားချင်တယ်လား။ စင်ကာပူမှာ ၀ယ်စားလို့ရတယ်ဟုတ်.. :)
မယုဝရီ>> အမရေ.. လုပ်တတ်တာ မဟုတ်ရပါ။ လွယ်လွန်းလို့ လုပ်ဖြစ်သွားတာ အဟီး.. :)
ကိုကမာ>> တို့တွေချည်းပဲလားလို့ စိတ်က ထင်နေတာ ကိုကမာလည်း မနက်စာ မစားဖြစ်ဘူးပဲကိုး.. အမဆို ကော်ဖီတောင် မသောက်ဖြစ်ဘူး.. ကိုကမာတို့ဆီက ၀ယ်စားမယ်ဆို မြန်မာစားသောက်ဆိုင် ရှိသေးတယ်။ Osaka မှာတော့ မြန်မာစားသောက်ဆိုင် သိရသလောက်တော့ လုံးဝ မရှိဘူး.. ပြောရင်းနဲ့ ကိုယ့်ကိုကိုယ် သနားလာပြီ.. :D
မမိုးချိုသင်း>> ဆီထမင်းချက်တာ ကလွယ်ပါတယ် အမ။ WeSheMe မှာ ကြည့်လိုက်နော်.. ပဲပြုတ်က အဲဒီမှာ ၀ယ်လို့မရဘူးပေါ့နော်.. ပြောရင်း အမကို ၂ ထပ်ကွမ်း သနားလာပြီ.. :)
မီယာ>> ညီမရေ.. အမ အရင်တစ်ခါ ပြုတ်တာ မာဆတ်ဆတ်ပဲ သိလား... အဲဒီတုန်းက Soda မပါလို့ ဖြစ်ရတာ။ အခုတစ်ကြိမ်တော့ ပဲဖောက်ပြီးသားကို Baking Soda ထည့်ပြီး ၁ နာရီလောက် စိမ်ထားလိုက်သေးတယ်။ ပြီးမှ ပြုတ်တာ။ မမာတော့ဘူး But.. soda ကြောင့် ဆူလာရင် ဝေကြကုန်တယ်.. အဲဒါ သိပ်မကောင်းဘူး အလုပ်ပိုရှုတ်တယ်.. :D
JuneOne>> ကျော့က ဟင်းချက်ကောင်းတယ်ဆိုတော့ အမတို့လို အလွယ်ချက်မှာတော့ မဟုတ်လောက်ဘူး.. တကယ်ဆီထမင်းထိုးမယ်ဟုတ်.. ပြီးရင် ပုံလေး တင်ပါဦး.. :)
မ၀ါဝါခိုင်မင်း>> တိုကျိုမှာပဲပြုတ်ဝယ်လို့ မရဘူးလား အမ။ အမ ထမနဲထိုးတတ်တယ်ဆို ပြောပြဦးနော်.. အမရော ဆရာရော ဟင်းချက်ကောင်းကြတယ်.. စားချင်စရာတွေချည်းပဲ.. :)
ပုံရိပ်>> အမ ဆီထမင်းက မစားရတာ ထက်စာရင်တော့ မဆိုးပါဘူးအဆင့်ပေါ့ ညီမရယ်.. ဟုတ်တယ်နော် မနက်စာ အေးအေးဆေးဆေး စားရတာလည်း စည်းစိမ်တစ်မျိုးပဲ.. အမကသာ စောစောမထနိုင်လို့ အဲဒီစည်းစိမ်ကို ရလိုက် မရလိုက်ပေါ့ ပုံရိပ်ရေ.... :D
မသက်ဝေ>> မမသက်ဝေရေ.. နောက်ကျမှလာလည်း ကိစ္စမရှိပါဘူး အမရဲ့.. စိတ်ထဲမထားပါနဲ့.. :) ရန်ကုန်က မနက်စာကတော့ တကယ်လွမ်းတယ် အမရေ.. အမက ပေါင်ပေါင်လုပ်နိုင်ပါသေးတယ်။ ကျနော်ကတော့ အမြဲလိုလို အိပ်ယာထနောက်ကျလို့ ရုံးကိုတောင် နောက်မကျအောင် သွားရတာ များတယ်.. အဟီး... သနားစရာလေးနော်.. :D
မကေ>> မကေရော ဆီထမင်းကြိုက်တယ်လား.. စားတော်ပဲက အဲဒီမှာ ၀ယ်လို့ရလား အမ။ ပဲ ပြုတ်ကြည့် သိလား.. လွယ်တယ်.. :)
မမခင်မင်းဇော်>> ဆရာလုပ်တယ်လို့ မယူဆပါဘူး အမရ.. နောက်တစ်ခါ ပြုတ်တော့ အမပြောသလို ဆီလေး နည်းနည်းထည့်ပြုတ်ကြည့်တာ မဆိုးဘူး။ အိုးမှာ ကပ်မနေပဲ စီးစီးလေး ဖြစ်တယ်..:)
မပန်ဒိုရာ>>မပန်ရေ.. အပြေးအလွှားသွားရတာ ချင်းအတူတူပါပဲ :D
လေးမ>> လေးမက ကံကောင်းတာပေါ့.. အမေကို ပူဆာလို့ရတယ်.. လုပ်ရတာ မခက်ဘူး ညီမလေးရဲ့.. ကိုယ်တိုင်လုပ်စားကြည့်နော်.. :)
မတန်ခူး>> အမပြောသလို ကိုယ့်ဘာသာကိုယ် ဆီထမင်းထိုးစားဦးမယ်.. ပဲပြုတ်ကတော့ ရှိတော့ဘူး ရန်ကုန်က သယ်လာတာ ကုန်သွားပြီ။ ငါးခြောက်တော့ ကျန်သေးတယ် အမ။ အမက အစာအိမ်ရှိတော့ ဘယ်တည့်ပါ့မလဲနော်။ ကျနော်လည်း ကောက်ညှင်းလို အစာမကျေလွယ်တဲ့ဟာမျိုး စားပြီးရင် ဒန်ဂျင်းလို ဆေးမျိုး သောက်ထားရတယ်.. တခါတလေလည်း ဦးချိန်တီပေါ့။ ဒီက အလုပ်ချိန်ကတော့ အမပြောသလိုပါပဲ Flexible ဖြစ်တယ်.. အလုပ်များရင်လည်း ပြန်ရတာ နောက်ကျတာပါပဲ အမရယ်.. ရုံးနောက်ကျရင် ပိုက်ဆံဖြတ်မလား လခလျော့မလားဆိုပြီး စိတ်ပူစရာ မရှိတာ သဘောကျတယ်.. :)
မြရွက်ဝေ>>အခုဟာက တကယ့်ကို ရှားရှားပါးပါး ပါ ညီမလေးရေ.. အမြဲတမ်း မလုပ်နိုင်ပါဘူး :D ညီမလေးပြောသလို朝バナナダイエット လုပ်ကြည့်ရင် ကောင်းမလားပဲ... ထိရောက်မှုရှိလား။ တော်ကြာ အိမ်ကတစ်ယောက် ပိုပြီး ၀လာမှာလည်း စိုးရတယ်.. :) ပုံ/ ကိုယ်တိုင်ချက် ကိုယ်တိုင်ရိုက်သည်ပေါ့လေ.. :D
မောင်မျိုး>> မောင်မျိုးရေးထားတာတွေဖတ်ပြီး အမက စားချင်လာပြီ။ ရန်ကုန်မှာတော့ အဲဒီလိုမျိုးတွေ စားရတယ်.. မနက်စာစားရင်း ရေနွေးကြမ်းပူပူလေး သောက်ပြီး စားနေကြ..
မနက်စာအကြောင်းရေးတာတွေက ပို့စ်နဲ့ဆိုင်တာပေါ့ မောင်မျိုးရဲ့.. :)
ဒီပို့ကို အရင်ကတည်းက ဖတ်ဘူးပါတယ်။ အရင်က ဘလော့မရှိတော့ ကွန့်မန့်ပေးမရလို့။ ဆီထမင်းကြိုက်ပါတယ်။ ဒါပေမဲ့ ကောက်ညှင်းပဲပေါင်းစားဖြစ်တယ်။ အစားအသောက်အချက်အပြုတ်သမားမို့ စားစရာပို့စ်လေးတွေ အရင်အားပေးသွာတယ်။ ဖြေးဖြေးချင်း လာဖတ်ပါ့မယ်။ ဖတ်စရာလေးတွေ အများကြီးရှိနေတယ်လို့ထင်နေတယ်။
Post a Comment